← Chapters

အခန်း (၁၁၇-၁၂၀)

Vol. 6 Ch. 117-120

အခန်း (၁၁၇-၁၂၀)

Vol. 6 Ch. 117-120

Chapter 117 : ရောဂါအသေးအဖွဲ့အတွက် သမားတော်ပင့်ခြင်း

တုလင်း၏ စိတ်ထဲတွင် တွေးနေမိ၏။

‘လီရှောက်ယွင် စောင့်နေတဲ့တစ်ယောက်က ကျောင်းသားတစ်ယောက်တော့ မဖြစ်နိုင်လောက်ဘူး။ ပြီးတော့ ဆေးပညာ ဗဟုသုတရှိပြီး လေ့လာလိုက်စားရတာကို နှစ်သက်တဲ့သူတွေက သတ်လတ်ပိုင်းအရွယ်ကို ဖြတ်သန်းနေတဲ့ လူကြီးတစ်ယောက်ပဲ ဖြစ်သင့်တယ်။ ဒီလိုဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ဒီကျောင်းက ဆရာတွေထဲက တစ်ယောက်ပဲ ဖြစ်ရမယ်’

ခဏကြာအောင် တွေးတောဆင်ခြင်နေပြီးနောက် သူသည် လီရှောက်ယွင်က ရုတ်တရက် ပုံရိပ်လေးတစ်ခုဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်။

တုလင်း၏ မျက်လုံးများက အရောင်တောက်သွားပြီး ကြည့်ရန်လှည့်လာ၏။ သို့သော် တစ်ချက်ကြည့်ရုံနှင့်ပင် သူ၏ မျက်နှာအပေါ်ရှိ အပြုံးက ချက်ချင်းပင် အေးခဲသွား၏။ အလွန်စိတ်ဝင်တစားဖြင့် ရှေ့သို့ဆက်ကြည့်လိုက်သည်။ သူတစ်ဦးတည်းမဟုတ်၊ ဒရိုင်ဘာ၏ ပါးစပ်မှာလည်း တွန့်သွား၍ လီရှောက်ယွင်၏ စကားလုံးများကို မယုံကြည်နိုင်လွန်းစွာ ခံစားနေရလေသည်။

သူမ၏ လမ်းအား လူတစ်ယောက်က ပိတ်ထားသောကြောင့် ကျင်းယွင်ကျောင်း၏ မြင်ကွင်းက အမှောင်ကျသွား၏။ သို့သော် သူမ၏ ခေါင်းကို မော့လိုက်ပြီးနောက် မည်သူမှန်းသိသွားသည်နှင့် အံသြသွားသော အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။

“မစ္စတာလီ”

လီရှောက်ယွင်သည် အဖြူရောင်ရှပ်အပါး တစ်ထည်ကိုသာ ဝတ်ဆင်ထားသောကြောင့် သူ၏ လက်မောင်းကြွက်သားများအား ထင်ထင်ရှားရှား မြင်နေရ၏။ သူ၏ ရှည်လျားသော အနက်ရောင် မျက်ခုံးတန်းများအောက်ရှိ မျက်လုံးတစ်စုံက အပြုံးရိပ်များကို သယ်ဆောင်လာပြီး ကြည့်မိသူများအား ရစ်မူးသွားစေသည်။

လီရှောက်ယွင်က ပြုံးပြလိုက်သောအခါ ကျင်းယွင်ကျောင်းသည် ဤလူက တောက်ပနေသကဲ့သို့ ခံစားလိုက်ရ၏။ အမှန်တကယ်ပင် မျက်လုံးများအား ဖမ်းစားနိုင်လွန်းသည်၊ အထူးသဖြင့် ကျောင်းပေါက်ဝ ဤနေရာ၌ ဖြစ်၏။ ဤအသက်အရွယ် မိန်းကလေးများအားလုံးသည် ကြည့်ကောင်းသော လူများ၊ ပစ္စည်းများအား အရူးအမူး သဘောကျ ဖက်တွယ်တတ်ကြသည်။ သူမကိုယ်သူမ အရင်ကနှင့် ကွဲထွက်အောင် နေပြီးနောက်တွင် သူမသည် နောက်ထပ်ကောလဟာလများ၌ မပါဝင်ချင်တော့ပေ။

သူမက လုံခြုံသည်ဟု သေချာသော အကွာအဝေးတစ်ခုသို့ ခြေတစ်လှမ်း ဆုတ်သွားလိုက်သည်။

လီရှောက်ယွင်၏ မျက်ဝန်းများတွင် အံ့သြသွားသော အရိပ်အယောင်များ ထင်ဟပ်သွားသော်လည်း သူက အမြန်ပင် ပြန်ဖုံးကွယ်လိုက်ပြီး မေးလိုက်၏။

“ကျောင်းသူလေး ကျင်း၊ ကိုယ့်ကို မင်းရဲ့အချိန်နည်းနည်းလောက် ငှားနိုင်မလား”

သူတို့၏ ပတ်ဝန်းကျင်ရှိ အကြည့်များကို ခံစားမိသောကြောင့် ကျင်းယွင်ကျောင်း၏ မျက်ခုံးတန်းများက အနည်းငယ် တွန့်ချိုးသွားသော်လည်း ခေါင်းညိတ်ပြလိုက်ပြီး ကားထဲသို့ ခပ်ဆိုင်းဆိုင်း ဝင်လိုက်သည်။

စင်စစ် ကားတံခါးမှန်များသည် အပြင်ဘက်မှ အကြည့်များကို ကာကွယ်ပိတ်ဆို့ထားနိုင်ရာ သူမသည် ပြပွဲတွင် အကြည့်ခံရန် ရောက်နေသော ဂေါ်ဇီလာတစ်ကောင်ကဲ့သို့ ဆက်ဆံခံရမည် မဟုတ်ပေ။

“မစ္စတာလီ ကျွန်မကို ရှာတာ ဘာကိစ္စရှိလို့လဲရှင့်”

ကျင်းယွင်ကျောင်းက ယဥ်ယဥ်ကျေးကျေး မေးလိုက်သည်။

လီရှောက်ယွင်က စိတ်ထဲတွင် သူ့ကိုယ်သူ လှောင်ပြောင်လိုက်၏။ ကိစ္စတဲ့လား။ ဟုတ်တာပေါ့၊ ဘာမှမဆိုင်တာကို။ သူကိုယ်တိုင်လည်း သူ့အား ဘယ်လိုမကောင်းဆိုးဝါးမျိုး လွှမ်းမိုးနေသည် မသိပေ။ ယနေ့ သူတို့ ကျောင်းဘေးလမ်းကို ဖြတ်သွားရင်း အချိန်ပိုနေကြောင်း ရုတ်တရက် သတိရလိုက်သဖြင့် အဆင်သင့်စွာပင် သူမအား တစ်ခါလောက်တွေ့ရန် ဝင်ခဲ့လိုက်ခြင်းဖြစ်သည်။

(T/N: ဇာတ်ကြောင်းအရ စပြီးတော့ ချစ်မိနေပါပြီနော် )

သူသည် ကျင်းယွင်ကျောင်းအား ရှုပိုင်၏ အိမ်၌ မြင်ခဲ့ကတည်းက ဤမိန်းကလေးငယ်လေးအပေါ် စိတ်ဝင်စားမှုများ တိုးပွားလာခဲ့၏။ အထူးသဖြင့် သူသည် ရက်အနည်းငယ်အတွင်း မြို့တော်သို့ ပြန်ရတော့မည်ဖြစ်သဖြင့် ဤမိန်းကလေးငယ်လေးအား နှုတ်ဆက်သွားသင့်လား၊ မသင့်လား မတွေးဘဲ မနေနိုင်ချေ။

သူတို့နှစ်ယောက်က အချင်းချင်း မရင်းနှီးကြောင်းကိုလည်း သတိရမိသေး၏။ သို့သော် ဘာပဲဖြစ်ဖြစ် ရှုပိုင်က ဤမိန်းကလေးအား သူ့ကို အပ်ထားသည်ဟု ပြောနိုင်သည်။ ရှုပိုင်က သူ့အား သူမကို ဂရုစိုက်ပေးရန်ပင် တောင်းဆိုခဲ့သေး၏။

လီရှောက်ယွင်က နှာခေါင်းကို အသာကုတ်လိုက်ရင်း ပြုံး၍ ပြန်ဖြေလိုက်သည်။

“အခြေအနေက ဒီလိုပဲဖြစ်သွားတယ်ကွာ၊ ဒါက ကိုယ့်သူငယ်ချင်း တုလင်းတဲ့။ သိပ်မကြာသေးခင်က သူ့အဖေက နေမကောင်းဘူးလေ။ ဒါကြောင့် ကိုယ်က မင်းကို တစ်ချက်လောက် လိုက်ကြည့်ပေးစေချင်တာ”

တုလင်းက နှာမှုတ်၍ မျက်ဖြူလန်သွား၏။

ဟန်ဆောင်နေတာ ဟေး၊ ဆက်ပြီးသာ ဟန်ဆောင်နေလိုက် ...

ဘာကို မင်းရဲ့သူငယ်ချင်းလဲ။ လီရှောက်ယွင်သည် ယခင် သူ့အပေါ် ဤကဲ့သို့ တစ်ခါမှ မယဥ်ကျေးဖူးပေ။

သို့သော် အပေါ်ယံ၌ သူသည် သခင်လေးလီနှင့် ဆက်၍ ပူးပေါင်းနေရသေးသည်။ ဘယ်သူကများ သင်းကို သူ့ရဲ့ရင်းနှီးမြှုပ်နှံသူတွေထဲက တစ်ယောက်နဲ့ အဓိကရှယ်ယာရှင် ဖြစ်လာဖို့ ပြောခဲ့တာလဲ။

တုလင်းက မျက်နှာရှုံ့လိုက်ရင်း ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်၊ အဲလိုပါပဲ”

လီရှောက်ယွင်က ကျေနပ်စွာ ပြုံးလိုက်၏။

ကျင်းယွင်ကျောင်းက ကိစ္စများက ထူးဆန်းသည်ဟု ခံစားနေရသဖြင့် ထိုနှစ်ယောက်အား အနည်းငယ် ကြောင်အနေသော အမူအယာဖြင့် ကြည့်နေသည်။ သို့သော် တစ်ဖက်လူက ဧည့်သည်တစ်ယောက် ဖြစ်၏။ သူမက ဤသခင်လေးလီအား လူရှုပ်လူပွေတစ်ယောက်ဟု ထင်ကောင်းထင်နေနိုင်သော်လည်း စင်စစ် သူတို့သည် အကြိမ်အနည်းငယ်ခန့် တွေ့ဖူးပြီးသားဖြစ်သောကြောင့် သူသည် သူမအပေါ် ထိုကဲ့သို့ ယဥ်ကျေးမနေခြင်းပင်။ ထို့အပြင် သူက ရှုပိုင်၏ မိတ်ဆွေတစ်ယောက် ဖြစ်သည်ဆိုသော အချက်ကိုပါ ထည့်တွက်ပါက သူမအနေဖြင့် သူ့အား အနည်းငယ် မျက်နှာပေးရပေမည်။

“အားနာပေမယ့် မစ္စတာလီ၊ ကျွန်မမှာ ဆေးပညာဗဟုသုတ တချို့ရှိနေရင်တောင်မှ ဆေးကုသခွင့် မရှိသေးပါဘူး။ ဒါကြောင့် မရည်ရွယ်ပေးမယ့် ကျွန်မ ရှင့်ရဲ့ဆန္ဒကို မလိုက်လျောပေးနိုင်ဘူးရှင်။ ကျွန်မ အရမ်းအားနာပါတယ်”

ကျင်းယွင်ကျောင်းက သူ့အား တတ်နိုင်သမျှ ယဥ်ယဥ်ကျေးကျေး ငြင်းပယ်လိုက်သည်။

“အဆင်ပြေပါတယ်။ ဦးလေးတုက ရောဂါအသေးအဖွဲ့လေးပါပဲ။ သူ့ကို သင့်လျော်တဲ့ ဆေးညွှန်းတစ်ခုလောက် ရေးပေးရုံပဲရယ်။ သင့်လျော်ရင် သူသုံးလိမ့်မယ်လေ၊ မသင့်လျော်ရင်လည်း ကိုယ်တို့က ဖိအားမပေးပါဘူး၊ ဘာမှ အမှားအယွင်း ဖြစ်မှာ မဟုတ်ဘူးရယ်။ တကယ်လို့ ဖြစ်ခဲ့ရင်တောင် ကိုယ်က မင်းကို အပြစ်မတင်ပါဘူး။ ဒါကြောင့် စိတ်အေးအေးထားပါ”

လီရှောက်ယွင်က ဒရိုင်ဘာအား ကားစမောင်းရန် ညွှန်ကြားပြီးနောက် ထိုစကားများအား အရေထူထူပင် ပြောလိုက်သည်။

တုလင်းက သူသည် ယနေ့မှသာ ပထမဆုံးအကြိမ် လီရှောက်ယွင်အား အမှန်တကယ် သိလိုက်ရသည်ဟု ခံစားနေရ၏။

ယခင်က သူသည် လီရှောက်ယွင်အား မြင့်မြတ်၍ သန့်စင်သည်ဟု ထင်ခဲ့သည်။ သူသည် ဒွိလိင်တစ်ယောက်နှင့် အနည်းငယ်တူလျှင်တောင်မှ ဤကဲ့သို့ ဘာမှမသိသည့် အရိုင်းအစိုင်း ကလေးငယ်လေးတစ်ယောက် မဟုတ်ခဲ့ပေ။ သို့သော် ယခုအချိန်တွင် ဤလူသည် အပြင်ပန်း၌ အေးစက်၍ အတွေ့အကြုံမရှိပုံပေါ်သော်လည်း တကယ်တမ်း အတွင်း၌ စိတ်ဓါတ်ပြင်းပြသောလူတစ်ယောက် ဖြစ်သည်ဟု သူ ခံစားနေရသည်။

တုလင်းသည် လီရှောက်ယွင်၏ ဤမိန်းကလေးငယ်လေးက အလွန်လှပသည်ကို မြင်လိုက်ရာ သူသည်ပင် ပိုးပန်းနေသည့်အလား သူမ၏ အသက်အရွယ်ကို လျစ်လျူရှုလိုက်မိ၏။ လီရှောက်ယွင်ရဲ့အရေထူမှုကြီးကတော့ တကယ့်ကို... ...

အမှန်တကယ် သူတို့မျိုးဆက်၏ စံပြပုဂ္ဂိုလ်ပင်။

Chapter 118 : ငယ်ရွယ်သော စွန့်ဦးတီထွင်သူ

ကားစထွက်သောအခါ ကျင်းယွင်ကျောင်း၏ အမူအယာက အနည်းငယ် မှောင်မဲသွားသော်လည်း သူမသည် စိတ်ရှည်ခြင်းနှင့် အသားကျနေသည်၊ ထို့ကြောင့် သူမက မကျေနပ်ချက်ကို များစွာမဖော်ပြခဲ့။ စင်စစ် ၎င်းသည် သူမ၏ ဆေးပညာစွမ်းရည်နှင့် ဆက်စပ်နေ၏။

သူမသည် ဆေးပညာရပ်ကို အချိန်ကြာမြင့်စွာ မလေ့လာရသေးသော်လည်း သူမ၌ စွမ်းရည်ရှိသည်။ သို့ရာတွင် သူမ၏ အသက်အရွယ်နှင့် အဆင့်အတန်းအရ သူမသည် လူနာတစ်ယောက်ကို မကုသနိုင်သေးချေ။ ယခုအချိန်တွင် ဤသည်က သေးငယ်သော အခွင့်အရေးလေး ဖြစ်လျှင်တောင်မှ သူမသည် ၎င်းကို လက်မလွှတ်နိုင်ခဲ့။

ကျင်းယွင်ကျောင်းသည် ငြိမ်သက်စွာ ထိုင်နေပြီး အမျိုးသားနှစ်ယောက်က နောက်တွင် ထိုင်နေသည်။ လီရှောက်ယွင်သည် စကားတတွတ်တွတ်ပြော၍ မသိတတ်သည့် လူတစ်ယောက်နှင့် တူသော်လည်း သူ စကားပြောသော ကြိမ်ရေက ရုတ်တရက် လျော့နည်းလာ၏။

ဘေးတွင် ထိုင်နေသော တုလင်းကမူ ဤလူများအား ခိုးကြည့်နေရသည့်အလား ကြောင်တောင်တောင် ခံစားချက်ကို သည်းမခံနိုင်တော့ပေ။ သူက ဤအခြေအနေအား ပြိုကွဲလျော့ပါးသွားစေရန် ကြိုးစားလိုက်ပြီး ရယ်၍ မေးလိုက်သည်။

“ကျောင်းသူလေး၊ မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ”

ဤကျောင်းသူလေး၏ ရုပ်ရည်သွင်ပြင်ကို ကြည့်ပါက သူမသည် ကျောင်း၏ အလှဘုရင်မလေးတစ်ပါးဟု ယူဆနိုင်သည်။ သူမသည် ပိန်ပါး၍ အေးစက်သည့် စိတ်သဘောထားရှိပြီး မြင့်မားသော အရှိန်အဝါတစ်ခုပင်ရှိသည်၊ မြို့တော်က သြဇာရှိတဲ့ မိသားစုကလာတဲ့ လူချမ်းသာသမီးတစ်ယောက်များ ဖြစ်နိုင်မလား။

သူမက ပုံမှန်လေသံနှင့်ပင် ပြန်ဖြေ၏။

“ကျင်းယွင်ကျောင်း ပါရှင့်”

တုလင်းက စီးပွားရေးကဒ်တစ်ခုအား အလျင်စလို ဆွဲထုတ်လိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“ကိုယ့်နာမည်က တုလင်းပါ၊ နယ်ခံတစ်ယောက်ပါပဲ။ မင်း ကိုယ့်ကို တုကော ဒါမှမဟုတ် လင်းကော လို့ခေါ်နိုင်ပါတယ်။ ကိုယ်တို့က သိပြီးသွားပြီဆိုတော့ ကိုယ် လုပ်ရိုးလုပ်စဥ် ဟန်တွေပန်တွေကို လွှတ်ချထားလိုက်ပြီနော်။ မင်းကို ကျောင်းသူလေးလို့ ခေါ်ရတာ စိမ်းလွန်းနေသလိုပဲ။ ကိုယ် မင်းကို ယွင်ကျောင်းလို့ပဲ ခေါ်မယ်လေ”

တုလင်းသည် သူမအား ချော့မော့နေသည့် မျက်နှာထားမျိုးရှိနေပြီး အလွန်စိတ်အားထက်သန်နေသည်။

ကျင်းယွင်ကျောင်းက ယဥ်ကျေးစွာပင် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ လက်ထဲရှိ နာမည်ကဒ်ကို ကြည့်လိုက်၏။

သူမ၏ မျက်လုံးထဲတွင် အံ့သြမှုများ ဖြတ်ပြေးသွားသည်။

ဤပုဂ္ဂိုလ်၊ တုလင်းသည်လည်း သူမ၏ အတိတ်ဘဝက အလွန်ကျော်ကြားခဲ့၏။ သူသည် စျေးသင့်သည့် စားသောက်ဆိုင်တစ်ဆိုင်ကို ဦးစီးခဲ့သော စွန့်ဦးတီထွင်သူဖြစ်သည်။ သို့ရာတွင် ဤပုဂ္ဂိုလ်၏ အသက်မွေးဝမ်းကြောင်းသည် မြင့်မားလျှင်တောင်မှ သူ တည်ထောင်သော အမှတ်တံဆိပ်၏ ရေပန်းစားမှုသည် နင်းမြို့တွင်သာဖြစ်၍ အကန့်အသတ်ရှိ၏။ သူမသည် ထိုအကြောင်းအား သတင်းစာတွင် ဖတ်မိသောအခါ ဤလူသည် ငယ်ရွယ်၍ ကတိတည်ပြီး သူ၏ အနာဂတ်သည် မတိုင်းတာနိုင်လောက်ဟု ခန့်မှန်းမိ၍ မနာလိုပင် ဖြစ်ခဲ့သေးသည်။

သို့ရာတွင် စီးပွားရေးကဒ်၌ ရေးထားသော အချက်အလက်များကို ကြည့်ရင်း သူမသည် တုလင်း၏ ယွီထျန်းရှန်းစားသောက်ဆိုင်သည် ဤဘဝ၌ စတင်ဖွင့်လှစ်ဆဲသာ ရှိသေးကြောင်း ပြောနိုင်၏။

ကျင်းယွင်ကျောင်းသည် ဤလူနှစ်ယောက်အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ သဘောတရားအရ ပြောရလျှင် လီရှောက်ယွင်၏ ထျန်းရှန်းလော်သည် ယွီထျန်းရှန်းနှင့် အပြိုင်အဆိုင်အချို့ ရှိသင့်သော်လည်း ဤလူနှစ်ယောက်က တကယ်ပဲ သူငယ်ချင်းတွေလား။

ကျင်းယွင်ကျောင်း၏ သံသယအကြည့်များကို ခံစားမိသော လီရှောက်ယွင်က အနည်းငယ် ပြုံးလိုက်သည်။

“တုလင်းတို့ မိသားစုရဲ့ဘိုးဘေးတွေက တစ်ချိန်က တော်ဝင်စားတော်ကဲတွေလေ။ သူတို့မိသားစုရဲ့ လေ့ကျင့်မှုတွေအရ သူတို့ရဲ့စွမ်းရည်တွေနဲ့ လျှို့ဝှက်ချက်ပြုတ်နည်းတွေကို ဖြန့်ဝေလို့လည်း မရဘူး၊ ရောင်းလို့လည်း မရဘူး။ ထျန်းရှန်းလော်က တန်ဖိုးမြင့် စားသောက်ဆိုင် ဖြစ်ပေမယ့် ဟင်းပွဲတွေက သီးသန့် ပြိုင်ဘက်ကင်းမဟုတ်ဘူး၊ ဝန်ဆောင်မှုကိုပဲ အားလုံးထက် ပိုပြီးအလေးပေးထားတာပေါ့။ နှစ်ဆိုင်က မတူဘူး”

ရှင်းရှင်းပြောရလျှင် ယွီထျန်းရှန်းသည် အစားအသောက်ကိုသာ အဓိကထား၍ နေရာထိုင်ခင်း မပါဝင်ပေ။ လီရှောက်ယွင်၏ ထျန်းရှန်းလော်သည် ဖျော်ဖြေရေး၊ အနားယူစရာ၊ အကျွေးအမွေးအပြုအစုနှင့် အခြားကဏ္ဍများကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုအဖြစ် ရရှိနိုင်သည်။

“ကိုယ်က ခရိုင်မြို့ထဲမှာ ဟင်းပွဲတွေကို ဖန်တီးရောင်းချမယ်၊ နောက်ကျ နင်းမြို့တော်အထိ ချဲ့ထွင်မယ်၊ အဲဒီနောက် နိုင်ငံထဲက ဒေသတွေအားလုံးကိုလည်း ဖြန့်ချင်တယ်။ ပြီးရင် နိုင်ငံရပ်ခြားအထိ ဆိုင်ခွဲတွေ စီမံခန့်ခွဲဖို့အထိပါ ရည်ရွယ်ထားတာ။ တစ်ယောက်ယောက်က အစားအသောက်အကြောင်းကို ပြောလိုက်တာနဲ့ လူတိုင်းက ယွီထျန်းရှန်းကို ပထမဆုံး တွေးမိတဲ့အထိ လုပ်ချင်တာပေါ့ကွာ”

တုလင်းက စနောက်လိုက်၏။

“ကျွန်မ ရှင့်ကို ယုံပါတယ်”

ဆန့်ကျင်ဘက်အနေနှင့် တုလင်းက ငိုင်သွားသည်။

“တကယ်ကိုပဲ ကလေးတွေက အရာရာတိုင်းကို ယုံတာပဲကို။ ကိုယ်ရဲ့ရည်မှန်းချက်က အောင်မြင်ဖို့ အတော်လေးခက်ခဲတယ်ကွဲ့။ အခုအချိန်မှာတင် ကိုယ် ပြဿနာအကြီးကြီး တစ်ခုနဲ့ ရင်ဆိုင်နေရတာ။ ယွီထျန်းရှန်းက လုံလောက်တဲ့ ငွေအရင်းအနှီးလည်း ရှိတယ်၊ အကောင်းဆုံး တည်နေရာလည်းရှိတယ်။ ကိုယ်တို့မှာ ပြိုင်ဘက်ကင်းတဲ့ ချက်ပြုတ်နည်းတွေလည်း ရှိတယ်။ ဒါပေမယ့် အကောင်းဆုံးပါဝင်ပစ္စည်းတွေတော့ မရှိဘူး”

ဟွားနင်ခရိုင်သည် တောင်များနှင့်မြစ်များ အနီးတွင် တည်ရှိသည်။ ပါဝင်ပစ္စည်များ၏ အရည်အသွေးက ကောင်းမွန်သည်ဟု ပြောရန် သင့်တော်ပြီး အစားအသောက်တွင် ဇီဝအဆိပ်အတောက်များစွာ ပါဝင်မနေသော်လည်း တော်ဝင်စားတော်ပွဲနှင့် နှိုင်းယှဥ်ပါက ကွာခြားချက်ကြီးမားလှ၏။ သူ မည်မျှပင် ကြိုးစားလုပ်စေကာမူ သူ၏ ဖခင်ဖြစ်သူက ခေါင်းယမ်းပြ၍ သက်ပြင်းချကာ အထင်သေးနေလိမ့်မည်သာ။

သူသည် အခြားနေရာများမှ အကောင်းဆုံးပစ္စည်များကို တင်သွင်းရန် သူနှင့် လီရှောက်ယွင်၏ ဆက်ဆံရေးကို အသုံးချပါကလည်း ဟင်းပွဲများ၏စျေးနှုန်းက လက်မခံနိုင်စရာဖြစ်သွားလိမ့်မည်ပင်။

ကျင်းယွင်ကျောင်းက နားထောင်နေပြီးနောက် စီးပွားရေးကဒ်ကို ဂရုတစိုက်သိမ်းလိုက်၍ သူမ၏ မျက်လုံးလေးများက တောက်ပသွားသည်။

လီရှောက်ယွင် သူမကို ကားပေါ်သို့ ဇွတ်ခေါ်တင်လာခြင်းက မကောင်းသော ကိစ္စကြီးလုံးလုံးတော့ မဟုတ်ပေ။

သူမ၏ ဗဟုသုတအရ အတိတ်ဘဝ၌ တုလင်းအသုံးပြုသော ပါဝင်ပစ္စည်းများအားလုံးသည် ကမ္ဘာအရပ်ရပ်မှ ရွေးခြယ်ထားသော ပထမတန်းစားထုတ်ကုန်များဟု ကြားဖူးထား၏။

မမျှော်လင့်ဘဲ ကုန်ကျစရိတ်က မြင့်လွန်းလှသဖြင့် ယွီထျန်းရှန်း၏ အစားအသောက်များက နာမည်ကြီးခဲ့သော်လည်း အခြေအမြစ်မရှိခဲ့။ ၎င်း ကျော်ကြားရသည့် အကြောင်းပြချက်တစ်ခုမှာ ၎င်း၏ မိုးထိမြင့်နေသော စျေးနှုန်းများကြောင့် ဖြစ်သည်။ သို့ရာတွင် သာမန်လူတစ်ယောက်သည် ဤကဲ့သို့ စားသောက်ပွဲမျိုးကို မတတ်နိုင်ပေ၊ ထို့ကြောင့် စီးပွားရေးတွင် အကန့်အသတ်များ ပေါ်ပေါက်လာ၏။

Chapter 119 : ပူးပေါင်းဆောင်ရွက်ခြင်း

ယွီထျန်းရှန်းသည် အမှန်တကယ် အလားအလာရှိ၍ တုလင်းသည်လည်း ထူးချွန်ထက်မြက်သူတစ်ယောက် ဖြစ်သည်။ အကယ်၍ အရာအားလုံးသာ အတိတ်ကကဲ့သို့ တူညီစွာဖြစ်ပျက်ခဲ့ပါလျှင် တုလင်းသည် မေးစရာမလိုအောင်ပင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာလိမ့်မည်။ သို့ရာတွင် သူ၏ တိုးတက်မှုသည် သူ၏ ရည်မှန်းချက်ကြောင့် ရှိုးတို့ရှုန်းတန်းဖြစ်ကာ ရပ်တန့်သွားလိမ့်မည် ဖြစ်သည်။

ကျင်းယွင်ကျောင်း၏ တုလင်းအပေါ် သဘောထား အနည်းငယ် တိုးတက်လာခြင်းက လီရှောက်ယွင်အား မျက်ခုံးပင့်သွားစေပြီး သူ၏ မျက်လုံးများကလည်း မှောင်ရိပ် ဖြတ်ခနဲသန်းသွား၏။

တုလင်းရဲ့စီးပွားရေးကဒ်ကို မြင်ပြီးမှ ဒီလူဆိုးမလေးရဲ့ စိတ်ဝင်စားမှုက တိုးသွားတာလား။

လီရှောက်ယွင်သည် ထပ်မံ၍ စိတ်အေးလက်အေး မနေနိုင်တော့ချေ။ ဒါက ယွီထျန်းရှန်းလို့ ရေးထားတဲ့ စီးပွားရေးကဒ်ကလေးပဲလေ။ နှိုင်းယှဥ်ကြည့်ပါက သူပိုင်ဆိုင်သော ထျန်းရှန်းလော်က ပိုအဆင့်မြင့်သည် မဟုတ်လား။ သူ၏ ဘဝတစ်လျှောက်လုံးတွင် လီရှောက်ယွင်သည် တစ်ခါမှ လျစ်လျူရှုမခံရဘူးသလို မည်သူ့ကိုမှလည်း ဤကဲ့သို့ တမူထူးစွာ အရေးပေး၍ မဆက်ဆံပေးခဲ့ဖူးပေ။

သူသည် ယခင်က ကျင်းယွင်ကျောင်းအား နှစ်ကြိမ်သုံးကြိမ်မြင်ဖူးသည်။ ဤတစ်ကြိမ်တွင် သူ၏ ကောက်ခါငင်ခါ အလည်လာခြင်းသည် ဤလူဆိုးမလေး၌ အလားအလာအချို့ရှိသည်ဟူသော သူ၏ ယုံကြည်ချက်ကြောင့် ဖြစ်၏။ ထို့ကြောင့် သူသည် သူမ ငယ်ရွယ်စဥ်တွင် သူမနှင့် ရင်းနှီးကျွမ်းဝင်သင့်သည်ဟု တွေးမိသောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် နောက်ပိုင်းတွင် သူမအား အကူအညီပေးသည့်အခါ သူ့အတွက် ပို၍ လွယ်ကူမည်ဖြစ်သည်။

သို့ရာတွင် သူမက သူ့အား အကြည့်လေးတစ်ချက်ပင် စွန့်ကြဲလိမ့်မည် မဟုတ်ဟု သူ မျှော်လင့်မထားမိခဲ့။

အနည်းဆုံးတော့ ၎င်းက ဆိုးသည့် အခြင်းအရာမဟုတ်ပေ။ တုလင်းသည် ဟွားနင်ခရိုင်၌ အဆက်အသွယ်အချို့ရှိသည်။ စင်စစ် အဖိုးရှုသည် ဤမိန်းကလေးအား ဂရုစိုက်၍ လီမိသားစုနှင့် ရှုမိသားစုကလည်း ဆက်ဆံရေးကောင်းသောကြောင့် လီရှောက်ယွင်က သူမအား သူ၏ လူရင်းတစ်ယောက်ဟု မြင်နေခြင်းဖြစ်၏။

လီရှောက်ယွင်က စိတ်ထိန်း၍ မေးလိုက်သည်။

“ဒါဆို မင်းက ယွီထျန်းရှန်းကို စိတ်ဝင်စားတယ်ပေါ့”

ကျင်းယွင်ကျောင်းက ပြန်မဖြေခင် ခဏမျှ တွေးနေ၏။

“ကျွန်မရဲ့ဆရာက ဆေးပင်တွေ၊ ကောက်ပဲသီးနှံတွေ၊ အသီးအနှံတွေ စိုက်ရတာကို စိတ်ဝင်စားတယ်လေ။ သူ့မှာ အပင်တွေကို အန္တရာယ်မဖြစ်စေ၊ မညစ်ညမ်းစေတဲ့ ထိရောက်တဲ့ စိုက်ပျိုးနည်းစနစ်တစ်ခုရှိတယ်။ အစ်ကိုကြီးတု ပြောတာကို နားထောင်ကြည့်တော့ ကျွန်မဆရာရဲ့ကိုယ်စား ကျွန်မ ယွီထျန်းရှန်းနဲ့ ပူးပေါင်းနိုင်မလားလို့ တွေးနေတာ”

“ဟမ်”

တုလင်းက သူမအား စိုက်ကြည့်နေပြီး ဘာမှ မတုံ့ပြန်နိုင်ခဲ့။

“မင်း ကိုယ်နဲ့ပူးပေါင်းချင်တယ်လို့ ပြောလိုက်တာလား။ ပါဝင်ပစ္စည်းတွေကို ရောင်းပေးပြီးတော့လေ”

သူက မယုံကြည်နိုင်စွာ မေးလိုက်၏။ ထို့နောက် သူက ရယ်မောလိုက်သည်။

“တကယ်လို့ ကိုယ်က သာမန်စားသောက်ဆိုင် တစ်ဆိုင်ကို စီမံခန့်ခွဲနေရင်တော့ ကိုယ် ပူးပေါင်းဖို့အတွက် ဝန်လေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်အဖေက ယွီထျန်းရှန်းကို မျှော်လင့်ချက်တွေထားထားတာ။ ပါဝင်ပစ္စည်းတွေက ကိုယ်မျှော်မှန်းထားတာနဲ့ ကိုက်ညီဖို့ လိုလိမ့်မယ်”

ထိုသည်အား ကြားပြီးနောက် ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။ သူမက နောက်ပြောင်နေခြင်း မဟုတ်ပေ။

သူမသည် တုလင်းအပေါ်၌ အခွင့်ကောင်းယူရန် မစဥ်းစားခဲ့။ သူမ၏ နေရာလွတ်နယ်မြေထဲမှ ပစ္စည်းများကို ရောင်းချရခြင်းက သူမအတွက် မခက်ခဲပေ။ အကယ်၍ သူမသာ အသက်မငယ်ပါက မည်သည့် စားသောက်ဆိုင်မဆို သူမနှင့် ပျော်ပျော်ကြီး ပူးပေါင်းကြလိမ့်မည်ပင်။ အချိန်ကသာ တစ်ခုတည်းသော ပြဿနာ ဖြစ်၏။

တုလင်း ကမူ ခြားနားသည်။ သူ့တွင် အကောင်းဆုံး ပါဝင်ပစ္စည်းများ မရှိပါက သူ၏ လျှို့ဝှက်ချက်ပြုတ်နည်းစနစ်က မည်မျှပင် အဖိုးတန်နေပါစေ၊ ရလဒ်က သူမျှော်မှန်းထားသည်နှင့် ကိုက်ညီိနိုင်မည် မဟုတ်ပေ။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ဒီည ကျွန်မ ယွီထျန်းရှန်းကို ပါဝင်ပစ္စည်းကားတစ်စီးစာ ပို့ပေးမယ်။ ရှင့်ရဲ့စည်းမျဥ်းတွေအရ အားလုံးလုပ်ကြည့်ပေးမယ်။ ပါဝင်ပစ္စည်းတွေက အဆင်မပြေဘူးဆိုရင် အဲဒါတွေကို ကျွန်မနဲ့အတူ ပြန်ယူသွားမယ်။ ကျွန်မ ရှင့်ကို ခက်ခဲအောင် မလုပ်ပါဘူး”

ကျင်းယွင်ကျောင်းက တည်ငြိမ်စွာ ပြန်ရှင်းပြလိုက်သည်။

စိတ်ထဲ၌ သူမ, မရယ်ဘဲမနေနိုင်ချေ။ သူမ၏ ပါဝင်ပစ္စည်းများကို သူ မြင်မြင်ချင်းမှာပင် ရလဒ်က ချောချောမွေ့မွေ့ဖြစ်သွားမည်မှန်း သူမ သေချာသိ၏။ တုလင်းက သူမအား သံသယဖြစ်စွာ ကြည့်နေသည်။ ကံကောင်းထောက်မ၍ သူမက သူသာ ပါဝင်ပစ္စည်းများကို စိတ်ကျေနပ်မှုမရှိပါက ပြန်ယူသွားမည်ဟု သူမကိုယ်တိုင်ပြောခဲ့၏။ ထိုကိစ္စတွင်တော့ သူသည် လီရှောက်ယွင်အား လုံးဝမျက်နှာသာ မပေးနိုင်ပေ။

သူသည် လီရှောက်ယွင်အား တစ်ချက်ခိုးကြည့်လိုက်ပြီး ထိုအမျိုးသားက ဝင်ပါရန် ရည်ရွယ်ချက်ရှိပုံ မရသည်ကို မြင်မှ စိတ်သက်သာရာ ရသွားသည်။

သူသည် ယွီထျန်းရှန်း၏ တည်ထောင်သူ ဖြစ်သော်လည်း လီရှောက်ယွင်က သူ၏ စီးပွားဖက်ဖြစ်၏။ အမှန်ပင် ယခင်က သူ၏ အဆက်မပြတ် တောင်းဆိုလှုံ့ဆော်မှုကြောင့်သာ လီရှောက်ယွင်က သဘောတူခဲ့ခြင်းဖြစ်သည်။ လီရှောက်ယွင်သည် အလွန်ကောင်းမွန်သော အဆင့်အတန်းကို ဝါကြွားတတ်၏။ ဟွားနင်ခရိုင်၌ပင် သူ့အား ရန်စရဲသည့်သူ မရှိပေ။ ထို့ကြောင့် လီရှောက်ယွင်သာ လှေတစ်စီးဖြစ်လျှင် လှေမမြုပ်မည်က အသေအချာပင်။

ဤသည်က တုလင်းသည် လီရှောက်ယွင်၏ ဆုံးဖြတ်ချက်များကို မငြင်းနိုင်သည့် အဓိပ္ပါယ်ပင်။ ကံကောင်း၍ လီရှောက်ယွင်က တုလင်း၏ ကိုယ်ပိုင်အရေးကိစ္စများတွင် သူကိုယ်တိုင် တရားဝင်ဆုံးဖြတ်ခြင်းကို တိတိကျကျ သိရှိနားလည်ပေးသည်။

Chapter 120 : အကျင့်စရိုက်တူသူများ

ခြုံပြောရလျှင် သူသည် လီရှောက်ယွင်ကို နားမလည်ပေ။ ထိုအခိုက်၌ လီရှောက်ယွင်သည် ယွီထျန်းရှန်း၏ အကြောင်းကို စဥ်းစားမနေခဲ့။ ထို့ထက် သူက ကျင်းယွင်ကျောင်း၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်းကို အာရုံခံမိ၍ သူမ၏ အခြားဘက်ခြမ်းများကို ပြန်စဥ်းစားနေခဲ့ကာ တစ်ခုချင်းက သူ၏မှတ်ဥာဏ်များထဲ၌ လတ်ဆတ်နေဆဲပင်။ သူမနှင့် ရွယ်တူတန်းတူ အရည်အချင်းတူများ အနက်၌ သူမကဲ့သို့ သမာဓိရှိသူက ရှားပါးသည်။

ယခင်က နဖူးမှ သွေးများ အဆက်မပြတ် စိမ့်ထွက်နေသော မိန်းကလေးကို ကူညီကယ်တင်ပေးရန် သူမ ရှေ့ထွက်လာစဥ်ကတည်းက သူမသည် ထူးခြားသောသူဖြစ်ကြောင်း သူသိပြီးဖြစ်၏။ လီရှောက်ယွင်သည် စိတ်မြန်သူတစ်ဦးဖြစ်ပြီး အခြားသူများ၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ရခြင်းအား မနှစ်သက်ပေ။ သို့သော် သူမ၏ ခေါင်းမာမှုကို မျက်မြင်ကိုယ်တွေ့ကြုံပြီးနောက် သူမနှင့် ရင်းနှီးရန် ထိုက်တန်ကြောင်း သူ ဆုံးဖြတ်ခဲ့သည်။

ထိုအကြောင်းကြောင့် သူသည် သူမက ယွီထျန်းရှန်းအား ပူးပေါင်း၍ ကူညီမည်ဟု ပြောသောအခါ၌ မသိစိတ်မှ ယုံကြည်နေမိခြင်း ဖြစ်၏။ ၎င်းသည် အကျင့်စရိုက်တူသူများကြားရှိ စွဲဆောင်မှုပုံစံတစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။

တစ်ချိန်လုံး သူ၏ နှုတ်ခမ်းများက ကွေးညွတ်နေပြီး ခပ်ရေးရေး ပြုံးနေ၏။ လူကြီးလူကောင်းတစ်ဦးနှင့် အလွန်တူလှသည်။ မကြာခဏပင် သူသည် ကျင်းယွင်ကျောင်း၏ အကြောင်းကို အဓိကထား၍ မေးခွန်းများ ကြားဖြတ်ဝင်မေးတတ်သည်။

ဥပမာ ဘယ်လိုလူမျိုးတွေက သူမကို မြေတောင်မြှောက်ပေးခဲ့သလဲ။ ဒါမှမဟုတ် သူမရဲ့အဆင့်တွေက ဘယ်လိုလဲ။ ဘယ်တက္ကသိုလ်ကို တက်ချင်သလဲ။ ဘာအသက်မွေးဝမ်းကြောင်းလဲ။

သူသည် စီနီယာတစ်ဦးကဲ့သို့ ပြုမူနေ၏။ ကျင်းယွင်ကျောင်းက တွေးနေမိသည်၊ ကံကောင်း၍ ဤလူသည် နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးခန့်သာ ရှိသေးပြီး သက်လတ်ပိုင်းအရွယ် ဦးလေးကြီး မဟုတ်ပေ။ သို့မဟုတ်ပါက သူ ဘယ်လောက်တောင် စကားများလိုက်မလဲဆိုသည်အား မည်သူသိမည်နည်း။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ဗီလာများနှင့် အိမ်ရာဝင်းတစ်ခုရှေ့တွင် ကားရပ်သွား၏။ သို့ရာတွင် ဤနေရာသည် တန်ဖိုးကြီးလွန်းခြင်း သို့မဟုတ် မျက်စိကို ဖမ်းစားနိုင်လွန်းခြင်း မရှိပေ။

သံသယဖြစ်နေမည့်အစား တုလင်းသည် ကျင်းယွင်ကျောင်းအား အိမ်ထဲသို့ ယဥ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။ အိမ်က တိတ်ဆိတ်နေ၏။ အဖိုးအိုတစ်ယောက်တည်းသာ အိမ်ထဲတွင်ရှိ၍ သူသည် မီးဖိုခန်းထဲ၌ တစ်ခုခု လုပ်နေသည်။ တုလင်းက ကျင်းယွင်ကျောင်းနှင့် လီရှောက်ယွင်တို့အား ထိုင်ရန် နေရာချပေးလိုက်ပြီး မီးဖိုခန်းသို့ ဦးတည်သွားလိုက်သည်။

“အိုင်းယား..အဖေ၊ ဒီရေခဲက တအားအေးနေတာကို ဘာလို့ ပါးစပ်ထဲ ထည့်ထားတာလဲ။ ထွေးထုတ်လိုက်တော့”

သူ၏ စိုးရိမ်နေသော အသံကိုပင် ကြားနိုင်၏။

သူတို့ကားထဲတွင် ရှိစဥ်က ကျင်းယွင်ကျောင်းသည် တုလင်း၏ မိခင်ဖြစ်သူမှာ အစောပိုင်းကပင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် သူ၏ အဖေနှင့်သာ နေ၏။ ဖခင်ဖြစ်သူသည် အလွန်အသက်မကြီးသေးကာ သွားအားလုံးက အကောင်းပကတိရှိသေးသော်လည်း ပြဿနာအချို့ရှိနေသည်။

အသေးအဖွဲ့ဖျားနာမှုများအားလုံးအနက် ဦးလေးတုသည် သွားနာခြင်းကို ခံစားနေရ၏။ အချို့အချိန်များတွင် နာကျင်မှုသည် သူ၏ ရသာခံအာရုံကိုပါ ထိခိုက်စေ၍ အထူးသဖြင့် ဘဝ၌ သူ၏ အရေးအကြီးဆုံးစွမ်းရည်ဟု ယူဆထားသော ဟင်းချက်ခြင်းအတွက် စိုးရိမ်နေသည်။

“မင်း ဘာတွေဂရုစိုက်နေတာတုန်း။ ဒီရေခဲက သွားနာတာ လျော့သွားအောင် ကူညီပေးတယ်ကွ”

အဖိုးအိုက ညည်းတွားလိုက်သော်လည်း ဧည့်သည်များရောက်နေသည်ကို သတိထားမိလိုက်သောအခါ သူ၏ လေသံကို ချက်ချင်း ပြောင်းလိုက်၏။

“လီရှောက် ဒီကို ရောက်နေတာလာ။ ငပွေးလေး၊ မင်း ဘာလို့ ငါ့ကို ကြိုမပြောတာလဲ။ မဟုတ်ရင် ငါ ဟင်းကောင်းကောင်း ချက်ထားမှာပေါ့”

သူက စကားပြောရင်း ချဥ်းကပ်လာရာ လီရှောက်ယွင်၏ ဘေး၌ သူစိမ်းမိန်းကလေးငယ်တစ်ယောက်ကို မြင်လိုက်၍ အံသြသွားသည်။

“ဦးလေး၊ ဒါ ဦးလေးအတွက် ကျွန်တော်ရှာလာတဲ့ သမားတော်လေ။ သူ့ကို ဦးလေးရဲ့သွားတွေကို စစ်ဆေးကြည့်ခိုင်းလိုက်ပါ”

လီရှောက်ယွင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

သို့သော် ကျင်းယွင်ကျောင်းသည် ဤအမျိုးသားအား စတင်၍ လေးစားစ,မပြုဘဲ မနေနိုင်တော့ချေ။ သူမကိုယ်သူမ သမားတော်တစ်ယောက်အဖြစ် ရည်ညွှန်းခြင်းအား အနည်းငယ် စိတ်မလုံသလို ခံစားရလျှင်တောင်မှ လီရှောက်ယွင်က ထိုစကားကို အလွန်တည်ငြိမ်စွာဖြင့် ပြောခဲ့၍ သူမသည် တကယ့် ကြီးမြတ်သော အံ့ချီးဖွယ် သမားတော်ကြီးအလားပင်။

ဦးလေးတုက ခဏမျှ ကြောင်အသွားပြီးနောက် ပြောလာ၏။

“လီရှောက်က မိတ်ဆက်ပေးတာလား။ ဒါဆိုရင်တော့ မင်းက သေချာပေါက်ကို ထူးခြားတဲ့သူရမယ်ကွယ့်။ မကြောက်ပါနဲ့၊ မိန်းကလေး။ ဒီကို တစ်ချက်လောက် ကြည့်ပေးပါ”

ထိုစကားက သူမအား ပို၍အံသြသွားစေသည်။ ဤအဖိုးက လီရှောက်ယွင်အား ဘယ်လောက်တောင် ယုံကြည်ထားသနည်း။

အကယ်၍ လီရှောက်ယွင်က သူတို့အား ရောင်းချမည်ဆိုလျှင်တောင် သူက လီရှောက်ယွင်အား အမြတ်ပင် ကူတွက်ပေးလောက်သည်ဟု သူမ ခံစားလိုက်ရ၏။

“ကိုယ့်အဖေက သဘောတူလိုက်ပြီဆိုတော့ ယွင်ကျောင်း၊ မင်းက စိတ်ချလက်ချ နေလို့ရပါပြီ”

တုလင်းက သူမ၏ သံသယအား ဖြေဖျောက်ပေးလိုက်သည်။ သူ၏ ဖခင်ဖြစ်သူသည် ဘယ်လိုလူစားမှန်း သူအသိပင်။

လူတိုင်းက ပွင့်လင်းလွန်းနေကြရာ ကျင်းယွင်ကျောင်းသည်လည်း သတိကြီးကြီး ထားမနေတော့ချေ။ ပထမဦးဆုံး၊ သူမသည် အဖိုးအို၏ အသားအရေကို စစ်ဆေးလိုက်သည်။ ထို့နောက် သွေးခုန်နှုန်း တိုင်းလိုက်၏။ သူမ၏ အမူအယာမှာ တည်ငြိမ်လွန်းသဖြင့် တုလင်းပင် ယုံကြည်ချက်ရှိလာသည်။

All Chapters