အခန်း (၈၅-၈၈)
Vol. 5 Ch. 85-88
Chapter 85 : ရူးသွပ်သွားသည်အထိ ငွေအကြောင်းကို တွေးခြင်း
ကျန်ရှသည် ရည်ရွယ်ချက်ကြီးသည့် အတ္တပေမဝါဒီတစ်ယောက် ဖြစ်သည်။ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းကဲ့သို့သော အနှောက်အယှက်များသာ မရှိပါက သူသည် စိတ်ဆုံးဖြတ်လိုက်သည်နှင့် ကိစ္စများကို အဆုံးထိတိုင်အောင် လုပ်မည့်သူဖြစ်၏။
ထို့ကြောင့် ချောင်ဟုန်ယဲ့က သူ့အား ငြင်းပယ်လေလေ၊ သူက တစ်လက်မရပြီးလျှင် တစ်ပေလိုချင်လေလေ ဖြစ်သည်။ (ချောင်ဟုန်ယဲ့ကို အခွင့်အရေးယူတာပါ။)
မမျှော်လင့်ဘဲ ချောင်ဟုန်ယဲ့သည် လူမြင်ကွင်းတွင် ကြမ်းကြမ်းတမ်းတမ်း မပြုမူရန် ဆုံးဖြတ်ခဲ့၏။
ယခုအချိန်၌ သူမ၏ ထိုငြင်သာသော အသံသည် လုံးဝ အသုံးမဝင်တော့။
သူတို့နှစ်ယောက်သည် အချိန်ခဏမျှကြာအောင် ဆွဲလားရမ်းလားဖြစ်နေပြီးနောက် ကျန်ရှသည် အထွေထွေရုံးခန်းသို့ အလောတကြီးသွားရန် ဆုံးဖြတ်လိုက်၍ ချောင်ဟုန်ယဲ့အစား ခွင့်တစ်ရက် ယူပေးခဲ့သည်။ ကိစ္စများ ပရမ်းပတာဖြစ်သွားလေရာ ချောင်ဟုန်ယဲ့သည် ရွေးခြယ်စရာမရှိတော့ဘဲ အလျော့ပေးလိုက်ရတော့သည်။ သို့ရာတွင် သူမသည် စိတ်ထဲ၌ ကျန်ရှအား အလွန်ဒေါသထွက်နေ၏။
လူအုပ်ကြီး၏ မျက်လုံးများက ကန်းမနေပေ။ သူမ၏ မျက်နှာသည် အနည်းငယ် နီရဲနေသည်။ ကျောင်းမှ ဤမျက်နှာဖြင့် ထွက်လာခဲ့၍ သူမ တစ်ကိုယ်တည်း လမ်းလျှောက်သွားလျှင်တောင်မှ လူများက သူမသည် ပိုလွန်းနေသည်ဟု တွေးကြလိမ့်မည်ပင်။
ထိုအခိုက်တွင် ကျင်းယွင်ကျောင်းသည် အပြင်မှ ဖြစ်ပျက်နေသော အကြောင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားသိနေရသည်။ သူမ အနည်းငယ် မပျော်သွားခဲ့၏။
အတိတ်ဘဝ၌ ချောင်ဟုန်ယဲ့က ကျန်ရှကို သူမအား စိတ်အားထက်ထက်သန်သန်ဖြင့် လူပျိုလှည့်စေခဲ့သည်။ ကံကောင်း၍ သူမက ၎င်းကို လက်မခံခဲ့ပေ။ သို့မဟုတ်ပါက သူမ ပြန်လည်မွေးဖွားလာလျှင်တောင် ကျန်ရှအား မြင်သည်နှင့် သူမ၏ ရင်ထဲမှ သေလောက်အောင် အော်ဂလီဆန်လာလိမ့်မည်ဖြစ်သည်။ ထို့အပြင် ချောင်ဟုန်ယဲ့နှင့် ကျန်ရှအတူရှိနေသည်အား ကြည့်လိုက်လျှင် တစ်ယောက်က အတ္တပေမဝါဒီဖြစ်၍ တစ်ယောက်က ကြောင်သူတော်ဖြစ်၏။ သူတို့သည် ကောင်းကင်ဘုံမှ တွဲဖက်ပေးလိုက်သော မိတ်ဖက်များ ဖြစ်သည်မှာ အသေအချာပင်။
ချောင်ဟုန်ယဲ့သည် ဤမတရားမှုကို ခံစားနေရသည်။ သူမသည် ပါးရိုက်ခံရရုံနှင့် လုံလောက်ပြီဖြစ်သော်ငြား ၎င်းနောက်တွင်လည်း ကိစ္စများက မပြီးဆုံးသေးဘဲ သူမသည် ဆေးရုံသို့ ဆွဲခေါ်သွားခံရပြန်၏။
ထိုကဲ့သို့ ကျန်ရှသည် သူမနှင့် အဖော်လိုက်လာ၍ တစ်ချိန်လုံး တွယ်ကပ်နေရုံသာမက ဆေးရုံရှိ ဆရာဝန်များအားလုံးကလည်း သူမအား နှစ်ခါပြန် ကြည့်ကြပြန်သည်။ သူမသည် အလွန်အမင်း အရှက်ရနေလေ၏။
ချောင်ဟုန်ယဲ့သည် ကျန်ရှ၏ စရိုက်အား မဆိုးဟု ယခင်က အမှန်တကယ်ပင် ထင်မိခဲ့သည်။ သို့ရာတွင် သူသည် ယနေ့ ဆေးရုံသွားရာ လမ်းတစ်လျှောက်တွင် သူမအား မလျော်မကန် ဆက်၍ ထိကိုင်နေခဲ့၏။ အထိအတွေ့များမှာ ဟိုလိုလို ဒီလိုလိုသာဖြစ်၍ မသိသာလေရာ သူမအား စောဒကတက်ရန် ခက်စေသည်။ အထူးသဖြင့် သူမသည် မိန်းကလေးတစ်ယောက်ဖြစ်ရာ ကျန်ရှ၏ ခွန်အားကို မယှဥ်နိုင်သည့်အပြင် သူမသည် လုံးဝ မတိုက်ခိုက်တတ်ပေ။ လမ်းတစ်လျှောက်ရှိ လမ်းသွားလမ်းလာများက သူမတို့အား မေးငေါ့၍ သူမသည် အသက်ငယ်လွန်းသော်လည်း ကိုယ့်ကိုကိုယ် တန်ဖိုးထားလေးစားမှု မရှိဟု ပြောဆိုနေကြသည်။ ၎င်းက သူမအား လုံးလုံးလျားလျား အရှက်ရစေ၍ သူမ၏ မျက်နှာအား ကွယ်စရာနေရာလည်း မရှိခဲ့။
ကျင်းယွင်ကျောင်းကမူ နောက်ပိုင်း၌ ဤကိစ္စများဖြစ်ပျက်ခဲ့ကြောင်း မသိပေ။ သူမ၏ အာရုံသည် ကိစ္စကြီးကြီးမားမား တစ်ခုဖြစ်ပျက်တော့မည်ဆိုသည့် မှတ်ဥာဏ်ဆီသို့ ပြောင်းသွား၏။
ဟွားနင်ခရိုင်အား ရှေးဟောင်းအမွေအနှစ်များ အတော်လေး ကြွင်းကျန်ရစ်သည့် ခရိုင်တစ်ခုဟု မှတ်ယူကြသည်။ သူမ၏ အတိတ်ဘဝတွင် ဤအချိန်ဝန်းကျင်လောက်၌ ရှေးဟောင်းပစ္စည်းရောင်းသူတစ်ဦးသည် ရှေးဟောင်းပစ္စည်းများအကြောင်း နားမလည်သည့် အလုပ်သမားတစ်ယောက်ဆီမှ ကြွေထည်ပစ္စည်းတစ်ခုကို ယွမ်တစ်ထောင်နှင့် ဝယ်ခဲ့၏။ ထိုသတင်းသည် နင်းရှန်မြို့မှ ဂုဏ်သတင်းမြင့်မားသည့် ဆွေကြီးမျိုးကြီး အကြီးအကဲတစ်ယောက်၏ နားသို့ ပေါက်သွားသည်။ ထိုအကြီးအကဲသည် ရှေးဟောင်းပစ္စည်းများစုဆောင်းရသည်ကို နှစ်သက်၏။ ထိုကြွေထည်ပစ္စည်းအား တန်ဖိုးဖြတ်ပြီးနောက် သူက ထိုကြွေထည်ပစ္စည်းသည် အမှန်တကယ်ပင် မင်ဟုန်ဝူ၏ ကြွေခရားဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွား၍ ၎င်းအား ဝယ်ရန် ယွမ်နှစ်သန်းကျော် အသုံးပြုသွားခဲ့သည်။
ထိုသတင်း ပြန့်နှံ့သွားပြီးနောက် ချောင်ဝေ့မင်သည် သနားစရာကောင်းစွာပင် ဆွဲဆွဲငင်ငင်ငိုကြွေးနေတော့၏။ အကြောင်းမှာ ထိုအလုပ်သမားသည် ထိုကြွေခရားအား ရောင်းချရန်အတွက် ချောင်ဝေ့မင် မနက်စာသွားစားနေကျ စျေးငယ်လေးဆီသို့ မကြာခဏ သယ်လာတတ်သည်။ သူသည် ၎င်းကို သူ၏ မျက်လုံးများဖြင့် မြင်ခဲ့ရုံသာမက ထိုအလုပ်သမားအား ငွေအကြောင်းကို ရူးသွားသည်အထိ တွေးနေသည်ဟုပင် လှောင်ပြောင်ခဲ့၏။
ချမ်းသာမည့်အခွင့်အရေးတစ်ခုသည် ကောင်းကင်မှပြုတ်ကျလာခဲ့သည်ကို နောက်ကျမှ သိခဲ့ရခြင်းက သူ့အား နောင်တရစေ၍ ညပေါင်းများစွာ မအိပ်နိုင်ဖြစ်ခဲ့ရသည်။ သူသည် ထိုအကြောင်းအား အိမ်၌ ကြိမ်ဖန်များစွာပင် ပြောဆိုခဲ့၏။
ယခုလက်ရှိတွင် ကျင်းယွင်ကျောင်း၌ စုမိငွေ ယွမ်သုံးသန်းခန့်ရှိသည်။ ၎င်းက သေးငယ်သည့် ပမာဏ မဟုတ်သော်လည်း အများကြီးလို့တော့ ပြော၍ မရပေ။
သူမ၏ ဘဝအသစ် ဤအချိန်၌ ရှေးဟောင်းပစ္စည်းရောင်းဝယ််သူက ထိုကြွေခရားကို မဝယ်ယူရသေးပေ။ အဘယ်ကြောင့် သူမသည် ဤကဲ့သို့သော အခွင့်အရေးအား လက်လွှတ်ပေးရမည်နည်း။
သူမ သိထားသည်များအရလည်း စျေးငယ်လေး၌ ထိုအလုပ်သမားသည် တစ်လကျော်ကြာအောင် နေထိုင်သွားခဲ့သည်။ အကယ်၍ သူမသာ စောစောသွားလျှင် တစ်ဖက်လူနှင့် တွေ့နိုင်မည်မှာ အသေအချာပင်။
ဤအထိ တွေးနေရင်း ကျင်းယွင်ကျောင်း၏ မျက်လုံးများက ပြုံးယောင်သမ်းလာသည်။
ထိုနေ့ ကျောင်းဆင်းသောအခါ သူမသည် နင်းရှန်မြို့သို့ ကားစီး၍ ပြန်လာခဲ့၏။ သို့ရာတွင် သူမ သွားလိုရာနေရာသို့ ရောက်သောအခါ ကောင်းကင်ကြီးက မှောင်နေပြီဖြစ်သည်။ သူမ၏ တစ်ခုတည်းသော ရွေးခြယ်စရာမှာ ညဘက်တည်းရန် မိုတယ်တစ်ခုရှာ၍ နောက်နေ့ မနက်ခင်းကျမှ စျေးငယ်လေးသို့ သွားရန်ဖြစ်၏။
ကျင်းယွင်ကျောင်း ရွေးလိုက်သော မိုတယ်သည် စျေးငယ်လေး၏ ဘေးတွင်သာ ရှိသည်။ သူမသည် သူမ၏ အခန်းပြတင်းပေါက်မှ ငုံ့ကြည့်လိုက်ရုံနှင့် စျေးကို မြင်နိုင်၏။ ထိုအပေါ်စီးမှနေ၍ သူမသည် စျေးအတွင်းရှိ လှုပ်ရှားသွားလာမှုအားလုံးကိုလည်း မြင်နိုင်သည်။
ထို့ကြောင့် ဒုတိယနေ့တွင် ကျင်းယွင်ကျောင်းသည် ပစ္စည်းကို သယ်လာသည့် အလုပ်သမား ရောက်လာမှသာ အောက်သို့ဆင်းလာခဲ့၏။
Chapter 86 : အခြားသူများ၏ ချမ်းသာမည့်လမ်းကြောင်းကို ခိုးယူခြင်း
ကျင်းယွင်ကျောင်းသည် အတိတ်ဘဝ၌ ထိုအလုပ်သမားနှင့် ပတ်သတ်သည့် အကြောင်းများစွာကို ချောင်ဝေ့မင်ထံမှ ကြားခဲ့ဖူးသည်။ သူ၏ အဆိုအရ ထိုအလုပ်သမားသည် ကြွေထည်ပစ္စည်းကို ရောင်းပြီးနောက် တစ်စုံတစ်ယောက်က မေး၍ သူ့အား လာရှာခဲ့၏။ ထိုအချိန်၌ အလုပ်သမားသည် အလွန်အမင်း နောင်တရသွားခဲ့သော်လည်း ကံဆိုးစွာပင် ပစ္စည်းပြန်ယူရန်အတွက် ထိုရှေးဟောင်းပစ္စည်းရောင်းဝယ်သူအား သူ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူသည် ဒေါသများအား ရင်ထဲတွင်သာ မျိုသိပ်ထားရုံပင်။
သူသည် ထိုသို့ရောင်းမိသည်အား နောင်တရခြင်း မဟုတ်၊ ၎င်းကို ရောင်းချခဲ့စဥ်က အရေးပေါ်ငွေလိုနေသောကြောင့်သာ။ ထိုအချိန်က ရောင်းစျေးသည် ယွမ်နှစ်သိန်းဖြစ်သော်လည်း လူတိုင်းက သူ့အား အရူးဟု ခေါ်ခဲ့ကြသည်။ နောက်ပိုင်း၌ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူ ရောက်လာသောအခါ ထိုသူက သူ၏ ပစ္စည်းအား အတုဟုပင် ပြောခဲ့၏။
ထိုရှေးဟောင်းပစ္စည်းရောင်းဝယ်သူသည် အာသွက်လျှာသွက်နှင့် စကားပြောကောင်းသူဖြစ်သည်။ မည်သူမှ နားမလည်သည့် အကြောင်းအရာတစ်ပုံတစ်ပင်ကို ပြောဆိုပြီးနောက် အလုပ်သမားအား သူ၏ လက်ထဲတွင်ရှိသော ပစ္စည်းသည် အမှန်တကယ်ပင် အတုတစ်ခုဟု ထင်သွားစေခဲ့၏။ သူ စိတ်အခြေအနေဆိုးဝါးနေသော အခိုက်တွင် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူက ကရုဏာသက်နေသော အမူအယာဖြင့် ၎င်းကြွေခရားကို ယွမ်တစ်ထောင်ဖြင့် လိမ်လည်ဝယ်ယူသွားခဲ့သည်။
သူသည် ထိုတရုတ်ကြွေထည်အား ရှေးဟောင်းပစ္စည်းရောင်းဝယ်သူထံသို့ ရောင်းချခဲ့ပြီးသောအခါ အလုပ်သမားသည် သူ့အား အနည်းငယ် ကျေးဇူးတင်သလိုပင် ခံစားခဲ့ရသေး၏။ တစ်လပင် မပြည့်သေးသောအချိန်မှာပင် တစ်စုံတစ်ယောက်က ထိုပစ္စည်းအား မြင်သွားခဲ့၍ ယွမ်နှစ်သန်းကျော်ဖြင့်ပင် ဝယ်သွားလိမ့်မည်ဟု မည်သူက သိမည်နည်း။
ထိုအလုပ်သမားသည် လူရိုးတစ်ယောက်ဖြစ်သည်။ သူသည် ထို မိုးထိမြင့်နေသော စျေးနှုန်းအား လိုချင်တပ်မက်မှုမရှိဘဲ သူ၏ ကိုယ်ပိုင် ယွမ်နှစ်သိန်းကိုသာ တမ်းတဝမ်းနည်းနေခြင်းဖြစ်၏။
ထိုသို့ဖြစ်သောကြောင့် ကျင်းယွင်ကျောင်းသည် ထိုရှေးဟောင်းပစ္စည်းရောင်းဝယ်သူ၏ ချမ်းသာမည့်လမ်းကြောင်းကို ခိုးယူရန် ကြိုးစားခြင်းအတွက် အပြစ်ရှိသည်ဟု မခံစားရခြင်းပင်။
အနားသို့ ကပ်လာပြီးနောက် ကျင်းယွင်ကျောင်းသည် အလုပ်သမား၏ ရှေ့တွင် ရပ်လိုက်သည်။
ထိုလူသည် အသက်ငါးဆယ်၊ ခြောက်ဆယ်ခန့်သာ ရှိကြောင်း တွေ့ရပြီး သူ၏ အသားအရေမှာ နေလောင်၍ ညိုနေကာ မျက်နှာတွင် အရေးအကြောင်းများရှိလျှက် သူ၏ မျက်လုံးများတွင် စိုးရိမ်နေသော အရိပ်အယောင်များ ရှိနေ၏။ သူသည် ကြွေခရားအား သူ၏ လက်မောင်းများထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ပိုက်သယ်ဆောင်ထား၍ တစ်စုံတစ်ယောက်က ၎င်းအား မတော်တဆ တိုက်ချမိမည်ကို အလွန်အမင်း ကြောက်နေသည်။
ထိုလက်မောင်းများက ကြမ်းတမ်း၍ ခြောက်သွေ့နေပြီး တစ်ချက်ကြည့်ရုံနှင့်ပင် နှစ်ပေါင်းများစွာ လုပ်ခဲ့ရသော အလုပ်ကြမ်းများ၏ ဒဏ်ဖြစ်ကြောင်း ပြောနိုင်၏။ သူ၏နောက်ကျောသည် အနည်းငယ် ကုန်းနေပြီး သူ၏ တီရှပ်ပေါ်တွင် ဖုန်တစ်ထပ်ရှိနေသည်။ သူ၏ ဖိနပ်များမှာ ပေါက်ပြဲနေကာ ခြေရာများပင် ခပ်တိမ်တိမ် စွဲထင်နေပြီး ရွံ့များနှင့် ညစ်ပေနေ၍ ၎င်း၏ သက်တမ်းကို ခန့်မှန်းရခက်စေ၏။
“ဦးလေး၊ ဒီခရားကို ရောင်းနေတာလား”
ကျင်းယွင်ကျောင်းက မေးလိုက်သည်။
ထိုစကားနှင့်ပင် အနီးနားရှိ အစားအသောက်ဆိုင်ငယ်လေးများမှ လူများ၏ အာရုံများအားလုံးကို သူတို့ဆီသို့ ဆွဲဆောင်လိုက်နိုင်၏။ ဤ အဖိုးအိုလီသည် ဤကြွေခရားကြီးကို စျေးငယ်လေးဆီသို့ သယ်လာသည်မှာ တစ်လခန့်ကြာပြီ ဖြစ်သည်။ ၎င်း၏ အကြောင်းကို မေးသူများရှိသော်လည်း သူတို့သည် စျေးနှုန်းကို ကြားသည်နှင့် ထွက်သွားကြ၏။
သူတို့တွင် ရှေးဟောင်းပစ္စည်များနှင့် ပတ်သတ်၍ ဗဟုသုတမရှိပေ၊ သူတို့က ဤခရားသည် အလွန်အမင်း ဟောင်းနွမ်းနေပြီး များများစားစား မသိုလှောင်နိုင်၍ အများဆုံးအနေဖြင့် ၎င်းကို အလှဆင်ပစ္စည်းတစ်ခုအနေနှင့်သာ သုံးနိုင်ကြောင်း သိကြသည်။ ယွမ်ဆယ်ဂဏန်းသာဆိုလျှင် သူတို့လက်ခံနိုင်သေးသော်လည်း ယွမ်နှစ်သိန်း...အရူးတစ်ယောက်ကသာ ၎င်းကို ဝယ်လိမ့်မည်ပင်။
သို့ရာတွင် ထိုခရားအား စျေးမေးသူများအားလုံးမှာ များသောအားဖြင့် အသက်လေးဆယ်ကျော် လူကြီးများသာဖြစ်သည်။ ယနေ့၌မူ မိန်းကလေးငယ်လေးတစ်ဦး ပေါ်ထွက်လာလေပြီ။
ထိုမိန်းကလေး၏ ပုံပန်းသွင်ပြင်ကိုလည်း အနည်းငယ်ရင်းနှီးနေ၏။ အကယ်၍ သူတို့သာ မမှားလျှင် ဒါ ချောင်ဝေ့မင်၏ အကြီးဆုံးသမီး မဟုတ်ပါလော။ ကောလဟာလများက ပြောကြသည်မှာ သူမသည် အိမ်မှ နှင်ထုတ်ခံရသည်ဆို၏။ ထိုသည်မှာ အမှန်လော၊ အမှားလော။
အဖိုးလီ၏ စိတ်ထားက အတော်လေးကောင်းမွန်၏။
“မိန်းကလေး၊ ငါ ဒီခရားကို ရောင်းနေတာ အတော်လေး စျေးများတယ်ကွယ့်”
“ဦးလေး သတ်မှတ်ထားတဲ့ စျေးကို အရင်ဆုံး ပြောပြရင် ပိုကောင်းပါတယ်။ ကျွန်မ ဒီပစ္စည်းကို အတော်လေး သဘောကျတယ်၊ စျေးက ကျွန်မအတွက် သင့်တော်တယ်ဆိုရင် ကျွန်မ ဒါကို ဝယ်မယ်”
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။
အဖိုးလီက ခေါင်းယမ်းလိုက်၏။ ဤမိန်းကလေးငယ်လေးသည် အတော်လေး နှစ်လိုဖွယ်ကောင်းသည်။ သူမသည် သူ ဤသို့ လာရောင်းနေသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း တွေ့မြင်နေရ၍ သူ့ကို သနားနေခြင်းဖြစ်ရမည်။
“ငါ မင်းကို လိမ်မရောင်းပါဘူး။ ငါ့ရဲ့အိမ်ထောင်ဖက်က နေမကောင်းဖြစ်နေလို့ ကုသစရိတ်ရှာဖို့အတွက် ငါ ဒါကို ရောင်းနေတာပါ။ ငါ ဒါကို ယွမ်နှစ်သိန်းနဲ့ရောင်းနေတာ၊ တစ်ပြားမှ မလျော့ဘူး”
အဖိုးလီက ကြွေခရားကြီးကို ပွတ်သပ်လိုက်ပြီး ၎င်းနှင့် ခွဲခွာရန်အတွက် အနည်းငယ် ဆန္ဒမရှိသလိုပုံစံပြသလိုက်သည်။
သူသည် အတော်လေး ငယ်ရွယ်စဥ်က ဤခရားကို တူးဖော်ရရှိခဲ့၏။ ထိုအချိန်က သူသည် ၎င်း၏ အကြောင်းကို မည်သူကိုမှ မပြောရဲခဲ့ဘဲ နှစ်သုံးဆယ်ကြာအောင် ဖွက်ထားခဲ့သည်။ သူသည် ဤခရား၏ ဇစ်မြစ်ကို မသိသော်လည်း မြေကြီးထဲတွင် မြှုပ်နှံထားသောအရာမှာ ကောင်းသောအရာသာ ဖြစ်သင့်ကြောင်း သူတွေးမိ၏။ ထို့ကြောင့် သူသည် သူ၏ သားများအား သူတို့၏ မိသားစုအမွေအနှစ်အဖြစ် ချန်ထားပေးရန် တွေးခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ သူ၏ ဇနီးသည်က နေမကောင်းဖြစ်လာ၏။
သူသည် ဘဝတစ်လျှောက်လုံး အလုပ်ကြိုးစားခဲ့၍ သူ၏ သားများအား အိုးပိုင်အိမ်ပိုင်များဖြစ်စေရန် ကူညီပေးခဲ့သည်။ သူကိုယ်တိုင်တွင်တော့ ပိုင်ဆိုင်မှုတစ်ခုမှ မရှိချေ။
သူသည် သားများအား ပိုက်ဆံတောင်းသောအခါ သူ၏ သားနှစ်ဦးစလုံးက သူတို့ဆင်းရဲကြပ်တည်းနေကြောင်း ညည်းတွားကြသည်။ သူသည် လပေါင်းများစွာ တောင်းခဲ့သော်လည်း သူတို့ဆီမှ ငွေတစ်ပြားတစ်ချပ်ပင် တစ်ခါမှ မရခဲ့ပေ။
သေရေးရှင်ရေးတမျှ အခြေအနေများအောက်တွင် သူသည် သူ နှစ်ပေါင်းများစွာ ဝှက်ထားသော ရတနာကို ထုတ်လာပြီး ငွေအတွက် ရောင်းချရန် အတင်းအကြပ် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရသည်။
မမျှော်လင့်ဘဲ ၎င်းကလည်း စိတ်ပျက်စရာဖြစ်သွားခဲ့၏။ ဤအပြင်လူများပင် မဆိုထားနှင့်၊ သူ၏ သားများကပင် ၎င်းမှာ သူ၏ စည်းလွတ်ဝါးလွတ် စိတ်ကူးယဥ်ခြင်းတစ်မျိုးသာဖြစ်၍ ခရားကို ရတနာတစ်ခုသဖွယ် ဆက်ဆံနေခြင်းဖြစ်သည်ဟု စောဒကတက်ကြသည်။
(T/N: သူတို့က သူက ဒီခရားလို အမှိုက်မျိုးကို ရတနာလို ဆက်ဆံနေတာက သူရဲ့စိတ်ကူးယဥ်သက်သက်ပဲလို့ ဆိုပြီး သူ့ကို အရူးလို့ တွေးနေကြတာပါ။)
“ယွမ်နှစ်သိန်းလား။ ဦးလေး၊ ဒီနားမှာရှိတဲဲ့ ဘဏ်ဖွင့်တဲ့အချိန်အထိစောင့်ပြီးရင် ကျွန်မနဲ့အတူ အဲဒီကိုလိုက်ခဲ့ပါ။ ကျွန်မ ဦးလေးဆီကို ပိုက်ဆံလွှဲပေးမယ်”
အဖိုးလီက သူ၏ သားနှစ်ယောက်အား မကျေမနပ်နှင့် ဝမ်းနည်းနေဆဲမှာပင် ကျင်းယွင်ကျောင်းက ရုတ်တရက် ထပြောလိုက်ခြင်းဖြစ်လေသည်။
Chapter 87 : ဆုံးဖြတ်ချက်ချခြင်း
ကျင်းယွင်ကျောင်း၏ စကားများက လူတိုင်းအား ဆွံ့အသွားစေပြီး ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။ အချို့လူများက ကျင်းယွင်ကျောင်းအား လက်ညှိုးထိုး၍ ခေါင်းများကို ခါယမ်းကာ စတင်၍ လှောင်ပြောင်ရယ်မောလာကြသည်။
သူတို့သည် ယခင်က ချောင်ဝေ့မင်ထံမှ ဤမိန်းကလေးသည် အသိတရားမရှိကြောင်း ကြားဖူးပြီးသားဖြစ်၏။ သို့သော် သူတို့သည် သူတို့ရှေ့ရှိ ဤမြင်ကွင်းကို မမြင်ရသေးခင်အထိ ၎င်းကို သူ၏ အပြောသက်သက်ဟုသာ ထင်ခဲ့ကြသည်။
“ကလေးမလေး၊ ရွှေစက္ကူ ငွေစက္ကူ နှစ်သိန်း မဟုတ်ဘူးနော် ဟားဟား”
တစ်စုံတစ်ယောက်က ကျယ်ကျယ်လောင်လောင်ပင် ရယ်မောလိုက်၏။
(T/N : ရွှေစက္ကူ ငွေစက္ကူ ဆိုတာ တရုတ်အသုဘတွေမှာ သေသူအတွက် တမလွန်မှာ သုံးဖို့ငွေအဖြစ် မီးရှို့ပေးတာတွေပါ။ ဇာတ်ကားတွေထဲမှာပါတဲ့ ရွှေသစ်ရွက်၊ ငွေသစ်ရွက်ပုံစံလေးတွေလေ။)
အဖိုးလီသည် ရှေးဟောင်းခရားကြီးကို ပိုက်ထားရင်း သူ၏ ရတနာအား ပေးလိုက်ရန် ငြင်းဆန်နေသည်။ သူသည် အနည်းငယ် ရှက်ရွံ့နေမိ၏။ သူသည် လူရိုးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့ကိုယ်သူတော့ လွယ်လွယ်ကူကူ လှောင်ပြောင်ခွင့် မပြုနိုင်ပေ။ အကယ်၍ သူ၏ရှေ့၌ရှိသောသူမှာ မိန်းကလေးတစ်ယောက်သာ မဟုတ်ပါက သူသည်လည်း သူမအား စတင်ပြစ်တင်ရှုတ်ချနေပြီဖြစ်သည်။
ကျင်းယွင်ကျောင်းသည် သူမအား လှောင်ပြောင်နေကြသူများကြောင့် အနှောက်အယှက် ဖြစ်မသွားပေ။ သူမက စာအိတ်တစ်လုံးကိုသာ ထုတ်ယူလိုက်သည်။
“တကယ်လို့ ဘဏ်ကနေတဆင့် ငွေလွှဲရတာ ဦးလေးအတွက် အခက်အခဲရှိမယ်ဆိုရင်လည်း ကျွန်မ ငွေသားနဲ့ ပေးနိုင်ပါတယ်။ ပိုက်ဆံက ဒီမှာ အပြည့်ရှိတယ်။ ကျွန်မ ထုတ်ပေးရတော့မလား”
အဖိုးလီက လက်ငင်းငွေချေခြင်းနှင့် နှိုင်းယှဥ်လျှင် ဘဏ်ငွေလွှဲခြင်းက ပို၍ လုံခြုံသော ရွေးခြယ်မှုဖြစ်ကြောင်း ခံစားလိုက်ရသည်။ စင်စစ် ဤနေရာ၌ လူအတော်လေးများ၏။ အသက်ကြီးကြီး ဦးလေးကြီးသည် ငွေသားများစွာကို သယ်၍ လမ်းလျှောက်ခြင်းက သေချာပေါက် အန္တရာယ်ရှိကြောင်း ခံစားလိုက်ရသည်။
“လက်ငင်း ငွေချေမယ်တဲ့လား”
စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့အား လှောင်ပြောင်နေသောသူများသည် ချက်ချင်း မတ်တပ်ထရပ်မိသွားကြပြီး မယုံကြည်နိုင်သောကြောင့် စားလက်စအစားအသောက်များဖြင့် လည်ပင်းတစ်သွားကြ၏။
သူတို့ စောင့်ကြည့်နေစဥ်မှာပင် ကျင်းယွင်ကျောင်းက စာအိတ်ကို ဖွင့်လိုက်ပြီး သပ်သပ်ရပ်ရပ် စီထုတ်ထားသော ငွေစက္ကူအုပ် နှစ်ဆယ်ကို ထုတ်ပြလိုက်သည်။ တစ်ဖက်မှ လက်ခံသည့်လူက အတုဟု ထင်နေမည်ကို စိုးရိမ်သောကြောင့် ကျင်းယွင်ကျောင်းသည် ပိုက်ဆံအား နှစ်ခါပြန်စစ်ဆေးနိုင်စေရန် အနီရောင်အထုပ်ကို သူ၏ လက်ထဲသို့ အလျင်အမြန် ထည့်ပေးလိုက်၏။ ထို့နောက် သူမသည် သူ့ထံမှ ကြွေထည်ပစ္စည်းကို ကတိုက်ကရိုက် ယူလိုက်သည်။
အဖိုးလီသည် ရောင်းစျေးအား ယွမ်နှစ်သိန်းဟု သတ်မှတ်ထားသော်လည်း သူသည် ခရားအား အမှန်တကယ် ရောင်းနိုင်လိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ ယခုအခါ သူသည် ခရားကို ရောင်းလိုက်ပြီဖြစ်၍ တကယ် အံသြလွန်း၍ စကားမပြောနိုင်တော့။
ထိုအနီရောင် ယွမ်တစ်ရာတန်အထပ်လိုက်သည် အဖိုးလီ၏ မျက်လုံးများအား နီရဲလာစေသည်။ သူသည် ထိုငွေများအား အတတ်နိုင်ဆုံး ဂရုတစိုက်ဖြင့် တွန့်ဆုတ်တွ့န်ဆုတ် ထိလိုက်၏။ ပိုက်ဆံအစစ်တစ်ရွက်ချင်းစီတိုင်းတွင် သူသည် သူ၏ ဇနီးသည်အတွက် ကျဆင်းနေသော မျှော်လင့်ချက် ရောင်စဥ်လေးများကို ခံစားနေရသည်။
သို့ရာတွင် နောက်ဆုံး၌ သူက အံ့သြထိတ်လန့်နေခြင်းမှ ရုန်းထွက်လိုက်ပြီး ဤယွမ်နှစ်သိန်း၏ ပိုင်ရှင်သည် ဤလုံမပျိုငယ်လေးဖြစ်ကြောင်း သတိရသွား၏။
သူက ထပ်မံ၍ သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်သည်။
“ငါ ပိုက်ဆံလိုကောင်းလိုနေလိမ့်မယ်၊ ဒါပေမယ့် မင်းရဲ့ပိုက်ဆံကိုတော့ လွယ်လွယ်မယူနိုင်ဘူး။ မိန်းကလေး၊ မင်းရဲ့မိဘတွေ သေချာပေါက် ဒါကို မသိလောက်ဘူး။ သူတို့သာ....”
“ဦလေး၊ စိတ်အေးအေးထားပါ။ ဒီပိုက်ဆံတွေရဲ့မူလရင်းမြစ်က သန့်ရှင်းပါတယ်။ ကျွန်မမှာ မိဘတွေလည်း မရှိတော့ပါဘူး။ ကျွန်မရဲ့ကိုယ်ပိုင်ပိုက်ဆံကို ကျွန်မရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သုံးလို့ရပါတယ်”
ကျင်းယွင်ကျောင်းက သူ၏ သံသယကို ရှင်းလင်းပေးလိုက်၏။
“ဒါ အမှန်ပဲလား”
အဖိုးလီသည် သူမအား မယုံကြည်နိုင်သေးပေ။
“ဒီစျေးသေးသေးလေးထဲမှာ ကျွန်မကို သိတဲ့သူတွေ အများကြီးရှိတယ်။ ဦလေး မေးရင်မေးကြည့်သလောက် တိတိကျကျ သိလာမှာပါ”
သူမသည် ယခုအချိန်တွင် သူမ၏ အကြောင်းအား တီးတိုးအတင်းပြောနေသမျှကို ရှင်းရှင်းလင်းလင်း ကြားပြီးဖြစ်သည်။
သူမ ပြောလိုက်သည်နှင့် လူများစွာက သံသယဖြင့် ခေါင်းငြိမ့်ပြလာကြ၏။
“လောင်လီ၊ ဒီမိန်းကလေးရဲ့ စေတနာကို လက်ခံပြီး ပိုက်ဆံကို ယူလိုက်ပါ။ သူက ချောင်မိသားစုရဲ့ကလေးတစ်ယောက် ဖြစ်ခဲ့ပေမယ့် သူတို့ရဲ့ သမီးအရင်း မဟုတ်ဘူး။ အဲဒါသိသွားပြီးတော့ ချောင်မိသားစုက သူ့ကို အိမ်ကနေ နှင်ထုတ်လိုက်ကြတယ်။ အခု သူက တစ်ယောက်တည်းနေနေတာ၊ ဒါကြောင့် ဒီပိုက်ဆံတွေက ချောင်ဝေ့မင်နဲ့ လုံးဝမဆိုင်တာ သေချာတယ်”
ဝင်ပြောလိုက်သော သူသည် အဖိုးလီနှင့် ဆက်ဆံရေးကောင်း၍ သူ၏ မိသားစုအခြေအနေကိုလည်း သိသည်။
ကျင်းယွင်ကျောင်းသည် သူပြောလိုက်သည့် “သူ့ကို အိမ်ကနေ နှင်ထုတ်လိုက်ကြတာ” ဟူသော စကားကို ကြားသောအခါ သူမ၏ နှလုံးသားသည် အေးစိမ့်သွား၏။ ချောင်ဝေ့မင်သည် သူ၏ ဂုဏ်သိက္ခာကို အလွန်အလေးထားသော သူတစ်ယောက်ဖြစ်ရာ သူသည် သူ၏ နာမည်ကို အဖတ်ဆယ်ရန်အတွက် ဤကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ပြောထားသည်မှာ အသေအချာပင်။
“ဒါ...ဒါဆို ငါ တကယ် ဒါကို ယူလို့ရတယ်လား”
အဖိုးလီက သတိကြီးစွာဖြင့် မေးလာရှာသည်။
ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်သည်။
“ဦးလေး၊ ဦးလေးရဲ့ဇနီးက နေမကောင်းဖြစ်နေတယ်လို့ ကြားတယ် ဟုတ်လားဟင်။ ကျွန်မ သူ့ရဲ့အခြေအနေကို မေးလို့ ရမလား”
“ငါ အဲဒါအတွက် ဆေးပညာအခေါ်အဝေါ်တွေကိုတော့ တကယ်မသိဘူး၊ ငါသိတာက သူက မကြာခဏ ခေါင်းကိုက်တယ်။ နေ့တိုင်း သူ့ရဲ့ခေါင်းက ကြယ်တွေပါ မြင်ရတဲ့အထိ နာပေမယ့် သူက အတွန့်တက်တဲ့ စကားလေးတစ်ခွန်းတောင် မပြောဘူး။ ညတိုင်း ညတိုင်း သူ တစ်ညလုံး ကောင်းကောင်း မအိပ်နိုင်ဘူး။ ဆရာဝန်တွေက သူ့ကို ခွဲစိတ်မှုလုပ်ဖို့ အားမပေးဘူး၊ ဒါကြောင့် ငါတို့ ဆေးတွေအပေါ်မှာပဲ များသောအားဖြင့် အားထားနေရတယ်။ ဒါပေမယ့် ဆေးတွေက စျေးကြီးလွန်းတယ်။ အဲဒီအပြင် သူ အစာမစားတဲ့အချိန်ကျရင် ရောဂါဟောင်း ပြန်ထလာပြီး သူ့ရဲ့အခြေအနေက ပိုဆိုးလာတယ်။ အခုအချိန်မှာ ငါ အကြပ်အတည်းထဲမှာ ပိတ်မိနေတာ။ ဒီယွမ်နှစ်သိန်းက သူ့ကို အချိန်ခဏလေး တည်ငြိမ်အောင် ထိန်းထားနိုင်ဖို့အတွက်ပဲ လုံလောက်မှာလေ”
အဖိုးလီ၏ အမူအယာမှာ မည်းမှောင်ကာ လေးလံထိုင်းမှိုင်းသွားပြီး သူ သက်ပြင်းများ အထပ်ထပ်ချနေလေသည်။
ကျင်းယွင်ကျောင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူမ စာရွက်တစ်ရွက်ကို ယူလိုက်ပြီး အဖိုးကန်၏ ဖုန်းနံပါတ်ကို ချရေးလိုက်၏။ သူမသည် မူလက သူမ၏ နာမည်ကို ချရေးပေးလိုက်ချင်သော်လည်း သူမ၏ အသက်အရွယ်နှင့်ဆိုလျှင် မည်သူကမှ သူမကို ယုံမည်မဟုတ်ပေ။
“ဒါ ကျွန်မနဲ့သိတဲ့ သမားတော်ကြီးပါ၊ အကူအညီလိုရင် သူ့ကို သွားရှာလို့ ရပါတယ်”
“ကျင်းယွင်ကျောင်း၊ စျေးပေါတဲ့ အပျက်မ၊ နင် ငါ့ရဲ့ နောက်ကွယ်မှာ ပိုက်ဆံတွေအများကြီး ဝှက်ထားရဲတယ်ပေါ့”
တစ်စုံတစ်ယောက်သည် သူတို့နှင့် ဆယ်မီတာခန့်အဝေးမှပင် အော်ဟစ်ကြိမ်းဝါးလာ၏။ သူမ၏ စကားမဆုံးသေးမီမှာပင် ထိုလူသည် သူမဆီသို့ အဝေးမှ အလောတကြီး ပြေးလာနေသည်။
Chapter 88 : အပြင်လူတစ်ယောက်အား ကူညီခြင်း
ချောင်ဝေ့မင်သည် ကုတ်အင်္ကျီတစ်ထည်နှင့် ဖိနပ်အပါးများကို ဝတ်စားထားပြီး၊ သူ၏ စတိုင်ဘောင်းဘီမှာ တွန့်ကြေနေကာ ခါးပတ်ကလည်း အဆီအငေါ်မတည့်ဖြစ်နေ၏။ သူ၏ ဆံပင်များမှာ ဆီများ ရွှဲနစ်ကာ ရှုပ်ပွနေသည်။ သူ၏ အမွေးအမျှင်များ မရိတ်ထားသည့် မျက်နှာနှင့်သာ ပေါင်းလိုက်ပါက သူ၏ အသွင်အပြင်တစ်ခုလုံးသည် သူ့ကို သိနှင့်ပြီးသားသူများကိုပါ ထိတ်လန့်ကြောက်ရွံ့သွားစေမည်မှာ အသေအချာပင်။
များသောအားဖြင့် ချောင်ဝေ့မင်သည် အိမ်တွင် နေ့တိုင်း အချောင်ခိုနေသော်လည်း သူသည် အမြဲတမ်း သူ့ကိုယ်သူ ရှယ်ယာရှင်ကြီးတစ်ယောက်ဟု အထင်ရောက်နေလေ့ရှိသည်။ သူ အိမ်မှ ထွက်သည့်အခါတိုင်း သူသည် သပ်သပ်ရပ်ရပ် ဝတ်စားတတ်၍ မကြာခဏပင် သူ၏ စကားလုံးများအား လေးနက်သယောင် ဟန်ဆောင်တတ်၏။ ပုံမှန်အားဖြင့် သူသည် ယနေ့ကဲ့သို့ လမ်းပေါ်မှ အရက်သမားတစ်ယောက်နှင့် တူနေလိမ့်မည်မဟုတ်ပေ။ သူ၏ ချဥ်စူးသော အနံ့အသက်များသည် အခြားသူများ သူ့အနီးသို့ ကပ်မလာခင်မှာပင် ရနေ၏။
ယခုအချိန်တွင် ချောင်ဝေ့မင် မည်မျှ အံ့သြတုန်လှုပ်နေသည်ကိုလည်း မည်သူမှ သိမည်မဟုတ်ပေ။
သူသည် တစ်စုံတစ်ယောက်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပြီး ထိုသူက ကျင်းယွင်ကျောင်းသည် အဖိုးကြီးလီ၏ ကြွေခရားကို ယွမ်နှစ်သိန်းနှင့် ဝယ်လိုက်ကြောင်း သူ့အား ပြောပြခဲ့သည်။
ယွမ်နှစ်သိန်း။ ထိုအယုတ်တမာမ၏ လက်ထဲတွင် ထိုမှများပြားသော ငွေများ မည်သို့ရလာသနည်း။
ချောင်မိသားစု၏ ဘဏ်စုငွေမှာ သန်းနှင့်ချီ၍ ရှိသော်လည်း ထိုငွေများအားလုံးသည် သူ ကိုင်ထားသည်သာ ဖြစ်၏။ ကျင်းယွင်ကျောင်း မဆိုထားနှင့်၊ သူ၏ သားနှင့်သမီးပင်လျှင် ပိုက်ဆံမသုံးရချေ။
ဤသို့ဆိုလျှင် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူမသည် အခြားသူများထံမှ ငွေများလိမ်လည်လာခြင်း ဖြစ်လိမ့်မည်။
အမှန်ပင်၊ သူသည် ငွေများ မည်သည့်နေရာမှလာသည်ကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်မှာ ထိုငွေများအားလုံးသည် ချောင်မိသားစု၏ ပိုင်ဆိုင်မှုများ ဖြစ်လာသင့်သည်။ သို့သော် ထိုအစား သူမက ၎င်းတို့ကို အဖိုးကြီးလီကို ပေးလိုက်သည်တဲ့လား။ သူမမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ။
ချောင်ဝေ့မင်သည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာ၍ သူမ၏ ရှေ့သို့ ချက်ချင်း ရောက်လုနီးပါးပင်။ ထို့နောက် သူသည် သူမဆီမှ ကြွေထည် ရှေးဟောင်းပစ္စည်းကို လုယူချင်သောကြောင့် လက်ကို ဆန့်ထုတ်လိုက်သည်။
“ဒီလိုမျိုး ကြွေထည်ခရားက ယွမ်နှစ်သိန်း ကျတယ်တဲ့လား။ ငါ သင်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ခွဲပစ်မယ်”
သို့ရာတွင် သူ၏ လက်ချောင်းများက ကြွေထည်ကို ထိမိလိုက်သည်နှင့် ကျင်းယွင်ကျောင်းက သူမ၏ ခန္ဓာကိုယ်ကို ဘေးသို့လှည့်၍ ရှောင်လိုက်သည်။ ချောင်ဝေ့မင်သည် တစ်စုံတစ်ခုအား ခလုတ်တိုက်မိသကဲ့သို့ ခံစားလိုက်ရပြံး မြေကြီးပေါ်သို့ ‘ဘမ်း’ ခနဲ ပစ်လဲကျသွား၏။
အဖိုးလီသည် တုန်လှုပ်နေ၍ အံ့အားသင့်နေသော်လည်း အလျင်အမြန်ပင် ထသွားလိုက်ပြီး သူ့အား ကူ၍ ထူမပေးလိုက်သည်။
သို့သော် ချောင်ဝေ့မင်၏ မျက်လုံးထဲတွင် ငွေကိုသာ မြင်တော့၏။ ထို့ကြောင့် သူသည် အဖိုးလီ၏ လက်မောင်းများကြားရှိ စာအိတ်ကို လက်လှမ်းယူရန် ထပ်မံ၍ ကြိုးစားလိုက်ပြန်သည်။
စာအိတ်က သူ၏ လက်ချောင်းများကြားသို့ ရောက်သွားသည်နှင့် ကျင်းယွင်ကျောင်းက သူ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်၏။
“ရှင့်ကို လုယက်မှုနဲ့ ထောင်ထဲ ထည့်ပစ်မယ်”
ကျင်းယွင်ကျောင်းသည် ခံစားချက်မရှိသော မျက်နှာသေနှင့် ဖြစ်သော်လည်း သူမသည် ချောင်ဝေ့မင်၏ လက်ကို ဆုပ်ကိုင်ထားရာ၌ ကြီးမားသော ဖိအားကို တိတ်တဆိတ် အသုံးပြုထားရာ ရလဒ်အနေနှင့် ချောင်ဝေ့မင်သည် ပြင်းပြင်းထန်ထန် နာကျင်စွာ သံရှည်ဆွဲ ညည်းညူနေတော့သည်။
“နင် ငါ့လက်ကို ချိုးပစ်ဖို့ကြိုးစားနေတာလား၊ ပုပ်သိုးနေတဲ့ အယုတ်တမာမ။ လွှတ်စမ်း”
ချောင်ဝေ့မင်သည် မချိမဆံ့နာကျင်မှုအား ကြံ့ကြံ့ခံရန် နှုတ်ခမ်းကိုကိုက်ရင်း ထိုစကားလုံးများအား မနည်းဖျစ်ညှစ်၍ ပြောလာ၏။ သို့သော် ပို၍ အရေးကြီးသည်မှာ သူသည် အလွန်အံ့အားသင့်နေသည်။ သူသည် ကျင်းယွင်ကျောင်း၌ လူသန်ကြီးကဲ့သို့ ခွန်အားမျိုးရှိကြောင်း တစ်ခါမှ မသိခဲ့ပေ၊ သူ၏အရိုးများကြေမွသွားလောက်ပြီဟုပင် ထင်နေမိ၏။
ကျင်းယွင်ကျောင်း၏ ပိန်ပါး၍ သန့်ရှင်းသော လက်များကို ကြည့်ရင်း ထိုလက်တစ်စုံတွင် ဤမျှများပြားသော ခွန်အားရှိကြောင်း မည်သူကမှ ယုံကြည်လိမ့်မည် မဟုတ်ပေ။
ယွင်ကျောင်းသည် ချောင်ဝေ့မင် သူမအား ထင်နေသကဲ့သို့ နာခံမှုမရှိချေ။ သူမသည် သူမ၏ လက်ကို သူ၏ လက်ကောက်ဝတ်ရိုးပေါ်သို့ အားထည့်၍ ဖိချလိုက်သည်။ ထိုနာကျင်မှုသည် သူအတွက် အလွန်ပြင်းထန်လှသည်ဖြစ်ရာ သူကိုယ်တိုင်ပင် သူ၏ လက်များကို အတင်းအကြပ် ပြန်လည်ဆွဲယူသည်အထိပင်။ ထိုအခါ သူ၏ လက်များ နောက်ပြန်မဆွဲယူသွားခင် ကျင်းယွင်ကျောင်းက အခွင့်ကောင်းယူလိုက်ပြီး စာအိတ်ကို အဖိုးလီ၏ လက်မောင်းများကြားထဲသို့ ပြန်ထည့်ပေးလိုက်သည်။
“ဦးလေး၊ ပိုက်ဆံတွေကို လုံလုံခြုံခြုံ သိမ်းထားသင့်တယ်။ ကျွန်မတို့အရောင်းအဝယ်က ပြီးသွားပြီဆိုတော့ ဒီပိုက်ဆံတွေကို ဦးလေးပိုင်သွားပြီ၊ ဦးလေး ဒါကို ရဲတိုင်တာက ပိုသင့်တော်လိမ့်မယ်။ ပမာဏက မနည်းတော့ တကယ်လို့ သူခိုးတွေ ပြစ်ဒဏ်ချခံရရင်တောင် သူတို့ ထောင်ထဲမှာ နှစ်တော်တော်ကြာအောင် နေရမှာပဲ”
ကျင်းယွင်ကျောင်းက ခြိမ်းခြောက်လိုက်၏။
ချောင်ဝေ့မင်သည် သူမ၏ စကားများကြောင့် ဒေါသထွက်သွားသည်။
“ဘာလို့ ဒီငွေတွေက သူ့ဟာဖြစ်ရမှာလဲ။ အဲဒါ ငါ့ဟာ”
ချောင်ဝေ့မင်က အော်ဟစ်လိုက်သည်။
ကျင်းယွင်ကျောင်းက သူ၏ အော်သံကို ကြားသောအခါ သူမသည် ဒေါသထွက်မသွားပဲ ထိုအစား ရယ်မောလိုက်၍ ထပ်မံ လှောင်ပြောင်လိုက်၏။
“ရှင့်ဟာ ဟုတ်လား။ ရှင် ကျွန်မကို ဟာသလုပ်နေတာ မဟုတ်တာ သေချာရဲ့လား”
ထိုကိစ္စများသည် ယခင်ကတည်းက သူမနေသားကျနေပြီဖြစ်၏။ အကယ်၍ သူမသည် သူတို့အပေါ် ကျေးဇူးကြွေးတင်နေလျှင်တောင်မှ အတိတ်ဘဝက သူတို့အတွက် သူမရှာပေးခဲ့သော ပိုက်ဆံများဖြင့် သူမ၏ အကြွေးကို ဆပ်ပြီးသင့်ပြီဖြစ်သည်။
“ဒီငွေက ဘာလို့ ငါ့ဟာ မဟုတ်ရမှာလဲ။ ငါ အခု နင်က ကျေးဇူးကန်းတဲ့သူတစ်ယောက်ဆိုတာ သိသွားပြီ။ ဒီနှစ်တွေအတွင်းမှာ ငါ နင့်ကို စားစရာ၊ နေစရာနဲ့ကျောင်းစရိတ်အတွက် ထောက်ပံ့ပေးဖို့ ပိုက်ဆံတွေဘယ်လောက် ကုန်ခဲ့လဲဆိုတာ လူတိုင်း သိတယ်။ နင် နင့်ရဲ့ကျေးဇူးသိတတ်မှုကို ဘယ်လို ဖော်ပြရမှန်းမသိရင်လည်း ရတယ်၊ ဒါပေမယ့် နင် မိသားစုရဲ့ငွေတွေကို အပြင်လူတွေဆီ မပေးသင့်ဘူး”