အခန်း (၉၃-၉၆)
Vol. 5 Ch. 93-96
Chapter 93 : ကောလဟာလများပြန်စတင်ခြင်း
ချောင်ဝေ့မင်သည် သူမအား ညွှန်ကြားချက်များပေး၍ ထွက်သွားပြီးနောက် ချောင်ဟုန်ယဲ့၏ စိတ်သည် အတော်လေး ကသိကအောက် ဖြစ်နေသည်။
သူမသည် မူလက ဤအပတ်တွင် သူမ၏ သူငယ်ချင်းများနှင့် နွေဦးရာသီအပန်းဖြေခရီးတစ်ခု သွားရန် စီစဥ်ထားခဲ့၏။ အဆုံး၌ သူမ၏ အားလပ်ချိန်နှင့် ပျော်စရာအချိန်လေးများသည် ကျင်းယွင်ကျောင်းကြောင့် ပျက်စီးသွားရသည်။ အထူးသဖြင့် ကျင်းယွင်ကျောင်းက ခရားအစုတ်တစ်လုံးအတွက် ယွမ်နှစ်သိန်းသုံးသွားကြောင်း သတိရသောအခါ သူမ စိတ်ဓါတ်ကျသွား၏။
“ဟုန်ယဲ့၊ နင့်ကြည့်ရတာ ဘာလို့ အရမ်းစိတ်ညစ်နေတာလဲ။ အ်ိမ်မှာ တစ်ခုခုများ ဖြစ်လို့လား”
ချောင်ဟုန်ယဲ့ ကျောင်းသို့ပြန်လာပြီးနောက် ကြည့်ရသည်မှာ စိတ်ဓါတ်ကျနေပုံပေါက်နေသည်။ သူမ၏ မကြည်သာသော အမူအရာက ဘေးမှ လူများ၏ အာရုံကို ဆွဲဆောင်နေ၏။
ချောင်ဟုန်ယဲ့က နှုတ်ခမ်းကို ဖိကိုက်ထားပြီး ခေါင်းယမ်းပြလိုက်၏။ သူမ၏ စကားပြောချင်စိတ်မရှိခြင်းက ဘေးမှကျောင်းသားများအား သူမကို ပို၍ကူညီချင်စိတ်ပေါက်စေသည်။
“ကျင်းယွင်ကျောင်းက နင့်အဖေကို တစ်ခုခုများ ပြောလိုက်လို့လား”
တစ်ယောက်က မေးလိုက်၏။
ချောင်ဟုန်ယဲ့၏ အပေါင်းအသင်းများအားလုံးက ကျင်းယွင်ကျောင်းအား သပိတ်လွယ်ငှက်၏ အသိုက်ကို အပိုင်စီးသည့် ချိုးငှက်အဖြစ်သိကြ၏။ သူတို့က သူမသည် အကြံကြီးသော မိန်းကလေးတစ်ယောက်ဖြစ်ပြီး အိမ်၌ ချောင်ဟုန်ယဲ့အား မကြာခဏ အနိုင်ကျင့်တတ်သည် ဟူ၍လည်း သိထားကြသည်။ သို့ရာတွင် ချောင်ဟုန်ယဲ့သည် ကြင်နာတတ်၍ သည်းခံတတ်ပြီး အရာအားလုံးကို ရင်ထဲတွင်သာ မျိုသိပ်ထားတတ်၏။ အကယ်၍ ကျင်းယွင်ကျောင်းသာ ချောင်ဟုန်ယဲ့ကို စိတ်ထိခိုက်အောင် မလုပ်ပါက ကျောင်း၏ အဆင့်တစ် ဖြစ်လာလိမ့်မည်လားဆိုသည်ကို မည်သူသိနိုင်မည်နည်း။
(T/N : သပိတ်လွယ်ငှက်၏အသိုက်ကို အပိုင်စီးသည့် ချိုးငှက်ဆိုတာ သူတစ်ပါးပိုင်တဲ့ပစ္စည်းကို ကိုယ့်ဟာမဟုတ်ဘဲ အတင်းအကြပ် မောင်ပိုင်စီးတာကို ပြောတာပါ။)
ချောင်ဟုန်ယဲ့က ခေါင်းကို ခပ်သွက်သွက် ယမ်းပြလိုက်၏။ သူမ၏မျက်နှာက သတိအပြည့်နှင့်ပင်။
“တကယ်တော့ အဲလိုမဟုတ်ပါဘူး...အဖေက မမရဲ့လုံခြုံရေးကို စိုးရိမ်လို့ပါ။ နင်တို့အားလုံး သူ အိမ်ကနေ ထွက်ပြေးသွားတာကို သိကြတယ်မလား။ အခု သူ ဘယ်မှာနေလဲဆိုတာ ငါတို့မှာ သဲလွန်စတောင် မရှိသေးဘူး။ ငါတို့မိသားစုက သူ လူဆိုးတွေနဲ့ တွေ့မှာကို စိုးရိမ်နေတာ၊ ပြီးတော့ စိုးရိမ်တာကိုလည်း မရပ်နိုင်ဘူး”
“ဒါဆို ဒါက ဘာလဲ။ နင် ဒါကို ထုတ်မပြောရင် ငါ မေ့နေတော့မလို့။ အရင်ရက်က ကျင်းယွင်ကျောင်းက ကျောင်းကို စူးချူ၊ ကန်ကျင်းချန်တို့နဲ့အတူ လာခဲ့တယ် မဟုတ်လား။ သူတို့က တကယ်ကြီး အတူတူနေကြတာ။ ငါ သူတို့သုံးယောက်ကို ဝမ်ရှင်းဟွားယွမ့်ကနေ ထွက်လာတာ မြင်လိုက်တယ်။ လမ်းမှာ ကျင်းယွင်ကျောင်းက ကန်ကျင်းချန်နဲ့အတူတူ စကားတွေပြောပြီး ရယ်မောနေတာ၊ ပရော်ပရီနိုင်ချက်ပဲ”
မိန်းကလေးတစ်ယောက်က မှတ်ချက်ပေးလိုက်သည်။
ချောင်ဟုန်ယဲ့ကြောင့် သူမ၏ ပတ်ဝန်းကျင်ရှိ သူငယ်ချင်းများအားလုံးသည် ကျင်းယွင်ကျောင်းအား အရိုးထဲစွဲအောင် မုန်းတီးနေကြသည်။ သူတို့သည် ကျင်းယွင်ကျောင်းကဲ့သို့သော မကောင်းဆိုးဝါးမျိုး ရှိနေသည်အား မယုံကြည်နိုင်ကြပေ။
ချောင်ဟုန်ယဲ့သည် ကြောင်အ,သွား၍ အသက်ရှုကြပ်ပြီး လည်ပင်းတင်းကြပ်သွား၏။ ကျင်းယွင်ကျောင်းနှင့် ကန်ကျင်းချန်တို့ကြားတွင် တစ်ခုခု ရှိကိုရှိနေရမည်။
ကန်ကျင်းချန်သည် ကျောင်း၏ အချောဆုံးများထဲမှ တစ်ယောက်ဖြစ်၍ အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်၏။ ချောင်ဟုန်ယဲ့နှင့် ကန်ကျင်းချန်နှစ်ဦးစလုံးသည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များဖြစ်ကြသော်လည်း ချောင်ဟုန်ယဲ့သည် ကန်ကျင်းချန်က သူမအား အထူးအရေးပေး၍ ဆက်ဆံသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူမသည် မူလက ကန်ကျင်းချန်အား ကျိုးကြောင်းဆီလျော်မှုမရှိ၍ မရင်းနှီးလွယ်သော အကျင့်စရိုက်ရှိသူဟု ထင်ထားသောကြောင့် သူမသည် ၎င်းကို အများကြီးမတွေးမိခဲ့ပေ။ စင်စစ် ကန်ကျင်းချန်က သူမအား မကြိုက်လျှင်တောင်မှ သူမအား ကြိုက်သည့်သူများစွာရှိ၏။ သို့ရာတွင် ကန်ကျင်းချန်အား ကျင်းယွင်ကျောင်းနှင့် ရင်းနှီးနေသည်ကို မြင်ရသည်က သူမအား နေမထိထိုင်မသာ ဖြစ်စေသည်။
ကျင်းယွင်ကျောင်းနဲ့ယှဥ်ရင် သူမက ဘာချို့ယွင်းနေလို့လဲ။ ဘာကြောင့် ကန်ကျင်းချန်က ကျင်းယွင်ကျောင်းကို သတိထားမိပေမယ့် သူမကိုကျ သတိမထားမိသလဲ။
ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ကြည့်ကောင်းသော မျက်နှာကို ပိုင်ဆိုင်ထားသော်လည်း ထိုမျက်နှာထားသည် အေးစက်၍ စိမ်းကားလှသည်။ ယောကျ်ားတွေက ချစ်စရာကောင်းပြီး နူးညံ့တဲ့ မိန်းကလေးတွေကို သဘောကျတာမဟုတ်လား။
ချောင်ဟုန်ယဲ့၏ မျက်နှာသည် အနည်းငယ် ဖျော့တော့နေသည်။
“သူတို့က အတူတူနေကြတာလား။ ဒါပေမယ့် သူတို့ တစ်ခုခု ဖြစ်...ဖြစ်နေကြရင်ရော။ အိုး..မဟုတ်သေးပါဘူး၊ အဖေသိသွားရင် သူသေလောက်အောင် စိုးရိမ်သွားလိမ့်မယ်။ ငါ့ရဲ့အစ်မက ငယ်ငယ်လေး ရှိသေးတာ။ တကယ်လို့...”
ချောင်ဟုန်ယဲ့သည် စကားတစ်ဝက်တစ်ပျက်နှင့် သူမ၏ ပါးစပ်ကို ပိတ်လိုက်၏။
သို့သော် အခြားသူများသည် အလိုအလျောက်ပင် သူတို့၏ ခေါင်းထဲတွင် ဖြည့်တွေးလိုက်သည်။
ကန်ကျင်းချန်သည် အလွန်ချောမောခံညား၏။ ကျင်းယွင်ကျောင်းက အဘယ်ကြောင့် လိုလိုချင်ချင်မဖြစ်ရမည်နည်း။
သူတို့သည် အလွန်ငယ်သေးသည်။ တကယ်လို့ သူမမှာ ကိုယ်ဝန်ရှိသွားရင်ရော။
သူတို့ကသည် သူမတို့နှင့် အတူနေသည့် စူးချူအား အလိုအလျောက်ပင် လျစ်လျူရှုလိုက်ကြတော့သည်။
အခြားသူများ၏ မျက်နှာများ အစိမ်းရောင်မှ အနက်ရောင်သို့ ပြောင်းသွားသည်အား ကြည့်ရင်း ချောင်ဟုန်ယဲ့သည် သူမ၏ စကားလုံးများအား ချက်ချင်းပင် ပြောင်းလိုက်၏။
“ကိစ္စတွေကို လျှောက်ပြီး မယူဆပါနဲ့။ ငါက စိတ်လိုက်မာန်ပါ ပြောမိသွားရုံပါ။ ငါ့အစ်မ သိသွားရင် ငါ့ကို သတ်လိမ့်မယ်”
ချက်ချင်းပင် လူအုပ်ကြီးသည် ကျင်းယွင်ကျောင်းအား ‘ကြမ်းတမ်းသည်’ ဟူသော စကားလုံးနှင့် ချည်နှောင်လိုက်ကြသည်။ လူတိုင်းသည် တမုဟုတ်ချင်း တိတ်ဆိတ်သွားကြ၏။ သို့ရာတွင် သူတို့၏ တရားမျှတမှု လိုလားသောစိတ်အား လောင်စာထည့်ပေးလိုက်သည်။ ထို့ကြောင့် ချောင်ဟုန်ယဲ့သည် သူမလိုချင်သည့် ရလဒ်အား ရရှိသွားလေ၏။
ဤကောလဟာလသည် ချက်ချင်း ပျံ့နှံ့သွားသည်။ နေ့လည်စာစားပြီးချိန်တွင် လူအများပြောနေကြသည့် ကျင်းယွင်ကျောင်းနှင့် ကန်ကျင်းချန်သည်လည်း ထိုကိစ္စအား ကြားသိပြီးသွားကြပြီဖြစ်၏။
ကန်ကျင်းချန်သည် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်နေသည်။ သူက ကျင်းယွင်ကျောင်းအား ကိုယ်ဝန်ရအောင် လုပ်ခဲ့သည်ဟု ပြောနေကြ၏။ ၎င်းက လုံးဝကို အဓိပ္ပါယ်မရှိသော စကားပေ။
Chapter 94 : ဦးနှောက်မရှိခြင်း
ကန်ကျင်းချန်က သူသည် တစ်ရက်ကပင် ကျင်းယွင်ကျောင်းအား သူမ၏ ဂုဏ်သိက္ခာကို သတိထားရန် ပြောခဲ့ပြီး နောက်တစ်နေ့မှာပင် သူသည် ကောလဟာလများ၏ အဓိကဇာတ်လိုက်ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။
သူသည် မိန်းကလေးများနှင့် စိတ်ရော ကိုယ်ပါ ရင်းနှီးလွန်းသည်ကို မနှစ်သက်လျှင်တောင်မှ သူသည် ကိုယ့်ကိုကိုယ် သတိကြီးကြီး ထားနေတတ်၍ စိတ်မလုံမခြုံ ခံစားရသော အသက်အရွယ် ဖြစ်သည်။ ထို့ကြောင့် သူသည် ဆန့်ကျင်ဘက်လိင်၏ ထင်မြင်ချက်များနှင့် ပတ်သတ်၍ သတိထားတတ်၏။
“ကန်ကျင်းချန်၊ ငါ နင့်ကို ဒီလိုလူမျိုးလို့ မထင်ခဲ့မိဘူး။ ငါ အရင်က နင့်ကို ကြိုက်တောင် ကြိုက်ခဲ့မိသေးတယ်”
အတန်းထဲ၌ မျက်လုံးများ နီရဲနေသော မိန်းကလေးတစ်ယောက်သည် ကန်ကျင်းချန်ဆီသို့ လာ၍ ထိုစကားများအား ပြောပြီးနောက် လှည့်ထွက်သွားရာ ကန်ကျင်းချန်လည်း ဆွံ့အ၍ ကျန်ခဲ့သည်။
ငယ်ရွယ်သော မိန်းကလေးအများစုသည် နုံအ၍ အပြစ်ကင်းစင်ကြသည်။ မိန်းကလေးများ အများစုသည် ချောင်ဟုန်ယဲ့ ကဲ့သို့ အကြံများသူများ မဟုတ်ကြပေ။ ယခုအချိန်တွင် မိန်းကလေးအများစုသည် ကန်ကျင်းချန်ကြောင့် သူတို့၏ အပြစ်ကင်းစင်၍ လှပသော တစ်ဖက်သတ်ချစ်ပုံပြင်လေးသည် စက်ဆုပ်ဖွယ်ကောင်းသော မှင်အလွှာတစ်ထပ်ဖြင့် ညစ်ပတ်သွားသကဲ့သို့ ခံစားနေရသည်။
ကန်ကျင်းချန်သည် မျက်ရည်မထွက်ဘဲ ငိုလိုက်၏။ သူ၏ ပတ်ဝန်းကျင်မှ တီးတိုးအတင်းပြောသံများက ပိုကျယ်လောင်လာပြီး သူ့အား မျိုချလုနီးပါးပင်။
ယောက်ျားလေးတစ်ယောက်ဖြစ်သော သူပင် ထိုညံပွက်နေသော စကားများကို မကိုင်တွယ်နိုင်လျှင် ကျင်းယွင်ကျောင်းကဲ့သို့သော မိန်းကလေးတစ်ယောက်က ကိုင်တွယ်နိုင်မည်လားဆိုသည်ကို မေးခွန်းထုတ်ဖို့ပင် မလိုပေ။
အတန်းချိန်တစ်ချိန်ကြာအောင် သည်းခံနေပြီးနောက် ကန်ကျင်းချန်သည် တည်ငြိမ်မှုကို ဆက်၍ မထိန်းသိမ်းနိုင်တော့ဘဲ ကျင်းယွင်ကျောင်း၏ အတန်းသို့ တန်းတန်းမတ်မတ် ပြေးလွှားသွားတော့သည်။ အတန်းအပေါက်ဝ၌ ရပ်နေစဥ် သူသည် ကျင်းယွင်ကျောင်း တစ်ယောက်တည်း ခေါင်းငုံ့၍ စာကြည့်နေသည်ကို မြင်လိုက်ရ၏။ ၎င်းက သူ့အား အနည်းငယ် စိတ်ရှုပ်သွားစေသည်။
ဤသို့ မလာမီက သူသည် အများကြီးတွေးခဲ့၍ ကျင်းယွင်ကျောင်း သည်းသည်းထန်ထန် ငိုကြွေးနေလိမ့်မည်ဟုပင် တွေးနေသေး၏။ သူ လာသောအခါ၌ လုံးဝဆန့်ကျင်ဘက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ကျင်းယွင်ကျောင်း၏ ခုံသည် အတန်း၏ အနည်းငယ် အလယ်ခေါင်ကျသော နေရာတွင် ရှိသည်။ ဘေးမှ လူများက သူမအား မေးငေါ့၍ သူမအကြောင်း ဇာတ်ရှုပ်များကို ပြောနေကြ၏။ အထူးသဖြင့် သူတို့သည် ကန်ကျင်းချန် ရောက်လာသည်ကို သတိထားမိသွားသောအခါ အချို့ ယောက်ျားလေးများသည် လေချွန်သံများပင် ပေးကြသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းသည် သူမ၏ စာရွက်ပေါ်တွင်သာ စာရေးနေလေရာ ၎င်းက အလွန်ထိရှ၍ အာရုံစူးစိုက်လွန်းနေပြီး ကန်ကျင်းချန်အား အမည်တပ်မရသည့် ခံစားချက်တစ်ခုကို ပေးနေ၏။
“ယွင်ကျောင်း၊ အဲဒီကောင် လာတယ်”
ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်းအား တံတောင်နှင့် တွက်၍ ပြောလိုက်သည်။
ရှောင်ဟိုင်ချင်းသည် ကောလဟာလများကို မယုံကြည်ပေ။ ကန်ကျင်းချန်က ရုပ်ရည်ချောမော၍ မိသားစုနောက်ခံ ကောင်းလျှင်တောင်မှ သူသည် သိမ်မွေ့လွန်း၍ နုံအ၏။ အဘယ်ကြောင့် ကျင်းယွင်ကျောင်းက သူ့ကို ကြွေမည်နည်း။
ယခုလည်း ကောလဟာလအချို့ကြောင့် သူသည် ထိုင်တောင် မထိုင်နိုင်သေးပေ။ သူတို့၏အတန်းအပေါက်ဝရှေ့တွင် သူ ပေါ်လာခြင်းက ကောလဟာလများကို မီးစာထည့်ပေးသလိုဖြစ်မည်မှာ အသိသာကြီးပင်၊ သူက ဒီလောက်တောင် ဦးနှောက်မရှိဘူးလား။
ကျင်းယွင်ကျောင်းက ခေါင်းမော့ကြည့်၍ မျက်မှောင်ကြုံ့လိုက်သည်။
အတိတ်ဘဝ၌ သူမသည် ကောလဟာလ များလွန်းလှ၏။ ဤတစ်ကြိမ် ကောလဟာလသည် အဆိုးဆုံး မဟုတ်ပေရာ သူမသည် အတော်လေး တည်ငြိမ်နေသည်။
ထို့နောက် သူမသည် သူ့ဆီသို့ လျှောက်သွားလိုက်၏။ သူမ၏ မျက်လုံးများက တွန့်ဆုတ်မနေဘဲ စူးစိုက်ကြည့်၍ မေးလိုက်သည်။
“နင် ကောလဟာလတွေကြောင့် လာတာ မဟုတ်လား။ တောင်းပန်ပါတယ်၊ သူတို့က ငါ့ကို ဆန့်ကျင်ဖို့လုပ်တာ ဖြစ်နိုင်ပေမယ့် နင့်ကိုပါ ဒီအထဲ ဆွဲထည့်မိသွားတယ်”
ကန်ကျင်းချန်သည် ကျင်းယွင်ကျောင်းထံမှ ပထမဆုံး ထွက်လာသောစကားက ဤစကားများဖြစ်လိမ့်မည်ဟု တစ်ခါမှ စိတ်မကူးမိပေ။
သူသည် မိန်းကလေးများစွာကို မသိပေ။ သူ ရင်းနှီးသည့် တစ်ဦးတည်းသော မိန်းကလေးမှာ သူ၏ ဝမ်းကွဲညီမလေး စူးချူဖြစ်သည်။ အကယ်၍ သူ၏ ဝမ်းကွဲညီမလေးသာ ဤကဲ့သို့ဖြစ်ပါက သူမသည် မျက်လုံးများ ပေါက်ထွက်မတတ် ငိုယို၍ ကောလဟာလဖြန့်သူများကို ပြစ်တင်လိမ့်မည်ဖြစ်ကြောင်း သူသိ၏။ သူမသည် ရက်ပေါင်းများစွာ ခွင့်ယူနိုင်ပြီး ထိုသို့မဟုတ်ပါကလည်း ကြောက်ရွံ့ခြင်းနှင့် ဝမ်းနည်းခြင်းကြောင့် ကျောင်းပင် ပြောင်းသွားနိုင်သည်။
ကျင်းယွင်ကျောင်း၏ စိတ်ထားသည် မိန်းကလေးတစ်ယောက်နှင့် မတူသည်မှာ သိသာ၏။
သူမမှာ နှလုံးသားရော ရှိရဲ့လား။ သူမက ခံစားချက် မရှိဘူးလား။
“နင် ဘယ်လိုနေလဲ။ ဘာလို့ တစ်ယောက်ယောက်က နင့်ကို နောက်ကွယ်ကနေ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေတာလဲ”
ကန်ကျင်းချန်သည် အလွန်ဒေါသထွက်နေသည်။
သူသည် ကျင်းယွင်ကျောင်းကို အပြစ်မတင်ပေ။ သူက ဤအရာများအားလုံး၏ နောက်ကွယ်မှလူသည် တကယ်ပင် မကောင်းဆိုးဝါးဖြစ်သည်ဟုသာ တွေးနေ၏။ ကျင်းယွင်ကျောင်းက နည်းနည်းပိုပြီးတော့ သတိထား မနေနိုင်ဘူးလား။
ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကိုက်၍ တစ်ချက်တွေးလိုက်သည်။
“ငါ ဒီကိစ္စကို ဂရုစိုက်လိုက်ပါ့မယ်။ ဒါပေမယ့် အချိန်နည်းနည်းတော့ လိုတယ်။ ဆိုပေမယ့် မစိုးရိမ်ပါနဲ့၊ ဒီကိစ္စက နင့်ရဲ့ဂုဏ်သတင်းကို အများကြီး မထိခိုက်စေရဘူးလို့ ငါကတိပေးတယ်”
ချောင်ဟုန်ယဲ့သည် ဤကိစ္စအား အမှန်တကယ်ပင် တွန်းထုတ်လာခဲ့၏။ ဤတစ်ကြိမ်တွင်တော့ သူမအား လွှတ်ပေးလိုက်ရန် အမှန်ပင် ခဲယဥ်းလှသည်။
Chapter 95 : မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး
ကန်ကျင်းချန်သည် ဆွံ့အနေ၏။ ရုတ်တရက် ယခု သူ၏ စကားလုံးများက အနည်းငယ် ပြင်းထန်လွန်းသွားသည်ဟု ယူဆမိလိုက်၍ အလျင်အမြန် ပြောလိုက်သည်။
“ငါ နင့်ကို အပြစ်တင်ဖို့ မကြိုးစားပါဘူး”
ကန်ကျင်းချန်သည် ထိုသို့ပြောပြီးနောက် သူ့ကိုယ်သူ ရယ်မောလိုက်၏။ စင်စစ် သူတို့သည် မျောက်ဝံများကဲ့သို့ သိသာထင်ရှားနေသည်ဖြစ်၍ ဤကဲ့သို့သော အချိန်မျိုးတွင် တစ်ခုခုပြောခြင်းက အသုံးမဝင်ပေ။ လှုံ့ဆော်ခြင်းသည်သာ အာရုံကို ဆွဲဆောင်နိုင်သည့် တစ်ခုတည်းသော အရာမဟုတ်ဘဲ သူ ကျင်းယွင်ကျောင်းအား ပထမဆုံးနေရာတွင် လာရှာခြင်းကလည်း မဖြစ်ခဲ့သင့်ပေ။
“နင် ဒါကို ဘယ်လို ရှင်းမှာလဲ”
ကန်ကျင်းချန်က ခါးသီးစွာမေးလိုက်သည်။ သူသည် ကျင်းယွင်ကျောင်းအား များများစားစား မယုံကြည်ပေ။
တကယ်လို့ သူမသာ ဒီကောလဟာလတွေကို တကယ် ဖြေရှင်းနိုင်ရင် သူမရဲ့ဂုဏ်သတင်းက ဒီလောက် မဆိုးနိုင်ဘူး မဟုတ်လား။
“ရလဒ်တွေကိုသာ စောင့်နေပါ”
ကျင်းယွင်ကျောင်းက ခပ်တိုတိုသာ ပြောလိုက်၍ ၎င်းကပင် အခြားသူများအား သူမကို နားမလည်နိုင် ဖြစ်စေသည်။ သို့ရာတွင် ကန်ကျင်းချန်သည် သူမ၏ မျက်ဝန်းများထဲမှ အလင်းရောင်လေးအား မြင်လိုက်၍ အနည်းငယ် စိတ်သက်သာရာရသွားပြီး ခေါင်းကိုသာ ညိတ်ပြလိုက်တော့၏။
မပြန်ခင်တွင် သူသည် ကျင်းယွင်ကျောင်းအား နှစ်သိမ့်ပေးရန် စကားအနည်းငယ်ပြောချင်သော်လည်း သူမ၏ ထူးခြားမှုမရှိသော ပုံစံအား မြင်ပြီးနောက် သူ၏ စကားလုံးများကို ပါးစပ်ထဲသို့သာ ပြန်သွင်းလိုက်ပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
ဒီကမ္ဘာပေါ်မှာ ဒီလောက်ထူးဆန်းတဲ့လူ ဘယ်လိုရှိနေတာလဲ၊ ကျင်းယွင်ကျောင်းက စူးချူကိုကျ အတော်လေး ဖော်ရွေပါတယ်။ သူမက သူ့ကို သဘောမကျလို့များလား။
“ဘာတဲ့လဲ၊ အဲဒီကောင်က ဘာပြောသွားတာလဲ”
ကန်ကျင်းချန် ထွက်သွားပြီးနောက် ရှောင်ဟိုင်ချင်းက ရောက်လာ၍ သူမ၏ ပခုံးအား လက်မောင်းဖြင့် သိုင်းဖက်လိုက်ပြီး မေးလာသည်။
ကျင်းယွင်ကျောင်း၏ မျက်လုံးများက အရောင်မှိန်သွား၏။
“ဟိုင်ချင်း၊ ငါ လူနည်းနည်းလိုတယ်”
ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း၏လေးနက်မှုကို မြင်သောအခါ နဖူးကြောများကို တွန့်လိုက်သည်။
“ရတာပေါ့၊ အပြင်မှာ ငါ့သူငယ်ချင်းတွေ အတော်များများ ရှိတယ်။ နင် ဘယ်လိုလူမျိုးကို လိုချင်တာလဲ”
ကျင်းယွင်ကျောင်းက သူမ၏ အဆက်အသွယ်များကို မေးမြန်းလာခြင်းမှာ လူမိုက်များဟု ဆိုလိုခြင်းသာဖြစ်၏။
ရှောင်ဟိုင်ချင်းသည် ချမ်းသာကြွယ်ဝသော မိသားစုမှ မမလေး မဟုတ်သော်လည်း သူမ၏နောက်ခံသည် အတော်လေး ကောင်းသည်။ သို့ရာတွင် သူမ၏ ကွယ်လွန်သွားသော မိခင်၏ သုံးနှစ်မြောက် နှစ်ပတ်လည် မတိုင်မီမှာပင် သူမ၏ အဖေသည် ထပ်မံ၍ အိမ်ထောင်ပြုခဲ့ပြီး ဇနီးအသစ်အား သူမ၏ မိသားစုအသိုင်းအဝိုင်းထဲသို့ ခေါ်သွင်းလာခဲ့၏။ အလိုအလျောက်ပင် သူတို့သည် ရှောင်ဟိုင်ချင်းအား အချိန်မပေးနိုင်တော့ပေ။ မိထွေးဖြစ်သူသည် ရှောင်ဟိုင်ချင်းအား ဆိုးဆိုးရွားရွား မဆက်ဆံခဲ့သော်လည်း ထိုအစား သူမသည် ရှောင်ဟိုင်ချင်းအား ပိုက်ဆံပေး၍ အိမ်သို့ ခဏခဏမလာရန် ပြောခဲ့သည်။ ထို့ကြောင့် သူမသည် လမ်းပေါ်မှ သူငယ်ချင်းများစွာကို ရွေးခြယ်ပေါင်းသင်းခဲ့၏။ သို့သော် သူတို့သည် အခြားသူများ၏ မျက်လုံးထဲတွင် လက်ခံနိုင်ရန် ခဲယဥ်းလွန်းသည်ဖြစ်ရာ သူမသည် ကျင်းယွင်ကျောင်းအား သူတို့၏ အကြောင်းကို မပြောခဲ့ပေ။
ရှောင်ဟိုင်ချင်းက ထိုအကြောင်းကို တစ်ခါမှ မပြောဖူးသော်လည်း ကျင်းယွင်ကျောင်းကမူ ၎င်းကို ရှင်းရှင်းလင်းလင်း သိ၏။
ကျင်းယွင်ကျောင်းသာ မကဘဲ ကျောင်းသားအများစုသည် ရှောင်ဟိုင်ချင်းအား သွားမရှုပ်သင့်ကြောင်းကို သိကြ၍ သူတို့သည် သူမ၏ အကြောင်းကို မကောင်း မပြောရဲကြပေ။
“နင်နဲ့ ရင်းနှီးတဲ့သူထဲက မဟုတ်ရင် အဆင်ပြေမယ်။ ကျပန်းလူမိုက်တချို့ လုပ်ပါလိမ့်မယ်။ ငါ့ကို သူတို့ရဲ့ဖုန်းနံပါတ်တွေပဲ ပေးပါ။ နင် သူတို့ကို ကိုယ်တိုင် မဆက်သွယ်နဲ့”
ကျင်းယွင်ကျောင်းက ပြောလိုက်သည်။
အကယ်၍ သူမသာ လုပ်လျှင် သူမကိုယ်သူမ ခြိမ်းခြောက်လာနိုင်သော သဲလွန်စများကို ချန်ထားခဲ့မည် မဟုတ်ဘဲ ထိုသူများကလည်း သူမ၏ ပတ်ဝန်းကျင်မှ မဟုတ်ပေ။
ကျင်းယွင်ကျောင်းက ခပ်တိုးတိုးပြောလိုက်ရာ ရှောင်ဟိုင်ချင်းလည်း သဘောပေါက်သွား၍ ခေါင်းညိတ်ပြလိုက်သည်။
“ငါ့မှာ သင့်တော်တဲ့လူတစ်ယောက်ရှိတယ်၊ နာမည်က ဟွားဇယ်တဲ့၊ ပိုက်ဆံလောဘကြီးပေမယ့် ကျင့်ဝတ်ရှိတယ်။ သူကတိပေးထားတာကို လုပ်ပေးတယ်၊ အတော်လေးလည်း ယုံကြည်စိတ်ချရတယ်။ ဒါပေမယ့် သူက အတော်လေး တဇွတ်ထိုးဆန်တယ်၊ ဘွင်းဘွင်းပြောရရင် သူက ရက်စက်တယ်။ နင် သူ့ကို ပိုက်ဆံအလုံအလောက် ပေးနေသရွေ့ သူက ဘာမဆို လုပ်ပေးမှာပဲ။ ဒါပေမယ့် အလုပ်က ကြီးရင်တော့ သူက နင့်ကို စုံစမ်းဖို့ သေချာပေါက် လူတစ်ယောက် လွှတ်လိမ့်မယ်”
ပွင့်ပွင့်လင်းလင်းပြောရလျှင် သွေးထွက်သံယို မဖြစ်သည်က အကောင်းဆုံးပင်။
ကျင်းယွင်ကျောင်းသည်လည်း ကြီးကြီးမားမာ တစ်ခုခုလုပ်ရန် ဘယ်တုန်းကမှ မတွေးခဲ့ပေ။ အတိတ်ဘဝ၌ ထောင်ကျခဲ့စဥ်ကတည်းက သူမသည် အချုပ်အနှောင်ခံရခြင်း၏ အရသာကို နားလည်သွားခဲ့သည်။ ယခုအချိန်၌ သူမတွင် စွမ်းအားများများ မရှိသေးမှန်း သူမ သိ၏။ သူမကိုယ်တိုင်အတွက် အန္တရာယ်များလွန်းသည့် ကိစ္စကို သူမလုပ်မည် မဟုတ်ပေ။
သူမ ပြန်လိုချင်သည့် တစ်ခုတည်းသောအရာမှာ ချောင်ဟုန်ယဲ့အား ကိုယ်ဖော်သည့်ဆေး၏ အရသာကို ကိုယ်ပြန်မြည်းစေချင်လိုခြင်း ဖြစ်သည်။
ချောင်ဟုန်ယဲ့က သူမအား ရပ်တည်နိုင်စွမ်းနှင့် ဂုဏ်သိက္ခာများအားလုံးကို ဆုံးရှုံးစေလို၏။ ထို့ကြောင့် သူမကလည်း ချောင်ဟုန်ယဲ့အား အတိတ်ဘဝတွင်ရော လက်ရှိဘဝတွင်ရော သူမခံစားခဲ့ရသည့် ကောလဟာလများနှင့် စကားတင်းဆိုမှုများ၏ အရသာကို ပြန်လည်ခံစားစေလိုခြင်းဖြစ်သည်။ သူမသည် ချောင်ဟုန်ယဲ့ တန်ဖိုးအထားဆုံးနှင့် ဂရုအစိုက်ဆုံးအရာကို ယူဆောင်သွားမည်ဖြစ်၏။
ကျင်းယွင်ကျောင်းက သူမနားလည်ကြောင်းပြ၍ တုံ့ပြန်လိုက်ရာ ရှောင်ဟိုင်ချင်းက သူမအား ဖုန်းနံပါတ်တစ်ခု ပေးလာသည်။
ထိုည၌ ကျင်းယွင်ကျောင်းသည် ID ကို ခြေရာခံ၍ မရသော ဖုန်းကဒ်တစ်ကဒ် ဝယ်ခဲ့၏။ ဖုန်းဝင်သွားပြီးနောက် တစ်ဖက်မှ ကြမ်းရှသော အသံကို ကြားလိုက်ရသည်။
“ဟယ်လို ဟွားဇယ် ဟုတ်ပါသလား။ ကျုပ်ဆီမှာ အလုပ်တစ်ချို့ရှိတယ်၊ စိတ်ဝင်စားလား”
ကျင်းယွင်ကျောင်း၏ အသံသည် မူလကပင် အနည်းငယ် အောရှ၏။ သိပ်မပြတ်သားပေ။ သူမသည် ရည်ရွယ်ချက်ရှိရှိပင် အသံကို အော၍ ပြောလိုက်သည်။ ထို့ကြောင့် သူမ၏ အသံသည် ငယ်ရွယ်သော်လည်း ယောက်ျားလေး၊ မိန်းကလေးခွဲ၍ ပြောရန် ခက်နေလေ၏။
Chapter 96 : နောက်ကလိုက်ခြင်း
သူ၏ အသံကို အကဲဖြတ်ရင်း ကျင်းယွင်ကျောင်းက သူသည် အသက်သုံးဆယ်ဝန်းကျင်ဟု ခန့်မှန်းလိုက်နိုင်သည်။ သူ့တွင် လမ်းသရဲ အမူအကျင့်အချို့ ရှိပုံရ၍ စီးကရက်သောက်နေပုံပင်။ သူမသည် သူ၏ ဆေးလိပ် မီးခိုးမှုတ်ထုတ်သံများအား ဖုန်းကို ဖြတ်၍ပင် ကြားနိုင်၏။
“ငါ့ကို ပစ်မှတ်ကိုပြော”
ဟွားဇယ်သည် အလေးမထားသည့်အလား မသိလိုက်မသိဘာသာဖြင့် ပြောလာသည်။
“ကျောင်းသူတစ်ယောက်တည်းပါ။ ခင်ဗျားလုပ်ဖို့လိုတာက သူ့ကို နှောက်ယှက်ပြီး ဓါတ်ပုံအချို့ရိုက်ပေးရုံပဲ”
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်၏။
“မင်း နည်းနည်းပိုလုပ်ဖို့ မတိုက်တွန်းချင်ဘူးလား”
ဟွားဇယ်က ဤကမ်းလှမ်းချက်ကို စိတ်မဝင်စားကြောင်း ရှင်းရှင်းလင်းလင်းပင် ဖော်ပြလိုက်သည်။ ဤကဲ့သို့သော အလုပ်သေးသေးလေးများသည် ပိုက်ဆံအမြောက်အများ ရနိုင်မည် မဟုတ်ပေ။
ကျင်းယွင်ကျောင်းသည် တစ်ဖက်လူ၏ ဆိုလိုရင်းအား အဘယ်နားမလည်ဘဲ နေမည်နည်း။ သို့သော် သူမသည် ချောင်ဟုန်ယဲ့အား အမှန်တကယ် မုန်းတီးနေလျှင်တောင်မှ သူမသည် ဟွားဇယ်၏ အကြံပေးချက်ကို လိုက်နာပြီး အနည်းငယ် ပိုလုပ်လိုက်လျှင် သူမအတွက်လည်း ကောင်းကျိုးရှိမည်မဟုတ်ပေ။ ထို့ကြောင့် သူမသည် ချက်ချင်းပင် ငြင်းဆန်လိုက်၏။
“မလိုပါဘူး။ ကျုပ်ပြောသလိုပဲ လုပ်ပါ။ ယွမ်နှစ်သောင်း စရန်ပေးမယ်။ နောက်ထပ် ယွမ်သုံးသောင်းကို အလုပ်ပြီးရင် ပေးမယ်”
ထိုပမာဏက ဟွားဇယ်အား ဆွံ့အသွားစေသည်၊ သို့သော် နောက်စက္ကန့်အနည်းငယ်ကြာသောအခါ ကျင်းယွင်ကျောင်းသည် သူ၏ စီးကရက် သောက်နေသောအသံကို မကြားရတော့ချေ။
“အိုခေလေ၊ ကျုပ်ကို ပစ်မှတ်ရဲ့အချက်အလက်တွေကို မက်ဆေ့ချ် ပို့လိုက်”
ကျင်းယွင်ကျောင်းက ဖုန်းချလိုက်ပြီး ဟွားဇယ်ညွှန်ကြားသည့်အတိုင်း လုပ်လိုက်သည်။
တစ်ဖက်လူဆီမှ အတည်ပြုချက် မက်ဆေ့ချ်ကို ရသောအခါ သူမက ငွေလွှဲပေးလိုက်၏။
သို့သော် ထိုအခိုက်တွင် ဟွားဇယ်သည် ဖုန်းထဲမှ ချောင်ဟုန်ယဲ့၏ အမည်အား ရွှတ်နောက်နောက် ကြည့်နေကြောင်းကို ကျင်းယွင်ကျောင်း မသိလိုက်ချေ။ သူ၏ မျက်လုံးများက ဖျက်ဆီးလိုသော အရိပ်အယောင်များ ပြည့်နေပြီး သူ၏ ပါးစပ်မှ တကျွတ်ကျွတ် စုပ်သပ်လိုက်သည်။
“ဟွားကော ဘာလို့ တအားပျော်နေတာလဲ။ ကမ်းလှမ်းချက်ကောင်းကောင်းလေး ရလို့လား”
အနီးရှိ လူတစ်ယောက်က ရောက်လာပြီး ၎င်းကို စစ်ဆေးကြည့်လိုက်ကာ စိတ်လှုပ်ရှားသွား၏။
“ယို့...ဒါ ကောင်းရှင်းရဲ့ရည်းစားလေး မဟုတ်လား။ ကောင်းရှင်းက ပုန်းနေတာ အတော်ကြာနေပြီ။ ကျွန်တော်တို့ရဲ့ ကျင့်ဝတ်ကြောင့်သာ မဟုတ်ရင် ဒီကောင်မလေးကို လက်စားချေပြီးတာ ကြာလှပေါ့။ ဒါဆိုရင်...နောက်ဆုံး ကျွန်တော်တို့ လှုပ်ရှားတော့မှာလား”
ဤနေရာရှိ လူအားလုံးသည် စားဝတ်နေရေးအတွက် လုပ်နေခြင်းဖြစ်၏။ သူတို့သည် ဆိုးယုတ်သော အရာများစွာကို လုပ်ခဲ့လျှင်တောင်မှ သူတို့၏ ကိုယ်ပိုင်လုံခြုံရေးအတွက် အသိတရားအနည်းငယ်ကို ထိန်းသိမ်းထားဆဲပင်။ တစ်စုံတစ်ယောက်က ကြေးကြီးကြီး မပေးဘဲ သူတို့သည် ကျောင်းသားများအပေါ် လက်တင်သည်က ရှားလှသည်။
သို့သော် ကောင်းရှင်းသည် ဤချောင်ဟုန်ယဲ့ကြောင့် ကျောင်းသားများအပေါ် လုပ်ရပ်အချို့ ကျူးလွန်ခဲ့၏။ သူသည် ကျောင်းအဝင်ဝ၌ ကျောင်းသူတစ်ဦးအား ခြိမ်းခြောက်ရန် ညီအစ်ကိုတစ်သိုက်ကိုပင် ခေါ်ဆောင်သွားခဲ့သည်။ သူတို့ အောင်မြင်ပါက ကိစ္စမရှိသော်လည်း သူသည် အသက်နှင့် ပိုင်ဆိုင်မှုများ မဆုံးရှုံးသွားရုံမှတစ်ပါး ဖြစ်ပျက်သွား၍ ညီအစ်ကိုများကိုပင် ထောင်ထဲ ပို့လိုက်သေး၏။
ကောင်းရှင်းသည် ပုန်းအောင်းနေသည်။ အကယ်၍ သူ၏ မိသားစု အမွေများကိုသာ စောင့်ကြည့်ခံမနေရပါက သူသည် အစောကြီးကပင် အဝေးသို့ ထွက်ပြေးသွားမည်မှာ သေချာသလောက်ပင်။
“ဘာကို လှုပ်ရှားမှာလဲ။ ဒါက အလုပ်ရှင်ရဲ့ပစ်မှတ်ပဲ။ နှောက်ယှက်ပြီး သူ့ရဲ့ဓါတ်ပုံအချို့ရိုက်ပေးရုံနဲ့ ယွမ်ငါးသောင်းတဲ့။ အရူးကပဲ ဒါကိုငြင်းလိမ့်မယ်”
ဟွားဇယ်သည် သူ့အား မျက်လုံးပြူး၍ ကြည့်လိုက်၏။
“ငါတို့ တနင်္လာနေ့မနက်မှာ လှုပ်ရှားမယ်။ ဒီကောင်မလေးက ငါတို့ကို မြည်းတွေလို ဆက်ဆံခဲ့တာ၊ သူ့ကို သင်ခန်းစာတစ်ခု ပေးရမယ့် အချိန်ပဲ”
ထိုအချိန်၌ တည်းခိုခန်းတစ်ခုတွင် ချောင်ဟုန်ယဲ့သည် ပြင်းပြင်းထန်ထန် နှာချေနေသည်။
ယနေ့သည် သောကြာနေ့ဖြစ်ပြီး အနားယူရမည့်နေ့ဖြစ်၏။ သို့သော် ချောင်ဝေ့မင်၏ တောင်းဆိုချက်အရ သူမသည် ခရိုင်မြို့၌ နေရမည်။ သူမ၏ အတန်းဖော်များ သိသွားမည်ကိုလည်း ကြောက်သောကြောင့် ချောင်ဟုန်ယဲ့သည် ဝမ်ရှင်းဟွားယွမ့်၏ အနီးတွင် ရှိသော တည်းခိုခန်းတစ်ခုကိုသာ ရှာလိုက်ရသည်။
ဘမ်း...ဘမ်း...ဘမ်း!
ရုတ်တရက် တစ်စုံတစ်ယောက်က တံခါးခေါက်လာ၏။
ချောင်ဟုန်ယဲ့၏ နှလုံးသားသည် ဆောင့်ခုန်သွားသည်။ သန်းခေါင်အချိန်ရောက်နေပြီဖြစ်ရာ မည်သူဖြစ်နိုင်သနည်း။
သူမသည် တံခါးဆီသို့ သတိနှင့် လျှောက်သွားလိုက်သော်လည်း ရင်းနှီးနေသောအသံတစ်သံကို ကြားလိုက်ရသည်။
“တံခါးဖွင့်ဦး၊ ငါပါ။”
ကောင်းရှင်း၊ သူက ဒီမှာ ဘာလုပ်နေတာလဲ။
ယခင်က ထိုလမ်းသရဲများသည် ကျင်းယွင်ကျောင်းအား ကြားဖြတ်နှောက်ယှက်သောကြောင့် ဖမ်းခံထားရပြီး ကောင်းရှင်း တစ်ဦးတည်းသာ ထွက်ပြေးလွတ်မြောက်ရန် စီစဥ်နိုင်ခဲ့သည်။ ချောင်ဟုန်ယဲ့သည် ကောင်းရှင်း လွတ်သွားသည်ကို တွေးမိသောအခါ အားရကျေနပ်မိခဲ့၏။ သို့သော် သူသည် ခရိုင်မြို့၌သာ ရှိနေသေးမည်ဟု သူမ, မထင်ခဲ့မိပေ။ ထို့အပြင် သူက သူမကိုပင် လာရှာနေသည်။
ချောင်ဟုန်ယဲ့ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ သူမသည် ကောင်းရှင်းက အတော်လေး ဒေါသကြီးမှန်း ရှင်းရှင်းလင်းလင်း သိထား၏။ အကယ်၍ သူမက သူ့အား စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မိလျှင် သူဘာလုပ်မည်ဆိုတာကို မည်သူသိမည်နည်း။
ထို့ကြောင့် ချောင်ဟုန်ယဲ့သည် တံခါးကို အမြန်ဖွင့်ပေးလိုက်သည်။
“ကျွန်မ ဒီမှာရှိတာ ရှင်ဘယ်လိုသိလဲ”
ချောင်ဟုန်ယဲ့က ကြောက်ရွံ့စွာ မေးလိုက်၏။
ကောင်းရှင်း၏ မျက်နှာက အမွေးအမျှင်များနှင့် ပြည့်နေသည်။ သူက အခန်းထဲဝင်လိုက်ပြီးနောက် တံခါးကို သေချာပိတ်လိုက်၏။
“ငါ မင်းကို နောက်ယောင်ခံလိုက်နေတာ အတော်ကြာပြီ။ မင်းနဲ့ စကားပြောဖို့ အခွင့်အရေးမရလို့၊ မင်း ဒီနေ့ အိမ်မပြန်တာ ကောင်းသွားတာပဲ”
ချောင်ဟုန်ယဲ့သည် ကြောက်စိတ်မွှန်ထူသွား၏။ အတော်ကြာပြီတဲ့လား။ ဒါဆို ကောင်းရှင်းက ဒီတစ်ချိန်လုံး သူမရဲ့နောက်ကို လိုက်နေတာပေါ့။