အခန်း (၉၇-၁၀၀)
Vol. 5 Ch. 97-100
Chapter 97 : သုံးစရာ ပိုက်ဆံ ထပ်ပြီးမရှိတော့
ကောင်းရှင်း၏ အကြည့်များက ဂယောက်ဂယက်ဖြစ်နေသည်ကို မြင်သောအခါ ချောင်ဟုန်ယဲ့သည် ကြက်သီးမွေးညင်းများ ထလာသည်။
သူမသည် ကောင်းရှင်းနှင့် အလွန်ရင်းနှီးလျှင်တောင်မှ တစ်စုံတစ်ယောက်က သူမအား နောက်ယောင်ခံလိုက်ခြင်းသည် စိတ်မလုံခြုံမှုကို ခံစားရစေ၏။ ၎င်းက အနည်းငယ်လည်း ညစ်ညမ်းပေသည်။ (လိင်ပိုင်းဆိုင်ရာအရ မဟုတ်ပါဘူးနော်)
“မင်း ငါ့ကို ဘာလို့ ဒီလို ကြည့်နေတာလဲ။ ငါ အခု အကျပ်အတည်းထဲ ရောက်နေတာတွေ အားလုံးက မင်းကြောင့်ဆိုတာ မင်းဘာလို့ မတွေးမိတာလဲ။ တကယ်လို့ ငါသာ အဖမ်းခံလိုက်ရရင် မင်းရဲ့ဂုဏ်သတင်းကလည်း ဆက်ပြီး အပြစ်ကင်းနေလိမ့်ဦးမယ်လို့ ထင်နေတာလား”
ကောင်းရှင်းက ကြိမ်းဝါးလိုက်၏။ သူ၏ မျက်နှာပေါ်တွင် အေးစက်သော ဒေါသတရားများ ပြည့်နေပြီး သူ၏ ပင်ကိုစရိုက်ကို ဖော်ပြနေကာ သူ၏ လူမိုက်ဆန်သော ရွှေအိုရောင်ဆံပင်နှင့် အံကိုက်ဖြစ်နေသည်။
ချောင်ဟုန်ယဲ့၏ ကောင်းရှင်းအပေါ် ထင်မြင်ချက်အရ သူသည် လုံးလုံးလျားလျား စက်ဆုပ်ဖွယ်ကောင်းနေသော်လည်း သူ၏ စကားလုံးများကမူ မမှားပေ။ သူမသည် အမှန်တကယ်ပင် သူနှင့်ပတ်သတ်၍ ဘာမှမလုပ်ပေးခဲ့။
ချောင်ဟုန်ယဲ့နှင့် ကောင်းရှင်း နှစ်ဦးစလုံးသည် နင်းရှန်စီရင်စုမှ လူများဖြစ်ကြသည်။ တစ်ခါက အလယ်တန်းကျောင်းတွင် သူမသည် အခြားသူများ၏ အနှောက်အယှက်ခံရသောအခါ ကောင်းရှင်းက သူမအား ကူညီပေးခဲ့၏။ ထိုအချိန်မှစ၍ သူတို့သည် အမြဲတမ်း အဆက်အသွယ်ရှိခဲ့သည်။ ယခင်က သူမသည် ရံဖန်ရံခါ ကျင်းယွင်ကျောင်းအား လုယက်ရန် သို့မဟုတ် ကြောက်လန့်သွားအောင် လုပ်ရန် ကောင်းရှင်းအား လူများစေလွှတ်ခိုင်းခဲ့၏။ ကျင်းယွင်ကျောင်း အထက်တန်းကျောင်းသို့ ရောက်ပြီးနောက် သူမသည် ကောင်းရှင်းအား ကောလဟာလများ ဖြန့်ရန် အကူအညီတောင်းခဲ့သော်လည်း ကျင်းယွင်ကျောင်း၏ ထောင်ချောက်ထဲသို့ ကျသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။
ချောင်ဟုန်ယဲ့က သက်ပြင်းချလိုက်ပြီး သူမ၏ ပရမ်းပတာခုန်နေသော နှလုံးသားအား ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
“ရှင် ဘာလိုချင်တာလဲ”
“ငါ့မှာ ပိုက်ဆံမရှိဘူး။ အရင်ဆုံး ငါ့ကို ပိုက်ဆံနည်းနည်းချေး”
ကောင်းရှင်းက ရှင်းပြလိုက်၏။
တကယ်တမ်း ကောင်းရှင်း၏ ရုပ်ရည်သွင်ပြင်မှာ မဆိုးလှ၊ သို့သော် သာမန်တွေ့နေကျ မျက်နှာမျိုးသာ ဖြစ်သည်။ သူ၏ နားကပ်များနှင့် ရွှေအိုရောင်ဆံပင်ထူထူများကသာ နက်နက်ရှိုင်းရှိုင်း ထင်မြင်ချက်တစ်ခု ကျန်နေစေသည့် တစ်ခုတည်းသော အရာဖြစ်၏။
ချောင်ဟုန်ယဲ့က တုန်ယင်သွားပြီး ဒေါသဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
“ကျွန်မက ကျောင်းသူတစ်ယောက်ပဲ ရှိသေးတာလေ။ ဘယ်က ပိုက်ဆံရမှာလဲ”
အမှန်တကယ်ပင် ချောင်ဟုန်ယဲ့သည် လိမ်နေခြင်းမဟုတ်ပေ။ ယခင် ယဲ့ချင် သက်ရှိထင်ရှားရှိစဥ်က သူမသည် ချောင်ဟုန်ယဲ့အား သေလောက်အောင် အလိုလိုက်၍ ဖျက်ဆီးခဲ့သည်။ သူမတွင် ဘယ်သောအခါမှ သုံးစရာမုန့်ဖိုး ပြတ်သည်ဟူ၍ မရှိပေ၊ အထူးသဖြင့် အထက်တန်းကျောင်းတက်သော အချိန်၌ဖြစ်၏။ အခြားသူများက လစဥ် ယွမ်သုံးရာ၊ လေးရာ အများဆုံးရသည့် အချိန်တွင် သူမသည် ယွမ်တစ်ထောင်နီးပါးရှိသော ပမာဏကို ရခဲ့သည်။
သို့ရာတွင် ယဲ့ချင်က ဆုံးပါးသွားပြီဖြစ်၏။ ချောင်ဝေ့မင်သည် အမျိုးသားတစ်ယောက်ဖြစ်ရာ သူ၏ သမီးဖြစ်သူအပေါ် ဆက်ဆံပုံက ယဲ့ချင်နှင့် မယှဥ်နိုင်ပေ။ သူမ၏ မုန့်ဖိုးသည် ယွမ်ငါးရာအထိ ဖြတ်ချခံခဲ့ရပြီး ၎င်းသည် အခြားသူများအတွက် အများကြီးပင် ဖြစ်သော်လည်း ချောင်ဟုန်ယဲ့အတွက်မူ သူမ ဝယ်ချင်သည့် ပစ္စည်းများစွာရှိသော်လည်း မဝယ်နိုင်တော့ပေ။
“မင်းမှာ ပိုက်ဆံမရှိဘူးဟုတ်လား။ မင်းက ဘယ်သူ့ကို ဖြီးဖြန်းဖို့ ကြိုးစားနေတယ်လို့ ထင်နေတာလဲ။ မင်းရဲ့အဖေက လူချမ်းသာတစ်ယောက် မဟုတ်ပေမယ့် သူက စက်ရုံအသေးစားတစ်ခုမှာ ရင်းနှီးမြှုပ်နှံထားတုန်းပဲ။ နှစ်စဥ်ဝင်ငွေက စုတ်ပြတ်မနေသင့်ဘူးလေ။ ဒါ့အပြင် မင်းက မင်းရဲ့မိသားစုရဲ့ မင်းသမီးလေးပဲဟာ။ မင်းမှာ ပိုက်ဆံမရှိဘူးလား။ မင်းက ကျင်းယွင်ကျောင်းသာဆိုရင်တော့ ငါ သေချာပေါက် ယုံမှာပါ၊ ဒါပေမယ့် မင်းက ချောင်ဟုန်ယဲ့လေ။ မင်းမှာ တကယ် ပိုက်ဆံမရှိရင်တောင်မှ ပိုက်ဆံရနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်”
ကောင်းရှင်းက သေချာပေါက် ယုံကြည်မှုရှိနေပုံနှင့် ငြင်းလိုက်သည်။
သူသည် ချောင်ဟုန်ယဲ့အား သိခဲ့သည်မှာ နှစ်အနည်းငယ် ကြာပြီဖြစ်၏။ သူမ၏ နှလုံးသားက မီးသွေးထက်ပင် ပို၍ မည်းနက်နေကြောင်း သူသိသည်။
ချောင်ဟုန်ယဲ့သည် မခံမရပ်နိုင်ဖြစ်သွားပြီး အနည်းငယ် ဒေါသထွက်သွားခဲ့သည်။
“ကောင်းရှင်း၊ ရှင် ကျွန်မကို အထင်ကြီးလွန်းနေပြီ။ ကျွန်မ အမေ ဆုံးသွားတာကို ရှင် မသိတာလည်း မဟုတ်ဘူး။ ဒါ့အပြင် ကျွန်မ အဖေက တစ်ကိုယ်ကောင်းဆန်လွန်းတယ်၊ သူက ဘာကြောင့် ကျွန်မကို ဒီလောက်ပိုက်ဆံ ပေးမှာလဲ။ ပိုက်ဆံတွေကို ကျွန်မ အဖေက သိမ်းထားပြီး ဖွက်ထားတာ၊ တကယ်လို့ ကျွန်မ ခိုးရင်တောင်မှ ဘာမှရမှာမဟုတ်ဘူး”
“ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ငါ့အိမ်က ဟွားဇယ်ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေတာ။ အဲဒီကောင်က ငါ့ထက် ပိုရက်စက်တယ်။ ငါ အခုချိန်မှာ သူ့ကို အပြစ်မလုပ်ရဲဘူး။ မင်း ငါ့ကို မကူညီရင်လည်း ငါ ရဲစခန်းမှာ သွားနေလိုက်ရုံပေါ့။ အနည်းဆုံးတော့ အဲဒီမှာ ငါ့အတွက် စားစရာနဲ့ရေ ရှိသေးတယ် မဟုတ်လား”
ကောင်းရှင်းက ခြိမ်းခြောက်လိုက်၏။
ချောင်ဟုန်ယဲ့၏ မျက်လုံးများ နီရဲသွားသည်။
အမှန်ပင်၊ သူမသည် သူ၏ ခြိမ်းခြောက်မှုများကို တောင့်မခံနိုင်ချေ။ သူမသည် ကောင်းရှင်းအား ထောင်ထဲဝင်ခွင့် မပြုနိုင်၊ သို့မဟုတ်ပါက သူမ၏ ဂုဏ်သတင်းလည်း အဖျက်ဆီးခံရလိမ့်မည်။ သူမသည် ကျင်းယွင်ကျောင်းအား ကျောင်း၏ ကြွက်စုတ်တစ်ကောင် အဖြစ် ပြောင်းခဲ့လျှင်တောင်မှ ၎င်းက သူမအားလည်း ကျင်းယွင်ကျောင်းကဲ့သို့ တူညီသောဘဝကို ဦးတည်သွားစေလိုသည့် ဆန္ဒရှိသော သဘောမျိုးမဟုတ်ပေ။
“ရှင် ဆန္ဒရှိရင် ကျွန်...ကျွန်မမှာ နည်းလမ်းတစ်ခုတော့ ရှိတယ်”
ချောင်ဟုန်ယဲ့က ခဏမျှ ဆင်ခြင်တွေးတောနေပြီးနောက် ကောင်းရှင်းအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ ထို့နောက် သူမသည် သတ္တိကို စုစည်းလိုက်ပြီး ပြောလိုက်၏။
“ကျင်းယွင်ကျောင်းမှာ ပိုက်ဆံရှိတယ်”
“အာ...ချောင်ဟုန်ယဲ့၊ မင်း ငါ့ကို အရူးလို့ ထင်နေတာလား”
ကောင်းရှင်းက သူမ၏ တုံးအလှသော အကြံပေးချက်ကြောင့် အသက်ရှုကြပ်သွား၏။ အကယ်၍ တစ်ဖက်လူက ချောင်ဟုန်ယဲ့သာ မဟုတ်ပါက သူသည် သူမအား ရိုက်ပစ်ပြီးသားပင် ဖြစ်လိမ့်မည်။
“ကျွန်မ မထင်ပါဘူး။ ကျွန်မ ပြောတာကို နားထောင်ရင် ရှင် နားလည်သွားလိမ့်မယ်”
ချောင်ဟုန်ယဲ့က မျက်နှာများနီရဲနေပြီး အားတင်း၍ ပြောလိုက်သည်။
Chapter 98 : အပြာရောင်မှ ဆင်းသက်လာသော အစိမ်းရောင်
ကောင်းရှင်းက ပြုံးလိုက်ပြီး ချောင်ဟုန်ယဲ့အား သရော်ကြည့် ကြည့်လိုက်၏။ သူသည် သူမဆီမှ ဘယ်လို ဇာတ်လမ်းမျိုး ထွက်လာမည်ဆိုသည်အား အမှန်တကယ်ပင် သိချင်နေ၏။
“အနည်းဆုံးတော့ ကျွန်မ ဘာလို့ အိမ်မပြန်ဘဲ ဒီတည်းခိုခန်းမှာ တည်းနေတာလဲဆိုတာကို ရှင် နည်းနည်းလောက် မသိချင်ဘူးလား။ တကယ်တော့ ဒါတွေအားလုံးက ကျင်းယွင်ကျောင်းကြောင့်ပဲ။ သူက တောင်ပေါ်ကနေပြီး ဂျင်ဆင်းအရိုင်းအမြစ်နှစ်ခုကို တူးလာခဲ့တယ်တဲ့၊ ကျွန်မအဖေက သူကိုယ်တိုင် မျက်လုံးနဲ့မြင်ခဲ့တာလို့ ပြောတယ်။ အဲဒါက အနည်းဆုံး သန်းနဲ့ချီပြီး တန်တယ်တဲ့။ ကျင်းယွင်ကျောင်းကလည်း မြို့ထဲမှာ ခရားအကွဲတစ်လုံးကို ဝယ်ဖို့ ယွမ်နှစ်သိန်းတောင် သုံးခဲ့တာ။ ရှင် မြို့ထဲမှာ မေးကြည့်ရင် သိလာလိမ့်မယ်။ အခု ကျွန်မရဲ့အဖေက သူ ဘယ်မှာနေတာလဲဆိုတာ အတိအကျ သိချင်နေတယ်။ အဖေက ပိုက်ဆံတွေကို ပြန်လုချင်နေတာ သေချာသလောက်ပဲ”
ချောင်ဟုန်ယဲ့က ပျာယီးပျာယာဖြင့် ရှင်းပြလိုက်သည်။ ကောင်းရှင်းသည် ဤသွေးဆောင်မှုကို တောင့်မခံနိုင်ကြောင်း သူမ သိ၏။
မျှော်လင့်ထားသည့် အတိုင်းပင် ထိုသတင်းကို ကြားပြီးနောက် ကောင်းရှင်းသည် အံ့သြထိတ်လန့်သွားသော်လည်း တစ်ချိန်တည်းမှာပင် သူသည် လောဘစိတ်ကို ထုတ်ဖော်မပြဘဲ မနေနိုင်ခဲ့။
“ဒီ ကျင်းယွင်ကျောင်းက တကယ်ပဲ ဒီလို သောက်ကျိုးနည်း ကံကောင်းမှုအကြီးကြီး ရှိနေတာလား”
ဂျင်ဆင်းက ဘယ်အချိန်တုန်းကများ ဒီလောက် တူးရလွယ်သွားတာလဲ။ နင်းရှန်မြို့တွင် စားဝတ်နေရေးအတွက် တောင်များကို မှီခိုနေရသူ များစွာရှိ၍ ဤကဲ့သို့ ရတနာသိုက်ကို ရှာတွေ့သူတစ်ယောက်မှ မရှိသည်ကတော့ အမှန်ပင်။
“ကျွန်မ သိပါတယ်၊ ဟုတ်တယ်မဟုတ်လား။ ကောင်းကော ရှင်က အခု ပိုက်ဆံပြတ်နေပြီးတော့ ကျွန်မအဖေက ကျွန်မကို ကျင်းယွင်ကျောင်းရဲ့အကြောင်း စုံစမ်းဖို့ တာဝန်ပေးထားတယ်။ ဒါကြောင့် ကျွန်မတို့ အတူ အလုပ်လုပ်သင့်တယ်”
ချောင်ဟုန်ယဲ့က ချောချောမွေ့မွေ့ အကြံပြုလိုက်ပြီးနောက် ဆက်ပြောလာသည်။
“ကျွန်မက ကျင်းယွင်ကျောင်းနေတဲ့နေရာကို ရှာနိုင်တယ်၊ ပြီးရင် အိမ်မှာ ဘယ်သူမှ မရှိတဲ့အချိန် ရှင်က တံခါးဖြတ်ပြီးဝင်လိုက်။ အောင်မြင်ရင် ကျွန်မတို့ တစ်ဝက်စီ ခွဲယူကြမယ်”
“ညီမလေး ချောင်၊ မင်းက ပိုပြီးတော့ လိမ္မာပါးနပ်လာတာပဲ။ ဘာမှ အားစိုက်ထုတ်တာမရှိဘဲနဲ့ မင်းက အကျိုးအမြတ်တွေ ရနိုင်ဦးမယ်၊ မင်းရဲ့အဖေကိုပါ ညီတူမျှတူထဲ ပေါင်းထည့်လိုက်သေးတယ်”
ကောင်းရှင်းက ပြင်းပြင်းထန်ထန် လှောင်ပြောင်နေသောအသံဖြင့် ပြောလိုက်သည်။
ချောင်ဟုန်ယဲ့က နှုတ်ခမ်းတွန့်၍ ပြုံးလိုက်၏။
“ကျွန်မ အဖေ ဘယ်လိုလဲဆိုတာ ရှင်သိပါတယ်။ သူက ကျင်းယွင်ကျောင်းရဲ့ ပစ္စည်းတွေအားလုံးကို ရသွားရင်တောင်မှ ကျွန်မကို မြို့တော်က အကသင်တန်းတွေဆီပို့ဖို့ လိုအပ်တဲ့ ယွမ်သောင်းဂဏန်းကိုတောင်မှ ပေးဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး”
ချောင်ဟုန်ယဲ့သည် သူမ၏ အဖေက သူမအား မက်လုံးတစ်ခုပေးရန် ပြောခဲ့ခြင်းသာဖြစ်ကြောင်း သူမ၏ နှလုံးသားထဲက ရှင်းရှင်းလင်းလင်း သိနေ၏။ သူသည် ပစ္စည်း လက်ထဲရောက်သည်နှင့် သူက သူမ မင်္ဂလာဆောင်လျှင် ထည့်ပေးရမည့် ခန်းဝင်ပစ္စည်းအတွက် ငွေစုနေကြောင်း ပြောမည်မှာ အသေအချာပင်။ ထို့နောက် သူသည် သူမ အဝတ်အစားဝယ်ရန်အတွက် အများဆုံး ယွမ်ရာဂဏန်းသာ ပေးလိမ့်မည်။
ထိုသည်နှင့် နှိုင်းယှဥ်ကြည့်ပါက အဘယ့်ကြောင့် ကောင်းရှင်းနှင့် မပူးပေါင်းရမည်နည်း။ သူမ၏ အဖေသည် ထိုကိစ္စကို လုပ်ရန်အတွက် လူတစ်ယောက်ကို ရှာတွေ့သောအခါ အရာအားလုံးသည် နောက်ကျလွန်းသွားပြီ ဖြစ်လိမ့်မည်။ အကယ်၍ သူသည် ဘာမှ ရှာမတွေ့ပါက သူမကို အပြစ်တင်လိမ့်မည် မဟုတ်ဘဲ ဒေါသများကို ကျင်းယွင်ကျောင်းအပေါ်၌သာ တစ်ဆင့် ပုံချလိမ့်မည်။
ကောင်းရှင်းသည် စီးကရက်တစ်လိပ်ကို ထုတ်၍ အနည်းငယ် ဖွာလိုက်သည်။ မီးခိုးငွေ့များကို မှုတ်ထုတ်၍ သူ၏ ရှေ့တွင်ရှိသော အရွယ်ကောင်း မိန်းမပျိုလေးကို အကဲခတ်လိုက်၏။ ထို့နောက် အကြောင်းပြချက်အချို့ကြောင့် သူသည် ကြောက်ရွံ့တုန်ယင်သွားသလို ခံစားလိုက်ရသည်။
အမှန်တကယ်ပင် ဤသမီးဖြစ်သူသည် ဖခင်ဖြစ်သူ၏ လမ်းအတိုင်း လိုက်၏။ ချောင်ဟုန်ယဲ့နှင့် ချောင်ဝေ့မင်တို့၏ အကျင့်စရိုက်များသည် တထပ်တည်း တူညီသည်၊ အစိမ်းသည် အပြာမှ ဆင်းသက်လာသည်ဟူသော စကားအတိုင်းပင်။
(T/N : တရုတ်စကားပုံပါ၊ အဓိပ္ပါယ်က အဖေတူ သား/သမီးလို့ ပြောတာပါ။)
အစပိုင်းတွင် ကောင်းရှင်းသည် သူမအပေါ်၌ မကောင်းသော အတွေးအနည်းငယ် ရှိနေခဲ့သည်။ စင်စစ်၊ သူသည် ချောင်ဟုန်ယဲ့အား ကြိုက်နေသည်မှာ အတော်ကြာပြီဖြစ်ပြီး သို့မဟုတ်ပါက သူသည် သူမအား ဒီအချိန်ထိ ကူညီနေလိမ့်မည် မဟုတ်ပေ။ ယခုအချိန်၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် အခန်းတစ်ခန်းကို အတူမျှဝေသုံးစွဲနေပြီး ဤကဲ့သို့သော အခွင့်အရေးများက ရှားပါးလွန်းလှသည်။ သို့သော် ချောင်ဟုန်ယဲ့၏ ဤဘက်အခြမ်းကို မြင်ပြီးနောက် သူ၏ စိတ်ဆန္ဒများအားလုံး ငြိမ်းသတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သေချာပေါက်ပင် သူသည် ချောင်ဟုန်ယဲ့အား တစ်ခုခု မလုပ်ချင်တော့သည်မှာ သူ ဂျင်ဆင်းကို ခိုးပြီး ပြန်လာပါက လက်စားချေခံရမည်ကို စိုးသောကြောင့်သာ။
လူနှစ်ယောက်နှင့် ညတစ်ည၊ ထူးဆန်းစွာပင် ဘာမှမဖြစ်ပျက်သွားဘဲ ကုန်ဆုံးသွား၏။
ဒုတိယနေ့ မနက်တွင် မက်စ်တပ်ထား၍ ဦးထုပ်ဆောင်းသော မိန်းကလေးတစ်ယောက်သည် မနက်ခင်း လေ့ကျင့်ခန်းလုပ်ချင်ယောင်ဆောင်ရင်း ရိပ်သာလမ်းလေးတစ်လျှောက်တွင် လမ်းလျှောက်နေဟန်ဖြင့် ပေါ်ထွက်လာသည်။
ကျင်းယွင်ကျောင်းသည် စနေနေ့တိုင်း အဖိုးရှု၏ အိမ်သို့ ဆေးပင်များ ရောင်းရန် ဦးတည်လေ့ရှိ၏။
သို့သော် သူမသည် အောက်ထပ်သို့ ဆင်းလာသောအခါ၊ ရုတ်တရက် မနှစ်မျိုဖွယ်ကောင်းသော အကြည့်တစ်ခုကို ခံစားမိလိုက်သည်။
လက်ရှိအချိန်တွင် သူမသည် ကိုယ်ခံပညာလေ့ကျင့်သူတစ်ယောက် ဖြစ်၏။ သူမတွင် ကျွမ်းကျင်မှုမရှိသေးလျှင်တောင်မှ လေ့ကျင့်နေသူတစ်ယောက် အနေနှင့် သူမသည် ကိစ္စများအပေါ် ပို၍ လေးလေးနက်နက် အာရုံစူးစိုက်တတ်လာသည်။ ထိုကဲ့သို့သော အကြည့်များကို လျစ်လျူရှုရန် ခဲယဥ်းလွန်းလှ၏။
သူမက ခေါင်းလှည့်၍ လျှောက်ပတ်ကြည့်လိုက်သော်လည်း တစ်ဖက်လူက သူမကို ကြည့်နေခြင်းအား ရပ်လိုက်၍ သူမအား ကျောပေးလိုက်သည်ကိုသာ မြင်လိုက်ရသည်။ ထိုလူသည် အနက်ရောင် ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို တင်းတင်းကြပ်ကြပ် လုံလုံခြုံခြုံ ဖုံးကာထား၏။ မနက်ခင်း အားကစားလုပ်နေသည်နှင့် တူသော်လည်း ဝတ်စားထားသည့်ပုံစံနှင့် ထိုပေါ့ပါး၍ အားနည်းသော ခြေလှမ်းများက ထိုသူ၏ အပြုအမူမှာ တစ်ခုခုမှားယွင်းနေကြောင်း အသိအသာပင်။
ထို့အပြင် ထိုပုံသဏ္ဍာန်သည် အလွန်အမင်း ရင်းနှီးနေ၏။
ကျင်းယွင်ကျောင်း၏ စိတ်ထဲတွင် ပုံသဏ္ဍာန်တစ်ခုက လျှပ်ခနဲ ဖြတ်ပြေးသွား၍ သူမသည် ရုတ်တရက် ပြုံးလိုက်သည်။ ထို့နောက် သူမသည် နောက်သို့ပြန်မလှည့်မီ စိတ်ထဲမှ ကြိတ်ရယ်လိုက်ပြီး ဘာမှ ထူးထူးခြားခြား မတွေ့သယောင် ဟန်ဆောင်လိုက်၏။
သူမ၏ နောက်တွင်မူ ချောင်ဟုန်ယဲ့သည် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်ထွက်လာ၏။ အဆောက်အဦးအား စိုက်ကြည့်ရင်း သူမသည် မျက်လုံးကစားလိုက်ရာ အပြင်ဘက်၌ အဝတ်လှမ်းနေသော စူးချူကို တွေ့လိုက်ရသည်။ သူမ၏ နှလုံးသားသည် အံ့သြတကြီး ဆောင့်ခုန်သွားပြီး အလွန်အမင်း ပျာယာခတ်သွား၏။
Chapter 99 : ကိုယ်ဖော်တဲ့ဆေးရဲ့အရသာ ကိုယ်မြည်းခြင်း
ကျင်းယွင်ကျောင်းနေသော နေရာကို ရှာတွေ့ပြီးနောက် ချောင်ဟုန်ယဲ့သည် ထိုနေရာ၌ ဆက်နေရန် အကြောင်းမရှိတော့ဘဲ အိပ်ယာထဲ၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကောင်းရှင်းနှင့် တွေ့ရန် တည်းခိုခန်းကို အမောတကော ပြန်ပြေးလာခဲ့သည်။
သူမ, ဝင်သွားသော အခန်းအား ကျင်းယွင်ကျောင်း မြင်သွားသည်ကို ချောင်ဟုန်ယဲ့ မသိလိုက်ပေ။
“ဟွားဇယ်၊ ချောင်ဟုန်ယဲ့က အခန်းနံပါတ် ၃၀၁ မှာ နေနေတယ်။ ခင်ဗျားရဲ့လူတွေ လှုပ်ရှားဖို့ လုံလောက်မယ်လို့ မျှော်လင့်ပါတယ်”
တည်းခိုခန်းမှ ထွက်လာပြီးနောက် ကျင်းယွင်ကျောင်းသည် ဟွားဇယ်အား ချက်ချင်းဖုန်းခေါ်လိုက်သည်။ အပြီးသတ်ရန် ကျန်သောအလုပ်မှာ သူမ၏ လက်ထဲတွင် မဟုတ်တော့ပေ။
ချောင်ဟုန်ယဲ့သည် အကြံအစည် ကောင်းနိုင်သော်လည်း ကျင်းယွင်ကျောင်းကလည်း ထိုနေရာ၌ မညံ့ပေ။ သူမသည် သူတို့အား အနှောက်အယှက် ပေးလိမ့်မည် မဟုတ်ပေ။
ချောင်ဟုန်ယဲ့ ဤပတ်ဝန်းကျင်၌ လှည့်ပတ်သွားလာရန် အားစိုက်ထုတ်ခဲ့ခြင်းအတွက် အကြောင်းပြချက်များမှာ သိသာ၏။ သူမသည် ချောင်ဝေ့မင်၏ ရည်ရွယ်ချက်များကို ခန့်မှန်းနိုင်ရန် ဖြစ်သည်။ မိမိကိုယ်ကို သိခြင်းသည် ရန်သူကို သိခြင်းမည်၏၊ ထို့ကြောင့် ချောင်ဟုန်ယဲ့၏ ကြိုးပမ်းအားထုတ်မှုက အလွယ်တကူ အလကား ဖြစ်မသွားပေ။
ဖုန်းခေါ်ပြီးနောက် ကျင်းယွင်ကျောင်းသည် သူမ၏ ပုံမှန်လမ်းကြောင်းအတိုင်း ပြန်လာခဲ့၍ အဖိုးရှုဆီသို့ သွားလိုက်သည်။
ဤအဖိုးအို၏ စိတ်ထားသည် ပုံမှန်နှင့်မတူဘဲ တမူထူးခြား၏။ သို့ရာတွင် သူမ၏ အပေါ်တွင်တော့ ဖော်ရွေမှုရှိသည်ဟု ပြောနိုင်သည်။ အနည်းဆုံးတော့ ဂျင်ဆင်းအား လက်ခံရရှိပြီးနောက်တွင် အတော်လေး ပို၍ ကောင်းလာခဲ့၏။
ကျင်းယွင်ကျောင်း၏ ယခုလက်ရှိစိတ်သည် သူမ၏ မျက်စိရှေ့၌ ဖြတ်သွားသော အရာအားလုံးကို မှတ်မိနိုင်သည်။ သူမသည် အကြိမ်ရေအနည်းငယ်ဖတ်လိုက်ရုံမျှနှင့်ပင် စာလုံးတစ်လုံးချင်းစီကို အတိအကျ မှတ်မိနိုင်၏။ ထို့ကြောင့် အဖိုးရှုပေးသော စာအုပ်များသည် အခက်အခဲမရှိလှပေ။
သို့ရာတွင် ယနေ့ တံခါးဝသို့ ခြေချလိုက်သောအခါ မြင်ကွင်းက အနည်းငယ် ထူးခြားနေ၏။
ဟိုတယ်ပိုင်ရှင် လီရှောက်ယွင်သည်လည်း ထိုနေရာတွင် ရှိနေ၍ သူက အံသြတကြီး ရေရွတ်လိုက်သည်။
“အကြီးအကဲရှု၊ အကြီးအကဲပြောနေတဲ့ မိန်းကလေးက သူ့အကြောင်းလား”
“အမှန်ပဲ”
အကြီးအကဲရှုက ခေါင်းငြိမ့်ပြလိုက်၏။ ကျင်းယွင်ကျောင်းအား ကြည့်နေသော သူ၏ မျက်ဝန်းများထဲတွင် ချီးကျူးခြင်းများ ရှိနေ၍ သူမအား သူတို့ဆီသို့ လာရန် လက်ယမ်းပြလိုက်သည်။
“ဒါက မိတ်ဆွေဟောင်းရဲ့မြေးပဲ။ မင်း တစ်ခုခုလိုအပ်ရင် သူ့ဆီကနေ အကူအညီတောင်းလို့ရတယ်”
လီရှောက်ယွင်သည် အခြေအနေကို နားမလည်နိုင်သေးပေ။ အကြီးအကဲရှု၏ အကျင့်စရိုက်မှာ အမြဲတမ်း တင်းကြပ်၍ မချေမငံဖြစ်ကာ အခြားသူများ၏ ကိစ္စများ၌ ဝင်ပါရသည်ကို ဘယ်တုန်းကမှ သဘောမကျခဲ့ချေ။ သူသည် ဆေးပင်များကိုသာ စိတ်ဝင်စား၍ သူနှင့် ဆွေမျိုးမတော်စပ်သောသူများကို မျက်နှာသာပေးလေ့ မရှိပေ။
ယခုအခါတွင် သူသည် ကျင်းယွင်ကျောင်း၏ အကျင့်စရိုက်နှင့် ပါရမီရှင်တစ်ဦးကဲ့သို့ ဥာဏ်ရည်ထက်မြက်ခြင်းအား ချီးကျူးအမွှမ်းတင်နေပြီး သူမအား စတင်၍ပင် မိတ်ဆက်ပေးခဲ့သည်။
“အကြီးအကဲရှု၊ ဒါက တကယ်ကို တိုက်ဆိုင်မှုပဲ။ ကျွန်တော် သူ့ကိုသိတယ်”
လီရှောက်ယွင်က သူ၏ တလက်လက်တောက်ပနေသော မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းလှလှများနှင့် ကြည့်ရင်း နှုတ်ခမ်းများကို တစ်ဝက်ကွေးညွှတ်၍ ပြုံးလိုက်ပြီး ပူပင်ကြောင့်ကြမဲ့ကာ ထိန်းချုပ်ထားခြင်းမရှိသော အမူအယာ၊ တစ်ဖက်သားအား ဆွဲငင်နိုင်သည့် ကြောင့်ကြမှုကင်း ကြည်လင်သော အသံဖြင့် ပြောလိုက်သည်။
“အို”
အကြီးအကဲရှုက အံ့အားသင့်စွာဖြင့် ခေါင်းလှည့်လိုက်ပြီး သိချင်သွား၏။ ထို့ကြောင့် လီရှောက်ယွင်က ဆက်ရှင်းပြလိုက်သည်။
“သူက ကျွန်တော့်ရဲ့ဟိုတယ်မှာ လူတစ်ယောက်ကို အသက်ကယ်ခဲ့ဖူးတာ”
“မင်းက ဆေးပညာတောင် တတ်တာလား”
အကြီးအကဲရှုက မျက်ခုံးပင့်လိုက်၏။
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။
“နည်းနည်းပါ”
အကြီးအကဲရှုက ပြန်ပြောဖို့ ကြိုးစားလိုက်သော်လည်း စကားတစ်လုံးမှ ထွက်မလာပေ။ သူသည် ဤမိန်းကလေးငယ်လေးအား ပထမဆုံးအကြိမ် တွေ့စဥ်က သူမသည် လျို့ဝှက်ဆန်းကြယ်လှ၍ သူ့အား ဆေးပင်အမြောက်အမြားကို ပြခဲ့၏။ သူမ၏ နောက်ကွယ်တွင် ရှိန်လောက်သော တစ်စုံတစ်ယောက် မရှိ ဆိုသည်က ယုံကြည်နိုင်ရန် ခက်ခဲသည်။
“အကြီးအကဲရှုက အထင်ကြီးနေပုံကိုထောက်ရင် ကျောင်းသူလေး ကျင်းမှာ တကယ်ပဲ အခြားသူတွေကို ကျော်ဖြတ်နိုင်တဲ့ စွမ်းရည်တွေ ရှိနေရမယ်။ အရင် ကျွန်တော် သူ့ကို ထမင်းတစ်နပ်ကျွေးချင်လို့ ဖိတ်တုန်းက သူက ကျွန်တော်ရဲ့ကမ်းလှမ်းမှုကို ငြင်းခဲ့တာလေ၊ ကျွန်တော့်နှလုံးသားတွေ နာကျင်လိုက်တာဗျာ”
လီရှောက်ယွင်က အရွှန်းဖောက်၍ ပြောလိုက်၏။
အကြီးအကဲရှုက ရှားရှားပါးပါး ပြုံးလိုက်သည်။
“လူငယ်တွေ (ယွင်ကျောင်း) က ဘယ်လို အလိုက်အထိုက်နေရမလဲဆိုတာကို မသိကြဘူး။ ရှောက်ယွင်၊ သူ့ကို စိတ်ထဲမထားပါနဲ့။ ငါ့ကို မင်းကို ဒီဆေးဝိုင်နှစ်ပုလင်းနဲ့ နှစ်သိမ့်ခွင့်ပေး”
အဖိုးအို၏ ကာကွယ်ပေးသော စကားများကို ကြားလိုက်သောအခါ လီရှောက်ယွင်သည် မျက်လုံးများကိုပင် ကျဥ်းလိုက်မိ၏။ သူက ပြုံး၍ ပြန်ဖြေလိုက်သည်။
“ဒါဆိုရင်တော့ ကျွန်တော် အကြီးအကဲရှုကို ကျေးဇူးတင်ရတော့မှာပဲ။ ကျွန်တော့်အဖိုးက တစ်နေကုန် ဝိုင်အကြောင်းပဲ တွေးနေတော့တာ”
ကျင်းယွင်ကျောင်းသည် ဤလူကြီးနှင့် လူငယ်ကြားရှိ ပတ်သတ်မှုကို ပဟေဠိဖြစ်သွား၏၊ သို့သော် သူမသည် လီရှောက်ယွင်အား စိတ်မဝင်စားသောကြောင့် ထပ်၍ ခန့်မှန်းချင်စိတ် မရှိပေ။
ထို့နောက် ကျင်းယွင်ကျောင်းသည် မပြန်ခင်တွင် ညနေခင်းအထိတိုင်အောင် ဆေးပင်များအား ပြင်ဆင်ပုံများကို ဆက်၍ လေ့လာနေသည်။ သူမ ထွက်လာပြီးနောက် အိမ်မပြန်ဘဲ ထိုအစား စူးချူနှင့် ကန်ကျင်းချန်အား အပြင်ထွက်ရန် ခေါ်လိုက်၏။
Chapter 100 : ထမင်းတစ်နပ် လိုက်ကျွေးခြင်း
စူးချူ၏ မျက်လုံးထဲတွင် ကျင်းယွင်ကျောင်းသည် လုံးဝ အိမ်တွင်းပုန်းတစ်ယောက်ဖြစ်သည်။ သူမသည် များသောအားဖြင့် စနေနေ့များတွင်သာ အချိန်တိတိကျကျ အိမ်က ထွက်သွားလေ့ရှိပြီး ပြန်ရောက်လာပြီးနောက် သူမ၏ အခန်းထဲတွင်သာ သော့ပိတ်၍ နေလေ့ရှိ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းက ယနေ့ သူတို့အား အပြင်ထွက်ရန် ခေါ်သည်မှာ တကယ်ပင် ရှားပါးသော ဖြစ်စဥ်ဖြစ်၍ စူးချူးက အများကြီးတွေးနေခြင်းမရှိဘဲ ၎င်းကို လက်ခံလိုက်သည်။ ကန်ကျင်းချန်က အနည်းငယ် တွန့်ဆုတ်နေသော်လည်း သူသည် စူးချူကို မနိုင်ပေ။ ထို့ကြောင့် သူသည် အဝတ်အစားလဲ၍ ထွက်လာလိုက်ရတော့သည်။
“ပြောင်ကျဲ၊ ဒီနေ့ နေက အနောက်ကများ ထွက်တာလား။ အစ်မ အိမ်မှာပဲ စာမလုပ်တော့ဘူးပေါ့”
စူးချူက ကျင်းယွင်ကျောင်း၏ လက်မောင်းအား မှီတွယ်လိုက်ရင်း သူမ၏ မျက်နှာက စိတ်လှုပ်ရှားမှုအပြည့်နှင့်။
“ကျွန်မတို့ ဘယ်သွားမှာလဲဟင်”
ကျင်းယွင်ကျောင်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
“ငါ နင်တို့ကို ထမင်းတစ်နပ်လောက် လိုက်ကျွေးမလို့”
ထမင်းတစ်နပ်စားချိန်က မကြာသော်လည်း ချောင်ဟုန်ယဲ့ ငါးစာကို လာဟပ်သည်အား မြင်ရရန်ဖြစ်၏။
“ကျွန်မလည်း အခု ဗိုက်ဆာနေတာ။ ဒါဆို ကျွန်မ ကြက်သားစတူးနဲ့ ငါးကင်စားချင်တယ်။ ဟို လမ်းဘေးက ဆိုင်ကို သွားကြစို့။ အဲဒီက တကယ်စားကောင်းတာ”
စူးချူက အစားမက်သော မျက်နှာလေးဖြင့် ပြောလိုက်သည်။ ထို့နောက် လက်တစ်ဖက်က ကျင်းယွင်ကျောင်အား ချိတ်ထားပြီး ကျန်တစ်ဖက်က ကန်ကျင်းချန်အား ဆွဲကာ ထိုဆိုင်လေးဆီသို့ ပြေးသွားလေ၏။
သူတို့အား တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်ကို ခံစားလိုက်ရသော်လည်း ကျင်းယွင်ကျောင်းသည် မပြုံးမိဘဲ မနေနိုင်ချေ။ သူမသည် ခေါင်းလှည့်မကြည့်ဘဲ စူးချူ၏ နောက်သို့သာ လိုက်သွားလိုက်သည်။
“နင် ဘာလို့ ရုတ်တရက် ငါတို့ကို လိုက်ကျွေးဖို့ ဆုံးဖြတ်လိုက်တာတုန်း”
စားစရာများ မှာပြီးနောက် သူတို့သည် ထိုင်စောင့်နေကြ၏။ ကန်ကျင်းချန်၏ မျက်နှာက သံသယများ ပြည့်နေသည်။ သူသည် ကျင်းယွင်ကျောင်း၏ မျက်နှာက အနည်းငယ် ထူးခြားနေသကဲ့သို့ ခံစားလိုက်ရ၏။ အကယ်၍ ဤသည်မှာ ယခင်ကသာ ဖြစ်ပါက (သူ ကျင်းယွင်ကျောင်း၏ မကောင်းသော ကောလဟာလများကို ယုံကြည်နေသည့်အချိန်ကသာ ဆိုပါက) သူမ၌ ကောင်းသော ရည်ရွယ်ချက်မရှိဟု သူ ထင်မိလိမ့်မည်ပင်။
သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်က ပေါ်ထွက်လာသည့် ကောလာဟလများကြောင့် ကန်ကျင်းချန်သည် ထူးဆန်းသော အကြည့်များကို လက်ခံရရှိခဲ့ပြီး ဒေါသထွက်ခဲ့ရသည်။ ဤကဲ့သို့သော အခြေအနေမျိုး၌ သူမသည် အေးအေးချမ်းချမ်း စာလုပ်နိုင်သည်ဟုပင် သူက တွေးမိလိုက်၍ သူမသည် အမှန်တကယ် ထူးခြားဆန်းပြားသည့် သက်ရှိတစ်ဦးဖြစ်သည်ဟု ထင်မိလိုက်သေး၏။ သူ အထင်မကြီးဘဲ မနေနိုင်ချေ၊ အဘယ်ကြောင့်ဆိုသော် ထိုကောလာဟလများ စတင်ထွက်ပေါ်လာသည့်အချိန်မှစ၍ သူသည် စာသင်ချိန်များတွင် စာတစ်လုံးကိုမှမှတ်မရတော့သောကြောင့်ဖြစ်သည်။
“အခု ငါ နင်တို့အိမ်မှာနေတာ အချိန်အတော်ကြာနေပြီ၊ ဒါပေမယ့် နင်တို့နဲ့အတူ ထမင်းတစ်နပ်လောက် ကောင်းကောင်းမွန်မွန် တစ်ခါမှ မစားရသေးဘူးလေ။ ဒီတစ်နပ်ကို ငါတို့ရဲ့တွေ့ဆုံမှုအတွက် တရားဝင် ကျင်းပတာအဖြစ် မှတ်လိုက်လေ၊ ဘယ်လိုလဲ။”
ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်သည်။
ကျန်ကျင်းချန်က ပါးစပ်တွန့်လိုက်ရင်း ...
“နင်နဲ့ စူးချူနဲ့က အသက်တူတူပဲကို။ နင် ဘာလို့ အမြဲတမ်း တအား ဖော်မယ်ကျကျ (ယဥ်ကျေးသမှုနှင့်) ပြောနေတာတုန်း။ ကလေးတစ်ယောက်နဲ့ လုံးဝမတူဘူး။ ဒါပေမယ့် ငါ့အဖိုးနဲ့တော့ နည်းနည်းတူတယ်”
သူမ၏ စကားပြောပုံတင်သာ မဟုတ်ပေ။ သူမ၏ အမူအယာများနှင့် အကျင့်စရိုက်များကလည်း အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်နှင့် ချွတ်စွပ်နီးပါးတူနေ၏။ သူမက လုံးဝ ဒေါသမထွက်တတ်ပေ။
အကယ်၍ ကျင်းယွင်ကျောင်း၌ အသက်ဆယ့်ငါး၊ဆယ့်ခြောက်အရွယ် မျက်နှာလေးသာ မရှိပါက ကန်ကျင်းချန်သည် သူမအား လူကြီးတစ်ယောက်ကဲ့သို့ ဆက်ဆံမိပေလိမ့်မည်။
“ပြောင်ကော မှန်တယ်”
စူးချူက သူမ၏ တူများကို ဘမ်းခနဲ ရိုက်လိုက်သည်။
“ကန်ပြောင်ကျဲ၊ အစ်မကလေ မပြုံးတဲ့အချိန်မှာဆို ကြည့်ရတာ တအားကို အေးစက်နေရောပဲ။ ကျွန်မတို့ရဲ့ အတန်းဖော်တွေအားလုံးက အစ်မနဲ့သူတို့ကြားမှာ အကွာအဝေးတစ်ခု ရှိနေတယ်လို့ ခံစားရတယ်တဲ့။ ပြီးတော့ အစ်မက ပေါင်းရသင်းရခက်တဲ့ ပညာရေးမှူးလိုပဲ”
(T/N : ယွင်ကျောင်းက အဖိုးကန်ရဲ့ မွေးစားမြေးမို့လို့ မြေးအရင်းဖြစ်တဲ့ စူးချူနဲ့ကျတော့ မွေးစားအစ်မဝမ်းကွဲတော်ပါတယ် ၊ ဒါကြောင့် ကန်ပြောင်ကျဲ(မွေးစားအစ်မဝမ်းကွဲ)လို့ခေါ်တာပါနော်။ ဒီ [ကန်]က တစ်ခါပြောပြဖူးတဲ့ [မွေးစား]လို့ အဓိပ္ပါယ်ရတဲ့ ကန်ပါ၊ မျိုးရိုးနာမည်မဟုတ်ပါဘူးနော်။ အသံထွက်တူတာပါ။)
ကျင်းယွင်ကျောင်းက ပါးစပ်တွန့်လိုက်သည်။ ပညာရေးမှူးလား။ ထို သူတို့၏ ပညာရေးမှူးသည် ခက်ထန်၍ စကားများများ မပြောသော်လည်း ကျောင်းသားများအား မည်သို့ကိုင်တွယ်ရမည်မှန်း သိသည်။ ဘယ်လိုပဲ ကြည့်ကြည့် သူတို့က မတူဘူး မဟုတ်ဘူးလား။
“ပညာရေးမှူး ငယ်ငယ်တုန်းက နင်ထက်တော့ နည်းနည်းပိုပြီး ရုပ်ဆိုးမှာ သေချာတယ်”
ကန်ကျင်းချန်က ထပ်ပြောလိုက်သည်။
စူးချူက ထိုစကားအား ကြားသောအခါ စားပွဲခုံကိုရိုက်၍ ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ဟုတ်တယ်၊ ဟုတ်တယ်။ ကောင်းတာတစ်ခုက ပြောင်ကျဲက လှတာပဲ။ အဲလိုမှမဟုတ်ရင် ပညာရေးမှူးက အစ်မရဲ့အနာဂတ် ဖြစ်လာလိမ့်မယ်။ အစ်မ လှလှပပ ဝတ်စားပြင်ဆင်ဖို့ သင်ယူသင့်တယ်။ အစ်မက ဒီလောက် အခြေအနေကောင်းတွေနဲ့ မွေးဖွားလာတာကို ဘာလို့များ မပြင်ဆင်ရတာတုန်း။ အစ်မက အစ်မရဲ့ပုံစံကို ဂရုမစိုက်လို့သာ မဟုတ်ရင် ကျောင်းရဲ့အလှအပ အဆင့်သတ်မှတ်ချက် ထိပ်ဆုံးနေရာက အစ်မအတွက်ပဲဆိုတာ သံသယဝင်စရာတောင် မလိုဘူး”
ကျင်းယွင်ကျောင်းက မျက်လုံးပြူးပြလိုက်ပြီး ...
“နင်တို့နှစ်ယောက် ငါ့ကို ဝေဖန်နေကြတာလား”
“ဟီးဟီး၊ ဒါက ရှားရှားပါးပါး အခွင့်အရေးမို့လို့ပါ။ ကျွန်မရဲ့ အတန်းဖော်တွေရဲ့အမြင်တွေကို အစ်မကို ပြောပြရုံပါနော်။ ပြောင်ကျဲ၊ အစ်မ ပြောင်းလဲမယ် မဟုတ်လား။ အစ်မ ပိုပြီးတော့ သိမ်မွေ့မယ်၊ ပိုပြီးတော့ ပြုံးမယ်၊ အဲဒါဆို ပိုပြီးတော့ ချစ်စရာကောင်းလာမယ် မဟုတ်လား”
စူးချူက မျက်လုံးမှေးကာ နောက်ပြောင်လိုက်သည်။
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးညွတ်သွား၏။ သူမက ခဏကြာအောင် တိတ်နေပြီးနောက် ပြောလာ၏။
“အဲ့ဟာကို ငါ တကယ် ဘယ်လိုမှန်းမသိတာ”
အခြားသူများနှင့် သူမ၏ ကြား၌ ထားသော အကွာအဝေးသည် သူမ၏ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်မှုကြောင့် မဟုတ်သော်လည်း ယခင်ဘဝ၏ ထိုနှစ်ကာလများကို ဖြတ်သန်းခဲ့ရပြီးနောက် သူမကိုယ်သူမ မသိစိတ်အလျောက် ကာကွယ်နေမိခြင်းဖြစ်သည်။ သူမ၏ကိုယ်ကျင့်သိက္ခာကောင်းမွန်မှုဟု ခေါ်မည့်အစား သူမ၏ ဂရုစိုက်၍ သတိကြီးမှုဟုခေါ်ပါက ပို၍ တိကျရှင်းလင်းပေသည်။ ပြန်လည်မမွေးဖွားခင်က သူမ၏ အကျင့်စရိုက်သည် အလွန့်အလွန် နှိမ့်ချတတ်၏။ ထို့ကြောင့် ယခုအချိန်၌ ထိုအရိုးစွဲနေသော အမူအကျင့်များကို ထိန်းချုပ်ရခက်နေခြင်း ဖြစ်သည်။ အကယ်၍ သူမသာ ရုတ်တရက် ချစ်စရာကောင်း၍ ကြင်နာတတ်သောသူအဖြစ် ပြောင်းသွားပါက အခြားသူများက ထိတ်လန့်ကြောက်ရွံ့သွားကြလိမ့်မည်လား။