အခန်း (၁၂၁-၁၂၄)
Vol. 7 Ch. 121-124
Chapter 121 : ကုသမှု
အချိန်တစ်ခုမျှ ကြာပြီးနောက် ကျင်းယွင်ကျောင်းက သူမ၏ လက်အား ဖယ်လိုက်သည်။
“ဘယ်လိုလဲ”
တုလင်းက စိုးရိမ်နေသော အမူအယာဖြင့် မေးလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ကျင်းယွင်ကျောင်း ပြောလာမည်ကိုလည်း သိချင်နေ၏။
အိမ်ထဲရှိ လူသုံးယောက်သည် သူမအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၍ ကျင်းယွင်ကျောင်းသည်လည်း စကားမပြောမီတွင် အနည်းငယ် ရှိုးတို့ရှန့်တန့်ခံစားလိုက်ရသေးသည်။
“ဦးလေးတု၊ မကြာသေးခင်က ပါးစပ်ထဲမှာ ခါးသလိုလို ဖန်သလိုလိုများ ခံစားရလား”
ဦးလေးတုက ခေါင်းညိတ်ပြလိုက်သည်။
“အမှန်ပဲကွယ့်၊ အထူးသဖြင့် ဒီသွားက။ သူ့ကို သာသာလေးထိမိလိုက်ရုံနဲ့တင် မခံနိုင်လောက်အောင် ထိုးကိုက်နေတဲ့နာကျင်မှုကို အစပျိုးပေးလိုက်သလိုပဲ”
နာကျင်မှုက သူ့အား အမှန်တကယ် မစိုးရိမ်စေသော်လည်း သူစိုးရိမ်သည်က သူ၏အရသာခံဖုများကိုပါ ထိခိုက်လာလိမ့်မည်ကိုပင်။
“ဦးလေး မကြာသေးခင်က ဖျားသေးလားရှင့်”
ဦလေးတုက ထပ်မံ၍ ခေါင်းညိတ်ပြလိုက်ပြန်သည်။
တုလင်းသည် ကျင်းယွင်ကျောင်းအား နက်နက်ရှိုင်းရှိုင်း ကြည်ညိုလေးစားသွားတော့၏။ သူသည် ယခင်က ဖခင်ဖြစ်သူ ဆရာဝန်များဆီသွားလျှင် အဖော်လိုက်သွားတတ်၍ ထိုဆရာဝန်များက ဖခင်ဖြစ်သူအား သူ၏ အခြေအနေအကြောင်း မေးခွန်းများ မေးရန်သာ သိကြသည်။ မည်သူကမှ ဤမိန်းကလေးကဲ့သို့ တစ်ချက်ကြည့်ရုံနှင့် မသိနိုင်ပေ။
“ဆရာဝန်က ဘယ်ဆေးကို ညွှန်းသလဲဟင်။ အဖျားပျောက်ဆေးလား”
ကျင်းယွင်ကျောင်းက မေးလိုက်၍ သူမ၏ အသံသည် ယခင်ကကဲ့သို့ပင် သိမ်မွေ့နေသည်။
သူမ၏ မေးခွန်းများကို နားထောင်ရင်း တုလင်း၏ မျက်လုံးများသည် မျက်လုံးချိုင့်ခွက်များထဲမှ ခုန်ထွက်လုနီးပါးဖြစ်လာပြီး သူမအား အားရပါးရ လက်မထောင်ပြလိုက်သည်။
“မှန်လိုက်တာ။ ကိုယ်တို့ အနောက်တိုင်းဆရာဝန်တစ်ယောက်ကို သွားပြတော့ အဖေ့ကို အဖျားပျောက်ဆေးတစ်လုံး ထိုးပေးလိုက်တာ။ ဒါပေမယ့် ရက်နည်းနည်းသာ ကြာသွားတယ်၊ အဖေက ခုထိ မသက်သာသေးဘူး”
ကျင်းယွင်ကျောင်းက အဖျားပျောက်ဆေးဟု ကောက်ချက်ချနိုင်ခြင်းမှာ အကယ်၍ သူတို့သွားပြသည်မှာ ဒေသတွင်းမှ ဆရာဝန်တစ်ယောက် ဖြစ်ပါက များသောအားဖြင့် ထိုဆရာဝန်များက သူ၏ ကိုယ်တွင်းအပူကို လျှော့ချရန် ဆေးညွှန်းတစ်ခုခု ပေးလိမ့်မည်သာဖြစ်၏။ သူတို့ ရမ်းသမ်းကုခြင်းမဟုတ်သရွေ့ ဦးလေးတု၏ သွားကိုက်ခြင်းသည် ထိုနေ့ကပင် သက်သာသွားပြီးဖြစ်လိမ့်မည်။ သို့သော် ကံဆိုးချင်သောကြောင့် ရက်အနည်းငယ် ကြာသည်အထိ တိုးတက်မှုမရှိပေ။
ကျင်းယွင်ကျောင်းက အနောက်တိုင်းဆေးပညာအား အထင်သေးခြင်းမဟုတ်သော်လည်း လူတိုင်းက သူတို့ကိုယ်သူတို့ တော်သည်တတ်သည်ဟုသာ ထင်နေကြသည်လေ။
“တကယ်တော့ ဒီအဖျားက အတော်လေး ကုသရလွယ်ပါတယ်၊ ဒါပေမယ့် ကျွန်မ ဆေးပင်အချို့လ်ုတယ်။ မြို့ထဲက ဆေးဆိုင်ကို ပြေးဖို့ တုကောကိုပဲ ဒုက္ခပေးရတော့မှာပဲ။ အများကြီးတော့ မလိုပါဘူး၊ ဒီဟာလေးတွေတင်ပါ၊ ပိုင်ကျီ၊ ကျူးရှားနဲ့ ဂျပန်ကြောင်ဆေးပင်။ အို ဟုတ်သားပဲ၊ အိမ်မှာ ပျားရည်ရှိလားဟင်”
ကျင်းယွင်ကျောင်း၌ ဆေးကုသခွင့်လိုင်စင်မရှိသေးသည်ဖြစ်၍ သူမက ဆေးညွှန်းကို ချမရေးပေးသည်မှာ သိသာ၏။ ထို့အပြင် သူမ လိုအပ်သော ပါဝင်ပစ္စည်းများအားလုံးမှာ ရိုးရှင်း၍ အဆိပ်အတောက် မရှိ၊ ဆေးဆိုင်များအားလုံး၌ သိုလှောင်ရောင်းချမည်မှာ အသေအချာပင်။
ယခုအချိန်၌ တုလင်းသည် ကျင်းယွင်ကျောင်း၏ စကားများကို အကြွင်းမဲ့ ယုံကြည်နေပြီဖြစ်သည်။ သူက အလောတကြီးပင် ခေါင်းညိတ်ပြလိုက်ပြီး ဆေးညွှန်းကို အလွတ်မှတ်လိုက်ကာ ပစ္စည်းအချို့ကို ထုပ်ပိုး၍ ခဏအကြာမှာပင် အိမ်ထဲက ပြေးထွက်သွားတော့၏။
ကံကောင်းသည်မှာ အနီးနားတွင် ဆေးဆိုင်တစ်ဆိုင်ရှိနေသည်။ သိပ်မကြာခင်မှာပင် တုလင်းက အပြေးအလွှား ပြန်ရောက်လာ၏။
ကျင်းယွင်ကျောင်းက တုမိသားစုအိမ်၏ မီးဖိုချောင်အား ခဏငှားလိုက်သည်။ သူမက ပိုင်ကျီအား အခြောက်ခံလိုက်ပြီး အမှုန့်ဖြစ်အောင် ထောင်းလိုက်၏။ ထို့နောက် ပျားရည်အနည်းငယ်ထည့်၍ ဆေးတောင့်ဖြစ်အောင် ပုံသွင်းလိုက်ပြီးနောက် ကျူးရှားကို သုံး၍ အပြင်ဘက်မှ အလွှာတစ်ထပ်အုပ်လိုက်သည်။ မိနစ်အနည်းငယ် အတွင်းမှာပင် သူမသည် ဦးလေးတု သောက်သုံးရန် ဆေးညွှန်းကို ကျွမ်းကျင်စွာ ပြင်ဆင်ပြီးသွား၏။
ဆေးသည် လူနာအား အာနိသင် ချက်ချင်းပြသည်အထိ မစွမ်းသော်လည်း အာနိသင်ပြရန်အတွက် နာရီအနည်းငယ်ထက် ပို၍ မလိုအပ်သည်မှာ အသေအချာပင်။
“နောက်ရက်တွေအတွက် စပ်တဲ့အစားအစာတွေ ဒါမှမဟုတ် ကိုယ်တွင်းအပူကို တက်စေတဲ့ အစားအသောက်တွေကို မစားသေးပါနဲ့ဦးနော်။ များများ အနားယူပြီးတော့ စိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားပါ”
သူမက အကြံပေးလိုက်သည်။
ယခင်က ပြခဲ့သော ဆရာဝန်ကလည်း ဤသည်နှင့်တူညီသော အကြောင်းအရာကိုသာ ပြောခဲ့ပြီး ဦးလေးတုက သဘောတူကြောင်း အသံပြုလိုက်၏။ သူ၏ စိတ်ကူးသက်သက် ဒါမှမဟုတ် စိတ်ပညာဆိုင်ရာ အကျိုးသက်ရောက်မှု ဖြစ်နိုင်သည်။ သူသည် ဆေးကို ရေနှင့်မျှောချပြီးနောက် သွားနာခြင်းသည် ယခင်ကကဲ့သို့ မခံမရပ်နိုင်လောက်အောင် မဖြစ်တော့ကြောင်း ခံစားလိုက်ရ၏။ ဤလုံမပျိုလေး၏ အသက်အရွယ်နှင့်စာလျှင် သူမ၏ အပြုအမူများနှင့် အပြောအဆိုများသည် ယဥ်ကျေး၍ ပျာယာခတ်မှုမရှိဘဲ တည်ငြိမ်သည်။ ၎င်းအချက်ကလည်း သူ၏ စိုးရိမ်မှုများကို ပြေလျော့သွားစေသော အကျိုးသက်ရောက်မှုရှိ၏။
တခြားတစ်ဖက်တွင် တုလင်းသည် သူမအား လုံးဝဖြုံသွားပြီဖြစ်သည်။ သူ၏ အမူအယာက သူမအား အန္တရာယ်ရှိသော တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ ကြည့်ရှူနေရသကဲ့သို့ပင်။
သို့သော် တစ်ချိန်တည်းမှာပင် အစောပိုင်းက သူ၏ သံသယရှိသော အပြုအမူကြောင့်လည်း အပြစ်ရှိသကဲ့သို့ မခံစားဘဲလည်း မနေနိုင်။ သူက ယနေ့ည သူမ ပါဝင်ပစ္စည်းများလာပို့သောအခါ သူမ အပေါ်တွင် ယခင်ကထက် ပို၍ ယဥ်ယဥ်ကျေးကျေး ဆက်ဆံရမည်ဟု တွေးနေပြီး အကယ်၍ ထိုပစ္စည်များက သူ၏ စံနှုန်းနှင့် မကိုက်ညီလျှင်တောင်မှ ဤညီမငယ်လေး၏ ခံစားချက်နာကျင်သွားစေမည်အား စိုးရိမ်နေမိသည်။
ကျင်းယွင်ကျောင်းသည် နေ့လည်ဘက်၌ အတန်းများရှိသေးသောကြောင့် တုလင်း၏ အိမ်၌ ကြာကြာမနေခဲ့ပေ။ ခြေကြွခအနေဖြင့် တုလင်းကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးသော ထမင်းတစ်နပ်စားပြီးနောက် သူမအား လီရှောက်ယွင်က ပြန်လိုက်ပို့ခဲ့သည်။
ဤနေရာ၌ သူမ အသိအမှတ်တစ်ခုပြုရပေဦးမည်။ တုလင်း၏ အချက်အပြုတ်စွမ်းရည်သည် အမှန်တကယ်ပင် အတော်လေး ကောင်း၏။ ဟင်းပွဲများက ထျန်းရှန်းလော်မှ ဟင်းပွဲများထက်ပင် ပို၍ ချိုမြိန်လှသည်။ တော်ဝင်စားတော်ကဲ၏ နောက်ပိုင်း မျိုးဆက်တစ်ယောက်အဖြစ် ထိုက်တန်သည်မှာ အသေအချာပင်။
သူနှင့်ပူးပေါင်းလိုသော သူမ၏ရည်ရွယ်ချက်မှာလည်း ပို၍ ထက်သန်လာ၏။
Chapter 122 : ရတနာသိုက်နှင့်တိုးခြင်း
သူမ၏ နေရာလွတ်နယ်မြေ မျက်နှာပြင်သည် အလွန်ကျယ်ပြန့်လှသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ဆေးပင်အနည်းငယ်အပြင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အခြားအပင်များကို နေ့စဥ်နေ့တိုင်း နည်းနည်းချင်းစီ စိုက်ပျိုးထား၏။ ထို့အပြင် နေရာလွတ်နယ်မြေထဲရှိ ရေပူစမ်းရေကြောင့် အထဲမှ စိုက်ပျိုးထွက်ကုန်များသည် အပြင်က ပစ္စည်းများထက် အဆပေါင်းများစွာ ပို၍ လတ်ဆတ်သည်။
နေ့လည်ပိုင်း အတန်းနှစ်ချိန်တက်ပြီးနောက် ကျင်းယွင်ကျောင်းသည် သူမ၏ တာဝန်ကျ အတန်းဆရာမထံတွင် ခွင့်တိုင်လိုက်၏။ ထို့နောက် ခရိုင်မြို့၏ ဆင်ခြေဖုံးရှိ လယ်သမားအိမ်ထောင်စုတစ်စုထံမှ ခြံတစ်ခြံ ငှားရမ်းရန်အတွက် လာခဲ့လိုက်သည်။
ဖော်ပြပါ ခြံဝန်းသည် လုံးဝကြီး သီးခြားဖြစ်မနေဘဲ အဖိုးရှု လက်ရှိနေထိုင်နေသော ခြံဝန်းနှင့် ဆင်တူ၏။ နှိုင်းယှဥ်ကြည့်ပါက ၎င်းက အနည်းငယ် ပို၍ တိတ်ဆိတ်၏။ ၎င်း၏ဘေး၌ ခြံတံခါးဝကြီးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားသော အခြားခြံဝန်းများရှိသည်။ ၎င်းမှာ အလွန်အေးချမ်းပြီး လူသူကင်းရှင်းကာ မြို့ထဲရှိ မိသားစုများနှင့် မတူပေ။
၎င်းအားခြုံကြည့်ပါက ဤကဲ့သို့သော နေရာမျိုးသည် ကျင်းယွင်ကျောင်း၏ လိုအပ်ချက်များနှင့် အပြည့်အဝပင် ကိုက်ညီသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက လူများ၏ အာရုံကို မဆွဲဆောင်သောကြောင့်ပင်။ ၎င်းသည် သူမအတွက် သူမ၏ နယ်မြေထဲမှ ထုတ်ကုန်များကို လွှဲပြောင်းရန် အချက်အချာနေရာတစ်ခု ဖြစ်လာလိမ့်မည်။
နေရာလွတ် နယ်မြေထဲတွင် ပစ္စည်းတစ်ခု၏ လတ်ဆတ်မှုကို ထိန်းထားနိုင်သည့် လုပ်ဆောင်ချက်ရှိသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သူမ သယ်ယူလိုသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို ညအချိန်မှသာ ထုတ်ယူနိုင်မည် ဖြစ်၏။ သူမသည် ယာဥ်တစ်စီးကို ငှားလိုက်ပြီး ယွီထျန်းရှန်း၏ တံခါးဝသို့ ထုတ်ကုန်များသွားပို့ရန် သုံးလိုက်သည်။
ယွီထျန်းရှန်း၏ မျက်နှာစာသည် ကွန်ဖြူးရှပ်ဝါဒ၏ ရှေးဆန်သော လေထုကို ပေးစွမ်းနေပြီး ထျန်းရှန်းလော်၏ ခမ်းနားထည်ဝါလှသော ဇိမ်ခံအပြင်အဆင်နှင့် မတူပေ။ သို့သော် ၎င်းက လူများ ဤနေရာကို မြင်လိုက်သည်နှင့် သက်တောင့်သက်သာဖြစ်သွားသော ခံစားချက်ကို ပေးစွမ်းနေဆဲပင်။ သန့်စင်၍ ရိုးရှင်းပြီး အရောင်မှိုင်းမှိုင်းများက ၎င်း၏ အဓိကအပြင်အဆင်ဖြစ်သည်။ မျက်နှာစာက မကြီးသော်လည်း ပတ်ဝန်းကျင်ရှိ အခြားစားသောက်ဆိုင်များနှင့် နှိုင်းယှဥ်ပါက ပို၍ ဟိတ်ဟန်များစွာ ရှိ၏။
တုလင်းက အချိန်အတော်ကြာအောင် စောင့်နေခဲ့ပြီး ကျင်းယွင်ကျောင်းအား မြင်သောအခါ ကျေးဇူးတင်စွာဖြင့် ပွေ့ဖက်လိုက်သည်။
“ကိုယ့်အဖေရဲ့သွားက ပိုကောင်းလာပြီ။ မင်းကို သင့်တော်တဲ့ ကျေးဇူးဆပ်ခွင့်လေးတော့ ပေးပါဦး”
“သူ့ကို ဒီည ဆေးတစ်ကြိမ် ထပ်တိုက်လိုက်ပါဦးနော်။ ကျွန်မရဲ့ ခန့်မှန်းချက်အရဆိုရင် မနက်ဖြန်ကျ နာတာ လုံးဝပျောက်သွားလိမ့်မယ်။ ဒါပေမယ့် အပြည့်အဝကောင်းဖို့အတွက်တော့ သူ့ရဲ့ စားသောက်ပုံကို နည်းနည်းကြာကြာ ထိန်းညှိပေးဖို့ ကျွန်မ ရှင့်ကို အကြံပေးချင်တယ်”
ကျင်းယွင်ကျောင်းက ကိစ္စကို တာဝန်ယူမှုရှိရာ သူ့ကို ထပ်မံ၍ အကြံပေးလိုက်၏။
တုလင်း ကမူ သဘောထားကွဲလွဲနေသည်။
“မင်းလိုမျိုး ကျောင်းသူလေးတစ်ယောက်က ဒီလိုမျိုးကိစ္စတွေကို ဘာလို့ ဒီလောက်သိနေရတာလဲ။ အံသြစရာကောင်းတဲ့ ကိစ္စဆိုပေမယ့် မင်းစကားပြောတဲ့အခါကျရင် မင်းအသံက အချို့လူကြီးတွေလိုပဲ။ မင်းကို ဒီလိုမျိုး လူထူးဆန်းလေးဖြစ်လာအောင် ဘယ်လိုပုဂ္ဂိုလ်များက သင်ကြားပေးခဲ့လဲဆိုတာ ငါ တကယ်မသိတော့ဘူး”
ကျင်းယွင်ကျောင်းအပေါ် သူ၏ ပထမအမြင်သည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် အဖြူထည် ပန်းလှလှလေးတစ်ပွင့်ဟုသာ ရှင်းရှင်းလင်းလင်း ခံစားရရုံဖြစ်၏။ သို့ရာတွင် သူမ၏ ပုံရိပ်က လေးစားစရာကောင်းသော ရင့်ကျက်သည့် သမားတော်တစ်ယောက်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ကျောင်းသားတစ်ယောက်၏ ပုံရိပ်မဟုတ်တော့ပေ။ သူမသည် သွက်လက်ခြင်း၊ ချစ်စရာကောင်းခြင်းလည်း မရှိတော့။
အစပိုင်းတွင် သူသည် သူမ၏ ထက်မြက်မှုကြောင့် ဖြုံသွားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တက်ကြွ၍ ‘ချစ်စရာကောင်းသော’ ဟူသည့် စကားလုံးများကို သူ တွေးကြည့်သောအခါ ကျင်ယွင်ကျောင်းနှင့် ဤဖော်ပြချက်က ကွက်တိကျမနေပေ။ အကယ်၍ သူမက တည်ငြိမ်အေးချမ်းသော ခပ်ဖျော့ဖျော့ အပြုံးလေးနှင့် ချစ်စဖွယ်ကောင်းအောင် ပြုမူပြပါကလည်း သူ လက်မခံနိုင်မည်မှာ အသေအချာပင်။
တုလင်းသည် သူမအား လူကြီးတစ်ယောက်ကဲ့သို့ ပြောဆိုဆက်ဆံချင်စိတ်ကို မထိန်းနိုင်တော့ပေ။ ဤနည်းဖြင့် အပြန်အလှန် စကားပြောဆိုမှုအတွင်း ကသိကအောက် အခိုက်အတန့်များစွာ ရှိလာလိမ့်မည် မဟုတ်ပေ။
သူသည် ပထမဆုံး တစ်စုံတစ်ယောက်အား ကားထဲမှ ထုတ်ကုန်များ၏ တစ်စိတ်တစ်ပိုင်းကို စစ်ဆေးကြည့်ရန် ပြောလိုက်ပြီးနောက် အသေးစိတ်တစ်ချက် ကြည့်လိုက်သည်။
လတ်ဆတ်သည်၊ အမှန်တကယ်ပင် ရနံ့သင်းပျံ့၏။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအနံ့ အရိပ်အယောင်တစ်ခုပင် ရှာမတွေ့ချေ။
တကယ်တမ်း သူမ ချဥ်းကပ်လာကတည်းက သူသည် ချက်ချင်း ခံစားမိပြီးသားဖြစ်၏။ ဤသစ်သီးများ၏ ချိုမြသောရနံ့သည် ခြံဝန်းကိုပင် ဖြတ်ကျော်၍ မွေးပျံ့နေစေနိုင်သည်။
သို့သော် သူသည် သစ်သီးများအား အနည်းငယ် ဆိတ်ဆွ၍ အရသာ မြည်းပြီးနောက်တွင် အမှန်တကယ် အံ့အားသင့်သွား၏။
သူ ရတနာပုံနှင့် တိုးပြီ ဖြစ်သည်။
သူ၏ လျှာသည် ဘိုးဘေးများဆီမှ ဆင်းသက်လာသော လက်ဆောင်ပစ္စည်းတစ်ခုဖြစ်ရာ သူက မည်ည့်အရသာမျိုးကို အကဲဖြတ်နိုင်လေ၏။ သူသာ သေချာစွာ လေ့လာစိစစ်နိုင်၍ ကျင်းယွင်ကျောင်း၏ ထုတ်ကုန်များကိုသာ ဟင်းပွဲများ ချက်ပြုတ်ရာတွင် သုံးပါက ဘိုးဘေးများထံမှ သူ့ဆီသို့ ဆင်းသက်လာသော ပြီးပြည့်စုံသည့် စွမ်းရည်များကို သူ အပြည့်အဝ ပြသနိုင်လိမ့်မည်ဖြစ်သည်။ သူကပင် အရသာ ပိုကောင်းအောင် လုပ်နိုင်လိမ့်ဦးမည်။
“မြန်မြန်၊ မြန်မြန်။ ထရပ်ကားပေါ်က ကုန်တွေကို ချလိုက်ကြ။ လူတိုင်း ဒီပစ္စည်းတွေကို ဂရုစိုက်ကြပါ”
တုလင်း၏ မျက်နှာသည် နေမင်းကြီးကဲ့သို့ လင်းရောင်ဖြာနေသည်။ သူသည် စိတ်လှုပ်ရှားနေသဖြင့် ဤပစ္စည်းများအား ကျင်းယွင်ကျောင်း ပိုင်ဆိုင်သည်ဆိုသော အချက်ကိုပင် မေ့သွားခဲ့၏။
မိတ်ဆွေများအနေနှင့် ကျင်းယွင်ကျောင်းသည် တုလင်းအား ဤပစ္စည်များကို လက်ဆောင်အဖြစ်ပေးရခြင်းက ပြဿနာမရှိပေ။ သို့ရာတွင် သူမ၏ ရည်ရွယ်ချက်မှာ သူနှင့်ပူးပေါင်းရန် ဖြစ်သည်။ ထို့ကြောင့် သူမသည် ဤကဲ့သို့သော အခွင့်အရေးကို မည်သို့ လက်လွှတ်ခံရမည်နည်း။
သူမက မျက်မှောင်ကြုံ့လိုက်ပြီး လက်ဆန့်လိုက်၍ ထရပ်ကားဆီသို့ သွားနေသော တုလင်း၏ အလျင်လိုနေသည့် ခြေလှမ်းများကို ကာထားလိုက်သည်။
“တုလောင်ပန် (သူဌေးတု)၊ ကျွန်မဘက်က ရှင့်ရဲ့လိုအပ်ချက်တွေကို ကျေနပ်သွားစေပြီဆိုတော့ ကျွန်မတို့ စျေးနှုန်းကို ဆွေးနွေးရမယ့် အချိန်မဟုတ်လား”
တုလင်းက တုန်လှုပ်သွား၏။ သူသည် ယခင်က သူမက သူ၏ လိုအပ်ချက်များကို ဖြည့်ပေးနိုင်၊ မပေးနိုင် သံသယဝင်ခဲ့သည်အား ရုတ်တရက် သတိရသွားသည်။ ယခု အားလုံးက အဆင်ပြေလွန်းနေပြီ။ သည်ညီမငယ်လေးကလည်း ဒါကို စိတ်ထဲထားနေတယ်။
သူက ပြုံးဖြီးဖြီးနှင့် ပြောလိုက်၏။
“ကိုယ့်ကို တုလောင်ပန်လို့ မခေါ်ပါနဲ့ကွာ၊ တုကောလို့ပဲ ခေါ်ပါ။ အဲဒါက ကြားလို့ ပိုကောင်းတယ်၊ ပြီးတော့ ပိုပြီးလည်း ရင်းနှီးတယ်ထင်ရတယ် မဟုတ်လား။ လာ လာ လာ၊ ဆိုင်ထဲကိုဝင်ပြီး ဒါကို ဆွေးနွေးကြစို့။ မင်း စိတ်ချနေလို့ရတယ်နော်။ ဆွေးနွေးတာက သေချာပေါက်ကို မင်းရဲ့အကျိုးအမြတ်အတွက်ပဲ”
ဤမျှ အရည်အသွေးကောင်းလွန်းသော ပါဝင်ပစ္စည်များအား လက်ခံရန် ငြင်းပယ်လိုက်ပါက သူ အိမ်ပြန်သည်နှင့် ဖခင်ဖြစ်သူက သေအောင် ရိုက်လိမ့်မည်မှာ အသေအချာပင် ဖြစ်ချေသည်။
Chapter 123 : ပုံမှန်ဝင်ငွေ
တုလင်း၏ သဘောထားသည် တစ်ရာ့ရှစ်ဆယ်ဒီဂရီ ပြောင်းပြန် ပြောင်းလဲသွားပြီး သူ စိတ်ကြီးဝင်မိသွားသည့် အခိုက်အတန့်ကြောင့် ကျင်းယွင်ကျောင်းက သူမ၏ ပစ္စည်းများကို ယူ၍ ပြန်ထွက်သွားမည်ကို ကြောက်နေမိသည်။
သူက တစ်စုံတစ်ယောက်အား သီးသန့်ခန်းပြင်ပေးရန် ပြောလိုက်ပြီး စားပွဲအပြည့်ဟင်းပွဲများကို တည်ခင်းဧည့်ခံ၏။ ၎င်းမှာ သင့်တင့်လျောက်ပတ်ပုံရပြီး သူ၏ ရိုးသားမှုကို အတတ်နိုင်ဆုံး ဖော်ပြနိုင်သည်ဟု တုလင်း ခံစားနေရ၏။ စားသောက်ပြီးစီးသွားသောအခါ သူက တည်ကြည်သော အမူအယာဖြင့် မေးလိုက်သည်။
“ညီမလေး ယွင်ကျောင်း၊ မင်းဆီမှာ ဒီထုတ်ကုန်တွေ အများကြီးရှိလား။ မင်း ဒီပစ္စည်းတွေကို ဘယ်လောက်ကြာကြာ ဆက်ပြီး ထောက်ပံ့နိုင်မလဲ”
အကယ်၍ သူမ၌ ဤထရပ်ကာတစ်စီးစာသာ အပြည့် ဟင်းသီးဟင်းရွက်ပမာဏ ရှိလျှင် စီးပွားရေးပူးပေါင်းခြင်းက ဘာအကျိုးရလဒ်မှ ရှိမည်မဟုတ်ပေ။ သူ့၌ စားသောက်ဆိုင်ကြီးတစ်ဆိုင်ရှိ၍ အနာဂတ်တွင်လည်း ချဲ့ထွင်ဦးမည်ဖြစ်သည်။ သူလိုအပ်သောပမာဏသည် ရယ်စရာမဟုတ်ပေ။
“ကျွန်မ သိုလှောင်ထားတာတွေ အတွက်တော့ စိတ်မပူပါနဲ့။ ကျွန်မရဲ့ရှစ်ဖူးက ကျွန်မကို ပစ္စည်းတွေအများကြီး လက်ဆင့်ကမ်းပေးခဲ့တာ၊ ပြီးတော့ ကျွန်မကို ဘယ်လို ဖြန့်ဖြူးရမယ်ဆိုတာကိုလည်း ဆုံးဖြတ်ထားခိုင်းခဲ့တယ်။ တကယ်လို့ ရှင် ပစ္စည်းတစ်ခုကို လိုချင်တယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်၊ စျေးနှုန်းကလည်း သင့်လျော်တယ်ဆိုရင် ပမာဏနဲ့ ပစ္စည်းအမျိုးအစားကိုသာ ချရေးလိုက်ပါ။ နောက်နေ့ကျ ကျွန်မ ရှင့်ဆီကို ပို့ပေးပါ့မယ်”
ကျင်းယွင်ကျောင်းက ရှင်းပြလိုက်သည်။
ဤသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသည် နေရာလွတ်နယ်မြေထဲမှ ထုတ်ယူထားခြင်း ဖြစ်သောကြောင့် မည်သို့ပင် ဆိုစေကာမူ ၎င်းတို့သည် နေရာလွတ်နယ်မြေ၏ ဝိညာဥ်အငွေ့အသက်များကို သယ်ဆောင်ထားဆဲပင်။ ထို့ကြောင့် သူတို့သည် သာမန်အစားအစာများထက် အချိန်အနည်းငယ် ပိုကြာပြီးမှ ပုပ်သိုးသွားနိုင်သည်။ တစ်နည်းပြောရလျှင် ၎င်းတို့အား နေ့စဥ် သယ်ယူပို့ဆောင်ရာ၌ တစ်စုံတစ်ရာ အခက်အခဲရှိလိမ့်မည် မဟုတ်ပေ။
တုလင်း၏ မျက်လုံးများက တောက်ပသွား၏။
“ကောင်းလိုက်တာ။ မင်းရဲ့ ထုတ်ကုန်တွေရဲ့ အရည်အသွေးနဲ့ ပမာဏကို ဒီလိုထိန်းထားနိုင်သရွေ့ ကိုယ်သတ်မှတ်ပေးမယ့် စျေးနှုန်းက စျေးကွက်ပေါက်စျေးထက် သေချာပေါက် ပိုများစေရမယ်။ ကိုယ် မင်း ဘာမှ မနစ်နာစေရပါဘူး”
“ကျွန်မ အသက် ဆယ့်ခြောက်နှစ်ပြည့်ဖို့ လနည်းနည်းလိုသေးတယ်၊ ဒါကြောင့် အဲဒီနောက်မှ ကျွန်မ စာချုပ်မှာ လက်မှတ်ထိုးနိုင်မှာရယ်။ ရှင်မစိုးရိမ်ပါနဲ့၊ ကျွန်မရဲ့နေ့စဥ်ဘဝ နေထိုင်ရေးအတွက်က ကျွန်မရဲ့အလုပ်တွေဆီက ဝင်ငွေအပေါ်မှာပဲ မှီခိုနေတာ။ ဒါကြောင့် ကျွန်မ ဆယ့်ခြောက်နှစ်ပြည့်တာနဲ့ စာချုပ်လက်မှတ်ထိုးဖို့ အခွင့်အရေးရပြီ။ ဒါပေမယ့် ဒီအချိန်အတောအတွင်းမှာတော့ ကျွန်မတို့ရဲ့ နှုတ်ကတိစာချုပ်အတိုင်း ဖြည့်ဆည်းပေးဖို့ ရှင့်ဘက်က လိုက်နာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငွေချေတာ နောက်မကျရဘူး၊ မပျက်ကွက်ရဘူး။ အဲဒီအပြင် ပင်လယ်စာတွေနဲ့ ရေထွက်ပစ္စည်းတွေကလွဲရင် အခြားပစ္စည်းတွေအတွက် ကျွန်မက ရှင့်ရဲ့ အဓိက တင်သွင်းသူဖြစ်ရမယ်။ အကယ်လို့ ရှင်ဒီလိုမလုပ်နိုင်ဘူးဆိုရင် အချိန်ကျလာတဲ့အခါ ကျွန်မဘက်က သဘောတူညီချက်ကို လက်မှတ်မထိုးဘူးလို့ မှတ်ယူလိုက်ပါ”
ကျင်းယွင်ကျောင်း ထိုအကြောင်းကို လေးလေးနက်နက် ပြောလိုက်သည်။
လက်ရှိအချိန်တွင် သူမအတွက် ပြဿနာအဖြစ်ဆုံးအရာမှာ သူမ၏ အသက်အရွယ်ဖြစ်၏။ သူမသည် ဆယ့်ခြောက်နှစ်ပင် မပြည့်သေး၍ သူမ တစ်ခုခုလုပ်ချင်တိုင်း သူမ၏ လက်မောင်းများကို ချည်နှောင်ထားခံရသည်။
ဤသဘောတူညီချက်အပြင် ဆေးကုသခွင့်လိုင်စင်ရရှိခြင်း ပြဿနာကလည်း သူမအား ခေါင်းကိုက်စေ၏။ လက်ရှိတွင် အောင်မြင်သော သမားတော်တစ်ယောက်သည် သူမအတွက် အကောင်းဆုံးလမ်းကြောင်းဖြစ်သော်လည်း လိုင်စင်အောင်ရန်အတွက် ဆေးပညာအတွေ့အကြုံ နှစ်အနည်းငယ်လည်း လိုအပ်သည်။ ထို့ကြောင့် ယာယီအားဖြင့် မဖြစ်နိုင်သေးချေ။
တုလင်းသည် ကျင်းယွင်ကျောင်း၏ စကားများကြောင့် ထပ်မံ၍ ရန်စခံလိုက်ရသလို ဖြစ်သွားပြန်သည်။ “သူမရဲ့နေ့စဥ်ဘဝ နေထိုင်ရေးအတွက် သူမရဲ့အလုပ်တွေကရတဲ့ ဝင်ငွေအပေါ်မှာပဲ မှီခိုနေတယ်” ဆိုတာ ဘာကို ဆိုလိုသနည်း။ သူမက ကိုယ့်ကိုယ်ကိုယ် ပြန်ထောက်ပံ့နေရတဲ့ အဓိပ္ပါယ်လား။
ဘုရားရေ...သူမက ဆယ့်ခြောက်နှစ်တောင် မပြည့်သေးဘူးလေ။ သူ ဆယ့်ခြောက်နှစ်အရွယ်တုန်းက သူ၏ ကျောင်းရမှတ်များကြောင့် သူ၏ အဖေထံမှ ကြိမ်ဖြင့် အဆော်ခံနေရတုန်းပင် ရှိသေးသည်။
“ကိုယ် မင်းကို ငွေချေတာလည်း နောက်မကျစေရဘူး၊ အကြွေးလည်း မတင်စေရဘူး။ အဲဒါတွေထက် မင်းကလည်း ရှောက်ယွင်နဲ့ သိတဲ့သူပဲ။ ကိုယ်က ဘယ်လိုလုပ် ကိုယ့်ကို အန္တရာယ်ဖြစ်စေမယ့်အရာကို လုပ်ရမှာလဲ”
တုလင်းက ခဏနားလိုက်ပြီး ဆက်ပြောလာသည်။
“ဒါပေမယ့် ညီမလေး ယွင်ကျောင်း၊ စီးပွားရေးကိစ္စတွေက ရှုပ်ထွေးတယ်။ ဒါကြောင့် ကိုယ် မင်းကို အကြံတစ်ခုပေးချင်တယ်။ ပစ္စည်းတွေကို အချိန်မီပို့ဖို့ မင်း တစ်ခုခုငှားမရဘဲ အခက်အခဲဖြစ်နေတဲ့ အချိန်တွေဆိုရင် ကိုယ့်ကို ကြိုပြီး အကြောင်းကြားပေးဖို့ မျှော်လင့်တယ်။ စာချုပ်ချုပ်ပြီးတဲ့နောက်မှာလည်း ကိုယ်တို့ လတိုင်း မင်းရဲ့ပစ္စည်းပို့မယ့်ရက်တွေကိုလည်း သတ်မှတ်ထားသင့်တယ်။ တကယ်လို့ မင်း ဒီစည်းမျဥ်းကို ဖောက်ဖျက်မိတဲ့အချိန်ရောက်လာရင် မင်းလည်း ဒဏ်ငွေပေးရမယ်။ ငွေက ဒုတိယအရေးအကြီးဆုံးပဲ။ အခြေခံအားဖြင့် ယွီထျန်းရှန်းက ကိုယ်တို့မိသားစုရဲ့ အသက်သွေးကြောပါ။ ဒါကြောင့် ကိုယ်တို့ရဲ့ကုန်ကြမ်းတင်သွင်းရေးထဲက ပြဿနာကြောင့် အဲဒီအပေါ်မှာ ကိုယ် ဘာပြဿနာမှ ထပ်မတက်စေချင်ဘူး။ မင်း ကိုယ့်ကို နားလည်ရဲ့လား”
ဤသည်မှာ သူမအား တုလင်း ခင်မင်ရင်းနှီးစွာ သတိပေးချက်ပင်။
ကျင်းယွင်ကျောင်းသည် စိတ်ပိုင်းဆိုင်ရာအရ ကလေးတစ်ယောက် လုံးဝ မဟုတ်ပေ။ သူမသည် စည်းမျဥ်း၏ ဤအချက်အား နားလည်၏။
သူမ၏ ဝင်ငွေ တည်ငြိမ်သွားသည့်နောက်အထိ စောင့်ပြီးလျှင် သူမသည် သူမ၏ နေရာလွတ်နယ်မြေကဲ့သို့ အပြင်ဘက်၌လည်း ပါဝင်ပစ္စည်းများ၏ လတ်ဆတ်မှုနှင့်သန့်ရှင်းမှုကို တူညီသောအဆင့်သတ်မှတ်ချက်ရရှိစေမည့်နည်းလမ်းကို လက်တွေ့စမ်းသပ်ရန် ငှားရမ်းရမည့် မြေအချို့ကို သွားရောက်ရှာဖွေရပေမည်။ သူမ ပြိုလဲကျမည့် ဖြစ်ရပ် ဖြစ်လာလျှင် ၎င်းအား အကာအကွယ်အဖြစ် သုံးနိုင်သည်။
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။ နှစ်ဦးသားသည် စားရင်းသောက်ရင်း တစ်ချို့အသေးစိတ်အချက်အလက်များအတွက် စကားလက်ဆုံကျနေကြ၏။
နောက်တွင် တုလင်းက သူမအား စားဖိုဆောင်အတွက် ဟင်းသီးဟင်းရွက်များကို ရှာဖွေပေးရာ၌ တာဝန်ရှိသူနှင့် မိတ်ဆက်ပေးခဲ့သည်။ ဤနည်းဖြင့်၊ အနာဂတ်သယ်ယူပို့ဆောင်ရေးများအတွက် သူတို့ ဆက်သွယ်ရန် ပို၍လွယ်ကူသွားလိမ့်မည်။
စျေးနှုန်းအတွက်မူ ထိုအချိန်ရှိ စျေးကွက်ပေါက်စျေးကို အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်သည်။ သို့ရာတွင် ယွီထျန်းရှန်းသည် ဖွင့်ခါစပင်ရှိသေးသည်ဟု ယူဆနိုင်၍ သူတို့၌ တိကျသော တိုးပွားစည်ပင်မှုမရှိသေးရာ သူမ၏ လစဥ်ဝင်ငွေသည် ပျမ်းမျှ ယွမ်သုံးသောင်းသာ ဖြစ်၏။ သူမ၏ စိုက်ပျိုးထုတ်လုပ်ရေး ကုန်ကျစရိတ်များ အားလုံးသည် သူမ၏ နေရာလွတ်နယ်မြေဟုသာ ယူဆနိုင်၍ သူမသည် အစေ့များအတွက်သာ ငွေပေးရရုံဖြစ်ကာ အခြေခံအားဖြင့် အမြတ်ချည်းသက်သက် ဖြစ်သည်။ ခရိုင်မြို့ကဲ့သို့သော နေရာမျိုးတွင် ဤပမာဏကို နည်းသည်ဟု မယူဆနိုင်ပေ။
ထို့အပြင် ယွီထျန်းရှန်း၏ စီးပွားရေးသည် ပို၍ကောင်းသထက် ကောင်းလာမည်သာ ဖြစ်သည်။ သူမ၏ ဝင်ငွေသည်လည်း ထိုညွှန်းကိန်းအပေါ်လိုက်၍ အလိုအလျောက် တိုးပွားလာမည်ပင်။
Chapter 124 : ဝယ်သူပေါ်လာခြင်း
အခြားဝင်ငွေတစ်ခုရရှိလာသဖြင့် နောက်ဆုံး၌ ကျင်းယွင်ကျောင်း၏ နှလုံးသားလေးက စိတ်ဖိစီးမှုများမှ လွတ်လပ်သွားခဲ့သည်။ သို့ရာတွင် သူမ၏ နေရာလွတ်နယ်မြေထဲတွင် ရှိနေသော အပြာနှင့်အဖြူစပ် ကြွေအိုးအကြောင်းကို တွေးလိုက်မိသဖြင့် ပြန်လည်၍ စဥ်းစားဆင်ခြင်လိုက်၏။
အတိတ်ဘဝ၌ အပြာနှင့် အဖြူစပ် ကြွေအိုးကို ဝယ်သွားသော စီးပွားရေးသမားသည် အခွင့်အရေးသမားတစ်ယောက် ဖြစ်ပြီး သူက ထိုအကြောင်းကို သတင်းများ ဖြန့်ခဲ့သောကြောင့် နင်းမြို့တော်မှ အဖိုးအိုသည် တရုတ်ကြွေထည်ကို ရူးသွပ်သွားခြင်းဖြစ်သည်။ ဤနည်းဖြင့်သာ သူ၏ အာရုံစိုက်မှုကို ရလိမ့်မည်။ ယခုအချိန်၌ ပစ္စည်းသည် သူမ၏ လက်ထဲတွင် ဖြစ်သည်။ သူမကသာ လက်ရှိအနေအထားအတိုင်း ပိုနေမြဲကျားနေမြဲ နေလိုက်၍ မည်သူကမှ အိုးအကြောင်းကို မသိပါက ကြောက်စရာပင်။ အဆုံးသတ်တွင် သူမသည် ၎င်းကို မရောင်းနိုင်ဘဲ နေလိမ့်မည်။
ထိုအကြောင်းကို တွေးတောယူဆပြီးနောက် ကျင်းယွင်ကျောင်းသည် အိမ်အပြန်လမ်းတွင် မြို့၏ အီလက်ထရွန်းနစ်ပစ္စည်းများရောင်းချသော အပိုင်းသို့ သွားရန် ဆုံးဖြတ်ခဲ့သည်။ သူမသည် ထိုနေရာမှ ကွန်ပျူတာတစ်လုံး ဝယ်ခဲ့၏။ လက်တွေ့တွင် အင်တာနက်ပေါ်တွင် ကလစ်တစ်ချက်နှိပ်ရုံဖြင့် သတင်းများကို လက်တွေ့လောကထက်ပို၍ မြန်ဆန်စွာ ဖြန့်ဝေနိုင်သည်။
နှစ်ရက်ကြာပြီးနောက် ကျင်းယွင်ကျောင်းသည် အင်တာနက် တပ်ဆင်ပြီးသွား၏။ သူမသည် ရှေးဟောင်းပစ္စည်းစုဆောင်းသူများကြားတွင် လူသိများသော ဝက်ဘ်ဆိုဒ်တစ်ခုကို ဖွင့်လိုက်သည်။ အပြာနှင့် အဖြူစပ် ကြွေအိုးပုံအား တင်ပြီးနောက် သူမသည် ၎င်း၏ အကြောင်းအရာ အသေးစိတ်ကို ဆက်၍ ဖြည့်လိုက်ပြီး နောက်ဆုံးအနေနှင့် သူမ၏ ဆက်သွယ်ရန် အချက်အလက်များကို ချန်ခဲ့လိုက်၏။
သူမ၏ လက်ထဲ၌ ယွမ်နှစ်သန်းထက်ပို၍ တန်ကြေးရှိသော တစ်စုံတစ်ခုရှိနေသည်ဟူသော အသိက သူမကို မအေးချမ်းစေပေ။ ယခု သူမလုပ်နိုင်သမျှမှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရုံသာ ဖြစ်၏။
အံသြစရာကောင်းသည်က တစ်ပတ်မပြည့်မီမှာပင် သူမသည် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။
အမှန်ပင်၊ သူမသည် အခြားသူများဆီမှ ဆက်စပ်နေသော ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့သော်လည်း သူတို့အားလုံးသည် သူမ ရှာနေသောသူ မဟုတ်။ သူတို့ကြားရှိ အများစုမှာ သူမ၏ အိုးက စစ်မှန်မှုရှိကြောင်းကို မပြောနိုင်သဖြင့် စျေးနှုန်းကို ပို၍ ဂရုစိုက်နေကြ၏။ သူမ၏ အတိတ်ဘဝမှ အဖိုးအိုနှင့် ကွာခြားလှသည်။
ဖုန်းထဲ၌ ထိုလူ၏ အသံမှာ အနည်းငယ် ကြမ်းရှနေ၏။ ဖုန်းဝင်လာသောအခိုက်မှာပင် သူက သူ၏ နာမည်ကို ဖော်ပြလာသည်။
အဖိုးအို၏ နောက်ဆုံးနာမည်မှာ ထန်ဖြစ်၏။ သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် သူက ဆက်၍ အသံတုန်တုန်ဖြင့် မေးလာသည်။
“မင်းက ဟွားနင်ခရိုင်က တစ်ယောက်လား။ မင်း အပြာနဲ့ အဖြူစပ် ကြွေအိုးကို ခုထိ မရောင်းရသေးဘူး မဟုတ်လား”
“မရောင်းရသေးပါဘူး”
နောက်ဆုံး၌ ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်၏။
မျိုးရိုးနာမည် ထန်နှင့် အဖိုးအိုသည် ချက်ချင်းပင် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် အံ့သြသွား၏။ အသံပိုင်ရှင်က အမျိုးသမီးတစ်ယောက်လား။ သူမက အရမ်းငယ်လွန်းတဲ့ပုံပေါက်မနေဘူးလား။
ဤအချိန်၌ သူက ထိုအကြောင်းကို များများစားစား ဂရုစိုက်မနေတော့ပေ။
“ဒါဆိုရင် ကောင်းပြီလေ။ ငါ မင်းရဲ့ အဲဒီအပြာနဲ့အဖြူစပ် ကြွေအိုးကို ဝယ်ဖို့ ရည်ရွယ်ထားတယ်။ ငါတို့ ဘယ်နေရာမှာ တွေ့နိုင်မလဲဆိုတာ မင်း စဥ်းစားလိုက်ပါ”
ဟုန်ဝူခေတ်မှ ထိုကဲ့သို့ အပြာနှင့် အဖြူစပ် ကြွေအိုးအမျိုးအစားသည် တွေ့ရခဲ၍ ဤတစ်ခုကဲ့သို့ ကောင်းမွန်စွာ ထိန်းသိမ်းထားသည့်အရာက ပို၍ပင် တွေ့ရခဲသေးသည်။ အကယ်၍ သူ၏ မြေးများအား ဤရတနာအား ငွေချေရန် သူ့ကိုယ်စား လွှတ်လိုက်မိပါကလည်း သူ စိတ်အေးနိုင်မည် မဟုတ်ပေ။
ထို့အပြင် သူသည် ၎င်းအား သူ၏ ကိုယ်ပိုင်မျက်လုံးများဖြင့် ကြည့်ရှုရန် လိုအပ်နေသည်။ သူ့ရဲ့ ဒီမြေးတွေက ဘာများသိလို့လဲ။
“ကျွန်မက ကျောင်းသွားရဦးမှာ၊ နင်းမြို့တော်ကို လာဖို့ အချိန်မရှိဘူးရယ်”
ကျင်းယွင်ကျောင်းက သူ့အား အကြောင်းကြားရင်း အနည်းငယ် အခက်တွေ့နေ၏။
ကျောင်းသွားမယ်တဲ့လား။ အဖိုးအိုသည် တစ်ဖန်ပြန်၍ ဆွံ့အသွားသော်လည်း သူက အများကြီး တွေးမနေတော့ဘဲ ဖြောင့်မတ်ပွင့်လင်းသော အမူအရာဖြင့် မေးလိုက်သည်။
“ငါတို့ ဒါကို ဘယ်လိုလုပ်ကြမလဲ၊ ငါ မနက်ဖြန် ... မဟုတ်ဘူး ... ဒီနေ့ပဲ ဟွားနင်ခရိုင်ကို လာခဲ့လိုက်မယ်။ မင်း ထျန်းရှန်းလော်ကို ကြားဖူးတယ် မဟုတ်လား။ ငါ အဲဒီမှာ လူတစ်ယောက်ကို ငါတို့အတွက် သီးသန့်ခန်းတစ်ခန်း မှာခိုင်းထားလိုက်မယ်။ ဒီည ခြောက်နာရီ အဲဒီမှာ မျက်နှာချင်းဆိုင် ဆွေးနွေးကြတာပေါ့”
ကျင်းယွင်ကျောင်းက စဥ်းစားလိုက်၏။ ညနေခြောက်နာရီက သူမအတွက် အတော်လေး သင့်လျော်သောကြောင့် သဘောတူလိုက်သည်။
သို့သော် ထျန်းရှန်းလော်၏အကြောင်းကို တွေးမိသောအခါ ကျင်းယွင်ကျောင်းသည် အနည်းငယ် ကူကယ်ရာမဲ့ဖြစ်သွား၏။ သူမ ထို လီရှောက်ယွင်ဆိုတဲ့ လူနဲ့တော့ ထပ်ပြီး မတိုးလောက်ဘူး မဟုတ်လား။
သူမသည် သူ့အပေါ်တွင် မုန်းတီးသော ရည်ရွယ်ချက်များ မရှိသော်လည်း သူတို့နောက်ဆုံးအကြိမ်တွေ့ခဲ့စဥ်က သူမအပေါ် ထားရှိသော သူ၏ သဘောထားအား အနည်းငယ် ထူးဆန်းသလို ခံစားနေရသည်ကတော့ အသေအချာပင်။ တစ်ချိန်တည်းမှာပင် သူသည် လူကြီးလူကောင်းစိတ်လည်း ရှိ၏။ သူက အနည်းငယ် စည်းကျော်နေသည်ဟု ထင်ရသော်လည်း သူမှားနေသည့်နေရာကိုလည်း ဘယ်သူမှ မပြောနိုင်ပေ။ ဤကဲ့သို့ ရှုပ်ထွေးပွေလီသော လူမျိုးအား မျက်နှာချင်းဆိုင်ရခြင်းထက် သူနှင့် ဝေးဝေးနေသည်က ပိုကောင်း၏။
တစ်နေ့လုံး ကျင်းယွင်ကျောင်း၏ စိတ်သည် အပြာနှင့် အဖြူစပ် ကြွေအိုးဆီသို့သာ လွန်ဆွဲနေသည်။ စာသင်ချိန်၌ ကျင်းယွင်ကျောင်း စိတ်ပျံ့လွင့်နေသည်က မြင်ရခဲလှသည့် အခိုက်အတန့်ဖြစ်ရာ ရှောင်ဟိုင်ချင်းသည် အတောမသတ်နိုင်အောင်ပင် အံ့သြနေတော့၏။ သူမက ကျင်းယွင်ကျောင်း ပြဿနာနှင့် ကြုံနေသည်ဟုပင် ထင်လိုက်မိသည်။
ပြဿနာရှိသည်ဟုဆိုရန်က သေချာပေါက် မဖြစ်နိုင်ပေ။ သူမ၏ အတိတ်ဘဝနှင့် နှိုင်းယှဥ်ပါက ဤဖြတ်သန်းခဲ့ရသော နေ့ရက်အနည်းငယ်သည် အတော်လေး စိတ်အေးလက်အေးရှိသည်ဟု ယူဆနိုင်၏။
အကြောင်းမှာ ချောင်ဟုန်ယဲ့ အနိုင်ကျင့်ခံနေရသည့် မြင်ကွင်းကို သူမ နေ့တိုင်း မြင်နိုင်သောကြောင့်ပင်။
ချောင်ဟုန်ယဲ့၏ အတန်းတံခါးရှေ့က ဖြတ်သွားသည့်အချိန်တိုင်း သူမ၏ ဝမ်းနည်း၍ အသည်းနှလုံးကွဲကြေနေသော အမူအယာကို မြင်ရလိမ့်မည်ပင်။ သူမသည် အံကြိတ်၍ပင် နေသေးသည်။ သူမ၏ အတန်းဖော်များက သူမအား ဆန့်ကျင်ရန် အုပ်စုပင် ဖွဲ့ထားပြီး သူတို့က သူမ၏ ထိုင်ခုံအား အမှိုက်ပုံးဘေးသို့ ရွေ့လိုက်ကြ၏။ ဘီခန်းအတန်းပိုင်ဆရာမပင် သူတို့အား မထိန်းနိုင်တော့ပေ။