← Chapters

အခန်း (၁၂၅-၁၂၈)

Vol. 7 Ch. 125-128

အခန်း (၁၂၅-၁၂၈)

Vol. 7 Ch. 125-128

Chapter 125 : သေပြီးသည့်နောက်၌ပင် မကျေနပ်ချက်

ချောင်ဟုန်ယဲ့သည် ဘီခန်း၏ မင်းသမီးလေးဖြစ်ကြောင်း လူသိရှင်ကြား သတ်မှတ်ခံခဲ့ရပြီး သူမ တစ်လက်မပင် မရွေ့ဘဲ တစ်ချိန်လုံး ထိုင်နေလျှင်တောင်မှ မြှောက်ပင့်ချီးမွှမ်းမှုများကို ရရှိခဲ့သည်။ ဤရက်များတွင် သူမအတွက် ကံဆိုးလှစွာဖြင့် လူတိုင်းက သူမအား အေးစက်သွားကြ၏။ ယခင်ကလိုမျိုး သူမသည် အတန်းထဲတွင် အာရုံစူးစိုက်နိုင်ခြင်းလည်း မရှိတော့ပေ။

မည်သို့ပင်ဆိုစေကာမူ သူမသည် အတန်း၏ ထိပ်ဆုံးကျောင်းသူ ဖြစ်သည်။ အတန်းထဲ၌ အာရုံမစိုက်သည်အား ဆရာ၊ ဆရာမများက မြင်သွားရာ သူမသည် ဆရာမများထံမှ ရုံးခန်းခေါ်ခံရသည့် ကံတရားကို မရှောင်လွှဲနိုင်တော့ဘဲ သတိပေးခံလိုက်ရ၏။ ချောင်ဟုန်ယဲ့သည် သူမ၏ နစ်နာမှုများကို ဖော်ထုတ်ချင်ခဲ့သည်။ ဆရာမများထံမှ သုံးကြိမ်ဆက်တိုက် အခေါ်ခံရပြီးသည့်နောက်တွင် သူမသည် ရုံးခန်းထဲ၌ ငိုကြွေးပြီး အတန်းဖော်များထံမှ သူမ အပယ်ခံနေရသည့်အကြောင်းကို ပြောပြခဲ့၏။

သူမ၏ အဆင့်များက ကောင်းမွန်၍ ယခင်ကလည်း သူမသည် အတော်လေး နာခံမှုရှိသည်။ ထို့ကြောင့် ဆရာ၊ ဆရာမများအားလုံးက သူမအတွက် တရားမျှတမှုကို ရှာဖွေပေးချင်သည်က အသေအချာပင်။

မမျှော်လင့်ဘဲ သူတို့ပါးစပ်ကို သူတို့သာ ပိုင်သည်ဖြစ်ရာ ဥပဒေက လူများစုကို မသက်ရောက်နိုင်ပေ။ ဆရာ၊ ဆရာမများက သူမ ပြောခဲ့သည်များအား သူတို့ကို ပြန်ပြောလိုက်၏။ သို့သော် ၎င်းက အသုံးမဝင်သော အားထုတ်မှုတစ်ခုပင်။ လက်တွေ့၌ သူမအပေါ်တွင် ကျောင်းသားကျောင်းသူများ၏ မုန်းတီးမှုက နောက်အဆင့်တစ်ခုရောက်အောင်ပင် နက်ရှိုင်းသွားသည်။

ဤကဲ့သို့ဖြင့် ချောင်ဟုန်ယဲ့သည် သူမဘဝ၏ အမှောင်မိုက်ဆုံး ရက်သတ္တပတ်ကို လက်တွေ့ကျကျ ဖြတ်သန်းခဲ့ရလေ၏။ သူမ၏ အသားအရေက ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး အသက်ဝိညာဥ်ကင်းမဲ့နေပုံ ပေါ်သည်။

ယခင်က သူမသည် နှစ်သက်ချင်စဖွယ်ကောင်း၍ နာခံမှုရှိ၏။ သို့သော် လက်ရှိတွင် သူမသည် ပို၍ သဘောကျစရာကင်းမဲ့လာခဲ့ပြီး ထုံထိုင်းလာသည်။ ယောက်ျားလေးများအားလုံးက ယခင်က သူတို့၏ အကြိုက်များသည် တစ်ခုခုမှားနေသကဲ့သို့ပင် တွေးတောလာကြ၏။ ဤချောင်ဟုန်ယဲ့၏ ရုပ်ရည်သည် အလွန်သာမန်ဆန်ကြောင်း အသိအသာပင်၊ ဘယ်လိုလုပ်ပြီး သူမက ကျောင်းရဲ့အလှဘုရင်မလေးဆိုတဲ့ အမည်နဲ့ နေခဲ့တာလဲ။ သူမသည် အတန်း၏ အလှဘုရင်မတောင်မှ ဟုတ်မနေပေ။

ချောင်ဟုန်ယဲ့၏ အနိုင်ကျင့်ခံရခြင်းသည် ကျောင်းဝန်းထဲ၌ပင် အဆုံးသတ်မသွားပေ။ အိမ်၌လည်း သူမသည် မစီမံ မခန့်ခွဲနိုင်လုနီးပါးပင်။

သူမသည် ချောင်ဝေ့မင်အား ကျင်းယွင်ကျောင်း နေသည့် နေရာကို ရှာမတွေ့ခဲ့ဟု လိမ်ညာခဲ့ချိန်ကတည်းက ချောင်ဝေ့မင်သည် သူမအပေါ်တွင် အလွန်အမင်းအေးစက်သွားခဲ့သည်။ ကြီးမားသော ငွေဝင်ပေါက်တစ်ခုကို ဆုံးရှုံးလိုက်ရသည့်အတွက် သူမအား အပြစ်တင်နေသည့်အလားပင်။

သူမသည် အပတ်တိုင်း အိမ်သို့ တစ်ကြိမ်သာ ပြန်တတ်သည်။ မူလက သူမသည် နောက်ဆုံး၌ အနားယူနိုင်ပြီဟု ထင်ခဲ့သော်လည်း လက်တွေ့တွင်မူ သူမ၌ လုပ်စရာ အိမ်မှုကိစ္စတစ်ပုံကြီး ရှိနေသေး၏။ ထုံးစံအတိုင်း သူမ၏ ရင်ထဲ၌ မကျေနပ်မှုများ ပြည့်နှက်လာသည်။

သူမ၏ အမြွှာအစ်ကို ချောင်ကျစ်ကျိုးလည်း ရှိသေး၏။ သူသည် ချောင်ဟုန်ယဲ့ကြောင့် ကျောင်းတွင် သူ သိက္ခာကျသည်ဟု ခံစားရသည်။ ထို့ကြောင့် သူက သူမအား ယခင်ကကဲ့သို့ နွေးထွေးညှာတာစွာ ဘယ်တော့မှ မဆက်ဆံတော့ချေ။

ဤသို့ဖြင့် ချောင်ဟုန်ယဲ့သည် ယခုအချိန်၌ အတန်းထဲတွင် အခြားသူများက သူမ၏ ဖြစ်တည်မှုကို မေ့ပျောက်နေစေရန် အတတ်နိုင်ဆုံး ကြိုးစားနေသည့်အလား တိတ်ဆိတ်စွာ နေနေရသည်။ အခြေအနေက ကျင်းယွင်ကျောင်း၏ အတိတ်ဘဝနှင့် လုံးဝကွာခြားသွားပြီဖြစ်၏။

ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့၏ အခက်အခဲအား မြင်ရသည်တွင် ကရုဏာစိတ်စိုးစဥ်မျှ မဖြစ်မိပေ။ သူတို့စိုက်ပျိုးသည်အား သူတို့ရိတ်သိမ်းရခြင်း ဖြစ်သည်လေ။

အထူးသဖြင့် အရာအားလုံးသည် အစသာရှိသေးသည်။ ချောင်ဟုန်ယဲ့သည် သူမ၏ အတိတ်ဘဝတစ်ခုလုံးတွင် အခြားလူများ၏ မျက်လုံးထဲ၌ ဖြူစင်သန့်ရှင်းသူလေးအဖြစ် လက်တွေ့ နေထိုင်ခဲ့ရပြီး ဖြစ်၏။ ဤအဖြစ်ဆိုးမျိုးအား ဖြတ်သန်းရသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ ရှေ့ဆက်၍ သူမ၏ ဘဝသက်တမ်း အရှည်ကြီးတစ်ခုလုံး ကျန်သေး၏။

ကျင်းယွင်ကျောင်းက ဘေးမှသာ စောင့်ကြည့်နေ၍ ဟွားဇယ်က သူမအား ကျောင်းဆင်းပြီးနောက် ချောင်ဟုန်ယဲ့၏ ကံခေမှုများကို နေ့စဥ် အစီရင်ခံသည်။ ထို့ကြောင့် သူမသည် ချောင်ဟုန်ယဲ့ မိုက်မိုက်မဲမဲ လုပ်လာမည်အား လုံးဝ မစိုးရိမ်ပေ။

ကျောင်းဆင်းပြီးနောက် ကျင်းယွင်ကျောင်းသည် ပထမဦးဆုံး ဝမ်ရှင်းဟွားယွမ့်သို့ ပြန်သွား၍ သူမ၏ အပြာနှင့် အဖြူစပ် ကြွေအိုးကို သယ်ကာ ပြန်ထွက်လာသည်။

သူမ တက္ကစီပေါ်သို့ မတက်မီမှာပင် သူမဆီသို့ ပြေးလာသည့် ချောင်ဟုန်ယဲ့နှင့် ဆုံ၏။ ချောင်ဟုန်ယဲ့က နှုတ်ခမ်းကို ကိုက်ထားပြီး သူမ မှားယွင်းစွပ်စွဲခံနေရသော လေသံမျိုးဖြင့် အသနားခံလာသည်။

“မမ၊ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပါဦး...အခြားကျောင်းသားတွေကို ကျွန်မက အစ်မကို တစ်ခါမှ မစွပ်စွဲခဲ့ဘူးဆိုတာ ပြောပြပေးပါ။ ပြီးတော့ နောက်ဆုံးအကြိမ်က အစ်မကို တိုက်ခိုက်တဲ့သူတွေကိုလည်း ကျွန်မရှာခဲ့တာ မဟုတ်ပါဘူး”

သို့ရာတွင် ကျင်းယွင်ကျောင်းက အတော်လေး ရယ်ချင်သွား၏။

‘သူ မလုပ်ခဲ့ဘူးဟုတ်လား။ လုံးဝကို ဟာသပဲ။ သူ့ရဲ့ကိုယ်ပိုင်မှတ်ဥာဏ်တွေများ အဖျက်ခံလိုက်ရတာလား’

“နင် ငါ့ကို ကူညီပေးဖို့ အသနားခံနေတာလား”

ကျင်းယွင်ကျောင်းက အေးစက်စက် ရယ်လိုက်သည်။

“ဒါဆို နောက်တစ်ခါ ငါ တစ်ယောက်ယောက်နဲ့တွေ့ရင် ငါ့ရဲ့ညီမလေးနဲ့ လမ်းသရဲတချို့က ကစားဖို့အတွက် ငါ့ကို အိမ်အထိလာရှာရုံပါလို့ ပြောပြလိုက်မယ်လေ။ ဒါက ငါ့ရဲ့နာမည်ကို ဖျက်ဖို့ ကြိုးစားသလောက်တော့ ယုတ်မာမှာ မဟုတ်ပါဘူး”

ချောင်ဟုန်ယဲ့က ဖြူဖက်သွား၏။ အကယ်၍ ကျင်းယွင်ကျောင်းသာ ဤကဲ့သို့ ပြောလိုက်ပါက သူမ ပြစ်မှုမြောက်သွားမည်မှာ အသေအချာပင်။

“မမ၊ နင် ဘာပဲပြောပြော ငါ့ရဲ့အမေက နင့်ကို ကျွေးမွေးပျိုးထောင်ပေးခဲ့တာပဲ။ ငွေကြေးထောက်ပံ့တာ မရှိဘူးဆိုရင်တောင် အနည်းဆုံး ခွန်အားတော့ စိုက်ထုတ်ခဲ့ရတာပဲ။ အခု သူက မရှိတော့ဘူး၊ နင်က ငါ့ကို ဒီလိုဆက်ဆံနေတယ်။ သူ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်မှာ မဟုတ်ဘူးနော်”

ချောင်ဟုန်ယဲ့က လက်သီးတင်းတင်းဆုပ်၍ ထပ်ပြောလိုက်သည်။

သူမသည် ကျင်းယွင်ကျောင်းအား တောင်းပန်ရန် လာခဲ့ခြင်းမှာ သူမ၏ ကံကောင်းမှုများ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။

ယခင်က ကျင်းယွင်ကျောင်းသည် အတော်လေး နာခံမှုရှိနေဆဲဖြစ်၏။ ကျင်းယွင်ကျောင်းအား တစ်ကြိမ်လောက် အောက်ကျို့လိုက်လျှင်...ဟု သူမ မျှော်လင့်ခဲ့သည်။

မူလက သူမသည် ယဲ့ချင်အား ဆွဲထည့်လိုက်လျှင် ကျင်းယွင်ကျောင်း အနည်းငယ် စိတ်ပြောင်းသွားမည်ဟု တွေးထားခဲ့သော်လည်း ကျင်းယွင်ကျောင်း၏ အမူအယာက ပြောင်းလဲမှု မရှိပေ။

“အမှန်ပဲ၊ ငါတို့အမေက သူသေသွားတာတောင် မကျေနပ်ချက်တွေ သေချာပေါက် ရှိနေမှာ”

Chapter 126 : ငါးစာကိုသာမြင်၍ ငါးမျှားချိတ်ကို မမြင်ခြင်း

ချောင်ဟုန်ယဲ့က မျက်လုံးပြူးသွား၏။ သူမက ကျင်းယွင်ကျောင်း ဤကဲ့သို့ ပြန်ပြောမည်ဟု ထင်မထားပေ။

တစ်ဖက်၌ ကျင်းယွင်ကျောင်းက တည်တည်ငြိမ်ငြိမ်ပင်။ ချောင်ဟုန်ယဲ့အပေါ်၌ သူမ၏ အကြည့်များက ရွံစရာကောင်းသည့်အရာကို ကြည့်နေရသည်နှင့် ဆင်တူပြီး သူမ၏ လေသံကလည်း သူမ၏ ရွံရှာစက်ဆုပ်မှုကို ဖော်ပြနေသည်။

“ချောင်ဟုန်ယဲ့၊ မမေ့နဲ့နော်။ ငါ သူ့ကို ကယ်ဖို့ နည်းလမ်းတစ်ခုရှာတွေ့ခဲ့တယ်။ အဲဒီနောက် ဆေးရုံက သမားတော်တွေကတောင် သူ့ကို ကယ်ဖို့ရာ အဲဒီနည်းလမ်းက ထိရောက်မှုရှိတယ်လို့ အတည်ပြုပေးခဲ့တယ်။ ဒါပေမယ့် ချောင်ဝေ့မင်က ဒါကို သုံးဖို့ ခေါင်းမာနေခဲ့တယ်။ သူ့ရဲ့သမီးအရင်းဖြစ်တဲ့ နင်ကလည်း ငြင်းခဲ့တယ်လေ။ ငါလိုချင်တာက သူသေသွားရင်တောင် နင်တို့သားအဖနှစ်ယောက်ကို ခြောက်လှန့်နေစေချင်တာ။ ပြီးတော့ နင်တို့နှစ်ယောက်လုံး ဒုက္ခရောက်နေတာတွေကို သူမြင်မှ အေးချမ်းနိုင်မှာလေ”

ကျင်းယွင်ကျောင်းက သူမအား ရည်ရွယ်ချက်ရှိရှိ ခြောက်လှန့်လိုက်သည်။

ဤကဲ့သို့သော ကလေးမျိုးအား မြေတောင်မြှောက်ပေးခဲ့မိခြင်းကြောင့် သေပြီးတဲ့နောက် သူမ အမှန်တကယ် ကျေနပ်နိုင်ပါ့မလား။

ချောင်ဟုန်ယဲ့က ဖြူဖျော့သွားပြီး ...

“ငါက နင့်ရဲ့နည်းလမ်းက မထိရောက်မှာ ကြောက်လို့၊ ပြီးတော့ အမေ့ကို ထပ်ပြီးတော့ နာနာကျင်ကျင် ခံစားနေရမှာစိုးလို့”

ကျင်းယွင်ကျောင်းက နှုတ်ခမ်းကို မဲ့လိုက်သည်။ နာကျင်မှုနှင့် နှိုင်းယှဥ်ပါက ယဲ့ချင်က အသက်ရှင်ရသည်ကို ပို၍ အလိုရှိမည်ဟုသာ သူမ ထင်၏။ စင်စစ် သူမသည် အသက်သုံးဆယ်ကျော်သာ ရှိသေးသည်။ ပျမ်းမျှလူ့သက်တမ်းနှင့် နှိုင်းယှဥ်ပါက သူသည် သက်တမ်းတစ်ဝက်ပင် မနေထိုင်ခဲ့ရပေ။

ထို့အပြင် ချောင်ဟုန်ယဲ့က လူကြားကောင်းအောင် ပြောလျှင်တောင်မှ တကယ်တမ်း သူမသည် ယဲ့ချင်၏ ရောဂါက သက်ဆိုးရှည်လွန်းသည်ဟု တွေးနေခြင်းဖြစ်သည်။ သူမ၏ ရင်ထဲ၌ ယဲ့ချင်၏ ကျေးဇူးတရားအားလုံးက လျော့ပါးပျောက်ကွယ်သွားပြီဖြစ်၏။

ချောင်ဟုန်ယဲ့အား ယဲ့ချင်အပေါ် သားသမီးဝတ္တရား မကျေသူတစ်ယောက်ဟု ပြောလျှင် မတိကျသော်လည်း ယဲ့ချင်သည် သူမရောဂါ၏ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး တစ်နေ့လုံး အတော်လေး စိတ်အခြေအနေဆိုးဝါးနေခဲ့၏။ သူမအား နှစ်သိမ့်ချော့မော့ရန် လိုအပ်သည်၊ သူတို့၏ မေတ္တာတရားများ လိုအပ်သည်၊ အထူးသဖြင့် ချောင်မိသားစု၏ ငွေကြေးကို လိုအပ်သည်။ ပထမ အစပိုင်း၌ ချောင်ဟုန်ယဲ့သည် ၎င်းကို သည်းခံနေသေး၍ သူမအား အဖော်ပြုပေးခဲ့၏။ သို့သော် အချိန်ကြာလာပြီးနောက်တွင်ရော...။ ဤအားနည်းလှသော ဝန်ထုပ်ဝန်ပိုးကြီးအား အဝေးသို့ လွှင့်ပစ်ချင်သော အတွေးများမရှိရန်မှာ ခက်ခဲလှသည်။

ကျင်းယွင်ကျောင်းက ဆက်လက်၍ အငြင်းပွားနေလိုစိတ်မရှိပေ။ ဤကဲ့သို့သောလူမျိုးနှင့် စကားပြောနေပါက ဘာကိုမှ ရှင်းလင်းနိုင်မည် မဟုတ်။ ချောင်ဟုန်ယဲ့၏ သုံးလောကအမြင်များသည် သူမနှင့် လုံးဝမတူညီကြောင်း သူမ အတော်လေး သေချာသွား၏။

“နင်က နင့်ကိုယ်နင် စည်းကျော်နေရတာကို ကြိုက်နေတာလား။ ငါ ကန့်ကွက်စရာတော့မရှိပါဘူး။ ဒါပေမယ့် ခွေးကောင်းတွေက လမ်းမပိတ်တတ်ဘူးနော်”

ကျင်းယွင်ကျောင်းက တက္ကစီတစ်စီးကို တားရန် လက်ဆန့်လိုက်သည်။

ချောင်ဟုန်ယဲ့က ရင်ထဲက တင်းကြပ်နေသည်များကို အောင့်ခံရင်း လက်သီးကို တင်းတင်းဆုပ်၍ ရှေ့တိုးကာ သူမ၏ လမ်းကို ဆက်ပိတ်နေသည်။ သူမ ခြေထောက်ကို ရွေ့လိုက်စဥ်မှာပင် ကျင်းယွင်ကျောင်းက သူမအား ဘေးမှ ဆောင့်ကန်လိုက်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပတ်သုံးပတ်မျှပင် လိမ့်သွားသည်။

“ငါ့ကို နင်လိုသလို လွယ်လွယ်နဲ့ ပုံသွင်းလို့ရမယ့်သူလို့ ထင်မနေနဲ့။ နင်က ငါ့အတွက် အတားအဆီးတစ်ခု ဖြစ်လာရင် အနည်းဆုံး နင့်ကို ဘေးကနေ ဆောင့်ကန်ရုံတင်တော့ ငါလုပ်မှာ မဟုတ်ဘူးနော်”

ကျင်းယွင်ကျောင်းက သူမအား ငုံ့ကြည့်လိုက်သည်၊ နောက်ထပ်တစ်ချက်ထပ်ကြည့်လိုက်ပြီးနောက် တက္ကစီဆီသို့ တည့်တည့်ဦးတည်သွား၍ သူမအား ဖုန်တောထဲ၌ ချန်ထားခဲ့၏။

ချောင်ဟုန်ယဲ့က မကျေမနပ်နှင့် အံကြိတ်လိုက်သည်။ သူမသည် ခဏမျှ တွေးနေမိနောက် တရွတ်ဆွဲ၍ ထရပ်လိုက်ကာ ကျင်းယွင်ကျောင်း၏ နောက်သို့ တက်ရန် အခြားတက္ကစီတစ်စီးကို ခေါ်၍ တက်လိုက်သည်။

မကြာမီ ကောင်းကင်ကြီး မှောင်တော့မည့်အချိန်တွင် ကျင်းယွင်ကျောင်း သွားချင်နေသည့် နေရာအား သူမ သိချင်နေ၏။

ကျင်းယွင်ကျောင်း တက္ကစီပေါ်သို့ တက်လိုက်သည်နှင့် ဒရိုင်ဘာက သူမအား ထူးဆန်းသော အမူအယာဖြင့် ကြည့်နေသည်။ ခုနလေးတင်မှ ဖြစ်သွားသည့် သွက်လက်သော ကန်ချက်အား ကြောက်ရွံ့နေသည့်ပုံပင်။

သို့ရာတွင် ကျင်းယွင်ကျောင်းသည် ဒရိုင်ဘာနှင့် စကားစမြည်ပြောနေရန် အချိန်မရှိပေ၊ ထွက်လာပြီး နှစ်မိနစ်တောင် မကြာသေးခင်မှာပင် သူမသည် ဟွားဇယ်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

“ကျုပ် ချောင်ဟုန်ယဲ့ကို နောက်ယောင်ခံလိုက်ဖို့ လွှတ်ထားတဲ့ ညီအစ်ကိုတွေက အခုလေးတင် သတင်းပြန်ပို့တယ်၊ သူက သူ့အစ်မနောက်ကို လိုက်ဖို့ တက္ကစီတစ်စီးပေါ်ကို တက်သွားတယ်တဲ့။ သူတို့ဘယ်သွားတာလည်းတော့ ကျုပ်တို့လည်း သေချာမသိဘူး။ ဒါပေမယ့် ကြည့်လိုက်တာနဲ့ သူ့မှာ ကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးလို့တော့ ပြောနိုင်တယ်”

ဟွားဇယ်က ကျင်းယွင်ကျောင်းအား သူနှင့် ဆက်သွယ်နေသည့် ကောင်လေးဖြစ်မှန်း သတိမထားမိပေ။ တစ်ချိန်တည်းမှာပင် သူသည် ဤချောင်ဟုန်ယဲ့ အစ်မဖြစ်သူ၏ ခွန်အားကြောင့် အံ့အားသင့်နေသည်။

ကျင်းယွင်ကျောင်းက နောက်ကြည့်မှန်ကို ကြည့်လိုက်၏။ မျှော်လင့်ထားသည့်အတိုင်း သူတို့နောက်သို့ အငှားကားတစ်စီးက မျက်ခြေမပြတ် လိုက်နေသည်။ အတွင်းထဲမှ ချောင်ဟုန်ယဲ့ဖြစ်ကြောင်းကို သူမ သံသယမရှိပေ။

ကျင်းယွင်ကျောင်းက သူမ၏ အသံကို အောပြီး ပြောလိုက်သည်။

“ခင်ဗျားရဲ့ညီအစ်ကိုတွေ နောက်ကနေ ဆက်လိုက်နေသေးရဲ့လား”

သူမသည် ယွမ်တစ်သိန်းပေးထားပြီးဖြစ်၏။ သူတို့က ဆီဖိုးအား တွက်ကပ်မနေနိုင်မည်မှာ အသေအချာပင်။

(T/N: အင်္ဂလိပ်ထွမ်စလိတ်တာက ရှေ့အပိုင်းတစ်ခုမှာ ထပ်တိုးပေးတဲ့ငွေကို ယွမ်တစ်သောင်းလို့ မှားရေးခဲ့မိပါတယ်တဲ့။ ယွမ်တစ်သိန်းက ပိုဖြစ်နိုင်တယ်လို့ ယူဆပါတယ်တဲ့။)

“အမှန်ပဲပေါ့”

ဟွားဇယ်က အနည်းငယ် ကျေနပ်နေ၏။ အကြောင်းမှာ သူ၏ ညီအစ်ကိုများသည် ဟွားနင်ခရိုင်တွင် အမှန်ကန်ဆုံးနှင့် တာဝန်အကျေဆုံး အုပ်စုဖြစ်သည်။ ကောင်မလေးတစ်ယောက်၏ နောက်ကို လိုက်ရုံမျှသာ ဖြစ်၍ သူတို့က သူမအား မျက်ခြေမပြတ်သွားနိုင်ပေ။

ကျင်းယွင်ကျောင်းက ပြုံးလိုက်၏။

“ဒါဆိုရင်တော့ ကောင်းတာပေါ့။ နောက် သူ တက္ကစီပေါ်က ဆင်းလာရင် သူ့ကို တော်တော်ဝေးဝေးကို ခေါ်သွားဖို့ နည်းလမ်းတစ်ခုလောက် တွေးထားပေးပါဦး။ သူက ဒီလောက်တောင် ဝနေတာ၊ လေ့ကျင့်ခန်းနည်းနည်းလောက်တော့ လုပ်ဖို့လိုတယ်”

ဘေး၌ ဒရိုင်ဘာရှိနေသောကြောင့် သူမ အသေးစိတ်မပြောနိုင်ပေ။

သို့သော် ဟွားဇယ်က မည်သူနည်း။ သူသည် မကောင်းမှုများစွာကို ပြုလုပ်ဖူးပြီးသားဖြစ်ရာ ထိုစကားကို နားမလည်ဘဲ နေလိမ့်မည်လား။

Chapter 127 : ပြန်ပေးဆွဲခြင်း

ဖုန်းချပြီးနောက် ကျင်းယွင်ကျောင်းက ဒရိုင်ဘာအား မိန်းလမ်းမကြီးမှ မသွားခိုင်းဘဲ ထိုအစား ထျန်းရှန်းလော်၏ အနီးရှိ လမ်းကြားလေးတစ်ခုထဲသို့ မောင်းဝင်ရန် တောင်းဆိုလိုက်သည်။ စင်စစ် တစ်စုံတစ်ယောက်အား ပြန်ပေးဆွဲပါက ဖြတ်သွားဖြတ်လာများ၏ မျက်လုံးများအောက်၌ ဖြစ်ပျက်ရန်မှာ မဖြစ်နိုင်ပေ။

ဒရိုင်ဘာသည် သိချင်စိတ်များ ပြည့်နေသော်လည်း ၎င်းမှာ ကာစတန်မာ၏ တောင်းဆိုချက်ဖြစ်ရာ သူက သူမ၏ ညွှန်ကြားချက်များအား လိုက်နာရမည်မှာ အမှန်ပင်။ အထူးသဖြင့် အစောပိုင်းက သူမ လူတစ်ယောက်အား ရိုက််လိုက်သည့်ပုံမှာ အတော်လေး အထင်ကြီးစရာဖြစ်၏။ သူမသည် အတော်လေး ငယ်ရွယ်ပုံပေါက်သော်လည်း ဖုန်းပြောနေစဥ်၌ သူမ၏ ထူးဆန်းသော လေသံကို သူကြားခဲ့ရသည်၊ သူ ထိုအကြောင်းကို များများစားစား မတွေးရဲပေ။ ကျင်းယွင်ကျောင်း ကားပေါ်မှ ဆင်းသွားသောအခါ သူသည် သူမ၏ လုံခြုံရေးအတွက် သတိပေးရန် ကားတံခါးပေါက်မှ ခေါင်းထုတ်၍ပင် ပြောလိုက်သေးသည်။

နေဝင်သွားပြီဖြစ်ရာ စင်စစ် လှပသော မိန်းကလေးငယ်လေးတစ်ယောက်က ဤကဲ့သို့ လမ်းကြားလေးတစ်ခုထဲ၌ ရှိနေခြင်းက အလွန်အန္တရာယ်များလှ၏။

သူမ ကားပေါ်မှ ဆင်းလာပြီးနောက် အခြားကားတစ်စီးသည်လည်း ရပ်သွားကြောင်း သိသိသာသာပင် ခံစားမိလိုက်သည်။ သူမက ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် အကွေ့တစ်ခုအား ကွေ့လိုက်၏။ သူမ၏ အနောက်မှ သတိရှိရှိ လှမ်းနေသော ခြေလှမ်းများ၏ ပဲ့တင်သံကို ကြားနေရရာ သူမ၏ မျက်နှာပေါ်၌ အပြုံးတစ်ခုက မသိမသာ ပေါ်ထွက်လာသည်။

ဟွားဇယ်က နောက်မှ တစ်ယောက်လိုက်လာသည်ဟု ပြောပြီးသားဖြစ်ရာ သူမသည် လမ်းကြားလေးထဲ၌ ဆက်မနေတော့ပေ။ သူမက အရှိန်မြှင့်၍ လမ်းကြားလေးများ၏ ဝင်္ကပါထဲမှ ထွက်လိုက်သည်။

ထိုအချိန်၌ သတိကြီးကြီးထား၍ နောက်ကလိုက်နေသော ချောင်ဟုန်ယဲ့သည် အတော်လေး သောကရောက်နေ၏။ ကျင်းယွင်ကျောင်း လမ်းလျှောက်သည်မှာ မြန်လွန်းလှပြီး လမ်းကြားကလည်း ခြောက်ခြားဖွယ်ရာကောင်း၍ သူမအား ကြောက်ရွံ့လာစေသည်။

အချိန်တိုလေးအတွင်းမှာပင် ကျင်းယွင်ကျောင်း ပျောက်ကွယ်သွား၏။ သူမသည် သူမ ဝင်ရောက် ပျောက်ကွယ်သွားသည့် လမ်းခွဲနေရာနှင့်ပတ်သတ်ပြီး ချောင်ဟုန်ယဲ့အတွက် သဲလွန််စလေးတစ်ခုမျှပင် ချန်မထားခဲ့ပေ။ ဤသည်က ချောင်ဟုန်ယဲ့အား ပို၍ ဒေါသထွက်စေပြီး သူမသည် ထွက်သွားရန် ကြံလိုက်ကာ နောက်ပြန်လှည့်လိုက်သည်။ သို့သော် သူမ ခေါင်းလှည့်လိုက်သည်နှင့် လူတစ်ယောက်က သူမ၏ ပါးစပ်အား တင်းတင်းကြပ်ကြပ် ပိတ်လိုက်ပြီးနောက် ကားတစ်စီးပေါ်သို့ ဆွဲခေါ်သွားတော့၏။

သူမ ပြန်ပေးဆွဲခံလိုက်ရတာလား။

သိမ်မွေ့နူးညံ့သော ချောင်ဟုန်ယဲ့သည် ဤကဲ့သို့ တစ်ခါမှ မကြုံဖူးရာ မျှော်လင့်ထားသည့်အတိုင်း သူမ မူးမေ့သွားသည်။

သူမ အသိစိတ်ပြန်ကပ်သည့်အချိန်တွင် သူတို့သည် မြို့ပြင်ဆင်ခြေဖုံးတစ်နေရာ၌ ရောက်နေကြ၏။ ညီအစ်ကိုအချို့က ခြံပျက်နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။

ဟွားနင်ခရိုင်သည် ချမ်းသာကြွယ်ဝ၍ လူနေထူထပ်သည်ဟု ယူဆ၍ရသော်လည်း လူသူအရောက်အပေါက်နည်းသည့် နေရာများလည်း ရှိနေသေး၏။ အထူးသဖြင့် ဟွားဇယ်နှင့် သူ၏ ညီအစ်ကိုများ ရှာတွေ့ခဲ့သည့် ထီးတည်း တည်ရှိနေသော ဤကဲ့သို့နေရာမျိုးပင်။

ညအချိန်ဖြစ်ပြီး ဤနေရာကို အုတ်ဂူကျောက်တိုင်များက ဝန်းရံထားသည် ဖြစ်ရာ ပုံမှန်အားဖြင့် လမ်းကျဥ်းလေးအတိုင်း လာတတ်သူ မရှိပေ။ ၎င်းတိတ်ဆိတ်နေခြင်းက ချောင်ဟုန်ယဲ့အား

“ကု...ကု” ဟူသော လေတိုးသံများကိုပင် ကြားစေသည်။ သူမ၏ ခြေထောက်အောက်ရှိ ပေါင်းပင်များနှင့် ရောနေသော ရွှံဗွက်များက တစ်စုံတစ်ယောက် သူမ၏ အောက်သို့ လိုက်လာသည့်အလား ထင်မှတ်စေ၏။ သူမ၏ ဒူးများ ပျော့ခွေလာသည်အထိပင် ကြောက်ရွံ့ထိတ်လန့်နေသည်။ သူမသည် ဤတစ်ကြိမ်တော့ မူးမလဲရဲချေ။ အကယ်၍ သူမသာ ထပ်၍မေ့လဲသွားပါက နောက်တစ်ကြိမ် သတိရလာသောအခါ သူမ အဆုံးသတ်သွားမည်လားဆိုသည်ကို မည်သူသိမည်နည်း။ အထီးကျန်သော တစ္ဆေတစ်ကောင်ပင် ဖြစ်သွားနိုင်သည်။

ဘယ်နေရာသို့ ရောက်နေမှန်းပင် မသိသောကြောင့် သူမသည် ခန္ဓာကိုယ်ကို တောင့်ထားပြီး လမ်းအတိုင်း လျှောက်လာခဲ့၏။ လမ်းသည် မဆုံးနိုင်တော့မည့်အလား ရှည်လျားလှသည်။ လမ်းဘေး၌ အိမ်ထောင်စုအချို့ရှိသော်လည်း အိမ်ထောင်စုတစ်စုနှင့်တစ်စု အတော်လေး အလှမ်းကွာဝေးနေ၍ သူမသည် သူတို့အား ခပ်ကျဲကျဲသာ မြင်ရ၏။ တစ်ဖက်တွင်လည်း မီးရောင်ခပ်မှိန်မှိန်များက အတော် ကြောက်စရာကောင်းလှသည်။

ချောင်ဟုန်ယဲ့က ဂါဝန်အဖြူတစ်ထည်ကို ဝတ်ဆင်ထား၏။ မူလက သူမသည် ကုတ်အင်္ကျီတစ်ထည်ကိုပါ ဝတ်ထားသော်လည်း ၎င်းကို ဟွားဇယ်၏ ညီအစ်ကိုများက ယူသွားကြပြီဖြစ်သည်။ ထို့ကြောင့် သူမသည် အတော်လေး ချမ်းနေ၏။

သူမ၏ ရှည်လျား ဖြောင့်စင်း၍ ဝဲကျနေသော ဆံပင်များက ကားစီးလာသော တစ်လျှောက်လုံး လူးလိမ့်နေရသောကြောင့် အလွန်ရှုပ်ပွနေသည်။ ထို့အပြင် သူမသည် တစ်လမ်းလုံး ရှိုက်သံများ ဆို့နင့်လာသောကြောင့် သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များက အဆက်မပြတ်စီးကျနေ၏။ သူမ၏ ပုံစံမှာ ကြောက်စရာကောင်းနေသည်။

ချောင်ဟုန်ယဲ့သည် တောင်ပေါ်လမ်း၌ ပြိုင်ကားနှစ်စီးနှင့် တွေ့ခဲ့၏။ သို့သော်လည်း ... ... ...

သူတို့က သူမအား ကြောက်ရွံ့သွားကြ၏။

အကယ်၍ တစ်စုံတစ်ခုကိုသာ အပြစ်တင်ရမည်ဆိုပါက သူမ၏ သွေးရောင်ရဲနေသော မျက်ဝန်းများကိုသာ အပြစ်ပုံချရပေမည်။ သူမ၏ အကြည့်များတွင် ဖုံးကွယ်ထားသော အာဃာသများ ရှိနေသည်နှင့် တူနေသည်။ သူမသည် အကြောက်လွန်၍ ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး သူမ၏ အဖြူရောင်ဂါဝန်နှင့် ဆံပင်အရှည်ကြီးကို ပေါင်းစပ်လိုက်ပါက သူမသည် သရဲမတစ်ကောင်နှင့် တူနေသည်မှာ အသေအချာပင်။ မည်သူက သူမအား ချဥ်းကပ်ရဲမည်နည်း။

ခြေလှမ်းတိုင်းက အခက်အခဲတစ်ခုစီနှင့်ပင်။ အချိန်ပိုကုန်လာသည်နှင့်အမျှ အပူချိန်ကလည်း ပို၍အေးစက်လာ၏။ ချောင်ဟုန်ယဲ့သည် ရူးချင်လာပြီး လဲပြိုကျလုနီးနီးပင်။

ကံဆိုးစွာဖြင့် ကျင်းယွင်ကျောင်းသည် ဤမြင်ကွင်းအား မမြင်လိုက်ရပေ။ အကယ်၍ သူမသာ ချောင်ဟုန်ယဲ့၏ ဒုက္ခကို သိသွားပါက သူမ ဘယ်လောက်တောင် ရယ်မောနေမည်အား မပြောနိုင်ပေ။

သူမသည် ချိန်းဆိုထားသော ထျန်းရှန်းလော်၏ သီးသန့်ခန်းသို့ ရောက်သောအခါ လူကြီးတစ်ယောက်နှင့် သူ၏ ဘေးတွင် ထိုင်နေသော သူမနှင့် ရွယ်တူဝန်းကျင်ခန့် လူငယ်လေးတစ်ယောက်အား မြင်လိုက်ရသည်။

“နင်က...စားပွဲထိုးလား”

ကောင်လေးက သူမအား တစ်ချက်ကြည့်လိုက်ပြီး ထိတ်လန့်သွား၏။ သူက ဤစားပွဲထိုးမလေးက ငယ်သေးသည့်အကြောင်းကို တွေးနေသော်လည်း နောက်တစ်ခေါက် ထပ်ကြည့်လိုက်သောအခါ သူမက စားပွဲထိုးတစ်ယောက်နှင့် မတူသလို ခံစားလိုက်ရပြန်သည်။ အကြောင်းမှာ ဤနေရာရှိ စားပွဲထိုးများအားလုံးက တူညီဝတ်စုံများကိုသာ ဝတ်ဆင်ကြရ၍ပင်။

ကျင်းယွင်ကျောင်းက သူ့အား တစ်ချက်ကြည့်လိုက်ပြီး သီးသန့်ခန်းထဲသို့ တည်တည်ငြိမ်ငြိမ် ဝင်လာသည်။ ထို့နောက် သူမ၏ အကြည့်များကို အဖိုးအိုဘက်သို့ လှည့်၍ ပြောလိုက်၏။

“ရှင်က မစ္စတာထန် ဖြစ်ရမယ်။ ကျွန်မက ရှင်နဲ့ချိန်းထားတဲ့ ရောင်းမယ့်သူပါ”

သူမ၏ စကားဆုံးသည်နှင့် သူမ၏ ရှေ့ရှိ လူကြီးနှင့် လူငယ် မြေးအဖိုးနှစ်ဦးစလုံး တစ်ပြိုင်နက် တောင့်တင့်သွားသည်ကို မြင်လိုက်ရသည်။

Chapter 128 : ပစ္စည်းကောင်း

“အပြာနဲ့ အဖြူစပ် ကြွေအိုးလား”

အဖိုးအိုက အံအားသင့်သွားပြီးနောက် အသိစိတ်ပြန်ကပ်သွားသောအခါ ကျင်းယွင်ကျောင်း၏ လက်ထဲ၌ ပိုက်ထားသော ပစ္စည်းကို ညွှန်ပြရင်း မေးလိုက်၏။

သူမက ခေါင်းငြိမ့်ပြလိုက်ပြီး ပစ္စည်းကို စားပွဲပေါ်သို့ တင်လိုက်သည်။

“ကျွန်မ နောက်ကျသွားလို့ ဗွေမယူပါနဲ့ ရှင့်။ ဒီကို လာတဲ့လမ်းမှာ ကိစ္စလေးတစ်ခုနဲ့ ကြုံနေလို့ပါ။ ဒါပေမယ့် ရှင် မစိုးရိမ်ပါနဲ့။ ကျွန်မ အခုယူလာတာက ရှင် ကျွန်မရဲ့ပို့စ်မှာ မြင်ခဲ့ရတာနဲ့ အတူတူ တစ်ခုတည်းပါပဲ။ အရင်ဆုံး တစ်ချက်လောက် ကြည့်ကြည့်နိုင်ပါတယ်”

သူမက အိတ်ကို ဖွင့်လိုက်ရာ အဖိုးအိုက အလျင်အမြန်ပင် မျက်လုံးဝေ့ကြည့်လိုက်ပြီး ဂရုတစိုက် စစ်ဆေးလိုက်သည်။

အဖိုးအိုက စေ့စေ့စပ်စပ် စစ်ဆေးနေစဥ်တွင် ကျင်းယွင်ကျောင်းက ဘေး၌ ငြိမ်ငြိမ်သက်သက် ရပ်နေ၏။ သူက တံထွေးကို ကျယ်လောင်စွာ မြိုချလိုက်ပြီးနောက် ပြောလိုက်သည်။

“မဆိုးဘူး၊ မဆိုးဘူး။ ပုံစံက ကျက်သရေရှိတယ်၊ ပန်းချီအရည်အသွေးကလည်း အသေးစိတ်တယ်၊ ပြီးတော့ အလှဆင်ထားတဲ့ အဆင်ပုံစံမျိုးစုံကလည်း ထင်ရှားတယ်။ အရောင်စပ်ထားတာကလည်း ငြိမ်တယ်။ ပြီးရင် ကြွေထည်တစ်ခုလုံးရဲ့ အပြင်ဘက်အလွှာကို ထိန်းသိမ်းမှုကလည်း... ...”

အဖိုးအိုက ကျင်းယွင်ကျောင်း နားမလည်နိုင်သည့် စကားတသီတတန်းကြီးကို ပြောနေ၏။ သူသည် သူ၏ ဘေးရှိ လူငယ်လေးကို ဆွဲလိုက်ပြီး အိုးကိုညွှန်ပြ၍ ပြောလိုက်သည်ကိုလည်း သူမ မြင်လိုက်ရသည်။

“ကျစ်ဝေ့၊ ဒါကို လာကြည့်စမ်း။ ဒါက တကယ့်ကို အစစ်အမှန်ပဲ”

သူမက စောင့်ကြည့်နေရာ အဖိုးအို၏ ဘေးရှိ လူငယ်၏ အမူအယာသည်လည်း သူမနှင့် အတူတူပင်။ သူ၏ မျက်နှာတစ်ခုလုံးက ‘နားမလည်ပါ’ ဟူသော စာလုံးသုံးလုံးကို ရေးထားလုနီးပါး ...။

(T/N : တရုတ်လိုကျ သုံးလုံးတည်းမို့လို့ပါ။)

သို့သော် အဖိုးအိုက ၎င်းကို ဂရုမစိုက်ပေ။ အဓိပ္ပါယ်မရှိသော စကားအရှည်ကြီးအား သူ့ကိုယ်သူ ပြောနေပြီးနောက် ‘ဒီလိုကြီးကျယ်တဲ့ ပစ္စည်းတစ်ခုကို သူမ ဘာလို့များ အခုမှ ရှာတွေ့တာလဲ’ ဟု ပြောနေသည့်အလား သူ၏ အမူအယာများက ကမောက်ကမဖြစ်နေလေသည်။

မိနစ်နှစ်ဆယ်ထက်မနည်း ကြာပြီးသည့်နောက် နောက်ဆုံးတွင်တော့ အဖိုးအိုက တုံ့ပြန်လာခဲ့ပြီး ဤပစ္စည်းသည် သူ့အပိုင်မဟုတ်သေးကြောင်း သတိရသွား၏။

သူ၏ ကြမ်းတမ်းသော မျက်နှာတစ်ခုလုံးက အပြုံးများဖြင့် ပြည့်နေပြီး မွဲခြောက်ခြောက်မျက်ဝန်းများက အလင်းများ ဖြာနေသည်။ သူ၏ အပြုအမူတစ်ခုလုံးက စေတနာများ ယိုဖိတ်နေသည်ဟုပင် ပြောနိုင်၏။

ဘေးတွင်ထိုင်နေသော ထန်ကျစ်ဝေ့က သူ၏ အဖိုးအရင်းဖြစ်သူကို ကြည့်ရင်း အလွန်အမင်း ရှက်နေပြီဖြစ်သည်။ သူသည် လက်ရှိအချိန်၌ နတ်သူငယ်လေးတစ်ယောက်လိုပင်။ သူတို့ အိမ်၌ ရှိစဥ်က သူ၏ အဖိုးသည် အလွန်စည်းကမ်းတင်းကြပ်၍ ဘယ်သူကမှ သွားမရှုပ်ရဲသည်မှာ အသိသာပင်။ ယခုကရော။ သူသည် သူစိမ်းမိန်းကလေးတစ်ယောက်ဆီသို့ အူယားဖားယား ပြေးသွား၍ ပျော်ရွှင်စွာ ပြုံးပြနေသည်။ အပြင်လူတစ်ယောက်ကသာ သူတို့အား မြင်ပါက သူ့အစား ဤမိန်းကလေးက မြေးအရင်းဟုပင် တွေးကြလိမ့်မည်။

“လုံမလေး၊ ဒီပစ္စည်းက မင်းရဲ့မိသားစု အမွေအနှစ်လား”

အဖိုးအိုက မေးလိုက်သည်။

အကယ်၍ သူမ၏ မိိသားစု အမွေအနှစ်သာဆိုပါက ဆုံးဖြတ်ချက်ချရန် တာဝန်ရှိသူသည် ဤမိန်းမပျိုလေး မဟုတ်ပေ။ အုပ်ထိန်းသူတစ်ယောက်ဖြစ်ပါက ပို၍ ကောင်းမည်မှာ အသေအချာပင်။ သူက ဆုံးဖြတ်ပေးနိုင်လျှင်တောင်မှ သူသည် သူ၏ အာဏာကို အလွဲသုံးစား လုပ်မည့်သူ မဟုတ်။

ကျင်းယွင်ကျောင်းက ခေါင်းခါပြလိုက်၏။

“ကျွန်မ ဒါကို မြို့ထဲက စျေးကနေ ဝယ်လာခဲ့တာပါ။ ရောင်းတဲ့သူရဲ့ အမျိုးသမီးက ကျန်းမာရေးမကောင်းတော့ သူက ရွေးချယ်စရာမရှိတော့လို့ ဒါကို ရောင်းရတာ။ ကျွန်မအတွက် ကံဆိုးချင်တာလား၊ ကံကောင်းချင်တာလားတော့ မသိဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ခေါ်စျေးက အရမ်းမြင့်နေတော့ ဒါက နောက်ဆုံးမှာ ကျွန်မရဲ့လက်ထဲ ရောက်လာတယ်လေ”

အဖိုးအိုက သူမပြောသည်အား နားထောင်ပြီးနောက် အလွန်အံ့သြသွား၏။

“မင်း ဒါကိုဝယ်ဖို့ ဘယ်လောက်သုံးခဲ့ရတာလဲ”

သူသည် သူမအား မမေးဘဲ မနေနိုင်ချေ။

ကျင်းယွင်ကျောင်းက ရယ်လိုက်ပြီး သူ၏ မေးခွန်းကို ပြန်မဖြေပေ။ ထိုအစား သူမက ပြန်၍ မေးလိုက်၏။

“ရှင် ဒီအိုးကို လိုချင်လား”

“ဒါပေါ့၊ ဘာလို့မလိုချင်ရမှာလဲ”

အဖိုးအိုက နစ်နာသူတစ်ယောက်အား ကာကွယ်နေသည့်အလား အလျင်အမြန်ပြောလိုက်သော်လည်း သူ နောက်ကျလွန်းသွားသည်အား သတိထားမိလိုက်၏။ ဤလုံမပျိုသည် သူမ ပေးခဲ့ရသောစျေးကို သိပြီးနောက် သူက သူ၏ ဝယ်မည့်စျေးကို လျှော့ပစ်လိုက်မည်ကို သိ၍ သူ့အား စမ်းသပ်နေခြင်းပင်။

“မင်းက ဆုံးဖြတ်ချက်ချနိုင်ရဲ့လား။ မင်းကို ကြည့်ရတာ အသက်တောင် မပြည့်သေးတဲ့ပုံပဲ။ တကယ်လို့ မင်းရဲ့မိဘတွေက မင်းနဲ့အတူမရှိရင်... ...”

သူသည်လည်း အခက်တွေ့နေသည်။

“ကျွန်မမှာ မိဘတွေမရှိတော့ပါဘူး။ ဒါကို ဝယ်ခဲ့တဲ့သူက ကျွန်မဖြစ်လို့ ကျွန်မမှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိပါတယ်”

ကျင်းယွင်ကျောင်းက သူမ ချောင်ဝေ့မင်နှင့် မိသားစုအဆက်အသွယ် ဖြတ်တောက်ပြီးစီးခဲ့သည့် စာရွက်စာတမ်းများကို ထုတ်ပြ၍ ရှင်းပြလိုက်၏။

အဖိုးအိုက မျက်မှောင်ကြုံ့လိုက်၏။ မိဘတွေ မရှိတော့ဘူးတဲ့လာူ။ သူမသည် သိမ်မွေ့သော မိန်းမချောလေးတစ်ယောက် ဖြစ်ရာ ဤသည်က ရှက်စရာပင်။ ယခုအချိန်၌ ဤလုံမပျို အလွန်တည်ငြိမ်နေသည်အား မအံ့သြတော့ပေ။ သူမသည် တစ်ယောက်တည်း ရှင်သန်နေထိုင်ရခြင်းကို နေသားကျနေပုံပင်။

သူသည် ဤမိန်းကလေးအပေါ်၌ အနည်းငယ် ပို၍ ချစ်ခင်စိတ်များ ပေါက်ဖွားလာ၏။ တစ်ချိန်တည်းမှာပင် သူသည် အနည်းငယ်် ကရုဏာသက်နေမိသည်။

“ဒီလိုဆိုမှတော့ စျေးနှုန်းကို ဆွေးနွေးကြတာပေါ့။ ငါလည်း မင်းကို အခက်တွေ့အောင် မလုပ်ချင်ပါဘူးကွယ်။ တကယ်လို့ မင်းသဘောတူတယ်ဆိုရင် ခေါင်းညိတ်ပြလိုက်၊ မတူဘူးဆိုရင် ထပ်ပြီးတော့ ဆွေးနွေးတာပေါ့။ ဒီလို အဆင်ပြေရဲ့လား”

ကျင်းယွင်ကျောင်းက သဘောတူကြောင်း ဖော်ပြလိုက်သည်။

“ယွမ် သုံးဆယ့်ငါးသန်း”

စျေးနှုန်းကြောင့် ကျင်းယွင်ကျောင်း၏ နှလုံးသားက ဆောင့်ခုန်သွား၏။ အဘယ်ကြောင့် ဒါက... ...သူမ၏ အတိတ်ဘဝနှင့် ကွာခြားနေရသနည်း။ ထို့အပြင် တိုးပွားသွားသည့် ကွာခြားချက်က အလွန်ပင် ကြီးမားလှပေသည်။

All Chapters