အခန်း (၁၂၉-၁၃၂)
Vol. 7 Ch. 129-132
Chapter 129 : ဆေးအိုးကြီး(၁)
စျေးနှုန်းမှာ ယွမ်သန်းနှစ်ဆယ် အနည်းငယ် ကျော်ရုံမျှသာဖြစ်ကြောင်း သူမ မှတ်မိ၏။
သို့သော် အတိတ်ဘဝက ကြွေအိုးကို ဝယ်သွားသော ကုန်သည်သည် ကလိမ်ကကျစ်ကျ၍ လောဘကြီးကြောင်းကို ကျင်းယွင်ကျောင်း အသိပင်၊ အဖိုးအိုက သူ့ကို သဘောမကျသောကြောင့် စျေးနှုန်းကို လျှော့ချပစ်ခဲ့သည်လား။ တကယ်တမ်း ယခု သတ်မှတ်ပေးသော စျေးသည် အမှန်တကယ်ပင် ထိုက်တန်၍ သူတို့ကြား၌လည်း ပို၍ မျှတပေသည်။
သူမ၏ အံ့သြသွားသောအမူအယာများကို မြင်မှ အဖိုးအို၏ နှလုံးသားက မျှခြေသို့ပြန်ရောက်သွား၏။ ဤမိန်းကလေးသည် တံခါးအား ဖြတ်လျှောက်လာကတည်းက သူမ၌ ကိုယ့်ကိုကိုယ် ယုံကြည်မှုနှင့် တည်ငြိမ်အေးဆေးသော စိတ်ထားရှိနေသည်။ သူမ၏ ငယ်ရွယ်သော အသက်အရွယ်နှင့် မအပ်စပ်သည်မှာ အသိအသာပင်။ ဆန့်ကျင်ဘက်အနေဖြင့် ယခုအချိန်၌ သူမ၏ တုံ့ပြန်မှုက အတော်လေး သာမန်ဆန်နေ၏။ ယွမ် သုံးဆယ့်ငါးသန်း။ အကယ်၍ သူမသာ ထိုပမာဏကို ကြားပြီးနောက် တည်ငြိမ်နေသေးပါက ဤအဖိုးအိုးသည် အနည်းငယ် ရှက်ရွံ့မိပေလိမ့်မည်။
သူက မျက်လုံးများမှေးသည်အထိ ပြုံးလိုက်၏။ ကျင်းယွင်ကျောင်းက ခဏမျှသာ အံ့အားသင့်နေပြီးနောက် ပုံမှန်ပြန်ဖြစ်သွားသည်။
၎င်းမှာ စျေးကောင်းဖြစ်ရာ မည်သူက ဤစျေးအား မဖြစ်သင့်ဟု ငြင်းပယ်မည်နည်း။
သူမက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သဖြင့် အဖိုးအိုက ကျေကျေနပ်နပ် ရယ်မော၍ ချက်ချင်းပင် အပြာနှင့် အဖြူစပ် ကြွေအိုးကို ယူကာ ပွေ့ထားလိုက်တော့သည်။ ကျင်းယွင်ကျောင်းထံ သူမ၏ ဘဏ်အကောင့်ကို မေးပြီးနောက် သူက ထန်ကျစ်ဝေ့အား ဖုန်းတစ်ကောခေါ်ဖို့ ပြောလိုက်ပြီး လက်ကျန်ငွေပမာဏအား စစ်ကြည့်လိုက်၏။ ငွေလွှဲပေးချေမှုက နောက်ဆုံးတော့ တရားဝင် ပြီးဆုံးသွားပေပြီ။
ယခုအချိန်၌ သူတို့သည် တရားဝင် စီးပွားရေးကိစ္စ ပြီးဆုံးပြီဖြစ်သဖြင့် အဖိုးအိုက စိတ်သက်သာရာ ရသွားသည်။ အချိန်ကိုက်ပင် စားပွဲထိုးများက ဟင်းပွဲများနှင့် ဝင်ရောက်လာကြ၏။ ဤနေရာ၌ ရောက်နေသည်မှာ နာရီဝက်ခန့်ကြာသွားပြီ ဖြစ်ရာ ကျင်းယွင်ကျောင်း၏ အစာအိမ်သည်လည်း ဟာလာဟင်းလင်းဖြစ်နေသည်။ သူမက နှစ်နှင့်ချီ၍ အစားမစားရသေးသကဲ့သို့ အားပါးတရ စားသောက်နေသလို တစ်ချိန်တည်းမှာပင် ကျက်သရေရှိမှုနှင့် သပ်ရပ်သန့်ရှင်းမှုလည်း ရှိနေသေး၏။
ထန်ကျစ်ဟွားက အနည်းငယ် အပြစ်ဆိုချင်နေသည်။
ခုနက၌ ကျင်းယွင်ကျောင်းအပေါ် အမြင်သည် တည်ငြိမ်အေးဆေး၍ ဟိတ်ဟန်ရှိ၏။ သူမ ပြုံးလိုက်သောအခါမှသာ လန်းဆန်း၍ သိမ်မွေ့နူးညံ့ပုံပေါ်သည်။ များသောအားဖြင့် ဤ ပုံစံမိန်းကလေးများသည် သူတို့၏ ပုံရိပ်ကို အဓိက အလေးထားသော်လည်း သူ၏ ခန့်မှန်းချက်သည် အမှန်တကယ် လွဲမှားနေလိမ့်မည်ဟု ဘယ်တော့မှ မထင်ခဲ့ဖူးပေ။ မည်သူကမှ ကျင်းယွင်ကျောင်း၏ လှုပ်ရှားမှုများထဲမှ မှားနေသောအချက်ကို ထောက်မပြနိုင်ခဲ့။ သို့သော် ပုံမှန်အားဖြင့် သူမ စားသောက်နေသော အမြန်နှုန်းက သူတို့အား သဘောမကျစွာ စုပ်သပ်မိစေသည်ကတော့ အမှန်ပင်။ သူမသည် ယခင်က သူတွေ့ဖူးသော အခြား ချမ်းသာကြွယ်ဝသည့် အမျိုးသမီးများနှင့် လုံးဝကွာခြားပေသည်။
သူ၏ စိတ်ကူးထဲရှိ မိန်းကလေးများမှာ များသောအားဖြင့် သိမ်မွေ့၍ ချိုသာသော သို့မဟုတ် နုံအ၍ ချစ်စရာကောင်းသော ပုံစံမျိုးများ ဖြစ်၏။ သို့ရာတွင် ကျင်းယွင်ကျောင်းက ဤအမျိုးအစားနှစ်ခုထဲရှိ မည်သည့်အမျိုးအစားနှင့်မှ အံဝင်ခွင်ကျ မဖြစ်ပေ။
သို့သော် အသက်ကြီးသောသူများအတွက်မူ ကျင်းယွင်ကျောင်း၏ ပွင့်လင်းသော အမူအယာက အမှန်တကယ် ချစ်ခင် နှစ်သက်စဖွယ်ပင်။ လုပ်ယူထားခြင်း မဟုတ်ဘဲ သူမ၏ ပုံပန်းသွင်ပြင်ကလည်း နှစ်သက်စရာကောင်းနေ၏။
သူသည် နောက်တစ်ကြိမ် ထပ်မံ၍ သူမနှင့် စကားစမြည် စတင်ပြောခဲ့သည်။ ဤကဲ့သို့ဖြင့် ကျင်းယွင်ကျောင်းသည် မိန်းမကောင်းလေးတစ်ယောက်ဟု အဖိုးထန် ခံစားမိသွားသည်။ သူမသည် အခြေအနေနှင့် အချိန်အခါကို သိတတ်၍ ယဥ်ကျေးကာ အသိဥာဏ်ကြွယ်ဝ၏။ ထို့ကြောင့် သူမအပေါ် သူ၏ ချစ်ခင်နှစ်သက်မှုများက တဖြည်းဖြည်း တိုးပွားလာသည်။ ကျင်းယွင်ကျောင်းသည် ဟွားနင်ခရိုင်မှ ဖြစ်နေခြင်းက နှမြောစရာကောင်းလှ၏။ သို့မဟုတ်ပါက အဖိုးအိုသည် သူမအား သူ၏ အိမ်သို့ ဧည့်သည်တစ်ယောက်အဖြစ် လာလည်ရန် ဖိတ်ကြားချင်လှသည်။
ကျင်းယွင်ကျောင်းက အတော်လေး ဆွံ့အနေ၏။ သူမက သက်ကြီးဝါကြီးများနှင့် အတော်လေး နီးစပ်မှုရှိနေသည့် ပုံများလား။
ဖိုးဖိုးကန်၊ အဖိုးရှု၊ သူမ အရှေ့၌ရှိသော အဖိုးထန်အပါအဝင် တုလင်း၏ ဖခင်ဖြစ်သူကပင် သူမအား အတော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံကြ၏။
သုံးယောက်သား ညစာစားနေရင်း ထန်ကျစ်ဟွားက ရုတ်တရက် ဆေးပုလင်းတစ်လုံးကို ထုတ်ယူပြီး ဆေးလုံး အနည်းငယ်ကို ရေနှင့်မျှောချလိုက်သည်။
ကျင်းယွင်ကျောင်းက တုံ့ဆိုင်းသွား၏။ သူမသည် ခုနက ထန်ကျစ်ဝေ့အား မည်မည်ရရ မကြည့်မိခဲ့သော်လည်း ယခု သူ ဆေးသောက်သည်အား မြင်လိုက်ရသောအခါ သူ၏ အသားအရေက အမှန်တကယ် မကောင်းသည်ကို သူမ သတိထားမိသွားသည်။ သီးသန့်ခန်းထဲရှိ အပူချိန်က အနည်းငယ်မြင့်နေ၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ၏ မျက်နှာက အနည်းငယ် နီရဲနေ၏။ သို့သော် နှုတ်ခမ်းများက ဖျော့တော့နေဆဲပင်။
ကျင်းယွင်ကျောင်းက သူတို့အား ကြည့်နေသည်ကို သတိထားမိသွား၍ အဖိုးထန်က ရယ်လိုက်သည်။
“လုံမလေး၊ မင်း ဘာတွေကြည့်နေတာလဲ”
ကျင်းယွင်ကျောင်းက ချက်ချင်းပင် သူမ၏ အမူအယာကို ထိန်းချုပ်လိုက်ပေမယ့် အနည်းငယ် ရှက်ရွံ့သွား၏။
သူမသည် ဆယ့်ခြောက်နှစ်ပင် မပြည့်သေးသော်လည်း အရွယ်ရောက်ခါနီး မိန်းမပျိုလေးတစ်ယောက်ဖြစ်ကြောင်းကို သူမ အခိုက်အတန့်အားဖြင့် မေ့လျောသွားခဲ့သည်။ ရွယ်တူယောက်ျားလေးတစ်ယောက်အား စိုက်ကြည့်မနေသင့်ပေ၊ သို့မဟုတ်ပါက အခြားလူများ အထင်လွဲသွားနိုင်၏။
ထင်သည့်အတိုင်းပင် ထန်ကျစ်ဟွား၏ မျက်နှာက နီရဲသွားသည်ကို သူမ မြင်လိုက်ရသည်။
“အဖိုးထန်၊ အထင်လွဲနေပါပြီ။ ကျွန်မက သူ ဆေးသောက်တာကို မြင်တော့ သိချင်သွားရုံပါပဲ”
ကျင်းယွင်ကျောင်းက ခပ်မြန်မြန် ဖြေရှင်းလိုက်၏။
အဖိုးထန်က သဘောပေါက်သွားပြီး ခေါင်းညိတ်ပြလိုက်ကာ ရှင်းပြလာသည်။
“ငါ့ရဲ့ ဒီမြေးဖြစ်သူရဲ့ ခန္ဓာကိုယ်က ငယ်ငယ်ကတည်းက ချူချာတယ်။ အပြင်ပိုင်းမှာတော့ သူ နေကောင်းနေပေမယ့် တကယ်တမ်း သူက ဆေးအိုးကြီးတစ်အိုးလိုပါပဲ။ သူ ဆေးမသောက်မိလိုက်တာနဲ့ နောက်နေ့ကျ တစ်ခုခု ဖြစ်တော့တာပဲ”
ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်ပြီး မမေးဘဲ မနေနိုင်တော့ချေ။
“ကျွန်မ သူ့ကို တစ်ချက်လောက် ကြည့်လို့ရမလား”
Chapter 130 : ဆေးအိုးကြီး(၂)
စင်စစ် သူမသည် သမားတော်တစ်ယောက် ဖြစ်နေပြီး ဖြစ်သည်။ အိမ်သို့ပင့်ဖိတ်သည်များအား မသွားနိုင်သေးသော်လည်း သူမသည် မကြာခဏပင် အဖိုးကန်နှင့် လိုက်သွားပြီး အတွေ့အကြုံယူလေ့ရှိ၏။ ကံဆိုးစွာဖြင့် အခွင့်အရေးများက အကြိမ်အရေ အကန့်အသတ်ရှိရာ သူမ၌ အတွေ့အကြုံများများစားစား မရှိခဲ့ပေ။ ယခုအချိန်၌ လူနာတစ်ယောက်က သူမ၏ ရှေ့တည့်တည့်၌ ထိုင်နေသည်ဖြစ်၍ သူမအနေနှင့် ဆက်ကာ လျစ်လျူရှုနေဖို့ရာ မဖြစ်နေနိုင်တော့။
ကျင်းယွင်ကျောင်းက သူမ အနည်းငယ် ရိုင်းပျသွားကြောင်း သတိပြုမိလိုက်၍ ချက်ချင်း ရှင်းပြလိုက်သည်။
“ဒါက ဒီလိုပါရှင့်၊ တကယ်တော့ ကျွန်မ ဆေးပညာကို နည်းနည်း လေ့လာဖူးပါတယ်”
သို့ရာတွင် သူမသည် သူ၏ သွေးခုန်နှုန်းကို စမ်းသပ်ဖို့လိုသေး၏။ ထို့ကြောင့် သူ့အား ကုသပေးနိုင်သည်ဟု ထင်ရာမြင်ရာ ရမ်းသမ်းပြောပစ်လိုက်ပါက သူမအတွက် ကောင်းမည်မဟုတ်ပေ။
သူမသည် ဝိညာဥ်ကျောက်စိမ်း၏ ဒုတိယအပိုင်းကို စုပ်ယူပြီးစီးလုနီးပါးဖြစ်လျှင်တောင်မှ ထန်ကျစ်ဝေ့၏ ရောဂါသည် သူငယ်စဥ်ကတည်းက စွဲကပ်လာခဲ့ပုံပေါ်သည်။ သူမ၏ လက်ရှိ အဆင့်အတန်းနှင့်ဆိုပါက အခြေအနေသိပ်မကောင်းပေ။
“မင်းက အရင်က ဆေးပညာကို လေ့လာဖူးတာလား”
ယခုအချိန်၌ အဖိုးထန်က ပို၌ပင် အံ့သြသွား၏။ ခုနကတည်းက သူမနှင့် စကားပြောနေခဲ့ခြင်းဖြစ်သဖြင့် သူမက အဓိပ္ပါယ်မရှိလျှောက်ပြောတတ်သူဟု သူ မခံစားမိသော်လည်း သူ၏ မြေးနှင့် သက်တူရွယ်တူလေးတစ်ယောက်က ယခင်က ဆေးပညာကို လေ့လာခဲ့ဖူးသည်ဟု တွေးကြည့်ရန်မှာမူ....။ ၎င်းသည် ယုံကြည်ရန် အနည်းငယ် ခက်ခဲ၏။
အဖိုးထန်ပင် ဤကဲ့သို့ဖြစ်နေရာ ထန်ကျစ်ဟွားက သာ၍ပင် ဆိုးနေသေးသည်။
လူကြီးနှင့် လူငယ် မြေးအဖိုးနှစ်ယောက်က သူမအား အချိန်တစ်ခုကြာအောင် စိုက်ကြည့်နေရာ အကြည့်ခံရသူသည် အနည်းငယ် ရှက်ရွံ့စပြုလာ၏။
“တကယ်လို့ အဖိုးထန် မယုံကြည်ဘူးဆိုရင်လည်း ဒါကို မေ့လိုက်ပါ။ ကျွန်မက မေးကြည့်ရုံပါပဲ”
ကျင်းယွင်ကျောင်းက သူမ၏ တောင်းဆိုချက်ကို ပြောင်းလဲလိုက်သည်။
နင်းမြို့တော်၌ ထန်မိသားစုသည် နှစ်ခုမရှိနိုင်သည့် မိသားစုကြီးဖြစ်၏။ ထန်မိသားစု၏ မြေးများ ထိတွေ့ဆက်ဆံရသည့် ဆရာဝန်များမှာအား နိုင်ငံထဲမှ အတော်ဆုံး ဆရာဝန်များဖြစ်ကြသည်မှာ သဘာဝပင်။ ဤတောင်းဆိုချက်က ပို၍အထင်လွဲသွားစေမည်မှာ အသေအချာပေ။
ကျင်းယွင်ကျောင်းသည် အဖိုးထန်က သူမအား ငြင်းပယ်လိမ့်မည်ဟု ထင်ထားသော်လည်း သူက ရုတ်တရက် ရယ်မောလိုက်ပြီး မျှော်လင့်မထားသည်အား ပြန်ဖြေလာ၏။
“ကျစ်ဝေ့၊ ဒီလုံမလေးကို တစ်ချက်ကြည့်ခွင့်ပြုလိုက်ပါကွယ်”
အဖိုးထန်က သိချင်နေပြီး မျှော်လင့်ချက်အနည်းငယ်ပင် ရှိနေသည်။ သူ ဤကဲ့သို့ခံစားချက်မျိုးကို မခံစားရသည်မှာ အချိန်အတော်ကြာပြီဖြစ်၏။ အထူးသဖြင့် ကလေးတစ်ယောက် အပေါ်၌ ဖြစ်သည်။
ထန်ကျစ်ဟွားသည် အနည်းငယ်စိတ်ရှုပ်သွားသော်လည်း သူသည် အလွန်နာခံမှုရှိသူဖြစ်၏။ သူက ကျင်းယွင်ကျောင်း၏ ဘေးသို့ ရွေ့ထိုင်လိုက်ကာ စဥ်းစားနေပြီးနောက် ပုံမှန်လုပ်ရိုးလုပ်စဥ်များအတိုင်း လိုက်နာကာ သူ၏ လက်ကောက်ဝတ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။
ထန်ကျစ်ဟွားသည် အလွန်အသားဖြူသည်ဟု ကျင်းယွင်ကျောင်း သတိထားမိလိုက်၏။ ဤကဲ့သို့ ဖြူဖျော့မှုမျိုးသည် အခြေအနေတစ်ခုကြောင့် ဖြစ်လာခြင်းပင်။
နှောင့်နှေးခြင်းမရှိဘဲ သူမသည် သူ၏ သွေးခုန်နှုန်းကို စမ်းသပ်ရန် လက်လှမ်းလိုက်ပြီးနောက် အံ့သြမှုလှိုင်းတစ်ခုက သူမအား ရိုက်ခတ်သွားသည်။ သူ၏သွေးခုန်နှုန်းက အားနည်းနေသော်လည်း အသက်ဓါတ်မျှင်မျှင်ကလေး ရှိနေ၏။ သူသည် အတွင်းပိုင်း၌ အားနည်းလှပြီး အဓိကကျသော အာဟာရဓါတ်များက အလုပ်မလုပ်နိုင်ပေ။ သို့သော် သူသည် အာဟာရပြတ်၍လည်း မရ။ ထို့အပြင် သူ၏ လက်ရှိအခြေအနေနှင့် ပုံမှန်အသားအရောင်မှာ သူ အချိန်ဇယားနှင့် သောက်နေရသော ဆေးများကြောင့်သာ ဖြစ်ရမည်၊ သို့သော် ဆေးကလည်း ပြဿနာ၏ ရင်းမြစ်ကို မဖြေရှင်းနိုင်ပေ။
ထန်ကျစ်ဟွားသည် အမှန်တကယ်ပင် ငယ်စဥ်ကတည်းက ဤရောဂါကို ခံစားခဲ့ရသည်။ သူသည် အအေးဓါတ်၊ အပူဓါတ်နှင့် မည်သည့်လှုံ့ဆော်မှုကိုမှ ခံနိုင်ရည်မရှိပေ။ သူ၏ အစားအသောက်နှင့် စိတ်ခံစားချက်များကို ထိန်းချုပ်ထားပါက အပေါ်ယံ၌ သူသည် အခြားလူများကဲ့သို့ပင်။ သို့သော် သူ၏ ရောဂါ ပြင်းပြင်းထန်ထန် ထဖောက်ပါက ငရဲတံခါးဝရှေ့၌ ရင်ဆိုင်ရလိမ့်မည်။ ကံကောင်းပါက သူပြန်လာနိုင်မည်။ ကံဆိုးစွာဖြင့် ရမ်းကုဆရာဝန်တစ်ယောက်နှင့် တွေ့ခြင်း သို့မဟုတ် လှုံဆော်မှုက ပြင်းထန်လွန်းပါက အမှန်တကယ်ပင် သူ၏နောက်ဆုံးဝင်သက်ကို ရှုရှိုက်ရလိမ့်မည်သာ။
ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်၏။ အဖိုးထန်က ၎င်းကို မြင်သောအခါ သူမ အမှန်တကယ်ပင် တစ်ခုခုအား သိမြင်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။
“ဘယ်လိုလဲ”
အဖိုးထန်၏ စကားလုံးများက ခံစားချက်အစစ်အမှန်များကို သယ်ဆောင်လာ၏။
“ကျွန်မ သူ့ကို အချိန်တိုအတွင်းမှာတော့ ကုသမပေးနိုင်ဘူး။ ဒါပေမယ့်...”
ကျင်းယွင်ကျောင််းက ခဏမျှ တွန့်ဆုတ်နေသည်။ သူမကျောက်စိမ်းအပိုင်းအနည်းငယ်ကို စုပ်ယူပြီးပါက ရောဂါကို ကုသနိုင်လိမ့်မည်ဟု သူ့ကိုပြောဖို့ကျ သိပ်မကောင်းဘူး မဟုတ်လား။ ထို့ကြောင့် သူမက ဆင်ခြေတစ်ခုရှာလိုက်သည်။
“တကယ်လို့ သူသာ သူ့ရဲ့ခန္ဓာကိုယ်ကို ထိန်းညှိဖို့အတွက် ကျွန်မရဲ့ နည်းလမ်းကို ဖြည်းဖြည်းချင်း လိုက်နာသွားရင် တစ်နှစ်အတွင်းမှာ သူပြန်ကောင်းလာနိုင်ပါတယ်”
ဝိညာဥ်ကျောက်စိမ်းအပိုင်းများကို စုပ်ယူနေသည့် သူမ၏ လက်ရှိအရှိန်အရဆိုပါက တစ်နှစ်အတွင်း သူမ၏ အဆင့်သည် ယနေ့အဆင့်နှင့် နှိုင်းယှဥ်ပါက ကောင်းကင်ဘုံနှင့် ငရဲကဲ့သို့ ဖြစ်လာလိမ့်မည်။
သို့ရာတွင် သူမ၏ လက်ရှိမှတ်ဥာဏ်များအရ သူ၏ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေမည့် နည်းလမ်းများရှိနေသေးသည်။ သူမသည် သူ၏ ခန္ဓာကိုယ်က လက်ခံနိုင်သည့် ပမာဏကို ဖြည်းဖြည်းချင်း တိုးပေးနိုင်၏။
သူမ၏ အမြင်၌ သူမ၏ ဤစကားများတွင် အနည်းငယ် တွန့်ဆုတ်မှုနှင့် နောင်တများပါနေသည်။ သို့ရာတွင် ထန်မြေးအဖိုးအတွက်မူ ၎င်းက ကောင်းကင်ဘုံမှလာသော စကားသံအား ကြားလိုက်ရသည့်အလားပင်။
တစ်နှစ်တဲ့လား။ တစ်နှစ်ဟူသည် ဘာမှမကြာ။ ထန်ကျစ်ဟွားသည် ဆယ်နှစ်ကျော်ခန့် နာမကျန်းဖြစ်နေခဲ့၍ ဤအချိန်အတောအတွင်း သူ သောက်သုံးခဲ့ရသော ဆေးပမာဏက မရေမတွက်နိုင်အောင်ပင်။ သူသည် သုံးကြိမ်ခန့် အသက်လုခဲ့ရသော အတွေ့အကြုံများပင် ရှိသည်။ ဆရာဝန်များက သူ၏ အခြေခံ အားနည်းနေသည်ဟု ပြောသောကြောင့် သူသည် သူ၏ အသက်ကို တစ်ရက်ပြီးတစ်ရက် ဆွဲဆန့်နိုင်ရန်အတွက် ဆေးများစွာကိုသာ မှီခိုနိုင်ရုံသာ တတ်နိုင်ခဲ့သည်။
သို့ရာတွင် ဤသည်က သူတို့အတွက် သတင်းကောင်းဖြစ်သော်လည်း အဖိုးထန်သည် သဘောထားလွန်ဆွဲနေမိ၏။
ဤစကားများကို သူ ယုံကြည်သင့်လား...မယုံကြည်သင့်ဘူးလား။
အကယ်၍ သူသာ ထိုစကားများကို မယုံကြည်မိ၍ ကျင်းယွင်ကျောင်း၌ မြေးဖြစ်သူအား ကုသနိုင်စွမ်း အမှန်တကယ် ရှိနေလျှင်ရော။ ထိုသို့ဆိုပါက သူသည် သူ၏မြေး ကျန်းမာလာမည့် အခွင့်အရေးတစ်ခုကို ဆုံးရှုံးရလိမ့်မည်။ သို့သော် သူသည် သူမကို ယုံကြည်မိ၍ မြေးဖြစ်သူ၏ အခြေအနေက ပိုဆိုးလာလျှင်ရော။ ထိုသို့သာဆိုပါက နောင်တရရန်ပင် နောက်ကျလွန်းသွားပေမည်။ ထို့ထက် တစ်ဖက်လူက မိန်းကလေးငယ်လေးတစ်ယောက်သာ ဖြစ်နေခြင်းပင်။
Chapter 131 : အစ်ကိုကြီးတစ်ယောက် ပေါ်ထွက်လာခြင်း
ကျင်းယွင်ကျောင်းသည် အဖိုးထန်၏ သံသယအား ခံစားမိသော်လည်း သူမ၏ အသက်အရွယ်အရ သူ၏ သံသယကို ဖြေဖျောက်ရန် လွယ်လွယ်ကူကူ မဖြစ်နိုင်ပေ။ သူမက ထိုအကြောင်းကို တွေးလိုက်ပြီးနောက် ရိုးရိုးပင် မေးလိုက်သည်။
“ထန်ကျစ်ဟွား၊ ငါ့ကို နင့်ရဲ့ဆေး တစ်ချက်လောက် ပေးကြည့်နိုင်မလား”
ထန်ကျစ်ဟွားသည်လည်း ကျင်းယွင်ကျောင်း၌ အမှန်တကယ် စွမ်းရည်ရှိ၊ မရှိကို သိချင်နေသည်ဖြစ်ရာ သူမက မေးလာသည်နှင့် ဆေးပုလင်းလေးအား ချက်ချင်းပင် ကမ်းပေးလိုက်၏။
ကြွေပုလင်းလေးသည် အဖြူရောင်ဖြစ်၍ ထိလိုက်သည်နှင့် အေးမြနေကာ အနည်းငယ် ရှေးဆန်သောပုံစံရှိသည်။ ၎င်းအား အနံ့ခံကြည့်ရန်အတွက် အဖုံးဖွင့်နေစဥ် သူမ၏ မျက်နှာ၌ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
“မာဟွမ်၊ ဖုကျစ်၊ ကန်ကောင်း၊ ချန်ကျူ့ ...”
မမျှော်လင့်ဘဲ ကျင်းယွင်ကျောင်းက ပါးစပ်ဟ၍ ဆေးပင်အမည် ဆယ်မျိုးနီးပါးကို အစဥ်လိုက် ရွတ်ဆိုလိုက်သည်။
ဆေးလုံး၏ အရွယ်အစားသည် သိပ်မကြီးသော်လည်း ၎င်းကို အလွန် ပြည့်စုံစေ့စပ်စွာ ပြုလုပ်ထား၏။ ဆေးလုံးအတွင်း၌ တွေးတောစိတ်ကူးမှုပေါင်းများစွာနှင့် အားထုတ်မှုပေါင်းများစွာ ထည့်သွင်းထားသည်။ ဤအာဟာရဖြစ်စေသည့် နည်းလမ်းသည် သူမ၏ ကျောက်စိမ်းဝိညာဥ်ထဲ၌ မှတ်တမ်းတင်ထားသော နည်းလမ်းကဲ့သို့ ထိရောက်မှုမရှိသော်လည်း ၎င်းက ပြိုင်ဘက်ကင်း အသက်ကယ်ဆေးနည်းတစ်မျိုး ဖြစ်နေဆဲပင်။ ဤသည််မှာ သမားတော်က အရည်အချင်းရှိကြောင်း သက်သေပင် ဖြစ်၏။
ကျင်းယွင်ကျောင်း တိတ်ဆိတ်သွားသည်ကို မြင်သည်နှင့် အဖိုးထန်သည် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားသည်။
သူနှင့် မြေးဖြစ်သူသည် အသက်ကယ်ဆေးအကြောင်းကို အသေးစိတ်မသိပေ။ သူ၏ မြေးဖြစ်သူသည်ပင် ပါဝင်ပစ္စည်းနှစ်မျိုး၊ သုံးမျိုးကိုသာ အကြမ်းဖျင်း မှတ်မိသော်လည်း မမျှော်လင့်ဘဲ ကျင်းယွင်ကျောင်းက သူမ၏ အနံ့ခံအာရုံ အားကိုးနှင့်ပင် ပါဝင်ပစ္စည်း တစ်မျိုးချင်းစီတိုင်းကို မှန်ကန်စွာ ခွဲခြားနိုင်ခဲ့သည်။
အဖိုးထန်က ကျင်းယွင်ကျောင်း သူမ၏ နေရာလွတ်နယ်မြေထဲ၌ အချိန်များစွာ ကုန်ဆုံးခဲ့သည်ဟု မသိသည်က သဘာဝပင်။ အထဲ၌ ပေါက်ရောက်ကြီးပြင်းနေကြသော ဆေးပင်များ၏ အနံ့ကို သူမ အဘယ်ကြောင့် မသိဘဲနေမည်နည်း။ ထို့အပြင် ကျောက်စိမ်းထဲ၌ ဤဆေးနည်းကို ဖော်ပြထားသည်။ သူမ ထိုအကြောင်းအား တွေးလိုက်သည်နှင့် အလျင်အမြန်ပင် ခန့်မှန်းချက်တစ်ခုကို ထုတ်နိုင်ပြီး ၎င်းက ခက်ခဲလွန်းခြင်းလည်း မရှိပေ။
“လုံမလေး၊ မဟုတ်ဘူး...မစ္စကျင်း၊ တကယ်လို့ မင်းသာ ကျစ်ဝေ့ကို ကူညီနိုင်ရင် ငါ ဘယ်လိုတောင်းဆိုမှုကိုမဆို လက်ခံနိုင်တယ်”
အဖိုးထန်က ခပ်မြန်မြန် ပြောလိုက်၏။
သူ့ မိသားစုကံတရားသည် သူ၏ မြေးဖြစ်သူထက်တော့ ဘယ်တော့မှ ပို၍ အရေးမကြီးပေ။
“ကျွန်မ အချိန်နည်းနည်းလိုပါတယ်”
ကျင်းယွင်ကျောင်းက သတိပေးလိုက်သည်။
“အချိန်က ပြဿနာမဟုတ်ဘူး”
အဖိုးထန်က ချက်ချင်းပင် သဘောတူလိုက်ပြီး ထပ်ပြောလိုက်၏။
“ဒီလိုဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ။ မင်းက ရိကျုံးအထက်တန်းကျောင်းက ဟုတ်တယ်မလား။ ငါ ဒီနေ့ ကျစ်ဝေ့ကို အိမ်ပြန်ခေါ်သွားလိုက်မယ်၊ နောက်ထပ် နှစ်ရက်လောက်နေရင် လက်ရှိ သူ့ကို ကုပေးနေတဲ့ သမားတော်ရဲ့နေရာမှာ မင်းကို အစားထိုးလိုက်မယ်။ ပြီးတော့ ငါ မင်းကို ဆေးကုခ တစ်လုံးတစ်ခဲတည်း ပေးပါ့မယ်။ တကယ်လို့ မင်းသာ ကျစ်ဝေ့ကို တကယ် ကုပေးနိုင်ရင် အနာဂတ်မှာ မင်းရဲ့ အကျိုးစီးပွားက ထန်မိသားစုရဲ့အကျိုးစီးပွား ဖြစ်လာလိမ့်မယ်။ ငါတို့ကို မင်းကို ကျေးဇူးတင်လို့ လုံလောက်မှာကို မဟုတ်ပါဘူး”
ကျင်းယွင်ကျောင်းက ဤအဖိုးအိုသည် အလွန်ရက်ရောလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ပေ။ သို့ရာတွင် သူမသည် ထန်မိသားစုထံမှ ဘာကိုမှ ဘယ်တော့မှ မမျှော်လင့်ခဲ့ဖူးသည်က အမှန်။
အစောပိုင်းက ယွမ်သန်းသုံးဆယ်ကျော်သည်လည်း မျှတသော အရောင်းအဝယ်ပမာဏ ဖြစ်သည်ဟုသာ ယူဆထား၍ အသက်ကယ်ခြင်းကို သူမ၏ အသက်မွေးကြောင်းနှင့် ဝါသနာဟူ၍သာ မှတ်ယူထားသည်။ အများဆုံး သူမသည် ဆေးကုသခအချို့ကိုသာ လက်ခံလိမ့်မည်ပင်။ လူတစ်ယောက်ကို ကယ်တင်ခဲ့သောကြောင့် ဤမိသားစုအပေါ် တစ်သက်လုံး အာဏာသက်ရောက်ခြင်းမှာမူ မမျှတပေ ထို့အပြင် ဆေးကုသမှုသည် စပင် မစရသေး။
ယခုအချိန်၌ အဖိုးထန်အား ရှောင်လွှဲငြင်းပယ်ပါက အသုံးမဝင်ကြောင်းကို ကျင်းယွင်ကျောင်း သိ၏။ ထို့ကြောင့် သူမသည် ထပ်၍ စကားအများကြီး ပြောမနေတော့ပေ။
ညစာစားခြင်း ပြီးဆုံးသွားသည်။ ကျင်းယွင်ကျောင်းသည်လည်း ထန်ကျစ်ဟွား၏ အခြေအနေအား လုံးစေ့ပတ်စေ့ နားလည်ရန် အခွင့်ကောင်း ယူလိုက်ပြီးနောက် သီးသန့်ခန်းထဲမှ ထွက်လာခဲ့ကြ၍ လမ်းခွဲရန် ပြင်လိုက်သည်။
အောက်ထပ်သို့ ရောက်ရောက်ချင်းမှာပင် သူမသည် လီရှောက်ယွင်အား မြင်လိုက်ရ၏။
အမှန်ပင်၊ ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်က သူမအား အထူးတလည် ထွက်တွေ့သည်ဟု မသိခဲ့ပေ။ ဤနေရာသည် သူ၏ ပိုင်နက်ဖြစ်သည်။ ကျင်းယွင်ကျောင်း ရောက်လာသောအခါ သူ့အား သတင်းပို့မည့်သူရှိသည်က သဘာဝပင်။ ယခင်က ကျင်းယွင်ကျောင်း၏ ယဥ်ကျေးပျူငှာမှုတို့ကို ပြန်သတိရရင်း လီရှောက်ယွင်သည်လည်း ရှေ့သို့ နောက်တစ်လှမ်း ထပ်မံ၍ မတိုးချင်ခဲ့၊ သို့သော် သူမသည် အဖိုးအိုတစ်ယောက်အပြင် ကျောင်းသားလေးတစ်ဦးနှင့်ပါ ညစာအတူစားနေသည်ဟု ဝန်ထမ်းက ပြောလာသည်အား ကြားလိုက်ရသောအခါ သူသည် အနည်းငယ် မပျော်မရွှင်ဖြစ်လာသည်။
ဤမိန်းကလေးသည် ငယ်ရွယ်သေး၏။ ဤကဲ့သို့ အပေါ်ယံ၌ အရာရာပြည့်စုံသော ကောင်ငယ်လေးများနှင့် အီစီကလီလုပ်ခြင်းကို ရှောင်ရှားနိုင်ရန်မှာ ခက်ခဲလိမ့်မည်။
မဖြစ်ပေ။ သူမ၏၊အမြင်အာရုံအား ဖုံးကွယ်ထားသည်များကို သူ ဖယ်ရှားပေးရမည်။
လီရှောက်ယွင်၏ မျက်လုံးများက ထန်ကျစ်ဟွားအား ခြေဆုံးခေါင်းဆုံး အကဲဲဖြတ်နေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ကောင်လေး၏ ရုပ်ရည်သွင်ပြင်က မဆိုးကြောင်း သိနိုင်ပြီး သူ၏ မျက်နှာကလည်း အနည်းငယ် သွေးရောင်လွှမ်းနေ၏။ သူက မျက်မှောင်ကြုံ့နေရင်း ကျင်းယွင်ကျောင်း လှေကားပေါ်မှ အောက်ထပ်သို့ ခြေချလိုက်သည်ကို စောင့်နေကာ သူမအား သူ့ဘက်သို့ ဆွဲလိုက်တော့သည်။
ထို့နောက် အဖိုးအိုအား ပြုံးပြလိုက်ရင်း သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။
“နှစ်ယောက်လုံး မင်္ဂလာပါ။ ကျွန်တော်က ယွင်ကျောင်းရဲ့ အစ်ကိုပါ။ ခင်ဗျားတို့နှစ်ယောက်က.....”
Chapter 132 : တွယ်ငြိစပြုလာသော
လီရှောက်ယွင်သည် မူလက သူမအား သူ့ကို ဦးလေးဟု ခေါ်စေချင်သည်။ စင်စစ် မျိုးဆက်တစ်ခုစာ ပို၍အသက်ကြီးသော နောက်ကွယ်၌ ယုံမှားဖွယ်ရာမရှိသော ဂုဏ်သိက္ခာတစ်ခုလည်း ရှိသည်လေ။ သူသည် ကျင်းယွင်ကျောင်း၏ စရိုက်ကိုလည်း နားလည်၏။ ထို့ကြောင့် သူမအား စိတ်မပျော်ရွှင်အောင် လုပ်မိမည့်အရေးကို ရှောင်ရှားကာ နောက်ဆုံးမိနစ်တွင်မှ သူ၏ စိတ်ကို ပြောင်းလိုက်သည်။
သူသည် အဖိုးရှုနှင့်လည်း သိပြီး အဖိုးရှုက ကျင်းယွင်ကျောင်းအား ဂရုစိုက်ပေးရန်ပင် သူ့ကို ယုံကြည်စိတ်ချစွာ အပ်နှံခဲ့သေး၏။ ထို့အပြင် သူမထက် အသက်ရှစ်နှစ်၊ ကိုးနှစ်ခန့် ပိုကြီးသည့်အချက်ကိုလည်း ထည့်စဥ်းစားပါက သူ့ကိုယ်သူ အစ်ကိုကြီးတစ်ယောက်ဟု ယူဆလိုက်ခြင်းက မလွန်ကဲလွန်းပေ။
လီရှောက်ယွင်က ၎င်းကို ဖြစ်သင့်သည်ဟုသာ ယူဆလိုက်ပြီး ကျင်းယွင်ကျောင်းကမူ ချက်ချင်းပင် သူ့ကို စိတ်ရှုပ်စွာ စိုက်ကြည့်လာသည်။
အဖိုးထန်သည်လည်း အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ ခုနတုန်းက ဒီလုံမလေးက သူ့မှာ မိသားစုမရှိဘူးလို့ ပြောခဲ့တာ မဟုတ်လား။
“မိန်းကလေးကျင်းက တကယ်ပဲ အစ်ကိုတစ်ယောက် ရှိနေသေးတာလား။ ဒါဆိုရင် ကျုပ်ကပဲ တကယ့်ကို တောင်းပန်ရတော့မှာပဲ။ ဒီလုံမလေးနဲ့ ကျုပ်နဲ့က သိလာကြတာ နှစ်အတော်ကြာပါပြီ။ ဒီနေ့ ဒီမှာ ဆုံကြရုံပါပဲ။ သိပ်ပြီးတော့ ကိစ္စများများစားစား မရှိတာ အမှန်ပါ”
သူက ဒီကို ကြွေအိုးဝယ်ဖို့ လာခဲ့တဲ့အကြောင်းကို သေချာမပြောပြနိုင်ဘူး မဟုတ်လား။ တော်ကြာ သူက စျေးတွေပါ ဆက်မေးနေရင်ရော။ ဤသည်က လုံမလေးအတွက် ပြဿနာများကို ဖိတ်ခေါ်နိုင်သည်မှာ အသေအချာပင်။ လုံမလေးက သူ့မြေး၏ ရောဂါကို ကုသပေးရန်အတွက် ဒီရောက်နေသည်ဟုလည်း သူ မပြောနိုင်ပေ။ စင်စစ် ဤ ရုတ်တရက် ဘယ်နေရာကမှန်း မသိ ပေါ်ထွက်လာသော အစ်ကိုသည် သွေးနီးသော ဆွေမျိုးလား၊ သွေးဝေးသော ဆွေမျိုးလားဆိုသည်ကို မည်သူမှ သေချာမပြောနိုင်ပေ။
လီရှောက်ယွင်၏ မျက်လုံးများက မှေးစင်းသွားပြီး ...
“ဒါက.......”
သူ၏ အကြည့်များ၏ ပစ်မှတ်သည် အလိုအလျှောက်ပင် ထန်ကျစ်ဟွား ဖြစ်လာ၏။
ထန်ကျစ်ဟွားသည် လူငယ်လေးတစ်ယောက်ပင် ရှိသေးသည်။ ယခုအချိန်၌ လီရှောက်ယွင်၏ ပုံစံက သူ့အား ထိတ်လန့်စေခြင်းမှ မရှောင်ရှားနိုင်ပေ။ သူ၏ မျက်နှာက ရုတ်တရက် နီရဲသွားကာ အဖိုးထန်သည် အမူအယာပြောင်းလဲခြင်းမရှိဘဲ ရယ်မောလိုက်သည်။
“ဒါက ကျုပ်ရဲ့မြေးပါ၊ မိန်းကလေးကျင်းနဲ့လည်း တစ်ကျောင်းတည်းပေါ့”
လီရှောက်ယွင်၏ နှုတ်ခမ်းများက ကွေးညွတ်သွား၏။ သူမရဲ့ ကျောင်းဖော်လား။
မတူဘူး။
သို့သော် သူတို့ဘာမှမပြောဘဲနှင့်ပင် သူက အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်သေးသည်။
ဤကောင်လေးသည် လက်ရှိ နင်းမြို့တော်၌ ရေပန်းအစားဆုံး အဝတ်အထည်ဘရန်းကို ဝတ်ဆင်ထားသည်။ သူ၏ လက်ကောက်ဝတ်ပေါ်ရှိ စမတ်နာရီမှာ ရိုးရှင်းပုံရသော်လည်း အနည်းဆုံး ယွမ်တစ်သောင်းမရှိဘဲ မဝယ်နိုင်ချေ။ ထို့အပြင် ဤတည်ငြိမ်အေးဆေးသော အဖိုးအိုသည် အဆင့်အတန်းမြင့်မြင့် သပ်ရပ်စွာ ဝတ်စားဆင်ယင်ထား၏။ သူ၏ အဆင့်အတန်းက ရိုးရိုးရှင်းရှင်း မဟုတ်မည်ကတော့ အသေအချာပင်။ အနည်းဆုံး မဟုတ်သော်လည်း နောက်ဆုံးအနေဖြင့် သူ၏ ကားကိုလည်း လှမ်းကြည့်ပြီးဖြစ်သည်။
အနှစ်ချုပ်ရလျှင် သူတို့သည် ကျောင်းဖော်များဟုပြောပြော၊ ဘာပဲပြောပြော၊ အားလုံးက အလိမ်အညာများသာ ဖြစ်၏။
လီရှောက်ယွင်က မျက်ခုံးပင့်လိုက်ပြီး နှုတ်ဆက်စကားကို အနည်းငယ်ပို၍ သမားရိုးကျဆန်အောင် ပြောလိုက်ကာ ထိုလူနှစ်ယောက်အား လက်ဦးမှုယူ၍ လိုက်ပို့ပေးလိုက်သည်။ အစမှ အဆုံးအထိတိုင်အောင် သူသည် ကျင်းယွင်ကျောင်းနှင့် အလွန်ရင်းနှီးသကဲ့သို့ ပြုမူနေခဲ့၏။
လက်ရှိ ကျင်းယွင်ကျောင်း၏ စိတ်ထဲ၌ စကားလုံးတစ်လုံးသာ စိုးမိုးနေ၏။ ‘ကြောင်လိုက်တာ’
“ဒီလူနှစ်ယောက်က နင်းမြို့တော်က မိသားစုကြီးတစ်ခုကပဲ ဖြစ်ရမယ် ဟုတ်တယ်မလား”
ကားလေး သူတို့၏ မြင်ကွင်းထဲမှ ထွက်သွားသည်နှင့် လီရှောက်ယွင်က ရုတ်တရက် ထမေးလိုက်သည်။ ထို့နောက် သူက ကျင်းယွင်ကျောင်း၏ အနားသို့ ပို၍ တိုးကပ်ရန် အခွင့်အရေးယူလိုက်ကာ တစ်ချက် အနံ့ခံကြည့်လိုက်ပြီး ဆက်မေးပြန်၏။
“မင်း ခုနက အဲဒီကလေးနဲ့ အတော်လေး နီးနီးကပ်ကပ် ထိုင်ခဲ့တာလား”
သူမ၏ အနားမှ ဆေးနံ့ ခပ်စူးစူးရနေသည်။
ယခင်ကလည်း သူမဆီက ဆေးနံ့လေး ရလေ့ရှိသော်လည်း ၎င်းအနံ့က ခပ်ပါးပါးနှင့် စိတ်ကိုကြည်လင်လန်းဆန်းစေ၏။ ၎င်းအနံ့အား ရှုရှိုက်ရခြင်းက သူ့ကို သက်တောင့်သက်သာ ဖြစ်စေသည်။ သို့ရာတွင် ဤတစ်ကြိမ်၌မူ များစွာကွာခြားမှုမရှိလျှင်တောင်မှ ၎င်းသည် ခုနက ကောင်လေး၏ ကိုယ်ပေါ်မှ ရနံ့နှင့် ဆင်တူနေ၏။
ကျင်းယွင်ကျောင်းက ကြောင်အနေပြီးမှ ...
“ရှင်က ဒါကိုပါ အနံ့ခံနိုင်တာလား”
သူ့ရဲ့အနံ့ခံစွမ်းရည်ကတော့ တကယ်ပဲ ကောင်းကင်ဘုံကိုတောင် စိန်ခေါ်နိုင်တာပဲ။
လီရှောက်ယွင်က ဘဝင်မြင့်သွားဟန်ဖြင့် ဟမ့်ခနဲ ခပ်တိုးတိုး အသံပြုလိုက်ပြီး ဆက်ဖြေလိုက်သည်။
“ကိုယ်က ကုသခြင်းအနုပညာကို နားမလည်ဘူးဆိုရင်တောင်မှ မင်းရဲ့ ကျောင်းဖော်ဆိုတဲ့ အမျိုးသားက နာဖျားနေတဲ့ သရဲတစ်ကောင်ဆိုတာတော့ ပြောနိုင်သေးတယ်။ အပေါ်ယံအရ အားလုံးကောင်းနေတဲ့ ပုံပေါက်ပေမယ့် သူ့ရဲ့အကြည့်တွေက မောပန်းပြီးတော့ အသက်မဲ့နေတယ်။ နှုတ်ခမ်းတွေက ဖြူဖျော့လွန်းနေတယ်။ ပြီးတော့ သူ့ရဲ့အသားအရေကလည်း အသက်ဓါတ် ကင်းမဲ့နေတယ်။ ပြီးတော့ အဖိုးကြီးရဲ့ ကာကွယ်ပေးနေတဲ့ အမူအယာတွေကို ကြည့်ရင်လည်း သူ့ရဲ့ရောဂါက သေချာပေါက် ပေါ့သေးသေး မဟုတ်ဘူးဆိုတာ ကိုယ်ခန့်မှန်းနိုင်ပါတယ်။ အဲဒီအပြင် သူတို့မိသားစုရဲ့ အခြေအနေကလည်း သိပ်ဆိုးပုံမပေါ်ပါဘူး။ ဒါပေမယ့် မင်းက အခု ဒီမှာရောက်နေတာဆိုတော့ မင်း သူတို့နဲ့ မနီးစပ်လွန်းတာက ပိုကောင်းလိမ့်မယ်”
(T/N: နာဖျားနေတဲ့ သရဲဆိုတာ တကယ့်သရဲကို ပြောတာမဟုတ်ပါဘူးနော်။ သာမန်အအေးမိတာမျိုး ရောဂါအသေးအဖွဲ့မဟုတ်ဘဲ အမြဲတမ်း နာဖျားနေတဲ့သူ့ကို ပြောတာပါ။ နာတာရှည်ရောဂါလိုမျိုး။)
တကယ်တမ်း ဤမိန်းကလေးသည် အကြံအစည်များစွာရှိသူ မဟုတ်ပေ။
တစ်ဖက်လူက ကျင်းယွင်ကျောင်းအပေါ် မကောင်းသည့် ရည်ရွယ်ချက် တကယ်မရှိကြောင်း လီရှောက်ယွင် ထင်ထင်ရှားရှား သိနိုင်၏။ မှန်ပါသည်၊ သူက ဤတစ်ကြိမ်၌ ဘာအကြံအစည်မှ မရှိသော်လည်း နောက်တစ်ကြိမ်ဆိုလျှင်ရော။
ဤကဲ့သို့သော ဆက်ဆံရေးမျိုးသည် သူမ ကံကောင်းပါက သူမအတွက် အကူအညီဖြစ်လိမ့်မည်။ သို့သော် မကောင်းသော စိတ်ထားရှိပြီး သူမ၏ နောက်ကွယ်မှ အကွက်ချ ကြံစည်တတ်သူနှင့် တွေ့ပါက သူမ၏ ဘဝရော စည်းစိမ်ပါ ဆုံးရှုံးသွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားပါက ပြန်လှည့်စရာလမ်းရှိမည် မဟုတ်ပေ။
မူလက ကျင်းယွင်ကျောင်းသည် သူက သူမ၏ ကိုယ်ပိုင်ကိစ္စများကို လာအနှောက်အယှက်ပေးနေသည့်အတွက် အတော်လေး စိတ်ညစ်သွားသည်။ သို့သော် သူသည် အထက်စီးဆန်၍ စိတ်မြန်သော လူတစ်ယောက်ဖြစ်ရာ စကားလုံးများအားလုံးက ရိုးရှင်းပြီး နောက်ကွယ်၌ နက်ရှိုင်းသော အဓိပ္ပါယ်ရှိနေ၍ သူမအား သူ့နည်းသူ့ဟန်ဖြင့် သတိပေးနေရန် ကြိုးစားနေခြင်းဖြစ်သဖြင့် စျေးဆစ်လို့ရမည့်သူ မဟုတ်ပေ။
“ကျွန်မက သူ့ရဲ့ရောဂါကို ကုပေးဖို့ ကြိုးစားနိုင်တယ်။ သူ့လိုမျိုး ငယ်ငယ်ရွယ်ရွယ်လေးတစ်ယောက်က တစ်ခုခုဖြစ်သွားရင် သနားစရာလည်း ကောင်းတယ်လေ”
ကျင်းယွင်ကျောင်းက ယဥ်ယဥ်ကျေးကျေးပင် ပြန်ဖြေလိုက်သည်။
လီရှောက်ယွင်က သူမအား ဘေးတိုက်တစ်ချက်ကြည့်လိုက်ပြီး မသဲမကွဲ ပြောလိုက်၏။
“ကိုယ် ဒီနေ့မနက်က နှာချေနေတာ။ ကိုယ့်ကို တစ်ချက်လောက် ကူညီပြီး ကြည့်ပေးပါဦး။ တော်ကြာ အဲဒါက ပြင်းထန်တဲ့ရောဂါအဖြစ် ပြောင်းသွားပြီး ကိုယ် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားလိမ့်မယ်။”