အခန်း (၁၃၃-၁၃၆)
Vol. 7 Ch. 133-136
Chapter 133 : မြက်နုစားနေသော နွားအိုကြီး
လီရှောက်ယွင်က စကားဆုံးသည်နှင့် အကြိမ်ရေအနည်းငယ်ခန့် ခြောက်ကပ်ကပ် ချောင်းဆိုးပြလိုက်သည်။ သူ၏ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းအစုံက သူ၏ စကားများထဲတွင် မုသားတစ်လုံးမှမပါဟု ကျင်းယွင်ကျောင်းအား သက်သေပြနေသည့်အလား စိုက်ကြည့်နေ၏။
လက်ရှိအချိန်၌ နှစ်ဦးသားသည် အတော်လေးနီးကပ်စွာ ရပ်နေကြသည်။ ကျင်းယွင်ကျောင်း၏ ဦးခေါင််းက သူ၏ မေးစေ့နှင့် တတန်းတည်း ဖြစ်နေ၏။ သူမ၏ ပိန်ပါးလျသော ပုံရိပ်က လီရှောက်ယွင်အား ပို၍ပင် အရပ်ရှည်၍ ခံ့ညားသွားစေသည်။
ကျင်းယွင်ကျောင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ခပ်ဖျော့ဖျော့ရနံ့တစ်မျိုးရနေ၏။ ၎င်းအနံ့က မနှစ်မြို့စရာတော့ မကောင်းပေ။ သူ၏ သိမ်မွေ့၍ သာယာသော အသံကိုပါ ထည့်ပေါင်းလိုက်ပါက လူများကို မကောင်းသော ရည်ရွယ်ချက်များထားရှိစေရန် ခက်ခဲစေသည်။ သူ၏ မျှော်လင့်ချက်အပြည့်နှင့် အကြည့်များအား မြင်သောအခါ သူမက အလျှော့ပေးလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
လီရှောက်ယွင်က လက်ကမ်းပေးလိုက်သည်။ သူ၏ လက်ချောင်းများမှာ ရှည်လျား သွယ်လျနေသော်လည်း အသားမာများကို မြင်လိုက်ရသဖြင့် သူမ၏ မျက်လုံးထဲတွင် အံသြမှုများ လျှပ်တပြက် ဖြတ်ပြေးသွားသည်။
တုလင်းက သူ့အား သခင်လေးလီဟု ခေါ်ညွှန်း၍ သူသည် အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် ထျန်းရှန်းလော်အား စီမံအုပ်ချုပ်နိုင်၏။ ထို့အပြင် သူသည် မြို့တော်မှ လူတစ်ယောက်ဖြစ်ပြီး သူ၏ မိသားစုအခြေအနေသည် အတော်လေး ကောင်းမွန်သည်။ သို့သော် သူမ၏ ထင်မြင်ချက်အားလုံးက သူ၏ လက်ပေါ်ရှိ အသားမာများက ပြောပြနေသည်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ ဒါက ကာယအလုပ်ကြမ်း လုပ်ရလို့ ကျန်ခဲ့တာတွေတော့ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား။
သို့ရာတွင် သူမ၏ သိချင်စိတ်က မပြင်းထန်ပေ။ အခိုက်အတန့်မျှ နားမလည်နိုင်ဖြစ်သွားရုံသာ ဖြစ်၏။ သူမက ဆက်လက်၍ သူ၏ သွေးခုန်နှုန်းကို စိတ်ရှည်လက်ရှည် စမ်းသပ်ပေးနေလိုက်သည်။ သို့သော် သန်မာ၍ အားအင်ပြည့်ဝနေသော သွေးခုန်နှုန်းကို စမ်းပြီးသည့်နောက် ကျင်းယွင်ကျောင်းသည် ပြောစရာစကား ကင်းမဲ့သွား၏။
“သခင်လေးလီ၊ ရှင့်ရဲ့ ခန္ဓာကိုယ်က အရမ်းကို ကျန်းမာပါတယ်”
ကျင်းယွင်ကျောင်းက ခပ်တည်တည်ပြောလိုက်ပြီး တိတ်ဆိတ်သွားပြန်သည်။
အလွန် ကျန်းမာရုံတင်ပဲ မဟုတ်။ ပြသာနာတစ်ခုမှပင် မရှိ။ သူပြောတဲ့ ပြင်းထန်တယ်ဆိုတာက ဘယ်နေရာမှာလဲ။ သူက နှာချေရုံပဲလေ၊ တစ်ယောက်ယောက်က သူ့အကြောင်းကို တွေးနေလို့ နေမှာပေါ့။
လီရှောက်ယွင်က စိတ်ကြီးဝင်နေသော အရိပ်အယောင်နှင့် နှုတ်ခမ်းတွန့်၍ ပြုံးလိုက်၏။ သူ၏ ခန္ဓာကိုယ်၏ ကျန်းမာသန်စွမ်းမှုအား ထုတ်ကြွားလိုက်ရသည့် အလားပင်။
“ရှင်လည်း ဘာမှမဖြစ်ဘူးဆိုတော့ ဒါဆိုရင် ကျွန်မ အရင်ပြန်တော့မယ်”
ကျင်းယွင်ကျောင်းက သူ့အား မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
“ခွင့်မပြုပါဘူး”
လီရှောက်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်၏။ အဆုံးသတ်၌ သူ၏ လေသံအား ပြတ်သားနေသော လေသံကို ပြန်လျှော့ချလိုက်ပြီး အပြင်ဘက်ရှိ မှောင်မဲနေသော ကောင်းကင်ကြီးအား ညွှန်ပြလိုက်၏။
“ဒီအချိန်မှာ မင်းလို မိန်းကလေးက တစ်ယောက်ထဲ ပြန်တာ မလုံခြုံဘူး။ ကိုယ် တစ်ယောက်ကို မင်းအတွက် အခန်းတစ်ခန်း ဖွင့်ခိုင်းလိုက်မယ်။ ဒါကြောင့် ဒီမှာပဲနေ။ မနက်ဖြန် မနက်ရောက်ရင် ကိုယ် မင်းကို ကျောင်းလိုက်ပို့ပေးမယ်”
သူ့အားကြည့်နေသော ကျင်းယွင်ကျောင်း၏ အကြည့်များက ထူးဆန်းသွားသည်။
သူတို့နှစ်ဦးစလုံးသည် အကြိမ်ရေအနည်းငယ်သာ တွေ့ဖူး၍ အချင်းချင်း ရင်းနှီးသည်ဟုပင် မယူဆနိုင်ချေ။ သူ့ရဲ့ဒီသဘောထားက နည်းနည်းတော့ ထက်သန်လွန်းမနေဘူးလား။ သူမက သူ့မှာရှိတဲ့ ညီမတွေ ဘာတွေနဲ့များ တူနေတာကြောင့်လား။ မဟုတ်မှ...သူ၏ ပျားပိတုန်းများ၊ လိပ်ပြာများ ရေးခြယ်ထားသကဲ့သို့သော မျက်နှာကို ကြည့်ရင်း သူမသည် ချက်ချင်းပင် မသတီစွာ ခံစားလိုက်ရ၏။ ဒါ နွားအိုတစ်ကောင်က မြက်နုစားချင်နေတဲ့ အခြေအနေတော့ မဖြစ်နိုင်ဘူး မဟုတ်လား။
ကျင်းယွင်ကျောင်း၏ စိတ်သည် အသက်ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်အရွယ် ကလေးတစ်ယောက်၏ စိတ်မဟုတ်ပေ။ ဤ မသက်မသာဖြစ်ရသော စိတ်စေတနာကောင်းရှိသည့် အမူအယာများကြောင့်လည်း သူမက အထိခံလိမ့်မည် မဟုတ်ပေ။
လီရှောက်ယွင်က သူမ၏ တိတ်ဆိတ်နေခြင်းကို ပြောစရာစကားမရှိခြင်းဟု မှတ်ယူလိုက်သည်။ သူက လက်လှမ်းလိုက်ပြီး ပြန်ဆွဲခေါ်လိုသော ရည်ရွယ်ချက်ဖြင့် ကျင်းယွင်ကျောင်းအား လှမ်းထိလိုက်၏။
သူ၏ မူလရည်ရွယ်ချက်များသည် လူကြီးလူကောင်းဆန်ကာ ယဥ်ကျေး၍ ကျင်းယွင်ကျောင်းအား ထူးဆန်းသောအရာတစ်ခုခုကို လုပ်ချင်၍ မဟုတ်ပေ။ သူ၏ လက်က သူမ၏ ပခုံးအား ထိလိုက်သော်လည်း သူသည် သူမနှင့် သင့်လျော်သော အကွာအဝေးတစ်ခု၌ ရှိနေဆဲပင်။ ၎င်းက ခပ်ဖွဖွလေး ထိလိုက်ခြင်းသာ ဖြစ်၏။ ထို့အပြင် သူသည် အမျိုးသမီးများနှင့် နီးလွန်းခြင်းကို ဘယ်သောအခါမှ မနှစ်သက်ခဲ့။ သို့သော် ကျင်းယွင်ကျောင်းက ငယ်ရွယ်သေးသည်ဖြစ်ရာ ထိုလုပ်ရပ်တွင် သူ၏ အတွေးများက ထိုသဘောသို့ ဦးတည်သွားခြင်းလည်း လုံးဝ လုံးဝ မရှိ။ ဤသည်က သူ၏ ဘဝ၌ ပထမဆုံးအကြိမ် ထိုသို့ပြုမူဖူးခြင်း ဖြစ်သည်။
သို့သော် ကျင်းယွင်ကျောင်း၏ မျက်လုံးထဲ၌ ၎င်းက လုံးဝခြားနားသော အပြုအမူတစ်ခုဖြစ်သွား၏။
အတိတ်ဘဝ ချောင်မိသားစုနှင့် နေခဲ့ရစဥ်က ချောင်ဝေ့မင်သည်လည်း မရည်ရွယ်ချက် မပါသော အကြည့်တစ်ချက်နှင့် သူမအား မတော်တရော် ပြုမူခဲ့သည်။ လီရှောက်ယွင်၏ ပုံပန်းသွင်ပြင်သည် အလွန်ဆွဲဆောင်မှုရှိသော်လည်း ဤလုပ်ရပ်မျိုးသည် သူမ၏ လုံခြုံမှုရှိသော အကွာအဝေးအား ကျော်လွန်သွားပြီး သူမ၏ အတိတ်မှ ဆိုးဝါးသော အမှတ်တရများအား ပြန်လည်ယူဆောင်လာပေးသည်။ ရုတ်ချည်းပင် သူမ၏ ဗိုက်ထဲမှ ပျို့တက်လာပြီး လီရှောက်ယွင်အား ချက်ချင်း တွန်းဖယ်ပစ်လိုက်တော့၏။ နောက်ထပ် တပြိုက်နက်ပင် သူ၏ ဝမ်းဗိုက်အောက်ပိုင်းသို့လည်း ဒူးဖြင့် တိုက်ပစ်လိုက်သည်။
လီရှောက်ယွင်က သူမထံမှ ဤကဲ့သို့ပြင်းထန်သောတုံပြန်မှုကို အဘယ်မှာ မျှော်လင့်ထားမည်နည်း။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သော်လည်း ကျင်းယွင်ကျောင်း၏ တိုက်ခိုက်မှုက သူ့အား ထိသွားဆဲပင်။ ရုတ်တရက် ဆောင့်တက်လာသော နာကျင်မှုက သူ၏ ခန္ဓာကိုယ်အောက်ပိုင်းရှိ အားအနည်းဆုံးနေရာဆီမှ ချက်ချင်း ပြန့်နှံ့လာ၏။
သူ၏ မျက်နှာက ရုတ်ချည်း မဲမှောင်သွားပြီး နားမလည်နိုင်သော အမူအယာဖြစ်သွားသည်။ သူက ကျင်းယွင်ကျောင်းအား ကြည့်ရန် ပြန်သွားလိုက်သော်လည်း သူမသည် ထျန်းရှန်းလော်၏ တံခါးများကိုဖြတ်၍ အပြင်ဘက် တဟုန်ထိုးထွက်သွားကာ အကြိမ်ရေ အနည်းငယ်မျှ ခပ်ခြောက်ခြောက် အန်နေ၏။ သူမ၏ ရွံရှာနေသော အမူအယာက သေချာပေါက် အတုအယောင် မဟုတ်ပေ။
လီရှောက်ယွင်၏ မျက်နှာအမူအယာက သူ မတူထူးကဲစွာ စိတ်ဝင်စားသွားပုံရပြီး သူတို့၏ နောက်ရှိ စားပွဲထိုးတစ်စုမှာမူ အံသြထိတ်လန့်နေကြသဖြင့် လှုပ်တောင် မလှုပ်နိုင်ကြပေ။ သီးသန့်ဆန်ပြီး ထိကိုင်၍မရသော ကောင်းကင်ကြီးနှင့်တူသည့် လီရှောက်ယွင်က နာကျင်နေသော်လည်း ဝန်မခံချင်သည့် အမူအယာကို ထုတ်ပြမိနေသဖြင့် သူတို့သည် တစ်ချိန်တည်းမှာပင် ရယ်ရမလို၊ ငိုရမလို ဖြစ်နေကြသည်။
ရယ်ချင်ရသည့်အကြောင်းအရင်းမှာ သူတို့ဘော့စ်၏ လက်ရှိအမူအယာက အလွန်ချစ်စရာကောင်းနေသောကြောင့်ပင်။ သို့ရာ၌ သူတို့အား ငိုချင်စေသည့် အကြောင်းမှာ သူတို့ဘော့စ်၏ အမူအယာနှင့် ပျို့အန်နေသည်အား အမှန်တကယ်ပင် မြင်သွားသူအချို့ရှိသောကြောင့်ပင်ဖြစ်သည်။
Chapter 134 : အမှောင်ထဲ၌ စမ်းတဝါးဝါး
ထိုအခိုက်တွင် သူမ၏ စိတ်ထဲ၌ ကြီးစိုးနေသော အတွေးမှာ ချောင်ဝေ့မင်၏ လက်သရမ်းသော မြင်ကွင်းများသာဖြစ်၏။ အထူးသဖြင့် သူသေသောနေ့က ဖြစ်ပျက်ခဲ့သည်များကိုပင်။ ထိုလက်တစ်စုံက သူမရှေ့၌ ဘယ်ညာလှုပ်ရှားနေပြီး သူ၏ ရမ္မက်ဇောကပ်နေသော မျက်နှာက သူမအား ပို၍ ပျို့အန်စေသည်။ ချောင်ဝေ့မင် သွေးအိုင်ထဲ၌ လဲကျနေကာ ထပ်ပြီး ထ,မလာနိုင်တော့သည့် ပုံရိပ်အား မြင်မှသာ သူမ ပို၍ ခံစားရသက်သာလာ၏။
ကျင်းယွင်ကျောင်းက ရုတ်တရက် သူမကိုယ်သူမ အမှန်တကယ်ပင် အတော်လေး သွေးဆာနေသော လူတစ်ယောက်ဟု ခံစားလိုက်ရသည်။ လတ်ဆတ်သောသွေးများအကြောင်းကို တွေးလိုက်ပါက အနည်းဆုံးတော့ သူမ၏ ခံစားချက်များက ထွက်ပေါက်တွေ့သွားသလို ခံစားရ၏။ များများတွေးပါက သူမသည် ပို၍ပင် စိတ်လှုပ်ရှားလာသည်။
သူမက ခဏမျှ အမောဖြေနေ၍ စိတ်များ ပြန်လည်တည်ငြိမ်လာပြီးနောက် အပြစ်ကင်းစင်စွာဖြင့် တစ်ချက်ငေးမောကြည့်လိုက်ကာ သူမ၏ ပါးစပ်ကို သုတ်လိုက်၏။
သူမသည် လီရှောက်ယွင်ကဲ့သို့သော လူတစ်ယောက်အား ကြည့်ရုံနှင့်ပင် ဤကဲ့သို့သော တုံ့ပြန်မှုများ ရှိနေရာ အနာဂတ်၌ ပို၍ ဆိုးဝါးလာလိမ့်မည်လား။
ယခုအချိန်၌ ကျေးဇူးတင်ရမည်မှာ သူမသည် ဆယ့်ခြောက်နှစ်ပင် မပြည့်သေးခြင်းပင်။ သူမ၏ အထက်မှ တိုက်တွန်းမည့် လူကြီးမိဘများလည်း သူမတွင် မရှိပေ၊ သူမသည် ယောက်ျားတစ်ယောက် မရှာခဲ့လျှင်တောင် ဤဘဝ၌ ကောင်းမွန်စွာ နေထိုင်နိုင်နေဆဲပင်။
ကျင်းယွင်ကျောင်း ဤအကြောင်းကိုသာ တွေးတောနေစဥ် သူမ၏ နောက်ဘက် သိပ်မဝေးသော နေရာမှ သူမအား ကြည့်နေသော ယောက်ျားတစ်ယောက်ရှိသေးကြောင်း ရုတ်တရက် သတိရလိုက်သည်။ သူမသည် သူမ၏ နောက်၌ ဖြစ်ပျက်နေသည်များကို မမြင်ချင်ယောင်ဆောင်လိုက်ကာ သူမ၏ မြင်ကွင်းထဲသို့ မောင်းလာသော တက္ကစီလေးတစ်စီးကို မြင်လိုက်သည်နှင့် ချက်ချင်းပင် လက်ပြ၍ တားလိုက်တော့၏။ သူမ၏ နောက်မှ စိုက်ကြည့်နေသော အကြည့်များကို မခံစားမိသည့်အလား သူမ၏ စိတ်ကို သူမပြင်ဆင်၍ ထွက်သွားတော့သည်။
လီရှောက်ယွင်၏ နှုတ်ခမ်းများက ခပ်တင်းတင်းဖြစ်သွား၏။ ခုနက ကျင်းယွင်ကျောင်း၏ တိုက်ခိုက်မှုများသည် သူ့ကို ပြင်းပြင်းထန်ထန် အသားမနာစေပေ၊ နာကျင်မှုက လျော့ပါးသက်သာသွားပြီဖြစ်၏။ သို့သော် သူ၏ နှလုံးသားကတော့......
လီရှောက်ယွင်၏ ခံစားချက်များက ရှုပ်ထွေးနေသည်။ သို့သော် သူ၏ အပြင်ပန်းပုံစံသည် မည်သည်ခံစားချက်ကိုမှ မဖော်ပြဘဲ ဓါတ်လှေကားထဲသို့ ဝင်သွားလေ၏။
ထို့နောက် ဝန်ထမ်းများက ချက်ချင်းစုဝေးသွားကြတော့သည်။
“ဘော့စ်က အရမ်းသနားစရာကောင်းတာပဲ။ သူ သေလောက်အောင် နာကျင်နေပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ချင်နေသေးတယ်”
ဝန်ထမ်းကျားက လီရှောက်ယွင် ထွက်သွားရာဘက်သို့ ကရုဏာသက်စွာ စိုက်ကြည့်နေသည်။
“ငါတို့ရဲ့ဘော့စ်က ဓါတ်လှေကားထဲမှာတော့ နာလွန်းလို့ လူးလိမ့်မနေလောက်ဘူး မဟုတ်လား”
ဝန်ထမ်းယီက မနေနိုင်တော့ဘဲ မေးလိုက်၏။
သို့သော် သူတို့စိတ်ထဲ၌ စိတ်ကူးယဥ်ကြည့်လိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်များက ချမ်းစိမ့်သွားပြီး မတုန်လှုပ်ဘဲ မနေနိုင်ချေ။ အကယ်၍ သူတို့၏ဘော့စ်ကဲ့သို့ လူများနှင့် မိုင်တစ်ထောင်ခန့် ခြား၍ နေသောသူက ဤကဲ့သို့သော ကိစ္စမျိုးကို အမှန်တကယ်သာ လုပ်ခဲ့ပါက ၎င်းသည် လူတစ်ယောက်အား ကြောက်လွန်းလို့ သေသွားစေနိုင်သည်။
“တကယ်လို့ မင်းတို့တွေ လူတစ်ယောက်အကြောင်းကို ပြောချင်တယ်ဆိုရင် အဲဒါက ခုနက ခွန်အားရှိတဲ့ ကျောင်းသူလေးအကြောင်းပဲ ဖြစ်သင့်တယ်။ ခုနတုန်းက ကန်ချက်က တအားကို မိုက်လွန်းတယ်”
ဝန်ထမ်းပင်းက ကျင်းယွင်ကျောင်း၏ သတ္တိစွမ်းရည်များကြောင့် ကျရှုံးသွားပုံပင်။
(T/N: ဒါက သူတို့ရဲ့နာမည်အရင်းတွေ မဟုတ်ပါဘူးနော်။ ‘ကျား၊ယီ၊ပင်း၊တင်း’ အဲလို ကာရန်လေးနဲ့ လိုက်ပြီး ခေါ်လိုက်တဲ့သဘောပါ၊ အေ၊ဘီ၊စီ၊ဒီ လို့ အစဥ်လိုက် ခေါ်သလိုမျိုး။ )
ထိုအခိုက်တွင် ကျင်းယွင်ကျောင်းသည်လည်း ချောင်းမဆိုးဘဲ မနေနိုင်ခဲ့ချေ။ သူမ၏ မျက်နှာက အနည်းငယ် နီရဲနေ၏။
ထျန်းရှန်းလော်ရှိ လူများက သူမ၏ အကြောင်းကို သေချာပေါက် ဆွေးနွေးနေကြမည်ဖြစ်သည်။ သူမသည် ထိုနေရာမှ ဝေးဝေးနေရန် လိုအပ်သည့်ပုံပင်။ သူမက သူတို့၏ဘော့စ်ကို အပြစ်ပြုမိခဲ့၏။ ထို့ကြောင့် အနာဂတ်၌ သူမ မှာသော အစားအသောက်ထဲတွင် “အပိုပါဝင်ပစ္စည်းများ” ပါနေမည်လား၊ မပါဘူးလားဆိုသည်ကို မည်သူသိမည်နည်း။
(T/N : တံထွေးထွေးထည့်တာတို့၊ ဝမ်းနှုတ်ဆေးတို့ဘာတို့ ခတ်မှာစိုးလို့ 😂)
သံသယကို ပျောက်စေနိုင်သည့် တစ်ခုတည်းသောကိစ္စမှာ သူမ ယနေ့ရရှိခဲ့သည့် တစ်စုံတစ်ခု ဖြစ်၏။ လီရှောက်ယွင်အတွက်မူ သူမသည် ယနေ့မှစ၍ သူနှင့် ပို၍ ဝေးဝေးနေရန် လိုအပ်သည်။ ဤကဲ့သို့ဖြစ်ပြီးနောက် သူသည်လည်း သူမအား ထပ်၍ မမြင်ချင်တော့လောက်ဟု သူမ ခန့်မှန်းလိုက်၏။
ကျင်းယွင်ကျောင်းသည် ဝမ်ရှင်းဟွားယွမ့်သို့ ပြန်လာပြီးနောက် သူမ၏ နေရာလွတ်နယ်မြေထဲသို့ ချက်ချင်းဝင်လိုက်၍ ဝိညာဥ်ကျောက်စိမ်းအပိုင်းကို ဆက်၍စုပ်ယူလိုက်သည်။ ဤသို့ဖြင့် ဒုတိယမြောက် ဝိညာဥ်ကျောက်စိမ်းအပိုင်းကို တစ်ညတည်းနှင့်ပင် စုပ်ယူပြီးစီးသွား၏။ သူမ၏ အရှိန်သည်လည်း ယခင်ကထက်ပို၍ သိသိသာသာ မြန်ဆန်လာသည်။
နောက်နေ့မနက်တွင် သူမသည် လုပ်ရိုးလုပ်စဥ်အတိုင်း ကျောင်းမသွားမီတွင် သူမ ငှားထားသော ခြံသို့ ပထမဆုံး သွားလိုက်၍ တုလင်းလိုချင်သော ပါဝင်ပစ္စည်းအသီးအနှံများအားလုံးကို ပြင်ဆင်လိုက်၏။
ဤပါဝင်ပစ္စည်းများအား သူမငှားရမ်းထားသော ကားဒရိုင်ဘာက တိုက်ရိုက် ပို့ဆောင်ပေးသည်။ ဤဒရိုင်ဘာသည်လည်း ရက်အနည်းငယ်ခန့် အတွေ့အကြုံရှိပြီးဖြစ်သဖြင့် အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်နိုင်၏။ ထို့အပြင် သူ၏ အကျင့်စရိုက်မှာလည်း ရိုးရှင်း၍ ရိုးသားသည်၊ ဖြောင့်မှန်သည်၊ ထို့ကြောင့် ကျင်းယွင်ကျောင်းက ထပ်မံ၍ တုလင်းအား သူမ၏ ပစ္စည်းပို့သောနေရာကို သူနှင့် အစား ထိုးကာ သဘောတူစာချုပ်,ချုပ်ရန် ပြောခဲ့သည်။ သူက သူမ၏ ထုတ်ကုန်များအား အလွဲသုံးစားလုပ်မည်ကိုလည်း မကြောက်မိပေ။
ထို့နောက် ကျင်းယွင်ကျောင်းသည် ကျောင်းသို့ ရောက်သည်နှင့် ရှောင်ဟိုင်ချင်းထံမှ ဆီးဖမ်းခံလိုက်ရပြီး ရှောင်ဟိုင်ချင်းက သူမအား ချောင်ဟုန်ယဲ့ ဆရာမဆီမှ ပျက်ကွက်ခွင့်တစ်ရက်ယူသွားသည့်အကြောင်း ပြောပြလာသည်။
“နင်က ဒီမှာမရှိတော့ မမြင်လိုက်လို့၊ ချောင်ဟုန်ယဲ့ရဲ့ အဖြူရောင်ဂါဝန်တစ်ခုလုံးက အမည်းရောင်ဖြစ်လုနီးပါးပဲ။ သူ့ရဲ့ခြေထောက်က ဒဏ်ရာအကြီးကြီးနဲ့၊ မျက်နှာကလည်း ခရမ်းရောင်ပေါက်နေတာ။ သူရဲ့မျက်လုံးတွေက ကြောင်စီစီဆိုတော့ အရူးနဲ့တောင် တူတယ်။ သူ ဘာလို့ အရမ်းနောက်ကျမှ အပြင်ထွက်သွားတယ်ဆိုတာ ဘယ်သူမှတောင် မသိဘူး”
ရှောင်ဟိုင်ချင်းက ထိုမြင်ကွင်းအား ပြန်ပြောပြနေရင်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
ကျင်းယွင်ကျောင်းက အစပိုင်း၌ အံ့သြသွားပြီးမှ ရုတ်တရက် ထရယ်လိုက်၏။ မနေ့ညက ချောင်ဟုန်ယဲ့သည် အမှောင်ထဲ၌ စမ်းတဝါးဝါးဖြင့် တစ်ယောက်တည်း အချိန်အကြာကြီး လမ်းလျှောက်ခဲ့ရသည်ဟု သူမ လက်ခံပေးလိုက်ရမလား။
Chapter 135: စောဒတက် တိုင်တန်းခြင်း
ကျင်းယွင်ကျောင်းသည် ထိုကိစ္စကို ဖြစ်စေခဲ့သော်လည်း ချောင်ဟုန်ယဲ့မှာမူ တစ်ယောက်တည်း လမ်းအကြာကြီး လျှောက်ခဲ့ရပြီး နောက်နေ့ မနက် အရုဏ်တက်မှ ပြန်ရောက်လာသည်အား သူမ မသိခဲ့ပေ။
ထိုနေရာသည် လူသူကင်းမဲ့၍ ပတ်ဝန်းကျင်၌လည်း ရွံ့ဗွက်များထူထပ်နေသော လမ်းများမှလွဲ၍ အခြားမရှိ၊ လမ်းအချက်ပြ ဆိုင်းဘုတ်လေးတစ်ခုကိုပင် ရှာတွေ့ရန် လုံးဝမဖြစ်နိုင်ချေ။ ချောင်ဟုန်ယဲ့သည် ရွေးခြယ်စရာမရှိသောကြောင့် သူမကိုယ်သူမ စိတ်ကိုပြင်ဆင်အားတင်း၍ ရှေ့သို့ဆက်၍ လမ်းလျှောက်လာခဲ့ရသည်။ အကယ်၍ သူမ ရပ်လိုက်ပါက အဖြူရောင်စက္ကူစများ တလွင့်လွင့် ပြန့်ကျဲနေသည့် လမ်းဘေးရှိ အုတ်ဂူအထိမ်းအမှတ်တိုင်များဆီမှ တိုက်ခတ်လာသည့် နိမိတ်မရှိသော လေပြေများကို ခံစားမိလိမ့်မည်။ လေတိုးသံများက သူမ၏ အရေပြားအား တိုးဝှေ့နေကြသည်။ သူမ ကြာကြာမနေရဲပေ။
စင်စစ် သူမသည် မိန်းကလေးငယ်လေးတစ်ဦးသာ ဖြစ်နေသေးသည်။ သူမ ငယ်စဥ်ကတည်းက ကာယချိန်များတွင် ပါဝင်ခဲ့သည်ကလည်း အလွန်နည်းပါး၏။ ထို့ကြောင့် သူမ၏ လမ်းလျှောက်နှုန်းကလည်း အလွန်နှေးကွေးသည်။
အထူးသဖြင့် သူမ ပို၍လမ်းလျှောက်လေလေ ပိုပင်ပန်းလာလေလေပင်။ အဆုံး၌ သူမသည် လမ်းလျှောက်နေသော်လည်း ထပ်ခါထပ်ခါ ရပ်တန့်နေရသည်။ ကောင်းကင်ကြီးက မှောင်မဲနေသောကြောင့်လည်း အကြိမ်များစွာ ခလုတ်တိုက်ခဲ့၏။ နေအလင်းရောင် ထွက်ပေါ်လာမှသာ အရာအားလုံးက ပို၍ ထင်ထင်ရှားရှား ဖြစ်လာပြီး ကြင်နာတတ်သော ကားသမားတစ်ဦးက သူမအား ကျောင်းသို့ လိုက်ပို့ပေးခဲ့၍ ထိုအချိန်ကျမှ ချောင်ဟုန်ယဲ့က သူမသည် ဆန့်ကျင်ဘက်အရပ်သို့ လမ်းလျှောက်နေခဲ့မိကြောင်း သိတော့သည်။ သူမသည် အော့အန်၍ မူးမေ့သွားချင်သလို ခံစားလိုက်ရ၏၊
သူမအတွက် ကံဆိုးသည်မှာ တစ်ညလုံး လေအေးများနှင့် ထိတွေ့ခဲ့ရပြီး ကြောက််ရွံ့ထိတ်လန့်နေခဲ့သောကြောင့် သူမ ကျောင်းသို့ ရောက်သောအခါ အပြင်းဖျား ဖျားတော့သည်။ ယခုအချိန်၌ သူမသည် ကျောင်းဆေးခန်းထဲ၌ အနားယူနေရ၏။
အစပိုင်း၌ ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့သည် မုန်းစရာကောင်းသော်လည်း စင်စစ် သူမသည် ကလေးတစ်ယောက်သာ ဖြစ်နေသေးသည်ဟု တွေးခဲ့သည်။ အတိတ်ဘဝ၌ သူမ ဖြတ်သန်းခဲ့ရသည့် ခါးသီးမှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ချောင်ဟုန်ယဲ့သာ ပို၍ လိမ္မာပါးနပ်လာလျှင် သူမသည် သူတို့ဖြစ်ခဲ့သော ကိစ္စများကို ပျော်ပျော်ကြီး ချန်ထားခဲ့ကာ သူမနှင့် ထပ်ပြီး ပတ်သတ်တော့မည်မဟုတ်ပေ၊ သို့သော် ချောင်ဟုန်ယဲ့က သူမကိုယ်သူမ ကျင်းယွင်ကျောင်း၏ တံခါးဝသို့ အရောက်ပို့ခဲ့သည်။
ကျင်းယွင်ကျောင်းသည် မည်သူကိုမှ အန္တရာယ်မပြုချင်ခဲ့။ သို့သော် သူမသည် အခြားသူများက သူမအား အကွက်ချကြံစည်မည်အား ထိုင်စောင့်နေရန်လည်း ဆန္ဒမရှိချေ။ ချောင်ဟုန်ယဲ့၏ ကလိမ်ကကျစ်ကျသော စရိုက်သည် ပြောင်းလဲရန် ခက်ခဲသည်ဖြစ်ရာ ယခုအချိန်မှစ၍ သူမ ရင်ဆိုင်ရသော မည်သည့်အခက်အခဲပင်ဖြစ်စေ ထိုသည်က သူမဆီသို့ သူမကိုယ်တိုင် ယူဆောင်လာခြင်းပင်။ ယခင်ကသာ ဤကဲ့သို့ ဖြစ်ပါက ဘီခန်းမှ ကျောင်းသားများသည် သူမဆီသို့ အုပ်စုလိုက် ကောက်ခါငင်ကာ လူမမာ လာမေးကြမည်ဖြစ်သော်လည်း ဤတစ်ကြိမ်၌မူ သူတို့ ဤသို့မလုပ်ကြတော့။ လူတိုင်းနီးပါးက သူမအား မြွေတစ်ကောင်၊ ကင်းတစ်ကောင်ကဲ့သို့ ရှောင်ရှားနေကြသည်။
သူမ၏ အဖျားက ဆိုးလွန်းလှသည်ဖြစ်ရာ သူမအား ကျောင်းဆေးခန်းသို့ ပို့ပြီး တစ်ရက်ကြာသွားပြီးသည့်တိုင် ပြန်ကောင်းမလာသေးချေ။ ကျောင်းက သူမ၏ အခြေအနေမကောင်းသည်အား မြင်သွားရာ ဆေးရုံသို့ တိုက်ရိုက်ပို့လိုက်တော့သည်။
သို့သော် ဉာဏ်အလင်းမပွင့်သေးသည့် လက်တစ်ဆုပ်စာ လူတစ်စုတော့ ကျန်ရှိနေသေး၏။
ဥပမာ၊ အေခန်းမှ ကျန်ရှဖြစ်သည်။
ကျင်းယွင်ကျောင်းက ပညာမပေးသည်မှာ အချိန်တစ်ခုကြာသွား၍ ဖြစ်နိုင်၏။ ကျန်ရှ၏ ပင်ကိုစရိုက်က ပြန်လည်ထွက်ပေါ်လာသည်။ သူက အရာအားလုံးသည် ကျင်းယွင်ကျောင်း၏ အမှားဟု ဆက်တွေးနေသေး၏။
ထိုနေ့၌ပင် ကျန်ရှသည် သူ၏ မုန့်ဖိုးဖြင့် ပန်းစည်းတစ်စည်းဝယ်၍ ဆေးရုံသို့ အပြေးအလွှားသွားတော့သည်။
အထဲ၌ ချောင်ဝေ့မင်က ဒေါသထွက်နေသော အမူအယာဖြင့် ချောင်ဟုန်ယဲ့အား မျက်မှောင်ကြုံ့၍ ကြည့်နေ၏။
ဤကလေးမသည် အမှန်တကယ်ပင် ခွင့်လွှတ်ချင်စရာ မဟုတ်ပေ။
သူမ ဖြစ်နေသည်မှာ သာမန်အဖျားတစ်ခုသာဖြစ်၍ သေစေနိုင်လောက်သည့် ရောဂါလည်း မဟုတ်။ ဘယ်နေရာ၌မဆို သူမ အနားယူနိုင်သည်။ သို့သော် ယခုအခါ အိပ်ယာခလည်း ပိုက်ဆံကုန်၏။ ဆေးသွင်းခလည်း ပိုက်ဆံကုန်၏။ အစားအသောက်အတွက်လည်း ပိုက်ဆံကုန်၏။ ဤကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် ပိုက်ဆံကို မည်သို့ဖြုန်းတီးရမည်မှန်း သိနေပြီဖြစ်ရာ အနာဂတ်မှာသာ ဆိုရင်ရော။
ချောင်ဝေ့မင်က ယနေ့အထိ ဂျင်ဆင်း၏ အကြောင်းကို တွေး၍ သတိရနေဆဲပင်။ ညစဥ် ညတိုင်း အိပ်ချိန်ရောက်လျှင် ကျင်းယွင်ကျောင်းက ထိုဂျင်ဆင်းအား တစ်ကိုက်ချင်း မြိုချနေသည်ကို သူ မြင်ယောင်နေ၏။ ယခုအချိန်၌ ပိုက်ဆံကုန်ကျသည့် ခေါင်းစဥ်များက များလာသည်ဖြစ်ရာ သူသည် တစ်ကိုယ်လုံး နေရာအနှံ့ နာကျင်သလို ခံစားနေရသည်။
ကျန်ရှက မျက်နှာပေါ်၌ ရိုသေလေးစားသော အမူအယာဖြင့် အခန်းတံခါးဖွင့်၍ ဝင်လာ၏။ သူသည် ချောင်ဝေ့မင်၏ အကြင်နာတရားကင်းမဲ့နေသော အမူအရာကို လုံးဝ မမြင်လိုက်နိုင်ပေ။
“ချောင်ဟုန်ယဲ့၊ ငါ နင့်ဆီကို ငါတို့အတန်းကိုယ်စား လူမမာ လာမေးတာ။ နင် မကြာခင် နေကောင်းလာဖို့ မျှော်လင့်ပါတယ်”
ကျန်ရှက ပြုံး၍ ပန်းစည်းကို ကမ်းပေးလိုက်သည်။
ချောင်ဝေ့မင်က မျက်မှောင်ကြုံ့လိုက်၏။ သူက အတန်းတစ်တန်းလုံးကို ကိုယ်စားပြုတာတောင် ပန်းစည်းလေးတစ်စည်းပဲ ယူလာတာလား။
သို့ရာတွင် သူသည် သူ၏ ဒေါသများအား အပြင်လူတစ်ယောက်အပေါ်၌ ဖွင့်ထုတ်လိုက်သည်အထိတော့ ဂယောက်ဂယက် ဖြစ်မနေသေးပေ။ သူက သဟဇာတဖြစ်အောင် ကြိုးစားလိုက်သော်လည်း သူ၏ သမီးဖြစ်သူသည် ဘီခန်းမှ ဖြစ်ကြောင်းကို တွေးမိလိုက်၍ မနေနိုင်ဘဲ မေးလိုက်သည်။
“ယဲ့အာ၊ ငါ ဘာလို့ နင့်ရဲ့အတန်းဖော်တွေ တစ်ယောက်မှ နင့်ဆီ သတင်းလာမေးတာကို မမြင်ရသေးတာလဲ”
ချောင်ဟုန်ယဲ့က ဆေးရုံကုတင်ပေါ်၌ လဲလျောင်းနေပြီး သူမ၏ မျက်နှာက ဖြူဖျော့နေ၏။
သူမ ရှင်းပြရန် ဟန်ပြင်နေစဥ်မှာပင် ကျန်ရှ၏ ရယ်သံကို ကြားလိုက်ရ၏။
“ဒါတွေအားလုံးက ကျင်းယွင်ကျောင်းကြောင့်ပဲ မဟုတ်လား။ ဦးလေး၊ ဦးလေးလည်း သူ့ကို ထိထိရောက်ရောက် ဆုံးမသင့်တယ်ဗျ။ သူက ဘာလို့ ချောင်ဟုန်ယဲ့ကို ဆက်ပြီးတော့ အနိုင်ကျင့်နေရတာလဲ။ ဒီရက်တွေမှာ ကျောင်းက လူတွေက ချောင်ဟုန်ယဲ့ရဲ့ စရိုက်နဲ့ပတ်သတ်ပြီး ဆိုးဆိုးဝါးဝါးတွေပဲ ပြောနေကြတာ၊ ပြီးတော့ သူတို့က သူ့ကို ဝိုင်းကြဥ်ထားကြတယ်လေ။ ဘယ်လောက် ရှင်းပြနေနေ ဘယ်သူမှ နားမဝင်ဘူး။ အိုး...ဟုတ်သားပဲ၊ သူ့ရဲ့ထိုင်ခုံကို နည်းလမ်းပေါင်းစုံနဲ့ အနောက်ကို ပြန်ဆွဲပို့နေကြတာကလည်း သူ့ရဲ့အဆင့်တွေအပေါ် ဆိုးဆိုးဝါးဝါး လွှမ်းမိုးမှု ဖြစ်သွားသေးတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က စာမေးပွဲမှာဆိုရင် သူက အတန်းထဲမှာတောင် အဆင့်က တစ်ဆယ်အောက်ကိုရောက်သွားတာလေ”
Chapter 136 : အလဟဿ ပိုက်ဆံဖြုန်းတီးခြင်း
ကျန်ရှ၏ မူလရည်ရွယ်ချက်များမှာ အမှန်တကယ်ပင် အလွန်ရိုးရှင်းသည်။ ချောင်ဟုန်ယဲ့၏ ပြဿနာများကို ဦးလေးချောင်အား ပြောပြလျှင် သူသည် သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်သွားပြီး ကျင်းယွင်ကျောင်းအား ပြဿနာသွားရှာပေလိမ့်မည်။
ကျင်းယွင်ကျောင်း မည်မျှပင် ခွန်အားရှိသည်ဖြစ်စေ သူမသည် လူကြီးသူမများ၏ စကားကိုတော့ နားထောင်ရမည် မဟုတ်လား။
ထိုအခါကျမှ အလိုအလျောက် သူ့ဟာနှင့်သူ ပြန်ဖြစ်သွားကာ သူမက တောင်းပန်ပြီး ချောင်ဟုန်ယဲ့၏ ကောလဟာလများကို ရှင်းလင်းပေးလိမ့်မည် ဖြစ်သည်။ ထို့နောက်တွင်တော့ သူ သဘောကျသည့် နတ်ဘုရားမသည် မည်သည့်မှားယွင်းစွပ်စွဲမှုကိုမှ ထပ်မံ၍ ခံစားရတော့မည်မဟုတ်ပေ။
သို့သော် သူသည် ချောင်ဝေ့မင်အား နားမလည်ခဲ့။
သူ့အတွက် သမီးတစ်ယောက်ဆိုသည်မှာ နှလုံးသား၏ ဘေးတွင်ထားရမည့် ဂွမ်းထိုးအနွေးထည်လေးတစ်ထည်နှင့် လုံးဝမတူပေ။ အလဟဿ ငွေဖြုန်းတီးမှုတစ်ခုသာ ဖြစ်၏။ ကျန်ရှပြောသည်အား နားထောင်ပြီးနောက် ဘီခန်းမှ ကျောင်းသားများ ချောင်ဟုန်ယဲ့ဆီသို့ သတင်းလာမမေးသည်မှာ သူမက ထိုလူစု၏ ဒေါသကို ရန်စထား၍ ဖြစ်ကြောင်းကို ချောင်ဝေ့မင် ခန့်မှန်းမိသွားသည်။ သူမ၏ အတန်းဖော်များနှင့် ဆက်ဆံရေးမကောင်းတော့သည့်အပြင် အဆင့်များလည်း ကျသွား၏။
သူမ ငယ်စဥ်ကတည်းက သူသည် သမီးဖြစ်သူအား အခြားကျောင်းသားများနှင့် ဆက်ဆံရေးကောင်းအောင် နေရန် သွန်သင်ထားခဲ့သည်။ အကြောင်းမှာ သူမသည် တစ်ယောက်ယောက်ကို အပြစ်ပြုမိကာ ဘက်ပေါင်းစုံမှ ဘေးအန္တရာယ်များအား ဖိတ်ခေါ်မိမည်ကို သူကြောက်သောကြောင့်ပင်။ တစ်နည်းအားဖြင့်ဆိုရလျှင် သူမ၏ ရုပ်ရည်နှင့် အရှိန်အဝါသည် အမှိုက်တစ်ခုသာ ဖြစ်၏။ သူမသည် ဆက်ဆံရေးကောင်းအောင် မလုပ်ရုံသာမက ဤအခြေအနေသို့ပင် ရောက်သွားလိမ့်မည်ဟု မည်သူကထင်မိမည်နည်း။
ဤသို့ဖြင့် သူ ထိန်းချုပ်ထားသော ဒေါသများက တဟုန်ထိုး ပေါက်ကွဲထွက်လာ၏။ ချောင်ဝေ့မင်သည် ဟန်ဆောင်ပန်ဆောင် လုပ်ရန်ပင် စိတ်မပါတော့ချေ။ သူက လက်လှမ်း၍ ပန်းများကို ဆွဲလုလိုက်ပြီး ဘေးသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် သူသည် ချောင်ဟုန်ယဲ့၏ လက်မှ ဆေးပုလင်းချိတ်ထားသော အပ်ကို ဆွဲဖြုတ်ပစ်လိုက်ပြီး သူမအား ကြမ်းတမ်းစွာ ဆွဲချလိုက်၏။
“ဆင်းစမ်း”
“အဖေ၊ အဖေ ဘာလုပ်တာလဲ။ ကျွန်မ ကြောက်လာပြီ”
ချောင်ဟုန်ယဲ့က ငိုကြွေးနေပြီး စိတ်အတွင်းကမူ ကျန်ရှအား အလွန်မုန်းတီးနေကာ သူသေသွားပါစေဟုပင် ဆုတောင်းနေသည်။
ဤကျန်ရှသည် ဤနေရာသို့ သူမအား လျှို့ဝှက်ဒုက္ခပေးရန် လာသည်မှာ အသေအချာပင်။ သူမကို အန္တရာယ်ပေးချင်နေသည့် ကျင်းယွင်ကျောင်းက သူ့အား လာဘ်ထိုး၍ လွှတ်လိုက်ခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်၏။
“လွှတ်လိုက်”
ထိုအခိုက်မှာပင် သူတို့သည် လှပသိမ်မွေ့သော ရုပ်ရည်နှင့် မိန်းကလေးတစ်ယောက် လူနာခန်း၏ တံခါးကို ဖြတ်၍ အထဲသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ သူမ၏ နောက်၌ ချမ််းသာကြွယ်ဝသော အမျိုးသမီးတစ်ယောက် ပါလာ၏။
ချောင်ဝေ့မင်သည် ခဏမျှ ကြောင်သွားသည်။ သူ့၌ လူများကို ကောင်းစွာ အကဲဖြတ်နိုင်သော မျက်လုံးရှိ၍ သူ၏ ဗီဇသိစိတ်က သူ့အား ဤသားအမိနှစ်ယောက်သည် သာမန်လူမဟုတ်ကြောင်း ပြောပြနေ၏။ သူတို့က ချောင်ဟုန်ယဲ့၏ဘက်မှ ကူပြောပေးရန် ဆန္ဒရှိနေသည်ဖြစ်ရာ သူမအား အနည်းငယ် မျက်နှာသာ ပေးလိုက်သည်က ပိုကောင်းပေမည်။
သူတို့သည် ထိုမိန်းကလေးက ချောင်ဟုန်ယဲ့ဆီသို့ ပြေးသွားသည်အား စောင့်ကြည့်နေ၏။
“ချောင်ဟုန်ယဲ့၊ နင် အဆင်ပြေရဲ့လား”
“နင်လား”
ချောင်ဟုန်ယဲ့က အံ့သြထိတ်လန့်သွားသည်။ သူမ ပြန်ပေးဆွဲခံရ၍ လမ်းဘေး၌ စွန့်ပစ်ခံခဲ့ရသည့်နေ့က ဤမိန်းကလေး၏ မိဘများသည် သူမအား ကယ်တင်ခဲ့၏။
ထိုနေ့သည် သူမ အားအနည်းဆုံး၊ အပျော့ညံ့ဆုံးနေ့ဖြစ်၍ ထိုသနားစရာကောင်းသော ပုံရိပ်ကို ဖြတ်ထုတ်ပစ်လိုက်ချင်သည်။ ရိုးရိုးသားသား ပြောရလျှင် သူမသည် ထိုမိန်းကလေးအား ဘယ်တော့မှ ထပ်မတွေ့ချင်တော့ပေ။ သို့သော် ယခုအချ်ိန်၌ ထိုမိန်းကလေးက သူမ၏ ရှေ့၌ ရုတ်တရက် ပေါ်ထွက်လာသောအခါ သူမ, မပျော်ရွှင်ပေ။
ဤမိန်းကလေးသည် အနည်းငယ် ဟိတ်ဟန်များ၏။ သူမသည် ခေါင်းအစ ခြေအဆုံး ဘရန်းဒက်ပစ္စည်းများဖြင့်သာ ဖုံးအုပ်ထား၍ သူမ၏ ဆံပင်ကိုလည်း ခပ်ပုံ့ပုံ့ ထုံးဖွဲ့ထားသည်။ ချောင်ဟုန်ယဲ့အား ကုတင်ပေါ်သို့ ပြန်တင်ပေးရင်း သူမက ပြောလာ၏။
“ဒီနေ့ ငါတို့ ဟွားနင်ခရိုင်ကို လာတာက ငါ့ရဲ့ကျောင်းပြောင်းစာရွက်စာတမ်းတွေအတွက် လာဆွေးနွေးတာလေ။ တနင်္လာနေ့ကျ အခန်းတွေကို ပြန်စီစဥ်မှာဆိုတော့ နင် ငါနဲ့ တစ်တန်းတည်း နေချင်လား”
သူမသည် ဟွားနင်ခရိုင်သို့ ရောက်ခါစဖြစ်၍ နေရာဒေသကို ကျွမ်းကျွမ်းကျင်ကျင် နားမလည်သေးပေ။ မတော်တဆ တိုက်ဆိုင်ခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူမသည် ချောင်ဟုန်ယဲ့နှင့် တွေ့ခဲ့သည်။ သူမအတွက် ပတ်ဝန်းကျင်အကြောင်းကို မေးမြန်းရန် ချောင်ဟုန်ယဲ့အား အနားတွင်ထားရလျှင်လည်း မဆိုးပေ။
ချောင်ဟုန်ယဲ့က အံ့သြထိတ်လန့်သွားပြီး မနာလိုဖြစ်သွားပြန်သည်။
ဤမိန်းကလေးသည် ခုနကမှ သူမအား ကူညီထားသည် ဖြစ်သော်လည်း သူမသည် ဤမိန်းကလေး၏ ရှေ့၌ နှစ်ကြိမ်ခန့် ဂုဏ်သိက္ခာကျသွားပြီးဖြစ်၏။ အနာဂတ်၌ အတူပြန်ရှိရန် သူမအတွက် ခက်ခဲသည်က သဘာဝပင်။ အဓိက အချက်မှာ သူမ၏ ဖခင်က ပိုက်ဆံလှူခဲ့သောကြောင့် သူမက သူမကိုယ်တိုင် အတန်းကို ရွေးနိုင်သည်တဲ့လား။ ထိုမိန်းကလေးက သူမနှင့် အတူနေချင်လျှင် ဘီခန်းသို့ တိုက်ရိုက်သွားလိုက်သည်က အဆင်မပြေဘူးလား။ အဘယ်ကြောင့် သူမက ထိုမိန်းကလေး၏နောက်သို့ လိုက်ရမည်နည်း။
သူမ၏ စိတ်ထဲ၌ ဤကဲ့သို့ တွေးနေသော်လည်း ချောင်ဟုန်ယဲ့အတွက် ၎င်းကို ကျယ်ကျယ်ထုတ်ပြောရန် မဖြစ်နိုင်ပေ။ သူမက အတတ်နိုင်ဆုံး ကြိုးစား၍ သိမ်သိမ်မွေ့မွေ့ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ငါတို့ကျောင်းကို ပြောင်းလာတာလား။ တိုက်ဆိုင်လိုက်တာနော်။ အရင်တစ်ခါက ငါ အဲဒီနေရာကနေ ထွက်လာနိုင်တာတွေ အားလုံးက နင်တို့မိသားစု ကူညီပေးတဲ့ ကျေးဇူးတွေကြောင့်ပါပဲ၊ ပြီးတော့ ငါ ခုထိ နင့်ကို ကျေးဇူးမတင်ရသေးဘူး။ ငါတို့ပြန်ရင် ငါ နင့်ကို ထမင်းတစ်နပ်လောက် ဧည့်ခံချင်တယ်။ ငါတို့ နှစ်ယောက် တရားဝင် သူငယ်ချင်းတွေ ဖြစ်လာတဲ့အထိမ်းအမှတ်လို့လည်း ယူဆနိုင်ပါတာပေါ့”
ထိုမိန်းကလေး၏ မျက်လုံးများ၌ အဖတ်မတန်သကဲ့သို့ အရိပ်အယောင်များ လျှပ်တပြက် ဖြတ်ပြေးသွား၏။ သူငယ်ချင်းတွေလား။ သူမက ဘာမှမဟုတ်တဲ့ ကပ်ပါးကောင်တစ်ကောင်ပဲကို။ သူမကိုယ်သူမ တအား မြင့်မြင့်မားမား တွေးနေတာလား။
မိန်းကလေး၏ ရုပ်ရည်မှာ နှစ်လိုဖွယ်ကောင်း၍ ချောမောသော်လည်း အနည်းငယ် မောက်မာ၍ ပလွှား၏။ ဤကဲ့သို့သော ရုပ်ရည်မျိုးကို ချောင်ဟုန်ယဲ့ အနှစ်သက်ဆုံး ဖြစ်သည်။ အမှန်ပင် သူမ၏ ဤပလွှားကြွားဝါသော စရိုက်က သူမ၏ နူးညံ့သိမ်မွေ့မှုနှင့် ချစ်စဖွယ်ကောင်းမှုများကို လျော့ပါးသွားစေသည်။