← Chapters

အခန်း (၁၃၇-၁၄၀)

Vol. 7 Ch. 137-140

အခန်း (၁၃၇-၁၄၀)

Vol. 7 Ch. 137-140

Chapter 137 : အတန်းခွဲခြင်း ဂယက်

ကျောင်းပြောင်းလာသော ကျောင်းသားပင် မရောက်လာသေးသော်လည်း အခန်းပြောင်းရမည့် သတင်းကတော့ တစ်ကျောင်းလုံးကို ပျံ့နှံ့သွားပြီ ဖြစ်သည်။

ကျောင်း၏ အလိုအရ ကျောင်းသားများကို အခန်းများစွာ ခွဲပစ်ရန် လိုအပ်၏။ အကောင်းဆုံးရမှတ်များနှင့် ကျောင်းသားများသည် အလိုအလျောက် တစ်ခန်းတည်းတွင် နေရမည်ဖြစ်သည်။ ထို့နောက် သောကြာနေ့တွင် တစ်ကျောင်းလုံး စာမေးပွဲကြီး ဖြေဆိုရမည်။

ကျင်းယွင်ကျောင်း၏ လုပ်ဆောင်ချက်သည် အမြဲတမ််း တည်ငြိမ်၍ သူမသည် မေးခွန်းများကို သူမ၏ စံနှုန်းနှင့်အညီ အပြည့်အဝဖြေခဲ့သည်။ သူမ စာမေးပွဲခန်းထဲမှ ထွက်လာသောအခါ မျက်နှာမကောင်းသော ရှောင်ဟိုင်ချင်းအား တွေ့လိုက်ရ၏။

ရှောင်ဟိုင်ချင်း၏ အဆင့်များသည် အမြဲတမ်း အလယ်အလတ်၏ အထက်ပိုင်းနားတွင်သာ တဝဲဝဲဖြစ်နေသည်။ ဤရက်ပိုင်းတွင် ကျင်းယွင်ကျောင်း၏ လွှမ်းမိုးမှုအောက်၌ သူမသည်လည်း စာအုပ်များစွာကို ဖတ်ခဲ့၏။ သို့သော် သူမ၏ ကိုယ်ပိုင်ထင်မြင်ချက်အရ ထိပ်ဆုံးကျောင်းသား ငါးဆယ်ထဲသို့ ဝင်ရန်မှာ သူမအတွက် ကွာဟနေသေးသည်။

အမှန်တကယ်က သူမသည် သူမ၏ အဆင့်များကို စိုးရိမ်နေခြင်း မဟုတ်၊ နည်းနည်းများများ သူမအတွက် ပြဿနာ မရှိပေ။ အဓိကအချက်မှာ သူမသည် အခြားအခန်းများသို့ အပို့ခံရပါက ကျင်းယွင်ကျောင်းထက် ပိုကောင်းသော သူငယ်ချင်းများကို ရှာနိုင်မည် မဟုတ်ခြင်းပေ။

ဤအချိန်တွင် သူမ၏ အမူအယာက ဒေါသများပြည့်နေ၏။ သူမ၏ မျက်ခုံးများက ဖြောင့်တန်းနေပြီး ထိုအဟုန်က ပတ်ဝန်းကျင်ရှိ ကျောင်းသားများအား နောက်ဆုတ်သွားစေသည်။ ထို့နောက် သူတို့သည် တည်ငြိမ်၍ သက်တောင့်သက်သာ ဖြစ်နေသော ကျင်းယွင်ကျောင်းအား ကြည့်လိုက်ကြ၏။ အနက်ရောင် မျက်ဝန်းတစ်စုံက ညှို့မှိုင်း၍ ကြည်လင်နေသည်။ သူတို့သည် ကျောင်းသားများအားလုံးနှင့် တူညီသော်လည်း သူတို့၏ အရှိန်အဝါကို ကြည့်လိုက်ပါက အခြားသူများနှင့် အမြဲတမ်း ကွဲပြားနေ၏။ သူတို့နှစ်ယောက် အတူရှိနေပါက အခြားသူများက အနားကပ်ရန်ပင် ကြောက်ရွံ့ကြသည်။

“နင်က ရယ်နေနိုင်သေးတယ်။ ငါ အခန်းကျသွားရင် ချောင်ဟုန်ယဲ့ကို နင်တစ်ယောက်တည်း ရင်ဆိုင်ရမှာနော်”

ရှောင်ဟိုင်ချင်းက မျက်လုံးလှန်လိုက်ပြီး သူမ၏ အသိတရားအား ကျိန်ဆဲပြောဆိုနေ၏။

ကျင်းယွင်ကျောင်းက စိတ်ကြီးဝင်စွာ ပြုံးလိုက်ပြီး သူမ၏ မျက်လုံးက တောက်လောင်နေသည်။

“နင် ငါ့ကို မယုံဘူးလား”

သူမသည် ရှောင်ဟိုင်ချင်းအား သူမ၏ အချစ်ဆုံး သူငယ်ချင်းဟု သတ်မှတ်ထား၏။ ပုံမှန်အားဖြင့် သူမသည် ရှောင်ဟိုင်ချင်းအား စာကျက်ရန် သတိမပေးသည့် အချိန်ဟူ၍ တစ်ချိန်မှ မရှိပေ။ သို့သော် ဟောင်ဖွာဖွာနှင့် ကျယ်ကျယ်လောင်လောင် အမူအကျင့်ကြောင့် ရှောင်ဟိုင်ချင်းက သူမကိုယ်သူမ ယခင်ကထက် ပိုတိုးတက်၍ ပိုကောင်းလာသည်ကို မသိခဲ့။ ထို့အပြင် အခန်းတွင်းစာမေးပွဲများက အဆင့် သတ်မှတ်မထားပေ၊ ထို့ကြောင့် တစ်ကျောင်းလုံး၌ သူတို့၏ အဆင့် သတ်မှတ်ချက်မည်မျှဆိုသည်ကို သိနိုင်မည့်နည်းလမ်းမရှိခဲ့။

ရှောင်ဟိုင်ချင်းက ထိပ်ဆုံးဆယ်ယောက်အတွင်း ဝင်ရန် အိပ်မက်ပင် မက်ဖို့မဖြစ်နိုင်ပေ၊ သို့သော် သူမအတွက် အဆင့်သုံးဆယ်ကျော်အတွင်း ဝင်ရန် ဖြစ်နိုင်သေးသည်။ ထို့ကြောင့် သူမ လုံးဝ စိတ်ပူရန် မလိုခဲ့။

ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်းကို ယုံရန် အစီအစဥ်မရှိပေ။

“ငါ ငါ့ရဲ့ကံကိုပဲ အားကိုးရတော့မယ်။ တကယ်လို့ ငါ အတန်းကျသွားရင်လည်း အများဆုံးတော့ ငါ အိမ်ပြန်ပြီး အဖေနဲ့ ဟိုမိန်းမဆီကနေ ကျောင်းကို လှူဖို့ ပိုက်ဆံနည်းနည်း တောင်းရုံပေါ့။ ဘာပဲဖြစ်ဖြစ်ဟာ ငါ အေခန်းမှာ နေကိုနေရမယ်။ နင့်ကို ဟိုစျေးပေါတဲ့ အပျက်မ ချောင်ဟုန်ယဲ့က အနိုင်ကျင့်ရင် ငါ သူ့ကို အရေခွံနွှာပစ်မယ်”

ထို့နောက် သူမက နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ပြီး အပြစ်ကင်းချင်ယောင်ဆောင်လိုက်၏။ ညစ်ညစ်ပတ်ပတ် ပြောခဲ့သည်က သူမ, မဟုတ်သည့်အလားပင်။

ရှောင်ဟိုင်ချင်းအား ကျင်းယွင်ကျောင်း နှစ်သက်သည်မှာ သူမ၏ ပွင့်လင်းဖြောင့်မှန်သော စရိုက်ကြောင့် ဖြစ်သည်။ ဤကဲ့သို့သော သူမ၏ အပြုအမူလေးများကို စောင့်ကြည့်ရသည်က ကျင်းယွင်ကျောင်းအား အတော်လေး ပျော်ရွှင်စေ၏။

အခန်းနေရာချထားမှုကို မကြေညာမီ နှစ်နာရီခန့်အလိုမှသာ ရမှတ်များကို တရားဝင် ထုတ်ပြန်လိမ့်မည်ဖြစ်သည်။ ယခုအချိန်၌ သူတို့နှစ်ယောက် စိုးရိမ်နေလျှင်လည်း အသုံးမဝင်ပေ။ ထို့ကြောင့် သူတို့သည် ဤဝန်ထုပ်ကြီးကို ဘေးသို့ ပစ်ချထားလိုက်ကြပြီး နှစ်ရက်လုံး ပျော်ရွှင်နေကြ၏။

တနင်္လာနေ့၌ တစ်ကျောင်းလုံး အုံးအုံးကျွတ်ကျွတ် ဖြစ်နေကြသည်။ ကြေညာချက်ကပ်သည့် ဘုတ်ပေါ်တွင် အဆင့်သတ်မှတ်ချက် ဇယားအရှည်ကြီးနှင့် ပြန်လည်စီစဥ်ထားသော အခန်းစာရင်း ရှိနေ၏။

ကျင်းယွင်ကျောင်းက မျက်စိကစားလိုက်ရာ လက်ရွေးစင် ကျောင်းသားများအတွက် အခန်းတစ်ခန်း စီစဥ်ပေးထားသည်အား တွေ့လိုက်ရသည်။ ယခုအချိန်၌ အခြားအတန်းမှ ကျောင်းသားများနှင့် ရောနှောသွားသော်လည်း အဆင့်များကတော့ ယခင်ကနှင့် အတူတူပင် ဖြစ်၏။ အကောင်းရော၊ အဆိုးရောပင်။

“ယွင်ကျောင်း ကြည့်၊ ငါက ဒီမှာပဲ။ ၂၈၊ ဟားဟားဟား၊ ငါ တကယ်ကြီး အဆင့် ၂၈ ရအောင် ဖြေခဲ့တာလား။ သေချာပေါက်ကို ဒီအဆင့်စာရွက်က မှားနေတာပဲ ဖြစ်ရမယ်၊ မဟုတ်လား”

ရှောင်ဟိုင်ချင်းက ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။

သူမသည် ထိပ်ဆုံးအဆင့် ၁၀၀ အတွင်း မကြာခဏ ဝင်လေ့ရှိ၏။ သူမ အဆော့မက်၍ စိတ်ရှုပ်နေသောအခါများ၌ အဆင့် ၂၀၀ ကျော်သို့ပင် ရောက်သွားတတ်သည်။ ဆရာမသည် သူမ၏ အများနှင့် မတူ တမူထူးခြားသော အောင်မြင်မှုများနှင့် အသားကျနေပြီ ဖြစ်သည်။

သို့ရာတွင် ဤတစ်ကြိမ်၌ ရုတ်တရက် အဆင့်တက်လာမှုက သိသိသာသာပင်။ ၎င်းက မယုံနိုင်စရာပင်ဖြစ်သည်။ ဤကဲ့သို့ တိုးတက်မှုမျိုးကို ယခင်က မမြင်ဖူးခဲ့ချေ။

ကျင်းယွင်ကျောင်းအား စိုက်ကြည့်နေသော ရှောင်ဟိုင်ချင်း၏ အကြည့်များက စိတ်အားထက်သန်လွန်းနေရာ ကျင်းယွင်ကျောင်းအား ကြက်သီးများပင် ထစေသည်။

“ကျင်းယွင်ကျောင်းက ပထမ ထပ်ရပြန်ပြီ”

သူတို့၏ ဘေးရှိ မိန်းကလေးက အထင်ကြီးစွာဖြင့် ပြောလိုက်၏။ သူမပြောလိုက်သည်နှင့် အချို့လူများက ကျင်းယွင်ကျောင်းအား လှည့်ကြည့်လာသည်။ သူတို့၏ မျက်လုံးများထဲရှိ မနာလိုအားကျမှုများက အထင်အရှားပင်။

သို့ရာတွင် ကျင်းယွင်ကျောင်း၏ အေးစက်သော အငွေ့အသက်များက ပြင်းထန်လွန်းလှရာ သူမ ရပ်နေသော နေရာမှ အချင်းဝက် တစ်မီတာအတွင်းတွင် ရှောင်ဟိုင်ချင်း တစ်ယောက်သာ ရှိနေနိုင်လေ၏။

ရုပ်ချောသည်၊ စိတ်ထားကောင်းပြီး အဆင့်လည်း ကောင်းသည်။ သာမန်မိန်းကလေးများ မနာလိုလွန်း၍ ရူးသွားနိုင်၏။ ချောင်ဟုန်ယဲ့ကဲ့သို့ လူများက ဥပမာပင်။

“ဟ”

ရှောင်ဟိုင်ချင်းက ရုတ်တရက် အဆင့်သတ်မှတ်ချက်စာရင်းကို လက်ညှိုးထိုးပြ၍ ပြုံးလိုက်သည်။

“ချောင်ဟုန်ယဲ့လည်း စာမေးပွဲလာဖြေတယ်လား။ သူက အဆင့် ၁၂၀ တောင်”

Chapter 138 : ကျောင်းပြောင်းလာသော ကျောင်းသား(၁)

ရှောင်ဟိုင်ချင်း၏ အသံကျယ်ကျယ်အား နားထောင်ပြီးနောက် ကြေညာစာကပ်သည့် ဘုတ်အနီးရှိ ကျောင်းသားအားလုံးက “ချောင်ဟုန်ယဲ့” ဆိုသော နာမည်အား ရုတ်တရက် ကြည့်လိုက်ကြ၏။ မျှော်လင့်ထားသည့်အတိုင်း ဒုတိယနေရာက အခြားတစ်ယောက် ဖြစ်နေသည်။ မူလက နေရာမရွေ့သော ချောင်ဟုန်ယဲ့သည် အမှန်တကယ်ပင် နောက်ထပ် အဆင့်သတ်မှတ်ချက် ဘုတ်တစ်ခုတွင် ရှိနေပြီး တကယ့်ကို အဆင့် ၁၂၀ နေရာတွင်ပင်။

ဒုတိယနေရာကနေ ၁၂၀ မြောက်နေရာ၊ ကွာခြားချက်သည် ဂဏန်းတစ်လုံးတည်း ပြောင်းလဲရုံပင် မဟုတ်ချေ။

“ဒါပေမယ့် ချောင်ဟုန်ယဲ့က အေခန်းထဲမှာ နေရာချခံထားရတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

တစ်ယောက်က ရုတ်တရက် ထပြောလိုက်သည်။

ထုတ်ပြန်ချက်တစ်ခုသည် တလိပ်လိပ်တက်လာသော စိတ်ခံစားမှုအလွှာသုံးခုစလုံးကို လှုံ့ဆော်ပေးလိုက်၏။ အဆင့်များက အမှန်တကယ်ပင် မဆိုးလှသော်လည်း ဝမ်းနည်းနေသည့် ကျောင်းသားများစွာရှိ၏။ အကြောင်းမှာ သူတို့သည် ရှုံးနိမ့်သွားသောကြောင့်ပင်။ သို့သော် ချောင်ဟုန်ယဲ့၏ အဆင့်များသည်လည်း သူတို့ကဲ့သို့ ညီတူမျှတူ ဆိုးသော်လည်း သူမက အေခန်းထဲ၌ အခိုင်အမာရှိနေသေးမည်ဟု သူတို့ တစ်ခါမှ တွေးမထားဖူးပေ။ ဘာကို အခြေခံတာလဲ။ သူတို့အားလုံးသည် ကျောင်းသားများ ဖြစ်ကြ၍ သူတို့၏ ရမှတ်များကို အခြေခံ၍ သူတို့အား အတန်းများခွဲကြသည်။ ဒါဆို သူတို့ကို ပိုပြီးတော့ ညီညီမျှမျှ မဆက်ဆံသင့်ဘူးလား။

ချက်ချင်းပင် သတ္တိရှိသော ကျောင်းသားအချို့က ရုံးခန်းထဲသို့ ဖြေရှင်းချက်တောင်းရန်အတွက် ဝင်သွားကြသည်။

ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးနောက် ပခုံးတွန့်လိုက်ကြသည်။ ချောင်ဟုန်ယဲ့ ဘယ်အခန်းမှာပဲရှိရှိ သူတို့ ဂရုမစိုက်ပေ။

ကံဆိုးစွာဖြင့် သိပ်မကြာမီမှာပင် ကျောင်းသားတစ်စုသည် ရုံးခန်းထဲမှ မောင်းထုတ်ခံလိုက်ရ၏။ ဆရာ၊ ဆရာမများပြောသည့်ပုံအရ ချောင်ဟုန်ယဲ့သည် နေမကောင်းဖြစ်နေချိန်၌ စာမေးပွဲဖြေခဲ့သည်။ ထို့အပြင် ယခင်က သူမ၏ အဆင့်များက အလွန်ကောင်းခဲ့၏။ ထို့ကြောင့် ယခုတစ်ကြိမ် သူမ အဆင့်ကျသွားခြင်းက သူမသည် အေခန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ရန် မထိုက်တန်ဟု ဆိုလိုခြင်း မဟုတ်ခဲ့။

ကျောင်းသားများသည် ကျောင်း၏ ဆုံးဖြတ်ချက်ကို မဖီဆန်နိုင်သော်လည်း ဤသို့ဖြစ်ပြီးနောက် သူတို့သည် ချောင်ဟုန်ယဲ့အား ပို၍ပင် မုန်းတီးစက်ဆုပ်သွားကြ၏။

အထူးသဖြင့် အေခန်း အခန်းသစ်မှ ကျောင်းသားများသည် သူတို့အား အစော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အခန််းများက တရားဝင် မ,စသေးသော်လည်း သူတို့သည် ချောင်ဟုန်ယဲ့အပေါ်၌ အထင်ကောင်း အမြင်ကောင်း မရှိတော့။

အခန်းများ ပြန်ခွဲပြီးသည့်နောက် အတန်းပိုင်ဆရာဆရာများလည်း အလိုလျောက်ပင် ပြောင်းသွားသည်။ ဆရာအသစ်၏ နောက်ဆုံးအမည်မှာ ကျီဖြစ်ပြီး အသက်ငါးဆယ်ခန့်ရှိသော လူကြီးတစ်ယောက် ဖြစ်၏။ သူသည် စည်းကမ်းတင်းကြပ်ရုံသာမက နာမည်ကောင်းလည်း ရှိသည်။ အခြားဆရာများကြား၌ သူသည် လုပ်သက်အရှည်ကြာဆုံးသူ ဖြစ်၏။ သူသည် ပို၍ ရှေးရိုးဆန်သော အမြင်လည်းရှိကာ အခြားကျောင်းသားများအား အကြိမ်ပေါင်းများစွာ ပို၍ ဖိအားပေးတတ်သည်။

ကျောင်းသားများသည် စာသင်ခန်းအပြင်ဘက် ကော်ရစ်ဒါတွင် ပြည့်နေပြီး ဆရာကျီက ရှေ့၌ မတ်တပ်ရပ်နေသည်။ မှန်ထူထူ မျက်မှန်တစ်လက်ကို ဝတ်ဆင်ထားပြီး သူက အလွန်အမင်း ကြမ်းတမ်းသော အမူအယာဖြင့် အဆင့်စာရင်းကို ကြည့်လိုက်၏။

“မင်းတို့ထဲက ဘယ်တစ်ယောက်က ကျင်းယွင်ကျောင်းလဲ”

ဆရာကျီက မေးလိုက်၏။ သူ၏ အသံမှာ အနည်းငယ် အက်ရှနေသည်။

ကျောင်းသားအများစုမှာ ကြောက်လွန်း၍ တုန်ယင်နေကြ၏။ ဆရာပြောလိုက်သည်အား ကြားသည်နှင့် သူတို့သည် ကျင်းယွင်ကျောင်း၏ အဆင့်နေရာအား ချက်ချင်းပင် လက်လွှတ်လိုက်ကြတော့သည်။

“ကျွန်မပါ၊ ဆရာ့ကို နှုတ်ဆက်ပါတယ်ရှင့်”

ကျင်းယွင်ကျောင်း ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်၏။

ဆရာကျီက မျက်လုံးပင့်လိုက်ပြီး သူမအား တစ်ချက်ကြည့်လာ၏။ သူမ၏ ပြုမူပြောဆိုပုံသည် သဘာဝဆန်၍ ချုပ်ထိန်းထားမှုမရှိသော်လည်း တစ်ချိန်တည်း၌ တောင့်တင်း မနေပေ။ သူက သူမအား အနည်းငယ် ကျေနပ်သွား၍ ခေါင်းငြိမ့်ပြလိုက်သည်။

“အရမ်းကောင်းတယ်။ ထိုင်ခုံတစ်ခုံ သွားရွေးလိုက်ပါ။ မင်းရဲ့ထိုင်ခုံဖော် ဖြစ်မယ့် ကျောင်းသားတစ်ယောက်ကိုလည်း မင်း ရွေးလို့ရတယ်”

ဤတစ်ကြိမ် အခန်းများ ပြန်ခွဲသည့်အချိန်တွင် စူးချူနှင့် ကန်ကျင်းချန်သည်လည်း သူမ၏ အတန်းဖော်များ ဖြစ်လာကြ၏။ သို့ရာတွင် ဤဝမ်းကွဲမောင်နှမ နှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ အလွန်ကောင်းသည်။ ထို့ကြောင့် သူမသည် သူတို့နှစ်ယောက်ကို ခွဲပစ်ရန် ရည်ရွယ်ချက်မရှိခဲ့။ သူမက တွေဝေခြင်းမရှိဘဲ ရှောင်ဟိုင်ချင်းကိုသာ ရွေးခြယ်လိုက်သည်။

ဤသို့ဖြင့် မိန်းကလေးနှစ်ယောက်သည် အတန်းထဲရှိ အကောင်းဆုံး ထိုင်ခုံနေရာများကို အပိုင်စီးလိုက်ကြလေတော့၏။

ဤအခန်းထဲရှိ ကျောင်းသားများအားလုံးသည် ထိပ်တန်းကျောင်းသားများ ဖြစ်ကြသည်။ ယခင်က သူတို့အားလုံးသည် သူတို့၏ အခန်းဟောင်းများထဲ၌ အကောင်းဆုံးထိုင်ခုံနေရာများကို အပိုင်စီးခဲ့ကြသည်။ ယခုအခါ သူတို့ကို အနောက်၌ ထိုင်ရန် နေရာချပေးခံရတော့မည်ဟု တွေးလိုက်သောအခါ သူတို့အားလုံးသည် ထိတ်လန့်စပြုလာ၏။

ချောင်ဟုန်ယဲ့သည်က ကူကယ်ရာမဲ့အဖြစ်ဆုံးပင်။ ယခင်က သူမသည် တစ်ကျောင်းလုံး၏ ဒုတိယနေရာဖြစ်ခဲ့သော်လည်း ယခုအခါ သူမသည် အေခန်းတစ်ခန်းလုံး၏ နောက်ဆုံးအဆင့်ဖြစ်သည်။ သူမ၏ ရင်ထဲ၌ အမုန်းတရားများ ပွက်ပွက်ဆူလာ၍ သူမသည် ထိုင်ခုံဖော်ကို ရွေးခြယ်ရာ၌ ကျောင်းပြောင်းလာသည့် ကျောင်းသူ၏ နောက်သို့ လိုက်ရုံသာ တတ်နိုင်တော့၏။

ကျင်းယွင်ကျောင်းက စာသင်ခန်းထဲ၌ ထိုင်ရင်း အတန်းပိုင်ဆရာက ကျောင်းသားများ၏ အမည်များအား တစ်ယောက်ချင်းခေါ်နေသည်ကို နားထောင်နေလိုက်သည်။

“ကန်ကျင်းချန်”

“ကျီသာ့ယုံး”

“လျှိုဟန်းဟန်”

“ကျန်ရှ”

……

…

“ထန်ကျစ်ဟွား”

ရင်းနှီးနေသော နာမည်တစ်ခုအားကြားလိုက်ရ၍ ကျင်းယွင်ကျောင်းသည် ကြောင်အ,သွား၏။ မူလက သူမသည် နာမည်တူ၊ မျိုးရိုးတူ အခြားတစ်ယောက်ဖြစ်မည်ဟုသာ ထင်လိုက်သော်လည်း သူမ ခေါင်းမော့ကြည့်လိုက်သည့်အခိုက်၌ အမှန်တကယ်ပင် အဖိုးထန်၏ မြေးဖြစ်ကြောင်း သိရှိသွားသည်။

ဒါဆို သူက ကျောင်းပြောင်းလာတဲ့ ကျောင်းသားလား။

ထန်မိသားစု၏ လုပ်ရည်ကိုင်ရည် နည်းလမ်းများမှာ ကြွယ်ဝလှ၏။ လွန်ခဲ့သော နှစ်ရက်ပင် ကျောင်း၏ ရှယ်ယာရှင်တစ်ဦးထံမှ ဤတစ်ကြိမ် အတန်းများ ပြန်လည်နေရာချထားပေးရန် တောင်းဆိုခဲ့သည်ဟု သူမ ကြားခဲ့ပြီး ယခုအချိန်၌ ထန်ကျစ်ဟွား မြင်လိုက်သဖြင့် ကောက်ချက်တစ်ခု ဆွဲထုတ်ချဖို့ရာ ကျင်းယွင်ကျောင်းအတွက် မခက်ခဲတော့။

ထန်ကျစ်ဟွားသည် ထိုင်ခုံဖော်တစ်ယောက်ကို မရွေးခြယ်ဘဲ အခန်းထဲသို့ တစ်ယောက်တည်း ဝင်လာသည်ကို သူမ မြင်လိုက်ရသည်။ သူ၏ ရည်ရွယ်ချက်မှာ အလွန်သိသာပြီး သူက ကျင်းယွင်ကျောင်းရှိရာ နေရာသို့ ဦးတည်၍ တည့်တည့်မတ်မတ် လျှောက်လှမ်းလာကာ အဆုံး၌ ကျင်းယွင်ကျောင်း၏ ဘေး၊ ကြား၌ လူနှစ်ယောက်စာခန့် အကွာအဝေးရှိသည့် လျှောက်လမ်းလေးသာခြားသော နေရာ၌ ထိုင်လိုက်၏။

(T/N: ဘေးဆိုပေမယ့် ကြားထဲမှာ လျှောက်လမ်းခြားတဲ့နေရာပါ။ ကပ်လျက်မဟုတ်ဘဲ ဟိုဘက် ဒီဘက်ပေါ့။)

Chapter 139 : ကျောင်းပြောင်းလာသော ကျောင်းသား(၂)

ယနေ့ ထန်ကျစ်ဟွားသည် ယခင်ကထက်ပင် ပို၍ ဖြူဖျော့နေသည်။ ကျင်းယွင်ကျောင်း၏ မေးခွန်းများပါသော အကြည့်များကို ခံစားမိသောအခါ သူက ပြုံးလိုက်၏။

“ကြည့်ရတာ ငါ နင့်ကို ဒုက္ခပေးရတော့မယ်နဲ့ တူတယ်”

ထန်ကျစ်ဟွား၏ အပြုအမူသည် လူကြီးလူကောင်းဆန်ကာ အားနည်း၍ ချူချာနေသော မင်းသားလေးတစ်ပါးအလားပင်။

ကျင်းယွင်ကျောင်း၏ နောက်ရှိ ထိုင်ခုံကို ရွေးခြယ်ထားသော ကန်ကျင်းချန်က ထိုဖြစ်ရပ်ကို မြင်သောအခါ မျက်မှောင်မကြုံ့မိဘဲ မနေနိုင်တော့ချေ။

သူသည် ကျောင်းပြောင်းလာသော ကျောင်းသားများ အကြောင်းကို စုံစမ်းပြီး ဖြစ်၏။ ကျောင်းပြောင်းလာသည်မှာ နှစ်ယောက်ဖြစ်သည်။ တစ်ယောက်မှာ ထန်ကျစ်ဟွားဟုခေါ်၍ ကျန်တစ်ယောက်မှာ ဟယ့်ကျားစစ်ဟု ခေါ်၏။

ထန်ကျစ်ဟွား၏ အဖိုးဖြစ်သူသည် နင်းမြို့တော်တွင် အချမ်းသာဆုံးဖြစ်ပြီး ဟယ့်ကျားစစ်သည်လည်း နင်းမြို့တော်ရှိ အခြားမိသားစုတစ်ခုမှ လူချမ်းသာ သမီးတစ််ယောက်ဖြစ်သည်။ သူမ၏ အဒေါ်ဖြစ်သူက သူ့အား ပြောပြသည်မှာ မိသားစုနှစ်စု၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်သော်လည်း ဟယ့်မိသားစုက စီးပွားရေးကျသွား၍ သူတို့၏ ဂုဏ်ကျက်သရေသည် အတိတ်ကနှင့် မနှိုင်းယှဥ်နိုင်တော့ပေ။ ဟယ့်မိသားစုက ဟယ့်ကျားစစ်အား ဟွားနင်ခရိုင်သို့ ပို့လိုက်သည့် အကြောင်းအရင်းမှာ ထန်ကျစ်ဟွားကြောင့်ဖြစ်သည်။ သူတို့က ငယ်စဥ်ကတည်းကပင် သူတို့နှစ်ဦးကြားရှိ ခံစားချက်များ တိုးတက်လာနိုင်ရန် မျှော်လင့်ထားကြ၏။ ထိုရည်ရွယ်ချက်များ၏ အဓိပ္ပါယ်အား အခြားလူသိအောင် ထုတ်ပြောပြရန်ပင် မလိုတော့ချေ။

ကန်ကျင်းချန်က သူ၏ အကြည့်များကို အတန်း၏ အပြင်ဘက်သို့ ဦးတည်လိုက်ရာ ထန်ကျစ်ဟွားနှင့် ကျင်းယွင်ကျောင်းအား စိုက်ကြည့်နေသည့် မိန်းကလေးတစ်ယောက်ကို အမှန်တကယ်ပင် မြင်လိုက်ရသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းအား ကြည့်နေသော သူမ၏ အကြည့်များက သတ်ပစ်ချင်နေသည့်အလားပင်။ ဤသည်က ကန်ကျင်းချန်ကို အမှန်တကယ် သူမအား မနှစ်သက်ဖြစ်စေသည်။

“ယွင်ကျောင်း၊ ငါတို့တွေအားလုံး တစ်တန်းတည်းမှာ အတူတူရှိနေနိုင်တယ်ဆိုတာ ရှားရှားပါးပါးပဲ။ နေ့လည်ကျရင် ငါတို့လေးယောက် နေ့လည်စာ အတူတူစားကြမလား”

ကန်ကျင်းချန်က ရုတ်တရက် ထမေးလိုက်၏။

လေးယောက်။ ဤသည်က အလိုအလျောက် စူးချူ၊ ရှောင်ဟိုင်ချင်း၊ ကျင်းယွင်ကျောင်းနှင့် သူ့ကိုယ်သူ ရည်ညွှန်းလိုက်ခြင်းပင်။

ထန်ကျစ်ဟွား အတွက်ကတော့......

ထန်ကျစ်ဟွား ဟွားနင်ခရိုင်သို့ လာသည့် ရည်ရွယ်ချက်ကို ကန်ကျင်းချန် မသိသော်လည်း ကျင်းယွင်ကျောင်းအတွက်မူ သူနှင့် ဝေးဝေးနေသည်က ပိုကောင်း၏။ ထို ဟယ့်ကျားစစ်သည် အလွယ်တကူ ရန်စသင့်သည့်သူ မဟုတ်ပေ။ ကျင်းယွင်ကျောင်း၏ အန္တရာယ်အာရုံခံနိုင်စွမ်းကို နှိုးဆွပေးရန်က သူ၏ ရည်ရွယ်ချက် မဟုတ်သော်လည်း သူမ၏ အချိန်နှင့် ခွန်အားများကို မသက်ဆိုင်သောသူများထံတွင် မဖြုန်းတီးမိစေရန် သူမျှော်လင့်မိသည်။ ထိုမျှသာမကဘဲ သူမ၏ ဂုဏ်သတင်းသည်လည်း နောက်ဆုံး၌ ပြန်လည်၍ ပိုမိုကောင်းမွန်လာပြီဖြစ်ရာ အကယ်၍ အနာဂတ်၌ တစ်စုံတစ်ခု ထပ်မံ၍ ဖြစ်ပျက်ပါက သူတို့က ထိုအတွက် လျော်မပေးနိုင်ပေ။

“အိုခေ၊ အိုခေ။ ပြောင်ကျဲ၊ လွန်ခဲ့တဲ့ နှစ်ရက်လုံး အစ်မက ရှောင်ဟိုင်ချင်းနဲ့ပဲ တတွဲတွဲလုပ်နေပြီးတော့ ကျွန်မကိုတောင် ဂရုမစိုက်ဘူး။ ကျွန်မဖြင့် ပျင်းလွန်းလို့ သေတော့မယ်”

စူးချူ၏ မျက်လုံးလေးများက တလက်လက် တောက်ပနေပြီး သူမ၏ စိတ်ထဲ၌ အရသာရှိသော ဟင်းပွဲများကို တစ်ပွဲပြီး တစ်ပွဲစဥ်းစားနေပြီး ဖြစ်သည်။ နောက်ဆုံးတော့ ယနေ့ညအတွက် သူမ၏ အစာစားချင်စိတ်က ထက်သန်လာခဲ့ပြီ။

ကျင်းယွင်ကျောင်းသည် စူးချူအား ဘာလုပ်ရမှန်း တကယ့်ကို မသိတော့ချေ။ စူးချူ၏ စရိုက်လေးသည် ချစ်စရာကောင်း၍ သူမထက်လည်း အနည်းငယ် ပို၍ ငယ်၏။ စူးချူသည် သူမကို နေ့စဥ် နေ့တိုင်း ချစ်စရာကောင်းအောင် ချွဲ၍ သူမအား ဆက်၍ တောင့်မခံနိုင်အောင် လုပ်လိမ့်မည်ပင်။

“နေ့လည်စာစားဖို့ အိမ်ပြန်ကြတာပေါ့။ ငါ ချက်ကျွေးမယ်”

ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်သည်။

နွေဦး၏ လေပြည်လေးက သန့်စင်ပေးလိုက်သည့်အလားပင်။ ဤသည်မှာ ထန်ကျစ်ဟွား ခံစားလိုက်ရသမျှ အရာရာ။

ယခင် သူတို့ တွေ့ခဲ့စဥ်က သူမသည် ရေခဲအလား အေးစက်လှသည်။ သူမ ပြုံးလိုက်လျှင်ပင် အကွာအဝေး အနည်းငယ် ရှိနေသည့်ပုံပေါ်နေသေး၏။ အေးစက်ကာ တသီးတခြားဆန်လှပြီး ပေါင်းရသင်းရလွယ်ကူမည့် မပေါ်။ သို့ရာတွင် ယခုအချိန်၌ လုံးဝကွာခြားနေသည်။ သူမသည် အလွန်အမင်း သိမ်မွေ့လှ၏။ အစက သူမနှင့် သိမ်မွေ့မှုသည် ဘယ်သောအခါမှ အတူတကွ ပေါင်းစပ်၍ ရလိမ့်မည်မဟုတ်ဟု သူ တွေးခဲ့မိသော်လည်း အဖြစ်မှန်က သူမ၏ သိမ်မွေ့သောပုံစံသည် မျက်လုံးများကိုပင် နီရဲလာစေသော မြင်ကွင်းလေးတစ်ခုဖြစ်ကြောင်း သက်သေပြသွားသည်။

ဤအပြုံးသည် စူးချူ၏ ရှေ့၌သာ အများဆုံး ပြုံးလေ့ရှိခြင်း ဖြစ်၏။ သူမ စူးချူနှင့် မျက်နှာချင်းဆိုင်လိုက်သည့်အခါတိုင်း ဤအပူအပင်ကင်းသော မိန်းကလေးက ကျင်းယွင်ကျောင်းအား စိတ်အပန်းပြေစေပြီး သူမ၏ အကာအကွယ်နံရံများကို ပြေလျော့စေကာ ဤမိန်းကလေး သယ်ဆောင်လာပေးသည့် ပျော်ရွှင်မှုများနှင့် ကြင်နာမှုများအား သူမ ခံစားကြည့်နိုင်သည်။

“ကောင်းလိုက်တာ၊ အစ်မ ချက်တဲ့ဟင်းတွေက ကျွန်မ အကြိုက်ဆုံးပဲ။ ပြောင်ကော ချက်တဲ့ဟင်းတွေထက် အဆထောင်ပေါင်းများစွာ ပိုကောင်းတယ်။ အို...ဟုတ်သားပဲ၊ အဲဒါက ဆေးဖက်ဝင်တဲ့ ဟင်းဆိုရင် ပိုကောင်းမယ်။ ကျွန်မ မကြာခင်က ဝက်ခြံတွေ ထွက်လာတာ”

သူမ စကားပြောနေစဥ်မှာပင် သူတို့အုပ်စု၏ ရှေ့၌ သူစိမ်းမိန်းကလေးတစ်ယောက် ပေါ်လာ၏။

ရှင်းပြစရာ မလိုလောက်အောင်ပင် သူမက ထန်ကျစ်ဟွား၏ ဘေးရှိ ထိုင်ခုံ၌ တိုက်ရိုက် ဝင်ထိုင်လိုက်သည်။

“အစ်ကိုကျစ်ဟွား၊ ကျွန်မကြားတာ ဟွားနင်ခရိုင်မှာ ထျန်းရှန်းလော်လို့ ခေါ်တဲ့ စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်တဲ့။ အထူးသဖြင့် အတွင်းပိုင်း ပတ်ဝန်းကျင်အပြင်အဆင်က ကောင်းတယ်တဲ့။ နေ့လည်ကျရင် သွားကြရအောင်လေ။ ဘယ်လိုလဲ”

ဝင်ထိုင်လိုက်ပြီးနောက် ထိုမိန်းကလေးက ထန်ကျစ်ဟွား၏ လက်မောင်းကို ဖက်လိုက်၍ ပျံ့တံ့တံ့ နံ့တံ့တံ့ ပြုမူလိုက်၏။

ကျင်းယွင်ကျောင်း၏ ခန္ဓာကိုယ်က ချက်ချင်းပင် ကြက်သီးမွေးညင်းများ ထလာသည်။

သူမသည် ၎င်းအား ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ခြင်း မဟုတ်သော်လည်း ဤကဲ့သို့သော အသံအနေအထားမျိုးကို သူမ နားမထောင်နိုင်ပေ။

သူမက ယဥ်ကျေးနေသေးသောကြောင့် အပြင်ဘက်၌ ၎င်းကို ထုတ်မပြပေ။ သူမက လွယ်အိတ်ပြင်ရန်အတွက် ခေါင်းလှည့်လိုက်စဥ်တွင် သူမ၏ဘေးနား၌ ထိုင်နေသည့် ဤကဲ့သို့ ဇာတ်လမ်းမျိုးကို ပို၍ပင် သည်းမခံနိုင်သော ရှောင်ဟိုင်ချင်းက မျက်မှောင်ကြုံ့၍ သူမ၏ နားများကို ပိတ်လိုက်ဖွင့်လိုက် လုပ်နေသည်။ ကျင်းယွင်ကျောင်းနှင့် တစ်ဖက်လူက အချင်းချင်း သိနေကြသည်ကို မြင်သောကြောင့် သူမသည်လည်း ဆက်၍ ငြိမ်ငြိမ်လေး နေနေ၏။

ဆန့်ကျင်ဘက်အနေနှင့် မျက်မှောင်ကြုံလိုက်၍ သူ၏ လက်မောင်းကို ဆွဲခွာလိုက်သူမှာ ထန်ကျစ်ဟွား ဖြစ်သည်။

“ကျားစစ်၊ နင် သူငယ်ချင်းအသစ် မရသေးဘူးလား။ ဘာလို့ ဒီမှာ ငါနဲ့လာထိုင်နေတာလဲ”

Chapter 140 : ကျောင်းပြောင်းလာသော ကျောင်းသား(၃)

ထန်ကျစ်ဟွား ပြောသည့် သူငယ်ချင်းအသစ်ဆိုသည်မှာ ချောင်ဟုန်ယဲ့ ဖြစ်၏။

ထိုနေ့က ဟယ့်ကျားစစ်သည် လူတစ်ယောက်အား ကယ်လာပြီးနောက် သူမက ထန်ကျစ်ဟွားဆီသို့သွား၍ သူမ၏ ကြီးမြတ်၍ ဟီးရိုးဆန်သော အပြုအမူအား ထုတ်ကြွားခဲ့သည်။ အမှန်ပင်၊ သူမ ချောင်ဟုန်ယဲ့အား ဖော်ညွှန်းခဲ့သော စကားလုံးတိုင်းက နှိုင်းယှဥ်၍ မရအောင် ဒုက္ခရောက်နေသူတစ်ယောက်လိုပင်။

“သူက အာ...”

ဟယ့်ကျားစစ်က နှုတ်ခမ်းစူလိုက်၏။

“ဒါပေမယ့် ကျားစစ်က အစ်ကိုကျစ်ဟွားနဲ့ပဲ အတူတူ ထိုင်ချင််တာလေ။ ရှောင်ယဲ့က အရင်ကတည်းက ဒီကျောင်းကပဲဟာ။ သူ သေချာပေါက် သင့်တော်တဲ့ ထိုင်ခုံဖော်တစ်ယောက် ရှာနိုင်မှာပါ”

သူမကိုယ်သူမ “ကျားစစ်” ဟု ရည်ညွှန်းလိုက်သည်အား ကြားလိုက်ရသောအခါ ရှောင်ဟိုင်ချင်း၏ လက်သည် တုန်တက်သွား၏။

ကန်ကျင်းချန်နှင့် စူးချူသည်ပင် နှုတ်ခမ်းကို တင်းတင်းစေ့ထား၍ သူတို့ကြားသမျှအား လျှော်ပစ်နိုင်ရန် သမာဓိ ခိုင်ခိုင်မာမာ ထား၍ နေနေကြရသည်။

“ပြောင်ကော၊ ကျွန်မတို့ နေလည်စာအစား တခြား ပေါ့ပေါ့ပါးပါး တစ်ခုခု သွားစားရအောင်လေ”

စူးချူက သူမ၏ အသံကို ပျော့ပျောင်းအောင်လုပ်၍ ပြောလိုက်၏။

ထိုမိန်းကလေးပြောသော စကားများသည် ငါးနှင့်အသားလွှာများ အလျှံအပယ်ပါသော ထမင်းတစ်နပ်ထက်ပင် ပို၍ မူးနောက်သွားစေသည်။ အကယ်၍ သူတို့သာ နေ့လည်စာအတွက် အဆီများသော တစ်ခုခုကို စားပါက သူမ အန်ပင် အန်ထွက်လိမ့်မည်။ တကယ်တမ်း သူမ၏ အစာအိမ်သည် ယခုအချိန်ကတည်းကပင် အနည်းငယ် ကမောက်ကမ ဖြစ်နေပြီ ဖြစ်သည်။

ဤတစ်ကြိမ်၌ ကျင်းယွင်ကျောင်း အာရုံစိုက်မိလိုက်သော အချက်မှာ ကျန်သောသူများနှင့် ခြားနား၏။ ရှောင်ယဲ့....ချောင်ဟုန်ယဲ့သည်လည်း ဤအတန်းထဲ၌ ရှိသည်။ အဲဒီမိန်းကလေး ရည်ညွှန်းလိုက်တဲ့တစ်ယောက်က သူမများလား။

သူမကိုယ်သူ မင်းသမီးတစ်ပါးဖြစ်လာမည်ဟု အမြဲတမ်း ယုံကြည်ထားသော ချောင်ဟုန်ယဲ့ ကဲ့သို့သော လူမျိုးက တစ်စုံတစ်ယောက်အား သူမကို အမှန်တကယ် ဤသို့ခေါ်ခွင့်ပေးသည်ဆိုသည်အား ကျင်းယွင်ကျောင်း လုံးဝမယုံကြည်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အခေါ်အဝေါ်မျိုးသည် သူတို့နှင့် ရင်းနှီးကျွမ်းဝင်သည့် အခြားသူများကိုသာ ခေါ်ခွင့်ပေးသည်ဟု လူအများစုက မှတ်ယူကြသော်လည်း ချောင်ဟုန်ယဲ့၏ စိတ်ထဲ၌မူ ပထမဆုံးအနေဖြင့် အစေခံမိန်းကလေးတစ်ယောက်အား ခေါ်သည်ဟု တွေးမိမည်မှာ အသေအချာပင်။

ထန်ကျစ်ဟွားက ဟယ့်ကျားစစ်အား စိတ်မရှည်စွာဖြင့် ကြည့်လိုက်၏။

“ဒါဆိုလည်း ဒီမှာပဲထိုင်လိုက်။ ဒါပေမယ့် ဒါက နင်းမြို့တော် မဟုတ်ဘူးဆိုတာကို သတိရနော်။ ပိုပြီးတော့ ဆင်ဆင်ခြင်ခြင်နေ”

ဟယ့်ကျားစစ်က ပြုံးလိုက်၏။

“ကျွန်မ သိပါပြီ။ ဒါဆိုရင် ထျန်းရှန်းလော်မှာ နေ့လည်စာစားဖို့ ရှင် ကျွန်မကို အဖော်ပြုပေးမှာလား”

ကျင်းယွင်ကျောင်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ထျန်းရှန်းလော် ဟူသော ထိုစကားသုံးလုံးအား ကြားသည်နှင့် လီရှောက်ယွင်၏အကြောင်း တွေးမိခြင်းကနေ သူမကိုယ်သူမ, မကယ်တင်နိုင်ပေ။ သူမက ယခုအချိန်၌ ထိုသခင်လေးသည် သူမအား သေလောက်အောင် မုန်းတီးနေရမည်ဟူ၍သာ စဥ်းစားဆင်ခြင်လိုက်၏။ ထို့အပြင် လွန်ခဲ့သော နှစ်ရက်အတွင်း ဖုန်းခေါ်စဥ်အခါက တုလင်း၏ လေသံမှာလည်း အလွန်ထူးဆန်းနေသည်။

သူမ၏ အတွေးထဲ၌ နစ်မြုပ်နေသောကြောင့် ကျင်းယွင်ကျောင်းသည် ထန်ကျစ်ဟွား သဘောတူလိုက်၊မတူလိုက်ကိုပင် သတိမထားမိလိုက်ပေ။

သိပ်မကြာမီမှာပင် အေခန်းအခန်းသစ်မှ ကျောင်းသားများအားလုံးသည် သူတို့၏ ခုံများ၌ နေရာယူပြီးဖြစ်သည်။ ကျင်းယွင်ကျောင်း အံ့သြသွားသည်မှာ ချောင်ဟုန်ယဲ့နှင့် ကျန်ရှတို့ တစ်စားပွဲတည်း ထိုင်နေခြင်းပင်။ သူတို့၏ နေရာက ဟယ့်ကျားစစ်၏ နောက်တည့်တည့်၌ ဖြစ်၏။

သူမနှင့် ရင်းနှီးသော လူများသည် အားလုံးနီးပါး အတူတကွ ထိုင်နေကြသည်။ အနာဂတ်နေ့ရက်များက ပရမ်းပတာ ဖြစ်တော့မည်မှာ အသေအချာပင်။

ထိုင်ခုံနေရာများ အတည်ပြုပြီးသွားနောက် အတန်း၏ ကိုယ်စားပြုများအား သတ်မှတ်ပေးရမည့် အချိန်ပင်။ အတန်းထဲရှိ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းသည် ယခင်က အတန်း၏ ကိုယ်စားပြုများအဖြစ် သတ်မှတ်ခံခဲ့ရသည် ဖြစ်ရာ လူတိုင်းက တစ်ခုခုလုပ်ဖို့ ကြိုးစားရန် စိတ်အားထက်သန်နေကြသည်။

တစ်ဖက်၌မူ ကျင်းယွင်ကျောင်းသည် သူမ၏နေရာ၌ပင် ခေါင်းကိုငုံ့ထား၍ ဤအတန်းပိုင်အသစ် ဆရာကျီက သူမအား အာရုံစိုက်မိသွားမည်ကို ကြောက်နေ၏။ သူမသည် အမှန်တကယ်ပင် ဤကိစ္စမျိုးများအား စိတ်မဝင်စားပေ။

ဤဆရာကျီက ရှေးခေတ်မှ ပညာရှိတစ်ယောက်ကဲ့သို့ ခေါင်းအစ ခြေအဆုံး ဝတ်ဆင်ထားသည်။

စစချင်းမှာပင် သူသည် ကျီသာ့ယုံးဟုခေါ်သော တစ်ယောက်အား အတန်းခေါင်းဆောင် ခန့်လိုက်၏။ ဤကျောင်းသားသည် ကြံ့ခိုင်ပုံရကာ အနည်းငယ် ဝဖြိုးနေသော်လည်း သူ၏ ပုံပန်းသွင်ပြင်က အတော်လေး ကြည့်ကောင်းနေဆဲပင်။ ပုံပန်းသဏ္ဍာန်အား ခြုံငုံ၍ ပြောရလျှင် သူသည် အတော်လေးလည်း တာဝန်ယူ၊ တာဝန်ခံမှု ရှိပုံပေါ်သည်။ သို့ရာတွင် အတန်းခေါင်းဆောင်တစ်ဦး ဖြစ်နိုင်ရန်အတွက် သတ်မှတ်ထားသော နယ်ပယ်များရှိ၏။ ထို့နောက် တစ်ယောက်က ဂရုတစိုက်ဖြင့် ဤအတန်းခေါင်းဆောင် ကျီသာ့ယုံးသည် ဆရာကျီ၏ တူဖြစ်သည်ဟု ခပ်တိုးတိုးစောင်းပါးရိပ်ခြည်ပြောနေသည့် သတင်းတစွန်းတစကိုလည်း ကျင်းယွင်ကျောင်း ကြားလိုက်ရသည်။

သူမသည် ကိုယ်ခံပညာရပ်ကို စတင်လေ့ကျင့်ပြီးနောက် သူမ၏ အကြားစွမ်းရည်သည်လည်း ထက်မြက်လာခဲ့၏။ များသောအားဖြင့် အတန်းထဲမှ ခပ်တိုတိုးပြောသံများနှင့် ရေရွတ်သံများကို နားထောင်ရာ၌ သူမ အာရုံစိုက်ထားသရွေ့ ၎င်းတို့ကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ ယခုအချိန်၌ မနာလို မရှုစိမ့်ဖြစ်နေသော ကျောင်းသားနှစ်ယောက်က ဆရာကျီ၏ နောက်ကွယ်၌ ထိခိုက်စေမည့်စကားများအား ပြောနေကြသည်ကို သူမ ကြားနိုင်၏။

ထိုသည်က မနာလိုခြင်းနှင့် အတင်းပြောခြင်းများသည် မိန်းကလေးကျောင်းသူများ၌သာ မဟုတ်ကြောင်း သက်သေပင်။

“ကျင်းယွင်ကျောင်း၊ မင်းက အတန်းရဲ့ဘာသာစကား ကိုယ်စားပြု လုပ်ရမယ်”

ဆရာကျီက အေးစက်သော အသံဖြင့် ကြေညာလိုက်၏။

ကျင်းယွင်ကျောင်းက ခေါင်းကို ဆတ်ခနဲ မော့လိုက်၍ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးနောက် စိတ်မရှည်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သင်ကြောက်သောအရာများက သင့်ဆီသို့ သေချာပေါက် လာလိမ့်မည် ဆိုသည်က အတိအကျပင်။ ကောလဟာလများက ပြောကြသည်မှာ ဤဆရာသည် အတန်းချိန်များအတွင်းတွင် သင်၏ ခန္ဓာကိုယ် တောင့်တင်းလာသည်အထိ အလွန်အမင်း စည်းကမ်း တင်းကြပ်သည်ဟူ၍ ဖြစ်၏။ ထို့ကြောင့် သူ၏ အတန်းကိုယ်စားပြုဖြစ်ရသည့် ဖိအားများမှာလည်း ပေါ့သေးသေး မဟုတ်မည်မှာ အသေအချာပင်။

အတန်းကိုယ်စားပြုများအားလုံး၏ တာဝန်များကို ခွဲဝေသတ်မှတ်ပြီးနောက် ဆရာကျီက ကိစ္စအနည်းငယ်ကို ပြောကြား၍ အတန်းအား ဤကဲ့သို့ပင် အဆုံးသတ်လိုက်၏။

သူတို့၏ အတန်းများမှာ ပြန်ခွဲထားပြီး အတန်းတိုင်း၏ စာသင်သည့် အစီအစဥ်များကလည်း မတူညီသောကြောင့် သူတို့သည် တစ်မနက်ခင်းလုံး ကိုယ်ပိုင်စာကြည့်ချိန်ဖြင့်သာ ကုန်ဆုံးကြရသည်။ ဆရာ၊ ဆရာမများသည်လည်း ရွေးခြယ်စရာ မရှိသောကြောင့် ကျောင်းသားတိုင်း သင်ခန်းစာများကို အမီလိုက်နိုင်ရန်အတွက် သူတို့အတန်းများကို ပြန်လည်၍ ပြင်ဆင်ရတော့၏။

“ကျင်းယွင်ကျောင်း၊ နင်တို့ရော နေ့လည်စာ သွားစားမယ် မဟုတ်လား။ ငါတို့နဲ့ အတူတူသွားစားကြတာပေါ့။ ကျားစစ်က ကြိုပြီးတော့ မှာထားပြီးသားပဲကို။ အဲဒီနေ့တုန်းက ထျန်းရှန်းလော်မှာပဲ အတူတူပဲလေ”

မနက်ခင်း အတန်းများပြီး၍ သူမ မတ်တပ်ထရပ်ရန် အခွင့်အရေးမရသေးမီမှာပင် ထန်ကျစ်ဟွားက သူမအား ယဥ်ယဥ်ကျေးကျေး ဖိတ်ကြားလာခြင်းဖြစ်လေသည်။

All Chapters