← Chapters

အခန်း (၁၄၁-၁၄၄)

Vol. 8 Ch. 141-144

အခန်း (၁၄၁-၁၄၄)

Vol. 8 Ch. 141-144

Chapter 141 : ခရီးဇစ်ဆ်

ကျင်းယွင်ကျောင်း ထိတ်လန့်သွားသည်။ သူမ ထျန်းရှန်းလော်ဟု ကြားလိုက်သည်နှင့် ချက်ချင်းပင် ခေါင်းရမ်းလိုက်၏။

“ငါ့ကို ဖိတ်လို့ ကျေးဇူးပါနော်။ ဒါပေမယ့် ငါ စူးချူအတွက် ဆေးဖက်ဝင်ဟင်း ချက်ပေးဖို့ အိမ်ပြန်တာ ပိုကောင်းမယ်လို့ပဲ ထင်တယ်။ အဲဒါထက် ထျန်းရှန်းလော်က အစားအသောက်တွေက နည်းနည်း ဆီများလွန်းတယ်လေ”

စူးချူက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။ တစ်ခုခု မှားနေသလို ခံစားချက်က ရုတ်တရက် ပေါ်ထွက်လာသည်။ ခုနက သူမ ‘ဆီများလွန်းတယ်’ ဟူသော စကားကို ပြောစဥ်က သူမ၏ အသံသည် အလွန်နူးညံ့နေ၏။ တကယ်ပဲ ကျင်းယွင်ကျောင်း ပြောတာကို ကြားလိုက်ရတာလား။

“အပြင်က အစားအသောက်တွေနဲ့ယှဥ်ရင် ငါလည်း ယွင်ကျောင်း ချက်ကျွေးတာကိုပဲ ပိုစားချင်တယ်။ ကျွန်မကို ဒီတစ်ကြိမ်မှာလည်း ရှင့်အချက်အပြုတ်စွမ်းရည်ကို စမ်းသပ်ခွင့်ပြုပါ စာဖိုးမှူးကြီးကျင်းရှင့်”

ရှောင်ဟိုင်ကျင်းက ဟာသလုပ်လိုက်ပြီးနောက် ကျင်းယွင်ကျောင်း၏ အနားသို့ တိုးကပ်သွား၍ သူမဦးခေါင်းကို ကျင်းယွင်ကျောင်း၏ လည်တိုင်ကြား၌ ညှပ်လိုက်သည်။

“ကျွန်မ သဘောတူတယ်။ ကျွန်မလည်း ပြောင်ကျဲ ချက်တာကို ပိုစားချင်တာ”

စူးချူက မျက်လုံးများ မှေးကျဥ်းသွားသည်အထိ ပြုံး၍ ကျီကျီကျာကျာလေး ပြောလိုက်၏။

ဟာသပဲ။ ထျန်းရှန်းလော်ကို သွားမယ်ဟုတ်လား။ ဒါ ဒီကျားစစ်ဆိုတဲ့ မိန်ကလေးကို ရင်ဆိုင်ရမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်လား။ သူတို့သည် ကလေးငယ်များ မဟုတ်ကြတော့သော်လည်း သူမက ယောက်ျားလေးတစ်ယောက်၏ လက်မောင်းအား ဖက်ထားဆဲဖြစ်ပြီး ရှက်သလိုလို ရွံ့သလိုလို ပြုမူနေ၏။ ဘယ်လောက် ရွံစရာကောင်းသလဲ။ အကယ်၍ သူတို့သာ လိုက်သွားပါက သူတို့ အစားစားရမည်လား အန်ရမည်လားဆိုသည် သဲကွဲမည်မဟုတ်ပေ။

မိန်းကလေးသုံးယောက်စလုံးက ထိုသူ့အား ငြင်းပယ်လိုက်သဖြင့် ကန်ကျင်းချန်သည် ပို၍ပင် ပျော်ရွှင်သွားပြီး လက်မောင်းများကို ဆန့်ကာ သူက မိန်းကလေးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာကြောင်း ထုတ်ဖော်ပြသလိုက်သည်။

ထန်ကျစ်ဟွား၏ အမူအယာက အနည်းငယ် တောင့်တင်းသွား၏။ သူသည် ဤကဲ့သို့ ခပ်လွယ်လွယ်နှင့် ခပ်မြန်မြန် အငြင်းခံရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

သို့ရာတွင် သူသည် သူ၏ အဆင့်အတန်းမြင့်သောအပြုမူများအား ဟန်မပျက် ဆက်ထိန်းထားလိုက်ပြီး ပြုံးလိုက်သည်။

“ကြည့်ရတာ နင့်ရဲ့လက်ရာက အရမ်းအရသာရှိတဲ့ပုံပဲ။ အခွင့်အရေး ရှိမယ်ဆိုရင် နောက်တစ်ကြိမ် နင် ငါ့ကို ဖိတ်အောင် ကြိုးစားဦးမယ်”

ကျင်းယွင်ကျောင်းက ပြုံးပြလိုက်၏။ သူမ၏ အမူအယာများမှာ အကွာအဝေးတစ်ခုခြားနေဆဲပင်။

“နင့်နာမည်က ကျင်းယွင်ကျောင်းလို့ ခေါ်တာလား။”

ထန်ကျစ်ဟွား၏ နောက်ရှိ မိန်းကလေးက မတ်တပ်ထရပ်လိုက်သည််။

“ငါ့နာမည်က ဟယ့်ကျားစစ်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ နင်က အရမ်းလှတာပဲ”

သူမက ထိုသို့ပြောပြီးနောက် လက်တစ်ဖက်လှမ်း၍ ကျင်းယွင်ကျောင်းအား ဖက်လိုက်၏။

ထိုမိန်းကလေးက ရေမွေးစွတ်ထားပြီး ရနံ့က မစူးရှသော်လည်း ပြင်းလွန်းနေသေးသည်။ များသောအားဖြင့် ကျောင်းတွင် ရေမွေးစွတ်တတ်သော မိန်းကလေးမှာ အလွန်နည်း၏။ ဤကဲ့သို့သော ရနံ့မျိုးကို ရုတ်တရက် ရလိုက်ခြင်းက ကျင်းယွင်ကျောင်း၏ နှာခေါင်းကို ယားယံစေပြီး ခဏလေးအတွင်းမှာပင် ပြင်းပြင်းထန်ထန် နှာချေချင်စိတ်ကို ဖိနှိပ်၍ သူမကိုယ်သူမ မနည်းထိန်းချုပ်ထားလိုက်ရသည်။

သို့ရာတွင် သူမ၏ ခန္ဓာကိုယ်ကမူ ရှောင်ဟိုင်ချင်းဘက်သို့ ယိုင်သွား၏။

ဤမိန်းကလေး၏ စိတ်အားထက်သန်မှုက စူးချူ နှင့် လုံးဝပင် ကွာခြားသည်။ တစ်ဖက်လူ၌ ကောင်းသောရည်ရွယ်ချက်များရှိသော်လည်း ကျင်းယွင်ကျောင်းကမူ သူမအား နှစ်သက်စရာအချက် ရှာမတွေ့နိုင်သေးပေ။

“အို...ဟုတ်သားပဲ။ ငါ ကြားတာ နင်နဲ့ ရှောင်ယဲ့ နဲ့က ညီအစ်မတွေဆို။ တိုက်ဆိုင်လိုက်တာ၊ ငါ အရင်အပတ်တုန်းကတောင် ရှောင်ယဲ့ကို အပြင်မှာ ကူညီခဲ့သေးတယ်။ အဲဒီအချိန်တုန်းက သူ့ကို ဘယ်သူက လမ်းလေးပေါ်မှာ ပစ်သွားတယ်ဆိုတာကို သူကိုယ်တိုင်တောင် မသိခဲ့ဘူးလေ”

ဟယ့်ကျားစစ်က ထိုအကြောင်းနှင့်ပတ်သတ်ပြီး မသင့်တော်ဟု ခံစားမိပုံ မရသည့်အလား ပြုံး၍ ဆက်ပြောလာ၏။

“အို...ရှောင်ယဲ့က နင်တို့နဲ့ နေ့လည်စာ တူတူမစားဘူးလား”

သူမ၏ နောက်ရှိ ချောင်ဟုန်ယဲ့သည် ဒေါသထွက်ရမည်လား၊ ရှက်ရမည်လား မသိတော့သောကြောင့် မျက်နှာများ နီရဲနေ၏။

သူမ နေမကောင်းဖြစ်ခဲ့သည့်အကြောင်းအား လူတိုင်းသိသော်လည်း နောက်ကွယ်မှ အကြောင်းရင်းကိုမူ မည်သူမှ ရှင်းရှင်းလင်းလင်း မသိကြပေ။ ယခုအချိန်၌ ဟယ့်ကျားစစ်က ထိုအကြောင်းကို လူများစွာ၏ နောက်၌ ကျယ်လောင်စွာ ထုတ်ပြောလိုက်၍ လက်တွေ့၌ သူမတွင် ဂုဏ်သိက္ခာ တစိုးတစိမှပင် မကျန်တော့ပေ။

ယခင်ကသာ ဆိုပါက သူမ အနိုင်ကျင့်ခံခဲ့ရသည်ဟု ပြောနိုင်သေးသော်လည်း ယခုအချိန်၌မူ မတူတော့ပေ။ သူမက ငတုံး မဟုတ်။ သူမ၏ အတန်းဖော်များက သူမအား ယုံကြတော့မည် မဟုတ်ပါ။ ညဘက် နောက်ကျနေသည့်အချိန်တွင် သူမ လမ်းဘေး၌ စွန့်ပစ်ခံခဲ့ရသည့် အကြောင်းကို သိသွားပါက သူတို့သည် ကရုဏာစိတ်မဖြစ်ရုံသာမက သူမက မကောင်းသော အရာတစ်ခုခုကို ထပ်လုပ်ပြန်ပြီဟုပင် တွေးကြလိမ့်ဦးမည်။

ဤကဲ့သို့သော ကိစ္စများသည် သူမ လုပ်နေကျ နည်းလမ်းများ ဖြစ်ကြောင်း ချောင်ဟုန်ယဲ့ စိတ်ထဲမှ သတိထားမိသောကြောင့် ယခု ဟယ့်ကျားစစ်၏ စကားများကို ကြားသောအခါ ဟယ့်ကျားစစ်၌ ကောင်းမွန်သော ရည်ရွယ်ချက်များမရှိကြောင်း သူမ ခံစားမိလိုက်၏။

ဟယ့်ကျားစစ် သုံးသော နည်းလမ်းများအားလုံးသည် သူမ သုံးနေကျနှင့် စွန့်ပစ်လိုက်ရသော နည်းလမ်းများသာ ဖြစ်၍ ဤတစ်ကြိမ်၌ ကွာခြားသွားသည့်အချက်မှာ သူမက သားကောင်ဖြစ်နေခြင်းပင်။

သို့သော် သူမ ဆန့်ကျင်နိုင်ရဲ့လား။ အဖြေမှာ တစ်ခုတည်းပင်။ မဆန့်ကျင်နိုင် ဟူ၍သာ။

အရင်တစ်ခေါက် ဟယ့်ကျားစစ် ဆေးရုံသို့ သူမအား လူမမာမေးရန် လာစဥ်က ဟယ့်ကျားစစ်သည် သူမ၏ ဖခင်နှင့် တွေ့သွားခဲ့၍ ဤချမ်းသာသော မမလေးနှင့် သူငယ်ချင်းကောင်းဖြစ်လာရန် ဖခင်ဖြစ်သူက သူမအား ပြောခဲ့သည်။ ဟယ့်ကျားစစ်က အနာဂတ်တွင် သူမ၏ မိဘများအား ချောင်ဝေ့မင်၏ စက်ရုံသေးသေးလေး၌ ရင်းနှီးမြုပ်နှံခိုင်းမည်ဟု ကတိပြုခဲ့သောကြောင့် ယခုအချိန်တွင် ဟယ့်ကျားစစ်က သူ၏ ခရီးဇစ်ဆ် ဖြစ်နေ၏။ အကယ်၍ သူမသာ ဟယ့်ကျားစစ်ကို အပြစ်ပြုမိပါက လာမည့်နေ့ရက်များ၌ သူမ ကောင်းကောင်းမွန်မွန် မနေနိုင်မည်မှာ အသေအချာပင်။

(T/N: ခရီးဇစ်ဆ်ဆိုတာ သမိုင်းထဲက အရမ်းချမ်းသာတဲ့ ဘုရင်ကြီးပါ၊ သူက ချမ်းသာလွန်းလို့ သူ့ရဲ့နာမည်က ချမ်းသာကြွယ်ဝခြင်းရဲ့သင်္ကေတသဘောမျိုး ဖြစ်လာတဲ့အထိပါပဲ။ ကျိကျိတက် ချမ်းသာကြွယ်ဝတဲ့သူတွေကို ခရီးဇစ်ဆ် လို့ ခေါ်ညွှန်းလေ့ရှိပါတယ်။)

Chapter 142 : လူပြက်

ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့၏ ပြောချင်သော်လည်း မပြောရဲဖြစ်နေသည့် ပုံစံအား သတိထားမိသွား၍ အလွန်အံ့သြသွားသည်။

သူမ၏ နောက်တွင်ရှိသော ရှောင်ဟိုင်ချင်းက ဟယ့်ကျားစစ်နှင့် ချောင်ဟုန်ယဲ့ ရင်းနှီးသည်ဟု ကြားပြီးနောက် ချက်ချင်းပင် သတိအနေအထား ဖြစ်သွား၍ ဟယ့်ကျားစစ်အား တားဆီးလိုက်၏။

“ချောင်မိသားစုမှာ ချောင်ဟုန်ယဲ့နဲ့ ချောင်ကျစ်ကျိုး ဆိုတဲ့ ဒီနဂါးနဲ့ ဇာမဏီလို အမြွှာနှစ်ယောက်ပဲရှိတာ၊ ပြီးတော့ ယွင်ကျောင်းနဲ့လည်း မျိုးရိုးနာမည်ကို မျှဝေမထားဘူး။ သူတို့က ဘယ်လိုလုပ်ပြီး ညီအစ်မတွေဖြစ်နိုင်မှာလဲ။ ဒီလောက်ဆို တော်ပြီ၊ ယွင်ကျောင်း၊ ငါ ဗိုက်ဆာလို့ သေတော့မှာပဲ။၊ သွားကြစို့၊ မြန်မြန်လေး”

ရှောင်ဟိုင်ချင်းက စကားပြောပြီးသည့်နောက် ထိုအရူးမအား သူမ၏ နောက်တွင် ချန်ထားခဲ့၍ ကျင်ယွင်ကျောင်းအား အခန်း၏ အပြင်ဘက်သို့ ဆွဲခေါ်သွားတော့သည်။ စူးချူနှင့် ကန်ကျင်းချန်တို့သည်လည်း သူတို့၏ နောက်သို့ ခပ်မြန်မြန်ပင် လိုက်သွား၍ ကျောင်းပြောင်းလာသော ကျောင်းသားနှစ်ယောက်နှင့် ဝေးဝေးနေရန် စိတ်စောနေကြ၏။

ဟယ့်ကျားစစ်၏ မျက်လုံးများ၌ လှောင်ပြောင်နေသော အရိပ်အယောင်များ ပါဝင်နေပြီး သူမက အနည်းငယ် စိတ်တိုသွားဟန်ဖြင့် ပြောလိုက်သည်။

“အစ်ကို ကျစ်ဟွား၊ ဘာလို့ ဒီခရိုင်သေးသေးလေးထဲက လူတွေရဲ့စိတ်ထားက အရမ်းထူးဆန်းတာလဲ။ ကျွန်မလည်း ဘာမှမပြောဘဲနဲ့ သူတို့က ကျွန်မကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေသေးတယ်”

ထန်ကျစ်ဟွားက မျက်မှောင်ကြုံ့၍ တုံ့ပြန်လိုက်၏။

“တော်လောက်ပြီ။ နင် ဒီကို ခေါင်းမာမာနဲ့ ပြောင်းလာတာကို ငါ မတားနိုင်ဘူး၊ ဒါပေမယ့် နင် ကျောင်းမှာ အရှုပ်တွေကို ဖန်တီးနေတာကတော့ လုံလောက်ပြီ။ နင် ကျင်းယွင်ကျောင်းနဲ့ ဝေးဝေးနေတာ ပိုကောင်းမယ်”

သူသည် ကျောင်းပြောင်းလာခဲ့သော်လည်း ကျင်းယွင်ကျောင်း၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နောက်ကွယ်မှ အကြောင်းပြချက်ကို အခြားတစ်ယောက်အား ဘယ်တော့မှ ပြောပြမည် မဟုတ်ပေ။ စင်စစ် သူမသည် အသက်ငယ်သေး၍ ဆေးကုသခွင့်လိုင်စင်လည်း မရှိသေး။ အကယ်၍ မိသားစုထဲမှ အခြားတစ်ယောက် သို့မဟုတ် အပြင်လူတစ်ယောက်ယောက်သာ သူမက သူ၏ သမားတော် ဖြစ်ကြောင်း သိသွားပါက သူတို့ ဘယ်လိုအရှုပ်အထွေးမျိုးကို ဖန်တီးလိမ့်မည်မှန်း သူ မခန့်မှန်းနိုင်ချေ။

ထို့ကြောင့် သူထုတ်ပြောနိုင်သည့် အကြောင်းပြချက်မှာ အလွန်ပင် ရိုးရှင်းပြီး ဟွားနင်ခရိုင်သို့ အနားယူရန် လာခဲ့သည်ဟူ၍ပင်။

မမျှော်လင့်ဘဲ ဟယ့်မိသားစုက ဟယ့်ကျားစစ်အား သူ့နောက်သို့ လိုက်ခွင့်ပြုမည်ဟု သူတစ်ခါမှ တွေးမထားခဲ့။ ပြီးလျှင် စာလေ့လာသည့် ပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်ရန်အတွက် လက်ရွေးစင်ကျောင်းသားများအားလုံးကို စုစည်းပေးရန် သူတို့သည် ကျောင်း၌ပင် ငွေကြေးအများအပြား ရင်းနှီးမြုပ်နှံခဲ့သေးသည်။

ဟယ့်ကျားစစ်က အစွပ်စွဲခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့အား စိတ်အားထက်သန်စွာဖြင့် ကြည့်ကာ ဆက်ပြောလာ၏။

“အစ်ကိုကျစ်ဟွား၊ ကျွန်မရဲ့အဖေက ကျွန်မတို့နှစ်ယောက်လုံးကို အရမ်းစိုးရိမ်နေတယ်။ ဒီနေရာသေးသေးလေးက မီးခိုးတွေ၊ မြူခိုးတွေနဲ့ ပြည့်နေတာ။ ကျွန်မတို့ သူတို့နဲ့ အတူနေနေတာကိုက မှားနေတာ လုံလောက်ပြီ။ ကျွန်မတို့ကို ကိုယ့်ကိုကိုယ် နှိမ့်ချပြီးတော့ အဲဒီအဆင့်မကောင်းတဲ့သူ၊ လူဆိုးလူမိုက်တွေနဲ့ ပေါင်းသင်းဆက်ဆံရင်တောင်မှ သူတို့က ကျွန်မတို့ကို လမ်းမှားကို ဦးတည်သွားစေရင် ဘယ်လိုလုပ်မလဲ။ တကယ်တော့ ကျွန်မက ဒါတွေကို လျစ်လျူရှုနိုင်ပါတယ်။ ဒါပေမယ့် အစ်ကိုကျစ်ဟွား၊ အစ်ကို့ရဲ့ကျန်းမာရေးက မကောင်းဘူးလေ။ အဲဒီ အသိဉာဏ်မရှိတဲ့သူတွေက အစ်ကို့ကို ရန်စပြီး အပြစ်ပြုနေတာကို ကျွန်မ မကြည့်ချင်ဘူး”

ထန်ကျစ်ဟွားသည် ဟယ့်ကျားစစ်၏ အတွေးများကြောင့် ဘာပြောရမည်မှန်း မသိတော့သဖြင့် ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်သည်။

သူနှင့်ဟယ့်ကျားစစ်သည် အတူတကွ ကြီးပြင်းလာခဲ့၏။ သူတို့ ငယ်စဥ်က သူမသည် ချိုသာပြီး တွယ်ကပ်တတ်သော်လည်း အလွန်ကြင်နာတတ်သည်။ သို့ရာတွင် သူတို့ အသက်ကြီးလာသည်နှင့်အမျှ သူမ၌ တဖြည်းဖြည်း လွှမ်းမိုးချုပ်ကိုင်ချင်သော အတွေးများ ပို၍ ပို၍ များလာ၏။ သူတို့ နင်းမြို့တော်တွင်ရှိနေစဥ်က သူတို့၏ အပေါင်းအသင်း အသိုက်အဝန်းသည် အားလုံးအတူတူပင် ဖြစ်သဖြင့် သူသည် ထိုအကြောင်းနှင့် ပတ်သတ်ပြီး ဆိုးသည်ဟု မတွေးခဲ့ဖူးပေ။ သို့သော် ယခု သူတို့ ဟွားနင်ခရိုင်သို့ လာခဲ့ချိန်မှစ၍ သူတို့၏ စိတ်ထားများကိုလည်း ပြောင်းလဲသင့်ပြီဖြစ်သည်။

“နောက်တစ်ခါ နင် ဒီလိုမျိုး မပြောသင့်ဘူး။ ငါတို့ရဲ့အတန်းဖော်တွေက တော်တော်လေး ကောင်းတယ်။ တကယ်လို့ သူတို့က သခင်မလေးဆိုတဲ့ နင့်ရဲ့အဆင့်အတန်းနဲ့ယှဥ်လို့ မရဘူးလို့ တွေးထားရင် နင်းမြို့တော်ကို ပြန်သွားလိုက်။ ငါ့ရဲ့ကျန်းမာရေးက မကောင်းရင်တောင်မှ အချိန်တိုင်းစက္ကန့်တိုင်း ငါ့ရဲ့ခြေလှမ်းတိုင်းကို စောင့်ကြည့်ဖို့ နင့်ကို လိုစရာအကြောင်းမရှိဘူး”

ထန်ကျစ်ဟွား၏ အမူအယာက ပြောင်းလဲသွားပြီး တင်းမာသွားသည်။

သူက စကားဆုံးသည်နှင့် အချိန်ကို ကြည့်လိုက်ပြီး ချောင်ဟုန်ယဲ့အား နောက်တစ်ခေါက် ကြည့်လိုက်၏။

“နေ့လည်စာကို နင့်ရဲ့သူငယ်ချင်းအသစ်နဲ့ အတူတူ သွားစားတာက ပိုကောင်းလိမ့်မယ်။ ငါ ပြန်ပြီး အနားယူတော့မယ်”

စကားအနည်းငယ် ပြောရုံနှင့်ပင် ဟယ့်ကျားစစ်သည် ဒေါသထွက်လွန်း၍ မျက်လုံးနီရဲနေသော်လည်း ထန်ကျစ်ဟွားက ချက်ချင်းပင် လှည့်ထွက်သွားကာ သူမအား စကားပြောခွင့် လုံးဝမပေးခဲ့။

သူမက အံကြိတ်လိုက်သည်၊ မျက်ရည်များက စီးကျလာချိန်ပင် မရှိလိုက်ချေ။ ခဏမျှကြာပြီးနောက် သူမက မျက်ခုံးပင့်လိုက်ပြီး ချောင်ဟုန်ယဲ့အား မျက်လုံးဝေ့၍ ကြည့်လိုက်သည်။

“အစ်ကိုကျစ်ဟွားက ငါ့ကို နင်ကို နေ့လည်စာ ကျွေးစေချင်နေတာဆိုတော့ တစ်ခါလောက် နင့်ကို ငါ့ဆီကနေ အခွင့်အရေးယူခွင့် ပြုလိုက်ပါ့မယ်။ ဒါပေမယ့် နင် ငါ့ကို အဲဒီကျင်းယွင်ကျောင်းနဲ့ ပတ်သတ်တဲ့ အရာအားလုံးကို ပြောပြတာ ပိုကောင်းမယ်”

သူမ၏ အလိုလိုသိစိတ်သည် အတိကျဆုံးဖြစ်၏။ အစ်ကိုကျစ်ဟွားသည် မိန်းကလေးများနှင့် အမြဲတမ်း အကွာအဝေးတစ်ခုခြား၍ နေခဲ့သော်လည်း သူတို့ ထိုင်ခုံနေရာများ ရွေးစဥ်အခါက သူသည် ကျင်းယွင်ကျောင်း၏ ဘေး၌သာ ထိုင်ခဲ့သည်။ မပြောကောင်း မဆိုကောင်း သူ ဟွားနင်ခရိုင်သို့ လာရသည့် အကြောင်းရင်းမှာ သူမပင် ဖြစ်နေနိုင်၏။

ထန်ကျစ်ဟွားအတွက် သူမနှင့် တိုက်ခိုက်နေသည့်သူဟု တွေးလိုက်ပါက သူမ၏ နှလုံးသားထဲ၌ ဒေါသမီးများ လောင်မြိုက်လာသည်။

သို့သော် ခပ်မြန်မြန်ပင် သူမ၏ နှုတ်ခမ်းများက ပြုံးယောင်သမ်းသွား၏။ ၎င်းသည် တောက ကောင်မလေးတစ်ယောက်သာပင်။ သူမက ထန်ကျစ်ဟွားအပေါ် ရည်ရွယ်ချက်ရှိနေလျှင်တောင်မှ သို့မဟုတ် သူ၏ ရည်းစား ဖြစ်လာလျှင်တောင်မှ သူမသည် ထန်မိသားစု၏ အသိအမှတ်ပြုမှုကို သေချာပေါက် လက်ခံရရှိမည်မဟုတ်ပေ။ အလွန်ဆုံး သူမသည် လူပြက်တစ်ယောက်သာ ဖြစ်လာလိမ့်မည်။

Chapter 143 : နဂါးတစ်ကောင်က မြွေတစ်ကောင်ကို ခြောက်လှန့်အနိုင်မယူနိုင်ခြင်း

ကျင်းယွင်ကျောင်းနှင့် ထိုသုံးယောက်သည် ဝမ်ရှင်းဟွားယွမ့်သို့ ပြန်လာခဲ့ကြသော်လည်း ကျောင်းပြောင်းလာသော ကျောင်းသားနှစ်ယောက်အပေါ်၌ သူတို့၏ စပ်စုချင်စိတ်မှာမူ လျော့ကျမသွားသေးချေ။

မီးဖိုခန်းထဲ၌ ကျင်းယွင်ကျောင်းသည် ဝိညာဥ်ကျောက်စိမ်းအတွင်းထဲမှ ညွှန်ကြားချက်များအတိုင်း ဆေးဖက်ဝင် ဟင်းလျာအား တစ်ဆင့်ချင်း ချက်ပြုတ်နေသည်။ လက်တွေ့ ဧည့်ခန်းထဲမှ စောင့်နေရသော သုံးယောက်မှာ မီးဖိုထဲမှ ပျံ့လွင့်လာသော ရနံ့များကြောင့် တံတွေးမြိုချနေရကြသော်လည်း ယခုအချိန်၌ သူတို့သည် သူတို့အစာအိမ်အား နှစ်သိမ့်ရန်အတွက် အသီးအချို့ကိုသာ စားနေနိုင်၏။

“ဒီအသီးတွေအားလုံးကို ပြောင်ကျဲရဲ့ ရှစ်ဖူး စိုက်ထားတာတဲ့၊ အရမ်းလတ်ဆတ်တယ်။ အရင်ရက်တွေတုန်းက ကျွန်မ အစပ်တွေ အစားများသွားတာ ဒီအသီးတွေသာ မရှိရင် ကျွန်မ မျက်နှာမှာ ဝက်ခြံတွေ ပိုထွက်နေလောက်ပြီ”

စူးချူက ပန်းသီးအကြီးကြီးတစ်လုံးအား ကိုင်ထားကာ ဟမ်းစတားလေးတစ်ကောင်ကဲ့သို့ တမြုံ့မြုံ့ ကိုက်ဝါးနေရင်း တစ်ချိန်တည်းမှာပင် စကားပြောနေ၏။ သူမ၏ ပါးနှစ်ဖက်လုံးကို လုံးဝိုင်းလာသည်အထိ ဖောင်းကားနေပြီး သူမ၏ ပုံစံမှာ အလွန်အမင်း ချစ်စရာကောင်းနေသည်။

တစ်လျှောက်လုံးတွင် ရှောင်ဟိုင်ချင်းသည် ချစ်စရာကောင်းသော အရာများကို စိတ်မဝင်စားဖူးပေ။ ချစ်စရာကောင်းသော မိန်းကလေးငယ်လေးများနှင့် ယှဥ်ပါက သူမသည် ကျင်းယွင်ကျောင်း၏ အေးစက်၍ ဧကရီဆန်သော ပုံစံမျိုးကို ပိုသဘောကျသည်။ သို့သော် ယခု သူမသည် စူးချူနှင့် ရင်ဆိုင်ရသောအခါ သူမသည် မည်သည့်ရွံရှာစက်ဆုပ်မှုမျိုးကိုမှ မခံစားရပေ။ သူမသည် သူမ၏ အကွာအဝေးများကို ချိုးဖျက်ပစ်နိုင်သည့် ချစ်စရာကောင်းသော ဤမိန်းကလေး၏ ဆွဲဆောင်မှုများကို တောင့်မခံနိုင်။

သူမ၏ ချစ်စရာကောင်းမှုသည် သန့်စင်ချင်ယောင်ဆောင်နေသော ထိုကျောင်းသူများနှင့် ကွာခြား၍ ဖြစ်နိုင်သည်။

ရှောင်ဟိုင်ချင်းက မီးဖိုခန်းဘက်သို့ ကြည့်ရန် ခေါင်းလှည့်ပြီး မစဥ်းစားဘဲ ပြောလိုက်၏။

“အဲဒီ ထန်ကျစ်ဟွားဆိုတဲ့ ကောင်က နည်းနည်း ထူးဆန်းနေသလိုပဲ”

“ဘာလို့ ဒီလိုပြောတာလဲ”

စူးချူက နားမလည်ပေ။

“ထန်ကျစ်ဟွားကို မြင်လိုက်တာနဲ့ သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက်မှန်း သိသာတယ်။ သူက ဒါကို ထုတ်မပြောရင်တောင်မှ ကြင်နာထောက်ထားတတ်တဲ့ ပုံပေါက်နေတုန်းပဲ။ စရိုက်သရုပ်မှန်က လိမ်မရဘူး။ ဒီလိုလူမျိုးက ရုတ်တရက် ငါတို့ရဲ့ခရိုင်မြို့သေးသေးလေးကို ပြောင်းလာတယ်။ သူ့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူးဆိုတာ ငါ မယုံဘူး”

ရှောင်ဟိုင်ချင်းက သူမ၏ အသီးကို “ခွပ်” ခနဲ မြည်အောင် ကိုက်လိုက်ပြီး ဆက်ပြောသည်။

“အဲဒီ ဟယ့်ကျားစစ်...”

“ဟယ့်ကျားစစ်က ကျင်းယွင်ကျောင်းကို တော်တော်ကြီးကြီးမားမား မုန်းနေတယ်”

ကန်ကျင်းချန်က သူမ၏ စကားစကို ကောက်ပေးလိုက်သည်။

“သူ့ကို ဘယ်သူက ဂရုစိုက်မှာလဲ။ သူသာ ငါတို့မိသားစုရဲ့ ယွင်ကျောင်းကို အနိုင်ကျင့်ရဲရင် ငါ သူ့ကို သေအောင် ရိုက်ပစ်မယ်။ အစွမ်းရှိတဲ့ နဂါးလည်း မြွေတစ်ကောင်ကို ခြောက်လှန့်အနိုင်မယူနိုင်သေးပါဘူး”

ရှောင်ဟိုင်ချင်းက မျက်လုံးလှန်လိုက်၏။ ထို မိန်းကလေး၏ အကြောင်းကို စဥ်းစားရုံနှင့်ပင် သူမ၏ အစာစားချင်စိတ်အား ပျောက်ဆုံးစေသည်။

သူတို့သုံးယောက်၏ အသံများက မကျယ်သော်လည်း ကျင်းယွင်ကျောင်းကမူ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားနိုင်၏။ သူမသည် သူတို့ကြောင့် မလှုပ်နိုင်ဘဲ ကူကယ်ရာမဲ့ ဖြစ်သွားရသည်။

အတိတ်ဘဝက သူမတွင် သူငယ်ချင်းတစ်ယောက်ပင် မရှိခဲ့ချေ။ ရှင်သန်ရခြင်းက ဝမ်းနည်းဖွယ် သတိပေးချက်တစ်ခုသာသာပင်။ ဤကာကွယ်ပေးခံရသည့် ခံစားချက်က သိပ်မဆိုးလှ။

သူမ၏ နှုတ်ခမ်းလေးများက ကွေးညွတ်ကာ ပြုံးသွား၍ ချက်ပြီးသား ဟင်းပွဲများကို စားပွဲပေါ်သို့ တည်ခင်းလိုက်သည်။ ထိုအချိန်တွင် ရှောင်ဟိုင်ချင်းက သူမ၏ တံတောင်ဆစ်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး လွှတ်ပေးရန် ငြင်းဆန်နေ၏။

“ယွင်ကျောင်း၊ နင့်ရဲ့ကိုယ်သင်းရနံ့က တကယ်ကို ကောင်းတာပဲ”

ရှောင်ဟိုင်ချင်းက နှာဘူးတစ်ယောက်ကဲ့သို့ ပြုမူနေသည်။

ကျင်းယွင်ကျောင်းက မကျေနပ်ဟန် ပြုမူ၍ ပူးပေါင်းပေးလိုက်၏။

“ဆီနံ့တွေ မီးခိုးနံ့တွေနဲ့တောင်မှ နင်က ဒါကို ထည့်ပြောချင်သေးနေတယ်ပေါ့လေ။ နင် အဲဒီအနံ့ကို ကောင်းတယ်လို့ ထင်နေရင် မီးဖိုချောင်ကိုသွား။ နင် မကျေနပ်မချင်း အဲဒီအနံ့ကို ရှူလို့ရတယ်”

“အား အား အား နင်တို့တွေ နားလည်ကြရဲ့လား။ ငါ့မိသားစုရဲ့ယွင်ကျောင်းက တကယ့်ကို ချစ်စရာကောင်းလွန်းတယ်။ ငါ ဘာလို့များ ယောက်ျားလေးတစ်ယောက် မဟုတ်ရတာလဲ။ ငါ တကယ်သူ့ကို နမ်းချင်တယ်”

ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်း ပြောသမျှကို လုံးဝ လျစ်လျူရှုထားပြီး သူမ၏ မျက်လုံးများက ဂုဏ်ယူမှုများနှင့် တောက်ပနေသည်။ သူမက တွန်းဖယ်ခံလိုက်ရပြီးနောက် တစ်ယောက်ယောက်အား ပွတ်သပ်ရန် ရှာလိုက်ပြီး စူးချူ၏ မျက်နှာကို ကိုင်၍ ယူကြုံးမရဖြစ်စွာဖြင့် ပြောလိုက်၏။

ဤကဲ့သို့ ရှောင်ဟိုင်ချင်း ဟာသလုပ်နေခြင်းက ကျင်းယွင်ကျောင်း၏ မျက်နှာကိုပင် နီရဲလာစေသည်။

ကန်ကျင်းချန်က သူမ၏ အကြည့်နောက်ကို လိုက်သွား၍ ကျင်းယွင်ကျောင်းကိုလည်း ကြည့်မိသွားရာ သူ၏ နှလုံးသားက ရုတ်တရက် တစ်ချက် ခုန်သွား၏။ ထို့ကြောင့် သူက သူ၏ အကြည့်များကို အမြန်ပင် ရုတ်သိမ်းလိုက်ရသည်။

ကျင်းယွင်ကျောင်းသည် ပိန်ပါး၍ အရပ်ရှည်ပြီး ပျိုဖော်ဝင်ခြင်းကလည်း သူမအား ကောင်းကောင်း ပံ့ပိုးပေးထား၏။ သို့သော် သူမက ညှို့ဓါတ်မရှိပေ။ သူမ၏ ဇာမဏီမျက်ဝန်းများက တောက်ပသော်လည်း အေးစက်နေပြီး သူမ၏ မျက်ခုံးတန်းများက ညဥ့်ယံကဲ့သို့ နက်မှောင်နေသည်။ သူမတွင် ပြတ်သားမှုကို ပေးစွမ်းနေသည့် နီရဲရဲနှုတ်ခမ်းတစ်စုံရှိသော်လည်း ပြုံးမနေပေ။ သူတို့ အိမ်၌ရှိသောအခါတွင် သူမသည် အစိမ်းရောင် ပိုးစောင်တစ်ထည်ကို ခြုံ၍ သူမကိုယ်သူမ ပျင်းရိစွာ သယ်၍ နေတတ်သည်။ လူတိုင်း၏ အပေါ်၌ သူမ၏ အကြည့်များသည် ထူးခြားသော အလင်းရောင်တစ်ခုကို သူမ၏ မျက်ဆန်အိမ်များထဲ၌ သယ်ဆောင်ထား၏။ ခုနက ရှောင်ဟိုင်ချင်း သူမကို စနောက်နေသောကြောင့် သူမ၏ နားရွက်ဖျားလေးများက ခပ်ဖျော့ဖျော့ နီရောင်သမ်းနေသည်။ ကံဆိုးစွာပင် သူမ၏ မွေးရာပါ အကွာအဝေးတစ်ခုခြား၍ နေတတ်သော စိတ်ထားက သူမအား မာနကြီးပုံပေါ်စေ၍ သတ္တိရှိရန် ကြိုးစားနေပုံပေါ်စေ၏။ မည်သို့ပင် ဆိုစေကာမူ ၎င်းက လူများအား မတူညီသော ချစ်စရာကောင်းမှုတစ်ခုကို ခံစားရစေသည်။

ကန်ကျင်းချန်က စိတ်ငြိမ်စေရန် အသက်ကို ရှုသွင်းလိုက်၏။ သူသည် ကျောင်းသားကောင်းတစ်ယောက် ဖြစ်၍ ဆယ်ကျော်သက်အချစ်ကို မတွေ့ကြုံချင်ပေ။ သို့ရာတွင် ဤကဲ့သို့သော မိန်းကလေးမျိုးဖြစ်သည့် ကျင်းယွင်ကျောင်းနှင့် အတူနေရခြင်းက ဖိအား အလွန်ကြီးမားလှသည်။

“ကန်ကျင်းချန်၊ နင့်ရဲ့မျက်နှာက ဘာလို့နီရဲနေတာလဲ။ နင်လည်း ကျင်းယွင်ကျောင်းကို နမ်းချင်နေတာတော့ မဖြစ်နိုင်လောက်ပါဘူးနော်”

ရှောင်ဟိုင်ချင်းက သူခိုးပြုံး ပြုံးလိုက်ပြီး ဆက်ပြောလာ၏။

“ဒါပေမယ့် စဥ်းတောင် မစဥ်းစားနဲ့၊ ကျင်းယွင်ကျောင်းက ငါ့အပိုင်”

ကန်ကျင်သည် မူလက ရှက်သွေးဖြာမနေသော်လည်း သူမပြောသည်အား ကြားလိုက်ရသောအခါ သူ၏ မျက်နှာမှာ ချက်ချင်းပင် မီးခိုးများ ထွက်လာတော့သည်။ သူသည် ကြမ်းခင်းကျောက်ပြားများထဲ၌သာ သူ၏ ခေါင်းကို နှစ်ထားလိုက်ချင်တော့သည်။

Chapter 144 : နဂိုအတိုင်းပြန်မဖြစ်နိုင်သော ထိခိုက်မှု

သူမ၏ နောက်ပြောင်ကျီစယ်မှုအား ရပ်လိုက်ပြီး ရှောင်ဟိုင်ချင်းက အားရပါးရ ရယ်မောလိုက်၏။ စူးချူသည်ပင် သူမ၏ ပုံရိပ်ကို မေ့၍ ဗိုက်ကိုနှိပ်ကာ ရယ်နေကာ သူ၏ လက်ရှိ၌ 囧 ကဲ့သို့ဖြစ်နေသော မျက်နှာကြီးအား ဓါတ်ပုံရိုက်ချင်လွန်း၍ လက်ယားနေသည်။

(Editor Note : 囧 က Emoji သဘောပါ၊ တရုတ်စာလုံးဆိုပေမယ့် ကန်ကျင်းချန် ရဲ့ မျက်နှာအမူအရာကိုပြတဲ့အနေနဲ့ ဒီနေရာမှာ သုံးထားတာပါ၊ ဘာထူးထူးခြားခြားအဓိပ္ပာယ်မှ ရှိပုံမရပါဘူး)

သို့ရာတွင် ကန်ကျင်းချန်၏ စရိုက်အား သဘောထားကြီးသည်ဟု မှတ်ယူနိုင်သည်။ မိန်းကလေးနှစ်ယောက်က ပို၍ တဝါးဝါးပွဲကျနေလေလေ သူက ပို၍ စိတ်ငြိမ်လာလေလေဖြစ်၏။ ခဏမျှကြာပြီးနောက်တွင် ကျင်းယွင်ကျောင်း၏ သဘောထားသည်သည်လည်း ယခင်ကကဲ့သို့ စိုးရိမ်ကြောင့်ကြမှုမရှိတော့သည်အား မြင်လိုက်ရ၍ နောက်ဆုံးတွင်မူ သူတို့လေးယောက်သည် နေ့လည်စာစားရန်အတွက် ထိုင်လိုက်ကြပြီး စကားစမြည်ပြောနေကြတော့သည်။ လေထုက အလွန်အမင်း မနာလိုစရာပင်။

နေ့လည်စာစားပြီးသောအခါ ကျင်းယွင်ကျောင်းသည် ဟွားဇယ်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

ကောင်းရှင်း လွတ်လာပြီးဖြစ်ကြောင်း သူမ ကောက်ချက်ချလိုက်သည်။

ကောင်းရှင်းသည် ကြီးလေးသော ရာဇဝတ်မှုကို မကျူးလွန်ခဲ့ပေ။ ထို့ကြောင့် ဤမျှလောက်ကြာချိန်ဝန်းကျင်၌ လွတ်လာခြင်းက ပုံမှန်ပင်။ ကိစ္စများက ရှုပ်ထွေးလာတော့မည့်အကြောင်းကို တွေးမိလိုက်ရုံနှင့် ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အတွက် ခဏမျှ ငြိမ်သက်ပေးလိုက်၏။

ကျားစစ်ကိုလည်း ကြည့်လိုက်ရုံနှင့်ပင် သူမသည် လူကောင်းတစ်ယောက် မဟုတ်ကြောင်း ပြောနိုင်သည်။ ယခု ကောင်းရှင်းကိုပါ ထပ်ပေါင်းလိုက်ပါက အနာဂတ်၌ ချောင်ဟုန်ယဲ့သည် ကျောင်းပေါက်ဝသို့ ခြေတစ်လှမ်းပင် မချနိုင်တော့သည်အထိ ဖြစ်သွားနိုင်၏။

သို့သော် ဟွားဇယ်က ဖုန်းချသွားသည်နှင့် တုလင်းက ဖုန်းခေါ်လာသည်။ သူ၏ အသံက အနည်းငယ် အလျင်လိုနေပြီး၊ ကျင်းယွင်ကျောင်းကိုပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေ၏။

“ယွင်ကျောင်း၊ အခု ပြဿနာတစ်ခုရှိနေတယ်”

တုလင်းက သက်ပြင်းချလိုက်ပြီး အချိန်တစ်ခုကြာအောင် ညည်းညူပြောဆိုနေသည်။

“ဘာဖြစ်တာလဲ။ ယွီထျန်းရှန်းရဲ့ပါဝင်ပစ္စည်းတွေမှာ ပြဿနာရှိလို့လား”

အကယ်၍ ပါဝင်ပစ္စည်များ၌သာ အမှန်တကယ် ပြဿနာရှိနေပါက ၎င်းက သေချာပေါက်ပင် သူမကြောင့် ဖြစ်သည် မဟုတ်ပေ။ ပစ္စည်းပို့သူ ဦးလေးကြီးသည် ဖြောင့်မတ်၍ ရိုးသားသူဖြစ်သောကြောင့် ထိုပြဿနာက သူကြောင့်လည်း မဖြစ်နိုင်ပေ။ ဆယ်ကြိမ်၌ ကိုးကြိမ်မှာ ပြဿနာက ယွီထျန်းရှန်း၏ ဝန်ထမ်းပင် ဖြစ်လိမ့်မည်။

သို့ရာတွင် ကျင်းယွင်ကျောင်း သူမ၏ အမြင်ကို ထုတ်မပြောရသေးမီမှာပင် သူမက တုလင်းပြောသည်အား ကြားလိုက်ရ၏။

“အဲဒါက လီရှောက်ပါ...သူ ဆေးရုံတက်နေရတာ၊ ပြီးတော့ ဆရာဝန်က ပြောတယ်...ဟူး...ဘာပဲဖြစ်ဖြစ် သူ့ရဲ့လက်ရှိအခြေအနေက အရမ်းသနားစရာကောင်းတယ်”

ကျင်းယွင်ကျောင်း မျက်နှာပျက်သွား၏။ လီရှောက်ယွင်၏ ပြဿနာက သူမနှင့် ဘာဆိုင်သနည်း။

သို့သော် ထိုအကြောင်းကို တွေးပြီးနောက် သူမ၏ စိတ်ထဲ၌ သူမ ကန်ခဲ့သည်အား ပြန်သတိရလာ၍ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။

“ရှင်းအောင် ပြောပြပါဦး။ သူက နေမကောင်းဖြစ်နေတာလား ဒါမှမဟုတ် တခြားပြဿနာ ရှိနေတာလား”

ထိုအခိုက်တွင် တစ်ဖက်မှ ဖုန်းပြောနေသော တုလင်းသည် သူ၏ ရယ်ချင်စိတ်ကို ထိန်းချုပ်ထား၍ ငိုချင်နေသော အမူအယာကို အတင်းလုပ်ယူနေသည်။ သူက သူ၏ အသံကို ဆွဲဆွဲငင်ငင်လုပ်လိုက်ပြီး ရှင်းပြလိုက်၏။

“ဒီပြဿနာက...ထုတ်ပြောသင့်တာတော့ မဟုတ်ဘူး...ဟူး...သူ ဒဏ်ရာရထားတာ။ အရမ်းပြင်းထန်တယ်။ လီမိသားစုအနေနဲ့ သူတို့ရဲ့ စီးပွားဖက်တွေကို ဘာလုပ်ပေးသင့်လဲ အာ....”

ကျင်းယွင်ကျောင်း၏ နှလုံးသားသည် အေးခနဲ ဖြစ်သွားပြီး သူမ၏ အမူအယာက ခါးသီးသွားသည်။

အရင်တစ်ခေါက် သူမ၏ ကန်ချက်က အနည်းငယ် ရက်စက်သော်လည်း လီရှောက်ယွင်က နောက်သို့ အနည်းငယ် ရွေ့သွားကြောင့် ဒဏ်ရာက မပြင်းထန်ဟု သူမ ထင်ခဲ့မိ၏။ ထို့အပြင် အချိန်ကလည်း အတော်လေး ကြာသွားပြီဖြစ်သောကြောင့်ပင်။

သို့သော် တုလင်းက ဤကဲ့သို့ငိုကြွေးနေသည်အား သူမ မြင်သောအခါ တစ်ဖန်ပြန်၍ သူမကိုယ်သူ သံသယဝင်လာပြန်သည်။ စင်စစ် သူမသည် ကိုယ်ခံပညာ လေ့ကျင့်ထားသူ ဖြစ်သောကြောင့် သူမ၏ ခွန်အားက သာမန်လူများနှင့် နှိုင်းယှဥ်ပါက ကွာခြား၏။ သူမက တကယ်ပင် လီရှောက်ယွင်အား နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့သည့် ထိခိုက်မှုဖြစ်အောင် လုပ်လိုက်မိခြင်း ဖြစ်နိုင်သည်။

“အဲဒါဆိုရင် ဒီလိုလုပ်ရအောင်။ ကျွန်မ အခု သူ့ကို သွားတွေ့လိုက်မယ်။ ဘယ်ဆေးရုံလဲ”

ကျင်းယွင်ကျောင်းက အလျင်စလို မေးလိုက်၏။

အရင်းခံမှာ လီရှောက်ယွင်သည် သူမအား အန္တရာယ်မပြုခဲ့ရုံသာမက သူမအား စိတ်ကောင်းစေတနာဖြင့်လည်း သတိပေးခဲ့သေးသည်။ ယခု ကိစ္စများက ဤအခြေအနေထိ ရောက်သွားသည်ဖြစ်ရာ သူမ၏ နှလုံးသားသည်လည်း အနည်းငယ် မလွယ်မကူဖြစ်နေ၏။

ထို့အပြင် လီရှောက်ယွင်၏ ပုံစံအား ကြည့်သည်နှင့် သူ့တွင် မိန်းမများ ပြတ်လပ်မည်မဟုတ်ဟု ပြောနိုင်သည်။ အကယ်၍ ဤသည်က သူ၏ အနာဂတ် ပျော်ရွှင်မှုကိုပါ ထိခိုက်စေခဲ့လျှင် ထိုမိန်းမများက သူမအား သေလောက်အောင်ပင် ကျိန်ဆဲကြလိမ့်မည်ပင်။

တုလင်းက လိပ်စာပြောပြပြီးနောက် ကျင်းယွင်ကျောင်းက ကျန်သုံးယောက်အား အကျဥ်းချုပ်ပြောပြခဲ့၍ အိမ်မှ အလျင်စလို ထွက်လာခဲ့သည်။

အခြားတစ်ဖက်တွင်မူ တုလင်းက ဖုန်းချပြီးသည်နှင့် အသက် ပြင်းပြင်းရှုသွင်းလိုက်ပြီး သူ၏ အမူအယာက အပြစ်တစ်ခုကို ကျုးလွန်လိုက်ရသည့်အလားပင်။

“လီရှောက်၊ မင်းလည်း ဖူဟေး ဖြစ်လာတာလား။ အခုချိန်ဆို ဒီကလေးမလေး သေလောက်အောင် အပြစ်ရှိသလို ခံစားနေရတော့မယ်”

(T/N: ဖူဟေးဆိုတာ တိုက်ရိုက်ဘာသာပြန်ရရင် ဝမ်းတွင်းမည်းလို့ အဓိပ္ပါယ်ရပါတယ်။ အပြင်ပန်းပုံစံက ကြင်နာတတ်ပြီး အတွင်းစိတ်က ကောက်ကျစ်တဲ့သူတွေကို ပြောတာပါ။ အပြင်ချို အတွင်းကောက်ဆိုတဲ့ သဘောပါ။)

“အပြစ်ရှိတယ်လို့ ခံစားရမှာ မင်းသေချာလို့လား”

လီရှောက်ယွင်က မျက်ခုံးပင့်လိုက်ပြီး နှုတ်ခမ်းများကလည်း စိတ်ကြီးဝင်စွာ ပြုံးလိုက်၏။

“ငါထင်တာတော့ အများဆုံး သူက ငါ့အခြေအနေကို ကြည့်ချင်ရုံလောက်ပါပဲ”

“မင်း ဒီလိုမျိုးတော့ မရမ်းကားသင့်ဘူး မဟုတ်လား။ ကျင်းယွင်ကျောင်းက ခုမှ အသက်ဆယ့်ခြောက်နှစ်တောင် မပြည့်သေးဘူး။ ဒီလိုရောဂါမျိုးကို သူက ဘယ်လိုလုပ် ကြည့်ချင်မှာလဲကွ”

တုလင်းက မျက်ဖြူလှန်လိုက်၏။ သူသည် ယခင်က လီရှောက်ယွင်အား ဤမျှ ညစ်ပတ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

လီရှောက်ယွင်၏ အကြည့်များက တုလင်းအား ဖျတ်ခနဲ ကြည့်လိုက်ပြီး သူ၏ ခေါင်းပေါ်တွင် ပတ်ထားသော ပတ်တီးအား ညွှန်ပြလိုက်သည်။

“မင်းအတွေးလွန်နေပြီ၊ ငါပြောချင်တာ ဒီနေရာ။ ငါ ဘယ်တုန်းကများ သူ့ကို ငါ့ရဲ့အခြားရောဂါတွေကို ကြည့်ခိုင်းမယ်လို့ ပြောလို့တုန်း”

“ဒါဆို မင်း ဘာလို့ ငါ့ကို သူ့ကို လှည့်စားဖို့ ပြောနေသေးတုန်း”

တုလင်းက သူ့အား ချက်ချင်း စိုက်ကြည့်လာ၏။

“ဒီသခင်လေးက ဒဏ်ရာရထားတာနော်၊ အ...”

လီရှောက်ယွင်က မျက်လုံးကို စွေလိုက်၍ ‘မင်း ငါ့ကို သတ်မယ်ဆိုရင်တောင် ဝန်မခံနိုင်ဘူး’ ဟူသည့် သဘောထားအား ထုတ်ဖော်ပြသလိုက်သည်။

All Chapters