အခန်း (၁၄၅-၁၄၈)
Vol. 8 Ch. 145-148
Chapter 145 : အရှံးသမားလိုလူတစ်ယောက်
မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ကျင်းယွင်ကျောင်းသည် ဆေးရုံသို့ အပြေးအလွှားရောက်လာ၏။ လီရှောက်ယွင်သည် သီးသန့်လူနာခန်းထဲ၌ နေ,နေသည်။ သူမ တံခါးကို ဖြတ်၍ ခြေချလိုက်သည်နှင့် လီရှောက်ယွင် မှိန်းနေသည်အား တွေ့လိုက်ရ၏။ သူသည် သေလောက်အောင်ပင် ဖြူဖျော့နေပြီး သူ၏ ခေါင်း၌လည်း ပတ်တီးများရှိနေ၏။
သူမ ရောက်လာစဥ်က သူနာပြုအား ဖြစ်ပျက်ခဲ့သည်များကို မေးပြီးဖြစ်သည်။ သိရသရွေ့ လီရှောက်ယွင် ဆေးရုံတက်ရသည်မှာ သူ ကားအက်စီးဒင့်ဖြစ်ခဲ့သောကြောင့်ပင်။ သဘောတရားအရ ပြောရလျှင် ဤသည်က သူမနှင့် ဘာမှဆိုင်မနေသင့်။
ကျင်းယွင်ကျောင်း၏ လက်မောင်းတွင် သစ်သီးခြင်းတောင်းတစ်ခုကို ချိတ်ထားပြီး အထဲရှိ သစ်သီးများအားလုံးမှာ သူမ၏ နေရာလွတ်နယ်မြေထဲမှ ထွက်သောသစ်သီးများနှင့် လဲလှယ်ထားပြီး ဖြစ်၏။ ၎င်းရနံ့မှာ သင်းပျံ့၍ ချိုမွှေးလှသည်။
“မင်း ရောက်လာပြီလား”
တုလင်းက ကသုတ်ကရက် မတ်တပ်ထရပ်လိုက်၍ ကျင်းယွင်ကျောင်းအား ကြည့်ရင်း အလွန် ရှက်ကိုးရှက်ကန်းဖြစ်နေ၏။
“လီရှောက်က ကားအက်စီးဒင့်ဖြစ်ပြီး သူ့ရဲ့နဖူးနဲ့ခြေထောက်မှာ ဒဏ်ရာရသွားတာ”
ကျင်းယွင်ကျောင်း၏ အမူအယာက မဲ့တဲ့တဲ့ဖြစ်သွား၏။ တုလင်း ရှိနေသောကြောင့် သူမလာရသည့် အကြောင်းအရင်းကို တိုက်ရိုက် ဖော်ပြရန် သူမအတွက် မလွယ်ကူပေ။
စင်စစ် သူမသည် ယောက်ျားကြီးနှစ်ယောက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူတို့၏ ကားအက်စီးဒင့်နှင့် ယခင် သူမ သူ့အား ကန်ခဲ့သည့် ဖြစ်ရပ် မည်သို့ ပတ်သတ်နေကြောင်း တစ်ဖက်လူအား ထုတ်မမေးနိုင်ပေ။
လီရှောက်ယွင်က သူ၏ မျက်လုံးများကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်၏။ ယခင်ကနှင့် ယခုလက်ရှိ သူ၏ ဖြူဖျော့နေသောပုံစံအား နှိုင်းယှဥ်ကြည့်ပါက ခေါင်းမာမှုများနှင့် တဇွတ်ထိုးဆန်မှု အနည်းငယ်လည်း ပျောက်ဆုံးနေ၍ ၎င်းက သူ့အား အနည်းငယ် ကရုဏာ သက်လာစေသည်။ သို့ရာတွင် သူ၏ ပတ်ဝန်းကျင်ရှိ မြင့်မြတ်သော အရှိန်အဝါက လျှော့ပါးမသွားပေ။ သူ၏ အကြည့်များကမူ အနည်းငယ် စိတ်ပျက်လက်ပျက်နှင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေပုံပင်။ ဤကဲ့သို့ ဖြစ်နေသော သူ့အား ကြည့်နေရင်း ကျင်းယွင်ကျောင်း အပြစ်ရှိသလို ခံစားရ စပြုလာသည်။
“ဘာလို့ ရှင် ရုတ်တရက်ကြီး ကားအက်စီးဒင့် ထဖြစ်တာလဲ။ ဆရာဝန်က ဘာပြောလဲ”
ကျင်းယွင်ကျောင်းက ခပ်သွက်သွက် မေးလိုက်၏။ သူမသည် ဤနေရာသို့ ရောက်လာခဲ့ပြီဖြစ်ရာ သူ့အား စိတ်ပူသည့်အကြောင်း ထုတ်၍မေးသင့်သေးသည်။
“ဘယ်သူသိမှာလဲ။ လမ်းဘေးက ကုန်ကားကြီးတစ်စီးက ရုတ်တရက်ကြီး ဝင်လာတာလေ။ ကောင်းသွားတဲ့အချက်က ဒရိုင်ဘာက အချိန်မီ ထိန်းလိုက်နိုင်တာပဲ။ မဟုတ်လို့ကတော့ သူ တကယ်ပဲ သူ့ရဲ့ဒီသေးနုပ်တဲ့ ဘဝလေးကို ဆုံးရှုံးသွားတော့မှာ”
တုလင်းက ရှင်းပြလိုက်၏။
သူသည် လီရှောက်ယွင်၏ ကိစ္စများအကြောင်းကို သေချာ သတင်းမရခဲ့သော်လည်း လီရှောက်ယွင် ကားအက်ဆီးဒင့်ဖြစ်ပြီးနောက် ထိုအမျိုးသား၏ မျက်လုံးများထဲရှိ လူသတ်ချင်စိတ်က ပြင်းထန်လွန်းလှပြီး လူတစ်ယောက်ကိုပင် သတ်ပစ်နိုင်သည်အထိဖြစ်နေလေသည်။ ၎င်းက တုလင်းအား အကြွင်းမဲ့ ကြောက်ရွံ့စေသောကြောင့် သူသည် စုံစမ်းစစ်ဆေးမှုများကို စတင်ခဲ့သည်။ ကုန်ကားမောင်းသမားက သူ၏ ဘရိတ်ခ်များ ရုတ်တရက် အလုပ်မလုပ်တော့သောကြောင့်ဟူ၍သာ ပြောခဲ့၍ စွပ်စွဲစရာ လုံးဝ မတွေ့နိုင်ခဲ့ပေ။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက တုလင်းသည် လီရှောက်ယွင်နှင့် လုပ်ကိုင်ဖော်ဖက်များ ဖြစ်လာခဲ့ပြီး သူသည် မေးသင့်သောကိစ္စများနှင့် မမေးသင့်သောကိစ္စများအား အမြဲခွဲခြား၍ သိသူဖြစ်၏။ ထို့ကြောင့်ပင် ဤသည်က လီရှောက်ယွင် လူတစ်ယောက်ကို အပြစ်ပြုခဲ့သောကြောင့်လား သို့မဟုတ် အမှန်တကယ် မတော်တဆမှုကြောင့်လား ဆိုသည်ကို သူလည်း မသိပေ။
တုလင်း၏ ရှင်းပြချက်ကြောင့် ကျင်းယွင်ကျောင်းသည် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရ၏။
ဤကဲ့သို့ဆိုပါက ယာဥ်မတော်တဆမှုနှင့် သူမကြားတွင် ဆက်နွယ်နေသည့်အချက် တစ်ချက်မှပင် မရှိချေ။ သူသည် သူနှင့် ရင်းနှီးသည်ဟူ၍ပင် မယူဆနိုင်သောသူတစ်ယောက်ဖြစ်သည့် သူမအား သတင်းပေးရန် ရွေးခြယ်ခဲ့သည်။ ဒါက ဘာလဲ။
တုလင်းသည် အတွေ့အကြုံရှိသော လူတစ်ယောက် ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူသည် ကျင်းယွင်ကျောင်း မကျေမနပ်ဖြစ်နေသည်ကို ချက်ချင်းပြောနိုင်သောကြောင့် သူက ချက်ချင်းပင် လေသံပျော့ပျော့နှင့် ဆက်ပြောလိုက်၏။
“ယွင်ကျောင်း၊ ဒါကို ခဏလောက်တော့ သည်းခံပေးပါဦး။ တကယ်တော့ လီရှောက်က အတော်လေး သနားစရာကောင်းတယ်။သူ့မှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ ကိုယ်ကလွဲရင် သူက မင်းနဲ့ပဲရင်းနှီးတယ်လို့ တွေးမိတယ်။ ဒါ့အပြင် မင်းကလည်း သမားတော်တစ်ယောက်ဆိုတော့ သူ့ကို တစ်ချက်လောက် ခပ်မြန်မြန်လေးကြည့်ပေးဖို့ မင်း ကူညီနိုင်မလားဟင်။ အနာဂတ်မှာ သူ့ရဲ့ဦးနှောက်က တစ်ခုခုမှားသွားရင်ရော”
ကျင်းယွင်ကျောင်းက သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်ပြီး ပွစိပွစိရေရွတ်လိုက်သည်။
“သူက အရှုံးသမားလို လူလား”
သို့သော် ထိုအကြောင်းကို တွေးနေပြီးနောက် ဤကဲ့သို့ လူရှုပ် လူပွေ မျက်နှာနှင့် လူတစ်ယောက်သည် ဘယ်နေရာသို့သွားသည်ဖြစ်စေ ပျားရိုင်းအုပ်နှင့် ထိန်းမနိုင်သိမ်းမရသော လိပ်ပြာများကို နှိုးဆွနိုင်မည်မှာ အသေအချာပင်။ ယောက်ျားများက သိက္ခာမရှိပါက မိန်းမများကြားတွင် မနာလိုမှုများ ရှိလာလိမ့်မည်။ လီရှောက်ယွင်ကဲ့သို့ ငယ်ရွယ်၍ ချောမောရုံသာမက ငွေကြေးလည်း ချမ်းသာသော လူတစ်ယောက်နှင့် မည်သည့်ယောက်ျားက မိတ်ဆွေဖြစ်ရန် ဆန္ဒရှိမည်နည်း။ သူတို့၏ အကာအကွယ်များက အာမခံချက်မရှိရုံသာမက သူတို့သည် ဦးထုပ်စိမ်းပါ ဆောင်းပေးခံရနိုင်သည်။
(T/N : ဦးထုပ်စိမ်းဆောင်းခံရတယ်ဆိုတာ ဗန်းစကားပါ။ သစ္စာဖောက်ခံရတယ်၊ ဖောက်ပြန်ခံရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။)
ယခင် အတန်းများ မခွဲခင်က လီရှောက်ယွင်အား မြင်ဖူးလိုက်ကြသော အတန်းဖော်များသည် သူ၏ အကြောင်းကိုသာ တောက်လျှောက် စဥ်းစားနေကြ၏။ တစ်ယောက်ကမူ ထျန်းရှန်းလော်၏ ဝင်ပေါက်သို့ တိတ်တဆိတ်သွား၍ တွေ့ခွင့်တောင်းခဲ့သည်ဟူ၍ပင် ပြောကြသည်။
ကျင်းယွင်ကျောင်း၏ အသံက တိုးသော်လည်း လီရှောက်ယွင်သည် အားလုံးကို ကြားလိုက်ရသေး၏။
သူ၏ အမူအယာမှာ အတော်လေး မှုန်မှိုင်းသွာသည်။
“သူ့ကို အရှုံးသမားတစ်ယောက်လို့ သိနေသရွေ့တော့ အဆင်ပြေပါတယ််။ အပေါ်ယံကိုပဲ မကြည့်နဲ့၊ အဲလိုဆိုရင် သူက အတိုင်းအဆမရှိ ကံကောင်းနေတယ်လို့ပဲ မြင်ရမှာ။ တကယ်တော့၊ နေ့တိုင်းနေ့တိုင်း သူက အရမ်းကို ပျင်းရိပြီးတော့ အထီးကျန်နေတာ။ အဲလိုသာ မဟုတ်ရင် သူက သူ့ရဲ့ဒရိုင်ဘာကို သူ လမ်းလျှောက်နေရသလိုမျိုး ကားပတ်မောင်းခိုင်းပြီး အချိန်ဖြုန်းနေမှာ မဟုတ်ဘူးရယ်။ အခုတော့ သူ ဆေးရုံမှာတောင် နေ,နေရပြီ။ ကိုယ်ကလည်း ယွီထျန်းရှန်းနဲ့ အလုပ်ရှုပ်နေသေးတော့ ဒီမှာ သူ့ကို အချိန်ပြည့် အဖော်ပြုမပေးနိုင်ဘူးလေ။ တော်ကြာ သူ ရူးသွားရင်ရော”
တုလင်းက အကူအညီတောင်းနေသည့် သဘောပင်။
သူ၏ စကားဆုံးသည်နှင့် သူသည် သူ့ကိုယ်သူပင် လေးစားသွားမိ၏။ သူ၏ ပေါက်ကရပြောတတ်သော စွမ်းရည်က ကောင်းသထက် ကောင်းလာလေပြီ။
သို့သော် မမှားသည့် စကားတစ်ခွန်းလည်း ပါ၏။ ယွီထျန်းရှန်းသည် အမှန်တကယ်ပင် အလုပ်ရှုပ်နေသည်။ စီးပွားရေးက တစ်နေ့ထက်တစ်နေ့ ပို၍ကောင်းလာ၍ဖြစ်၏။ ဘော့စ်အနေနှင့် သူသည် လျှို့ဝှက်ချက်ပြုတ်နည်းများကို ကိုင်တွယ်ထားပြီး သူ၏ လက်အောက်၌ စားဖိုမှူးများစွာရှိသော်လည်း ရံဖန်ရံခါ၌ အထူးဧည့်သည်တော် အနည်းငယ် ရှိတတ်သည်။ ဤလူများအား အစားအသောက်များကို သူကိုယ်တိုင် တည်ခင်းဧည့်ခံပေးရန် လိုအပ်လေသည်ဖြစ်ချေ၏။
Chapter 146 : တစ်ကိုယ်တည်း နေသားကျခြင်း
အမှန်တကယ်ပင် လီရှောက်ယွင်၌ ဟွားနင်ခရိုင်အတွင် သိကျွမ်းသောသူများရှိသော်လည်း တုလင်းကလွဲလျှင် ကျန်သူများမှာ ဤဒေသမှ ကုန်သည်များဖြစ်ကြ၍ လီမိသားစု၏ ပေါင်ကို ဖက်ချင်စိတ်တစ်ခုတည်းသာ ရှိကြသူများ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက လီရှောက်ယွင် ဟွားနင်ခရိုင်သို့ တစ်ကိုယ်တည်း လာခဲ့ရစဥ် သူသည် ထိုလူများ၏ လောဘတရားများကို တွေ့ကြုံခံစားခဲ့ရပြီးဖြစ်၏။ ထိုအချိန်မှစ၍ လီရှောက်ယွင်သည် တတ်နိုင်သမျှ သိုသိုသိပ်သိပ်သာ နေခဲ့သည်။
ဤသည်က အပေါ်ယံတွင် လီရှောက်ယွင်၏ လက်ရှိ လူမှုဆက်ဆံရေးကင်းမဲ့မှုကို ဦးတည်စေခဲ့၏။
ထို့ကြောင့် တုလင်းက လီရှောက်ယွင်အား သနားစရာကောင်းသော လူတစ်ယောက်အဖြစ် သရုပ်ဖော်ပြောဆိုနေစဥ် သူသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းကြားသော်လည်း သူ၏ အမူအရာနှင့် လှုပ်ရှာမှုများက ပြောင်းလဲခြင်း မရှိပေ။
ကျင်းယွင်ကျောင်းက သူ့အား တစ်ချက်ကြည့်လိုက်၍ သူမ၏ မျက်လုံးများ၌ မကျေနပ်မှုများ ဖြတ်ပြေးသွားသည်။ သူကဲ့သို့ လူရည်လည်သောသူတစ်ယောက်က မွန်းကြပ်၍ ပျင်းရိသောကြောင့် ရူးသွားနိုင်လို့လား။
သူမသည် ကလေးတစ်ယောက် မဟုတ်တော့ရာ တုလင်း၏ စကားများမှာ သုံးပိုင်းက အမှန်ဖြစ်၍ ခုနစ်ပိုင်းက မုသားဖြစ်ကြောင်း သိနိုင်၏။ သို့ရာတွင် အေးစက်၍ ဟာလာဟင်းလင်းဖြစ်နေသော အခန်းကို ကြည့်လိုက်ရာ လက်ရှိအချိန်တွင် ဤနေရာသို့ တုလင်းမှလွဲ၍ မည်သူမှ မလာရသေးကြောင်း သူမ အတည်ပြုလိုက်နိုင်သည်။
“ဒါကို ကျွန်မတို့ ဘယ်လိုလုပ်မှာလဲ။ ဒီအချိန်လောက် အတောအတွင်းမှာတော့ ကျွန်မ နေ့ခင်းဘက်ကို လာခဲ့မယ်။ ကျန်တဲ့အချိန်တွေက ကျွန်မ အတန်းတက်ဖို့ ရှိသေးတယ်”
ကျင်းယွင်ကျောင်းက ခဏမျှ စဥ်းစားဆုံးဖြတ်ပြီးနောက် အကြံပြုလိုက်၏။
“ဒါဆို ကောင်းလိုက်တာ”
တုလင်းက ချက်ချင်းပင် ဝမ်းသာရွှင်မြူးသွားသည်။ နေ့လည်ခင်းပိုင်းပဲ ဖြစ်လျှင်တောင်မှ ၎င်းက အတော်လေး လုံလောက်နေပြီဖြစ်၏။ လီရှောက်ယွင်အား ပြုစုရသည်က မည်မျှခက်ခဲကြောင်းကို ကောင်းကင်ဘုံသာ သိလိမ့်မည်။ ခဏလောက် ပုန်းနေရသည်ကလည်း ခဏအလျှောက် သက်သာသည်ပင်။
“မင်းက အရမ်းပျော်နေတာလား”
လီရှောက်ယွင်က အနောက်မှ အေးစက်စက် နှာမှုတ်လိုက်သည်။
တုလင်းသည် ချက်ချင်းပင် ကြက်သီးမွေးညင်းများ ထလာပြီး သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခုကို အလျင်အမြန် ဖန်တီးလိုက်၏။
“ငါက မင်းရဲ့အကျိုးအတွက် မပျော်ရဘူးလား။ နောက်တစ်ကြိမ်ကျ နေ့လည်ခင်းပိုင်းတွေမှာ ငါမရှိရင်တောင် မင်းမှာ စကားပြောဖော်လေးတော့ ရှိနေသေးတယ်လေ”
လီရှောက်ယွင်က သူ့အား တစ်ချက်ကြည့်လိုက်၍ လီရှောက်ယွင်၏ တည်ငြိမ်သောအကြည့်များက သူ၏ နှလုံးသား ခပ်နက်နက်နေရာသို့ပင် တိုက်ရိုက်ရောက်ရှိသွားသည်။ သို့ရာတွင် တုလင်းက သူ့ကို မကြောက်ပေ၊ ထိုအစား သူက စတင်ရယ်မောလိုက်တော့၏။
လီရှောက်ယွင် ဟွားနင်ခရိုင်သို့ ပထမဆုံးအကြိမ်လာခဲ့စဥ်က သူသည် ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ ထိုအချိန်က သက်ဝင်လှုပ်ရှားမှု၏ ရိုက်ခတ်မှုမှာ ကြီးမားလှ၏။ အချို့က သူ၏ မျက်နှာပေးမှုကို ရရှိရန် စားသောက်ပွဲများပင် ကျင်းပကြသည်။ ထိုစားသောက်ပွဲကျင်းပရာတွင် မိသားစုတစ်ခုချင်းစီမှ သူနှင့် သက်တူရွယ်တူ အခြားကလေးများလည်း ပါဝင်ကြသည်။ သို့သော် ထိုအချိန်က လီရှောက်ယွင်က ယခုအချိန်မှ လီရှောက်ယွင်နှင့် မတူပေ။
ထိုအချိန်က တုလင်းသည် ချောမော၍ ကျက်သရေရှိသော်လည်း သူ၏ ပုံစံမှာမူ အနည်းငယ် မှုန်ကုပ်ကုပ်ဖြစ်၍ အခြားလူများအား အဝေးသို့ တွန်းဖယ်နေသည့်အလားပင်။ ထိုအချိန်က သူ၏ ဖခင်ဖြစ်သူမှာ ထိုစားသောက်ဆိုင်၏ စားဖိုမှုးများထဲမှ တစ်ယောက်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည်လည်း ထိုနေရာ၌ ရှိနေခဲ့၍ လီရှောက်ယွင်က အခြားသူများ ဒုက္ခရောက်နေသည်ကို စောင့်ကြည့်နေသည့် မြင်ကွင်းအား မြင်သွားခဲ့၏။ ယခုအချိန်ထိတိုင်အောင် သူသည် ထိုအကြည့်အား မမေ့နိုင်သေးပေ။
ထို့နောက် တိုက်ဆိုင်မှုရှိသော အခြေအနေများအောက်တွင် သူသည် လီရှောက်ယွင်နှင့် စကားအနည်းငယ် ပြောဖြစ်ခဲ့၍ လီရှောက်ယွင်အား သူ၏ ဖခင်ဖြစ်သူ၏ တော်ဝင်ချက်ပြုတ်နည်းများထဲမှ တစ်ခုအား မြည်းစမ်းကြည့်ရန် ခေါ်လာခဲ့သည်။ ၎င်းမှာ သူ့အား ပေးသည့် နောက်ဆုံးထင်မြင်ချက် ဖြစ်ကောင်းဖြစ်နိုင်ခဲ့သော်လည်း လီရှောက်ယွင်က ဒုတိယတစ်ခေါက် ပြန်လာသောအခါ သူသည် တုလင်းနှင့်သာ စာချုပ်ချုပ်ခဲ့၍ သူတို့၏ ဆက်ဆံရေးမှာလည်း တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာခဲ့၏။
လီရှောက်ယွင်အပေါ် သူတို့၏ နားလည်မှု အတိမ်အနက်ကို နှိုင်းယှဥ်ကြည့်ပါက တုလင်း၌ ကိုယ့်ကိုကိုယ် ယုံကြည်မှုအချို့ရှိနေသေးသည်။
ဤလူသည် လူရှုပ်လူပွေတစ်ယောက်နှင့် တူကောင်းတူနိုင်သော်လည်း တကယ်တမ်း သူ၏ အတွင်းစိတ်မှာမူ ယခင်နှစ်များတုန်းကနှင့် များစွာကွာခြားမှု မရှိနိုင်ပေ။ အပြစ်ပြုမိ၍ မရ။ သူစိမ်းများအပေါ် သူ၏ အမူအယာမှာ အပြုံးတစ်ခု ဖြစ်နိုင်သော်လည်း သူ၏ နှလုံးသားကမူ ပုံမှန်အတိုင်း အေးစက်နေမည်မှာ အသေအချာပင်။
ယခုအချိန်ကဲ့သို့ပင် သူ၏စကားများက ရိုင်းစိုင်းနေသော်လည်း သူက တုလင်းအား ချီးမွမ်းနေခြင်းပင် ဖြစ်နိုင်၏။
အမှန်ပင်၊ ဤသို့ဖြစ်သောကြောင့် တုလင်းက ကျင်းယွင်ကျောင်းအား အထူးအလေးပေး၍ ဆက်ဆံနေခြင်းဖြစ်သည်။ စင်စစ် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ကျင်းယွင်ကျောင်း တစ်ဦးတည်းကသာလျှင် လီရှောက်ယွင်အား သူမကြောင့် ဒုက္ခများအောင် ဖန်တီးပေးနိုင်သူဖြစ်၏။ အကယ်၍ သူမသာ အသက်ဆယ့်ငါးနှစ်အရွယ် မဟုတ်ပါက ဤလူ လီရှောက်သည် အခြားမိသားစု၏ သမီးပျိုလေးအား ပိုးပန်းနေသည်ဟု သူ ယုံကြည်မိမည်မှာ အသေအချာပင်။
တုလင်း၏ စားသောက်ဆိုင်မှာ အလုပ်ရှုပ်လှသည်။ ထို့ကြောင့် သူသည် ကျင်းယွင်ကျောင်းက လက်ခံလိုက်သည်နှင့် သမားရိုးကျပင် နှုတ်ဆက်စကားအချို့ဆိုပြီးနောက် ယွီထျန်းရှန်းသို့ အပြေးအလွှားပြန်သွားတော့၏။
ဆေးရုံလူနာခန်းထဲတွင် ကျင်းယွင်ကျောင်းနှင့် လီရှောက်ယွင်က အကြည့်ချင်းပြိုင်နေလေရာ ပတ်ဝန်းကျင်လေထုက ပို၍ ပို၍ ကိုးရိုးကားယား ဖြစ်လာသည်။
ထို့နောက် ကျင်းယွင်ကျောင်းက ဆေးရုံလူနာခန်း၏ အတွင်းပိုင်းအပြင်အဆင်ကို လေ့လာကြည့်လိုက်၏။ သီးသန့်လူနာခန်းတစ်ခန်း ဖြစ်ပြီး ရေချိုးခန်းနှင့် မီးဖိုခန်းပင် တွဲလျက်ပါရှိသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီး ဟိုနားဒီနားတွင်လည်း အပင်များဖြင့် အလှဆင်ထားသည်။ ဤလူနာခန်းသည် ဆေးရုံ၏ ပထမတန်းစားအခန်းဖြစ်မည်မှာ အသေအချာပင်။
“မင်း ဘာမှပြောချင်တာ မရှိဘူးလား”
လီရှောက်ယွင်က ရုတ်တရက် စကားထပြောလိုက်ပြီး သူ၏ပုံစံမှာ သူ အိပ်နေတုန်းကနှင့်မတူပေ။
Chapter 147 : အတိတ်က စိတ်ဒဏ်ရာ
နွမ်းလျနေသောအသံက ဆွဲဆောင်မှုရှိသည့် ကြမ်းရှရှ အရိပ်အယောင်ကို သယ်ဆောင်ထားပြီး မျက်နှာ၌လည်း မာနများပါဝင်နေသည့် အလွန်အမင်း ခံ့ညားချောမောမှုက ရှိနေကာ မျက်ခုံးများကိုလည်း ပင့်ထားသည်။ အားလုံးကို အတူတကွပေါင်းစပ်လိုက်သောအခါ စကားဖြင့်ပင် မဖော်ပြနိုင်သော ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းနေ၏။
ဘဝသက်တမ်းနှစ်ခုစာ နေထိုင်ခဲ့သော်လည်း ကျင်းယွင်ကျောင်းသည် ယခင်က လီရှောက်ယွင်ကဲ့သို့သောလူကို တခါမှ မမြင်ဖူးခဲ့ပေ။ သူ၏ စတိုင်၊အသံနှင့် သူ၏ ခန္ဓာကိုယ်အပါအဝင် အစိတ်အပိုင်းများအားလုံးက ထက်မြက်သော ကြန်အင်လက္ခဏာများ ရှိနေသူဖြစ်သည်။ အမှန်ပင်၊ ယခင်ဘဝက သူမ,သိသော လူ့အသိုက်အဝန်းမှာ သေးငယ်လှ၏။ ကျောင်းမှလွဲလျှင် လူအများကြီးကို သူမ တွေ့မြင်နိုင်သည့် တစ်ခုတည်းသောနေရာမှာ ထောင်ပင်ဖြစ်၏။
လီရှောက်ယွင်သည် သူ၏ လက်ရှိအခြေအနေအရ မထနိုင်သဖြင့် ကျင်းယွင်ကျောင်းကသာ ထိုင်လိုက်ပြီး ပန်းသီးတစ်လုံးကို ဆွဲယူလိုက်သည်။
“စားချင်လား”
“မင်း တကယ် ဘာပြောစရာမှ မရှိဘူးလား”
လီရှောက်ယွင်က ထပ်မံ၍ မေးလိုက်၏။
“ဒါဆို ကျွန်မဘာသာ ကျွန်မပဲ စားလိုက်တော့မယ်”
ကျင်းယွင်ကျောင်းက သူပြောသည်အား မကြားသလိုပင် ပြုမူလိုက်သည်။
လီရှောက်ယွင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး ဤမိန်းကလေးငယ်လေးအား စောင့်ကြည့်နေလိုက်၏။ သူက ကျင်းယွင်ကျောင်းသည် တကယ်တမ်း၌ ငယ်ရွယ်သေးသည်ဟူ၍ တွေးနေမိသည်။ ထို့ကြောင့် အရွယ်ရောက်သူတစ်ယောက် အနေနှင့် သူက သူမကို စဥ်းစားဆင်ခြင်မှုအချို့အား အနည်းနှင့်အများဆိုသလို ပေးသင့်၍ ခြေလှမ်းအနည်းငယ်လောက်လည်း အလျှော့ပေးသင့်၏။ ထိုကဲ့သို့သာ စဥ်းစားလိုက်၍ သူက အပြုံးမမည်သော အပြုံးတစ်ခုအား ဖျစ်ညှစ်၍ ပြုံးလိုက်သည်။
“ကိုယ် ဖြစ်ခဲ့တဲ့ ဒီကားအက်စီးဒင့်အကြောင်းကို ပြောရရင် တကယ်တော့ အဲဒါက မင်းနဲ့လည်း ဆက်စပ်မှုအချို့ရှိနေတယ်”
ကျင်းယွင်ကျောင်း၏ လှုပ်ရှားမှုများက တုံ့ခနဲဖြစ်သွား၏။
“ကုန်ကားမောင်းတဲ့သူက ကျွန်မမှ မဟုတ်တာ”
“ကိုယ်သိပါတယ်”
လီရှောက်ယွင်က ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် ကိုယ် မင်းဆီက အကန်ခံရပြီးကတည်းက ကိုယ်ရဲ့စိတ်ကျန်းမာရေးအခြေအနေက သိပ်မကောင်းတော့ဘူး။ ဒါကြောင့် ဟိုနားဒီနားလေးသွားဖို့အတွက်ကို ကားမောင်းဖို့ ဒရိုင်ဘာခေါ်ရတာ။ မင်းက အရွယ်မရောက်သေးဘူးဆိုပေမယ့် သမားတော်တစ်ယောက် ဖြစ်နေတုန်းပဲ။ ယောက်ျားတစ်ယောက်က အရေးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့အရာကိုတော့ သိသင့်ပါတယ်”
“အဲဒါက ကိုယ့်ရင်ထဲမှာ အတားအဆီးတစ်ခုလို ဖြစ်နေတာ၊ အဆုံးမှာတော့ ကိုယ် ကားအက်ဆီးဒင့်တောင် ဖြစ်သွားတော့တာပဲ။ ကိုယ့်ရဲ့မိသားစုက နောက်ထပ်ဆက်ခံသူတွေ ထပ်မရှိနိုင်တော့ဘူးလို့ ကိုယ် ထင်နေမိတာလေ”
လီရှောက်ယွင်သည် တစ်ချိန်တည်း၌ နတ်ဆိုးရော၊ နတ်ကောင်းပါ အလုပ်လုပ်နေသကဲ့သို့ ခံစားနေရသည်။ သူ ပါးစပ်ဖွင့်လိုက်သည်နှင့် ထိုကဲ့သို့သော ကိစ္စများကို အဘယ်ကြောင့် စပြောမိမှန်း သူပင် မသိတော့ချေ။
သို့သော် သူသည် သူ၏ အလိုလိုသိစိတ်ကို အမြဲတမ်းယုံကြည်သည်။ သူမအပေါ်တွင် သူ့အနေဖြင့် သိချင်စိတ်အချိူ့၊ စိတ်ဝင်စားမှုအချို့ ရှိနေပြီး သူမကို မြင်သည့်အခါတိုင်း သူ၏ စိတ်ခံစားချက်က အမြဲတစေ ဆိုးဝါးလွန်းမနေပေ။ ထို့ကြောင့် သူသည် သူ၏ အဆင့်အတန်းကို ဘေးဖယ်ထားရန် အလွန် ဆန္ဒရှိနေပြီး သူမနှင့် ပို၍ အချိန်ဖြုန်းရန် ကြိုးစားခြင်းဖြင့် သူတို့သည် အချင်းချင်း ပို၍ ရင်းနှီးလာလိမ့်မည်ဖြစ်သည်။
သူမသည် ရိုးစင်းသော်လည်း ခေါင်းမာ၏။ ကျင်းယွင်ကျောင်းသည် နောက်ထပ် တုလင်း ဖြစ်လာရန် အကြွင်းမဲ့ ဖြစ်နိုင်ချေရှိပြီး ဟွားနင်ခရိုင်ရှိ သူ၏ သူငယ်ချင်း အနည်းစုထဲမှ နောက်ထပ်တစ်ယောက် ဖြစ်လာလိမ့်မည်။
ထိုသို့ဆိုရာ၌ အခက်အခဲအချို့လည်း ရှိနေပုံပေါ်သည်။ သူမ၏ ငယ်ရွယ်သော အသက်အရွယ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။
မည်သို့ပင်ဆိုစေကာမူ ကားအက်စီးဒင့်ဖြစ်သည့်အချိန်က သူနှင့် မရင်းနှီးသည့် တမူထူးခြားသော အကြောင်းရင်းအချို့ကြောင့် သူအကြိမ်အနည််းငယ်သာ တွေ့ဖူးသော မိန်းကလေးနှင့်ပတ်သတ်သည့်အတွေးများသာ သူ၏ စိတ်ထဲတွင် စဥ်ဆက်မပြတ် ပြည့်နှက်နေခဲ့သည်။ ထိုသည်က သူသည် သူမအား သူ၏ လူတစ်ယောက်အဖြစ်မှတ်ယူထားသည်ဟု ဆိုလိုသည်မှာ အသေအချာပင်။ သူမသည် သူ၏ လူတစ်ယောက်ဖြစ်လာမည်၊ ရန်များဖြစ်ကြမည်၊ သူမအား လက်တွဲခေါ်ဆောင်လာမည်၊ သူတို့၏ ခံစားချက်များ တိုးတက်လာမည်။ ထိုအရာများအားလုံးသည် သဘာဝအလျောက် ဖြစ်လာလိမ့်မည်ပင်။
သနားစရာကောင်းသည့် အချက်မှာ သူမသည် ငယ်လွန်းနေခြင်းဖြစ်သည်။ ထိုကိစ္စများကိုသာ ထုတ်ပြောမိလိုက်ပါက အမှန်တကယ်ပင် သူအား ရာဇဝတ်မှုတစ်ခု ကျူးလွန်နေသကဲ့သို့ ခံစားရစေလိမ့်မည်။
ကျင်းယွင်ကျောင်းသည် တစ်ဖန်ပြန်၍ သူ့အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။ သူမသည် လီရှောက်ယွင်၏ စကားများကို လုံးဝ အယုံအကြည်မရှိပေ။
“လီရှောက်၊ ကျွန်မ ဘာလို့ ဒီလိုလုပ်ခဲ့တာလဲဆိုတဲ့ အကြောင်းအရင်းကို ရှင်သိထားသင့်တယ်။ ကျွန်မက အပြင်လူတွေ ကျွန်မနားကို တအားကပ်လာတာမျိုးကို သဘောမကျဘူး။ ရှင် ကျွန်မကို ထိခဲ့တာကြောင့်သာ မဟုတ်ရင် ကျွန်မလည်း ဒီလောက် မြန်မြန် မလုပ်လိုက်မိလောက်ဘူးလို့ ထင်တာပဲ”
သူမက စကားကို ကပ်တီးကပ်ဖဲ့ပြောလိုက်သည်။
၎င်းက မြန်လွန်းလှသည်မှာတော့ အသေအချာပင်။ ထိုနေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်တွေးပါက လီရှောက်ယွင်သည်ပင် အနည်းငယ် ထိတ်လန့်နေဆဲပင်။
ကံကောင်း၍ သူသည် ငယ်စဥ်က ကိုယ်ခံပညာရပ်ကို လေ့ကျင့်ဖူးသောကြောင့် သူ၏ တုံ့ပြန်ချက်များက သာမန်လူများထက် ပို၍ ကောင်းနေသည်။ ထိုသို့မဟုတ်ပါက သူသည် သုံးစားမရဖြစ်သွားလောက်ပြီမှာ အသေအချာပင်။
“ဒါတောင် ကိုယ်က ယဥ်ကျေးပါတယ်ကွာ”
လီရှောက်ယွင်၏ မျက်လုံးများက မှုန်မှိုင်းနေသည်။ နှစ်စက္ကန့်မျှကြာပြီးနောက် သူက ထပ်ပြောလာ၏။
“အဲဒီအကြောင်းကို ပြောရရင် မင်း ကိုယ့်ကို ဖြေရှင်းချက်တစ်ခု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ မင်း ဘာလို့ အန်နေတာလဲ”
နှစ်ပေါင်းနှစ်ဆယ်ကျော် နေထိုင်ခဲ့၍ နှစ်ပေါင်းနှစ်ဆယ်ကျော် မြှောက်ပင့်ချီးမွမ်းခံရသော်လည်း ကျင်းယွင်ကျောင်း ချက်ချင်း ပြေးအန်လိုက်ခြင်းက သူ၏ ကိုယ့်ကိုကိုယ် ယုံကြည်မှု အနည်းငယ်အား သိသိသာသာ ပျောက်ဆုံးသွားစေသည်။
သူသည် ထိုမြင်ကွင်းကို ပြတ်ပြတ်သားသား သတိရနေဆဲပင်။ ကျင်းယွင်ကျောင်းက ဟန်ဆောင်နေခြင်း မဟုတ်ဘဲ သူ့အား အမှန်တကယ် ရွံရှာသွားကြောင်း သူ သေချာပေါက် ပြောနိုင်၏။ ထို့နောက် သူသည် ပြန်သွားခဲ့၍ တုလင်းအား သူ့ကို အနည်းငယ် အနံ့ခံကြည့်စေခဲ့ပြီးနောက် ထူးဆန်းသော အနံ့အသက်များ မရှိကြောင်း သိလိုက်သည်။ သို့သော်လည်း ဤဖြစ်ရပ်က အနည်းငယ် စိတ်ဒဏ်ရာဖြစ်သွားစေ၍ သူအား ရေချိုးကန်ထဲ၌ နှစ်နာရီခန့်ကြာအောင် စိမ်နေသည်အထိ ဖြစ်သွားစေ၏။
“အဲဒီအချိန်တုန်းက ကျွန်မ မကောင်းတဲ့ အမှတ်တရတချို့ကို တွေးမိသွားရုံပါပဲ။ ကျွန်မရဲ့တုံ့ပြန်မှုကလည်း နည်းနည်း ပြင်းထန်လွန်းသွားတယ်၊ အဲဒီအတွက် ကျွန်မ တောင်းပန်ပါတယ်”
ကျင်းယွင်ကျောင်းက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
တစ်ချက်ကြည့်ရုံနှင့်ပင် သူသည် အတ္တပေမဝါဒသမား စစ်စစ်တစ်ဦး ဖြစ်ကြောင်း ပြောနိုင်၏။ သူမ၏ တုံ့ပြန်မှုက သူ့အား အတော်လေး သက်ရောက်မှုရှိသွားလိမ့်မည်ပင်။
သို့သော် သူမက ဤလူသည်လည်း သူ့ဒုက္ခသူ ရှာနေခြင်း ဖြစ်ကြောင်း မတွေးမိဘဲ မနေနိုင်ပေ။
Chapter 148 : အံ့ချီးဖွယ်သမားတော်၏ အစမ်းသပ်ခံ
လီရှောက်ယွင်၏ မျက်ဆန်များတွင် အလင်းတစ်ချက် ဖျပ်ခနဲ ထင်ဟပ်သွား၏။ သူ၏ နှလုံးသားထဲ၌ အမှန်တကယ်ပင် သံသယအချို့ ရှိနေသည်။
သူသည် ကျင်းယွင်ကျောင်းအား ပထမဆုံးအကြိမ် မြင်ခဲ့စဥ်က သူတို့သည် အနာဂတ်၌ ထပ်မံဆုံတွေ့လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ သူက သူမသည် သူမနှင့်ရွယ်တူ အခြားမိန်းကလေးများနှင့် ကွာခြားသည်ဟု တွေးမိရုံသာဖြစ်၏။ ထို့ကြောင့် သူသည် အနည်းငယ် ပို၍ ယဥ်ယဥ်ကျေးကျေး ဆက်ဆံပြီး အနည်းငယ် ပို၍ စိတ်ဝင်စားမိခဲ့သည်။ သို့သော် နောက်ပိုင်း သူတို့သည် အဖိုးရှု၏ အိမ်၌ ပြန်တွေ့ခဲ့သည်။ သူမသည် ငယ်ရွယ်ပုံပေါက်သော်လည်း အဖိုးရှုနှင့် စကားစမြည်ပြောသည့်အခါတွင် အလွန်တည်ငြိမ်အေးဆေးလှကြောင်း သူသိလာခဲ့၏။ သူမ၏ စကားပြောသော အမူအရာသည် အရွယ်ရောက်သူတစ်ယောက်နှင့် ပိုတူ၍ သူမ၏ စိတ်ကလည်း အလေးအနက်ထားတတ်သည်။
ထို့ကြောင့် သူသည် သူနှင့် သက်ဆိုင်မှုလုံးဝမရှိသည့် ထိုမိန်းကလေး၏ အကြောင်းကို စုံစမ်းရန် လူတစ်ယောက်အား ညွှန်ကြားခဲ့သည်။ စုစည်းထားသော ရလဒ်များအားလုံးက အလွန်ပင် ရိုးရှင်းသော်လည်း ၎င်းက အံ့သြစရာလည်း ကောင်း၏။
သူမ၏ မွေးစားမိဘများက ကျွေးမွေးပျိုးထောင်ခဲ့သော်လည်း အမှန်တရားကို ဖုံးကွယ်ထားခဲ့ပြီး သူမ၏ မွေးစားအမေက ကွယ်လွန်သွားခဲ့သည်။ မွေးစားအဖေဖြစ်သူအား မြို့သေးသေး၌ အောင်မြင်သောလူတစ်ယောက်ဟု မြင်နိုင်သော်လည်း တကယ်တမ်း သူ၏ စရိုက်မှာ လောဘကြီး၍ စီးပိုး၏။ သူမ၌ အမြွှာမောင်နှမတစ်စုံရှိသော်လည်း သူတို့နှင့် ရင်းနှီးပုံ မပေါ်ပေ။ သိပ်မကြာသေးမီက ကျင်းယွင်ကျောင်းသည် ထိုမိသားစုနှင့် အချင်းချင်း ပတ်သတ်ဆက်နွယ်မှုများအားလုံးကို ဖြတ်တောက်ပစ်ခဲ့သည်။
အသက်ငယ်ငယ်လေး၌ သူမသည် အပြင်လူများစွာနှင့် ထိတွေ့ဆက်ဆံဖူးသည်မှာ မဖြစ်နိုင်ပေ။ သို့သော် သူမက သူမ၏ အော့အန်ခြင်းမှာ မကောင်းသော အမှတ်တရအချို့ကြောင့်ဟု ပြောခဲ့၍ ဤအမှတ်တရ၏ မူလရင်းမြစ်ကို ခန့်မှန်းရန်မှာ လွယ်ကူလှသည်။
ပထမဆုံးနှင့် အရေးအကြီးဆုံးမှာ တစ်ဖက်လူသည် ယောက်ျားတစ်ယောက် ဖြစ်သင့်သည်။
ကျင်းယွင်ကျောင်းအပေါ်၌ နက်နက်ရှိုင်းရှိုင်း ထင်မြင်ချက်တစ်ခုကို ချန်ထားခဲ့နိုင်သည့် ယောက်ျားတစ်ယောက်။
ထိုလူက သူမ၏ မွေးစားဖခင်ဖြစ်နိုင်သည်မှာ သေချာသလောက်ပင် မဟုတ်လား။
လီရှောက်ယွင်၏ နှလုံးသားသည် အကြောင်းပြချက်အချို့ကြောင့် ထူးထူးဆန်းဆန်း ဒေါသထွက်သွားသော်လည်း သူသည် ကျင်းယွင်ကျောင်း၏ ရှေ့၌ ရှိနေသည်ဖြစ်ရာ သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။ သူ၏ မျက်လုံးများက မှုန်မှိုင်းနေသော်လည်း သူ၏ နှုတ်ခမ်းများက မထီမဲ့မြင် အပြုံးတစ်ခုကို ပြုံးလိုက်၏။
“မေ့လိုက်တော့၊ ဒီအချက်အပေါ်မှာ အခြေခံပြီးတော့ မင်းရဲ့စိတ်ရင်းကို ကိုယ် လုံလုံလောက်လောက် မြင်နိုင်ပါတယ်။ ကိုယ် မင်းကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်”
ကျင်းယွင်ကျောင်း၏ ပါးစပ်က ထပ်မံ၍ မဲ့သွား၏။ ဒါဆိုရင်လည်း ရှင့်ရဲ့ကြီးမားလှတဲ့ ကရုဏာတော်အတွက် ကျွန်မက တကယ့်ကို ကျေးဇူးတင်ရမယ်ပေါ့။
သူမသည် ပန်းသီးကို အခွံခွာပြီးသည်နှင့် သူမဘာသာသူမ တစ်ကိုက် ကိုက်လိုက်သည်။ ဤလူနာ လီရှောက်ယွင်သည် မယုံနိုင်လောက်အောင် နာခံမှုရှိနေ၏။ အကယ်၍ တုလင်းသာ ဤကဲ့သို့ ပြုမူပါက လီရှောက်ယွင် ထ၍ ပေါက်ကွဲမည်မှာ အသေအချာပင်။
လက်ရှိအချိန်တွင် ကျင်းယွင်ကျောင်း၏ တကျွတ်ကျွတ် စားသောက်နေသော အသံကို နားထောင်ရင်း လီရှောက်ယွင်သည် ဖြည်းဖြည်းချင်း ပြုံးယောင်သမ်းလာပြီး ကျင်းယွင်ကျောင်း စားပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်ပေးနေသည်။ ထို့နောက် သူက သူ၏ လက်ကို ဆန့်ပေးလိုက်၍ သူမအား သမားတော်တစ်ယောက်အဖြစ် သူမ၏ အတွေ့အကြုံဗဟုသုတများကို ပိုမိုကျယ်ပြန့်လာအောင် လုပ်ခွင့်ပြုလိုက်၏။
သူ၏ လူကဲခတ်စွမ်းရည်သည် မနိမ့်ကျသောကြောင့် လက်ရှိတွင် ကျင်းယွင်ကျောင်းက သူမ၏ အစမ်းသပ်ခံများအဖြစ် လူနာများအား ကုသပေးနေသည်ကို အဘယ်ကြောင့် သူမသိဘဲ နေလိမ့်မည်နည်း။
သို့သော် အံ့ချီးဖွယ်သမားတော်တစ်ယောက်၏ အစမ်းသပ်ခံဖြစ်ရခြင်းက သာမန်သမားတော်တစ်ယောက်၏ ထိပ်တန်းဦးစားပေးဖြစ်ရခြင်းထက် အများကြီး ပို၍ လုံခြုံသည်။
လီရှောက်ယွင်၏ ကျင်းယွင်ကျောင်းအပေါ် အမြင်သည် သူမက ဖွံ့ဖြိုးဆဲပုံစံ အံချီးဖွယ်သမားတော်တစ်ယောက် အလားပင်။ သူမ ထွက်သွားပြီးနောက်တွင် သူသည် သူနာပြုတစ်ယောက်ကို ခေါ်လိုက်၍ သူ့အတွက် သူမ, ညွှန်းပေးသော ဆေးနည်းများကို ပြင်ဆင်စေကာ တွေဝေခြင်းမရှိဘဲ သောက်လိုက်သည်။ သံသယ အရိပ်အယောင်တစ်ခုတစ်လေမှ မရှိလောက်အောင်ပင် သူ၏ ယုံကြည်မှုအရင်းအမြစ်ကလည်း အလွန်အမင်း ခိုင်မာနေခဲ့၏။
လီရှောက်ယွင်က ထိုအရာများအားလုံးကို စကားလုံးတစ်လုံးတည်းပင် အနှစ်ချုပ်လိုက်သည်။ စွဲလန်းနှစ်သက်မှု ... တဲ့။
သူမ လူနာခန်းထဲတွင် နေ,နေသောအချိန်က ကြာပြီဟု မယူဆနိုင်သေးဘဲ လီရှောက်ယွင်သည်လည်း သခင်လေး မာန်မာနကို မစွန့်ပစ်နိုင်ပေ။ သူမက တိတ်ဆိတ်သွားသောအခါ တစ်ဖက်လူသည်လည်း အချိန်ပြည့်နီးပါး အလွန်တိတ်ဆိတ်နေသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သူမ၏ စာအုပ်ကို ထုတ်ဖတ်ရန် ဆုံးဖြတ်လိုက်ပြီး တစ်ဖက်လူကို အနှောက်အယှက် မပေးတော့ပေ။
သူမသည် ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်သော်လည်း အတိတ်ဘဝက ဤအချိန်၌ သူမ ကျောင်းမှ အထုတ်ခံရပြီးဖြစ်သည်။ အကယ်၍ သူမသာ သူမ၏ ကျောင်းစာများကို လေ့လာရာ၌ ဆက်၍ အားမထုတ်ပါက သူမ၏ အမှတ်များသည် လိုက်မှီတော့မည် မဟုတ်ပေ။
ကောင်းသောအချက်မှာ သူမသည် ဝိညာဥ်ကျောက်စိမ်းကို စုပ်ယူထားပြီဖြစ်သဖြင့် သူမ၏ မှတ်ဥာဏ်များက ခုန်ပျံကျော်လွှားတိုးတက်ပြီး ဖြစ်သည်။ စာလေ့လာခြင်းသည်လည်း ယခင်ကထက်ပို၍ သက်တောင့်သက်သာရှိလာ၏။
ကျင်းယွင်ကျောင်းသည် ဆေးရုံသို့ ရက်အနည်းငယ်ခန့် ဆက်တိုက်သွားနေရသဖြင့် သူမ၏ နေ့ရက်များကို အလွန်အမင်း အလုပ်ရှုပ်စွာ ဖြတ်သန်းနေရသည်။
သူမသည် ထန်ကျစ်ဟွား၏ အခြေအနေကိုလည်း နေ့စဥ်နေ့တိုင်း စစ်ဆေးပေးရ၏။ သို့သော် အပြင်လူများ အတွေးလွန်ခြင်းမှ ကာကွယ်ရန်အတွက် ကျင်းယွင်ကျောင်းသည် မကြာသေးမီမှစ၍ အခန်းထဲသို့ စောစောလာခဲ့သောကြောင့် သူမသည် သူတို့၏ အတန်းဖော်များ မရောက်လာကြမှီ သူ၏ သွေးခုန်နှုန်းကို စစ်ဆေးပေးနိုင်သည်။
ထန်ကျစ်ဟွား၏ လက်ကောက်ဝတ်သည် ရေခဲတမျှ အေးစက်နေ၏။ သူ၏ ဆေးကို ကျင်းယွင်ကျောင်း ညွှန်းပေးသည့်တစ်ခုနှင့် ပြောင်းလိုက်ပြီးနောက် သူ၏ အသားအရောင်မှာ သိသိသာသာ တိုးတက်လာသည်။
“ဒီရက်ပိုင်းတွေ နင် ပုံမှန်မဟုတ်တာ တစ်ခုခုများ ခံစားရသေးလား”
ကျင်းယွင်ကျောင်းက သူ၏ သွေးခုန်နှုန်းကို စမ်းပေးနေရင်း မေးလိုက်၏။
“ငါ့ရဲ့အစားစာတဲ့ ပမာဏက နည်းနည်း တိုးလာတယ်။ အဲဒါကိုရော ထည့်တွက်လား”
ထန်ကျစ်ဟွားက အနည်းငယ် ရှက်နေပြီး မေးလိုက်သည်။
“ဒါပေါ့၊ ထည့်တွက်တာပေါ့”
ကျင်းယွင်ကျောင်းက သူ၏ သံသယစိတ်ကို ဖြေဖျောက်ပေးလိုက်၏။
“ဆေးကို အမြဲတမ်း သုံးပိုင်း,ပိုင်းထားတယ်။ အစာများများစားတာက သေချာပေါက် ဆေးသောက်တာထက် ပိုကောင်းတာပေါ့။ အဲဒီအပြင် အခု နင့်ရဲ့အစာစားချင်စိတ်ကလည်း တိုးလာပြီ။ အဲဒါက နင့်ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်လည်း နည်းနည်းတိုးလာတယ် ဆိုတဲ့ သဘောပဲ။ စားနိုင်သောက်နိုင်တာက ကံတရားပဲလို့ လူကြီးတွေ အမြဲပြောတယ် မဟုတ်လား”
သူမ၏ အလွန်လေးနက်နေမှုကို မြင်လိုက်ရ၍ ထန်ကျစ်ဟွားသည် မရယ်ဘဲ မနေနိုင်တော့ပေ။
ကံဆိုးစွာဖြင့် ကျင်းယွင်ကျောင်းက သူ၏ လက်ကို လွှတ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် လူတစ်ယောက်က သူတို့အခန်းအပေါက်ဝမှနေ၍ ရုတ်တရက် အော်လိုက်သည်။
“နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ”