← Chapters

အခန်း (၁၄၉-၁၅၂)

Vol. 8 Ch. 149-152

အခန်း (၁၄၉-၁၅၂)

Vol. 8 Ch. 149-152

Chapter 149 : အရှက်မရှိခြင်း

ကျင်းယွင်ကျောင်းက နောက်လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ သူမက သူမ လက်ကို ကူကယ်ရာမဲ့စွာပင် ပြန်ရုတ်လိုက်ပြီး တစ်ရှူးအစိုတစ်ရွက်ကို သုံး၍ သန့်စင်လိုက်၏။ အတိအကျပင် ထိုနှစ်ယောက် မျှော်လင့်ထားသည့် ပျာယာခတ်သွားသည့် အမူအယာမျိုး မဟုတ်ပေ။

ကျင်းယွင်ကျောင်းက စကားတစ်ခွန်း မဆိုသည်အား မြင်သောအခါ ဟယ့်ကျားစစ်က သူမ၏ နှုတ်ခမ်းများကို မဲ့ပစ်လိုက်ပြီး ထန်ကျစ်ဟွား၏ရှေ့၌ ရပ်လိုက်သည်။

“အစ်ကိုကျစ်ဟွား၊ ဒီတောလို နေရာသေးသေးက လူတွေက အရှက်ကို မရှိကြတာလား။ မနက်ခင်းအစောကြီးမှာတောင် ရှင့်ရဲ့လက်ကို တယုတယကိုင်ထားတဲ့အထိလေ။ သူတို့က ရှင့်ရဲ့ စိတ်ခံစားချက်တွေနဲ့ စာလေ့လာတာကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေတာ မဟုတ်ဘူးလား။ အိမ်ပြန်သွားတဲ့ ဦးလေးသာ ဒါကိုသိသွားရင် သူက ရှင့်ကို သေချာပေါက် အိမ်ပြန်ခေါ်မှာပဲ”

ဟယ့်ကျားစစ်၏ နောက်ကလိုက်လာသူမှာ ချောင်ဟုန်ယဲ့ဖြစ်၏။

ချောင်ဟုန်ယဲ့သည် အဆောင်နေကျောင်းသူ တစ်ဦးဖြစ်သည်။ တစ်ချိန်တည်း အတူတူပေါ်လာ၍ သူတို့နှစ်ယောက် ဘာလုပ်နေကြမှန်း ကျင်းယွင်ကျောင်း တကယ်ကို နားမလည်တော့။

ကျင်းယွင်ကျောင်းက အဘယ်သိမည်နည်း။ ဟယ့်ကျားစစ်သည် ပေါင်းရသင်းရလွယ်သည့်ပုံပေါ်သော်လည်း လက်တွေ့၌ သူမသည် အာဏာရှင်တစ်ယောက်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ချောင်ဟုန်ယဲ့က သူမအား မနက်တိုင်း ကျောင်းပေါက်ဝ၌ စောင့်နေရ၍ စာသင်ခန်းထဲ၌မူ အခြားသူများအား သူတို့၏ ဆက်ဆံရေး ဘယ်လောက်ကောင်းကြောင်းကို ပြရန်အတွက် သူမကိုယ်သူမ ချောင်ဟုန်ယဲ့၏ မိတ်ဆွေကောင်းအဖြစ် ပြုမူတတ်သည်။

ထိုအခိုက်၌ ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား အော့နှလုံးနာဟန်ဖြင့် ကြည့်နေ၏။ သူမ၏ အကြည့်များက လှောင်ပြောင်နေသော အရိပ်အငွေ့များပါနေပြီး ကျင်းယွင်ကျောင်းက မယားကြီးထံ၌ လက်ပူးလက်ကြပ် အဖမ်းခံရသည့် မယားငယ်တစ်ယောက်အလားပင်။

“မမ၊ ဒီတစ်ခါတော့ နင်မှားတယ်”

ချောင်ဟုန်ယဲ့က လေပြည်လေးဖြင့် စပြောလိုက်သည်။

ကျင်းယွင်ကျောင်း၏ မျက်လုံးများက မည်းမှောင်သွားပြီး သူမ၏ နှုတ်ခမ်းက မသိမသာတွန့်သွားကာ အေးစက်စက်ပုံစံသို့ ဖြည်းဖြည်းချင်းပြောင်းလဲသွားပြီး ပြောလာ၏။

“နင့်ပါးစပ်ကို ပိတ်ထားလိုက်။ ငါ မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ နင် ငါ့ကို သင်ပေးနေစရာမလိုဘူး”

ချောင်ဟုန်ယဲ့၏ အမူအယာက ရုပ်ဆိုးသွား၏။

“ငါကလည်း နင့်ရဲ့ကောင်းကျိုးအတွက် လုပ်နေတာတာပါ”

“ဒါဆို ငါက နင့်ကို ကျေးဇူးတင်ရဦးမယ်ဆိုတဲ့ အဓိပ္ပါယ်လား”

ကျင်းယွင်ကျောင်းက သရော်လိုက်ပြီး သူမအား ခြေဆုံးခေါင်းဆုံး အကဲဖြတ်စလိုကြည့်လိုက်ပြီးနောက် ထိန်းထားခြင်း မရှိဘဲ ဆက်ပြောလိုက်သည်။

“ချောင်ဟုန်ယဲ့၊ အရင်တုန်းက ငါနင့်ရဲ့အကျင့်စရိုက်ကို သိပ်မဆိုးပါဘူးလိုပဲ တွေးထားခဲ့တာ။ အနည်းဆုံးတော့ နင့်မှာ သတ္တိနည်းနည်းရှိသေးတယ်ပေါ့လေ။ ဒါပေမယ့် ငါ နင့်ကို အထင်ကြီးလွန်းသွားတယ် ထင်တယ်။ အခိုင်းအစေမတစ်ယောက်လို၊ လမ်းလျှောက်နေတဲ့ ခွေးတစ်ကောင်လိုမျိုးပဲ။ ဒီရက်တွေမှာ နင့်ရဲ့ခိုင်းဖတ်စိတ်ဓါတ်ကလည်း ပိုပိုပြီးတော့ အားကောင်းလာတာ ဖြစ်ရမယ်။ ငါ နင့်ကိုတော့ လေးစားမှုလယ်ဗယ်သစ်တစ်ခုလုံးကို ပေးလိုက်ပါပြီ”

ချောင်ဟုန်ယဲ့၏ မျက်နှာက ချက်ချင်းနီရဲသွား၏။

ကျင်းယွင်ကျောင်းအား သူမက စ၍ မလွှမ်းမိုးနိုင်၊ အနိုင်မယူနိုင်ကြောင်း သူမ မသိပေ။

“ဟမ့် ... ဆက်ပြီးတော့ ပလွှားနေတယ်။ ထန်ကျစ်ဟွားကို ဆွဲဆောင်ရင် အနာဂတ်မှာ ထန်မိသားစုနဲ့ ဟယ့်မိသားစုက နင့်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ နင်သိလာလိမ့်မယ်”

ချောင်ဟုန်ယဲ့က သူမ၏ အသံကို မြှင့်၍ ခက်ထန်စွာ ပြောလိုက်သည်။

ဟယ့်ကျားစစ်ကဲ့သိုသောလူနှင့် နှိုင်းယှဥ်ပါက သူမ၏ မာနနှင့် ဂုဏ်သိက္ခာက ဘာမှမကျန်တော့သည်အထိ အဖျားရှူးသွားပေလိမ့်မည်။ သူမမှာ အခြားဘာနည်းလမ်းတွေများ ရှိနေလို့လဲ။

ချောင်ဟုန်ယဲ့ ပြောလိုက်သည်များအား ကြားပြီးသည့်နောက် ထန်ကျစ်ဟွား၏ နာမကျန်းဖြစ်နေသော မျက်နှာ၌ ဒေါသအချို့ ထွက်ပေါ်လာသည်။ ထို့နောက် သူက ဟယ့်ကျားစစ်အား အေးစက်စွာကြည့်၍ မေးလိုက်သည်။

“ချောင်ဟုန်ယဲ့ကို ဒီစကားတွေပြောတဲ့သူက နင်ပဲ။ ဟယ့်ကျားစစ်”

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်၌လည်း ဟယ့်ကျားစစ်သည် အစွပ်စွဲခံရသော အမူအယာဖြင့် ရှိနေ၏။ သူမက ထန်ကျစ်ဟွား၏ လက်မောင်းအား ဆွဲလိုက်ပြီး ဖြေရှင်းလိုက်သည်။

“အစ်ကိုကျစ်ဟွား၊ ကျွန်မက ချောင်ဟုန်ယဲ့က သေချာပေါက် ဘာပြောထားရမှာလဲ။ တစ်ချက်ကြည့်ရုံနဲ့တင် ရှင်တို့နှစ်ယောက်က သိသာလွန်းနေတယ်ဆိုတာ လူတိုင်း ပြောနိုင်တယ်။ အစ်ကိုကျစ်ဟွား၊ ရှင့်ရဲ့ရည်းစားက ကျွန်မဆိုတာ အသိအသာကြီးပဲလေ။ သူက မှားနေတဲ့သူ၊ ကျွန်မ နောက်ကွယ်မှာ ရှင်နဲ့ လက်သရမ်းနေတာ”

“ရည်းစား ဟုတ်လား”

ထန်ကျစ်ဟွား မျက်နှာ ပျက်သွား၏။

“ဟယ့်ကျားစစ်၊ နင့်ကိုယ်နင် အဲဒီနေရာ ယူထားတယ်ဆိုတာ ငါ တစ်ခါမှလည်း မသိခဲ့ရပါ့လား။ ငါတို့ ထန်မိသားစုက နင်တို့ ဟယ့်မိသားစုအပေါ် တစ်အားကောင်းပေးလွန်းသွားလို့လား။

အဖိုးထန်၏ မျိုးဆက် ခေတ်အခါအတွင်းက ဟယ့်မိသားစု၏ ငွေရေးကြေးရေးအခြေအနေမှာ အလျှံအပယ်ဖြစ်၍ ထန်မိသားစုနှင့် တန်းတူဟုပင် ယူဆနိုင်သည်။ သို့ရာတွင် ဟယ့်မိသားစု၏ အဖိုးအိုက ရောဂါဖြင့် ကွယ်လွန်သွားပြီးနောက်ပိုင်းတွင် ထန်မိသားစုက ပို၍ကျယ်ပြန့်လာပြီး ပို၍လည်း လွှမ်းမိုးမှုရှိလာ၏။ ထိုအချိန်ကတည်းက မိသားစုနှစ်စု၏ ကွာခြားချက်မှာ မိုးနှင့်မြေကဲ့သို့ဖြစ်ခဲ့သည်။ ဟွားနင်ခရိုင်ရှိ စီးပွားရေးလုပ်ငန်းများနှင့် ယှဥ်ပါက ဟယ့်မိသားစု၏ စီးပွားရေးသည် ကုမ္ပဏီကြီးတစ်ခုဖြစ်သော်လည်း ထန်မိသားစု၏ စီးပွားရေးနှင့် နှိုင်းယှဥ်ပါက ၎င်းက ပြောပလောက်စရာပင် မဟုတ်ချေ။

အဖိုးထန်သည် အတိတ်ကို သတိရအောက်မေ့နေတတ်သည်။ ထို့ကြောင့် ဟယ့်မိသားစု နှိမ့်ကျသွားသောအခါ၌ပင် သူသည် ဟယ့်မိသားစုအား ဆက်၍ မျက်နှာသာပေးခဲ့၏။ မိသားစုနှစ်ခု၏ လူငယ်မျိုးဆက်များသည် အလွန်အမင်း ရင်းနှီးကြ၍ သူတို့သည် ဟယ့်မိသားစုအား ဘယ်တော့မှ အနိုင်ကျင့်လေ့မရှိပေ။ ဟယ့်မိသားစု၏ ကျောထောက်နောက်ခံမှာ ထန်မိသားစုဖြစ်ကြောင်း နင်းမြို့တော်တစ်ခုလုံး သိကြသည်။

ဟယ့်ကျားစစ်၏ နှလုံးသားက အေးခနဲဖြစ်သွားပြီး သူမ၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွား၏။

သူမသည် ထန်ကျစ်ဟွားနှင့် အတူကြီးပြင်းခဲ့သော်လည်း တကယ်တမ်းမှာ ထန်ကျစ်ဟွားသည် ယောက်ျားလေးတစ်ယောက်ပင် ဖြစ်နေသေးသည်။ သူတို့နှစ်ဦး ရင်းနှီးခဲ့ကြသော်လည်း အကွာအဝေးအချို့အတွက်မူ လိုအပ်ချက်ရှိနေသေး၏။ ထို့အပြင် သူတို့သည် ရည်းစားဟုခေါ်သော အဆင့်အတန်းတစ်ခုကို အတည်မပြုထားသည်ကလည်း အမှန်ပင်။

Chapter 150: ငယ်ချစ်များ

ကံဆိုးစွာဖြင့် ဟယ့်ကျားစစ်၏ မိဘများက သူမအတွက် ရည်မှန်းချက် မြင့်မြင့်မားမားထားခဲ့ကြသည်။ သူတို့ ပထမဆုံးအကြိမ် ထန်မိသားစု၏ ခြံတံခါးဝသို့ ဝင်လာကတည်းက သူမသည် သူမလုပ်ရမည်အား သိထားပြီးဖြစ်၏။ အစကတည်းကပင် သူမရည်ရွယ်ထားသော အရာမှာ ထန်ကျစ်ဟွား၏ အနာဂတ် ဇနီးသည်နေရာပင်။

မည်သို့ပင်ဆိုစေကာမူ အဖိုးကလည်း သူမအား နှစ်သက်သည်။ သူမသာ အသက်မငယ်တော့ပါက သူတို့ကိုယ်တိုင်ပင် သူ့ကို သူမနှင့် ရည်ရွယ်ထားပြီးဖြစ်လိမ့်မည်ဟုပင် သူမ ယုံကြည်ခဲ့၏။

ထို့အပြင် သူမသည် တကယ်လည်း ထန်ကျစ်ဟွားအား ချစ်ခင်လေးစားသည်။ သူသည် ရုပ်ချော၍ သိမ်မွေ့သော အကျင့်စရိုက်လည်း ရှိ၏။ သူတို့သည် နင်းမြို့တော်တွင် ရှိနေစဥ်ကအခါက သူမ၌ ဤကဲ့သို့ ထူးချွန်ထက်မြက်သော ငယ်ချစ်တစ်ယောက်ရှိခြင်းကြောင့် ကျောင်းသားများစွာက မနာလိုအားကျဖြစ်ခဲ့ကြသည်။ ထန်ကျစ်ဟွားသည် သူမအား ချစ်ခင်မြတ်နိုးခြင်းမပါဘဲ ယဥ်ယဥ်ကျေးကျေး ဆက်ဆံခြင်းသာ ဖြစ်ကြောင်း သူမ နက်နက်ရှိုင်းရှိုင်းပင် သ်ိရှိနေလျှင်တောင်မှ သူမသည် သူမ၏ အသွေးအသားထဲမှ မာနကို မထိန်းသိမ်းနိုင်ပေ။

ထို့ကြောင့်လည်း သူမသည် အရာအားလုံးကို အနောက်မှာ စွန့်ပစ်ထားခဲ့နိုင်၍ ဟွားနင်ခရိုင်သို့ လာခဲ့ခြင်းဖြစ်၏။ သို့သော် ထန်ကျစ်ဟွားက ကျင်းယွင်ကျောင်း၏ အကျိုးကြောင့် သူမအား ဆူပူလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

သူမက တောက အရိုင်းအစိုင်းမ တစ်ယောက်ပဲ မဟုတ်ဖူးလား။ အဲဒီအပြင် သူမက သူတို့နဲ့သိတာ ရက်နည်းနည်းပဲရှိသေးတဲ့ မိန်းကလေးတစ်ယောက်ပဲလေ။ သူတို့ရဲ့ ဆယ်နှစ်ကျော် ခံစားချက်တွေနဲ့ နှိုင်းယှဥ်နိုင်တယ်လား။

ဟယ့်ကျားစစ်သည် အလွန်အမင်း မကျေမနပ် ခံစားနေရပြီး ဒေါသထွက်နေသည်။ သို့သော် သူမသည် ထန်ကျစ်ဟွား၏ စကားလုံးများအတွင်း၌ ပုန်းကွယ်နေသော အဓိပ္ပါယ်ကိုလည်း သိ၏။ သူမသည် ဟယ့်မိသားစု၏ အကြောင်းကို ဘယ်တော့မှ ဟာသမလုပ်ရဲပေ။ သူမ၏ မျက်နှာပေါ်ရှိ တင်းမာနေသော အမူအယာက အေးခဲသွားပြီး နောက်ထပ်စက္ကန့်ပိုင်းအတွင်း၌ သူမ၏ ဒေါသများကို ထိန်းသိမ်းထားလိုက်၍ ပျံ့တံ့တံ့ နံ့တံ့တံ့ စတင်ပြုမူလိုက်သည်။

“အစ်ကိုကျစ်ဟွား၊ ဒေါသမထွက်ပါနဲ့။ ခုနတုန်းက ကျွန်မ အမှားတွေ ပြောမိသွားတယ်။ ကျွန်...ကျွန်မက ရှင့်ရဲ့ရည်းစားမဟုတ်ပါဘူး”

သူမ၏ စကားလုံးများသည် ကျင်းယွင်ကျောင်းကို သူမအား ခြိမ်းခြောက်ထားသည့် မယားငယ်တစ်ယောက်နှင့် တူသွားစေ၏။

ချောင်ဟုန်ယဲ့က ဟယ့်ကျားစစ်သည် ခံနိုင်ရည်ရှိသည့် အရိပ်အယောင်တစ်ခုတစ်လေမှပင် မရှိဘဲ အလျင်အမြန် အပိုးကျိုးသွားလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ ထိုအခိုက်၌ သူမ၏ ပါးစပ်အား ခြင်တစ်ကောင်က လာပိတ်ထားသလို ခံစားလိုက်ရသည်။ သူမရင်ထဲ၌ အလွန်အမင်း မချင့်မရဲခံစားလိုက်ရ၏။

သို့ရာတွင် ချောင်ဟုန်ယဲ့၏ တုံပြန်မှုကလည်း မြန်သည်။ ဟယ့်ကျားစစ်၏ ကျင်းယွင်ကျောင်းအပေါ် သဘောထားသည် လေးစားမှုမရှိသော်လည်း အကြောက်တရားကို ထိန်းသိမ်းထားကြောင်း သူမပြောနိုင်၏။

မူလက သူမသည် ဟယ့်ကျားစစ်အား ချမ်းသာသည့် အခွင့်အထူးခံ မမလေးတစ်ယောက်ဟု အမှန်တကယ်ပင် ထင်ထားခဲ့သည်။ လူများက ရန်မစ,သင့်သောသူ၊ အပြစ်မပြုသင့်သောသူဟု ထင်ထားခဲ့၏။ သို့ရာတွင် ယခုကိစ္စများကို ကြည့်လိုက်ပါက ထန်ကျစ်ဟွားနှင့် နှိုင်းယှဥ်လျှင် ကွာခြားချက်မှာ နေနှင့်လလိုပင်။

သူမ၏ နှလုံးခုန်သံက ရုတ်တရက် အရှိန်အနည်းငယ် မြန်သွားသည်။

ချောင်ဟုန်ယဲ့သည် ထန်ကျစ်ဟွားအား ဂရုတစိုက်ဖြင့် တစ်ချက်ခိုးကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများထဲရှိ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းရန်အတွက် နှုတ်ခမ်းကို ကိုက်လိုက်၍ ခေါင်းကို အောက်ငုံ့လိုက်၏။

သူမသည် လက်ရှိ သူမနေထိုင်ရသည့်ဘဝကို ရိုးတွင်းခြင်ဆီထဲထိအောင်ပင် မုန်းတီးသည်။

ထန််မိသားစု။ သူမသာ ထန်ကျစ်ဟွား သူမကို ကြိုက်လာအောင် ဆွဲဆောင်နိုင်ပါက နှစ်အနည်းငယ်ကြာလျှင် သူမ၏ ဘဝသည် လုံးဝပြောင်းလဲသွားနိုင်၏။ ထို့အပြင် သူတို့သည် အသက်ငယ်သေးသည်။ ငယ်ရွယ်စဥ်အခါက ခံစားချက်များသည် အရိိုးစင်းဆုံးနှင့် အသန့်စင်ဆုံးပင်။ သူမသည် သူမ၏ စွမ်းရည်များကို ယုံကြည်၏။ ထန်ကျစ်ဟွားက သူမကို ကြည့်နေသရွေ့ ထိုအခိုက်မှာပင် သူ့အား သူမ ဆွဲဆောင်နိုင်မည်ဟု အာမခံနိုင်သည်။

ကောင်းကင်ဘုံက သူမအား ဤအခွင့်အရေးကို ပေးအပ်နှင်းခဲ့သည်မှာ မည်မျှ အံ့သြစရာကောင်းသနည်း။ ပြီးလျှင် အတူတကွကြီးပြင်းလာမှသာ ငယ်ချစ်များဖြစ်နိုင်မည်ဟု မည်သူက ပြောခဲ့သနည်း။ အကယ်၍ သူတို့သာ သူတို့၏ ခံစားချက်များကို ယခုအချိန်မှစ၍ ဖွံဖြိုးလာစေပါက အနာဂတ်တွင် မည်သူကမှ မယှဥ်နိုင်မည်မှာ အသေအချာပင်။

ဟယ့်ကျားစစ် အတွက်မူ...

သူမသည် တကယ်ပင် ထူးချွန်ထက်မြက်သော်လည်း ထိုအရာများက သူမ၏ အဆင့်အတန်းနှင့် နောက်ခံမှ ဆင်းသက်လာခြင်းဖြစ်ပြီး ထိုနေရာတွင် ထန်ကျစ်ဟွား ခဏလေးပင် မရှိ၍ မဖြစ်ပေ။

“ကျားစစ်၊ ပြန်ပြောရရင် အဖိုးဟယ့်က သူကွယ်လွန်ခါနီး အိပ်ယာပေါ်လဲနေတုန်း ငါ့ရဲ့အဖိုးကို ဟယ့်မိသားစုကို ဂရုစိုက်ပေးဖို့တောင်းဆိုခဲ့တာ၊ ပြီးတော့ ငါ့ရဲ့အဖိုးက ရှေးတုန်းက အကျိုးကို ထောက်ပြီး နင်တို့မိသားစုကို ဒုက္ခတွေအများကြီးကနေ ကူညီပေးခဲ့တယ်။ ဒါပေမယ့် အဲဒါက ငါ့ရဲ့ထန်မိသားစုက အသိဉာဏ်ထက် ငွေကပိုရှိနေတာဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး။ နင် ဒီနေရာ ဟွားနင်ခရိုင်အထိ ငါ့နောက်ကို နည်လမ်းပေါင်းစုံနဲ့ လိုက်လာရတဲ့ အကြောင်းရင်းကို ငါသတိထားမိတယ်။ ဒါပေမယ့် ငါ နင့်ကို ဟိုးအရင်ကတည်းက ပြောပြီးပြီ၊ ငါက နင့်ကို ဂရုစိုက်ချင်တာက ငါ့ကိုယ်ငါ နင့်ရဲ့အစ်ကိုလို့ သတ်မှတ်ထားလို့ပဲ။ အကယ်လို့ နင်က အခြားဟာကို လိုချင်နေရင်တော့ တောင်းပန်တယ်၊ ငါ အဲဒါကို မလုပ်ပေးနိုင်ဘူး”

စကားပြောနေစဥ်အတွင်း ထန်ကျစ်ဟွား၏ အသံက တင်းမာနေသည်။

သူပြောပြီးသွားသောအခါ သူက ကျင်းယွင်ကျောင်းကို တစ်ချက်ကြည့်လိုက်ပြီး တစ်ဖန် ဆက်ပြောလိုက်ပြန်၏။

“ကျင်းယွင်ကျောင်းနဲ့ ငါနဲ့ ဆက်ဆံရေးက နင်ထင်နေသလို မဟုတ်ဘူး။ သူ့ကို ထပ်ပြီးတော့ ဒုက္ခမပေးနဲ့။ ဒီလိုမှမဟုတ်ဘဲ နင့်မှာ ဆန္ဒမရှိဘူးဆိုရင်တော့ နင် နင်းမြို့တော်ကိုသာ ပြန်လိုက်တော့”

ဟယ့်ကျားစစ်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူမ၏ တဖျပ်ဖျပ် တုန်ခါနေသော မျက်တောင်များတွင် မျက်ရည်စလေးများ စွန်းထင်းနေပြီး သူမ၏ မျက်နှာက သူမ မှားသွားပြီဟု ခံစားနေရကြောင်း ဖော်ညွှန်းနေ၏။

“ကျွန်မ နားလည်ပါပြီ...အစ်ကိုကျစ်ဟွား၊ ကျွန်မကို ထပ်ပြီးတော့ ဒေါသမထွက်ပါနဲ့တော့နော်။ ကျွန်မ နောက်တစ်ခါ ဒီလိုထပ်ပြီး မလုပ်တော့ပါဘူး”

ဟယ့်ကျားစစ်က လေသံပျော့ပျော့ဖြင့် သူ၏ ပိုမိုကောင်းမွန်သော ဘက်ခြမ်းကို ရရှိနိုင်ရန် ကြိုးစားနေရုံသာ တတ်နိုင်တော့သည်။

Chapter 151 : ဆောရီး၊ ဒါပေမယ့် ငါ နင့်ကို လိုက်လျောမပေးနိုင်ဘူး

ထန်ကျစ်ဟွား၏ စကားလုံးများက ကြမ်းတမ်းသော်လည်း သူက ဟယ့်ကျားစစ်အား အနည်းငယ် ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း ကျင်းယွင်ကျောင်း ပြောနိုင်၏။

လက်ရှိတွင် သူတို့လေးယောက်၏ ဘေး၌ မည်သူမှမရှိပေ။ အကယ်၍ အခြားကျောင်းသားများသာ ရောက်နေပြီး ဖြစ်ပါက ထန်ကျစ်ဟွား ဟယ့်ကျားစစ်အား ဆူပူနေသည်များက ငြင်သာသော သတိပေးချက်တစ်ခုထက် မပိုသောအရာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်သာ။

သို့ရာတွင် ထန်ကျစ်ဟွား၏ အလိုလိုက်မျက်နှာသာပေးမှုက ကျင်းယွင်ကျောင်း မျှော်လင့်ထားသလိုသာ ဖြစ်၏။

သူတို့သည် ရည်းစားများ မဟုတ်ကြလျှင်တောင်မှ ငယ်စဥ်ကတည်းက အစ်ကိုကြီးနှင့် ညီမလေးကဲ့သို့ အတူတကွ ကြီးပြင်းခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ထန်ကျစ်ဟွားက ဟယ့်ကျားစစ်အား မျက်စိစုံမှိတ်၍ ရှုတ်ချနေပြီး မည်သည့်သနားကြင်နာမှုကိုမှ မပြသခဲ့ပါက သူမသည် ထန်ကျင်ဟွား၌ နှလုံးသားရှိ၊ မရှိ မေးခွန်းထုတ်မိလိမ့်မည်။

“ကျင်းယွင်ကျောင်း၊ နင့်ကို အထင်လွဲခံခဲ့ရစေလို့ တောင်းပန်ပါတယ်”

ထန်ကျစ်ဟွားက တောင်းပန်လိုက်၏။

ကျင်းယွင်ကျောင်းက အနည်းငယ် သာမန်ကာလျှံကာဖြင့် မျက်လုံးပင့်၍ ကြည့်လိုက်သည်။

“ဒါက ပထမဆုံးအကြိမ်မို့လို ငါ ဒါကို ဗွေမယူဘူး။ ဒါပေမယ့် နောက်တစ်ခါကျရင်တော့ အချို့လူတွေက မသင့်တော့်တာတွေကို မပြောဖို့ ငါမျှော်လင့်တယ်။ ငါက ပြန်ရန်မလုပ်ပေမယ့် ဒါက ငါ့မှာ ဒေါသမရှိဘူးလို့ မဆိုလိုဘူးလေ။ တကယ်လို့ နင်က ငါ့ကို လာလှုံ့ဆော်ရင် နင် ဘယ်သူဘဲဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ ငါလက်ခံရတာကို ငါက ပြန်ပေးမှာပဲ။ ဆောရီး၊ ဒါပေမယ့် ငါ နင့်ကို လိုက်လျောမပေးနိုင်ဘူး”

ရှင်းရှင်းလင်းလင်း ပြောလိိုက်ပြီးတာတောင်မှ ထန်ကျစ်ဟွားက သူ ၏လူများကို ဆက်၍ မထိန်းနိုင်သေးလျှင် သူမက သူ၏ ရောဂါကို ကုပေးတော့မည် မဟုတ်ချေ။

သမားတော်များ၌လည်း ဒေါသရှိ၏။ လူနာများအား လွတ်လွတ်လပ်လပ် ပြဿနာရှာရန် ခွင့်ပြုထားသောသူသည် သန့်စင်မွန်မြတ်သော မိခင်တစ်ဦးသာ ဖြစ်လိမ့်မည်။ သနားစရာကောင်းသည်မှာ သူမ၌ ကမ္ဘာကြီးကို သန့်စင်ပေးနိုင်သည့် စွမ်းရည်ရှိမနေချေ။

ထန်ကျစ်ဟွား၏ အမူအယာမှာ တောင့်တင်းသွား၏။ သို့သော် ချက်ချင်းပင် သူက ခါးသီးစွာ ပြုံးမိလိုက်သည်။

“နင် စိုးရိမ်စရာမလိုပါဘူး။ နောက်တစ်ကြိမ် ထပ်ရှိလာခဲ့ရင် ငါလည်း သူ့ကို ဘာလေးစားမှုမှ ထားမနေတော့ဘူး”

ကျင်းယွင်ကျောင်းသည် ဤရက်များတွင် အတန်းထဲ၌ သာယာ ပျော်ရွှင်နေလေရာ အခြားသူများအား ယခင်က ဤမိန်းကလေးသည် အလွယ်တကူအနိုင်ကျင့်၍ မရဟူသော အချက်ကိုပင် မေ့လုနီးပါး ဖြစ်သွားစေသည်။ သူ၏ အဖိုးဖြစ်သူနှင့်ပင် မည်သည့်ဖိအားမှ မရှိဘဲ အမျှင်မပြတ် စကားပြောနိုင်သောသူက အလွယ်တကူ သိမ်းသွင်း၍ ရသောသူ ဖြစ်နိုင်ပါမည်လား။

ထန်ကျစ်ဟွား၏ ကျင်းယွင်ကျောင်းအပေါ် သဘောထားက ဟယ့်ကျားစစ်အား အတောမသတ်နိုင်အောင် ထိတ်လန့်သွားစေသည်။

သူမ၏ မျက်လုံးထဲတွင် ထန်ကျစ်ဟွားသည် ထန်မိသားစု၏ ရတနာမျက်ရှုလေးဖြစ်ပြီး အဖိုးထန်သည်ပင် ဤမြေးဖြစ်သူအား အေးစက်စက်လေသံဖြင့် တစ်ခါမှ မဆူပူဖူးပေ။ သူ့အား ကလပ်ပေါ်တင်ထားရန် မစောင့်နိုင်ဖြစ်နေသည့် နင်းမြို့တော်ရှိ ချမ်းသာသော မိသားစုများမှ ထိုသခင်လေးများကိုတော့ စကားထဲ ထည့်ပြောနေရန်ပင် မလိုချေ။ သူတို့က ဤကဲ့သို့ မယဥ်မကျေးဖြင့် အဘယ်ဆက်ဆံရဲလိမ့်မည်နည်း။ သို့သော် မမျှော်လင့်ဘဲ ကျင်းယွင်ကျောင်းက ထိုကဲ့သို့ လေးစားမှုမရှိသည်အား ထုတ်ပြရဲ၏။

ဘာ ‘ငါလက်ခံရတာကို ငါက ပြန်ပေးမှာပဲ’ လဲ။ သူမလိုမျိုး တောသူ မိန်းကလေးတစ်ယောက်က ထန်ကျစ်ဟွားကို လာပါ၊ သွားပါ ဆိုပြီး ဆုံးဖြတ်နိုင်စွမ်းရှိတယ်လို့ သူမ တကယ်ကြီး တွေးနေတာများ ဖြစ်နိုင်မလား။

ဟယ့်ကျားစစ်၏ မျက်လုံးထဲတွင် ကျင်းယွင်ကျောင်းအား သတ်ပစ်ချင်နေသည့်အလား ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်နေသည်။ သို့သော် ကျင်းယွင်ကျောင်းက သူမ၏ ခေါင်းကို လှည့်ရုံသာ လှည့်လိုက်၍ သူမအား အထင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်၏။

ဟယ့်ကျားစစ်သည် အထက်တန်းကျသော လူ့အဆင်အတန်းရှိလျှင်တောင်မှ သူမသည် မရင့်ကျက်သေးသော မိန်းကလေးငယ်လေးတစ်ဦးသာ ဖြစ်နေသေးသည်။

“ကျားစစ်၊ ငါ့ရဲ့မမကို စိတ်မဆိုးပါနဲ့။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ အရင်က သူက အတန်းဖော်တစ်ယောက်ကို ကယ်ဖူးတယ်။ ပြီးတော့ သူက ထန်ကျစ်ဟွားရဲ့ သွေးခုန်နှုန်းကို စမ်းနေတဲ့ပုံလို့ ငါမြင်လိုက်သလိုပဲ။ ငါတို့အထင်လွဲသွားတာပဲ ဖြစ်ရမယ်”

ဤအချိန်၌ ချောင်ဟုန်ယဲ့သည် ဟယ့်ကျားစစ်အား နူးညံ့စွာ နှစ်မ့်ပေးရန် ကြိုးစားလိုက်၏။

သူမက ဟယ့်ကျားစစ်အား အကြပ်အတည်းမှ ရုန်းထွက်နည်းတစ်ခုကို ပေးလိုက်ပြီး ထန်ကျစ်ဟွား၏ ရှေ့၌ သူမ၏ တည်ရှိမှုကို အဆင်ပြေပြေ တိုးတက်လာစေသည်။

ဟယ့်ကျားစစ်က သက်ပြင်းချလိုက်၏။

“တကယ်လား။ ဒါဆိုရင်တော့ သေချာပေါက် ငါက အတွေးများတဲ့သူဖြစ်သွားပြီပဲ။ အစ်ကိုကျစ်ဟွား ကျွန်မကို စိတ်မဆိုးပါနဲ့တော့။ မနေ့ အိမ်စာက တကယ်ခက်တယ်၊ ပြီးတော့ ကျွန်မ ညကလည်း ကောင်းကောင်း အိပ်မပျော်တော့ ဒီနေ့ ကျွန်မရဲ့စိတ်အခြေအနေက နည်းနည်း အဆင်မပြေဖြစ်နေတာ။ ရှင် ကျွန်မရဲ့အိမ်စာကို တစ်ချက်လောက် ကြည့်ပြီး ကူညီပေးပါလား”

ထန်ကျစ်ဟွားက ချောင်ဟုန်ယဲ့အား အလွန်အံ့အားသင့်သွားဟန်ဖြင့် တစ်ချက်ကြည့်လိုက်၏။

သူ၏ အမူအယာကလည်း ပြေလျော့သွားပြီး သူက ဟယ့်ကျားစစ်အား အိမ်စာပါ တစ်စုံတစ်ခုအား ထောက်ပြ၍ ရှင်းပြရန်သာကြိုးစားနေတော့သည်။

သူတို့၏ နောက်၌ ချောင်ဟုန်ယဲ့သည် သူမ၏ လွယ်အိတ်ကို ရှင်းလင်းပြီးသွား၍ တစ်ပေမျှသာ ကွာသောနေရာမှ ထန်ကျစ်ဟွားအား တစ်ချက်ကြည့်လိုက်၏။ သူမ၏ နှလုံးသားထဲမှ မနာလိုမှုများက ပင်လယ်များနှင့် မြစ်များကိုပင် ဖုံးလွှမ်းသွားနိုင်သကဲ့သို့ ခံစားနေရသည်။ သို့သော် မျှော်လင့်ချက်လေးတစ်ခုနှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုသည်လည်း ပေါ်ထွက်လာ၏။

ကျင်းယွင်ကျောင်းက အမျှော်အမြင်ရှိစွာပင် ခေါင်းယမ်းမိလိုက်သည်။ ကြည့်ရသည်မှာ အနာဂတ်တွင် ထန်ကျစ်ဟွားနှင့် အကွာအဝေးတစ်ခု သတ်မှတ်ထားသည်က ပိုကောင်းမည့်ပုံပင်။

ဤကိစ္စတွင် ယခုအချိန်၌ သူ၏ ခန္ဓာကိုယ်က ဘာပြဿနာမှ မရှိသေးချေ။ သူ၏ ဆေးကို အချိန်မှန် သောက်နေသရွေ့ နေ့တိုင်း သူ၏ သွေးခုန်နှုန်းကို တိုင်းစရာလိုလိမ့်မည် မဟုတ်ပေ။ ယခင်က သူမသည် အလွန်အကျွံ ဂရုစိုက်ပြီး သတိထားနေမိခဲ့သည်။

နေ့လည်ခင်း။

နေအပူရှိန်မြင့်နေသဖြင့် သူတို့၏ အရေပြားများအား မီးကျွမ်းသွားတော့မတတ် ခံစားနေရ၏။ သို့သော် ကိုယ်ခံပညာ လေ့ကျင့်ခဲ့ချိန်မှစ၍ ကျင်းယွင်ကျောင်း၏ အပူချိန်ကို ထိန်းညှိနိုင်သည့် စွမ်းရည်သည်လည်း အကြီးအကျယ် တိုးတက်လာခဲ့သောကြောင့် သူမသည် အေးမြလတ်ဆတ်မှုကို ခံစားနေရဆဲပင်။

သူမသည် တံခါးမှ ခြေတစ်လှမ်းထွက်လိုက်သည်နှင့် ကျောင်းပေါက်ဝ၌ ရင်းနှီးသော အသိတစ်ယောက်ကို မြင်လိုက်ရ၏။ သို့ရာတွင် အသိတစ်ယောက်ဟု ခေါ်ရခြင်းထက် သူမ၏ အတိတ်ဘဝမှ သူငယ်ချင်းဟောင်းဟု ဆိုပါက ပို၍ သင့်တော်ပေသည်။ ဤသည်က ထိုလူအား ဤဘဝသက်တမ်းတွင် ပထမဆုံးအကြိမ် မြင်လိုက်ရခြင်းပင်။

Chapter 152 : မိတ်ဆွေဟောင်း

အတိတ်ဘဝက ကျင်းယွင်ကျောင်း သိသောလူ အရေအတွက်မှာ ကရုဏာသက်ဖွယ်ကောင်းလောက်အောင် နည်းပါးပြီး တစ်ဦးချင်းကို ကြည့်လျှင်လည်း ဆန့်ကျင်ဘက်လိင်က ပို၍ပင် နည်းပါးပေသည်။ သို့သော် သူမ၏ ရှေ့ရှိလူမှာ သူမအား အကြိမ်ရေမနည်း ကူညီပေးခဲ့သူဖြစ်၏။

ဤလူ၏ အမည်မှာ ပိုင်ယွီအန်း ဖြစ်ပြီး လူအများပြောစကားအရဆိုလျှင် နာမည်ကြီးကျောင်းတစ်ခုမှ ဘွဲ့ရခဲ့သူ ဖြစ်သည်။ သူသည် မြို့တော်၌ အလုပ်လုပ်နေသူဖြစ်ပြီး သူ၏ မိဘနှစ်ပါးလုံးကမူ သူတို့၏ ဇာတိဖြစ်သော နင်းရှန်မြို့၌ နေထိုင်ကြ၏။ မူလအတိုင်းဆိုပါက ဤကဲ့သို့သော လူမျိုးသည် မြို့တော်၌သာ ချမ်းချမ်းသာသာ နေထိုင်နေသင့်၍ သူမနှင့် ဘာမှဆိုင်မနေသင့်ပေ။ သို့သော် ကံဆိုးစွာဖြင့် ပိုင်ယွီအန်း၏ ကံတရားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ညံ့လှသည်။

သူ၏ ရည်းစားမှာ တက္ကသိုလ်မှ အတန်းဖော်တစ်ဦးဖြစ်၏။ သူတို့သည် ကျောင်းမှ အလုပ်ထဲအထိ အတူတကွ နေထိုင်ခဲ့ကြ၍ အဆင်ပြေပြေပင် လက်ထပ်ခဲ့ကြသည်။

သို့ရာတွင် ပိုင်ယွီအန်းသည် အလွန်ကောင်းမွန်သော အလုပ်တစ်ခုရှိ၍ သူ၏ မျှော်မှန်းချက်များမှာ အတော်လေး ကောင်းသော်လည်း အဆုံး၌ သူ့တွင် ထောက်ပံ့ပေးမည်သူ မရှိသလို အတွေ့အကြုံလည်း မရှိခဲ့ပေ။ ထို့အပြင် သူ၏ မိသားစုအခြေအနေကလည်း သာမန်ပင်ဖြစ်သည်။ ထို့ကြောင့် ထိုစုံတွဲသည် ရွေးခြယ်စရာမရှိသောကြောင့် မြို့တော်တွင် နေစရာအိမ်တစ်လုံး ဝယ်ရန် ချေးငွေယူခဲ့၏။ ထိုအကြောင်းကို ပြောရလျှင် သူတို့သည် သားအမြွှာလေးကို ရရှိခဲ့၍ အခက်အခဲများကြားမှ ပျော်ရွှင်မှုကို ရှာတွေ့ခဲ့သည်ဟု ယူဆနိုင်သည်။

သို့သော် ပျော်ရွှင်မှုမှာ ကြာကြာမခံခဲ့။ ပိုင်ယွီအန်းသည် သူ့ မိန်းမ ဖောက်ပြန်နေသည်အား မမျှော်လင့်ဘဲ သိလိုက်ရ၍ သူမနှင့် ဖောက်ပြန်သောသူမှာလည်း သူ၏ သူဌေးဖြစ်နေခဲ့၏။

သူဌေးကြီးမှာ ဇနီးနှင့်သမီးရှိသူဖြစ်သည်။ သို့သော် ပိုင်ယွီအန်း၏ မိန်းမသည် ဆင်းရဲမှာကို ကြောက်၏။ သူမသည် ဘာကိုမှ ဂရုမစိုက်ဘဲ သူဌေးကြီး၏ မယားငယ်ဖြစ်ရန် သဘောတူခဲ့သည်။ သူ၏ ဒေါသတကြီး မေးခွန်းများအောက်တွင် သူ၏ သားများသည်လည်း အခြားသူနှင့်ရသော ကလေးများဖြစ်ကြောင်း သူမ၏ ဇနီးဖြစ်သူက ဝန်ခံခဲ့၏။

ပိုင်ယွီအန်းက မယုံကြည်ခဲ့သော်လည်း ဒီအန်အေရလဒ်များက သူသည် နှစ်ပေါင်းများစွာ ဦးထုပ်စိမ်းဆောင်းပေးခံခဲ့ရကြောင်းကို ဖော်ပြနေ၍ အခြားသူ၏ ကလေးများကိုပင် နှစ်ပေါင်းများစွာ ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့ရသေးသည်။

(T/N: ရှေ့မှာ ပြောဖူးတဲ့အတိုင်း ဦးထုပ်စိမ်းဆောင်းပေးခံရတယ်ဆိုတာ ဖောက်ပြန်ခံရတာ၊ နွားဖြစ်တာကို ပြောတာပါ။)

အရေးအကြီးဆုံးမှာ သူသည် သူ့အား ဦးထုပ်စိမ်းပေးခဲ့သော ထိုယောက်ျားအတွက် ပတ်ချာလှည့် ပြေးလွှား၍ အလုပ်လုပ်ပေးခဲ့ရခြင်းဖြစ်ချေ၏။

အလုပ်၌ သူရခဲ့သော အခက်အခဲများနှင့် ရာထူးမတိုးသော အကြောင်းပြချက်က ယခုမှ သူ၏မျက်နှာရှေ့တွင် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာတော့သည်။ သူ့၌ ရွေးခြယ်စရာမရှိသောကြောင့် ပြတ်ပြတ်သားသားပင် ကွာရှင်း၍ အလုပ်ထွက်ခဲ့၏။

သို့ရာတွင် သူ၏ သူဌေးဖြစ်သူက သူ့အား အလွတ်မပေးဘဲ သူ၏ နောက်ကွယ်မှ အကြိမ်ပေါင်းများစွာ ဒုက္ခပေးနေခဲ့သည်။ ပိုင်ယွီအန်းလည်း စိတ်ပျက်သွား၍ သူ့ အိမ်အား ရောင်းချလိုက်ပြီး သူ့ မိဘများကိုသာ ဂရုစိုက်ရန်အတွက် နင်းရှန်မြို့သို့ ပြန်လာခဲ့၏။

အတိတ်ဘဝ၌ ပိုင်ယွီအန်းသည် သူပြန်လာပြီးနောက်တွင် စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့သော်လည်း စီးပွားရေးမကောင်းခဲ့။ သို့သော် ကျင်းယွင်ကျောင်း အိမ်၌ ထမင်းငတ်သည့်အခါတိုင်း သူမသည် ပိုင်ယွီအန်းထံမှ ထမင်းတစ်နပ်ကို အမြဲတမ်း လက်ခံရရှိနိုင်သည်။

အမှန်တကယ်တော့ ထိုအချိန်က ပိုင်ယွီအန်းသည် သူမက အတော်လေး ငယ်ရွယ်၍ သနားစရာကောင်းသည်ဟု ခံစားရသောကြောင့်ဖြစ်မည်မှာ အသေအချာပင်။ သို့သော် ကျင်းယွင်ကျောင်းအတွက်မူ ဤကြင်နာမှုသည် အလွန်အရေးပါလှသည်။

ထို့အပြင် သူမ ချောင်ဝေ့မင်ကို သတ်၍ ရဲများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဥ်တွင် အိမ်နီးချင်းများအားလုံးက သူမသည် ကလေးဘဝကတည်းက ရက်စက်ကြမ်းကြုတ်သည်ဟု ပြောခဲ့ကြပြီး သူမ၏ ကိုယ်စား မျှမျှတတ ပြောပေးခဲ့သည့် ပိုင်ယွီအန်း တစ်ဦးတည်းကသာလျှင် ချွင်းချက်ဖြစ်၏။ သူမသည် ထောင်ကျပြီးသည့်နောက်တွင်လည်း သူကသာ သူမဆီသို့ မကြာခဏ လာလည်ပေးခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

လက်ရှိအချိန်တွင် ပိုင်ယွီအန်း ထွက်ပေါ်လာရသည့် အကြောင်းအရင်းကို ကျင်းယွင်ကျောင်း မသိပေ။ သို့ရာတွင် ဘဝသက်တမ်းတစ်ခုစာ ကြာခဲ့ပြီဆိုလျှင်တောင်မှ သူမ မစဥ်းစားဘဲ မနေနိုင်။ ပိုင်ယွီအန်းအပေါ် ကျေးဇူးကြွေးတင်နေသည်ဟု သူမ ပြင်းပြင်းထန်ထန် ခံစားနေရသည်။

သူမက ထိုအကြောင်းကို စဥ်းစားလိုက်ပြီးနောက် စတင်၍ လျှောက်သွားလိုက်၏။

တစ်ဖက်လူက သူမအား မြင်ပြီးနောက်တွင် ဝေခွဲမရဖြစ်သွားပုံရ၍ သူမအား အနည်းငယ် ရင်းနှီးနေသလိုလည်း ခံစားနေရပုံပင်။

“ရှင်က ပိုင်ရှုးရှု၊ ဟုတ်တယ်မလား”

ကျင်းယွင်ကျောင်းက သူ့အား တစ်ချက်ပြုံးလိုက်သည်။

“ကျွန်မက ကျင်းယွင်ကျောင်းပါ။ ဦးလေးတို့အိမ်နားမှာ နေဖူးတယ်လေ”

(T/N : ရှူးရှုဆိုတာ ဦးလေးလို့ ခေါ်တာပါ။ ဦလေးအရင်းကိုလည်း ခေါ်လို့ရသလို ဘာမှမတော်တဲ့ ဦးလေးအရွယ် လူကြီးသူမတွေကိုလည်း ခေါ်လို့ရပါတယ်။)

“အဲဒါ မင်းလား။ မင်းကို မမြင်တာတောင် နှစ်အတော်ကြာသွားပြီ၊ မင်းက အတော်လေး အရွယ်ရောက်လာပြီပေါ့လေ။ ငါ မင်းကို နောက်ဆုံးတွေ့ခဲ့တဲ့အချိန်တုန်းက မင်းက လေးနှစ်၊ ငါးနှစ်အရွယ်လေးပဲ ရှိဦးမယ်ထင်တယ်။ ဒါပေမယ့် မင်းက အရင်ကလို ပိန်ပိန်ပါးပါးလေးပါပဲ”

ပိုင်ယွီအန်း၏ တွန့်ထားသော မျက်ခုံးတန်းများက သိသိသာသာပင် ပြေလျော့သွားပြီး ပြုံး၍ စကားဆိုလာသည်။

သူ၏ စိတ်ထဲ၌မူ အလွန်အမင်းထိတ်လန့်နေမိ၏။ အတိတ်က သူသည် ဤအိမ်နီးချင်းပေါက်စလေးအား အလွန်ပင် ချစ်ခင်နှစ်သက်ခဲ့သည်။ သူမသည် ပျော့ပျောင်းတီတာတတ်သော်လည်း ကလေးဘဝကတည်းကပင် စိတ်ဓါတ်ခိုင်မာသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အနာဂတ်တွင် သူ့၌ ဤကဲ့သို့ ချစ်စရာကောင်း၍ လှပသော သမီးလေးတစ်ယောက်ရှိပါက အလွန်ကောင်းမည်ဟု တွေးမိခဲ့ဖူး၏။

“ပိုင်ရှူးရှူ၊ ဒီမှာ တစ်ယောက်ယောက်ကို လာရှာတာလား”

ပိုင်ယွီအန်းက ခေါင်းခါလိုက်သည်။

“လွန်ခဲ့တဲ့ဆယ်နှစ်က ငါက ဒီကျောင်းမှာ တက်ခဲ့တာလေ။ ဒီမှာ ငါ့ကို အများကြီး ကူညီပေးခဲ့ဖူးတဲ့ ဆရာတစ်ယောက်ရှိလို့ သူ့ကို တစ်ခါလောက် တွေ့ရအောင် ဝင်လာလိုက်တာရယ်။ ငါတို့ မတွေ့နိုင်ဘူးဆိုမှတော့ ဒါကို မေ့လိုက်ပါတော့။ ဆရာက ငါ့ကို မှတ်တောင် မှတ်မိမှာ မဟုတ်လောက်ဘူး ထင်တယ်”

ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်၍ ပိုင်ယွီအန်းက ဆက်ပြောလာသည်။

“ဒါဆို မင်းလည်း ကျောင်းချိန်ပြီးသွားပြီနဲ့တူတယ်။ ငါ မင်းကို ထမင်းတစ်နပ် လိုက်ကျွေးမယ်လေ။ မင်း ငယ်ငယ်လေးတုန်းက အစားအရမ်းကြီးတာကို ငါ မှတ်မိသေးတယ်။ ငါ မင်းကို မြင်တဲ့အချိန်တိုင်းက မင်းက မင်းရဲ့ဗိုက်လေးကို လက်လေးနဲ့ ကာထားပြီးတော့ ဗိုက်ဆာတယ်လို့ပဲ ပြောနေခဲ့တာ”

ကျင်းယွင်ကျောင်း နှုတ်ခမ်းကို တင်းတင်းစေ့၍ ပြုံးလိုက်၏။ ထိုအချိန်က သူမသည် အစားကြီးခြင်း မဟုတ်ပေ။ ထိုအစား သူမသည် ထမင်းတစ်နပ် ပုံမှန်ငတ်နေခြင်းသာ ဖြစ်သည်။

All Chapters