အခန်း (၁၅၃-၁၅၆)
Vol. 8 Ch. 153-156
Chapter 153 : အလုပ်တစ်ခု ညွှန်းပေးခြင်း
ပိုင်ယွီအန်းနှင့် တွေ့ပြီးနောက် ကျင်းယွင်ကျောင်း၏ စိတ်ထဲတွင် အတွေးတစ်ခု စတင်ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် သူမက သူ၏ ဖိတ်ကြားချက်ကို ချက်ချင်းပင် လက်ခံလိုက်ပြီးနောက် နှစ်ယောက်သား အနီးအနားရှိ စားသောက်ဆိုင်ငယ်လေးတစ်ခုသို့ သွားလိုက်ပြီး ဝင်ထိုင်လိုက်ကြ၏။
ကျင်းယွင်ကျောင်း၏ စိတ်ထဲတွင် ဤတွေ့ဆုံမှုမှ ကောင်းကျိုးဆိုးကျိုးများကို တွက်ချက်နေပြီး ထိုခေါင်းစဥ်အား ထုတ်ပြောရန် သင့်မသင့် စဥ်းစားနေသည်။
ပိုင်ယွီအန်းသည် အရည်အချင်းရှိသောလူတစ်ယောက် ဖြစ်၏။ အတိတ်ဘဝက သူသည် အချိန်တစ်ခုကြာအောင် စိတ်ဓါတ်ကျနေခဲ့လျှင်တောင်မှ သူ၏ ကိုယ်ပိုင်စီးပွားရေးကို စတင်ခဲ့သေးသည်။ အစပိုင်း၌ စိန်ခေါ်မှုဖြစ်ခဲ့သော်လည်း နောက်ပိုင်း၌ ရလဒ်များရှိ၏။ ကံဆိုးစွာဖြင့် သူမသည် စောစောစီးစီး သေသွားခဲ့ပြီး သူ၏ ဖွံ့ဖြိုးမှုရလဒ်များကို မသိခဲ့ရပေ။
သူမ လက်ရှိလိုအပ်နေသည်မှာ သူကဲ့သို့သော လူတစ်ယောက်ဖြစ်သည်။ သူမ၌ ငွေအရင်းအနှီးနှင့် အိုင်ဒီယာများရှိသော်လည်း ယုံကြည်ရမည့်သူမရှိချေ။
“ရှောင်ကျင်း၊ မင်း ဘာလို့ ငါ့ကို ဒီလောက်ကြီး စိုက်ကြည့်နေတာတုန်း”
ပိုင်ယွီအန်းက သူ၏ နှုတ်ခမ်းမွေးနှင့် မသပ်မရပ်ဖြစ်နေသော မျက်နှာကို ထိရင်း မေးလိုက်၏။ သူသည် စူးစူးစိုက်စိုက် စိုက်ကြည့်ခံလိုက်ရသဖြင့် ဆံပင်မွေးများပါ ထောင်လာသလိုပင်။
“ပိုင်ရှူးရှူ၊ အခု ရှင်ပြန်လာတာက ထပ်ပြီးတော့ ထွက်မသွားတော့ဘူး မဟုတ်လား။ ရှင်က ဒီခရိုင်မှာ စားသောက်ဆိုင်လေး ဖွင့်ချင်တာလား”
နောက်ဆုံး၌ ကျင်းယွင်ကျောင်းက ထုတ်မေးလိုက်၏။
သူမပြောသည်အား ကြားသည်နှင့် ပိုင်ယွီအန်းက ထခုန်မိတော့မတတ် လန့်သွားကာ မေးလာသည်။
“မင်းက ဘယ်လိုလုပ် သိတာလဲ”
သူသည် ဤအကြောင်းအား မည်သူ့ကိုမှ ပြောမပြဖူးပေ။
အိမ်ရှိအခြေအနေကလည်း သူ့အား မျက်ကွင်းများပင် ချောင်ကျလာစေသည်။ သူ ပြန်လာခဲ့သည့် ရည်ရွယ်ချက်မှာ အနားယူရန် ဖြစ်သော်လည်း လူကြီးနှစ်ယောက်မှာ သူတို့၏ မြေးများကို ဆုံးရှုံးရခြင်းကြောင့် ဝမ်းနည်းပူဆွေးနေကြ၏။ နေ့စဥ်နေ့တိုင်း သူတို့သည် ယောင်ချာချာဖြစ်နေသည်။ အကယ်၍ သူတို့၏ သားလည်း တစ်ခုခုဖြစ်သွားမည်ကိုသာ ကြောက်နေခြင်း မဟုတ်ပါက သူတို့သည်လည်း ဘာကိုမှ ဆုပ်ကိုင်ထားနိုင်စွမ်းမရှိတော့မည်မှာ အသေအချာပင်။
သူသည် စိတ်ဒုက္ခရောက်ပြီး စိတ်ဆင်းရဲနေရသော်လည်း သူ၏ နေ့ရက်များကို ကျော်ဖြတ်နေရသေးသည်။ သူသည် သူ့ကိုယ်သူအတွက် မတွေးနိုင်သော်လည်း သူ့ မိဘများ၏ အကျိုးအတွက် ရှင်သန်နေထိုင်နေရသေး၏။ ထို့ကြောင့် သူက ခရိုင်မြို့တွင် အခြေချပြီး သူ၏ စားဝတ်နေရေးကို ထိန်းသိမ်းကာ ပိုက်ဆံပြတ်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။
ကျင်းယွင်ကျောင်းက ပဟေဠိဆန်ဆန် ပြုံးလိုက်၏။
“ကျွန်မက ဒါကို ဘယ်လိုသိတာလဲဆိုတာ ရှင် ဂရုစိုက်ဖို့ မလိုပါဘူး။ ဒါပေမယ့် ကျွန်မမှာ အကြံနည်းနည်း ပေးစရာရှိတယ်။ စားသောက်ဆိုင်တစ်ဆိုင်ကို စဖို့ဆိုတာ မလွယ်ဘူး။ အဖိုးပိုင်က ဒီအလုပ်ကို ကျွမ်းဝင်နေတယ်ဆိုပေမယ့် အဲဒါက အတိတ်တုန်းက ကိစ္စတွေလေ။ သူတို့က အခု အသက်ကြီးပြီဆိုတော့ ရှင့်ကို အများကြီး မကူညီနိုင်တော့ဘူး။ ပြီးတော့ ပြန်တွေးကြည့်ရင် မြို့တော်မှာတုန်းက ရှင်က ရှင့်ဦးနှောက်ကိုဘဲ အားကိုးရတဲ့အလုပ်ကိုပဲ လုပ်နေကျ မဟုတ်လား။ စားဖိုမှူးအလုပ်က ရုပ်ပိုင်းဆိုင်ရာအရ အရမ်းပင်ပန်းတော့ ရှင်လည်း နိုင်နင်းမှာ မဟုတ်ဘူး။ ဒါ့အပြင် ခရိုင်မှာလည်း စားသောက်ဆိုင်တွေက အများကြီးရှိပြီးသာ၊ သူတို့အားလုံးရဲ့အရသာတွေကလည်း မဆိုးဘူးရယ်။ တကယ်လို့ ရှင့်ဆိုင်ရဲ့အတိုင်းအတာက သေးလွန်းနေရင် လူတွေက ရှင့်ကို အထင်သေးလိမ့်မယ်။ ပြီးတော့ ကြီးလွန်းနေရင်လည်း ရှင် အချိန်ကြာကြာ စီမံခန့်ခွဲဖို့ တတ်နိုင်မှာ မဟုတ်ဘူး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရှင်ရှုံးနေဦးမှာပဲ”
အဓိကပြဿနာမှာ လျှို့ဝှက်ချက်ပြုတ်နည်းများရှိသည့် တုလင်းနှင့် မတူခြင်းပင်။ သူ့ အစားအစာများ၏ အရသာမှာ သာမန်ပင် ဖြစ်သည်။
ယခင် သူမ သူ၏ စားသောက်ဆိုင်သို့ သွားစဥ်က ထိုအရသာကို သိ၏။ ၎င်းမှာ လက်ခံပေးနိုင်ရုံသာ ရှိပြီး အရသာကလည်း ပုံသေမဟုတ်ပေ။ သူ၏ ဝန်ဆောင်မှုပေးသည့် နှုန်းကလည်း အတော်နှေး၏။
ကျင်းယွင်ကျောင်း ထိုသို့ပြောပြီးနောက် ပိုင်ယွီအန်းမှာ ချက်ချင်းပင် ကြောင်အ,သွားသည်။
ဒါက သူသိခဲ့တဲ့ ကလေးမလေး ဟုတ်ရဲ့လား။
ယခင်က ကျင်းယွင်ကျောင်းသည် ရှက်တတ်၍ စကားကို မသဲမကွဲသာပြောတတ်ပြီး ထိခိုက်လွယ်သည်။ သူမသည် ခေါင်းမာ၍ သူမအား ကြည့်လိုက်လျှင် အလွန်အမင်းရှက်တတ်ကာ ငြိမ်ငြိမ်သက်သက် နေတတ်၏။
ယခုကျ ... ယခု သူမသည် သူ၏ဘေး၌ ထိုင်နေပြီး ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုရှိရှိဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုနေသည်။ ဤပုံစံက သေချာပေါက် အရွယ်ရောက်ပြီးသူ တစ်ယောက်အလားပင်။
“မင်းက တကယ် ကျင်းယွင်ကျောင်း လား”
ပိုင်ယွီအန်းက မေးလိုက်သည်၊ သူ လူမှားမနေပါဟု သူ့ကိုယ်သူ ယုံကြည်ချက်မရှိသောကြောင့်ပင်။
သူမသည် ကျင်းယွင်ကျောင်နှင့် တူသော်လည်း နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူ၏ မှတ်ဥာဏ်များထဲမှ ပေါက်စလေးနှင့် သူ့၏ရှေ့၌ထိုင်နေသော အရွယ်ရောက်လာသည့် သေးသေးသွယ်သွယ်၊ ကျက်သရေရှိသော မိန်းမပျိုလေးတို့သည် ကြီးမားသော ကွာခြားချက်ရှိနေသည်။ လူမှားနေခြင်းသာ ပို၍ ဖြစ်နိုင်ပေ၏။
“သေချာသွားအောင် ကျွန်မရဲ့ မှတ်ပုံတင် ပြဖို့ လိုသေးလား”
သူမက ရယ်မောလိုက်သည်၊ သို့သော် သူမသည် သူက သံသယရှိနေသေးသည်ကို မြင်သောအခါ သူမ၏ လည်ပင်း၌ ဆွဲထားသည့် ကျောင်းသားကဒ်ကို ချွတ်လိုက်ပြီး သူ၏ ရှေ့တွင် တင်ထားလိုက်၏။
“အို...မင်းက တကယ်ပဲ...”
ပိုင်ယွီအန်းသည် မျက်လုံးများပြူး၍ ၎င်းကဒ်ကို အကြိမ်ရေများစွာ ကြည့်လိုက်သည်။ ခဏမျှကြာပြီးနောက် သူက စကားထပ်ပြောလာ၏။
“တကယ်တော့၊ ကိစ္စတွေက မင်း ခုနကပြောသလိုပါပဲ။ ငါလည်း ဒါတွေကို တွေးပြီးသားပါ။ ဒါပေမယ့် အခုအချိန်မှာ ငါ့ရဲ့ရည်မှန်းချက်က ငါ့မိဘတွေကို စိတ်မပူစေချင်တာပဲ။ ငါ ဒီနေ့ အိမ်က ထွက်လာတဲ့အထိကို သူတို့က ငါ တစ်ခုခုဖြစ်သွားမှာကို ကြောက်နေတုန်း၊ ဘယ်ညာကြည့်ဖို့ ကိစ္စတွေအထိ မှာနေကြတာ”
ထိုအကြောင်းကို ပြောရင်း သူက ငြိမ်ကျသွားသည်။ ကျင်းယွင်ကျောင်းကဲ့သို့ ငယ်ရွယ်နုပျိုသော အရွယ်ကောင်း မိန်းမပျိုလေးတစ်ယောက်အား ဤကဲ့သို့သော ကိစ္စများကို စိတ်မပူစေခြင်းက ပို၍ ကောင်း၏။
“ရိုးရိုးသားသားပြောရရင် အသက်ကြီးတဲ့သူတွေကို စိတ်သက်သာရာ ရစေမယ့် နည်းလမ်းတွေအများကြီး ရှိပါတယ်။ ပိုင်ရှူးရှု၊ ရှင့်မှာ စွမ်းရည်ရော ခွန်အားရော ရှိတာပဲ၊ ဘာလို့ အလုပ်တစ်ခုမရှာနိုင်မှာကို စိုးရိမ်နေတာလဲ။ တကယ်တော့ အလုပ်တွေအကြောင်းကို ပြောရင် ကျွန်မမှာ ရှင့်အတွက် အလုပ်တစ်ခုရှိတယ်။ ကျွန်မက ရှင် ကျွန်မကို မယုံမှာဘဲ ကြောက်တာရယ်”
ကျင်းယွင်ကျောင်း၏ အကြည့်များက သူ့ကို အကဲခတ်နေရင်း သူမသည် ရေတစ်ငုံသောက်လိုက်သည်။
ပိုင်ယွီအန်း ဘယ်လိုခံစားလိုက်ရမှန်း မသိပေ။ ဤမိန်းကလေး၏ လေသံက အတော်လေး သန်မာသော်လည်း သူမသည် အသက်ပင် မပြည့်သေး။ သူမက သူ့အတွက် အလုပ်ထောက်ခံချက်ကို ဘယ်မှာ သွားရှာမည်နည်း။
Chapter 154 : သူမ ရူးသွားပြီလား
ပိုင်ယွီအန်းက ပြုံးလိုက်၏။ ကျင်းယွင်ကျောင်း၏ စကားလုံးများက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ သူပြန်လာပြီးကတည်းက ဤနေ့သည် သူ၏ ခံစားချက်များ မဆိုးသည့် ပထမဆုံးနေ့ဖြစ်ကြောင်း သူ သတိထားမိသည်။ သူ မွန်းကြပ်သည်ဟု မခံစားရပေ။
“အလုပ်တွေက ရှာရတာ လွယ်ပါတယ်၊ ဒါပေမယ့် အခုအချိန်မှာတော့ ငါ့ ဘယ်သူ့ဆီကမှ အမိန့်ပေးမခံချင်သေးဘူး။ ငါ မင်းကို ဒါကို ဖုံးကွယ်မထားချင်ဘူး။ အရင်က ငါ နှစ်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ ငါ့ရဲ့အထက်လူကြီးက ငါ့နောက်ကျောကို ဓါးနဲ့ထိုးတာကိုပဲ ပြန်ရခဲ့တယ်။ ငါ ဒီလို ထပ်ဖြစ်မှာကို မလိုချင်ဘူး”
ပိုင်ယွီအန်းက ရှင်းပြလိုက်၏။
“ဒါဆို ကျွန်မ ရှင့်ရဲ့အလုပ်ရှင် လုပ်ပေးရင်ရော”
ကျင်းယွင်ကျောင်းက မေးလိုက်သည်။
ပိုင်ယွီအန်း၏ ကိုယ်ကျင့်တရားရပ်တည်မှုသည် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်သည်မှာ သေချာ၍ သူ့၌ အတွေ့အကြုံလည်း ရှိ၏။ အကယ်၍ ယခင်တုန်းက သူ၏ အထက်လူကြီးကသာ သူ့ကို ထိုးမချခဲ့ပါက သူသည် ယခုအချိန်၌ သူကိုယ်တိုင်ပင် နာမည်တစ်လုံး ဖန်တီးနိုင်နေလောက်ပြီ ဖြစ်သည်။ ထို့အပြင် သူသည် ဘာမှမရှိဘဲ အဆုံးသတ်၍ လက်ဗလာနှင့် အိမ်ပြန်လာခဲ့သော်လည်း သူ၏ ခေါင်းမာမှုနှင့် ပြတ်သားသော အကျင့်စရိုက်ကို မြင်နိုင်သေး၏။
အပေါ်ယံ၌ သူမသည် ငယ်ရွယ်သေးသည်။ စီးပွားရေးလုပ်ငန်းတစ်ခုအား သူမကိုယ်တိုင် စတင်ခြင်းကဲ့သို့သော ကိစ္စတစ်ခုကို ဖုံးကွယ်ထားလိုခြင်းမှာ လုံးဝ မဖြစ်နိုင်ကြောင်း သူမ သိ၏။ ပြန်လည်မွေးဖွားပြီးသည့်နောက် သူမ၏ ပိုက်ဆံ သုံးသန်းကျော်ကိုသာ အမြဲတမ်း မှီခိုနေရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။ သူမတွင် နေရာလွတ်နယ်မြေရှိ၍ အချိန်လည်း ရှိသည်။ အကယ်၍ သူမသာ ၎င်းကို ကောင်းကောင်းမွန်မွန် အသုံးမချနိုင်ပါက ပြန်လည်မွေးဖွားလာခြင်းသည်လည်း ဘာရည်ရွယ်ချက်မှ ရှိတော့မည် မဟုတ်ပေ။
(T/N : ဒီနားလေးမှာလေ ကျင်းယွင်ကျောင်း ကြွေအိုးရောင်းရတဲ့ငွေကို ရေးထားတာက သန်းသုံးဆယ်ဖြစ်လိုက်၊ သုံးသန်းဖြစ်လိုက်နဲ့ အမျိုးမျိုးဖြစ်နေလို့၊ သုံးသန်းကိုပဲ ယူလိုက်ပါတယ်နော်။”
သူမ၏ စကားများက ပိုင်ယွီအန်းအား အသက်ရှုကြပ်စေသည်။ အကြိမ်ရေ အနည်းငယ်ခန့် ချောင်းဆိုးပြီးနောက် သူက သူမအား သံသယဖြင့် ကြည့်လိုက်၏။
“ရှောင်ကျင်း၊ မင်း နောက်နေတာ ... ဟုတ်တယ်မလား”
ပြန်စဥ်းစားကြည့်ပါက သူ့အား လစာမြင့်မြင့်ပေး၍ ဒုဒါရိုက်တာအဖြစ် ငှားရမ်းလိုသူများ ရှိသည်။ ကံဆိုးစွာဖြင့် သူ၏ မူရင်းကုမ္ပဏီ၏ အတိုင်းအတာမှာ မသေးငယ်လေရာ သူ့အား ငှားရမ်းရန် ရည်ရွယ်ချက်ရှိသော ကုမ္ပဏီများသည် သူ၏ မူရင်းကုမ္ပဏီအား ဆန့်ကျင်နိုင်စွမ်းမရှိကြချေ။ အထူးသဖြင့် မြို့တော်တွင် သူ့၌ အဆက်အသွယ်များလည်း မရှိ။ သူက အရာအားလုံးကို အစမှပြန်စခြင်းဖြင့် အဆုံးအစွန်ထိ သွားရန်လည်း မလိုအပ်သောကြောင့် လက်တွေ့တွင် အမြင့်ဆုံးရာထူးနေရာတစ်ခုအား လိုချင်ရန်လည်း မဖြစ်နိုင်ပေ။
ထို့ကြောင့် သူသည် သူ့ ဇာတိမြို့သို့ ပြန်၍ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
“ပိုင်ရှူးရှူ၊ တကယ်တော့ ကျွန်မက စီးပွားရေးလုပ်ငန်းတစ်ခုကို စချင်တာပါ၊ ဒါပေမယ့် ရှင်မြင်တဲ့အတိုင်း ကျွန်မက အသက်ငယ်နေသေးတယ်။ ကျွန်မ လုပ်နိုင်တဲ့ကိစ္စတွေက အကန့်အသတ်ရှိတယ်။ ဒါကြောင့် ကျွန်မကို ကူညီပေးမယ့်သူလိုတယ်။ ဒါ့အပြင် ကျွန်မ ရှင့်ကို ယုံကြည်တယ်”
ကျင်းယွင်ကျောင်း၏ အမူအယာက လေးနက်နေပြီး သူမက ဆက်ပြောလိုက်သည်။
“စတင်ရင်းနှီးမြှုပ်နှံတဲ့ငွေက သုံးသန်း”
သူမ၏ စကားဆုံးသည်နှင့် ပိုင်ယွီအန်း၏ အမူအယာက တစ်ဖန်ပြန်၍ ထူးဆန်းသွားပြန်၏။
သူသည် သူမအား မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ ကျင်းယွင်ကျောင်း... ...သူမ ရူးသွားတာများလား။
သို့သော် ထိုပုံလည်း မပေါက်ပေ။ သူမသည် အလွန်စိတ်အားထက်သန်စွာ ပြောနေ၍ သူမ၏ စကားလုံးများက အနည်းငယ် ချဲ့ကားလွန်းနေသည်က လွဲလျှင် အရာအားလုံးက အတော်လေး သာမန်ပင် ဖြစ်သည်။
ဤသို့ဆိုလျှင် သူမက အမှန်တွေပြောနေတာ ဖြစ်နိုင်မလား။ ယွမ်သုံးသန်းသည် သေးငယ်သော ပမာဏမဟုတ်ပေ။ အထူးသဖြင့် ဟွားနင်ခရိုင်ကဲ့သို့ သေးငယ်သော နေရာမျိုးတွင် လက်တွေ့၌ ၎င်းက မိုးထိမြင့်သော ပမာဏဖြစ်၏။ ၎င်းမှာ တော်ရုံအတိုင်းအတာ ရှိသော စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရန်အတွက် ပြည့်ပြည့်စုံစုံလုံလောက်သော ပမာဏဖြစ်၍ နောက်ပိုင်း၌ အပိုငွေအဖြစ်ပါ သုံးနိုင်သေးသည်။ ယွမ်သုံးသန်း မပြောနှင့်၊ သူ့အား ယွမ်ငါးသိန်းပေးလျှင်တောင်မှ သင့်တင့်လျောက်ပတ်သော ပမာဏရှိသည့် လုပ်ငန်းကို စတင်နိုင်၏။ စတင်ရင်းနှီးမြှုပ်နှံသည့် ပမာဏကွာခြားသည့်အလိုက် ဖွံ့ဖြိုးမှုအရှိန်အဟုန်မှာလည်း ကြီးကြီးမားမား ကွာခြားမှုရှိသွားမည်မှာ သဘာဝပင်။
ပိုင်ယွီအန်းသည် သူ၏ လက်ရှိခံစားချက်ကို ရှင်းမပြတတ်ပေ။ သူက ထိုအကြောင်းကို ခဏမျှ စဥ်းစားနေပြီးသည့်နောက် ပြောလာ၏။
“ရှောင်ကျင်း၊ မင်းမှာ ငွေသုံးသန်းရှိ၊ မရှိဆိုတာကို မပြောဘဲ နေကြဦးစို့။ တကယ်လို့ မင်းမှာ ရှိခဲ့တယ်ဆိုရင်တောင် မင်း နှစ်ပေါင်းများစွာ မမြင်ခဲ့ရတဲ့ လူတစ်ယောက်ရဲ့လက်ထဲကို ထည့်မယ်ဆိုတာက၊ အဲဒါက နည်းနည်းလေးလည်း မဟုတ်ဘူးလေ...”
“ရှင်က ဒါတွေယူပြီး ထွက်ပြေးမှာလား”
ကျင်းယွင်ကျောင်းက ပြုံး၍ မျက်ခုံးပင့်ပြလိုက်သည်။
ပိုင်ယွီအန်း သူ၏ နှလုံးသားက ခေတ္တမျှ မွန်းကြပ်သွားသလို ခံစားလိုက်ရ၏။ ယွမ်သုံးသန်းက မနည်းသော်လည်း သူသည် ငွေကြောင့် သူ့အား ပေးအပ်ထားသည့် ယုံကြည်မှုကို စွန့်ပစ်မည့်သူ မဟုတ်ပေ။ အကယ်၍ သူသာ ထိုသို့ဆိုပါက အခြားသူကြောင့် သူ့အား ထားသွားသည့် ဇနီးဖြစ်သူနှင့် ဘာကွာတော့မည်နည်း။
“ဒါပေမယ့် ဘာလို့လဲ”
ပိုင်ယွီအန်းက သံသယဖြင့် မေးလိုက်၏။
“ကျွန်မ ရှင့်ကို ယုံကြည်တယ်လို့ ပြောပြီးသွားပြီလေ။ သုံးနေတဲ့သူကို သံသယမဝင်ပါနဲ့၊ သံသယဝင်နေတဲ့သူကို မသုံးပါနဲ့တဲ့။ ကျွန်မက ငယ်ရွယ်ကောင်း ငယ်ရွယ်နိုင်ပေမယ့် လူတွေကို ကြည့်တဲ့ ကျွန်မရဲ့မျက်လုံးကို ယုံတယ်။ တကယ်လို့ ရှင် လောဘတက်သွားတဲ့ အခိုက်ရှိခဲ့ရင်တောင် ကျွန်မအတွက်က ယွမ်သုံးသန်းပဲ ဆုံးရှုံးမှာ၊ ဒါပေမယ့် ရှင့်အတွက်ကကျတော့ အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရတာပဲ။ အထူးသဖြင့် ကျွန်မက ယွမ်သုံးသန်းကို ထပ်ရှာနိုင်မည့် နည်းလမ်းကို စဥ်းစားနိုင်သေးသရွေ့ ကျွန်မက ဘာလို့ ထပ်မလုပ်နိုင်ရမှာလဲ”
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်၊ သူမ၏ စကားလုံးများက အင်အားပြည့်ဝ၍ ဟိန်းထွက်နေ၏။
သူမ ထိုသို့ပြောလိုက်သည်က ပိုင်ယွီအန်းအား သူမတွင် အမှန်တကယ်ပင် ငွေအမြောက်အမြားရှိနေကြောင်း ထင်သွားစေသည်။
ထိုစကားကြောင့် သူ၏ ရင်ဘတ်ထဲ၌ အများကြီး ပို၍ သက်တောင့်သက်သာ ခံစားလိုက်ရ၏။ ကျင်းယွင်ကျောင်းကဲ့သို့ ငယ်ရွယ်သော မိန်းကလေးတစ်ယောက်သည်ပင် ပွင့်လင်း၍ ခံနိုင်ရည်ရှိသည်။ ယောက်ျားတစ်ယောက်ဖြစ်ရုံသာမက အရွယ်ရောက်ပြီးသူ တစ်ယောက်လည်း ဖြစ်သော သူ့တွင် ရွေးခြယ်နိုင်သော်လည်း လွှတ်မချနိုင်သည့် အရာများ ရှိနိုင်သလား။
“မင်းက ငါ့ရဲ့ပြဿနာတွေအကြောင်းကို သေချာပေါက်သိနေတာပဲ။ ဘာပဲဖြစ်ဖြစ် ငါ့ကို နှစ်သိမ့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူ့ စကားမဆုံးသေးမီမှာပင် ကျင်းယွင်ကျောင်းက ဘဏ်၏ ဝန်ဆောင်မှုစင်တာသို့ တိုက်ရိုက် ဖုန်းခေါ်လိုက်ပြီး ဘဏ်ကတ်ထဲရှိ ငွေလက်ကျန်ပမာဏအား ရှင်းရှင်းကြားအောင်ဖော်ပြလိုက်သည်။
“ပိုင်ရှူးရှူ၊ ကျွန်မ ရှင့်ကို နှစ်သိမ့်ဖို့ မကြိုးစားပါဘူး။ ကျွန်မမှာ ငွေရှိတယ်၊ ကျွန်မမှာ မရှိတာက ရှင်ပဲ။ ရှင် ဆန္ဒရှိသရွေ့ ကျွန်မတို့ရဲ့ ပူးပေါင်းမှုကို အချိန်မရွေး စတင်နိုင်တယ်”
Chapter 155 : ဘဝ၌ အဓိကဖြစ်ရပ်
ပိုင်ယွီအန်း၏ အမူအယာက တောင့်တင်းသွားပြီး သူသည် ထိတ်လန့်နေသော အခြေအနေထဲ၌ ပိတ်မိနေကာ စကားပြန်မပြောနိုင်ပေ။
“ဒါဆို မင်းပြောနေတာ တကယ်ပေါ့”
ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်သည်။
ပိုင်ယွီအန်းက စိတ်လွတ်သွားသကဲ့သို့ ခံစားနေရသည်။ သူသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်တွင်တောင် မြို့တော်မှ သူ၏ အိမ်အတွက် ငွေအပြည့်ချေရန်အတွက်ပင် မရှာနိုင်ခဲ့သော်လည်း ကျင်းယွင်ကျောင်းကမူ ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်သာ ရှိသေးပေမယ့် ယွမ်သုံးသန်းကို အမှန်တကယ်ပင် အလွယ်တကူ ထုတ်ပေးနိုင်သည်လား။
ကျင်းယွင်ကျောင်းက ယခုအချိန်၌ သူ့အား အသိအမှတ်ပြုနေခြင်း ဖြစ်နိုင်သော်လည်း ကလေးတစ်ယောက်ဟုသာ တွေးထားသူဆီမှ အသိအမှတ်ပြုခံရသော ခံစားချက်က အနည်းငယ် ထူးဆန်းနေ၏။
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို မင်းက ဘယ်လိုစီးပွားရေးမျိုးကို စချင်တာလဲ”
ပိုင်ယွီအန်းက စိုးရိမ်ကြောင့်ကြနေ၏။ သူ့အား ဆွဲသွင်းသူမှာ ကျင်းယွင်ကျောင်းဖြစ်ကြောင်း အသိအသာပင် ဖြစ်သော်လည်း အဘယ့်ကြောင့် သူက မိန်းကလေးငယ်လေးတစ်ယောက်အား လှည့်စားမိသကဲ့သို့ အပြစ်မကင်း ခံစားနေရသနည်း။
“အခုတော့ ကျွန်မ အရက်လောကထဲ ဝင်ချင်တယ်။ ကျွန်မမှာ အရက်ချက်ဖို့အတွက် ချက်နည်းအချို့ ကျွန်မဆီမှာ ရှိတယ်၊ ပြီးတော့ ကုန်ကြမ်းတွေလည်း ထောက်ပံ့ပေးနိုင်တယ်။ အခြားအရာအားလုံးကို ပြင်ဆင်ပေးဖို့အတွက်ပဲ ကျွန်မ ရှင့်ရဲ့အကူအညီကို လိုအပ်တာ”
ကျင်းယွင်ကျောင်းက ရှင်းပြလိုက်၏။
သူမ၌ ဘယ်နယ်ပယ်က ပို၍အကျိုးအမြတ်ရနိုင်သည်ဆိုတာနှင့် ပတ်သတ်၍ အိုင်ဒီယာများစွာ ရှိသော်လည်း ပို၍ ဂရုတစိုက်စဥ်းစားပြီးနောက် အရက်ချက်စက်ရုံကသာ အသင့်တော်ဆုံးဟု ခံစားနေရဆဲပင်။ ကုန်ကြမ်းများကိုလည်း သူမ၏နေရာလွတ်နယ်မြေထဲမှ ခေတ္တရယူနိုင်ပြီး အနာဂတ်ကျ ပို၍ ကျယ်ပြန့်လာပါက ကုန်ကြမ်းများကို စိုက်ပျိုးရန်အတွက် နေရာတစ်ခုကို သူမ ဖန်တီးနိုင်သည်။ သူမ စုပ်ယူနေသည့် တတိယကျောက်စိမ်းအပိုင်းတွင် အခြေခံ အရက်ချက်နည်းအချို့လည်း ပါရှိ၏။ ၎င်းမှာ မများသော်လည်း ယခုအတွက်မူ လုံလောက်သည်။ ထို့အပြင် အထဲ၌ အရက်အမျိုးအစားပေါင်းများစွာ၏ မှတ်တမ်းများလည်း ရှိ၏။ ထိုအရာများမှာ ဘိုးဘေးများ၏ ရတနာများဖြစ်ပုံရကာ အရသာကလည်း သာမန်မဟုတ်မည်မှာ အသေအချာပင်။
သူမ၏ မူလအိုင်ဒီယာသည် ဆေးစက်ရုံတစ်ခု ဖွင့်လှစ်ရန်ဖြစ်သော်လည်း ဆေးဝါးများမှာ လူများ၏ အသက်တစ်ခုနှင့် သက်ဆိုင်နေသည်။ ကန့်သတ်ချက်လည်း အလွန်မြင့်လိမ့်မည်။ သူတို့ကဲ့သို့သော ကျောထောက်နောက်ဆံမရှိ၊ မျိုးရိုးမရှိသော စီးပွားရေးလုပ်ငန်းအသစ်ကလေးက အောင်မြင်သော ရလဒ်များ ရရှိရန်မှာ အလွန်ခက်ခဲလိမ့်မည်သာ။ ထိုမျှသာမက ဆေးအသစ်ကလည်း တစ်နာရီ၊ နှစ်နာရီအတွင်း၌ လူများ၏ အသိအမှတ်ပြုခြင်းခံရနိုင်သည့်အရာ မဟုတ်ပေ။
သူမသည် ဘိုးဘေးထံမှ ဆေးပညာအသိကို အမွေဆက်ဆံထားသူဖြစ်သဖြင့် ဆေးလောက၌ ခြေလှမ်းစရန်မှာ မလွဲဧကန်ပင်။ ယခုအချိန်၌မူ သူမသည် ဆေးလောက၌ ခိုင်ခိုင်မာမာရပ်တည်နိုင်မည့်အချိန်ကို စောင့်ရန် လိုအပ်နေသေးသည်။
ပိုင်ယွီအန်း၏ နှလုံးသားက တုန်လှုပ်သွားပြီး သူ၏ ထိတ်လန့်မှုကို ဖုံးဖိရန်အတွက် ရေအနည်းငယ် သောက်လိုက်ရ၏။ အချိန်အတော်ကြာမှသာ သူသည် ကျင်းယွင်ကျောင်းနှင့် ပုံမှန် စကားဆက်ပြောနိုင်လိမ့်မည်ဖြစ်သည်။
သူတို့ စကားပြောလေလေ၊ ဤကိစ္စက အမှန်တကယ် အကောင်အထည်ပေါ်လာနိုင်သည်ဟု သူခံစားရလေလေ ဖြစ်၏။
ပိုင်ယွီအန်းသည်လည်း ရည်မှန်းချက်နှင့် ပြင်းပြသော ဆန္ဒများရှိသည်။ ထို့အပြင် ဟွားနင်ခရိုင်၌ သူ၏ ဘဝကို ကုန်ဆုံးမည့် စိတ်ကူးလည်း တစ်ခါမှပင် မရှိဘူးချေ။ ကျင်းယွင်ကျောင်း သူ့ကို ပေးသည်မှာ အခွင့်အရေးတစ်ခုသာမက စိန်ခေါ်မှုတစ်ခုလည်း ဖြစ်၏။
သို့သော် သူတို့နှစ်ယောက် ပို၍ အသေးစိတ်ကျသော ဆွေးနွေးမှုများကို ဆက်လုပ်ရင်း ပိုင်ယွီအန်းအပေါ် ဖိအားများကလည်း တိုးလာသည်။
ကျင်းယွင်ကျောင်းသည် အလုပ်အားလုံးကို လုပ်ရန် သူများကို မေးပြီး သူတို့ကိုယ်တိုင်ကိုမူ ဘာမှမလုပ်ခိုင်းသော သူမျိုးဖြစ်သည်။ သူမ၏ အသက်အရွယ်ကြောင့် စီးပွားရေးလုပ်ငန်းမှ အရာအားလုံးကို ထိန်းချုပ်ရာ၌ သူမ၏ ကိုယ်စား ပိုင်ယွီအန်းကို ယာယီသုံးရန် လိုအပ်၏။ အစပျိုးသည့် အခြေအနေမှလွဲလျှင် ဝန်ထမ်းရေးရာမှစ၍ စက်ရုံတည်ဆောက်ရေးအတွက် ကုမ္ပဏီနေရာ ရွေးခြယ်ခြင်းအထိ သူ ဘာကိုမှ ကိုယ်တိုင်ကိုယ်ကျ ထိန်းချုပ်ရန် မလိုပေ။
“ငါတို့ ဒီလိုလုပ်ကြမယ်။ အရင်ဆုံး ငါသွားပြီး ငါတို့ကုမ္ပဏီနဲ့ စက်ရုံအတွက် မြေနေရာရွေးလိုက်မယ်၊ ငါရွေးပြီးသွားရင် မင်းကို အတည်ပြုခိုင်းမယ်။ အဲဒီထဲမှာ ဝန်ထမ်းခန့်မယ့်ကိစ္စတွေရော အပါအဝင်ပေါ့။ ငါပြန်လာပြီး ဝန်ထမ်းသစ်ခန့်မယ့် အချက်အလက်တွေကို မင်းကို တစ်ချက် ကြည့်ခိုင်းမယ်။ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခွင့်အာဏာက မင်းလက်ထဲမှာပဲ ရှိနေလိမ့်မယ်”
နောက်ဆုံး၌ ပိုင်ယွီအန်းက ထိုကိစ္စကို အနှစ်ချုပ်ပေးလိုက်သည်။
သူသည် အာဏာကို ချုပ်ကိုင်ထားပြီး သူ၏ လက်အောက်ငယ်သားများအား အမိန့်ပေးမည့် အတွေးမျိုးလည်း တစ်ခါမှ မရှိပေ။ ထို့ထက် ကျင်းယွင်ကျောင်းသည် ငယ်ရွယ်သေးသော်လည်း သူများ၏ ရုပ်သေးရုပ်ဖြစ်လာမည့် ပုံစံ လုံးဝမရှိ။ သူမ၌ ကိုယ်ပိုင်အတွေးအမြင်များရှိ၍ စကားပြောသောအခါတွင်လည်း သူမ၏ စကားလုံးများက တည့်တိုးဆန်၍ လာဘ်မြင်တတ်လေသည်။
ကျင်းယွင်ကျောင်း၏ ကတိပေးချက်အရ ပုံမှန်အတိုင်းပင် ငွေကြေးများ အားလုံးကို ပိုင်ယွီအန်း၏ လက်ထဲတွင် စီမံခန့်ခွဲခွင့်ပေးထားခဲ့သည်။ သို့ရာတွင် သူက သူမအား ငွေကြေးသုံးစွဲပုံကို အစီအရင်ခံစာ တင်ရမည်ဖြစ်သောကြောင့် သူမသည် ထိုအကြောင်းနှင့် ပတ်သတ်၍ စိုးရိမ်မှုမရှိပေ။
စားသောက်ဆိုင်လေးမှ ထွက်လာပြီးနောက် ကျင်းယွင်ကျောင်း၏ မပြောင်းလဲသော စိတ်အေးလက်အေးရှိသည့် ခြေလှမ်းများကို ကြည့်နေသည့် ပိုင်ယွီအန်းသည် မျက်ရည်မထွက်ဘဲ ငိုချင်လာသည်။
အချိန်တိုလေးအတွင်းမှာပင် သူ၏ ဘဝတစ်ခုလုံး ပြောင်းလဲသွားသည့်ပုံများလား။
ပူပန်နေရသော ပြဿနာများကို ဖြေရှင်းပြီးသည့်နောက်တွင် ကျင်းယွင်ကျောင်း၏ လူတစ်ကိုယ်လုံးသည် ပို၍ သက်တောင့်သက်သာဖြစ်သွားပုံပင်။ အချိန်မှာ စောနေသေးသည်ဖြစ်ရာ သူမသည် ကျောင်းသို့ပြန်လာခဲ့၍ ဆေးရုံ၌ သူမအား အရူးတစ်ယောက်လို စောင့်မျှော်နေသူကို လုံးဝမေ့သွားတော့သည်။
ဆေးရုံ၌ လီရှောက်ယွင်၏ မျက်နှာမှာ မည်းမှောင်နေ၏။ သူ၏ တပည့်လေးက နေ့လယ်စာကို နှစ်ယောက်စာအတွက် လာပို့သည့်ကို မြင်သောအခါ သူ၏ မချင့်မရဲဖြစ်မှုများက အခန်းတစ်ခုလုံး၌ ယခင်ကထက် ပို၍ ထှိုင်းမှိုင်းသွားသည့်တိုင်အောင် ပြည့်နှက်သွားတော့သည်။
“အခု မင်း ဘာလို့ ငါ့ကို ဒီကို အလောတကြီး ခေါ်တာလဲလို့ စဥ်းစားနေတာ။ မင်း အစွန့်ပစ်ခံလိုက်ရလိုက်တဲ့ အလှည့်ရောက်လာလို့ကို”
တုလင်းက သူ မတူအောင်ပင် ပျော်ရွှင်ကျေနပ်နေ၍ ပြုံးဖြဲဖြဲ ဖြစ်နေသည်။
ယခင်က လီရှောက်ယွင်ကသာ အခြားသူများနှင့် ဝေးဝေးနေခဲ့ခြင်းဖြစ်၏။ ယခုတော့ ထိုကဲ့သို့ ပြန်၍ ဆက်ဆံခံရသည့် နေ့တစ်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
“နေ့လည်ကျ ကျောင်းကို ခဏသွားရင် ငါနဲ့အဖော်လိုက်ခဲ့ပေး”
လီရှောက်ယွင်က သူ့အား အမှုမထားသကဲ့သို့ တစ်ချက်ကြည့်လိုက်ပြီး သာမန်ကာလျှံကာပင် တောင်းဆိုလိုက်၏။
Chapter 156 : လူယုတ်မာတွေက လက်စားချေတတ်တာ သဘာဝပဲ
လီရှောက်ယွင်က ကြောင့်ကြခြင်းမရှိသည်အား မြင်လိုက်ရာ တုလင်းသည် သဘောတူလိုက်ပြီး ဤအများနှင့်မတူ တမူထူးခြားသော သခင်လေးအား နေ့လည်စာစားရာ၌ အဖော်ပြုပေးရန်ပါ ဆုံးဖြတ်လိုက်သည်။ ထိုအခိုက်တွင် ကျောင်း၌ ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်ပျက်နေ၏။
ဤတစ်ကြိမ်တွင်တော့ ဤပြဿနာကြီးက ကျင်းယွင်ကျောင်းနှင့် လုံးဝမဆိုင်ပေ။
အခြားကျောင်းသားများသည် အမြဲတမ်း ကောလဟာလများ၏ အဓိကဇာတ်ဆောင်ဖြစ်သော ကျင်းယွင်ကျောင်းက ရုတ်တရက် ဘေးလူဖြစ်သွားသည်အား စောင့်ကြည့်နေကြသည်။ သူတို့သည် ထိုအကြောင်းနှင့် ပတ်သတ်၍ စိတ်ခံစားချက်များ အလွန်ပင် ရောထွေးနေ၏။
ထန်ကျစ်ဟွားသည် သူတို့ကျောင်းသို့ ပြောင်းလာကတည်းက သူသည် ချက်ချင်းပင် ကျောင်း၏ နာမည်ကြီးများထဲမှ တစ်ယောက် ဖြစ်လာသည်။ ထိခိုက်လွယ်ပုံရသော မျက်နှာလေးဖြင့် ကျန်းမာရေးမကောင်းသော မင်းသားနှင့် သူ့အား ကျောင်းပို့ကျောင်းကြိုလုပ်ရန် လွှတ်ပေးထားသော တန်ဖိုးကြီးကားတစ်စီး အမြဲတမ်းရှိနေခြင်းက သူ၏ ပတ်ဝန်းကျင်ရှိ ကျောင်းသားတိုင်းအား မရည်ရွယ်ဘဲ ဆွဲဆောင်နိုင်ခဲ့၏။ သူက သိုသိုသိပ်သိပ်နေရန် ကြိုးစားနေလျှင်တောင်မှ ဟယ့်ကျားစစ်က သူ့အား ဤသို့ လုပ်ခွင့်မပေးပေ။ ဤသည်က နှစ်ယောက်စလုံးအပေါ်သို့ အာရုံစိုက်မှုများ ပို၍ ကျရောက်လာစေသည်။
ယနေ့ နေ့လည်တွင် ဟယ့်ကျားစစ် ပြန်ပေးဆွဲခံလိုက်ရ၏။
ဤသတင်းအား သယ်ဆောင်လာသူမှာ ချောင်ဟုန်ယဲ့ပင်။ သူမ၏ အခိုင်အမာပြောကြားချက်အရ ယနေ့ သူတို့သည် ဟွားနင်ခရိုင်မြို့ပေါ်၌ စျေးဝယ်ထွက်ရန် လျှောက်သွားခဲ့ကြသည်။ သို့သော် ဟယ့်ကျားစစ်သည် လမ်းလျှောက်မြန်လွန်းသဖြင့် ချောင်ဟုန်ယဲ့က တစ်ဖက်သို့ ခဏလှည့်ကြည့်မိချိန်တွင် သူမအား မျက်ခြေပြတ်သွားခဲ့၏။ သူမသည် အနီးနားတွင် ဟယ့်ကျားစစ်၏ လွယ်အိတ်ကိုသာ ရှာတွေ့ခဲဲ့သည်။
မူလက သူမသည် ဟယ့်ကျားစစ်က သူမအား နောက်ပြောင်ကျီစယ်နေခြင်းဟုသာ ထင်သော်လည်း စာသင်ခန်းသို့ ပြန်လာပြီးသည့်နောက်တွင် ဟယ့်ကျားစစ်က သူမ၏ ယာဥ်မောင်းနှင့်အတူ ထွက်သွားခြင်း မဟုတ်ကြောင်း သိလိုက်ရ၏။
ထို့ကြောင့် သူမသည် ထိုအကြောင်းကို ဆရာ့ထံသို့ အလျင်အမြန် အကြောင်းကြားခဲ့သည်။
ချောင်ဟုန်ယဲ့၏ ငိုကြွေးမှုသည် သစ်တော်ပွင့်များ တွဲပါလာသည့် မိုးရေများကဲ့သို့ပင်။ သူမသည် ထန်ကျစ်ဟွားအား မြင်သည်နှင့် စိတ်အားထက်သန်စွာဖြင့် ခပ်သွက်သွက် ပြောလိုက်သည်။
“အားလုံးက ငါ့ရဲ့အမှားပါ။ လမ်းလျှောက် အရမ်းနှေးနေရင်တောင်မှ ငါ သူ့ကို မျက်ခြေမပြတ်အောင် လိုက်ခဲ့သင့်တာ။ ဒါပေမယ့် ငါ ဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့ တကယ် မမျှော်လင့်ထားဘူး။ ထန်ကျစ်ဟွား၊ ငါတောင်းပန်ပါတယ်။ တကယ် တောင်းပန်ပါတယ်။ အစက သူက ငါ့ကို ထပ်ပြီးတော့ လှည့်စားနေတယ်လို့ပဲ ထင်ခဲ့တာ။ ပြီးတော့ သူဝယ်ထားတဲ့ ပစ္စည်းတွေကို ငါ့ကို သယ်ခိုင်းချင်လို့ သူ့နောက်ကို လိုက်စေချင်တာ။ လက်တွေ့မှာ ဒီလိုဖြစ်သွားလိမ့်မယ်လို့ ငါ တစ်ခါမှ မျှော်လင့်မထားခဲ့မိဘူး”
ကျင်းယွင်ကျောင်း၏ မျက်လုံးများက မည်းမှောင်သွား၏။
ချောင်ဟုန်ယဲ့က တောင်းပန်၍ သူမကိုယ်သူမ အပြစ်နေသည်ဟု ထင်ရသော်လည်း လက်တွေ့၌ သူမသည် ဟယ့်ကျားစစ်ကိုသာ အဆက်မပြတ် အပြစ်ပုံချနေခြင်း ဖြစ်သည်။ သူမက ရိသဲ့သဲ့ဖြင့် မှားယွင်းစွပ်စွဲခံနေသည့် အမူအယာကိုပင် သရုပ်ဆောင်နေသေး၏။
ဤလှည့်ကွက်များသည် လူများက ထိုပြဿနာများကို လျှော်မပေးမချင်း ချောင်ဟုန်ယဲ့ အမြဲတမ်းသုံးနေကျဖြစ်သည်။
လူယုတ်မာများက လက်စားချေတတ်သည်မှာ သဘာဝပင်။ ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့နှင့် ဟယ့်ကျားစစ်က သဘာဝအလျောက်ပင် ရန်ဘက်များအဖြစ် မွေးဖွားလာသည်ဟု ရုတ်တရက် ကြိုတင်ခန့်မှန်းသိရှိသွား၏။
ဟယ့်ကျားစစ် ကျောင်းပြောင်းလာသည့်အချိန်မှစ၍ ချောင်ဟုန်ယဲ့သည် သူမ၏ နောက်လိုက်မိန်းကလေးဖြစ်လာခဲ့သည်။ ကျင်းယွင်ကျောင်းသည် သူမ၏ သဘာဝအတိုင်းမဟုတ်သည့် အကြားစွမ်းရည် ထက်မြက်မှုကြောင့် လက်တွေ့၌ ဟယ့်ကျားစစ်က ချောင်ဟုန်ယဲ့အား စားပွဲခုံအောက်တွင် စိတ်ဝင်စားဖွယ်ကောင်းသော စကားလုံးများဖြင့် ခြိမ်းခြောက်ပြောဆိုတတ်သည်ကို မကြာခဏ ကြားနိုင်၏။
ယနေ့ ဟယ့်ကျားစစ် ပျောက်ကွယ်သွားခြင်းမှာ ချောင်ဟုန်ယဲ့နှင့် မသတ်ဆိုင်ဟု တစ်ယောက်ယောက်က ပြောလာလျှင် ပထမဆုံး မယုံကြည်မည့်သူမှာ ကျင်းယွင်ကျောင်းပင် ဖြစ်သည်။
စာသင်ခန်းသည် အလွန်အမင်း ပရမ်းပတာ ဖြစ်နေ၏။ ဆရာကျီက ရဲကို အကြောင်းကြားထားပြီး စာသင်ချိန်ကို ခေတ္တ ဆိုင်းငံ့ထားသည်။
ထိုသို့ရှုပ်နေကြသည်ကို အခွင့်ကောင်းယူ၍ ကျင်းယွင်ကျောင်းက ဟွားဇယ်ထံသို့ ဖုန်းခေါ်လိုက်သည်။ ရလဒ်က သူမအား လုံးဝ မအံ့သြစေမိပေ။
မျှော်လင့်ထားသည့်အတိုင်း ဤကိစ္စသည် ချောင်ဟုန်ယဲ့နှင့် ပတ်သတ်နေ၏။ ထောင်မှ လွတ်လာသည့် ကောင်းရှင်း နှင့်မူ ပို၍ ပတ်သတ်နေသေးသည်။
ဤနေ့လည်ခင်း၌ ချောင်ဟုန်ယဲ့သည် ဟယ့်ကျားစစ်အား ဟွားနင်ခရိုင်မြို့၏ စျေးလမ်းပေါ်တွင် ခဏတစ်ဖြုတ် လျှောက်ပတ်ကြည့်ရန် ခေါ်ဆောင်လာခဲ့၏။ ဟယ့်ကျားစစ်က သန့်စင်ခန်း ရှာချင်သောအခါ သူမက အလွန်လူပြတ်သော လမ်းကြောင်းတစ်ခုအား ညွှန်းလိုက်သည်။ သူမက အခွင့်ကောင်းယူလိုက်ပြီး အလွန်မောပန်းနေသကဲ့သို့ ဟန်ဆောင်၍ သူမ၏ နေရာ၌ပင် နေခဲ့လိုက်၏။ ထို့နောက် စီစဥ်ထားသည့်အတိုင်း အလျင်အမြန်ပင် ကောင်းရှင်းကို ဟယ့်ကျားစစ်အား ကားတစ်စီးပေါ်သို့ တစ်ခါတည်း ဆွဲတင်သွားစေသည်။
ချောင်ဟုန်ယဲ့နှင့် ကောင်းရှင်းတို့သည် မနေ့ညက တွေ့ဆုံခဲ့ကြ၏။ သူတို့နှစ်ယောက်တည်း သီးသန့်တွေ့ဆုံမှုနှင့် ကောင်းရှင်းက သူမအား ရိုက်နှက်နေပုံကို ဟွားဇယ်က ဗီဒီယိုရိုက်၍ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။
ငါးစာကိုသာ မြင်၍ ငါးမျှားချိတ်ကို မမြင်ကြပေ။ ဤတစ်ကြိမ်၌ ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အား လွှတ်ပေးရန် ဆန္ဒမရှိ။ ထိုသို့ဖြစ်သောကြောင့် ချောက်ထဲသို့ တွန်းမချမီ ချောင်ဟုန်ယဲ့ က သူမ၏ အားထုတ်မှုများနှင့် မထိုက်တန်ဟု သူမ ခံစားနေရသည်။
ထိုအခိုက်၌ ကျင်းယွင်ကျောင်းသည် ဟွားဇယ်အား သူမထံသို့ ဗီဒီယို ပို့ပေးရန်သာ တောင်းဆိုလိုက်၏။
မကြာမီမှာပင် ရဲများ ရောက်ရှိလာသည်။
ကံဆိုးစွာဖြင့် လူတိုင်းက ထိုကိစ္စသည် ပို၍ ကျယ်ပြန့်လာတော့မည်ဟု တွေးနေစဥ်မှာပင် ဟယ့်ကျားစစ်သည် ကျောင်းပေါက်ဝသို့ မမျှော်လင့်ဘဲ ရောက်ရှိလာပြီး လူတိုင်းက ပြင်ဆင်ချိန်ပင် မရလိုက်ချေ။
ထိုအခိုက်၌ ဟယ့်ကျားစစ်သည် လှပသော နာမည်ကြီးတံဆိပ် အဝတ်အစားများကိုသာ ဝတ်ဆင်ထားဆဲဖြစ်၏။ သူမ၏ စည်းနှောင်ထားသော ဆံပင်ရှည်ကြီးက လေထဲတွင် လွင့်နေ၍ သူမ လမ်းလျှောက်သည့် အမူအယာမှာ အနည်းငယ် ထူးဆန်းနေပြီး မျက်နှာအမူအယာကလည်း အလွန်အကျည်းတန်နေသည်။
“ဘယ်လိုဖြစ်တာလဲ။ ပြန်ပေးဆွဲခံရတယ်လို့ ပြောခဲ့တာမဟုတ်လား”
ရဲများသည် ဓါတ်ပုံတစ်ပုံအား မြင်လိုက်ရုံနှင့်ပင် သူမအား အခက်အခဲမရှိ မှတ်မိနိုင်၏။ ထန်ကျစ်ဟွားသည်ပင် ဟယ့်မိသားစုမှ မိဘများအား ဆက်သွယ်ထားပြီး ဖြစ်သည်။
ဟယ့်ကျားစစ်က ရဲများအား အဖတ်မတန်သလို မျက်လုံးဝေ့၍ ကြည့်လိုက်ပြီး ဒေါသတကြီး မေးလိုက်၏။
“ဘယ်သူက ပြန်ပေးဆွဲခံရတာလဲ”