အခန်း (၁၅၇-၁၆၀)
Vol. 8 Ch. 157-160
Chapter 157 : ဒေါသပေါက်ကွဲခြင်း
ကျင်းယွင်ကျောင်းက ဟယ့်ကျားစစ်၏ ဘက်၌ တစ်ခုခုကြုံတွေ့လာခဲ့မှန်း သေချာသိလိုက်၏။ သို့သော် ကောင်းရှင်းအား ကာကွယ်နေခြင်းက တစ်ခုခု မှားနေပြီဖြစ်ကြောင်း အသိအသာပင်။
“ဟယ့်ကျားစစ်၊ ချောင်ဟုန်ယဲ့က ပြောတယ်။ မင်းတို့ စျေးဝယ်ထွက်နေတုန်း မင်းက ဘယ်နေရာ ရောက်သွားမှန်း မသိဘဲ ပျောက်သွားတာဆို။ အခု စာသင်ချိန်တစ်ချိန်ကုန်ပြီး နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီ။ ဘာတွေဖြစ်ခဲ့တာလဲ”
နောက်ဆုံး၌ ဆရာကျီက အရေးကြီးသော မေးခွန်းကို မေးလိုက်သည်။
ဟယ့်ကျားစစ်၏ အမူအယာက အနည်းငယ် ရုပ်ဆိုးနေ၏။ သို့သော် သူမသည် ဆရာ၏ စိတ်ထားကို သိသောကြောင့် အံကြိတ်၍ ပျင်းရိစွာဖြေလိုက်၏။
“ဆရာ၊ ကျွန်မ ချောင်ဟုန်ယဲ့ကို ပျောက်သွားလို့ပါ။ ကျွန်မက ဟွားနင်ခရိုင်မြို့က လမ်းတွေနဲ့လည်း မရင်းနှီးဘူး။ ပြီးတော့ ကျွန်မ ခဏနားနေတုန်း လွယ်အိတ်ကလည်း လမ်းဘေးမှာ မေ့ကျန်ခဲ့တာ။ ကျွန်မရဲ့ပိုက်ဆံတွေအားလုံးနဲ့ ဖုန်းကလည်း လွယ်အိတ်ထဲပါသွားတော့ ကျွန်မ အပြန်မှာ နှောင့်နှေးနေတာပါ”
ဟယ့်ကျားစစ် သူမကိုယ်တိုင် ရှင်းပြနေသည်ကို ကြားသောအခါ ချောင်ဟုန်ယဲ့၏ မျက်လုံးများ၌ ရယ်ချင်မှုများနှင့် မထီမဲ့မြင်မှုများ လျှပ်တပြက် ဖြတ်ပြေးသွားသည်။
“ကျားစစ်၊ ငါတောင်းပန်တယ်။ ငါ နင် တကယ် ပြန်ပေးဆွဲခံလိုက်ရပြီလို့ ထင်ခဲ့တာ။ ဆရာကျီနဲ့ ကျန်တဲ့သူတွေကလည်း နင် ဒုက္ခရောက်မှာကို စိုးရိမ်ပြီး ရဲခေါ်လိုက်ကြတာ။ နင် တကယ် အဆင်ပြေရဲ့လားဟင်”
ချောင်ဟုန်ယဲ့က နူးညံ့စွာ မေးလိုက်၏။
ဟယ့်ကျားစစ်က သူမအား မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
သင်း (ဒင်း) လမ်းကို နှေးနှေးကွေးကွေး လျှောက်ခြင်းကြောင့်သာ မဟုတ်ပါက သူမ အဘယ်ကြောင့် ပြန်ပေးဆွဲခံရမည်နည်း။
ယခု ကိစ္စများက ကြီးမားလှသည်။ သူမ၏ ရင်ထဲ၌ ဒေါသများပြည့်နေသော်လည်း သူမသည် ရဲအရာရှိများကို ဘာမှ မပြောပြနိုင်ပေ။ ထို့သို့မဟုတ်လျှင် အနာဂတ်၌ ထန်ကျစ်ဟွားနှင့် တစ်ဖန်ပြန်၍ နီးစပ်နိုင်တော့မည် မဟုတ်ချေ။
ဟယ့်ကျားစစ်က သူမ၏ အနည်းငယ် မသက်မသာဖြစ်နေသော ခန္ဓာကိုယ်အား တွန့်လိုက်သည်။ ထန်ကျစ်ဟွား၏ စိတ်ဆိုးနေသည့် အမူအယာကို မြင်သောအခါ သူမက သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး ရဲအရာရှိများနှင့် အခြားသူများအားလုံးကို စကားပြောရန်အတွက် လှည့်လိုက်၏။
“ရဲဦးလေးကြီးတို့၊ ကျွန်မ ဘာမှမဖြစ်ဘဲနဲ့ ရှင်တို့ကို ဒီကိုလာစေခဲ့မိလို့ တောင်းပန်ပါတယ်။ တကယ့်ကို ကျွန်မ ဘာမှ မဖြစ်ခဲ့ပါဘူး၊ စိတ်ပူပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်”
ထိုစကားကြောင့် လူများစွာလည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြသည်။
ဆရာကျီက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ပြီး ရဲများအား အနာဂတ်တွင် သူ ပို၍ စဥ်းစားချင့်ချိန်ပြီးမှသာ ရဲကို အကြောင်းကြားမှုများ လုပ်တော့ပါမည် ဟု ဆိုရင်း တောင်းပန်လိုက်၏။
ရဲများထွက်သွားပြီးနောက် စာသင်ခန်းတစ်ခုလုံး ပရမ်းပတာ ဖြစ်နေသည်။
ရုတ်တရက် သူတို့သည် ‘ဖြန်း’ ဟူသော အသံတစ်ချက် ကြားလိုက်ရ၏။ ဟယ့်ကျားစစ်က ချောင်ဟုန်ယဲ့အား ပါးကို ခပ်ကြမ်းကြမ်း တစ်ချက်ရိုက်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။
“ဘယ်သူက နင့်ကို ရဲခေါ်ခိုင်းလို့လဲ။ လျှာရှည်တဲ့ကောင်မ။ နင်က ငါ့ကို သိက္ခာကျအောင် လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို ထားခဲ့တာလို့တောင် သံသယဝင်လာပြီ”
ကျောင်းသားများသည် ချက်ချင်းပင် အံ့သြထိတ်လန့်သွားပြီး တိတ်ဆိတ်ကုန်ကြ၏။
ဟယ့်ကျားစစ်၏ စိတ်ထားသည် များသောအားဖြင့် အထက်စီးဆန်သော်လည်း ထန်ကျစ်ဟွား၏ရှေ့၌မူ သူမသည် သူမကိုယ် ထိန်းသိမ်းနေလေ့ရှိပြီး အခြားကျောင်းသားများအား ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ပြုမူလေ့ရှိသည်။ ယနေ့ သူမ ဘယ်လိုဖြစ်သနည်း။ ထန်ကျစ်ဟွားသည် အနား၍ ရှိနေသော်လည်း သူမက ချောင်ဟုန်ယဲ့အား ရိုက်ရန် လက်မြှောက်ခဲ့သေးသည်လား။
“ဟယ့်ကျားစစ်၊ နင် ဘာလို့ ဒီလို ပြောရတာလဲ။ ငါ...ငါက ပစ္စည်းတွေအများကြီး သယ်နေခဲ့တာတော့ ငါလမ်းလျှောက်တဲ့အရှိန်က မြန်မှ မမြန်တာ”
ချောင်ဟုန်ယဲ့က မှားယွင်စွပ်စွဲခံရသကဲ့သို့ သူမ၏ မျက််နှာကို အုပ်၍ ပြောလိုက်သည်။
ဤသည်က ဟယ့်ကျားစစ်အား ပို၍ပင် ဒေါသထွက်စေသည်။ ချောင်ဟုန်ယဲ့ ဆိုလိုတဲ့ အဓိပ္ပါယ်က ဘာလဲ။ သူမက ချောင်ဟုန်ယဲ့ကို အနိုင်ကျင့်တယ်ဆိုတာကို အခြားသူတိုင်းကို သက်သေပြချင်နေတာလား။
ထိုကိစ္စများကို သူမ အမှန်တကယ် လုပ်ခဲ့၍ သူမသည် ချောင်ဟုန်ယဲ့အား ညှင်းပန်းရန် ရည်ရွယ်ခဲ့သည်ဆိုလျှင်တောင်မှ သူမ ထိုသို့ မလုပ်မီတွင် ချောင်ဟုန်ယဲ့က သူမ ဝယ်ခြမ်းထားသည်များအား သယ်ပေးချင်ကြောင်း ဖော်ပြခဲ့သည်။ တစ်နည်းပြောရလျှင် လုပ်ပေးချင်နေသူက သူမပင်။
“ဟယ့်ကျားစစ်၊ အတန်းတွေ စနေပြီ”
ထန်ကျစ်ဟွားက သူမအား တစ်ချက်ကြည့်လိုက်၍ ထိုအကြည့်က ကူကယ်ရာမဲ့မှုများနှင့် အေးစက်သောသဘောထားများ ပါဝင်နေသည်။
သူသည် ဟယ့်ကျားစစ်အား အနည်းနှင့်အများ နားလည်မှုရှိ၏။ ဤနှစ်များအတွင်း ထန်မိသားစု၏ အကူအညီဖြင့် ဟယ့်မိသားစု၏ စီးပွားရေးက မဆိုးလေရာ ဟယ့်ကျားစစ်၌ မင်းသမီးရောဂါ အနည်းနှင့်အများဆိုသလို ရှိနေသည်။ အကယ်၍ သူမက အမှားလုပ်ထားမိသည် ဆိုလျှင်တောင်မှ သူမသည် အခြားသူအား အပြစ်လွှဲချနေဆဲပင်။
သို့သော် မည်သို့ပင် ဆိုစေကာမူ သူမသည် ဟယ့်မိသားစု၏ သမီးဖြစ်နေသေးသည်။ သူသည် ကျောင်းသားများစွာ၏ ရှေ့၌ သူမကို ဆုံးမလိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ဟယ့်ကျားစစ် အတွက်မူ ဤအမူအပြုလေးကပင် သူမအား အလွန်အမင်း ပျာယာခတ်သွားစေသည်။
ထန်ကျစ်ဟွားသည် ၎င်းကို ကျယ်ကျယ် မပြောနိုင်သော်လည်း သူမကတော့ ပြောရမည်။ သူသည် သူမ၏ ဒေါသပေါက်ကွဲခြင်းအား အပြစ်တင်နေသည်မှာ သိသာ၍ သူက ချောင်ဟုန်ယဲ့အား ယဥ်ကျေးသည့် အရိပ်အယောင်ပင် ထုတ်ပြနေသေးသည်။ သို့သော် ၎င်းက ဘာကို အခြေခံသနည်း။ ချောင်ဟုန်ယဲ့၏ အဖေက သေးနုတ်သောလူတစ်ယောက်မျှသာ ဖြစ်သည်လေ။
ထိုနေရာထိအောင် စဥ်းစားနေလိုက်ရင်း ဟယ့်ကျားစစ်က ဖြတ်ခနဲ သဘောပေါက်သွား၏။ ထန်ကျစ်ဟွား၏ ရှေ့၌ သူမ၏ ပုံစံအား ကြည့်ရဆိုးအောင် လုပ်ရဲသည့်အတွက် သူတို့ပြန်သွားသောအခါ ချောင်ဟုန် သတိထားနေခြင်းက ပိုကောင်းလိမ့်မည်။
အတင်းအဖျင်းစကားများအလယ်တွင် ကျောင်းသားများသည် စာသင်ချိန်နှစ်ချိန်ကို တက်ရန် ပြင်ဆင်လိုက်ကြသည်။
စာသင်ချိန်နှစ်ချိန်ပြီးသွားသောအခါ ချောင်ဝေ့မင်က ကျောင်းသားမိဘတစ်ယောက် အနေနှင့် စာသင်ခန်း တံခါးဝ၌ တိုက်ရိုက် ထွက်ပေါ်လာ၏။
ကျင်းယွင်ကျောင်းသည် သူ့အား မြင်သောအခါ သူမ၏ မျက်နှာ၌ ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။ ချောင်ဝေ့မင်သည် မျက်တွင်းများပင် အလွန်အမင်း ချောင်ကျနေပြီး သူ၏ မျက်နှာက အရက်အသောက်လွန်သောကြောင့် နီရဲနေ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ အမူးမပြေသေးကြောင်း သိနိုင်သည်။
Chapter 158 : လျှင်သူစားစတမ်း
ချောင်ဟုန်ယဲ့သည် လူတိုင်း၏ အကြည့်များအောက်မှာပင် တံခါးဝသို့ လျှောက်လာ၍ သူမ၏ မျက်နှာ၌ ရှက်ရွံ့မှုများဖြင့် ပြည့်နေ၏။ ကျင်းယွင်ကျောင်းက ဟယ့်ကျားစစ်ဆီသို့ ဦးတည်နေသည့် ချောင်ဝေ့မင်၏ မျက်နှာပေါ်မှ မျက်နှာလို မျက်နှာရ အပြုံးကို မြင်သောအခါ သူမသည် အရာအားလုံးကို ချက်ချင်းသဘောပေါက်သွားတော့သည်။
လက်ရှိ၌ ချောင်ဟုန်ယဲ့နှင့် ဟယ့်ကျားစစ်သည် လျှင်သူစားသည့် ဆက်ဆံရေးဖြစ်၏။
သို့ရာတွင် ချောင်ဟုန်ယဲ့သည် စာသင်ခန်းတံခါးဝသို့ ရောက်သည်နှင့် ချောင်ဝေ့မင်က သူမအား ချက်ချင်းပင် ပါးတစ်ချက် ချလိုက်သည်။
ချက်ချင်းပင် ချောင်ဟုန်ယဲ့၏ မျက်နှာ၌ နီရဲသော လက်ငါးချောင်းရာကြီးများ ထင်သွားသော်လည်း ချောင်ဝေ့မင်က မပြီးသေးပေ။ ထို့နောက် သူက ခြေထောက်ကို မတ်မတ်ရပ်၍ ချောင်ဟုန်ယဲ့၏ နှာခေါင်းကို လက်ညှိုးဖြင့် တည့်တည့်ထိုးလိုက်ကာ စတင် ငေါက်ငမ်းတော့သည်။
“ငပျင်းမ၊ နင် ပုံမှန်မဟုတ်တာတွေ ဘာတွေလုပ်ထားတာလဲ။ ပြီးတော့ နင် ဘယ်သူ့ကို အပြစ်ပြုမိထားတာလဲ။ ငါ့ရဲ့စက်ရုံပြိုကျသွားတာ အဲဒါတွေ အားလုံးကြောင့်ပဲ”
ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်၏။ ချောင်ဝေ့မင်ရဲ့ စက်ရုံ ပြိုကျသွားတာလား။ ဘယ်အချိန်တုန်းက ဖြစ်သွားတာလဲ။ ဟယ့်ကျားစစ်လား။
ကျင်းယွင်ကျောင်းက ဟယ့်ကျားစစ်အား လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင်လည်ူ အံ့အားသင့်သွားသော အရိပ်အယောင်များကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်လေးတွင် သူမ ဟန်ဆောင်နေရန် မဖြစ်နိုင်ချေ။ ပြီးလျှင် သူမတွင်လည်း ထိုသို့လုပ်စရာ အကြောင်းပြချက် မရှိ။
သို့သော် အတိတ်ဘဝက ချောင်ဝေ့မင်၏ စက်ရုံမှာ အကောင်းကြီးပင် ဖြစ်၏။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်လာတာလဲ။
“အဖေ ရူးနေပြီလား။ ကျွန်မက ဘယ်သူ့ကို အပြစ်လုပ်နိုင်မှာလဲ”
ချောင်ဟုန်ယဲ့က အပြစ်တင်စွပ်စွဲခံသောကြောင့် စတင်၍ အော်ဟစ်ငိုကြွေးနေပြီး သူမ၏ စိတ်ထဲတွင်မူ ကိစ္စတစ်ခုလုံးအား ဟယ့်ကျားစစ်၏ ခေါင်းပေါ်သို့သာ ပုံချလိုက်သည်။ သူမ ကောင်းရှင်းအား တစ်ခုခု လုပ်ခိုင်းလိုက်သည်ဟူသော ထင်မြင်ချက်မှာ ပို၍ ခိုင်မာလာ၏။ သူတို့နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ကိစ္စမျိုးကို ကောင်းရှင်းက ငြင်းမည် မဟုတ်ပေ။
ချောင်ဝေ့မင်၏ သဘောထားမှာ အေးစက်လှပြီး သူ့ သမီးဖြစ်သူ၏ စကားများကို လုံးဝမယုံပေ။ သူက ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် ကျင်းယွင်ကျောင်းအား မြင်သွား၍ ချောင်ဟုန်ယဲ့အား သူမ၏ ရှေ့သို့ တိုက်ရိုက်ဆွဲခေါ်လာခဲ့သည်။
“ယွင်ကျောင်းရေ၊ အဖေ့ရဲ့စက်ရုံက ပြိုကျသွားပြီး အဖေတို့မှာ ပိုက်ဆံမရှိတော့ဘူး။ ဒီလိုမျိုးသာ ရှေ့ဆက်သွားရင် နင့်ရဲ့မောလေးနဲ့ညီမလေးရဲ့ကျောင်းစရိတ်ကို ဆက်ပေးနိုင်ဖို့ ခက်ခဲလာလိမ့်မယ်။ နင် အဖေ့ကို အဲဒီဂျင်ဆင်းလေး ပေးနိုင်မလား”
ကျင်းယွင်ကျောင်းက ရွံရှာစက်ဆုပ်စွာဖြင့် လှောင်ပြောင်လိုက်၏။ သူက တကယ်ပဲ ဂျင်ဆင်း သူ့လက်ထဲကို ရောက်လာမယ့် စိတ်ကူးကို အရှုံးမပေးသေးဘူးလား။
သူမက ဘာမှပြန်မပြောသည်ကို မြင်သောအခါ ချောင်ဝေ့မင်က ဆက်ပြောလိုက်သည်။
“ယွင်ကျောင်း၊ နင်က ငါတို့နဲ့ မိသားစု ဆက်ဆံရေးတွေကို ဖြတ်တောက်လိုက်တယ် ဆိုရင်တောင်မှ ငါကြောင့်သာ မဟုတ်ရင် နင် ဒီလို အဆင်ပြေပြေ တည်တည်ငြိမ်ငြိမ်နဲ့ ကြီးပျင်းလာပါ့မလား။ တကယ်လို့ ဂျင်ဆင်းကို နင်စားပြီးသွားပြီဆိုရင်လည်း အဖေက အဲဒါကို ခေါင်းမာပြီး မတောင်းတော့ပါဘူး၊ ဒါပေမယ့် နင့်ရဲ့လည်ပင်းမှာ ကျောက်စိမ်းဆွဲကြိုးလေးရှိတယ်လို့ အဖေ မှတ်မိသေးတယ်။ အဲဒါက နင်ငယ်ငယ်တုန်းက နင်အန္တရာယ်ကောင်းအောင်လို့ဆိုပြီး နင့်အတွက် အဖေ ဝယ်လာပေးခဲ့တာ၊ နင် အဲဒါကို အဖေ့ကို ပေးပါလား”
ကျင်းယွင်ကျောင်းသည် ထိုစကားများကို ကြားလိုက်ရသည်နှင့် ချောင်ဝေ့မင်၏ အရှက်မရှိမှုအား ဟားတိုက်၍ လှောင်ရယ်လိုက်မိ၏။
သူမ အန္တရာယ်ကင်းဖို့အတွက် သူဝယ်ပေးခဲ့တယ်တဲ့လား။ ချောင်ဝေ့မင်သည် အမြဲတမ်း စီးပိုးတတ်သူဖြစ်ရာ ဤကျောက်စိမ်းကို သူမအတွက် သူက ဘယ်လို ဝယ်ပေးခဲ့နိုင်သနည်း။
ကျောက်စိမ်းဆွဲသီးလေးသည် သူမ၏ နေရာလွတ်နယ်မြေဖြစ်သည်။ ၎င်းမှာ ကျင်းမိသားစုမှ ဆင်းသက်လာသော အမွေအနှစ် ပစ္စည်းတစ်ခုဖြစ်သောကြောင့် အနည်းငယ် ရှေးကျပုံပေါ်၏။ ၎င်းအား အပေါ်ယံကြည့်ရုံနှင့် များစွာအဖိုးတန်ကြောင်းကို ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ယခင်က ယဲ့ချင်သည် ချောင်ဟုန်ယဲ့နှင့် အစ်ကိုဖြစ်သူတို့ကို မကောင်းဆိုးဝါးရန်မှ ကူညီကာကွယ်ရန် သူမအား အသုံးပြုချင်ခဲ့သောကြောင့် သူမ၏ ကိုယ်ပေါ်ရှိ မည်သည့်အရာကိုမှ မထိရဲခဲ့သည့် အချက်ကိုပါ ထည့်တွက်နိုင်သည်။ ထိုသို့သာမဟုတ်ပါက ဤအရာသည် ကျောက်စိမ်းဆွဲသီးမဟုတ်ဘဲ အတုတစ်ခုဖြစ်နေလျှင်တောင် ယခုအချိန်ထိ သူမ၏ ကိုယ်ပေါ်တွင် ကျန်ရှိနေရန်မှာ မဖြစ်နိုင်ပေ။
ကျင်းယွင်ကျောင်းက စာအုပ်ကို ပိတ်လိုက်ရင်း သူ့ကို တစ်ချက်ငဲ့ကြည့်လိုက်သည်။
“ရှင်က အခု ကျွန်မကို ခြိမ်းခြောက်နေတာလား”
“နင် ... နင့်ရဲ့အဖေကို ဘာကြောင့်များ ဒီလိုပြောနိုင်တာလဲ။ အဖေက နင့်ကို တကယ် ခြိမ်းခြောက်နေလို့လား။ ဒီဟာက ငါဝယ်ပေးထားတာ၊ ဘာလို့ ငါက ပြန်ယူလို့ မရရမှာလဲ။ ဒါပေမယ့် ကျောက်စိမ်းတွေမှာက ဝိညာဥ်စွမ်းအားတွေရှိတယ်။ ဒါကြောင့် နင် ငါ့ကို ဒါ မပေးချင်ရင် အလဲအလှယ်အနေနဲ့ ဂျင်ဆင်းကို ထုတ်ပေးလိုက်”
ချောင်ဝေ့မင်က အဆက်မပြတ် မြည်တွန်လိုက်၏။
သူသည် မည်သူ့ကို အပြစ်ပြုခဲ့မိမှန်းမသိသော်လည်း စက်ရုံ၏ ဖောက်သည်များအားလုံးက ရုတ်တရက် ပေါ်မလာရဲကြတော့သဖြင့် ယခုအချိန်တွင် သူတို့၏ လက်ထဲ၌ ရုတ်တရက် ပျက်စီးသွားသော ထုတ်ကုန်ပစ္စည်းများသာ အစုလိုက်အပုံလိုက် ရှိနေတော့သည်။ သူသည် ရင်းနှီးမြုပ်နှံမှုများတွင်သာ တာဝန်ရှိသောကြောင့် စီးပွားရေးလည်ပတ်ပုံကို သေချာမသိပေ။ သူသိသမျှမှာ သုံးရက်ဟူသော အချိန်တိုအတွင်းတွင် သူ အရာအားလုံးကို ဆုံးရှုံးလိုက်ရခြင်းပင်။
သူသည် သူ၏ စီးပွားဖက်များကို အဖြေသိရရန်အတွက် သွားရှာခဲ့သော်လည်း အခြားသူက ပို၍ပင် ကလိမ်ကကျစ်ကျသော လူတစ်ယောက်ဖြစ်နေသဖြင့် သူကသာ လူတစ်ယောက်အား အပြစ်ပြုခဲ့မိသောကြောင့်ဟု အခိုင်အမာပြောလေသည်။
သို့သော် သူ မည်မျှပင် ကြိုးကြိုးစားစား တွေးစေကာမူ မည်သူ့ကိုမှ မစဥ်းစားမိ။ အဆုံးတွင် သူသည် ချောင်ဟုန်ယဲ့၊ ဤကလေးမက ဟယ့်မိသားစု၏ မမလေးအား ကောင်းကောင်းမွန်မွန် မပြုစုပေးသောကြောင့်ဟူ၍သာ ခံစားလိုက်ရလေသည်။ ထို့သို့ဖြစ်သောကြောင့်သာ သူသည်လည်း ဤမမျှော်လင့်ထားသော ဘေးဒုက္ခများကို ခံစားနေရခြင်းပင်။
ချောင်ဝေ့မင်သည် ဒေါသထွက်လွန်းသဖြင့် ချောင်ဟုန်ယဲ့အား လည်ပင်းညစ်သတ်ချင်စိတ် မပေါက်ဘဲ မနေနိုင်တော့ပေ။ ကွယ်လွန်သွားပြီဖြစ်သော သူ၏ ဇနီးဖြစ်သူကိုပင် ဤကိစ္စထဲ ဆွဲထည့်မိသေးသည်။ ထိုမိန်းမက ချောင်ဟုန်ယဲ့အား ထိထိရောက်ရောက် သင်ကြားမပေးထားခြင်းကြောင့်သာ မဟုတ်ပါက ဤအရှုပ်အထွေးကြီးတစ်ခုလုံးက မည်သို့ စတင်လာမည်နည်း။
Chapter 159 : ရက်ရက်စက်စက် ရိုက်နှက်ခြင်း
လက်ရှိတွင် ချောင်ဝေ့မင် လုပ်နိုင်သည်မှာ ပိုက်ဆံစုခြင်းပင်။
ဤနှစ်များအတွင်း သူသည် အလုပ်လုပ်စရာ မလိုဘဲ ပိုက်ဆံရသော ဘဝနေထိုင်မှု ပုံစံဖြင့် နေသားကျနေပြီဖြစ်သည်။ လက်ရှိအချိန်တွင် အရက်သောက်ခြင်းမှ လွဲလျှင် ပင်ကိုအားဖြင့် ဘာကိုမှ မလုပ်နိုင်တော့ချေ။ သူသည် သူ၏ ကိုယ်ပိုင်လုပ်နိုင်စွမ်းကို သုံး၍ ပိုက်ဆံရှာရန်အတွက်မူ ပို၍ပင် မလုပ်နိုင်သေးချေ။ ယခုအခါတွင် သူသည် ဆက်လက်ရင်းနှီးမြုပ်နှံရန်အတွက်သာ ငွေများကို ပုံအောနိုင်သည်။ ထို့နောက် နောက်ပိုင်းတွင် သူ၏ ကံတရားကို ပြောင်းလဲနိုင်စွမ်းရှိလာလိမ့်မည်။
သူသည် ဤနှစ်အနည်းငယ်အတွင်း၌ ဘဏ်စုငွေအနည်းငယ် စုထားခဲ့သော်လည်း ၎င်းက လွန်ခဲ့သော နှစ်များက သူ့တွင်ရှိခဲ့သည်နှင့် မနှိုင်းယှဥ်နိုင်တော့ပေ။ ရှင်းရှင်းလင်းလင်းပင် ဤမျှလောက်သော ပိုက်ဆံလေးက လူအများ သတိပြုမိရန်အတွက်ပင် မလုံလောက်။ ဤအခြေအနေများအောက်တွင် သူသည် ကျင်းယွင်ကျောင်း၌ ဂျင်ဆင်းမြစ်ကြီးရှိသေးသည်ကို သတိရလိုက်၍ သူ၏သွေးများပင် ဆူပွက်လာသလို ခံစားလိုက်ရ၏။
ကျင်းယွင်ကျောင်းသည် ချောင်ဝေ့မင်ကဲ့သို့ အရှက်မရှိသောသူမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။ မျက်နှာချိုသွေးနေသော အပြုံးနှင့် ဘေး၌ အရှက်မရှိရပ်နေသော သူ့ကို မြင်လိုက်ရခြင်းကြောင့် ကျင်းယွင်ကျောင်းသည် ရင်ထဲက မသက်မသာဖြစ်လာသည်ကိုသာ ခံစားလိုက်ရသည်။
“လူတစ်ယောက်မှာ မျက်နှာလိုတယ်၊ သစ်ပင်တစ်ပင်မှာ အခေါက်လိုတယ်။ ချောင်ဝေ့မင်၊ ဒီကျောက်စိမ်းကို ရှင် ဝယ်ပေးခဲ့တာလို့ ရဲရဲတင်းတင်း ပြောရဲတယ်လား။ ဒီဟာက ကျွန်မရဲ့မိဘအရင်းတွေက ကျွန်မအတွက် ချန်ထားပေးခဲ့တယ်ဆိုတာ ရှင်းနေတာပဲ။ ပြီးတော့ ဒီပေါ်မှာ ကျွန်မရဲ့မျိုးရိုးနာမည်ကိုလည်း ထိုးထားသေးတယ်။ ရှင် အဓိပ္ပါယ်မရှိ လျှောက်ပြောနေတာတွေမှာလည်း အကန့်အသတ်ရှိသင့်တယ်”
ကျင်းယွင်ကျောင်း အေးစက်စက်ဖြင့် ဟမ့်ခနဲ့ တစ်ချက် အသံပြုကာ ဆက်ပြောလိုက်သည်။
“ကျွန်မရဲ့မြင်ကွင်းထဲက ထွက်သွားအောင် ရှင့်ကို လုပ်ရတော့မယ်”
(TN: လူတစ်ယောက်မှာ မျက်နှာလိုတယ်၊ သစ်ပင်တစ်ပင်မှာ အခေါက်လိုတယ် ဆိုတာ လူတစ်ယောက်မှာ သိက္ခာရှိဖို့လိုတယ်၊ ကိုယ့်ကိုကိုယ် လေးစားမှုရှိဖို့ လိုတယ်လို့ ပြောတာပါ။)
ချောင်ဝေ့မင်၏ မျက်နှာပေါ်မှ မျက်နှာလိုမျက်နှာအပြုံးက ကြေပျက်သွား၏။ သူက ကျင်းယွင်ကျောင်းကို စိုက်ကြည့်လိုက်ပြီး
“နင်က နင့်ကိုနင် ဘာထင်နေတာလဲ။ အဲဒီနှစ်က ငါတို့ ချောင်မိသားစုကသာ နင့်ကို ခေါ်မလာခဲ့ရင် နင့်ရဲ့စိတ်ထားနဲ့ နင့်ရဲ့နိမ့်ကျတဲ့ သဘာ၀ကြောင့် နင် လမ်းပေါ်မှာ သေနေတာပဲ ကြာလှပြီ။ နင်က လူကြီးတွေကို ရိုသေရမယ်၊ အငယ်တွေကို ချစ်ခင်ညှာတာရမယ်ဆိုတာလည်း မသိဘူး။ နင့်မှာ သားသမီးဝတ္တရားဆ်ိုတဲ့ စိတ်လည်း မရှိဘူး။ နင် လမ်းမကြီးအလယ်ခေါင်မှာ စွန့်ပစ်ခံရတာကို မအံ့သြတော့ပါဘူး”
ကျင်းယွင်ကျောင်းက အေးစက်စွာ မတ်တပ်ထရပ်လိုက်၏။
သူမသည် သူ ချောင်ဟုန်ယဲ့အား အနိုင်ကျင့်စော်ကားသည်ကို ဂရုမစိုက်ပေ။ ချောင်ဟုန်ယဲ့က သူ၏ သမီးအရင်းဖြစ်သည်။ သို့သော် သူမနှင့် ဘာမှမဆိုင်ဘဲ သူက သူမအား အနိုင်ကျင့်ချင်နေသည်။
သို့သော် သူမအား လာရှုပ်ရန်မှာ အဆင်မပြေပေ။
“ချောင်ဝေ့မင်၊ ကျွန်မ သည်းခံနေတာ လုံလောက်ပြီ”
စကားပြောပြီးသည်နှင့် ကျင်းယွင်ကျောင်းက တစ်ချက် ဆောင့်ကန်လိုက်တော့သည်။
ပတ်ဝန်းကျင်ရှိ ကျောင်းသားများသည် တုံပြန်ချိန်ပင် မရလိုက်ဘဲ ချောင်ဝေ့မင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဘေး၌ ကြောင်ရပ်နေသော ချောင်ဟုန်ယဲ့နှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားတော့၏။ ကျင်းယွင်ကျောင်း၏ အမူအယာသည် အေးစက်နေပြီး သူမ၏ မျက်ဝန်းနက်နက်များအတွင်း၌ လူသတ်ချင်စိတ်များပင် ပါဝင်နေသလိုပင်။ ထိုပညာပေးနေသော အမူအယာသည် အခြားသူများ၏ နှလုံးသားထဲ၌ နက်ရှိုင်းစွာ စွဲထင်သွား၏။ မည်သူက ဝင်ရောက်ဖျန်ဖြေရဲမည်နည်း။
သူတို့သည် ကျင်းယွင်ကျောင်းသည် တသီးတခြားဆန်သည်ဟု တွေးလေ့ရှိသော်လည်း ထိုအခိုက်တွင်တော့ လူတိုင်းသည် ရုတ်တရက် အနည်းငယ် စိတ်သက်သာရာ ရသွားကြ၏။ ကံကောင်း၍ ကျင်းယွင်ကျောင်းက တသီးတခြားနေတတ်သူ ဖြစ်နေသည်။
သူမသာ အနည်းငယ် ပို၍ စိတ်လိုက်မာန်ပါရှိပြီး ကြမ်းတမ်းပါက ကျင်းယွင်ကျောင်း၏ အကြောင်းကို မကောင်းပြောခဲ့ကြသော ထိုသူများသည် သတိလစ်သွားအောင်ပင် အရိုက်ခံရလိမ့်မည်ဆိုသည်မှာ လက်သင့်ခံနိုင်စရာပင်။
တစ်ချက်ကန်ပြီးနောက် သူတို့သည် ကျင်းယွင်ကျောင်းက စာရေးခုံအား တိုက်ရိုက်ကောက်မပြီး ချောင်ဝေ့မင်အား ပစ်ပေါက်လိုက်သည်ကို မြင်လိုက်ကြရသည်။ စာရေးခုံမှာ သိပ်မလေးသော်လည်း အခြားသူများသည် ၎င်းအား လက်တစ်ဖက်တည်းဖြင့် မ,မနိုင်ပေ။ ကျင်းယွင်ကျောင်း၏ ခွန်အားက လူတိုင်း၏ နှလုံးသားအား ရုတ်ခြည်းပင် တုန်ခါသွားစေသည်။
ရှောင်ဟိုင်ချင်း၏ ပါးစပ်သည်ပင် အနည်းငယ်ပွင့်ဟသွား၏။ စာရေးခုံ လေပေါ်ပျံသွားသည်အား မြင်လိုက်ရသည့်အခိုက် သူမ၏ နှလုံးသားထဲမှ တုန်ယင်သွားမှုသည်လည်း အခြားသူများထက် မလျှော့ပေ။
သူမသည် ကျောင်းပြင်ပမှ လူများစွာကို သိ၍ ရန်ပွဲအတော်များများတွင်လည်း ပါဝင်ဖူးသော်လည်း သူမသည် စည်းမျဥ်းများကို ဂရုထားတတ်၏။ အများဆုံးအနေဖြင့် သူမသည် အခြားသူများအား အပေါ်ယံဒဏ်ရာရရုံမျှလောက်သာ လုပ်မည်ဖြစ်ပြီး ဤကဲ့သို့ ထိခိုက်မှုကြီးကြီးမားမား ဖြစ်သွားအောင် လုံးဝ မလုပ်ရဲပေ။
အကယ်၍ ဤစားပွဲသာ အခြားသူ၏ အပေါ်သို့ တကယ်သာ ကျသွားပါက ၎င်းက ထိုသူအား သေသည်အထိပင် ထိခိုက်ဒဏ်ရာ ရစေလိမ့်မည်။
သို့သော် ဤအတွေးက ခေတ္တမျှသာ ဖြတ်ပြေးသွား၏။ အကြောင်းမှာ ကံကောင်း၍ ဤအရာဝတ္တုကြီးက ချောင်ဝေ့မင်၏ ဘေးသို့သာ ကျသွားပြီး သူ့ကို သီသီကလေး ဖြတ်ကျော်သွားခြင်းဖြစ်သည်။
သို့ရာတွင် ချောင်ဝေ့မင်မှာ ကြောက်လွန်း၍ မေ့မျောသွားမတတ်ပင်။
ထိုသည်မှာ အကုန်မဟုတ်သေးပေ။ ချောင်ဝေ့မင်က သူ ကပ်ဘေးအန္တရာယ်ကြီးအား ရှောင်ရှားနိုင်ခဲ့ပြီဟု တွေးနေစဥ်မှာပင် ရုတ်တရက် သူသည် တစ်စုံတစ်ယောက်၏ တရွတ်တိုက်ဆွဲမလိုက်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် ဘန်းခနဲ အသံထွက်ပေါ်လာသည်ကို ကြားလိုက်ကြရ၏။ သူသည် တစ်ပတ်လည်သွားပြီး မြေကြီးပေါ်သို့ ကိုင်ပေါက်ခံလိုက်ရသည်။ သူတွေးမိလိုက်သည့် တစ်ခုတည်းသော အရာမှာ သူ၏ ကျောရိုး ကျိုးသွားပြီ ဆိုသည်ကိုသာပင်။
ကျင်းယွင်ကျောင်းသည် ဤရက်များ၌ ကိုယ်ခံပညာကို လုံးဝ မလေ့ကျင့်ဖြစ်ပေ။ သူမသည် ခေါင်မိုးများပေါ်တွင် ခုန်ပျံကျော်လွှားနိုင်၍ နံရံများပေါ်သို့ ခုန်ကျော်နိုင်သည့် အဆင့်မဟုတ်သော်လည်း ဤကဲ့သို့ ကောင်းကျိုးတစ်စက်မှ မရှိသောသူမျိုးကိုတော့ ဆုံးမရန် သေချာပေါက် လုံလောက်ပေသည်။
သို့ရာတွင် ချောင်ဝေ့မင်အား ခြေလက်များ ထိခိုက်ခြင်း သို့မဟုတ် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရ ဖြစ်အောင် ရိုက်သည်အထိတော့ သူမ မတုံးအ,သေးပေ။ မည်မျှပင် နာကျင်နေသည်ဖြစ်ပါစေ၊ နောက်ပိုင်း သူ ဆေးရုံသို့သွား၍ စစ်ဆေးမှုအချို့ပြုလုပ်လျှင်တောင်မှ သူတို့သည် မည်သည့်ထိခိုက်မှု ကြီးကြီးမားမားကိုမှ ရှာတွေ့မဟုတ်။
Chapter 160 : ဒါတွေအားလုံးက သူတို့အမှားတွေပဲ
ကျင်းယွင်ကျောင်း လုပ်လိုက်သည့် ထိုလှုပ်ရှားမှုအတွဲလိုက်သည် တစ်မိနစ်မျှပင် အချိန်မယူလိုက်ရချေ။ အခြားကျောင်းသားများက ထိတ်ထိတ်ပျာပျာ စဖြစ်လာကြပြီး သူတို့အားလုံးသည် အန္တရာယ်ကို ရှောင်ရှားရန်အတွက် အချင်းချင်း ပူးကပ်နေကာ ကျင်းယွင်ကျောင်းက မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အပေါ်၌ အန္တရာယ်ပြုလာမည်ကို ကြောက်ရွံနေကြသည်။
အခြားအခန်းများက စာသင်ချိန်များ စနေပြီဖြစ်သောကြောင့် အနီးနားတွင်လည်း ဆရာများတစ်ယောက်မှ မရှိ၍ ကျောင်းသားများသည် ဆရာတစ်ယောက်ကို သွားရှာရန် အချိန်မရှိသလို ရှာလည်း ရှာရဲကြပုံမပေါ်ပေ။
ချောင်ဝေ့မင်က ကြမ်းပြင်ပေါ်တွင် အော်ဟစ်ညည်းညူနေပြီး တစ်ဖက်၌ ကျင်းယွင်ကျောင်းက သူ ခံစားနေရသည်ကို မမြင်ရသလိုပင် ပြုမူကာ သူ့အား အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။
“ရှင်က မကြာခင် သေတော့မယ့်သူ မဟုတ်ဘူး။ ဘာလို့ သရဲတစ်ကောင်လို ညည်းညူနေတာလဲ။ အကယ်လို့ ကျွန်မ ရှင့်ဆီကနေ နောက်ထပ်အသံထွက်လာတာကို ကြားရရင် ရှင့်ကို စူးစူးဝါးဝါး အော်ရအောင် လုပ်ပေးမယ်”
သူမ၏ စကားဆုံးသည်နှင့် ချောင်ဝေ့မင်သည် ချက်ချင်းပင် ပါးစပ်ပိတ်သွား၏။
သူသည် ကျင်းယွင်ကျောင်းက အလွန်ခွန်အားကောင်းလာသည်ကို လုံးဝလျစ်လျူရှုထားမိ၏။ ခုနက လှုပ်ရှားမှုတစ်ချို့သည် လုံးဝအရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ပင် ဆက်တိုက်မလုပ်နိုင်သော အရာဖြစ်သည်။ ဤကဲ့သို့သော ခွန်အားမျိုးကို ရန်စရန်အတွက် သူ့မှာ ဘယ်နေရာက သတ္တိရှိမည်နည်း။
“ထွက်သွား”
ကျင်းယွင်ကျောင်းက ဟိန်းဟောက်လိုက်သည်။
ယခု ကိစ္စများအားလုံးသည် ပြီးဆုံးသွား၍ ပတ်ဝန်းကျင်ရှိ လူများ၏ တင်းတင်းကြပ်ကြပ်အဆွဲခံထားရသော အာရုံသည် နောက်ဆုံး၌ အနည်းငယ် သက်သာရာရသွား၏။ အထူးသဖြင့် ချောင်ဝေ့မင်သည် လွတ်ငြိမ်းချမ်းသာခွင့်ကြီးတစ်ခုကို လက်ခံရရှိလိုက်သကဲ့သို့ ပြုမူ၍ အသနားခံနေသော ပုံရိပ်ကို ဖြတ်ချလိုက်ကာ ကြမ်းပြင်ပေါ်မှ ထရပ်လိုက်၍ ခလုတ်များပင် တိုက်ကာ အလောတကြီး ထွက်သွားတော့သည်။ သူ့အတွက် ကံဆိုးသည်မှာ တံခါးဝ၌ လူတစ်ယောက်နှင့် မတော်တဆ ဝင်တိုက်မိလိုက်၍ သူ့ထံမှ မထီမဲ့မြင်ဖြင့် ဘေးသို့ ဆောင့်ကန်ခံလိုက်ရပြန်၏။
ထိုရက်စက်သော ကန်ချက်သည် ကျောင်းသားများ၏ နှလုံးသားအား ထပ်မံ၍ ဖျစ်ညှစ်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့သည် ယခုရောက်ရှိလာသူအား မော့ကြည့်လိုက်ကြသည်။
လျှပ်တပြက်အတွင်းမှာပင် မိန်းကလေးများသည် သူတို့၏ မျက်လုံးများ ပြူးထွက်လာတော့မတတ် စိုက်ကြည့်နေကြပြီး သူတို့၏ မျက်နှာများကလည်း အနည်းနှင့်အများဆိုသလို အနီရောင်သမ်းလာသည်။
အသစ်ရောက်လာသူ၏ ခန္ဓာကိုယ်အချိုးအစားမှာ ကျော့ရှင်း၍ အရပ်ရှည်ပြီး သူ၏ ခေါင်းတွင် ပတ်တီးများ အထပ်ထပ် ရစ်ပတ်ထား၏။ ပတ်တီးများ၏ အောက်၌ နက်မှောင်၍ ထူထဲသော မျက်ခုံးတစ်စုံရှိပြီး ၎င်းတို့သည် ထက်ရှသော ဓါးသွားများအလား ကွေးညွတ်နေသည်။ သူ၏ မျက်လုံးများတွင် ရယ်မြူးရိပ်တစ်ခုကို သယ်ဆောင်ထားသော်လည်း ဘာရယ်ကြောင့်မှန်းမသိ။ ထိုမျက်ဝန်းများက သူတို့အား ကြည့်လိုက်သောအခါ သူတို့သည် ရေခဲအကျဥ်းသားဖြစ်သွားသလို ခံစားချက်များကို ပေးစွမ်းနေ၏။ သူ၏ ပါးလွှာ၍ ခံစားချက်မရှိသော နှုတ်ခမ်းထောင့်စွန်းလေးများကလည်း အထက်သို့ ကွေးညွှတ်နေသည်။ ဤပုံပန်းသွင်ပြင်သည် မိန်းကလေးတစ်ယောက်နှင့် နှိုင်းယှဥ်လျှင်တောင် အနည်းငယ် ပို၍ လှပနေမည်ဖြစ်သော်လည်း ခံညားချောမောသည်ဟု ဖော်ညွှန်းသည်က ပိုကောင်း၏။
ထို့နောက် သူတို့စောင့်ကြည့်နေစဥ်မှာပင် အသစ်ရောက်လာသူသည် သူ ကန်ပစ်လိုက်သည့်လူကို ဂရုမစိုက်သည့်အလား ဝင်ပေါက်ကို ဖြတ်၍ လမ်းလျှောက်လာပြီး ကျင်းယွင်ကျောင်းဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားကာ သူသည် သူမအား အကြိမ်ရေအနည်းငယ်ခန့် မျက်လုံးဝေ့၍ ကြည့်လိုက်၍ ...
“မင်း နေ့လည်က ဘာကြောင့် ကိုယ့်ဆီကို လာမလည်တာလဲ”
“ကျွန်မဆီမှာ ကိုယ်ရေးကိုယ်တာကိစ္စလေးအချို့ရှိလို့”
ကျင်းယွင်ကျောင်းသည် နေ့လည်က ပိုင်ယွီအန်းနှင့် တွေ့ဆုံပြီး အပျော်များ ဖုံးလွှမ်းနေသဖြင့် ဤလူအား တကယ်ပင် မေ့သွားခဲ့သည်။
လီရှောက်ယွင်က လည်ချောင်းရှင်းလိုက်၏။
“နောက်တစ်ခါ မင်းမှာ ကိစ္စတစ်ခုခု ထပ်ပြီးရှိလာရင် ဖုန်းဆက်ပြီး ကိုယ့်ကိုပြော။ မင်းကို ကိုယ့်ကို စိတ်ပူအောင် လုပ်ဖို့ ခွင့်မပြုဘူး”
ကျင်းယွင်ကျောင်းက သူမ၏ ခေါင်းသေးသေးလေးကို ညိတ်ပြလိုက်သည်။ စင်စစ် ဤရက်အနည်းငယ်အတွင်း သူတို့၏ တွေ့ဆုံမှုသည် အတော်လေး သာသာယာယာနှင့် နှစ်လိုဖွယ်ရှိနေပြီဖြစ်၏။
သူမသည်လည်း ဤလူ၏ စိတ်ထားကို တဖြည်းဖြည်းနှင့် နားလည်စပြုလာသည်။ သူသည် သူမ အပေါ်၌ မကောင်းသော ရည်ရွယ်ချက်မရှိပေ။ သူ၏ ဂုဏ်သိက္ခာ၊ အတ္တပေမဝါဒနှင့် မာနတရားတို့ကို နှစ်သက်သူဖြစ်ပြီး သူနှင့် ကြာကြာနေကြည့်ပါက လီရှောက်ယွင်၏ အမူအကျင့်များက မယုံကြည်နိုင်လောက်အောင် လိုက်လျောညီထွေဖြစ်လာလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကျင်းယွင်ကျောင်းက သဘောတူကြောင်း ဖော်ပြလိုက်သောအခါ မူလက မကျေမနပ်ဖြစ်နေသည့် သူ၏ အမူအယာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး ပို၍ ကောင်းမွန်လာသည်။ သူက အခြားကျောင်းသားများအား ဟိုဟိုဒီဒီ ခေါင်းလှည့်ကြည့်လိုက်ပြီး သူတို့၏ကြောက်ရွံ့မှုကို မခံစားမိသည့်အလား လူကြီးလူကောင်းဆန် ပြုံးပြလိုက်ကာ ...
“ကိုယ်တို့ရဲ့ယွင်ကျောင်းက တိတ်ဆိတ်တာကို ကြိုက်တယ်၊ ဒါကြောင့် သူ့ရဲ့အပြုအမူတွေက နည်းနည်း ကြမ်းတမ်းသွားတဲ့ အချိန်တွေများရှိခဲ့ရင် အားလုံးက အခြားသူတွေရဲ့ အပြစ်ပဲ ဖြစ်ရမယ်။ အခြားသူက အမှားတစ်ခုကို ဝန်ခံလိုက်ရင် အားထုတ်မှုတစ်ခု၊ နှစ်ခါလောက်ကလည်း လက်ခံနိုင်စရာပဲလေ”
“ဒါ အမှန်ပဲ၊ အမှန်ပဲ”
ရှောင်ဟိုင်ချင်း၏ မျက်လုံးများက တောက်ပနေ၍ ထောက်ခံစကားပြောလိုက်သည်။
“သူတို့သာ ကိုယ့်လက်ထဲကို မရောက်ခဲ့ရင်တော့ ဒီလောက်ပဲပေါ့”
လီရှောက်ယွင်၏ အကြည့်များက အေးစက်စက်ဖြစ်သွားပြီး စိတ်အားထက်သန်မှု အရိပ်အယောင်များကို ထိန်းမထားနိုင်ဘဲ ယိုဖိတ်ကျနေသည်။
ချောမောသော ယောက်ျားများသည် အမှန်တကယ်ပင် မျက်လုံးအတွက် ကောင်းသော်လည်း လီရှောက်ယွင်ကမူ အခြားသူများအား အနားကပ်ခွင့်မပြုသည့် ခံ့ညား၍ ဟိတ်ဟန်ကြီးသော အရှိန်အဝါကို သယ်ဆောင်ထားသည်။ လက်ရှိတွင် သူ၏ မျက်လုံးများ၌ လူသတ်ချင်သော အရိပ်အယောင်များရှိနေ၏။ ၎င်းမျက်လုံးများအား မြင်လိုက်ရသူများသည် အေးစက်၍စိမ့်တက်လာမှုကြောင့် သူတို့၏နှလုံးသားများ အေးခဲသွားသလိုပင် ခံစားလိုက်ရ၏။
ကျင်းယွင်ကျောင်းသည်ပင် လီရှောက်ယွင်အား ပထမဆုံးအကြိမ် ဤကဲ့သို့ မြင်ဖူးခြင်းဖြစ်သည်။ သူမက သူ ပို၍ ကြောက်စရာကောင်းသည့် တစ်ခုခုကို ထပ်ပြောလာမည် စိုးရိမ်သောကြောင့် အလျင်အမြန်ပင် စကားဆိုလိုက်၏။
“ခဏနေရင် စာသင်ချိန် စတော့မှာ”
“ဒါဆိုရင်လည်း ကောင်းပြီလေ။ ဒီသခင်လေးက သူ့ဘာသာသူ ဖျော်ဖြေပြီးတော့ပဲ ထွက်သွားလိုက်ပါ့မယ်”
လီရှောက်ယွင်၏ မျက်ခုံးတန်းများက ပြေလျော့သွားပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် သူသည် ကျင်းယွင်ကျောင်း၏ စာရေးခုံက ကြမ်းပြင်ပေါ်တွင် လဲနေသည်ကို တွေ့သောအခါ သူ၏ အမူအယာမှာ နက်နဲသွားပြန်၏။ နောက်စက္ကန့်အတွင်းမှာပင် သူက တစ်တန်းလုံးကို မျက်လုံးဝေ့၍ ကြည့်လိုက်ပြီး ချောင်ဟုန်ယဲ့၏ စာရေးခုံကို ရွေးခြယ်လိုက်ကာ ရွေ့လိုက်သည်။ ထို့နောက် သူသည် စာရေးခုံ၏ အပေါ်နှင့် အတွင်းထဲရှိ အရာများအားလုံးကို ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် စာရေးခုံပေါ်သို့ ပစ်တင်လိုက်ပြီး ထိုစာရေးခုံအား ကျင်းယွင်ကျောင်း၏ ရှေ့သို့ထားလိုက်ကာ အကြိမ်ရေ အနည်းငယ်ခန့် သုတ်ပေးလိုက်၏။
“ဒါ နည်းနည်းတော့ ညစ်ပတ်နေပေမယ့် ဒီနေ့တစ်ရက်အတွက်တော့ သုံးလိုက်ပါဦး”
သူက စကားပြောရင်း ချောင်ဟုန်ယဲ့အား ခြိမ်းခြောက်မှုများပါသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ၎င်းသည် ချောင်ဟုန်ယဲ့အား အလွန်အမင်း ကြောက်ရွံ့သွားစေ၍ သူမသည် ချက်ချင်းပင် ခေါင်းကို နောက်သို့ ကျုံ့လိုက်၏။
ချောင်ဟုန်ယဲ့ ကြောက်လန့်နေသည်ကို မြင်သောအခါ လီရှောက်ယွင်သည် ကျေနပ်စွာ ပြုံးလိုက်ပြီး နောက်ဆုံး၌ ထွက်ခွာသွားတော့သည်။
သူထွက်ခွာသွားပြီးနောက် လူတစ်ယောက်သည် ချောင်ဝေ့မင်၏ မချိတင်ကဲ အော်ဟစ်ငိုကြွေးသံကို ကြားလိုက်ရ၏။ လုပ်ရဲကိုင်ရဲရှိသော ကျောင်းသားအချို့က တစ်ချက်ကြည့်ရန်အတွက် အပြင်ကို ပြေးထွက်သွားကြသော်လည်း သူတို့သည် လီရှောက်ယွင်နှင့် ဤနေရာသို့ အဖော်လိုက်လာသောသူက ချောင်ဝေ့မင်အား မြေကြီးပေါ်သို့ တရွတ်တိုက်ဆွဲသွား၍ ကျောင်းအပြင်၌ ရပ်ထားသော ကားဆီသို့ ထွက်သွားသည်ကိုသာ မြင်လိုက်ကြရသည်။
သူတို့သည် ထိုကားမော်ဒယ်အမျိုးအစားကိုလည်း မှတ်မိနေ၏။ ၎င်းကားသည် ထိုနေရာ၌ စာသင်ချိန်နှစ်ချိန်ခန့် ရပ်ထားခဲ့သည်နှင့် တူသည်။