အခန်း (၁၆၁-၁၆၄)
Vol. 9 Ch. 161-164
Chapter 161 : လုပ်ရကိုင်ရသည်မှာ အတော်လေး ပျော်စရာကောင်းခြင်း
အခြားသူများ ထိုအကြောင်းကို ပြောကြသည်ကို ကြားပြီးနောက် ကျင်းယွင်ကျောင်းလည်း သိသွား၏။ လီရှောက်ယွင်သည် ဤနေရာသို့ အချိန်အတော်ကြာကတည်းက ရောက်နေသော်လည်း အပြင်ဘက်၌သာ တစ်ချိန်လုံးနေခဲ့ပြီး ချောင်ဝေ့မင် ထွက်လာပြီးသည့်နောက်မှ သူကိုယ်တိုင် လူလုံးထွက်ပြခြင်းလား။
သူမသည် ထိုအကြောင်းနှင့်ပတ်သတ်၍ အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသော်လည်း လီရှောက်ယွင်၌ သစ္စာရှိသောစိတ် အနည်းငယ်ရှိသည်ကိုတော့ သူမ မငြင်းနိုင်ပေ။
“ဒါ...ဒီအချိန်က ငါ့ဦးလေးရဲ့စာသင်ချိန်ပဲ။ ဒါကြောင့် ငါ နည်းနည်းရှင်းလိုက်မယ်”
အတန်းခေါင်းဆောင် ကျီသာ့ယုံးက ပြဿနာများ စဲသွားသည့်အချိန်ကို အခွင့်ကောင်းယူလိုက်ပြီး ကျင််းယွင်ကျောင်းအား ဂရုတစိုက်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူမ၏ ဒေါသအား နှိုးဆွမိမည်ကို ကြောက်ရွံ့နေလုနီးပါးပင်။ သူမက တုံ့ပြန်မှုမရှိသည်ကို မြင်မှသာ သူက ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေသော စားပွဲအစအနများကို သန့်ရှင်းရေးစလုပ်လိုက်၏။ ပြီးနောက် သူသည် အတန်း၏ နောက်မှ ကျိုးနေသော စားပွဲခုံတစ်ခုံကို ချောင်ဟုန်ယဲ့၏ ထိုင်ခုံရှေ့သို့ ရွေ့ပေးလိုက်သည်။
ကျင်းယွင်ကျောင်းအတွက်မူ သူမသည် ချောင်ဟုန်ယဲ့၏ စားပွဲကို အပိုင်စီးထားသော်လည်း ပြန်မယူရဲ၍ ဘာမှမလုပ်ဘဲ နေလိုက်၏။
သူသည် ခုနလေးက ကျင်းယွင်ကျောင်း ပြသသွားသည့် အထိန်းအသိမ်းမရှိသော တိုက်ကွက်များကို အနည်းငယ် ကြောက်ရွံ့နေဆဲဖြစ်သည်။
သို့ရာတွင် အခြားသော ကျောင်းသားများသည်လည်း ထိတ်လန့်နေသော်လည်း အချိန်တစ်ခုကြာပြီးနောက် သူတို့ ထိုအကြောင်းကို ပြန်တွေးသောအခါ သူတို့၏ စိတ်ထဲ၌ သူမအား အံ့သြသလို လေးလည်း လေးစားမိကြ၏။ ထို တိုက်ကွက်များမှာ ရုပ်ရှင်များထဲမှဟာများနှင့် တထပ်တည်းတူသည်ဟု ခံစားနေရသည်။ တိကျပြတ်သားပြီး တည်ငြိမ်သည်။
တစ်ဖက်တွင်လည်း ဟယ့်ကျားစစ်သည် အလွန်အမင်း မချင့်မရဲဖြစ်နေ၏။ သူမသည် ချောင်ဟုန်ယဲ့နှင့် ကျင်းယွင်ကျောင်းတို့ ကြမ်းကြမ်းတမ်းတမ်း အပြောအဆိုခံရစေရန် ရည်ရွယ်၍ ချောင်ဝေ့မင်အား လျှို့ဝှက် အကြောင်းကြားလိုက်သူဖြစ်သည်။
ချောင်ဝေ့မင်သည် ဟယ့်ကျားစစ်၏ မျက်နှာသာပေးခြင်းဖြင့် နေရရန် အလို့ငှာ ပေါ့ပေါ့လျှော့လျှော့ မနေရဲသည်မှာ သဘာဝဖြစ်၍ ကျောင်းသို့ ခပ်မြန်မြန်ပင် အပြေးအလွှား ရောက်ရှိလာ၏။ သို့သော် ထိုလူသည် ဤမျှ အသုံးမကျလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့။ သူက ရန်ပွဲတစ်ခုလုံးအတွင်း၌ ချောင်ဟုန်ယဲ့ကိုသာ တစ်ကြိမ်တည်း ပါးရိုက်လိုက်နိုင်ပြီး ကျင်းယွင်ကျောင်းကိုမူ ဘာအခွင့်အရေးမှယူရန်ပင် မစီစဥ်နိုင်ခဲ့ချေ။ သူကပင် သူမထံမှ အရိုက်ခံခဲ့ရ၏။
ထို့အပြင် ယောက်ျားတစ်ယောက်ကလည်း ရုတ်တရက် ပေါ်ထွက်လာ၏။ သူနှင့် ဘာဆိုင်သနည်း။ သူသည် အပြုံးများ ဖိတ်လျှံကျနေသည်ဟု ထင်ရသော်လည်း သူဘာကိုပဲ လုပ်သည်ဖြစ်စေ သူ၏ အကြည့်များက လူများအား ဝါးစားတော့မည့်အလား သူမ ခံစားနေရသေးသည်။ အစောပိုင်းက သူမကိုယ်တိုင်ပင်လျှင် ထိုအကြည့်များဖြင့် ခြိမ်းခြောက်ခံခဲ့ရ၏။
ထို့အပြင်... ...
သူမသည် အဝတ်အစား၊ ဖက်ရှင်ဘရန်းများနှင့် ပတ်သတ်၍ ဗဟုသုတ အနည်းငယ်ရှိသည်။ ထိုလူဝတ်ဆင်ထားသော အဝတ်အစားများသည် ရိုးစင်းပုံပေါ်သော်လည်း ခေါင်းအစ ခြေအဆုံး စျေးပေါသော ဘရန်းအတု တစ်ခုမှ မပါရှိပေ။ ဤလူသည် ဟွားနင်ခရိုင်မှ မဟုတ်ပါက သူမ၏ ပထမဆုံး သံသယမှာ ဤလူသည် အာဏာအကြီးဆုံး ထိပ်တန်းမိသားစုများထဲမှ တစ်ခုက ဖြစ်လိမ့်မည်ဟုပင်။
သို့ရာတွင် ဟယ့်ကျားစစ်သည် လက်ရှိအချိန်၌ အခြားကျောင်းသားများက ကျင်းယွင်ကျောင်းအား ကြောက်ရွံ့သော်လည်း ရိုသေလေးစားစွာ ကြည့်နေကြသည်ကို မြင်သောအခါ အံကြိတ်မိသည်။
သူမသည် ဟွားနင်ခရိုင်၌ အချိန်အတော်ကြာ နေထိုင်ခဲ့ပြီးဖြစ်သော်လည်း လူများက သူမအား ဤသို့ စိတ်အားထက်သန်စွာဖြင့် ဆက်ဆံကြသည်ကို မမြင်ဖူးသေးပေ။
“အစ်ကိုကျစ်ဟွား၊ ခုနတုန်းက ပေါ်လာတဲ့လူက ကျင်းယွင်ကျောင်းနဲ့ တကယ် ကောင်းတဲ့ ဆက်ဆံရေး ရှိတဲ့ပုံပဲနော််”
ဟယ့်ကျားစစ်က အသံတိုးတိုးဖြင့် ပြောလိုက်၏။
ထန်ကျစ်ဟွားက ခေါင်းလှည့်လိုက်ပြီး သူမအား တစ်ချက်ကြည့်လာသည်။
“ကျင်းယွင်ကျောင်းကို ထပ်ပြီးတော့ အနှောက်အယှက် မပေးနဲ့”
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျင်းယွင်ကျောင်းက သူ့ကို သွေးခုန်နှုန်း နေ့တိုင်း စစ်မပေးတော့ပေ။ ပြီးလျှင် သူမကိုယ်သူမ သူနှင့် အကွာအဝေးများစွာ ခြားထား၏။ သူသည် အခြေအနေအား စိတ်ထဲမှ ရှင်းရှင်းလင်းလင်း နားလည်သည်။ ၎င်းမှာ သေချာပေါက်ပင် နောက်ဆုံးတစ်ခေါက်၌ ဟယ့်ကျားစစ်က သူမ၏ စည်းကို သွားထိပါးသောကြောင့် ဖြစ်သည်။
ကျင်းယွင်ကျောင်းသည် သူမ၏ ပတ်ဝန်းကျင်၌ရှိသော အခြားသူများအား အလွန်အမင်း စိတ်အပန်းပြေသည်ဟု ခံစားရစေသည့် ခံစားချက်တစ်မျိုးကို ထုတ်လွှတ်ပေးတတ်၏။ သူသည် သူမနှင့် အချိန်အနည်းငယ် ဖြုန်းပြီးနောက်တွင် သူမနှင့် ပို၍ပင် ရင်းနှီးချင်လာခဲ့သည်။ သို့ရာတွင် ဟယ့်ကျားစစ်က အရှုပ်အထွေးများကို ဖြစ်စေပြီးနောက် သူမသည် သူ့အား ချက်ချင်း ကန်ထုတ်မပစ်ခဲ့ဘဲ မျက်နှာသာ ပေးထားပြီးဖြစ်၏။
ဟယ့်ကျားစစ်၏ နှုတ်ခမ်းက မဲ့ကျသွားသည်။ သူမသည် အလွန်အမင်း အစွပ်စွဲခံရသလို ခံစားလိုက်ရသည်။
ကျင်းယွင်ကျောင်းအတွက် ကံဆိုးသည်က သူမ၏ မကျေနပ်မှုများသည် စတင်ရုံသာ ရှိသေးသည်ပင်။
ညဘက် ကျောင်းဆင်းပြီးနောက် ဟယ့်ကျားစစ်သည် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့၏။ တစ်ဖက်မှ ရင်းနှီးနေသော ယောက်ျားသံတစ်ခုက ထွက်ပေါ်လာရာ ချက်ချင်းပင် ဟယ့်ကျားစစ်၏ မျက်နှာအား ဒေါသထွက်လွန်း၍ နီမြန်းသွားစေသည်။
“နင် ဘာလုပ်ချင်နေတာလဲ”
လူအုပ်ကြီးနှင့်ဝေးရာသို့ ရွေ့လိုက်ပြီး သူမက ဟိန်းဟောက်လိုက်၏။
တစ်ဖက်မှလူသည် ခန့်မှန်းထားသည့်အတိုင်း ကောင်းရှင်းပင် ဖြစ်သည်။
ယခုအချိန်၌ ကောင်းရှင်း၏ စိတ်အခြေအနေမှာ အတော်လေး ကောင်းနေ၏။ ယခင်ကနှင့် ယှဥ်ပါက ချောင်ဟုန်ယဲ့သည် ပို၍ နာခံမှုရှိနေပြီး ကောင်းမွန်သော အကြံဥာဏ်တစ်ခုကိုပင် အမှန်တကယ် ယူဆောင်လာပေးလေသည်။ ယခုအချိန်တွင် ချမ်းသာသော မိန်းမပျိုလေးက နူးညံ့သော အသံဖြင့် အော်လိုက်သည်ကို ကြားသောအခါ သူသည် လူယုတ်မာပြုံး, ပြုံးလိုက်၏။
“ငါ ဘာလုပ်ချင်တာလဲလို့ မင်းက မေးနေတာလား။ ငါလုပ်ချင်နေတာ ဘာလို့ မင်း ထင်လဲ။ နေ့လည်ဘက် လမ်းလျှောက်ချိန်တုန်းက ငါတို့လုပ်ခဲ့တာ အတော်လေး ပျော်စရာကောင်းနေသေးတယ် မဟုတ်လား”
ဟယ့်ကျားစစ်၏ မျက်လုံးများမှာ နီရဲလာပြီး ပေါက်ကွဲခါနီး ခြင်္သေ့ပေါက်တစ်ကောင်နှင့် တူနေသည်။
သို့ရာတွင် ဤခြင်္သေ့မ၏ လက်သည်းများသည် မချွန်ထက်ဘဲ အလျင်အမြန်ပင် လက်လျှော့လိုက်ရသောကြောင့် သူမက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
“နင် လိုချင်တာ ပိုက်ဆံမဟုတ်လား။ ငါ နင့်ကို ပိုက်ဆံပေးမယ်။ ယွမ်တစ်သိန်း”
“ယွမ်တစ်သိန်း ဟုတ်လား။ ငါ လေ့လာပြီးသွားပြီ။ မင်းရဲ့ဂုဏ်သိက္ခာကြီးတဲ့ မိသားစုအတွက် ယွမ်တစ်သိန်းဆိုတာ ဘာအဓိပ္ပါယ်လဲ။ ဒီတစ်ကြိမ် ငါလိုချင်တာက သိပ်မများပါဘူး။ ယွမ်တစ်သန်း။ ငါ ဟိုနားဒီနား အပျော်သုံးဖို့အတွက် ငါ့ကို ယွမ်တစ်သန်း အရင်ပေး။ တကယ်လို့ မင်း ငါပြောတဲ့အတိုင်း မလုပ်ဘူးဆိုရင် ငါက ဓါတ်ပုံလေးတွေကို မင်းရဲ့ အဲဒီငယ်ချစ်ဆီကို ပို့လိုက်ရုံပဲနော်။ နောက်ကျ သူတို့က မင်းလိုမျိုး ဖိနပ်စုတ်တစ်ရံကို လိုချင်ဦးမလားဆိုတာကို ကြည့်ကြသေးတာပေါ့”
Chapter 162 : ခွေးကောင်းတွေက လမ်းမပိတ်ဘူး
ကောင်းရှင်း၏ စကားလုံးများသည် ဟယ့်ကျားစစ်၏ နှလုံးသားအား တည့်တည့် ထိစိုက်သွားသော ဓါးတစ်ချောင်နှင့်တူ၍ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား တုန်ယင်လာစေသည်။
ဤကိစ္စသည် သေချာပေါက် အပြင်သို့ ဘယ်နည်းနှင့်မှ ပေါက်ကြားသွား၍ မရပေ။ သို့မဟုတ်ပါက အနာဂတ်တွင် ထန်ကျစ်ဟွားက သူမအား ကြိုက်သွားလျှင်တောင်မှ ထန်မိသားစုက သူမ၏ တည်ရှိမှုကို အသိအမှတ်ပြုလိမ့်မည်မဟုတ်ပေ။ အဖိုးထန်သည် သူတို့၏ ဟယ့်မိသားစုအား သူတတ်နိုင်သမျှနည်းလမ်းဖြင့် စောင့်ရှောက်ပေးခဲ့ပြီး ထန်ကျစ်ဟွား၏ အလှည့်သို့ ရောက်ပါက သူသည် မည်သည့်အတိုင်းအတာကိုမျှ ပေးတော့မည် မဟုတ်ပေ။
ယွမ်တစ်သန်းသည်လည်း သေးငယ်သော ပမာဏ မဟုတ်။
သို့ရာတွင် သူမ တောင်းဆိုသရွေ့ သူမ၏ မိဘများက သူမ၏ တောင်းဆိုချက်ကို လိုက်လျောလိမ့်မည် ဖြစ်သည်။ စင်စစ် ဟယ့်မိသားစု၏ အနာဂတ်သည် အစောပိုင်း သို့မဟုတ် နောက်ပိုင်းတွင် သူမအပေါ်၌သာ မူတည်နေ၏။
“ငါ နင့်ကို ယွမ်တစ်သန်းပေးမယ်၊ ဒါပေမယ့် နင် ပိုက်ဆံကို လက်ခံပြီးတာနဲ့ ငါ့ဆီကို ဗီဒီယိုပြန်ပို့ပေးရမယ်။ ဒီကိစ္စကို လျှောက်ဖြန့်တာတွေ ဒါမှမဟုတ် ဒီကိစ္စနဲ့ပတ်သတ်ပြီး အခြားလူကို ပြောပြတာတွေ နင့်ကို ခွင့်မပြုဘူး။ မဟုတ်လို့ကတော့ ငါ နင့်ကို သတ်ပစ်မယ်”
ဟယ့်ကျားစစ်က အံကြိတ်၍ ပြောလိုက်သည်။
ကောင်းရှင်းက အေးစက်စက် တစ်ချက်ရယ်လိုက်ပြီး ပြန်ဖြေသောအခါ သူ၏ လေသံက ဒေါသထွက်၍ စိတ်မရှည်ဖြစ်နေ၏။
“ငါသိပါတယ်။ ပထမဆုံး ငါ့ကဒ်ထဲကို ငွေတွေလွှဲလိုက်ပြီး၊ ပြီးမှ ဆက်ပြောကြတာပေါ့”
ထိုသို့ပြောပြီးနောက် သူသည် ချက်ချင်းပင် ဖုန်းချလိုက်၏။
ထိုအချိန်တွင် ကောင်းရှင်းသည် ချောင်ဟုန်ယဲ့၏ ဘေး၌ ထိုင်နေသည်။ သူမသည် ပထမဆုံးအကြိမ်အဖြစ် ဤကဲ့သို့ ကြီးမားသော ကိစ္စကို လုပ်ဖူးခြင်းဖြစ်၍ သိသိသာသာပင် တုန်လှုပ်နေ၏။ သို့သော် သူမသည် ဟယ့်ကျားစစ်က ကတိခံလိုက်သည်ကို ကြားလိုက်သောအခါ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။
“ကောင်းကော၊ ကျွန်မတို့ အရင်က သဘောတူခဲ့သလို တစ်ယောက် တစ်ဝက်ရမှာ...”
“ခွေးမ ...”
ကောင်းရှင်းက သူမအား ပါးကို ခပ်ပြင်းပြင်းတစ်ချက် ရိုက်လိုက်၏။
“မင်းမှာ ငါနဲ့ အခြေအနေတွေကို ဆွေးနွေးဖို့ အခွင့်အရေး ရှိသေးတယ်လို့ ထင်နေတာလား။ ငါ မင်းကို အကြိမ်ပေါင်းများစွာ ကူညီခဲ့ပြီးပြီ၊ ဒါပေမယ့် အားလုံးက အလဟဿပဲ။ သေရေးရှင်ရေးအခိုက်အတန့်တွေမှာ မင်းက ငါ့ကို မကူညီရုံတင်မကဘူး၊ ကျောက်ခဲတွေနဲ့ပါ ထုသေးတယ်။ အခုတော့ ငါလွတ်လာတာကို မင်း ထပ်မြင်ရပြီ၊ မင်းက ငါ့ကို ဆက်တွယ်ကပ်နေဖို့တောင် ရွေးခြယ်ခဲ့သေးတယ်။ ငါက မင်းရဲ့စကားလုံးလှလှလေးတွေကို ထပ်ယုံဦးမယ်လို့များ ထင်နေတာလား။ ချောင်ဟုန်ယဲ့၊ ဒါက ငါတို့ အတူ အလုပ်လုပ်တဲ့ ပထမဆုံးအကြိမ်လည်း မဟုတ်တော့ဘူး၊ ငါက မင်းကို နားမလည်သေးဘဲ နေဦးမှာလား”
ကောင်းရှင်းက သူမ၏ မျက်နှာကို ဖျစ်ညှစ်လိုက်ပြီး ကိုယ်ကို ကိုင်းညွတ်၍ ပိုတိုးကပ်လာပြီး ပြောလိုက်သည်။
“ဒီတစ်ကြိမ်မှာတော့ ငါက အရင်ကလိုမျိုး မင်းဆီကနေ လှည့်စားရခံမယ့် ငတုံး မဟုတ်တော့ဘူး။ အစောပိုင်းက ဟယ့်ကျားစစ်ကို ပြန်ပေးဆွဲဖို့ မင်း ငါ့ကို သွေးဆောင်တဲ့အချိန်တုန်းက အပြန်အလှန်ပြောကြတာတွေအကုန်လုံးကို ငါ အသံသွင်းထားတယ်။ တကယ်လို့ မင်း ငါ့ကို ဒီတစ်ကြိမ်ထပ်ပြီးတော့ ဆွဲချရဲမယ်ဆိုရင် ငါ နောက်တစ်ခါ ပြန်ထွက်လာတဲ့အချိန်ကျရင် မင်းကိုပါ ငါနဲ့အတူ ငရဲထိအောင် ဆွဲချသွားမသွားဆိုတာ မင်း သိရလိမ့်မယ်”
သူ၏ စကားဆုံးသည်နှင့် ချောင်ဟုန်ယဲ့၏ အမူအယာက ကြောက်ရွံ့သွားသည့် အမူအယာသို့ ပြောင်းလဲသွား၏။
အဆုံး၌ သူမသည် လူငယ်တစ်ယောက်သာ ဖြစ်နေသေးသည်။ ကောင်းရှင်း လွတ်လာသောအခါ သူမ ခံစားနေရဆဲဖြစ်သည့်တစ်ခုတည်းသောအရာမှာ အကြောက်တရား ဖြစ်ပြီး အနည်းငယ်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်နေ၏။ ကောင်းရှင်းအား ချွေးသိပ်ရန်အလို့ငှာ သူမသည် ဟယ့်ကျားစစ်အား တိုက်ရိုက်ပင် ထုတ်သုံး၍ သွေးဆောင်ခဲ့ပြီး ကောင်းရှင်း သဘောတူလာအောင် ဖြားယောင်းရန်အတွက် အချိန်အကြာကြီး စီမံခဲ့ရသည်။
သို့သော် ကောင်းရှင်းက အမှန်တကယ်ပင် ဤကဲ့သို့ ပြင်ဆင်ထားလိမ့်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။
ချောင်ဟုန်ယဲ့၏ အမူအယာက ကမ္ဘာပျက်ကိန်းနှင့် ကြုံနေရသည်နှင့် တူလာသည်ကို ကြည့်ရင်း ကောင်းရှင်းသည် ရုတ်တရက် အများကြီး ပို၍ လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူသည် ဟယ့်ကျားစစ်အား အဓမ္မကျင့်ခဲ့သည်။ တစ်ကြိမ်ထက် ပိုသောအရာသည် ဘာပဲဖြစ်ဖြစ် တစ်ကြိမ်ထက်ပိုသော အရာသာဖြစ်၏။ မများပေ။ သူသည် ထိုကောင်မ ချောင်ဟုန်ယဲ့အား ရည်ရွယ်နေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ အနည်းဆုံး တစ်ကြိမ်လောက်မှ သူမအား ထိထိရောက်ရောက် မညှင်းပန်းခဲ့ပါက သူ့ကို ယောက်ျားတစ်ယောက်အဖြစ် ယူဆလို့ ရနိုင်ပါဦးမည်လား။
(T/N : ‘တစ်ကြိမ်ထက် ပိုသောအရာသည် ဘာပဲဖြစ်ဖြစ် တစ်ကြိမ်ထက်ပိုသော အရာသာဖြစ်၏’ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်လည်း ကြက်သွန်ဆိုတာနဲ့ တူပါတယ်၊ မထူးဇာတ်ခင်းတဲ့ သဘောပါ။)
ကောင်းရှင်းသည် ချောင်ဟုန်ယဲ့အား သူ၏အောက်၌ ဖိချလိုက်ပြီး မကြာမီမှာပင် အခန်းကျဥ်းလေးအတွင်းမှ ရုန်းရင်းဆန်ခတ်ဖြင့် ငိုရှိုက်သံများ ထွက်ပေါ်လာတော့သည်။ လမ်းသရဲ ကောင်းရှင်းက သူမအား ဤကဲ့သို့ စေ့စေ့စပ်စပ် သုံးဆောင်လိမ့်မည်ဟု ချောင်ဟုန်ယဲ့၏ အိပ်မက်ထဲ၌ပင် မတွေးဖူးခဲ့ချေ။
ကိစ္စတိုင်းက တောင်ဆင်းအတိုင်း ထိုးဆင်းလာပြီး ကိစ္စတစ်ခုချင်းဆီကလည်း သူမအား ဆန့်ကျင်နေသည်အလား မိနစ်တိုင်း၌ ပို၍ ဆိုးသထက် ဆိုးလာသည်။
ထိုကဲ့သို့ မဖြစ်သင့်သော အချိန်ဆိုသည်မှာ အသိအသာပင်။
ချောင်ဟုန်ယဲ့ မသိလိုက်သည်မှာ လက်ရှိ သူမ၏ လှုပ်ရှားမှုတိုင်းသည် တစ်စုံတစ်ယောက်၏ မှတ်တမ်းတင်ခြင်း ခံနေရ၍ ယခုအခါ ကျင်းယွင်ကျောင်း၏ ကွန်ပြူတာထဲမှ ပြီးပြည့်စုံသော အရန်ဖိုင်တစ်ခု ဖြစ်သွားပြီဆိုသည်ကိုပင်။
သူမကို ကောင်းရှင်းက အကွက်ချ မကြံစည်လျှင်တောင်မှ ကျင်းယွင်ကျောင်း၏ လက်ထဲရှိ သက်သေဆီမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် အိမ်ပြန်သော လမ်းတွင် ချောင်ဝေ့မင်၏ ထပ်မံ၍ တားဆီးခြင်းကို ခံနေရပြန်သည်။ သို့ရာတွင် သူက ဤတစ်ကြိမ်၌ သူမအား ဒုက္ခပေးရန် လာခဲ့ခြင်း မဟုတ်ပေ၊ သို့သော် သူမ၏ ရှေ့၌ မတ်တပ်ရပ်နေပြီး သူသည် တစ်ကိုယ်လုံး ဖွတ်ဖွတ်ညက်ညက်ကြေနေကာ နှာခေါင်းတရှုံ့ရှုံ့နှင့် ငိုကြွေးရင်း သူမအား ပြောလာသည်။
“ငါ မှားသွားပါတယ်။ ငါ မှားသွားပါတယ်။ ယွင်ကျောင်း ဒါကြောင့် ကျေးဇူးပြုပြီး အဲဒီလူကို ငါ့ကို လွှတ်ပေးခိုင်းလိုက်ပါ။ အနာဂတ်မှာ ငါ နင့်ကို ထပ်ပြီး ဒုက္ခပေးဖို့ ဘယ်တော့မှ လာမရှာတော့ဘူးလို့ ကတိပေးပါတယ်။ သူ့ကိုသာ ငါ့ကို လွှတ်ပေးဖို့ တောင်းဆိုပေးပါ။ ငါ တကယ်ကို ထပ်ပြီး မခံစားနိုင်တော့လို့ပါ”
သူမကဲ့သို့ တစ်လမ်းတည်း လာသော သုံးယောက်သည် သူမအား ကြောင်အမ်းအမ်း ကြည့်နေကြ၏။
ချောင်ဝေ့မင်၏ စကားများကို နားထောင်ပြီးသောအခါ ကျင်းယွင်ကျောင်းသည်လည်း ဘာဖြစ်ခဲ့မှန်းသဘောပေါက်သွားသည်။ သူ၏ မျက်နှာ၌ ပွန်းရာပဲ့ရာများဖြင့် ဖုံးနေသည်မှာ လီရှောက်ယွင်၏ လူများ လက်ချက်ပင်။
သို့သော် သူမသည် ချောင်ဝေ့မင်၏ ကတိကို ယုံကြည်သည်ထက် သရဲများရှိကြောင်းကိုပင် ပို၍ ယုံကြည်လိမ့်မည်။ စင်စစ်၊ ၎င်းမှာ အစားအသောက်ပျက်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို ခဏသာ ခံစားရလိမ့်မည်။ နောက်ထပ် ရက်အနည်းငယ် ကြာသွားပါက သူ မည်မျှရဲရင့်ပြီး တရားမျှတမှုရှိကြောင်း တွေးနိုင်သမျှ တွေးနေလိမ့်မည် ဆိုသည်အား မည်သူသိမည်နည်း။
“ထွက်သွား၊ ခွေးကောင်းတွေက လမ်းမပိတ်ဘူး”
လူများအား ရိုက်နှက်ခြင်းသည် စွဲလန်းတတ်သော အရာတစ်ခုဖြစ်နိုင်၏။ တွေဝေနေသော အမူအယာမရှိဘဲ ကျင်းယွင်ကျောင်းသည် တစ်ချက်ဆောင့်ကန်ပစ်လိုက်၍ သူ့အပေါ်၌ တက်နင်းလိုက်လေတော့သည်။
Chapter 163 : မင်းသမီးနှင့် သူမ၏အစေခံ
ချောင်ဝေ့မင်၏ ခြေထောက်များမှာ တုန်ယင်နေကြသည်။ ကျင်းယွင်ကျောင်းဆီမှ တစ်ချက်အကန်ခံရရုံနှင့်ပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဘောလုံးတစ်လုံးကဲ့သို့ လိမ့်သွား၏။ သူ၏ မျက်လုံးများထဲတွင် ဒေါသများ ထင်ဟပ်သွားသော်လည်း ချက်ချင်း ပြန်သတိရလိုက်ရ၍ သူ လှုပ်တောင် မလှုပ်ရဲတော့ချေ။
ဤကမ္ဘာပေါ်တွင် ကိစ္စများကို ဥပဒေစည်းမျဥ်းများအရ မလုပ်သော ယောက်ျားတစ်ယောက် ရှိနေသည်ကို သူ လွယ်လွယ် မယုံကြည်နိုင်သေးချေ။
ထိုလူက သူ့အား ကားတစ်စီးပေါ်၌ လက်များကို ကြိုးနှင့်တုတ်ကာ သတိမပေးဘဲ အားပြင်းပြင်းနှင့် ရိုက်တော့သည်။ သူ၏ ကိုယ်ပေါ်သို့ ကျလာသော ထိုလက်သီးချက်သည် ဓါးနှင့်ထိုးသည်ထက်ပင် ပို၍ နာပြီး ထိုလက်သီးနောက်တွင် ကျင်းပေါင်း သောင်းနှင့်ချီသော ကျောက်တုံးများရှိနေသလိုပင်။ သူသည် အသက်မရှုနိုင်လောက်အောင်ပင် အရိုက်ခံလိုက်ရသည်။ သူက စတင်ပြီး ငယ်သံပါအောင် အော်ဟစ်လိုက်၍ ထိုလူသည် သူ့အား မတော်တတ သတ်မိမည်ကို စိုးရိမ်သွားလိမ့်မည်ဟု တွေးလိုက်သော်လည်း တစ်ဖက်လူက လုံးဝ စိုးရ်ိမ်မှုမရှိသည်ကို မည်သူ သိမည်နည်း။ ထို့အပြင် သူတို့၏ ဘေးမှလူများကလည်း ရယ်ပင် ရယ်မောနေကြ၍ အကယ်၍ သူတို့က သူ့အား အမှန်တကယ် သတ်ခဲ့လျှင်တောင်မှ မည်သူကမှ သူ၏ ခေါင်းကို သူ့အတွက် ဂရုစိုက်ပေးနေလိမ့်မည် မဟုတ်ပေ။
ထိုလူ့ထံမှ သတ်ချင်ဖြတ်ချင်စိတ်များ ထွက်ပေါ်နေသည်ကို သူ သိသိသာသာပင် ခံစားနေရသည်။ ထိုအခိုက်တွင် အာဆူရာ၏ ရှေ့၌ သူကိုယ်တိုင် ရောက်နေသည့်အလားပင်။ ထိုလူ့ထံမှ ထွက်ပေါ်လာသည့် အအေးလှိုင်းများကိုလည်း ခံစားခဲ့ရ၏။ ဤကဲ့သို့သော နှိပ်စက်ညှင်းပန်းခြင်းမျိုးက သူ၏ နှလုံးသားအား တုန်လှုပ် ကြောက်ရွံ့သွားစေသည်။
(T/N : အာဆူရာဆိုတာ အိန္ဒိယဒဏ္ဍာရီထဲက နတ်မင်းတစ်ပါးပါ)
ယခုအချိန်၌ပင် ထိုလူက သူ၏ လည်ပင်အား တင်းတင်းကြပ်ကြပ် ညှစ်ထားသကဲ့သို့ သူ၏ စိတ်ကလည်း ကျဥ်းထဲကျပ်ထဲ ကျနေ၍ မွန်းကြပ်နေဆဲပင်။
ချောင်ဝေ့မင်၏ အကြောက်လွန်၍ ကျုံ့ကျုံ့လေးဖြစ်နေသော ပုံစံက ကျင်းယွင်ကျောင်းအား စိတ်ကျေနပ်လန်းဆန်းခြင်းများကို ဆက်တိုက် ခံစားရစေသည်။
“ယွင်ကျောင်း၊ ဘယ်အချိန်ကတည်းက နင် ဒီလောက် လေးစားချင်စရာ ကောင်းနေတာလဲ”
ကျင်းယွင်ကျောင်းအား ကြည့်နေသော ရှောင်ဟိုင်ချင်း၏ အကြည့်များမှာ လုံးဝ ပြောင်းလဲသွားပြီး သူမအား ကိုးကွယ်ခံပလ္လင်တစ်ခုပေါ်၌ တင်၍ ကြည်ညိုချင်လုနီးပါးပင်။
စူးချူကမူ ပို၍ပင် ပုံကြီးချဲ့သေးသည်။ သူမ၏ မျက်လုံးလေးများတွင် အသည်းပုံလေးများနှင့် ပြည့်နေပြီး ကျင်းယွင်ကျောင်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို လေ့လာနိုင်ရန် ဆုတောင်းနေသည့်အလားပင်။
“သူက ခုနတုန်းကထက် အတန်းထဲတုန်းက ပိုတောင်မိုက်တယ်လို့ ကျွန်မတော့ ထင်နေတုန်းပဲ၊ နင်တို့ အခြားအတန်းဖော်တွေရဲ့ အမူအယာတွေကို မမြင်ခဲ့ဖူးလား။ အရမ်းစိတ်လှုပ်ရှားနေကြတာ။ အိုး...ဟုတ်သားပဲ။ ကျီသာ့ယုံး ကတောင် နောက်ပိုင်းကျ ပြောင်ကျဲက အိမ်မှာလည်း လူတွေကို ရိုက်နေမလားဆိုပြီး မေးနေသေးတယ်။ အစ်မရဲ့ခြေထောက်တွေက သွက်လက်လွန်းလို့တဲ့၊ အစ်မက ရှောင်လင်ကျောင်းမှာ လေ့ကျင့်လာခဲ့တာလားတဲ့။ အဲဒီအကြောင်းကို စဥ်းစားလိုက်တိုင်း ကျွန်မ အူတက်နေတာ”
ကျီသာ့ယုံးသည် သူတို့အတန်း၏ ကိုယ်စားပြုဖြစ်၍ ဆရာကျီ၏ တူလည်း ဖြစ်သည်။ ဆရာကျီရှေ့၌ သူသည် မယုံကြည်နိုင်လောက်ပင် နာခံမှုရှိ၏။ များသောအားဖြင့် သူသည် ဖြောင့်မှန်၍ ရိုးစင်းသည့် လူတစ်ယောက်ဖြစ်သော်လည်း သူ၏ အဆင့်များက မဆိုးလှကာ ရှန်းရှဝတ္ထုများ၏ ဖန်အကြီးစားတစ်ယောက် ဖြစ်သည်။ သူသည် မကြာခဏပင် အခြားယောက်ျားလေးအုပ်စုနှင့် တိုက်ကွက်များအကြောင်းကို ဆွေးနွေးလေ့ရှိသော်လည်း ရမ်းသမ်းခန့်မှန်းချက်များသာ ဖြစ်၏။
စူးချူ၏ မျက်လုံးထဲတွင်မူ ကျင်းယွင်ကျောင်း၏ ယခင် လုပ်ဆောင်ချက်များနှင့် နှိုင်းယှဥ်ပါက ထိုဟာများသည် စိတ်ကူးယဥ်များသာဖြစ်၍ လက်တွေ့မဆန်သော အရာများသာ ဖြစ်သည်။
“နင် ကိုယ်ခံပညာတွေကိုလည်း အဲ့ဒီလူထူးဆန်း အဖိုးဆီကနေပဲ သင်ခဲ့တာလား”
ရှောင်ဟိုင်ချင်းက မေးလိုက်ပြီး မျက်နှာတွင် အတင်းအဖျင်းပြောချင်စိတ်များ ပြည့်နေ၏။
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။
ရှောင်ဟိုင်ချင်း၏ မျက်လုံးအစုံက တောက်ပသွား၏။ သူမ ကျင်းယွင်ကျောင်းအား ကြည့်ပုံကြည့်နည်းမှာ ရုပ်ရှင်ထဲမှ အမျိုးသမီးဇာတ်လိုက်အား ကြည့်နေသည့်အလားပင်။
ကန်ကျင်းချန်နှင့် စူးချူသည်လည်း ဤလူထူးဆန်းအဖိုး၏ အကြောင်းကို များများစားစား မသိကြသောကြောင့် သူတို့သည် ထိုအကြောင်းအား ကြားလိုက်သည်နှင့် စိတ်ဝင်စားလာကြပြီး ကျင်းယွင်ကျောင်းကို သူတို့အား အရာအားလုံး အသေးစိတ် ပြောပြခိုင်းတော့သည်။
သို့သော် နေရာလွတ်နယ်မြေမှ အဖိုးအို၏ အကြောင်းကို ပြန်တွေးသည်နှင့် ကျင်းယွင်ကျောင်း၏ နှလုံးသားက ယောက်ယက်ခတ်သွား၏။ တစ်ဖက်လူက သူမအား သူသည် သူမ၏ ဘိုးဘေးဖြစ်ကြောင်း ပြောခဲ့သော်လည်း ယခုအချိန်ထိတိုင်အောင်ပင် သူမ၏ မိဘအရင်းများက မည်သူများ ဖြစ်ဆိုသည်အား သူမ မသိသေးချေ။
သူမ၏ မိဘအရင်းများ ဆုံးပါးသွားပြီဖြစ်ပါက အခြားဆွေမျိုးများ ရှိနေသင့်သေးသည် မဟုတ်လား။ ထိုအချိန်က သူမသည် အဘယ်ကြောင့် လမ်းပေါ်တွင် အစွန့်ပစ်ခံရခြင်းနှင့် အဆုံးသတ်ခဲ့ရသနည်း။ အကယ်၍ သူတို့နှင့် အနာဂတ်တွင် တွေ့ဆုံပါက သူမ သူတို့နှင့် မျက်နှာချင်းဆိုင်သောအခါ မည်သည့်စိတ်ထားမျိုး ထားသင့်သနည်း။
ကျင်းယွင်ကျောင်း၏ စိတ်သည် ရှုပ်ထွေးသွားသော်လည်း အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက် သူမသည် သူမကိုယ်သူမ လှောင်ပြောင်လိုက်မိသည်။ ယခုအချိန်၌ ထိုအကြောင်းများအားလုံးကို စဥ်းစားနေခြင်းက အနည်းငယ် စောလွန်းနေသေးသည်လေ။
ဖြစ်ချိန်တန်လျှင် အလိုလို ဖြစ်လာခွင့်ပေးထားသ၍ အရာအားလုံးက အဆင်ပြေလိမ့်မည်။
ပုံမှန်အတိုင်းပင် ကျင်းယွင်ကျောင်းသည် တိုက်ခန်းသို့ ပြန်လာခဲ့၏။ သို့ရာတွင် သန်းခေါင်ယံအချိန်၌ မျက်လုံးအစုံက ကျင်းယွင်ကျောင်း၏ အခန်းတည်နေရာအား မျက်စိမလွှဲဘဲ စူးစူးစိုက်စိုက် ကြည့်နေပြီး၊ ထိုမျက်လုံးအစုံမှ မုန်းတီးမှုများက ကောင်းကင်ဘုံထိအောင်ပင် ဖိတ်လျှံကျနေသည်။
ချောင်ဟုန်ယဲ့သည် ကောင်းရှင်းထံ၌ အဓမ္မပြုကျင့်ခံခဲ့ရသည်ကို ပြန်သတိရတိုင်း သူမ၏ နှလုံးသားကို ပုရွက်ဆိတ် ထောင်ပေါင်းများစွာက တစ်သုတ်ပြီး တစ်သုတ် ကိုက်ဖဲ့နေသည့်အလား ခံစားရ၏။ နာကျင်လွန်းသဖြင့် သူမ အသက်ပင် မရှင်ချင်တော့ချေ။ ထိုအရာများအားလုံးသည် ကျင်းယွင်ကျောင်းကြောင့်သာ ဖြစ်သည်။ ကျင်းယွင်ကျောင်းက ကောင်းရှင်းအား မိအောင် ဖမ်းခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူမသည် ကောင်းရှင်းကို သစ္စာဖောက်ခဲ့ရမည် မဟုတ်ဘဲ ကောင်းရှင်းကလည်း သူမအား အရိုးထဲထိအောင် မုန်းတီးနေမည် မဟုတ်ပေ။
ဟယ့်ကျားစစ်သည်လည်း ထိုသို့ပင်။ ထိုခွေးမသည် ချောင်ဟုန်ယဲ့အား အစေခံတစ်ယောက်ကဲ့သို့ ဆက်ဆံ၍ သူမကိုယ်သူမ မင်းသမီးတစ်ပါးကဲ့သို့ တွေးနေခဲ့သော်လည်း အဆုံးတွင်မူ သူမသည်လည်း ချောင်ဟုန်ယဲ့ ကဲ့သို့ပင် အဆုံးသတ်သွား၍ ထိုလူယုတ်မာများ၏ အရှက်ခွဲခြင်းကိုသာ ရရှိခဲ့သည် မဟုတ်လား။
ထန်ကျစ်ဟွားနှင့် နီးစပ်ရန် သူမ၌ မည်သည့်အရည်အချင်း ပြည့်မီမှုများ ရှိသနည်း။
ချောင်ဟုန်ယဲ့သည် ထန်ကျစ်ဟွား၏ အကြောင်းကို တွေးနေစဥ်မှာပင် အိမ်ရာဝန်းလေး၏ ဝင်ပေါက်မှ လမ်းလျှောက်ဝင်လာသည့် ရင်းနှီးနေသော ပုံရိပ်တစ်ခုသည် ကျင်းယွင်ကျောင်း၏ တိုက်ခန်းနံပါတ်ရှိရာဆီသို့ တည့်တည့် လျှောက်သွားသည်အား သူမ မြင်လိုက်ရ၏။ ဤသူသည် ထန်ကျစ်ဟွား မဟုတ်ပါက မည်သူ ဖြစ်လိမ့်ဦးမည်နည်း။
Chapter 164 : အရေထူခြင်း
ထန်ကျစ်ဟွားသည် အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး သူသည် ဤလမ်းကြောင်းနှင့် အလွန်ရင်းနှီးနေပုံပေါ်သည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ၎င်းမှာ သူ ဤနေရာသို့လာသည့် ပထမဆုံးအကြိမ် မဟုတ်ကြောင်း လူတိုင်း ပြောနိုင်လိမ့်မည်။
ချောင်ဟုန်ယဲ့၏ မျက်လုံးများက ထိုမြင်ကွင်းအား တည့်တည့် စိုက်ကြည့်နေသည်။ တစ်ခဏအတွင်းမှာပင် သူ့အား အော်ခေါ်မိလိုက်၏။
“ထန်ကျစ်ဟွား လား”
အခေါ်ခံလိုက်ရသောသူသည် တုံ့ဆိုင်းသွား၍ လှည့်ကြည့်လိုက်ရာ ညမြူခိုးများကို ဖြတ်၍ သူ့အား စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို မြင်လိုက်ရ၏။ ထိုမိန်းကလေးသည် နူးညံ့ပါးလွှာသော ပန်းရောင်စကတ်အတို တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်အရှည်ကြီးက သူမ၏ ပခုံးများကို ကျော်၍ ကျနေပြီး မျက်နှာသည် နစ်နာမှုအချို့ကို ခံစားနေရသည့်အလား အနည်းငယ် ညှင်းသိုးသိုး ဖြစ်နေ၏။
“နင် ဒီမှာ ဘာလုပ်နေတာလဲ”
ထန်ကျစ်ဟွားက မေးလိုက်သည်။ သူ ပဟေဠိဖြစ်နေလေ၏။
သူ ကျောင်းပြောင်းလာသည်မှာ မကြာသေးသော်လည်း ကျင်းယွင်ကျောင်းနှင့် ချောင်ဟုန်ယဲ့တို့သည် တစ်ယောက်၏ တည်ရှိမှုကို တစ်ယောက် သည်းခံနိုင်ဘဲ ထိုနှစ်ယောက်က ညီအစ်မအရင်းများလည်း မဟုတ်ကြသည်ကို သူ သိထားပြီးဖြစ်၏။ ယခုအချိန်တွင် ချောင်ဟုန်ယဲ့က ဤပတ်ဝန်းကျင်၌ ထွက်ပေါ်လာရာ သူသည် နောက်ဆက်တွဲ အကျိုးဆက်များကို မကြောက်မိဘဲ မနေနိုင်ပေ။
ယခုကာလတွင် ကျောင်းသားအများစုက ချောင်ဟုန်ယဲ့အား မကြိုက်ကြ။ သူမ၏ ကိုယ်ပိုင်ဘဝက အလွန်ရှုပ်ထွေးသည်ဟု အခြားသူများက ပြောကြသည်ကိုပင် သူကြားဖူး၏။ ထိုကဲ့သို့သော စကားများသည် ချောင်ဟုန်ယဲ့ ကဲ့သို့ မိန်းကလေးတစ်ယောက်ကို အလွန်အန္တရာယ် ဖြစ်စေသော်ငြားလည်း သူမသည် လူများအား မသက်မသာဖြစ်စေသည်ဟု သူ အမြဲတမ်း ခံစားနေရကြောင်းကို ဘုရားသာ သိိသည်။
ချောင်ဟုန်ယဲ့သည် ခဏမျှ ဗျာများနေပြီးနောက် သူမ၏ အမူအယာများကို ပြန်ထိန်းလိုက်၍ ချက်ချင်းပင် လုပ်ဇာတ်ကို စတင်လိုက်၏။
“ငါ...ငါ ဒီကို ငါ့အဖေ အစား မမကို တောင်းပန်ဖို့ လာတာပါ”
ထန်ကျစ်ဟွားသည် ရုတ်ချည်းပင် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။
နောက်ဆုံး၌ သိမ်မွေ့သော ပုံစံရှိသည့် ချောင်ဟုန်ယဲ့အား သူ သဘောမကျရသည့်အကြောင်းအား သူ နားလည်သွား၏။
သူမသည် အပိုတွေလုပ်လွန်းသည်။
သူသည် ယခင်က ဤကဲသို့ပုံစံမျိုး မိန်းကလေးများစွာကို မြင်ဖူး၏။ နှစ်တိုင်း ထန်မိသားစုက ကျင်းပသော စုဝေးပွဲများ သို့မဟုတ် သူဖိတ်ကြားခံရသည့် အခြားစုဝေးပွဲများ၌ မပြတ်လပ်သည့် အရာတစ်ခုမှာ ဤကဲသို့ပုံစံမျိုး မိန်းကလေးများပင်။ သူတို့သည် သိသိသာသာပင် ကျန်းမာသော ခန္ဓာကိုယ်များ၊ လှပသော ရုပ်ရည်သွင်ပြင်များနှင့် သူတို့၏ မိသားစုများ၏ တုန်နေအောင် အချစ်ခံရခြင်းများကို ရရှိကြသော်လည်း သူတို့သည် အမြဲတမ်း ကြီးကြီးမားမား နစ်နာမှုအချို့ကို ခံစားနေရသည့်ပုံနှင့် တူ၏။
သူတို့သည် လူတိုင်းက သူတို့အား တစ်ခုခု အကြွေးတင်နေသည့်အလား သူတို့၏ ဘဝသည် မည်မျှဝမ်းနည်းစရာကောင်းကြောင်း၊ သနားစရာကောင်းကြောင်းကို တစ်ကမ္ဘာလုံးအား ပြောပြရန် ကြိုးစားနေပုံနှင့် တူသည်။ သို့သော် လက်တွေ့တွင်ရော။ သူတို့သည် အခြားသူများ၏ ကရုဏာနှင့် ကာကွယ်ပေးမှုများကို ရရှိရန်အတွက် ဤအနေအထားကို အမြဲတမ်း အသုံးပြုလေ့ရှိ၏။
(T/N : ပန်းနုသွေး)
ထို့ကြောင့် ဤကဲသို့ပုံစံမျိုး မိန်းကလေးများနှင့် နှိုင်းယှဥ်ပါက အပြန်အလှန်အားဖြင့် မာနကြီး၍ ပလွှားသော မိန်းကလေးများက ပို၍ သဘာဝကျသည်ဟု သူ ခံစားရသည်။
ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းကဲ့သို့ လူစားမျိုးဖြစ်၏။
တဲ့တိုးဆန်၍ ပွင့်လင်းသည်။ သူတို့နှင့် စကားပြောလျှင် သူတို့၏ စကားလုံးများ၌ ကွယ်ဝှက်ထားသော အဓိပ္ပါယ်များ ရှိနေမည်လားဟု သူ တွေးနေစရာ မလိုပေ။
ထန်ကျစ်ဟွား၏ အကြည့်များက လေးနက်သွားသည်။
“သူက နင့်ရဲ့တောင်းပန်တာကို မလိုဘူးလို့ ငါထင်တယ်”
သူက ပြောပြီးသည်နှင့် ချောင်ဟုန်ယဲ့အား တစ်ချက်ကြည့်လိုက်၍ ခေါင်းကို မသိမသာ ယမ်းလိုက်ပြီးနောက် အပေါ်ထပ်သို့ တက်သွားတော့၏။
ချောင်ဟုန်ယဲ့သည် အလွန်ပင် လက်မလွှတ်နိုင်ဖြစ်နေသည်။ သူမသည် သူမ၏ သတ္တိကို စုစည်းလိုက်ပြီး သူ၏ နောက်မှ လိုက်ပါသွား၍ စူးချူ တံခါးဖွင့်လိုက်သည့်အခိုက်တွင် အခန်းထဲသို့ ကမူးရှူးထိုးပြေးဝင်သွားတော့၏။
သို့ရာတွင် သူမ တံခါးဝကိုကျော်၍ ခြေတစ်လှမ်းချမိသည်နှင့် မနာလိုမှုများက သူမအား လွှမ်းခြုံသွားသည်။ တိုက်ခန်းသည် ကျယ်ဝန်း၍ အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်းရှိပြီး အလွန်သန့်ရှင်းနေ၏။ ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်ခုက တိုက်ခန်းတစ်လျှောက် ပျံ့လွှင့်နေပြီး စာအုပ်ပုံအမျိုးမျိုးက နေရာအနှံ့ ရှိနေသည်။
ကျင်းယွင်ကျောင်းက ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ သူမသည် ထန်ကျစ်ဟွားနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိ၍ စူးချူနှင့် ကန်ကျင်းချန်ကဲ့သို့ ပြီးပြည့်စုံ အဆင့်အတန်းရှိသည့် တစ်အိမ်တည်းနေဖော်နေဖက် နှစ်ယောက်ကိုပင် ရှာနိုင်သေး၏။
ယခု ကျင်းယွင်ကျောင်း၏ ဘဝသည် သူမ စိတ်ကူးယဥ်လေ့ရှိသော ဘဝမျိုးပင်။
စူးချူသည် ချောင်ဟုန်ယဲ့ကို မြင်သည်နှင့် သရဲတွေ့သကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
“ချောင်ဟုန်ယဲ့၊ နင် ဒီကို ဘာလာလုပ်တာလဲ။ ငါတို့နေရာက နင့်ကို မကြိုဆိုဘူး”
ချောင်ဟုန်ယဲ့က ခေါင်းငုံ့လိုက်ပြီး သူမ၏ မျက်လုံးများက နီရဲနေသည်။ သူမက နှုတ်ခမ်းကိုက်လိုက်ကာ စူးချူအား ဂရုတစိုက် ကြည့်လိုက်၏။
“ငါ ဘာအမှားလုပ်မိလို့ နင်တို့တွေက ငါ့ကို ဒီလောက် ရက်ရက်စက်စက် ဆက်ဆံဖို့ လိုနေတာလဲ။ အစ်ကိုကျစ်ဟွားတောင် လာနိုင်သေးရင် ငါက ဘာလို့ မရတာလဲ။ ဒါ့အပြင် ငါ ငါ့မမကို စိတ်ရင်းနဲ့ တောင်းပန်ဖို့ ဆန္ဒရှိလို့။ ငါက သူ့ရဲ့အာရုံစိုက်မှုကို ခိုးမလို့မဟုတ်ပါဘူး။ ပြီးတော့ အနာဂတ်မှာလည်း သူ့ကို ထပ်ပြီးတော့ မပျော်မရွှင် ဖြစ်အောင် မလုပ်တော့ပါဘူး”
ယနေ့ ချောင်ဟုန်ယဲ့သည် ပုံမှန်ထက် အဆပေါင်းများစွာ မတရား ခံခဲ့ရ၏။ အထူးသဖြင့် သူမ၏ ကိုယ်ရော စိတ်ပါ ပျက်စီးသွားခဲ့သောကြောင့် သူမ၏ ငိုကြွေးမှုမှာ အလွန်အမင်း စစ်မှန်နေ၏။ သူမ၏ မျက်ရည်များက တရဟော စီးကျနေပြီး စူးချူကိုပင် လက်တွေ့ ကြောင်အမ်းသွားစေသည်။
ကျန်ကျင်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး ထန်ကျစ်ဟွားအား အပြစ်တင်သော အကြည့်ဖြင့် ကြည့်လိုက်၏။
ထန်ကျစ်ဟွား ထပ်မံ၍ ကူကယ်ရာမဲ့ ဖြစ်သွားပြန်သည်။ ချောင်ဟုန်ယဲ့သည် အလွန် အရေထူ၍ အမှန်တကယ် သူ့ နောက်မှ ဇွတ်လိုက်ဝင်ရဲလိမ့်မည်ဟု မည်သူက ထင်မည်နည်း။