← Chapters

အခန်း (၁၆၅-၁၆၈)

Vol. 9 Ch. 165-168

အခန်း (၁၆၅-၁၆၈)

Vol. 9 Ch. 165-168

Chapter 165 : ကြွေးသစ်၊ ကြွေးဟောင်း

အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကို ကြား၍ ကျင်းယွင်ကျောင်းသည် သူမ၏ နေရာလွတ်နယ်မြေထဲမှ ထွက်လာခဲ့ပြီး အခန်းတံခါးကို ဖွင့်လိုက်ရာ ချောင်ဟုန်ယဲ့၏ မြင်မကောင်းသော ပုံစံနှင့် ငိုကြွေးနေသော စောဒကတက်နေခြင်းများကို တစ်ချိန်တည်း မြင်လိုက်ရ၏။

ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့ချင်သလို ခံစားလိုက်ရသော်လည်း ထိုအစား ပြုံးလိုက်ပြီး ဆိုဖာဆီသို့လျှောက်လာကာ ခုံတစ်ခုံ၌ ဝင်ထိုင်လိုက်သည်။ သူမ၏ လက်ထဲတွင် ကိုင်ထားသော စာတစ်စောင်ကို ကော်ဖီစားပွဲပေါ်သို့ တင်လိုက်ပြီး ခပ်သွက်သွက် မှတ်ချက်ချလိုက်၏။

“နင် ဒီကို ရောက်လာပြီဆိုမှတော့ ထိုင်ပါဦး”

ချောင်ဟုန်ယဲ့ ဆွံ့အသွားသည်။ ဤတစ်ကြိမ်၌ ကျင်းယွင်ကျောင်းသည် စကားပြောရ လွယ်ကူလိမ့်မည်ဟု သူမ တစ်ခါမှ ထင်မထားခဲ့ပေ။

သူမက အဘယ့်ကြောင့် ကမ်းလှမ်းမှုကို ငြင်းရမည်နည်း။ ထန်ကျစ်ဟွား၏ ရှေ့၌ သူမကိုယ်သူမ ကောင်းမွန်သော အပြုအမူကို ပြသရန်အတွက် သူမသည် ချက်ချင်းပင် လမ်းလျှောက်သွားလိုက်၏။

“ကျေးဇူးတင်ပါတယ်။ ကျွန်မတို့က တူညီတဲ့ မျိုးရိုးနာမည်ကို မမျှဝေခဲ့ကြပေမယ့် မမက ကျွန်မရဲ့ရင်ထဲမှာတော့ အမြဲတမ်း ကျွန်မရဲ့အစ်မပါပဲ။ ကျွန်မတို့က နှစ်ပေါင်းများစွာ အတူတူ ကြီးပြင်းလာကြတာ။ ကျွန်မ အစ်မကို အမြဲတမ်း ကျွန်မရဲ့မိသားစုလို့ပဲ မြင်တယ်”

“မိသားစု ဟုတ်လား”

ကျင်းယွင်ကျောင်းက အေးစက်စက် ရယ်မောလိုက်သည်။

“ဇွတ်တွေ ဆွေမျိုးစပ်မနေပါနဲ့။ အရင်ဆုံး နင် တစ်ချက်လောက် ကြည့်သင့်တာလေးတွေ ရှိတယ်”

ထို့နောက် ချက်ချင်းပင် သူမသည် ဓါတ်ပုံတစ်ပုံကို ဆွဲထုတ်လိုက်၏။

“ဒါက နင်နဲ့ နင့်ရဲ့အဖော် ကောင်းရှင်းတို့ အတူရှိနေတဲ့ပုံပဲ။ ငါရဲ့အခန်းကို ဝင်ခိုးဖို့ ပြင်ဆင်နေတာလေ။ ဒါမှမဟုတ် ငါ မှားတာများလားနော်”

“ဒီတစ်ခုက နင် လမ်းကြားလေးတစ်ခုရဲ့ ဝင်ပေါက်မှာ ရပ်နေပြီးတော့ ကောင်းရှင်းအတွက် လူစောင့် လုပ်ပေးနေတဲ့ပုံ”

ကျင်းယွင်ကျောင်းက ဓါတ်ပုံများကို ကော်ဖီစားပွဲပေါ်တွင် ဆက်ဖြန့်နေပြီး ဆက်၍ ပြောလာသည်။

“ဒီတစ်ခုက နင် ငါ့ရဲ့နောက်ကို လိုက်နေတဲ့ပုံ၊ ဟုတ်တယ် မဟုတ်လား။ ကျောင်းအပြင်က နင့် သူငယ်ချင်းတွေနဲ့အတူ နင့်ရဲ့ပြဿနာတွေကို တဖျစ်တောက်တောက် ပြောမနေဘူးလား။ ငါ့ကို တွေးကြည့်ခွင့်ပေး၊ အဲဒီအချိန်တုန်းက အရာအားလုံးက ငါက နင့်ကို မှားယွင်းစွပ်စွဲပြီးတော့ ငါလုပ်ထားတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုလို့ နင်ပြောနေမှာ အသေအချာပဲ။ ငါပြောတာ မှန်တယ်ဟုတ်”

ထိုအခိုက်တွင် ကျင်းယွင်ကျောင်းက ဓါတ်ပုံများကို ဆွဲထုတ်လိုက်ရာ ချောင်ဟုန်ယဲ့ ချက်ချင်းပင် ထိတ်လန့်သွားတော့၏။

သို့ရာတွင် ကျင်းယွင်ကျောင်းက သူမအား စကားပြောခွင့်မပေးဘဲ အထပ်ထဲမှ ပို၍များသော ဓါတ်ပုံများကို ဆက်၍ ဆွဲထုတ်လိုက်သည်။ အလျင်လည်း မလို၊ နှေးလည်း မနှေးဘဲ မိသားစုနှင့် ပုံမှန်စကားစမြည်ပြောသည့်အလား စကားပြောလိုက်၏။

“နင့်ရဲ့ဒီလှည့်စားမှုသေးသေးလေးတွေက ကိစ္စကြီးကြီးမားမား မဟုတ်ပေမယ့် ဒီဓါတ်ပုံတွေကကျ တူတော့တဲ့ပုံမရဘူး”

ပထမဆုံးဓါတ်ပုံတွင် ချောင်ဟုန်ယဲ့က ဆံညှပ်လှလှလေးတစ်ခုကို ခိုးယူနေသည်။ ထို့နောက်တွင်က အထည်ဆိုင်တစ်ဆိုင်မှ အဝတ်အချို့ကို တိတ်တိတ်လေး ဟတ်တက်ခွဲပစ်နေသည့် သူမ၏ ပုံ ဖြစ်၏။ အမှန်ပင်၊ ပုံအထပ်လိုက်ထဲမှ နောက်ပိုင်းတွင် ထွက်လာသော ပုံများသည် ပို၍ အံသြထိတ်လန့်စရာ ကောင်းလာ၏။ အထူးသဖြင့် အဆုံးသို့ ရောက်သောအခါ နောက်ဆုံးထိ ဆက်တိုက် ဓါတ်ပုံများစွာ၌ အားလုံးက ချောင်ဟုန်ယဲ့နှင့် ကောင်းရှင်းတို့၏ ပုံများပင် ဖြစ်သည်။

သူတို့ ဘာအကြောင်းပြောနေကြမှန်း ဘယ်သူမှ မသိသော်လည်း သူတို့ တွေ့နေကြသည်မှာ အချိန်အတော်ကြာပြီဖြစ်၏။ နောက်ပိုင်း၌ သူတို့သည် ငှားထားသော အခန်းတစ်ခုထဲသို့ ဝင်သွားကြ၍ အတူတူပင် ပြန်ထွက်လာကြသည်။ ထို့နောက် နှစ်ယောက်သားသည် လုပ်ငန်းစရန်အတွက် တစ်ယောက်တစ်လမ်းစီ သီးခြားထွက်သွားကြ၏။ ဟယ့်ကျားစစ်နှင့်အတူ စျေးဝယ်ထွက်နေသည့် ချောင်ဟုန်ယဲ့၏ ဓါတ်ပုံတစ်ပုံလည်း ပါသည်။ ထိုပုံ၏နောက်မှာ ကောင်းရှင်းက ဟယ့်ကျားစစ်အား ပြန်ပေးဆွဲနေသည့် ပုံဖြစ်၏။

မူလက ချောင်ဟုန်ယဲ့သည် သူမနှင့် ကောင်းရှင်း ငှားထားသည့် အခန်းထဲမှ ထွက်လာသည့် ဓါတ်ပုံတစ်ပုံမှ မရှိနိုင်ဟု ထင်ထားခဲ့သည်။ သို့သော် ကျင်းယွင်ကျောင်းက ဓါတ်ပုံ တစ်ပုံပြီး တစ်ပုံ ဆက်လက်၍ ဆွဲထုတ်လာလိမ့်မည်ဟု မည်သူ သိမည်နည်း။ ထို့နောက် ကျင်းယွင်ကျောင်းက မျက်စိစွေကြည့်၍ ပြောလိုက်၏။

“ဒီဟာတွေအားလုံးက ကလေးတွေနဲ့ မသင့်တော်တဲ့ဟာတွေပဲ။ နင် မြင်ချင်သေးရဲ့လား”

သူမသည် ထိုပုံများအား စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ဓါတ်ပုံများထဲရှိ ဝတ်လစ်စလစ်မြင်ကွင်းအား ဤနေရာ၌ ရှိနေသော လူတိုင်းကို မြင်ခွင့်ပေးလိုက်သည်။

အားလုံး ကြောင်အ,ကုန်ကြ၏။

တူညီသော မြင်ကွင်းထဲ၌ မတူညီသော အမျိုးသမီးဇာတ်ကောင်နှစ်ယောက် ရှိသည်။ တစ်ယောက်မှာ ဟယ့်ကျားစစ်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ချောင်ဟုန်ယဲ့ဖြစ်၏။

ဟယ့်ကျား၏ ပုံများမှာ အနည်းငယ်သာ ဖြစ်ပြီး၊ အများစုက ဝါးထားသော ပုံများဖြစ်သော်လည်း သူမအား ကောင်းရှင်းက အတင်းအကြပ် ဖိအား ပေးထားခြင်းဖြစ်ကြောင်း လူတိုင်း ပြောနိုင်သေးသည်။ လူများသည် ဘာဖြစ်နေကြောင်း ချက်ချင်းပင် နားလည်သွားကြ၏။ ဟယ့်ကျားစစ်က သူမ၏ ပြန်ပေးဆွဲသူအတွက် ဖုံးကွယ်ပြောကြားပေးသည်မှာ မထူးဆန်းတော့ပေ။ သူမ ခြိမ်းခြောက်ခံထားရခြင်းပင်။

“နင့်မှာ ဘာလို့ ဒါတွေ ရှိနေတာလဲ”

ချောင်ဟုန်ယဲ့သည် ရူးသွပ်လုနီးပါး ဖြစ်နေသည့်အလားပင်။ သူမ၌ ရုတ်တရက် နာခံမှုများလည်း မကျန်ရှိတော့ပေ။ ကျင်းယွင်ကျောင်းက သူမအား ဤမျှ သတ္တိရှိရှိ ဆက်ဆံနေခြင်းမှာ ကျင်းယွင်ကျောင်း၏ လက်ထဲ၌ အလင်းရောင်ကိုပင် မမြင်နိုင်သည့် အကြီးဆုံး ဖဲချပ်များ ရှိနေခြင်းကြောင့်ဟု သူမ အဘယ်သို့ စိတ်ကူးမိမည်နည်း။

“ချောင်ဟုန်ယဲ့၊ နင် အရင်တုန်းက ငါ့ကို အရူးတစ်ယောက်လို ဆက်ဆံခဲ့ပြီး ငါ့ရဲ့နောက်ကွယ်ကနေ ငါ့ကို အကြိမ်ပေါင်းများစွာ အန္တရာယ်ဖြစ်စေခဲ့တယ်။ ဒါပေမယ့် လူတွေက ကြီးလာတာနဲ့အမျှ ပြောင်းလဲသွားတယ်။ နင့်မှာ နင့်ရဲ့နည်းလမ်းတွေ ရှိပေမယ့် ငါ့မှာလည်း အဲဒါကို တန်ပြန်ဖို့ ငါ့နည်းလမ်းတွေရှိတယ်။ ဒီကိစ္စမှာ နင့်ရဲ့နောက်ကိုလိုက်ဖို့ လူရှာရတာကိုက ဘယ်လောက် ခက်ခဲလိုက်လဲ”

သူမက အေးစက်စက်ဖြင့် ရှင်းပြလိုက်သည်။

ဟွားဇယ်၏ လူများက ငှားထားသော အခန်းကို ရှာတွေ့သောအခါ သူတို့သည် ကောင်းရှင်း မရှိသည့်အချိန်ကို အခွင့်ကောင်းယူ၍ ထိုအခန်းထဲ၌ ကင်မရာအသေးစားလေးများကို တပ်ဆင်ခဲ့၏။

မူလက ကျင်းယွင်ကျောင်းသည် ဟယ့်ကျားစစ်၏ ကိစ္စကို မထုတ်ဖော်ချင်ခဲ့သော်လည်း ဟယ့်ကျားစစ်က သူမ၏ သတ်မှတ်ထားသောစည်းကို လာထိရန် ရွေးခြယ်ခဲ့သည်။

သူမ ချောင်ဝေ့မင်ကို ရိုက်ပြီးသည့်နောက် ကျောင်းသူတစ်ဦးက သူမဆီသို့ ပြေးလာ၍ ဟယ့်ကျားစစ်သည် သူ့ကို လာရန် ခေါ်ခဲ့သူဖြစ်ကြောင်း ပြောပြလာ၏။

တိုက်တိုက်ဆိုင်ဆိုင် ထိုကျောင်းသူက နားနေခန်းအတွင်း၌ ရှိနေစဥ် ဟယ့်ကျားစစ် ဖုန်းပြောနေသည်ကို ကြားခဲ့ခြင်း ဖြစ်သည်။

ဟယ့်ကျားစစ်က ချောင်ဝေ့မင်အား သူ၏သမီးဖြစ်သူ နှစ်ယောက်ကို ထိထိရောက်ရောက် သင်ကြားပေးရန် ဖုန်းထဲမှ ပြောခဲ့ခြင်းဖြစ်သည်ဟု ထိုကျောင်းသူက ကျင်းယွင်ကျောင်းအား အကြောင်းအရာအားလုံးကို ချဲ့ကားမှု မပါဘဲ ပြောပြခဲ့သည်။ ဟယ့်ကျားစစ်က ချောင်ဝေ့မင်သည် ချောင်ဟုန်ယဲ့ကို လူကောင်းတစ်ယောက် ရှာပေးလိုက်ပြီး အိမ်၌နေ၍ ခင်ပွန်းသည်ကို ပံ့ပိုးကာ ကလေးကို သင်ကြားပေးသည်က ပိုကောင်းသည်ဟု သူမ မျှော်လင့်မိကြောင်းကိုလည်း ပြောခဲ့၏။

ချောင်ဝေ့မင်သည် ၎င်းကို ပိုက်ဆံအတွက် လုပ်ခဲ့ပြီး စည်းလည်း လုံးဝမရှိပေ။

လီရှောက်ယွင်နှင့် သူမက ရိုက်နှက်ခဲ့ခြင်းကြောင့်သာ မဟုတ်ပါက ချောင်ဝေ့မင်သည် သူမ၏ အကျင့်သီလ ပျက်ပြားသွားစေမည့် အရာအားလုံးကို စဥ်းစားနေလိမ့်ဦးမည်ဖြစ်သည်ဟု သူမ ယုံကြည်၏။ သူမ၏ ယခင်ဘဝမှ ဖြစ်ရပ်ပင် ထပ်မံ၍ ဖြစ်ပျက်လာနိုင်ချေရှိသည်။

Chapter 166 : တစ်ချက်တည်းဖြင့် ဖယ်ရှားပစ်လိုက်နိုင်ခြင်း

ဟယ့်ကျားစစ်သည် ချောင်ဟုန်ယဲ့ကို ရန်စပြီး သူမကိုယ်သူမ ကောင်းရှင်းထံမှ အနိုင်ကျင့်ခံရအောင် လုပ်လိုက်မိသော်လည်း သူမ၏ နှလုံးသားက ကောက်ကွေ့နေရာ ၎င်းက သူမကိုယ်တိုင်၏ အမှားဖြစ်ကြောင်းကို မမြင်နိုင်ပေ။

ကျင်းယွင်ကျောင်းသည် မူလက ဤဟယ့်မိသားစု၏ မမလေးသည် ခေါင်းမာ၍ အကြံအစည်များသော်လည်း ညှင်းပန်းနှိပ်စက်မှုများစွာကို ကြုံပြီးနောက် သူမသည် အတော်လေး သနားကောင်းသည်ဟု တွေးမိခဲ့သည်။ ထို့ကြောင့် သူမသည် ဟယ့်ကျားစစ်အား လွှတ်ပေးချင်ခဲ့၏။ သို့ရာတွင် ဤမမလေးက သူမအား ဆန့်ကျင်တိုက်ခိုက်နေသည်။

ကိစ္စများက ဤနေရာအထိ ရောက်လာသောအခါ တစ်ချက်တည်းနှင့်ပင် အားလုံးကို အဆုံးသတ်ခွင့်ပေးလိုက်တော့၏။

ထန်ကျစ်ဟွားသည် ဓါတ်ပုံများ၏ အကြောင်းအရာများကြောင့် လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်နေသည်။

ချောင်ဟုန်ယဲ့သည် မပြီးနိုင်မစီးနိုင် ဆက်၍ ငိုကြွေးမနေတော့သည်ကို မြင်လိုက်ကြရ၏။ သို့သော် အနည်းငယ် စိတ်ကစဥ့်ကလျား ဖြစ်နေပုံပေါ်သည်။

“ကျင်းယွင်ကျောင်း၊ နင် ဘာလိုချင်တာလဲ။ နင် ဘာလို့ ငါ့ကို လွှတ်မပေးနိုင်တာလဲ။ ဘာလို့ ငါ့ကို ဒီလိုမျိုး ဆက်ဆံရတာလဲ”

“နင့်ကို လွှတ်ပေးရမယ်။ ဒါဆို ငါ့ကို ဘယ်သူက လွှတ်ပေးမှာလဲ။ ချောင်ဟုန်ယဲ့၊ နင့်ကိုယ်နင် ရိုးရိုးသားသား ပြန်မေးကြည့်၊ ငါက နင့်ကို တစ်ခါမှ အခွင့်အရေး မပေးခဲ့ဘူးလား ဆိုတာကို။ နင် ငါ့အကြောင်း ကောလဟာလတွေကို အကြိမ်ပေါင်းများစွာ ဖြန့်ခဲ့တယ်။ ငါ ပထမနှစ်ဝက်ကို လူတိုင်းရဲ့ ဝိုင်းပယ်ခံရပြီး ဖြတ်သန်းခဲ့ရတယ်။ ဒါပေမယ့် ဘယ်သူက ငါ့ကို သနားခဲ့လဲ။ အခု ငါ ထပ်ပြီးတော့ သည်းမခံချင်တော့ဘူးဆိုတော့ ငါက နင့်ကို လွှတ်မပေးဘူးလို့ နင်က ပြောတယ်လား။ နင့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ အရေထူတဲ့ စိတ်ထားက လူတွေကို ဒေါသထွက်အောင် လုပ်လွန်းလို့ ဆံပင်တွေပါ ထောင်ကုန်စေမယ့် အဆင့်ထိတောင် ရောက်နေပြီ”

ကျင်းယွင်ကျောင်း၏ အသံက သူမအား တိုက်ရိုက် တိုက်ခိုက်ခဲ့ပြီး ချောင်ဟုန်ယဲ့၏ နောက်ဆုံးကျန်ရှိနေသည့် ခွန်အားလေးကိုပင် လုံးဝ အငွေ့ပျံပျောက်ကွယ်သွားစေသည်။

“ငါ နင့်ရဲ့ လက်သိပ်ထိုးလုပ်တတ်တဲ့ လှည့်ကွက်လေးတွေကို အကြိမ်ပေါင်းများစွာ ဖြေရှင်းခဲ့ပြီးလို့ ငြီးငွေ့နေပြီ။ နင်က နင့်ကိုယ်နင် ငါ့ရဲ့တံခါးဝကို အရောက်ပို့ဖို့ ဆန္ဒရှိနေမှတော့ ကိစ္စတွေကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်။ မနက်ဖြန် ငါ ကျောင်းကနေ အိမ်ပြန်ရောက်ရင် ဒါတွေကို ရဲစခန်းကို ပို့လိုက်မယ်။ ဒါပေမယ့် နှမြောစရာကောင်းတာက နင်က အသက်မပြည့်သေးတာပဲ”

ကျင်းယွင်ကျောင်းက အလျင်မလိုဘဲ ပြောလိုက်၏။

အမှန်က ချောင်ဟုန်ယဲ့၏ ဤရာဇဝတ်မှုသည် သူမအား ကလေးသူငယ်ထိန်းသိမ်းရေးစင်တာသို့ ပို့နိုင်သော်လည်း ဤမိန်းကလေးက ထက်မြက်သူဖြစ်ရာ သူမကိုယ်သူမ ပြဿနာမှ လွတ်မြောက်နိုင်မည့် နည်းလမ်းများကို သေချာပေါက် ရှာဖွေနိုင်လိမ့်မည်။

ထို့အပြင် သူမသည်လည်း နစ်နာသူများထဲမှ တစ်ယောက်ဖြစ်သည်မှာ အမှန်ပင်။ အဆုံး၌မူ သူတို့သည် အချိန်အများစုတွင် အုပ်ထိန်းသူများက သူတို့၏ ကလေးများကို ပို၍ စည်းကမ်းကြပ်မတ်ရန်သာ အမိန့်ချလိမ့်မည်။ သို့ရာတွင် ချောင်ဝေ့မင်၏ စရိုက်နှင့်သာဆိုပါက သူသည် ချောင်ဟုန်ယဲ့ကို ကျောင်းထွက်ခိုင်းမည်မှာ အသေအချာပင်။

ကျောင်းထွက်ပြီးနောက် ချောင်ဟုန်ယဲ့သည် မည်ကဲ့သို့သော နေ့ရက်များဖြင့် ရှေ့ဆက်ရမည်နည်း။ လက်မထပ်မီတွင် ကျင်းယွင်ကျောင်း၏ အတိတ်ဘဝကကဲ့သို့ သူမကိုယ်တိုင်လည်း ဖြတ်သန်းရပေလိမ့်မည်။ အိမ်ထဲတွင်သာ ကန့်သတ်၍ နေရသည်။ နေ့တိုင်း မပြီးဆုံးနိုင်သော အိမ်အလုပ်များကို လုပ်ရသည်၊ ပြီးလျှင် ငွေရှာရန်အတွက် အလုပ်လုပ်ရသည်။ သူတို့နှစ်ယောက်ကြားရှိ တစ်ခုတည်းသော ကွာခြားချက်မှာ ချောင်ဟုန်ယဲ့က သူမ၏ ဘဝကို အေးအေးချမ်းချမ်း လက်ခံနိုင်လိမ့်မည် မဟုတ်ဘဲ ချမ်းသာသော ရည်းစားတစ်ယောက်ကို လက်ထပ်ရန်အတွက် သူမကိုယ်တိုင်ပင် ရှာဖွေရန် ကြိုးစားလိမ့်မည်။

ဤသည်မှာ ထိုအချိန်တုန်းက ချောင်ဟုန်ယဲ့က အရွယ်ရောက်နေသော ကျန်ရှကို ကျင်းယွင်ကျောင်းထံ လူပျိုလှည့်ခိုင်းခဲ့သည်နှင့်တူ၏။

သူမ လှမ်းသော ခြေလှမ်းတိုင်းက အတိတ်ဘဝက လမ်းကြောင်းအတိုင်း လိုက်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို ချောင်ဟုန်ယဲ့အား နည်းနည်းချင်းစီ ပြန်ပေးမည်ဖြစ်သည်။

ထိုအခိုက်တွင် ကျင်းယွင်ကျောင်း၏ ကြည်လင်နေသော အကြည့်များက သူမ၌ မည်သည့်ခံစားချက်မှ မရှိသည့်အလားပင်။ စောင့်ကြည့်နေသော စူးချူနှင့်အဖော်များသည် သူတို့၏ နှလုံးသားထဲ၌ အသံတိတ် ကသောင်းကနင်း ဖြစ်နေကြသည်။ ယခင်က ကျင်းယွင်ကျောင်းသည် မည်သည့်ဘဝမျိုးဖြင့် ဖြတ်သန်းခဲ့ရကြောင်း သူတို့ မသိသော်လည်း ၎င်းက အတော်လေးကြမ်းတမ်းမည်မှာတော့ အသေအချာပင် ဖြစ်ကြောင်း သူတို့သိ၏။

ထို့ကြောင့် သူမတွင် သူတို့အရွယ် အခြားသူများနှင့် ဝေးကွာသည့် ခံစားချက် ရှိနေခြင်းပင်။

ချောင်ဟုန်ယဲ့သည် ထိုအချိန်၌ အမှန်တကယ်ပင် မချင့်မရဲဖြစ်နေ၏။ ယခု သူမ ဘာလုပ်သင့်သနည်း။ ကျင်းယွင်ကျောင်းနှင့် ယခုလက်ရှိ၌ ရှိနေသော လူများစွာအား မသတ်ပစ်နိုင်သည်ကို သူမမုန်းသော်လည်း ထိုဓါတ်ပုံများကို ဘာလုပ်နိုင်မည်နည်း။ အကယ်၍ အခွင့်အရေး သန်းတစ်ရာပုံတစ်ပုံအနေဖြင့် ၎င်းပုံများသာ ပြန့်သွားပါက သူမ၏ ဘဝသည်လည်း အဆုံးသတ်သွားလိမ့်မည်။

ကောလဟာလများနှင့် အဖြစ်မှန်များကြားတွင် ခြားနားချက်နှစ်ခု ရှိသည်။ အကယ်၍ ကောလဟာလများသာဖြစ်ပါက သူမကိုယ်တိုင် တရားမျှတကြောင်းပြနိုင်၍ ကျင်းယွင်ကျောင်းက သူမ၏ သက်သေအတုများကို စီစဥ်သူဖြစ်ကြောင်း ပြောနိုင်၏။ သို့ရာတွင် ဖြစ်ရပ်မှန်များသာ ဖြစ်ပါက သူမသည် လူတိုင်းထံမှ အရိုက်အနှက်၊ အကြိမ်းအမောင်းခံရမည့် ကြွက်စုတ်တစ်ကောင် ဖြစ်လာပြီး သူမအား ထုတ်ဖော်ပြောကြားခွင့်ပင် ပေးကြမည်မဟုတ်ချေ။

ကျင်းယွင်ကျောင်းက သူမ၏ ပြစ်ဒဏ်စီရင်မှုကို ဖော်ပြထားသည့် အမူအယာဖြင့် ချောင်ဟုန်ယဲ့၏ စိတ်ခြောက်ခြားနေပုံကို စောင့်ကြည့်နေသည်။

“မ...မမ၊ နင် ဒါကို ရဲကိုပေးလို့မဖြစ်ဘူး။ အကယ်လို့ ဒါသာ သူတို့လက်ထဲ ရောက်သွားရင် အဖေက ငါ့ကို သေအောင် ရိုက်လိမ့်မယ်”

ချောင်ဟုန်ယဲ့က ကတိုက်ကရိုက် တောင်းပန်လိုက်၏။

သူမ၏ အဖေက သူမကို ဟယ့်ကျားစစ်အား ကပ်ပေါင်းခိုင်းခဲ့သော်လည်း သူမက ဟယ့်ကျားစစ်အား အမှောင်ထဲမှ တိုက်ခိုက်ခဲ့သည်။ ချောင်ဝေ့မင်က သူ၏ စက်ရုံ ဒေဝါလီခံရခြင်းကို သူမအပေါ်သို့ အပြစ်ပုံချခဲ့သောကြောင့်သာ သူမ ဤကဲ့သို့ မုန်းစရာကောင်းသော အခြေအနေဖြင့် အဆုံးသတ်ခဲ့ရခြင်းဖြစ်သည်မှာ အသေအချာပင်။

ထန်ကျစ်ဟွားသည် သူ၏ လက်ရှိ ခံစားချက်ကို ဖော်ပြရန်အတွက် ဘာစကာလုံးသုံးရမည်မှန်းကို မသိတော့ချေ။

ဘေး၌ ငူငူငိုင်ငိုင်ဖြင့် ထိုင်နေရင်း သူ၏ စိတ်သည် ရှုပ်ထွေးသော ဝိရောဓိဖြစ်နေ၏။

အကယ်၍ ဤကိစ္စကို ဟယ့်မိသားစုသာ သိသွားပါက ချောင်ဟုန်ယဲ့အား ကောင်းမွန်သော အဆုံးသတ်က စောင့်ကြိုနေမည် မဟုတ်ပေ။ သို့ရာတွင် ဟယ့်မိသားစုအတွက် ထိုသတင်းကို ပေးသောသူကို ရှာဖွေရန်မှာလည်း အလွန်ပင် လွယ်ကူလိမ့်မည်။ ထိုအခါ ကျင်းယွင်ကျောင်းသည် ဤရန်သူအား သူမကိုယ်တိုင် လုံးဝ ရန်စမိလိုက်ပြီး ဖြစ်သွားလိမ့်မည်။

Chapter 167 : ဘယ်လို ကစားရမှာလဲ

ကျင်းယွင်ကျောင်း၏ အမူအယာများက ပြောင်းလဲမှုမရှိပေ။ ချောင်ဟုန်ယဲ့၏ တောင်းပန်စကားများကို နားထောင်နေသော်လည်း သူမသည် လှုပ်ရှားသွားသည့် အမူအယာတစ်ခုကိုမှ မဖော်ပြချေ။

ဤသည်မှာ အခြားသူများအတွက် အနည်းငယ် အသည်းမာသည်နှင့် တူသော်လည်း ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အား ဖိနှိပ်ထားရန် သူမ၏ ပြင်းပြနေသော ဆန္ဒကို မထိန်းချုပ်နိုင်သေးပေ။ ထို့အပြင် ချောင်ဟုန်ယဲ့၏ စိတ်အားငယ်မှုများ ပြည့်နေသည့် ကြောက်စရာကောင်းသော မျက်နှာနှင့် မချိတင်ကဲ ငိုကြွေးနေခြင်းကို ကြည့်၍ ကျင်းယွင်ကျောင်း ပျော်ရွှင်လာ၏။

သူမ၏ နှုတ်ခမ်းများက အထက်သို့ ကွေးညွတ်သွားပြီး

“နင့်ကို ချောင်ဝေ့မင် ရိုက်တာက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါသိတာ တစ်ခုက ငါ နင့်ကို လွှတ်မပေးနိုင်ဘူးဆိုတာပဲ”

“မမ၊ နင် ဘာလို့ ဒီလို လုပ်နိုင်ရတာလဲ၊ ဘာပဲဖြစ်ဖြစ် ငါတို့က အတူကြီးပြင်းလာတဲ့ ညီအစ်မတွေ ဖြစ်နေသေးတယ်လေ အား...”

ချောင်ဟုန်ယဲ့သည် ကျိုးကြောင်းဆီလျော်မှု မရှိပေ။

“ငါ့ရဲ့မျိုးရိုးနာမည်က ကျင်း”

သူမက အေးစက်စက် စကားပြန်လိုက်ပြီး ချောင်မိသားစုနှင့် သူမ ဘာမှမဆိုင်သည်အား ရှင်းလင်းသွားအောင်လုပ်လိုက်သည်။

ထိုကဲ့သို့ ပြတ်သားသော စိတ်ဓါတ်က ချောင်ဟုန်ယဲ့၏ ကျောရိုးတစ်လျှောက် အအေးဓါတ်များကို စုန်ဆင်းသွားစေသည်။ သူမ၏ ခေါင်းကို ငုံ့ကာ စားပွဲပေါ်ရှိ ဓါတ်ပုံအထပ်လိုက်ကြီးအား ကြည့်ရင်း သူမသည် ၎င်းတို့ကို ပြာဖြစ်အောင် မီးမရှို့နိုင်ခြင်းကြောင့် မုန်းတီးလာ၏။

သူမသည် သူမ၏ဒူးများကို ထောက်ချလိုက်ပြီး ကျင်းယွင်ကျောင်းအား ငဲ့ညှာပေးရန် တောင်းပန်ခဲ့သော်လည်း ထိုအစား ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ရက်စက်လွန်းလှသည်။

“ငါတို့ ငယ်ငယ်လေးကတည်းက နင်က ဒီလိုပဲ။ ကျင်းယွင်ကျောင်း၊ နင်က မုန်းစရာကောင်းနေတုန်းပဲ”

ချောင်ဟုန်ယဲ့၏ အမူအယာများက ယုတ်မာသည့်ဟန်ဖြစ်နေပြီး သူမသည် မုန်းတီးစွာဖြင့် အဆက်မပြတ် အော်ဟစ်လိုက်၏။

သူမ၏ ရုတ်တရက် စူးစူးဝါးဝါး ထအော်လိုက်သံက စူးချူအား ကြောက်လန့်သွားစေ၍ သူမ၏ ရင်ဘတ်ကို မဖိလိုက်ဘဲ မနေနိုင်ချေ။ ဤ ချောင်ဟုန်ယဲ့သည် ကြောက်စရာကောင်းလွန်းသည်။ များသောအားဖြင့် သူမသည် သိမ်မွေ၍ နှစ်လိုဖွယ်ရှိသော်လည်း ချောင်ပိတ်ခံရသော သားရဲတစ်ကောင်၏ အမူအယာက ဤသို့ကြောက်လန့်စရာကောင်းမည်ဟု မည်သူ ထင်မည်နည်း။

မျက်လုံးထဲ၌ မီးများဝင်းဝင်း တောက်နေသည့်အလား ဖြစ်နေသည့် ချောင်ဟုန်ယဲ့က မတ်တပ်ရပ်နေသော ကျင်းယွင်ကျောင်းကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်သည်။

“နိမ့်ကျပြီး စျေးပေါတဲ့ သူတောင်းစားမ”

“သူ့ရဲ့မိဘတွေက ဘယ်သူမှန်းတောင် မသိတဲ့ ရိုင်းစိုင်းပြီး သူများပြုသမျှနုရမယ့် ပစ္စည်းသာသာကများ၊ နင့်ကိုနင် ကြီးမြတ်လှပြီလို့ ထင်နေတာလား။ ငါ နင့်ကို ပြောလိုက်မယ် ကျင်းယွင်ကျောင်း၊ ငါက ပစ္စည်းလေးတွေ ခိုးတယ်ဆိုရင်တောင်မှ၊ ငါက ဟယ့်ကျားစစ်ကို စော်ကားခိုင်းဖို့ လူရှာတယ် ဆိုရင်တောင်မှ အဲဒီတော့ ဘာဖြစ်လဲ။ ငါက နင့်ထက် မြင့်မြတ်နေသေးတယ်။ ငါ့အမေက နင့်ကို ကောက်လာတာ။ ဒါကြောင့် နင်က နင့်ရဲ့ ကျန်တဲ့ဘဝကို ငါတို့ရဲ့အစေခံအဖြစ်နဲ့ပဲ ကုန်ဆုံးသင့်တယ်၊ ငါတို့ကို ငေါက်ခွင့်ပေး၊ ရိုက်ခွင့်ပေး။ နင်က အခု နင်ငါ့ကို ဖိနှိပ်နိုင်ပြီလို့ တွေးပြီး ပျော်နေတာလား။ ဒါပေမယ့် အစောပိုင်း ဒါမှမဟုတ် နောက်ပိုင်းကျရင် နင့်ရဲ့လက်စားချေမှုတွေကို ပြန်ရလိမ့်မယ်။ နင့်ရဲ့ တန်ဖိုးမရှိတဲ့ဘဝကို အခြေခံပြီးတော့များ နင်က ထန်မိသားစုကို လက်လှမ်းချင်သေးတာလား။ ဟယ့်ကျားစစ်တောင် ဒါကို မလုပ်နိုင်မှတော့ နင်က အိပ်မက်တောင် မမက်နဲ့”

ချောင်ဟုန်ယဲ့၏ သူတော်ကောင်း အရေခွံအား ဆွဲခွာလိုက်ပြီး နောက်ဆုံး၌ သူမ၏ တားဆီးထားသော အစွယ်များနှင့် တလှုပ်လှုပ်ဖြစ်နေသော လက်သည်းများအား လက်ရှိတွင် ရှိနေသော လူတိုင်းကို ထုတ်ပြလာခဲ့သည်။

ထန်ကျစ်ဟွား၏ အမူအယာမှာ အကျည်းတန်နေ၏။ အကြောင်းမှာ သူနှင့် ကျင်းယွင်ကျောင်း၏ ဆက်ဆံရေးသည် တစ်ကြိမ်ထပ်မက နားလည်မှုလွဲခံနေရခြင်းကြောင့် ဖြစ်သည်။ ချောင်ဟုန်ယဲ့ကလည်း သူတို့နှစ်ယောက်တွင် တစ်ခုခုရှိနေသည်ဟု ထင်နေကြောင်း သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။

ထို့အပြင် ထိုကဲ့သို့သော စကားလုံးများသည် မိန်းကလေးတစ်ယောက်၏ ပါးစပ်မှ အမှန်တကယ် ထွက်ပေါ်လာခဲ့၏။

ကျင်းယွင်ကျောင်းသည် မိဘများက ဘယ်သူမှန်း မသိသည့် မိဘမဲ့တစ်ယောက်ဖြစ်သော်လည်း သူမသည် အခြားသူများထက် နိမ့်ကျသည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။

ဤချောင်မိသားစု...ဤကဲ့သို့သော ချောင်မိသားစု၊ ထိုအချိန်ကသာ သူတို့ ကျင်းယွင်ကျောင်းအား မမွေးစားခဲ့ပါက သူမအတွက် သနားညှာတာမှုတစ်ခုပင် ဖြစ်နိုင်သည်။

လေထုသည် တောင့်ခဲနေပုံပေါ်၏။ စူးချူသည် ယခင်က ဤကဲ့သို့သော အခြေအနေမျိုးကို မမြင်ဖူးသဖြင့် ခဏမျှ ပြောစရာစကားများ ပျောက်ရှနေသော်လည်း သူမသည်လည်း ကျင်းယွင်ကျောင်း ဒေါသထွက်သွားမည်ကို ကြောက်သည်။ ထို့ကြောင့် သူမသည် ကျင်းယွင်ကျောင်း သူမအား သနားသွားစေရန် ဒေါသထွက်နေသည့် အမူအယာကို ထုတ်ဖော်ပြသလိုက်၏။ ကန်ကျင်းချန်သည်လည်း အတူတူပင် ဖြစ်သော်လည်း သူက ကျင်းယွင်ကျောင်းသည် စိတ်အေးအေးထား၍ ဖြေရှင်းနိုင်လိမ့်မည်ဟု ပို၍ပင် ယုံကြည်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ထန်မိသားစုကို ဖက်ပြီးတက်ချင်နေတာ နင်လေ၊ ဟုတ်တယ်မလား”

ခဏမျှကြာပြီးနောက် တိတ်ဆိတ်နေသော တိုက်ခန်းထဲတွင် ကျင်းယွင်ကျောင်း၏ လှောင်ပြောင်နေသော အသံက ရုတ်တရက် ထွက်ပေါ်လာပြီး ကျင်းယွင်ကျောင်း ဆက်ပြောလိုက်သည်ကိုသာ ကြားလိုက်ကြရ၏။

“နင် ငေါက်လို့ငမ်းလို့ ဝပြီလား။ ငါ့ရဲ့မျက်လုံးထဲမှာတော့ လှောင်ပြောင်ရှုတ်ချတာကလွဲရင် နင့်မှာ အခြားစွမ်းရည် မရှိပါဘူး။ ဒါကို အခြေခံလိုက်ရုံနဲ့တင် နင် ငါနဲ့ မြင့်မြတ်မှုအကြောင်းကို ပြောချင်သေးလား။ ငါက ငါ့ကိုယ်ငါ ခွေးမတစ်ကောင်နဲ့ နှိုင်းယှဥ်တတ်တဲ့ အကျင့်မရှိဘူး”

သူမက စကားပြောပြီးနောက် ဓါတ်ပုံများကို သပ်သပ်ရပ်ရပ် စီလိုက်သည်။

ဤဓါတ်ပုံများအပြင် သူမ၌ အမှန်တကယ်ပင် ဗီဒီယိုတစ်ခုလုံး ရှိ၏။ သူမဆီမှ မက်ဆေ့ချ်တစ်ကြောင်းရသည်နှင့် ဟွားဇယ်က ဤအရာများအားလုံးကို ရဲများဆီသို့ ပို့လိုက်လိမ့်မည်။

သူမက ဖုန်းကိုထုတ်၍ စာရိုက်ထားလိုက်ပြီး အချိန်မရွေးပို့ရန်အတွက် ပြင်ဆင်ထားလိုက်သည်။

“ငါနဲ့ ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ပြီး သက်သက်ညှာညှာ ဆက်ဆံပေးဖို့ တောင်းပန်။ တကယ်တော့ နင် ကလေးသူငယ်ထိန်းသိမ်းရေးစင်တာကို ဝင်သွားရရင် ငါ ဘယ်လိုလုပ်ပြီး ဆက်ကစားလို့ ရတော့မှာလဲ”

ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့အား မျက်လုံးဝေ့ကြည့်လိုက်၍ သူမအား စာရွက်အထပ်လိုက်ကို ပေးလိုက်သည်။

“ဒါတွေအတွက်ကတော့ သူတို့က နင့်ဘဝရဲ့ ပထမဆုံးတွေ ပါဝင်နေတယ်။ ငါ နင့်ကို ဒါတွေကို အမှတ်တရအနေနဲ့ ပေးလိုက်မယ်နော်”

Chapter 168 : ခွေးလေခွေးလွင့်

ကျင်းယွင်ကျောင်းက သူမကို အထင်သေးစွာ ကြည့်လိုက်သည်။ ချောင်ဟုန်ယဲ့၏ မုန်းတီးစက်ဆုပ်သော အကြည့်များအောက်တွင် သူမသည် ထန်ကျစ်ဟွားအား သွေးခုန်နှုန်း စမ်းရန်အတွက် သူမ၏ အခန်းထဲသို့ သွားရန် ပြောလိုက်သည်။ ဤနေရာ၌ ချောင်ဟုန်ယဲ့၏ ပူဆွေးဝမ််းနည်းစွာ အော်ဟစ်သံများကိုသာ ကြားနေရသောကြောင့်ပင်။ သူမသည် ရူးနှမ်းနေပုံရပြီး အိမ်ရာတစ်ခုလုံးရှိ ကလေးများကပါ ကြောက်ရွံ့၍ ငိုကြွေးကုန်ကြသည်အထိပင်။ စူးချူက သူမအား တစ်ချက်ကြည့်လိုက်ပြီး ခြောက်လှန့်ရန် ကြိုးစားလိုက်သည်။

“ငါ နင် ဒီမှာ ရောက်နေတယ်ဆိုတာကို အရာရှိတွေကို သွားပြောတော့မယ်”

စက္ကန့်ပိုင်းအတွင်းမှာပင် ချောင်ဟုန်ယဲ့သည် အဝေးသို့ သုတ်သုတ်ပျာပျာ ပြေးသွားတော့၏။

သူမက ကျင်းယွင်ကျောင်း မက်ဆေ့ချ်ပို့နေသည်ကို မြင်ခဲ့ရသော်လည်း ပို့နေသည့် အကြောင်းအရာကိုတော့ မသိချေ။ ထို့ကြောင့် သူမသည် ကျင်းယွင်ကျောင်း ရဲခေါ်ပြီး၊ မပြီးကို အမှန်ပင် မသိခဲ့။

ထို့ကြောင့် ဤအခိုက်တွင် သူမသည် စိုးရိမ်မှုနှင့်ကြောက်ရွံ့မှု နှစ်ခုစလုံးကို ခံစားခဲ့ရသော်လည်း ဘာလုပ်ရမှန်း မသိ။

ထွက်ပြေးရမည်လား။ သူမတွင် ပိုက်ဆံမရှိပေ၊ ထို့အပြင် သူမသည် ငယ်ရွယ်သေးသည်။ ယခု သူမသည် ဟွားနင်ခရိုင်မှ ထွက်ပြေးပါက သူမ၏ အနာဂတ်လမ်းကြောင်းသည် တောက်ပနေသော မျှော်လင့်ချက်များနှင့် လမ်းတစ်လမ်း မဖြစ်နိုင်တော့။

ကောင်းရှင်းကို ရှာလျှင်ရော။ ချောင်ဟုန်ယဲ့က သူမ၏ ခေါင်းကို ထပ်မံ၍ ခါယမ်းလိုက်သည်။ မသေချာပေ။ ကောင်းရှင်းက အကာအကွယ်ပေးလိမ့်မည် ဖြစ်သော်လည်း သူတို့နှစ်ယောက်လုံးအား တစ်ပြိုက်နက် ဖမ်းမိသွားပါက သူမကိုယ်သူမ ကာကွယ်ရန် အခွင့်အရေးကိုပင် ဆုံးရှုံးသွားလိမ့်မည်။ အချိန်ခဏကြာအောင် တွေးပြီးနောက် ချောင်ဟုန်ယဲ့သည် ကျောင်းသို့ ပြန်ရန်သာ ဆုံးဖြတ်လိုက်၍ ကျင်းယွင်ကျောင်းက သူမကို ခြောက်လှန်ရုံသာ ဖြစ်ပါစေဟု မျှော်လင့်ခဲ့သည်။

ညဆယ်နာရီထိုးသောအခါ ချောင်ဟုန်ယဲ့သည် ကျောင်းအိပ်ဆောင်သို့ ပြန်လာခဲ့၏။ ဤနေရာရှိ မိန်းကလေးတိုင်းသည် သူမအား အလွန်အမင်း ရွံမုန်းကြသော်လည်း သူမက ထိုလူများ ဘာတွေးနေသည်ဆိုတာကို ဂရုမစိုက်တော့ဘဲ အိပ်ရာထဲ၌သာ လူးလိမ့်နေခဲ့၏။

သန်းခေါင်ယံအချိန်ဖြစ်သည်။ မိန်းကလေးအဆောင်သည် တံခါးခေါက်သံများကြောင့် လန့်နိုးလာကြသည်။ ဆရာမတစ်ယောက်သည် ရဲများနှင့်အတူ ပူးပေါင်း၍ လူအုပ်ကြီး၏ အာရုံစိုက်မှုအောက်မှာပင် ချောင်ဟုန်ယဲ့အား ခေါ်ဆောင်သွားကြတော့၏။

ထို ဆရာ၊ ဆရာမများအား ရဲများက သူတို့၏ တာဝန်အရ အခြေအနေနှင့် ပတ်သတ်၍ မေးခွန်းအနည်းငယ်သာ မေးသော်လည်း ဤရိုးရှင်းသော အခိုက်အတန့်ကပင် သူတို့အား ကြောက်ရွံ့ထိတ်လန့်စေလေသည်။

နောက်နေ့ မနက်တွင် သတင်းက တစ်ကျောင်းလုံးကို ပြန့်သွားပြီဖြစ်၏။ ချောင်ဟုန်ယဲ့၏ အတန်းပိုင်ဆရာဖြစ်သော ဆရာကျီသည် အလွန်အမင်း စိတ်မသက်မသာ ခံစားနေရသည်။

သူသည် ဆယ်စုနှစ်ပေါင်းများစွာ စာသင်ခဲ့ပြီး သူတာဝန်ယူနေစဥ်အတွင်း ရာဇဝတ်မှု ကျူးလွန်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ဘူးချေ။ အထူးသဖြင့် အပေါ်ယံက အလွန်ယဥ်ကျေးသိမ်မွေ့ပြီး သန့်စင်သော မိန်းကလေးတစ်ယောက်က မကျူးလွန်ခဲ့ဖူးခဲ့။ ထို့အပြင် ချောင်ဟုန်ယဲ့၏ ရမှတ်များသည် မူလက အေခန်းကို ရရန် အဆင့်မမီပေ။ ၎င်းမှာ လုံးဝပင် ရင်းနှီးမြှုပ်နှံထားသော ဟယ့်မိသားစုကြောင့်သာ ဖြစ်ပြီး သူတို့သည် သူတို့၏ သမီးအတွက် သူမကို အေခန်းထဲသို့ ဆွဲသွင်းခဲ့သည်။ ထို့ကြောင့် သူတို့သည် အတန်းဖော်များ ဖြစ်လာကြသည်သာပင်။

ထိုအချိန်က သူသည် ဤမိန်းကလေး၏ အဆင့်များဟာ ယခင်က အတော်လေး ကောင်းခဲ့သည်ဟု တွေးခဲ့သောကြောင့် ခြွင်းချက်အနေဖြင့် လက်ခံပေးခဲ့သည်။ ၎င်းက ယနေ့၌ သူ၏ နှစ်ပေါင်းများစွာ ကောင်းမွန်လာသော ဂုဏ်သိက္ခာနှင့် ချီးမွှမ်းခံရခြင်းများအား ပျက်ဆီးသွားစေလိမ့်မည်ဟု မည်သူက သိမည်နည်း။

ချောင်ဟုန်ယဲ့နှင့်အတူ အဖမ်းခံရသူမှာ ငှားနေသော အခန်းမှ ကောင်းရှင်းဖြစ်၏။ ကောင်းရှင်းသည် ထောင်ထဲသို့ ပြန်ဝင်ရချိန်၌ ချောင်ဟုန်ယဲ့က တစ်ဖန်ပြန်၍ ဆန့်ကျင်ပြန်သောကြောင့် သူ၏ ရည်မှန်းချက်များအတိုင်း မဖြစ်ခဲ့ပေ။ သူမသည် ကောင်းရှင်းက သူမကို ခြိမ်းခြောက်ခဲ့သည်ဟု ထွက်ဆိုခဲ့ပြီး သူမ၏ ပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်ကိုပါ ဖော်ထုတ်ပြသကာ ဘုရားသခင်ရော လူသားများပါ ဒေါသထွက်သည်အထိ သူ့အား မတော်မတရား စွပ်စွဲခဲ့သည်။

ဤတစ်ကြိမ် အမှုစွပ်စွဲချက်သည် အလွန်ပြင်းထန်၏။

နစ်နာသူတစ်ဦးအနေဖြင့် ဟယ့်ကျားစစ်သည်လည်း ဆင့်ခေါ်ခံရသည်။

မိန်းကလေးနှစ်ဦးက အသက်မပြည့်သေးသော အချက်လည်းရှိ၏။ အထူးသဖြင့် ချောင်ဟုန်ယဲ့သည် ဆယ့်ခြောက်နှစ်ပင် မပြည့်သေးချေ။ (T/N: ချောင်ဟုန်ယဲ့က အားလုံးထက် တစ်နှစ် ငယ်ပါတယ်။) သက်ငယ်မုဒိမ်းမှုနှင့် ခြိမ်းခြောက်မှုဖြစ်၏။ ကောင်းရှင်းသည် ဤတစ်ကြိမ်၌ ခလုတ်အကြီးကြီး တိုက်မိခဲ့သည်မှာ အသေအချာပင်။

ဤကိစ္စအား အပြည့်အစုံ ကိုင်တွယ်ဖြေရှင်း၍ အပြီးသတ်ပြီးနောက်တွင်မူ အချိန်တစ်လကျော်ခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ မျှော်လင့်ထားသည့် အတိုင်းပင် ချောင်ဟုန်ယဲ့သည် အလိုအလျောက် ကျောင်းထွက်လိုက်ရ၏။

ကျောင်းဝန်းအပြင်ဘက်တွင် ဟယ့်မိသားစု၏ ကားက အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေသည်။ သို့သော် ဤတစ်ကြိမ်၌ ကွာခြားသည်မှာ သူတို့သည် သူတို့၏ ယာဥ်မောင်းကို သာမန်လူတစ်ယောက်အား ပြောင်းလိုက်ပြီဖြစ်၍ သူတို့၏ ကားမှာလည်း တန်ဖိုးနည်းသွား၏။ စင်စစ် သူမသည် လက်ထပ်ပြီး ထန်မိသားစုအတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေးမရှိတော့သောကြောင့် ဟယ့်မိသားစု၏ နှလုံးသားသည်လည်း အလွန် မသက်မသာ ခံစားနေရသည်။ ပြောဆိုဆက်ဆံရာ၌ ကွာခြားမှုအချို့ အနည်းနှင့်အများရှိလာလိမ့်မည် ဖြစ်သောကြောင့်ပင်။

“ချောင်ဟုန်ယဲ့၊ သေချာပေါက် နင်က တစ်ခုခုပဲ”

ဟယ့်ကျားစစ်က သူမနှင့်အတူ တစ်ချိန်တည်း ထွက်ခွာလာသော ချောင်ဟုန်ယဲ့အား ကြည့်နေပြီး သူမ၏ မျက်လုံးများတွင် မုန်းတီးစက်ဆုပ်မှုများက အိုင်ထွန်းနေသည်။

ချောင်ဟုန်ယဲ့သည် လမ်းလျှောက်နေသော အလောင်းကောင် တစ်ကောင်နှင့်ပင် တူနေသည်။ သူမ၏ မျက်နှာနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများနှင့် ဖုံးလွှမ်းနေပြီး ထိုအရာများအားလုံးသည် ချောင်ဝေ့မင် လုပ်ထားခြင်းပင်၊ ချောင်ဝေ့မင်၏ သဘောထားသည် ဤမမလေးဟယ့်အပေါ်တွင် လုံးလုံးလျားလျား မူတည်နေ၏၊

“ဟယ့်ကျားစစ်၊ ငါ နင့်ကို အမှားလုပ်ခဲ့တာ ငါဝန်ခံပါတယ်။ ဒါပေမယ့် အဲဒီဓါတ်ပုံတွေကို ရဲတွေဆီပို့တာက တကယ်ပဲ ငါလုပ်ခဲ့တာလို့ နင် ထင်နေတာလား။ ငါက ငါ့အတွက် ငါကိုယ်တိုင် ကျင်းတစ််ကျင်း တူးရလောက်တဲ့အထိ မတုံးအ,ဘူး။ ဒါတွေ အားလုံးကို ကျင်းယွင်ကျောင်းက လုပ်ခဲ့တာ။ ဘယ်လောက်တောင် သနားစရာကောင်းလဲ၊ ငါ့အပြင် နင်နဲ့ ချမ်းသာတဲ့ နင့်မိသားစုကပါ တကယ်ပဲ သူတောင်းစားမ တစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘူး။ ပြီးတော့ နင်ဆိုရင် ခွေးလေခွေးလွင့်တွေလို နင်းမြို့တော်ကို ကမူးရှူးထိုး ပြန်ပြေးရတာ။ ဝမ်းနည်းစရာ ကောင်းလွန်းလိုက်တာနော်”

ချောင်ဟုန်ယဲ့၏ အကြည့်များက သူမစကားပြောနေသည့်အသံလိုပင် အေးစက်နေပြီး၊ ဆက်လက်၍ ဟန်ဆောင်နေရမည်ကိုပင် ပျင်းလွန်းနေခဲ့ပုံရလေတော့သည်။

All Chapters