← Chapters

အခန်း (၁၆၉-၁၇၂)

Vol. 9 Ch. 169-172

အခန်း (၁၆၉-၁၇၂)

Vol. 9 Ch. 169-172

Chapter 169 : ခွေးတိုင်းမှာလည်း သူ့ရဲ့နေ့ဆိုတာရှိတယ်

ချောင်ဟုန်ယဲ့၏ အကြည့်များက တမင်တကာဆွပေးနေသလိုဖြစ်နေပြီ ပြန်ထိန်းရန် ရည်ရွယ်ချက်လည်း ရှိပုံမရပေ။ ယခင်က သူမသည် သူမ၏ အဖေကြောင့် ဟယ့်ကျားစစ်အား နေရာတကာ ဦးညွတ်ခဲ့ရသည်။ သို့သော် ယခုအချိန်၌ သူမ၏ အဖေကပါ သူမအား ငွေကြောင့် စွန့်ပစ်လိုက်ပြီဖြစ်၏။ သူ၏ သူမအပေါ် ဆက်ဆံပုံများက ဆိုးဝါးလှသည်။ သူ စိတ်ကောင်းဝင်နေသောအချိန်တွင် သူမအား ပြင်းပြင်းထန်ထန် အော်ငေါက်ရုံသာ ဖြစ်သော်လည်း သူ စိတ်အခြေအနေ ဆိုးဝါးနေသည့် အချိန်၌မူ သူမအား ရိုက်နှက်တတ်သည်။

ဟယ့်ကျားစစ်၏ မိသားစုနောက်ခံက သူမထက် ပိုကောင်းသည်ကလွဲလျှင် ဟယ့်ကျားစစ်၏ မည်သည့်အချက်က သူမနှင့် နှိုင်းယှဥ်နိုင်သနည်း။

ယခုအချိန်တွင် ဟယ့်ကျားစစ်သည် နှလုံးသားထဲ၌ မုန်းတီးမှုများ ပြည့်နေသည်။ သူမသည် ဆုံးရှုံးမှုများစွာကို ကြုံတွေ့ခဲ့ရပြီး ဟယ့်မိသားစု၏ ဆယ်စုနှစ်များစွာ ရှည်ကြာသော အစီအစဥ်ကို ဖျက်ဆီးပစ်မိခဲ့သည်။ စုံစမ်းမှုရလဒ်များအရ သူတို့သည် ကျင်းယွင်ကျောင်း၏ အကြောင်းကို မသိခဲ့ရဘဲ ကျပန်းလမ်းသရဲတစ်ယောက်ဟုသာ သိခဲ့ရ၏။ သို့သော် ယခုအချိန်တွင် ချောင်ဟုန်ယဲ့က ထိုအကြောင်းကို ပြောသောအခါ သူမ၏ နှလုံးသားထဲရှိ သံသယမြူများ ရှင်းလင်းသွားတော့သည်။

ကျင်းယွင်ကျောင်းက သူမ၏ နေရာတွင် အစားထိုးထားသည့် ထိုလမ်းသရဲမှတစ်ဆင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ရမည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ခြင်းပင်၊ သူမသည် ဤသို့ဖြင့် လူနှစ်ယောက်ကို ဖျက်ဆီးနိုင်ခဲ့သည်။ ထို ကျင်းယွင်ကျောင်းသည် မြင့်မြတ်၍ ကိုယ်ကျင့်သိက္ခာ ဖြူစင်ပုံပေါ်ပြီး အပြင်ပန်း၌ သူမသည် ထန်ကျစ်ဟွားနှင့် အကွာအဝေးတစ်ခု ထိန်းသိမ်းထားသော်လည်း တကယ်တမ်း အတွင်းထဲကမူ သစ္စာဖောက်ဖျက်သူ ဖြစ်၏။

သို့ရာတွင် သူမသည် ကျင်းယွင်ကျောင်းအား လွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင် ချောင်ဟုန်ယဲ့အားလည်း အလွတ်ပေးလိမ့်မည် မဟုတ်။

ပြဿနာများ၏ အရင်းမြစ်ကိုသာ ပြန်သွားကြည့်ပါက ချောင်ဟုန်ယဲ့သာ သူမကို ရောင်းမစားခဲ့သော် သူမသည် ဘယ်လမ််းသရဲ၏ နင်းချေခြင်းကိုမှ ခံရလိမ့်မည် မဟုတ်ချေ။ ယနေ့တွင် ထိုကိစ္စသည် ဟွားနင်ခရိုင်ရှိ ကျောင်းများအားလုံးသို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။ သူမ နင်းမြို့တော်သို့ ပြန်သွားသောအခါ လူများက သူမ ဟွားနင်ခရိုင် ရှိခဲ့သော အချိန်အတွင်း ပြဿနာများကို သေချာပေါက် စုံစမ်းကြလိမ့်မည်။ ထိုအခါ သူမတွင် ပါးစပ်ဆယ်ပေါက် ရှိလျှင်တောင်မှ ဤပြဿနာကို သူမကိုယ်တိုင် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

မည်သည့်နည်းနှင့်မဆို သူမသည် နင်းမြို့တော်၌ အချိန်တစ်ခုကြာသည်အထိ နေနိုင်တော့မည် မဟုတ်။ နင်းမြို့တော်သို့ ပြန်သွားပြီးနောက် သူမသည် နိုင်ငံရပ်ခြားသို့ အချိန်ခဏကြာအောင် သွားနေရုံသာ တတ်နိုင်မည်ဖြစ်ပြီး ကောလဟာလများ ပြီးဆုံးသွားမှသာ ပြန်လာနိုင်မည်ပင်။

ထန်ကျစ်ဟွား အတွက်မှာမူ.....

ဟယ့်ကျားစစ်က အံကြိတ်လိုက်သည်။ သူမ, မရနိုင်သည့်အရာကို ကျင်းယွင်ကျောင်းလည်း မရနိုင်စေရ။ သူမ ထွက်သွားပြီးလျှင်တောင်မှ သူမ၌ ဤနှစ်ယောက်ကို အပြစ်ပေးနိုင်မည့်နည်းလမ်း ရှိနေသေးသည်။

ဟယ့်ကျားစစ်သည် ခါးသီးမှုများဖြင့် ကားထဲသို့ ဝင်လိုက်ပြီး ကားလေးက အရှိန်တင်လိုက်ကာ နောက်ဆုံးတွင် ဟွားနင်ခရိုင်၏ နယ်စပ်များကိုပါ ဖြတ်သန်းသွားခဲ့တော့၏။

ချောင်ဟုန်ယဲ့သည် နင်းရှန်မြို့သို့ ပြန်လာသော်လည်း ဤကိစ္စ ဖြစ်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ မြို့ထဲရှိ လမ်းတိုင်းလမ်းတိုင်းသို့ ပျံ့နှံ့သွားပြီဖြစ်သည်။

အပြင်လူများသည် ချောင်ဟုန်ယဲ့အား နိမိတ်မကောင်းဘဲ ရက်စက်ကြမ်းတမ်းကာ အကြင်နာတရားကင်းမဲ့သူဟု ပြောကြသဖြင့် ယခုအချိန်တွင် လူတိုင်းက သူမ လမ်းဖြတ်လျှောက်သည့်အခါတိုင်း သူမကို ရှောင်ရှားကြ၏။ ချောင်ဝေ့မင်သည် သူ၏ သိက္ခာကျဆင်းသောကြောင့် ဤသမီးဖြစ်သူအား ရွံရှာစက်ဆုပ်နေခဲ့ပြီး သူ၏ အနာဂတ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟုပင် ထင်လာသောကြောင့် သူသည် ချောင်ဟုန်ယဲ့အပေါ်၌ အမြင်ကောင်း မရှိတော့ပေ။ ချောင်ဟုန်ယဲ့၏ အမြွှာဖြစ်သူ ချောင်ကျစ်ကျိုးကပင် ဤကိစ္စကြောင့် သူ သိက္ခာကျသလို ခံစားခဲ့ရသည်။ စနေ၊ တနင်္ဂနွေများအတွင်း သူပြန်လာသည့်အခါတိုင်း သူမအား ပလိပ်ရောဂါသဖွယ် ရှောင်ရှားတတ်၏။

အိမ်၌ ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင်၏ အခြေခံလိုအပ်ချက်များကို တာဝန်ယူရသည်။ သူမ၏ သေးသွယ်၍ ကျောက်စိမ်းကဲ့သို့သော လက်များသည် အမြဲတမ်း ဖြူဝင်း နူးညံ့နေခဲ့သော်လည်း ရက်အနည်းငယ်ခန့်ကြာပြီးနောက်တွင်မူ ထိုလက်များသည် အသားမာများတက်၍ ကြမ်းတမ်းလာခဲ့၏။

ထိုမျှသာမက သူမသည် အနည်းငယ် ပို၍ ချစ်စရာကောင်းအောင် ဝတ်စားမိတိုင်း၊ ကုန်စုံဆိုင်သို့ စျေးဝယ်သွားသည့် အချိန်တိုင်း၊ လူများက သူမအား အမြဲတမ်း ပြောဆိုမာန်မဲကြ၍ မြေခွေးမဟု ခေါ်ကြသည်။ မလေးမစား လုပ်တတ်သည့် ကလေးအချို့က သူမအား တမင်ဝင်တိုက်ခြင်း၊ ဆွဲကုတ်ခြင်း၊ ဆောင့်တွန်းခြင်းများပင် ပြုလုပ်ကြ၏။

ဤကဲ့သို့သော ရက်သတ္တပတ် တစ်ပတ်အပြီးတွင် ချောင်ဟုန်ယဲ့သည် သိတက်လာပြီး ယဲ့ချင်၏ အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်သည်။

အဝတ်အစားက လူများကို ပြုပြင်ဖန်တီးပေး၏။ သူမ၏ လှပသော အဝတ်အစားများ မရှိလျှင် လက်ရှိ ချောင်ဟုန်ယဲ့သည် အဝေးမှ ကြည့်ပါက ဖိုသီဖတ်သီ အစေခံမိန်းမကြီးတစ်ယောက်နှင့် တူနေ၏။ သူမ၏ အနည်းငယ် နုနယ်သော မျက်နှာလေးသာ မရှိပါက သူမအား လူအုပ်ထဲသို့ ပစ်ထည့်လိုက်လျှင် မည်သူကမှ မှတ်မိမည် မဟုတ်ပေ။

ယခုအချိန်တွင် ကျင်းယွင်ကျောင်းသာ သူမကို မြင်ပါက သက်ပြင်းတစ်ချက်ပင် ရှိုက်နိုင်မည်မဟုတ်ပေ။

ယခု ချောင်ဟုန်ယဲ့သည် ထိုအချိန်တုန်းက သူမလျှောက်နေကျလမ်းကို လျှောက်နေရခြင်း ဖြစ်သည်။

ယခု သူမဝတ်ထားသည့် အဝတ်အစားများသည် အတိတ်ဘဝက ကျင်းယွင်ကျောင်း ဝတ်လေ့ရှိသည်များပင်။ သူမ လုပ်နေရသော အိမ်မှုကိစ္စများကလည်း အတူတူပင် ဖြစ်၏၊ အော်ဟစ်ငေါက်ငမ်းခံရခြင်းများနှင့် ကျိန်ဆဲခံရခြင်းများကလည်း အနည်းနှင့်အများ အတူတူပင် ဖြစ်သည်။

ဘဝသည် အသွားအပြန်ရှိသောအရာတစ်ခုနှင့် တူသည်။ ကိုယ်ပေးသော အရာကို ကိုယ်ပြန်ရ၏။ အတိတ်ဘဝက အန္တရာယ်ဖြစ်စေခဲ့ပြီး ယခုဘဝ၌ ၎င်းကို ပြန်ပေးဆပ်နေရ၏။

ချောင်ဟုန်ယဲ့က သူမ၏ ဘဝလောကဓံတရားများကို တွေ့ကြုံခံစားနေရသည့် အချိန်အတောအတွင်းတွင် ကျင်းယွင်ကျောင်းသည် အထက်တန်းကျောင်း ပထမနှစ်၏ စာသင်ချိန်အဆုံးသတ်ကိုပင် ကျော်ဖြတ်နေပြီ ဖြစ်သည်။

နောက်ဆုံးစာမေးပွဲကြီးများက နီးကပ်လာပြီး သူမ ပိုင်ယွီအန်းအား လွဲအပ်ထားသည့် တာဝန်သည်လည်း ရလဒ်အချို့ ရှိလာပြီဖြစ်၏။

ပိုင်ယွီအန်းသည် စက်ရုံအဆောက်အဦးအချို့ကို ရွေးခြယ်ခဲ့ပြီး တည်နေရာများမှာ အားလုံးရှင်းလင်း၍ ဖွံဖြိုးလာမည့် နယ်ပယ်ကြီးများဖြစ်သည်။ အတိအကျပင် ဟွားနင်ခရိုင်မြို့၏ ဆင်ခြေဖုံးနေရာများက စျေးမကြီးဘဲ ကျင်းယွင်ကျောင်းမှာ ငွေကြေးလုံလုံလောက်လောက်တတ်နိုင်သဖြင့် ဖိအားများများစားစားလည်း မရှိခဲ့ပေ။

ဤစက်ရုံအဆောက်အဦးလေးခုတွင် နှစ်ခုမှာ မြို့စွန်အနီးတွင် ရှိသည်။ မူလကတည်းက ၎င်းတို့အား အရက်ထုတ်လုပ်ရေးအတွက် သုံးရန် ရည်ရွယ်သောကြောင့် ၎င်းတို့အား အဆင်သင့်အသုံးချနိုင်၏။ သို့ရာတွင် ကျင်းယွင်ကျောင်းက တည်နေရာသည် ဝေးလွန်းသည်ဟု ခံစားလိုက်ရသဖြင့် ချက်ချင်း ခေါင်းယမ်းလိုက်သည်။ အကွာအဝေး၏ အထက်၌ တိုးချဲ့သည့် ပြဿနာလည်း ရှိနေ၏။ ၎င်းတို့အား အနာဂတ်တွင် သေချာပေါက် တိုးချဲ့မည်ဖြစ်သော်လည်း ထိုနှစ်ခုသည် အနာဂတ် ဖွံဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအရှိဆုံး မဟုတ်ပေ။

Chapter 170 : နေရာလွတ်ရေကန်

ရွေးခြယ်မှုများလုပ်ပြီး နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် နေရာတစ်နေရာကို ဆုံးဖြတ်ချက် ချလိုက်သည်။ ၎င်း၏ တည်နေရာမှာ ဟွားနင်ခရိုင်မှ အနည်းငယ်သာ ကွာဝေး၏။ သို့သော် အားသာချက်မှာ နေရာကျယ်ဝန်းခြင်းဖြစ်သည်။ လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို မွမ်းမံထားသရွေ့ လုပ်ငန်းစရန်အတွက် အဆင်သင့်ပင်။ အရေးအကြီးဆုံးအရာမှာ ဤစက်ရုံသည် လူစည်ကားသော ရပ်ကွက်များနှင့်လည်း လိုက်လျောညီထွေဖြစ်သောကြောင့် စက်ရုံအလုပ်သမားများအတွက် အဆင်ပြေသည်။

ဟွားနင်ခရိုင်ရှိ စက်ရုံအသေးစားအရေအတွက်မှာ မနည်းသော်လည်း စားဝတ်နေရေးအတွက် ထိုစက်ရုံများကို မှီခိုနေရသော လူဦးရေမှာ ပို၍ပင် များ၏။ သို့ရာတွင် ဤစက်ရုံအများစုမှာ သူတို့၏ အလုပ်သမားများကို လစာပေးရန် အချိန်ဆွဲနှောင့်နှေးလေ့ရှိပြီး အချို့မှာ တစ်နှစ်လုံး အလုပ်လုပ်ပြီးသည့်တိုင် တစ်ပြားတစ်ချပ်မှပင် မရသည်များလည်း ရှိသည်။ အကယ်၍ သူတို့၏ အိမ်များနှင့် နီးသည်ဆိုသော အချက်ကြောင့်သာ မဟုတ်ပါက မည်သူကမှ ဤကဲ့သို့သော အလုပ်များကို သေချာပေါက် လုပ်ချင်စိတ်ရှိမည် မဟုတ်။

ကျင်းယွင်ကျောင်းသည် အများကြီးစွန့်စားရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။ စက်ရုံစတင်၍ လည်ပတ်သည်နှင့် အခြားသော စည်းမျဥ်းများကို ချမှတ်ခြင်းထက် သူမ၏ အဓိကပန်းတိုင်မှာ လူများ၏ ပါးစပ်ဖျားမှာ ကောင်းမွန်သော ဂုဏ်သတင်းကို သူမကိုယ်တိုင် တည်ဆောက်ရန်သာဖြစ်သည်။

ရာထူးအမြင့်ပိုင်းမှ လူများသည် ခရိုင်အတွင်း၌ နောက်ထပ်စက်ရုံတစ်ခု တည်ထောင်သည်ကို ကျေနပ်သဘောကျကြ၏။ ထို့ကြောင့် ပိုင်ယွီအန်း၏ နောက်ထပ် လုပ်ငန်းစဥ်များသည် အားလုံး ချောချောမွေ့မွေ့ပင် ပြီးဆုံးသွားကြသည်။

အမျိုးမျိုးသော လုပ်ငန်းစဥ်များ အားလုံးပြီးဆုံးသောအခါ သူတို့အတွက် ရုံးတည်နေရာကိုလည်း ဆုံးဖြတ်ပြီးသွားပြီဖြစ်၏။ သို့သော် ပိုင်ယွီအန်း၏ ရည်ရွယ်ချက်အရ သူတို့၏ ရုံးသည် နင်းမြို့တော်၌ တည်ဆောက်နေဆဲပင်။ ဤကဲ့သို့ဖြင့် သူတို့၏ ဂုဏ်သတင်းသည် ပို၍ ကောင်းလာလိမ့်မည်။

နင်းမြို့တော်နှင့် ဟွားနင်ခရိုင်ကြားရှိ အကွာအဝေးသည် သိပ်မဝေးပေ။ နာရီအနည်းငယ် ကားမောင်းရုံသာ ဖြစ်၏။

ပိုင်ယွီအန်းအား သူမ၏ လက်ထောက်အဖြစ် ရထားသည်က ကျင်းယွင်ကျောင်းအား အများကြီး ပို၍ သက်တောင့်သက်သာ ဖြစ်လာစေသည်။ သူမ၏ နေ့ရက်များအားလုံးကို သူမ၏ စာမေးပွဲအတွက် ပြင်ဆင်ရင်းနှင့်ပင် ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံးနေ၏။

နေရောင်အောက်တွင် နိုင်လွန်ကတ္တရာလမ်းများက အရည်ပျော်လောင်ကျွမ်းနေပြီး စာမေးပွဲခန်းထဲရှိ ကျောင်းသားများအားလုံးသည် မိုးရေထဲတွင် ရပ်နေသည့်အလား ချွေးများ တဒီးဒီးစီးကျနေသည်။ ကျင်းယွင်ကျောင်းသည်သာ အေးမြ၍ လန်းဆန်းနေသည့်ပုံပေါ်နေ၏။ ၎င်းက သူမ၏ ပတ်ဝန်းကျင်အတွက်ပါ သက်တောင့်သက်သာရှိသော ရပ်ဝန်းလေးတစ်ခု ဖန်တီးပေးနေသည်အား မငြင်းနိုင်ပေ။

ကျင်းယွင်ကျောင်း၏ အဆင့်များသည် အံသြစရာ မကောင်းတော့။

ဘာသာရပ်များအားလုံးတွင် အဆင့်တစ်ရသည်။ အမှတ်အားလုံးပေါင်းတွင် အဆင့်တစ်ရသည်။ ချောင်ဟုန်ယဲ့၏ ရှုပ်ထွေးပွေလီများကို ကြုံတွေ့ပြီးနောက် ဆရာကျီသည် နောက်ဆုံး၌ ကျေနပ်ပြုံးတစ်ခုကို ပြုံးပြနိုင်လိုက်သည်။ စင်စစ် သူသည် ဆယ်နှစ်ကျော်ခန့် စာသင်ခဲ့သော်လည်း ဤကဲ့သို့ ထက်မြက်၍ စာကြိုးစားသော ကျောင်းသားအရေအတွက်သည် ရှားပါးနေဆဲပင်။

သူမ၏ အဆင့်နှင့် စာလေ့လာမှုကို ထိန်းသိမ်းရင်း သူမ၏ ဆေးပညာစွမ်းရည်များသည်လည်း အလျင်အမြန်ပင် တိုးတက်လာ၏။

နွေရာသီအားလပ်ရက်များ စတင်သောအခါ ကျင်းယွင်ကျောင်းသည် ကျောက်စိမ်းအပိုင်းသုံးပိုင်းကို စုပ်ယူပြီးစီးသွားပြီဖြစ်၍ သူမ၏ လက်ရှိ ဆဌမမြောက် ဝိညာဥ်ကျောက်စိမ်းအပိုင်းကိုလည်း အတော်များများ စုပ်ယူပြီးဖြစ်သည်။

သူမ၏ နေရာလွတ်နယ်မြေအတွင်းတွင် ဘိုးဘေးဖြစ်သူက ဝိညာဥ်ကျောက်စိမ်းနှင့် ပတ်သတ်၍ ကိုယ် ခံနိုင်ရည်ရှိသည်ထက် ပို၍ မလေ့လာသင့်ကြောင်း ပြောခဲ့သော်လည်း သူမ၏ ခံနိုင်ရည်က သူမထင်ထားသည်ထက် အမှန်တကယ်ပင် အနည်းငယ် ပို၍ သန်မာကြောင်း သူမ အမြဲတမ်း ခံစားရ၏။ ပထမကျောက်စိမ်းအပိုင်းကို ပထမဆုံး စုပ်ယူခဲ့သည့်အချိန်က အနည်းငယ် မသက်မသာ ခံစားခဲ့ရသည်ကလွဲလျှင် ၎င်းနောက်ပိုင်းရှိ စုပ်ယူခြင်းလုပ်ငန်းစဥ်များအားလုံးသည် အတော်လေး ချောမွေ့သည်။ “စုပ်ယူရသည်မှာ မလုံလောက်” ဟူသော ခံစားချက်တစ်ခု ရှိလာသည်အထိပင်။

အနည်းငယ် စဥ်းစားဆင်ခြင်ပြီးနောက် ကျင်းယွင်ကျောင်းသည် ကြိုးစားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ လတ်ဆတ်သောသွေးများက ကျောက်စိမ်းထဲသို့ စီးကျသွားပြီးနောက် ကျောက်စိမ်းအပိုင်းနှစ်ခုလုံးမှ အကြောင်းအရာများသည် သူမ၏ စိတ်ထဲသို့ ချက်ချင်းပင် ဝင်ရောက်လာခဲ့သည်။ ခဏကြာသောအခါ ကျင်းယွင်ကျောင်းသည် သူမ၏ စိတ်ထဲ၌ တဝီဝီမြည်နေသော ရိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရပြီး တစ်စုံတစ်ခုက ပေါက်ကွဲသွားသည့်အလားပင်။

သူမသည် ခေါင်းကွဲထွက်တော့မတတ် ကိုက်ခဲမှုကို ထိန်းထားရန်အတွက် အကောင်းဆုံး ကြိုးစားလိုက်သော်လည်း သိပ်မကြာမီမှာပင် ခပ်ဖျော့ဖျော့ အပူဓါတ်တစ်ခုက သူမ၏ နှာခေါင်းထိပ်၌ စုစည်းလာပြီး သွေးစီးကြောင်းနှစ်ကြောင်း စီးကျလာတော့သည်။

ဘေးတွင်ရှိသော ဆေးပိုးကောင်လေးက ၎င်း၏ ခန္ဓာကိုယ်ကို ဆတ်ခနဲ လူးလွန့်လိုက်ပြီး ခုန်ဆင်းသွား၏။ ကျင်းယွင်ကျောင်း၏ နှာခေါင်းမှ စီးကျလာသော လတ်ဆတ်သော သွေးများက ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ပေကျံသွားသဖြင့် ရေခဲပြာရောင် ဆေးပိုးကောင်လေးသည် အပြင်းအထန် တုန်ယင်သွားပြီးနောက် မြေဆီလွှာထဲသို့ ပြန်တိုးဝင်သွားတော့သည်။

အချိန်မည်မျှ ကြာသွားမှန်း မသိလိုက်ဘဲ နောက်ဆုံးတွင်တော့ ကျင်းယွင်ကျောင်း၏ ခေါင်းကိုက်ဝေဒနာသည် ပို၍ သက်သာလာခဲ့၏။

သူမ၏ နှလုံးသားထဲ၌ စိတ်သက်သာရာရသွား၍ သက်ပြင်းတစ်ချက်ကို ငြိမ်ငြိမ်သက်သက် ချလိုက်သည်။

‘နှစ်ပိုင်းတည်း စုပ်ယူမိတာကို ကျေးဇူးတင်ရမယ် မဟုတ်ရင် သေချာပေါက်ကို ငါ့ဦးနှောက်ကြီး ပေါက်ကွဲသွားမှာ’

ဘိုးဘေး၏ စကားများက အကြောင်းပြချက်မဲ့ မဟုတ်သည်မှာ အသေအချာပင်။ အနာဂတ်၌ သူမ ဤကဲ့သို့ ထပ်မံ၍ မကြိုးစားကြည့်ပါက ပိုကောင်းလိမ့်မည်။

သို့ရာတွင် သိပ်မကြာမီမှာပင် ဝိညာဥ်ကျောက်စိမ်းအပိုင်းနှစ်ခုအား တစ်ချိန်တည်း စုပ်ယူခြင်းက အကြောင်းအရာများကို ပိုလတ်ဆတ်စေပြီး ၎င်းကို နားလည်ရန်လည်း ယခင်ကထက် ပို၍ လွယ်ကူလာကြောင်း သိရှိလာ၏။ ကျောက်စိမ်းအတွင်းရှိ မှတ်ဥာဏ်များသည် သူမ၏ အပိုင်ဖြစ်သည့်အလား လိုက်လျောညီထွေရှိပြီး သူမ၏ မှတ်ဥာဏ်များနှင့် တစ်ခုတည်းဖြစ်လာအောင် ပေါင်းစည်းနေသည်။

ဤကဲ့သို့သော အကျိုးကျေးဇူးများက ကျင်းယွင်ကျောင်းအား နောက်တစ်ကြိမ် ထပ်မံ၍ သဘောထားကွဲလွဲစေခဲ့သော်လည်း စဥ်းစားဆင်ခြင်ပြီးသည့်နောက်တွင် သူမ၏ စိတ်ကို ကြိတ်၍ ပြင်ဆင်လိုက်ရသည်။

အများဆုံး နှစ်ခုတည်းသာ စုပ်ယူမည်ဖြစ်၏။ ဆေးပညာအတွက် ခဏတာ နာကျင်မှုအနည်းငယ်လောက်ကို သူမ သည်းခံနိုင်ပေ၏။

သက်ပြင်း ခပ်ကြီးကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း သူမ၏ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ သူမ မျှော်လင့်ထားသည့် အတိုင်း နေရာလွတ်နယ်မြေ၏ အရွယ်အစားက ပို၍ ကျယ်ပြန့်လာ၏။ မူလက သူမ ဤသည်ကလွဲ၍ ကွာခြားချက် မရှိဟု ထင်ခဲ့သော်လည်း နောက်တစ်ကြိမ် ဂရုတစိုက် ကြည့်လိုက်ပြီးနောက် အကွာအဝေးထဲ၌ ရေကန်အပိုတစ်ခုပါ ရှိနေသည်ကို သတိထားမိလိုက်သည်။

Chapter 171 : ထူးဆန်းသော လူနာ

ရေကန်ထဲမှ ရေ၏ အရည်အသွေးမှာ ကြည်လင်နေ၏။ အထဲ၌ ဘာမှမရှိသည်မှာ အတိအကျပင်။ ကျင်းယွင်ကျောင်းသည် ထိုကန်ထဲမှ ရေဖြင့် အပင်များကို ရေလောင်းရန် ကြိုးစားလိုက်သော်လည်း ကြီးထွားခြင်းကို တိုးမြှင့်ပေးနိုင်သည့် လုပ်ဆောင်ချက် မရှိကြောင်း သိလိုက်ရ၏။ ထို့နောက် သူမ သိလိုက်ရသည်မှာ ရေပူစမ်းရေအတွက် တစ်ခုတည်းသော အရင်းအမြစ်ရှိနေသေးသည် ဆိုတာကိုပင်။ ဤရေကန်ထဲမှ ရေသည် အပြင်ဘက်ရှိ ညစ်ပတ်သော ရေများဖြင့် ကွာခြားမှု များများစားစား မရှိပေ။

“ကျွိ ကျွိ ... ...”

သူမ၏ ခြေဖဝါးအောက်မှ တစ်စုံတစ်ခုက ရုတ်တရက် ဤထူးဆန်းသော အသံကို ထုတ်လွှတ်လိုက်၏။

ကျင်းယွင်ကျောင်းက ငုံ့ကြည့်လိုက်ရာ ချက်ချင်းပင် အံ့သြထိတ်လန့်သွားသည်။

(T/N: ထူးဆန်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးဖြစ်တဲ့ ရှောင်လန်က စပြီးတော့ အသွင်ပြောင်းတာပါ။)

သူမ မြင်လိုက်ရသည်မှာ လက်သီးဆုပ်ခန့် အရွယ်အစားရှိသော ရေခဲပြာရောင် အသားလုံးလေးတစ်လုံး ဖြစ်၏။ နားရွက်များက ခန္ဓာကိုယ်ကို ဖုံးနေကာ ဘောလုံးလေးတစ်လုံးနှင့် တူနေသည်။ လက်ဖဝါးလေးနှစ်ဖက်က သူမအား ဝှေ့ယမ်းပြနေပြီး ဘေးဘက်များ၌ အတောင်ပံလေးတစ်စုံပင် ပါနေသေးသည်။

“ရှောင်လန် လားဟင်”

ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက တွန့်နေပြီး မသေမချာဖြစ်နေ၏။

ရှောင်လန်သည် ယခင်က ဆေးပိုးကောင်လေးတစ်ကောင် ဖြစ်ရာ အကယ်၍ အသွင်ပြောင်းသွားသည်ဆိုလျှင်တောင်မှ ၎င်းသည် လိပ်ပြာလေးတစ်ကောင်သာ ဖြစ်နေသင့်သည်။ ယခု ဤပုံစံလေးက ဘာများလဲ။

နားရွက်များက ကြောင်နားရွက်များနှင့်တူ၍ အတောင်များက ထိပ်ဖျား ခုနစ်ခုရှိသည့် လင်းနို့တစ်ကောင်၏ အတောင်များနှင့် တူညီသော်လည်း ထိပ်ဖျား ဆယ်ခုက အရောင်နှင့်ဖြစ်၍ ပိုလှသည်။ ရေခဲပြာရောင် အရေပြားလေးတစ်လွှာက နဖူးပေါ်တွင် ဖွံ့ဖြိုးနေပြီး ထိုနေရာကို ဖုံးကာထားသည်က သစ်ရွက်လေးတစ်ရွက်နှင့် များစွာတူ၏။ ကြီးမား၍ ဝိုင်းစက်သော မျက်လုံးများရှိပြီး ပါးလျလျနှင့် ရှည်လျားသော အမြီးလေးက ၎င်း၏နောက်တွင် တရွတ်တိုက်လေးရှိနေသည်မှာ နွယ်ပင်လေးတစ်ပင်နှင့် တူသည်။ ၎င်း၌ လည်ပင်းတော့ မရှိသေးပေ။

ရှောင်လန်က ၎င်း၏ တောင်ပံများကို ခတ်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပြီး နောက်ဆုံး၌ မြေပြင်ပေါ်မှ ခေတ္တမျှ မြင့်တက်အောင် လုပ်နိုင်သွားသည်။ သို့ရာတွင် ၎င်း၏ ကြေမွလွယ်သော တောင်ပံလေးများက ၎င်း၏ အလေးချိန်ကို ထိန်းထားနိုင်ပုံမရပေ။ ၎င်းသည် ဟိုဟိုဒီဒီဖြင့် ဦးတည်ရာပေါင်းစုံ ပျံသန်းနေပြီး ထိုအခိုက်တွင် ၎င်းဦးဆောင်ရာ နောက်သို့ လိုက်သော အခြားဆေးပိုးကောင်လေးများသည် စီစီညီညီ တန်းစီနေပြီး ၎င်းတို့၏ ပိုးကောင်ခန္ဓာကိုယ်လေးများကို တလွန့်လွန့်လုပ်နေကာ စိတ်လှုပ်ရှားနေကြပုံပင်။

ကျင်းယွင်ကျောင်းသည် ငေးငိုင်သွား၏။ သူမ စုပ်ယူထားပြီးသော ဝိညာဥ်ကျောက်စိမ်းအပိုင်းရှစ်ခုထဲတွင် ရှောင်လန်၏ အကြောင်း မှတ်တမ်းတစ်ခုမှ မရှိသေးပေ။

၎င်းက သူမ ပျိုးထောင်ပေးလိုက်သောကြောင့် သန္ဓေပြောင်းလဲသွားတာမဖြစ်နိုင်ဘူး မဟုတ်လား။

ကျင်းယွင်ကျောင်းက အသားလုံးလေးကို လက်ဖြင့် တို့ကြည့်လိုက်ရာ ရှောင်လန်က စိတ်လှုပ်ရှားစွာဖြင့် နောက်ထပ် ချီစွမ်းအင် ထုတ်လွှတ်လိုက်သည်ကို မြင်လိုက်ရ၏။

သူမသည် ခုနက သူမ သွေးထွက်ခဲ့သည်ဟု ခပ်ဝါးဝါး အမှတ်ရသွားသည်။ အဲဒါကြောင့်များ ရှောင်လန်က ဒီလိုမျိုးဖြစ်သွားတာလား။

လတ်ဆတ်သောသွေးကြောင့်သာ မဟုတ်ပါက တစ်ခုတည်းသော အခြားအကြောင်းပြချက်မှာ ဝိညာဥ်ကျောက်စိမ်းအပိုင်းများပင် ဖြစ်လိမ်မည်။

ဤသည်မှာ ဘိုးဘေး ချန်ထားခဲ့သော ရတနာဖြစ်၏။ ဆေးပိုးကောင်လေးများ၏ ကိုယ်တွင်း၌ ပုန်းကွယ်နေသည့် စွမ်းအားဖြစ်စေသည့် အကျိုးကျေးဇူးတစ်ခုရှိနေသည်ဆိုပါက ၎င်းက မထူးဆန်းပေ။ အထူးသဖြင့် ခုနလေးက သူမ အပိုင်းနှစ်ပိုင်းကို တစ်ခါတည်း တိုက်ရိုက် စုပ်ယူပစ်လိုက်စဥ်ကပင်။ သူမ၏ သွေးကြောကို ဖြတ်၍ သူမ၏ သွေးထဲသို့ ဝင်သွားသော ထိုစွမ်းအားက ရှောင်လန် စုပ်ယူထားတာ ဖြစ်သည်။ ဤကဲ့သို့ ဖြစ်လာသော ဆင့်ကဲပြောင်းလဲမှုတစ်ခုသည် သေချာပေါက် ဖြစ်နိုင်ချေရှိသော အတိုင်းအတာအတွင်း၌ပင်။

ကျင်းယွင်ကျောင်းသည် အကျဥ်းချုပ်အား သဘောပေါက်သိရှိသွားပြီဖြစ်ကြောင်း သူမကိုယ်သူမပင် သတိမထားမိလိုက်။

ရှောင်လန်၏ ပုံပန်းသွင်ပြင်က ပြောင်းလဲသွားသော်လည်း ၎င်းသည် ဆေးပိုးကောင်းတစ်ကောင် ဖြစ်နေဆဲ ဖြစ်ပြီး အခြားပိုးကောင်များ အလုပ်လုပ်ရန် ဦးဆောင်ပေးခြင်းအတွက် တာဝန်ရှိနေဆဲပင်။ အခြားပိုးကောင်များ၏ ဖွံ့ဖြိုးနှုန်းသည် ကြီးကြီးမားမား တိုးတက်လာသည်မှာလည်း အတော်လေး သိသာ၏။

……

နွေရာသီကျောင်းပိတ်ရက် စတင်ပြီး ရက်အနည်းငယ် ကုန်ဆုံးသွားသောအခါ ကျင်းယွင်ကျောင်းသည် အဖိုးကန်နှင့်အတူ အပြင်လူနာလိုက်ကြည့်သည့် သူမ၏ နေ့ရက်များကို စတင်တော့သည်။

ခရိုင်ဆေးရုံ၏ စည်းမျဥ်းများသည် တင်းကြပ်ပြီး ဘက်လိုက်မှု မရှိပေ။ သို့ရာတွင် သီးသန့်ကုသမှုအတွက် အဖိုးကန်အား လာရှာကြသော လူနာအရေအတွက်မှာလည်း အတော်လေးများ၏။ ဆေးပညာအပေါ် သူမ၏ ကတိကဝတ်ထားရှိမှုကို မြင်သော လူကြီးများသည်လည်း သူမအား အဖိုးကန်နှင့်အတူ ခေါ်လာမည့် အကြံကို မငြင်းဆန်ကြပေ။ သူက လူများအား သူမကို သူ၏ မြေးမလေးဟုသာ ပြောပြထားသည်။

ဤသည်မှာ ကျင်းယွင်ကျောင်းနှင့် အဖိုးကန် လူနာအိမ်တစ်အိမ်သို့ အတူသွားကြသည့် ပထမဆုံးအကြိမ်မဟုတ်တော့၊ ၎င်းက ပုံမှန်လုပ်ရိုးလုပ်စဥ် ဖြစ်လုနီးပါးပင်။

“လုံမလေး ယွင်ကျောင်း၊ ဒီတစ်ကြိမ်တော့ ငါ မင်းကို လူနာကိုတစ်ချက်ကြည့်ခွင့်ပေးတော့မယ်”

သူတို့ လမ်း၌ ရှိနေစဥ်တွင် အဖိုးကန်က ကြိုတင်၍ ပြောပြလာ၏။

သူ၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများက ယခင်ကထက်ပင် ပို၍ သိသာနေကာ သူ၏ စိတ်ထဲတွင် စိုးရိမ်မှုများ ပြည့်နေသည့်အလားပင်။ ကျင်းယွင်ကျောင်းသည် သူ အဘယ်ကြောင့် ဤသို့ ဖြစ်နေသည်ဆိုသော အကြောင်းပြချက်အတွက် အနည်းငယ် မျက်စိလည်သွား၏။ အကြောင်းမှာ အဖိုး၏ ဆေးပညာစွမ်းရည်များသည် အတော်လေး ကောင်းမွန်သောကြောင့်ပင်၊ ထို့အပြင် သူတို့က အိမ်သို့ပင့်သည့်အခါတိုင်း သူသည် အမြဲတမ်း ကိုယ့်ကိုကိုယ်ယုံကြည်မှုများ ဖိတ်လျှံကျနေတတ်သည်။ သူ၏ ပုံမှန်စိတ်နေစိတ်ထားနှင့် နှိုင်းယှဥ်ပါက သူ၏ လက်ရှိပုံစံသည် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။

“အဖိုးကန်၊ လူနာရဲ့ အခြေအနေက အရမ်းဆိုးလို့လား”

ကျင်းယွင်ကျောင်းက မနေနိုင်တော့ဘဲ မေးလိုက်သည်။

အဖိုးက ခေါင်းယမ်းလိုက်၏။

“အဲလိုမဟုတ်တာ အသေအချာပဲ၊ အဲဒါက....ဟူး၊ မင်း ခဏနေရင် သိပါလိမ့်မယ်”

မူလက သူသည် ဤတစ်ကြိမ်၌ ကလေးမလေးကို သူနှင့်အတူ မခေါ်ခဲ့ချင်သော်လည်း သူမသည် သမားတော်တစ်ယောက် ဖြစ်လာရန် ဆန္ဒပြင်းပြနေကတည်းက သူမတွင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများရှိရန် လိုအပ်သည်။ ကမ္ဘာပေါ်ရှိ လူနာတိုင်းသည် တမူထူးခြား၏။ ပြင်းထန်သော အပြုအမူများနှင့် လူနာများလည်း ကင်းမဲ့မနေပေ။

Chapter 172 : ထူးဆန်းသော အဖွားအို

နှစ်ယောက်သားသည် ကားထဲ၌ ထိုင်နေကြပြီး သိပ်မကြာမီမှာပင် သူတို့သည် ခြံဝန်းတစ်ခု၏ ဝင်ပေါက်၌ ရပ်လိုက်၏။ ၎င်းမှာ သေးငယ်၍ တိတ်ဆိတ်သော ခြံဝန်းတစ်ခုဖြစ်ပြီး နှစ်လိုဖွယ်ကောင်း၍ နွေးထွေးသော ပတ်ဝန်းကျင်နှင့် ဖြစ်သည်။ အတွင်းသို့ ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် သူတို့ဆီသို့ လှမ်းလာသော အိမ်ရှင်မတစ်ယောက်အား တွေ့လိုက်ရ၏။ သူမသည် အဖိုးကန်ကို မြင်လိုက်သည့် ခဏ၌ သူတို့ဆီသို့ ချက်ချင်းပင် ပြေးလာသည်။

“သမားတော်ကန်၊ ရှင် နောက်ဆုံးတော့ ရောက်လာပြီပဲ။ ကျွန်မရဲ့ ယောက္ခမက ရှင့်ကို အထဲမှာ စောင့်နေပါတယ်”

အိမ်ရှင်မက ဂရုတစိုက်ဖြင့် ခရီးဦးကြိုပြုလာ၏။

ဤအမျိုးသမီးသည် အသက်သုံးဆယ်ကို အနည်းငယ်သာ ကျော်ဦးမည့်ပုံရှိ၍ သူမ၏ ပုံစံက အလွန်ရှုပ်ပွနေပြီး သူမ ဝတ်ဆင်ထားသော အဝတ်အစားများက လျော့ရဲ၍ ရိုးစင်းသည်။ သူမ အနီးသို့ကပ်လာပြီးသည့်နောက်တွင် ဆီနှင့် မီးခိုးနံ့တစ်ခုက သူတို့၏ နှာခေါင်းများသို့ ရိုက်ခတ်လာ၏။ သူမသည် မီးဖိုချောင် မကြာခဏ ဝင်ရခြင်း ဖြစ်နိုင်သည်။

“သွားကြစို့”

အဖိုးကန်က သူမအား တစ်ချက်ကြည့်လိုက်၍ ခေါင်းယမ်းလိုက်ပြီး သူ၏ အမူအယာမှာ ထူးဆန်းသွား၏။

ကျင်းယွင်ကျောင်းသည် အခြေအနေအား ရှင်းရှင်းလင်းလင်း မသိသေးသောကြောင့် အလိုအလျောက်ပင် ထုတ်မပြောဘဲ နေလိုက်သည်။ ထိုခဏတွင် အိမ်ရှင်မက သူမအား သတိထားမိသွားပြီး မေးလာ၏။

“ဒါက ရှင့်ရဲ့မြေးမလေးလား”

အဖိုးအိုက ခေါင်းညိတ်ပြလိုက်သည်။

အမျိုးသမီးက အလျင်အမြန်ပင် ရယ်မောလိုက်၏။

“သူက တကယ့်ကို လှတာပဲ။ ပြီးတော့ ဒီလိုအသက်အရွယ် ငယ်ငယ်လေးနဲ့ အိမ်ကိုပင့်တာတွေမှာ ရှင့်ကို အဖော်ပြုပေးရလောက်အောင် သိနေပြီဆိုတော့ သူက သေချာပေါက် အနာဂတ်မှာ ပြိုင်ဘက်ကင်း သမားတော် ဖြစ်လာလိမ့်မယ်”

အမျိုးသမီး၏ စကားများသည် သူမအား မြှောက်ပင့်နေခြင်းမဟုတ်ဘဲ ထိုစကားကို ကြားသည့် ကျင်းယွင်ကျောင်းသည်လည်း ထိုသို့ကြားရသည့်အပေါ် မည်သည့်ဝမ်းမြောက်မှုကိုမှ မခံစားရပေ။ ကျေးဇူးတင်သည့် အနေဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။ ထို့နောက် သူတို့သည် အိမ်သို့သွားရန် သူမ၏ နောက်မှ လိုက်ပါသွားကြ၏။

သူတို့ အထဲသို့ ခြေချလိုက်သည့်အခိုက်၌ အိမ်အိုတစ်လုံးကို မြင်လိုက်ကြရသည်။ နေရာမှာ မကြီးဘဲ အဆောက်အဦးသည် ခေတ်နောက်ကျ မနေပေ။ အခန်းဖွဲ့ပုံမှာ အနည်းငယ် ပူးပူးကပ်ကပ် ဖြစ်နေ၏။ အထဲရှိပစ္စည်းများကလည်း အတော်လေး သက်တမ်းရင့်နေပြီး အောက်သိုးသိုးအနံ့ပြင်းပြင်းကို ပေးနေသည်။ ပြတင်းပေါက်များကို တင်းတင်းကြပ်ကြပ် ပိတ်မထားပါက အိမ်ထဲ၌ လေဝင်လေထွက်ကောင်းလိမ့်မည်ဖြစ်သော်လည်း လိုက်ကာများကိုပင် ပိတ်ထားသေးသည်။ အရာအားလုံးက အခန်းကို ခြောက်ခြားစရာ ကောင်းနေစေသည်။ အထဲသို့ ဝင်ဝင်ချင်း အကြီးအကျယ် နေမထိထိုင်မသာ ခံစားသွားရစေနိုင်၏။

“အမေ၊ သမားတော်ကန်က ဒီမှာလေ”

အမျိုးသမီးက အခန်းတံခါးကို ဂရုတစိုက်ဖွင့်လိုက်ပြီး အထဲသို့ ငြင်ငြင်သာသာ လှမ်းပြောလိုက်သည်။

ကျင်းယွင်ကျောင်းသည် သူမ၏ နားများကို အနည်းငယ် စောင်း၍ နားစွင့်ထားလိုက်ပြီး အထဲရှိလူသည် သူတို့၏ လူနာဖြစ်နိုင်သည်ဟု တွေးနေမိ၏။ သို့သော် အဖိုးက ယခင်က ပြောခဲ့သည်က ဘာကို ဆိုလိုသနည်း။

“နင် ငါ့ကို လန့်ပြီးတော့ သေအောင် လုပ်နေတာလား။ နင်က လောကဝတ်လေးတစ်ခုတောင် လုံးဝမသိဘူး။ နင် ဝင်မလာခင် ငါ့အခန်းတံခါးကို ခေါက်ရမယ်ဆိုတာ မသိဘူးလား။ နင့်အသံက ကျယ်လွန်းတယ်။ နင်က ငါ့ကို စောစောသေစေချင်နေတာလား”

ရုတ်တရက် အိုမင်းသော်လည်း ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီး ကျင်းယွင်ကျောင်းကို ထိတ်လန့်သွားစေသည်။

သို့ရာတွင် တစ်ဖက်၌ အဖိုးကန်က အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေ၏။ သူ၏ တင်းတင်းကြပ်ကြပ် စုကျုံ့ထားသော မျက်ခုံးတန်းများက မြင်နိုင်သည့် တစ်ခုတည်းသော တုံ့ပြန်မှုဖြစ်သည်။

အသံသည် စူးရှပြီး တဝီဝီမြည်နေသော လျှပ်စစ်လွန်ပူနှင့် တူ၏။ နားကို ထိုးဖောက်သွားသလို သည်းမခံနိုင်ဖြစ်စေ၏။ အဖွားအို၏ ပါးစပ်မှ ထွက်ပေါ်လာသော အမိန့်ပေးသည့် လေသံက ၎င်းကို ပို၍ပင် ဆိုးဝါးစေသည်။

ဘက်မလိုက်ဘဲ ပြောရလျှင် ယခင် အိမ်ရှင်မ၏ လှုပ်ရှားမှုများမှာ အလွန်သိမ်မွေ့၍ သွက်လက်၏။ သူမ၏ အသံကလည်း ငြင်သာ၍ သိမ်မွေ့နူးညံ့သည်။ အဖွားအိုက သူမ၏ အသံကို ကျယ်သည်ဟု အဘယ်ကြောင့် ပြောမှန်း မသိပေ။

အော်သံ၏ နောက်တွင် ဖျော့တော့နေသော အိမ်ရှင်မက တံခါးဝ၌ ရပ်နေသော်လည်း မိနစ်အနည်းငယ်မျှ ကုန်သွားပြီးနောက် အားလုံးသိကြသည့် တုန်ယင်နေသော အသံက ထွက်ပေါ်လာ၏။ ဆက်လက်၍ စူးစူးရှရှ အော်ဟစ်နေဆဲပင်။

“ငါ့ကို အဝတ်အစားဝတ်ရအောင် ကူညီဖို့ နင်က အထဲဝင်မလာသေးဘူးလား။ ဒါဆို ငါက နင့်ကို ဘာလို့ ဆက်လိုနေဦးမှာလဲ”

အမျိုးသမီး၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီးနောက် သူမသည် ကူညီပေးရန်အတွက် အခန်းထဲသို့ သုတ်သုတ်ပျာပျာ ပြေးဝင်သွားသည်။

“ပိုပြီး ငြင်သာစမ်းပါ။ ကိုးရိုးကားယားနဲ့”

“ဒီအဝတ်အစားက တအားရုပ်ဆိုးတယ်။ နင်က ငါ့ကို ဧည့်သည်တွေရှေ့မှာ သိက္ခာကျစေချင်နေတာလား”

“ငါ နင့်လောက် တုံးတဲ့လူမျိုး တစ်ခါမှ မမြင််ဖူးဘူး။ နင်က အိမ်မှုကိစ္စတွေကို ကောင်းကောင်းမွန်မွန် မလုပ်နိုင်ဘူး၊ ကလေးမမွေးနိုင်ဘူး၊ နေ့တိုင်း ငါ့သားကို ဘယ်လိုဒုက္ခပေးရမယ်ဆိုတာပဲ သိတယ်။ ငါတို့ ရှေးခေတ်တုန်းကသာဆိုရင် နင့်ဘဝက သိက္ခာကျနေတာ ကြာလှပြီ”

(T/N: ရှေးခေတ်တုန်းကကလေးမမွေးနိုင်ရင် ယောက်ျားဆီကနေ ကွာရှင်းခံရပြီး သိက္ခာကျပါတယ်။ အခုလည်း ရှိနေတုန်းပါပဲ။)

နောက်ထပ် ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်ကြာသည်အထိ ကျင်းယွင်ကျောင်း၏ နားများက တစ်ခါမှ ငြိမ်းငြိမ်းချမ်းချမ်း ရှိမနေပေ။

သူမသည် ထိုအမျိုးသမီးကို မသနားဘဲ မနေနိုင်ချေ။ သူမ၏ အဝတ်အစားများက အနည်းငယ် နွမ်းပါးသော်လည်း သူမ၏ အမူအကျင့်နှင့် အရာအားလုံးက တကယ့်ကို မဆိုးလှပေ။ လက်ထပ်ပြီး ဤမိသားစုသို့ ဝင်လာပြီးနောက် အဘယ်ကြောင့် သူမသည် အားငယ်စိတ်များကို ခံစားနေရသနည်း။

နောက်ထပ်တစ်ကြိမ် ပြန်လည်မွေးဖွားလာပြီးနောက်တွင် သူမသည် သူမ၏ အသုံးမကျသောသူတစ်ယောက် ဘဝကို မကြာခဏ ပြန်လည်သတိရမိ၍ သူမ၏ ဘဝကို ဖြုန်းတီးပစ်ခဲ့သလို ထင်မိသည်။ ကံဆိုးသည်မှာ ထိုအချိန်က သူမသည် ငယ်သေး၍ ၎င်းက သူမအတွက် တောင့်ခံရန် ခက်ခဲ၏။ ဤအမျိုးသမီးကတော့ မတူပေ။ သူမသည် အကြီးအကျယ် နစ်နာမှုများကို ခံစားနေရသော်လည်း သူမ၏ ဘဝကို ဤမိသားစုအတွင်း၌ ဆက်၍ ဖြုန်းတီးနေချင်သေးတယ်လား။ သူမက တကယ်ပဲ ထိပါးစော်ကားမှုများနှင့် အနိုင်ကျင့်မှုများကို ခံနိုင်ရည်ရှိသည်လား။

ကျင်းယွင်ကျောင်း၏ စိတ်သည် အသုံးမကျသည်များကို တွေးနေရင်း အချိန်ကုန်သွားသည်။ နောက်ဆုံး၌ ပြောဆိုရှုတ်ချနေသော အဖွားအိုသည် အိမ်ရှင်မ၏ အကူအညီဖြင့် အပြင်ဘက်သို့ ထွက်လာ၏။

All Chapters