အခန်း (၁၇၃-၁၇၆)
Vol. 9 Ch. 173-176
Chapter 173 : နင် ဘာလို့ သေမသွားတာလဲ
အဖွားအိုသည် ထန်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အမူအယာမှာ အားရကျေနပ်စွာဖြင့် ပျော်ရွှင်နေပြီး သူမ၏ အတော်လေး အဝလွန်နေသော ခန္ဓာကိုယ်က သူမ၏ ဘေးရှိ အိမ်ရှင်မအပေါ်သို့ လုံးလုံးလျားလျား ပစ်မှီထားသည်။
သူမ၏ လည်ပင်း၌ လုံးဝန်းသော ပုလဲလည်ဆွဲကို ဆင်မြန်းထားပြီး လက်၌ ရွှေလက်စွပ်တစ်ကွင်း ဝတ်ဆင်ထား၏။၊ သူမသည် နွမ်းလျနေပုံပေါ်သော်လည်း လမ်းလျှောက်သည့်အချိန်တိုင်း “အာယို...အာယို” ဟု အဆက်မပြတ် အော်ညည်းနေသည်။ သူမ၏ ခြေလှမ်းများက သေးငယ်ကျဥ်းမြောင်း၍ အတော်လေး အချိန်ယူပြီးနောက်မှ သူမသည် ဆိုဖာပေါ်၌ လဲလျောင်းလိုက်နိုင်၏။ သူမက အဖိုးကန်အား မျက်လုံးလှန်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“သမားတော်ကန်ရေ၊ ရှင် ကျွန်မကို ဆေးနည်းနည်းပိုပေးနိုင်မလား။ ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခုလုံးက နာနေရုံတင်မကဘူး၊ ယားပါ ယားနေသေးတယ်”
သမားတော်ကန်က ခေါင်းကို မသိမသာ ယမ်းလိုက်ပြီး သူမ၏ သွေးခုန်နှုန်းကို စမ်းရန် လျှောက်သွားလိုက်သည်။
“ခင်ဗျားရဲ့ရောဂါက တကယ်တော့ အဲ့လောက်လည်း မပြင်းထန်ပါဘူး။ ခင်ဗျား ရက်နည်းနည်းလောက် ဆေးသောက်ပြီးသွားရင် ပြန်ကောင်းလာသင့်တယ်။ ဒါပေမယ့် ခင်ဗျားက ယားယံနေတယ်လို့ ခံစားရတယ်လို့ ပြောတော့ ဒါက ခင်ဗျား မကြာသေးခင်က ပင်လယ်စာတွေ စားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဆိုတာ အသေအချာပဲ။ ကျုပ်ပြောတာ မှန်ရဲ့လား”
သူတို့က ဆေးကုသခငွေကို ချေထားပြီးဖြစ်၍ သူသာ ဤအဖွားကြီးအား ရောဂါများ ပျောက်ကင်းအောင် ကုသပေးပါမည်ဟု ကတိပေးမထားမိပါက သူသည် သူ၏ အချိန်ကို အဘယ်ကြောင့် ဤအဖွားကြီးနှင့် ဖြုန်းတီးနေလိမ့်နည်း။
“ကျွန်မကို ထိခိုက်မိအောင် ဘယ်သူက ဓါးနဲ့ယမ်းမှာလဲ။ ဒီအိုနေတဲ့ အရိုးတွေက နာလာတဲ့အခါတိုင်း ကျွန်မကို သတ်နေသလိုပဲ။ ဘာလို့ ကျွန်မက ရှင်အကြံပေးတာကို နားမထောင်ရမှာလဲ။ ကျွန်မ နေ့တိုင်း ဆေးသောက်ပြီးတော့ အချို့အစားအသောက်တွေကိုလည်း အမြဲတမ်း ရှောင်တယ်။ ရှန်းကျင်၊ နင် ငါ့ကို မထောက်ခံပေးဘူးလား”
အဖွားအိုက အမျိုးသမီးကို မေးလိုက်သည်။ အဖွားအိုက သူမ၏ ပါးစပ်ကို ဖွင့်လိုက်သည့်အချိန်မှစ၍ ထိုစကားအားလုံးကို စက်သေနတ်ပစ်သလို ဆက်တိုက်ပြောလိုက်၏။
အိမ်ရှင်မက လန့်သွားပြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။
အဖိုးကန်က ရှန်းကျင်သည် မလိမ်ချင်သော်လည်း အမှန်တရားကိုလည်း မပြောရဲကြောင်းကို သေချာပေါက် သိသည်။ သူမက ထုတ်ပြောရန် အမှန်တကယ် မျှော်လင့်မထားပေ။ ထို့ကြောင့် အဖွားအိုက တစ်ဖန်ပြန်၍ တဖျစ်တောက်တောက် စပြောလာပြန်၏။
သူက ချက်ချင်းပင် ဆေးညွှန်းတစ်ခုကို ချရေးလိုက်ပြီး ကမ်းပေးလိုက်သည်။
“ကျုပ် ခင်ဗျားရဲ့ဆေးညွှန်းထဲမှာ ဆေးအသစ်တစ်မျိုး ထည့်ပေးထားတယ်။ အဲဒါကို အချိန်မှန် သေချာသောက်ပါ။ ဒါပေမယ့် နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ကျုပ်လုပ်ပေးနိုင်တာ ဘာမှမရှိတော့ဘူး။ အို...ဟုတ်သားပဲ”
အဖိုးကန်က သတိရသွား၏။
“သူ့ကို သွေးခုန်နှုန်း စမ်းပေးလိုက်ပါ”
ဤသို့ပြောလိုက်ရင်း သူ၏ မျက်နှာပေါ်တွင်လည်း စိတ်မရှည်သော အရိပ်အယောင်အချို့ ရှိနေ၏။
အဖိုးအို၏ စိတ်ထားသည် များသောအားဖြင့် အတော်လေး ကောင်းမွန်သောကြောင့် ကျင်းယွင်ကျောင်းအတွက်မူ သူ၏ ဤကဲ့သို့သော ပုံစံကို မြင်ရသည်မှာ အတော်လေး ရှားပါးသည်။
သို့သော် ထိုအကြောင်းကို တွေးလိုက်သည်နှင့် ပို၍ခံစားတတ်လာ၏။ ဖျားနာနေသောလူများသည် ပို၍ နေကောင်းလာချင်သော်လည်း သူတို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို တန်ဖိုးမထားကြပေ။ သူတို့သည် သူတို့၏ ကျန်းမာရေးကို လောင်းကြေးထပ်ပြီး ဂိမ်းတစ်ခုကဲ့သို့ ဆက်ဆံကြသည်။ ကျင်းယွင်ကျောင်းသည် ၎င်းကို အမှန်ပင် နားမလည်ချေ။ ဒီလိုလူမျိုးတွေကို ကုသတဲ့နေရာမှာ ဘာက အဓိကအချက်လဲ။
နောက်ဆုံးတွင်မူ သူမသည် ရှေ့သို့ တိုးသွားလိုက်သည်။ အဖွားအို၏ မျက်လုံးများက မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း အဖိုးကန် ရှိနေခြင်းကြောင့် သူမက ငြီးငွေ့နေပြီး ကျင်းယွင်ကျောင်းအား သွေးခုန်နှုန်းစမ်းခွင့်ပြုလိုက်၏။
သို့ရာတွင် အဖွားအိုက အလွန်စိတ်မရှည်ပေ။ မျက်စိတစ်မှိတ်စာအတွင်းမှာပင် သူမ၏ လက်ကို ချက်ချင်း ပြန်ရုတ်လိုက်ပြီး ‘ငါ နင့်ကို စမ်းခိုင်းပြီးပြီ’ ဟူသော အကြည့်ဖြင့် ကြည့်လာသည်။ ကျင်းယွင်ကျောင်းက မေးခွန်းအနည်းငယ် ဆက်မေးလိုက်သော်လည်း အဖွားအိုက သူမအား ထုံးစံအတိုင်း လျစ်လျူရှုထား၏။ တကယ်တမ်း သူမ၏ မေးခွန်းများကို ပျာပျာသလဲလဲဖြင့် အသေးစိတ် ဖြေပေးရန် ကြိုးစားရှာသူမှာ အဖွားအို၏ ဘေး၌ရှိသော အိမ်ရှင်မသာ ဖြစ်သည်။
ဤအဖွားအို၏ တင်ပဆုံများမှာ မကောင်းပေ။ အဆိုးဆုံးအခြေအနေတွင် သူမသည် နာကျင်မှုကြောင့် လမ်းပင် မလျှောက်နိုင်ပေ။ တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်လုံးက အလွန်ယားယံလာလိမ့်မည်ဖြစ်ပြီး ၎င်းက သူမအတွက် ခံရခက်စေသည်။
ထို့နောက် ကျင်းယွင်ကျောင်းက အဖိုးကန်အား သူညွှန်းလိုက်သော ဆေးအမျိုးအစားနှင့် ၎င်း၌ရှိသော အကျိုးသက်ရောက်မှုများကို မေးလိုက်၏။ ထိုခဏ၌ သူမသည် ရယ်စရာကောင်းသောအရာ တစ်ခုကို ရှာတွေ့လိုက်သည်။
သူမအဖိုး၏ ဆေးသည် အဖွားအို၏ ရောဂါဇစ်မြစ်ကို ကုသရန်အတွက် သုံးလေ့ရှိသည်။ ဆေးသောက်ပြီးနောက် နာကျင်မှုများမှ သက်သာသွားလိမ့်မည်ဖြစ်ပြီး ခန္ဓာကိုယ်က နာကျင်မှုမှ သက်သာသွားသောအခါ ယားယံမှုကိုသာ ခံစားရလိမ့်မည်ဖြစ်၏။ သို့ရာတွင် တစ်အိမ်လုံး၌ ခပ်ဖျော့ဖျော့ အမွှေးဆီနံ့တစ်ခုက ပြည့်နှက်နေသည်။ အထူးသဖြင့် ၎င်းမှာ အမှန်တကယ်ပင် အဖွားအို၏ ခန္ဓာကိုယ်မှဖြစ်ပြီး ထိုအနံ့က သူမ၏အဖိုး ညွှန်းလိုက်သော ဆေးနံ့နှင့် လုံးဝကွဲပြားနေ၏။
“အဖွား၊ ရှင့်ရဲ့တစ်ကိုယ်လုံးကို အမွှေးဆီလိမ်းတာက ယားနေတာကို ရပ်သွားအောင် အကူအညီ မပေးဘူးနော်။ ရောဂါက ခန္ဓာကိုယ်အတွင်းထဲကပါ။ ရှင် ဆေးကို အချိန်မှန် မသောက်ရင်တော့ ပိုကောင်းလာမှာ မဟုတ်ဘူး”
ကျင်းယွင်ကျောင်းက မမျှော်လင့်ဘဲရုတ်တရက် တိတ်တဆိတ် တိုက်ခိုက်လိုက်သည်။
အဖွားအိုသည် လူများကို အမိန့်ပေးပြီး အစေခံများသဖွယ် ဆက်ဆံလေ့ရှိသော်လည်း လူများ၏ ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် သတိပေးချက်များကို ရင်ထဲ၌ မှတ်ထားရန် လုံးဝ ရည်ရွယ်ချက်မရှိပေ။
အဖွားအို၏ မျက်လုံးများက ပြူးကျယ်လာပြီး ဘေးတွင်ထိုင်နေသော ရှန်းကျင်အား ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်ကာ
“ခွေးမလေး၊ နင်က အခြားလူတွေကို အဓိပ္ပါယ်မရှိ လျှောက်ပြောတတ်တဲ့သူပဲ။ ပတ်ဝန်းကျင်ကို ပေါက်ကရစကားတွေ လျှောက်ဖြန့်နေတဲ့ နင့်ပါးစပ်ကို တကယ် ဆွဲဖြဲပစ်ချင်တယ်။ နင် ဘာလို့များ သေမသွားတာလဲ”
ဆက်၍ကြည့်မနေနိုင်တော့ဘဲ ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်ကာ သူမ၏ သဘောထားကလည်း အေးစက်သွား၏။
“ရှင် လူမှားပြီး ငေါက်နေမိပြီ။ ကျွန်မရဲ့အနံ့ခံအာရုံက ကောင်းတယ်။ ဒါကြောင့် ကျွန်မ ရှင့်ကိုယ်ပေါ်က အမွှေးဆီနံ့ကို ရနိုင်တာ”
ကျင်းယွင်ကျောင်းက ချောင်းဟန့်လိုက်ပြီး ဆက်ပြောသည်။
“ရှင့်ရဲ့သားသမီးတွေနဲ့ ဆွေမျိုးတွေကို ရှင် ဘယ်လိုသင်ပေးတယ်ဆိုတာ ကျွန်မတို့ ဂရုမစိုက်ဘူး။ ဒါပေမယ့် ကျေးဇူးပြုပြီး ရှင်ကိုယ်ရှင် လက်လွတ်စပယ် မပြော၊ မလုပ်ဘဲ နည်းနည်း ထိန်းထိန်းသိမ်းသိမ်း နေတတ်အောင် လေ့ကျင့်ပါဦး။ သမားတော်ရဲ့ဆေးညွှန်းကို မစော်ကားပါနဲ့။ သမားတော်တစ်ယောက်ကို လိုအပ်တာက ရှင်တို့မိသားစုတစ်စုပဲ ရှိတာ မဟုတ်ဘူး”
Chapter 174 : ကလိမ်ကကျစ်
အဖွားအိုက သူ၏ နောက်ကွယ်၌ အယားပျောက်လိမ်းဆေးကို တိတ်တဆိတ်သုံးနေပြီး သူ၏ဆေးညွှန်းအား ကောင်းကောင်းမွန်မွန် လေးစားသမှု မထားသည်ကို ကြားလိုက်ရသောအခါ အဖိုးကန်က ဒေါသထွက်သွားသည်။
အဖွားအိုက သူ၏ အကြံဥာဏ်ကို နားမထောင်ခြင်း သို့မဟုတ် သူ ညွှန်းသော ဆေးများကို သဘောမကျခြင်းဆိုပါက သူ ၎င်းကို လွှတ်ထားပေးနိုင်သော်လည်း သူမက အလွန်အတင့်ရဲပြီး သူ၏ကျွမ်းကျင်မှုများကို မယုံကြည်ခြင်းဖြစ်၏။
သူက မည်မျှပင် သဘောကောင်းကောင်း၊ ၎င်းကို မြိုသိပ်ထား၍ သူတို့၏ သမားတော်-လူနာ ဆက်ဆံရေးကို ရှေ့မဆက်နိုင်ပေ။ ကျင်းယွင်ကျောင်း ပြောသကဲ့သို့ပင်၊ သူ ကန်စုန့်ပိုင်သည် ဟွားနင်ခရိုင်ပင် မဆိုထားနှင့်၊ နင်းမြို့တော်တစ်ခုလုံး၌ပင် အကျော်ကြားဆုံး သမားတော်ဖြစ်၏။ သူနှင့်ပြချင်သော လူနာများက မရေမတွက်နိုင်အောင်ပင်။ အဖွားကြီး၏ တစီစီဆူညံနေခြင်းဖြင့် အချိန်ကုန်နေခြင်းက သူ့ ကိုယ်ပိုင်ပုံစံ မဟုတ်ပေ။
အဖိုးအိုက မျက်မှောင်ကြုံ့လိုက်ပြီး ရှန်းကျင်အား တစ်ချက်ကြည့်၍ ပြောလိုက်၏။
“သူ့ကို ကူညီပေးဖို့ ငါငြင်းတာ မဟုတ်ပေမယ့် မင်းရဲ့ယောက္ခမက ခေါင်းမာလွန်းတယ်”
“သမားတော်ကန်၊ စိတ်မဆိုးပါနဲ့ရှင်။ ကျွန်မရဲ့ ယောက္ခမက ရှင့်ရဲ့ဆေးပညာကျွမ်းကျင်မှုကို မယုံတာ မဟုတ်ပါဘူး။ သူက ကျွန်မကို အရှက်ရအောင် ကြိုးစားရုံ...ကြိုးစားနေရုံပါပဲ”
ရှန်းကျင်က ထိတ်ထိတ်ပျာပျာဖြင့် ဖြေလိုက်သည်။
သူမ၏ ယောက္ခမက ဆေးရုံသို့ မသွားချင်ကြောင်း အမြဲတမ်းပြောနေခဲ့၏။ အကြောင်းမှာ သူမသည် အသက်ကြီးနေသောကြောင့် သူမ ဆေးရုံထဲသို့ ခြေလှမ်းချလိုက်ရုံနှင့် သူမ၌ ကံဆိုးမှုများ ရရှိလာမည်ဖြစ်သောကြောင့်ဟု ဆိုသည်။ အကယ်၍ သူတို့သာ သူမကို ဆေးရုံသို့ခေါ်သွားပါက သူတို့က သူမကို သေစေချင်နေသည့် အဓိပ္ပါယ်ဖြစ်၏။ မတ်တပ်ရပ်လျှက် ဝင်သွားသော်လည်း ပက်လက် ပြန်ထွက်လာခြင်းဟု ဆိုသည်။ ထို့ကြောင့် ရှန်းကျင်သည် ရွေးစရာမရှိတော့ဘဲ သူမအတွက် သမားတော်တစ်ယောက်ကို အပြင်၌ ရှာဖွေရတော့၏။
သမားတော်ကန်အပြင် သူ့အရင်က အခြားသမားတော် လေးငါးယောက်လောက် ရှိခဲ့သော်လည်း သူတို့အားလုံးသည် အဘွားအိုကြောင့် ဒေါသထွက်ပြီး ထွက်သွားကြသည်။ သူမ၌ အခြားရွေးခြယ်စရာ မကျန်တော့သောကြောင့် ကန်စုန့်ပိုင်ကိုသာ လာရှာခဲ့ရ၏။ ထိုလူကြီးသူမဖြစ်သူက သူနှင့် ရှန်းမိသားစုကြားရှိ သံယောဇဥ်ဟောင်းများကို ထောက်ထား၍ ဆေးကုပေးရန် သဘောတူခဲ့သော်လည်း အဖွားအိုက ပူးပေါင်းရန် ငြင်းဆန်ခဲ့သည်။
“ရှန်းကျင်ရေ၊ ပထမက ငါ မင်းမျက်နှာကို ထောက်ပြီး သဘောတူခဲ့တယ်။ အကြောင်းကတော့ မင်းက မင်းရဲ့ယောက္ခမကို သားသမီးဝတ္တရား ကျေချင်နေတာကို ငါမြင်ရလို့ပဲ။ ဒါပေမယ့် လူနာက ပူးပေါင်းဖို့ ဆန္ဒမရှိမှတော့ ဒီလူအိုကြီးကလည်း လုပ်ပေးနိုင်တာ ဘာမှမရှိတော့ဘူး။ မင်း ငါ့ကို ပေးထားတဲ့ ဆေးကုသခအပြည့်အဝကို ငါ မင်းကို ပြန်ပေးလိုက်မယ်။ ပြီးတော့ မင်းကို ဆက်ပြီးတော့ အဖော်ပြုမပေးနိုင်တော့ဘူး”
ကန်စုန့်ပိုင်က အော်ပြောလိုက်သည်။
သူသည် ထိုကဲ့သို့ ကျိုးကြောင်းဆီလျော်မှုမရှိသော အဘွားကြီးကို တစ်ခါမှ မမြင်ဖူးပေ။
“ရှန်းကျင်၊ ငါသေမှပဲ နင်ပျော်မှာ မဟုတ်လား။ နင် ငါ့ကို ကုမပေးနိုင်တဲ့အပြင် ငါ့ကို အန္တရာယ်ပါ ပြုချင်နေသေးတယ်။ ငါ နင့်ကို ပြောလိုက်မယ်၊ သမားတော် ထွက်သွားတာနဲ့ နင် ငါ့သားနဲ့ ချက်ချင်း ကွာရှင်းရမယ်။ ငါ နင့်ကို ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘူး။ ငါ့ရဲ့ ချင်မိသားစုထဲက ထွက်သွား။ ငါ့သားကို သဘောကျနေတဲ့ မိန်းကလေးတွေ အများကြီးပဲ။ အသိုက်ကို အပိုင်စီးထားပေမယ့် ဥ၊ မဥနိုင်တဲ့ ကြက်မတစ်ကောင်ကို ငါတို့မလိုဘူး”
အဖွားအိုက ကန်စုန့်ပိုင်အား မပြောဘဲ ရှန်းကျင်ကိုသာ ဦးတည်၍ စတင်မာန်မဲတော့သည်။
ကျင်းယွင်ကျောင်းက မျက်မှောက်ကြုံ့လိုက်၏။ ဒါက လူကြီးတစ်ယောက်လား။ လူယုတ်မာတစ်ယောက်ဆိုတာ အသိသာပင်။
ရှန်းကျင်သည် ခြိမ်းခြောက်စကားများကို ကြားလိုက်ရသော အခိုက်တွင် သူမ၏ မျက််လုံးများက ချက်ချင်း နီရဲသွားပြီး သူမက အံကြိတ်လိုက်သည်။
ကျင်းယွင်ကျောင်းက ရုတ်တရက် သိချင်သွား၏။ ဤရှန်းကျင်၏ လင်ယောက်ျားဖြစ်သူသည် မည်ကဲ့သို့သော လူမျိုးဖြစ်၍ ဤကဲ့သို့ ထိတ်လန့်စရာကောင်း၍ ပေါက်ကွဲတတ်သော အမေတစ်ယောက်ရှိနေနိုင်သနည်း။ အရေးအကြီးဆုံးမှာ သူက ပြိုင်ဘက်ကင်း ရှားပါးမျိုးစိတ် ယောက်ျားတစ်ယောက်ဖြစ်၍ ရှန်းကျင်က သူနှင့်ကွာရှင်းရန် ငြင်းဆန်နေသည်လား။
ရှန်းကျင်၏ အမူအယာသည် ကမောက်ကမဖြစ်၍ သူမက တောင်းဆိုမှုတစ်ခု လုပ်လိုက်၏။
“သမားတော်ကန်၊ ရှင် ကျွန်မကို နောက်ထပ်အခွင့်အရေး ပေးနိုင်ဦးမလား”
ကန်စုန့်ပိုင်က ပြောစရာမရှိတော့ပေ။ သူ၏ အရေးအကြောင်းများ ပြည့်နေသော မျက်နှာက တင်းမာနေသည်။
သက်ပြင်းခပ်ကြီးကြီးချလိုက်ရင်း သူက အဖွားအိုအား တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များက ရှန်းကျင်ဆီသို့ တိုက်ရိုက်ရောက်သွား၏။
“အရင်ဆုံး ငါနဲ့ အပြင်ကို ခဏလိုက်ခဲ့”
ရှန်းကျင်က ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ပြီး နှစ်ယောက်သား အပြင်ဘက်သို့ ဦးတည်ခဲ့ကြ၍ သူတို့၏ နောက်ရှိ တံခါးကို ပိတ်လိုက်သည်။ အပြင်ဘက်တွင် လေအေးများတိုက်နေပြီး ကော်ရစ်ဒါက တိတ်ဆိတ်နေ၏။
ထို့ကြောင့် ဒေါသဖြစ်နေသော်လည်း လေသံကို အနည်းငယ်လျှော့လိုက်ပြီး ကန်စုန့်ပိုင်က စိတ်တိုစွာ ပြောလိုက်သည်။
“ရှန်းကျင်၊ မင်းရဲ့နေ့ရက်တွေက ဒီလိုမျိုး ရှင်သန်နေရတာကိုသာ မင်း အဖေသိသွားရင် သူသေရာကနေ ထလာပြီး အဲဒီအဘွားကြီးကို လည်ပင်းညှစ်သတ်မှာတောင် ငါ ကြောက်မိတယ်”
ဤသို့ပြောလိုက်သောအခါ ကျင်းယွင်ကျောင်းက သူတို့အား အံ့သြထိတ်လန့်စွာဖြင့် တစ်ချက်ကြည့်လိုက်၏။ သူမရဲ့အဖိုးက ရှန်းကျင်ရဲ့အဖေနဲ့ တကယ်ကြီး သိနေခဲ့တာလား။
ချက်ချင်းပင်၊ ရှန်းကျင်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာတော့၏။
“ဦးလေးကန်၊ အရင်က ကျွန်မအဖေကို ကုပေးခဲ့တာကို ကျေးဇူးတင်ပါတယ်။ ရှင်သာ မဟုတ်ရင် အဲဒီအချိန်တုန်းက ကျွန်မ အဖေ အသက်ရှည်ရှည် နေရမှာ မဟုတ်တာ အသေအချာပါပဲ”
“ဒါပေမယ့် အခု ကျွန်မမှာ တကယ် ရွေးခြယ်စရာမရှိဘူး။ ကျွန်မအဖေ သေသွားပြီးတော့ ကျွန်မက အမေ့ရဲ့ တစ်ဦးတည်းသော ကလေးပဲ။ သူက အခု အသက်ရှင်ဖို့အတွက် ချင်မိသားစုရဲ့ပိုက်ဆံတွေကို မှီခိုနေရတာ။ အခု ယာယီအနေနဲ့တော့ ကျွန်မက သူ့ကို မကွာရှင်းနိုင်ဘူး။ ကျွန်မက အဲဒီအဘွားကြီးရဲ့စကားလုံးတွေကို နားမထောင်ချင်ရင်တောင်မှ အခုတော့ နားထောင်နေရုံပါပဲ”
ရှန်းကျင်က ခေါင်းယမ်းပြလိုက်ပြီး သူမ၏ အမူအယာက ကြေကွဲဝမ်းနည်းနေသည်။
ကျင်းယွင်ကျောင်း ထိုစကားဝိုင်းကို နားထောင်လေလေ။ သူမ ပို၍ရှုပ်ထွေးလာလေလေပင်။ ဤချင်မိသားစု၏ ဘဏ္ဍာရေးနောက်ခံက ထိုပုံစံမျိုး လုံးဝမပေါက်။
Chapter 175 : ပထမတန်းစား ဆန်ကုန်မြေလေး
ကန်စုန့်ပိုင်က သူမ၏ စကားများထဲမှ ထူးဆန်းသော အချက်များကို သိသိသာသာ သတိပြုမိလိုက်၍ ပို၍ အသေးစိတ်သိရရန်အတွက် မေးခွန်းအနည်းငယ် ပိုမေးလိုက်သည်။ နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် ရှန်းကျင်၏ဘဝကို ‘စိတ်ပျက်ဖွယ်အလိလိဖြစ်သော ယူကျုံးမရဖြစ်ခြင်း’ ဟူသည့် စကားစုဖြင့်သာ ဖော်ပြနိုင်ကြောင်း နားလည်သွားတော့၏။
ရှန်းကျင်၏ အမျိုးသားအမည်မှာ ချင်ဇစ်ရွယ် ဖြစ်သည်။ သူက သူမ၏ ကောလိပ်အတန်းဖော်ဖြစ်ခဲ့ပြီးနောက် သူတို့ ချိန်းတွေ့ကြရာမှ နောက်ပိုင်းတွင် လက်ထပ်ကြသည့်အဆင့်သို့ တဖြည်းဖြည်း ရောက်ခဲ့ကြ၏။
သို့ရာတွင် ထိုအချိန်က ချင်ဇစ်ရွှယ် မိသားစု၏ ငွေရေးကြေးရေး အခြေအနေမှာ မဆိုးသည့်အပြင် ကျင်မိသားစုက အနည်းငယ် အောင်မြင်သော စီးပွားရေးလုပ်ငန်းကို စီမံခန့်ခွဲနေပြီဖြစ်သည်။ ရှန်းကျင်သည် သူ့ အဖေဖြစ်သူ၏ တစ်ဦးတည်းသော သမီးဖြစ်သောကြောင့် သူက သူမအား တုန်နေအောင် ချစ်သည်။ ထို့ကြောင့် မင်္ဂလာပွဲအတွက် လိုအပ်သော ငွေကြေးအားလုံးကို ကျင်မိသားစုကပင် တာဝန်ယူခဲ့၏။
နှစ်ယောက်သား လက်ထပ်ပြီးနောက် မကြာခင်မှာပင် ရှန်းကျင်၏ အဖေသည် ပြင်းထန်သော ရောဂါကို ခံစားရပြီး အိပ်ယာထဲ လဲခဲ့တော့သည်။ ရှန်းကျင်က ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ် ဆက်ခံခဲ့ပြီး အတော်လေး အရည်အချင်းရှိခဲ့သည်ဟုလည်း ပြောနိုင်၏။
သို့ရာတွင် ချင်ဇစ်ရွှယ်၏ အခြေအနေမှာမူ လုံးဝဆန့်ကျင့်ဘက်ဖြစ်သည်။ သူ ဘာပဲလုပ်လုပ် မအောင်မြင်ပေ။ အခြားသူများက သူ့အား မိန်းမတစ်ယောက်ကိုပင် မယှဥ်နိုင်ဟု လှောင်ပြောင်ကြ၍ အချို့လူများက သူကဲ့သို့သော အခြေအနေနှင့် အဘယ်ကြောင့် အပြင်ထွက်ပြီး အလုပ်တစ်ခုရှာချင်နေသေးသနည်းဟုပင် မေးကြ၏။ သူသည် အိမ်၌ပင် အေးအေးဆေးဆေး နေနိုင်၍ ရှန်းကျင်၏ အကျွေးအမွေးအစောင့်ရှောက်ခံ ယောက်ျားဖြစ်လာပြီး ဇနီးဖြစ်သူကို ကူညီကာ ကလေးများကို သင်ကြားပေးသင့်သည်ဟုပင် ပြောကြသည်။
ထိုအကြောင်းများကြောင့် ချင်ဇစ်ရွှယ်သည် ဒေါသထွက်လာခဲ့၏။ နေ့စဥ်နေ့တိုင်း သူသည် အရက်မသောက်ဘဲ အိမ်မပြန်ပေ။
ထုံးစံအတိုင်းပင်၊ ရှန်းကျင်၏ ဖခင် သေဆုံးသွားပြီးနောက် ကုမ္ပဏီ၌လည်း ရှုပ်ထွေးနေသည်။ ရှန်းကျင်က ယောက်ျားနှင့် မိန်းမသည် တစ်ခုတည်းပင် ဖြစ်သင့်သည်ဟု တွေးခဲ့၍ သူမ၏ အဖေကို ဆုံးရှုံးပြီးနောက်တွင် သူမ၏ ယောက်ျားကိုလည်း အဆုံးရှုံးမခံနိုင်ခဲ့။ ထို့ကြောင့် သူမသည် ခင်ပွန်းဖြစ်သူအား ကုမ္ပဏီ၏ အဓိကကျသော ရာထူးတစ်ခုအတွက် လစာမြင့်မြင့်မားမားနှင့် ခန့်အပ်ခဲ့သည်။
ချင်ဇစ်ရွှယ်သည် ကုမ္ပဏီ၌ သူ၏ စွမ်းရည်များကို ပြသခဲ့၍ ပို၍ပင် ထူးချွန်လာ၏။ လင်မယားနှစ်ယောက်ကြားရှိ ခံစားချက်များလည်း ပို၍ တိုးတက်လာခဲ့သည်။
သို့ရာတွင် ချင်ဇစ်ရွှယ်အတွက်မူ သူ၏ ပြီးပြည့်စုံသော ဘဝ၌ ချို့ယွင်းချက်တစ်ခုသာ ရှိနေ၏။ သူ မည်မျှအလုပ်ကြိုးစားသည် ဖြစ်စေ၊ သို့မဟုတ် သူ၏ရလဒ်များက မည်မျှထူးချွန်ပြောင်မြောက်နေသည်ဖြစ်စေ အခြားသူများက သူသည် ရှန်းကျင်၏ အလင်းရောင်အောက်၌ အကျိုးအမြတ်ရနေခြင်းဟုသာ တွေးနေကြဆဲပင်။
ထို့ကြောင့် သူ စိတ်ဓါတ်ကျသည့် အကြိမ်ရေများစွာပင်။ အထူးသဖြင့် သူ၏ အငုံ့စိတ်ကြောင့်ဖြစ်သည်။ သူ့ မိန်းမကြောင့်သာ မဟုတ်ပါက သူ့တွင် ဤအလုပ်ရှိလိမ့်မည် မဟုတ်ကြောင်း သူရှင်းရှင်းလင်းလင်း သိ၏။ ဤခံစားချက်ဖြင့် နှစ်နှစ်ကျော်ကြာ ရှေ့ဆက်လာပြီးနောက်တွင် ချင်ဇစ်ရွှယ်က ရှန်းကျင်အား အိမ်တွင်သာနေ၍ သူတို့၏ ကလေးများကို သက်သက်သာသာ ပြုစုပျိုးထောင်ပေးရန် စတင် တောင်းဆိုလာတော့သည်။
မကြာမီမှာပင် သူမ၌ အမှန်တကယ် ကိုယ်ဝန်ရှိလာ၏။ သူမအား စောင့်ရှောက်ရန်အတွက် ချင်ဇစ်ရွှယ်က သူ၏ အမေဖြစ်သူကို သူတို့နှင့် အတူနေဖို့ ခေါ်ထားရန် ခွင့်တောင်းခဲ့သည်။ ထိုအချိန်မှစ၍ နာကျင်ဖွယ်ရာ ဆင်းရဲဒုက္ခကြီးလှသော အချိန်များ စတင်ခဲ့တော့၏။
ထိုအချိန်က မဒမ်ချင်၏ ရှန်းကျင်အပေါ် ဆက်ဆံမှုသည် အဆင်ပြေနေသေးသော်လည်း သူမ၏ သားဖြစ်သူက တဖြည်းဖြည်း တိုးတက်လာပြီးသည့်နောက်တွင် သူမသည် ရှန်းကျင်အား သူမသား၏ အနာဂတ်၌ အတားအဆီးတစ်ခုအဖြစ် စတင်၍ တွေးလာခဲ့သည်။ ရှန်းကျင် ကိုယ်ဝန်ရှိနေသည့် အတောအတွင်း အဖွားအိုသည် အရူးအပေါတစ်ယောက်ကဲ့သို့ ပြုမူနေခဲ့၏။ ဤသို့ဖြစ်သည့်အခါတိုင်း ချင်ဇစ်ရွှယ်က ရှန်းကျင်အား ငြင်ငြင်သာသာ နှစ်သိမ့်ပေးခဲ့၍ သူ၏ ချိုမြိန်၍ ဘာမှမဟုတ်သော ကတိများထဲတွင် သူမအား သူမကိုယ်တိုင် လိုလိုလားလား နစ်မြုပ်နေစေခဲ့သည်။
ချင်ဇစ်ရွှယ်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းများအောက်တွင် ရှန်းကျင်သည် စီမံကိန်းများအားလုံးကို သူ့ထံသို့ တဖြည်းဖြည်း လွှဲပေးခဲ့၏။ လအနည်းငယ်အတွင်းမှာပင် ကုမ္ပဏီတစ်ခုလုံးပိုင်ဆိုင်မှုသည် လုံးဝ လက်ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်၌ သူတို့သည် ခင်ပွန်းနှင့် ဇနီးဖြစ်ရာ ပိုင်ရှင်က ဘယ်သူဖြစ်ဖြစ် အရေးမကြီးဟု သူမ ထင်ခဲ့၏။
သို့သော် ဤအတွေးမျိုးသည် ခဏသာ ခံလိုက်ပြီးနောက် ချောင်ပိတ်ခံရ၍ လုံးဝ ပြိုလဲကျသွားခဲ့သည်။
သူမ, မရှိသောကြောင့် ကုမ္ပဏီသည် ချင်မိသားစုအတွက် အသိုက်တစ်ခု ဖြစ်လာခဲ့၏။ အဖွားအိုသည် နေ့တိုင်း သူမ ကပ်ပါးရပ်ပါးလုပ်နေသည့်အကြောင်းကို တဖျစ်တောက်တောက် စောဒကတက်နေခဲ့၍ သူမ ကိုယ်ဝန်ရှိစဥ်အတွင်း ခံစားခဲ့ရသော စိတ်ဖိစီးမှုများက အလွန်ပင် ကြီးမားလှသည်။ နောက်ပိုင်းတွင် သူမ၏ ယောက်ျားဖြစ်သူကလည်း သူမကို စိတ်ပူပန်ပေးခြင်းမရှိတော့ဘဲ စိတ်ဝင်စားမှုကိုလည်း မပြသတော့ပေ။ ထိုသည်က သူမ လှေကားမှ ဆင်းသောအခါတွင် စိတ်လွတ်သွားခြင်းကိုပင် ဖြစ်စေခဲ့၏။ သူမသည် မတော်မဆ ခြေလှမ်းမှားခြင်းက တစ်ချိန်တည်းမှာပင် သူမ၏ ကလေးကို ဆုံးရှုံးစေခဲ့သည်။
ထိုသို့ဖြစ်ပြီးသည့်နောက်တွင် ချင်ဇစ်ရွှယ်က သူမကို ပို၍ပင် အေးစက်စက် ဆက်ဆံခဲ့၏။ မဒမ်ချင်က ပို၍ပင် တည့်တိုးဆန်လာခဲ့ပြီး သူမသည် နင်းမြို့တော်၌ ဘဝကို နေသားမကျကြောင်း၊ သူမ သေရမည်ဆိုလျှင်တောင် ဟွားနင်ခရိုင်သို့ ပြောင်းချင်ကြောင်း ပြောလာခဲ့သည်။ သူမသည် ထိုနေရာ၌ သူမကို ပြုစုရန်အတွက် သူမ၏ ချွေးမဖြစ်သူကိုလည်း သူမနှင့် အဖော်ပြုပေးစေလိုကြောင်း အပြင်းအထန်ပင် ခေါင်းမာနေခဲ့၏။ ရှန်းကျင်က မူလက ဆန္ဒမရှိသော်လည်း ချင်ဇစ်ရွှယ်က ရက်ရက်စက်စက်ပင် သူမကို ခြိမ်းခြောက်ရန်အတွက် သူမ၏ အမေကို သုံးခဲ့သည်။
အဖေရှန်း ဆုံးသွားသောအခါ ရှန်းကျင်၏ အမေသည် အနည်းငယ် လှုံ့ဆော်ခံခဲ့ရ၏။ သူမသည် မည်သူ့ကိုမှ ထပ်၍ မမှတ်မိနိုင်တော့ဘဲ စကားများကို ရူးရူးနှမ်းနှမ်း လျှောက်ပြောနေခဲ့သည်။ ထို့ကြောင့် သူမသည် ထိုအချိန်ကစ၍ ဆေးရုံ၌သာ အမြဲနေ၍ ကုသမှုခံယူခဲ့ရ၏။ ယခုအခါ ချင်ဇစ်ရွှယ်က သူမသာ သူ့ကို မနာခံလျှင် သူသည် အမေရှန်းကို ဂရုမစိုက်တော့ဟု ဟောင်ဖွာဖွာနှင့် ပြောခဲ့သည်။
ရှန်းကျင်သည် ရွေးခြယ်စရာမကျန်တော့သောကြောင့် ချင်ဇစ်ရွှယ်၏ ညှင်းပန်းမှုအောက်တွင် ဆင်းရဲဒုက္ခရောက်ခဲ့ရ၏။
သူမသည် တရားရုံးသို့ သွားချင်ခဲ့၏။ စင်စစ် ကုမ္ပဏီသည် မူလက သူမ၏ ပိုင်ဆိုင်မှုဖြစ်သော်လည်း ထိုအချိန်က စာရွက်စာတမ်းများကို ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ထိုးပေးခဲ့သူမှာ သူမပင်ဖြစ်သည်။ ထပ်၍ ပေါင်းထည့်စရာအချက်မှာ ရှန်းမိသားစု ကုမ္ပဏီ၏ ငွေများသည် တဖြည်းဖြည်းချင်း ထုတ်ယူလွှဲပြောင်းခံနေရ၍ ချင်ဇစ်ရွှယ်က ဤငွေများကို အခြားစီးပွားရေးလုပ်ငန်းများ၌ သုံးထားခဲ့၏။ ယခုအခါ ကုမ္ပဏီသည် ကွာခြားနေပြီဖြစ်သည်။ အခြားအရာအားလုံးက တူညီစွာ ကျန်ရှိနေသော်လည်း လူများကမူ လုံးဝ ပြောင်းလဲသွားခဲ့ပြီ။
ကျင်းယွင်ကျောင်းသည် အဖြစ်အပျက်တစ်ခုလုံးကို ကြားပြီးနောက် သူမ၏ နှလုံးသားထဲ၌ သက်ပြင်းလေးရှိုက်လိုက်မိ၏။
Chapter 176 : အပေါ်ယံ ရွှေမှုန်ကြဲ
ကျင်းယွင်ကျောင်းသည် သူတစ်ပါး၏ အရေးကိစ္စကို ဝင်ရောက်စွက်ဖက်တတ်သူ မဟုတ်သော်လည်း ကန်စုန့်ပိုင်နှင့် ရှန်းမိသားစုက အချင်းချင်း သိကျွမ်းနေကြရာ ယခုအချိန်၌ သူမ၏ အမူအယာက အနည်းငယ် လေးပင်နေသည်။
“ငါ ဒီအဖွားအိုကြီးကို ကယ်နိုင်ရင်တောင်မှ သူက ကျေးဇူးတရားကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ဘယ်သူသိမှာလဲ။ သူ့ရဲ့စိတ်ထားက အရင်ကထက် ပိုဆိုးလာပြီး မင်းကို ပိုနှိပ်စက်ရင်ရော။ ငါ့ကို မင်းရဲ့အမေနဲ့ တွေ့ဖို့ ခေါ်သွားပေး”
အနည်းငယ် စဥ်းစားပြီးနောက် ကန်စုန့်ပိုင်က အကြံပြုလိုက်၏။
“ရှင်က အဲဒီကို သွားကြည့်ပေးဖို့ ဆန္ဒရှိတာထက် ပိုကောင်းတာတော့ မရှိတော့ပါဘူး။ ဒါပေမယ့် ချင်ဇစ်ရွှယ်က ကျွန်မကို ဟွားနင်ခရိုင်ကနေ လုံးဝ ခွာခွင့်မပြုဘူး။ သူက အပြင်လူတွေ လာလည်တာ အားလုံးကို ငြင်းပယ်ဖို့ လူနာရဲ့မိသားစုအနေနဲ့ သူရဲ့အခွင့်အရေးကို သုံးပြီး စီမံထားသေးတယ်။ ကျွန်မ အမေ့ကို လုံးဝ တွေ့လို့မရဘူး”
ရှန်းကျင်က စိုးရိမ်တကြီး ရှင်းပြလိုက်သည်။
ကျင်းယွင်ကျောင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း ဤအမျိုးသမီးအတွက် တစ်ခုခု ကူညီပေးချင်သလို ခံစားနေရ၏။
လက်ရှိအချိန်တွင် ကျင်းယွင်ကျောင်း၏ ကုမ္ပဏီသည် လူ့စွမ်းအားအရင်းအမြစ်ချို့တဲ့နေခဲ့သည် (ဝန်ထမ်းမလုံလောက်)။ ဝန်ထမ်းအသစ် ခန့်ရသည်မှာ လွယ်သော်လည်း အမှန်တကယ် စွမ်းရည်ရှိသူက အရေအတွက် အနည်းအကျဥ်းသာ ရှိသည်။ အကယ်၍ ရှန်းကျင်၏ စကားများကသာ မုသားမဟုတ်ပါက သူမသည် ရှန်းကျင်အား သူမ၏ တောင်ပံများအောက်သို့ ဆွဲသွင်းပေးနိုင်၏။ ၄င်က ဆိုးသည့်ကိစ္စ မဟုတ်ပေ။
သို့ရာတွင် ရှန်းကျင်၌ အမှန်တကယ် စွမ်းရည်ရှိမရှိကို သူမ အတည်မပြုနိုင်သေးသည်ဖြစ်ရာ ကျင်းယွင်ကျောင်းသည် ကုမ္ပဏီကိစ္စကို အရင်ဆုံး ထုတ်မပြောသေးပေ။
ရှန်းကျင်၏ ရှင်းပြချက်အရ ကန်စုန့်ပိုင်တွင် မည်သည့် ရွေးခြယ်စရာမှ မကျန်တော့ပေ။ သူ၏ ဒေါသများနှင့် မချင့်မရဲဖြစ်မှုများကိုသာ ဖိနှိပ်နေရုံပင်။ ရှန်းကျင်က ထပ်မံ၍ သက်ပြင်းချလိုက်၏။
“ကျွန်မရဲ့အဖေက ရှေးဟောင်းပစ္စည်းတွေ ကိုင်တွယ်ရတာကို သဘောကျလေ့ရှိတယ်
အဲဒါကြောင့်ပဲ သူက နင်းမြို့တော်က ဒါရိုက်တာထန်နဲ့ ရင်းနှီးသွားပြီး သူတို့ရဲ့ဆက်ဆံရေးကလည်း အရမ်းကောင်းတယ်။ ကံဆိုးတာက ကျွန်မက ဒါရိုက်တာထန်နဲ့ တစ်ခါမှ မတွေ့ဖူးဘူး။ ပြီးတော့ ဆက်သွယ်စရာ နည်းလမ်းလည်း မရှိဘူး”
အကယ်၍ သူမသာ ထန်မိသားစုနှင့် ဆက်သွယ်နိုင်ပါက သူမ သေချာပေါက် ကြိုးစားနိုင်လိမ့်မည်။ အများဆုံး သူတို့က သူအ အကူအညီတောင်းသည်ကို ငြင်းဆန်ရုံသာပင်။
သူမ၏ အဖေသည် ထိုပစ္စည်းများကို ကြည့်ရန်နှင့် ထိတွေ့ကိုင်တွယ်ကြည့်ရန်အတွက်သာ သူတို့၏ အိမ်သို့သွားရသည်ကို နှစ်သက်ပြီး သူပြန်လာသောအခါတွင်လည်း သူတို့၏ ရှန်းမိသားစုသည် စီးပွားရေးလုပ်ငန်းကြီးဟု မယူဆနိုင်သည့်အပြင် သူတို့၏ ကြွယ်ဝမှုကလည်း ထန်မိသားစုနှင့် မယှဥ်နိုင်ကြောင်းကို အလွန်တက်ကြွစွာ ပြောပြတတ်သည်။ အဖေဖြစ်သူသည် သူ၏ မျက်လုံးကို အစာကျွေးရန်အတွက်သာ ထန်မိသားစုအိမ်ကို သွားတတ်၏။
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးညွတ်သွားသည်။ တိုက်ဆိုင်မှုမရှိသော ဝတ္ထ၊ ပြဇာတ်ဟူ၍ မရှိပေ။
“ရှင်ပြောနေတဲ့တစ်ယောက်က အဖိုးထန်လင်းလား”
သူမက အတည်ပြုလိုသော ရည်ရွယ်ချက်ဖြင့် မေးလိုက်သေးသည်။
“အမှန်ပါပဲ”
ရှန်းကျင်က ခေါင်းညိတ်ပြလိုက်၏။ သူမ ကြောင်အ,သွားသည်။
ကျင်းယွင်ကျောင်းက ခပ်လေးလေး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။
“ကျွန်မ သူ့ကို ဆက်သွယ်ရမယ့်နံပါတ် ရှင့်ကို ပေးနိုင်ပါတယ်။ ဒါပေမယ့် ရှင့်ကို ကူညီဖို့ သဘောတူမလားဆိုတာကိုတော့ ကျွန်မ အတည်မပြုနိုင်ဘူး။ နှစ်ပေါင်းများစွာ ကြာသွားပြီဆိုတော့လေ။ သူက ရှင့်လိုမျိုး မပတ်သတ်ဖူးတဲ့သူတစ်ယောက်ကို မှတ်မိ၊ မမှတ်မိဆိုတာ မသေချာဘူး”
အဖိုးထန်၏ ကိုယ်ပိုင်ဖုန်းနံပါတ်သည် အမှန်တကယ် လွယ်လွယ်ကူကူ ရသည်လား။ သို့မဟုတ်ပါက ဘယ်လိုလုပ်၍ ယနေ့ထိတိုင်အောင်ပင် ရှန်းကျင်၌ ပြစရာ ရလဒ်လေးတစ်ခုပင် မရှိသနည်း။
ဤစကားအား မိန်းကလေးငယ်လေးတစ်ယောက်က ပြောသည်ဖြစ်ရာ ရှန်းကျင်သည် ၎င်းက မုသားတစ်ခုလားဆိုသည်ကို မသိသောကြောင့် မှင်သက်မိနေသည်။
ကန်စုန့်ပိုင်သည်ပင် သူမအား ထူးဆန်းအံ့သြစွာ တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် မျက်စိလည်နေ၏။ ဤလုံမလေးသည် နင်းမြို့တော်မှ ထိပ်တန်းပုဂ္ဂိုလ်နှင့် မည်သည့်အချိန်က ရင်းနှီးသွားသနည်း။ ပြီးလျှင် သူမ၌ သူ၏ဆက်သွယ်ရန် ဖုန်းနံပါတ်ပင် ရှိနေသေးသည်။
“တ...တကယ်လား”
ရှန်းကျင်သည် နှလုံးခုန်ရပ်သွားသကဲ့သို့ပင် ခံစားလိုက်ရ၏။
“ရှင် သူ့ကို အခု ဆက်သွယ်နိုင်အောင် ကျွန်မရဲ့ဖုန်း ရှင့်ကို ငှားပေးလို့ရတယ်။ ဒါပေမယ့် ကျွန်မမှာ တောင်းဆိုစရာတစ်ခုတော့ ရှိတယ်”
သူမက ခဏရပ်လိုက်သည်။
“အကယ်လို့ အကြီးအကဲထန်က ရှင့်ကို ကူညီဖို့ ဆန္ဒရှိရင် ရှင့်ရဲ့မိသားစု ပြဿနာတွေဖြေရှင်းပြီးတာနဲ့ ဒီလူကို ရှာပါ။ တကယ်လို့ သူက ရှင့်ရဲ့စွမ်းရည်ကို အသိအမှတ်ပြုတယ်ဆိုရင် ရှင် သူ့ရဲ့ကုမ္ပဏီမှာ နေပေးရမယ်။ ရှင် ဒီလိုလုပ်နိုင်ရဲ့လား”
ကျင်းယွင်ကျောင်းက နာမည်ကဒ်တစ်ကဒ်ကို ထုတ်ပေးလိုက်၏။ ၎င်း၏ အပေါ်၌ ပိုင်ယွီအန်း၏ ဆက်သွယ်ရန် အချက်အလက်များကို ရိုက်နှိပ်ထားသည်။
ကျင်းယွင်ကျောင်း၏ ဤကဲ့သို့သော အပြုအမူက အတော်လေး မမျှော်လင့်ထားသည်ဖြစ်ရာ ၎င်းက အခြားနှစ်ယောက်ကို အကြီးအကျယ် ရှုပ်ထွေးသွားစေ၏။
ရှန်းကျင်က ဤကိစ္စသည် သူမ၏ အမေနှင့် ပတ်သတ်နေသည်ဖြစ်ရာ ခပ်မြန်မြန်ပင် အသိပြန်ဝင်လာပြီး ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ နောက်စက္ကန့်ပိုင်းအတွင်းမှာပင် ကျင်းယွင်ကျောင်းက သူမ၏ ဖုန်းကို ကမ်းပေးလိုက်၏။
ထိုအခိုက်တွင် အဖိုးထန်က အနားယူနေခြင်းဖြစ်ပြီး သူ နေ့လည်ပိုင်း လက်ဖက်ရည်သောက်နေစဥ်၌ ဖုန်းဝင်လာခဲ့သည်။ ဖုန်းခေါ်ဆိုသူ ID က ကျင်းယွင်ကျောင်း၏ နာမည်ကို ပြနေသည်အား မြင်လိုက်ရာ သူသည် အနည်းငယ် ပျော်ရွှင်သွား၏။ သို့သော် သူ ဖုန်းဖြေလိုက်သောအခါ ကြားလိုက်ရသောအသံသည် သူစိမ်းတစ်ယောက်၏ အသံဖြစ်နေခဲ့၏။
သူက ထပ်မံ၍ ဂရုတစိုက် နားထောင်လိုက်ပြီး သူ၏ မျက်နှာက ချက်ချင်းပင် အကျည်းတန်သွားတော့သည်။
သူ၏ သူငယ်ချင်းများဟု ခေါ်နိုင်သော လူအရေအတွက်မှာ လက်တစ်ဆုပ်စာမျှသာ ရှိ၍ လောင်ရှန်းက ထိုသူများထဲမှ တစ်ယောက်ဖြစ်၏။ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သော်လည်း သူတို့၏ အပြန်အလှန်ခင်မင်မှုများက သူ၏ ရင်ထဲ၌ ကျန်ရှိနေသည်။ လောင်ရှန်း ကွယ်လွန်သွားပြီးနောက် မူလက သူသည် ရှန်းမိသားစုအား ခဏတဖြုတ် စောင့်ရှောက်ပေးရန် ရည်ရွယ်ခဲ့သော်လည်း ခပ်မြန်မြန် စုံစမ်းကြည့်ပြီးနောက် ရှန်းကျင်၏ အမျိုးသားဖြစ်သူက အတော်လေး လုပ်နိုင်စွမ်းရှိသည်ကို တွေ့ရသောကြောင့် သူ လွှတ်ထားလိုက်၏။ ဤသို့ဆိုလျှင် အားလုံးက အပေါ်ယံ ရွှေမှုန်ကြဲအဖြစ်သို့ ပြောင်းလဲသွားသည်လား။