← Chapters

အခန်း (၁၇၇-၁၈၀)

Vol. 9 Ch. 177-180

အခန်း (၁၇၇-၁၈၀)

Vol. 9 Ch. 177-180

Chapter 177 : တန်ပြန်ထိုးစစ်ဆင်ခြင်း၊ ပထမတစ်ဖြတ်

အဖိုးထန်သည် ချက်ချင်းပင် လူတစ်ယောက်ကို ကိစ္စများအား ထပ်မံ၍ စုံစမ်းရန်အတွက် လွှတ်လိုက်၏။ ထိုအချိန်တွင် ရှန်းကျင်က အကြီးအကဲ၏ ကတိစကားကို ရရှိပြီးသည့်နောက် အများကြီး ပို၍ စိတ်သက်သာရာ ရသွားသည်။ နှစ်ပေါင်းများစွာကြာအောင် သူမ၏ စိတ်ထဲ၌ နေရာယူနေခဲ့သော သူမ၏ ပြဿနာများမှ ဖိအားများကိုပင် သူမ ခံစားနိုင်၏။

“ကျေးဇူးတင်ပါတယ်၊ မိန်းကလေး။ စိတ်ချသာနေပါ။ အနာဂတ်မှာ ငါသေချာပေါက် လုပ်ပေးပါ့မယ်”

“အပေါစားအပျက်မ၊ နင် အပြင်မှာ ဘာတွေ ယောင်ခြောက်ဆယ် လုပ်နေတာလဲ။ နင်က လူတစ်ယောက်ကိုတောင် နေအောင် မလုပ်နိုင်ဘူး။ ဘယ်လောက်တောင်မှ အသုံးမကျလိုက်သလဲ။ ငါ ဗိုက်ဆာနေပြီ၊ မြန်မြန်ပြန်လာပြီး တစ်ခုခု လုပ်ပေး”

ရှန်းကျင်း စကားပြော၍ မပြီးသေးခင်မှာပင် အဖွားအို၏ ဆဲရေးကြိမ်းမောင်းသံက တံခါး၏ အခြားတစ်ဖက်မှ ထွက်ပေါ်၏။

ရှန်းကျင်က လက်သီးဆုပ်လိုက်၍ သူမ၏ မျက်လုံးများထဲတွင် အမုန်းတရားများ လောင်မြိုက်နေသည်ကို ကြည့်ရင်း ကျင်းယွင်ကျောင်း၏ မျက်ခုံးတန်းများက စုကြုံ့သွားသည်။

“ကျွန်မ အရင်သွားတော့မယ်။ ဦးလေးကန် ရှင်....”

ရှန်းကျင်၏ နဖူးကြောများက ပြေလျော့သွားပြီး နောက်ဆုံး၌ သူမ၏ သပ်ရပ်မှု အရိပ်အယောင်အချို့က ပေါ်ထွက်နေ၏။

“မင်းအတွက် ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် လူတစ်ယောက် ရှိလာတဲ့အချိန်ကျရင် ငါလည်း ဒီလူနာကို ဆက်ပြီးတော့ မကုတော့ဘူး”

ကန်စုန့်ပိုင်က ချက်ချင်းပင် ရှင်းပြလိုက်သည်။

သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဤအဖွားကြီး၏ အနှောက်အယှက်ကို ခံခဲ့ရ၍ မည်သည့်ငြိမ်းချမ်းမှုမှ မရရှိနိုင်ခဲ့ပေ။ မူလက သူသည် ကျင်းယွင်ကျောင်းအား ဤနေရာသို့ ခေါ်လာခဲ့ခြင်းကြောင့် သူမ တစ်ခုခုကို သင်ယူနိုင်လိမ့်မည်ဟု ထင်သော်လည်း ဤအဖွားကြီးက ယခင်ကထက်ပင် ပို၍ကြမ်းတမ်းလာလိမ့်မည်ဟု မည်သူက သိမည်နည်း။

သို့ရာတွင် ခုနက အခြေအနေအပေါ်ရှိ ကျင်းယွင်ကျောင်း၏ စိတ်ထားအား တွေ့မြင်ရသလောက် သူမသည် ထိုရောဂါအပေါ်၌ ယုံကြည်မှုအချို့ ရှိပုံပေါ်သည်။ ဤအဆင့်အတန်းက သူ့ထက် ပို၍ မဆိုးဝါးပေ။

ရှန်းကျင်သည် ဤကဲ့သို့ ဖြစ်ပျက်ပြီးနောက် သူတို့အား ဆက်နေစေရန် ခေါင်းမာမနေတော့ပေ။ ထို့ကြောင့် သူမက မြေးအဖိုးနှစ်ယောက်အား လိုက်ပို့ပေးလိုက်ပြီးနောက် သူမ တစ်ယောက်တည်း ပြန်လာခဲ့သည်။ စော်ကားမော်ကား ဆဲရေးခြင်းများက တစ်ခုပြီးတစ်ခု စတင်လာ၏။ အိမ်နီးချင်းများက ထိုအကြောင်းနှင့် ပတ်သတ်၍ အတွေးမလွန်ကြတော့ပေ။ စင်စစ် ဤသည်က နေ့စဥ် ပုံမှန်ဖြစ်ရပ်တစ်ခုပင်။

သို့သော် သူတို့မသိကြသည်မှာ ယခု အဖွားအိုက အော်ဟစ်ကြိမ်းမောင်းနေခြင်းမှာ ရှန်းကျင်က သူမကို လျစ်လျူရှုထားသောကြောင့်ပင်။

သူမ၏ ကျောရိုးက မကောင်းတော့ဘဲ အဆိုးဆုံးအချိန်တွင် သူမသည် လမ်းပင် မလျှောက်နိုင်ချေ။ ရှန်းကျင်သည် ချက်ချင်းပင် သူမ၏ အခန်းထဲသို့ဝင်သွားပြီးနောက် တံခါးကို ချက်ချထားလိုက်ပြီး၊ အဖွားအိုသည် ဆိုဖာပေါ်တွင် လေတိုက်ခံရင်း ကျန်ခဲ့သည်။ သူမသည် ယခင်ကကဲ့သို့ ချက်ပြုတ်ပေးခြင်းမရှိသလို ဆေးကြိုပေးခြင်းလည်း မရှိပေ၊ အိမ်ထဲ၌ အဖွားအို ရှိမနေသည့်အလားပင်။

ဤအချိန်၌ အဖွားအိုသည် ရှန်းကျင်အား အမှန်တကယ်ပင် သေလောက်အောင် ဒေါသထွက်နေသည်။ သို့သော် နာရီအနည်းငယ်မျှ အော်ဟစ်ပြီးသည့်နောက်တွင်လည်း ရှန်းကျင်ထံမှ လှုပ်ရှားမှု မရှိသေးချေ။

သူမ၏ ဘေး၌ သူမ၏ ဖုန်းလည်း မရှိရာ သားဖြစ်သူအား ဆက်သွယ်ရန် နည်းလမ်းမရှိပေ။ သူမသည် ဒေါသထွက်နေသောကြောင့် သူမ၏ အရိုးများက ပို၍ပင် နာကျင်လာပြီး သူမအား နာကျင်မှုကြောင့် လုံးဝ မရွေ့လျားနိုင် ဖြစ်သွားစေသည်။ သူမသည် ယားယံမှုကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကုတ်ဖဲ့ထားရာ အချို့နေရာများက သွေးထွက်နေ၏။

ဤအချက်ကြောင့် အဖွားအိုသည် နောင်တအနည်းငယ် ရနေသည်။ ရှန်းကျင်အား နှိပ်စက်ညှင်းပန်ရန် နည်းလမ်းများစွာရှိ၏။ ပထမဆုံးအနေနှင့် သူမသည် ကုသမှုခံယူရန်အတွက် ရွေးခြယ်ခဲ့သင့်သည်။

အခြားတစ်ဖက်တွင် အဖိုးထန်၏ အရှိန်မှာ လျင်မြန်လှ၏။ နင်းမြို့တော်နဂါး၏ ဖိအားအောက်တွင် ချင်ဇစ်ရွှယ်၏ ကုမ္ပဏီသည် ရက်အနည်းငယ်ထက် ပို၍ လုံးဝ တောင့်မခံနိုင်တော့သည့်နောက် ၎င်းသည် သေရေးရှင်ရေး အခြေအနေ ဖြစ်သွားသည်။

ကန်စုန့်ပိုင်က ရှန်းကျင်ကို စိတ်ပူနေပြီး သူမကို သွား၍ စစ်ဆေးပေးရန် ကျင်းယွင်ကျောင်းအား အထူးတလည် တောင်းဆိုခဲ့၏။ သူမသည် တံခါးအား ဖြတ်၍ ခြေချလိုက်သောအခါ မြင်လိုက်ရသည်က သူမအား မှင်သက်သွားစေသည်။

ဤရှန်းကျင်သည် ချင်မိသားစု၏ နှိပ်စက်ညှင်းပန်းမှုများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသောကြောင့် သူမ၏ နှလုံးသားက မကျေနပ်ချက်များနှင့် ပြည့်နေခဲ့သည်။ ယခုအခါ သူမသည် တန်ပြန်ထိုးစစ် စတင်နေပြီဖြစ်၏။ ၎င်းမှာ အဖွားအို၏ အလှည့်ဖြစ်ပြီး သူမသည် လူနှင့်ပင် မတူတော့အောင် ညှင်းဆဲခံရထားသည်။

အဖွားအိုက ဆိုဖာပေါ်၌ စောင်းလျက်ပင် လဲလျောင်းနေသေး၍ သူမသည် ကျင်းယွင်ကျောင်းကို မြင်သောအခါ ပါးစပ်ဟလိုက်သော်လည်း စကားမပြောနိုင်ပေ။ သူမ၏ လည်ချောင်းက အက်ကွဲလွန်းနေ၏။

သူမ၏ ရှေ့၌ စားပွဲပေါ်တွင် ချထားသော သစ်သီးအစေ့အချို့ရှိပြီး ထိုနေရာ၌ ကျန်နေခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်နိုင်သည်။ ၎င်းက သူမ၏ လက်လှမ်းမီရုံမျှလောက်တွင်သာ ရှိလျှင်တောင်မှ တစ်ခုတည်းသော ကံကောင်းခြင်းလေးက သူမအား ၎င်းကို လက်လှမ်းမီနိုင်စေခဲ့ခြင်းပင်။

“မင်းကို ခြောက်လှန့်မိသွားလား”

ရှန်းကျင်၏ ပြတ်သားနေသော အမူအယာက တံခါးဝ၌ ရပ်နေသော ကျင်းယွင်ကျောင်းကို မြင်သောအခါ အနည်းငယ် ပျော့ပြောင်းသွား၏။

ကျင်းယွင်ကျောင်းက ခေါင်းယမ်းပြလိုက်သည်။

“ကျွန်မက အဆင်ပြေပါတယ်။ ဒါပေမယ့် သူ သေတဲ့ ငတ်ပြတ်သွားရင် ဒုက္ခရောက်မယ့်သူက ရှင်ပဲလေ”

အဖွားအိုသည် သူမ၏ ရှေ့တွင်ရှိသော သစ်သီးအစေ့များအပေါ် မှီခို၍ လွန်ခဲ့သော ရက်အနည်းငယ်ကို ဖြတ်သန်းရှင်သန်နိုင်ခဲ့ပြီး သူမ၏နေ့စဥ်လုပ်ငန်းစဥ်များကို ဧည့်ခန်းထဲ၌ပင် ပြီးခဲ့ရ၏။ သူမ၏ အားနည်းသော ခန္ဓာကိုယ်တည်ဆောက်ပုံတွင် သူမ၏ ရောဂါကိုပါ ထပ်ပေါင်းထည့်ပါက သူမ၏ ခန္ဓာကိုယ်သည် မကြာမီမှာပင် မီးစာကုန်ဆီခမ်းသွားလိမ့်မည်။ ထိုသို့သာ ဖြစ်သွားပါက ရှန်းကျင်က တာဝန်ယူရမည်မှာ အသေအချာပင်။

ဤကဲ့သို့ ပြောလိုက်သော်လည်း ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် သနားကရုဏာစိတ် စိုးစဥ်းမျှမရှိပေ။ အကယ်၍ ရှန်းကျင်သာ တာဝန်ယူရပါက သူမသည် ထိခိုက်မှု အနည်းဆုံးဖြစ်သွားအောင် သရုပ်ဆောင်ရမည်ဖြစ်ကြောင်းကိုသာ တွေးနေခဲ့ခြင်းဖြစ်သည်။

“စိတ်အေးအေးထားပါ။ ချင်ဇစ်ရွှယ်က ဒီနေ့ပြန်လာမှာ။ ငါ သူ့ကို ငါ ကွာရှင်းချင်တယ်လို့ ပြောထားပြီးပြီးဆိုတော့လေ”

ကွာရှင်းမည့်အကြောင်းကို ပြောလိုက်သည်နှင့် ရှန်းကျင်၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွား၏။

ကျင်းယွင်ကျောင်းက နားလည်စွာဖြင့် ပြုံးလိုက်သည်။ ယနေ့ သူမ၏ အဝတ်အစားများက ယခင်ကနှင့် မတူသည်မှာ အံသြစရာ မဟုတ်တော့ပေ။

ဤအဝတ်အစားများက အမှန်တကယ်ပင် သူမနှင့်ကွက်တိကျနေပြီး သူမ၏ စိတ်ဝိညာဥ်ကို ပြန်လည်ရရှိလာသည့် ပုံပေါ်စေသည်။ ရှန်းကျင်အတွက် ကုန်လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဤလွန်ခဲ့သော ရက်အချို့က စိတ်အပန်းပြေဆုံးရက်များထဲမှ တစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မည်။

အိမ်ထဲ၌ ပြင်းထန်သော ပြင်းထန်သော အနံ့အသက်များရှိနေ၏။ ရှန်းကျင်က ခြံထဲမှ ခုံတစ်ခုကို ဆွဲယူလာပြီး စောင့်နေသည်။ မကြာမီမှာပင် ယောက်ျားတစ်ယောက်သည် သူ၏ ကားထဲမှ ကမူးရှူးထိုးထွက်လာပြီး သူက ရှန်းကျင်ကို မြင်သည်နှင့် ပြောလာ၏။

“မင်း ရူးသွားပြီလား။ နောက်ပိုင်း ငါ ဘယ်လောက်အလုပ်များလဲဆိုတာ မင်းသိလား။ အခု ငါ့ကိုသာ ပြဿနာရှာနေတာ၊ မင်း ငါ့အမေကိုရော ဂရုစိုက်ထားသေးလား”

Cbapter 178 : အလောင်းကို ကာကွယ်ခြင်း

ထိုယောက်ျားသည် အလွန်ဖြောင့်မှန်ပုံရပြီး အသက်သုံးဆယ်ပတ်ဝန်းကျင်ခန့် ဖြစ်သည်။ သပ်ရပ်သော အဝတ်အစားများနှင့် ဆံပင်တစ်မျှင်မှပင် ကျမနေဘဲ သူသည် အလွန်တည်ငြိမ်အေးဆေး၍ ရင့်ကျက်ပုံပေါ်၏။ သူ၏ အပြင်ပန်းသွင်ပြင်က နူးညံ့၍ ကြင်နာတတ်သော စိတ်ထားရှိသည့် အမြင်တစ်ခုကို ပေးစွမ်းနေပြီး ထိုပုံစံက အမျိုးသမီးများကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။

သို့ရာတွင် လက်ရှိ၌ သူသည် အလောတကြီးနှင့်ဒေါသထွက်နေသော အမူအယာဖြစ်နေခြင်းက သူ့အား အနည်းငယ် ရက်စက်ယုတ်မာပုံဖြစ်သွားစေသည်။ သူ အနားသို့ ကပ်လာသောအခါ သူ့ကိုယ်ပေါ်မှ ဆိုးဝါးသော အရက်နံ့ကိုပါ သူတို့ ခပ်ဖျော့ဖျော့ ရလိုက်၏။

ချင်ဇစ်ရွှယ်သည် အစပိုင်းက သူ၏ မိန်းမနှင့် အတူထိုင်နေသောသူသည် ခြံထဲမှ ကလေးတစ်ယောက်သာ ဖြစ်သည်ဟု ထင်ထားခဲ့သော်လည်း သူ သေချာကြည့်လိုက်သောအခါ သူမက သူစိမ်းတစ်ယောက် ဖြစ်နေသည်။

ထို့ကြောင့် သူသည် သူမကို အရေးမကြီးဟုသာ ယူဆလိုက်၏။

ရှန်းကျင်၏ မုန်းတီးစက်ဆုပ်သော အကြည့်က ချင်ဇစ်ရွှယ်ထံသို့ ငြီးငွေ့စွာ ကျရောက်သွား၏။ သူမက ပြတ်သားစွာ ပြောလိုက်သည်။

“ရှင် အခု ကွာရှင်းစာချုပ်ရထားပြီး၊ အဲဒီမှာ အဆင်သင့် လက်မှတ်ထိုးရုံပဲ။ အဲလိုမှမဟုတ်ရင်တော့ တရားရုံးထိ သယ်သွားမှ ကျွန်မကို အပြစ်မတင်နဲ့”

“မင်း လုပ်ရဲလား။ ရှန်းကျင် ငါ မင်းကို အလိုလိုက်လွန်သွားပြီလား။ ဒီနှစ်အနည်းငယ်အတွင်းမှ ငါ အလုပ်တွေအရမ်းကြိုးစားခဲ့တယ်၊ အားလုံးက မင်းနဲ့ငါ့အမေကို တည်ငြိမ်တဲ့ဘဝမှာ ထားနိုင်ဖို့အတွက်ပဲ။ အခု မင်းက ကွာရှင်းဖို့ ယူလာရဲတယ်လား။ ဘာကို အခြေခံပြီးတော့လဲ။ လက်ရှိ မင်းရဲ့အခြေအနေကို အခြေခံရင် မင်းက ငါနဲ့တန်တယ်လို့ ထင်နေတာလား။ ငါက ငါတို့ရဲ့ခံစားချက်ဟောင်းတွေကို အောက်မေ့သတိရနေတာကြောင့်သာ မဟုတ်ရင် မင်း ငါ့အိမ်ကနေ မောင်းထုတ်ခံရပြီးတာ ကြာလှနေပြီ။ မင်းအမေလည်း ရှိသေးတယ်။ လတိုင်းလတိုင်း ငါ မင်းကို ပိုက်ဆံပမာဏအများကြီး ကူညီပြီးတော့ ပေးပေးတယ်။ ဒါက မလုံလောက်သေးဘူးလား”

ချင်ဇစ်ရွှယ်က အော်ဟစ်လိုက်သည်။

သူ စကားပြောဆုံးသွားသောအခါ သူ့ ဇနီးပုံစံက ပြောင်းလဲနေသည်ကို ချစ်ဇစ်ရွှယ် သတိထားမိလိုက်၏။

ယခင်က သူ အိမ်ပြန်လာသည့်အခါတိုင်း ရှန်းကျင်သည် အချိန်အများစု၌ ချက်ပြုတ်နေခဲ့၏။ သူမက လျော့ရဲရဲအဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာနှင့် ဆံပင်မှာလည်း ရှုပ်ပွနေသည်။ ထိုပုံစံကို ကြည့်နေရခြင်းက သူ့အား စက်ဆုပ်ရွံရှာစေ၏။

အခြားအမျိုးသမီးများနှင့် ယှဥ်ပါက ရှန်းကျင်၌ အပြုသဘောဆောင်သည့် အရည်အသွေး လုံးဝမရှိပေ။

သို့ရာတွင် ယနေ့ သူမသည် မိတ်ကပ်ခပ်ပါးပါး လိမ်းထားပြီး သူမ၏ ဆံပင်ကို ပင့်တင်ထားကာ သပ်ရပ်သန့်ရှင်းနေပုံပေါ်သည်။ သူမသည် လည်သာရှူးဖိနပ်တစ်စုံကို စီးထားပြီး သူမ၏ ရုံးတက်ဝတ်စုံဟောင်းကိုလည်း ဝတ်ဆင်ထား၏။ ပုံစံက ခေတ်နောက်ကျနေသော်လည်း ဤသို့ဝတ်ဆင်ထားခြင်းက သူမအား ဖုံးကွယ်ထားသော ဆွဲဆောင်မှုတစ်ခု ပေးစွမ်းနေသည်။

ချင်ဇစ်ရွှယ်က သူ၏ ဦးခေါင်းကို ယမ်းလိုက်၏။ ဤအကြောင်းကို တွေးနေမိရသည့် အချက်က ဘာနည်း။ အခုနောက်ပိုင်း သူ ပင်ပန်းလွန်းသောကြောင့် ဖြစ်ရမည်။ ထို့ကြောင့် သူ၏ ပင်ပန်းနွမ်းနယ်နေသော စိတ်က ရှန်းကျင်အား ယခင်ကထက် ပို၍ကြည့်ကောင်းနေသည်ဟု အမှန်တကယ် တွေးနေမိခြင်းပင်။

ရှန်းကျင်သည် စိတ်ပျက်ခြင်းကို အရသာခံဖူးပြီးဖြစ်၍ သူမ၏ အခက်ခဲအကြမ်းတမ်းဆုံး အချိန်များကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ချင်ဇစ်ရွှယ်၏ စကားလုံးများက သူမ၏ ဒေါသကို မနှိုးဆွနိုင်ပေ။ လက်တွေ့၌ ထိုအချိန်တုန်းက သူမသည် တကယ် မျက်စိကန်းနေသည်ဟုသာ တွေးနေမိသည်။

“ချင်ဇစ်ရွှယ်၊ ဒီနေ့ ရှင့်ရဲ့အဆင့်အတန်းက အားလုံး ကျွန်မရဲ့ရှန်းမိသားစုရဲ့ကြွယ်ဝမှုတွေကြောင့်ပဲ။ ရှင် အဲဒီနေရာမှာ ရပ်ပြီးတော့ ပြောရဲလား။ ကျွန်မမှာရှိတာတွေက ကျွန်မ ရှင့်ကို မှီခိုနေလို့ ရှိလာတာတွေပါ ဆိုပြီးတော့လေ။ ရှင် ဇောက်ထိုးဖြစ်နေတယ်လို့ မခံစားရဘူးလား”

ရှန်းကျင်က လှောင်ပြောင်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။

“ကျွန်မ ရှင့်ကို ဒီလာဖို့ ခေါ်လိုက်တာက ရှင့်ကို အကြောင်းကြားချင်ရုံပဲ။ ဘယ်နည်းနဲ့မဆို ကျွန်မကတော့ ဒီကွာရှင်းဖို့ကို လုပ်နေမှာပဲ”

“ငါ မင်းနဲ့ အချည်းနှီးစကားတွေ ဆက်မပြောချင်ဘူး၊ ရူးနေတဲ့ မိန်းမ။ ငါ့အမေ ဘယ်မှာလဲ”

ချင်ဇစ်ရွှယ်က သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး သူမက ကွာရှင်းချင်နေသည်အား လုံးဝ မယုံကြည်နိုင်ပေ။ သူသည် အထင်သေးသလိုပင် ခံစားနေရ၏။

“ရှင့်အမေလား။ အာ...ရှင် ဒီနေ့ အချိန်မီရောက်လာတာကို ကျေးဇူးတင်ရမယ်။ တကယ်လို့ ရှင်သာ ရက်နည်းနည်းလောက် နောက်ကျသွားရင် ရှင် သူ့အလောင်းကိုပဲ ပြန်ရလောက်မယ်လို့ ကျွန်မ တွက်မိတယ်”

ရှန်းကျင်က လှောင်ရယ် ရယ်လိုက်သည်။

ထိုကဲ့သို့သော စကားလုံးများကို ကြားသောအခါ ချင်ဇစ်ရွှယ်သည် ဆက်၍ အချိန်ဆွဲမနေဘဲ အပေါ်ထပ်သို့ ကမူးရှူးထိုးပြေးတက်သွား၏။

ရှန်းကျင်ကမူ မလောဘဲ အောက်ထပ်၌သာ စောင့်နေသည်။ ချင်ဇစ်ရွှယ်၏ စိုးရိမ်တကြီးပုံစံကို စောင့်ကြည့်ရင်း သူမ၏ ရင်ထဲ၌ ဝမ်းသာပီတိများ စီးဆင်းနေသည်ကို ခံစားရသည်။

ငတ်ပြတ်နေသော အဖွားအိုကြီးသည် သူမ၏သားကို မြင်သောအခါ မျက်ရည်များ အဆက်မပြတ်ကျဆင်းလာပြီး သူမ၏ ပါးစပ်မှာ ‘ဝူး ဝူး’ ဟူသော ဆူဆူညံညံသံများသာ ဆက်တိုက်ထွက်နေတော့၏။ သူမ၏လည်ချောင်းထဲ၌ ခြောက်ကပ်ပူလောင်ကျွမ်းနေသောကြောင့် စကားတစ်လုံးမှ မပြောပေ။ သို့ရာတွင် ဤအသံမဲ့ စောဒကတက်မှုများက အမှန်တကယ်ပင် ပို၍ အကျိုးသက်ရောက်မှု ရှိစေ၍ ရှန်းကျင်အပေါ် ချင်ဇစ်ရွှယ်၏ မုန်းတီးမှုများကို ပို၍ပင် တိုးလာစေသည်။

အဖွားအိုအတွက် ကံဆိုးသည်မှာ ချင်ဇစ်ရွှယ်က ချမ်းချမ်းသာသာ နေရသည်နှင့် နေသားကျလာပြီဖြစ်ခြင်းပင်။ သူ၏ အမေအရင်း၏ သနားစရာပုံစံကို မြင်လိုက်ရပြီးနောက် သူသည် အမှန်တကယ်ပင် စက်ဆုပ်မှုကို ခံစားနေရသည်။

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများက သူ့အား ရွံရှာစေ၏။ သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်သည်။ ဤကဲ့သို့သော ကိစ္စများကို သူ အဘယ်သို့ လုပ်နိုင်မည်နည်း။

(T/N: သူ့အမေရဲ့အညစ်အကြေးတွေကို ဆေးကြောပေးတာ၊ အစားအသောက် ကျွေးတာ၊ ပြုစုပေးတာတွေကို ပြောတာပါ။)

ထို့ကြောင့် သူမအတွက် ရေတစ်ခွက်ငှဲ့ပေးခဲ့လိုက်ပြီးနောက် ချင်ဇစ်ရွှယ်သည် အောက်ထပ်သို့ နောက်တစ်ခေါက် ပြန်ဆင်းခဲ့သည်။ ထို့နောက် ရှန်းကျင်အား စိုက်ကြည့်လိုက်ပြီး သူ၏ လက်ကို တိုက်ရိုက် မြှောက်လိုက်၏။

လေထုက တောင့်တင်းနေပုံပေါ်သည်။ ရှန်းကျင်၏ မျက်ဆန်များက ချက်ချင်းပင် ကျဥ်းမြောင်းသွားသော်လည်း သူမသည် အခြေအနေအား လက်သင့်ခံနိုင်သည့် တည်ငြိမ််မှုတစ်ခုဖြင့် ရင်ဆိုင်လိုက်၏။ သူက တိုက်ခိုက်မှုများလုပ်နေသရွေ့ သူမသည် ဒဏ်ရာကို သက်သေအဖြစ်ပြရန် လူတစ်ယောက်ကို ချက်ချင်း ရှာလိမ့်မည်ဖြစ်သည်။

သို့သော် အခြေအနေက သူမ တွေးထားသကဲ့သို့ ဖြစ်မသွားပေ။ ရှန်းကျင်ပေါ်သို့ လက်မရောက်မီမှာပင် ကျင်းယွင်ကျောင်းက သူ့ဆီသို့ ပြေးဝင်သွားပြီး လက်ပြန်တစ်ချက် ရိုက်လိုက်သည်။

“မိန်းမတွေကို ရိုက်တဲ့ ယောက်ျားတွေကို အမုန်းဆုံးပဲ”

Chapter 179 : ရှင်က ဒါနဲ့ပဲ တန််တယ်

လွန်ခဲ့သော နှစ်အနည်းငယ်က ချင်ဇစ်ရွှယ်သည် ကြံ့ခိုင်ဖျတ်လတ်၍ ကြင်နာတတ်ပြီး သိမ်မွေ့သော လူငယ်လေးတစ်ယောက်ဟု ခေါ်နိုင်သေးသည်။ သို့သော် သူ၏ဇနီးဖြစ်သူအား အကွက်ချကြံစည်ပြီးသည့်နောက်တွင် သူ၏စည်းနှင့် ကိုယ်ကျင့်တရားများသည် မရှိသလောက်ပင် ဖြစ်လာ၏။ သူသည် သူ့ကိုယ်သူနှင့် သူ၏ကိုယ်ပိုင်အကျိုးအမြတ်ကိုသာ တွေးတတ်သည့် ကြောင်သူတော်တစ်ယောက်၏ လမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းခဲ့သည်။

ကျင်းယွင်ကျောင်းက တိုက်ခိုက်မှုတစ်ခုကို လုပ်လိုက်ကာ သူမ၏ ခွန်အားကလည်း အမျိုးသားတစ်ယောက်ထက် ပိုအားမနည်းခဲ့။ သူမက သူ့အား လွှဲပစ်လိုက်ပြီး လည်သွားအောင် လုပ်လိုက်သည်။

သူသည် ခဏအတွင်းမှာပင် ထုံထုံထိုင်းထိုင်းဖြင့် အပတ်ရေအနည်းငယ်ခန့် လည်သွားခဲ့၏။ နောက်ခဏမှာပင် သူသည် ကျင်းယွင်ကျောင်းအား အရှင်လတ်လတ် ဝါးစားပစ်ချင်နေပုံဖြစ်နေခဲ့သည်။

“မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့လေ”

သူသည် ယခုအခါ စီးပွားရေးလောကထဲ၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးဖြစ်၏။ သူသည် သူ၏ စမှတ်များက အခြားသူများထက် မြင့်သောကြောင့် အလုပ်များ၍ သူ၏ နေ့ရက်များကို အကြံအစည်ရှိရှိဖြင့် ကုန်ဆုံးရသည်။ သူ၏ စီးပွားရေးလုပ်ငန်းမှာ သေးငယ်သောကြောင့် သူသည် အရေးပါသောသူများထဲမှ တစ်ယောက်ဟု မယူဆနိုင်သော်လည်း အနည်းငယ် ထင်ရှားသော စွန့်ဦးတီထွင်သူတစ်ယောက်ဟူ၍တော့ ယူဆနိုင်သေး၏။ လူများက သူ့ကို မြင်သောအခါ သူတို့အားလုံးသည် လေးစားသော သဘောထားရှိကြသည်။

သို့ရာတွင် ကံဆိုးမှုများက ဤရက်များအတွင်း တစ်ရက်ပြီးတစ်ရက် စုပုံလာခဲ့ပုံပေါ်၏။

ရုတ်တရက် သူ၏ စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများသည် ၎င်း၏ လုပ်ငန်းစဥ်များ ရှေ့မဆက်နိုင်တော့သည့်အထိ ပြဿနာတစ်ခု ရုတ်တရက် ရှိလာခဲ့သည်ကို ဉာဏ်မမှီနိုင်အောင်ပင်။ ရင်းနှီးမြှုပ်နှံသူများသည် အမြဲတမ်း အားကြီးသူကို အထင်ကြီး၍ အားနည်းသူကို နင်းခြေတတ်သူများ ဖြစ်ကြသည်။ သူတို့သည် သူ့၌ ပြဿနာများတက်နေသည်ကို မြင်သောအခါ သူတို့၏ ရင်းနှီးမြှုပ်နှံငွေများကို ပြန်ထုတ်နိုင်သည့်သူများက ထုတ်သွားကြ၏။ သူ၏ ဖုန်းခေါ်ဆိုမှုများကို ငြင်းပယ်ကြသည့် သူများပင် ရှိသေးသည်။

အရာအားလုံးက လျင်မြန်လွန်းစွာ ဖြစ်ပျက်သွားရာ သူသည် တစ်စုံတစ်ယောက်အား အပြစ်ပြုမိခဲ့သလားဟုပင် သံသယဝင်လာခဲ့၏။

“မင်းက ဒီခြံထဲမှာ နေတာလား။ မင်းရဲ့မိဘတွေက ဘယ်သူတွေလဲ။ သူတို့ မင်းလိုမျိုး အသိတရား မည်မည်ရရမရှိတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုများ ပြုစုပျိုးထောင်ပေးခဲ့လဲ”

ချင်ဇစ်ရွှယ်က ရုတ်တရက် ဒေါသထွက်လာသည်။

ရှန်းကျင်သည် နားထောင်နေရင်း သူမသည် ကျင်းယွင်ကျောင်းက စကားပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ သူမ၏ နောက်ရှိ မိန်းကလေးငယ်လေးအား သူမကိုယ်တိုင်ပင် ကာကွယ်ပေးလိုက်တော့သည်။

“ရှင် သူ့ကို ပြဿနာရှာစရာ မလိုဘူး။ ရှင်က အရိုက်ခံရတာနဲ့ပဲ တန်တယ်”

“မင်း ဘာလို့ ရုတ်တရက် အများကြီး ပြောင်းလဲသွားတာလဲလို့ ငါတွေးနေတာ။ ဒီကောင်မလေးရဲ့မိဘတွေက မင်းကို သွေးထိုးထားတာကြောင့်ကိုး။ အခြားသူတွေက သူတို့ထက်ပိုပြီး ချမ်းချမ်းသာသာ နေရတာကို မရှုစိမ့်နိုင်တဲ့လူတွေက အမြဲတမ်းရှိတာပဲ။ ကိုယ့်အလုပ်မဟုတ်ဘဲ ဝင်လျှာရှည်တဲ့သူတွေ။ ရှန်းကျင်၊ ငါ မင်းကို သတိပေးလိုက်မယ်။ ငါ ဒီတစ်ကြိမ် ကိစ္စကို ခွင့်လွှတ်ပေးနိုင်တယ်။ ဒါပေမယ့် မင်း ဒီကောင်မလေးကို ထွက်သွားခိုင်းလိုက်တာက ပိုကောင်းလိမ့်မယ်။ အဲဒီထက်ပိုပြီးတော့ ကောင်းတာကတော့ ပြီးရင် အထဲကို ပြန်ဝင်ပြီး ငါ့အမေကို ချက်ချင်း သန့်ရှင်းရေးလုပ်ပေးလိုက်။ ငါ မင်းကို ငါ့အမေအတွက် ဟွားနင်ခရိုင်ကို ပြန်ခွင့်ပြုထားတာ။ မင်းက သိပ်ကိုကြီးကျယ်နေတယ်ပေါ့။ သူ့ကို တကယ်ကြီး ဒီအခြေအနေထိရောက်အောင် အနိုင်ကျင့်ထားတယ်”

ချင်ဇစ်ရွှယ်က ကိုယ့်ဖို့ကိုယ်သာကြည့်၍ ဆက်ပြောလာ၏။

ရှန်းကျင်က တုံ့ဆိုင်းနေသည့် ခံစားချက်မရှိပေ။ သူမသည် သူ၏ တောင်းဆိုချက်များကို ကြားသောအခါ သူ့အား လျစ်လျူသာရှုလိုက်၍ ထွက်သွားရန်အတွက် နောက်လှည့်လိုက်သည်။

အနိုင်ကျင့်တယ်လား။ သူမသည် ဤကုန်လွန်ခဲ့သော နှစ်များတွင် ခံစားခဲ့ရသော ညှင်းပန်းနှိပ်စက်မှုများနှင့် နောက်ဆုံး၌ ဘယ်သူကများ ဘယ်သူ့ကို အနိုင့်ကျင့်နေသနည်း။

သူမသည် ထန်မိသားစုနှင့် ကျင်းယွင်ကျောင်းကို ဒုက္ခမပေးချင်သောကြောင့်သာ မဟုတ်ပါက သူမ ခွန်အားရှိသလောက်ဖြင့် ရန်ပွဲတစ်ခုကို ဖန်တီးမိမည်မှာ အသေအချာပင်။ သူမသည် သူ့အား အတိတ်က သူ၏ လုပ်ရပ်များကို နောင်တရစေပြီး သူမ၏ ရှန်းမိသားစုမှ အခွင့်ကောင်းယူပြီးနောက်တွင် သူသည် အရာအားလုံးကို တစ်ပုံတည်းပြန်ပေးရမည်ဆိုသည်အားလည်း နားလည်သွားစေမည်။

ရှန်းကျင်သည် ခေါင်းကိုမော့၍ ရင်ကိုကော့လိုက်ပြီး သူမ၏ အကြည့်များက မယိမ်းမယိုင် ခိုင်ခိုင်မတ်မတ်ရှိနေသည်။

အစောပိုင်းကပင် အကြီးအကဲ ထန် ပို့လိုက်သည့်လူများနှင့် သူမ ဖုန်းခေါ်ဆိုထားပြီး ဖြစ်၏။ ယခု သူမ ခြံဝန်းထဲမှ ထွက်သွားသည်နှင့် ချင်ဇစ်ရွှယ်သည် သူမအား ဘယ်တော့မှ ထပ်မံ၍ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။

ရှန်းကျင်၏ ဒေါသသည် အမှန်တကယ် ကြီးလွန်းလိမ့်မည်ဟု ချင်ဇစ်ရွှယ် တစ်ခါမှ မတွေးခဲ့ဖူးခဲ့။ စိတ်တိုလာသောအခိုက်တွင် သူသည် ဆေးရုံ၌ နေရာချထားသော သူ၏လူများကို အမောတကော ဆက်သွယ်လိုက်ပြီး သူမအား ခြိမ်းခြောက်ရန်အတွက် အမေရှန်းကို သုံးရန် အစီအစဥ်ဆွဲလိုက်သည်။

သို့ရာတွင် သူ မမျှော်လင့်ထားသည်မှာ ဖုန်းခေါ်နေသောအချိန်မှာပင် တစ်စုံတစ်ယောက်က အမေရှန်းအား ရွေ့သွားပြီးဖြစ်သည်ဟု ထိုနေရာရှိလူများက ပြောလာခြင်းပင်။ ချင်ဇစ်ရွှယ်သည် ချက်ချင်းပင် ချောင်ပိတ်မိကာ ကြောင်အသွားသည်။ ရှန်းမိသားစု၌ ဆွေမျိုးသားချင်းများ မရှိပေ၊ ဒါဆို ဒါ ဘယ်သူလုပ်တာလဲ။ ရှန်းကျင်များလား။ သို့သော် သူမသည် ဟွားနင်ခရိုင်၌သာ အမြဲတမ်းရှိနေခဲ့ပြီး သူမတွင် ပိုက်ဆံများများစားစားလည်း မရှိရာ ထိုသို့လုပ်နိုင်စွမ်းကို သူမ ဘယ်က ရသနည်း။

ထို့အပြင် သူသည် ဤရက်များ၌ မည်သည့်ကိစ္စကိုမှ လုံးဝ မကြားမိခဲ့ပေ။

သူသည် ငတုံးတစ်ယောက် မဟုတ်ရာ နောက်ပိုင်း၌ သူခံစားခဲ့ရသော ဆုတ်ယုတ်မှုများကို ပြန်တွေးကြည့်လိုက်ရင်း သူ၏ နှလုံးသားထဲ၌ ထိတ်လန့်တုန်လှုပ်သွားသည်။

ရှန်းကျင်က သူ အပြစ်မပြုနိုင်သည့် တစ်စုံတစ်ယောက်နှင့်များ သိနေခြင်းလား။

သို့သော် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော်လည်း သူသည် ရှန်းကျင်အတွက် ထုတ်ဖော်ပြောဆိုရပ်တည်ပေးသည့်သူတစ်ယောက်မှ မမြင်ဖူးခဲ့ပေ။ သူတို့သည် အဘယ်ကြောင့် သူတို့ကိုယ်တိုင် ရုတ်တရက် လူလုံးထွက်ပြသနည်း။

ချင်ဇစ်ရွှယ် သည် သူမ၏ နောက်သို့ ကတိုက်ကရိုက် လိုက်သွားသော်လည်း ခြံပေါက်ဝသို့ ရောက်ပြီးနောက် ရှန်းကျင်သည် ကားတစ်စီးပေါ်သို့ တက်သွားသည်အား မြင်လိုက်ရသည်။ သူသည် လက်ရှိ၌ မှန်ချထားသော ကားပြတင်းပေါက်မှတစ်ဆင့် ဒရိုင်ဘာအပြင် လူငယ်လေးတစ်ယောက်သာ ရှိသည်ကို ခပ်ဝါးဝါး မြင်လိုက်ရ၏။

သို့ရာတွင် ထိုကားသည် အကန့်အသတ်နှင့် ထုတ်ထားသော ဇိမ်ခံကားတစ်စီးဖြစ်ပြီး ယွမ်သန်းရာပေါင်းများစွာထက် ပို၍တန်သည်။ သာမန်မိသားစုမှ လူတစ်ယောက်က ၎င်းကို အဘယ် တတ်နိုင်မည်နည်း။

အမှန်တကယ်ပင် ယခုအချိန်တွင် ကားထဲ၌ ထိုင်နေသူမှာ ထန်ကျစ်ဟွား ဖြစ်၏။

Chapter 180 : အပေးအယူ

ကျင်းယွင်ကျောင်းသည် အဖိုးထန်က သူ့ အဖိုးတန်မြေးအား ကိုယ်တိုင်လွှတ်၍ လာခေါ်စေသည်အထိ ရှန်းကျင်အား တန်ဖိုးထားမှန်း မမျှော်လင့်ထားခဲ့ပေ။

ထန်ကျစ်ဟွားသည် ဒရိုင်ဘာ ဘေးခုံ၌ ထိုင်နေပြီး နောက်ကြည့်မှန်မှတစ်ဆင့် ကျင်းယွင်ကျောင်းအား ကြည့်နေသည်။ နွေရာသီသည် သူမအား အကျိုးသက်ရောက်မှုရှိပုံမရဘဲ သူမ၏ အသားအရောင်က ဖြူဖွေးနူးညံ့နေကာ ဤသည်းမခံနိုင်လောက်စရာ နေအပူရှိန်အောက်၌ ၎င်း၏ အေးမြနေသောပုံစံက လူများအား အနည်းငယ် စိတ်အေးငြိမ်းသွားစေနိုင်ပေသည်။

“အန်တီရှန်း၊ အဖိုးက အန်တီ့ကို ကွာရှင်းဖို့အတွက် ကူညီပေးပါလိမ့်မယ်။ အဲဒီအချိန်မှသာ အန်တီက ရှေ့ထွက်လာဖို့ လိုပါတယ်”

ထန်ကျစ်ဟွားက အားနည်းနေသော အသံဖြင့်ပြောလိုက်သည်။

ယခုအချိန်တွင် သူ၏ အသားအရေမှာ ပုံမှန်လူများနှင့် တူညီလုနီးပါးရှိသော်လည်း တကယ်တမ်းတွင် သူ၏ အခြေခံမှာ သိပ်မကောင်းပေ၊ ထို့ကြောင့် သူမက သူ့ကို ဆက်၍ ကုသပေးနေရခြင်း ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်”

ရှန်းကျင်က ပျာပျာသလဲ ပြန်ဖြေလိုက်၏။

သူမသည် ဤအချိန်၌ စိတ်စောလွန်းနေပြီး ဥက္ကဌထန်က သူမကို အမှန်တကယ် ကူညီပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ စင်စစ် သူမ၏ အဖေသည် သူနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော်လည်း နှစ်ပေါင်းများစွာ ကြာညောင်းသွားခဲ့ပြီဖြစ်သည်။

“အန်တီက ယဥ်ကျေးလွန်းနေပါပြီ။ အဖိုးက အန်တီ ကျေးဇူးတင်သင့်တဲ့သူက ကျင်းယွင်ကျောင်းလို့ ပြောလိုက်ပါတယ်။ သူ့ကြောင့်သာ မဟုတ်ရင် အန်တီ ဟွားနင်ခရိုင်မှာ ဒုက္ခအကြီးအကျယ်ရောက်နေတာကို ထန်မိသားစုက သိမှာမဟုတ်ဘူး။ ဒါနဲ့ စကားမစပ်၊ အဖိုးက ကျွန်တော့်ကို အန်တီ့အတွက် အိမ်တစ်လုံး ဝယ်ပေးဖို့ မှာလိုက်တယ်။ လောလောဆယ်တော့ အန်တီ အဲ့မှာပဲ နေလိုက်ပါဦး။ တကယ်လို့ အန်တီ နင်းမြို့တော်ကို ပြန်သွားချင်တယ်ဆိုရင် အန်တီ သူ့ကို ပြောလို့ရပါတယ်။ သူက အဲဒီအတွက် နေရာတစ်ခု ထပ်ရွေးပေးလိမ့်မယ်”

ထန်ကျစ်ဟွားက အတိုးအလျှော့ ချဥ်းကပ်နည်းကို သိနေ၍ သူစကားပြောသည့်အခါ အရွယ်ရောက်သူတစ်ယောက်ဟု ထင်ရစေသည်။

ကျင်းယွင်ကျောင်းက ထန်ကျစ်ဟွား၏ အနည်းငယ် တောင့်တင်းနေသော အမူအယာကို တစ်ခါမှ သတိမပြုမိချေ။

မကြာသေးမီက သူ့ အဖိုးဖြစ်သူသည် သူ့ ကျန်းမားရေးက ပိုမိုကောင်းမွန်လာကြောင်းကို သတိထားမိ၍ သူ့ ရှေ့တွင် ကျင်းယွင်ကျောင်းကို ဆက်တိုက် ချီးမွှမ်းခန်းဖွင့်နေခဲ့သည်။ ၎င်းက သူ ကျင်းယွင်ကျောင်းကို မြင်သည့်အခါတိုင်း စတင်၍ လေးစားလာစေပြီး တစ်ချိန်တည်းမှာပင် သူ ပို၍ ရင့်ကျက်သင့်သည်ဟု ခံစားမိလာစေ၏။

ထို့ကြောင့် စကားပြောပြီးသည့်အခါတွင် ထန်ကျစ်ဟွားသည် အခွင့်ကောင်း ယူ၍ သူမကို ဂရုတစိုက်ကြည့်လိုက်ရာ ကျင်းယွင်ကျောင်းက ကားပြတင်းပေါက် အပြင်သို့ ငေးနေသည်အား မြင်မှ စိတ်သက်သာရာ ရသွားတော့သည်။

သူမထံ၌ အချိန်အတော်ကြာ ကုသမှုခံယူပြီးသည့်နောက် သူသည် သူမ၏ လေးနက်သော အမူအယာကို မကြာခဏ မြင်ခဲ့ရ၏။ ၎င်းက သူ သူမကို မြင်သည့်အခါတိုင်း သူ့ မိဘများနှင့် မျက်နှာချင်းဆိုင်နေရသကဲ့သို့ အမြဲတမ်း ခံစားရစေသည်။ သို့သော် ကျင်းယွင်ကျောင်းက သူနှင့် သက်တူရွယ်တူမှန်း အသိအသာပင်၊ ဤသည်မှာ ထူးဆန်းလွန်းလှ၏။

ထန်ကျစ်ဟွားသည် ရှန်းကျင်အား ပြန်လည်နေရာချထားပေးရန်အတွက် ပြီးပြည့်စုံစွာ တည်ဆောက်ပြီးထားသည့် အိမ်တစ်လုံးဆီသို့ လိုက်ပို့ပေးခဲ့သည်။

တစ်ဖက်တွင် ချင်ဇစ်ရွှယ်သည် အခက်အခဲများစွာနှင့် ကြုံနေရ၏။

ရှန်းကျင်က ထွက်ပြေးသွားသောကြောင့် သူ့ အမေကို ကိုင်တွယ်ဖြေရှင်းရာ၌ ကူညီမည့်သူမရှိတော့ပေ။ ချင်ဇစ်ရွှယ်သည် ရွေးခြယ်စရာမရှိတော့သောကြောင့် သူ့ အိမ်နီးချင်းများကို အလောတကြီး အကူအညီတောင်းရသည်။ အခြားသူများက သူ့ မိခင်အရင်းဖြစ်သူအပေါ် ရွံရှာစက်ဆုပ်နေသည့် သဘောထားကို မြင်သောအခါ ဆန္ဒမရှိခဲ့ကြသော်လည်း ချင်ဇစ်ရွှယ်က ငွေစက္ကူအချို့ ထုတ်ပေးလိုက်သည့်နောက်မှသာ သူတို့သည် အဖွားအိုအား သင့်တင့်လျောက်ပတ်စွာ နေရာချထားပေးလိုက်ကြသည်။

သို့သော် သူသည် ပြဿနာကို မည်သို့ တရားဝင် ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။ အဖွာအိုသည် အရာရာတိုင်းတွင် ပြဿနာများ ရှိသည်။ အစားအသောက်၊ အဝတ်အစားနှင့် သွားရေးလာရေး အပါအဝင်ပင်။ ထို့ပြင် သူမ၏ ရောဂါကိုလည်း ကုသပေးရန် လိုသေးသည်။

ဂရုတစိုက် စဥ်းစားဆုံးဖြတ်ပြီးသည့်နောက်တွင် ချင်ဇစ်ရွှယ်သည် အဖွားအိုကို နင်းမြို့တော်သို့ ပြန်ခေါ်လာခဲ့၏။ ဤနေရာ၌ သူ့အား ကိစ္စများစွာကို ကူညီပေးနိုင်မည့် နာနီတစ်ယောက်ရှိသည်။

သို့ရာတွင် လက်တွေ့၌ ခက်ခဲသောအချိန်များက စတင်ရုံသာ ရှိသေး၏။

သုံးရက်ကြာပြီးနောက်တွင် ချင်ဇစ်ရွှယ်သည် ထိတ်လန့်ဖွယ်ရာ အမှန်တရားကို ရှာတွေ့သွားခဲ့၏။

လူတစ်ယောက်က သူ ဘက်ပေါင်းစုံမှ အငြင်းပယ် ခံနေရသည်ကိုမြင်သွားခဲ့ပြီး နောက်ဆုံး၌ သူ့ကို အကြံတစ်ခုပေးရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ပါးစပ် ဖွင့်လိုက်သည်နှင့် ချင်ဇစ်ရွှယ်အား ရှန်းကျင်ကို ပြန်ရအောင်လုပ်ရန် ပြောလာခဲ့၏။

ချင်ဇစ်ရွှယ်သည် အစောပိုင်းကတည်းက ဤကိစ္စသည် ရှန်းကျင်နှင့် ဆက်စပ်နေမည်ဟု ခန့်မှန်းမိခဲ့သော်လည်း သူက ၎င်းကို လက်မခံနိုင်သေးပေ။ သူက ထိုအကြောင်းကို အသေးစိတ်မေးမြန်ခဲ့ပြီး နောက်ဆုံး၌ အစောပိုင်းက ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူ၏ ယောက္ခမသည် အမှန်တကယ်ပင် အကြီးအကဲထန်နှင့် မိတ်ဆွေကောင်းများ ဖြစ်ခဲ့ကြကြောင်း သိလိုက်ရ၏။

ချက်ချင်းပင် ချင်ဇစ်ရွှယ်သည် သူ့ဘဝ ပြီးဆုံးသွားပြီဖြစ်ကြောင်းကို သိလိုက်သည်။

နင်းမြို့တော်ရှိ အရေးပါသူအားလုံးကို တောင်းပန်လျှင်တောင်မှ သူ့ ကုမ္ပဏီ၏ ဒေဝါလီခံရမည့် အဆုံးသတ်ကို ပြောင်းလဲနိုင်မည် မဟုတ်သေးပေ။

သူ ဘာလုပ်သင့်သနည်း။ သူသည် တကယ်ပဲ ရှန်းကျင်ကို သွားရှာရမည်လား။

လူများသည် အပေးအယူကို သိရန်လိုအပ်၏။ သတင်းလက်ခံရရှိသောနေ့တွင် ချင်ဇစ်ရွှယ်သည် ကုမ္ပဏီကို ခေတ္တတာဝန်ပေးခဲ့ရန်အတွက် ကုမ္ပဏီအတွင်းမှ ဂုဏ်သိက္ခာရှိသည့် ဆက်ခံသူတစ်ယောက်ကို ရွေးခြယ်၍ နင်းမြို့တော်မှ အမြန်ထွက်လာခဲ့သည်။ သို့သော် ရှန်းကျင် မည်သည့်နေရာ၌ ရှိကြောင်း သူ မသိပေ။ လုံခြုံရေးများနှင့် အိမ်နီးချင်းများကို အကြိမ်အနည်းငယ် မေးမြန်းပြီးနောက် သူ၏ ဇနီးနှင့်အတူရှိနေသော မိန်းကလေးမှာ သမားတော်တစ်ယောက် ခေါ်လာသည့် မြေးမလေးဖြစ်ကြောင်းကိုသာ သိလိုက်ရ၏။ ထိုသမားတော်သည် ဟွားနင်ခရိုင်အတွင်း၌ အတော်လေး ကျော်ကြားသည်။

ချင်ဇစ်ရွှယ်၏ တုံ့ပြန်မှုမှာ လျင်မြန်၏။ သူသည် သူ၏ အရှက်မဲ့မှုများကို နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့ပြီးဖြစ်သည်။ နောက်တစ်နေ့ မိုးလင်းသည်နှင့် သူသည် ဟွားနင်ခရိုင်ဆေးရုံသို့ တန်းတန်းမတ်မတ် သွားတော့၏။

All Chapters