အခန်း (၁၈၁-၁၈၄)
Vol. 10 Ch. 181-184
Chapter 181 : အသရေဖျက်ခြင်း
ကန်စုန့်ပိုင်သည် ခရိုင်ဆေးရုံ၌ အလွန်ကျော်ကြားသည်။ ချင်ဇစ်ရွှယ်က သူ့ကိုရှာရန်အတွက် လိုက်လံမေးမြန်းခြင်းများလုပ်မည်ဟု ဆုံးဖြတ်ထား၍ စုံစမ်းမှုအနည်းငယ်လုပ်ပြီးနောက် ဆွေးနွေးတိုင်ပင်သည့် ဆရာဝန်ခန်းသို့ သွားရန် လမ်းကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ခဲ့၏။
ဖော်ရွေကြင်နာတတ်ပုံရသော အဖိုးအိုတစ်ဦး၏ ပုံရိပ်ကို မြင်လိုက်ရခြင်းက ချင်ဇစ်ရွှယ်အား စိတ်သက်သာရာရသွားစေပြီး သူ၏ စိတ်ထဲ၌ သူ အနိုင်ရပြီးသားဟုပင် ခပ်ရေးရေး ခံစားလိုက်ရသည်။
ထို့နောက် ချက်ချင်းပင် ရှေ့သို့ တိုးသွားပြီး သူ၏ လက်ကို ယမ်းပြလိုက်ကာ စုံစမ်းကြည့်လိုက်၏။
“မင်္ဂလာပါ။ ခင်ဗျားက သမားတော်ကန်၊ ကန်စုန့်ပိုင်လား”
ကန်စုန်ပိုင်က ကြောင်အ,သွားသည်၊ သို့သော် လွန်ခဲ့သောနှစ်များအတွင်း သူ့ကို လာရှာသည့်လူများစွာရှိသောကြောင့် သူက ဘာကိုမှ သတိမထားမိဘဲ ယဥ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျား ကျုပ်ကို ဘာလို့ ရှာနေတယ်ဆိုတဲ့ အကြောင်းပြချက်လေးများ ရှိလား”
ဤလူသည် တန်းစီ၍ စာရင်းပေးထားသော နံပါတ်မရှိပေ၊ သူ၏ အသားအရေ မကောင်းမွန်လွန်းသော်လည်း သူ့ စိတ်စောနေမှုကို ခံစားမိခြင်းအရ သူသည် ဤနေရာသို့ သမားတော်နှင့်တွေ့ရန် လာခြင်း မဟုတ်သည်မှာ အသိအသာပင်။
ဤအချိန်၌ ဆွေးနွေးခန်းထဲတွင် စောင့်နေသော လူနာအနည်းငယ်သာရှိနေသေးသည်။ ဤအခြေအနေများအောက်တွင် ချင်ဇစ်ရွှယ်သည် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပြီး သူ့ မျက်နှာကလည်း ပိုလေးနက်လာ၏။
“သမားတော်ကန်၊ နောက်ဆုံးတော့ ကျုပ် ခင်ဗျားကို ရှာတွေ့ပြီ။ ခင်ဗျားလိုမျိုး နာမည်ကြီး၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိပြီး လုပ်သက်လည်း ကြာတဲ့ သမားတော်တစ်ယောက်က ဒီလိုကိစ္စမျိုးကို လုပ်လိမ့်မယ်လို့ ကျုပ်တစ်ခါမှ မတွေ့ဖူးဘူး။ ကျုပ်က ခင်ဗျားကို ကျုပ်အမေရဲ့ရောဂါကို ရှာပေးပြီး ဆေးကုပေးဖို့ ပင့်ခဲ့တယ်၊ ဒါပေမယ့် သူ့ရဲ့အခြေအနေကို ကြည့်ရတာ သေဘေးကနေ သီသီလေး ရှောင်နိုင်ခဲ့တာ။ ခင်ဗျား ကျုပ်ကို ရှင်းပြချက်လေးတစ်ခုလောက်များ ပြန်ပေးဖို့ မစဥ်းစားထားဘူးလား”
ထိုစကားလုံးများကြောင့် သူတို့၏ ဘေးရှိ လူနာများစွာသည် ချက်ချင်းပင် ဖြူဖတ်ဖြူလျော်ဖြစ်သွားသည်။
ကန်မိသားစုသည် မျိုးရိုးစဥ်ဆက် ဆေးပညာအမွေကို ဆက်ခံလာပြီး ဟွားနင်ခရိုင်၌ အလွန်ကျော်ကြား၏။ ခရိုင်ဆေးရုံသည် ကန်စုန့်ပိုင်ကို သူတို့၏ ဆေးရုံသို့လာ၍ လူနာများ ကြည့်ပေးရန်ဖိတ်ကြားဖို့အတွက် ငွေပမာဏအမြောက်အမြားကို သုံးထားရပြီး သူ့အား လွတ်လပ်ခွင့်အများကြီးကိုလည်း ပေးထားသည်။ အခြားသမားတော်များနှင့် ယှဥ်ပါက အနည်းဆုံးတော့ ကွာခြားချက်အချို့ ရှိသေး၏။
ထို့အပြင် သူ့ ဂုဏ်သတင်းကလည်း ကြီးမားသောကြောင့် သမားတော်ကန်နှင့် ဆွေးနွေးတိုင်ပင်ချင်သော လူနာအရေအတွက်ကလည်း မရေမတွက်နိုင်အောင်ပင်ဖြစ်၍ အပြင်လူနာဝန်ဆောင်မှု ပေးသည့်အခန်းတစ်ခုလုံးကို ပြည့်သွားစေကာ အထဲသို့ ဝင်ရရန်လည်း ခဲယဥ်းသည်။ သို့သော် ဤကဲ့သို့ဖြစ်လျှင်တောင်မှ ကန်စုန့်ပိုင်သည် ခရိုင်ဆေးရုံတွင် ယဥ်ကျေးမှုအရှိဆုံး ပြည်သူ့အချစ်တော်သမားတော်ကြီး ဖြစ်နေဆဲပင်။
အခြားလူများစွာသည် လူနာ၏ မိသားစုဝင်များက သမားတော်ကန်အား ဂုဏ်ပြုအားပေးမှုများနှင့် ချီးမွှမ်းမှုများပေးကြသည့် မြင်ကွင်းကိုသာ အသားကျနေကြသော်လည်း သူက တစ်စုံတစ်ယောက်အား သေလုနီးပါးဖြစ်စေခဲ့သည်ဟု လူတစ်ယောက်က ပြောနေသည်ကို မြင်ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်နေသေးသည်။
“ခင်ဗျား ဘာပြောတာလဲ။ စွပ်စွဲချက်အမှားတွေနဲ့ အသရေဖျက်တာတွေက ဥပဒေကို ဆန့်ကျင်နေတာနော်”
အနီးရှိ ငယ်ရွယ်သော သမားတော်လေးတစ်ယောက်က ချက်ချင်းပင် ကာကွယ်လိုက်၏။
“ကျုပ် ပေါက်ကရပြောနေတာ မဟုတ်ဘူး။ သမားတော်ကန်၊ ခင်ဗျားလိုမျိုး လေးစားစရာလူတစ်ယောက်က ကျုပ်အမေကို တွေ့ဖူးပြီး ဆေးကုပေးခဲ့ဖူးတာကိုတော့ ခင်ဗျား မငြင်းနိုင်တာ သေချာတယ် မဟုတ်လား။ ကျုပ်က ချင်ဇစ်ရွှယ်ပဲ၊ ရှန်းကျင်က ကျုပ်မိန်းမ။ ကျုပ်တို့ခြံထဲမှာ ရှိတဲ့လူတိုင်း ခင်ဗျား ကျုပ်အိမ်ကို နေ့တိုင်းနီးပါးလာတယ်ဆိုတာ သိကြတယ်။ ခင်ဗျား ဒီအဆိုကိုတော့ မငြင်းနိုင်ဘူး”
ချင်ဇစ်ရွှယ်၏ စကားလုံးများက အစီအစဥ်ကျ၍ ရှင်းလင်း၏။ သူသည် ပြဿနာရှာရန်အတွက် ဤနေရာ၌ ရှိနေသည်ဆိုလျှင်တောင်မှ အလောတကြီးဖြစ်မနေဘဲ တဇောက်ကန်းလည်း ဖြစ်မနေပေ။ တကယ်တမ်း၌ ဤကဲ့သို့သော ပုံစံက လူများအား သူသည် ကျိုးကြောင်းဆီလျော်မှုရှိသောသူ ဟူသည့် ပုံရိပ်ကို ပေးနေသည်။ သန့်ရှင်းသပ်ရပ်နေသော အနောက်တိုင်းဝတ်စုံနှင့် သူ၏ ခံ့ညားထင်ရှားသော ပုံပန်းသွင်ပြင်ကိုပါ ထည့်ပေါင်းလိုက်ပါက လူများကို သူ့အား ပို၍ပင် လွယ်လွယ်ကူကူနှင့် ယုံကြည်လာစေ၏။
ကန်စု့န်ပိုင်က သူ့ရှေ့ရှိ ဤယောက်ျားသည် အမှန်တကယ် ရှန်းကျင်၏ အမျိုးသား၊ ချင်ဇစ်ရွှယ် ဖြစ်နေလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။ သို့ရာတွင် သူ၏ လုပ်ရပ်အစဥ်လိုက်ကို မြင်ရ၍ ယခင်က ရှန်းကျင် သူ့အား ပြောပြခဲ့သည်များကို ပြန်စဥ်းစားမိရင်း ဤယောက်ျားအပေါ်၌ သူ၏ အမြင်သည် မျက်စိတစ်မှိတ်စာအတွင်းမှာပင် ချောက်ထဲသို့ ထိုးကျသွား၏။
မူလက သူသည် သူ၏ လူနာများထဲမှ တစ်ယောက်ယောက် အမှန်တကယ်ပင် တစ်ခုခုဖြစ်၍ဟု ထင်ခဲ့သော်လည်း ယခုအချိန်၌မူ သူသည် ဤလူအား အပြင်ဘက်သို့ ဆွဲထုတ်ပစ်ချင်သွားမိသည်။
“ကျုပ် တကယ်ပဲ အရင်တုန်းက ခင်ဗျားရဲ့အမေကို ဆေးကုပေးခဲ့တယ်။ ပြီးတော့ သူ့ကို ဆေးညွှန်းပေးခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့အမေက ဒီသမားတော်ရဲ့အကြံဥာဏ်ကို ဘယ်တုန်းကမှ စိတ်ပါလက်ပါ မလိုက်နာခဲ့ဘူး။ ပြီးတော့ ဆေးလည်း အချိန်မှန်မသောက်ဘူး။ ဒါ့အပြင် သူ့ကို ဆေးကုပေးခဲ့တဲ့ ကိစ္စကလည်း လွန်ခဲ့တဲ့ရက်ပေါင်းများစွာတုန်းက ဖြစ်ခဲ့တာတွေပါ။ အဲဒီနေ့က သူ့ကို ကျုပ် ဆေးဆက်ကုပေးဖို့ ငြင်းတယ်ဆိုတဲ့ အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီးတော့ ဆေးကုခတွေကိုလည်း အကုန်ပြန်ပေးပြီးပြီ။ အဲဒါတွေအပြင် ခင်ဗျားအမေရဲ့ရောဂါက သူ့ရဲ့တင်ပါးမှာပါ။ ဒါက သူ့ရဲ့အသက်အန္တရာယ်ကို လုံးဝမခြိမ်းခြောက်နိုင်ဘူး”
ကန်စုန့်ပိုင်က ရှင်းပြနေရင်း အော်ဟစ်လိုက်၏။
သူသည် ဤလူကဲ့သို့ အရေထူသောလူများစွာကို အမှန်ပင် မမြင်ဖူးခဲ့ချေ။ ရှန်းကျင်ဆိုသော ကလေးမသည် အတိတ်တုန်းက ဤကဲ့သို့သောလူမျိုး သဘောကျသွားခြင်းမှာ အမှန်တကယ်ပင် မျက်စိကန်းနေ၍ဖြစ်လိမ့်မည်။
ယနေ့ သူ၏ လုပ်ရပ်များကို မြင်လိုက်ရသောအခါ ကန်စုန့်ပိုင်သည် ဤလူ့အရေခြုံထားသော သားရဲကောင်က ရှန်းကျင်အား ပြုမူဆက်ဆံခဲ့သည်အား စိတ်ကူးကြည့်နိုင်သွား၏။ သူသည် ဇနီးဖြစ်သူကို အမြတ်ထုတ်ရန်အတွက်ပင် အများကြီးလုပ်ခဲ့ရာ သူ့၌ မည်သည့်ကိုယ်ကျင့်တရားမျိုး ကျန်ရှိနေသေးသနည်း။
စင်စစ် ကန်စုန့်ပိုင်တွင် နာမည်ကောင်းအချို့ ကျန်ရှိနေသေးသည်။ သူ ရှင်းပြပြီးသည့်နောက်တွင် သူ၏ လုပ်ကိုင်ဖော်ဖက် မိတ်ဆွေများက နားလည်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ချင်ဇစ်ရွှယ်သည် ယနေ့ ဤနေရာသို့ နည်းလမ်းမျိုးစုံဖြင့် ပြဿနာရှာရန်အတွက် လာခဲ့ခြင်းဖြစ်သည်။ အခြားသူများက အမှန်တရားကို မသိသောကြောင့် ၎င်းက သူတို့အတွက် ကြားဖြတ်ဝင်စွက်ဖက်ရန် မသင့်တော်ပေ။
မည်သို့ပင်ဆိုစေကာမူ သမားတော်များနှင့် သူနာပြုများသည် ကန်စုန့်ပိုင်၏ စရိုက်နှင့် ရင်းနှီးနေကြသော်လည်း လူနာများအတွက်မှာမူ မတူပေ။ သူတို့သည် ချင်ဇစ်ရွှယ်၏ စွပ်စွဲမှုများကို ကြားသောအခါ သူတို့၏ ရင်ထဲ၌ ကြောက်စိတ် အနည်းနှင့်အများ ခိုအောင်းလာ၍ ဆောက်တည်ရာမရ ဖြစ်ကုန်ကြသည်။ သမားတော်ကြီးက ရှင်းပြရန်အတွက် ရှေ့ထွက်လာသော်လည်း သူတို့သည် မသက်မသာ ခံစားနေရဆဲပင်။
Chapter 182 : အခြားသူ၏ ဇနီးမယားကို ပြန်ပေးဆွဲခြင်း
လက်ရှိတွင် ချင်ဇစ်ရွှယ်အတွက် လျှောက်ရန်မှာ ဤလမ်းသာ ကျန်တော့သည်။ သူသည် ဘာမဆိုလုပ်ရန် အသင့်ဖြစ်နေသော ချောင်ပိတ်မိနေသည့် သားရဲကောင်တစ်ကောင် ဖြစ်နေပြီးသားပင်။
မည်သို့ပင်ဖြစ်စေ သူသည် ဤမျှဝေးဝေး သွားခဲ့ပြီးဖြစ်၍ သူ၏ ဇာတ်ညွှန်းကိုပါ ပြင်ဆင်ထားပြီးဖြစ်၏။ သူသည် အဖိုးအို၏ စကားတစ်ခွန်းကြောင့်ဖြင့် အဘယ်သို့ လမ်းချော်သွားရမမည်နည်း။
“သမားတော်ကန်၊ ကျုပ် ခင်ဗျားကို လေးစားပါတယ်။ ဒါပေမယ့် ခင်ဗျား ညွှန်းခဲ့တဲ့ဆေးက တစ်ခုခုမှားနေတယ်ဆိုတာ အသိအသာကြီးပါ။ ဘယ်လိုများ ခင်ဗျားက ကျုပ်ရဲ့အမေအပေါ်ကို အပြစ်ပုံချနိုင်ရတာလဲ။ သေချာတယ်၊ သူ့ရဲ့ဒေါသ နှစ်ကြိမ်၊ သုံးကြိမ်လောက် ပေါက်ကွဲဖူးလို့ ဖြစ်ရမယ်။ ဒါပေမယ့် ဒါကလည်း သူရောဂါ တက်ပြီးတဲ့နောက်မှာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက မခံမရပ်နိုင်အောင် စပြီးတော့ ယား,လာတာကြောင့်ပါ။ ဒါပေမယ့် ခင်ဗျားက ဟစ်ပိုကရေးတီးကျမ်းသစ္စာအရ ခင်ဗျားရဲ့တာဝန်ကို ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့ရုံတင်မကဘူး။ ခင်ဗျားက ကျုပ်မိန်းမ၊ ကျုပ်အမေနဲ့ ပတ်သတ်ပြီးတော့ စိတ်မပါတစ်ပါးဖြစ်လာအောင် လှည့်ဖြားဖို့လည်း ထက်မြက်တဲ့ စကားလုံးတွေကို သုံးခဲ့သေးတယ်။ ဆိုဖာပေါ်မှာ ရက်နည်းနည်းကြာအောင် ပစ်ထားပြီးတော့ သူ့ကို အစာငတ်ပြီး သေလုနီးပါးဖြစ်အောင် လုပ်ခဲ့ရုံတင်မကဘူး။ သူ့ရဲ့ကျန်းမာရေးကိုလည်း ဆိုးလာစေသေးတယ်။ ခင်ဗျားရဲ့ ဂုဏ်သိက္ခာကြောင့် အဖြစ်အပျက်တွေကို စာရင်းရှင်းဖို့ ကျုပ် ခင်ဗျားကို လာမရှာခဲ့ဘူး။ ဒါပေမယ့် ခင်ဗျားက ကျုပ်မိန်းမကို ပြန်ပေးဆွဲရဲတယ်လား။ ဒီကိစ္စကိုတော့ ကျုပ်သည်းမခံနိုင်ဘူး။ ခင်ဗျား ကျုပ်ကို ဒီနေ့ ဖြေရှင်းချက်တစ်ခုမပေးရင် ခင်ဗျားရဲ့မကောင်းတဲ့ လုပ်ရပ်တွေကို တစ်လောကလုံး သိအောင်လုပ်ပြီး ပြဿနာ ဖန်တီးမှ ကျုပ်ကို အပြစ်မတင်နဲ့”
(T/N : ဟစ်ပိုကရေးတီးကျမ်းသစ္စာ ဆိုတာ ဆရာဝန်တွေ၊ သမားတော်တွေ ဘွဲ့ယူတဲ့အချိန်မှာ ကျိန်ဆိုရတဲ့ ကျမ်းသစ္စာရဲ့ နာမည်ပါ။)
ချင်ဇစ်ရွှယ်က သူ၏ အစောပိုင်းကတည်းက ပြင်ဆင်လာသောစကားများကို ပြောပြီးနောက် ပတ်ဝန်းကျင်ရှိလူများအားလုံးသည် အံ့သြထိတ်လန့်ကုန်၍ လုံးဝ မယုံကြည်နိုင်ဖြစ်သွားကြ၏။
သမားတော်ကန်က သူ့ရဲ့ဇနီးကို ပြန်ပေးဆွဲတယ်လား။ ဒါက ဘယ်လို ပြက်လုံးမျိုးလဲ။
ဤသမားတော်ကန်သည် အလွန်အသက်ကြီးနေပြီဖြစ်ရာ သူက ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်သည်ဆိုသည်မှာ ဖြစ်နိုင်ပါ့မလား။ ထို့အပြင် အစပိုင်းကတည်းက မည်သည့်လူနာမျိုးပင် ဖြစ်စေ သမားတော်က သူတို့အား အမြဲတမ်း ဂရုစိုက်ပေးသည်။သူသည် ဘယ်တော့မှ လူနာကို လျစ်လျူရှု၍ လူတစ်ယောက်ကို လှည့်ဖြားမည့်သူမျိုး မဟုတ်ပေ။
ကံဆိုးချင်၍ ချင်ဇစ်ရွှယ်သည် တရားနည်းလမ်းတကျ ပြောနေခြင်းဖြစ်သည်။ သူ၏ တိတ်တဆိတ် တောင့်ခံနေရသော ဒေါသများကို သူ၏ မျက်နှာပေါ်၌ ပြည့်ပြည့်စုံစုံပြသထား၍ လူများအား သူ၏ပြောဆိုချက်များကို မယုံဘဲ မနေနိုင်အောင် ဖြစ်စေ၏။
ကန်စုန့်ပိုင်သည် သူ၏ စကားလုံးများကို ကြားလိုက်ရသောအခါ သူ၏ ရင်အုပ်သည် ဒေါသများကြောင့် အလျင်အမြန်ပင် တက်လိုက်ကျလိုက် ဖြစ်လာပြီး သူ့အား မူးမေ့သွားစေလုနီးပါးပင်။
သူ၏ ဘဝတစ်လျှောက်လုံးတွင် သူနှင့် ပတ်သတ်၍ လူများက လေးလေးစားစားသာ ပြောခဲ့ကြသည်။ ဤသည်မှာ လူတစ်ယောက်က သူ့အား လူများစွာ၏ ရှေ့မှောက်တွင် သူသည် သူ့ သမားတော်တာဝန်များကို မကျေပွန်ံဟု စွပ်စွဲသည့် ပထမဆုံးအကြိမ်လည်း ဖြစ်၏။
“မင်း၊ မင်း...ဆန်ကုန်မြေလေးကောင်၊ ငါ့ရှေ့ကနေ ထွက်သွား”
ဒေါသတရားများ၏ လွှမ်းမိုးမှုအောက်တွင် ကန်စုန့်ပိုင်သည် စားပွဲရှိ ပစ္စည်များကို တိုက်ရိုက်ပင် ဆွဲယူလိုက်၍ လွှင့်ပစ်လိုက်သည်။ အိုမင်းနေသော မျက်နှာက စိုးရိမ်ဖွယ်ကောင်းလောက်အောင်ပင် တင်းမာနေပြီး သူသည် လေးလေးပင်ပင်ဖြင့် အဆက်မပြတ် အသက်ရှုနေကာ ဤကဲ့သို့သော အသရေဖျက်ခြင်းမျိုးကို လုံးလုံးလျားလျား လက်မခံနိုင်ဖြစ်နေ၏။
သို့ရာတွင် သူသည် ဆေးပညာကို လေ့လာထားသူတစ်ယောက် ဖြစ်နေသေး၍ လူများနှင့် ဆက်ဆံရသည်ကိုလည်း မနှစ်သက်ပေ။ ထို့ကြောင့် သူ၏ စကားပြောစွမ်းရည်သည် စီးပွားရေးလောကထဲ၌ နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားခဲ့သော ချင်ဇစ်ရွှယ်နှင့် မယှဥ်နိုင်သည်မှာ သဘာဝပင်။ “ဆန်ကုန်မြေလေး” ဟူသော စကားလုံးဖြင့် အရာအားလုံးသည် လေစုန်၌ ပါသွား၏။
ချင်ဇစ်ရွှယ်သည် စိတ်ထဲ၌ ကြိတ်၍ ပျော်ရွှင်နေသည်။
သူသည် ရှန်းကျင်က များသောအားဖြင့် အပြင်လူများစွာနှင့် တွေ့ရန် လုံးဝအခွင့်အရေးမရှိဟု သူ့အမေထံမှ ကြားခဲ့ရ၏။ သူမ၏ အသိုက်အဝန်း၌ အိမ်နီးချင်းများသာ အများဆုံး ပါဝင်သည်။ ဤသည်မှလွဲ၍ နောက်ပိုင်း၌ သူမ ပတ်သတ်ခဲ့သည့်သူမှာ ဤအဖိုးအိုနှင့် သူ၏ မြေးမလေးသာ ဖြစ်သည်။
ထို့အပြင် ထိုနေ့က အဖိုးအိုသည် သူမအား ဆေးကုပေးရန်လာခဲ့၍ ရှန်းကျင်အား အပြင်သို့ခေါ်သွားကာ အချိန်အတော်ကြာ အရည်မရ အဖတ်မရစကားများစွာ ပြောနေခဲ့သည်ဟုလည်း သူ့အမေက ရှင်းရှင်းလင်းလင်း ဆိုခဲ့၏။ သူမသည် ‘အကြီးအကဲထန်’ နှင့် “မိတ်ဆွေကောင်းများ’ ဟူသော သူတို့ပြောနေသည့် စကားလုံးများကိုလည်း ခပ်သဲ့သဲ့ ကြားနိုင်ခဲ့သည်။ ရှန်းကျင်က ပြန်ဝင်လာပြီးနောက် သူမကို စတင်၍ လျစ်လျူရှုခဲ့သည်မှာလည်း ထိုနေ့ပင်ဖြစ်၏။
ထို့ကြောင့် ပြောရမည်ဆိုပါက သူ ဤအခြေအနေသို့ ကျရောက်သွားခဲ့ရသည့် အဓိက အကြောင်းပြချက်သည် အားလုံး ဤအဖိုးအိုနှင့် သူ၏ မြေးမကြောင့်သာ ဖြစ်သည်။
ယခုအချိန်တွင် သူသည် ရှန်းကျင်ရှိသည့်နေရာကို ရှာတွေ့ရန် လိုအပ်၏။ အကယ်၍ သူသာ သာမန်လမ်းစဥ်ကို သုံးပါက အောင်မြင်မည် မဟုတ်သည်မှာ အသေအချာပင်။ ထိုဖြစ်စဥ်အတွင်း၌ ဤအဖိုးအိုကပင် သူ့အား အရှက်ခွဲလိုက်နိုင်ဦးမည်။
ကိစ္စများသည် ထိုသို့အဆုံးသတ်သွားရမည့်အစား ဤလူထူးဆန်းအဖိုးအို၏ ဂုဏ်သိက္ခာကို ကြမ်းပြင်သို့ ဆွဲချပစ်လိုက်ခြင်းက ပို၍လွယ်ကူပေလိမ့်မည်။ ဤအဖိုးအိုသည် သူ့ ကိုယ်ပိုင်လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ရှန်းကျင်၏ တည်နေရာကို ထုတ်ပြောလိမ့်မည်ဟု သူယုံကြည်နေသည်။
ချင်ဇစ်ရွှယ်သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းနှင့် အသေးစိတ်ကြိုတင် အကွက်ချထား၏။ ယခုအချိန်၌ ကန်စုန့်ပိုင် အလွန်ဒေါသထွက်နေသည်ကိုမြင်သောအခါ သူသည် မီးထဲသို့ လောင်စာ ပို၍ပင် ထည့်လိုက်၍ ဆက်ပြောလာသည်။
“သမားတော်ကြီး၊ ခင်ဗျားလည်း အသက်ငယ်တော့တဲ့သူလည်း မဟုတ်တော့ပါဘူး။ ပြီးတော့ အခုလည်း ကလေးတစ်ယောက်၊ နှစ်ယောက် ရှိနေတဲ့ပုံပဲ မဟုတ်လား။ တကယ်လို့ သိက္ခာတွေကို ထပ်ပြီးတော့ ဂရုမစိုက်ဘူးဆိုရင်တောင်မှ ခင်ဗျားရဲ့မိသားစုကတော့ ဂရုစိုက်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်။ ဒါ့အပြင် အရင်တုန်းက ခင်ဗျားမှာလည်း အမေတစ်ယောက်ရှိခဲ့ဖူးတာပဲ။ ကလေးတစ်ယောက်ရဲ့ သူတို့မိဘတွေအပေါ်ကို ကျေပွန်ချင်တဲ့သားသမီးဝတ္တရားဆိုတာကို ခင်ဗျား နားမလည်ဘူးလား။ ခင်ဗျား ကျုပ်အမေကို ကုပေးချင်စိတ်မရှိတာကို ကျုပ်နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျား ကျုပ်ကို ပြောလိုက်ရုံနဲ့ရပါတယ်။ ဘာလို့ ကျုပ်ရဲ့မိန်းမကို ဦးနှောက်ဆေးပြီး သူ့ကို ဒီလိုမျိုးကိစ္စတွေ လုပ်ခိုင်းတာလဲ။ အဆုံးမှာ ဘာမှဖြစ်မသွားတာကို ကျေးဇူးတင်ရမယ်။ မဟုတ်လို့ကတော့ ကျုပ် အမေတစ်ယောက်လုံး ဆုံးရှုံးသွားမှာဗျ။ သူက ကျုပ်ကို ကျွေးမွေးပြုစုဖို့ အလုပ်အရမ်းကြိုးစားပြီး အားစိုက်ထုတ်ခဲ့ရတာ။ တကယ်လို့ သူသာ ဒီအခြေအနေနဲ့ ကွယ်လွန်သွားမယ်ဆိုရင် ကျုပ် ကျန်တဲ့ဘဝသက်တမ်းမှာ ဒါကိုပဲ နောင်တရနေတော့မှာ”
Chapter 183 : အသက်ကြီးပြီး အချိန်မစီး
ချင်ဇစ်ရွှယ်၏ အသံမှာ မကျယ်ပေ။ ပြဿနာရှာသည့်အခါ ကျယ်ကျယ်လောင်လောင်နှင့် ပုံကြီးချဲ့ပြောဆိုတတ်သည့် အခြားသူများနှင့် ယှဥ်ပါက သူ၏ အခြေအနေမှာ သူသည် ရိုးရိုးရှင်းရှင်း စောဒကတက်နေသည့်အလားပင်။ သို့ရာတွင် စကားလုံးတိုင်းက ဓါးများကဲ့သို့ ကန်စုန့်ပိုင်၏ နှလုံးသားကို အချိန်တိုင်း စောင့်ထိုးနေသည်။ ၎င်းက သူ့ ဦးနှောက်အား ပြင်းထန်သော နာကျင်မှုများကို ဆက်တိုက်ခံစားနေရသကဲ့သို့ ဖြစ်စေ၏။
“သမားတော်ကန်၊ ကျေးဇူးပြုပြီး ရှင့်ရဲ့ဒေါသကို လျှော့ပါဦး။ ကျွန်မ အခုချက်ချင်း ဒါရိုက်တာကို ပြေးခေါ်လိုက်မယ်”
ဘေးတွင်ရှိသော သူနာပြုတစ်ယောက်သည် သူ မည်သို့ဖြစ်လာသည်ကို မြင်ပြီးနောက် ထိတ်ထိတ်ပျာပျာဖြစ်လာ၍ ကပျာကယာ ပြေးထွက်သွားတော့သည်။
ချင်ဇစ်ရွှယ်သည် အလွတ်ပေးရန် ရည်ရွယ်ချက်မရှိသေးဘဲ လေးနက်မှုများပြည့်နေသော အမူအယာဖြင့် ပြောလာ၏။
“အခုသွားပြီးတော့ သူ့ကို ခေါ်လိုက်ပါ။ ကျုပ်လည်း ခင်ဗျားတို့ရဲ့ဆေးရုံအုပ်ချုပ်သူကို တွေ့ချင်တယ်။ သူတို့က တကယ်ပဲ သူတို့ရဲ့သမားတော်တွေကို ဒီလိုအကျင့်ပျက်တဲ့ ကိစ္စတွေကို လုပ်ခွင့်ပြုထားလား”
“အိုး...ဟုတ်သားပဲ။ သမားတော်ကန်၊ ကျုပ်ရဲ့မိန်းမကို ဖွက်ထားတာ ဘယ်နေရာလဲ။ ခင်ဗျားမှာ ငဲ့ညှာစိတ်ရှိသေးရင် ကျုပ်ရဲ့မိသားစုကို လွှတ်ပေးဖို့ ခင်ဗျားကို ကျုပ် တောင်းပန်ပါတယ်”
“အသရေဖျက်နေတာ၊ လုံးလုံး အကျိုးအကြောင်းဆက်စပ်မှု မရှိတာတွေ”
ကန်စုန့်ပိုင်က စားပွဲကို ဒေါသတကြီးရိုက်လိုက်ပြီး သူ့ မျက်နှာက အစိမ်းရောင်ပြောင်းသွားသည်။
“မင်းရဲ့မိန်းမကို နှိပ်စက်ညှင်းပန်းတဲ့သူက မင်းဆိုတာ အသိသာကြီးပဲကွ”
သူ့ စကားမဆုံးမီမှာပင် ချင်ဇစ်ရွှယ်က စကားဖြတ်ပြောလိုက်သည်။
“ဘာလို့ ကျုပ်က ကျုပ်မိန်းမကို ညှင်းပန်းနှိပ်စက်ရမှာလဲ။ မကြာသေးခင်က ကျုပ်တို့မှာ ပြဿနာနည်းနည်း ရှိခဲ့ရုံပါ။ ခင်ဗျား အဲဒီအတွက်ကြောင့်နဲ့တော့ ဒီလို လူ့ကျင့်ဝတ်နဲ့မညီတဲ့ ကိစ္စတွေကို လုပ်လို့မရဘူးလေ”
ချင်ဇစ်ရွှယ်သည် ယခုအချိန်တွင် အတော်လေး ကျေနပ်နေ၏။
မကြာသေးမီက သူသည် ကုမ္ပဏီကိစ္စများကြောင့် သွားလေရာတွင် ပြစ်တင်ရှုံ့ချခံခဲ့ရသည်။ နေ့စဥ့်နေ့တိုင်း သူသည် အစော်ကားပြောဆိုခံရ၍ အထင်သေးခံရ၏။ ယခုအချိန်တွင် သူသည် ထိုကိစ္စများအားလုံးကို ဖြစ်ပွားစေခဲ့သည့် အဓိကကျူးလွန်သူကို မြင်သောအခါ သူသည် ထိုသူ့အား လွယ်လွယ်နှင့် လွှတ်မပေးနိုင်ပေ။
ကန်စုန့်ပိုင်က ရှင်းပြရန် ရည်ရွယ်ချက်ရှိသော်လည်း တစ်ဖက်လူက သူ့ စကားလုံးများကို ဆက်၍ ကြားဖြတ်နှောက်ယှက်နေပြီး သူ့အား တရားပင် စွဲချင်နေသည်။ ဤသည်က ကန်စုန့်ပိုင်၏ နှလုံးသားထဲရှိ ဒေါသများကိုသာ လောင်စာထည့်ပေးနေ၏။
ကန်စု့န်ပိုင်သည် အလွန်အမင်း နစ်နာသလို ခံစားနေရသည်။
ပြောရလျှင် သူထွက်လာပြီးကတည်းက ရှန်းကျင်နှင့် တစ်ခါမှပင် ထပ်မတွေ့ခဲ့ပေ။ ထို့ကြောင့် မဒမ်ချင်၏ အရှုပ်တော်ပုံများနှင့် ငတ်ပြတ်ခြင်းအကြောင်းကိုလည်း ပို၍ပင် မရှင်းမလင်းဖြစ်နေ၏။ ထို့အပြင် ဤကိစ္စတွင် ထန်မိသားစုက သူတို့ကိုယ်တိုင် ပါဝင်ပြီးဖြစ်သည်ကို သူသိသောကြောင့် သူသည် သူ့ စိတ်ကို ပြန်ထိန်းလိုက်ပြီး ပူပန်မှုအချို့ကို ပြရန်အတွက် သူတို့ဆီသို့သွားလည်ရန် ကျင်းယွင်ကျောင်းကိုသာ ပြောခဲ့သည်။ သူကိုယ်တိုင်ကမူ ထိုကလေးမလေးနှင့် လုံးဝ၊ တစ်ခါမှ မဆက်သွယ်ခဲ့။
သို့သော် ဤကဲ့သို့ ကပ်ဘေးဒုက္ခကျရောက်လာမည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
ထိုအချိန်တွင် အကယ်၍ သူ့၌ စကားပြောကောင်းသော စွမ်းရည်ရှိနေလျှင်တောင်မှ သူကိုယ်တိုင်ပင် အခြေအနေကိုကျော်လွန်၍ မပြောနိုင်သေးပေ။ ဆွေးနွေးခန်းတစ်ခုလုံးသည် သူ့အား အထင်သေးမှုများဖြင့် ကြည့်နေသည့် လူများဖြင့် ပြည့်နေပြီး ဖျစ်ညှစ်ထားသလိုပင်။ သမားတော်ကြီးအတွက် ဤကဲ့သို့သော အခြေအနေမျိုးကို ဖြတ်သန်းရသည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ သည် ဒေါသများဆူဝေနေသည်။ သူ အသက်ကြီးနေသောအချက်နှင့် သူ့ ခြေထောက်များက ယခင်ကကဲ့သို့ မသွက်လက်တော့သော အချက်ကြောင့်သာ မဟုတ်ပါက သူသည် သေချာပေါက်ပင် ချင်ဇစ်ရွှယ်ဆီသို့ ပြေးဝင်သွား၍ ချက်ချင်းလက်ငင်း လက်သီးမိုးများ ရွာချပစ်လိမ့်မည်။
သို့သော် များစွာစဥ်းစားဆင်ခြင်ပြီးနောက်တွင်လည်း ကန်စုန့်ပိုင်၌ အဖြေထွက်မလာသေး။
ပါဝင်ပတ်သတ်သူများကသာ ပြဿနာကို ဖြေရှင်းနိုင်သည်။ အကယ်၍ သူတို့သာ ဆက်၍ ရန်ပွဲကို ဖန်တီးနေပါက သူ၏ ဘဝတစ်ခုလုံးစာ ဂုဏ်သိက္ခာသည် မြောင်းထဲသို့ အားလုံးရောက်သွားလိမ့်မည်။
ထိုအချ်ိန်၌ အပြင်ဘက်ရှိ လူနာများ၏ အသံများနှင့် သူတို့မိသားစုဝင်များ၏ တီးတိုးသံများက ကျယ်လောင်သော ဝေဖန်သံများနှင့် ပြစ်တင်ရှုတ်ချသံများဖြစ်လာသည်ကို သူကြားနိုင်၏။
“အိုင်းယား၊ ဒီအဖိုးကြီးကို သမားတော်တစ်ယောက်လို့ရော ခေါ်နိုင်သေးလား။ ဘယ်လိုများ ဒီလို မသမာတဲ့အဖိုးကြီးတွေ ကမ္ဘာပေါ်မှာ ရှိနေရတာလဲ။ သူ့ရဲ့ကိုယ်ကျင့်တရားကို အခြေခံပြီးတော့ ဘယ်သူကများ သူ့ကို သူတို့ရဲ့သမားတော်လုပ်ပေးဖို့ လာရှာရဲတော့မှာလဲ”
“နင် အဲလိုပြောလို့မရဘူး။ ငါ့သူငယ်ချင်းရဲ့ဦးလေးရဲ့ကလေးရဲ့ အတန်းဖော်ရဲ့ရောဂါကို ဒီသမားတော်ကန်က ကုပေးခဲ့တာ။ ငါကြားတာကတော့ သူ့ရဲ့ဆေးပညာစွမ်းရည်က ထိပ်တန်းပဲတဲ့။ ဒါက နားလည်မှုလွဲတာ ဖြစ်နေနိုင်တယ်မဟုတ်လား”
“နားလည်မှုလွဲတာလား။ ဟိုလူက တံခါးကို သွားတဲ့ သူ့ရဲ့လမ်းကြောင်းကိုတောင် တွေ့ပြီးနေပြီ၊ နားလည်မှုလွဲတာ ဖြစ်နိုင်သေးမလား။ သူ့ရဲ့ဆေးပညာစွမ်းရည်တော်တာက သူ့ရဲ့အခြားကဏ္ဍတွေက ကောင်းတယ်လို့ မဆိုလိုဘူး။ အသက်ကြီးပေမယ့် တအားယုတ်မာနေတုန်းပဲ။ သူက ရာစုနှစ်ရဲ့တစ်ဝက်လောက်တောင် အသက်ရှင်နေထိုင်ပြီးသွားပေမယ့် သူက အခြားသူတွေရဲ့မိသားစုတွေကို ဖျက်ဆီးချင်နေတုန်း။ သူက လူတွေကို ပြန်ပေးဆွဲသွားတာကို မပြောနဲ့၊ သူက လူတစ်ယောက်ရဲ့အမေကို အစာငတ်ပြီး သေသွားလုနီးပါး ဖြစ်စေခဲ့တာ။ နင် ငါ့ကိုပြော၊ ဒီလူကိုမှ တရားမျှတမှုမပေးရင် ကောင်းကင်ဘုံရဲ့အောက်မှာ တရားမျှတမှုဆိုတာ ရှိနေပါဦးမလား”
ဒါရိုက်တာရောက်လာသောအခါ စော်ကားပြောဆိုမှုများနှင့် စွပ်စွဲပြောဆိုမှုများကို အဆက်မပြတ် လုပ်နေကြသောလူများကို မြင်ရခြင်းက သူ့အား ချွေးအေးများဖြင့် စိုရွှဲလာစေသည်။
မူလကပင် ရာသီဥတုက အလွန်ပူနေပြီး အခြေအနေအရ ပဋိပက္ခကိုပါ ထပ်ပေါင်းထည့်ရာ လက်တွေ့၌ ၎င်းက လူများကို မသက်မသာဖြစ်စေသည်။
“ခင်ဗျားတို့အားလုံး၊ ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေ ရပ်ပေးကြပါ။ ဒါက ဒီနေရာမှာ ဖြစ်နေတာလား။ တကယ်လို့ ခင်ဗျားတို့ သက်သေမရှိဘဲ ကျွန်တော်တို့ကို အသရေဖျက်မယ်ဆိုရင် ကျွန်တော်တို့က ခင်ဗျားတို့ကို တရားရုံးကို ခေါ်သွားရပါလိမ့်မယ်”
ငယ်ရွယ်သော ဒါရိုက်တာက ဝင်လာပြီးနောက် သူ့ မျက်လုံးများထဲ၌ အလင်းတစ်ချက် ဖြတ်ပြေးသွား၍ သူ့ စကားလုံးများက အပြစ်မကင်းသော အရိပ်အယောင်များကို သယ်ဆောင်ထား၏။
ထိုကဲ့သို့ အပြင်ဘက်မှ စိတ်အားထက်သန်သော ဆွေးနွေးမှုများကို ကြားရပြီးနောက် ဤပြဿနာ၌ မည်သူက မှန်သည် သို့မဟုတ် မည်သူက မှားသည်ဖြစ်ကြောင်းကို သူ မည်သို့ အဖြေထုတ်နိုင်ရမည် မသိ။
Chapter 184 : အက်ကြောင်းထပ်နေသော ကောလဟာလက အမှန်တရားဖြစ်လာသည်
ဒါရိုက်တာ၏ ရပ်တည်မှုက လုံလုံလောက်လောက် မခိုင်မာသဖြင့် ၎င်းက ချင်ဇစ်ရွှယ်အား အခွင့်အရေးဝင်ယူခွင့်ရသွားစေသည်။
“ဟုတ်တာပေါ့၊ ဒါက အမှန်တရားပဲ၊ ကျုပ် ခုထိ ကျုပ်မိန်းမကို ရှာမတွေ့သေးဘူး။ သူက ကျုပ်မိန်းမကို သေချာပေါက် သူ့အိမ်မှာ ဖွက်ထားတာ”
ဤစောဒကတက်ခြင်းကြောင့် ဒါရိုက်တာ၏ သဘောထားကိုပင် တွေဝေလာစေ၏။
ဒါရိုက်တာပြောလိုက်သော စကားသည် ဆေးရုံ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်သာ ဖြစ်သည်။ သူက ဖြီးဖြန်းရန် ကြိုးစားခဲ့သော်လည်း တစ်ဖက်လူက ပြောင်းလဲမှုလုံးဝမရှိပေ။ ဤသည်မှာ ထိုလူသည် သူ့ ပြောဆိုချက်များ၏နောက်ကွယ်၌ အမှန်တကယ်ပင် ကိုယ့်ကိုကိုယ် ယုံကြည်မှုအချို့ရှိနေသည့်အဓိပ္ပါယ်သာ။
ထို့အပြင် လူတိုင်းက တူညီသောစကားကိုသာ ဆိုကြ၏။ အက်ကြောင်းထပ်နေသော ကောလဟာလတစ်ခုက အမှန်တရားဖြစ်လာသည်။ အကယ်၍ ၎င်းက အမှားဖြစ်လျှင်တောင်မှ အမှန်ဖြစ်ရန် အတော်လေး နီးစပ်၏။ ကန်စုန့်ပိုင်သာ အမှန်တကယ် အပြစ်ကင်းပါက အဘယ့်ကြောင့် အခြားသူက အကြောင်းပြချက်မရှိဘဲ သူ့ကို မှားယွင်းစွပ်စွဲမည်နည်း။
ဒါရိုက်တာ၏ အတွေးများက မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ ဟိုဟီုဒီဒီပြေးလွှားနေ၍ သူ့ စိတ်က ဤပြဿနာအတွက် အဖြေကို ထပ်ခါထပ်ခါ လှုံ့ဆော်နေသည်။
“ကျွန်တော်တို့ ဒီလိုလုပ်ကြရင်ရော ဘယ်လိုလဲ။ ပထမဆုံး တံခါးပိတ်ပြီးတော့ ဒါကို နည်းနည်းပိုပြီး သီးသန့်ဖြစ်တဲ့နေရာမှာ ဆွေးနွေးကြမယ်ဆိုရင်ရော”
ဒါရိုက်တာ၏ အသံထွက်ပေါ်လာပြီးနောက် ချင်ဇစ်ရွှယ်၏ မျက်နှာတွင် အပြုံးတစ်ခု ဖြတ်ပြေးသွား၏။
ထိုသို့ပြောလိုက်သောကြောင့် ကန်စုန့်ပိုင်၏ မျက်နှာမှာ ချက်ချင်းပင် ကြည့်ရဆိုးသွားသည်။
တံခါးပိတ်မည်ဆိုသည်က သူ ဘာကို ဆိုလိုသနည်း။ အဆုံး၌ သူတို့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့လျှင်တောင်မှ သက်သာရာရမည့်တစ်ခုတည်းသောအရာမှာ ဆေးရုံသာဖြစ်၏။ သို့သော် သူကရော။ မည်သူက သူ၏ ဂုဏ်သိက္ခာကို ထပ်မံ၍ ယုံကြည်မည်နည်း။
“မဖြစ်နိုင်ဘူး။ လူတိုင်းရဲ့ရှေ့မှာပဲ ပြောပါ”
သမားတော်ကန်က နီရဲနေသော မျက်နှာနှင့် ဒေါသတကြီး ကြေညာလိုက်၏။
သမားတော်တစ်ယောက်ဖြစ်နေသည့် သူ၏ အလုပ်ကိုသာ ကျေးဇူးတင်ရမည်။ များသောအားဖြင့် သူသည် သူ့ ကျန်းမာရေးအား လျစ်လျူရှုမထားခဲ့ပေ။ သို့မဟုတ်ပါက သူသည် ချင်ဇစ်ရွှယ်ကြောင့် ဒေါသထွက်၍ နေရာ၌ပင် သတိလစ်သွားနိုင်ခဲ့သည်။
သူသည် ကမ္ဘာပေါ်၌ တရားမျှတမှုရှိသည်ကိုသာ မြင်ချင်ခြင်းဖြစ်၏။ သူသည် အခြားသူများကို ကူညီရင်း အမှားတစ်ခု လုပ်မိနိုင်သလား။ ရှန်းကျင်သည် ထိုချင်ဇစ်ရွှယ်၏ မိခင်ထံမှ ဆိုးဆိုးဝါးဝါး ညှင်းပန်းနှိပ်စက်ခံရပြီး ဤလူကလည်း ပြဿနာရှာရန်အတွကိ ဆေးရုံသို့ပင် လာရဲသေးသည်။ သူက ကုသပေးရန် ငြင်းဆန်ခြင်းမှာ မဒမ်ချင်ဟုခေါ်သည့် ကျိုးကြောင်းဆီလျော်မှုမရှိသော အဖွားအိုကြောင့် ဖြစ်၍ အခြားသူများ၏ ပါးစပ်ထဲတွင် သူက ဆေးပညာကျင့်ဝတ်မရှိသောသူ ဖြစ်လာသည်လား။ အကယ်၍ ထိုဆေးပညာကျင့်ဝတ်ဟုခေါ်သည်များက အမှန်နှင့်အမှားကြား၌ ဝေဖန်ပိုင်ခြားနိုင်ခြင်းမရှိဟု အဓိပ္ပါယ်ရပါက သူက ဘာကို ကုသရမည်နည်း။ သူက ဘယ်သူ့ကို ကုသသင့်သနည်း။ သူ့ လက်များကို စင်နေအောင်ဆေး၍ နှုတ်ထွက်ပစ်မည်သာ ဖြစ်သည်။
ကန်စုန့်ပိုင်သည် အလွန်အမင်း ဒေါသထွက်နေရုံသာမက အနည်းငယ်လည်း စိတ်ဓါတ်ကျနေ၏။
သူ့ လူနာများထဲ၌ သန့်စင်၍ ကြင်နာတတ်သောသူမှာ အမှန်တကယ်ပင် လက်တစ်ဆုပ်မျှသာ ရှိသည်အား သူ ဘယ်လိုကြောင့်များ မသိခဲ့သနည်း။ သူသည် လူတစ်ယောက်ကို ဆေးကုသည့်အခါတိုင်း အများဆုံး သူတို့၏ ဝေဒနာခံစားနေရသော ဘက်ခြမ်းများကိုသာ မြင်နိုင်သည်။ သူတို့၏အကျင့်စရိုက်ကို မည်သည့်အချိန်၌ အာရုံစိုက်ခွင့်ရခဲ့သနည်း။ သို့မဟုတ် ယခင်က သူတို့ ကောင်းတာလုပ်ခဲ့သလား၊ ဆိုးတာလုပ်ခဲ့သလား ဆိုသည်ကို အာရုံစိုက်ရမည်လား။ သူ့ တာဝန်သည် ရောဂါကုရန်ဟု ပြောပါက မမှားပေ။ ပြီးလျှင် သတိမေ့နေသောအချို့လူနာများ သို့မဟုတ် အလွန်အကျွံရန်လိုစိတ်များ ခိုအောင်းနေသော လူနာများ ရှိပါက သူသည် ဘက်မလိုက်တတ်သော စိတ်ဓါတ်ကို ထိန်းသိမ်း၍ ဤလူများကို ကူညီပေးလိမ့်မည်။ စင်စစ် ကမ္ဘာပေါ်၌ စင်းလုံးချော ကြင်နာတတ်သည့်သူ မရှိပေ၊ ထိုနည်းတူစွာပင် စင်းလုံးချော ယုတ်မာသည့်သူလည်း မရှိပေ။
သို့သော် ထိုအဖွားအိုကမူ ကွာခြားသည်။
သူသည် ခြံသို့ လေးငါးကြိမ်ခန့် သွားဖူးပြီး အဖွားအိုက အချိန်တိုင်း သူ့အား ဝါးစားပစ်ချင်နေသည့်ပုံပင်။ သူမသည် အမြဲတမ်း အဓိပ္ပါယ်မရှိသော စကားများကို ပြောတတ်ပြီး သူမ၏ စကားလုံးများကလည်း အမြဲတမ်း ရင့်သီးနေခဲ့ပေမယ့် သူက ၎င်းကို သည်းခံခဲ့ပြီး သူမ၏ သွေးခုန်နှုန်းကို စမ်းပေး၍ ပုံမှန်အတိုင်း ဆေးညွှန်းပေးခဲ့သည်။
အဖွားအိုက ကျေးဇူးသိတတ်လိမ့်မည်ဟု သူ,မမျှော်လင့်ပေ။ စင်စစ် သူ့အား သူမကို ထိုသို့ကုသပေးရန်အတွက် ပိုက်ဆံပေးထားခြင်းဖြစ်သော်လည်း အနည်းဆုံးတော့ သူမသည် သူ့ကို ပုံမှန်လူတစ်ယောက်ကဲ့သို့ လေးစားမှုအနည်းငယ် ပေးသင့်သည်။
အဖွားအိုသည် ဆေးကို အချိန်မှန်သောက်ရန် ငြင်းဆန်ခဲ့ရုံသာမက ဆန့်ကျင်ရင်း ဘူးခံ၍ပင် ငြင်းခဲ့၏။ သူသည် သူမအား စပ်သောအစားအသောက်များ၊ ပင်လယ်စာ အစရှိသည်များအား မစားရန် အကြံပေးခဲ့သော်လည်း သူမသည် နောက်တစ်ကြိမ် ထပ်မံ၍ ၎င်းကို မှတ်သားထားခြင်းမရှိခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ယားယံလာ၍ ပိုကာပင် ဆိုးရွားလာခဲ့သည်။ အဆုံးတွင် သူသည် သူမရောဂါ၏ အရင်းအမြစ်ကို ကုသရန်အတွက် တတ်နိုင်သမျှ ကြိုးစားခဲ့သော်လည်း သူမက ခပ်လွယ်လွယ်ပင် သူ့အား မယုံကြည်ဘဲ အယားပျောက်ရန်အတွက် သမားတော်ညွှန်ကြားချက်မပါသော အမွှေးဆီများကို သုံးခဲ့မည်ဟု မည်သူကထင်လိမ့်မည်နည်း။
မတူညီသောရောဂါများကို တူညီသောဆေးဖြင့် မကုသနိုင်ဆိုသည်မှာ သာမန်ဗဟုသုတဖြစ်သည်။ ဤသည်ကိုပင် မသိသော လူတစ်ယောက်အား သူက မည်သို့ ဆက်၍ အကူအညီပေးနိုင်မည်နည်း။
သူသည် ရှန်းကျင်အား ကရုဏာသက်သောကြောင့် အဖွားအိုအပေါ်တွင် ဒေါသထွက်ပြီး ပြောမိသည်ကလွဲလျှင် အဖွားအိုကသာ သူ၏ စိတ်ရှည်သည်းခံမှုကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သင့်သည်။
ရမ်းကုသမားတော်များပင်လျှင် ဒေါသတရားအနည်းငယ်ရှိကြပြီး သူ၊ ကန်စုန့်ပိုင်သည် ကျော်ကြားသော သမားတော်တစ်ယောက်ဖြစ်၏။ ဆရာလုပ်အမိန့်ပေးခံရပြီးနောက် သူသည် လူများအား အပြုံးတစ်ခုနှင့် လူများအား နှုတ်ဆက်နိုင်သေးပါက သူကပင် သက်ရှိဗုဒ္ဓတစ်ပါး ဖြစ်လာနိုင်ဦးမည်။
အဖိုးအိုသည် ဒေါသထွက်လွန်းသဖြင့် သူ့ခေါင်းက ပေါက်ကွဲတော့မလို ခံစားနေရ၏။ မူလက သူသည် ဒါရိုက်တာ သူ့အား ဤကိစ္စကို ဖြေရှင်းပေးရန် ကူညီပေးမည်ဟု ထင်လိုက်သော်လည်း သူတို့ ပါးစပ်ဟလိုက်သည်နှင့် သူသည် ဆန့်ကျင်ဘက်အရပ်၌ ရပ်တည်နေလိမ့်ဟု မထင်ခဲ့မိ။ သူ၏ နှလုံးသားက ကျွံဝင်သွား၏။ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ လူများအား အရာအားလုံးကို ရှင်းပြရန်အတွက် ကျင်းယွင်ကျောင်းက ရှန်းကျင်အား ဤနေရာသို့ ခေါ်လာပေးခြင်းပင် ဖြစ်သည်။
သူက ဤကိစ္စအား သီးသန့် ဖြေရှင်းရန်အတွက် ငြင်းဆန်လိုက်ရာ အပြင်ဘက်မှ လူများ၏ အတင်းအဖျင်းပြောနေသော နှလုံးသားများက ကျေနပ်သွားပြီး အော်ဟစ်လာကြသည်။
“ဒါက လူတစ်ယောက်ရဲ့အသက်တောင် ပါဝင်ပတ်သတ်နေတဲ့ ကိစ္စကြီးပဲ။ ခင်ဗျားတို့တွေ ဒီမှာပဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ်။ မဟုတ်ရင် ဒီအဖိုးကြီးကို ဆေးကုဖို့အတွက် ဘယ်သူက လာဆွေးနွေးရဲတော့မှာလဲ”