အခန်း (၁၈၅-၁၈၈)
Vol. 10 Ch. 185-188
Chapter 185 : တရားမျှတမှုရှာဖွေခြင်း
ကန်စုန့်ပိုင်သည် စားပွဲ၏ အကူအညီဖြင့် သူ့ကိုယ်သူ ထောက်ကန်ထားရ၏။ သူ၏ အိုမင်းနေသော အရိုးများက ရွဲ့စောင်းနေပြီဖြစ်သည်။ ဒါရိုက်တာက သက်ပြင်းချလိုက်ပြီး ကန်စုန့်ပိုင်က သူ၏ ကြင်နာမှုကို တန်ဖိုးထားရကောင်းမှန်း မသိဟု တွေးနေ၏။
ဤဒါရိုက်တာ၏ မျိုးရိုးနာမည်မှာ လျို့ဖြစ်ပြီး ဆေးရုံ၏ အမှုဆောင်ဒါရိုက်တာ၏ မြေး ဖြစ်သည်။ အမှုဆောင်ဒါရိုက်တာသည်လည်း တိုင်းရင်းဆေးပညာကို သင်ယူလေ့လာခဲ့သူတစ်ယောက်ဖြစ်၏။ သို့သော် အနောက်တိုင်းဆေးပညာ၏ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် သူ၏ သားသမီးများနှင့် မြေးများအားလုံးကမူ နှစ်ခုစလုံး၌ ဟိုစပ်စပ်ဒီစပ်စပ် တတ်မြောက်ကြသည်။ သို့ရာတွင် ဒါရိုက်တာလျို့ကမူ အသက်ငယ်သေး၍ သူသည် တိုင်းရင်းဆေးပညာ၏ အခြေခံဗဟုသုတလောက်သာ သိ၏။ သူ့ မိသားစုနောက်ခံကြောင့် သူသည် အသက်ငယ်ငယ်၌ပင် ကိုယ့်ကိုကိုယ် ကျေနပ်အားရနေပြီဖြစ်သည်။
“ဟူး...ဒါဆိုရင်လည်း ဒီမှာပဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာပေါ့”
ဒါရိုက်တာလျို့က သူ့ ခေါင်းကို မချင့်မရဲဖြင့် ငုံ့လိုက်သည်။ သူက သူ့ မျက်လုံးကို ကစား၍ ချင်ဇစ်ရွှယ်အား တစ်ချက်ကြည့်လိုက်ပြီး စပြောလိုက်၏။
“ဒီက အစ်ကိုကြီး၊ ခင်ဗျားက ကျိုးကြောင်းဆီလျော်မှုမရှိတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာ ကျွန်တော် မြင်နိုင်ပါတယ်။ ခင်ဗျားက ဒီပြဿနာကို ဘယ်လိုဖြေရှင်းချင်လဲ”
ချင်ဇစ်ရွှယ်၏ နှလုံးသားထဲ၌ ဝမ်းသာပီတိဖြာသွားသော်လည်း သူ့ အမူအယာကမူ မပြောင်းလဲပေ။
“ဒါရိုက်တာလျို့ကတော့ ပိုပြီးတော့ ကျိုးကြောင်းဆီလျော်တဲ့သူ ဖြစ်နေတုန်းပါပဲဗျာ။ ကျုပ်က ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေချင်ရုံပါ။ တကယ်လို့ ခင်ဗျားရဲ့အမေကို အိမ်မှာ အစာငတ်ပြီး သေသွားလောက်တဲ့အထိ စွန့်ပစ်ထားခံရပြီး ခင်ဗျားရဲ့မိန်းမက ရှေးရိုးစွဲအဖိုးကြီးတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးသွားတယ်ဆိုရင် ခင်ဗျားလည်း စိုးရိမ်တကြီးဖြစ်နေမှာပဲ”
နားထောင်နေရင်း ဒါရိုက်တာလျို့၏ မျက်နှာက မည်းမှောင်သွားသည်။
‘အဟမျး...အဟမျး’
“ကျုပ်က ဥပမာတစ်ခုအနေနဲ့ ပြောပြရုံပါပဲ။ ဒါရိုက်တာ စိတ်မဆိုးပါနဲ့”
ချင်ဇစ်ရွှယ်က တောင်းပန်သည့်အပြုံးပြုံးပြလိုက်ပြီး ဆက်ပြောပြန်၏။
“ကျုပ်က အများကြီးလည်း မတောင်းဆိုချင်ပါဘူး။ လူတိုင်းရှေ့မှာ ကျုပ်ကို တောင်းပန်ပြီး သူ့မှာ ဆေးပညာကျင့်ဝတ်မရှိဘူးဆိုတာကို သူ့ကို ဝန်ခံစေချင်ရုံပါပဲ။ ပြီးတော့ ကျုပ်က သူ့ကို အနာဂတ်မှာ သူ အခြားလူနာတွေကို ဒီလိုမဆက်ဆံတော့ပါဘူးဆိုပြီးတော့လည်း ကတိပြုစေချင်ပါတယ်။ အရေးအကြီးဆုံးကတော့ ကျုပ်မိန်းမကို ကျုပ်ပြန်လိုချင်ပါတယ်။ ဒါပါပဲ”
“ဒီလောက်ပဲလား”
ချင်ဇစ်ရွှယ်က နစ်နာကြေးတောင်းလိမ့်မည်ဟု မျှော်လင့်ထားသော ဒါရိုက်တာလျို့ အံသြသွားသည်။
သို့ရာတွင် ဤသည်က အကောင်းဆုံးအဖြေ ဖြစ်ကြောင်းကို သူ မငြင်းနိုင်ပေ။ တောင်းပန်ရုံလေးသာ ဖြစ်၍ ဘာမှ များများစားစား မဟုတ်ပေ။
သူတို့ ဆေးရုံကဲ့သို့ ဆေးရုံကြီးများတွင်လည်း ခွဲစိတ်နေစဥ်အတွင်း အမှားလုပ်မိသော ဖြစ်ရပ်အချို့ရှိတတ်သည်။ များသောအားဖြင့် လူနာ၏ မိသားစုက စတင်၍ ပြဿနာရှာတတ်ကြပြီး သေးငယ်သော ဆေးရုံတစ်ရုံသည် သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ရန် လိုအပ်လိမ့်မည်ဖြစ်၏။ အကယ်၍ သူတို့သာ သင့်တင့်လျောက်ပတ်သော ဆွေးနွေးပွဲတစ်ခု မကျင်းပနိုင်၍ ၎င်းက အလွန်ဆိုးလာပါက ဆရာဝန်သည် တောင်းပန်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ လူလုံးထွက်ပြရသည်၊ သို့မဟုတ်ပါကလည်း တိုက်ရိုက်ပင် ဆရာဝန်အား အလုပ်ထုတ်ပစ်ရပြီး ကိစ္စများကို ဖြေရှင်းရသည်။
မည်သည့်ကိစ္စမဆို တောင်းပန်ခြင်းနှင့် သိက္ခာအနည်းငယ် အကျခံခြင်းက ငွေသုံးရခြင်းထက် အမြဲတမ်း ပိုကောင်း၏။ အကယ်၍ စကားလုံးအနည်းငယ်ကသာ အခြေအနေကို ဖြေရှင်းနိုင်ပါက အဘယ်ကြောင့် အခြားတစ်ခုကို အဆုံးရှုံးခံရမည်နည်း။
“ဒါရိုက်တာလျို့၊ ‘ဒီလောက်ပဲလား’ ဆိုတာ မင်း ဘာကို ဆိုလိုတာလဲ။ သူ့ရဲ့တောင်းဆိုချက်တွေထဲမှာ လွန်တာ မတွေ့ဘူးလို့တော့ ငါ့ကို မပြောနဲ့”
ကန်စု့န်ပိုင်သည် ဒါရိုက်တာလျို့၏ ပါးစပ်မှ ဤကဲ့သို့သော စကားလုံးများ ထွက်ပေါ်လာသည်ကို လုံးဝမယုံနိုင်သေးချေ။
သူနှင့် ဆေးရုံအမှုဆောင်ဒါရိုက်တာ၏ ဆက်ဆံရေးမှာ အတော်လေးကောင်းသည်။ မမျှော်လင့်ဘဲ ဒါရိုက်တာလျို့သည် အလွန်ရည်မှန်းချက်ကြီးမား၏။ သူသည် ဆေးခန်းသေးသေးလေးဖြင့် မစတင်ချင်ခဲ့ဘဲ သူ့ မိသားစုက အနည်းငယ် ပိုက်ဆံရှိသည်ဟူသော အချက်ကို ထည့်ပေါင်းလိုက်ရာ သူသည် ဤဆေးရုံကို အသက်ငယ်ငယ်မှာပင် တည်ထောင်ခဲ့သည်။ ယနေ့ ဤအခြေနေသို့ ရောက်လာနိုင်သည်တိုင်အောင်ပင် စီးပွားရေးလုပ်ငန်းက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့၏။
နောက်ပိုင်းတွင် အမှုဆောင်ဒါရိုက်တာလျို့က သူ့အား ဖိတ်ခေါ်ခဲ့သည်။ ကန်စုန့်ပိုင်အတွက်မူ သူ အရေးထားသည်မှာ ပိုက်ဆံမဟုတ်သော်လည်း သူ အမှုဆောင်ဒါရိုက်တာလျို့နှင့်အတူ အလုပ်လုပ်ပါက အခြားအရာအားလုံးကလည်း သူ့အတွက် အဆင်ပြေသည်ဖြစ်၏။
သူသည် လူနာများ ပိုရောက်လာစေရန် ဆန္ဒရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် ဆေးရုံရှိ အခြားဆရာဝန်များ၏ အရည်အချင်းများ တိုးတက်လာသည်ကိုလည်း မြင်ချင်ခဲ့သည်။
အမှုဆောင်ဒါရိုက်တာလျို့က ဤကဲ့သို့သော မြေးတစ်ယောက်ကို အမှန်တကယ်ပင် မြေတောင်မြှောက်ပေးခဲ့မည်ဟု သူ အိပ်မက်ထဲမှာပင် တစ်ခါမှ မတွေးဖူးချေ။
သူရောက်လာကတည်းက ပြဿနာ၏ အဖြစ်မှန်ကို မေးခြင်းမဟုတ်ဘဲ တစ်ဖက်လူ၏တောင်းဆိုချက်များကိုသာ မေးနေခဲ့ပြီး ထိုအသံကိုကြားသောအခါအတွင်လည်း သူတို့၏တောင်းဆိုချက်များက တစ်ခုခုလိုနေသလိုပင် ခံစားနေရသေးသည်လေ။
ထိုအချိန်၌ ဒါရိုက်တာလျို့သည်လည်း အနည်းငယ် စိတ်မရှည်ခံစားနေရ၏။ သူသည် ဤကဲ့သို့ ခေါင်းမာသောလူကြီးများ အပေါ်၌ တစ်ခါမှ အထင်ကောင်းအမြင်ကောင်း မရှိခဲ့ဖူးပေ။ သူတို့သည် ဆေးပညာစွမ်းရည်အနည်းငယ်ရှိရုံနှင့် ဘဝ၌ ဆရာတစ်ယောက်ဖြစ်နေသော အမူအယာ အမြဲတမ်း ရှိတတ်ကြသည်။ သို့သော် လက်တွေ့၌ သူတို့သည် လေလုံးထွားခြင်းသက်သက်သာ ဖြစ်၏။
ယဥ်ယဥ်ကျေးကျေးပြောရလျှင် သမားတော်များသည် နက်နဲသိမ်မွေ့၍ နားလည်ရခက်သည်။ ရိုင်းရိုင်းစိုင်းစိုင်း ပြောရလျှင် သူတို့က သင့်အား မျက်ကန်းသဖွယ် အပျော့ဆွဲဆွဲ၍ နူးနှပ်နေကြခြင်းပင်။
“သမားတော်ကန်၊ လူတွေက အမြဲတမ်း တံခါးဆီကိုရောက်ဖို့ နည်းလမ်းရှာနေကြတာ။ တကယ်လို့ ခင်ဗျားက မတောင်းပန်ဘူးဆိုရင် ဆေးရုံကိုပါ ခင်ဗျားနဲ့အတူ ဆွဲချချင်နေတာလား။ တစ်ဖက်လူက ခင်ဗျားကို ဘာမှလုပ်ပေးဖို့ တောင်းဆိုနေတာလဲ မဟုတ်ဘူး၊ ခင်ဗျားနှုတ်ခမ်းလေးလှုပ်ပြီး နည်းနည်းလောက် နှိမ့်ချလိုက်ရုံနဲ့ ကိစ္စတွေက အဆင်ပြေသွားမှာ။ ဒါ့အပြင် အဆုံးမှာ သူ(မ)က အခြားသူရဲ့ဇနီးဖြစ်နေသေးတယ်လေ။ အခြားလူရဲ့မိန်းမနဲ့ အတူနေတာက....”
‘ဖြောင်း’
ဒါရိုက်တာလျို့ စကားမဆုံးသေးမီမှာပင် ကန့်စု့န်ပိုင်၏ လက်ဖဝါးက သူ့ ပါးပေါ်သို့ ပြင်းထန်စွာ ကျရောက်လာ၏။
“မင်းကိုယ်မင်း ဘာထင်နေတာလဲ။ မင်းရဲ့အဖိုးကတောင် ငါ့ကို မင်းလိုပုံစံနဲ့ စကားမပြောခဲ့ဖူးဘူး။ ငါ့ကို တောင်းပန်စေချင်တယ်၊ ဟုတ်လား။ ငါ ဘာအမှားမှ မလုပ်ခဲ့ဘူး။ ဘာကိုအခြေခံပြီး ငါက တောင်းပန်သင့်တာလဲ”
Chapter 186 : သရုပ်ဆောင်ခြင်း
ယခုအချိန်တွင် ကန်စုန့်ပိုင်သည် အလွန်အမင်း ဒေါသထွက်နေ၏။
သူက ချင်ဇစ်ရွှယ်သည် ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်ကြောင်းကို အစောကြီးကတည်းက သိထားသည်။
သို့ရာတွင် သူသည် ဒါရိုက်တာလျို့အား လူကောင်းတစ်ယောက်အဖြစ် မှတ်ယူထားခြင်းဖြစ်ပြီး အထူးသဖြင့် မျက်စိရှေ့တွင် ကြီးပြင်းလာသောကလေးလည်း ဖြစ်သည်။ သူ အရွယ်ရောက်လာပြီးနောက်တွင် သူတို့ တဖြည်းဖြည်းဝေးကွာသွားခဲ့လျှင်တောင်မှ ကန်စုန့်ပိုင်နှင့် အမှုဆောင်ဒါရိုက်တာလျို့၏ ဆက်ဆံရေးက ကောင်းမွန်နေဆဲဖြစ်ရာ မြေးဖြစ်သူ အလှည့်ရောက်မှ ဘယ်အချိန်ကတည်းက သူ့အား အပြစ်ရှာဝေဖန်ရန် ဖြစ်လာခဲ့သနည်း။
ချင်ဇစ်ရွှယ်က သူ့အား အလွန်ဒေါသထွက်ပြီး မုန်းတီးလာအောင် လုပ်ထားပြီးဖြစ်၍ သူသည် အံကြိတ်၍ ဒေါသတချောင်းချောင်းထွက်နေခဲ့သည်။ သို့သော် ယခုအခါ၌ သူသည် သူ့အပေါ်၌ ဒါရိုက်တာလျို့၏ မျှော်လင့်မထားသော အပြုအမူကြောင့် နာကျင်သွားသလို ခံစားလိုက်ရ၏။
ဤသည်က ဆေးပညာသင်ယူခြင်း၏ စည်းမျဥ်းဥပဒေသများနှင့် လမ်းစဥ်ကို လေ့လာလိုက်စားနေသည့်သူတစ်ယောက်လည်း ဖြစ်သည်။
သူ ငယ်စဥ်ကတည်းကပင် ရိုးသားဖြောင့်မတ်စွာ ပြုမှုနေထိုင်ရမည့် သင်ခန်းစာများသည် ပထမဆုံးနှင့်အရေးအကြီးဆုံးအဖြစ် သူ့ အဖိုးအဖွားများနှင့်မိဘများက သူ့အား အရိုးစွဲအောင် သင်ကြားပေးထားခဲ့ကြ၏။ ဤသည်မှာ သူ၏ ဆေးပညာအထူးလေ့လာကျွမ်းကျင်မှုကို မလေ့ကျင့်ရသေးခင်အချိန်ထိပင်။ အခြေခံအားဖြင့် ဒါရိုက်တာလျို့၏ သဘောထားသည် သူ့ ကိုယ်ကျင့်တရားကို စွန်းထင်းသွားစေရန် မေးမြန်းလိုက်ခြင်းပင်။ သူ့၌ ဆေးပညာကျင့်ဝတ်မရှိဟူသော စကားကို သူကိုယ်တိုင် ထုတ်ပြောစေရန် ဖြစ်သည်။ သူ့ ဘဝကိုပင် မေးခွန်းထုတ်နိုင်သေး၏။
ဒေါသဖြင့် တုန်ယင်နေရင်း ဒါရိုက်တာလျို့သည် သူ့ ဒဏ်ရာကို လက်ဖြင့်အုပ်ကိုင်ကာ ကန်စုန့်ပိုင်ကို ကြည့်လိုက်သည်။ ဤကိစ္စကို ဆက်လက်၍ ကိုင်တွယ်ရန် စိတ်မရှည်တော့သော်လည်း သူသည် အတော်လေးဒေါသထွက်နေဆဲပင်။ သူသည် ဒါရိုက်တာတစ်ယောက် ဖြစ်နေဆဲဖြစ်၍ အနာဂတ်၌ ဤဆေးရုံအား ဆက်ခံရန် ကြိုးစားအားထုတ်နေရဆဲ။ လူများစွာ၏ ရှေ့၌ ကန်စုန့်ပိုင်က သူ့ကို ပါးရိုက်လိုက်ခြင်းက သူ့ ရာထူးအဆင့်အတန်းကို အဝေးသို့ လွှင့်ပစ်လိုက်ခြင်းလည်း ဖြစ်သည်။ အကယ်၍ သူသာ ဤသည်ကို လွှတ်ထားလိုက်ပါက အနာဂတ်၌ သူ့ အင်အားကို မည်သို့ တည်ဆောက်ရမည်နည်း။
“သမားတော်ကန်၊ စေတနာကောင်းတွေကို လျစ်လျူမရှုပါနဲ့။ ခင်ဗျားရဲ့အခြေအနေက ကျွန်တော်တို့ ဆေးရုံကို ဂုဏ်သိက္ခာကို ဆိုးဆိုးဝါးဝါး ညစ်နွမ်းစေတယ်။ ပြီးတော့ ကျွန်တော်တို့က ခင်ဗျားဆီကနေ နစ်နာကြေးတောင်းဖို့တောင် အခွင့်အရေးရှိတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ အသက်အရွယ်ကြောင့် ကျွန်တော်တို့က ဒီလိုကိစ္စတွေကို ရက်ရက်စက်စက် လုပ်မှာ မဟုတ်ဘူး။ ဒီနေ့ ခင်ဗျား ဒီလူ့ရဲ့ဇနီးကို ပြန်ခေါ်လာရမယ်။ ပြီးရင် သူ့ကို ကောင်းကောင်းမွန်မွန် တောင်းပန်ရမယ်။ ကျွန်တော့်ကို တောင်းပန်ရမယ်၊ ဒါဆိုရင် ပြဿနာတွေကို ဖြေရှင်းပြီပြီလို့ ယူဆနိုင်ပြီ။ အဲဒါက အရမ်းများ ခက်ခဲလွန်းနေလို့လား”
ဒါရိုက်တာလျို့က အော်ဟစ်လိုက်၏။
ချင်ဇစ်ရွှယ်၏ စိတ်ခံစားချက်မှာ အလွန်မြောက်တက်နေသည်။ မူလက သူသည် ဤနေရာမှ တာဝန်ရှိသူကို ရှာပြီးနောက် ပြဿနာများကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟု ထင်နေခဲ့၏။ ဤဒါရိုက်တာလေးက ဘုရားသခင်က လွှတ်လိုက်သော ကူညီသူဖြစ်၍ ကန်စုန့်ပိုင်နှင့် ရန်ပွဲတစ်ခုစတင်၍ပင် သူ့အား ကူညီပေးလိမ့်မည်ဟု မည်သူ ထင်ခဲ့မည်နည်း။
ကန်စုန့်ပိုင်သည် ဒေါသထွက်လွန်းသဖြင့် ဘာမှမပြောနိုင်တော့ပေ။
စင်စစ် သူသည် အတော်လေး အသက်ကြီးနေပြီဖြစ်၍ သူ့ ကျန်းမာရေးကို ထိန်းသိမ်းလျှင်တောင်မှ သူ၏ခန္ဓာကိုယ်က စိတ်ပိုင်းဆိုင်ရာ ဖိအားများနှင့် ဒေါသများ၏ ဆက်တိုက်ညှင်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်မရှိသေးပေ။
ထိုခဏ၌ သူသည် မူးဝေခြင်းကိုသာ ခံစားလိုက်ရသည်။ သူ့ ခေါင်းထဲ၌ နာကျင်မှုများစွာဖြင့် ပြည့်နေပြီး ဒါရိုက်တာလျို့အား ထိုးထားသည့် သူ့ လက်ချောင်းလေးက အလွန်အမင်း တုန်ယင်လာသည်။ သိမ်းကျုံး၍ တစ်ချက်ကြည့်လိုက်ရာ သူသည် အေးစက်စက် ပြုံးပြနေသော ချင်ဇစ်ရွှယ်အား တစ်ဖန်ထပ်၍ မြင်လိုက်ရပြန်၏။ ထို့နောက် သူ၏ လက်က လျှောကျသွားပြီး သူသည် ကုလားထိုင်ပေါ်သို့ ‘ဘမ်း’ ခနဲ ပုံလျက်သား လဲကျသွားတော့သည်။
ချက်ချင်းပင် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး သူ့ဘေးမှလူများသည် ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပေးရန်အတွက် သုတ်သုတ်ပျာပျာဖြင့် ရှေ့သို့ပြေးလာကြ၏။
ဒါရိုက်တာလျို့တစ်ယောက်တည်းကသာ ဤသည်ကို မျက်မှောင်ကြုံ့လိုက်ပြီး ကန်စုန့်ပိုင်က သရုပ်ဆောင်နေသည်ဟု တွေးနေသည်။
ဤမတိုင်မီလေးကမှ သူသည် သူ့ လက်ဝါးချက်နောက်၌ ဖိအားများစွာ ထည့်ထားနိုင်သေးသည်လေ၊ အားနည်းနေသော လူတစ်ယောက်ထံမှ ဤကဲ့သို့သော ခွန်အားမျိူး မည်သို့လာနိုင်မည်နည်း။ သူသည် သေချာပေါက်ပင် တာဝန်ယူရမည့်အရေးကို ရှောင်ရှားရန်အတွက် ကြိုးစားနေခြင်းဖြစ်၍ ဤအကြံအစည်ကို ရည်ရွယ်ချက်ရှိရှိနှင့် သရုပ်ဆောင်နေခြင်းဖြစ်ရမည်။
ကံဆိုးချင်သောကြောင့် ဤအချိန်၌ ချင်ဇစ်ရွှယ်ကလည်း ကိစ္စများကို အလွတ်ပေးလိုက်ရန် ဆန္ဒမရှိသေးပေ။
“သူက တကယ်ပဲ အချိန်ကောင်းမှာမှ သတိလစ်သွားတာပဲ။ ဒါပေမယ့် ဘာတွေပဲဖြစ်လာဖြစ်လာ ခင်ဗျားတို့ဆေးရုံက ကျုပ်ကို ရှင်းပြချက်တစ်ခုပေးဖို့ အကြွေးတင်နေတုန်း”
ဒါရိုက်တာလျို့က သူပြောသည်အား ကြားသောအခါ သူက ဒေါသတကြီး တုံ့ပြန်လ်ုက်၏။
“ခင်ဗျားတို့အားလုံး လမ်းဖယ်ပေးစမ်း။ သမားတော်ကန်၊ ခင်ဗျားရဲ့ကျန်းမာရေးက အမြဲတမ်း အရမ်းကောင်းတာပါ။ ဒါက တစ်ခုခုဆိုတာ လူတိုင်းသိတယ်။ ဒါကြောင့် ခင်ဗျား ဟန်ဆောင်နေတာကို ရပ်လိုက်လို့ရတယ်၊ ခင်ဗျား ဒီလိုဆက်ပြီးတော့ ဟန်ဆောင်နေမယ်ဆိုရင်တောင်မှ နောက်ဆုံးမှာတော့ ဒီပြဿနာက စာရင်းရှင်းကို ရှင်းရဦးမှာပဲ။ ခင်ဗျား ဆက်ဟန်ဆောင်နေပြီး တောင်းပန်ဖို့ ငြင်းနေဦးမယ်ဆိုရင် ကျွန်တော်က ဆေးရုံကို ကိုယ်စားပြုပြီး ခင်ဗျားကို ထုတ်ပစ်ရုံပဲ။ ဒါပေမယ့် ခင်ဗျား မထွက်ခင်မှာတော့ ခင်ဗျားလုပ်ထားတဲ့ ဒီအရှုပ်ကို ဖြေရှင်းပေးသွားဖို့ လိုသေးတယ်။ ဒါမှမဟုတ်ရင်တော့ ခင်ဗျား ကျုပ်တို့ကို နစ်နာကြေး ပေးကိုပေးရမယ်”
ဒါရိုက်တာလျို့က ဤသို့ နှောင့်နှေးခြင်းမရှိ ပြောလိုက်သောအခါ သမားတော်ကန်နှင့် ရင်းနှီးသည့် အခြားဆေးရုံဝန်ထမ်းများ၏ အမူအယာက ချက်ချင်းပင် အကျည်းတန်သွားကြသည်။
ဒါရိုက်တာလျို့သည် အမှုဆောင်ဒါရိုက်တာ၏ မြေး ဖြစ်သော်လည်း သူသည် အလွန်ကျိုးကြောင်းဆီလျော်မှုမရှိ ပြုမူနေ၏။ ဤကဲ့သို့ ဆေးရုံတွင် တာဝန်ထမ်းဆောင်ခိုင်းရန် အကြီးအကဲက မည်သို့တွေးမိခဲ့သနည်း။ အကယ်၍ အနာဂတ်တွင် သူသာ ဆေးရုံကို အမွေဆက်ခံပါက သူတို့အဖွဲ့သည် ငြိမ်းချမ်းသည့်ရက်ဟူ၍ တစ်ရက်မျှပင် ထပ်ရှိလာတော့မည် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ဤအချိန်၌ ဤကဲ့သို့သော ဘေးဒုက္ခအောက်တွင် မတန်တဆ ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသည့် သမားတော်ကန်ဖြစ်သည်။
ဤသည်မှာ ကျင်းယွင်ကျောင်းနှင့် ရှန်းကျင်တို့ ဆေးရုံသို့ရောက်သည့်အခါ မြင်လိုက်ရသော မြင်ကွင်းပင်၊ ကန်စုန်ပိုင်သည် ကုလားထိုင်တစ်ခုပေါ်တွင် လဲကျနေပြီး သူ့ မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်နေသည်။ သူ့ ဘေးရှိလူများစွာသည် တွေဝေနေပုံ စိုးရိမ်နေပုံရပြီး အချို့က နေမထိထိုင်မသာ ဖြစ်နေကြကာ အခြားသူများက သူတို့သည် ဤနေရာ၌ ရှိုးပွဲတစ်ပွဲအား စောင့်ကြည့်နေသည့်အလားပင်။
သူမ၏ အဖိုးကန်သည် အမှန်တကယ်ပင် ဤကဲ့သို့အခြေအနေထိရောက်အောင် အနိုင်ကျင့်ညှင်းပန်းခံခဲ့ရသည်အား သူမ စိတ်ကူးပင်မကြည့်နိုင်ချေ။
“သမားတော်ကန်၊ ခင်ဗျား ကျွန်တော်ပြောနေတာ မကြားဘူးလား။ ဒီလို ဆက်သွားနေမယ်ဆိုတော့ ကျွန်တော် ခင်ဗျားကို မျက်နှာသာ ပေးတော့မှာ မဟုတ်ဘူး”
ဒါရိုက်တာလျို့သည် ကန်စုန့်ပိုင်၏ မလှုပ်မယှက်ပုံစံကို စောင့်ကြည့်နေရင်း သူ အမှားလုပ်ခဲ့မိသည်အား ဝန်ခံရန် တုံ့ဆိုင်းနေ၏။
“ပါးစပ်ပိတ်ထား”
ကျင်းယွင်ကျောင်းက တိုက်ရိုက်ပင် လူအုပ်ကြားထဲသို့ ပြေးသွားလိုက်သည်။
Chapter 187 : သားရဲကောင်ထက် ပိုဆိုးသော
ကျင်းယွင်ကျောင်းက လူအုပ်ကို ဖြတ်၍ ရှေ့တိုးသွားလိုက်ကာ မျက်စိစပါးမွှေးစူးအောင် စကားပြောနေသည့် ဒါရိုက်တာအား ဘေးသို့ ဆောင့်ကန်လိုက်ပြီး လမ်းရှင်းခိုင်း၍ ကန်စုန့်ပိုင်၏ ဘေးသို့ အမြန်သွားလိုက်သည်။
သူ၏ သွေးခုန်နှုန်းကို စမ်းလိုက်ပြီးနောက် ၎င်းမှာ အလွန်မြန်နေ၍ ရှန်ဓါတ်များ အလွန်အကျွံ စီးဆင်းနေသည်ကို တွေ့လိုက်ရ၏။
(T/N: တရုတ်တိုင်းရင်းဆေးပညာအရ ရှန်ဓါတ်ဆိုတာ သွေးထဲမှာရှိတဲ့ နှလုံးအတွက် အလုပ်လုပ်ပေးတဲ့ဟာလေးကို ခေါ်တာပါ။)
သူမသည် ကျောပိုးအိတ်ကို အမြန်ပင် ဆွဲယူလိုက်၍ သူမ၏ လက်ကို အထဲသို့ထည့်လိုက်ကာ သူမ၏ နေရာလွတ်နယ်မြေထဲမှ ဂျင်ဆင်းတစ်ခုကို ဆွဲထုတ်လိုက်၍ အဖိုး၏ ပါးစပ်ထဲသို့ ခပ်မြန်မြန် သိပ်ထည့်လိုက်သည်။ ထို့နောက် သူ၏ အပ်စိုက်ရာ နေရာများထဲမှ အချို့ကို ဖိထားလိုက်၏။
ဝိညာဥ်ကျောက်စိမ်းအပိုင်းသည် အပ်စိုက်ကုထုံးခေါင်းစဥ်သို့ မရောက်သေးပေ။ သို့မဟုတ်ပါက သူမသည် ၎င်းကို အသုံးပြုလိုက်ပြီးဖြစ်၏။ အကြောင်းမှာ ၎င်းက ပို၍ ထိရောက်မှုရှိသည့် ရလဒ်များရှိသောကြောင့်ပင်။
ကျင်းယွင်ကျောင်း၏ လုပ်ရပ်များက ထူးဆန်းနေပုံပေါ်သော်လည်း အခန်းထဲရှိ သမားတော်အနည်းငယ်သည် သူမ၏ ရည်ရွယ်ချက်များကို နားလည်စပြုလာကြသည်။
သူတို့အားလုံးသည် ယခင်က သူမကို တွေ့ဖူးကြ၏။ သမားတော်ကန်က ဤသည်မှာ သူ တာဝန်ယူထားသော မြေးမလေးဖြစ်၍ ဆေးပညာနယ်ပယ်တွင် ပါရမီရှင်တစ်ယောက်ဖြစ်သည်ဟု ပြောခဲ့၏။ ထိုအချိန်က သူတို့အားလုံးသည် သူမအား အနည်းငယ်ပင် အထင်သေးခဲ့ကြသည်။ စင်စစ် သူမသည် ငယ်ရွယ်သော ကလေးမလေးတစ်ဥှီးသာ ဖြစ်ရာ သူမသည် ဆေးပညာကို နှစ်ပေါင်း ဘယ်လောက်များများ လေ့လာခဲ့နိုင်မည်နည်း။ သူမက မည်သည့်ပါရမီရှင်အမျိုးအစား ဖြစ်နိုင်သနည်း ဟူ၍သာ။
သိူ့သော် သူတို့ စောင့်ကြည့်နေရင်း အံ့သြထိတ်လန့်ကုန်ကြ၏။
ကျင်းယွင်ကျောင်း၏ လက်လှုပ်ရှားမှုများက အတွေ့အကြုံမရှိသော်လည်း နည်းစနစ်များက ထိပ်တန်းဖြစ်သည်။ သူမသည် အပ်စိုက်ရာနေရာများစွာကို တိတိကျကျနှင့် မှန်မှန်ကန်ကန် ဖိပေးထားခဲ့၏။ သူမက အကြိမ်ရေ အနည်းငယ် ဖိပေးနှိပ်ပေးပြီးသည့်နောက်တွင် ကန်စုန့်ပိုင်၏အသားအရောင်မှာ သိသိသာသာ တိုးတက်လာ၏။ သူ့အသက်ရှုသံများက စည်းချက်မှန်လာပြီး မျက်ခွံများအောက်၌ လှုပ်ရှားမှုရှိလာ၍ သူ သတိလည်လာလုနီးပါး ဖြစ်လာသည်။
သို့ရာတွင် သူတို့သည် ထိုသွေးလွှတ်ကြောနေရာများကို မှတ်မိလျှင်တောင် ဤအသက်ကယ်နည်းမျိုးကို သူတို့မသိကြချေ။ ယခုအခါ ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ဖြစ်၍ ဆေးပညာဗဟုသုတအနည်းငယ်ရှိသူအချို့သည် နားလည်သဘောပေါက်မှုအချို့ ရရှိသွားကြသည်။ သူတို့သည် သူမအပေါ်၌ လေးစားမိသော ခံစားချက်များကို မရပ်တန့်နိုင်တော့ပေ။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ဒါရိုက်တာလျို့ လဲကျနေပြီး သူ့ဟာသူ ကုန်းရုန်းထရပ်ရန် ကြိုးစားနေသည့် နေရာသို့ ဦးတည်လိုက်သည်။ သူက သူမအား လက်ညှိုးငေါက်ငေါက်ထိုး၍ ဒေါသတကြီး အော်လိုက်၏။
“ဒါက ဘယ်မိသားစုက သမီးလဲ။ ဘာလို့ သူက ဒီလောက် အသိဉာဏ်မရှိရတာလဲ”
ချင်ဇစ်ရွှယ်သည် ကျင်းယွင်ကျောင်းအား မြင်လိုက်ပြီးနောက် ခပ်သွက်သွက် ပြောလိုက်သည်။
“ဒါရိုက်တာလျို့၊ ကျုပ် သူ့ကို သိတယ်။ သူက အဲဒီအဖိုးကြီးရဲ့မြေးမလေးပဲ။ သူက သူ့အဖိုး ကျုပ်မိန်းမကို ပြန်ပေးဆွဲတာကို ကူညီပေးတဲ့ ကြံရာပါတစ်ယောက်”
အစောပိုင်းက ကျင်းယွင်ကျောင်းသည် သူမ၏ အဖိုးဆီမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပြီး တစ်ခုခုဖြစ်နေကြောင်း သိထားပြီးဖြစ်၏။ ထို့ကြောင့် အချိန်မဖြုန်းဘဲ သူမသည် ရှန်းကျင်အား သူမ နောက်သို့လိုက်လာစေ၍ ဤနေရာသို့ ရောက်လာကြသည်။
သူတို့သည် သက်ကြီးရွယ်အိုတစ်ယောက်အား ပြဿနာရှာသည်အထိ အရှက်မရှိလိမ့်မည်ဟု တစ်ခါမှ မထင်မိခဲ့ကြပေ။
လက်ရှိအချိန်၌ ရှန်းကျင်သည် သူမကိုယ်တိုင် လူလုံးထွက်မပြသေးပေ။ ကျင်းယွင်ကျောင်းက ကန်စုန့်ပိုင်အား ကုသပေးနေသေးသောကြောင့် ၎င်းက သူတို့အတွက် ရန်ဖြစ်ရမည့်အချိန်မဟုတ်ပေ။ ထို့ကြောင့် သူမသည် စတင်ရန်အတွက် ပို၍ သင့်လျော်သောအချိန်ကို ရှာနေလိုက်သည်။
ချင်ဇစ်ရွှယ်သည် မြေးအဖိုးနှစ်ယောက်အား စိုက်ကြည့်နေ၍ လူအုပ်ကြားထဲ၌ မတ်တပ်ရပ်နေသော ရှန်းကျင်အား သတိမထားမိပေ။
ကျင်းယွင်ကျောင်းသည် ထိုနှစ်ယောက်အား အာရုံမရှိ။ သူမ၏ အေးစက်စက် အမူအယာက လူများအား အဝေးသို့ တွန်းပို့နေသည်။ မိနစ်ပိုင်းမျှကြာပြီးနောက်တွင် အဖိုးအိုသည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အသိစိတ်ပြန်ကပ်လာ၍ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်အား ထိုနေရာ၌ရှိနေသည့် လူတိုင်းက စောင့်ကြည့်နေ၏။ အသက်ရှုသံများအတွင်း၌ သွေးရောင်ရောယှက်နေကာ သူ့ လက်များကပင် တုန်ယင်နေသည်။
အဖိုးအိုသည် နောင်တအနည်းငယ်ရနေ၏။ သူသည် ကျင်းယွင်ကျောင်းအား ကိစ္စများကို ရှင်းရန်အတွက် ရှန်းကျင်ကို ခေါ်လာခွင့် မပြုလိုက်သင့်ပေ။ ဤလူသည် သားရဲကောင်းထက်ပင် ပိုဆိုး၍ ကျင်းယွင်ကျောင်းသည် ငယ်ရွယ်သော မိန်းကလေးတစ်ယောက်သာဖြစ်ပြီး ရှန်းကျင်ကလည်း အိမ်ရှင်မတစ်ယောက်သာ ဖြစ်ရာ ဤအသရေဖျက်မှုကို သူတို့ မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။
“အဖိုး၊ အဖိုး အရင်ဆုံး အနားယူသင့်တယ်။ ဒီကိစ္စကို ကျွန်မကိုင်တွယ်လိုက်ပါ့မယ်။ ကျွန်မကို ယုံပါ”
ကျင်းယွင်ကျောင်း၏ အသံက အနည်းငယ်လေးလံနေပြီး အန္တရာယ်ရှိသည့် အငွေ့အသက်များပါနေသည်။
စကားပြောပြီးသည့်နောက်တွင် သူမသည် ဒါရိုက်တာလျို့နှင့် ချင်ဇစ်ရွှယ်အား လှည့်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများထဲ၌ လူသတ်ချင်စိတ်များ ဖြတ်ပြေးသွားလေသည်။
“ရှင်တို့လိုမျိုး အရွယ်ရောက်နေတဲ့ ယောက်ျားကြီးနှစ်ယောက်က တကယ်ပဲ သက်ကြီးရွယ်အိုတစ်ယောက်ကို အနိုင်ကျင့်နိုင်တယ်ပေါ့။ ရှင်တို့နှစ်ယောက်က အသိတရားမရှိရုံဘဲလို့ ကျွန်မ ထင်ထားခဲ့ပေမယ့် အခုတော့ ရှင်တို့မှာ အရှက်တရားပါ တစ်စက်မှမရှိဘူးဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ချင်ဇစ်ရွှယ်၊ ရှင့်ရဲ့ဆယ်စုနှစ်နဲ့ချီတဲ့ ဘဝအတွေ့အကြုံတွေကို ခွေးတစ်ကောင်ဖြစ်ဖို့ သုံးလိုက်တာပဲနော်။ ရှင်က ရှင့်မိန်းမရဲ့မိသားစုပိုင်ဆိုင်မှုတွေကို ခိုးယူပြီး သူ့ကို နှစ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့ရုံနှင့် မလုံလောက်သေးဘူး။ ရှင့်ရဲ့လက်တွေက ဆေးရုံထိတောင် ရောက်လာသေးတယ်”
“ပိုပြီးရယ်စရာကောင်းတာက ဒီလို အမှန်တရားပုံဖမ်းထားတဲ့၊ အဓိပ္ပါယ်မရှိတာတွေပြည့်နေတဲ့၊ ဟာကွက်တွေပြည့်နေတဲ့ အလိမ်အညာစကားတွေကို ယုံတဲ့သူတွေက တကယ်ကြီး ရှိနေသေးတာပဲ။ သူတော်ကောင်းနဲ့ သူယုတ်မာကို မရှင်းလင်းတဲ့၊ အမှန်နဲ့အမှားကြား မခွဲခြားနိုင်တဲ့ မြင်ကွင်းမျိုး မြင်ရတာက ကျွန်မရဲ့မျက်စိကို တကယ်အလင်းပွင့်သွားတာပဲ။ ဒီမှာရှိကြတဲ့လူတွေရဲ့ အေးစက်တဲ့ နှလုံးသားတွေကိုလည်း ကျွန်မလေးစားပါိတယ်။ ပြီးတော့ ရှင်တို့ထဲမှာ ကျွန်မအဖိုးရဲ့ လူနာအချို့လည်း ပါမယ်လို့ထင်ပါတယ်။ ရှင်တို့ဘဝရဲ့ကယ်တင်ရှင်က ဒုက္ခရောက်နေတဲ့အခါမှ ကိုယ့်ကိုကိုယ် ဘက်မလိုက်ဘဲနဲ့ ခပ်ရှင်းရှင်းပဲ ဖြတ်သွားဖြတ်လာတစ်ယောက် ဖြစ်သွားကြတာ။ ဒါက တကယ်ပဲ ဒီဂျူနီယာလေးကို ရွံတာက လွဲပြီး ဘာမှမခံစားရအောင် ဖြစ်စေပါတယ်ရှင်”
Chapter 188 : အရူး
ယခုအခါတွင် ကျင်းယွင်ကျောင်း၏ ဤလူများအပေါ် သဘောထားသည် အလွန်အမင်း အထင်သေးစက်ဆုပ်ခြင်းနှင့် မုန်းတီးမှုများပြည့်နေ၏။
ဤလူများနှင့် မသက်ဆိုင်ပါက သူမသည် ကိစ္စကို လွှတ်ထားလိုက်မည်ဖြစ်သည်။ တကယ်တမ်း လူတိုင်း၌ အတင်းပြောချင်စိတ်ရှိ၍ အမှန်တရားကို သတိမထားမိဘဲ ဖြတ်သွားဖြတ်လာများကဲ့သို့ နေခြင်းက သူတို့အတွက် အမှား မဟုတ်ပေ။ သို့သော် အဖိုးကန်သည် ဤဆေးရုံ၌ ဆယ်စုနှစ်များပေါင်းများစွာ အလုပ်လုပ်လာခဲ့သည်ဖြစ်၍ သူ့ အကျင့်သီလဖြူစင်မှုကို သိသောသူတစ်ယောက်မှ မရှိနိုင်စရာ အကြောင်းမရှိဘူး မဟုတ်လား။
ဤလူအုပ်အတွင်း၌ သူ့ လူနာဖြစ်ခဲ့ဖူးသူ သို့မဟုတ် ဖြစ်ကြသူအချို့ ရှိသည်။ ဤနေရာ၌ သူ့ လမ်းညွှန်မှုကို တစ်ကြိမ်တစ်ခါ ခံယူဖူးသည့် နယ်ပယ်တူမှ လူများလည်း ရှိ၏။ ဒါတောင် သူလိုအပ်နေတဲ့အချိန်မှာ သူတို့က လက်ကလေးတစ်ဖက်တောင် ကမ်းမပေးနိုင်ဘူးလား။
အကယ်၍ သူ့အား ကယ်တင်မည့် အတွေးရှိသူအချို့ အမှန်တကယ် ရှိသည်ဆိုလျှင်တောင်မှ အဆုံးတွင်မူ ဘယ်သူကမှ မလှုပ်ကြပေ။
လူတစ်ယောက်သည် အသက်ကြီးလာသည်နှင့်အမျှ သူတို့ခန္ဓာကိုယ်သည် ဒဏ်ခံနိုင်စွမ်းနည်းလာ၍ ကိစ္စများအပေါ် သည်းခံနိုင်စွမ်းလည်း လျှော့နည်းလာသည်။ ဤသည်မှာ လူတိုင်းသိသည့် သာမန်ဗဟုသုတဖြစ်၏။ ဘာမှမလုပ်ပေးဘဲနေသော စက္ကန့်တိုင်းသည် အဖိုးကန်၏ ကျန်းမာရေးအား အန္တရာယ်တစ်ဆပိုတိုးလာခြင်းနှင့် ညီမျှသည်။ ဒါကို သူတို့ မသိဘူးလား။ ၎င်းက သူတို့သည် သူတို့၏ ကိုယ်ပိုင်အကျိုးအမြတ်ကိုသာ ထည့်စဥ်းစား၍ ပြဿနာထဲ၌ ပါဝင်ပတ်သတ်မိမည်ကို ကြောက်၍ ဖြစ်ကြောင်းက ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှားပေ။
ကျင်းယွင်ကျောင်း၏ စကားလုံးများက သမားတော်ကန်နှင့် ရင်းနှီးသူများ၏ မျက်နှာများအား နီရဲလာအောင် လှုံ့ဆော်ပေးနေ၍ သူတို့၏ နှလုံးသားများကလည်း မလုံမလဲ ခံစားနေရသည်။
ထိုအချိန်မှာပင် ဒါရိုက်တာလျို့သည် ဒေါသထွက်၍ မချင့်မရဲဖြစ်လာ၏။
“မင်းက သမားတော်ကန်ရဲ့မြေးလား။ မင်းမှာ ဒီလိုထက်မြက်တဲ့ လျှာရှိပြီးတော့ ငါတို့ကို အမှားအမှန် မခွဲခြားနိုင်ဘူးလို့တောင် ပြင်းပြင်းထန် ပြောလိုက်သေးတယ်လား။ ဒီက ညီမလေး၊ မင်းရဲ့အပြုအမူက မင်းရဲ့မိသားစုကို ဘယ်လိုအကျိုးစီးပွားမှ ယူဆောင်မပေးနိုင်ဘူး”
“ရှင့်ကို ချင်ဇစ်ရွှယ်က ဒါရိုက်တာလျို့လို့ ခေါ်တာ ကျွန်မ ကြားလိုက်တယ်။ မှန်လား”
ကျင်းယွင်ကျောင်း၏ အမူအယာက အေးစက်နေဆဲဖြစ်ပြီး သူမက မေးလိုက်သည်။
ဒါရိုက်တာလျို့က ကြောင်အ,သွားကာ မေးခွန်းအား အသိအမှတ်ပြုသည့် အသံတစ်ခု အလိုအလျောက် ပြုလိုက်မ၏။
“ဒါဆိုရင် ရှင့်လိုမျိုး အရူးတစ်ယောက်က ဘယ်လိုလုပ် ဒါရိုက်တာတစ်ယောက် ဖြစ်လာနိုင်တာလဲ။ ဆွေမျိုးကောင်းစားရေးဝါဒလား။ ရှင်က အမှုဆောင်ဒါရိုက်တာနဲ့ အိပ်ခဲ့တာလား။ ဒါမှမဟုတ် သူ့မိန်းမတောင် ဖြစ်ရင်ဖြစ်နေမလား”
ကျင်းယွင်ကျောင်းက လုံးဝ ငဲ့ညာမှုမရှိပေ။
ပြောလိုက်သမျှတိုင်းက သူတို့၏ ခေါင်းထဲသို့ ဝင်သွားသည်လား။ ချင်ဇစ်ရွှယ်တစ်ယောက်တည်းကသာ ဘာလုပ်ရမည်ဆိုတာကို သိသည်မဟုတ်ပေ။
“မင်းက အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာပဲ၊ ရိုသေလေးစားမှုမရှိဘဲ အသိဥာဏ်မရှိလိုက်တာ။ ငါ မင်းကို ပြောပြမယ်၊ ငါ့ရဲ့အဖိုးက ဒီဆေးရုံရဲ့ အမှုဆောင်ဒါရိုက်တာ။ သူ့မိန်းမက ငါ့အဖွားပဲ”
ဒါရိုက်တာလျို့က ဒေါသတကြီးဖြစ်နေသည်။
ပြိုင်ဘက်သည် မရင့်ကျက်သေးသောသူတစ်ယောက် ဖြစ်သည်မှာ သိသာသောကြောင့် သူ အကြမ်းပတမ်း မလုပ်နိုင်သည်မှာ အသေအချာပင်။ ထို့အပြင် အစောပိုင်းက သူသည် ကန်စုန့်ပိုင်က ဟန်ဆောင်နေသည်ဟု ထင်ခဲ့သော်လည်း သူ စောင့်ကြည့်လိုက်သောအခါ ကန်စုန့်ပိုင်သည် အမှန်တကယ်ပင် ဒေါသထွက်လွန်း၍ မေ့မျှောသွားမှန်း အသိအသာ ဖြစ်သည်။ အကယ်၍ ဤလူအိုကြီးသာ တစ်ခုခုဖြစ်သွားပါက နောက်ပိုင်း၌ သူသည် သူတို့အား နစ်နာကြေးပေးရန် လိုအပ်နေလိမ့်ဦးမည်။ ၎င်းက မတန်ပေ။
“အဲဒီလိုလား။ ရှင့်လိုမျိုး မလောက်လေးမလောက်စားက ဒီနေ့ ရှင့်နေရာထိ တက်လာနိုင်ခဲ့တာ မအံသြတော့ပါဘူး”
ကျင်းယွင်ကျောင်းက ခဏမျှရပ်၍ အသက်ရှုလိုက်ပြီးနောက် ဆက်ပြောပြန်သည်။
“ဒါရိုက်တာတစ်ယောက် အနေနဲ့ ရှင့်မှာ တာဝန်ယူမှု၊တာဝန်ခံမှု အများကြီး ရှိရမယ်။ ဒါ့အပြင် ရှင်က အမှုဆောင်ဒါရိုက်တာရဲ့ မြေးလည်း ဖြစ်တယ်။ ရှင် စာရင်းစစ်တဲ့နေရာနဲ့ ဆေးပင်တွေကို ငွေချေတဲ့ နေရာမှာပဲ အမြဲတမ််းပါနေတာလို့ ကျွန်မ မှတ်ယူလိုက်ရမလား။ ရှင့်လို ရွေးပြီး နားထောင်တတ်ပြီးတော့ ဒီလိုမျိုး တရားသေအမြင်တွေရှိတဲ့ လူတစ်ယောက်ဖြစ်နေရင် ရှင့်ရဲ့ လက်အောက်ငယ်သားတွေက သူတို့ရဲ့အထက်လူကြီးတွေကို လိမ်ညာဖို့ လွယ်မယ်၊ ပြီးတော့ အမှောင်ထဲက သူတို့ရဲ့ကိုယ်ပိုင် လက်အောက်ငယ်သားတွေနဲ့ အပေါင်းအသင်းတွေနဲ့လည်း ဆက်နေဖို့ လွယ်မယ်။ ဘယ်သူသိမှာလဲ၊ ရှင့်ရဲ့ဆေးရုံကို သွင်းတဲ့ပစ္စည်းတွေမှာတောင် တစ်ခုခုမှားနေနိုင်တယ် မဟုတ်လား။ သာဓကအနေနဲ့ ရှင့်ရဲ့ပတ်တီးလိပ်တွေက ပိုးမွှားတွေနဲ့ပြည့်နေနိုင်တာမျိုး၊ ဒါမှမဟုတ် ရှင့်ရဲ့ဆေးပင်တွေက တကယ်ပဲ ပစ္စည်းအညံ့တွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်၊ ဒီလိုမျိုး ကိစ္စတွေပေါ့။ ရှင် သဘောမတူဘူးလား”
ဒါရိုက်တာလျို့၏ အမူအယာက အစိမ်းရောင်ပြောင်းသွား၍ သူသည် သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်သည်။
“အသရေဖျက်နေတာ။ မင်းက ငယ်သေးလို့ ဥပဒေက မင်းကိုခွင့်လွှတ်ပေးမယ်လို့ အဓိပ္ပါယ်မရဘူးနော်။ ငါက တရားရုံးမှာ ငါတို့ဆေးရုံကို ကိုယ်စားပြုပြီး မင်းရဲ့ဒီစကားတွေအတွက် မင်းကို တာဝန်ယူခိုင်းမယ်”
“တကယ်လား။ ဒါဆိုရင် ခုနက ရှင်တို့ဘာလုပ်နေကြတာလဲ။ ချင်ဇစ်ရွှယ်က ကျွန်မအဖိုးရဲ့ဂုဏ်သတင်းကို ထိခိုက်စေတဲ့ ကောလဟာလတွေ ဖြန့်တယ်။ ပြီးတော့ ဒါကို ကြည့်ရတာ အနည်းဆုံးတော့ ရှင်လည်း ကြံရာပါတစ်ယောက် ဖြစ်နိုင်တယ်။ ဒါ့အပြင် ကျွန်မက ဘယ်အသရေဖျက်တာကို ပြောခဲ့တာလဲ။ ကျွန်မက ကျွန်မရဲ့စိိတ်ပူမှုတွေနဲ့ယူဆချက်တွေကို ရိုးရိုးလေးပြောခဲ့ရုံပါပဲ”
ကျင်းယွင်ကျောင်း၏ စကားလုံးများက မုန်းတီးရွံရှာမှုများ စွက်နေသည်။
အမျိုးသားသည် ဒေါသထွက်လွန်းသောကြောင့် သူ့ မျက်နှာတစ်ခုလုံးက အမည်းရောင်ပြောင်းသွားသည်။ ဤကောင်မလေး၏ တုံ့ပြန်မှုက အလွန်မြန်ဆန်လိမ့်မည်ဟု သူ တစ်ခါမှ မထင်မိခဲ့ပေ။
သူသည် ဆေးရုံအား အကာအကွယ်တစ်ခုအနေနှင့် ဆက်သုံး၍ မရတော့ကြောင်း သူ့ စိတ်ထဲမှ နားလည်သွားသည်။ သူက ထိုအကြောင်းကို တွေးလိုက်ပြီးနောက် သူမဆီသို့ ဦးတည်၍ ကြေညာလိုက်သည်။
“ဒါရိုက်တာတစ်ယောက်အနေနဲ့ ငါတို့ရဲ့ဆေးရုံအတွင်းထဲက ကပ်ပါးပိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ငါ့မှာ တာဝန်ရှိတယ်။ မင်းရဲ့အဖိုးက အခြားသူရဲ့ဇနီးကို ခိုးယူခဲ့တယ်။ အခု သူရဲ့ခင်ပွန်းက ငါတို့ရဲ့တံခါးတွေကို လာခေါက်နေပြီ။ ဒါက လိမ်နေတာ ဖြစ်နိုင်လား”
ချက်ချင်းပင် လူအုပ်ကြီး၏ အကြည့်များက ချင်ဇစ်ရွှယ်အပေါ်သို့ ဦးတည်ရာ ပြောင်းသွား၏။
“ကလေး၊ ငါ့ရဲ့ဇနီးကို ငါ့ဆီပြန်ပေးဖို့ တောင်းပန်ပါတယ်။ ငါ သူ့ကို တကယ်ချစ်တာပါ။ ပြီးတော့ သူ မရှိဘဲနဲ့ မနေနိုင်ဘူး။ အားလုံးက ငါ့အမှားတွေပါ၊ ငါ သူနဲ့ သဘောထားမကွဲလွဲခဲ့သင့်ဘူး။ ငါ သူ့ကို တွေ့တာနဲ့ ကောင်းကောင်းမွန်မွန် တောင်းပန်မယ်လို့ ကတိပေးပါတယ်။ အဆင်ပြေလား”
ချင်ဇစ်ရွှယ်က အပြစ်ကင်းချင်ယောင်ဆောင်၍ အသနားခံလိုက်သည်။