အခန်း (၁၈၉-၁၉၂)
Vol. 10 Ch. 189-192
Chapter 189 : ကလိမ်ကကျစ်ကောင်တွေမှာ အခွင့်အရေးတောင် ရှိလို့လား
ကျင်းယွင်ကျောင်းက လှောင်ပြောင်ရယ်မောလိုက်ပြီး ချင်ဇစ်ရွှယ်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း ဂရုတစိုက်လှမ်း၍ လျှောက်သွားလိုက်သည်။
သူမ ကိုယ်လုံးကိုယ်ပေါက်မှာ ပျော့ပြောင်းသော်လည်း သူမ၏ ခြေလှမ်းတိုင်းက မမြင်နိုင်သော ဖိအားတစ်ခုကို ပေးစွမ်းနေ၏။ သူမ၏ မျက်လုံးအစုံမှာ သံမဏိကဲ့သို့ ခိုင်မာနေ၍ အသံတိတ် လေးနက်မှုတစ်ခုကို ပေးစွမ်းနေပြီး အကြည့်တစ်ချက်နှင့်ပင် လူသတ်မှုကျူးလွန်နိုင်သည့်အလားပင်။ ၎င်းက လူများ၏ နှလုံးသား ဗဟိုချက်အား တိုက်ရိုက်တိုက်ခိုက်နိုင်၍ လူများအား ထိတ်ထိတ်ပျာပျာ ဖြစ်စေပြီး သူတို့အရေပြားများပေါ်၌ ကြက်သီးမွေးညှင်းများ ထလာစေသည်။
“ကလစ်ကကျစ်ကောင်တွေမှာ အချစ်အကြောင်းကို ပြောဖို့ အခွင့်အရေးတောင် ရှိရဲ့လား”
ကျင်းယွင်ကျောင်းက စိမ်းစိမ်ကားကား မေးလိုက်၏။
“ချင်ဇစ်ရွှယ်၊ ရှင်က အသက်နှစ်ဆယ့်သုံးနှစ်မှာ ရှန်းကျင်ကို လက်ထပ်ခဲ့တယ်။ ဒါပေမယ့် ရှင်တို့လက်ထပ်ပြီးတဲ့နောက် နှစ်နှစ်အတွင်းမှာ ရှင်က ရှင့်ရဲ့အလုပ်အကိုင်ကို ကျေနပ်မှုမရှိခဲ့ဘူး။ ရှန်းကျင်က သူ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းကို အမွေဆက်ခံပြီး အလုပ်အမှုဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။ သူ့ရဲ့အဖေ သေခါနီး အိပ်ယာပေါ်လဲနေတုန်းက ရှင်က သွေးနားထင်ရောက်ပြီး ကျေနပ်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ ရှန်းကျင်က ရှင့်ကို ကုမ္ပဏီထဲ ဆွဲခေါ်လာပြီးတော့ ကုမ္ပဏီကို တစ်စိတ်တစ်ပိုင်းအုပ်ချုပ်ခွင့်ပေးခဲ့တယ်”
“ဒါပေမယ့် ရှင်ကတော့ မကျေနပ်သေးဘူး။ ရှင်နဲ့ရှင့်အမေက ရှန်းကျင် ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ သူ့ကို ဆန့်ကျင်ဖို့ အကွက်ချကြံစည်ခဲ့ကြပြီး စာရွက်စာတမ်းတွေ အားလုံးကို သူ လက်မှတ်ထိုးပေးအောင် လုပ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရှင်က ကုမ္ပဏီရဲ့ဘဏ္ဍာတွေကို လက်တွေ့မှာ ကုမ္ပဏီက အခွံလွတ်တစ်ခုဖြစ်သွားတဲ့အထိ ရွေ့ပြောင်းပစ်ခဲ့တယ်”
“ကျွန်မတို့က ကုမ္ပဏီရသွားတာကို ဘာအတွက်မှ ထည့်မတွက်ပေမယ့် ရှင်က ရှင့်ရဲ့အမေကို ရှင့်ရဲ့ပထမဆုံးမိန်းမကို ဟွားနင်ခရိုင်မှာနေဖို့ ခေါ်သွားခွင့်ပြုပြီး ရှင်ကတော့ နောက်ကွယ်ကနေ မရိုးမဖြောင့် ပြုမူဖို့ နင်းမြို့တော်မှာ နေခဲ့တယ်။ အပြင်လူတွေအားလုံးက ရှင့်ကို တာဝန်ကျေတဲ့ ခင်ပွန်းတစ်ယောက်လို့ ထင်ကြပေမယ့် တကယ်တမ်းမှာတော့ ရှင်က မိန်းမတစ်ယောက်အပေါ်မှာ မှီခိုမှုမရှိဘဲ မရှင်သန်နိုင်တဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပဲလေ။ ရှင်က သေသွားမယ်ဆိုရင်တောင်မှ ဒါကို ဝန်ခံမှာ မဟုတ်ဘူး မလား”
“ရှင်က ရှန်းကျင်းကို ရှင့်ရဲ့အမေအရင်းနောက်ကို လိုက်အောင် လုပ်ဖို့အတွက်လည်း သူ့အမေရဲ့ရောဂါကို အကြပ်ကိုင်မှုတစ်ခုအနေနဲ့ သုံးခဲ့လို့ သူက ရှင့်အမေရဲ့အစေခံတစ်ယောက်လိုသာ နေပေးနိုင်ခဲ့တယ်။ ချမ်းသာပြီးတော့ အင်အားရှိတဲ့ မမလေးနဲ့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုရဲ့ စွမ်းဆောင်ရည်ရှိတဲ့ သူဌေးတစ်ယောက်က ရှင်တို့ရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ပိန်လှီဝါဖျော့ပြီးတော့ လူမဟုတ် သရဲမဟုတ် ပုံစံမျိုးဖြစ်သွားခဲ့တယ်။ ရှင့်ရဲ့ယုတ်မာတဲ့ချုပ်ကိုင်မှုတွေကနေ လွတ်မြောက်ဖို့ သူ့အတွက် မလွယ်ကူခဲ့ဘူး။ ဒါတောင်မှ ရှင်က အရေထူပြီးတော့ သူ့ကို ချစ်တယ်လို့ ပြောရဲသေးတယ်လား”
ချင်ဇစ်ရွယ်က ကျင်းယွင်ကျောင်းသည် ဤကိစ္စကို ဤမျှအသေးစိတ် လေ့လာထားလိမ့်မည်ဟု တစ်ခါမှ မတွေးမိသဖြင့် အသံတိတ်နေသည်။
ထိုအခြေအနေအား အခွင့်ကောင်းယူ၍ ရှန်းကျင် ထွက်လာ၏။
“အားလုံးပဲ။ ကျွန်မက ချင်ဇစ်ရွှယ်ပြောတဲ့ ဇနီးဆိုတာပါ”
ရှန်းကျင်၏ အမူအယာက ရှုပ်ထွေးနေပြီး စတင်၍ မိတ်ဆက်လိုက်သည်။
“ရှန်းကျင်၊ အားကျင်၊ နောက်ဆုံးတော့ ကိုယ် မင်းကို ရှာတွေ့ပြီ”
ချင်ဇစ်ရွှယ်က ကြောင်အ,နေသော်လည်း သူသည် ချက်ချင်းပင် တစ်စက္ကန့်အတွင်း၌ သူ့ကိုယ်သူ ရှန်းကျင်ဆီသို့ ပစ်ဝင်လိုက်၏။
ရှန်းကျင်က တွေဝေခြင်းမရှိဘဲ သူမ၏ လက်ကို လွှဲလိုက်၍ သူ့အား ပါးတစ်ချက်ချလိုက်သည်။
“သူတောင်းစား”
“ရှင် ကျွန်မကို ဘာလို့ ရှာနေတာလဲဆိုတာကို ကျွန်မ မသိဘူးလို့ ရှင်က ထင်နေတာလား။ ကျွန်မ ရှင့်ကို ပြောလိုက်မယ်။ ကျွန်မ ဘယ်တော့မှ ရှင့်ကို ကူညီပြီး အကြီးအကဲထန်ကို အသနားခံပေးမှာ မဟုတ်ဘူး။ ရှင်က ကျွန်မကို နှစ်ပေါင်းများစွာ နာကျင်စေခဲ့တယ်။ ဒါတောင် ရှင်က ရှင့်ရဲ့ကုမ္ပဏီကို ကယ်ဖို့ ကျွန်မရဲ့အဆက်အသွယ်တွေကို သုံးချင်သေးတာလား။ မဖြစ်နိုင်ဘူး”
ရှန်းကျင်၏ ပြောကြားချက်သည် အမှန်တရားတစ်ခုလုံးကို အနှစ်ချုပ်ထားခြင်းဖြစ်သည်။
ကျင်းယွင်ကျောင်းက အခြေတည်ပြောကြားချက်နှင့် ရှန်းကျင်၏ အတွင်းရေးဖွင့်ချချက်က ဤနေရာရှိ လူတိုင်း၏ ကြားတွင် နားလည်သဘောပေါက်မှုတစ်ခုကို ဖန်တီးပေး၍ သူတို့အား ဒေါသထွက်လာစေ၏။
မူလကတည်းက ဤပြဿနာသည် ထူးဆန်းသောအချက်အချို့ရှိ၏။ အဖိုးအိုသည် အသက်အရွယ်ကြီးပြီဖြစ်ကာ အေးချမ်း၍ သဟဇာတဖြစ်အောင် နေတတ်ပြီး အခြားသူများ၏ ဆက်ဆံရေးကို ကြားဝင်စွက်ဖက်သည့်သူနှင့် သူက မတူပေ။ အမှန်မှာ ဤနေရာရှိ လူတိုင်းသည် အပျော် ပွဲကြည့်ရန်အတွက်သာ ရောက်လာကြခြင်းဖြစ်၍ သူတို့၏ စိတ်ထဲ၌ တစ်ဝက်သာ ယုံကြည်နေကြ၏။ သို့သော် ဇာတ်လမ်း၏ အခြားပုံစံတစ်မျိုးက သူတို့၏ နှလုံးသားများအား လှုံ့ဆော်ပေးလိုက်သည်။
သူတို့ ယုံကြည်ဖို့ကြိုးစားခဲ့တဲ့သူက တကယ်ပဲ လူ့အရေခြုံထားတဲ့ သားရဲကောင်တစ်ကောင်လား။
သူတို့သည် ဤဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် အမျိုးသားက သူ့ ဇနီးအကြောင်းကိုသာ ဆက်တိုက်ပြောနေသည်ကို မြင်ခဲ့ရ၍ ကောင်းကင်ဘုံက သူ့အား အမှန်တကယ်ပင် တရားမမျှတမှုတစ်ခုကို ပေးသည်ဟု တွေးခဲ့ကြသည်။ သို့သော် သူက တကယ်ကြီး ဒီလိုလူတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။
သူသည် အောင်မြင်မှုလမ်းကြောင်းပေါ်တွင် လျှောက်ရန်အတွက် သူ့ ဇနီးအား အသုံးချခဲ့သည့် အချက်ကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင်တောင် သူက ကိစ္စများပြီးသွားပြီးနောက်တွင် သူမအား အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး သူ့ ဇနီးဖြစ်သူအား နေ့စဥ့်နေ့တိုင်း အညှင်းဆဲခံရစေရန် သူမ၏မကောင်းဆိုးဝါးဆန်သော ယောက္ခမဖြစ်သူနှင့်ပင် သူမအား သွားနေစေခဲ့သည်။
သူ၏ သူမအား အသည်းအသန်လိုက်ရှာနေခြင်းမှာလည်း အမှန်တကယ်ပင် သူမအား နောက်တစ်ကြိမ်ထပ်မံ၍ အမြတ်ထုတ်ရန်ဖြစ်၏။
“အားကျင်၊ မင်း အဲဒီအဖိုးကြီးရဲ့ ဦးနှောက်ဆေး ခံထားရပြီးသွားပြီ။ သူက မင်းကို ဘာပေါက််ကရတွေ ပြောခဲ့တာလဲ။ ကိုယ်က မင်းရဲ့ခင်ပွန်းနော်”
ချင်ဇစ်ရွှယ်က စိုက်ကြည့်လိုက်သည်။
“ကျွန်မတို့ရဲ့ ကွာရှင်းတဲ့လုပ်ငန်းစဥ်တွေက မပြီးသေးဘူးလား။ ချင်ဇစ်ရွှယ်၊ ရှင်က တကယ်ကို ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ သိတာပဲ။ အဲဒီအချိန်တုန်းက ကျွန်မ ဒါကို သတိမထားမိခဲ့တာ နှမြောစရာကောင်းတယ်။ မဟုတ်ရင် ကျွန်မက တစ်သက်လုံး တစ်ကိူယ်တည်းသမားဖြစ်ရမယ်ဆိုရင်တောင်မှ ရှင့်လိုမျိုး ဆန်ကုန်မြေလေးကိုတော့ ဘယ်တော့မှ ယူဖြစ်ခဲ့မှာမဟုတ်ဘူး”
ရှန်းကျင်က ဆက်ပြောလိုက်ပြီး သူမ အသံက ကြမ်းတမ်းနေ၏။
“ကျွန်မကို လာရှာဖို့အတွက် ရှင့်ရဲ့စွမ်းအင်တွေကို ဖြုန်းတီးနေလည်း ရှင့်အတွက် အသုံးဝင်မှာ မဟုတ်ဘူး။ ရှင် နှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့တဲ့ ကုမ္ပဏီက နဂိုကတည်းက မသန့်ရှင်းဘူး၊။ နောက်ဆုံးမှာ ဖြစ်လာတဲ့ပြဿနာတွေက ရှင်နဲ့ထိုက်တန်တာပဲလေ။ အို ... ဟုတ်သားပဲ။ ခုန ကျွန်မ ဒီကိုမရောက်ခင်က ဖုန်းကောလ် တစ်ကောလ် လက်ခံလိုက်ရတယ်။ ကျွန်မတို့စကားပြောနေတုန်းမှာပဲ ရှင့်ရဲ့အကြွေးတွေကိုတောင်းဖို့ နင်းမြို့တော်က ရှင့်ရဲ့ဗီလာကို ဦးတည်ပြီး သွားနေတဲ့သူ ရှိတယ်တဲ့။ ရှင်ကတော့ ပြဿနာတွေ ဖန်တီးပြီး အရမ်းပျော်နေတာ။ ဒါပေမယ့် အိမ်မှာ အဖွားကြီးတစ်ယောက်တည်း ကျန်ခဲ့တာနော်။ အခုချိန် ဘာဖြစ်နေမလဲ ကျွန်မ သိချင်လိုက်တာ”
Chapter 190 : ရည်မှန်းချက်
ချင်ဇစ်ရွှယ်၏ ကုမ္ပဏီသည် မသေးငယ်သော်လည်း ထန်မိသားစုအတွက်မူ ဖျစ်ညှစ်ထားသည့် နှမ်းစေ့တစ်စေ့နှင့် ဖရဲသီးတစ်လုံး ကဲ့သို့ ကွာဟချက်ရှိနေသည်။ သူတို့အရှေ့၌ သူ့ စီးပွားရေးလုပ်ငန်းသည် တောင့်ခံနိုင်စွမ်း နည်းနည်းလေးပင် ရှိမနေခဲ့။
တစ်ရက်တာအချိန်ကာလအတွင်းမှာပင် နင်းမြို့တော်၌ ကိစ္စများစွာ ဖြစ်ပျက်သွား၏။
ချင်ဇစ်ရွှယ်သည် ရှန်းကျင်က သူ့ အမေအကြောင်း ပြောလိုက်သည်ကို ကြားသောအခါ သူ့ ရပ်တည်ချက်က ယိမ်းယိုင်သွားပြီး မျက်လုံးများက ပေါက်ထွက်လုမတက် ပြူးကျယ်လာကာ သူမအား အရှင်လတ်လတ် မြိုချပစ်ချင်နေသည့်အလားပင်။
သို့သော် သူ တောင့်ခံထားရန်လိုအပ်သေးသည်။ သူ ရမ်းကားကြမ်းတမ်းလို့ ရသော အခြေအနေသို့ အခုထိ မရောက်သေးပေ။
“အားကျင်၊ ကိုယ့်အမေရဲ့ခန္ဓာကိုယ်က မကောင်းတော့ဘူး။ ပြီးတော့ သူက အသက်လည်း ကြီးနေပြီ။ ဒါကြောင့် သူ့ကို ခဏတစ်ဖြုတ် ဂရုစိုက်ပေးဖို့အတွက် ကိုယ်က မင်းကို သူနဲ့အဖော်ပြုခိုင်းခဲ့တာပါ။ ဒီအတွက်ကြောင့် မင်းမှာ မကျေနပ်ချက်တွေအများကြီး ပေါက်ဖွားလာလိမ့်မယ်လို့ ကိုယ်တစ်ခါမှ မတွေးခဲ့မိဘူး။ မင်း စိတ်ဆိုးနေတာကို ကိုယ်နားလည်ပါတယ်။ မင်းနဲ့ မင်းရဲ့စိတ်အပြောင်းအလဲတွေနောက်ကို ကိုယ် ဘယ်လိုလိုက်ရမလဲ။ မင်း ကိုယ့်ကို ခွင့်လွှတ်နေသရွေ့တော့........”
ချင်ဇစ်ရွှယ်က သူ့ လမ်းစဥ်ကို မပြောင်းလဲဘဲ ဆက်ပြောပြန်သည်။
“နောက်ကျလွန်းသွားပြီ။ ရှင် ကယောင်ကတမ်းတွေ ဆက်မပြောခင်မှာ ရှင့်ရဲ့ရုံးကို ဖုန်းခေါ်ပြီး သူတို့ကို အခြေအနေလေး တစ်ချက်လှမ်းမေးဖို့ ကျွန်မ အကြံပေးလိုက်မယ်”
ကျင်းယွင်ကျောင်းက ဘေးမှနေ၍ သူ့ကို အေးစက်စက် သတိပေးလိုက်၏။
သူမ့ သတိပေးချက်ကြောင့် ချင်ဇစ်ရွှယ်၏တစ်ကိုယ်လုံး ကြောက်စိတ်ဖြင့် မလှုပ်ရှားနိုင် ဖြစ်သွားသည်။
သူ့ ဖုန်းကို ထုတ်လိုက်ရာ မရေမတွက်နိုင်သည့် ဖုန်းခေါ်ဆိုထားမှုများကို မြင်လိုက်ရ၏။ ခုနက ဆူညံသံများကို ကျော်၍ သူ ဘာကိုမှ မကြားနိုင်ခဲ့သောကြောင့် ဖြစ်ပုံရလေသည်။
အကြောင်းစုံသိရှိရန်အတွက် မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပြီးနောက်တွင် သူ့ အမူအယာမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလားဖြစ်သွား၏။
‘ငါတော့ အဆုံးသတ်သွားပြီ...အရာအားလုံး ပြီးသွားပြီ’
ဒေဝါလီခံရပြီး ကုမ္ပဏီ၏ ရင်းမြစ်များအားလုံးနှင့် နင်းမြို့တော်ရှိ သူ့ ဗီလာများပါ အသိမ်းခံလိုက်ရသည်။
သိမ်းတယ်တဲ့လား။ ထိုနေရာအထိ နားလည်သွားပြီးနောက် ချင်ဇစ်ရွှယ်၏ခန္ဓာကိုယ် တစ်ခုလုံးက တုန်ခါလာသည်။ အဖွားအိုသည် ထိုနေရာ၌ ရှိနေသေး၏။ ဒါက သူ့ကိုလည်း ခေါ်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်လား။ သူမ မောင်းထုတ်ခံရပြီး တစ်ချိန်တည်းမှာပင် အကြွေးရှင်များ၏ ပြစ်တင်မှုများကို ရင်ဆိုင်ခဲ့ရသည်လား။
ချင်ဇစ်ရွှယ် ထိုကဲ့သို့သော အတွေးကြောင့် လုံးလုံးလျားလျား မှင်သက်နေမိသည်။ အရာအားလုံးက အလွန်လျင်လျင်မြန်မြန် ဖြစ်ပျက်သွားမည်ဟု သူ တစ်ခါမှ မထင်မိခဲ့ပေ။
သို့ရာတွင် ၎င်းက ထန်မိသားစု၏ အစွမ်းပင်။ သူသည် ကြုံတောင့်ကြုံခဲ ထန်မိသားစု၏ အာရုံတစ်ခု ဖြစ်လာခဲ့၍ အနန္တငရဲသို့ ပို့ဆောင်ခံလိုက်ရလေပြီ ဖြစ်သည်။
ရယ်ရသည်က သူသည် ဟွားနင်ခရိုင်၌သာ ရှိနေခဲ့ပြီး သူ ရှန်းကျင်ကို ပြန်ရအောင် ယူနိုင််သရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု တွေးနေခဲ့ခြင်းပင်။
“အဆိပ်ပြင်းတဲ့ မိန်းမ”
ချင်ဇစ်ရွှယ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ရှန်းကျင်ကို ကန်ရန်အတွက် သူ့ ခြေထောက်ကို မြှောက်လိုက်သော်လည်း ရှန်းကျင်အား ကျင်းယွင်ကျောင်းက အချိန်မီ ဝင်ကယ်လိုက်သည်။ သူမလက်ချောင်းများက သူ့ လက်ဖမိုးအား ဖြတ်ကျော်သွားသောအခါ လူအုပ်ကြီးသည် အသည်းခိုက်စဖွယ် ‘ဂျွတ်’ ခနဲ မြည်သံကိုသာ ကြားလိုက်ကြရသည်။ ထို့နောက် သူမ၏ တံတောင်ဆစ်က သူ့ နောက်ကျောအောက်ဘက်ကို ဖိထားကာ သူ့ ပေါင်များဆီသို့ တစ်ချက်ဆောင့်ကန်လိုက်၏။ နောက်တစ်စက္ကန့်အတွင်းမှာပင် ချင်ဇစ်ရွှယ်သည် ကြမ်းပြင်ပေါ်သို့ ‘ဘုန်း’ ခနဲ ဒူးထောက်ရက် ကျသွားသည်။
ဖြစ်စဥ်တစ်ခုလုံးက စောင့်ကြည့်နေသော သူများကိုပင် သူ့ နာကျင်မှုအား ခံစားရမိစေ၏။
ကျင်းယွင်ကျောင်း၏ လုပ်ရပ်များမှာ ရင်သပ်ရှုမောဖွယ်ဖြစ်သော်လည်း သူမ၏ လှုပ်ရှားမှုများက လျင်မြန်လွန်းသဖြင့် သူတို့အား သွေးလေခြောက်ခြားမှုကြောင့် မရှိသည်ကို အရှိဟု မြင်လိုက်ရသည့်သဖွယ် ဖြစ်စေခဲ့သည်။
ချင်ဇစ်ရွှယ်က ဒူးထောက်နေပြီး သူ့ နောက်ကျောအောက်ဘက်မှ အလွန်အမင်း နာကျင်မှုကို ခံစားနေရသည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း လုံးဝမလှုပ်နိုင်ပေ။ ထိုအခိုက်တွင် သူ ဒူးထောက်နေသည့် ဦးတည်ရာမှာ ရှန်းကျင်နှင့် မျက်နှာချင်းဆိုင်ဖြစ်နေသဖြင့် သူ ပို၍ အရှက်ခွဲခံရလိုက်သလို ခံစားနေရသည်။
“အဆိပ်ပြင်းတဲ့မိန်းမ၊ ဘာလို့ ငါက မင်းကို လက်ထပ်ခဲ့ရတာလဲ။ အခုချိန်ထိ မင်းကို အာဃာသတွေ သယ်လာစေခဲ့ရတဲ့အထိ ဖြစ်ရအောင်လည်း အဲဒါက ကုမ္ပဏီအစုတ်အပြတ်တစ်ခုသာသာပဲ မဟုတ်ဘူးလား။ မင်းက မိန်းမတစ်ယောက်ပဲလေ။ ဘာကိုအခြေခံပြီး မင်းက ကဏ္ဍတိုင်းမှာ ယောက်ျားတစ်ယောက်ထက် ပိုပြီးတော့ ထူးချွန်နေသင့်တာလဲ။ ဒါကြောင့် ငါက မင်းကို ငါ့အမေကို စောင့်ရှောက်ပေးဖို့ အိမ်မှာ နေခိုင်းခဲ့တာ။ ဒါကလည်း မင်းရဲ့အကျိုးအတွက်ပဲ”
ချင်ဇစ်ရွှယ်သည် သူ အရာအားလုံး ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်းကို တွေးမိသောအခါ အနည်းငယ် ရူးနှမ်းနှမ်းဖြစ်လာသည်။ တိမ်များပေါ်သို့ ပစ်ကျသွားသည့် ခံစားချက်သည် သူ့အား သေသွားလိုက်စေရန် ဆုတောင်းမိစေသည့် နာကျင်မှုတစ်ခုပင်။
“ဘာလို့ ရှင်က ကျွန်မကို လက်ထပ်ခဲ့ရတာလဲ ဟုတ်လား။ ရှင်က ကျွန်မကို ရှင့်ကို သတိပေးစေချင်နေတာလား။ အဲဒီအချိန်တုန်းက ရှင့်ရဲ့မိသားစုနောက်ခံက မကောင်းဘူး။ ကျောင်းမှာတုန်းက ရှင့်မှာ နေထိုင်မှုအသုံးစရိတ်တောင် မရှိဘူး။ ဒါတောင်မှ ရှင်က ရှင့်မှာရှိသမျှ ပိုက်ဆံလေးကို ကျွန်မအတွက် ပန်းစည်းဝယ်ဖို့ သုံးခဲ့တာလေ။ ကျွန်မက အပြစ်ရှိသလိုခံစားရလို့ ပိုက်ဆံပြန်ပေးတော့ ရှင်က ကျွန်မက ရှင်ရဲ့ရိုးသားမှုကို စော်ကားတယ်ဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်မအတွက် ပိုက်ဆံသုံးပစ်ပြီးတဲ့နောက်မှာ ကျွန်မက ရွေးခြယ်စရာမရှိလို့ ရှင့်ကို တစ်လလုံး ထမင်းကျွေးခဲ့ရတယ်ဆိုတာ လူတိုင်းသိတယ်”
အတိတ်ကို ပြန်ပြောရင်း ရှန်းကျင်သည် ထိုအချိန်က သူမသည် နုံအ,လွန်းခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ချင်ဇစ်ရွှယ်၏ ရည်မှန်းချက်က ဘယ်တော့မှ ပေါ့သေးသေး မဟုတ်ခဲ့သည့်ပုံပင်။
Chapter 191 : မျှော်လင့်ချက်မဲ့
ထိုအချိန်က ရှန်းကျင်၏ အဆင့်များမှာ ကောင်း၍ သူမ၏ ရုပ်ရည်ကလည်း မဆိုးသောကြောင့် သူမအား လိုက်သောသူများသည် အလွန်များပြားလှသော်လည်း သူမသည် ထိုကဲ့သို့သော အတွေးများ ဘယ်တော့မှ မရှိခဲ့ပေ။
သူမသည် ချင်ဇစ်ရွှယ်နှင့် မတော်တဆ တွေ့ဆုံခဲ့၏။ ထိုအချိန်က သူမ သူငယ်ချင်းအချို့နှင့် ရှိနေချိန်တွင် အခြားတစ်ဖက်၌ ချင်ဇစ်ရွှယ်သည် စာအုပ်ဖတ်ရင်း သူ့ ပေါင်မုန့်ကို ကိုက်စားလိုက်၊ ရေသောက်လိုက်လုပ်နေသည်။ သူမ၏ သူငယ်ချင်းများက သူ့ ရုပ်ရည်အား မှတ်ချက်ပေးခဲ့ကြ၏။ ရုပ်ရည်က မဆိုးသော်လည်း သူ့ မိသားစုအခြေအနေက ဆင်းရဲလွန်းသည်မှာ နှမြောစရာဖြစ်ကြောင်း အစရှိသဖြင့် ပြောနေခဲ့ကြသည်။ သူမ သူငယ်ချင်းများက အခြားသူအား လှောင်ပြောင်နေသည်ကို ခဏမျှနားထောင်ပြီးနောက် သူမသည် အားတုံ့အားနာ ခံစားရသဖြင့် သူ့အတွက်ကူ၍ တရားမျှတမှုရှိသည့် စကားအချို့ ပြောပေးခဲ့၏။
ဤအဖြစ်အပျက်ပြီးနောက်တွင် ချင်ဇစ်ရွှယ်၏ လူပျိုလှည့်ခြင်း စတင်ခဲ့တော့လေသည်။
အကယ်၍ သူမသာ စကားတစ်ခွန်းက အဆုံးသတ်၌ ဤကဲ့သို့သော ရလဒ်ရှိလာမည်ဟု သိခဲ့ပါက ထိုအစား ဗီလိန်တစ်ယောက်ပဲ အဖြစ်ခံလိုက်မည်ပင်။
အခြားယောက်ျားများနှင့်ယှဥ်ပါက ချင်ဇစ်ရွှယ် သူမအား ပေးခဲ့သော ပစ္စည်များမှာ သနားစရာကောင်းလောက်အောင်ပင် နည်းပါးလွန်းသည်။ တစ်ကြိမ်၌ သူသည် သူမအား ပန်းစည်းတစ်စည်းပေးခဲ့ပြီး ထိုအကြောင်းအား လူတိုင်းသိသွားပြီး ဖြောင်းဖြောင်းဖြဖြ သြဘာပေးလာအောင် လုပ်ခဲ့၏။ အကယ်၍ သူမကသာ လက်ဆောင်တစ်ခု ပြန်မပေးပါက သူမသည် ရက်စက်သော မိန်းမတစ်ယောက်နှင့် တူသွားလိမ့်မည်ဖြစ်သည်။ ထို့အပြင် ချင်ဇစ်ရွှယ်သည် ထိုအချိန်က မျှော်လင့်ထားသည်ထက် ပို၍ စိတ်ထားကောင်းမွန်ပုံပေါ်ပြီး သူ့ အကျင့်စရိုက်မှာ သိမ်မွေ့သောကြောင့် သူ့ကို တစ်လကြာအောင် ကျွေးမွေးဧည့်ခံခဲ့၏။
ယခု သူမ ထိုအကြောင်းကို တွေးမိသောအခါ သူမ၏ ထမင်းတစ်နပ် အဆင့်အတန်းနှင့် ချင်ဇစ်ရွှယ် ပေးသောအရာမှာ အဆင့်ချင်း လုံးဝ တခြားစီပင်။ သူ့ တွက်ချက်မှုများက အတော်လေး နက်နဲလှသည်။
တစ်လကြာပြီးနောက်တွင် ချင်ဇစ်ရွှယ်သည် သူ့ ကြိုးစားသောပုံရိပ်ကို စတင်ပြသလာခဲ့၏။
နေ့စဥ်နေ့တိုင်း သူ့ မျက်လုံးများအောက်၌ မျက်ကွင်းများ ညိုမဲနေပြီး လမ်းလျှောက်နေရင်း အိပ်ပျော်သွားတတ်၍ နှစ်ခါလောက်ပင် ပစ်လဲသွားခဲ့ဖူးသည်။ အတော်လေး ချုံးချုံးကျ၍ ပင်ပန်းနေသည့်ပုံပင်။ အခြားသူများက သူ ဤကဲ့သို့ဖြစ်နေသည်မှာ သူမက သူ့အား အထင်သေးသောကြောင့်ဖြစ်၍ အချစ်၌ ကျရှုံးနေသည်ဟုပင် ထင်ကုန်ကြ၏။ သူမ ထိုအကြောင်းကို မေးရန်အတွက်ချင်ဇစ်ရွှယ် ဆီသို့သွားခဲ့ရာ သူက သူသည် စာကြိုးစားရမည်ဖြစ်ပြီး သို့မှသာ အနာဂတ်တွင် သူမအား အကောင်းဆုံးဘဝကို ပေးနိုင်လိမ့်မည်ဟု ပြောပြခဲ့သည်။
သူတို့ ငယ်ရွယ်စဥ်အခါက သူမ အသက်အရွယ် မိန်းကလေးများသည် ယောက်ျားများက သူတို့၏ အရာအားလုံးကို ကိုယ့်အား ပေးသည်မှာ နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးနေသည့် အဓိပ္ပါယ်ဟုသာ တွေးကြ၍ သူမသည်လည်း ခြွင်းချက်မဟုတ်ခဲ့ပေ။
ဤသည်မှာ အချစ်ဟုခေါ်သည့် သူ့ ထောင်ချောက်ထဲသို့ သူမ တဖြည်းဖြည်း ဆင်းသက်ခဲ့ရပုံဖြစ်သည်။
ထိုအချိန်မှစ၍ သူမသည် ချင်ဇစ်ရွှယ်၏ ကျောင်းစရိတ်များ၊ နေထိုင်စားသောက်စရိတ်များအား ပေးခဲ့ကာ သူ၏အဝတ်အစားများအားလုံးနှင့် သူ့အတွက် စာအုပ်များပင် ဝယ်ပေးခဲ့ပြီး တရုတ်နှစ်သစ်ကူးနှင့် အခြားပွဲတော်များ၌ သူ့ ဇာတိမြို့သို့ ပြန်သယ်သွားရန် လက်ဆောင်ပစ္စည်းမျိုးစုံကိုပါ ဝယ်ပေးခဲ့သည်။
ထိုအကြောင်းကို ပြန်တွေးကြည့်ပါက အစပိုင်းတွင် သူ့ဆီမှ ငြင်းဆန်လိုသော ပုံစံတစ်ချို့ ပြခဲ့သည်မှလွဲလျှင် နောက်ပိုင်း၌ သူ ထိုအကြောင်းကို ထပ်မပြောတော့ပေ။ ထိုအစား သူသည် ၎င်းအား ဘာခံစားချက်မှ မရှိသလို ပြုမူခဲ့သည်။
သူမက ငွေကို စိတ်ထဲထားကြောင်းကို ဖော်ပြသောအခါတွင် ချင်ဇစ်ရွယ်က သူ၏ မာနထိခိုက်သွားသည့်ပုံဖြစ်သွားလိမ့်မည်ဖြစ်ပြီး သူသည် အလုပ်ကြိုးစားပြီး သူ့ကိုယ်သူ တိုးတက်အောင် လုပ်မည့် သဘောထားကို ဖော်ပြလိမ့်မည်။
ရှန်းကျင်သည် ထိုအတွေးကြောင့် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ အထူးသဖြင့် သူမ တစ်ချိန်က တွေးထားခဲ့ဖူးသည့် ယခင် အမှတ်တရများနှင့် ဖြစ်ရပ်များကို ပြန်စဥ်းစားလိုက်သည့်အတိုင်း သူမ၏ ရူးနှမ်းမှုအတွက် မျှော်လင့်ချက်မရှိသလို ခံစားလိုက်ရသည်။
သူ့ ကိုယ်ပိုင်ထမင်းဖိုးကိုပင် မတတ်နိုင်သော ယောက်ျားတစ်ယောက်က အချစ်အကြောင်း ပြောသောအခါ ၎င်းက အမှန်တကယ်ပင် အချစ်စစ် ဖြစ်နိုင်ပါမည်လား။
လက်ရှိတွင် ရှန်းကျင်၏ သဘောထားသည် ချင်ဇစ်ရွှယ်အား ကြည့်လိုက်သောအခါ ပို၍ အေးစက်သထက် အေးစက်လာသော်လည်း ၎င်းက ယခင် သူမ သူ့အပေါ်၌ ထားရှိခဲ့သည့် အမုန်းတရားများကြောင့် မဟုတ်ကာ အထင်သေးခြင်းနှင့် မုန်းတီးစက်ဆုပ်မှုများသာ ကျန်ခဲ့သောကြောင့် ဖြစ်သည်။
သူ့ မျက်နှာက ဒေါသများနှင့် အရောင်ပြောင်းနေပြီး သူ ပါးစပ်ဖွင့်လိုက်သည့်အခါတိုင်း သူမအား အဆိပ်ရှိသော မိန်းမဟု အဆက်မပြတ် ခေါ်နေ၏။
“အဲဒီအချိန်တုန်းက မင်းထက် ကဏ္ဍတိုင်းမှာ ပိုတော်တဲ့သူတွေ နေရာတိုင်းမှာ ရှိတယ်။ ဘာလို့ ငါကို မင်းကို ရှာခဲ့ရတာလဲ။ ငါသာ စောစောသိခဲ့ရင် မင်းက ဒူးထောက်ပြီး တောင်းပန်ရင်တောင်မှ ငါ မင်းကို လက်ထပ်မှာ မဟုတ်ဘူး။ ရှန်းကျင်၊ ငါ မသိဘူးလို့ မထင်နဲ့။ မင်းက ဘယ်တော့မှ ငါ့ကို အထင်မကြီးဘူး။ ငါ မင်းနဲ့မတန်ဘူးလို့ တွေးပြီး ငါ့ကို ဖိအားပေးဖို့ မင်းရဲ့ပိုသာတဲ့ အခြေအနေတွေကို ဆက်တိုက်သုံးနေခဲ့တာ”
ရှန်းကျင်က ဘာမှ ထပ်မပြောတော့သည်က ပိုကောင်းမည့်ပုံဖြင့် ခေါင်းယမ်းလိုက်သည်။
ယနေ့မှစ၍ ချင်ဇစ်ရွှယ်အား ကြိုဆိုနေသည်က မှောင်မိုက်သော နေ့ရက်များသာ ဖြစ်၏။
သူတို့၏ ဘေးမှ ကြည့်နေကြသူများသည်လည်း ခေါင်းမယမ်းမိဘဲ မနေနိုင်တော့ချေ။ သူတို့ကြားတွင် မိသားစုနောက်ခံများကို မကျေနပ်ကြသောသူများရှိနေမည်ဟု သံသယဖြစ်စရာ မလိုပေ။ သို့သော် သူတို့သည် သူတို့ကိုယ်တိုင် သို့မဟုတ် သူတို့၏ သားများကို ထိုကဲ့သို့သော လူတစ်ယောက် ဖြစ်လာစေရန် ဆန္ဒမရှိကြ။ လူတစ်ယောက်သည် အသိဉာဏ်နှင့် သနားကြင်နာတတ်မှုပင် မရှိပါက ငွေအများကြီးရှာနိုင်လည်း ထူးမည် မဟုတ်ပေ။
ယခုအချိန်၌ ချစ်ဇစ်ရွှယ်သည် လုံးလုံးလျားလျား ရန်စခံနေရပြီး ဒါရိုက်တာလျို့၏ အမူအယာကလည်း ယင်ကောင်တစ်ကောင်ကို မြိုချမိသည့်အလားပင်။
အခြားသမားတော်များက ၎င်းကို မြင်သောအခါ အချို့က အသံထွက်၍ လှောင်ရယ်လိုက်ကြသည်။
“ဒါဆိုရင် ဒါက နားလည်မှုလွဲတာပဲ။ နားလည်မှုလွဲတယ်ဆိုမှတော့ အခု ရှင်းလင်းပြီးသွားလို့ အဆင်ပြေသွားပြီ။ လူတိုင်း လူစုခွဲကြပါ။ လုံခြုံရေး၊ ဒီလူကို အပြင်ဆွဲထုတ်လိုက်”
ဒါရိုက်တာလျို့က သူ့ လက်ကို ဝေ့ယမ်း၍ အမိန့်ပေးလိုက်၏။
လုံခြုံရေးအဖွဲ့သည် ဤတစ်ကြိမ်၌ နာခံမှုရှိ၍ သူ့ ညွှန်ကြားချက်များကို လိုက်နာကာ ချင်ဇစ်ရွှယ်အား ဆွဲထုတ်သွားကြသော်လည်း အခြားသူများကမူ မကျေနပ်ချေ။
အထူးသဖြင့် ကျင်းယွင်ကျောင်း ဖြစ်သည်။ သူမက လက်ကို ဆန့်ထုတ်လိုက်ပြီး ဒါရိုက်တာလျို့၏ လမ်းကို ပိတ်လိုက်၏။
Chapter 192 : ရန်စခြင်း
ချင်ဇစ်ရွှယ်သည် ဘာကောင်းကျိုးမှ မပေးခဲ့သလို ဤဒါရိုက်တာလျို့သည်လည်း ဒီပုတ်ထဲက ဒီပဲဖြစ်သည်။
“ဒါရိုက်တာလျို့၊ ရှင် ပြောသလိုဆိုရင် အရာအားလုံးက နေရာကျပြီး ပြီးစီးသွားပြီလို့ ရှင်က ထင်နေတာလား”
ကျင်းယွင်ကျောင်း၏ အေးစက်၍ မာကျောနေသောအသံက နားထောင်နေသူများအား ကြက်သီးမွေးညှင်းများ ထစေ၏။
ဒါရိုက်တာလျို့သည်လည်း ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် တကယ်တမ်း သူသည် သမားတော်ကန်ကို ကာကွယ်ခဲ့သင့်သော်လည်း အကြောင်းတစ်ခုမှာ သူက ဤအဖိုးကြီး ကန်စုန့်ပိုင်ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပေ။ အကြောင်းမှာ သူ အိမ်ပြန်သည့်အခါတိုင်း သူ့ အဖိုးဖြစ်သူက သူ့အား နားပူနားဆာလုပ်လေ့ရှိ၏။ သူက ‘မင်းရဲ့ဆေးပညာစွမ်းရည်က မကောင်းသေးဘူး’ ၊ ‘မင်းကိုယ်မင်း တိုးတက်အောင် လုံ့လဝီရိယနဲ့ စည်းကမ်းရှိရှိ ကြိုးစားဖို့လိုတယ်’ ၊ ‘သမားတော်ကန် ဆီကနေ ပိုပြီး သင်ယူ’ အစရှိသကဲ့သို့သော ကိစ္စများကို ပြောလေ့ရှိသည်။
သူ ပြောသည့် သမားတော်ကန်ဆိုသည်မှာ ထုံးစံအတိုင်း ဤအဖိုးကြီးပင်ဖြစ်၏။ သူသည် ရုပ်လည်းဆိုး ခေါင်းလည်းမာပြီး သူတွေးနေသမျှ အားလုံးမှာ သူ့ စီနီယာကျမှုအပေါ် မှီခိုနေကာ တစ်နေ့လုံး သိမ်မွေ့၍ နားလည်ရခက်ဟန် ပြုမူရန်သာအတွက် ဖြစ်သည်။ သူက ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေသနည်း။
ထို့ကြောင့် သူက ဤအခွင့်အရေးကို အသုံးချပြီး ကန်စုန့်ပိုင်ကို သင်ခန်းစာပေးရန် ကြိုးစားခဲ့သည်။ သူသာ ကန်စုန့်ပိုင်ကို အမှန်တကယ် နှင်ထုတ်လိုက်နိုင်ပါက သေချာပေါက် အကောင်းဆုံးပင်။
“မင်းက တခြားဘာကို လိုချင်နေသေးတာ ဖြစ်နိုင်မလဲ။ အထင်လွဲတဲ့ကိစ္စက ဖြေရှင်းပြီးပြီ မဟုတ်လား”
ဒါရိုက်တာလျို့က သူ့ကိုယ်သူ ခက်ခက်ထန်ထန်ဖြစ်အောင် ကြိုးစားလိုက်သည်။
ဒါရိုက်တာလျို့သည် အသက်သုံးဆယ်ပင် မပြည့်သေးဘဲ မျက်မှန်တစ်လက်ကို ဝတ်ဆင်ထား၏။ သို့သော် သူက အပြောင်းအလဲမြန်ပုံပေါ်သည်။ သူ့ အကြည့်များက ဂနာမငြိမ်ဘဲ သူ့ စကားများကလည်း ခပ်ပေါ့ပေါ့ပင်ဖြစ်ကာ သူ့ကိုယ်ပေါ်ရှိ အဖြူရောင်ဂျူတီကုတ်မှာလည်း ပုံပန်းမကျဖြစ်နေသဖြင့် သူသည် ယုံကြည်၍မရသောလူပုံစံမျိုး ဖြစ်နေ၏။
“ဒါရိုက်တာလျို့က ငယ်ရွယ်ပြီး ကတိတည်တယ်ဆိုပေမယ့် သမားတော်ချုပ်တစ်ယောက် ဖြစ်လာဖို့အတွက် လိုအပ်ချက်အချို့နဲ့ ကိုက်ညီမှရမယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိထားတယ်၊ ဟုတ်တယ်မဟုတ်လား”
သူမသည် ထို မေးခွန်းအား ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
ခရိုင်အတွင်း၌ ဆေးရုံ၊ ဆေးခန်း ကြီးငယ်များ မရေမတွက်နိုင်အောင် ရှိ၏။ ဤဆေးရုံအား ပြည်သူများက မည်မျှပင် ခရိုင်ဆေးရုံဟု ခေါ်နေစေကာမူ ၎င်းသည် တကယ်တမ်း ကိုယ်ပိုင်ဆေးရုံတစ်ခုသာ ဖြစ်သည်။ ၎င်းက ပြည်သူ့ဆေးရုံတစ်ရုံထက် ပို၍ လျင်လျင်မြန်မြန် ကောင်းကောင်းမွန်မွန် ဖွံဖြိုးတိုးတက်လာခဲ့သည်မှာ အံ့သြချီးကျူးဖွယ်ရာပင်။
ဆေးရုံ၏ အတိုင်းအတာက ကြီးသော်လည်း မြို့တော်ကြီးများရှိ ဆေးရုံများကိုတော့ မယှဥ်နိုင်သေးပေ။ သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ လူတစ်ယောက်သည် အချို့စည်းမျဥ်းများကိုတော့ လိုက်နာသင့်သည်။ ဤသမားတော်ချုပ်နေရာသည် လူတိုင်း ရယူနိုင်သော အရာ မဟုတ်ပေ။ ပထမဆုံးအနေဖြင့် အနည်းဆုံး ဒုတိယသမားတော်ချုပ် ငါးနှစ်ဖြစ်ခဲ့ရန် လိုအပ်ပြီး ဒုတိယသမားတော်ချုပ် ဖြစ်ရန်မှာလည်း ထိုနည်းတူစွာပင် မာစတာဘွဲ့အတွက် ငါးနှစ်နှင့် ပါရဂူဘွဲ့အတွက် နှစ်နှစ် လိုအပ်သည်။ ထိုအပြင် ဤနှစ်အတိအကျမှာလည်း တာဝန်ထမ်းဆောင်နေသည့် သမားတော်ဖြစ်လာရန် အခြေခံလိုအပ်ချက်များသာ ဖြစ်၏။
ထို့ကြောင့် ရှင်းရှင်းလင်းလင်းပြောရလျှင် လူတစ်ယောက်သည် လုပ်သက်ဆယ်နှစ်ကျော်မရှိဘဲ ဤနေရာသို့ မရောက်နိုင်ချေ။
ထိုအခိုက်၌ သူမ အရှေ့ရှိတစ်ယောက်သည် ရာထူးယူထားသည်မှာ သူသည် အမှုဆောင်ဒါရိုက်တာ၏မြေး ဖြစ်သောကြောင့်ဖြစ်၏။ ထို့ကြောင့် ရှုပ်ထွေးပွေလီသောကိစ္စများအားလုံးက မြေကြီးလက်ခတ်မလွဲပင်။
သို့ရာတွင် သာမန်အားဖြင့် လူများသည် ဤအကြောင်းအရာများအားလုံးကို မသိကြ။ အထူးသဖြင့် ဤကဲ့သို့သော ခရိုင်မြို့သေးသေးလေး၌ ဖြစ်သည်။ သူတို့၏ ဆေးပညာစွမ်းရည်က အရည်အချင်းပြည့်မီသရွေ့ ရံဖန်ရံခါ၌ ဤကဲ့သို့သော ကိစ္စများကို မျက်ကွယ်ပြုထားကြမည်မှာ အလွန်ပုံမှန်ပင်။ ထို့အပြင် ဤဆေးရုံ၏ အမှုဆောင်ဒါရိုက်တာနှင့် စီအီးအိုမှာလည်း တစ်ယောက်တည်း ဖြစ်ရာ ဘေးလူများက ဆေးရုံ၏ ကိစ္စများကို နည်းနည်းလေးမှ ဝင်မပြောရဲကြပေ။ လက်တွေ့၌ ဒါရိုက်တာလျို့သည် အနာဂတ်တွင် ဆေးရုံကို အမွေဆက်ခံရန် အာမခံချက်ရှိနေသည်။
ဒါရိုက်တာလျို့က ကျင်းယွင်ကျောင်းတစ်ယောက် ဤပြဿနာအားရှေ့ဆက်နေသည်ကို နားလည်သွားသောအခါ ယခင်ကထက်ပင် ပို၍ ခေါင်းမာသွားသေး၏။
“ဒါဆိုရင် ဒီတစ်ကြိမ်မှာ မင်းက ဘာပြောဖို့ ကြိုးစားနေတာလဲ။ ကလေးမ၊ အရာအားလုံးမှာ ကင်းလွတ်ခွင့်တစ်ခုအမြဲတမ်း ရှိတယ်။ ငါက ငယ်ငယ်ကတည်းက ငါ့အဖိုးဆီက ဆေးပညာကို သင်လာတာ။ ဒါကြောင့် မင်းမှာ ငါ့ရဲ့အရည်အချင်းကို မေးခွန်းထုတ်နိုင်တဲ့ အထူးအခွင့်အရေး မရှိဘူး”
“အဲဒီလိုလား။ ဒါဆိုရင် ဒါရိုက်တာလျို့က ရှင့်ရဲ့အရည်အချင်းတွေကို ကျွန်မနဲ့ ပြိုင်မလား”
ကျင်းယွင်ကျောင်းက ဘွင်းဘွင်းရှင်းရှင်းပင် အကြံပေးလိုက်သည်။
ဒါရိုက်တာလျို့သည် သူမ၏ မခန့်လေးစားလုပ်မှုကြောင့် မှင်သက်သွား၏။
“နောက်တစ်ခါ ထပ်ပြောလိုက်ပါဦး”
သူက လှောင်ရယ်သည်။
“ကြည့်ရတာ ဒါရိုက်တာလျို့ရဲ့နားတွေက သိပ်မကောင်းတဲ့ပုံပဲ”
ကျင်းယွင်ကျောင်းက ဟိတ်ဟန်အပြည့်နှင့် ခပ်မတ်မတ်ရပ်လိုက်၏။
“ရှင်က ဆေးပညာကို ငယ်ငယ်ကတည်းက သင်ခဲ့တာဆို ကျွန်မကလည်း အတူတူပဲလေ။ ကျွန်မဆီမှာ ဆေးပညာကို လေ့ကျင့်ဖို့ လိုင်စင်မရသေးတာက ဆိုးလွန်းတာပဲ။ ဒါပေမယ့် ကျွန်မက ရှင့်ထက် ပိုတော်တယ်လို့ ကျွန်မ ထင်နေတုန်း”
ကျင်းယွင်ကျောင်းက ကန်စုန့်ပိုင်အား ကယ်ခဲ့သည်ကို သူမ ဘေးရှိ လူအားလုံးက မြင်ခဲ့သောကြောင့် သူမ၌ အရည်အချင်းအချို့ရှိသည်ကို သူတို့သိကြသည်။
သို့သော် သူမသည် အသက်ငယ်သေး၍ လိုင်စင်တစ်ခုတောင် မရှိပေ။ ဤသည်က သူမအား လူအများ၏ ယုံကြည်လက်ခံနိုင်စွမ်းကို လျော့နည်းစေသည်။
“မင်းက မင်းမှာ သမားတော်လိုင်စင်တစ်ခုတောင် မရှိသေးဘူးလို့ မင်းကိုယ်တိုင်ပြောခဲ့ပြီးပြီဟာ ငါနဲ့ ဘာကို ပြိုင်ဦးမှာလဲ။ ရယ်စရာကောင်းလိုက်တာ။ ကောင်မလေး၊ မင်း စာမှာပဲ အာရုံစိုက်ဖို့ ငါ အကြံပေးချင်တယ်။ နောက်နှစ်နည်းနည်းကြာလို့ မင်း ဟွားနင်ခရိုင်ကို ပြန်လာရင် မင်းက ငါ့ကို ထမင်းတစ်ပန်းကန်အတွက် တောင်းပန်ဖို့တောင် လိုရင်လိုနေဦးမှာ”
ဒါရိုက်တာလျို့က အထင်သေးစွာ ပြောလိုက်၏။
“ဒါဆိုရင် ရှင်က မပြိုင်ရဲလို့ ဖြစ်နိုင်တယ်။ တကယ်လို့ ရှင်က ကျွန်မလို အလုပ်သင် မဖြစ်သေးတဲ့ လူတစ်ယောက်ကိုတောင် ကြောက်နေတယ်ဆိုရင် ရှင့်ကိုယ်တိုင်မှာ အရည်အချင်းများများစားစား မရှိလို့ပဲဖြစ်ရမယ်။ နောက်တစ်ကြိမ် ရှင့်ဆီမှာ ဆေးလာကုချင်တဲ့သူတွေ ရှင့်ဆီမှာ သူတို့ရဲ့အသက်တွေကို လောင်းကြေးမထပ်မိအောင် ပိုပြီးတော့ ဂရုစိုက်ဖို့လိုတာပေါ့။ ဒါ့အပြင် ရှင်က အမှုဆောင်ဒါရိုက်တာရဲ့ နာမည်ကျော် မြေးအကြီးဆုံးဖြစ်နေသေးတာဆိုတော့ လူတစ်ယောက်ရဲ့အသက်ကို ဆုံးရှုံးလိုက်ရတယ်ဆိုရင်တောင်မှ ရှင့်အတွက် အရှုပ်တွေကို ရှင်းပေးမယ့် လူတစ်ယောက် ရှိနေလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။ သေသွားတဲ့လူနာကတော့ အဓိပ္ပါယ်မဲ့ သေသွားရရှာမှာပေါ့လေ”
သူမသည် အသရေဖျက်သော စကားများကို အသုံးပြု၍ ဒါရိုက်တာအား လှုံ့ဆော်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေသည်။
ဒါရိုက်တာလျို့က ၎င်းကို မတုံ့ပြန်သော်လည်း သူ့ ပုံရိပ်နှင့် ဂုဏ်သတင်းမှာမူ အစောပိုင်းက ဖြစ်ရပ်ကြောင့် ထိုးချသွားပြီးသားဖြစ်၏။ သူ ဆေးရုံအပြင်သို့ ခြေတစ်လှမ်း ချလိုက်သည်နှင့် ဆေးရုံမှ လူနာများ၏ ယုံကြည်လေးစားမှုတို့ကို အချိန်တစ်ခုကြာအောင် မရရှိနိုင်တော့မည်မှာ သေချာသည်။ ထို့အပြင် သူ၏ အထိခိုက်မခံသော ရာထူးအဆင့်အတန်းကြောင့် ၎င်းက ဆေးရုံကိုလည်း တိုက်ရိုက်လွှမ်းမိုးမှု ရှိလိမ့်မည်။