အခန်း (၁၉၃-၁၉၆)
Vol. 10 Ch. 193-196
Chapter 193 : ယှဥ်ပြိုင်ခြင်း(၁)
ကျင်းယွင်ကျောင်း၏ ရန်စမှုသည် သူတို့ ဘေးရှိ လူအုပ်ကြီးအား မှင်သက်သွားစေ၍ သူမကဲ့သို့သော ကလေးငယ်တစ်ဦးက အမှန်တကယ်ပင် အလွန်ရိုင်းပြရဲသည်အား မယုံကြည်နိုင်ကြပေ။
ဒါရိုက်တာလျို့၏ အရည်အချင်းများသည် ကန်စုန့်ပိုင်နှင့် မယှဥ်နိုင်လျှင်တောင်မှ သူသည် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေဆဲပင်။
မျက်မှန်နောက်ရှိ သူငယ်အိမ်များက ကျုံ့သွားကြပြီး မခံမရပ်နိုင်နှင့် ခံပြင်းနေမှုက သူ့ မျက်နှာပေါ်တွင် ပေါ်လာသည်။ သူသည် ဤမိန်းကလေးက သူ့ကို ရည်ရွယ်ချက်ရှိရှိ ရန်စနေသည်အား သိသော်လည်း သူကသာ ဤကိစ္စကို သဘောမတူလိိုက်ပါက သူ့ ဂုဏ်သိက္ခာလည်း များစွာ ကျဆင်းသွားလိမ့်မည်။
သူက အံကြိတ်လိုက်ပြီး ပြန်လည် တိုက်စစ်ဆင်လိုက်၏။
“မင်းက ဘယ်လိုများ ပြိုင်ချင်နေတာလဲ။ ကလေး၊ ဒီမှာတော့ မင်းရဲ့ အစမ်းသပ်ခံဖြစ်လာပေးမယ့် လူနာတစ်ယောက်မှ မရှိဘူးနော်။ အဲဒီအကြောင်းကို စဥ်းတောင် မစဥ်းစားနဲ့”
“ပြိုင်ပွဲတစ်ပွဲမှာ ရောဂါတစ်ခုကို ကုသဖို့ လိုတယ်လို့ ဘယ်သူပြောလဲ။ ဒါရိုက်တာလျို့က ဒီဆေးရုံကို ဦးဆောင်ရမယ်လို့ ထင်ကြေးပေးခံနေရတဲ့ လူတစ်ယောက်ပဲ၊ ဒါဆိုရင် ကျွန်မတို့က ပိုရိုးရှင်းပြီး ပိုအလေ့အကျင့်ဖြစ်တာကို ယှဥ်ပြိုင်ရမှာပေါ့။ ဥပမာ၊ ဆေးပင်တွေ၊ အရှေ့တိုင်းဆေးညွှန်းတွေ ဒါမှမဟုတ်ရင် သင်္ကေတတွေနဲ့ လက္ခဏာတွေဆိုရင်ရော။ ဒါတွေထဲက တစ်ခုခုဆိုရင်တော့ အဆင်ပြေသင့်ပါတယ်”
သူမက တိုက်ရိုက်ပင် အကြံပေးလိုက်သည်။
သူမသည် ဆေးပညာကို စတင်လေ့လာကတည်းက သူမ၏ ဆေးပညာစွမ်းရည်များကို အမြဲတမ်း သိုသိုဝှက်ဝှက်သာ နေခဲ့၏။ သူမသည် ဝိညာဥ်ကျောက်စိမ်းအပိုင်းအနည်းငယ်ကိုသာ စုပ်ယူပြီးစီးထားရာ သူမ၏ ခွန်အားမှာ မလုံလောက်သလို အမြဲ ခံစားခဲ့ရသည်။ ထို့ကြောင့် သူမသည် မည်သည့်အခြေအနေမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ ဂရုတစိုက်သာ လုပ်ခဲ့၏။ သို့ရာတွင် တကယ်တမ်း ဆေးပညာနယ်ပယ်နှင့် ပို၍ ထိတွေ့လာလေလေ၊ သူမနှင့်အခြားသူများကြားရှိ စွမ်းရည်ကွာခြားချက်ကို ပို၍ ရှင်းလင်းလာလေလေပင်။
ဘိုးဘေးသည် နှစ်ရာပေါင်းများစွာ နေထိုင်ခဲ့ပြီး ထိုဝိညာဥ်ကျောက်စိမ်းအပိုင်းများ၌ သူ့သိရှိထားခဲ့သမျှ ဗဟုသုတများအားလုံးကို ပါဝင်ထည့်သွင်းပေးထားခဲ့သည်။ ထို့အပြင် ဘိုးဘေး၏ ဗဟုသုတများက အခြေခံများအားလုံးကို ခြုံမိငုံမှုရှိ၏။ ထို့ကြောင့်ပင် လက်ရှိ၌ သူမသည် ကျောက်စိမ်းအပိုင်းရှစ်ပိုင်းကိုသာ စုပ်ယူပြီးစီးထားလျှင်တောင်မှ အခြားသမားတော်များနှင့် သေချာပေါက် ယှဥ်ပြိုင်နိုင်ပြီဖြစ်သည်။
ဒါရိုက်တာလျို့က လှောင်ရယ်လိုက်၏။ အဆုံးတွင် သူမသည် ကလေးမလေးတစ်ယောက်သာ ဖြစ်နေသေးသည်။ သူမက အခြေခံများသာ သိသည်ဟု သူ ယူဆလိုက်၏။
“ဒါဆိုရင်လည်း ကောင်းပြီလေ။ စကားမစပ်၊ ဒီနေ့ အင်အားကြီး ပုဂ္ဂိုလ်ကြီးတစ်ယောက်က ဆေးပင်တွေလာပို့တယ်။ သူက ဆေးပင်တစ်ပင်ချင်းစီတိုင်းရဲ့ ဝိသေသလက္ခဏာတွေရဲ့ အရမ်း ရင်းနှီးတယ်။ သူ့ကို အကဲဖြတ်ပေးဖို့အတွက် ဖိတ်ကြစို့။ ဒေါက်တာချန့်နဲ့ ကျန်တဲ့သူတွေကတော့ အလုပ်ဆက်လုပ်ပါ။ သမားတော်ကန်ကတော့ ပွဲကြည့်ပရိတ်သတ်လုပ်ဖို့ ရွေးခြယ်နိုင်ပါတယ်”
ဒါရိုက်တာလျို့က ကိုယ့်ကိုကိုယ် ယုံကြည်မှု အလွန်အမင်း ရှိနေပုံဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
‘သူက ကလေးတစ်ယောက်ပဲ ရှိသေးတာ။ ဆေးပင်တွေအကြောင်းကို ဘယ်လောက်များများ သိမှာမို့လို့လဲ။ ဆေးပင်တွေရဲ့နာမည်တွေကို အလွတ်ကျက်ထားရုံနဲ့ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မယ့် အရာမဟုတ်ဘူး’
သူသည် စကားဆုံးသည်နှင့် ချက်ချင်းပင် လူတစ်ယောက်အား ပြင်ဆင်မှုများ လုပ်ထားရန်အတွက် ခေါ်လိုက်၏။
နာရီဝက်ခန့်ကြာပြီးနောက်တွင် သမားတော်ကန်၏ အခြေအနေမှာ ထူးကဲစွာ တိုးတက်လာသည်။ ဘာမှ မဖြစ်ခဲ့သည့်အလားပင်။ ထို့ကြောင့် သူသည် ပြိုင်ပွဲနေရာဆီသို့ ကျင်းယွင်ကျောင်းနှင့်အတူ အဖော်ပြု၍ သွားခဲ့သည်။
ဒါရိုက်တာလျို့က စုဝေးခန်းကြီးများထဲမှ တစ်ခုတွင် ပြိုင်ပွဲကို လက်ခံကျင်းပပေးရန် ဆုံးဖြတ်ခဲ့၏။ နံရံတစ်ဖက်သည် လုံးလုံးလျားလျား မှန်များဖြင့် ပြုလုပ်ထားသောကြောင့် အပြင်ဘက်မှ လူများသည် အထဲ၌ ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သူသည် စည်းမျဥ်းစည်းကမ်းများကို အလေးအနက်ထားပြီး လိုက်နာကြောင်းကို ပေါ်လွင်စေရန်အတွက် ယှဥ်ပြိုင်သည်များအား ကြီးကြပ်ပေးရန် ပင်စင်ယူထားသည့် သမားတော်များကိုပင် ဖိတ်ခေါ်ခဲ့သည်။
“သည် ဒါရိုက်တာလျို့က တွက်လွန်းနေတယ်လို့ မထင်ဘူးလား။ ဒါက ကလေးလေးတစ်ယောက်နဲ့ ပြိုင်ရုံပဲ မဟုတ်ဘူးလား။ သူက ဒီလိုပွဲကြီးကြီး လုပ်ဖို့ လိုလို့လား။ တကယ်လို့ အဆုံးမှာ ဒီကလေးလေးသာ ရှုံးသွားရင် သူ့ရဲ့လှောင်ပြောင်မှုကနေ သေချာပေါက် လွတ်မှာ မဟုတ်ဘူး။ သမားတော်ကန်လည်း သိက္ခာကျလိမ့်မယ်”
အပြင်ဘက်မှ လူတစ်ယောက်က ဒေါသတကြီး ပြောလိုက်၏။
“ရှူး....”
သူတို့ ဘေးရှိလူတစ်ယောက်က သူတို့စကားဆက်မပြောမီတွင် သူတို့အား တိတ်တိတ်နေရန် အလောတကြီး သတိပေးလိုက်သည်။
“ဒါရိုက်တာလျို့ရဲ့လှုံ့ဆော်မှုက ဒီမြေးအဖိုးနှစ်ယောက်ကို ရန်စနေတာ မဟုတ်ဘူး။ ဒါပေမယ့် ကလေးက မဖြေနိုင်ရင် သမားတော်ကန်က ကလေးအတွက် ရှေ့ထွက်လာမှာကို စောင့်နေတာ။ ဒါဆိုရင် သမားတော်ကန်ရဲ့ ကိုယ်ကျင့်တရားကောင်းမွန်တယ်ဆိုတဲ့ ကျော်ကြားမှုကိုလည်း ချနင်းလို့ ရသွားပြီလေ”
သို့သော် ထိုလူက ဤသို့ပြောလိုက်သည့်အခိုက်တွင် ထိုစကားကို ကြားလိုက်ရသော သူတို့၏ ဘေးရှိ အခြားလူများက ရယ်စရာကောင်းသည်ဟု ထင်လိုက်ကြ၏။ ထိုသမားတော်ကန်၏ အရည်အချင်းမှာ အလွန်ထူးချွန်သည်။ ဒါရိုက်တာလျို့က သူ့အရည်အချင်းကို အခြေခံလျှင်တောင်မှ သူတို့သည် အဆင့်တစ်ခုတည်းတွင် လုံးဝမရှိ။ အကယ်၍ သူက အမှန်တကယ် ဤကိစ္စမျိုးကိုသာ ရည်ရွယ်ချင်သည်ဆိုပါက သူ့ ဉာဏ်ရည်မှာ လူများ အမှန်တကယ် စိုးရိမ်ကြောင့်ကြ,ကြရမည့်အခြေအနေသို့ ရောက်သွားလိမ့်ပေမည်။
ကံဆိုးချင်တော့ ဤအပြင်လူများက သူတို့သည် ဒါရိုက်တာလျို့၏ ရည်ရွယ်ချက်များကို အမှန်တကယ် ခန့်မှန်းလိုက်နိုင်ကြောင်း သတိမထားမိလိုက်ကြပေ။
ဒါရိုက်တာ ရာထူးကို အချိန်တော်တော်ကြာကြာ ရရှိလာပြီးနောက်တွင် သူ၏ ကိုယ်ပိုင်အရည်အချင်းပေါ်တွင် ထားရှိသော ကိုယ့်ကိုကိုယ် ယုံကြည်မှုက ခေါင်မိုးကိုပင် ဖြတ်၍ပင် ထိုးတက်သွားခဲ့သည်။ ထိုအချိန်၌ သမားတော်ကန်သည် ဆေးရုံ၌ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်လည်း အခြားသမားတော်များနှင့် ရာထူးအတူတူပင် ရှိနေသေး၍ သူတို့နှင့် ကွာခြားချက်မရှိပေ။ ထို့ကြောင့် ဒါရိုက်တာလျို့က သမားတော်ကန်၏ ဂုဏ်သတင်းမှာ မှန်ကန်မှုမရှိဟု တွေးလိုက်သည်ပင်။
ယခုအချိန်၌ ကြီးမားသော စုဝေးခန်းကြီး၏ အတွင်းထဲ၌ သက်ကြီးရွယ်ကြီး အဖိုးအဖွားအနည်းငယ်သာ ရှိနေ၏။ ၎င်းက ကျင်းယွင်ကျောင်း၏ ငယ်ရွယ်နုနယ်မှုအား ထင်းထွက်နေစေသည်။
တက်ရောက်လာကြသူများက အချိန်အနည်းငယ် စောင့်နေပြီး နောက်ဆုံးတွင်တော့ အကဲဖြတ်ပေးမည့်သူအဖြစ် ဒါရိုက်တာလျို့ ဖိတ်ခေါ်ထားသည့် အလွန်အင်အားကြီးသောပုဂ္ဂိုလ်သည် အထဲသို့ ဝင်ရောက်လာခဲ့၏။
Chapter 194 : ယှဥ်ပြိုင်ခြင်း(၂)
အပြင်ဘက်မှ လူများက ထိုအလွန်အမင်း အင်အားကြီး၍ ဟိတ်ဟန်ရှိသော ပုဂ္ဂိုလ် ဖြတ်လျှောက်သွားရန်အတွက် အလျင်အမြန်ပင် လမ်းဖယ်ပေးလိုက်ကြသည်။ ကျင်းယွင်ကျောင်းသည် ခေါင်းလှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာပေါ်၌ အံ့သြမှုများ ဖြတ်ပြေးသွား၏။
ရောက်လာသူသည် သူစိမ်းတစ်ယောက် မဟုတ်ပေ။ အမှန်တကယ်ပင် ၎င်းမှာ လူထူးလူဆန်း အဖိုးရှုဖြစ်၍ သူ၏ အတူနေတပည့်ဖြစ်သည့် ဦးလေးရှင်းယွမ်က သူ့ နောက်မှ လိုက်ပါလာသည်။
ထိုသူနှစ်ယောက် ထွက်ပေါ်လာသည်နှင့် အခန်းထဲရှိ သမားတော်များသည် ချက်ချင်းပင် အလွန်ရိုသေလေးစားမှုရှိသည့် လေးလေးနက်နက် အမူအယာဖြစ်သွားကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
ဒါရိုက်တာလျို့က ချက်ချင်းပင် သူတို့ အနီးသို့ ပြေးသွား၍ သူ့ အမူအယာမှာ အလွန်မြှောက်ပင့်သော အမူအယာဖြစ်သွားကာ လေသံမှာလည်း ယဥ်ကျေးသိမ်မွေ့သွားသည်။
“အကြီးအကဲရှု ၊ တကယ်ပဲ ဒီကို ကိုယ်တိုင်ကိုယ်ကျ လာခဲ့တာလား။ ကျွန်တော် တကယ်ကြီး ဝမ်းသာဂုဏ်ယူမိပါတယ်”
ဒါရိုက်တာရှုသည် တစ်ချိန်တည်းမှာပင် ပျော်ရွှင်သွားရင်း အံ့သြထိတ်လန့်သွားသည်။ အကြောင်းမှာ ဤအကြီးအကဲရှုသည် အလွန်ထူးဆန်းသော လူတစ်ယောက် ဖြစ်သောကြောင့်ပင်။ ကောလဟာလများက ပြောကြသည်မှာ သူသည် ဒေသခံတစ်ယောက် မဟုတ်ဘဲ ဟွားနင်ခရိုင်၌ ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်ပြီး သူ၏ အပြုအမူများမှာ အလွန်သိုသိပ်သည်။ သို့သော် သူရောက်လာပြီးနောက်တွင် အထူးသဖြင့် ဆေးပညာနယ်ပယ်မှ အရေးပါအရာရောက်သူများစွာက သူ့ကို ကြိုဆိုကြ၍ အများ၏အဆိုအရ သူ့ လွှမ်းမိုးမှုကလည်း အလွန်ကြီးမားလှ၏။ ထို့အပြင် သူ၏ ဆေးဖော်စွမ်းရည်သည်လည်း ပြိုင်စံရှားဖြစ်၍ ခရိုင်အတွင်းက ဆေးရုံ အနည်းငယ်ကသာ သူ ဖော်စပ်ထားသည့်ဆေးကို ရနိုင်ကြလေသည်တဲ့။
သူ့ အဖိုးဖြစ်သူက လွန်ခဲ့သော အချိန်အတော်ကြာကတည်းကပင် သူ့အား ဤအကြီးအကဲရှုကို ဘယ်တော့မှ အပြစ်မပြုမိစေရန်နှင့် ထိုသို့မဟုတ်ပါက သူသည် ဒုက္ခများစွာကို သေချာပေါက် ဖိတ်ခေါ်မိလိမ့်မည်ဟု သတိပေးခဲ့၏။ သူသည် ဤစကားလုံးများကို အမြဲတမ်း အမှတ်ရနေခဲ့သည်။
ထို့ကြောင့်ပင် ဤအဖိုးအိုနှင့် သူ၏ တပည့်ဖြစ်သူတို့ လာသည့်အချိန်တိုင်း သူသည် သူတို့အား အဖော်ပြုပေးရန် သေသေချာချာ အချိန်ပေးခဲ့၏။ သို့သော် နှမြောစရာကောင်းသည်မှာ ဤအဖိုးအို၏ စိတ်ထားမှာ ထူးဆန်း၍ သူ့အား မကြာခဏ ခပ်ခွာခွာ ဆက်ဆံတတ်သည်။
အခုအချိန်တွင်လည်း သူသည် အဖိုးအို၏ တပည့်ကိုသာ တက်ရောက်ပေးဖို့ ဖိတ်ကြားရန် တွေးခဲ့သော်လည်း ဤအကြီးအကဲရှုပါ လိုက်လာမည်ဟု မထင်ထားမိခဲ့ချေ။ ဤသည်မှာ အမှန်တကယ် မမျှော်လင့်ထားသည့် အံ့သြစရာဖြစ်၏။
သို့ရာတွင် အဖိုးအိုက ဒါရိုက်တာရှု၏ နှုတ်ဆက်စကားကို မကြားလိုက်သကဲ့သို့ ပြုမူ၍ သူ့အား တိုက်ရိုက်ပင် ကျော်၍ ဆက်လျှောက်သွားသည်။ ထို့နောက် ကျင်းယွင်ကျောင်းအား တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။
“မင်းက ဘယ်လို ပြဿနာရှာရမလဲဆိုတာကို ကောင်းကောင်း သိတာပဲ”
ကျင်းယွင်ကျောင်းက ကူကယ်ရာမဲ့ ဖြစ်သွားပြီး ...
“အဖိုးရှု၊ ဦးလေးရှင်းယွမ်၊ ရှင်တို့ နှစ်ယောက်လုံး ဒီကို ဘာကြောင့် လာကြာတာလဲ”
ဤစကားအား ပြောလိုက်သည့်အချိန်တွင် ဒါရိုက်တာလျို့၏ မျက်နှာမှာ ချက်ချင်း တောင့်ခဲ့သွားသည်။ သည် အရိုင်းအစိုင်းလေးက သည် ရှုမျိုးရိုးကို တကယ် သိတာလား။
“ဒီမှာ ဒါရိုက်တာလျို့ကို ရန်သွားစတဲ့ အမြင်မရှိတဲ့ ကလေးတစ်ယောက်ရှိတယ်လို့ ကြားလို့ ဒီအဖိုးကြီးက မင်းကို ချက်ချင်းတွေးမိသွားတာလေ။ တစ်ချက်လောက် ကြည့်ဖို့ လာလိုက်တော့ ငါ ထင်တာမှန်နေတာပဲ”
အကြီးအကဲရှုက လုံးဝယဥ်ကျေးမှုမရှိဘဲ ပြန်ဖြေလိုက်သည်။
ဒါရိုက်တာလျို့ တံထွေးမျိုချလိုက်၏။
သူသည် သူတို့အား ဖိတ်ကြားရန်အတွက် ရှုရှင်းယွမ်ကို ဖုန်းခေါ်စဥ်အခါက သူသည် ကျင်းယွင်ကျောင်း၏အကြောင်းကို ပြောခဲ့၍ သူမသည် အမြင်မရှိသော တဇောက်ကန်းကလေးတစ်ယောက်ဟု ပြောထားခဲ့သည်။ ယခု အကြီးအကဲရှုပြောသည်အား နားထောင်ရသည်မှာ သူက ၎င်းကို ကြားသွားသည့်ပုံများလား။
ပြီးလျှင် သူ ဤနေရာသို့ လာသည့် ရည်ရွယ်ချက်က ပွဲကို လာတက်သည်လား သို့မဟုတ် ကျင်းယွင်ကျောင်းအတွက် တရားမျှတမှုရရှိရန်အတွက်လား။
ကျင်းယွင်ကျောင်းသည် အဖိုးရှု၏ စကားပြောပုံဆိုပုံအား အသားကျနေသည်မှာ ကြာပြီဖြစ်သည်။ ဤအဖိုးအိုသည် ခေါင်းမာသော်လည်း သူမကို ဂရုစိုက်တတ်၏။
ကန်စု့န်ပိုင်က သူမအား မိသားစုသဖွယ် ဆက်ဆံ၍ ဤအဖိုးရှုကမူ သူမ၏ ရိုသေလေးစားရသည့် ဆရာသမားတစ်ယောက် ဖြစ်သည်။
သူမသည် ဝိညာဥ်ကျောက်စိမ်းကို စုပ်ယူသောအခါ မကြာခဏပင် နားမလည်သော နေရာများရှိတတ်သဖြင့် သူမ မေးမြန်းသည့်အချိန်တိုင်းတွင် အဖိုးရှုထံမှ ချက်ချင်း အဖြေတစ်ခု အမြဲတမ်း ရတတ်၏။ သေချာပေါက် သူသည် သူမအား ‘ငတုံး’ ဟု ခေါ်ရမည့် အခွင့်အရေးကိုလည်း လက်လွှတ်မခံပေ။
သူမသည် ဤအဖိုးအိုအား အမြဲတမ်း လေးစားခဲ့သည်။ သူသည် လမ်းလျှောက်နေသော ပိုင်တုစွယ်စုံကျမ်းနှင့် တူသောကြောင့်ပင်။ နည်းလမ်းအချို့တွင် ဆေးပင်များပါဝင်နေသရွေ့ သူသည် ထိုအကြောင်းကိစ္စကို တစ်မိနစ်နှင့်ပင် သိသည်။ သူ ဆေးဖော်စပ်သည့် နည်းလမ်းများကိုလည်း နှံ့နှံ့စပ်စပ် နားလည်၍ သူ၏ အရည်အချင်းများမှာ ထူးချွန်လှ၏။ ဤမျှသာမက သူသည် ဆေးပညာရပ်၌ ဗဟုသုတများစွာ ရှိလိမ့်မည်ဟု ကျင်းယွင်ကျောင်း ခံစားမိသည်။ အနည်းဆုံး သူ၏ အဆင့်အတန်းမှာ ကန်စုန့်ပိုင်ထက်တော့ နိမ့်ကျမည် မဟုတ်ပေ။ ထိုသည်မှာလည်း သူက စာလေ့လာရာတွင် အာရုံမရှိသောကြောင့်သာ။
(T/N : ပိုင်တုက တရုတ်မှာသုံးတဲ့ search engineပါ။ ဒီမှာ အင်တာနက်ပေါ်မှာ တစ်ခုခုရှာချင်ရင် googleကို သုံးသလို တရုတ်မှာကျ ပိုင်တုကို သုံးပါတယ်။)
လက်ရှိအချိန်တွင် အဖိုးရှု၏ မျက်နှာအမူအယာမှာ လေးနက်နေပြီး အခြား လေးစားစရာကောင်းသည့် သက်ကြီးရွယ်အို သမားတော်များနှင့်မတူကာ လူအုပ်ကြားမှ ထင်းထွက်နေသော အရှိန်အဝါရှိသည်။
“မင်းတို့ မပြိုင်ကြသေးဘူးလား။ ရှင်းယွမ်၊ ငါပြင်ထားတဲ့ ပစ္စည်းတွေကို တစ်ယောက်ယောက်ကို ယူလာခိုင်းလိုက်”
အဖိုးရှုက အေးစက်စက် ပြောလိုက်၏။
ဤအခိုက်တွင် တစ်ခန်းလုံး အပ်ကျသံပင် မကြားအောင် တိတ်ဆိတ်သွားသည်။
သိပ်မကြာခင်မှာပင် ဆေးပင်မျိုးစုံအား ရှေ့တွင် နေရာချထားလိုက်သည်။ သို့သော် ၎င်းတို့အားလုံးကို ဆီစိမ်စက္ကူဖြင့် ရစ်ပတ်ထား၏။
ဘေးတွင်ထိုင်၍ ပွဲကြည့်ပရိတ်သတ်လုပ်နေသော ကန်စုန့်ပိုင်က ရုတ်တရက် မျက်မှောင်ကြုံ့လိုက်သည်။
ဤကလေး ကျင်းယွင်ကျောင်းသည် မျက်နှာထားတင်းနေသောအခါ သူမသည် အကြီးအကဲရှုနှင့် အတော်လေး တူသည်။ တူညီသော အရှိန်အဝါ၊ တူညီသော ဟန်ပန်အမူအရာရှိပြီး နှစ်ယောက်စလုံးသည် ရေခဲအလား အေးစက်၍ ထူးခြားဆန်းကြယ်၏။ အကယ်၍ အကြီးအကဲရှုသာ ဒေသခံတစ်ယောက်ဆိုပါက ကျင်းယွင်ကျောင်းသည် သူ့ မြေးများထဲမှ တစ်ယောက်ဖြစ်နိုင်သည်ဟုပင် ကန်စုန့်ပိုင် သံသယဝင်မိလိမ့်မည်။
Chapter 195 : ယှဥ်ပြိုင်ခြင်း(၃)
ကန်စုန့်ပိုင်သည် အကြီးအကဲရှုအား အလွန်အထင်ကြီး လေးစားသည်။ သူသည် သူနှင့် သက်တူရွယ်တူဖြစ်သော ကြီးမြတ်သည့် ဆရာကြီးရှု၏ အကြောင်းကို ပတ်ဝန်းကျင်၌ စုံစမ်းရန်အတွက်ပင် သူ့နည်းလမ်းနှင့်သူ အားထုတ်ကြိုးစားဖူးသည်။
သို့ရာတွင် သူ့ သတင်းအချက်အလက်စုဆောင်းရရှိမှုမှာ အကန့်အသတ်နှင့် ဖြစ်၏။ သူသည် ဆရာကြီးရှု၏ အမည်ရင်းမှာ ရှုကျင်းဇစ်ဖြစ်ပြီး အပေါက်ဆိုးလှသည့် ထူးထူးဆန်းဆန်း စိတ်ထားရှိသူဖြစ်ကာ ငွေကြေးမချို့တဲ့သော်လည်း လူသွားလူလာမရှိသော ချောင်ကျသည့် လမ်းကြားလေးတစ်ခု၌ နေထိုင်သည်ကိုသာ သိခဲ့ရသည်။ ထိုလူထူးဆန်းသည် ထိုကဲ့သို့ အဆင်မပြေသော နေရာမျိုး၌ နေထိုင်ခဲ့သည်မှာ မမျှော်လင့်ထားသည့်အရာဖြစ်၏။ သူသည် အမှန်တကယ်ပင် မည်သည့်ဆူညံမှုကိုမှ မနှစ်သက်ပုံရသည်။
ဤရှုကျင်းဇစ်သည် ဆေးဖော်ရာ၌ အထူးကျွမ်းကျင်သူတစ်ဦးဖြစ်၏။ ၎င်းက သူ့အား ဆေးဖော်ဝါသနာရူးတစ်ယောက်ဟုပင် ခေါ်တွင်စေခဲ့သည်။ သူ့ ဘေးတွင် အမြဲတမ်းရှိနေသော ရှုကျင်းယွမ်ဟုခေါ်သည့် တပည့်မှလွဲလျှင် ဆရာကြီး၌ အခြားမည်သူမှ မရှိပေ။
“အကြီးအကဲရှု၊ အကြီးအကဲရဲ့ရည်ရွယ်ချက်က ကျွန်တော်တို့ကို ဆေးပင်တွေကို ခန့်မှန်းစေချင်တာလား”
ကန်စုန့်ပိုင်က ရှုကျင်းဇစ်အား အကဲခတ်နေဆဲမှာပင် ဒါရိုက်တာလျို့က ပျာပျာသလဲလဲ ရှေ့တိုး၍ ရယ်သွမ်းသွေးကာ မေးလိုက်သည်။
အဖိုးရှူက သူ၏ မျက်ခုံးများက စုကျုံ့လိုက်ပြီး ...
“အနံ့နဲ့ ဆေးပင်ကို သတ်မှတ်ပါ။ စတော့”
“အမ်”
ဒါရိုက်တာလျို့ ဆွံ့အသွား၏။ သူက ဘာကို ဆိုလိုတာလဲ။ အနံ့အပေါ်မှာပဲ မူတည်ပြီး ခွဲခြားရမယ်ဟုတ်လား။ ဒီလောက် အတိုင်းအတာထိ သွားဖို့ မလိုဘူးလေ။
“ဒါရိုက်တာလျို့၊ ရှင့်ကိုကြည့်ရတာ ကိုယ့်ကိုကိုယ် ယုံကြည်မှု သိပ်မရှိတဲ့ပုံပဲ။ ဒီလိုဆိုရင်တော့ ကျွန်မလည်း ယဥ်ကျေးမနေတော့ဘူးနော်”
တစ်ဖက်မှ ကျင်းယွင်ကျောင်းသည် အခက်အခဲကို မကျော်လွှားနိုင်စရာ အကြောင်းမရှိသဖြင့် ဘောပင်နှင့် စာရွက်ကို ဆွဲထုတ်လိုက်တော့သည်။ ထို့နောက် သူမသည် စားပွဲဆီသို့ လျှောက်သွား၍ ဆီစိမ်စက္ကူထုပ်များဆီသို့ ချဥ်းကပ်သွားကာ တစ်ခုချင်း အနံ့ခံလိုက်၏။
၎င်းတို့ထဲတွင် အချို့ဆေးပင်များမှာ သိသာ၍ ပြင်းထန်သော အနံ့မျိုးရှိပြီး များသောအားဖြင့် အတွေ့အကြုံအသင့်အတင့်ရှိသော သမားတော်တစ်ယောက်ဖြစ်လျှင်ပင် အနံ့ကို ခွဲခြားသတ်မှတ်နိုင်သည်။
မည်သို့ပင် ဆိုစေကာမူ တစ်ချိန်တည်းမှာပင် မည်သည့်အနံ့အသက်မှ များများစားစား သိပ်မရှိသော ဆေးပင်များစွာလည်း ရှိသည်။ ဤကဲ့သို့သော ဆေးပင်များကို ခွဲခြားသတ်မှတ်ချင်ခြင်းက အတော်လေး စိန်ခေါ်မှုတစ်ခုဖြစ်၏။
သို့ရာတွင် ကျင်းယွင်ကျောင်းအတွက်မူ ဤကဲ့သို့သော စစ်ဆေးမှုမျိုးက သူမအား ကျဥ်းထဲကြပ်ထဲကျစေမည့် အကြောင်း မရှိပေ။
ငယ်စဥ်ကတည်းကပင် သူမ၏ အနံ့ခံအာရုံက အမြဲတမ်း ထက်မြက်ခဲ့ပြီး နေရာလွတ်နယ်မြေ၏ တရားဝင်ပိုင်ရှင်ဖြစ်လာသည့် ရလဒ်အနေဖြင့် ဝိညာဥ်ကျောက်စိမ်းအား စုပ်ယူခြင်းကိုပါ ထည့်ပေါင်းလိုက်သောအခါ ၎င်းက ပို၍ပင် အဆင့်မြှင့်တက်သွားခဲ့သည်။ သူမ၏ နှာခေါင်းဝ၌ အလွန်းသေးငယ် အသေးစိတ်သည့်အနံ့လေးများကိုပင် သတိမပြုမိဟူ၍ မရှိခဲ့။
ကျင်းယွင်ကျောင်းက အလွန်လျင်မြန်စွာဖြင့် ရှေ့တက်သွားသည်ကို မြင်သောအခါ ဒါရိုက်တာလျို့သည့် ဆက်လက်၍ အံ့သြထိတ်လန့် မနေနိုင်တော့ဘဲ မကြာမီမှာပင် သုတ်သုတ်ပြာပြာနှင့် နောက်က လိုက်လာသည်။
သူ့အတွက် ကံဆိုးသည်မှာ ဆေးပင်များကို အနံ့ခံခြင်းသည် သူ့ ဦးနှောက်အား စက်ဝိုင်းကဲ့သို့ ချာချာလည်သွားစေခဲ့၏။ သူသည် အလယ်သို့ ရောက်သည့်တိုင် သုံးမျိုးကိုသာ အမျိုးအစား ခွဲခြားသတ်မှတ်နိုင်သေးသည်။ သစ်မွှေး၊ ပူစီနံနှင့် ချန်ပိတို့ဖြစ်၏။ ကျန်သောဆေးပင်များတွင်လည်း သူသည် ဆေးပင်တစ်မျိုး၏ အမျိုးအစားကိုသာ အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့ပြီး အခြားဆေးပင်အတွက်မူ လုံးဝကျရှုံးခဲ့လေသည်။
ကျင်းယွင်ကျောင်း၏ အရှိန်ကမူ အလွန်လျင်မြန်လှသည်။ သူက ဤကလေးသည် ဘာမှမစဥ်းစားဘဲ ချရေးနေသည်ဟုပင် စတင် သံသယဝင်လာမိ၏။
ဆေးပင်အမျိုးအစား သုံးဆယ်အတွက် တစ်မျိုးလျှင် ဆယ့်ငါးစက္ကန့်ခန့်သာ အချိန်ယူလိုက်ရ၍ ဆယ်မိနစ်ကျော်ကျော် ကြာပြီးနောက်တွင် ပထမပွဲစဥ် ပြီးဆုံးသွားသည်။
ထိုအချိန်တွင် ဒါရိုက်တာလျို့သည် စိတ်နှင့်ကိုယ်နှင့် အပြည့်အဝ ပြန်မကပ်သေးဘဲ ထိုအစား သူသည် ခံစားချက် ဆိုးဆိုးဝါးဝါးတစ်ခုအား ခံစားနေရလေသည်။
သူတို့ ဆေးပင်များမှတဆင့် ယှဥ်ပြိုင်သည့် နည်းလမ်းကို ဤသို့ မထင်ခဲ့မိ။ အနံ့ရှုရုံပင် မဖြစ်သင့်ဘဲ သူတို့၏ မျက်လုံးများကို သုံး၍ ဆေးပင်များကို ခွဲခြားနိုင်သည်။ အကယ်၍ သူသည် သူ့ မျက်လုံးကိုသာ အားကိုးရပါက ဤဆေးပင်အားလုံးကို မှတ်မိနိုင်လိမ့်မည်ဟု သူသေချာပေါက် အာမခံနိုင်၏။
“ရှောင်လျို့.......ဆယ့်ငါး”
ရှုကျင်းဇစ်က ခေါင်းပင် မော့မကြည့်ဘဲ သူ၏ အဖြေလွှာကိုသာ တစ်ချက်ကြည့်၍ သူ့ အမှတ်ကို ထုတ်ပေးလိုက်သည်။
သူ၏ အဖြေလွှာစာရွက်သည် အလွန်ရှုပ်ရှုပ်ပွပွ ရေးခြစ်ထားပြီး သူသည် သူ၏ အဖြေများကို လုံးဝသေချာမှုမရှိခဲ့ကြောင်း သိသိသာသာ ပြောနိုင်၏။ သို့ရာတွင် တကယ်တမ်း၌ သူ့တွင် ကျွမ်းကျင်မှုအနည်းငယ်သာ ရှိသည်။ ထို့ကြောင့် သူ မျက်စိမှိတ်၍ ခန့်မှန်းလျှင်တောင်မှ တစ်ဝက်သာမှန်နိုင်၏။
ဒါရိုက်တာလျို့က စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ရမှတ်က အနည်းငယ်ဆိုးလျှင်တောင်မှ သူမျှော်မှန်းထားသည်ထက် ကောင်းနေသေး၏။
“ကျင်းယွင်ကျောင်း၊ အားလုံးမှန်တယ်။ မဆိုးဘူး”
ဒါရိုက်တာလျို့က သူမ၏ ရမှတ်များကို ခန့်မှန်းနေစဥ်မှာပင် ရှုကျင်းဇစ်က ကြေညာလိုက်ပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“မဖြစ်နိုင်ဘူး”
ဒါရိုက်တာလျို့က ရှေ့သို့ အမောတကော ပြေးသွား၍ သူ၏ လက်ကို ဆန့်ကာ ကျင်းယွင်ကျောင်း၏ အဖြေလွှာစာရွက်အား လုယူလိုက်၏။ သူသည် မယုံကြည်နိုင်သော လူတစ်ယောက်အဖြစ်သို့ လုံးဝပြောင်းသွား၍ တစ်ဝက်တစ်ပျက်လည်း သတိလက်လွတ်ဖြစ်နေသည်။
သူ မြင်လိုက်ရသည်မှာ စာလုံးများကို ရှင်းလင်းလှပစွာ ရေးသားထားသည့် သပ်ရပ်သန့်ရှင်းသော စာရွက်အဖြူတစ်ရွက်ဖြစ်ပြီး ဆေးပင်အမျိုးအစား သုံးဆယ်အား အမှားအယွင်းမရှိဘဲ ပြီးပြည့်စုံစွာ အစမှ အဆုံးအထိ အစဥ်လိုက် ရေးထား၏။ ဆေးပင်စာရင်းကို ဖတ်ရင်း ဒါရိုက်တာလျို့သည့် ကျင်းယွင်ကျောင်းက ၎င်းတို့အား အမှန်တကယ်ပင် အမှားအယွင်းမရှိခန့်မှန်းနိုင်ခဲ့ကြောင်း ယုံလိုက်ရသည်။
“ကြည့်လို့ပြီးပြီးလား။ မင်း ပြီးရင် ငါတို့ နောက်ပွဲစဥ်ကို ပြောင်းမယ်”
ရှုကျင်းဇစ်က ထိုကိစ္စအပေါ် ဒါရိုက်တာလျို့၏ အတွေးများကို လုံးဝဂရုမစိုက်ဘဲ သူ့အား တစ်ချက် တစေ့တစောင့် ကြည့်လိုက်၏။ သူ့ ကြေညာချက်ပြီးသောအခါ သူသည် ရှင်းယွမ်အား ပထမပွဲစဥ်မှ ဆေးပင်များကို ဖယ်ရန် ခပ်သွက်သွက် ညွှန်ကြားလိုက်သည်။ ထို့နောက် ဆယ်ချီသော စက္ကူအိတ်လေး အများအပြားကို ဖောက်စေလိုက်၏။
“ဒီမှာ ထျန်းမာ၊ ရှန်ယောက်၊ စန်းချီ၊ ပါ့ကျီထျန်း၊ ချွမ်ပေ့မူ၊ ဝူယောက်၊ ဟုန်ဟွား၊ တုကျူံး၊ လုရုံနဲ့ ဂျင်ဆင်းတို့ပဲ။ ဆယ်မျိုးရှိပြီးတော့ ဒီအထဲမှာ အတုနည်းနည်း ရောထားတယ်။ ဒီစစ်ဆေးမှုကို ကျော်ဖြတ်ဖို့ မင်းတို့က ဆေးပင်တစ်မျိုးချင်းစီရဲ့ တစ်ခုတည်းသော အစစ်အမှန်ဆေးပင်ကို ရွေးခြယ်နိုင်ဖို့ပဲ လိုတယ်”
ဦးလေးရှင်းယွမ်က ပစ္စည်းအသစ်များကို နေရာချထားပြီးနောက် ဖြည့်ပြောလိုက်သည်။
Chapter 196 : ယှဥ်ပြိုင်ခြင်း(၄)
စုဝေးခန်းထဲရှိ စားပွဲအကြီးကြီးသည် ဆေးပင်မျိုးစုံနှင့်ပြည့်နေ၏။ ဆေးပင်အမျိုးအစား ဆယ်မျိုးမှာ အတော်လေး နည်းသော်လည်း တစ်ခုချင်းစီ၌ တစ်ထပ်တည်းတူသည့် အခြားဆေးပင်အမျိုးအစားများစွာ ရှိနေသေးသည်။ ကံဆိုးသည်မှာ တစ်ချက်ကြည့်ရုံဖြင့် ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတုဟူ၍ ပြောနိုင်မည် မဟုတ်ပေ။
သူသည် အရင်ပွဲစဥ်၌ ကျင်းယွင်ကျောင်း၏ လျင်မြန်သော လုပ်ဆောင်ချက်မှ နာလန်ပြန်မထူနိုင်သေးဘဲ ဤအရာများအားလုံးကြောင့်ပါ ကြောင်စီစီဖြစ်နေ၏။
သူနာပြုများအားလုံးနှင့် အပြင်မှ လူနာများ၏ မိသားစုဝင်များ ဘာမှမသိသည်ကို မဆိုထားနှင့်၊ ဒါရိုက်တာလျို့၏ နှလုံးသားသည်ပင် တုန်လှုပ်နေသည်။
သူသည် နှစ်ခုထဲမှ အမှန်တစ်ခုအား ရွေးခြယ်ရခြင်းဆိုလျှင် လက်ခံနိုင်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအနည်းငယ် ရှိလိမ့်မည်ဖြစ်သည်။ သို့သော် ဒါကတော့ ... ဒါက ဟာသလုပ်နေတာလား။
ဥပမာအနေဖြင့် ထျန်းမာသည် ခုနစ်ခုရှိ၏။ မည်သူက အချိန်တိုအတွင်း ၎င်းတို့ကို ခွဲခြားနိုင်မည်နည်း။
“ပြဿနာရှိလို့လား”
ရှုကျင်းဇစ်သည် ပုံမှန်အတိုင်းပင်ဖြစ်၍ ဘေးပတ်ဝန်းကျင်ရှိလူများ၏ ထိတ်လန့်နေသော အမူအယာများကိုလည်း မမြင်နိုင်သည့်အလားပင်။ သူ့အတွက်မူ အစစ်နှင့် အတုကြား ခွဲခြားခြင်းသည် စောဒကတက်စရာမရှိသော အခြေခံဗဟုသုတလောက်သာဖြစ်သည််။ အကယ်၍ ဤသည်ကိုပင် မသိသောသူဆိုပါက သူသည် လူတစ်ယောက်အား အတုများနှင့် ထိခိုက်အောင်မလုပ်မိစေရန် ဆေးပင်များနှင့် ဝေးနိုင်သမျှ ဝေးဝေးနေခြင်းက ပိုကောင်း၏။
“ဒါက ... အကြီးအကဲရှု၊ ကျေးဇူးပြုပြီး ဆေးပင်တစ်ပင်ချင်းစီကနေ ရွေးစရာနည်းနည်းလောက် ဖယ်ပေးလို့မရဘူးလား”
ဒါရိုက်တာလျို့က မကျေမနပ် နှုတ်ခမ်းစူ၍ မေးခွန်းထုတ်လိုက်သည်။
သူသည် ကန်စုန့်ပိုင်နှင့် ကျင်းယွင်ကျောင်းတို့ကို သိက္ခာကျစေချင်သောကြောင့်သာ ဤပြိုင်ပွဲကို လုပ်ရန် ဆန္ဒရှိခဲ့သော်လည်း ယခုအခါ ရှုကျင်းဇစ်က ဤမျှခက်ခဲသော မေးခွန်းတစ်ခုအား မေးလာခြင်းသည် သူ့သိက္ခာ သူ့ဟာသူကျအောင် လုပ်နေသည့်အလားပင်။
ဤပြိုင်ပွဲအတွက် သူ၏ သဘောတူညီချက်မှာ အဓိပ္ပါယ်မရှိ ဖြစ်သွားမည်လား။
“ရွေးစရာနည်နည်း ဖယ်ပေးရမယ်ဟုတ်လား”
အကြီးအကဲရှုက လည်ချောင်းရှင်းလိုက်သည်။ ဒါရိုက်တာလျို့အား စိုက်ကြည့်နေသည့် သူ၏ အကြည့်များက သေလုနီးပါးပင်။
“ဒါဆိုရင် ပစ္စည်းအစစ်တွေကို ငါကိုယ်တိုင် မင်းကို ကူညီပြီးရွေးပေးဖို့ပဲ တောင်းဆိုလိုက်တော့လေ။ မင်း ပြိုင်နိုင်လား၊ မပြိုင်နိုင်ဘူးလား။ မင်း မလုပ်နိုင်ဘူးဆိုရင် အရှုံးကို ဝန်ခံပြီးတော့ ထွက်သွား”
ဒါရိုက်တာလျို့သည် အလွန်အသက်ရှုကြပ်သွားပြီး ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
ဤအဖိုးအို၏ သဘောထားက အလွန်ဆိုးကြောင်းကို သူသိသော်လည်း သူ့အား လူများစွာ၏ အရှေ့၌ ပြစ်တင်ရှုတ်ချ၍ မျက်နှာသာ ပေးလိမ့်မည်မဟုတ် ဟူ၍တော့ သူ မထင်ထားခဲ့ပေ။
“ကျင်းယွင်ကျောင်း၊ ခုထိ မစသေးဘူးလား။ မင်း အမှားတစ်ခု လုပ်မိခဲ့ရင် အနာဂတ်မှာ ငါ့ကို ထပ်ပြီးတော့ လာတွေ့စရာမလိုတော့ဘူး။ ဒီလူအိုကြီးက အရှုံးသမားတွေနဲ့ မပတ်သတ်ချင်ဘူး”
အကြီးအကဲရှုသည် ကျင်းယွင်ကျောင်းအားလည်း ထိုနည်းတူစွာပင် ခပ်စိမ်းစိမ်း ပြောလိုက်သည်။
သို့ရာတွင် ဤသို့ ပြောလိုက်သော်လည်း ရှုကျင်းဇစ်၏ မျက်လုံးထဲမှ ဂုဏ်ယူမှုများကို ကန်စုန့်ပိုင် သိသိသာသာပင် မြင်နိုင်၏။ ဤသည်က ရှုကျင်းဇစ်သည် ကျင်းယွင်ကျောင်းအား အရှုံးသမားတစ်ယောက်ဟု မမြင်ရုံသာမက သူမ၏ အရည်အချင်းကိုလည်း ရှင်းရှင်းလင်းလင်း သိနေခြင်းဖြစ်ကြောင်း ကန်စုန့်ပိုင်အား ခံစားမိစေသည်။ ထို့ကြောင့်လည်း သူသည် အလွန်ပြင်းပြင်းပြပြ ဖြစ်နေခြင်းပင်။
၎င်းက ထူးဆန်းသည်။
ကျင်းယွင်ကျောင်း၏ နောက်ရှိ ထူးခြားဆန်းကြယ်သော ရှစ်ဖူးက သည် ရှုကျင်းဇစ်များလား။
ဤသည်သာ အမှန်ဆိုပါက ဤမိန်းကလေး၏ ကံတရားသည် ကြီးကျယ်လွန်းကြောင်း သူ ပြောနိုင်ပေသည်။ ရှုကျင်းဇစ်၏ ကြောင်တောင်တောင်နိုင်ခြင်းကို ဘေးဖယ်ထားလိုက်လျှင် သူသည် စစ်မှန်သော လူတော်တစ်ယောက်ပင်။
ကျင်းယွင်ကျောင်း၏ အမူအယာက မပြောင်းလဲဘဲ သူမသည် အရာအားလုံးကို သေချာ လေ့လာဆန်းစစ်ရန် စားပွဲဆီသို့ သွားလိုက်သည်။
ထျန်းမာ၏ အရောင်သည် အဝါရောင်သမ်းသော အဖြူရောင် သို့မဟုတ် အဝါရောင်သမ်းသော ခပ်ဖျောဖျော့ လိမ္မော်ရောင်ရှိပြီး ပုံမှန်မဟုတ်သော အစင်းကြောင်းများရှိကာ အလင်းဖောက်နိုင်သည်။ ကြမ်းတမ်းပြီး ကွေးလိုက်ပါက ကျိုးပဲ့ရန် ခက်ခဲပြီး ဘေးတိုက်နေရာမှ အမျှင်များက ပြားကပ်နေသည်။ သာမန်အားဖြင့် ကုန်သည်များသည် ဒေလီယာမြစ်၊ စံပယ်မြစ်၊ ထျန်းဟွားဖန်၊ မျောက်ဥ၊ အာလူးများ၊ ကန်စွန်းဥများ အစရှိသည်တို့ကို ထျန်းမာအတုလုပ်ရာ၌ သုံး၏။
၎င်းက အလွန်ခက်ခဲပုံပေါ်သော်လည်း အနံ့နှင့် အရောင်မှာ လုံးဝတခြားစီဖြစ်သည်။
ကျင်းယွင်ကျောင်းက ချောချောမွေ့မွေ့ပင် အပုံကြီးတစ်ခုလုံးထဲမှ တစ်ခုချင်းကို ရွေးခြယ်ခဲ့သည်။ ထိုအချိန်၌ ဒါရိုက်တာလျို့သည် ဓါတ်စမ်းပစ္စည်းအချို့ကို ယူလာနိုင်ခဲ့၍ အလွန်ပီတိဖြစ်နေ၏။
အရှေ့တိုင်းဆေးပညာကို လေ့လာသည့် သမားတော်တစ်ယောက် အနေနှင့် ဒါရိုက်တာလျို့၏ နည်းလမ်းများမှာ အနောက်တိုင်းဆေးပညာကို လေ့ကျင့်နေသည့် ဆရာဝန်တစ်ယောက်နှင့် တူနေသည်။
၎င်းမှာ ခွဲခြားရန်အတွက် မခက်ခဲသော်လည်း သူသည် အိုင်အိုဒင်းကဲ့သို့သော အရည်များအပေါ်တွင် မှီခိုရန် လိုသေး၏။ ဤသည်က သူသည် စာအုပ်များမှ သင်ထားသည်များကိုသာ သိရှိပြီး ဆေးပင်များကို အမှန်တကယ် များများစားစား နားလည်ခြင်းမရှိကြောင်း သိသာနေစေခဲ့သည်။
ဒါရိုက်တာလျို့၏ လုပ်ရပ်များမှာ ကျင်းယွင်ကျောင်းအား သူ့ကို အထင်သေးစေရုံမျှသာမက အခြားသော သမားတော်များကိုပင် သူတို့ခေါင်းများကို ယမ်းမိစေသည်။
ဤသည်မှာ အလားအလာရှိသော နည်းလမ်းတစ်ခုဖြစ်သော်လည်း တိုင်းရင်းဆေးသမားတော်များ၏အရှေ့၌မူ မသင့်တော်ခဲ့ပေ။
သူမ၏ နှလုံးသားသည် ငြိမ်းချမ်းနေပြီး ဆက်၍ စောင့်ကြည့်နေသည်။
ရှန်ယောက်အတုကို များသောအားဖြင့် ဟင်းသီးဟင်းရွက်ကစီ၊ ကန်စွန်းဥ၊ ပီလောပီနံ၊ ခရမ်းရောင် မျောက်ဥ သို့မဟုတ် ကျောက်ပန်ရှောက် အစရှိသည်တို့ဖြင့် အဆင့်ဆင့်ပြုလုပ်၍ အစားထိုးထားသည်။ အနံ့သည်လည်း ခြားနား၏။
…
ဟုန်ဟွားကို များသောအားဖြင့် ပြောင်းဖူးမွေးမှ အရောင်ဆိုးထားသည်။
ဂျင်ဆင်းအား ပုံတူပွားသည့်နည်းလမ်းများမှာမူ အလွန်မြင်သာ၏။ စားပွဲပေါ်တွင် ရှိနေသည်များမှာ ဟွားရှန်ရှန်း၊ ရှောင်ရှန်းလု၊ ကျဲကန်း၊ ပိုင်ဇစ်၊ ပဲစင်းငုံရိုင်း၊ ဆလပ်ရွက်...အစရှိသည်များ အသီးသီးဖြစ်ကြသည်။ အမျိုးစုံ၊ အမယ်စုံမှာ အလွန်စိတ်ဝင်စားစရာကောင်းသော အရာများဖြစ်ကြ၏။
ဤအတုများ၏ ပုံသဏ္ဍာန်များက ကျင်းယွင်ကျောင်းအား အမှန်တကယ်ပင် ၎င်းတို့အား လေးစားမိစေသည်။ ဒါရိုက်တာလျို့ကဲ့သို့သော လူတစ်ယောက်သာဆိုလျှင် မည်သို့မျှ ခွဲခြားနိုင်လိမ့်မည် မဟုတ်ပါချေ။