အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အခန်း ၅၅။ တောင်တစ်ရာရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော် စတင်ပြီ၊ တာလော့မှာ ရီကွမ်ပွဲတော် တောက်ပနေတယ်
“ကျွန်မတို့ သွားလိုက်ပါဦးမယ်”
ကျန်းဝမ်နှင့် အခြားသူများအားလုံး ဦးညွှတ် နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။ လင်းရီက ခေါင်းညိတ်ပြလိုက်ပြီး အထွေထွေကိစ္စရပ်များ ခန်းမမှ တပည့်တစ်ဦးက ရှေ့သို့ထွက်ကာ လင်းရီကို ခေါ်ဆောင်သွားခဲ့သည်။
“အားလုံးပဲ... ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ”
ဆူးလီက ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။ ဆူးလီသည် ယခုအခါ လင်းရီ၏ ခန့်အပ်မှုကြောင့် ဝိုင်တောင် အကြီးအကဲတစ်ဦး ဖြစ်နေပြီဖြစ်သော်လည်း ဤပုဂ္ဂိုလ်များအပေါ် အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲချေ။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
ရှန်ကွမ်းယွီ နှင့် အခြားသူများကလည်း အလွန် ယဉ်ကျေးပျူငှာသော အမူအရာဖြင့် ပြန်လည် ဦးညွှတ်လိုက်ကြသည်။ ယင်းကို မြင်သောအခါ ဆူးလီသည် လေးစားအားကျစွာဖြင့် သက်ပြင်းချလိုက်မိသည်။
နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက် နှင့် ပုလဲအဆင့်သတ်မှတ်ချက်တွင် ပါဝင်သော ဤပုဂ္ဂိုလ်များသည် မြင့်မြတ်သော အဆင့်အတန်းများနှင့် အစွမ်းထက်သော နောက်ခံများ ရှိကြသဖြင့် သဘာဝကျကျပင် မာနကြီးကြပေသည်။ သို့သော်လည်း သူတို့သည် အခြားသူများနှင့် ဆက်ဆံရာတွင် သင့်လျော်သော ကျင့်ဝတ်များကို ထိန်းသိမ်းထားဆဲ ဖြစ်၏။ အနာဂတ် လုံးဝမရှိတော့သည့် မိမိကဲ့သို့သော ကျင့်ကြံသူတစ်ဦးအပေါ်တွင်ပင် သူတို့က မည်သည့်အခါမျှ အထင်အမြင်သေးခြင်း မရှိခဲ့ချေ။ သူတို့သည် ဂိုဏ်းအသီးသီးက သေချာ ဂရုတစိုက် ပြုစုပျိုးထောင်ထားသော ပါရမီရှင်များ အမှန်တကယ်ပင် ဖြစ်ကြပေသည်။
တာလော့ဝိုင်တောင် ဝိုင်မြည်းစမ်းပွဲ။
၎င်းသည် လင်းရီက သေမျိုးကမ္ဘာတွင် တည်ထောင်ခဲ့သော ရီကွမ်အသင်းမှ အမည်ကို ယူထားခြင်းဖြစ်သည်။ ရီကွမ်ပွဲတော်ဟု အမည်ပေးထားပေသည်။ ၎င်းကို ဝိုင်တောင်၏ ဧည့်ခံပွဲခန်းမတွင် ကျင်းပခြင်း ဖြစ်သည်။ ဝိုင်တောင် ဧည့်ခံပွဲခန်းမမှာ တာလော့ ဝိုင်တောင်၏ တောင်ခါးပန်းတွင်တည်ရှိပြီး ချီတောင် တောင်သခင် ကျူးထျန် းကိုယ်တိုင် ပြင်ဆင်ပေးထားခြင်း ဖြစ်၏။ ခန်းမဆောင်ကြီးဟု ခေါ်သော်လည်း တကယ်တမ်းတွင် ၎င်းမှာ လေထဲတွင် တွဲလောင်းကျနေသော အမိုးပွင့် ကျောက်စိမ်းစင်မြင့်ကြီးတစ်ခု ဖြစ်ပေသည်။
ကျောက်စိမ်းစင်မြင့်ကို တိမ်တိုက်လှေကားများဖြင့် ဆက်သွယ်ထားပြီး စီးဆင်းနေသော အလင်းတန်းများ လင်းလက်နေကာ ကျောက်စိမ်းစင်မြင့်အထက်တွင် တိမ်တိုက်စားပွဲများကို သပ်ရပ်စွာ စီစဉ်ထားပေသည်။ တိမ်တိုက်စားပွဲ တစ်ခုစီတိုင်းသည် အင်မော်တယ်ဂိုဏ်း တစ်ခုစီကို ကိုယ်စားပြုသည်။ တိမ်တိုက်စားပွဲများကို အစီအစဉ်အတိုင်း နေရာချထားပြီး အအတွင်းဆုံးနေရာမှာ သဘာဝကျကျပင် ဝိုင်တောင် တောင်သခင်၏ နေရာ ဖြစ်ပေသည်။
အဆင့်လွန် ဂိုဏ်းကြီး ငါးခု၏ နေရာများကို တောင်သခင်၏ နေရာဘေးတွင် ကပ်လျက် ထားရှိပေသည်။ လင်းရီမှာ တောင်သခင် ဖြစ်သော်လည်း သူ၏အဆင့်အတန်းမှာ ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များထက် အနည်းငယ် နိမ့်ကျနေသည်မှာ သဘာဝပင် ဖြစ်၏။
သို့သော် ဧည့်သည်က အိမ်ရှင်ကို နေရာမလုသင့်ဟူသော စကားရှိပေသည်။ ယနေ့သည် တာလော့ ဝိုင်တောင် ဝိုင်မြည်းစမ်းပွဲ ဖြစ်သည့်အပြင် တောင်သခင်လင်းရီ၏ နန်းတက်ပွဲ အခမ်းအနားလည်းဖြစ်ရာ တာလော့အင်မော်တယ်ဂိုဏ်း၏ အတွင်းစည်းမှ အစွမ်းထက်သူများနှင့် ဂိုဏ်းလေးခုမှ ဧည့်သည်များပင်လျှင် လင်းရီ၏ ထွန်းလင်းတောက်ပမှုကို ဖုံးလွှမ်းသွားစေနိုင်ခြင်း မရှိချေ။
သူတို့၏ အနောက်ဘက်တွင်မူ ထိပ်တန်း ဂိုဏ်းတစ်ဆယ့်နှစ်ခုနှင့် နဝမအဆင့်ဂိုဏ်း ခုနစ်ဆယ့်နှစ်ခုတို့ ရှိနေကြသည်။ တောင်တစ်ရာမှ တောင်သခင်များ၏ နေရာများလည်း ရှိပေသည်။ ဤအချိန်တွင် ဝိုင်မြည်းစမ်းပွဲမှာ မစတင်သေးသော်လည်း စောစီးစွာ ရောက်ရှိလာသော ဧည့်သည်များမှာ နေရာယူထားကြပြီဖြစ်သည်။ သူတို့သည် မသင့်လျော်သော လှုပ်ရှားမှု တစ်ခုမျှ မလုပ်ရဲဘဲ မတ်မတ်မတ်မတ် ထိုင်နေကြ၏။
“တောင်သခင်လင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဝိုင်ထည့်ဖို့ ဒီလောက်ကြီးတဲ့ ဝိုင်အိုးကြီးကို သုံးထားတာလား”
ကောင်းကင်နတ်ဆိုးနန်းတော်မှ ကျန်းဝမ်သည် ဆူးလီ၏ နောက်မှလိုက်ကာ စင်မြင့်ပေါ်သို့ တက်လာခဲ့ပြီး တိမ်တိုက်စားပွဲ တစ်ခုစီတိုင်းတွင် လက်နှစ်ဖက်ဖြင့် ဖက်ထားရလောက်အောင် ကြီးမားသော ဝိုင်အိုးကြီးတစ်လုံးစီ ရှိနေသည်ကို တွေ့လိုက်ရသည်။ ဝိုင်အိုးအတွင်း၌ အရောင်အသွေးစုံလင်သော အလင်းရောင်များ လင်းလက်နေပြီး ဝိုင်ရနံ့များမှာ လေထုထဲတွင် ပျံ့နှံ့နေကာ ၎င်းမှာ အလွန်ကောင်းမွန်သော ဝိုင်ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေပေသည်။ ဝိုင်အိုးဘေးတွင် ကျောက်စိမ်းဇွန်း တစ်ချောင်းလည်း ရှိနေ၏။
“အားလုံးပဲ... ဒီဝိုင်တွေက သောက်ဖို့မဟုတ်ဘူးလို့ တောင်သခင်က ညွှန်ကြားထားပါတယ်။ တကယ့်သောက်ရမယ့် ဝိုင်တွေကို ဝိုင်မြည်းစမ်းပွဲ စတင်ပြီးမှ တပည့်တွေက လိုက်လံ တည်ခင်းပေးမှာပါ”
ဆူးလီက ရှင်းပြလိုက်သည်။
“သောက်ဖို့ မဟုတ်ဘူး ဟုတ်လား”
ရှန်ကွမ်ယွီ နှင့် အခြားသူများ အနည်းငယ် အံ့အားသင့်သွားကြသည်။
“ယနေ့ ဝိုင်မြည်းစမ်းပွဲမှာ တည်ခင်းမယ့် ဝိုင်တွေက အမျိုးအစား အများကြီးရှိပြီး တစ်ခုစီတိုင်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ အရည်အသွေးတွေ ရှိတယ်လို့ တောင်သခင်က ပြောထားပါတယ်။ အရသာတွေ ရောနှောသွားပြီး ဝိုင်ရဲ့ ဝိသေသလက္ခဏာတွေကို မထိခိုက်စေဖို့အတွက် အရပ်မျက်နှာအသီးသီးက ဧည့်သည်တွေ အဆင်ပြေစေဖို့ အထူးခွက်ဆေးဝိုင် တွေကို ချက်လုပ်ထားတာပါ”
ဆူးလီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ခွက်ဆေးဝိုင် ဟုတ်လား။ တကယ်လို့ သောက်ဖို့ မဟုတ်ဘူးဆိုရင် ဘာအတွက် သုံးမှာလဲ”
ယန်ကျန်းကိုယ်တိုင်က ဝိုင်ကို နှစ်သက်သူဖြစ်ပြီး ဝိုင်မြည်းစမ်းပွဲ မစတင်သေးသော်လည်း စည်းမျဉ်းများအရ စားပွဲပေါ်ရှိ အစားအသောက်များကို စားသောက်ခွင့် ရှိပေသည်။ သူက ပေါ့ပေါ့ပါးပါးပင် ကျောက်စိမ်းဇွန်းကို ကောက်ယူကာ သူ့အတွက် တစ်ခွက် ခပ်ယူလိုက်ပြီး သောက်ရန် ပြင်လိုက်သည်။
“စီနီယာအစ်ကိုယန်... အဲဒီခွက်ဆေးဝိုင် ဆိုတာက ခွက်တွေကို ဆေးကြောဖို့အတွက်ပါ၊ တကယ် သောက်လို့ မရပါဘူး”
ဆူးလီက အမြန် ဝင်ပြောလိုက်သည်။
“ခွက်ဆေးဖို့ ဟုတ်လား”
၎င်းကို ကြားသောအခါ ယန်ကျန်း၏ လှုပ်ရှားမှုများ တောင့်တင်းသွားခဲ့သည်။ ရှန်ကွမ်ယွီ နှင့် အခြားသူများလည်း ၎င်းကို ကြားသောအခါ အံ့အားသင့်သွားကြ၏။
ကျင့်ကြံသူများကြားတွင် ဝိုင်ကို နှစ်သက်သူများလည်း ရှိကြပြီး ဝိညာဉ်ကုန်းမြေတွင်လည်း အလွန်ကောင်းမွန်သော နတ်သုဒ္ဓါဝိုင်များ ရှိကြပေသည်။ ရှန်ကွမ်ယွီသည် ဝိုင်ကို မနှစ်သက်သော်လည်း ဤဝိုင်၏ လတ်ဆတ်ပြီး ကျက်သရေရှိသော ရနံ့ကို သူမ ရှူရှိုက်မိနိုင်ပြီး ၎င်းကို အနံ့ခံလိုက်ရုံဖြင့် လန်းဆန်းကာ ပျော်ရွှင်သွားစေနိုင်ပေသည်။ ယန်ကျန်းအတွက်မူ ဆိုဖွယ်ရာ မရှိတော့ချေ။ ၎င်းသည် ထိပ်တန်းအဆင့် ဝိုင်တစ်မျိုး ဖြစ်ကြောင်း သေချာလှပေသည်။ ဤမျှ ကောင်းမွန်သော ဝိုင်ကို ခွက်ဆေးရန်အတွက်သာ အသုံးပြုမည်လော။
“တကယ်လို့ စီနီယာအစ်ကိုယန်က ဝိုင်သောက်ချင်တယ်ဆိုရင် တောင်သခင်က ဧည့်ခံဖို့ ဝိုင်တချို့ ချန်ထားခဲ့ပါတယ်၊ အားလုံးအတွက် ကျွန်တော် သွားယူပေးပါ့မယ်”
ဆူးလီက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
အကယ်၍ ယန်ကျန်းကသာ ခွက်ဆေးဝိုင်ကို သောက်လိုက်မည်ဆိုပါက သူသည် ဝိုင်တောင် အကြီးအကဲ တစ်ယောက်အနေဖြင့် သူ၏အလုပ်ကို ဆက်လုပ်၍ ရတော့မည်မဟုတ်ချေ။ ဧည့်ခံခြင်းမကောင်းဟု အပြစ်တင်ခံရမည် ဖြစ်ပေသည်။
“မလိုပါဘူး”
ယန်ကျန်း စိတ်ပြန်လည်လာပြီး ဝိုင်ခွက်ကို ချကာ မျှော်လင့်ချက်များ စတင် ဖြစ်ပေါ်လာခဲ့သည်။ ခွက်ဆေးရန်အတွက် သုံးသော ခွက်ဆေးဝိုင်ပင်လျှင် ဤမျှ ကောင်းမွန်နေပါက ယနေ့ ဝိုင်မြည်းစမ်းပွဲ၏ ပင်မအစီအစဉ်တွင် မည်သို့သော ဝိုင်မျိုး ဖြစ်လာမည်နည်း။ သူ အလွန်မျှော်လင့်နေမိသည်။
အချိန်များ ကုန်ဆုံးသွားခဲ့၏။ ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး နေရာယူကြသည်။ ကျောက်စိမ်းစားပွဲ တစ်ခုစီတိုင်း၏ ဘေးတွင် ဝိုင်တောင် အထွေထွေကိစ္စရပ်များ ခန်းမမှ တပည့်များ စောင့်ဆိုင်းနေကြပေသည်။ ဝိုင်ကို နှစ်သက်ကြသူ အများအပြားသည် စားပွဲပေါ်ရှိ ဝိုင်အိုးထဲမှ ခွက်ဆေးဝိုင်ကို မြင်သောအခါ အနည်းငယ် ဂနာမငြိမ် ဖြစ်သွားကြ၏။ သို့သော် ၎င်းကို ခွက်ဆေးရန်အတွက်သာ အသုံးပြုကြောင်း ကြားသိရသောအခါ သူတို့၏ အမူအရာများမှာ မလွှဲမရှောင်သာ ထူးဆန်းသွားခဲ့ရသည်။
“အဲဒါက ခွက်ဆေးဝိုင် ပဲဖြစ်ဖြစ်၊ ကောင်းကင်ဆေးဝိုင် ပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ကောင်းတဲ့ ဝိုင်ဖြစ်နေသရွေ့ ငါ သောက်လို့ရတာပဲ”
တောင်တစ်ရာမှ တောင်သခင်အများစု ရောက်ရှိလာကြပြီး ကဲ့ချင်က ထိုကဲ့သို့သော စည်းမျဉ်းများကို ဂရုမစိုက်ချေ။ သူသည် ဇွန်းတစ်ချောင်းကိုယူကာ သူ့အတွက် တစ်ခွက် လောင်းထည့်လိုက်ပြီး ရံဖန်ရံခါ မြည်းစမ်းနေကာ သူ၏ အမူအရာမှာ ကျေနပ်ပြီး လွတ်လပ်ပေါ့ပါးနေကာ အလွန် အချုပ်အချယ် ကင်းမဲ့နေပုံရပေသည်။
တောင်တစ်ရာအပြီးတွင် နဝမအဆင့် ဂိုဏ်းခုနစ်ဆယ့်နှစ်ခုမှ ကျင့်ကြံသူများ နေရာယူကြပြီး ထိပ်တန်းဂိုဏ်း တစ်ဆယ့်နှစ်ခုက နောက်မှ လိုက်ပါလာကြသည်။ ထိပ်တန်းဂိုဏ်း တစ်ဆယ့်နှစ်ခုသည် အများအားဖြင့် လူငယ် တပည့်များကိုသာ စေလွှတ်ခဲ့ကြပြီး တစ်ယောက်စီတိုင်းမှာ တက်ကြွမှုများဖြင့် ပြည့်နှက်နေကြ၏။
အခြားသော အဆင့်လွန်ဂိုဏ်းများအတွက်မူ ယန်ကျန်းနှင့် သူ၏ ညီမလေး ယန်ချန်တို့က နေရာယူထားပြီးဖြစ်ရာ ကောင်းကင်တိုက်ပွဲဂိုဏ်း အကြောင်း ပြောရန် မလိုအပ်တော့ချေ။ လန်ခဲဘုရားကျောင်းမှ လောကသခင်အားခုံး မရောက်လာသေးသော်လည်း ကျဲစဲ့သည် ဗုဒ္ဓတပည့်တစ်ပါးအနေဖြင့် လန်ခဲဘုရားကျောင်း၏ တိမ်တိုက်နေရာနောက်တွင် နေရာယူထားပြီး ဖြစ်သည်။ ထို့အပြင် အရှေ့ဧကရာဇ်နန်းတော် နှင့် နတ်ဆိုးအရှင်သခင်မျှော်စင်ဟူသော အဆင့်လွန်ဂိုဏ်းနှစ်ခုလုံးကလည်း အကြီးအကဲများကို စေလွှတ်ခဲ့ကြပေသည်။
“တာလော့ဂိုဏ်းချုပ်နဲ့ လန်ခဲဘုရားကျောင်းရဲ့ လောကသခင် ရောက်လာပါပြီ”
နေရာအားလုံးနီးပါး ပြည့်သွားသောအခါ ကျူးယန်၏ အသံမှာ ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။ တာလော့ဂိုဏ်းချုပ် နှင့် လောကသခင် အားခုံးတို့ အတူတကွ ရောက်ရှိလာကြသည်။
“တာလော့ဂိုဏ်းချုပ်နဲ့ လောကသခင် အားခုံးကို ရိုသေစွာ ကြိုဆိုပါတယ်”
နေရာယူထားသူ အားလုံးသည် ချက်ချင်းပင် မတ်တပ်ရပ်ကာ အော်ဟစ် ကြိုဆိုလိုက်ကြသည်။ ဤသူနှစ်ဦးမှာ လက်ရှိခေတ်၏ အသန်မာဆုံးသူများထဲမှ နှစ်ဦးဖြစ်ကြပေသည်။ အဆင့်လွန် ဂိုဏ်းများမှ အကြီးအကဲများပင်လျှင် သူတို့၏ အရှေ့တွင် အနည်းငယ်မျှ မလေးမစား မလုပ်ရဲကြချေ။ ဂိုဏ်းချုပ်ကြီး နှစ်ဦးသည် လှေကားထစ်များကို တက်လာကြပြီး ပြန်လည် လက်အုပ်ချီကာ နှုတ်ဆက်လိုက်ကြသည်။ လောကသခင် အားခုံးသည် လန်ခဲဘုရားကျောင်း၏ နေရာတွင် ရပ်တန့်ကာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ကျဲစဲ့ကိုလည်း ထိုင်ရန် အချက်ပြလိုက်သည်။ တာလော့ ဂိုဏ်းချုပ်သည် တောင်သခင်၏ တိမ်တိုက်နေရာ အရှေ့တွင် ရပ်လိုက်သည်။
“အချိန်ကျပြီလား”
တာလော့ဂိုဏ်းချုပ်က ကျူးယန်ကို ကြည့်လိုက်သည်။
“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်။ စတင်လို့ ရပါပြီ”
ကျူးယန်က ခေါင်းညိတ်ပြလိုက်သည်။
တာလော့ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်ပြီး သူ၏လက်ဖဝါးကို လှန်လိုက်ရာ ကျောက်စိမ်းစာလိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“တာအိုအရိုးတွေက သဘာဝအလျောက် ဖြစ်ပေါ်လာပြီး တာအိုစည်းချက်တွေက ထာဝရ တည်တံ့တယ်။ ကောင်းကင် တာအိုရဲ့ မျက်နှာသာပေးမှု၊ ငါတို့ ဘိုးဘေးတွေရဲ့ ကောင်းချီးပေးမှုနဲ့အတူ ငါတို့ တာလော့အင်မော်တယ်ဂိုဏ်းဟာ တာအိုတစ်ရာအထက်မှာ ပြိုင်ဘက်ကင်းတဲ့ အရိုးတည်ဆောက်ပုံ ရှိတဲ့သူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပြီး ဒီနေ့မှာတော့ ကိုယ်ပိုင်တာအိုတစ်ခုကို ဖွင့်လှစ်ကာ ကိုယ်ပိုင်တောင်တစ်ခုကို တည်ထောင်လိုက်ပါပြီ။ အခု ခန့်အပ်လွှာ စာရွက်တစ်ရွက်တည်းနဲ့ အထက်က မဟာတာအိုနဲ့ အောက်က ဂိုဏ်းအသီးသီးကို ကြေညာလိုက်ပါတယ်။ တပည့်လင်းရီကို တာလော့ ဝိုင်တောင်ရဲ့ အရှင်သခင်အဖြစ် ခန့်အပ်လိုက်ပါတယ်”
တာလော့ဂိုဏ်းချုပ် စကားပြောနေစဉ် သူ့လက်ထဲရှိ ကျောက်စိမ်းစာလိပ်မှာ ကောင်းကင်နှင့် မြေကြီးကို ပေါင်းစပ်သွားစေသော ကြီးမားသည့် တာအိုမီးတောက်တစ်ခုအဖြစ် လောင်ကျွမ်းသွားခဲ့သည်။ ဤသည်မှာ ကောင်းကင်အမိန့်တော် စာအုပ်ပင် ဖြစ်ပေသည်။ ကောင်းကင်အမိန့်တော် စာအုပ်သည် မဟာတာအိုနှင့် တစ်သားတည်း ဖြစ်သွားပြီး ဝိညာဉ်ကုန်းမြေရှိ ဂိုဏ်းအသီးသီးသို့ အမိန့်တော်ကို ပေးပို့ကာ လောကကြီးကို ကြေညာလိုက်ခြင်း ဖြစ်ပေသည်။
“တောင်သခင်လင်းရီကို ဂုဏ်ပြုပါတယ်”
ဤအခိုက်အတန့်တွင် ထိုင်နေသူအားလုံး မတ်တပ်ရပ်ကာ ကျယ်လောင်စွာ ဟစ်အော်လိုက်ကြသည်။
“ဝုန်း....”
နားကွဲမတတ် ဟစ်အော်သံများ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ကောင်းကင်ယံရှိ လောင်ကျွမ်းနေသော တာအိုမီးတောက်များမှာ စုဆုံသွားပြီး မဟာတာအိုက ကောင်းကင်လှေကား တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဧည့်ခံပွဲခန်းမမှသည် ဝိုင်တောင်၏ ထိပ်ရှိ လင်းရီ၏ အင်မော်တယ်လိုဏ်ဂူ အရှေ့အထိ တိုက်ရိုက် ဆန့်ထွက်သွားခဲ့သည်။
လင်းရီ၏ အနီရောင်ဝတ်ရုံက လွင့်ပျံလျက် ရေတွက်၍မရနိုင်သော လူများ၏ အကြည့်များကြားတွင် ကြီးမြတ်သော တာအိုကောင်းကင်လှေကား ပေါ်သို့ လှမ်းတက်ကာ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့တော့သည်။
အခန်း ၅၆။ ပြိုင်ဘက်ကင်းတဲ့ လူငယ်လေး၊ လောကမှာ သူနဲ့တူတဲ့သူ မရှိဘူး
လူငယ်တစ်ယောက်၏ ကောင်းကင်သို့ ပျံတက်လိုသော ကြီးမားသည့် ရည်မှန်းချက်များကို သိရှိထားရမည် ဖြစ်ပြီး ထိုလူငယ်သည် တစ်ချိန်က လောကတွင် အကောင်းဆုံးဖြစ်ရမည်ဟု သစ္စာဆိုခဲ့ဖူးပေသည်။ ဤအခိုက်အတန့်တွင် လင်းရီမှာ ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။ ဤသည်မှာ အမှန်တကယ်ပင် ပြိုင်ဘက်ကင်းသော လူငယ်လေးတစ်ဦး ဖြစ်သည်။ ကျောက်စိမ်းသရဖူကို အမြင့်သို့ စည်းနှောင်ထားပြီး မည်းနက်သော ဆံနွယ်အချို့မှာ လေထဲတွင် လွင့်ပျံနေကာ အနီရောင် ဝတ်ရုံမှာလည်း ရွေ့လျားသွားတိုင်း ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာသည့်အလား တောက်ပသော အနီရောင်အလင်းတန်းတစ်ခုနှင့် တူနေပေသည်။
“ချလွင်”
လင်းရီ နီးကပ်လာသည်နှင့်အမျှ ချီတောင် ပေါ်ရှိ ရတနာရှစ်ပါးဓားသေတ္တာမှာ ရုတ်တရက် တုန်ခါသွားပြီး ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းနိုင်သော အင်မော်တယ်ဓား ရှစ်လက်မှာ အလိုအလျောက် ပျံထွက်လာခဲ့ကြသည်။ ချီတောင်ပေါ်တွင် ၎င်းတို့မှာ ယှက်နွှယ် ပျံသန်းနေကြပြီး သူတို့၏ တောက်ပသော ဓားမြည်သံများမှာ ခေါင်းလောင်းနှင့် ဗုံများ တီးခတ်နေသည့်အလား လင်းရီအတွက် အားပေးနေကြ၏။
“ဝုန်း”
ချီတောင်ပေါ်တွင် ချီတောင် ဘိုးဘေးသခင်များ ချန်ထားခဲ့သော တာအို အမှတ်အသားများမှာ ပဲ့တင်ထပ်သွားပြီး တာအိုပုံရိပ်များကို ဖန်တီးကာ ဟွာချီစင်မြင့် ပေါ်တွင် ရပ်နေကြပြီး သူတို့၏ ရှေးဟောင်းနှင့် နက်နဲသော မျက်လုံးများဖြင့် ဟင်းလင်းပြင်ကို ဖြတ်၍ ကြည့်ရှုနေကြသည်။
“တောင်သခင်လင်းကို ဂုဏ်ပြုပါတယ်”
လူတိုင်းသည် ချီတောင် ဘိုးဘေးသခင်များ၏ နှုတ်ခမ်းများမှ ထွက်ပေါ်လာသော ဝေဝါးနေသည့် တာအိုအသံများကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ချီတောင် ဘိုးဘေးသခင်များမှာ ကွယ်လွန်သွားခဲ့သည်မှာ ကြာပြီ ဖြစ်၏။ လင်းရီသည် ဗလာဝိညာဉ်၏ နတ်ဘုရားစွမ်းအားကို အသုံးပြု၍ ဘိုးဘေးသခင်များနှင့်အတူ ဝိုင်သောက်ခဲ့ပြီးနောက် ဘိုးဘေးသခင်များ ချန်ထားခဲ့သော တာအို အမှတ်အသားများမှာ ယခင်နှင့် အနည်းငယ် ကွာခြားသွားပုံရပေသည်။
“တောင်သခင်လင်းကို ဂုဏ်ပြုပါတယ်”
တောင်တစ်ရာမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး အချိန်ကြာမြင့်စွာ ပြင်ဆင်နေခဲ့ကြသော တောင်တစ်ရာ တပည့်များအားလုံးသည် ဤအခိုက်အတန့်တွင် ထွက်ပေါ်လာကြကာ သူတို့၏ သက်ဆိုင်ရာ တောင်ထိပ်များတွင်ရပ်လျက် ဝိုင်တောင် ဘက်သို့ လှမ်းကြည့်ကာ နားကွဲမတတ် အော်ဟစ်လိုက်ကြသည်။ ဝိုင်တောင် ဝိုင်မြည်းစမ်းပွဲတွင် နေရာအကန့်အသတ် ရှိပေသည်။ တပည့်များအားလုံး တက်ရောက်ရန် မဖြစ်နိုင်သော်လည်း ဤအရာက လင်းရီကို ဂုဏ်ပြုသည့် တောင်တစ်ရာ တပည့်များကို မတားဆီးနိုင်ခဲ့ချေ။
“တောင်သခင်လင်းကို ဂုဏ်ပြုပါတယ်”
နားကွဲမတတ် ဂုဏ်ပြုသံများမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး အဆုံးအစမဲ့သော တာအိုစည်းချက်များ အရပ်မျက်နှာအားလုံးမှ ပန်းထွက်လာသည့်အလား ဖြစ်နေကာ တာအိုလှေကား၏ ဆွဲငင်မှုအောက်တွင် လင်းရီ၏ ပတ်လည်၌ အမျိုးမျိုးသော အံ့ဩဖွယ်ရာ မြင်ကွင်းများ ပေါ်ထွက်လာခဲ့သည်။
အံ့ဩဖွယ်ရာ မြင်ကွင်းများကြားတွင် လင်းရီ၏ အသိစိတ်ပင်လယ်ထဲရှိ ခရမ်းရွှေရောင် ဘူးသီးခြောက်မှာ အနည်းငယ် တုန်ခါသွားပြီး အရပ်မျက်နှာအားလုံး၏ စိတ်ဆန္ဒများကို စုပ်ယူကာ ဝိုင်တစ်အိုး ဖန်တီးလိုက်လေသည်။
“ကောင်းကင်နဲ့ မြေကြီးက မျက်တောင်တစ်ခတ်ပဲ၊ လောကကြီးထဲ လှည့်လည်သွားလာရင်း လခြမ်းကွေးလေးလိုမျိုး နောက်ထပ် တောင်းဆိုဖို့ ခက်ခဲတယ်”
စိတ်ကူးယဥ်ဝိုင်ဖြစ်လာသောအခါ စာလုံးတန်းများ ထပ်မံပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ဝိုင်စိတ်ဝိညာဉ် စုစည်းမှု မဟုတ်သလို ဝိုင်တာအို နတ်ဘုရားစွမ်းရည် ကျဆင်းလာခြင်းလည်း မဟုတ်ဘဲ တာအိုဂုဏ်ပြုခြင်း စိတ်ကူးယဉ်ဝိုင် တစ်အိုးဖြစ်နေခဲ့သည်။
“လမ်းပေါ်က လူက ကျောက်စိမ်းလိုပဲ၊ သခင်လေးက လောကမှာ ပြိုင်ဘက်ကင်းတယ်”
ရှန်ကွမ်းယွီသည် လင်းရီကို ကြည့်လိုက်ရာ သူမ၏ အနီရောင် နှုတ်ခမ်းလေးများ အနည်းငယ် ပွင့်ဟသွားပြီး နှလုံးသားထဲမှ လှိုက်လှဲစွာ ပြောဆိုလိုက်သည်။
“အစ်ကို... ကြည့်စမ်း၊ တောင်သခင်လင်းက လောကမှာ ပြိုင်ဘက်ကင်းအောင် ချောမောတယ်လို့ ညီမ အစ်ကို့ကို ပြောခဲ့တယ် မဟုတ်လား”
ယန်ချန်၏ လှပသော မျက်လုံးများမှာ မီးတောက်များအလား တောက်ပနေခဲ့၏။
“ဆရာက ပြောတယ်၊ ငါတို့ ကောင်းကင်နတ်ဆိုးနန်းတော်က တပည့်တွေဟာ ပြိုင်ဘက်ကင်းတဲ့ ဆွဲဆောင်မှု ရှိတယ်တဲ့။ ဒါပေမဲ့ မွေးရာပါ ဆွဲဆောင်မှု ရှိနေရင်တောင် တောင်သခင်လင်းနဲ့ ယှဉ်လိုက်ရင် ငါတို့က အများကြီး နိမ့်ကျနေတုန်းပဲ”
ကျန်းဝမ်က တိုးညင်းစွာ ပြောလိုက်သည်။
ပုလဲအဆင့်သတ်မှတ်ချက်၏ ပထမနေရာကပင် ဤအခိုက်အတန့်တွင် လင်းရီ၏ အရှေ့၌ မှေးမှိန်သွားပြီး ရှက်ရွံ့နေသကဲ့သို့ ခံစားလိုက်ရသည်။ လူတိုင်း၏ အကြည့်များကြားတွင် လင်းရီသည် ကျောက်စိမ်းစင်မြင့်ပေါ်သို့ ဆင်းသက်လာခဲ့ပြီး သူ၏ အနောက်ဘက်ရှိ တာအို ကောင်းကင်လှေကားမှာ ပျောက်ကွယ်သွားကာ ကောင်းကင်နှင့် မြေကြီးဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
“အခမ်းအနား ပြီးဆုံးပါပြီ”
တာလော့ဂိုဏ်းချုပ်က လင်းရီကို ကြည့်ကာ ထပ်မံ ပြောဆိုလိုက်သည်။
“တောင်သခင်လင်းကို နှုတ်ဆက်ပါတယ်”
လူတိုင်းက ဦးညွှတ်လိုက်ကြသည်။
“လင်းရီက အားလုံးကို ကျေးဇူးတင်ပါတယ်”
လင်းရီက ပြန်လည်ဦးညွှတ်လိုက်ပြီး တိမ်တိုက်စားပွဲ အရှေ့တွင် ရပ်လိုက်သည်။
“ရှေးခေတ်တည်းက စိတ်ကူးယဉ်တတ်တဲ့သူတွေက အတူတူ သောက်သင့်တယ်။ တစ်ယောက်ယောက်... ဝိုင်တည်ခင်းလိုက်ပါ”
လင်းရီ စကားပြောလိုက်သည်နှင့် သူ၏ အသိစိတ်ပင်လယ်ထဲရှိ ခရမ်းရွှေရောင် ဘူးသီးခြောက်မှာ တုန်ခါသွားပြီး ထို တာအိုဂုဏ်ပြုခြင်း စိတ်ကူးယဉ်ဝိုင် အိုးသည် လောကကြီးတွင် ပေါ်လာကာ ဧရာမဝိုင်အိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။
“အခြေအနေက ပြောင်းသွားပြီ။ ဒီဝိုင်ကို အရင် တည်ခင်းလိုက်”
ပြင်ဆင်မှုများကို တာဝန်ယူထားသော ဆူးလီက အမြန် ညွှန်ကြားလိုက်သည်။
ခဏအကြာတွင် ဝိုင်တောင်ပေါ်တွင် အဆင်သင့်ဖြစ်နေသော အထွေထွေကိစ္စရပ်များခန်းမမှ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လာကြပြီး ဝိုင်ခွက်များဖြင့် ဝိုင်များကို ယူဆောင်သွားကြသည်။ ဤဝိုင်ကို ဧည့်ခံပွဲခန်းမသို့သာမက တောင်တစ်ရာသို့ပါ ပေးပို့ခဲ့ခြင်း ဖြစ်ပေသည်။
“တောင်သခင်လင်းနဲ့အတူ စိတ်ကူးယဉ်ဆန်ဆန် သောက်သုံးဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်”
လူတိုင်းက ဤအခိုက်အတန့်တွင် သူတို့၏ ခွက်များကို မြှောက်လိုက်ကြသည်။
“ငါတို့ လန်ခဲဘုရားကျောင်းက တပည့်တွေက ရေကို ဝိုင်အဖြစ် သုံးပြီး တောင်သခင်လင်းနဲ့အတူ သောက်ရမယ်”
လောကသခင်အားခုံးက ပြုံးလျက် ပြောလိုက်သည်။
“အသားနဲ့ ဝိုင်က အူထဲကနေ ဖြတ်သွားပေမဲ့ ဗုဒ္ဓကတော့ နှလုံးသားထဲမှာ ကျန်ရစ်တယ်။ လောကသခင်... ဘာလို့ ဒီလောက်တောင် စွဲလမ်းနေရတာလဲ”
လင်းရီက သူ့ခွက်ကို မြှောက်ကာ ပြုံးလျက် ပြောလိုက်သည်။
“အသားနဲ့ ဝိုင်က အူထဲကနေ ဖြတ်သွားပေမဲ့ ဗုဒ္ဓကတော့ နှလုံးသားထဲမှာ ကျန်ရစ်တယ် ဟုတ်လား”
၎င်းကို ကြားသောအခါ လောကသခင်အားခုံး၏ စိတ်အာရုံမှာ ချက်ချင်း တုန်လှုပ်သွားခဲ့ပြီး သူ၏ ဘေးရှိ တပည့်ဖြစ်သူ ကျဲစဲ့၏ မျက်လုံးများမှာလည်း တောက်ပသွားခဲ့သည်။
“တောင်သခင်လင်းပြောတာ ယုတ္တိရှိတယ်”
လောကသခင်အားခုံးက ၎င်းကို ဂရုတစိုက် အရသာခံလိုက်ရာ သူ၏ နှလုံးသားထဲတွင် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဗုဒ္ဓဂိုဏ်းသည် စိတ်ကို ကျင့်ကြံရာတွင် ကောင်းမွန်ပေသည်။ သို့သော် အလွန်အကျွံ စွဲလမ်းခြင်းသည်လည်း စွဲလမ်းမှုတစ်ခုသာဖြစ်၏။ လင်းရီက ဝိုင်သောက်ရန် တိုက်တွန်းနေပုံရသော်လည်း ၎င်းအတွင်း၌ နက်နဲသော ဗုဒ္ဓဒဿနများ ပါဝင်နေပေသည်။
“ဂုဏ်ပြုပါတယ်”
လင်းရီက သူ့ခွက်ကို မြှောက်ကာ တစ်ငုံတည်း အကုန် သောက်ချလိုက်သည်။ ၎င်းကို ကြားသောအခါ အခြားသူများအားလုံးသည်လည်း သူတို့၏ ခွက်ထဲရှိ ဝိုင်ကို သောက်လိုက်ကြသည်။
“ဝုန်း”
တစ်ငုံသောက်လိုက်ရုံဖြင့် ခန်းမတစ်ခုလုံး အံ့အားသင့်သွားခဲ့ရသည်။
တာအိုဂုဏ်ပြုခြင်း စိတ်ကူးယဉ်ဝိုင်။
ဤသည်မှာ လင်းရီက မိမိကိုယ်ကို ဂုဏ်ပြုရန်အတွက် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ၏ တာအိုမေးမြန်းခြင်း ဆန္ဒကို အသုံးပြု၍ ချက်လုပ်ထားသော ဝိုင်ဖြစ်ပေသည်။ ၎င်းကို မြည်းစမ်းပြီးနောက် လူတိုင်းသည် 'သောက်လိုက်သည်နှင့် စိုးရိမ်ပူပန်မှု တစ်ထောင် ကင်းဝေးသွားသည်၊ သုံးခွက် သောက်လိုက်သည်နှင့် ခေတ်ပေါင်း တစ်သောင်း လွတ်မြောက်သွားသည်' ဟူသော ခံစားချက်ကို ခံစားလိုက်ရသည်။
“စိတ်ကို သန့်စင်ပေးတဲ့ ဝိုင်လား”
“တာအိုမေးမြန်းခြင်းဆန္ဒကို ဝိုင်အဖြစ် အသုံးပြုပြီး စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်ပြီး ဝမ်းနည်းမှုတွေကို ဖယ်ရှားပေးနိုင်တာလား”
“ဒါက ဝိုင်တာအို လား”
“မဆန်းပါဘူး... ဒီလောက် ကောင်းတဲ့ဝိုင်က ‘ခွက်ဆေးဝိုင်’ သက်သက် ဖြစ်နေတာကိုး”
မျက်တောင်တစ်ခတ်အတွင်း အံ့ဩချီးကျူးသံများမှာ အဆုံးအစမရှိ ထွက်ပေါ်လာခဲ့သည်။ သူတို့ ဝိုင်ကို နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ဤအခိုက်အတန့်တွင် လူတိုင်းသည် ဝိုင်၏ အနှစ်သာရထဲတွင် နစ်မြုပ်သွားခဲ့ကြပြီး စိုးရိမ်ပူပန်မှုများနှင့် ပြဿနာများ အားလုံးမှာ လေထဲသို့ ပျောက်ကွယ်သွားသည့်အလား ခံစားလိုက်ရသည်။ သူတို့၏ နှလုံးသားထဲတွင် စိတ်ကူးယဉ်ဆန်သော ခံစားချက် အနည်းငယ်မျှသာ လှိုင်းထနေခဲ့တော့သည်။ ခဏအကြာတွင် လင်းရီ၏ ခေါင်းပေါ်ရှိ ဝိုင်အိုးကို ကြည့်သော လူတိုင်း၏ အကြည့်များမှာ စိတ်အားထက်သန်လာခဲ့ကြသည်။
“တောင်သခင်လင်း... ဒီဝိုင်ရဲ့ နာမည်ကို မေးလို့ရမလား”
ကျင့်ကြံသူတစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။
“ဒီဝိုင်ကို တာအိုဂုဏ်ပြုခြင်း စိတ်ကူးယဉ်ဝိုင်လို့ ခေါ်တယ်။ အဲဒါက တာအိုမေးမြန်းခြင်း ဆန္ဒကို ဝိုင်ထဲကို ပေါင်းစပ်ထားပြီး ဒီနေ့ ဝိုင်မြည်းစမ်းပွဲအတွက် ဖွင့်ပွဲဝိုင်ပဲ”
လင်းရီက ကျောက်စိမ်းစားပွဲတွင် ထိုင်ကာ ပြုံးလျက် ပြောလိုက်သည်။
“ဖွင့်ပွဲဝိုင် ဟုတ်လား။ စိတ်ကို သန့်စင်ပေးနိုင်တဲ့ ဝိုင်က ဖွင့်ပွဲဝိုင် သက်သက်ပဲလား”
ခန်းမတစ်ခုလုံး အံ့အားသင့်သွားပြီး လင်းရီကို မယုံနိုင်စွာ ကြည့်လိုက်ကြသည်။
“ဒီဝိုင်မြည်းစမ်းပွဲကို ကျွန်တော်က သေမျိုးကမ္ဘာမှာရှိတဲ့ ဘဝတစ်ခုကို အမှတ်ရစေဖို့ ရီကွမ်ပွဲတော်လို့ နာမည်ပေးထားတယ်။ အဲဒါက ငါတို့ ဝိုင်တောင်အတွက် ခမ်းနားတဲ့ ပွဲတော်တစ်ခု ဖြစ်သင့်တယ်။ ဒါအတွက် ကျွန်တော်က အင်မော်တယ်ဝိုင် အမျိုးအစား သုံးဆယ့်ခုနစ်မျိုးကို အထူး ပြင်ဆင်ထားပြီး အားလုံး ကျေနပ်စေရမယ်လို့ အာမခံပါတယ်”
လင်းရီက ပြုံးလျက် ပြောလိုက်သည်။
လင်းရီက ဝိုင်သုံးဆယ့်ခုနစ်မျိုး ပြင်ဆင်ထားပြီး တာအိုဂုဏ်ပြုခြင်း စိတ်ကူးယဉ်ဝိုင်မှာ ကြိုတင် ပြင်ဆင်ထားသော ဝိုင်များထဲတွင် မပါဝင်ခဲ့ချေ။
“တကယ်လို့ အဲဒီလိုဆိုရင်တော့ ဒီနေ့ ဝိုင်ကို နှစ်သက်တဲ့ ငါတို့တွေက တကယ်ကို ကံကောင်းတာပဲ။ ဝိုင်ဒဏ် မခံနိုင်တဲ့သူတွေကတော့ ဒီနေ့ အများကြီး နစ်နာသွားနိုင်တယ်”
ကျင့်ကြံသူ အများအပြား၏ မျက်လုံးများမှာ စိတ်အားထက်သန်နေကြပြီး လေးစားအားကျစွာဖြင့် ရေရွတ်လိုက်ကြသည်။
“တစ်ယောက်ယောက်... နှလုံးသားမေးမြန်းခြင်းဝိုင် သုံးဆယ့်ခြောက်မျိုးကို တည်ခင်းလိုက်ပါ”
လင်းရီက ထပ်မံ ပြောဆိုလိုက်ရာ လှပစွာ ဝတ်ဆင်ထားသော ကျက်သရေရှိသည့် အထွေထွေကိစ္စရပ်များခန်းမမှ အမျိုးသမီးတပည့် တစ်စုသည် ကျောက်စိမ်းလင်ပန်းများကို ကိုင်ဆောင်ကာ လှေကားထစ်များကို တက်လာကြသည်။
လင်ပန်းများပေါ်တွင် နှလုံးသားမေးမြန်းခြင်းဝိုင် သုံးဆယ့်ခြောက်ဘူးရှိနေပေသည်။ ဝိုင်ရနံ့များ ပျံ့နှံ့လာပြီး အသက်ရှူလိုက်တိုင်း ရှင်းလင်းပြတ်သားမှုနှင့် နားလည်သဘောပေါက်မှုတို့ကို ရရှိစေကာ တစ်စုံတစ်ခုကို ရရှိလိုက်သည့်အလား ခံစားရစေသည်။
နှလုံးသားမေးမြန်းခြင်းဝိုင် သုံးဆယ့်ခြောက်မျိုးမှာ အင်မော်တယ်ဝိုင် အမျိုးအစား သုံးဆယ့်ခြောက်မျိုးကို အခြေခံထားပြီး လင်းရီ၏ တာအိုမေးမြန်းခြင်း ဝိုင်စိတ်ဝိညာဉ်ကို အဓိကအဖြစ် အသုံးပြုထားခြင်း ဖြစ်ပေသည်။ ထိုဝိုင် သုံးဆယ့်ခြောက်မျိုး ကိုယ်တိုင်တွင် မတူညီသော အာနိသင်များ ရှိကြပြီး အားလုံးတွင် တာအိုမေးမြန်းခြင်း အာနိသင်လည်း ရှိကြပေသည်။ တကယ်ကို အံ့ဩစရာပင်ဖြစ်ပေသည်။ သုံးဆယ့်ခုနစ်မျိုးမြောက် ဝိုင်အတွက်မူ ၎င်းမှာ လင်းရီက အခြေအနေကို ထိန်းချုပ်ရန် ရည်ရွယ်ထားသော မှန်ထဲကပန်း၊ ရေထဲကလ ဝိုင်ပင် ဖြစ်ပေသည်။
“နှလုံးသားမေးမြန်းခြင်းဝိုင်လား။ ဒီဝိုင်က ကိုယ့်ရဲ့ ကိုယ်ပိုင် တာအိုအကြောင်း မေးမြန်းနိုင်တာလား”
ပျံ့နှံ့နေသော ဝိုင်ရနံ့များကြားတွင် အံ့ဩချီးကျူးသံများ ထပ်မံ ထွက်ပေါ်လာပြီး လူငယ်တပည့်အချို့ပင် သူတို့၏ နှလုံးသားထဲတွင် ကောင်းကင်သို့ ပျံတက်လိုသော ဆန္ဒတစ်ခုကို ခံစားလိုက်ရကာ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ချီများမှာ ဆူပွက်လာသည့်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ကျောက်စိမ်းစားပွဲများကို စောင့်ကြပ်နေသော ဝိုင်တောင် တပည့်များသည် ရောက်ရှိနေသူ အားလုံး၏ ခွက်များကို သန့်စင်ရန် ခွက်ဆေးဝိုင်ကို အမြန် အသုံးပြုလိုက်ကြသည်။ ထို့နောက် သူတို့က ကျင့်ကြံသူများအတွက် ဝိုင်လောင်းပေးလိုက်ကြ၏။
တာအိုမေးမြန်းခြင်း၏ ပထမဆုံးခွက်။
“ဝုန်း..ဝုန်း... ဝုန်း…”
တစ်ငုံ သောက်လိုက်ရုံဖြင့် ဧည့်ခံပွဲခန်းမမှာ ချက်ချင်းပင် ဟိန်းဟောက်သံများဖြင့် ပေါက်ကွဲထွက်သွားခဲ့သည်။ တာအိုမေးမြန်းခြင်း ဆန္ဒအလွှာများမှာ ရောက်ရှိနေသော ကျင့်ကြံသူများထံမှ တိုက်ခတ်သွားပြီး ကောင်းကင်နှင့် မြေကြီးနှင့် ပဲ့တင်ထပ်သွားတော့သည်။