← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃)- ဤသည်မှာ ပုဂ္ဂိုလ်ရေး မုန်းတီးမှု မဟုတ်ဘဲ မဟာတာအို၏ ရန်သူ ဖြစ်ခြင်းပင်

ဖာတောင်သခင်၏ လှပသော မျက်လုံးများ ပိတ်လိုက် ဖွင့်လိုက် ဖြစ်သွားသည်နှင့်အမျှ ကောင်းကင်ဘုံ ကိုးထပ်ကိုပင် ထိုးဖောက်သွားနိုင်မည့်အလား ဓားအရိပ်များသည် ပွားများလာခဲ့၏။

"ဆရာသခင်၊ အခု လီတိရှန်းကို တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိနေပြီလား..."

ဖာတောင်သခင်ထံမှ ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းဆန္ဒကို ခံစားလိုက်ရသဖြင့် လင်းရီ၏ မျက်လုံးများက အရောင်လင်းသွားခဲ့သည်။

"မရှိသေးဘူး..."

ဖာတောင်သခင်က သူမ၏ မွှေးပျံ့သော ပခုံးများကို တွန့်လိုက်ကာ အလွန် ပွင့်လင်းစွာ ပြောလိုက်၏။

"ဒါဆို လီတိရှန်းဆီက အသက်ချုပ်ငြိမ်းရတနာရည်ကို ဘယ်လိုလုပ် ရယူမှာလဲ..."

လင်းရီက ထူးဆန်းသွားသလို ခံစားလိုက်ရသည်။ သွေးပင်လယ်သို့ သွားကြမည်ဆိုလျှင် တာလော့ဂိုဏ်းချုပ်က လုပ်ဆောင်သင့်သည် မဟုတ်ပါလား။

"ငါက လီတိရှန်းကို ဓားချင်းယှဉ်ပြိုင်ဖို့ပဲ တောင်းဆိုမှာပါ..."

"အကယ်၍ ဂိုဏ်းချုပ်သာ လုပ်ဆောင်မယ်ဆိုရင် အဲဒါက သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်သွားလိမ့်မယ်..."

ဖာတောင်သခင်က လင်းရီ၏ အတွေးများကို သိနေပုံရကာ သဘာဝကျသကဲ့သို့ ပြောလိုက်၏။

"ဘာဖြစ်လို့လဲ..."

လင်းရီက မေးလိုက်သည်။

"ဒီလောကရဲ့ အမြင့်မြတ်ဆုံး ပြိုင်ဘက်ကင်း အဆင့်သတ်မှတ်ချက်မှာ လူဆယ်ယောက် ရှိတယ်..."

"ငါ့ရဲ့ ဆရာက အမြင့်မြတ်ဆုံး ပြိုင်ဘက်ကင်း အဆင့်သတ်မှတ်ချက်ရဲ့ ပထမနေရာမှာရှိပြီး လီတိရှန်းက ဒသမနေရာမှာရှိတယ်..."

"လီတိရှန်းက အမြင့်မြတ်ဆုံး ပြိုင်ဘက်ကင်း အဆင့်သတ်မှတ်ချက်မှာ ဒသမနေရာမှာပဲရှိပေမယ့် သူက အင်မော်တယ်တွေကို သတ်ဖြတ်နိုင်စွမ်း ရှိတယ်..."

"လီတိရှန်းရဲ့ သဘာဝအရ ငါ့ရဲ့ ဆရာက လှုပ်ရှားလိုက်တာနဲ့ လီတိရှန်းက သေချာပေါက် အစွမ်းကုန် တိုက်ခိုက်ပြီး သေတဲ့အထိ တိုက်ပွဲဝင်လိမ့်မယ်..."

"အစွမ်းကုန်တိုက်ခိုက်မယ့် လီတိရှန်းကို ရင်ဆိုင်ရရင် ငါ့ရဲ့ဆရာက သူ့ကို သတ်နိုင်ပေမယ့် ရှုံးနိမ့်လို့တော့ မဖြစ်ဘူး..."

ဖာတောင်သခင်က လေးနက်စွာ ပြောလိုက်၏။

ဝိညာဉ်ကုန်းမြေ၏ ပထမနေရာနှင့် ဝိညာဉ်ကုန်းမြေ၏ ဒသမနေရာ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

သေသည်အထိ တိုက်ခိုက်ကြပြီဆိုလျှင် သူတို့သည် နောက်ဆုတ်နေ၍ မရနိုင်တော့ချေ။

"ဒီလိုကိုး..."

လင်းရီက ခေါင်းညိတ်လိုက်သည်။

"သွေးပင်လယ်ကို ငါ သွားမယ်..."

"သူ ငါ့ကို သတ်မှာ မဟုတ်ဘူး..."

ဖာတောင်သခင်က သေချာပေါက် ပြောလိုက်၏။

"ဘာဖြစ်လို့လဲ..."

လင်းရီက ထပ်မေးလိုက်ပြန်သည်။

"တာအိုအတွက်ပဲ..."

ဖာတောင်သခင်က သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ပြောလိုက်သည်။

"သတ်ဖြတ်ခြင်းလမ်းစဉ်ဆိုတာ တုံ့ဆိုင်းမနေဘဲ ရှေ့ဆက်ဖို့ပဲ..."

"လီတိရှန်းပြီးရင် ငါတစ်ယောက်တည်းကသာ သတ်ဖြတ်ခြင်းအင်မော်တယ်အဖြစ် ထွက်ပေါ်လာတာပဲ..."

"ငါက သတ်ဖြတ်ခြင်း မဟာတာအိုကို ရရှိဖို့အတွက် သူ့ကို သတ်ချင်တယ်၊ သူကလည်း သူ့ရဲ့ မဟာပြီးပြည့်စုံခြင်းကို သက်သေပြဖို့ ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းအင်မော်တယ်တစ်ပါး ထွက်ပေါ်လာတာကို မြင်ချင်နေတယ်..."

"ဒါကြောင့် ငါက သူ့ရဲ့နယ်ပယ်ကို မရောက်မချင်း သူ ငါ့ကို သတ်မှာ မဟုတ်ဘူး..."

"လီတိရှန်းနဲ့ ငါ့ကြားမှာ တိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်၊ ဒါပေမဲ့ အဲဒါက အခုအချိန်တော့ သေချာပေါက် မဟုတ်ဘူး..."

ဖာတောင်သခင်၏ မျက်လုံးများက ထူးထူးခြားခြား တောက်ပနေခဲ့ပြီး သူမ၏ စကားလုံးများမှာလည်း သတ်ဖြတ်ခြင်း လမ်းစဉ်ကို နားလည်သဘောပေါက်မှုနှင့် လီတိရှန်းအပေါ် သူမ၏ နားလည်မှုတို့မှ မြစ်ဖျားခံလာသောကြောင့် အားပါနေခဲ့၏။

လီတိရှန်းသည် လက်ရှိခေတ်တွင် သတ်ဖြတ်ခြင်းလမ်းစဉ်၌ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျင့်ကြံသော ကျင့်ကြံသူများအတွက် သူသည် ကျော်လွှား၍မရနိုင်သော တောင်ကြီးတစ်လုံးပင် ဖြစ်၏။

ထို့ကြောင့်ပင် သတ်ဖြတ်ခြင်း လမ်းစဉ်သည် ကျဆင်းသွားခဲ့ရခြင်း ဖြစ်သည်။

လီတိရှန်း၏ သတ်ဖြတ်ခြင်း လမ်းစဉ်သည် လောကတွင် ပြိုင်ဘက်ကင်းနေပြီး ရင်ဆိုင်မည့်သူ မရှိသောကြောင့် မဟာပြီးပြည့်စုံခြင်းသို့ရောက်ရှိရန် သူ့အတွက် ခက်ခဲနေခဲ့လေသည်။

ယခုအခါ ဖာတောင်သခင်သည် နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ သတ်ဖြတ်ခြင်းမှတစ်ဆင့် တာအိုအတွင်းသို့ ဝင်ရောက်လာပြီး ဒုတိယမြောက် သတ်ဖြတ်ခြင်းလမ်းစဉ် ကျင့်ကြံသူ ဖြစ်လာခဲ့၏။

လီတိရှန်းသည် သဘာဝကျကျပင် ဝမ်းမြောက်နေပေလိမ့်မည်။

ဖာတောင်သခင်သည် လီတိရှန်းအား သူမ၏ ပစ်မှတ်အဖြစ် သတ်မှတ်ထားသော်လည်း လီတိရှန်းကရော ဖာတောင်သခင်အား သူ၏ ဓားသွေးကျောက်အဖြစ် အဘယ်ကြောင့် အသုံးမပြုလိုဘဲ နေမည်နည်း။

မည်သူကမှ ဖာတောင်သခင် ကြီးထွားလာရန် လီတိရှန်းထက် ပို၍ ဆန္ဒမရှိကြချေ။

"ငါ မင်းရဲ့ မှန်ထဲကပန်း၊ ရေထဲကလဝိုင်ကို သောက်ပြီး ဉာဏ်အလင်းပွင့်ခြင်း အခြေအနေကို ဝင်ရောက်နိုင်ခဲ့တယ်၊ ဒါကြောင့် လီတိရှန်းကို ဓားအဖြစ် အသုံးပြုပြီး ရှေ့ဆက်ဖို့အတွက် ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပဲ..."

"ငါထင်တာတော့ လီတိရှန်းလည်း ငါ့ရဲ့ ဓားကို မြင်ရဖို့ အရမ်း စိတ်ဝင်စားနေလိမ့်မယ်..."

"ဒါကြောင့် သွေးပင်လယ်ကို သွားဖို့က ငါ့အတွက် အသင့်တော်ဆုံးပဲ..."

ဖာတောင်သခင်က သေချာပေါက် ပြောလိုက်၏။

"ဒီလိုဆိုရင်တော့ စီနီယာကို အလုပ်ရှုပ်ခံရတော့မှာပဲ..."

"နောက်သုံးလကြာရင် အရှေ့ပင်လယ်မှာ ပြန်ဆုံကြတာပေါ့..."

ကျိုးယွင်က ဖာတောင်သခင်နှင့် လင်းရီတို့အား အနည်းငယ် ဦးညွှတ်လိုက်သည်။

"ဆရာ့အနေနဲ့ ဒီလိုလုပ်စရာ မလိုပါဘူး..."

လင်းရီက သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်ကာ ကျိုးယွင်၏ ဦးညွှတ်မှုကို ရှောင်ဖယ်လိုက်၏။

"ငါတို့ကြားမှာ ယဉ်ကျေးနေစရာ မလိုပါဘူး..."

ဖာတောင်သခင်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

ကျိုးယွင်က လင်းရီ၏ ပခုံးကို ပုတ်လိုက်ပြီးနောက် သူလည်း မတ်တတ်ရပ်ကာ တာအိုသိုလှောင်ရာ စာအုပ်တောင် သို့ ပြန်သွားပြီး ပင်လယ်ပြင်သို့ ထွက်ခွာရန် ပြင်ဆင်လေတော့၏။

"ဆူးလီ၊ ငါ့ဆီ လာခဲ့ပါဦး..."

သူတို့နှစ်ဦးကို လိုက်ပို့ပြီးနောက် လင်းရီက ဆူးလီကို ထပ်မံ ခေါ်လိုက်သည်။

"ဆူးလီက တောင်သခင်ကို အရိုအသေပေးပါတယ်..."

ဆူးလီ ရောက်လာပြီးနောက် အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်၏။

"ဆူးလီ..."

"ငါ တောင်ပေါ်ကနေ သုံးလလောက် ထွက်သွားရလိမ့်မယ်..."

"မသွားခင် မင်းကို ပြောစရာ အချက်နည်းနည်းရှိတယ်..."

လင်းရီက စကားပြောရင်း စဉ်းစားနေခဲ့သည်။

"တောင်သခင်၊ ညွှန်ကြားပါ..."

ဆူးလီက အလျင်အမြန် အရိုအသေပေးလိုက်၏။

"ပထမအချက်အနေနဲ့ ဝိုင်တောင် ညီလာခံအတွက် ခန်းမလေးခုက ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့တာကို ငါ မြင်တွေ့ခဲ့ရတယ်..."

"ခန်းမလေးခုက သူတို့ရဲ့ စွမ်းအားတွေ တိုးတက်လာဖို့အတွက် ဝိုင်သောက်ပွဲအသေးစားလေးတစ်ခု ကျင်းပနိုင်တယ်..."

"အသုံးပြုရမယ့်ဝိုင်တွေ အားလုံးက ဒီမှာ ရှိတယ်..."

လင်းရီက စကားပြောလိုက်သည်နှင့် ဟင်းလင်းပြင် မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုအထဲတွင် နှလုံးသားမေးမြန်းခြင်းဝိုင် ၃၆ မျိုး ပါဝင်ပြီး မှန်ထဲကပန်း၊ ရေထဲကလ ဝိုင် ကျောက်တစ်ဝက်ခန့်လည်း ပါဝင်ပေသည်။

ခန်းမလေးခုအတွက် ဝိုင်သောက်ပွဲအသေးစားလေးတစ်ခု ကျင်းပရန် လုံလောက်နေပေ၏။

"ခန်းမလေးခုကိုယ်စား ဆူးလီက တောင်သခင်ကို ကျေးဇူးတင်ပါတယ်..."

ဆူးလီ၏ နှလုံးသားမှာ တုန်ခါသွားခဲ့သည်။ လင်းရီက သူတို့ကို မှတ်မိနေလိမ့်မည်ဟု သူ တကယ့်ကို ထင်မှတ်မထားခဲ့ချေ။

ထို့အပြင် ခန်းမလေးခုအတွက် သီးသန့်ဝိုင်သောက်ပွဲအသေးစားလေးတစ်ခု ကျင်းပပေးရန်လည်း ဖြစ်ပေသည်။

"ဒုတိယအချက်အနေနဲ့ မူးယစ်အင်မော်တယ်စံအိမ်ကို တစ်လအတွင်း အပြီးသတ်ရမယ်..."

"အခက်အခဲတစ်ခုခုရှိရင် လက်နက်တောင်ကိုသွားပြီး အကူအညီ တောင်းနိုင်တယ်..."

"မူးယစ်အင်မော်တယ်စံအိမ်အတွက် ဝိုင်တွေက ဒီမှာ..."

လင်းရီက နောက်ထပ် ဟင်းလင်းပြင် မှော်ရတနာတစ်ခုကို ထုတ်ယူကာ ဆူးလီအား ကမ်းပေးလိုက်၏။

"ဆူးလီက အစွမ်းကုန် ကြိုးစားသွားပါ့မယ်..."

ဆူးလီက အမိန့်ကို လက်ခံလိုက်သည်။

"တတိယအချက်အနေနဲ့..."

"ငါ့ရဲ့ ဝိုင်တောင် အမွေအနှစ်မှာ တပည့်တွေ မရှိသေးဘူး..."

"အခုခန်းမလေးခုက ငါ့ရဲ့ ဝိုင်တောင်ရဲ့ အဓိကအစိတ်အပိုင်းလို့ သတ်မှတ်လို့ရတယ်..."

"သူတို့က အဓိက အစိတ်အပိုင်း ဖြစ်နေပြီဆိုမှတော့ သူတို့က ဝိုင်တာအိုကို ကျင့်ကြံရမယ်..."

"ဒီနေ့ မင်းဆီကို ဝိုင်တာအိုရဲ့ ချီစုစည်းခြင်း၊ အခြေတည်အဆင့်နဲ့ ရွှေအမြူတေ အခန်းတွေကို ငါ လက်ဆင့်ကမ်းပေးမယ်..."

"ခန်းမလေးခုက တပည့်တွေအားလုံး အဲဒါတွေကို ကျင့်ကြံနိုင်တယ်..."

"အထူးသဖြင့် အခြေတည်အဆင့် ဝိုင်ဖော်စပ်နည်းတွေပါဝင်တဲ့ အခြေတည်အဆင့် အခန်းပေါ့..."

"ဒီအခြေတည်အဆင့် ဝိုင်ဖော်စပ်နည်းတွေက တစ်ယောက်နဲ့တစ်ယောက် ကွာခြားကြတယ်၊ ကိုယ့်ကိုယ်ကိုယ် တာအိုအကြောင်း မေးမြန်းဖို့ နှလုံးသားမေးမြန်းခြင်းဝိုင်ကို အသုံးပြုနိုင်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင် တာအိုနဲ့အတူ အခြေတည်ဖို့အတွက် ဝိုင်ထဲကို ဝင်ရောက်နိုင်တယ်..."

လင်းရီက သူ အစောပိုင်းကတည်းက ပြင်ဆင်ထားသော ကျမ်းစာလိပ်သုံးခုကို ထုတ်ယူကာ ဆူးလီအား ကမ်းပေးလိုက်၏။

ဝိုင်တာအို၏ အခန်းသုံးခန်းမှာ လင်းရီကိုယ်တိုင် ဖန်တီးထားသော နည်းလမ်းများ ဖြစ်ပေသည်။

အခြေတည်အဆင့် ဝိုင်ဖော်စပ်နည်းများတွင် အတိအကျ သတ်မှတ်ထားသော ဖော်စပ်နည်း မရှိချေ၊ ထိုအရာများသည် ဝိုင်တာအို ကျင့်ကြံသူများကို သူတို့၏ ကိုယ်ပိုင် တာအိုအား ဝိုင်ထဲသို့ ထည့်သွင်းရန် လိုအပ်ပေသည်။

ဝိုင်တောင်၏ တပည့်များသည် သဘာဝကျကျပင် ဝိုင်တာအိုကို ပြန်လည်ကျင့်ကြံနိုင်ပြီး သူတို့၏ ကိုယ်ပိုင် အခြေခံအုတ်မြစ်ကို ခိုင်မာစေကာ သူတို့၏ အလားအလာကို မြှင့်တင်ပေးနိုင်လေသည်။

"နားမလည်တာ တစ်ခုခုရှိရင် နောက်သုံးလကြာရင် တာအိုတရားဟောဖို့ တောင်ကို ငါ ဖွင့်လှစ်မယ်၊ အဲဒီအခါကျရင် လာပြီး မေးနိုင်တယ်..."

ဝိုင်တောင်ကို တည်ထောင်ခဲ့ပြီးဖြစ်သဖြင့် လင်းရီအနေဖြင့် တောင်သခင်တစ်ဦးအဖြစ် တောင်ကို ဖွင့်လှစ်ကာ တာအိုတရားဟောကြားရန်မှာ သဘာဝကျပေသည်။

“တာအိုတရားတွေကို လက်ဆင့်ကမ်းပေးတဲ့အတွက် ခန်းမလေးခုကိုယ်စား ဆူးလီက တောင်သခင်ကို ကျေးဇူးတင်ပါတယ်..."

ဆူးလီက တစ်ဖန် ဦးညွှတ်လိုက်ပြန်၏။

"သွားတော့..."

လင်းရီက ပြုံးလိုက်ပြီးနောက် မတ်တတ်ရပ်ကာ တောင်အောက်သို့ ဆင်းသွားပြီး လက်နက်တောင်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် လက်နက်တောင်၏ ကျင့်ကြံသူများအားလုံးက သူ့ကို လေးစားစွာဖြင့် အရိုအသေပေးကြလေသည်။

လင်းရီသည် ယခုအခါ တောင်တစ်ရာ အလယ်တွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီဖြစ်ကာ သူ၏ လက်နက်တောင်သို့ ဝင်ရောက်မှုမှာလည်း အတားအဆီးမရှိဖြစ်ပြီး လက်နက်တောင် ၏ ထိပ်တောင်သို့ အနှောင့်အယှက်ကင်းစွာ တက်လှမ်းနိုင်ခဲ့၏။

"ဒါက လက်နက်တောင် တောင်သခင်ရဲ့ အင်မော်တယ်ဂူလား..."

လင်းရီက သူ၏ရှေ့ရှိ မိုးထိအောင် မြင့်မားနေသော မီးဖိုကြီးကို ကြည့်ကာ သူ၏ အမူအရာမှာ အံ့အားသင့်သွားခဲ့သည်။

တာအိုသိုလှောင်ရာ စာအုပ်တောင် တောင်သခင်၏ အင်မော်တယ်ဂူမှာ စာအုပ်စင်တစ်ခု ဖြစ်ပေသည်။

လင်းရီသည် ဖာတောင်သခင်၏ အင်မော်တယ်ဂူသို့ တစ်ကြိမ် သွားရောက်ခဲ့ဖူးပြီး ၎င်းမှာ ဓားတစ်လက် ဖြစ်နေခဲ့၏။

လက်နက်တောင် တောင်သခင်၏ အင်မော်တယ်ဂူမှာ မီးဖိုကြီးတစ်ခု ဖြစ်နေခြင်းကလည်း အဓိပ္ပာယ်ရှိလှပေသည်။

"တောင်သခင်လင်းရီ..."

လင်းရီ တံခါးခေါက်ရန် ပြင်လိုက်စဉ်မှာပင် ကျူးယန်နှင့် သူ၏ သားဖြစ်သူတို့ အင်မော်တယ်ဂူထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။

"တောင်သခင်လင်းရီ၊ ဒီနေ့တော့ ဒီအဘိုးကြီးကို စိတ်တိုင်းကျ သောက်ခွင့်ပေးလိုက်တာပဲ..."

ကျူးယန်က ရယ်မောလိုက်သည်။

သူ ယုံကြည်သွားခဲ့ပြီ ဖြစ်၏။

ကျူးယန်သည် ယခုအခါ လင်းရီအား ရင်ဘတ်ထဲမှ အမှန်တကယ် ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။

အရင်တုန်းက ဖာတောင်သခင်က လင်းရီအတွက် သူ့ဦးခေါင်းခွံကို ခွဲပစ်လုနီးပါး ဖြစ်ခဲ့ရခြင်းအတွက်ပင် သူ ကံကောင်းသည်ဟု ခံစားနေရလေသည်။

"စီနီယာ ပျော်ရွှင်ရင် ပြီးတာပါပဲ..."

လင်းရီက အပြုံးဖြင့် ပြောလိုက်၏။

"တောင်သခင်လင်းရီ၊ ကျွန်တော်တို့ရဲ့ လက်နက်တောင်ကို ကိစ္စတစ်ခုခုရှိလို့ လာတာလား..."

ကျူးထျန်က ရိုးသားဖြူစင်သော အပြုံးဖြင့် ပြောလိုက်သည်။

ယခု ဝိုင်တောင်ကို အသစ်တည်ထောင်ထားပြီဖြစ်ရာ လင်းရီက ဝိုင်တောင်ပေါ်တွင် မနေဘဲ လက်နက်တောင်သို့ လာခဲ့ခြင်းဖြစ်သဖြင့် သူ တောင်းဆိုစရာတစ်ခုခု ရှိနေမည်မှာ သေချာပေသည်။

"ဒီမျိုးဆက်သစ်က လက်နက်တောင်ကနေ ပစ္စည်းတစ်ခု ငှားချင်လို့ပါ..."

လင်းရီက လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

အခန်း (၆၄)- သေခြင်းရှင်ခြင်းတံခါးမှ အရူးများ၊ သူက နည်းနည်း ပိုရူးသွပ်နေရင်တောင် ကိစ္စမရှိလောက်ပါဘူး ဟုတ်တယ်မလား

"တောင်သခင်လင်းရီ၊ ပြောပါ..."

ကျူးထျန်က အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ အလွယ်တကူ ခေါင်းညိတ်လိုက်၏။

"တိမ်တိုက်လှေကားဝင်္ကပါပြား..."

လင်းရီ၏ သေခြင်းရှင်ခြင်းတံခါးသို့ ခရီးစဉ်မှာ အလွန် ရှည်လျားလှပေသည်။

ဝိညာဉ်ကုန်းမြေသည် အတိုင်းအတာမရှိ ကျယ်ပြောလှပြီး အရှေ့၊ အတောင်၊ အနောက်၊ အမြောက်နှင့် အလယ်ပိုင်းဟူ၍ ဒေသငါးခုအဖြစ် ခွဲခြားထား၏။

ဒေသတစ်ခုစီတွင် အဆင့်လွန်ဂိုဏ်း တစ်ခုစီက ကြီးကြပ်ကွပ်ကဲနေလေသည်။

တာလော့အင်မော်တယ်ဂိုဏ်းသည် အလယ်ပိုင်းဒေသတွင် တည်ရှိသည်။

လန်ခဲကျောင်းတော်က အနောက်ပိုင်းဒေသ၊ အရှေ့ဧကရာဇ်နန်းတော်က အရှေ့ပိုင်းဒေသ၊ နတ်ဆိုးအရှင်သခင် မျှော်စင်က တောင်ပိုင်းဒေသနှင့် ကောင်းကင်တိုက်ပွဲဂိုဏ်းက မြောက်ပိုင်းဒေသတွင် အသီးသီး တည်ရှိကြ၏။

အရှေ့၊ အတောင်၊ အနောက်နှင့် အမြောက်ဟူသော ဒေသလေးခု၏ အစွန်အဖျားများတွင် ပင်လယ်လေးခု ရှိနေပေသည်။

ဆင်းရဲဒုက္ခပင်လယ်။

သွေးပင်လယ်။

အရှေ့ပင်လယ်။

မြောက်ပိုင်းမြေအောက်ပင်လယ်။

ပင်လယ်လေးခုအနက် သွေးပင်လယ်နှင့် ဆင်းရဲဒုက္ခပင်လယ်တို့မှာ တားမြစ်နယ်မြေများအဖြစ် စာရင်းသွင်းခံထားရသည်။

ဖုန်းလိုင်အင်မော်တယ်ကျွန်းဟု ခေါ်ဆိုကြသောကျွန်းမှာ အရှေ့ပင်လယ်တွင် တည်ရှိ၏။

ပင်လယ်လေးခုမှာ အဆုံးအစမရှိ ကျယ်ပြောလှပြီး ယနေ့အချိန်အထိ မည်သည့်ကျင့်ကြံသူကမျှ ထိုပင်လယ်များ၏ အဆုံးအထိ ဖြတ်ကျော်သွားနိုင်ခြင်း မရှိသေးကြောင်း ပြောစမှတ်ပြုကြလေသည်။

မြေကမ္ဘာအင်မော်တယ်တစ်ပါးပင်လျှင် မတတ်နိုင်ချေ။

ဒေသငါးခု တစ်ခုစီတွင် ပြည်နယ်ကိုးခု၊ နယ်မြေဆယ်ခုနှင့် နယ်ပယ်သုံးဆယ့်ခြောက်ခုတို့ ပါဝင်ပေသည်။

သေခြင်းရှင်ခြင်းတံခါးသည် မြောက်ပိုင်းဒေသတွင် တည်ရှိ၏။

အကယ်၍ ဖြတ်ကျော်ရန် တိမ်တိုက်လှေကားဝင်္ကပါပြားသာမရှိပါက လင်းရီ၏ လက်ရှိ ကျင့်ကြံခြင်းဖြင့် အသွားအပြန် ခရီးစဉ်မှာ သုံးလနေနေသာသာ နှစ်သုံးရာအတွင်းပင် ခက်ခဲပေလိမ့်မည်။

"တောင်သခင်လင်းရီက တောင်အောက်ကို ဆင်းမလို့လား..."

ကျူးယန်က လင်းရီအား ထူးဆန်းစွာ ကြည့်လိုက်သည်။

"ကျွန်တော် သေခြင်းရှင်ခြင်းတံခါးကိုသွားဖို့ လိုအပ်နေတယ်..."

လင်းရီက ခေါင်းညိတ်လိုက်၏။

"အဲဒီလောက် အဝေးကြီးကိုလား..."

"ပြီးတော့ သေခြင်းရှင်ခြင်းတံခါးလို နေရာမျိုးကိုလား..."

ကျူးယန်က မျက်မှောင်ကြုတ်လိုက်သည်။

ဝိညာဉ်ကုန်းမြေသည် အလွန် ကျယ်ပြောလွန်းလှပေသည်။

တာလော့အင်မော်တယ်ဂိုဏ်း၏ အခြေတည်အဆင့် ကျင့်ကြံသူများသည် အတွေ့အကြုံရှာဖွေရန် တောင်အောက်သို့ ဆင်းကြသောအခါ ဂိုဏ်းအနီးတစ်ဝိုက်တွင်သာ နေထိုင်လေ့ရှိကြ၏။

ဒေသများကို ဖြတ်ကျော်ရန် အနည်းဆုံး ရွှေအမြူတေအဆင့် ကျင့်ကြံခြင်း ရှိထားရန် လိုအပ်ပေသည်။

"အမှန်တကယ်တော့ နည်းနည်း ဝေးပါတယ်..."

"ဒါကြောင့် ကျွန်တော် တိမ်တိုက်လှေကားဝင်္ကပါပြား ကို လိုအပ်နေတာပါ..."

လင်းရီက ခေါင်းညိတ်လိုက်သည်။

"မဖြစ်မနေ သွားရမှာလား..."

"မဖြစ်မနေပါပဲ..."

လင်းရီ၏ ပြတ်သားသော သဘောထားကို မြင်သောအခါ ကျူးယန်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ကျူးထျန်အား ကြည့်လိုက်သည်။

“သေခြင်းရှင်ခြင်းတံခါးကို သွားဖို့ဆိုရင် အမြန်ဆုံးနည်းလမ်းက အဆင့်တစ်ဆယ် တိမ်တိုက်လှေကား မဟာဝင်္ကပါ ကနေတစ်ဆင့် သွားတာပဲ၊ တောင်ပေါ်မှာ အဆင့်တစ်ဆယ် တိမ်တိုက်လှေကား ဝင်္ကပါပြားတွေ ကျန်သေးလား..."

"အဆင့်တစ်ဆယ် တိမ်တိုက်လှေကား ဝင်္ကပါပြားတွေ အားလုံးကို ငှားထားလိုက်ပြီ၊ အဆင့်ကိုးတိမ်တိုက်လှေကား ဝင်္ကပါပြားသုံးခုပဲ ကျန်တော့တယ်..."

"သေခြင်းရှင်ခြင်းတံခါးကိုဆိုရင် ဆယ်ရက်လောက် ကြာလိမ့်မယ်..."

ကျူးထျန်က စဉ်းစားဟန်ဖြင့် ပြောလိုက်၏။

"ဆယ်ရက်ဆိုရင် လုံလောက်ပြီလား..."

"မလုံလောက်ဘူးဆိုရင် ငါနဲ့အတူ အတွင်းဂိုဏ်းကို လိုက်ခဲ့ပြီး ဝင်္ကပါတစ်ခု သွားတောင်းလို့ းရတယ်..."

"ငါ တစ်ခုခု စဉ်းစားကြည့်ပါ့မယ်၊ ဘယ်လိုပဲဖြစ်ဖြစ်တစ်ခုတော့ ဖဲ့ပေးလို့ ရမှာပါ..."

ကျူးယန်က ပြောလိုက်သည်။

"ဆယ်ရက်ဆိုရင် လုံလောက်လောက်အောင် မြန်ပါတယ်..."

လင်းရီက ခေါင်းညိတ်လိုက်၏။

တိမ်တိုက်လှေကား ဝင်္ကပါပြား တစ်ခုသည် အဆင့်တစ်ဆင့် မြင့်သွားပါက တစ်ကြိမ်ဖွင့်လှစ်ရန်အတွက် ဝိညာဉ်ကျောက်တုံးများကို အဆတစ်ရာပို၍ အသုံးပြုရပေသည်။

လင်းရီအတွက် အဆင့်ကိုး တိမ်တိုက်လှေကား ဝင်္ကပါပြားသည်ပင် လုံလောက်နေပြီဖြစ်ရာ အရင်းအမြစ်များကို ဖြုန်းတီးပစ်ရန် မလိုအပ်ချေ။

"ကောင်းပြီလေ..."

ကျူးထျန်က ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်ရာ အဆင့်ကိုးတိမ်တိုက်လှေကား မဟာဝင်္ကပါတစ်ခု ထွက်ပေါ်လာခဲ့၏။

"ပြီးတော့ တောင်သခင်လင်းရီကို အဆင့်ရှစ်တိုက်ခိုက်ရေးသံချပ်ကာ တစ်စုံပါ ပေးလိုက်..."

ကျူးယန်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

"အဆင့်ရှစ်တိုက်ခိုက်ရေးသံချပ်ကာ..."

လင်းရီက ကျူးယန်အား အံ့သြစွာ ကြည့်လိုက်၏။

အဆင့်ရှစ်တိုက်ခိုက်ရေးသံချပ်ကာမှာ လက်နက်တောင်မှ ဖန်တီးထားသော အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး သံချပ်ကာပင် ဖြစ်လေသည်။

ထိုသံချပ်ကာ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ် မဟာကျင့်ကြံသူတစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်ပေ၏။

"သေခြင်းရှင်ခြင်းတံခါး ခရီးစဉ်က ရှည်လျားတယ်..."

"တောင်သခင်လင်းရီ၊ ငါတို့ တာလော့အင်မော်တယ်ဂိုဏ်းရဲ့ တောင်သခင်တစ်ယောက်အနေနဲ့ သာမန် ကျင့်ကြံသူတွေက သဘာဝကျကျပဲ လှုပ်ရှားရဲမှာ မဟုတ်ပေမယ့် ကာကွယ်ဖို့အတွက် အဆင့်ရှစ်တိုက်ခိုက်ရေး သံချပ်ကာတစ်စုံ ပါသွားရင်တော့ နည်းနည်း ပိုစိတ်အေးရတာပေါ့..."

ကျူးယန်က လင်းရီအား ကြည့်ကာ ပြောလိုက်သည်။

"ဒါအဓိပ္ပာယ်ရှိတယ်..."

ကျူးထျန်က ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ အဆင့်ရှစ် တိုက်ခိုက်ရေးသံချပ်ကာ တစ်စုံက လင်းရီ၏ ရှေ့တွင် ထွက်ပေါ်လာခဲ့၏။

"ဒါက အဆင့်ရှစ်တိုက်ခိုက်ရေးသံချပ်ကာ လား..."

လင်းရီသည် သူ၏ရှေ့ရှိ တိုက်ခိုက်ရေး သံချပ်ကာ ကို စူးစိုက်ကြည့်နေခဲ့ပြီး သူ့မျက်လုံးများက တောက်လောင်နေခဲ့သည်။

အဆင့်ရှစ်တိုက်ခိုက်ရေးသံချပ်ကာကို နတ်ဘုရားရွှေစင်ဖြင့် သွန်းလုပ်ထားခြင်း ဖြစ်၏။

ရွှေရောင်သံချပ်ကာက တောက်ပစွာ လင်းလက်နေခဲ့သည်။

ထိုသံချပ်ကာ၏ အသွင်အပြင်နှင့် ပုံသဏ္ဍာန်မှာ လူစစ်စစ်တစ်ဦးနှင့် ခြားနားမှု မရှိချေ။

အကယ်၍ လင်းရီသာ ဤတိုက်ခိုက်ရေး သံချပ်ကာပေါ်မှ သက်ရှိအငွေ့အသက်ကို မခံစားရလျှင် ထိုအရာကို ကျင့်ကြံသူတစ်ဦးဟုပင် ထင်မှတ်သွားပေလိမ့်မည်။

"ဒီသံချပ်ကာကို ဟွေကွမ်သံချပ်ကာလို့ နာမည်ပေးထားတယ်..."

"အဆင့်ရှစ် တိုက်ခိုက်ရေးသံချပ်ကာမှာ ဉာဏ်အလင်းပွင့်ခြင်း ဝင်္ကပါတစ်ခု ပါရှိပြီး အတိုင်းအတာတစ်ခုအထိ အသိဉာဏ်ရှိတယ်၊ သူရဲ့ လည်ပတ်နိုင်စွမ်းက သာမန်လူတစ်ယောက်ထက် မနိမ့်ပါဘူး..."

"ပုံမှန်အားဖြင့် တိမ်တိုက်လှေကား ဝင်္ကပါပြားနဲ့ တခြားသာမညကိစ္စတွေကို ထိန်းချုပ်ဖို့ သူ့ကို အသုံးပြုလို့ ရတယ်..."

"တိုက်ခိုက်ဖို့လိုအပ်လာရင် သူရဲ့ တိုက်ခိုက်ရေး အခြေအနေကို ဖွင့်လှစ်ဖို့ ဒီ ဝင်္ကပါပြားကို အသုံးပြုနိုင်တယ်..."

"ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ် မဟာကျင့်ကြံသူ စာရင်းမှာ ပါဝင်တဲ့သူတွေနဲ့ မတွေ့သရွေ့ သူက ဘယ်သူနဲ့မဆို တိုက်ခိုက်နိုင်တယ်..."

ကျူးထျန်က နောက်ထပ် ဝင်္ကပါပြား တစ်ခုကို ထုတ်ယူကာ လင်းရီအား ကမ်းပေးလိုက်၏။

ဝင်္ကပါပြားပေါ်တွင် ဝင်္ကပါပုံစံများ ယှက်နွယ်နေခဲ့သည်။

ဝိညာဉ်ချီဖြင့် ဖွင့်လှစ်လိုက်သောအခါ ၎င်းသည် ထိန်းချုပ်ရန်အတွက် အလင်းကန့်လန့်ကာ တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

ထိုအပြားပေါ်တွင် အမိန့်ပေးမှု အမျိုးမျိုးကို ရှင်းလင်းစွာ မှတ်သားထားလေသည်။

"မင်းအတွက် အစောင့်အကြပ် အခြေအနေကို ငါ ဖွင့်ပေးလိုက်မယ်..."

"ဒီလိုဆိုရင် အန္တရာယ်တစ်ခုခု ပေါ်လာတာနဲ့ ဟွေကွမ်သံချပ်ကာက သူ့ရဲ့ သခင်ကို အလိုအလျောက် ကာကွယ်ပေးလိမ့်မယ်..."

ကျူးထျန် စကားပြောလိုက်သည်နှင့် သူ၏ လက်ချောင်းက ဝင်္ကပါပြားပေါ်တွင် ပုတ်လိုက်၏။

ဝှစ်!

တိတ်ဆိတ်စွာပင် ဟွေကွမ်သံချပ်ကာသည် လင်းရီ၏ အနောက်တွင် ရပ်နေနှင့်ပြီးသား ဖြစ်လေသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ ကျူးယန်၊ ပြီးတော့ တောင်သခင် ကျူးထျန်..."

လင်းရီက အလွန် ရိုးသားစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

"တပည့်အချင်းချင်းကြားမှာ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး..."

ကျူးယန်နှင့် ကျူးထျန်တို့က ပြန်လည် အရိုအသေပေးလိုက်၏။

"မှတ်ထားပါ၊ အပြင်ရောက်တဲ့အခါ ကိုယ့်ရဲ့ အာဏာကို သုံးပြီး တခြားသူတွေကို အနိုင်ကျင့်ဖို့ လိုအပ်လာရင် တုံ့ဆိုင်းမနေပါနဲ့..."

"တာလော့အင်မော်တယ်ဂိုဏ်းဆိုတဲ့ စကားလုံးလေးလုံးက ဝိညာဉ်ကုန်းမြေထဲက ပြဿနာ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ဖြေရှင်းဖို့ လုံလောက်ပါတယ်..."

ကျူးယန်က ညွှန်ကြားလိုက်သည်။

"လင်းရီ မှတ်သားထားပါ့မယ်..."

လင်းရီက ခေါင်းညိတ်လိုက်ပြီး နှုတ်ဆက်ကာ ထွက်ခွာလာခဲ့၏။

တိမ်တိုက်လှေကားဝင်္ကပါပြားနှင့် အဆင့်ရှစ် တိုက်ခိုက်ရေးသံချပ်ကာတို့ ရရှိပြီဖြစ်သော်လည်း လင်းရီအနေဖြင့် ဝိညာဉ်ကျောက်တုံးအချို့ကို ပြင်ဆင်ရန် လိုအပ်သေးပေသည်။

ဝိညာဉ်ကျောက်တုံးများ။

လင်းရီတွင် မလိုလေချေ။

ဝိုင်တောင်ရှိ ရီကွမ်ပွဲတော်တွင် ဂိုဏ်းတိုင်းနှင့် တောင်တစ်ရာတို့မှ ပေးပို့လာသော ဂုဏ်ပြုလက်ဆောင်များမှာ ဆူးလီ အစောပိုင်းက စာရင်းပြုစုထားသည့်အတိုင်း အားလုံးမှာ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး များသာ ဖြစ်လေသည်။

ထိုပစ္စည်းများမှာ ဝိုင်တောင်အတွက် ရာစုနှစ်ပေါင်းများစွာစာ လုံလောက်နေပေ၏။

လင်းရီသည် ဝိုင်တောင်သို့ ပြန်သွားကာ ဝိညာဉ်ကျောက်တုံး များနှင့် ဝိုင်ဖော်စပ်ရန် ကုန်ကြမ်းများကို ပြင်ဆင်လိုက်ပြီးနောက် တိမ်တိုက်လှေကား ဝင်္ကပါပြားကို ဖွင့်လှစ်လိုက်သည်။

“ဝုန်း”

အဆင့်ကိုး တိမ်တိုက်လှေကား ဝင်္ကပါပြား ထွက်ပေါ်လာသည်နှင့် နေရာနှင့် အချိန်တို့ ယှက်နွယ်သွားကာ ထိုဝင်္ကပါပြားပေါ်တွင် အဆုံးမရှိသော ဝင်္ကပါ ပုံစံများ လင်းလက်လာခဲ့၏။

လင်းရီသည် ဟွေကွမ်သံချပ်ကာကို ဦးဆောင်ကာ ဝင်္ကပါပြား ပေါ်သို့ တက်လိုက်ပြီး ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများကို နေရာချလိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် တိမ်တိုက်လှေကား စွမ်းအားများ တစ်လွှာပြီးတစ်လွှာ ကျဆင်းလာခဲ့လေသည်။

"တောက်ပတဲ့ အလင်းရောင်..."

"မင်း တိမ်တိုက်လှေကား ဝင်္ကပါပြားကို ထိန်းချုပ်လိုက်..."

"ခရီးစဉ် - သေခြင်းရှင်ခြင်းတံခါး..."

လင်းရီသည် တိမ်တိုက်လှေကား ဝင်္ကပါပြား ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့ပါ..."

ဟွေကွမ်သံချပ်ကာက ခေါင်းညိတ်လိုက်ပြီး တိမ်တိုက်လှေကား ဝင်္ကပါပြားကို လွှဲပြောင်းရယူလိုက်သည်။

လက်နက်တောင် ၏ တိမ်တိုက်လှေကား ဝင်္ကပါပြားတွင် ကြီးမားလှသော အချက်အလက်များ သိုလှောင်ထားရှိပြီး ဒေသငါးခုလုံးသို့ သွားရောက်နိုင်စွမ်း ရှိပေသည်။

ဝှစ်!

ဟွေကွမ်သံချပ်ကာက တိမ်တိုက်လှေကား ဝင်္ကပါပြား ကို ဖွင့်လှစ်လိုက်၏။

နေရာနှင့် အချိန်တို့ ယှက်နွယ်သွားကာ ကြယ်များ ရွေ့လျားသွားသည့် ခံစားချက်က တစ်ဖန် ပြန်လည် ပျံ့နှံ့လာခဲ့သည်။

နောက်တစ်စက္ကန့်တွင် တိမ်တိုက်လှေကား ဝင်္ကပါပြားသည် ပျောက်ကွယ်သွားခဲ့လေသည်။

"ဆယ်ရက်ဆိုတာ ကိစ္စများစွာ လုပ်ဆောင်ဖို့ လုံလောက်တဲ့ အချိန်ပါပဲ..."

"သေခြင်းရှင်ခြင်းတံခါးမှာ အရူးတွေ အပြည့်ပဲ၊ သေခြင်းရှင်ခြင်း တံဆိပ်ပြားရှိရင်တောင် အသက်တံခါးနှင့် သေခြင်းစံအိမ်ထဲဝင်ဖို့ မဖြစ်နိုင်ဘူး..."

"အသက်တံခါးနှင့် သေခြင်းစံအိမ်ထဲဝင်ဖို့၊ သေခြင်းရှင်ခြင်းလမ်းစဉ်ကို နားလည်သဘောပေါက်ဖို့ နဲ့ စီနီယာ ဖုန်းဟွာရဲ့ စစ်မှန်တဲ့ ဝိညာဉ် ပျောက်ကွယ်မသွားအောင် ကာကွယ်ဖို့ဆိုရင် ငါ နည်းလမ်းတစ်ခုခုတော့ စဉ်းစားရဦးမယ်..."

လင်းရီသည် တိမ်တိုက်လှေကား ဝင်္ကပါပြားပေါ်တွင် ထိုင်နေရင်း သူ၏ ပတ်ဝန်းကျင်ရှိ ကြယ်များနှင့်တူသော နေရာနှင့် အချိန် ဆုံမှတ်များကို တစ်ခါတစ်ရံ မြင်တွေ့နေရပြီး၊ တစ်ခါတစ်ရံတွင်လည်း ဝိညာဉ်ကုန်းမြေ ၏ တောင်တန်းများ၊ မြစ်များနှင့် နယ်မြေများကို မြင်တွေ့နေရကာ သူ၏ စိတ်ထဲတွင်မူ သေခြင်းရှင်ခြင်းတံခါးကို မည်သို့ ဖြေရှင်းရမည်နည်းဟု တွေးတောနေခဲ့၏။

"ငါသိပြီ..."

ခဏတာ စဉ်းစားပြီးနောက် လင်းရီ၏ လက်ဝါးက လှန်သွားကာ သူ၏ လက်ထဲတွင် အနက်ရောင် စွမ်းအားအစုအဝေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဟွေရှင်း...

ဤသည်မှာ ဟွေရှင်း ဝိုင်မူးပြီး ရူးသွပ်သွားပြီးနောက် သူမထံမှ လင်းရီ ထုတ်ယူထားသော နတ်ဆိုးစွမ်းအားများပင် ဖြစ်ပေသည်။

ဤစွမ်းအားက ဟွေရှင်းအား အရူးမတစ်ဦးကဲ့သို့ ပြုမူစေခဲ့ပြီး သူမ၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း ထိုအရာနှင့်အညီ ခုန်တက်သွားခဲ့လေသည်။

"သူတို့က အရူးတွေဆိုတော့ သူတို့ကို ပိုရူးသွပ်သွားစေနိုင်တဲ့ ဝိုင်ကိုတော့ ငြင်းမှာ မဟုတ်ဘူး ထင်တယ် ဟုတ်တယ်မလား..."

လင်းရီ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားပြီး သူ၏ စိတ်ထဲတွင် အကြံဉာဏ်တစ်ခု ရရှိနေပြီ ဖြစ်လေသည်။

All Chapters