စပိန်ခရီးစဥ်
Vol. 5 Ch. 241
ဖွန်တီနာမြို့က မြို့ငယ်လေးဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ရဲ့တတိယခရီးစဥ်ကိုစတင်ဖို့အတွက် အနီးဆုံး ရထားဘူတာရုံကြီးရှိတဲ့ မာဆေးမြို့ကိုလာခဲ့ရပါတယ်။ မာဆေးမြို့ကိုတော့ အသေးစိတ်လည်ခွင့်မရခဲ့ပါဘူး။ ပင်လယ်ပြာကြီးရဲ့မေးပေါ်မှာတင်နေတဲ့ ရီနေးဆန့်ခေတ် ဆိပ်ကမ်းတံတိုင်းကြီးတွေကိုသာ ကားပေါ်ကနေပြီး တစ်ချက်တစ်ချက်မြင်ခဲ့ရတယ်။
ဖြစ်နိုင်ရင် မြို့ထဲကိုဝင်ချင်မိတယ်ဆိုပေမဲ့ နက်ဆန်ရဲ့ ပခုံးကိုမှီနေပြီးတော့ အိပ်ပျော်နေတဲ့ မိုနီကာကိုမြင်တော့ ကျွန်မရင်ထဲမှာ နာကျင်လာမိသလိုပဲ။
သူနေမကောင်းဘူး။ ကျွန်မတို့နဲ့အတူရှိနေတဲ့ အချိန်တော်တော်များများမှာ အဲဒီအကြောင်းကို ကျွန်မမေ့နေခဲ့တာကြာပြီ။ မိုနီကာက သိပ်ကိုခေါင်းမာပြီး ဟန်ဆောင်ကောင်းခဲ့တယ်။ ဒါပေမဲ့ ဘယ်လို အလိမ်အညာမျိုးမဆို အကန့်အသတ်တော့ရှိတာပဲလေ။
အခုတော့ ကိုယ်တိုင်တောင်လမ်းလျှောက်ဖို့မဖြစ်နိုင်တဲ့ အနေအထားမျိုးနဲ့ ကျွန်မနဲ့နက်ဆန်ရဲ့ကြားမှာ အနားယူနေလေရဲ့။
“ကိုယ်သူ့ကိုပဲ ဂရုစိုက်နေလို့ ကိုယ့်ကို စိတ်မဆိုးတော့ဘူးလား။”
ရုတ်တရက် နက်ဆန်က ကျွန်မကိုမေးလိုက်တဲ့အတွက် ကျွန်မအလိုလိုနေရင်းပြုံးမိတယ်။ အရင်က ကျွန်မဆိုရင် ဒီအတွက် နက်ဆန်နံရိုးကျိုးတဲ့အထိ ထိုးမိမလား မသိဘူး။ ဒါပေမဲ့ ကျွန်မကိုယ်တိုင်လည်းပဲ မိုနီကာရဲ့ ချောင်ကျနေတဲ့မျက်နှာကို ထိတွေ့လိုက်မိလေရဲ့။
“ကောင်မ၊ နင်နေပြန်မကောင်းလာလို့ကတော့ လုံးဝ ခွင့်မလွှတ်ဘူး။”
ဒေါသဖြစ်စရာကောင်းတဲ့ အချိန်ကာလများစွာကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ မိုနီကာကို ရန်သူလိုမျိုး မမြင်ဖြစ်ခဲ့တာကြာပြီ။ ငယ်ငယ်ကတည်းက သိလာတဲ့ သူငယ်ချင်းတစ်ယောက် အနားမှာရှိနေသလိုမျိုးပဲ ခံစားရတော့တာ။ အဲဒီအတွက်လည်း သူမရှိတော့ရင် ဆိုးဆိုးဝါးဝါးခံစားရလိမ့်မယ်လို့ ကျွန်မသိနေတယ်။
“ဒါနဲ့လေ... နက်ဆန်... ရှင်က လူသေတွေကို အသက်ပြန်သွင်းနိုင်တယ်မဟုတ်လား။ မိုနီကာအတွက်ရော အဲဒီလိုဖြေရှင်းလို့မရဘူးလား။”
ဘယ်လိုပဲဖြစ်ဖြစ် သေသွားတာက ကောင်းတဲ့အရာ မဟုတ်ပေမဲ့လို့ သေပြီးတာတောင်မှ နက်ဆန်ကိုဆက်ပြီး ခစားနေနိုင်သေးတဲ့ မော်လီနဲ့နာတာရှာတို့အကြောင်းကို မတွေးမိဘဲမနေနိုင်ဘူး။
နက်ဆန်ကတော့ ကျွန်မရဲ့မေးခွန်းတွေကြောင့် အတွေး လွန်သွားပြန်ပုံပဲ။ ခဏနေတော့ သူကခေါင်းခါပြတယ်။
“နတ်ဘုရားတွေနဲ့မိစ္ဆာတွေရဲ့ဖြစ်တည်မှုက ကိုယ်တို့ လူသားတွေနဲ့ခြားနားတယ်။ မိစ္ဆာတွေအကြောင်းကို ပြောရမယ်ဆိုရင်တော့ သူတို့တော်တော်များများက လူသားတွေမဖြစ်ပေါ်လာခင်ကတည်းက ရှိခဲ့တာမျိုး။ တချို့က လူသားတွေလိုပဲ နတ်ဘုရားတွေဖန်ဆင်းတာကို ခံရတာ။ တချို့ကတော့ နတ်ဘုရားတွေလိုပဲ ဖန်တီးခြင်း မြစ်ကြီးထဲကနေ သဘာဝအတိုင်း မွေးဖွားလာကြတာ။”
နောက်ထပ်နားမလည်နိုင်တဲ့ အကြောင်းအရာတွေကို ထပ်ပြီးနားထောင်နေရပြန်ပြီ။ အဲဒီလိုအခြေအနေမျိုးကို ကျွန်မမုန်းတယ်။ တစ်ခုခုက ကျွန်မစိတ်တိုင်းကျ ဖြစ်လာတော့မှာမဟုတ်မှန်း သိနေခဲ့လို့လေ။
“စကူးဘတ်တွေက ပထမကတော့ လူသားတွေလိုပဲ။ ဒါပေမဲ့ ဧဒင်ဥယျာဥ်ထဲမှာ မလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့မိလို့ အပြစ်ပေးခံရပြီး မျိုးစိတ်ကွဲတွေအဖြစ် ပြောင်းလဲခံရပြီး နှင်ထုတ်ခံခဲ့ရတာတဲ့။”
နက်ဆန်က မိုနီကာရဲ့နဖူးပေါ်ကဆံစကို ဖယ်ရှားပေးရင်း ကျွန်မကို ကလေးတစ်ယောက်ကို ပုံပြင်ပြောသလိုမျိုး ပြောပြနေခဲ့တယ်။
“မဟာနတ်ဘုရားကြီးယာဝေကို ဆန့်ကျင်ခဲ့မိသူတွေမလို့ သူတို့ဝိညာဥ်တွေရဲ့အနက်ရှိုင်းဆုံးနေရာမှာ အပြစ်သား တံဆိပ်ကိုထွင်းထုခံထားရပြီး သူတို့သေဆုံးတဲ့အခါမှာ လောကရဲ့နိယာမတွေက သူတို့ဝိညာဥ်ကိုအမြန်ဆန်ဆုံး ရှာဖွေတွေ့ရှိပြီး အပြစ်ပေးလေ့ရှိသတဲ့။”
ကျွန်မ မိုနီကာရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း နက်ဆန်ရဲ့နောက်ဆုံးရှင်းပြချက်ကို နားထောင်ခဲ့တယ်။ ကျွန်မလိုငတုံးမျိုးတောင်မှ ဆိုလိုရင်းကိုနားလည်တယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ရှင်သူ့ကို အသက်သွင်းလို့ မရနိုင်ဘူးပေါ့။”
နက်ဆန်ရဲ့မျက်နှာက ပိုပြီးမည်းမှောင်သွားတယ်။ “အဲဒါထက်ကိုပိုတယ်။ မိုနီကာရဲ့ဝိညာဥ်က မကောင်းတဲ့ လူသားတွေထက်တောင် ပိုဆိုးတဲ့ဆက်ဆံမှုမျိုးနဲ့ ဆက်ဆံခံရမှာ။ ငရဲဘုံကိုပို့မယ့်အစား လောက နိယာမတွေက တစ်စစီဆွဲဖြဲပစ်လိမ့်မယ်။ ငရဲဘုံကို အပို့ခံရရင်တော့ မျှော်လင့်ချက်ရှိပါသေးရဲ့။”
နက်ဆန်က ဆုံးဖြတ်ထားတဲ့လေသံမျိုးနဲ့ပြောခဲ့တာ။ ငရဲဘုံကိုဝင်ရမယ်ဆိုရင်တောင် ဝင်မယ့်ပုံစံမျိုးနဲ့။ ဒါပေမဲ့ အခုပြဿနာက ငရဲဘုံကိုဝင်သောင်းကျန်းတာထက်တောင် ပိုပြီးရှုပ်ထွေးနေပုံပဲ။
ကျွီ...
ကျွန်မတို့ စကားပြောနေတဲ့အချိန်မှာပဲ ကားရပ်သွားပြီး ကားမောင်းနေတဲ့အယ်မာက နေကာမျက်မှန်ကိုနဖူးပေါ် ပင့်တင်ပြီးတော့ ကျွန်မတို့ကိုလှည့်ကြည့်တယ်။
“ညအရှင်လေးတို့၊ မာဆေးဘူတာရုံကိုရောက်ပြီနော်။ ဒီသနားစရာကောင်းတဲ့အမျိုးသမီးကို အထုပ်အပိုးတွေ သယ်ပေးရတဲ့အထိတော့ မရက်စက်ကြဘူးမလား။”
အယ်မာက ကျွန်မတို့ကို လှမ်းနောက်လိုက်တယ်။ ကျွန်မ ပြုံးပြဖို့ကြိုးစားမိပေမဲ့ ပါးတစ်ခြမ်းရွဲ့သလိုဖြစ်သွားတာပဲ အဖက်တင်ပါတယ်။
ငါးမိနစ်လောက်ကြာတော့ မာဆေးမြို့ကစိန့်ချားလ် ရထားဘူတာကြီးရှေ့မှာ ကျွန်မတို့တွေ အထုတ်အပိုးတွေ ဆွဲပြီးအသင့်ဖြစ်နေကြပြီ။ အယ်မာကတော့ ကားပေါ်က လက်ပြနှုတ်ဆက်ရင်း မောင်းထွက်သွားပြီ။
“ထူးထူးဆန်းဆန်းအမှုတွေတွေ့ရမှ ရှင်တို့ကိုလှမ်းပြီး ဆက်သွယ်လိုက်မယ်နော်။ ပျော်ရွှင်စရာပျားရည်စမ်း ခရီးလေးဖြစ်ပါစေ။”
အယ်မာထွက်သွားပြီးနောက်တော့ ဝှီးချဲပေါ်မှာရှိနေတဲ့ မိုနီကာက လေသံသဲ့သဲ့နဲ့ရယ်မောလိုက်လေရဲ့။
“ဟုတ်တာပဲနော်... ကျွန်မတို့တွေ ရေကန်ရှေ့မှာ သစ္စာဆိုထားတာမလို့ လက်ထပ်ပြီးပြီလို့ ပြောလို့ရပြီလား။”
မိုနီကာပြောလိုက်မှ ကျွန်မမျက်နှာတစ်ခုလုံး နီရဲသွားတယ်။ စိတ်ကူးပေါက်တဲ့အတိုင်းထပြီး လုပ်ခဲ့မိတဲ့ကိစ္စတစ်ခုက အဲဒီလောက်ကြီးကျယ်သွားမှန်း သတိမထားမိလိုက်ဘူး။
“မမလေးမိုနီကာ၊ အဲဒါက အဲဒါဆိုပေမဲ့ သေသေချာချာ လက်ထပ်ပွဲထပ်လုပ်တာမကောင်းဘူးလား။ အဲဒီအချိန်ထိ ကျန်းကျန်းမာမာနဲ့ နေရမယ်နော်။”
မိုနီကာရဲ့ဝှီးချဲကိုတွန်းပေးဖို့နေရာယူထားတဲ့ ဒေါ်ရသီက ဝင်ပြောလိုက်တယ်။ ကျွန်မကတော့ မရယ်မိအောင်လို့ မနည်းထိန်းထားရတာပေါ့။
“ဒေါ်ရသီ... နင့်စကားက ရုပ်ရှင်ကားတွေထဲမှာ ကင်ဆာရောဂါသည်တွေကို ပြောနေကျစကားကြီး။”
ကျွန်မမပြောရသေးခင်မှာပဲ မိုနီကာကပြန်ပြီး ခွန်းတုံ့ပြန်ပြီးပြီ။ ဒါပေမဲ့မကြာခင်မှာ မောဟိုက်လာတဲ့အတွက် မျက်လုံးကိုမှေးပြီး အနားယူနေပြန်တယ်။
ဒီတော့မှပဲ မိုနီကာက လေယာဥ်ခရီးစဥ်ကို ဘာလို့ငြင်းခဲ့လဲ ကျွန်မနားလည်နိုင်တော့တယ်။ မြန်မြန်ဆန်ဆန်နဲ့ပြီးသွားမယ့်ခရီးမျိုးမှာ ဒီလိုခံစားချက်မျိုး ကျွန်မတို့ရမှာမဟုတ်ပါဘူး။
အားလုံးအသင့်ဖြစ်တဲ့အချိန်မှာတော့ ဘူတာထဲကို ကျွန်မတို့ဝင်ခဲ့ကြတယ်။ စိန့်ချားလ်ဘူတာရုံကြီးက ရှေးဟန်အတိုင်းတည်ဆောက်ထားတာမျိုး။ ၁၉ ရာစုလောက်က အုတ်တိုက်ဗိသုကာလက်ရာမျိုးရှိပြီး အဖြူရောင်ဆေးသုတ်ထားတယ်။ ယနေ့ခေတ် တိုးတက်လာတဲ့ရထားခရီးစဥ်တွေကို အမီလိုက်ဖို့ ဖန်သားအမိုးသတ္တုဘောင်နဲ့ အဆောင်တစ်ခုကို ခါးလည်ကဖြတ်ပြီး တိုးချဲ့ထားတဲ့အတွက်ကြောင့် ဖားတစ်ပိုင်းငါးတစ်ပိုင်းဖြစ်နေပြီး ကြည့်ရဆိုးတယ်လို့ ပြောနိုင်ပါတယ်။
အဝင်ဝမှာမြင်ခဲ့ရတဲ့ ကဗည်းစာအရတော့ ဒီနေရာက စိန့်ချားလ်သုသာန်ကြီးကိုဖျက်ပြီး တည်ဆောက်ထားတဲ့ ဘူတာရုံတဲ့။ သရဲတစ္ဆေဇာတ်လမ်းတွေလည်း တော်တော် များမည့်ပုံ။
“နက်ဆန်... ရှင်အရင်တုန်းက ဒီနေရာကို သရဲလာဖမ်းဖူးလား။”
စီးရမယ့်ရထားလာမယ့် ပလက်ဖောင်းကိုစောင့်နေရင်း ကျွန်မနက်ဆန်ကို မေးဖြစ်လိုက်တယ်။ နက်ဆန်က ပခုံးတွန့်ပြလိုက်ရင်း...
“အဖိုးပြောတာတော့ ဒီနေရာက အဖိုးနဲ့အဖွားတွေ့ခဲ့တဲ့ နေရာတဲ့လေ။ အဖွားကလည်း သရဲအမဲလိုက်တဲ့ မှော်ဆရာမဖြစ်ခဲ့တာဆိုတော့ သရဲလာဖမ်းရင်း တွေ့တာဖြစ်ချင်ဖြစ်မှာပေါ့။”
“.....” ကျွန်မထင်မထားဘဲ နက်ဆန်တို့မျိုးနွယ်ရဲ့ အချစ်ဇာတ်လမ်းတစ်ခုအကြောင်း အစဖော် မိသွားတာလား။
ဒါပေမဲ့ အရေးသိပ်မကြီးတဲ့ကိစ္စတစ်ခုဖြစ်တာမလို့ ဒေါ်ရသီက “မမလေးတို့ရေ၊ ဒီပလက်ဖောင်းထင်တယ်။” ဆိုပြီးပြောသံအောက်မှာပဲ အဲဒီကိစ္စကိုမေ့သွားရော။
ငါးမိနစ်လောက်ကြာတော့ ကျည်ဆန်ရထားမဟုတ်တဲ့ ရှုခင်းကြည့် ရထားနီစက်ခေါင်းကြီးတစ်ခုက ကျွန်မတို့ရှေ့ လာရပ်ပါလေရော။
“ဒါလင်၊ ရှုခင်းကြည့်ရထားလား...” မိုနီကာက မျက်လုံးကို မှေးမှေးဖွင့်ပြီးမေးလိုက်တော့ နက်ဆန်ကလည်းပဲ ခေါင်းညိတ်ပြတယ်။
“မင်းက အနှစ်သာရပြည့်ဝတဲ့ ခရီးစဥ်တစ်ခုကို လိုချင်တယ်ပြောခဲ့တာကြောင့်လေ။ မာဆေးကနေ မက်ထရစ်ကိုသွားဖို့က ကျည်ဆံရထားတွေအဖို့ တစ်ညတာခရီးပဲရှိတာဆိုပေမဲ့ ရှုခင်းကြည့်ရထားသွားတဲ့ တီအီးအာရထားလမ်းကဆိုရင်တော့ ပိုနှေးပြီးတော့ ခရီးထွက်ရတဲ့ခံစားချက်ကိုရမယ်လေ။ လမ်းမှာလည်း မြို့တွေအများကြီးကိုဖြတ်ရဦးမယ်။”
နက်ဆန်က အကျဥ်းရှင်းပြတော့ မိုနီကာဆီကနေ ရယ်သံလွင်လွင်လေးထွက်လာလေရဲ့။ “ဒါလင်၊ ရှင်က ကျွန်မအတွက် အများကြီးတွေးပေးတာပဲ။”
အဲဒီနောက်တော့ မိုနီကာက သူ့ဝှီးချဲပေါ်ကနေ အားယူထပြီး နက်ဆန်ရဲ့လက်ကိုဆွဲလိုက်တယ်။ ထင်မထားတဲ့တုံ့ပြန်မှုကြောင့် နက်ဆန်လည်းပဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေပြီ။
“မိုနီကာ... မင်း....”
“ဒါလင်... ကျွန်မက အဲဒီလောက် အားမနည်းပါဘူးနော်။” ဒါပေမဲ့ သူယိုင်လဲတော့မလို ဖြစ်နေတာနဲ့ ကျွန်မလည်းဘေးကနေဖမ်းထားရတာရယ်။
“မိုနီကာ... နင်အဲဒီလိုခေါင်းမာနေရင် ထိခိုက်မိလိမ့်မယ်။”
ကျွန်မလည်း သူ့ကိုဆူလိုက်ရတာပေါ့။ မကြာဘူး၊ စိတ်မရှည်တော့တဲ့ နက်ဆန်က မိုနီကာကိုပွေ့ချီပြီး ရထားပေါ်တက်သွားရော။ ကျွန်မနဲ့ဒေါ်ရသီကတော့ တတိယဘီးတွေလိုမျိုးကျန်ရစ်ဖြစ်လို့။ မိုနီကာက ရထားပေါ်မရောက်ခင် သူ့မျက်လုံးအောက်ကို လက်ညိုးနဲ့ထိုးပြီး ကျွန်မကိုပြောင်ပြသွားသေးတယ်။
“ဒီကောင်မ... ဒီလောက်အသည်းအသန်ဖြစ်နေတာကို ငါ့ကိုစရဲသေးတယ်။” ကျွန်မ ဒေါသထွက်လွန်းလို့ ရထားနံရံကို လက်သီးနဲ့ထိုးဖို့လုပ်တော့ ဒေါ်ရသီက ဖမ်းဆွဲပါတယ်။
“မမလေး၊ ရထားနံရံချိုင့်ဝင်သွားရင် သခင်လျော်ရမှာနော်။”
“......” ဒီအရုပ်မက ကျွန်မလက်နာမှာစိုးလို့ တားတာမဟုတ်ဘူးတဲ့။
...
ရထားပေါ်ရောက်တော့ နှစ်ယောက်တွဲခုံတန်းနှစ်ခုကို မျက်နှာချင်းဆိုင်ပေးထားပြီး အလယ်မှာစားပွဲကျယ် တစ်ခုပါတဲ့ ပထမတန်းခုံနေရာမှာ ထိုင်ခွင့်ရပါတယ်။ ရှုခင်းကြည့်ရထားဖြစ်လို့ စားသောက်ခန်းတွဲအစား နေရာကနေမှာလို့လည်းရသေးတယ်ဆိုပဲ။
ရထားခရီးစဥ်ရဲ့ဖြတ်သွားရမယ့်နေရာတွေကို ကြည့်မိတဲ့အချိန်မှာတော့ နက်ဆန်ကိုကျွန်မ မချီးကျူးဘဲမနေနိုင်တော့ဘူး။
ကျွန်မတို့က မာဆေးမြို့ကနေစထွက်မှာဖြစ်ပြီးတော့ ပန်းတိုင်က မက်ထရစ်ပါ။ ကြားထဲမှာတော့ ပြင်သစ်နဲ့ စပိန်ကြားက နယ်စပ်မြို့လေးဖြစ်တဲ့ ပါပစ်ညန်မြို့လေးကို ဖြတ်ရမယ်။ အဲဒီမြို့လေးကိုကျော်ရင်တော့ နာမည်ကျော် ပရင်းနီးတောင်တန်းကြီးတွေကို ရထားကတက်ရမှာ။
အဲဒါတွေပြီးရင်တော့ မသိသူမရှိသလောက်နာမည်ကြီးတဲ့ ဘာစီလိုနာမြို့ကိုရောက်မယ်။ လူတိုင်းလိုလိုက ဘာစီလိုနာမြို့အကြောင်းမသိရင်တောင် အဲဒီမြို့က ဘောလုံးအသင်းကိုတော့ ကြားဖူးကြမှာသေချာတယ်။
ဘာစီလိုနာမြို့ကိုရောက်ပြီးရင်တော့ တောင်ပိုင်းကို စုန်ဆင်းနေတာကိုရပ်ပြီး အနောက်မြောက်အရပ်ကို သွားရမယ်။ အဲဒီမှာဇာရာဂိုဇာလို့ခေါ်တဲ့ ရှေးဘုရားကျောင်းတွေအများကြီးရှိတဲ့ မြို့လေးရှိတယ်။
အဲဒီမြို့ကနေမှတစ်ဆင့် အနောက်တောင်ဘက်ကို ဆက်သွားမှ စပိန်နိုင်ငံရဲ့မြို့တော်မက်ထရစ်ကို ခြေချမိမှာ။
“လမ်းမှာ ဘယ်လိုအတွေ့အကြုံတွေနဲ့ တွေ့ရမယ် မသိဘူးနော်။ စပိန်က ပြင်သစ်နဲ့သိပ်ကွာခြားတဲ့ ယဥ်ကျေးမှုရှိတာတဲ့။”
ကျွန်မကြားဖူးသလောက်တော့ စပိန်နိုင်ငံယဥ်ကျေးမှုက တကယ့်အစုံသုတ်ပါ။ မူလက ဆဲလ်တစ်လူမျိုးစုတွေ နေထိုင်ရာဖြစ်ပြီးတော့ ပူးနစ်စစ်ပွဲကာလမှာ ကာသေ့ချ် လွမ်းမိုးတာခံရတယ်။ နောက်တော့ရောမတွေက ဟစ်စပန်းညာစီရင်စုဆိုပြီးအုပ်ချုပ်ရော။ အဲဒီနောက် ဗင်းဆင့်ဂေါ့တွေခေတ်ရောက်။ တစ်ဖက်ကမ်းကနေ ကျူးကျော်လာတဲ့ အစ္စလာန်ဘာသာကိုးကွယ်သူ မောလ်လူမျိုးတွေသိမ်းတာထပ်ခံရ။
နှစ်ပေါင်းရှစ်ရာတစ်ထောင်လောက်ကြာအောင် လီယွန်၊ အာရာဂွန်၊ ကက်စတိုင်း၊ ပေါ်တူဂီစတဲ့ ခရစ်ယာန် ဘုရင့်နိုင်ငံတွေက မောလ်တွေကိုပြန်တိုက်ထုတ်။ အာရာဂွန်နဲ့ကက်စတိုင်းတို့ရဲ့အရှင်သခင်တွေက လက်ထပ်ပြီးမှစပိန်ရယ်လို့ဖြစ်လာပြီး ယခုခေတ် အိုက်ဘေးရီးယားကျွန်းဆွယ်ကြီးဖြစ်လာခဲ့တာ။
ခေတ်အဆက်ဆက်မျိုးနွယ်ပေါင်းများစွာ အခြေချခဲ့တာမလို့ မတူညီတဲ့ယဥ်ကျေးမှုတွေ ရောပြွမ်းနေတာ။ စပိန်ကိုလိုနီတွေဖြစ်တဲ့ အမေရိကတိုက်ဒေသတွေက တင်သွင်းလာတဲ့ အရာတွေပါအပါပေါ့။
“အစားအစာတွေကလည်း ဘယ်လိုနေမယ် မသိဘူးနော်။” ရုတ်တရက် နားထဲဝင်လာတဲ့ စကားသံကြောင့် ခေါင်းညိတ်ပြီး
“အင်းနော်၊ စားချင်လိုက်တာ။” ဆိုပြီးပြောပြီးမှ မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုနီကာက ကျွန်မကို နားနားကပ်ပြောနေတာမှန်း သတိထားမိလိုက်ရော။ ရိုးရိုးမဟုတ်ဘဲ နက်ဆန်က သူ့ကိုခါးကနေပွေ့ချီပြီး ကျွန်မနားနားမှာလာပြောလို့ရအောင် ကူညီပေးနေတာ။
“စကူးဘတ်မ... နင်.. နင်နော်....”
“ဟီးဟီး၊ နင်မျက်လုံးမှိတ်ပြီး စိတ်ကူးယဥ်နေတည်းက ဘာတွေးနေလဲ ငါသိတာပေါ့ဟဲ့။”
“အား၊ ငါနင့်ကို ရအောင်သတ်မယ်။” ဒီလိုနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက်သတ်ရင်းပုတ်ရင်းကနေ ကျွန်မတို့ရဲ့စပိန်ခရီးစဥ်လေး စတင်ခဲ့ပါတော့တယ်။