အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း။ ၁၅၁
လျိုရှမိုးကုတ်စက်ဝိုင်း ဝါးကျွန်း...
လရောင်အောက်တွင် ရေလှိုင်းများမှာ ကျောက်ဆောင်ကမ်းပါးကို ရိုက်ခတ်နေပြီး ယွီရွှမ်းဝေအတွက် ရည်ရွယ်ထားသော ဝါးအိမ်လေးအတွင်း၌ နန်ဝူဓားဂိုဏ်း၏ အဆင့်မြင့်အရာရှိကြီးများ စုံညီစွာ ရောက်ရှိနေကြသည်။
ဂိုဏ်းချုပ်အကြီးအကဲကိုယ်တိုင် ရောက်နေသလို ဓားဆရာကြီး ကူယဲ့နှင့် အဘွားအိုမုန့်တို့လည်း ရှိနေကြသည်။ ဖယောင်းတိုင်မီးရောင်မှာ တုန်ရီနေပြီး အကြီးအကဲများ၏ တည်ကြည်
လေးနက်သော မျက်နှာများကိုသာမက စားပွဲပေါ်ရှိ အထူးရွေးချယ်ထားသော မျိုးဆက်သစ်များစာရင်းကိုပါ လင်းထိန်စေသည်။
ဤစာရင်းမှာ မူလက ကျင်းကျဲတိုက်ပွဲတွင် ဂိုဏ်းသာ ရှုံးနိမ့်သွားခဲ့ပါက ယွီရွှမ်းဝေနှင့်အတူ တိတ်တဆိတ် ဆုတ်ခွာပြီး ဂိုဏ်းကို ပြန်လည်ဦးမော့စေမည့် မျိုးဆက်သစ်များအတွက် ပြင်ဆင်ထားခြင်းပင်။
ဂိုဏ်းချုပ်အကြီးအကဲက ယွီရွှမ်းဝေကို စိုက်ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။
"စုန်ယန်က ကုဟွမ်ကျီကို အမြစ်ပြတ်အောင် သတ်ပစ်လိုက်တာကို မင်း တကယ်ပဲ ကိုယ်တိုင် မြင်ခဲ့တာလား"
ယွီရွှမ်းဝေက ခေါင်းညိတ်ပြပြီး ထိုစဉ်က မြင်ကွင်းကို ဖော်ပြရန် ကြိုးစားသော်လည်း မကြာမီမှာပင် အလွန်ခက်ခဲကြောင်း သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် စုန်ယန်နှင့် ကုဟွမ်ကျီတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ အချိန်တိုအတွင်း ပြီးဆုံးသွားခဲ့ပြီး ဖြစ်စဉ်၏ နက်နဲမှုများကို သူမ အပြည့်အဝ နားမလည်နိုင်သောကြောင့်ပင်။
သူမ၏ ဖော်ပြချက်ကို ကြားပြီးနောက် လူတိုင်းမှာ ပို၍ တည်ကြည်သွားကြသည်။
အကြီးအကဲတစ်ဦးက သက်ပြင်းချလျက် "အဲဒီ စုန်ယန်မိစ္ဆာက တကယ့်ကို ကောက်ကျစ်စဉ်းလဲပြီး ကြောက်စရာကောင်းတာပဲ။ အခုဆိုရင် သူက ငါတို့ တိုင်းပြည်သုံးခုလုံးမှာ အစွမ်းအထက်ဆုံး ကျင့်ကြံသူလို့ သတ်မှတ်ရတော့မယ်။ ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ဂိုဏ်းချုပ်အကြီးအကဲက "ဒါပေမဲ့ စုန်ယန်မိစ္ဆာက ကုဟွမ်ကျီနဲ့တော့ မတူဘူး။ သူက တရားတာရော မိစ္ဆာဆန်တာရော နှစ်မျိုးလုံး ရှိနေပြီး သူ့ရဲ့ ရည်ရွယ်ချက်က ခန့်မှန်းရ ခက်တယ်။ ဥပမာ ဒီတိုက်ပွဲမှာ သူ့ရဲ့ သတိပေးချက်သာ မရှိရင် ငါတို့ အားလုံး ပျက်စီးသွားလောက်ပြီ။ ဒါ့အပြင် ရွှမ်းဝေ... မင်းကို မှတ်ဉာဏ်ကျောက်စိမ်း သုံးဖို့ သူ အချိန်မီ သတိမပေးခဲ့ရင်လည်း မြေခွေးနဲ့ ဝံပုလွေမျိုးနွယ်စုတွေကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်" ဟု ထောက်ပြသည်။
ယွီရွှမ်းဝေက "အဘိုး... ကျွန်မ လေ့လာမိသလောက် စုန်ယန်ရဲ့ မှော်အတတ်က ကြောက်စရာကောင်းပေမဲ့ ကျွန်မတို့ ဓားဂိုဏ်းရဲ့ အရိပ်အယောင်အချို့ ပါနေသလိုပဲ။ သူက ကျွန်မတို့ ဂိုဏ်းက ရှေးလူကြီးတစ်ယောက်ယောက်က ခန္ဓာကိုယ်သိမ်းပိုက်ပြီး ပြန်ကျင့်နေတာ ဖြစ်နိုင်မလား" ဟု မေးသည်။
"ဘယ်လို အရိပ်အယောင်မျိုးလဲ"
အကြီးအကဲက မေးသည်။
ယွီရွှမ်းဝေသည် သူမ မြင်တွေ့ခဲ့ရသော ဓားမိစ္ဆာ နဂါးနက်မြင်ကွင်းကို ချက်ချင်း ဖော်ပြလိုက်သည်။
ဂိုဏ်းချုပ်အကြီးအကဲက ခေတ္တမျှ စဉ်းစားပြီး "မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရပေမဲ့... တရားတာနဲ့ မိစ္ဆာဆန်တာကို ပေါင်းစပ်ထားတဲ့ အဲဒီလို ကြောက်စရာကောင်းတဲ့ လျှို့ဝှက်နည်းစနစ်က ဓားကို သုံးနေပေမဲ့ ငါတို့ဂိုဏ်းက ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ အဲဒါက စုန်ယန်မိစ္ဆာ တခြားတစ်
နေရာက ရလာတာ ဒါမှမဟုတ် ခန္ဓာကိုယ် မသိမ်းပိုက်ခင်ကတည်းက တတ်ထားတာလည်း ဖြစ်နိုင်တယ်" ဟု သုံးသပ်သည်။
ယွီရွှမ်းဝေက ခေါင်းညိတ်လက်ခံသည်။
ဂိုဏ်းချုပ်အကြီးအကဲက ပတ်ဝန်းကျင်ကို ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"အခု ကုဟွမ်ကျီလည်း သေပြီ။ မြေခွေးနဲ့ ဝံပုလွေမျိုးနွယ်တွေလည်း ခေတ္တဆုတ်ခွာသွားပြီဆိုတော့ ငါတို့ဓားဂိုဏ်းက စောစောစီးစီး ပြင်ဆင်ထားရမယ်။ ရွှမ်းဝေနဲ့ ငါ တိုင်ပင်ထားပြီးပြီ။ သူမက တစ်စုံတစ်ယောက်ကို အစီအရင်နည်းပညာတွေ တိတ်တဆိတ် သင်ပေးချင်တယ်။ အဲဒီလူက သူမအဖြစ် ဟန်ဆောင်ပြီး ဒီကျွန်းပေါ်က အစီအရင်ကို ထိန်းသိမ်းထားရမယ်။ ရွှမ်းဝေကတော့ ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်ကို တိတ်တဆိတ် သွားပြင်ရလိမ့်မယ်။
ဒီကိစ္စက အလွန်အရေးကြီးလို့ သာမန်တပည့်တွေကို အပ်လို့မရဘူး။ ဒီမှာရှိနေတဲ့သူတွေထဲကပဲ ဖြစ်ရမယ်... ဘယ်သူကများ လုပ်ဆောင်ပေးချင်သလဲ"
ထိုစကားအဆုံးတွင် လူတိုင်း အချင်းချင်း ကြည့်လိုက်ကြသည်။ အမျိုးသားကျင့်ကြံသူများက အမျိုးသမီးကျင့်ကြံသူများကို ကြည့်ကြပြီး အဘွားအိုမုန့်ကဲ့သို့သော လူကြီးပိုင်းများကို ကျော်ဖြတ်ကာ နောက်ဆုံးတွင် ယွီရွှမ်းဝေနှင့် ကိုယ်လုံးကိုယ်ပေါက် ဆင်တူသော အမျိုးသမီးငယ်တစ်ဦးထံတွင် အကြည့်များ ရပ်တန့်သွားသည်။
ထိုအမျိုးသမီးမှာ ကြက်သွေးရောင်နန်းတော်အဆင့်သို့ ခုလေးတင် တက်လှမ်းထားသူဖြစ်ပြီး အလွန်နုပျိုပုံပင်။
ဂိုဏ်းချုပ်အကြီးအကဲက "ဆွန်ယွမ်ချင်း... မင်း ဒါကို လုပ်နိုင်မလား" ဟု မေးလိုက်သည်။
အမျိုးသမီးကျင့်ကြံသူက "ကျွန်မ လုပ်ပါ့မယ်" ဟု ပြတ်သားစွာ ဖြေလိုက်သည်။
သူမ၏ စကားအဆုံးတွင် မလှမ်းမကမ်းရှိ အမျိုးသားတစ်ဦးထံမှ နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။
ဂိုဏ်းချုပ်အကြီးအကဲက မော့ကြည့်ကာ မေးလိုက်သည်။
"စုမိသားစုရဲ့ ဒုတိယမြောက် မင်းမှာ ဘာအမြင်ရှိလို့လဲ"
ထိုအမျိုးသားမှာ မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် ဒေါသတကြီး ပြောလိုက်သည်။
"ဆွန်မိသားစု၊ ဆွန်မိသားစု၊ အမြဲတမ်း ဆွန်မိသားစုချည်းပဲ။ ကျွန်တော်တို့ စုမိသားစုကိုလည်း ခင်ဗျားတို့ ဆွန်မိသားစုထဲပဲ ပေါင်းထည့်လိုက်ကြပါလား"
ဂိုဏ်းချုပ်အကြီးအကဲမှာ အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ထိုအမျိုးသားက ဆက်ပြောသည်။
"ကျွန်တော့်အစ်ကိုက ရုပ်သေးဂိုဏ်းတိုက်ပွဲမှာ သေဆုံးခဲ့ပြီး ကျွန်တော့်ဘိုးဘေးကလည်း မြို့တော်တိုက်ပွဲမှာ ဆုံးပါးသွားကတည်းက ခင်ဗျားတို့ ဆွန်မိသားစုက ကျွန်တော်တို့ကို နှိမ်ခဲ့တာ မဝသေးဘူးလား"
ဂိုဏ်းချုပ်အကြီးအကဲက သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
"ယင်းရန်ရယ်... ဘာလို့ ဒီလောက်တောင် စိမ်းကားနေရတာလဲ"
ဤအမျိုးသားမှာ စုမိသားစု၏ ဒုတိယမြောက်သား စုယင်းရန်ပင် ဖြစ်ပြီး သူသည် ကြက်သွေးရောင်နန်းတော်အလယ်အလတ်အဆင့်သို့ ခုလေးတင် တက်လှမ်းထားသူ ဖြစ်သည်။
စုယင်းရန်က "စာကြည့်တိုက်ကိစ္စကိုကော ခင်ဗျား ဘယ်လိုရှင်းပြမလဲ" ဟု မေးခွန်းထုတ်သည်။
အကြီးအကဲက "မိစ္ဆာဂိုဏ်းသူလျှိုတွေ အများကြီးရှိနေတာမို့ ဆွန်မိသားစုဘက်မှာ ထားတာက ပိုပြီးဘေးကင်းမယ်လို့ ယူဆလို့ပါ" ဟု ဖြေသည်။
စုယင်းရန်က လှောင်ပြုံးပြုံးကာ "ဘေးကင်းတာပေါ့... အဲဒီတော့ အသစ်ဝင်လာတဲ့ တပည့်တွေအားလုံးက ခင်ဗျားတို့ ဆွန်မိသားစုရဲ့ တပည့်တွေ ဖြစ်ကုန်တာပေါ့။ မကြာခင်မှာ ကျွန်တော့် စုမိသားစုမှာ ဆက်ခံမယ့်သူရော၊ သင်ယူမယ့်သူရော ကျန်တော့မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ဂိုဏ်းချုပ်အကြီးအကဲမှာ တိတ်ဆိတ်သွားပြီးနောက် နားထင်ကို ဖိကာ "မင်းပြောတာ မှန်ပါတယ်။ ဒါက ငါ့ရဲ့ အမှားပါပဲ" ဟု ဝန်ခံလိုက်သည်။
စုယင်းရန်မှာ ခေတ္တမျှ မှင်တက်သွားပြီးမှ "ဒါဆို အဘိုး... ဘယ်လိုလုပ်သင့်တယ်လို့ ထင်သလဲ" ဟု မေးသည်။
ဂိုဏ်းချုပ်အကြီးအကဲက ခေတ္တစဉ်းစားပြီး "ငါတို့ ဆွန်မိသားစုနဲ့ စုမိသားစုက ကွဲပြားမနေသင့်ဘူး" ဟု ပြောလိုက်သည်။
"ဘယ်လိုမျိုး မကွဲပြားတာလဲ"
ဂိုဏ်းချုပ်အကြီးအကဲသည် အထူးရွေးချယ်ထားသော တပည့်များစာရင်းကို ယူကြည့်ကာ ဆိုသည် "နောက်နှစ်ပေါင်းသုံးဆယ်အတွင်းမှာ အသစ်ဝင်လာမယ့် တပည့်တွေရဲ့ ခုနစ်ဆယရာခိုင်နှုန်းကို မင်းတို့ စုမိသားစုဘက်ကို ပေးမယ်။ ကျန်တဲ့ သုံးဆယ်ရာခိုင်နှုန်းကိုပဲ ဆွန်မိသားစုက ယူမယ်။ ပါရမီကို မကြည့်ဘဲ မဲနှိုက်ပြီး ခွဲဝေမယ်။
ဒါ့အပြင် ဒီစာရင်းထဲက တပည့်အများစုမှာ ကျင့်ကြံဖော်တွေ မရှိကြသေးဘူး။ ဒါကြောင့် ဆွန်မိသားစုက ထူးချွန်တဲ့ တပည့်တွေကို မင်းတို့ စုမိသားစုထဲက ကျင့်ကြံဖော် ရှာခိုင်းမယ်။ အပြန်အလှန်အားဖြင့်လည်း အဲဒီလိုပဲ လုပ်မယ်။
ဒါက မိသားစုနှစ်ခုကို တစ်သားတည်းဖြစ်အောင် ပေါင်းစည်းတာပဲ။ ဒီတပည့်တွေက ငါတို့ ဓားဂိုဏ်းရဲ့ အနာဂတ်မျှော်လင့်ချက်တွေ ဖြစ်တာမို့ အစွမ်းကုန် လေ့ကျင့်ပေးရမယ်။ အခြေအနေ တစ်ခုခု ပြောင်းလဲလာခဲ့ရင်လည်း ဆုတ်ခွာမယ့် အစီအစဉ်ကို မူလအတိုင်းပဲ ဆက်လုပ်မယ်။
အပြင်က အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ။ ငါတို့ဂိုဏ်းကတော့ ဖရိုဖရဲ မဖြစ်စေရဘူး။ ပထမအချက်က ရွှမ်းဝေကို ရွှေ့ပြောင်းခြင်းအစီအရင် တိတ်တဆိတ် ပြင်ခိုင်းမယ်။ ဒုတိယအချက်ကတော့ ဒီတပည့်တွေကို ကောင်းကောင်း လေ့ကျင့်ပေးမယ်။ ဘယ်သူ့မှာ ဘာအမြင်ရှိသေးလဲ"
အားလုံးက အသေးစိတ်အချက်အလက်များကို ခေတ္တမျှ ဆွေးနွေးကြပြီးနောက် သဘောတူညီမှုရကာ အကောင်အထည်ဖော်ရန် ထွက်ခွာသွားကြတော့သည်။
...
ခဏအကြာတွင်...
ဝှီး…..
ဝှီး…..
ဓားအလင်းတန်း နှစ်ခုမှာ ဘေးချင်းယှဉ်လျက် ပျံသန်းနေကြသည်။
အဘွားအိုမုန့်က ဓားဆရာကြီး ကူယဲ့ကို ကြည့်ကာ ပြောလိုက်သည်။
"ဘိုင်ရှို့ဟူနဲ့ ပတ်သက်တဲ့ ကိစ္စမှာ ရှင် အရင်က အတွေးလွန်ခဲ့ပုံပဲ။ မကြာသေးခင်က သူ ဘာတွေလုပ်နေသလဲဆိုတာကို ကျွန်မ တိတ်တဆိတ် စုံစမ်းကြည့်ခဲ့တယ်"
ဓားဆရာကြီး ကူယဲ့က စပ်စုလိုစိတ်ဖြင့် "သူ ဘာတွေလုပ်လို့လဲ" ဟု မေးလိုက်သည်။
အဘွားအိုမုန့်က "ထျန်းရှောင်ကျူးကို သင်္ဂြိုဟ်ပေးတယ်။ ကျန့်ရွှေမြို့တော်ကို သွားပြီး အဘွားအိုကို အဖော်ပြုပေးတယ်။ နောက်ပြီး ထျန်းရှောင်ကျူးရဲ့ တူမလေးကိုပါ ဂိုဏ်းဆီကို ဘေးကင်းအောင် လိုက်ပို့ပေးခဲ့တယ်။ ဒီလိုလူမျိုးက ဘယ်လိုပဲကြည့်ကြည့် တခြားသူရဲ့ ဝိညာဉ်ကို သိမ်းပိုက်မယ့် လူစားမျိုးတော့ လုံးဝ မဟုတ်တာ သေချာတယ်" ဟု ပြောလိုက်သည်။
ဓားဆရာကြီး ကူယဲ့က သက်ပြင်းချလျက် "ဒါဆိုရင်တော့ သူက တကယ်ကို ရှားပါးတဲ့ ဓားပါရမီရှင်တစ်ယောက်ပဲ။ အရင်က ငါ မှားခဲ့တာပဲ" ဟု ဝန်ခံသည်။
အဘွားအိုမုန့်က "အဲဒါကြောင့် ရှင် သူ့ကို စကားပြောဖို့ လိုမယ်။ ဆွန်မိသားစုနဲ့ စုမိသားစု ပေါင်းစည်းရေးက ဂိုဏ်းရဲ့ အရေးကြီးတဲ့ စီမံကိန်းဖြစ်သလို သူကလည်း အထူးရွေးချယ်ထားတဲ့ ထိပ်သီးတပည့်တွေထဲမှာ အဓိကလူပဲ။ သူ မပါလို့ မဖြစ်ဘူး" ဟု တိုက်တွန်းသည်။
ဓားဆရာကြီး ကူယဲ့က ခေါင်းညိတ်ကာ "မနက်ဖြန် မနက်ကျရင် ငါ သူ့ကို သွားတွေ့ပြီး ပြောလိုက်ပါ့မယ်" ဟု ကတိပေးလိုက်သည်။
...
...
သန်းခေါင်ယံအချိန်။
စုန်ယန်မှာ အိပ်ပျော်နေစဉ် မြူပင်လယ်တစ်ခွင်၌ ထိတ်လန့်ဖွယ်ရာ ဝံပုလွေဟောင်သံများ ရုတ်တရက် ဟိန်းထွက်လာခဲ့သည်။
ထိုဝံပုလွေဟောင်သံများမှာ အလွန်စူးရှပြီး ကျယ်ပြောလှသော ရေကန်ကြီးကို ဖြတ်ကျော်လာသည့်တိုင်အောင် စုန်ယန်၏ သွေးသားများကိုပင် အနည်းငယ် တုန်လှုပ်သွားစေသည်။ သူ၏သွေးသားများပင် တုန်လှုပ်သွားသည်ဆိုလျှင် အခြားသူများမှာမူ သေလုမတတ် ကြောက်လန့်သွားကြမည်မှာ အသေအချာပင်။
သေလုမတတ် ကြောက်လန့်သွားတာလား။
စုန်ယန်သည် မျက်မှောင်ကို ရုတ်တရက် ကျုံ့လိုက်မိသည်။
အမှန်စင်စစ် သူသည် မြေခွေးအဘွားအို ၏ ဖော်ပြချက်များကို ကြားဖူးထားသဖြင့် အလောင်းစား ဝံပုလွေမျိုးနွယ်စုများသည် အသံလှိုင်းများမှတစ်ဆင့် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေနိုင်သည့် စွမ်းရည်ရှိကြောင်း သိထားသည်။
ထို့အပြင် မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများသည် ကြောက်ရွံ့မှုနှင့် ပတ်သက်သော ရတနာများကို စုဆောင်းလိုသည့် သိသာထင်ရှားသော အလေ့အထ ရှိကြသည်။
သင် မည်မျှပင် ကာကွယ်ထားပါစေ၊ မည်မျှပင် ပြင်ဆင်ထားပါစေ၊ သူတို့သည် သင့်ကို ကြောက်ရွံ့လာအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ကြမည်သာ ဖြစ်သည်။
မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုမှာ တကယ့်ကို အပေးအယူ တည့်လွန်းလှသော အတွဲအဖက်ပင်။
ဤနှစ်မျိုးနွယ် ပေါင်းစပ်လိုက်ပါက သူတို့၏ သတ်ဖြတ်နိုင်စွမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုသို့ စဉ်းစားနေစဉ်မှာပင် ထူးဆန်းပြီး အက်ကွဲကွဲ အသံကြီးတစ်ခု လေထဲမှတစ်ဆင့် ပျံ့လွင့်လာခဲ့သည်။
"ဓားဂိုဏ်းက ကျင့်ကြံသူအားလုံး နားထောင်ကြ..."
"ငါတို့က မြောက်ဘက်ကနေ ရောက်လာကြတာ ဖြစ်ပေမဲ့ လူသားတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ပဲ ရည်ရွယ်ပြီး ဘယ်သူ့ကိုမှ ရန်စဖို့ ဆန္ဒမရှိဘူး"
"ငါတို့ ရှာနေတာက စုန်ယန် တစ်ယောက်တည်းပဲ"
"ဒါကြောင့် မင်းတို့ထဲက တစ်ယောက်ယောက်ကများ စုန်ယန်ကို ဝှက်ထားပေးဖို့ ကြိုးစားမယ်ဆိုရင်တော့... မင်းတို့ရော၊ မင်းတို့ရဲ့ ဆွေမျိုးသားချင်းတွေရော၊ မင်းတို့ရဲ့ ဆရာသမားတွေပါ မသေမချင်း ဒုက္ခရောက်အောင် လုပ်ပစ်မယ်လို့ ငါတို့ ကတိပေးတယ်"
"အဲဒီလိုမဟုတ်ဘဲ စုန်ယန်ရဲ့ သတင်းအချက်အလက်ကို ပေးနိုင်တဲ့သူရှိရင်တော့... မင်းတို့ အကျိုးကျေးဇူးတွေ အများကြီး ရရှိစေရမယ်"
စုန်ယန် : ...
ဟ.... ဒီမိစ္ဆာတွေက မအတဲ့အပြင် ပညာတတ်တွေတောင် ဖြစ်နေကြတာပဲ။
သို့သော် ဤကဲ့သို့သော ပြောဆိုစည်းရုံးမှုမျိုးမှာ အင်အားကြီးသော ရန်သူက အင်အားနည်းသော နိုင်ငံတစ်ခုကို "မင်းတို့သာ ဒါကိုလုပ်ရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး" ဟု ဖိအားပေးပြောဆိုခြင်းနှင့် တူနေသည်။ အင်အားနည်းသော နိုင်ငံများတွင် ရန်သူ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရန် အပြေးအလွှား လမ်းပြလုပ်ချင်ကြသည့် လူမိုက်များ အမြဲရှိနေတတ်သည်။ ၎င်းတို့သည် မီးပုံထဲမှ သစ်သားချောင်းကို မဖယ်ရှားဘဲ မီးခဲကို လက်နှင့နှိုက်ယူရန် ကြိုးစားနေခြင်းက ကိုယ့်ကိုကိုယ် လောင်ကျွမ်းစေမည်မှန်း သတိမထားမိကြပေ။
အားနည်းခြင်းက ပြစ်မှုတစ်ခုပင်။
စိတ်ကူးယဉ်အိပ်မက်များကို ဖက်တွယ်ပြီး အင်အားကြီးသော နိုင်ငံခြားသားများ၏ ကရုဏာဖြင့် အသက်ရှင်သန်ရန် မျှော်လင့်ခြင်းမှာ ရယ်စရာကောင်းလှသည်။
စုန်ယန်သာ ရှိနေသရွေ့ မိစ္ဆာများသည် အတိုင်းအတာတစ်ခုအထိ စည်းကမ်းစနစ်ကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။ အကယ်၍ သူသာ အမှန်တကယ် အဖမ်းခံလိုက်ရပါက တိုင်းပြည်သုံးခု စလုံးသည် မိစ္ဆာများအတွက် ခမ်းနားကြီးကျယ်သော စားပွဲတော်ကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
ဝံပုလွေမိစ္ဆာ၏ အသံငြိမ်သွားသည်နှင့် မြေခွေးမိစ္ဆာ၏ ရယ်မောသံမှာ ထပ်မံဟိန်းထွက်လာပြန်သည်။
"စုန်ယန်... မင်း ငါတို့ကို မေးခွန်းတစ်ခု မေးခဲ့တယ်။ အခု ငါတို့မှာ အဖြေရှိပြီ..."
"မင်း ဒီမှာရှိနေတာပဲဖြစ်ဖြစ် မရှိတာပဲဖြစ်ဖြစ် သေချာနားထောင်စမ်း"
"မင်းက ကျားသစ်ဝိညာဉ်ဘုရင်ရဲ့ သွေးစွမ်းအင်ကို စုပ်ယူပြီးပြီဆိုတော့ မင်းကို သတ်လိုက်တာက အသုံးမဝင်တော့ဘူး။ ငါတို့ လိုချင်တာက အဲဒီသွေးစွမ်းအင်ပဲ။ မင်းရဲ့ အသက်ကို မဟုတ်ဘူး"
"အခု ငါတို့က မင်းကို တောင်နဲ့ပင်လယ် မိစ္ဆာနိုင်ငံဆီကို ခရီးတစ်ခု လိုက်ခဲ့ဖို့ ဖိတ်ခေါ်ချင်တာပါ။ မင်းအတွက် အကျိုးကျေးဇူးတွေ အများကြီး ရှိစေရမယ်"
စုန်ယန် ခေတ္တမျှ မှင်တက်သွားပြီး စဉ်းစားခန်းဝင်သွားသည်။ ဖယောင်းတိုင်နယ်မြေလျှို့ဝှက်
ချက်အတွင်း၌ အဘွားအိုချူနှင့် တွေ့ဆုံစဉ်ကလည်း သူမက သူ့ကို တောင်နဲ့ပင်လယ် မိစ္ဆာနိုင်ငံ သို့ သွားရန် ပြောခဲ့ဖူးသည်ကို ရုတ်တရက် သတိရလိုက်သည်။
ကြည့်ရသည်မှာ... ဤထူးခြားသော ကျားသစ်သွေးသည် အရေးကြီးသော တစ်စုံတစ်ရာအတွက် သော့ချက်ဖြစ်နေသည်မှာ အမှန်ပင်။ ဤအချက်က မြေခွေးမိစ္ဆာ၏ စကားများကို တစ်နည်းအားဖြင့် ထောက်ခံနေသလိုရှိရာ သူတို့ပြောနေသည်မှာ အမှန်လည်း ဖြစ်နိုင်သည်။
သန်းခေါင်ယံ နွေဦးလေပြေမှာ အေးစက်နေဆဲပင်။
ရေကန်အလယ်တွင် လှိုင်းလုံးများ ထနေပြီး မိစ္ဆာသံများမှာလည်း ပဲ့တင်ထပ်နေသည်။ ပိုးမွှားလေးများပင် တိတ်ဆိတ်သွားကြပြီး ကောင်းကင်ယံမှ အရိပ်မည်းကြီးများမှာ မြူပင်လယ်တစ်ခုလုံးကို မိစ္ဆာအရိပ်ကြီး ဖုံးလွှမ်းထားသကဲ့သို့ ရှိနေသည်။
ဤစကားများသည် မကြာမီ တိုင်းပြည်သုံးခု စလုံးသို့ ပျံ့နှံ့သွားတော့မည်ဖြစ်ကြောင်း စုန်ယန် ယုံကြည်သည်။ မည်သို့ပင်ကြည့်စေကာမူ စုန်ယန်မှာ အဘက်ဘက်မှ အားနည်းနေပြီး သေမည့်နေ့ကို စောင့်နေရသကဲ့သို့ပက်။ သူ လုပ်နိုင်သည်မှာ ရွှေ့ပြောင်းခြင်းအစီအရင်ကို အသည်းအသန်ပြင်ပြီး ထွက်ပြေးရန်သာ ရှိသည်။
ဒါပေမဲ့ ဘာလို့လဲ...
ဘာလို့ တခြားနည်းလမ်း မရှိရမှာလဲ။
ဥပမာအားဖြင့် မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများကို တိတ်တဆိတ် အမြစ်ဖြတ်ချေမှုန်းပစ်လိုက်ခြင်းမျိုးပင်။
ပထမအချက်အနေဖြင့် သူသည် အမြီးများစွာပါသော မြေခွေးသွေးကို သန့်စင်နိုင်ပြီး အလောင်းစား ဝံပုလွေသွေးကို စုဆောင်းနိုင်သည်။ ဒုတိယအချက်မှာ မိစ္ဆာများ၏ အရေခွံကို ခွာယူကာ အရိပ်ရုပ်သေးများ ပြုလုပ်ပြီး သူ၏ ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာခန္ဓာကို အဆင့်မြှင့်တင်နိုင်သည်။ တတိယအချက်မှာ မိစ္ဆာဝိညာဉ်များကို စုဆောင်းကာ နာကျည်းနေသော ဝိညာဉ်များအဖြစ် ပြောင်းလဲပြီး သူ၏ ဝိညာဉ်ကမ္ဘာကို စိုးမိုးရာတွင် အသုံးချနိုင်ကာ အကန့်အသတ်မရှိ သန်မာလာအောင် လုပ်ရမည်ပင်။
သူသည် အရင်ကလို အတွေ့အကြုံမရှိသော ကလေးငယ် မဟုတ်တော့ပေ။ သူ၏ လက်များတွင် မြေခွေးအဘွားအို၏ သွေးများ စွန်းထင်ခဲ့ဖူးသလို မိစ္ဆာအိုကြီး ကုဟွမ်ကျီ၏ ဦးခေါင်းကိုလည်း တစ်ဦးချင်း တိုက်ပွဲတွင် ဖြတ်ယူခဲ့ဖူးသည်။
ယခုအခါ သူ၏ စွမ်းအားကို ဖုံးကွယ်ထားနိုင်သော နည်းလမ်းများတွင် မြေခွေးမိစ္ဆာ၏ မျက်လှည့်အတတ်သာမက ဓားနှင့် မိစ္ဆာ ပုံသဏ္ဌာန်နှစ်မျိုးကျင့်စဉ်ပါ ပါဝင်နေပြီဖြစ်သည်။
အတွေးတစ်ချက်မှာ ဓား... အတွေးတစ်ချက်မှာ မိစ္ဆာ...
ငါက တရားသူလား မိစ္ဆာလားဆိုတာ ဘယ်သူက ခွဲခြားနိုင်မှာလဲ။
အချိန်ရှိတုန်း စမ်းသပ်ကြည့်ရမယ်။ အခု ငါ့စွမ်းအားက အရင်နဲ့မတူတော့ဘူး။ ရုပ်သေးဂိုဏ်းရဲ့ အစိတ်အပိုင်းတွေကိုလည်း ငါ ထိန်းချုပ်ထားနိုင်ပြီ။ ယွီရွှမ်းဝေက ရွှေ့ပြောင်းခြင်းအစီအရင်ကို ပြင်ပေးနေတာဆိုတော့ ရှေ့တိုးတိုး၊ နောက်ဆုတ်ဆုတ် ငါ့အတွက်ကတော့ လမ်းကြောင်းရှိပြီးသား။ ရန်သူတွေကသာ ကြောက်ရွံ့ပြီး တုံ့ဆိုင်းနေကြတာ။
ဒါဆိုရင် ငါ ဘာလို့ မလုပ်နိုင်ရမှာလဲ။
အမှောင်ထုအတွင်း စုန်ယန်သည် ဝံပုလွေဟောင်သံနှင့် မြေခွေးရယ်သံများကို နားထောင်ရင်း သူ၏ အတွေးများကို အကြိမ်ကြိမ် ပြန်လည်သုံးသပ်လိုက်သည်။
ထို့နောက် "ခစ်... ခစ်... ခစ်...." ဟု အေးစက်စွာ ရယ်မောလိုက်တော့သည်။
မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများသည် ဤဖမ်းရမည်၊ မသတ်ရဟူသော အမိန့်ဖြင့် သူ့ကို အထီးကျန်အောင် လုပ်နိုင်မည်ဟု ထင်နေကြသည်။ သူ့ကို ယုံကြည်မည့်သူ မရှိအောင် လုပ်နိုင်မည်ဟု ထင်နေကြသည်။ သို့သော် ထိုအချက်ကပင် သူတို့၏ အကြီးမားဆုံး အားနည်းချက်ကို ဖော်ပြနေမှန်း သူတို့ မသိကြပေ...။
မြေခွေးနဲ့ ဝံပုလွေက ငါ့ကို ဖမ်းရုံပဲဖမ်းမယ် မသတ်ဘူးပေါ့... ဟုတ်လား။ ဒါဆိုရင်တော့ ငါကရော ဘာလို့ အခြေအနေကို ပြောင်းပြန်လှန်ပြီး သူတို့ကို ပြန်မဖမ်းနိုင်ရမှာလဲ။ ကြည့်ကြသေးတာပေါ့။
အခန်း။ ၁၅၂
နံနက်စောစောအချိန်တွင် အပြင်ဘက်ရှိ ဝံပုလွေဟောင်သံများနှင့် မြေခွေးရယ်သံများ ရပ်တန့်သွားနိုင်သော်လည်း စုန်ယန်၏ အတွေးများကမူ ရပ်တန့်မသွားခဲ့ပေ။
သူ့တွင် စဉ်းစားစရာများစွာ ရှိနေသည်။ အမျိုးမျိုးသော မသိကိန်းများနှင့် လှည့်ကွက်များ ရောယှက်နေသည့် စစ်တုရင်ခုံပေါ်တွင် "သတ်ဟေ့... သတ်ဟေ့..." ဟု အော်ဟစ်ကာ ရှေ့သို့ ဇွတ်တိုးခြင်းမှာ ဆရာအဆင့်သို့ မရောက်သေးသော ကလေးသူငယ်တို့၏ အပြုအမူသာ ဖြစ်ပေလိမ့်မည်။
ပုရွက်ဆိတ်များမှာမူ တောင်တစ်လုံးခန့် ကြီးမားသော အစားအစာများကို အလွယ်တကူ မယူနိုင်သောကြောင့် အမြဲတမ်း ကြိုးစားအားထုတ်နေရပြီး အချင်းချင်း မည်သို့ ပူးပေါင်းရမည်ကို စဉ်းစားနေကြရသည်ဟု လူတို့က ထင်မြင်တတ်ကြသည်။ သို့သော် လက်တွေ့မှာမူ ဆန့်ကျင်ဘက်ပင်။ လူသားများသည် ပုရွက်ဆိတ်များ မသယ်နိုင်သော အစားအစာများကို အလွယ်တကူ မယူ၍ သယ်နိုင်သော်လည်း လူသားတို့၏ အတွေးအခေါ်မှာမူ ပုရွက်ဆိတ်များထက် အဆပေါင်းများစွာ ပိုမိုနက်နဲရှုပ်ထွေးလှသည်။
အချို့သောသူများသည် အင်အားကြီးမားသော တည်ရှိမှုတစ်ခု ဖြစ်လာပါက စဉ်းစားတွေးခေါ်မှုကို စွန့်လွှတ်နိုင်သည်ဟု အမြဲတမ်း ယူဆတတ်ကြသည်။
တောင်တစ်လုံးလောက်ကြီးတဲ့ အစားအစာကို အလွယ်တကူ မယူနိုင်မှတော့ ဦးနှောက်ကို ဘာအတွက် သုံးနေဦးမှာလဲ။ ခွန်အားတစ်ခုတည်းရှိရင် လုံလောက်ပြီလို့ ထင်နေကြတာပဲ။
သို့သော် သူတို့ မေ့လျော့နေသော အချက်တစ်ခုမှာ အစွမ်းထက်သောသူများထဲတွင် အူကြောင်ကြောင်လုပ်တတ်သောသူများ မရှိခြင်းပင်။
စုန်ယန်အနေဖြင့် အာမခံနိုင်သည်မှာ သူသာ အလောင်းစား ဝံပုလွေ သို့မဟုတ် အမြီးများစွာပါသော မြေခွေး တစ်ကောင်ကို သတ်ဖြတ်ရန် စွန့်စားလိုက်မည်ဆိုပါက ကျန်ရှိနေသော မိစ္ဆာအားလုံး စုပေါင်းသွားကြလိမ့်မည် သို့မဟုတ် ပုန်းအောင်းသွားကြပြီး ခရမ်းရောင်နန်းတော်အဆင့်ရှိ မိစ္ဆာကြီးများ စောစီးစွာ ရောက်ရှိလာကြပေလိမ့်မည်။
မိစ္ဆာများက မင်းသတ်ဖို့အတွက် အစီအစဉ်တကျ တန်းစီနေပြီး မင်းကို အဆင့်တက်အောင်ကူညီပေးကာ၊ အဆင့်မြင့်မိစ္ဆာကြီးကလည်း မင်းဆက်သတ်ဖို့အတွက် အဆင်သင့် ရောက်လာပေးလိမ့်မည်ဟူသော အချက်မှာ ပုံပြင်များထဲတွင်သာ ရှိသည်။
သူသည် ကျားသစ်ဝိညာဉ်ဘုရင်၏ သွေးစွမ်းအင်ကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ပြသလိုက်သည့် အခိုက်အတန့်မှာပင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သော်လည်း သူ၏ ဝှက်ဖဲများကိုလည်း ဖော်ပြလိုက်ခြင်းပင်။
ယခင်က ကျားသစ်ဝိညာဉ်ဘုရင်၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ဖူးသော မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများထက် ထိုကျားသစ်ဝိညာဉ်မှာ မည်မျှအထိ ကြောက်စရာကောင်းသော တည်ရှိမှုဖြစ်ကြောင်း မည်သူမျှ ပို၍နားမလည်နိုင်ကြပေ။
၎င်းသည် ဝိညာဉ်ကမ္ဘာကို စိုးမိုးနိုင်စွမ်း ရှိခြင်းပင်။
တစ်ကြိမ် သတ်ဖြတ်ခံရသည်နှင့် ချက်ချင်း အဖမ်းခံရပြီး ကျားသစ်၏ ဝိညာဉ်အစေခံအဖြစ် ပြောင်းလဲသွားရပေတော့မည်။
ဤသည်မှာ ဝိညာဉ်ရှာဖွေခြင်းအတတ်ထက်ပင် ပိုမိုကြောက်စရာကောင်းသော စွမ်းအားအဆင့်အတန်းတစ်ခု ဖြစ်သည်။
ကုဟွမ်ကျီကို သူကိုယ်တိုင် တိုက်ရိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ရာ ကျိုးကြောင်းဆီလျော်စွာ တွေးကြည့်မည်ဆိုလျှင် မြေခွေးအဘွားအိုသည်လည်း သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ပြီး ဝိညာဉကျွန်အဖြစ် ပြောင်းလဲခံခဲ့ရသည်မှာ သေချာသလောက်ရှိနေသည်။
ထို့ကြောင့် သူသည် မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများ၏ အတွင်းရေးလျှို့ဝှက်ချက်များကို ကောင်းကောင်းကြီး သိရှိထားပေလိမ့်မည်။ ထိုအချက်ကိုလည်း မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများက ရိပ်မိထားကြမည်မှာ အမှန်ပင်။
ဒါကြောင့်...
စုန်ယန်သည် မျက်လုံးများကို အနည်းငယ် မှေးလိုက်မိသည်။
သူသည် အထီးကျန်နေသော အမြီးများစွာပါသော မြေခွေး သို့မဟုတ် အလောင်းစား ဝံပုလွေ တစ်ကောင်ချင်းစီကိုတော့ မည်သည့်အခါမျှ မြင်တွေ့ရတော့မည် မဟုတ်ပေ။ အကယ်၍ သူတို့နှင့် ရင်ဆိုင်ရမည်ဆိုလျှင် အနည်းဆုံး အဖော်တစ်တွဲ သို့မဟုတ် ထိုထက်မကသော အရေအတွက်နှင့် ထိပ်တိုက်တွေ့ရပေလိမ့်မည်။
ဤနေရာရှိ မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုဝင်များမှာ အနည်းဆုံး လေးကောင်ထက်မနည်း ရှိနေနိုင်ပြီး ထိုလေးကောင်မှာလည်း သူ့ကို ဖမ်းဆီးရန်အတွက် ထောင်ချောက်ပေါင်းစုံကို ဆင်ရင်း သူ၏ အခြေအနေကို အမြဲတမ်း စောင့်ကြည့်စစ်ဆေးနေကြပေလိမ့်မည်။
သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် နားထင်ကို နှိပ်နယ်ရင်း ဖြစ်လာနိုင်သမျှသော အကျိုးဆက်များကို စိတ်ထဲတွင် အကြိမ်ကြိမ် ဇာတ်တိုက်ကြည့်နေမိသည်။
ထို့နောက် သူသည် သာယာစွာ သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။
ငါ ဘာလို့ ရိုးသားဖြူစင်တဲ့ ညီမလေးရှောင်ကျူးကိုမှ ပိုပြီး ခင်တွယ်မိတာလဲ...
တကယ်လို့သာ လောကကြီးမှာရှိတဲ့ လူတွေအားလုံး ရှောင်ကျူးလိုမျိုး ဖြူစင်ကြမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
လောကကြီးမှာ လူကောင်းတွေချည်းပဲ ရှိနေမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
ထောင်ချောက်မှန်း သိသိကြီးနဲ့ တိုးဝင်မယ့်သူဟာ လူမိုက်ပဲ ဖြစ်မှာပေါ့။ ဒါပေမဲ့ မြေခွေးနဲ့ ဝံပုလွေမျိုးနွယ်တွေက ငါ့အတွက် အကောင်းဆုံး စားပွဲတော်ကြီးဖြစ်လာနိုင်တယ်ဆိုတာကိုရော သူတို့ သိကြရဲ့လား။ အခုလောလောဆယ်တော့ ငါ့ကိုယ်ငါ အနက်ရှိုင်းဆုံးမှာ ဖုံးကွယ်ထားရမယ်။ သူတို့ ဘယ်လောက်ပဲ လှုံ့ဆော်ပါစေ... စုန်ယန်ဆိုတဲ့ ငါကတော့ ပေါ်လာမှာ မဟုတ်ဘူး။ အရင်ဆုံး တခြား သားရဲသွေးတွေကို အမြည်းအဖြစ် အရင်စုဆောင်းရမယ်။ အဲဒါတွေ အဆင်သင့်ဖြစ်ပြီဆိုမှ အဓိက ဟင်းလျာကြီးကို မြိန်ရည်ရှက်ရည်နဲ့ စားရမှာပေါ့။
နေဦး... ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်...
စုန်ယန်သည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးတောမိသွားပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။ ရွှေ့ပြောင်းခြင်းအစီအရင်အကြောင်းနှင့် ဂိုဏ်းချုပ်ကြီး၏ မျိုးနွယ်စုများက ၎င်းကို ပြုပြင်ရန် သုတေသနပြုနေသည့် ကိစ္စမှာ လျှို့ဝှက်ချက်ဖြစ်နိုင်သော်လည်း မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုတို့၏ စွမ်းဆောင်ရည်ဖြင့်ဆိုပါက ဤအကြောင်းခြင်းရာကို သေချာပေါက် စုံစမ်းသိရှိသွားနိုင်သည်။
သူသည် သု၏ အားနည်းချက်ကို သူကိုယ်တိုင် ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများက ဤအားနည်းချက်ကို မည်သို့သောနည်းလမ်းဖြင့် အသုံးချရန် ကြံစည်နေကြသည်ကိုမူ အသေအချာ မသိရှိသေးပေ။
နေ့ခင်းဘက် နေသာလာသည်နှင့်အမျှ ဓားဂိုဏ်း၏ အကြီးအကဲများသည် မနေ့ညက မိစ္ဆာများ၏ ကြေညာချက်နှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးပြုလုပ်ရန် ထွက်ခွာသွားကြသည်။ စုန်ယန်မှာမူ ၎င်းမှာ မည်ကဲ့သို့သော အစည်းအဝေးမျိုးဖြစ်သည်ကို မသိရှိဘဲ ဝါးအိမ်နှင့် ကျင့်ကြံခြင်းစိုက်ခင်း ကြား၌သာ အလုပ်ရှုပ်နေခဲ့သည်။
မွန်းတည့်ချိန်သို့ ရောက်ရှိသောအခါ သူသည် အနည်းငယ် အနားယူပြီး ဓားဆရာကြီး ကူယဲ့ထံမှ ရရှိထားသော ကြက်သွေးရောင်နန်းတော် အဆင့်တက် ဆေးလုံး သုတေသနမှတ်တမ်းကို ထုတ်ယူ၍ အပတ်တကုတ် ဖတ်ရှုနေမိသည်။ နွေဦးရာသီဖြစ်သဖြင့် မြူပင်လယ်၏ ဝိညာဉ်ကြော တည်ရှိရာနေရာ၌ လေထုမှာ လတ်ဆတ်နေပြီး သစ်ကိုင်းထက်မှ ငှက်ကလေးများကလည်း မနားတမ်း တေးဆိုနေကြသည်။ စုန်ယန်သည် မှတ်တမ်းစာအုပ်ကို ကိုင်စွဲကာ ဝါးကြိမ်ကုလားထိုင်ဟောင်းပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းနေသည်။ သစ်တောအတွင်းမှ တိုးဝှေ့လာသော လေပြေလေညင်းနှင့်အတူ ရေကန်၏ အစိုဓာတ်ကလည်း ပါဝင်လာသဖြင့် ကုလားထိုင်၏ တကျိကျိမြည်သံမှာပင် နားထဲ၌ သာယာနေပြီး အလွန်ပင် နေချင်စဖွယ် ကောင်းသော အချိန်လေး ဖြစ်သည်။
“အို... ငါတို့ရဲ့ ဘိုင်ရှို့ဟူလေးကတော့ တကယ့်ကို အေးအေးလူလူ ရှိလှချည်လား”
အဘွားအိုမုန့်၏ အသံမှာ အဝေးမှ ပျံ့လွင့်လာသည်။ သူမ၏ လေသံထဲတွင် ရှားရှားပါးပါး နောက်ပြောင်ကျီစယ်သည့် အရိပ်အယောင်များ ပါဝင်နေသည်။ စုန်ယန်သည် စာအုပ်ကို ချက်ချင်းချ၍ မတ်တတ်ရပ်လိုက်ပြီး မလှမ်းမကမ်းမှ လျှောက်လှမ်းလာသော သက်ကြီးရွယ်အို ဇနီးမောင်နှံကို ကြည့်ကာ “ဆရာကြီးကူယဲ့၊ ဆရာမကြီးမုန့်” ဟု ပြုံးလျက် နှုတ်ဆက်လိုက်သည်။
ချစ်ရသူနှင့် ပြန်လည်သင့်မြတ်သွားခြင်းကြောင့်လည်းကောင်း၊ တိုက်ပွဲများကို အတူတကွ ဖြတ်ကျော်ခဲ့ခြင်းကြောင့်လည်းကောင်း ဓားဆရာကြီး ကူယဲ့၏ စရိုက်မှာ အနည်းငယ် ပြောင်းလဲသွားပုံပင်။
သူကလည်း ပြုံးရွှင်စွာဖြင့် “ရှို့ဟူ... လာပါဦး ဒီဘက်ကို လာခဲ့ပါဦး” ဟု ခေါ်ယူလိုက်သည်။ စုန်ယန်က အနားသို့ ချဉ်းကပ်သွားရင်း “ဆရာတို့ နှစ်ယောက်စလုံး ဘယ်လို သတင်းကောင်းတွေများ ရထားလို့ ဒီလောက်တောင် ဝမ်းသာနေကြတာလဲခင်ဗျ” ဟု မေးမြန်းလိုက်သည်။
ဓားဆရာကြီး ကူယဲ့က အဘွားအိုမုန့်ကို တစ်ချက် ကြည့်လိုက်ရာ အဘွားအိုမုန့်က ရှေ့သို့ တစ်လှမ်းတိုး၍ တိုးညှင်းစွာ ပြောကြားလိုက်သည်။
“ငါတို့ ဓားဂိုဏ်းရဲ့ စည်းလုံးညီညွတ်မှုအတွက် ဆွန်မိသားစုနဲ့ စုမိသားစုကို ပေါင်းစည်းဖို့ ဆုံးဖြတ်လိုက်ပြီ။ ဆွန်မိသားစုက ထူးချွန်တဲ့ တပည့်တွေက စုမိသားစုက ထူးချွန်တဲ့ တပည့်တွေနဲ့ ကျင့်ကြံဖော် အဖြစ် လက်တွဲကြရမယ်။ အဲဒီနောက်ပိုင်းမှာတော့ မိသားစုနှစ်ခုက ခွဲခြားလို့မရတဲ့ မိသားစုတစ်ခုတည်း ဖြစ်သွားမှာပေါ့”
စုန်ယန်မှာ ခေတ္တမျှ မှင်သက်သွားရသည်။ ဓားဆရာကြီး ကူယဲ့က ခပ်ဆိုးဆိုး လေသံဖြင့် “မင်းက ယွီရွှမ်းဝေကိုပဲ စိတ်ထဲမှာ ရှိနေသေးလို့လား” ဟု မေးမြန်းလိုက်ရာ စုန်ယန်က လက်ကို အသည်းအသန် ခါယမ်းလျက် “ကျွန်တော် ဘယ်လိုလုပ် လုပ်ရဲပါ့မလဲခင်ဗျာ” ဟု အမြန်ငြင်းဆိုလိုက် သည်။