အခန်း (၂၇၁-၂၇၂)
Vol. 28 Ch. 271-272
အခန်း (၂၇၁) မိစ္ဆာပုရွက်ဆိတ်ဒီရေလှိုင်း၊ ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ(၁)
ကမ္ဘာခြားနတ်ဆိုးမြို့တော်၏ မြောက်ဘက် မြို့နှင့် မဝေးလှသော နေရာတွင် မြေပြင်မှာ အလွန်အမင်း မည်းမှောင်ပြီး ညို့မှိုင်းမှိုင်း အရောင်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လူတစ်ယောက်၏ ဝိညာဉ်ကို မသက်မသာ ဖြစ်စေနိုင်သည့် မှေးမှိန်ပြီး စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်းသော အနံ့အသက်တစ်ခုက မြေကြီးထဲမှ ထွက်ပေါ်နေခဲ့လေသည်။
ကမ္ဘာခြားနတ်ဆိုးနယ်မြေ၏ ဧရိယာကို ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း အစီအရင်ကြီး တစ်ခုက တစ်နှစ်ပတ်လုံး ဖုံးလွှမ်းထားလေသည်။
ဤအစီအရင်ကို ထိုခေတ်အခါက လောက၏ ထိပ်တန်း အားကောင်းသည့် သိုင်းပညာရှင်များစွာက တည်ဆောက်ခဲ့ကြခြင်းဖြစ်ပြီး ဤနယ်မြေကို မရေမတွက်နိုင်လောက်အောင် နှစ်ပေါင်းများစွာကြာ ချိတ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြား မည်သည့်အရာမျှ အချိန်၏ တိုက်စားမှုကို မခံနိုင်ပေ။ ယခုအခါတွင် ကမ္ဘာခြားနတ်ဆိုးနယ်မြေ အတွင်းသို့ ဝင်ရောက်နိုင်မည့် အက်ကွဲကြောင်း အချို့ကို ရှာတွေ့ထားပြီး ဖြစ်လေသည်။
အနက်ရောင်လွင်ပြင်ကြီး၏ အဆုံးတွင် လေဟာနယ်မှာ တွန့်လိမ်ကောက်ကွေးနေပုံရပြီး ဤလွင်ပြင်ကြီးကို လုံးဝ သီးခြား ခွဲထုတ်ထားခဲ့၏။
ထိုအချိန်တွင် အပြင်ဘက် လွင်ပြင်ကြီး၏ ကောင်းကင်ယံအထက်၌ လူရိပ်များဖြင့် ပြည့်နှက်နေပြီး အဝေးမှနေ၍ အလျင်စလိုဖြတ်သန်းလာသော လေခွင်းသံများ အဆက်မပြတ် ကြားနေရလေသည်။
ကမ္ဘာခြားနတ်ဆိုးနယ်မြေ ပွင့်လာတိုင်း မရေမတွက်နိုင်သော လူများက အမြဲတစေ ဝင်ရောက်လေ့ ရှိကြလေသည်။
တောင်ဂိုဏ်းတပည့်များမှာ ကောင်းကင်ယံတွင် ပျံဝဲနေကြပြီး သူတို့၏ အကြည့်များက ပတ်ဝန်းကျင်ရှိ အဆုံးအစမရှိသော လူပင်လယ်ကြီးကို ဝေ့ကြည့်နေကြ၏။
ဝူယွမ်နှင့် လင်းတုန်တို့မှာ တအံ့တဩဖြင့် လျှာသပ်လိုက်မိကြလေသည်။
၎င်းမှာ အရှေ့ဘက် ရွှမ်းဒေသ၏ ခမ်းနားကြီးကျယ်လှသော ပွဲတော်ကြီး တစ်ခုဆိုသည့် ဂုဏ်သတင်းနှင့် တကယ်ပင် ထိုက်တန်လှပေသည်။ ၎င်း၏ ဧရိယာမှာ ပြည်ထောင်တစ်ရာတိုက်ပွဲ ထက်ပင် ပိုမို ကြီးမားလှပေသည်။
ထို့အပြင် ဤပြည့်နှက်နေသော လူရိပ်များကြားတွင် ဖုံးကွယ်နေသည့် အားကောင်းသော အရှိန်အဝါများစွာ ရှိနေခဲ့၏။
ဤနေရာသည် ဖုံးကွယ်နေသော နဂါးများနှင့် ဝပ်တွားနေသော ကျားများ စုဝေးရာ နေရာတစ်ခုဖြစ်ပြီး အားကောင်းသည့် သိုင်းပညာရှင်များဖြင့် ပြည့်နှက်နေကြောင်း ထင်ရှားလှပေသည်။
ယင်းဟွမ်ဟွမ်က ဝူယွမ်၏ ဘေးတွင် ကပ်လျက် ရှိနေလေသည်။ မနေ့ညက သူတို့၏ ရင်းနှီးသော ထိတွေ့မှုအပြီးတွင် သူမနှင့် ဝူယွမ်တို့ကြားရှိ ဆက်ဆံရေးမှာ ပိုမိုနက်ရှိုင်းလာခဲ့ပြီ ဖြစ်သည်။
လင်ချင်းကျူ၏ လှုံ့ဆော်မှုနှင့် ပေါင်းစပ်လိုက်သောအခါ ယင်းဟွမ်ဟွမ်၏ ပိုင်ဆိုင်လိုစိတ်မှာ တောက်လောင်လာခဲ့လေတော့သည်။
ဝူယွမ်က ပတ်ဝန်းကျင်ရှိ လူများကို အကဲခတ်နေသည်ကို မြင်သောအခါ ယင်းဟွမ်ဟွမ်က သူ့ကို စတင် မိတ်ဆက်ပေးလိုက်လေသည်။
ပထမဆုံးအနေဖြင့် သူတို့နှင့် မဝေးလှသော နေရာတွင် အားလုံးက ကျောဘက်၌ ဓားရှည်များကို လွယ်ထားကြသည့် လူရိပ်အုပ်စုကြီး တစ်ခု ရှိနေ၏။
ထက်မြက်လှသော ဓားချီများက သူတို့၏ ခန္ဓာကိုယ်မှ ပြန့်နှံ့ထွက်ပေါ်နေပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်သွားနိုင်မည့်အလား ထက်ရှလှပေသည်။
ထိုသူများမှာ ဓားဂိုဏ်းမှ လူများပင် ဖြစ်လေသည်။
ဓားဂိုဏ်းတပည့်များ၏ အရှေ့တွင် သိပ်ပြီး ထူးခြားပုံမပေါ်သော အမျိုးသား တစ်ဦး ရပ်နေသော်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ထက်ရှသည့် အရှိန်အဝါက ကြည့်မိသူတိုင်း၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းသွားစေနိုင်လေသည်။
“အဲ့ဒါက ဓားဂိုဏ်းတပည့်တွေကြားက ခေါင်းဆောင်ဖြစ်ပြီး ဓားဂိုဏ်းမှာ အထူးချွန်ဆုံး လူငယ် ပါရမီရှင် တစ်ယောက်ပဲ... ဓားရူးသွပ်သူ ရွှီလင်းလို့ လူသိများတယ်... သူက နိဗ္ဗာန်အဆင့် ၉ အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားတယ်...”
“သူက ဓားဂိုဏ်းရဲ့ မသေမျိုးဓား သိုင်းပညာရပ်ကို အောင်မြင်စွာ ကျင့်ကြံထားနိုင်ပြီး သူ့ရဲ့ တိုက်ခိုက်ပုံစံ အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်လို့ ကောလာဟလတွေ ရှိတယ်... သူ့ရဲ့ စွမ်းအားက ငါ့အစ်မထက်တောင် သာလွန်နိုင်လောက်တယ်...”
ယင်းဟွမ်ဟွမ်က အခြားနေရာနှစ်ခုကို လက်ညှိုးထိုးပြကာ ဆက်ပြောလိုက်လေသည်။ “ဘယ်ဘက်က အဖြူရောင် ဝတ်ရုံဝတ်ထားတဲ့ အဖွဲ့နဲ့ သူတို့နဲ့ သိပ်မဝေးတဲ့ နေရာက အဝါရောင်ဝတ်ရုံဝတ်ထားတဲ့ တပည့်တွေက နတ်ဘုရားဂိုဏ်းနဲ့ အဆောင်တောင်ကြား က လူတွေပဲ...”
“ဒီတစ်ခေါက် နတ်ဘုရားဂိုဏ်းရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အကြောက်ရဆုံးသူက ရွှီဝမ်လို့ ခေါ်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပြီး အဆောင်တောင်ကြားက ဦးဆောင်တဲ့ တပည့်ရဲ့ နာမည်ကတော့ မော်ရှန်းတဲ့..."
သူတို့ နှစ်ယောက်စလုံးရဲ့ ဝိညာဉ်စွမ်းအင်က တံဆိပ် ၉ ခု ကောင်းကင်အဆောင်သခင် အဆင့်ကို ရောက်နေပြီ... သူတို့ရဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေက ပုံသဏ္ဍာန် မရှိဘဲ ခန့်မှန်းရခက်တော့ ကိုင်တွယ်ရ အရမ်း ခက်ခဲလိမ့်မယ်...”
ဝူယွမ်က ခေါင်းညိတ်လိုက်ပြီး ရွှီဝမ်နှင့် မော်ရှန်း တို့ကိုလည်း လှမ်းကြည့်လိုက်လေသည်။
ဤနှစ်ဦး၏ ဝိညာဉ်စွမ်းအင်မှာ တံဆိပ် ၉ ခု ကောင်းကင်အဆောင်သခင် အဆင့်သို့ ရောက်ရှိနေခြင်းက အတော်လေး အထင်ကြီးစရာ ကောင်းလှပေသည်။
သူ၏ လက်ရှိ ဝိညာဉ်စွမ်းအင်မှာ တံဆိပ် ၈ ခု ကောင်းကင်အဆောင်သခင် အဆင့်တွင်သာ ရှိသေးသော်လည်း သူသည် မူလဝိညာဉ် တစ်ခုကို စုစည်းဖန်တီးပြီးပြီ ဖြစ်လေသည်။
သူသည် အချိန်မရွေး အဆင့်ထိုးဖောက်ဝင်ရောက်နိုင်ပြီး ပိုမိုအားကောင်းသော ကောင်းကင်ကျောက်စာမဟာသခင် အဆင့်သို့ ရောက်ရှိရန်ပင် ကြိုးစားနိုင်ပေသည်။
သို့သော် ဝူယွမ်သည် ထိုးဖောက်ဝင်ရောက်ရန် အစီအစဉ် မရှိသေးပေ။ သူသည် လေ၊ မိုးကြိုးကပ်ဘေး ကို တိုက်ခိုက်ရေး နည်းလမ်းတစ်ခုအဖြစ် ပြောင်းလဲထားပြီး ဖြစ်လေသည်။
တိုက်ပွဲများအတွင်း ဆင့်ခေါ်လိုက်သော လေ၊ မိုးကြိုးကပ်ဘေးက သူ့အတွက် လုံလောက်သော အားကောင်းသည့် မိုးကြိုးစွမ်းအင်များကို ထောက်ပံ့ပေးနိုင်ပေသည်။
နတ်ဘုရားဂိုဏ်း၏ ဘေးတွင် ကြံ့ခိုင်တောင့်တင်းသော အမျိုးသားများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ရှိနေ၏။
သူတို့ထဲမှ အများအပြားမှာ လက်မောင်းဗလာများဖြင့် ရှိနေကြပြီး သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ရစ်ခွေနေသော နဂါးများအလား ဖောင်းကြွနေသည့် သွေးကြောများဖြင့် ဖုံးလွှမ်းနေလေသည်။
အရိုင်းအစိုင်းဆန်ပြီး ရှေးကျသော လှိုင်းဂယက်များက သူတို့ထံမှ ပြန့်နှံ့ထွက်ပေါ်နေသဖြင့် သူတို့ကို လူသားပုံစံ နတ်ဆိုးသားရဲများနှင့် တူနေစေခဲ့သည်။
ထိုသူများမှာ တောရိုင်းခန်းမမှ လူများဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
သို့သော် သူတို့၏ ခေါင်းဆောင်မှာ အတော်လေး ပိန်ပါးသော အမျိုးသား တစ်ဦး ဖြစ်လေသည်။
ကြံ့ခိုင်တောင့်တင်းသော အမျိုးသားအုပ်စု၏ အရှေ့တွင် ကလေးငယ် တစ်ဦးအလား ရပ်နေသဖြင့် အလွန်ရယ်စရာကောင်းသည့် သိသာထင်ရှားသော ဆန့်ကျင်ဘက် မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေခဲ့၏။
ယင်းဟွမ်ဟွမ်က ပြောလိုက်လေသည်။ “သူ့ကို သေးတယ်ဆိုပြီး သူ့ကို အထင်မသေးနဲ့နော်... သူက တောရိုင်းခန်းမရဲ့ ထိတ်တန်းတပည့်ဖြစ်ပြီး ဝူဟုန် လို့ ခေါ်တယ်..."
“သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းတဲ့ အတိုင်းအတာအထိ ကျင့်ကြံထားပြီးပြီ...”
“တစ်ခါတုန်းက နိဗ္ဗာန်အဆင့် ၉ အားကောင်းတဲ့ သိုင်းပညာရှင် တစ်ယောက်က သူ့ကို စိန်ခေါ်ခဲ့ဖူးတယ်၊"
“သူက အဲ့ဒီ စိန်ခေါ်သူရဲ့ အကာအကွယ်တွေ အားလုံးကို လက်သီးတစ်ချက်တည်းနဲ့ တိုက်ရိုက် ချိုးဖျက်ပစ်လိုက်ပြီး နိဗ္ဗာန်ရွှေခန္ဓာကိုယ်ကိုတောင် ချိုးဖျက်ပြီး လက်သီးတစ်ချက်တည်းနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေခဲ့တယ်...”
စူပါဂိုဏ်းကြီးများမှ လူများမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြလေသည်။
ယင်းဟွမ်ဟွမ်နှင့် ဝူယွမ်တို့မှာ တိတ်တဆိတ် ဆွေးနွေးနေကြသော်လည်း အချိန်အနည်းငယ် ကြာပြီးနောက် သူမ ငြိမ်သက်သွားခဲ့ပြီး လွင်ပြင်ပေါ်ရှိ လူများမှာလည်း ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
ကိုးကောင်းကင် တိုင်ချင်းနန်းတော်မှ လူများ ရောက်ရှိလာကြပြီ ဖြစ်သည်။
လူမတိုင်း၏ အကြည့်များက ကိုးကောင်းကင် တိုင်ချင်းနန်းတော် တပည့်များ၏ အရှေ့ဆုံးသို့ စိတ်အားထက်သန်စွာဖြင့် ကျရောက်သွားကြလေသည်။
ထိုနေရာတွင် နှင်းပန်းပွင့်သဖွယ် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျက်သရေရှိလှသည့် ပုံရိပ်လေး တစ်ခုက အစိမ်းရောင် ကြာပန်းတစ်ခုပေါ်တွင် ရပ်နေလေသည်။
သူမ၏ အမူအရာမှာ လူ့ပြည်သို့ ဆင်းသက်လာသော နတ်သမီးလေး တစ်ပါးအလားထင်မှတ်ရကာ အေးစက်ပြီး ပြေပြစ်လှသော လင်ချင်းကျူပင် ဖြစ်တော့သည်။
ကိုးကောင်းကင် တိုင်ချင်းနန်းတော်အဖွဲ့မှာ သူတို့၏ ဘေးတွင် ကပ်လျက် ရှိနေလေသည်။
ထိုအချိန်တွင် ဝူယွမ်သည် လင်ချင်းကျူ၏ အနောက်ဘက်ရှိ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်လေး တစ်ခုကို သတိပြုမိလိုက်၏။
၎င်းမှာ အချိန်အတော်ကြာ မတွေ့ခဲ့ရသော စုရိုပင် ဖြစ်လေသည်။
စုရိုမှာ ယခုအခါ အနည်းငယ် အရပ်ရှည်လာခဲ့ပြီ ဖြစ်သည်။ သူမက အစိမ်းနုရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာလေးမှာ နူးညံ့ပြီး လှပနေခဲ့၏။
တစ်ချိန်က သူမထံတွင် ရှိခဲ့သော ကြောက်ရွံ့တတ်သည့် အမူအရာမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ၎င်းအစား တောက်ပသော အပြုံးတစ်ခုဖြင့် အစားထိုးခံလိုက်ရလေသည်။
သူမက ပတ်ဝန်းကျင်ရှိ စီနီယာ တပည့်များ စကားပြော ရယ်မောနေကြသည်ကို နားထောင်နေပြီး သူမ၏ အကြည့်များက တောင်ဂိုဏ်း၏ အဖွဲ့ဆီသို့ ရောက်ရှိလာခဲ့လေသည်။
“အစ်ကိုကြီး ဝူယွမ်...”
သူမက ဝူယွမ်ကို ချက်ချင်း တွေ့ရှိသွားပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့ကို လက်လှမ်းပြလိုက်လေသည်။
ဝူယွမ်ကလည်း ပြုံးပြပြီး လက်ပြန်ပြလိုက်၏။
ယင်းရှောင်ရှောင်နှင့် အခြားသူများက ဝူယွမ်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်ကြလေသည်။
သူ၏ ကျယ်ပြန့်သော မိတ်ဆွေ အသိုင်းအဝိုင်းထဲ ရှိသူများ အားလုံးမှာ အလွန် လှပသော အမျိုးသမီးများ ဖြစ်နေခြင်းက အနည်းငယ် မျက်စိစူးစရာ ကောင်းနေမှန်း ထင်ရှားလှပေသည်။
“သူမက ဘယ်သူလဲ...”
ယင်းဟွမ်ဟွမ်က နှုတ်ခမ်းစူကာ မေးလိုက်လေသည်။
“ပြည်ထောင်တစ်ရာတိုက်ပွဲတုန်းက သူမနဲ့ တွေ့ခဲ့တာလေ... သူမရဲ့ အသက်ကို ငါ ကယ်ခဲ့ပြီး နည်းနည်းကူညီပေးခဲ့တာ... ဒီကောင်မလေးကလည်း သာမန်မဟုတ်ဘူး၊ ပါရမီ အရမ်း ကောင်းပြီး ဝိညာဉ်တံဆိပ် တစ်ခုလည်း ရှိတယ်...”
"မူလက သူမ တောင်ဂိုဏ်းကို ဝင်မလို့ပဲ၊ ဒါပေမယ့် ကိုးကောင်းကင် တိုင်ချင်းနန်းတော်က အကြီးအကဲ တစ်ယောက်က သူမကို လုသွားတာ...” ဝူယွမ်က ခပ်ဖွဖွ ပြုံးရင်း ရှင်းပြလိုက်လေသည်။
“ယွမ်ဂိုဏ်းက လူတွေ ရောက်လာပြီ...”
ဤအချိန်တွင် လွင်ပြင်ကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့လေသည်။
လေခွင်းသံများက လျင်မြန်စွာ ထွက်ပေါ်လာပြီးနောက် အမှောင်တိမ်တိုက်ကြီး တစ်ခုအလား ထူထပ်စွာ ပြည့်နှက်နေသော လူရိပ်များက ခပ်လှမ်းလှမ်းမှနေ၍ ရန်လိုသော ဟန်ပန်များဖြင့် ပြေးဝင်လာကြသည်။
နောက်ဆုံးတွင် တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ်နှင့် အနီးဆုံး နေရာ၌ ပေါ်လာကြလေသည်။
များပြားလှသော ယွမ်ဂိုဏ်းတပည့်များ၏ အရှေ့ဆုံးတွင် လူရိပ်သုံးခု ရပ်နေပြီး သူတို့မှာ လူငယ်ဘုရင် သုံးပါးပင် ဖြစ်ကြ၏။
လူငယ် မိုးကြိုးဘုရင်လဲ့ချန်က ညာဘက်တွင် ရပ်နေပြီး တောင်ဂိုဏ်း၏ အဖွဲ့ကို ကြမ်းကြုတ်ရက်စက်စွာ စိုက်ကြည့်နေခဲ့လေသည်။
သူ၏ မျက်နှာမှာ အနည်းငယ် ပုံပျက်နေပြီး ဒဏ်ရာများမှာ ပြန်လည်ကောင်းမွန်နေပြီဖြစ်သော်ငြား အပြည့်အဝ မကျက်သေးသဖြင့် သူ့ကို အတော်လေး ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်မျိုး ပေးစွမ်းနေခဲ့၏။
ဘယ်ဘက်အစွန်ဆုံးရှိ အဖြူရောင်ဝတ်ရုံနှင့် အမျိုးသားက ယပ်တောင တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ခပ်ဖွဖွ ယပ်ခတ်နေကာ ကျက်သရေရှိပြီး ပညာရှိဟန် ပေါက်နေလေသည်။
သို့သော် သူသည် နူးညံ့သိမ်မွေ့သော သူတစ်ဦး မဟုတ်ဘဲ သူ၏ စွမ်းအားမှာ လဲ့ချန်ထက်ပင် သာလွန်နေသေး၏။ သူကား လူငယ်ဝိညာဉ်ဘုရင် လင်းကျန်း ဖြစ်လေသည်။
ထိုနှစ်ဦးကြားတွင် ရပ်နေသူမှာ အပြာရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးဖြစ်ပြီး သူကား လူငယ်ယွမ်ဘုရင် ယွမ်ချန်း ပင် ဖြစ်လေသည်။
ဝူယွမ်သည် ထိုနှစ်ဦးကို ရတနာရှာဖွေရေးနယ်မြေတွင် ခဏတာမျှသာ မြင်တွေ့ခဲ့ရပြီး ယခုအခါ သူတို့ကို သေချာစ အကဲခတ်ကြည့်လိုက်လေသည်။
သူတို့၏ အရှိန်အဝါများမှာ လဲ့ချန်ထက် များစွာ ပိုမိုထိန်းချုပ်ထားနိုင်သည်မှာ သေချာပြီး ပိုမိုအားကောင်းလှပေသည်။
“ဒီတစ်ခေါက်တော့ မင်းတို့ရဲ့ တောင်ဂိုဏ်းက သွေးနဲ့ ပြန်ပေးဆပ်ရလိမ့်မယ်...” လဲ့ချန်က အံ့ကြိတ်ကာ ပြောလိုက်ပြီး တောင်ဂိုဏ်း အဖွဲ့ကို ကြည့်ရင်း သူ၏ အသံမှာ ဒေါသကြောင့် တုန်ရီနေခဲ့လေသည်။
ဝူယွမ်က သူ့ကို အေးအေးဆေးဆေးပင် တစ်ချက် ကြည့်လိုက်ပြီး စကားလုံး နှစ်လုံးကို ဖြည်းညင်းစွာ ပြောဆိုလိုက်၏。
“အရူး...”
“မင်း...”
လဲ့ချန်မှာ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်သွားပြီး ဝူယွမ် ထပ်ရိုက်ရန်အတွက် သူ၏ မျက်နှာကို ထိုးပေးချင်နေသော်လည်း သူ့ ဘေးရှိ ယွမ်ချန်းက သူ့ကို တားဆီးလိုက်လေသည်။
“မလောပါနဲ့... ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲ ရောက်သွားရင် အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်...”
ယွမ်ချန်းက အေးစက်စွာ ပြောလိုက်ပြီး ဝူယွမ်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ကာ လင်ချင်းကျူထံသို့ လှမ်းကြည့်လိုက်လေသည်။
အခန်း (၂၇၂) မိစ္ဆာပုရွက်ဆိတ်ဒီရေလှိုင်း၊ ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ(၂)
သူ၏ မျက်ဝန်းများထဲတွင် နူးညံ့ကြင်နာမှု အရိပ်အယောင်လေးတစ်ခု ဝင်ရောက်လာခဲ့၏
ရတနာရှာဖွေရေးနယ်မြေတွင် ဝူယွမ်နှင့် လင်ချင်းကျူတို့ လူအုပ်ကြားတွင် လက်ချင်းထိခဲ့ကြပြီး နားမလည်နိုင်သော စကားတချို့ ပြောဆိုခဲ့ကြသည်ကို သူ ကြားသိထားပြီး ဖြစ်လေသည်။
ဤကိစ္စကို သိရှိပြီးနောက် ဝူယွမ်ကို သူ၏ သတ်ဖြတ်ရမည့် စာရင်းထဲတွင် ထည့်သွင်းထားလိုက်ပြီ ဖြစ်သည်။
သူသည် လင်ချင်းကျူကို လိုက်ဖမ်းနေခဲ့သော်လည်း တုံ့ပြန်မှု တစ်ခုမျှ မရရှိသေးပေ။ သို့သော် ဝူယွမ်ကမူ သူမ၏ လက်ကိုတောင် ကိုင်လိုက်နိုင်သေးသည် မဟုတ်လော. ‘ဘယ်လောက်တောင် မုန်းစရာကောင်းလိုက်လဲ...’
ဒီနေ့အထိ သူသည် လင်ချင်းကျူ၏ တစ်မီတာ အကွာအဝေး အတွင်းသို့ပင် မချဉ်းကပ်နိုင်ခဲ့ဖူးချေ။
“ဝီ၊ ဝီ...”
ဤအချိန်တွင် အရှေ့ရှိ လေဟာနယ်အတားအဆီးမှာ ရုတ်တရက် တုန်ခါသွားပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော လှိုင်းဂယက်များက လေဟာနယ် တစ်လျှောက် ပြန့်နှံ့သွားခဲ့လေသည်။
“ကမ္ဘာခြားနတ်ဆိုးနယ်မြေ ပွင့်တော့မယ်...”
လူတိုင်း ဝမ်းသာအားရ ဖြစ်သွားကြပြီး လှမ်းကြည့်လိုက်ကြလေသည်။
တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ်မှာ ရေလှိုင်းများအလား ရုတ်တရက် လှိုင်းထသွားပြီး ထိုတွန့်လိမ်ကောက်ကွေးနေသော လေဟာနယ် အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်တစ်ခု ခပ်ရေးရေး ထွက်ပေါ်လာခဲ့၏။
လူတိုင်း၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
လအနည်းငယ် ကြာတိုင်း ကမ္ဘာခြားနတ်ဆိုး နယ်မြေ၏ မဟာ အစီအရင်ကြီးတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာတတ်ပြီး ချိတ်ပိတ်ထားသော စွမ်းအားမှာလည်း များစွာ အားနည်းသွားတတ်သဖြင့် ဝင်ရောက်ရန် အကောင်းဆုံး အချိန် ဖြစ်လာခဲ့လေသည်။
စူပါဂိုဏ်းကြီးများမှ တပည့်များအပြင် မရေမတွက်နိုင်သော လှည့်လည်သွားလာနေသည့် အားကောင်းသော သိုင်းပညာရှင်များလည်း ရှိနေသေး၏။
“ခဏနေ ငါတို့ ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲ ဝင်သွားရင် ငါတို့ရဲ့ စွမ်းအင်တွေ ဆက်သွယ်နေဖို့ လိုမယ်နော်... မဟုတ်ရင် နေရာရွှေ့ပြောင်းတဲ့ လုပ်ငန်းစဉ်မှာ ငါတို့ လူစုကွဲသွားလိမ့်မယ်...”
ယင်းရှောင်ရှောင်က အဝေးရှိ ပိုမိုတွန့်လိမ်ကောက်ကွေးလာနေသော လေဟာနယ်ကို ကြည့်ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်ပြီး သူတို့ကို သတိပေးရန် လှည့်ကြည့်လိုက်လေသည်။
သူတို့ စကားပြောနေစဉ် ထိုလေဟာနယ်မှာ နောက်ဆုံးတွင် အမြင့်ဆုံး အခြေအနေအထိ တွန့်လိမ်ကောက်ကွေးသွားခဲ့ပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားကာ လေဟာနယ် ရေဝဲကြီးတစ်ခု စုစည်းဖြစ်ပေါ်လာခဲ့လေသည်။
ရွှစ်၊ ရွှစ်၊ ရွှစ်... လေဟာနယ် ရေဝဲကြီး ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေခွင်းသံများက ကမ္ဘာကြီးကို ဖြတ်သန်းကာ ချက်ချင်း ထွက်ပေါ်လာခဲ့၏။
ထို့နောက် ကျိုင်းကောင်များအလား မရေမတွက်နိုင်သော လူရိပ်များသည် အုံလိုက်ကျင်းလိုက် ပျံသန်းထွက်ခွာလာကြပြီး နောက်ဆုံးတွင် ရေစီးကြောင်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ် ရေဝဲကြီး အတွင်းသို့ တိုးဝင်သွားကြလေတော့သည်။
လူတိုင်းက စနစ်တကျ ဝင်ရောက်သွားကြ၏။ ဝူယွမ်နှင့် ယင်းရှောင်ရှောင်တို့ ဦးဆောင်သော တောင်ဂိုဏ်းတပည့်များသည်လည်း ၎င်းအတွင်းသို့ ဝင်ရောက်သွားကြလေသည်။
မူးဝေသွားသော ခံစားချက်တစ်ခု ခံစားလိုက်ရပြီးနောက် သူတို့သည် နေရာသစ်တစ်ခုသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
“ဒါ ကမ္ဘာခြားနတ်ဆိုးနယ်မြေလား...”
ေမြပြင်သို့ ဆင်းသက်ပြီးနောက် သူတို့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။
“ဒီလေဟာနယ်ရေဝဲကြီးက ဝင်လာတဲ့ သူတွေကို ကမ္ဘာခြားနတ်ဆိုး နယ်မြေရဲ့ အပြင်ဘက် ဧရိယာ အနှံ့အပြားကို ကျပန်း ရွှေ့ပြောင်းပေးလိမ့်မယ်..."
“ဒါကြောင့် ဝင်ဝင်ချင်းမှာ ယွမ်ဂိုဏ်းနဲ့ ဆုံဖို့ အခွင့်အလမ်းက နည်းတယ်... ငါတို့ရဲ့ ပထမဆုံး စိုးရိမ်ရမယ့် ကိစ္စက ဒီနေရာက ပတ်ဝန်းကျင် အခြေအနေပဲ...” ယင်းရှောင်ရှောင်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီးနောက် ပြောလိုက်လေသည်။
ယွမ်ဂိုဏ်းမှာ ပြိုင်ပွဲတွင် သူတို့၏ အကြီးမားဆုံးရန်သူ ဖြစ်သော်လည်း ယွမ်ဂိုဏ်းအပြင် အခြားသော အန္တရာယ်များစွာ ရှိနေသေးသည် မဟုတ်လော။
“ဒါဆို တခြားဂိုဏ်းတွေက လူတွေနဲ့လည်း မဆုံနိုင်ဘူးလို့ ဆိုလိုတာလား...” လင်းတုန်က မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
အကယ်၍ သူတို့သူတို့သာ ယွမ်ဂိုဏ်းမှ လူများနှင့် မဆုံတွေ့ရပါက အနည်းငယ် နစ်နာသွားမည် ဖြစ်သည်။ ယင်းရှောင်ရှောင်ကို ဦးဆောင်ကာ စိတ်တိုင်းကြိုက် သတ်ဖြတ်ရန် သူ စီစဉ်ထားသေးသည် မဟုတ်ပါလား။
ယင်းရှောင်ရှောင် ပြန်ဖြေလိုက်၏။ “ကမ္ဘာခြားနတ်ဆိုး နယ်မြေရဲ့ နက်ရှိုင်းတဲ့ နေရာမှာ အစီအရင် တစ်ခု ရှိတဲ့ နေရာတစ်ခု ရှိတယ်.."
“ကမ္ဘာခြားနတ်ဆိုး နယ်မြေကနေ ထွက်ဖို့အတွက် လူတိုင်း အဲဒီကို သွားရမယ်၊ အဲ့ဒီအချိန်ကျရင် စူပါဂိုဏ်းကြီးရှစ်ခုလုံးက တပည့်တွေ အားလုံး အဲဒီကို ရောက်လာကြလိမ့်မယ်...”
“သတိထား...”
ဝူယွမ်က ရုတ်တရက် သတိပေးလိုက်ပြီး မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်လေသည်။ အားကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး မြေပြင်ပေါ်တွင် အက်ကွဲကြောင်း တစ်ခု တိုက်ရိုက်ပင် ဖြစ်ပေါ်လာတော့သည်။
အက်ကွဲကြောင်းအောက်တွင် ထက်ရဇသော အနက်ရောင် ဆူးများဖြင့် ဖုံးလွှမ်းနေပြီး လုံးဝ မည်းမှောင်နေသည့် ကြမ်းကြုတ်ရက်စက်သော မိစ္ဆာ သားရဲကြီး တစ်ဒါဇင်ကျော်က သွေးစွန်းနေသော ဧရာမမျက်လုံးကြီးများဖြင့် သူတို့ကို စူးစိုက်ကြည့်နေကြလေသည်။
ရွှစ်၊ ရွှစ်၊ ရွှစ်...
မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အနက်ရောင် ဆူးများက မြေအောက်မှ ထွက်ပေါ်လာပြီး တောင်ဂိုဏ်း တပည့်များထံသို့ တိုး၀င်လာကြလေသည်။
ကံကောင်းစွာဖြင့် ဤတပည့်များ အားလုံးမှာ တိုက်ရိုက်တပည့်များ ဖြစ်ကြပြီး လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ကြကာ ဆူးများကို ကာကွယ်ရန်အတွက် သူတို့၏ ယွမ်စွမ်းအင်များကို ချက်ချင်း ထုတ်လွှတ်လိုက်ကြ၏。
“ဒါ မိစ္ဆာပုရွက်ဆိတ်တွေ... ငါတို့ ကံဆိုးတာပဲ...”
ယင်းရှောင်ရှောင်က ခါးသီးသော အမူအရာဖြင့် ပြောလိုက်လေသည်။ “ဒီကောင်တွေက ကမ္ဘာခြားနတ်ဆိုး နယ်မြေရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ရှိနေသင့်တာလေ... သူတို့က ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ...”
မြေပြင်မှာ တုန်ခါသွားပြီး အဆက်မပြတ် ပြိုကျလာခဲ့၏။ လူတစ်ယောက်၏ အရွယ်အစားခန့်ရှိသော အနက်ရောင် မိစ္ဆာပုရွက်ဆိတ်များမှာ ရူးသွပ်စွာ အုံနှင့်ကျင်းနှင့် ထွက်ပေါ်လာကြသည်။
သူတို့၏ ထက်မြက်သော လက်သည်းများမှာ လူတစ်ယောက်၏ နှလုံးသားကို တုန်လှုပ်သွားစေနိုင်လောက်သည့် အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေကြလေသည်။
ဤမိစ္ဆာပုရွက်ဆိတ်များ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားမှာလည အားမနည်းပေ။ သူတို့ထဲမှ အားအနည်းဆုံး အကောင်များပင်လျှင် နိဗ္ဗာန်အဆင့် ၅ သိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြလေသည်။
“အခု ငါတို့ ဘယ်လိုလုပ်ကြမလဲ...”
ဝူယွမ်က မိုးကြိုးဝိညာဉ်ကောင်းကင်ဓားကို ကိုင်ဆောင်ထားပြီး မရေမတွက်နိုင်သော မိုးကြိုးဓားချီများကို ပစ်လွှတ်ကာ တပည့်များကို ဤမိစ္ဆာပုရွက်ဆိတ်များ၏ ရန်မှ ကာကွယ်ရန် ကူညီပေးနေခဲ့၏ာ
သို့သော် မိစ္ဆာပုရွက်ဆိတ် အရေအတွက်မှာ များပြားလွန်းလှပြီး မြေအောက်မှ အဆုံးအစမရှိ ထွက်ပေါ်နေကာ သူတို့၏ အသိုက်များမှာလည်း နေရာအနှံ့အပြားတွင် ရှိနေလေသည်။
ပတ်ဝန်းကျင်ရှိ တပည့်များမှာ ခုခံရန် ရုန်းကန်နေကြရသော်လည်း ဤမိစ္ဆာပုရွက်ဆိတ်များမှာ ရှေးဟောင်း သားရဲများ ဖြစ်ကြလေသည်။
တပည့်များ၏ စွမ်းအားများမှာ နိဗ္ဗာန်အဆင့် ၆ အထက်တွင် ရှိနေကြသော်လည်း သူတို့ကို ချက်ချင်း သတ်ဖြတ်နိုင်စွမ်း မရှိကြပေ။
ထို့အပြင် ပုရွက်ဆိတ်များမှာ သူတို့ထက် အဆပေါင်းများစွာ များပြားနေသဖြင့် လွှမ်းမိုးခြင်းခံနေရလေသည်။
ယင်းရှောင်ရှောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ “မိစ္ဆာပုရွက်ဆိတ်တွေ ပေါ်လာပြီဆိုရင် သူတို့ရဲ့ အရေအတွက်က အင်မတန် များပြားလွန်းတယ်... ပြီးတော့ သူတို့ရဲ့ အရေပြားကလည်း အရမ်း မာကျောတယ်"
“တကယ်လို့ ဒီမှာ ငါတို့ရဲ့ စွမ်းအင်တွေကို ဖြုန်းတီးနေမယ်ဆိုရင် ငါတို့ရဲ့ ယွမ်စွမ်းအင်တွေ ကုန်သွားတာနဲ့ သူတို့ ဝါးမျိုတာကို လုံးဝ ခံလိုက်ရလိမ့်မယ်...”
“ကျက်သရေတုံးလိုက်တာ... ဘာလို့ သူတို့ အားလုံးက ငါ့ဆီကိုပဲ လာနေကြတာလဲ...” ယင်းဟွမ်ဟွမ်၏ မျက်နှာလေးမှာ တင်းမာနေပြီး သူမက အဆက်မပြတ် နောက်ဆုတ်နေခဲ့ရလေသည်။
အခြား တပည့်များကို တိုက်ခိုက်နေသော မိစ္ဆာပုရွက်ဆိတ်များနှင့် နှိုင်းယှဉ်လျှင် ယင်းဟွမ်ဟွမ်က ပုရွက်ဆိတ်များကို ပိုမိုဆွဲဆောင်နိုင်နေပုံ ရလေသည်။
“ဟွမ်ဟွမ်... နင့်ရဲ့ စောင်းကို တီးကြည့်ပါလား၊ သူတို့ကို ညှို့ယူလို့ ရမလား စမ်းကြည့်...” ဝူယွမ်က ယင်းဟွမ်ဟွမ်ကို သူ၏ ပခုံးပေါ်သို့ ဆွဲတင်ကာ ထိုင်ခိုင်းလိုက်ပြီးနောက် ချဉ်းကပ်လာသော မိစ္ဆာပုရွက်ဆိတ်များကို ခုတ်ပိုင်းရန် သူ၏ မိုးကြိုးဓားကို ရူးသွပ်စွာ ဝှေ့ယမ်းလိုက်လေသည်။
“ဒေါင်၊ ဒေါင်၊ ဒေါင်...”
ယင်းဟွမ်ဟွမ်က ဝူယွမ်၏ ခေါင်းကို ညှပ်ထားခဲ့ပြီး ကိုယ်ဟန် အနေအထားမှာ ပုစဉ်းရင်ကွဲ စီးနေသကဲ့သို့ ဖြစ်နေခဲ့၏။ ထူထပ်လှသော မိစ္ဆာပုရွက်ဆိတ် အုပ်ကြီးကို ကြည့်ရင်း သူမ ဆက်လက်၍ တုံ့ဆိုင်းမနေတော့ပေ။
အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် စိမ်းလန်းသော ကုချင်း စောင်းလေးက သူမ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့လေသည်။
ထို့နောက် သူမ၏ ကျောက်စိမ်းရောင် လက်လေးက ခပ်ဖွဖွ မြှောက်တက်သွားပြီး မြစိမ်းရောင် ကူချင်း စောင်းလေးမှာ လင်းလက်လာခဲ့၏။
သူမ၏ ကျောက်စိမ်းရောင် လက်ချောင်းလေးများဖြင့် စောင်းကြိုးများကို တီးခတ်လိုက်ရာ ထူးဆန်းသော လှိုင်းဂယက်တစ်ခု ပါဝင်သည့် သာယာနာပျော်ဖွယ်ကောင်းသော စောင်းသံစဉ်များက လျင်မြန်စွာ ပြန့်နှံ့သွားခဲ့လေသည်။
စောင်းသံစဉ်များ ပြန့်နှံ့သွားသည်နှင့်အမျှ ကြမ်းကြုတ်ရက်စက်သော မိစ္ဆာပုရွက်ဆိတ်များမှာ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြလေသည်။
တပည့်များမှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြပြီ ဖြစ်သည်။
“ဟူး... တော်သေးတာပေါ့၊ ဂိုဏ်းတူညီမလေး ဟွမ်ဟွမ်က အရမ်း တော်တာပဲ...”
“အဲ့ဒီ စောင်းတီးတဲ့ လက်ရာက အရမ်းထူးချွန်တာပဲ...”
“အဲလေ… ကိုယ်ဟန် အနေအထားလေး တစ်ခုပဲ နည်းနည်း ကြည့်ရဆိုးတာ...”
... လူတိုင်းက ယင်းဟွမ်ဟွမ်ကို ချီးကျူးနေကြသော်လည်း သူမနှင့် ဝူယွမ်၏ လက်ရှိ အနေအထားကို မြင်သောအခါ သူတို့ အနည်းငယ် ရှက်သွေးဖြာသွားကြလေသည်။
“အဟမ်း... မြေအောက်ထဲမှာ တစ်ခုခု ရှိနေပုံရတယ်...”
ဝူယွမ်က ယင်းဟွမ်ဟွမ်ကို အမြန် အောက်ချပေးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။
ဝူယွမ်စကားကြောင့် လူတိုင်းက မြေအောက်သို့ ကြည့်လိုက်မိကြ၏။
ဝူယွမ်က သူ၏ ယွမ်စွမ်းအင်ကို အသုံးပြု၍ ဧရာမလက်ဝါးကြီးတစ်ခုကို ဖန်တီးလိုက်ပြီး ပုရွက်ဆိတ် ဒီရေလှိုင်းကြီးကို ပြန့်ကျဲသွားစေခဲ့လေသည်။
နက်ရှိုင်းသော မြေကြီးအောက်တွင် ညိုမည်းနေသော ကျောက်တုံးကြီးတစ်ခု ပေါ်လာပြီး ၎င်းအပေါ်၌ လူရိပ် အချို့ ထိုင်နေကြလေသည်။
“သူတို့ရဲ့ ဒန်တျန်တွေလား...”
ယင်းရှောင်ရှောင်က အံ့ဩတကြီး ကြည့်လိုက်လေသည်။
ထိုခြောက်သွေ့နေသော အလောင်းများ၏ ဒန်တျန် ဧရိယာတွင် အဖြူရောင် အလင်းတန်း အစုအဝေး တစ်ခု ရှိနေ၏။
ထိုအဖြူရောင် အလင်းတန်းအတွင်း၌ လည်ပတ်နေသော ဆေးလုံး တစ်လုံးကို ခပ်ရေးရေး မြင်တွေ့နိုင်ပြီး အလွန်အမင်း ကြွယ်ဝလှသော အသက်စွမ်းအင်များကို ထုတ်လွှတ်နေခဲ့သည်။
“ဒါ ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲများလား... ဘုရားရေ... ဒီခြောက်သွေ့နေတဲ့ အလောင်းတွေက အသက်ရှင်နေတုန်းက ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ် ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ ဆန်းကြယ်ရှင်ခြင်းအဆင့် အားကောင်းတဲ့ သိုင်းပညာရှင်တွေ ဖြစ်ရမယ်...”
ဤအခိုက်အတန့်၌ ဝမ်ယန်၏ မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားနေသော အမူအရာတစ်ခု ပေါ်လွင်နေပြီး သူ တိုးတိုးလေး ရေရွတ်လိုက်သော အသံထဲတွင် နက်ရှိုင်းသော အံ့ဩမှုများ ပါဝင်နေခဲ့လေသည်။
ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲဆိုသည်မှာ ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ် သို့မဟုတ် ပြီးပြည့်စုံသည့် ဆန်းကြယ်ရှင်ခြင်းအဆင့် အားကောင်းသော သိုင်းပညာရှင် တစ်ဦး သေဆုံးသွားပြီးနောက် သူ၏ အသက်စွမ်းအင်များ မပျောက်ကွယ်သွားဘဲ တဖြည်းဖြည်း စုစည်းလာမှသာ ဖြစ်ပေါ်လာသည့် အရာတစ်ခု ဖြစ်လေသည်။
ပုလဲထဲတွင် အလွန်အမင်း ကြွယ်ဝလှသော အသက်စွမ်းအင်များ ပါဝင်နေ၏။
၎င်းသည် နိဗ္ဗာန်အဆင့် ၉ အထွတ်အထိပ်ရှိ အားကောင်းသော သိုင်းပညာရှင်များအတွက် အလွန်အမင်း အဖိုးတန်လေသည်။
ထို့အပြင် အခွင့်အရေးသာ လုံလောက်မည်ဆိုပါက သူတို့ကို ဆန်းကြယ်ရှင်ခြင်းအဆင့်၏ တံခါးဝကို ထိတွေ့နိုင်စေရန်ပင် ပြုလုပ်ပေးနိုင်ပေသည်။
ဤကဲ့သို့သော ရတနာအကြောင်း ကြားလိုက်ရသောအခါ တပည့်များ အားလုံး၏ မျက်နှာများပေါ်တွင် စိတ်အားထက်သန်သော အမူအရာများ ပေါ်လာခဲ့ကြလေသည်။
“ဒါက မိစ္ဆာပုရွက်ဆိတ်အုပ်ကြီးကို ဆွဲဆောင်နိုင်တာလည်း မပြောနဲ့... ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲကြောင့်ကိုး...”
ယင်းရှောင်ရှောင်က တီးတိုးရေရွတ်လိုက်လေသည်။ “ငါတို့ ပုလဲတွေကို အရင် သိမ်းကြတာပေါ့...”