← Chapters

အခန်း (၂၇၅-၂၇၆)

Vol. 28 Ch. 275-276

အခန်း (၂၇၅-၂၇၆)

Vol. 28 Ch. 275-276

အခန်း (၂၇၅) - လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်သို့ ရောက်ရှိခြင်း၊ ဝူယွမ်၏ ကြီးစိုးမှု(၁)

ပတ်ဝန်းကျင် တစ်ခွင်လုံး တိတ်ဆိတ်သွားခဲ့ပြီး ဓားဂိုဏ်းမှ တပည့်များက ဝူယွမ်နှင့် လင်းတုန်တို့အား မိစ္ဆာကောင်များကို ကြည့်နေသည့်အလား စိုက်ကြည့်နေကြလေသည်။

ယွမ်ဂိုဏ်၏ လူငယ်ဘုရင်သုံးပါးဆိုသည်ကို အသာထား... သူတို့၏ အမြင်တွင် ယခုအချိန်မှာ ဝူယွမ်နှင့် လင်းတုန်တို့က မိစ္ဆာကောင်များပင်...။

“ရွှစ်၊ ရွှစ်၊ ရွှစ်...”

ထိုအချိန်မှာပင် နောက်ထပ် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ကောင်းကင်ယံမှ လေခွင်းသံများ ထွက်ပေါ်လာပြီး နောက်ထပ် လူတစ်စုက သူတို့ဆီသို့ ဦးတည်လာနေလေသည်။

ချက်ချင်းပင် ဓားဂိုဏ်းနှင့် တောင်ဂိုဏ်းမှ တပည့်များမှာ သတိထားလာကြ၏။

မရင်းနှီးသော ပုံရိပ်များက သူတို့၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။

ထိုလူရိပ်များက လေထုကို ခွင်းကာ လျင်မြန်စွာ ချဉ်းကပ်လာကြ၏။ သူတို့၏ အရေအတွက်မှာ အတော်လေး များပြားပုံရပြီး ခန့်မှန်းခြေအားဖြင့် တစ်ရာဝန်းကျင်ခန့် ရှိလေသည်။

သို့သော် ဤလူများမှာ ဝတ်စုံအမျိုးမျိုးကို ဝတ်ဆင်ထားကြသဖြင့် အင်အားစု တစ်ခုတည်းမှ မဟုတ်ကြောင်းနှင့် စူပါဂိုဏ်းကြီး တစ်ခုမှ အဖွဲ့တစ်ခု မဟုတ်ကြောင်းကို ညွှန်ပြနေခဲ့သည်။

ကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းတွင် လှည့်လည်သွားလာနေသော အင်အားစုများစွာ ရှိလေသည်။ ဤလူများမှာ ပို၍ပင် ကိုင်တွယ်ရ ခက်ခဲလှပေသည်။

ကိုယ့်အားကိုယ်ကိုးပြီး အသက်ရှင်သန်နိုင်သူများမှာ အားနည်းသူများ မဟုတ်ကြဘဲ အများစုမှာ အသက်နှင့်ရင်းရသော တိုက်ပွဲများကို ကြုံတွေ့ခဲ့ဖူးသူများ ဖြစ်ကြသည်။

သူတို့ကို ဝါရင့်စစ်ပြန်များအဖြစ် သတ်မှတ်လို့ရပြီး စူပါဂိုဏ်းကြီး တစ်ခု၏ ဖိအားပေးမှုက သူတို့အပေါ်တွင် အသုံးမဝင်ပေ။

မကြာမီ ဤအုပ်စုသည် အနီးသို့ ရောက်ရှိလာခဲ့ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသား လေးဦးက ဦးဆောင်လာကြလေသည်။

သူတို့၏ မျက်နှာများမှာ ပိန်ချုံးနေပြီး အသက်အရွယ်ကြီးရင့်နေသည့် လက္ခဏာများကို ပြသနေကာ သူတို့၏ မျက်လုံးများထဲတွင် ဖုံးကွယ်ထား၍မရသော စူးရှထက်မြက်မှုများ တောက်ပနေသဖြင့် သူတို့အားလုံးမှာ ပါးနပ်ပြီး အတွေ့အကြုံရှိသူများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ထိုအမျိုးသား လေးဦး၏ အကြည့်များက ဝူယွမ်နှင့် လင်းတုန်တို့ ယခုလေးတင် ရှင်းလင်းထားခဲ့သော မိစ္ဆာအလောင်းဆီသို့ ချက်ချင်းပင် စူးစိုက်ကျရောက်သွားခဲ့၏။

“မိစ္ဆာအလောင်း...”

သူတို့၏ မျက်ဝန်းများထဲတွင် အံ့ဩမှုများ လင်းလက်သွားပြီးနောက် ဝူယွမ်နှင့် လင်းတုန်တို့ကို ချက်ချင်း ကြည့်လိုက်ကြကာ သူတို့၏ လက်ထဲရှိ ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲများကို မျက်တောင်မခတ်တန်း စိုက်ကြည့်နေကြလေသည်။

အချိန်တိုအတွင်းမှာပင် သူတို့၏ မျက်လုံးများမှာ လောဘများဖြင့် တောက်လောင်လာခဲ့၏။

“ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ... အပြင်ဘက်ဧရိယာတွေမှာတောင် ဒီလို ရတနာမျိုးနဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး... ဒီကောင်တွေက တကယ်ကို ကံကောင်းတာပဲ...”

သိမ်းငှက်နှာခေါင်းနှင့် အမျိုးသား တစ်ဦးက နှုတ်ခမ်းသပ်ရင်း ဝူယွမ်နှင့် လင်းတုန်တို့ကို ကြည့်ကာ ပြောလိုက်လေသည်။

“သူတို့က တောင်ဂိုဏ်းနဲ့ ဓားဂိုဏ်းက လူတွေပဲ... ကိုင်တွယ်ရ လွယ်ကူမှာ မဟုတ်ဘူး...” နောက်ထပ် အနီရောင်ဝတ်ရုံနှင့် အမျိုးသား တစ်ဦးက အနည်းငယ် လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။

“ဟဲဟဲ၊ မင်းက မိစ္ဆာလက်နီလို့ လူသိများတဲ့ လျှိုထောင်လေ... ဒီဂိုဏ်းတွေက နို့နံ့မစင်သေးတဲ့ ကလေးတွေကို မင်းက ကြောက်နေတာလား...”

ခြောက်သွေ့နေသော အလောင်းတစ်ခုနှင့် ဆင်တူသည့် မျက်နှာပိန်ချုံးချုံးနှင့် အမျိုးသားတစ်ဦးက ပြန်လည် လှောင်ပြောင်လိုက်လေသည်။

“ကူကူ... ငါ့ရှေ့မှာ လာပြီးရွဲ့မနေနဲ့... ငါ လျှိုထောင်က ဘာတွေများ မကြုံဖူးတာ ရှိသေးလို့လဲ...” အနီရောင်ဝတ်ရုံနှင့် အမျိုးသားက အေးစက်စက် လှောင်ပြုံးပြုံးလိုက်လေသည်။

“သူတို့က သူတို့ဂိုဏ်းတွေရဲ့ အကာအကွယ်အောက်မှာ နေနေရတဲ့ အတွေ့အကြုံမရှိတဲ့ ကောင်လေးတွေပါ... နေ့တိုင်း အသက်လု တိုက်ပွဲဝင်နေရတဲ့ ငါတို့နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ...”

“တကယ်လို့ သူတို့ ဉာဏ်ကောင်းရင် သူတို့ရဲ့ အသက်ကို ကယ်ဖို့အတွက် ရတနာတွေကို လွှဲပေးလိမ့်မယ်... အဲ့လိုမဟုတ်ရင်တော့ ဟမ့်...”

“ငါတို့ လက်ချက်နဲ့ သေခဲ့ရတဲ့ စူပါဂိုဏ်းကြီးတွေက တပည့်တွေဆိုတာ တစ်ယောက်၊ နှစ်ယောက်တောင် မကတော့ဘူး...”

သိမ်းငှက် နှာခေါင်းနှင့် အမျိုးသားက ခပ်ဖွဖွ ပြုံးရင်း ဖုံးကွယ်ထားခြင်း မရှိသော အထင်သေးမှုများ ပြည့်နှက်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။

ထိုလူလေးဦးသည် ဤဂိုဏ်းတပည့်များကို သူတို့ ထောင့်ပိတ်ဖမ်းမိပြီဟု ယုံကြည်နေကြသည်မှာ ထင်ရှားလှပေသည်။

အင်အားစု သုံးစုမှာ ခဏတာမျှ အချင်းချင်း ရင်ဆိုင်နေကြလေသည်။

ကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းတွင် ဒေသပတ်ဝန်းကျင် အပြင် ကြောက်ရဆုံးအရာမှာ ဤလှည့်လည်သွားလာနေသော အင်အားစုများပင် ဖြစ်လေသည်။

ဤလူများမှာ အသက်ကို ပဓာနမထားသော လူဆိုးများဖြစ်ကြပြီး သူတို့၏ အဓိကအလုပ်မှာ သတ်ဖြတ်ခြင်းနှင့် ရတနာများကို လုယူခြင်းပင် ဖြစ်သည်။

“ကြည့်ရတာ ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ နှစ်လုံးလုံးကို တောင်ဂိုဏ်းက လူတွေ ယူသွားပုံရတယ်... အဲ့ဒါတွေကို ပြန်ယူဖို့ မင်းတို့ကို ကူညီပေးရမလား...”

လျှိုထောင်က ရွှီလင်းကို ကြည့်ကာ ပြုံးရင်း ပြောလိုက်ပြီး ဂိုဏ်းနှစ်ခုကြား သွေးခွဲရန် ကြိုးစားလိုက်လေသည်။

သူတို့သည် တိကျသော အခြေအနေကို မသိရှိကြသေးဘဲ အပြင်ပန်း အခြေအနေကို ကြည့်၍ တောင်ဂိုဏ်းနှင့် ဓားဂိုဏ်းတို့ ပူးပေါင်းကာ မိစ္ဆာအလောင်း နှစ်လောင်းကို တိုက်ခိုက်ခဲ့ကြပြီး ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲများ အားလုံးမှာ တောင်ဂိုဏ်း တပည့်များ၏ လက်ထဲသို့ ရောက်ရှိသွားသည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။

ထို့အပြင် ဓားဂိုဏ်းမှလူများသည် သူတို့၏ ဓားအစီအရင်ကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပြီး ဝူယွမ်နှင့် လင်းတုန်တို့မှာ သူတို့၏ ဓား အစီအရင် အတွင်းတွင် ရှိနေခဲ့ကြ၏။

ဤသည်က ထိုနှစ်ဦးကို ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲများ လွှဲပြောင်းပေးရန် အတင်းအကျပ် ဖိအားပေးနေခြင်း မဟုတ်လော။

သူတို့သည် ကမ္ဘာခြားနတ်ဆိုးမြို့တော်သို့ နောက်ကျမှ ရောက်ရှိလာကြသဖြင့် ဝူယွမ်က လဲ့ချန်ကို အပြတ်အသတ် အနိုင်ယူခဲ့သည်ကို မသိရှိထားကြဘဲ တောင်ဂိုဏ်းမှာ ယခင်ကကဲ့သို့ အနိုင်ကျင့်ရ လွယ်ကူနေဆဲဟု ထင်မှတ်နေကြလေသည်။

ယခုအခါ တောင်ဂိုဏ်းနှင့် ဓားဂိုဏ်းတို့ ပူးပေါင်းမသွားသရွေ့ အတွေ့အကြုံရင့်ကျက်သော နိဗ္ဗာန်အဆင့် ၉ သိုင်းပညာရှင်များ ဖြစ်ကြသည့် သူတို့ လေးဦးအနေဖြင့် မည်သည့်ဂိုဏ်းကိုမဆို အလွယ်တကး ကိုင်တွယ်နိုင်ပေသည်။

ထိုအချိန်ကျလာလျှင် ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲများသည် သူတို့ဟာများ ဖြစ်လာကြပေတော့မည်...

ဝူယွမ်နှင့် လင်းတုန်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ နှုတ်ခမ်းများပေါ်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာခဲ့၏။ ရွှီလင်းနှင့် ဓားဂိုဏ်းက မည်သို့ ရွေးချယ်မည်ကို စောင့်ကြည့်ရန်အတွက် သူတို့ အလျင်စလို တုံ့ပြန်ခြင်း မပြုခဲ့ပေ။

လက်ရှိအခြေအနေတွင် အကယ်၍ ရွှီလင်းသာ တစ်ဖက်လူနှင့် ပူးပေါင်းမည်ဆိုပါက သူသည် အခြေအနေကို အခွင့်ကောင်းယူကာ ထိုနှစ်ဦးကို တိုက်ခိုက်ရန် ဓားအစီအရင်ကို အသက်သွင်းနိုင်ပြီး ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲများကို လုယူရန် တစ်ဖက်လူနှင့် ပူးပေါင်းနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ဝူယွမ်နှင့် လင်းတုန်တို့ထံတွင် ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ လေးလုံး ရှိနေသည် မဟုတ်လော။

သို့သော် ရွှီလင်းက လျှိုထောင်နှင့် အခြားသူများကို အရူးများအလား ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများမှာ အထင်သေးစွာဖြင့် ကွေးညွတ်သွားခဲ့လေသည်။

ယခင်က ရတနာရှာဖွေရေးနယ်မြေတွင် ဝူယွမ်က လဲ့ချန်ကို မည်သို့ အပြတ်အသတ် ရိုက်နှက်ခဲ့သည်ကို မဆိုထားနှင့်၊ ယခုလေးတင် သူတို့သည် ဝူယွမ်နှင့် လင်းတုန်တို့၏ စွမ်းဆောင်ရည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

မိစ္ဆာအလောင်းများကို အလွယ်တကူ ကိုင်တွယ်နိုင်သော လူတစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်ရမည်ဆိုလျှင် သူ ရူးနေမှသာ ဖြစ်ပေမည်။

“ကောင်လေး... အဲဒီအမူအရာက ဘာသဘောလဲ... ငါက မင်းတို့ ဓားဂိုဏ်းကို ကူညီနေတာလေ... ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲလို ရတနာမျိုးကို တခြားတစ်ယောက်က လုယူသွားတာတောင် မင်းက ဒေါသမထွက်ဘူးလား..."

“အဲ့ဒါတွေကို ပြန်လုဖို့ ငါတို့ ပူးပေါင်းကြမယ်လေ၊ တစ်ဖက်ကို တစ်ဝက်စီပေါ့... အဲဒါ မကောင်းဘူးလား...” လျှိုထောင်က ရွှီလင်းကို စိုက်ကြည့်ရင်း ကျေးဇူးကန်းသောသူ မဖြစ်စေရန် သတိပေးနေသည့်အလား ပြောလိုက်လေသည်။

ရွှီလင်းက ပြန်လည် ချေပတော့မည့် အချိန်တွင် အသံတစ်ခုက သူ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့၏။ “သူတို့ကို သဘောတူချင်ယောင် ဆောင်လိုက်..."

“ပြီးရင် ငါတို့ တိုက်ခိုက်နေကြတဲ့ အချိန်မှာ မင်းက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်၊ ပြီးတော့ အဲ့ဒီ လူယုတ်မာတွေကို ငါတို့ အတူတူ ရှင်းလင်းကြတာပေါ့... သူတို့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိလောက်တယ်...”

ဤသည်မှာ ဝူယွမ်၏ သတင်းစကား ဖြစ်လေသည်။ သူသည် မည်သည့်အခါကမျှ အရှုံးပေးတတ်သူ မဟုတ်ပေ။ အကယ်၍ ဤလူများက သူတို့ကို ပစ်မှတ်ထားလိုပါက သူတို့ကိုယ်တိုင် ပြန်လည် အလုယက်ခံရရန် ပြင်ဆင်ထားရမည်သာ ဖြစ်သည်။

ဤကမ္ဘာခြားနတ်ဆိုးနယ်မြေအတွင်းသို့ ဝင်ရောက်လာသူ မည်သူကမျှ လူကောင်းများ မဟုတ်ကြပေ... သူတို့အားလုံးက ဝံပုလွေများ ဖြစ်ကြသည်။

အကယ်၍ ကိုယ်ကသာ အားနည်းနေမည်ဆိုပါက သူတို့က လာရောက် ကိုက်ဖြတ်ကြမည်သာ ဖြစ်သည်။

ရွှီလင်း၏ မျက်နှာမှာ အနည်းငယ် တွန့်လိမ်သွားခဲ့၏။ ဝူယွမ်၏ မျက်နှာပေါ်ရှိ သိမ်မွေ့နူးညံ့သော အပြုံးကို မြင်သောအခါ ဝူယွမ်အပေါ် သူ၏ လေးစားကြောက်ရွံ့မှုများ ထပ်မံ မြင့်တက်လာသည်ကို သူ မတားဆီးနိုင်ခဲ့ပေ။

သူသည် ကြီးမားသော ကိစ္စရပ်များကို လုပ်ဆောင်နိုင်စွမ်းရှိသည့် ရက်စက်ကြမ်းကြုတ်သော သူတစ်ဦးပင် ဖြစ်သည်။

“မင်းတို့က အဲ့ဒီလောက် သဘောကောင်းတာလား... အဲ့ဒါတွေကို ရပြီးရင် မင်းတို့က ငါတို့ကို တစ်ဝက် ပေးမယ်ဆိုတာ ဘယ်လို သေချာနိုင်မှာလဲ...”

တကယ်လို့ မင်းတို့ကသာ တောင်ဂိုဏ်းက လူတွေလို အားလုံးကို သိမ်းထားလိုက်မယ်ဆိုရင် ငါတို့က အလကား အရှုံးပေါ်သွားမှာပေါ့...” ရွှီလင်းက အနည်းငယ် စိတ်ဝင်စားနေဟန်ဖြင့် သတိကြီးစွာ ပြောဆိုလိုက်လေသည်။

သူ၏ အပြုအမူအရ သူသည် အတွေ့အကြုံရင့်ကျက်သော သရုပ်ဆောင် တစ်ဦးဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေခဲ့၏။

“ဟားဟား... ဒါက ပြောဖို့ လွယ်ပါတယ်၊ ငါတို့ အရင် စတင် လှုပ်ရှားပေးနိုင်တယ်... ဒီနှစ်ယောက်ကို ငါတို့ တားဆီးဖို့ မင်းက ကူညီပေးရုံပါပဲ၊ ဘာပဲဖြစ်ဖြစ် ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲတွေက သူတို့ဆီမှာ ရှိနေတာပဲလေ...”

“သူတို့ကို ထွက်မပြေးသွားအောင်သာ တားထားပေးပါ၊ ငါတို့က ကျန်တဲ့ တောင်ဂိုဏ်းက လူတွေကို အရင် ရှင်းလင်းလိုက်မယ်...”

လျှိုထောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရွှီလင်း၏ အခြေအနေကို နားလည်မှုအပေါ် အလွန် ကျေနပ်သွားခဲ့လေသည်။

“ကောင်းပြီ...” ရွှီလင်းက သဘောမတူမီ ခဏတာမျှ စဉ်းစားချင့်ချိန်ဟန် ဆောင်လိုက်သေးသည်။

ဤအချိန်တွင် ဝူယွမ်သည်လည်း တောင်ဂိုဏ်းတပည့်များထံသို့ သရုပ်ဆောင်မှုတွင် ပူးပေါင်းပါဝင်ရန် သတင်းစကား တစ်ခု ပေးပို့ထားပြီး ဖြစ်လေသည်။

ဓားဂိုဏ်းမှ လူများက သူတို့၏ ဟန်ဆောင်ပူးပေါင်းမှုမှ အစစ်အမှန် သစ္စာဖောက်မှု အဖြစ်သို့ ပြောင်းလဲသွားမည်ကို ဝူယွမ် မစိုးရိမ်ပေ။

အမှန်တကယ်တော့ ထိုသို့ ဖြစ်လာစေရန်ပင် သူ အနည်းငယ် မျှော်လင့်နေသေး၏။ အဘယ်ကြောင့်ဆိုသော် ၎င်းက ဓားဂိုဏ်းကိုပါ လုယူရန်အတွက် သူ့ကို တရားဝင်ပြီး ရှင်းလင်းသော အကြောင်းပြချက်တစ်ခု ပေးနိုင်မည် ဖြစ်သောကြောင့်ပင်။

ရွှီလင်း၏ အတည်ပြုချက်ကို ရရှိပြီးနောက် လျှိုထောင်နှင့် အခြားသူများ အားလုံးမှာ ကျေနပ်နေသော အပြုံးများကို ပြသလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် သွေးဆာနေသော အလင်းတန်းများ တောက်ပသွားခဲ့၏။

သူတို့က ယင်းရှောင်ရှောင်၊ ဝမ်ယန်နှင့် အခြားသူများထံသို့ ချက်ချင်းပင် ပြေးဝင်သွားကြလေသည်။

ယင်းရှောင်ရှောင်နှင့် ဝမ်ယန်တို့က တပည့်များကို ဦးဆောင်ကာ အစီအရင် တစ်ခုကို ချက်ချင်း ဖန်တီးလိုက်ပြီး တိုက်ပွဲဝင်ရန် အသင့်အနေအထားသို့ ရောက်ရှိသွားကြ၏။

သူတို့ထဲမှ ငါးဦးမှာ နိဗ္ဗာန်အဆင့် ၉ သို့ ရောက်ရှိနေကြပြီး ကောင်းကင်ဖီးနစ်စောင်းကို ကိုင်ဆောင်ထားသော ယင်းဟွမ်ဟွမ်နှင့် မဟာရှေးဟောင်းကျမ်းကို နားလည်သဘောပေါက်ထားသည့် ဖန်းယွမ်တို့နှင့် ပေါင်းစပ်လိုက်သောအခါ နိဗ္ဗာန်အဆင့် ၉ နှင့် ညီမျှသော အားကောင်းသည့် သိုင်းပညာရှင် ခုနစ်ဦး ရှိနေသည်ဟု ဆိုနိုင်ပေသည်။

တောင်ဂိုဏ်းတပည့် သုံးရာနှင့်အတူ ပြိုင်ဘက်၏ လူတစ်ရာကျော်ကို တားဆီးရန်မှာ လုံးဝ ပြဿနာ မဟုတ်ပေ။

မိမိကိုယ်မိမိ အတွေ့အကြုံရင့် ကျင့်ကြံသူများဟု သတ်မှတ်ထားသော ဤသူများသည် စူပါဂိုဏ်းကြီးများမှ တပည့်များကို အမြဲတစေ အထင်သေးတတ်ကြပြီး အတွေ့အကြုံမရှိသူများဟု ထင်မှတ်ထားကြလေသည်။

သူတို့ ရှေ့သို့ ပြေးဝင်လာသည်နှင့် ခန်းမလေးခုမှ တပည့်များ၏ လျင်မြန်စွာ လူစုခွဲခြင်းကို ခံလိုက်ရပြီး ပြင်းထန်သော တိုက်ပွဲများ အတွင်းသို့ ကျဆင်းသွားကြလေတော့သည်။

တစ်ချိန်တည်းမှာပင် ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း ဓားဂိုဏ်းမှ လူများနှင့်အတူ ဟန်ဆောင်တိုက်ပွဲ တစ်ခုတွင် ပါဝင်နေကြ၏။

အခြေအနေ အသင့်ဖြစ်လာသောအခါ ဝူယွမ်က အမိန့်ပေးလိုက်လေသည်။

“သူတို့ကို ဝိုင်းထားလိုက်...”

ဓားဂိုဏ်းတပည့်များက ချက်ချင်းပင် ရွှီလင်း၏ ဦးဆောင်မှုအောက်တွင် လျှိုထောင်နှင့် အခြားသူများကို နောက်ကျောမှနေ၍ အလစ်အငိုက် တိုက်ခိုက်လိုက်ကြလေသည်။

ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း စတင် လှုပ်ရှားလိုက်ကြပြီး လျှိုထောင်နှင့် အခြား ခေါင်းဆောင် သုံးဦးကို ပစ်မှတ်ထားလိုက်ကြ၏။

“မင်းတို့ ခွေးကောင်တွေ... မင်းတို့က ငါ့ကို လှည့်စားသွားတာပဲ...”

အခန်း (၂၇၆) - လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်သို့ ရောက်ရှိခြင်း၊ ဝူယွမ်၏ ကြီးစိုးမှု(၂)

လျှိုထောင်မှာ ဒေါသထွက်သွားခဲ့သော်လည်း သူ့အတွက် မည်သည့် အခွင့်အရေးမျှ မရှိတော့ပေ။

ဝူယွမ်နှင့် လင်းတုန်တို့က အားကောင်းသော တိုက်ခိုက်မှုများကို စတင်လိုက်ပြီး သူတို့ကို တိုက်ရိုက်ပင် ပြတ်သားစွာ ရှင်းလင်းပစ်လိုက်သည်။

ခဏအကြာတွင် ဖုန်မှုန့်များ ငြိမ်သက်သွားခဲ့၏。 တောင်ဂိုဏ်းနှင့် ဓားဂိုဏ်းတို့မှာ မည်သည့် သေကျေပျက်စီးမှုမျှ မရှိခဲ့ဘဲ ဤရက်စက်ကြမ်းကြုတ်သော လူတစ်ရာကျော်ကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ကြလေသည်။

“စစ်မြေပြင်ကို ရှင်းလင်းကြ...”

ဝူယွမ်က လက်ခုပ်တီးလိုက်ရာ တပည့်များက ဤလူယုတ်မာများထံမှ သိုလှောင်အိတ်များနှင့် ဝိညာဉ်ရတနာများကို သွားရောက် သိမ်းဆည်းကြလေသည်။

အံ့ဩစရာကောင်းသည်မှာ ဤလူများ၏ ကိုယ်ပိုင် သိုလှောင်မှုများမှာ မဆိုးလှပေ။ ဤနေရာများသို့ နှစ်ပေါင်းများစွာကြာ လာရောက်ခဲ့ကြသူများပီပီ သူတို့ထံတွင် လျှို့ဝှက်ချက် အတော်များများ ရှိနေခဲ့ကြ၏။

နိဗ္ဗာန်ဆေးလုံး တစ်မျိုးတည်းဖြင့်ပင် သန်းရာနှင့်ချီ၍ ရှိနေလေသည်။

လူတိုင်းက ပစ္စည်းများကို သိမ်းဆည်းလိုက်ကြသော်လည်း ၎င်းတို့ကို မထိရဲကြဘဲ ဝူယွမ်က ခွဲဝေပေးမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြလေသည်။

ဤတန်ပြန် လုယူသည့် လုပ်ရပ်တစ်ခုတည်းကပင် သူတို့၏ ရင်တွင်း၌ ဝူယွမ်ကို ရန်စ၍ မရနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်ကြီး တစ်ဦးအဖြစ် သတ်မှတ်သွားစေခဲ့ပြီ ဖြစ်သည်။ လေးစားကြောက်ရွံ့မှု တစ်ခုက သဘာဝကျကျပင် ပေါ်ထွက်လာခဲ့၏။

ဝူယွမ်က ပစ္စည်းများ၏ သုံးပုံတစ်ပုံကို ဓားဂိုဏ်းအား ပေးလိုက်လေသည်။

ထို့နောက် သူသည် မိစ္ဆာအလောင်း နှစ်လောင်းကို ရှေးဟောင်းကျောက်တိုင်နယ်မြေအတွင်းသို့ ထည့်သွင်းလိုက်၏။

ဝူယွမ်က ပြုံးရင်း ရွှီလင်းကို ပြောလိုက်လေသည်။ “ဒီပူးပေါင်းဆောင်ရွက်မှုက ကောင်းပါတယ်... ငါတို့ ဒီမှာတင် လမ်းခွဲကြတာပေါ့...”

“အစ်ကိုကြီးဝူယွမ်... အစ်ကိုကြီးဆီမှာ အရမ်းကောင်းတဲ့ နည်းလမ်းတွေ ရှိတာပဲ... အနာဂတ်မှာလည်း ငါတို့ ဆက်ပြီး ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ်...”

ရွှီလင်းက ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်ပြီး သူ၏ အခေါ်အဝေါ်မှာ ‘ညီအစ်ကိုဝူယွမ်’ မှ ‘အစ်ကိုကြီးဝူယွမ်’ သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဓားဂိုဏ်းမှ လူများ ထွက်သွားပြီးနောက် ဝူယွမ်က ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ လေးလုံးကို ထုတ်ယူလိုက်ပြီး ဝမ်ယန်နှင့် ယင်းရှောင်ရှောင်တို့ကို နှစ်လုံး ပေးလိုက်ကာ ကျန်နှစ်လုံးကို သူနှင့် လင်းတုန်အတွက် သိမ်းထားလိုက်လေသည်။

သူတို့အားလုံးမှာ နိဗ္ဗာန်အဆင့် ၉ တွင် ရှိနေကြပြီး အခြားတပည့်များထက် အခြေခံအုတ်မြစ် များစွာ ပိုမိုနက်ရှိုင်းကြသဖြင့် ဆန်းကြယ်ရှင်ခြင်း အရိုးပုလဲ ကဲ့သို့သော ရတနာများကို ဤအချိန်တွင် အသုံးပြုရန် အသင့်တော်ဆုံး ဖြစ်လေသည်။

ထို့နောက် ဝူယွမ်သည် ကမ္ဘာသစ်ပင်မှ သန့်စင်ပေးထားသော မိစ္ဆာအလောင်းများကို ဝိညာဉ်ရုပ်သေးများ အဖြစ်သို့ ဖန်တီးလိုက်လေသည်။

ဝိညာဉ်ရုပ်သေး လေးခုလုံးမှာ ခြေလှမ်း၀က် ဆန်းကြယ်ရှင်ခြင်းအဆင့် အားကောင်းသော သိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပြီး လဲ့ချန် လေးယောက်နှင့် ညီမျှလေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် တောင်ဂိုဏ်း၏ စွမ်းအားမှာ ထပ်မံ မြင့်တက်သွားခဲ့ပြန်၏။

ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များ မရှိတော့သဖြင့် ဤဝိညာဉ်ရုပ်သေးများကို ထိန်းချုပ်ရန် များစွာ ပိုမိုလွယ်ကူသွားခဲ့လေသည်။ ဝူယွမ်က ၎င်းတို့ကို ယင်းဟွမ်ဟွမ်၊ ယင်းရှောင်ရှောင်နှင့် အခြားသူများထံသို့ လွှဲပြောင်းပေးလိုက်၏။

ဤဝိညာဉ်ရုပ်သေးများမှာ သူ့အတွက် သိပ်ပြီး အကူအညီ မဖြစ်စေသဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် အဖွဲ့အတွင်းရှိ အရေးကြီးသူများကို ပေးလိုက်ခြင်းက ပိုကောင်းလေသည်။

“နောက်ထပ် ငါတို့ ဘယ်ကို သွားကြမလဲ...” ယင်းရှောင်ရှောင်က မေးလိုက်လေသည်။

“ဂိုဏ်းတူအစ်မကြီးရှောင်ရှောင်၊ ဂိုဏ်းတူအစ်ကိုကြီးဝမ်ယန်... ဒါကို ကြည့်ပါဦး...”

ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် ၏ မြေပုံကို ပြသလိုက်လေသည်။

“ရှေးဟောင်းရတနာတိုက် မြေပုံလား...”

ဝမ်ယန်၏ မျက်လုံးများ လင်းလက်သွားပြီး သူက မြေပုံကို စိုက်ကြည့်နေခဲ့၏။

“ညီငယ် ဝူယွမ်... ဒါက လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် ရဲ့ မြေပုံ မဟုတ်လား...” အိမ်စာများ လုပ်ထားခဲ့သော ယင်းရှောင်ရှောင်သည် ကမ္ဘာခြားနတ်ဆိုး နယ်မြေနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေပြီး မြေပုံကို တစ်ချက် ကြည့်လိုက်ရုံဖြင့် မှတ်မိသွားခဲ့လေသည်။

“ဟုတ်တယ်... အဲ့ဒီကို သွားကြည့်ဖို့ ကျွန်တော် စဉ်းစားထားတာ...” ဝူယွမ်က ခေါင်းညိတ်ပြလိုက်၏။

ယင်းရှောင်ရှောင် ပြောလိုက်လေသည်။ “လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်ကို ရှာတွေ့ထားတာ နှစ်ပေါင်းများစွာ ကြာပြီဆိုပေမယ့် ဒီနေ့အထိ ဘယ်သူမှ မဖွင့်နိုင်သေးဘူး..."

“ယွမ်ဂိုဏ်းက ဒီရှေးဟောင်းရတနာတိုက်ကို စောင့်ကြည့်နေခဲ့တာ ကြာပြီ၊ ပြီးတော့ သူတို့က ဒါကို အချိန်အတော်ကြာ လေ့လာထားခဲ့တယ်...”

“ဒီတစ်ခေါက်လည်း သူတို့ အဲ့ဒီကို သွားလောက်တယ်၊ တကယ်လို့ ရှေးဟောင်းရတနာတိုက် ပွင့်လာမယ်ဆိုရင် ယွမ်ဂိုဏ်းက အခွင့်အရေး အများဆုံးပဲ...”

“ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲမှာ ရှေးဟောင်းရတနာတိုက်တွေ အများကြီး ရှိတာကို ဘာလို့ ဒီစူပါဂိုဏ်းကြီးတွေက အားကောင်းတဲ့ သိုင်းပညာရှင်တွေက ဝင်လာပြီး မယူသွားကြတာလဲ...” လင်းတုန်က နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

“အဲဒီအဆင့်ရှိတဲ့ အားကောင်းတဲ့ သိုင်းပညာရှင်တွေအတွက် ကမ္ဘာခြားနတ်ဆိုးနယ်မြေက တားမြစ်ထားတဲ့ နေရာတစ်ခုလေ..."

“သူတို့ ဝင်လာတာနဲ့ ဒီနေရာက ကမ္ဘာခြားနတ်ဆိုး စွမ်းအင်တွေ ရူးသွပ်သွားရုံသာမက ဒီနေရာကို ချိတ်ပိတ်ထားတဲ့ ရှေးဟောင်းအစီအရင်ကပါ သူတို့ကို ဖယ်ရှားပစ်လိမ့်မယ်...” ယင်းရှောင်ရှောင်က ရှင်းပြလိုက်လေသည်။

“အဆင့်နိမ့်က သူတွေကပဲ ဒီနေရာမှာ ဖိအားနည်းတာ... ဒါကလည်း စူပါဂိုဏ်းကြီးတွေက ဒီနေရာကို ဂိုဏ်းပြိုင်ပွဲကျင်းပဖို့ ရွေးချယ်ရတဲ့ အကြောင်းရင်းပဲ...”

“ကောင်းပြီ... ဒါဆိုမှတော့ ငါတို့ ခရီးထွက်ကြတာပေါ့၊ တကယ်လို့ ယွမ်ဂိုဏ်းက လူတွေကလည်း လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်ကို ပစ်မှတ်ထားနေတယ်ဆိုရင် သူတို့ အဲဒီကို အရင်ဆုံးသွားမှာ သေချာတယ်... ငါတို့ နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး...”

ဝူယွမ်က ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်လေသည်။

သူ၏ ဆုံးဖြတ်ချက်ကို မည်သူကမျှ ကန့်ကွက်ခြင်း မရှိခဲ့ပေ။ ယခုအခါ သူတို့သည် ယွမ်ဂိုဏ်းကို မကြောက်ရွံ့ကြတော့ပေ။ အကယ်၍ သူတို့ စောစောစီးစီး ဆုံတွေ့ခဲ့မည်ဆိုလျှင်တောင်မှ တိုက်ခိုက်ရုံသာ ရှိလေသည်။

လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်သည် ကမ္ဘာခြားနတ်ဆိုးနယ်မြေ၏ အလယ်ဗဟိုပိုင်းတွင် တည်ရှိလေသည်။

ဤနေရာမှာ ကမ္ဘာခြားနတ်ဆိုးနယ်မြေ၏ အပြင်ဘက် ဧရိယာများနှင့် အတော်လေး ဝေးကွာလှပေသည်။ လင်းတုန်နှင့် အခြားသူများ အမြင့်ဆုံး အမြန်နှုန်းဖြင့် ခရီးသွားမည်ဆိုလျှင်တောင်မှ ဆယ်ရက်တိတိ ကြာမြင့်ဦးမည် ဖြစ်သည်။

ခရီးစဉ်မှာ ချောမွေ့ခြင်း မရှိခဲ့ပေ။ ကမ္ဘာခြားနတ်ဆိုးနယ်မြေမှာ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များ ကူးစက်ခံထားရသော မိစ္ဆာသားရဲများဖြင့် ပြည့်နှက်နေပြီး အချိန်မရွေး တိုက်ခိုက်လာနိုင်လေသည်။ အန္တရာယ်များက နေရာတိုင်းတွင် ရှိနေ၏။

သို့သော် ဝူယွမ်၏ ဦးဆောင်မှုအောက်တွင် သူတို့သည် အရာအားလုံးကို လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြသည်။

သူတို့ လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်နှင့် နီးကပ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လူအရေအတွက်မှာလည်း များလာပြီး အားလုံးက လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် ဆီသို့ ဦးတည်သွားနေကြပုံ ရလေသည်။

ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသည်နှင့်အမျှ သူတို့သည် ကမ္ဘာခြားနတ်ဆိုးနယ်မြေ၏ အလယ်ဗဟိုပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

မြေကြီး၏ အရောင်မှာ ယခင်ကဲ့သို့ မည်းမှောင်မနေတော့ပေ။ အလယ်ဗဟိုသို့ နီးကပ်လာလေလေ အရောင်မှာ ပိုမိုဖျော့တော့လာလေလေပင် ဖြစ်သည်။

ယခုအခါ လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်၏ ပတ်ဝန်းကျင်တွင် မြေပြင်မှာ မီးတောက်များ လောင်ကျွမ်းနေသည့်အလား အနီရောင်ရင့်ရင့်ဖြင့် အစားထိုးခံထားရလေသည်။

“တခြားဂိုဏ်းတွေက လူတွေအားလုံး ရောက်လာကြပြီပဲ...”

ဤနေရာသို့ ဝင်ရောက်လာချိန်တွင် အခြား ဂိုဏ်းများမှ လူအများအပြားကို သူတို့ တွေ့မြင်ခဲ့ရလေသည်။

ယင်းရှောင်ရှောင်က ပြောလိုက်၏။ “အရင် ဂိုဏ်းပြိုင်ပွဲတွေတုန်းက ဒီနေရာမှာ လူအတော်များများ ရှိခဲ့ပေမယ့် ဒီတစ်ခေါက်လောက် မများဘူး..."

“ကြည့်ရတာ ယွမ်ဂိုဏ်းဆီမှာ လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်ကို ဖွင့်နိုင်တဲ့ နည်းလမ်း ရှိနိုင်တယ်ဆိုတာကို သူတို့ ကြားသွားလို့ အားလုံးက လာပြီး ဝေစု လိုချင်ကြပုံရတယ်...”

“အစ်ကိုကြီးဝူယွမ်...”

သူမ စကားပြောနေစဉ်မှာပင် ကြည်လင်သော အသံလေးတစ်ခု ထွက်ပေါ်လာခဲ့ပြီး စုရိုက ပြုံးကာ သူ့ကို လက်လှမ်းပြနေလေသည်။

ကိုးကောင်းကင် တိုင်ချင်းနန်းတော်မှ လူများမှာ ဤနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

လင်ချင်းကျူသည်လည်း သူတို့ကြားတွင် ရှိနေပြီး ဝူယွမ်ကို မြင်သောအခါ သူမ၏ မျက်လုံးများ လင်းလက်သွားခဲ့သော်ငြား သူမ၏ မျက်နှာဖုံးကြောင့် မည်သူကမျှ သူမ၏ အပြုံးကို မမြင်တွေ့နိုင်ခဲ့ပေ။

ဝူယွမ်က ပြန်ပြုံးပြလိုက်ပြီး ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း လင်ချင်းကျူကို မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။

လင်ချင်းကျူမှာ အနည်းငယ် တုန်ခါသွားပြီး သူ၏ အကြည့်များကို ရှောင်ဖယ်သွားခဲ့၏။

“အစ်ကိုကြီးဝူယွမ်...”

ရွှီလင်းထံမှ နောက်ထပ် နှုတ်ဆက်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ဝူယွမ်က ပြောလိုက်၏။ “အို... မင်းတို့လည်း ရောက်လာကြတာပဲ...”

“အစ်ကိုကြီးဝူယွမ်... ယွမ်ဂိုဏ်းက လူတွေက ဒီမှာ ပြင်ဆင်နေကြပြီ... သူတို့က ဧရိယာကို ရှင်းလင်းချင်နေပုံရတယ်၊ အစ်ကိုကြီးကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်... သတိထားသင့်တယ်နော်...” ရွှီလင်းက တိုးတိုးလေး သတိပေးလိုက်လေသည်။

ဂိုဏ်းနှစ်ခုကြားရှိ ပဋိပက္ခကို သူ သိရှိထား၏。 သူက ဝူယွမ်ကို ကူညီလိုသော်လည်း သူတို့သည် ယွမ်ဂိုဏ်းကိုလည်း ကြောက်ရွံ့ကြလေသည်။

“နားလည်ပါပြီ...”

ဝူယွမ်က ခေါင်းညိတ်ပြကာ သူ၏ ကျေးဇူးတင်မှုကို ပြသလိုက်လေသည်။

သူတို့ စကားပြောနေစဉ်မှာပင် အဖွဲ့နှစ်ဖွဲ့က သူတို့ထံသို့ ရန်လိုသော ဟန်ပန်များဖြင့် ချဉ်းကပ်လာကြလေသည်။

“အဲ့ဒါတွေက တစ္ဆေဓားဂိုဏ်းနဲ့ မီးတိမ်တိုက်ဂိုဏ်းက လူတွေပဲ... ဒီဂိုဏ်းကြီး နှစ်ခုကလည်း အရှေ့ဘက် ရွှမ်းဒေသမှာ အတော်လေး နာမည်ကြီးတယ်..."

“သူတို့က ပုံမှန်အားဖြင့် ယွမ်ဂိုဏ်းနဲ့ အရမ်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်၊ သူတို့က ယွမ်ဂိုဏ်းရဲ့ လက်အောက်ခံတွေ မဟုတ်ပေမယ့် ကိစ္စတော်တော်များများမှာ ယွမ်ဂိုဏ်းရဲ့ ဦးဆောင်မှုကို အများအားဖြင့် လိုက်နာတတ်ကြတယ်...”

ယင်းရှောင်ရှောင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ဝူယွမ်၏ ဘေးတွင် ရပ်လျက် ပြောလိုက်လေသည်။

“ယွမ်ဂိုဏ်းရဲ့ လက်ပါးစေတွေပေါ့...” ဝူယွမ်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်လေသည်။

ဤအချိန်တွင် ထိုအဖွဲ့နှစ်ဖွဲ့မှာ နီးကပ်လာခဲ့ပြီ ဖြစ်သည်။ သူတို့ကို အနက်ရောင်ဝတ်ရုံဖြင့် အမျိုးသားတစ်ဦးနှင့် အနီရောင်ဝတ်ရုံဖြင့် အမျိုးသား တစ်ဦးတို့က အသီးသီး ဦးဆောင်လာကြ၏။

ထိုနှစ်ဦးစလုံးထံတွင် နိဗ္ဗာန်အဆင့် ၉ ရှိ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေကြလေသည်။

“တစ္ဆေဓားဂိုဏ်းက မုန်တွမ့်...”

“မီးတိမ်တိုက်ဂိုဏ်းက ယန်ဟို့...”

ထိုနှစ်ဦးက ရင်းနှီးပုံရသော အပြုံးများဖြင့် ဝူယွမ်ကို လက်ယှက်ကာ နှုတ်ဆက်လိုက်ကြလေသည်။

“ပြောလေ... ဘာကိစ္စလဲ...” ဝူယွမ်က ထိုနှစ်ဦးကို တည်ငြိမ်အေးဆေးစွာဖြင့် စိတ်ဝင်တစား အကဲခတ်ရင်း မေးလိုက်လေသည်။

မီးတိမ်တိုက်ဂိုဏ်းမှ ယန်ဟို့က ခပ်ဖွဖွ ပြုံးလိုက်ပြီး စကားကို လှည့်ပတ်မနေတော့ဘဲ တိုက်ရိုက်ပင် ပြောဆိုလိုက်၏။

“ညီအစ်ကို ယွမ်ချန်းနဲ့ တခြားသူတွေက မင်းတို့ကို ဒီမှာမမြင်ချင်ဘူးတဲ့... ဒါကြောင့် ငါတို့ကို လာပြောခိုင်းတာ...”

“ပြဿနာမှန်သမျှကို နောက်ဆုံးဧရိယာကျမှ ဖြေရှင်းလို့ ရပါတယ်... ညီအစ်ကိုယွမ်ချန်းနဲ့ တခြားသူတွေက အတော်လေး သဘောကောင်းပြီး စောစောစီးစီး မလှုပ်ရှားချင်ကြဘူး..."

“တကယ်လို့ မင်းတို့ ဒီကနေထွက်သွားပြီး အဲဒီ နောက်ဆုံးဧရိယာကို စောစောသွားမယ်ဆိုရင် ကမ္ဘာခြားနတ်ဆိုးနယ်မြေကနေ ချောချောမွေ့မွေ့ ထွက်ခွာသွားနိုင်ပြီး သေ‌ကြေပျက်စီးမှုတွေကို ရှောင်ရှားနိုင်ဦးမယ်လို့ ငါထင်တယ်...”

မုန်တွမ့်က ခပ်ဖွဖွ ပြုံးရင်း ဖြည့်စွက် ပြောဆိုလိုက်လေသည်။

“ဒါပဲလား...”

ဝူယွမ်က ခေါင်းခါယမ်းလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ပြောဆိုလိုက်၏။

“မင်းတို့ နှစ်ယောက် ပြန်သွားပြီး ယွမ်ချန်းကို ပြောပြလိုက်... သူတို့ကိုလည်း ငါ ဒီမှာမမြင်ချင်ဘူးလို့... သူတို့ကို ဉာဏ်နည်းနည်းသုံးပြီး မြန်မြန်ထွက်သွားဖို့ ပြောလိုက်၊ မဟုတ်ရင် သူတို့ရဲ့ ခွေးအသက်လေးတွေကိုတောင် ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့...”

All Chapters