အခန်း (၂၇၇-၂၇၈)
Vol. 28 Ch. 277-278
အခန်း (၂၇၇) - နှစ်နှစ်ကြာပြီးနောက် ချင်းတန်နှင့် ပြန်လည်ဆုံတွေ့ခြင်း(၁)
ဝူယွမ်၏ အကြောင်းပြန်ချက်ကို ကြားလိုက်ရသောအခါ ယန်ဟို့နှင့် မုန်တွမ့်တို့မှာ ပထမတော့ အနည်းငယ် မှင်တက်သွားကြပြီးနောက် သူတို့၏ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားကာ သူတို့၏ မျက်နှာအမူအရာများမှာ မှောင်မည်းသွားကြလေသည်။
“ကောင်လေး... ခဏတာ စကားနိုင်လုချင်ရုံသက်သက်နဲ့ မင်း မပေးဆပ်နိုင်တဲ့ တန်ဖိုးတစ်ခုကို မပေးဆပ်လိုက်မိစေနဲ့...” ယန်ဟို့က အေးစက်စွာ ပြောလိုက်လေသည်။
“မင်းက မကြောက်တာ ဖြစ်နိုင်ပေမယ့် မင်းရဲ့ တောင်ဂိုဏ်းက တခြားသူတွေကတော့ အဲဒီလောက် ကံကောင်းချင်မှ ကံကောင်းမှာနော်...” မုန်တွမ့်ကလည်း လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်လေသည်။
သူက ဝူယွမ်ကို ခြိမ်းခြောက်ရန်အတွက် အခြား တောင်ဂိုဏ်းမှ လူများကို အသုံးပြုနေသည်မှာ ထင်ရှားလှပြီး အကယ်၍ ဝူယွမ်သာ ယွမ်ဂိုဏ်းနှင့် သေသည်အထိ တိုက်ခိုက်မည်ဆိုပါက အခြား တောင်ဂိုဏ်းတပည့်များက ပေးဆပ်ရလိမ့်မည်ဟု သူ့ကို ပြောပြလိုခြင်း ဖြစ်သည်။
“မင်းတို့ကို စကားနည်းနည်းလောက် ပြောလိုက်ရုံနဲ့ မင်းတို့ကိုယ်မင်းတို့ အရေးပါလှပြီလို့ ထင်နေတာလား... “
“ငါ့မျက်လုံးထဲမှာတော့ မင်းတို့က ခိုင်းဖတ် ခွေးတွေထက်မပိုဘူး... မင်းတို့လို အမှိုက်တွေကို မဆိုထားနဲ့၊ မင်းတို့ရဲ့ သခင်ကတောင် ငါ့ရှေ့မှာ ဒီလောက် မောက်မာဖို့ အရည်အချင်း မရှိသေးဘူး...”
ဝူယွမ်၏ မျက်လုံးများမှာ ဓားသွားများအလား အေးစက်ထက်ရှနေပြီး ယန်ဟို့နှင့် အခြားတစ်ဦးကို နောက်ဆုတ်သွားအောင် ဖိအားပေးလိုက်လေသည်။
သို့သော် ဤနှစ်ဦးသည်လည်း သူတို့၏ သက်ဆိုင်ရာဂိုဏ်းများမှ အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြပြီး အတော်လေး အားကောင်းသော စွမ်းအားများနှင့် မာနများကို ပိုင်ဆိုင်ထားကြ၏။
၎င်းအပြင် သူတို့၏ နောက်တွင် ယွမ်ဂိုဏ်းက ကျောထောက်နောက်ခံ ပြုပေးထားသဖြင့် သူတို့မှာ လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားကြလေသည်။
“မင်းက အရမ်းရောင့်တက်လွန်းနေပြီ...”
ထိုနှစ်ဦးက ရုတ်တရက် ရှေ့သို့ တစ်လှမ်း တိုးလာကြပြီး ကြီးမားလွန်းသော ယွမ်စွမ်းအင်များ ပေါက်ကွဲထွက်လာကာ ဝူယွမ်ကို လွှမ်းခြုံသွားလေသည်။
“မင်းက သေချင်နေတယ်ဆိုမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့...”
၎င်းကို မြင်သောအခါ ဝူယွမ်က ပြုံးရုံသာ ပြုံးနေခဲ့၏။
သူ၏ ကြီးစိုးသော အရှိန်အဝါများက ကိုယ်တွင်းမှ ပြန့်နှံ့ထွက်ပေါ်လာပြီး ထိုနှစ်ဦး ထုတ်လွှတ်လိုက်သော ယွမ်စွမ်းအင်များကို လွယ်ကူစွာပင် ရိုက်ချိုးပစ်လိုက်လေသည်။
ယန်ဟို့နှင့် အခြားတစ်ဦးမှာလည်း အလျှော့မပေးဘဲ အားကောင်းသော လက်ဝါးလေပြင်းများကို ဝူယွမ်ထံသို့ အညှာအတာ ကင်းမဲ့စွာ ရိုက်ချလိုက်ကြ၏။
ဝူယွမ်က ငြိမ်သက်စွာ ရပ်နေသော်လည်း သူတို့၏ လက်ဝါးများမှာ ဝူယွမ်၏ အရှေ့ တစ်လက်မခန့် အကွာတွင် ရပ်တန့်သွားကြပြီး တစ်ခုခုက ဟန့်တားထားသကဲ့သို့ ဖြစ်နေခဲ့သည်။
ဤအချိန်တွင် မိုးကြိုးဝိညာဉ်ကောင်းကင်ဓားမှာ သူ၏ လက်ထဲတွင် ရှိနေပြီဖြစ်သည်။
လက်က မြှောက်တက်သွားပြီး ဓားက ကျဆင်းလာခဲ့၏။
ရွှစ်... ရွှစ်...
သူတို့ ဆန့်တန်းထားသော လက်မောင်းများမှာ တိုက်ရိုက်ပင် ဖြတ်တောက်ခံလိုက်ရလေသည်။
ဝူယွမ်၏ ဓားချက်မှာ မြန်ဆန်လွန်းသဖြင့် သူတို့ မတုံ့ပြန်နိုင်ခဲ့ပေ။ သူတို့၏ လက်မောင်းများ ပြတ်ကျသွားချိန်မှသာ ထိုနှစ်ဦးထံမှ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေသည်။
အန္တရာယ် ခံစားချက်တစ်ခုက သူတို့၏ နှလုံးသားများကို ရိုက်ခတ်သွားခဲ့၏။ ထိုနှစ်ဦးမှာ နာကျင်မှုကို လျစ်လျူရှုကာ ဝူယွမ်နှင့် အကွာအဝေး တစ်ခု ဖန်တီးရန် လျင်မြန်စွာ နောက်ဆုတ်သွားကြလေသည်။
ခုနက ဓားချက်မှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။ သူတို့သည် ဝူယွမ်၏ ပြိုင်ဘက်များ လုံးဝ မဖြစ်နိုင်ပေ... ကွာဟချက်မှာ ကြီးမားလွန်းလှသည်။
သူတို့သည် လှုပ်ရှားမှု တစ်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။ အကယ်၍ သူတို့သာ ယခုချက်ချင်း နောက်မဆုတ်ပါက သူတို့ သေချာပေါက် သေဆုံးရမည် ဖြစ်သည်။
“မင်းတို့ ထွက်ပြေးလို့ရမယ် ထင်နေလား...”
ဝူယွမ်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာကာ ထိုနှစ်ဦးဆီသို့ လိုက်ပါသွားခဲ့လေသည်။
“မင်း ငါတို့ကို ထိရဲတယ်ပေါ့လေ... အစ်ကိုကြီး ယွမ်ချန်းက မင်းကို တန်ဖိုးတစ်ခု ပေးဆပ်ခိုင်းလိမ့်မယ်...”
အရှုံးမပေးလိုသော ယန်ဟို့က ဝူယွမ်ကို ခြိမ်းခြောက်ရန်အတွက် ယွမ်ချန်းကို အသုံးချလိုက်လေသည်။
“ဟုတ်လား... ငါ မယုံဘူး...”
ဝူယွမ်က ပြုံးရင်း ခေါင်းခါယမ်းလိုက်လေသည်။ သူ၏ လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားဖြင့် ပိုမိုကြီးမားသော မိုးကြိုးစွမ်းအားများကို စုစည်းလိုက်ပြီး ရိုက်ချလိုက်၏။
ဧရာမမိုးကြိုးဓားအလင်းတန်းကြီးက ထိုနှစ်ဦးကို တိုက်ရိုက်ပင် လွှမ်းခြုံသွားခဲ့သည်။
သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့၏။ ဤဓားအလင်းတန်း၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ သူတို့ ခုခံ၍မရနိုင်သော အရာတစ်ခုဖြစ်ကြောင်း ထင်ရှားလှပေသည်။
သေဆုံးခြင်း၊ အန္တရာယ်မှာ နီးကပ်နေပြီ ဖြစ်သည်။
“ဘန်း...”
ရုတ်တရက် ကောင်းကင်ယံတွင် မိုးခြိမ်းသံတစ်ခု ပဲ့တင်ထပ်သွားခဲ့လေသည်။
ယန်ဟို့နှင့် အခြားတစ်ဦး၏ အရှေ့တွင် ဧရာမမိုးကြိုးလှံ အလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းကို သူတို့အတွက် တားဆီးပေးလိုက်၏။
“ဟူး...”
ထိုနှစ်ဦးမှာ အသက်ကို အမောတကောရှူလိုက်ရပြီး အေးစက်စက် ချွေးများ စီးကျလာခဲ့လေသည်။ ယခုလေးတင် သူတို့သည် ငရဲတံခါးဝသို့ ခြေတစ်လှမ်း ရောက်ရှိနေခဲ့ပြီ မဟုတ်လော။
“အစ်ကိုကြီးလဲ့ချန်...” သူတို့ကို ကယ်တင်ပေးခဲ့သော လဲ့ချန်ကို အံ့ဩမှုနှင့် စိတ်သက်သာရာရမှုများဖြင့် ကြည့်လိုက်ကြလေသည်။
လူငယ်ဘုရင်သုံးပါး ပေါ်လာပြီဖြစ်သဖြင့် ဤအခက်အခဲကို သူတို့ ရင်ဆိုင်ရန် မလိုအပ်တော့ပေ။
“မင်းက လူလာကယ်တာလား... မင်းကိုပါ ငါသတ်လိုက်မှာကို မကြောက်ဘူးလား...” ဝူယွမ်က လဲ့ချန်ကို လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်ပြီး သူ၏ လက်ထဲရှိ ဓားကို လှုပ်ခါကာ ဓားကိုယ်ထည်ကို ပွတ်သပ်ရင်း ယခင်မိုးကြိုးဓား၏ အရသာကို လဲ့ချန်အား သတိပေးနေသကဲ့သို့ ပြောဆိုလိုက်လေသည်။
တောက်ပသော မိုးကြိုးအလင်းတန်းများ လင်းလက်နေသည့် ဓားကိုယ်ထည်ကို ကြည့်ရင်း လဲ့ချန်၏ မျက်နှာမှာ ရုပ်ဆိုးအကျည်းတန် သွားခဲ့သည်။
သူက အံ့ကြိတ်ကာ ပြောလိုက်သည်။ “ဝူယွမ်... မင်းက ငါ့ထက် ပိုအားကောင်းရုံလေးနဲ့ မင်း လုပ်ချင်တာ လုပ်လို့ရမယ်လို့ မထင်နဲ့နော်...”
‘လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက် မပွင့်ခင်မှာ မင်းက စစ်ပွဲ စချင်နေတာလား... ငါတို့ ယွမ်ဂိုဏ်းက မင်းကို မကြောက်ဘူး... တကယ်လို့ မင်း နောက်မဆုတ်ဘူးဆိုရင် အစ်ကိုကြီး ယွမ်ချန်းက မင်းကို သေချာပေါက် သင်ခန်းစာ ပေးလိမ့်မယ်...”
“ရယ်စရာ ကောင်းလိုက်တာ... ယွမ်ချန်းမှာ ခြေထောက် မရှိဘူးလား၊ ပါးစပ်မရှိဘူးလား... သူက ငါတို့ကို နှင်ထုတ်ချင်ပေမယ့် သူ့မျက်နှာကိုတောင် မပြရဲဘဲ မင်းတို့လို ခွေးတွေကိုပဲ ငါတို့ကို လာတားဖို့ အကြိမ်ကြိမ် လွှတ်နေတာလေ..."
“မင်းတို့လောက်နဲ့ ငါ့ရှေ့မှာ စကားပြောဖို့ အရည်အချင်း ပြည့်မီတယ်လို့ မင်း ထင်နေတာလား...”
နောက်ဆုံးတွင် ဝူယွမ်က ထပ်မံ သည်းမခံနိုင်တော့ပေ။ ယွမ်ဂိုဏ်းမှာ မိမိကိုယ်ကိုယ် အရေးပါလှပြီဟု ထင်မှတ်နေပြီး တောင်ဂိုဏ်းက သူတို့ကို ကြောက်ရွံ့နေကာ စကားအနည်းငယ်ဖြင့် ဖယ်ရှားပစ်နိုင်မည်ဟု တကယ်ကြီး ထင်နေကြလေသည်။
“မင်း အဆင့်လောက်ရှိတဲ့ အမှိုက်တွေဆိုရင် လဲ့ချန်... ငါတို့ တောင်ဂိုဏ်းက လေးယောက်လောက် အလွယ်တကူ ထုတ်ပေးနိုင်တယ်...”
သူက လဲ့ချန်ကို အထင်သေးစွာဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ “ဟွမ်ဟွမ်၊ ရှောင်ရှောင်... မိစ္ဆာအလောင်းတွေ လွှတ်ပြီး သူတို့ကို ရှင်းပစ်လိုက်...”
ယင်းရှောင်ရှောင်နှင့် ယင်းဟွမ်ဟွမ်တို့မှာ မှင်တက်သွားကြ၏။ 'သူက ငါတို့ကို ဂိုဏ်းတူအစ်မကြီး လို့တောင် မခေါ်တော့ဘူးလား...’
သို့သော်ငြားး သူတို့သည် ဝူယွမ်နှင့် ပူးပေါင်းကာ မိစ္ဆာအလောင်း လေးလောင်းကို ချက်ချင်းပင် လွှတ်ပေးလိုက်ကြလေသည်။
တောင်ဂိုဏ်းတပည့်များ အတွင်းမှ အနက်ရောင် အလင်းတန်း လေးခု ရုတ်တရက် ပစ်လွှတ်ထွက်ပေါ်လာခဲ့၏။
ထိုအနက်ရောင် အလင်းတန်းများမှာ အလွန် လျင်မြန်လှပြီး လဲ့ချန်၊ ယန်ဟို့နှင့် အခြားတစ်ဦး၏ အရှေ့တွင် မျက်တောင်တစ်ခတ် အတွင်းမှာပင် ပေါ်လာခဲ့လေသည်။
“ဘာကြီးတွေလဲ...”
ပြင်းထန်သော သတ်ဖြတ်လိုသည့် ဖိအားတစ်ခုနှင့်အတူ အားကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ထိုသုံးဦးမှာ အံ့ဩတကြီး အော်ဟစ်လိုက်ကြပြီး အနက်ရောင် အလင်းတန်း ပုံရိပ်များကို တိုက်ခိုက်လိုက်ကြသည်။
သို့သော် သူတို့၏ တိုက်ခိုက်မှုများက အနက်ရောင် အလင်းတန်း ခန္ဓာကိုယ်များပေါ်သို့ ကျရောက်သွားသော်လည်း မည်သည့် အစွမ်းသက်ရောက်မှုမျှ မရှိခဲ့ပေ။
အနက်ရောင် အလင်းတန်း ပုံရိပ်များမှာ ခြေတစ်လှမ်းမျှပင် နောက်မဆုတ်ခဲ့ချေ။ ထက်မြက်သော အနက်ရောင် အလင်းတန်းများက သူတို့၏ အရိုးလက်ဝါးများမှ ထွက်ပေါ်လာပြီး ထိုသုံးဦးထံသို့ ပြင်းထန်စွာ ပြေးဝင်သွားကြလေသည်။
“မြန်မြန် နောက်ဆုတ်...”
လဲ့ချန်က အော်ဟစ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ဧရာမမိုးကြိုးလက်ဝါးကြီး တစ်ခုကို ပစ်လွှတ်လိုက်ကာ တစ်ချိန်တည်းမှာပင် ခြေနှစ်ဖက်ဖြင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်နင်းလိုက်ပြီး လျင်မြန်စွာ နောက်ဆုတ်သွားခဲ့၏။
သို့သော် ယန်ဟို့နှင့် အခြားတစ်ဦးမှာမူ သနားစရာကောင်းအောင် ခံစားလိုက်ရလေသည်။ သူတို့သည် မိစ္ဆာအလောင်းများ၏ တိုက်ခိုက်မှုများကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
သူတို့ နောက်မဆုတ်နိုင်မီမှာပင် မိစ္ဆာအလောင်းများ ပစ်လွှတ်လိုက်သော အနက်ရောင် အလင်းတန်းများ၏ တိုက်ရိုက် ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် အပေါက်များ ဖြစ်သွားလေတော့သည်။
“ဖူး... ဖူး...”
ထိုနှစ်ဦးမှာ ချက်ချင်းပင် သွေးအန်သွားကြပြီး တစ်ချက်တည်းဖြင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားကြလေသည်။
“အဲ့တာတွေက မိစ္ဆာအလောင်းတွေပဲ...”
မရေမတွက်နိုင်သော အကြည့်များက အနက်ရောင် အလင်းတန်း ပုံရိပ် လေးခုပေါ်သို့ ကျရောက်သွားကြသည်နှင့် ခြောက်သွေ့နေသော အနက်ရောင် မျက်နှာများကို မြင်တွေ့လိုက်ကြရ၏။
နောက်တစ်ခဏတွင် အံ့ဩမှင်တက်နေသော အသံများ လျင်မြန်စွာ ထွက်ပေါ်လာခဲ့လေသည်။
“တောင်ဂိုဏ်းမှာ ဘယ်လိုလုပ် မိစ္ဆာအလောင်းတွေ ရှိနေတာလဲ...”
“ဒီမိစ္ဆာအလောင်းတွေကို သူတို့က ထိန်းချုပ်ထားတာလား...”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ရုပ်သေးတစ်သောင်းဂိုဏ်းက လူတွေတောင် ဒီလို မိစ္ဆာအလောင်းတွေကို ထိန်းချုပ်ဖို့ ခက်ခဲတာလေ... တောင်ဂိုဏ်းက ဒီကိစ္စမှာ မကျွမ်းကျင်ပါဘူး၊ သူတို့က ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ...”
... ပတ်ဝန်းကျင်ရှိ အခြားဂိုဏ်းများမှ လူများမှာ အလွန်အမင်း အံ့ဩနေကြလေသည်။
ကမ္ဘာခြားနတ်ဆိုး နယ်မြေ အတွင်းတွင် မိစ္ဆာအလောင်းများနှင့် ပတ်သက်၍ သူတို့ မစိမ်းသက်ကြသလို မိစ္ဆာအလောင်းများ၏ ကြောက်မက်ဖွယ်ကောင်းမှုကိုလည်း သူတို့ သိရှိထားကြလေသည်။
မိစ္ဆာအလောင်းများကို ထိန်းချုပ်ခြင်းဆိုသည်မှာ သာမန်လူများ လုပ်နိုင်သော အရာ မဟုတ်ပေ။ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်က လူတစ်ယောက်၏ မူလဝိညာဉ်ကို တိုက်စားသွားနိုင်လေသည်။ ကောင်းကင်ကျောက်စာ
ကောင်းကင်ကျောက်စာ မဟာသခင် အဆင့်ရှိ ဝိညာဉ်စွမ်းအင်မျိုး ရှိမှသာ ၎င်းတို့ကို ဘေးကင်းစွာ ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ယခုအခါ တောင်ဂိုဏ်းက လေးလောင်းကို ရုတ်တရက် ထုတ်ပြလာခဲ့ချေပြီ။
ရွှီလင်းနှင့် ဓားဂိုဏ်းမှ လူများမှာ တံတွေးမြိုချလိုက်ကြ၏။ ဤမိစ္ဆာအလောင်း လေးလောင်းအကြောင်းကို သူတို့ သိထားကြသော်လည်း တောင်ဂိုဏ်းက ထိန်းချုပ်နိုင်လိမ့်မည်ဟုတော့ သူတိုါ လုံးဝ မထင်ထားခဲ့မိပေ။
မိစ္ဆာအလောင်းများ၏ စွမ်းအားမှာ လဲ့ချန်ထက် မည်သို့မျှ မနိမ့်ကျပေ။
တောင်ဂိုဏ်းတွင် ယခုအခါ လဲ့ချန်လေးယောက် ထပ်မံတိုးလာပြီး သူတို့၏ စွမ်းအားမှာ သိသိသာသာ မြင့်တက်သွားခဲ့ပြီဟု ဆိုနိုင်ပေသည်။
အကယ်၍ လဲ့ချန်သည် ယွမ်ဂိုဏ်း၏ လူငယ်ဘုရင်သုံးပါးထဲမှ တစ်ပါးအဖြစ် သတ်မှတ်ခံရမည်ဆိုပါက တောင်ဂိုဏ်း၏ ဤမိစ္ဆာအလောင်း လေးလောင်းသည် မိစ္ဆာဘုရင် လေးပါး ဖြစ်လာပေလိမ့်မည်။
တောင်ဂိုဏ်းမှ လူများ၏ မျက်နှာများပေါ်တွင် အောင်ပွဲခံသော အပြုံးများ ပေါ်လာကြပြီး ဝူယွမ်ကို ကြည့်သော သူတို့၏ အကြည့်များတွင် လေးစားအားကျမှုများ ပြည့်နှက်နေခဲ့လေသည်။
ဤမိစ္ဆာအလောင်း လေးလောင်းကို သူတို့ ထိန်းချုပ်နိုင်စွမ်း ရှိခြင်းမှာ ဝူယွမ်၏ ကျေးဇူးကြောင့်ပင် ဖြစ်လေသည်။
ဝူယွမ်က ဤမိစ္ဆာအလောင်း လေးလောင်းကို ဝိညာဉ်ရုပ်သေးများ အဖြစ်သို့ ဖန်တီးခဲ့စဉ်က သူတို့၏ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များကို သူ အပြည့်အဝ မသန့်စင်ခဲ့ပေ။
ကမ္ဘာခြားနတ်ဆိုးစွမ်းအင်သည်လည်း စွမ်းအား တစ်မျိုးပင် ဖြစ်လေသည်။ မိစ္ဆာအလောင်းများ၏ ခန္ဓာကိုယ်များ အတွင်းရှိ ဤကမ္ဘာခြားနတ်ဆိုးစွမ်းအင်များကို သူတို့၏ အရိုးများနှင့် ပေါင်းစပ်ကာ ချိတ်ပိတ်ရန်အတွက် ချိတ်ပိတ်ခြင်းတိမ်တိုက်ကို သူ အသုံးပြုခဲ့လေသည်။
အခန်း (၂၇၈) - နှစ်နှစ်ကြာပြီးနောက် ချင်းတန်နှင့် ပြန်လည်ဆုံတွေ့ခြင်း(၂)
ဤနည်းအားဖြင့် ကမ္ဘာခြားနတ်ဆိုးစွမ်းအင်သည်လည်း လက်နက်တစ်ခု ဖြစ်လာပြီး ထိန်းချုပ်သူများကို မထိခိုက်စေတော့သဖြင့် ယင်းရှောင်ရှောင်နှင့် အခြားသူများ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာအလောင်းများသည် သတ်ဖြတ်ရေး စက်ရုပ်များ ဖြစ်ကြပြီး သူတို့၏ ရန်သူများကို မည်သည့် သနားညှာတာမှုမျှ ပြသမည် မဟုတ်ပေ။
ယန်ဟို့နှင့် အခြားတစ်ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး မိစ္ဆာအလောင်း နှစ်လောင်းက မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သူတို့ကို အဆုံးသတ်လိုက်ကာ သူတို့၏ ခန္ဓာကိုယ်များကို လက်ဝါး တစ်ချက်တည်းဖြင့် တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့လေသည်။
အနက်ရောင် အလင်းတန်းများ ပြန့်နှံ့သွားပြီး သူတို့၏ ဝိညာဉ်စွမ်းအင်များကိုပါ လုံးဝ ဖျက်ဆီးပစ်လိုက်လေသည်။
ယွမ်ဂိုဏ်း၏ လက်ပါးစေနှစ်ဦးမှာ ဤသို့နှင့် သေဆုံးသွားခဲ့ရလေတော့သည်။
အခြား မိစ္ဆာအလောင်း နှစ်လောင်းက လဲ့ချန်ကို လိုက်မီသွားပြီး သူ့ကို နှစ်ဖက်လုံးမှ တိုက်ခိုက်ကာ လဲ့ချန်ကို ထွက်မပြေးနိုင်အောင် ဖန်တီးလိုက်ကြလေသည်။
“ဂိုဏ်းတူအစ်ကိုကြီးယန်...”
“ဂိုဏ်းတူအစ်ကိုကြီးမုန်...”
မီးတိမ်တိုက်ဂိုဏ်းနှင့် တစ္ဆေဓားဂိုဏ်းမှ အခြား တပည့်များက သူတို့၏ ဂိုဏ်းတူအစ်ကိုကြီးများ ဤမျှ သနားစရာကောင်းလောက်အောင် သေဆုံးသွားသည်ကို ဒီအတိုင်း ရပ်ကြည့်နေခဲ့ကြရ၏။
ဝမ်းနည်းပူဆွေးမှုများက သူတို့ကို လွှမ်းမိုးသွားပြီး သူတို့က အသံဩဩဖြင့် အော်ဟစ်လိုက်ကြလေသည်။
“ရွှစ်...”
ရုတ်တရက် ကောင်းကင်ယံမှ ဓားအလင်းတန်း တစ်ခု တိုးဝင်လာခဲ့၏။ အလင်း မှေးမှိန်သွားသည်နှင့် သံဓားတစ်လက်က လဲ့ချန်ဆီသို့ ကျဆင်းလာခဲ့သည်။
သံဓားမှ ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး လဲ့ချန်ကို တိုက်ခိုက်နေသော မိစ္ဆာအလောင်းများကို နောက်ဆုတ်သွားအောင် ဖိအားပေးလိုက်လေသည်။
အပြာရောင် အလင်းတန်း တစ်ခု လင်းလက်သွားပြီးနောက် အပြာရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ပေါ်လာခဲ့၏။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သံဓားမှာ သူ၏ လက်ဖဝါးထဲသို့ ပြန်လည် ပျံသန်းသွားခဲ့လေသည်။
ရောက်ရှိလာသူမှာ အခြားသူ မဟုတ်ဘဲ လူငယ်ယွမ်ဘုရင် ယွမ်ချန်းပင် ဖြစ်လေသည်။
ယင်းနောက်တွင် လေထုကို ဆွဲဖြဲလိုက်သော အသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားသည့် လူငယ်ဝိညာဉ်ဘုရင် လင်းကျန်းသည်လည်း ယွမ်ဂိုဏ်းတပည့် အများအပြားနှင့်အတူ ပေါ်လာခဲ့လေသည်။
လူငယ်ယွမ်ဘုရင်နှင့် လူငယ်ဝိညာဉ်ဘုရင်တို့ ပေါ်လာသည်ကို မြင်သောအခါ ယင်းရှောင်ရှောင်နှင့် ယင်းဟွမ်ဟွမ်တို့က မိစ္ဆာအလောင်းများကို အလျင်အမြန် ပြန်ခေါ်လိုက်ပြီး သူတို့ကို သွားရောက် ထိပ်တိုက် မရင်ဆိုင်ခိုင်းတော့ပေ။
ယွမ်ချန်းနှင့် လင်းကျန်းတို့မှာ ကိုင်တွယ်ရ မလွယ်ကူကြောင်း ထင်ရှားပြီး မိစ္ဆာအလောင်းများကို ထိခိုက်ပျက်စီးစေခြင်းက ဆုံးရှုံးမှု တစ်ခုသာ ဖြစ်ပေလိမ့်မည်။
မိစ္ဆာအလောင်း လေးလောင်းမှာ နောက်ပြန်ဆုတ်လာကြပြီး တောင်ဂိုဏ်းမှ လူများ၏ ဘယ်နှင့် ညာဘက်တွင် သက်တော်စောင့် လေးဦးအလား ရပ်နေကြကာ အားကောင်းသော ဖိအားခံစားချက်ကို ပေးစွမ်းနေခဲ့လေသည်။
ယွမ်ချန်းက မြေပြင်ပေါ်တွင် သေဆုံးနေပြီဖြစ်သော ယန်ဟို့နှင့် မုန်တွမ့်တို့ကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ဓားကို ဆုပ်ကိုင်ထားသော သူ၏ လက်မှာလည်း အနည်းငယ် တင်းမာသွားခဲ့လေသည်။
“အစ်ကိုကြီးယွမ်ချန်း... ဂိုဏ်းတူအစ်ကိုကြီးယန်ဟို့အတွက် လက်စားချေပေးရမယ်နော်...”
“အစ်ကိုကြီးယွမ်ချန်း... တောင်ဂိုဏ်းက လူတွေကို အလွတ်မပေးနဲ့...”
... မီးတိမ်တိုက်ဂိုဏ်းနှင့် တစ္ဆေဓားဂိုဏ်းမှ လက်ပါးစေများမှာ ယွမ်ချန်းကို မြင်သောအခါ အားတက်သွားကြပြီး သူတို့အတွက် လက်စားချေပေးရန် ယွမ်ချန်းကို ရူးသွပ်စွာ အော်ဟစ် တောင်းဆိုနေကြလေသည်။
ယွမ်ချန်းက ငိုယိုနေသော လက်ပါးစေများကို လျစ်လျူရှုလိုက်ပြီး ယင်းအစား မိစ္ဆာအလောင်း လေးလောင်းကို အထင်သေးစွာဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ “မိစ္ဆာအလောင်းတွေ... ဒါက မင်းတို့ရဲ့ အားကိုးလား...”
“ဒါပဲဆိုရင်တော့ မင်းတို့ရဲ့ အသက်တွေကို ကယ်တင်ဖို့ မလုံလောက်သေးဘူး... မင်းတို့က သေချင်နေတယ်ဆိုမှတော့ ဒီနေ့ မင်းတို့ရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့...”
ယွမ်ချန်းက သူ၏ လက်ထဲရှိ သံဓားကို မြှောက်လိုက်ပြီးနောက် တောင်ဂိုဏ်း ရှိရာအရပ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။
သံဓားမှာ မည်သည့် ထူးခြားသော လက္ခဏာမျှ ရှိပုံမပေါ်သော်လည်း ဓားမှ ထုတ်လွှတ်လိုက်သော အလင်းတန်းမှာမူ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။
၎င်း၏ ထက်မြက်သော အရှိန်အဝါကို နိဗ္ဗာန်အဆင့် ၉ အားကောင်းသော သိုင်းပညာရှင် တစ်ဦးပင်လျှင် ရင်ဆိုင်ရဲမည် မဟုတ်ပေ။
ယွမ်ချန်း၏ စွမ်းအားမှာ ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
ဓားကျဆင်းလာသည်နှင့်အမျှ ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်များမှာ ဆူပွက်လာသကဲ့သို့ ဖြစ်နေခဲ့၏။
ကြီးမားလွန်းသော ဓားအလင်းတန်း တစ်ခုက ကောင်းကင်နှင့် မြေကြီးကို ဆွဲဖြဲလိုက်ပြီး သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သော အမြန်နှုန်းဖြင့် မိစ္ဆာအလောင်းများဆီသို့ ကျဆင်းလာခဲ့သည်။
ဓားအလင်းတန်း၏ ဧရိယာက သူတို့၏ အနောက်ဘက်တွင် ရှိနေသော ဝူယွမ်ကိုပါ လွှမ်းခြုံထားခဲ့၏။
ဓားအလင်းတန်းက သူ၏ မျက်လုံးများထဲတွင် လျင်မြန်စွာ ကြီးထွားလာသည်ကို ကြည့်ရင်း ဝူယွမ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့လေသည်။ သူ လှုပ်ရှားတော့မည့် အချိန်လေးမှာပင် သူ၏ နှလုံးသား ရုတ်တရက် လှုပ်ရှားသွားခဲ့၏။
ကြီးမားလွန်းသော မီးခိုးရောင် အလင်းတန်း တစ်ခုက မိုးကုတ်စက်ဝိုင်းမှ ရုတ်တရက် လေခွင်းသံများဖြင့် ထွက်ပေါ်လာပြီး ဓားအလင်းတန်းနှင့် ပြင်းထန်စွာ တိုက်မိသွားသည်ကို သူ မြင်လိုက်ရလေသည်။
ချက်ချင်းပင် ကျယ်လောင်သော အသံကြီးတစ်ခု ပဲ့တင်ထပ်သွားခဲ့၏။
ပွဲကြည့်ပရိသတ်များမှာ ထိတ်တိုက်တွေ့ဆုံသွားသော ဓားအလင်းတန်းနှင့် မီးခိုးရောင် အလင်းတန်းကို ကြောင်အစွာဖြင့် စိုက်ကြည့်နေကြပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ရှင်းလင်းစွာ မသိရှိကြသေးပေ။
ကြီးမားလှသော လှိုင်းဂယက်တစ်ခု ပြန့်နှံ့ထွက်ပေါ်လာခဲ့၏။
ပထမဆုံး အကြိမ်အဖြစ် လူငယ်ယွမ်ဘုရင် ယွမ်ချန်း၏ မျက်ဝန်းများထဲတွင် လှိုင်းဂယက်အနည်းငယ် ပေါ်လာခဲ့ပြီးနောက် ကြမ်းတမ်းပြီး အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“ချန်ကွေ့... ဒါက ငါတို့ ယွမ်ဂိုဏ်းနဲ့ တောင်ဂိုဏ်းကြားက ရန်ငြိုးလေ... မင်းက ဘာလို့ ဝင်ပါရတာလဲ...”
“ချန်ကွေ့...”
ဤနာမည်ကို ကြားလိုက်ရသောအခါ လူတိုင်း လန့်သွားကြလေသည်။
“ဂိုဏ်းပေါင်းစုံဝရမ်းစာရင်းမှာ အဆင့်တစ်နေရာက တစ္ဆေမျက်နှာ ချန်ကွေ့ ပဲ...” ယင်းရှောင်ရှောင်က အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
ဝမ်ယန်က မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်ပြီး ဖြည့်စွက် ပြောဆိုလိုက်၏။ “သူက ဘယ်ဂိုဏ်းက တပည့်မှ မဟုတ်ဘူး၊ ပြီးတော့ အရှေ့ဘက် ရွှမ်းဒေသကလည်း မဟုတ်ဘူးထင်တယ်... “
“သူက လျှို့ဝှက်လွန်းတော့ သာမန်လူတွေက သူ့ရဲ့ တည်နေရာကို မသိနိုင်ကြဘူး... ဒီကနေ့ သူ ဒီမှာ ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး...”
“သူက ယွမ်ချန်းနဲ့ တစ်ခါ တိုက်ခိုက်ခဲ့ဖူးပြီး ယွမ်ချန်းက သူ့ကို အနိုင်မရခဲ့ဘူးလို့ ကောလာဟလတွေ ရှိတယ်...”
ဆူညံပွက်လောရိုက်မှုများ ကြားတွင် အဝေးရှိ ကောင်းကင်ယံမှ သက်တံအလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံးတွင် လေထုထဲ၌ လူရိပ်နှစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း သူတို့၏ မျက်လုံးများထဲတွင် သံသယဖြစ်မှု အရိပ်အယောင်လေးတစ်ခုဖြင့် လေထုထဲရှိ လူရိပ်နှစ်ခုကို ကြည့်လိုက်ကြ၏。
ထို့နောက် သူတို့၏ အကြည့်များက သေးငယ်ပြီး ရင်းနှီးကျွမ်းဝင်လှသော ပုံရိပ်လေး တစ်ခုပေါ်သို့ ကျရောက်သွားသောအခါ သူတို့၏ မျက်လုံးများမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့လေတော့သည်။
ထိုနှစ်ဦး၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားပြီး အံ့ဩမှု၊ မှင်တက်မှုနှင့် တွေဝေမှုအနည်းငယ်ကို ပြသနေခဲ့၏။
“သူမက ဘာလို့ ဒီကို ရောက်နေတာလဲ...” လင်းတုန်က မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
ဝူယွမ်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်၏။“ငါလည်း အဲ့ဒါကို သိချင်နေတာ”
ယင်းရှောင်ရှောင်၊ ယင်းဟွမ်ဟွမ်နှင့် အခြားသူများမှာ ဝူယွမ်နှင့် လင်းတုန်တို့ ဘာကြောင့် ဤသို့ တုံ့ပြန်နေကြသည်ကို တွေးတောနေကြဆဲပင် ဖြစ်သည်။
ဤအချိန်တွင် ကောင်းကင်ယံရှိ သေးငယ်သော ပုံရိပ်လေးမှာ နောက်ဆုံးတွင် လူတိုင်း၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့လေပြီ။ ပြုံးရွှင်နေသော အပြုံးလေးတစ်ခုက သူမ၏ သိမ်မွေ့လှပသော မျက်နှာလေးပေါ်တွင် ပေါ်ထွက်လာခဲ့၏။
သူမသည် ယင်းဟွမ်ဟွမ်နှင့် အသက်အရွယ် တူညီသော မိန်းမပျိုလေး တစ်ဦး ဖြစ်လေသည်။
သူမက အနက်ရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး သွယ်လျသော ကိုယ်ခန္ဓာနှင့် အလွန်အမင်းလှပသော မျက်နှာလေးကို ပိုင်ဆိုင်ထား၏။
သူမ၏ ဝိုင်းစက်နေသော မျက်လုံးလေးများမှာ တက်ကြွမှုများဖြင့် ပြည့်နှက်နေပြီး နတ်သမီးလေး တစ်ပါးအလား ဖြစ်နေခဲ့သည်။
သူမ၏ အနောက်တွင် အမျိုးသား တစ်ဦးက လေထုထဲ၌ ရပ်နေလေသည်။ သူ့ထံမှ ထွက်ပေါ်နေသော လှိုင်းဂယက်များမှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သူ၏ မျက်နှာပေါ်တွင် တစ္ဆေမျက်နှာဖုံးတစ်ဝက်ကို တပ်ဆင်ထားပြီး ယင်းက သူ့အား အနည်းငယ် ထူးဆန်းပြီး တစ္ဆေဆန်သော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့၏။
သူကား အခြားသူ မဟုတ်၊ အရှေ့ဘက် ရွှမ်ဒေသ၏ ဂိုဏ်းပေါင်းစုံ၀ရမ်းစာရင်းတွင် အဆင့်တစ်နေရာ၌ ရှိနေသော နာမည်ကျော် တစ္ဆေမျက်နှာ ချန်ကွေ့ ပင် ဖြစ်လေသည်။ ဤနေရာရှိ လူအများစုက သူ့ကို မှတ်မိသွားကြ၏။
လူတိုင်း၏ အကြည့်များက ချန်ကွေ့ပေါ်သို့ စူးစိုက်နေစဉ် သူ၏ ဘေးရှိ မိန်းမပျိုလေးက ပျော်ရွှင်သော အပြုံးလေးဖြင့် ရုတ်တရက် စကားပြောလာခဲ့လေသည်။
“ဟဲဟဲ... အစ်ကိုကြီးဝူယွမ်၊ အစ်ကိုကြီးလင်းတုန်...”
“ချင်းတန်... ညီမလေးက ဘာလို့ ဒီကိုရောက်လာတာလဲ...”
လင်းတုန်က ချင်းတန်ကို တွေဝေစွာဖြင့် ကြည့်လိုက်လေသည်။
သူ၏ ညီမလေးသည် အားကောင်းသော စီနီယာ တစ်ဦးနှင့်အတူ ကျင့်ကြံရန် သွားရောက်ခဲ့ပြီး အရှေ့ဘက် ရွှမ်ဒေသမှ ထွက်ခွာသွားခဲ့ကြောင်းကို သူ သိထားလေသည်။ ယနေ့ ဤနေရာတွင် သူမနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
“အစ်ကိုကြီးဝူယွမ်၊ အစ်ကိုကြီးလင်းတုန်... ညီမလေး အစ်ကိုတို့ကို လွမ်းလို့ လာတွေ့တာ...”
ချင်းတန်က သူတို့ကို ချစ်ခင်ကြင်နာစွာဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
ထို့နောက် သူမ၏ ပုံရိပ်လေးက လှုပ်ရှားသွားပြီး ကောင်းကင်ယံမှ ဆင်းသက်လာခဲ့၏။
သူမက လက်မောင်းများကို တိုက်ရိုက်ဆန့်တန်းလိုက်ပြီး လင်းတုန်က ရှေ့သို့ တစ်လှမ်း တိုးရန် ပြင်လိုက်ချိန်မှာပင် သေးငယ်သော ပုံရိပ်လေးက ဝူယွမ်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားလေတော့သည်။
လင်းတုန်... “………”
သူ နေရာတွင်ပင် ရပ်တန့်သွားပြီး ထိုနှစ်ဦး စိတ်အားထက်သန်စွာဖြင့် ပွေ့ဖက်နေကြသည်ကို ကြည့်ကာ ခဏတာမျှ တွေဝေသွားသကဲ့သို့ ခံစားလိုက်ရလေသည်... ‘ငါက နင့်အစ်ကိုလေ...’
“အစ်ကိုကြီး ဝူယွမ်... ညီမလေး အစ်ကိုကြီးကို အရမ်း လွမ်းနေခဲ့တာ...”
ချင်းတန်က ချွဲနွဲ့စွာဖြင့် ပြောလိုက်လေသည်။ ဤနှစ်နှစ်တာ ကွဲကွာနေခဲ့ရမှုက သူမကို သူ့အား အလွန်အမင်း လွမ်းဆွတ်စေခဲ့သည် မဟုလော။
“အဟမ်း အဟမ်း... နင့်အစ်ကိုကြီး လင်းတုန်လည်း ဒီမှာ ရှိနေတယ်လေ...”
ဝူယွမ်က နေရခက်စွာဖြင့် ချောင်းဟန့်လိုက်ပြီး ချင်းတန်ကို ညင်သာစွာ တွန်းဖယ်လိုက်လေသည်။
သူ၏ ပထမဇနီးနှင့် ဒုတိယဇနီးတို့ကပါ ဘေးမှ စောင့်ကြည့်နေကြသည် မဟုတ်လော။ ဤချင်းတန်က အခြေအနေကို တကယ် နားမလည်သေးပေ။
“အစ်ကိုကြီးလင်းတုန်... ညီမလေး အစ်ကိုကြီးကိုလည်း လွမ်းနေတာပါပဲ...”
ချင်းတန်က ဝူယွမ်စကားကြောင့် လင်းတုန်ကို ပွေ့ဖက်ရန် ချက်ချင်း ပြင်ဆင်လိုက်လေသည်။
မထင်မှတ်ဘဲ လင်းတုန်က ရှောင်ဖယ်သွားပြီး မကျေမနပ် ပြောလိုက်လေသည်။ “ငါက နင့်အစ်ကို မဟုတ်ပါဘူး...”
“အို... အစ်ကိုကြီးလင်းတုန်ကလည်း...” ချင်းတန်က လင်းတုန်၏ လက်မောင်းကို ဆွဲကာ လှုပ်ယမ်းလိုက်လေသည်။
“ဟမ့်... နင်က နင့်အစ်ကိုကြီးကို တွေ့ရတော့ ဒုတိယ အစ်ကိုကြီးကို မေ့သွားပြီပေါ့... နင်... နင် သိပါတယ်လေ...”
လင်းတုန်က ချင်းတန်၏ နဖူးကို အားထည့်တွန်းလိုက်လေသည်။
သူ၏ ညီမလေးက အစ်ကိုကြီးဝူယွမ်ကို စိတ်ဝင်စားနေလောက်မည်ဟု သူ ခံစားမိလိုက်၏။
သို့သော် အစ်ကိုကြီးဝူယွမ်ကဲ့သို့သော ထူးချွန်သည့် အမျိုးသား တစ်ဦးကို သဘောကျခြင်းမှာ ပုံမှန်ပင် ဖြစ်လေသည်။
လင်းတုန်က သူ၏ ညီမလေးအတွက် အနည်းငယ် နှလုံးနာနေရုံမျှသာ။ အဘယ်ကြောင့်ဆိုသော် သူမ၏ အချစ်ပြိုင်ဘက်များမှာ များပြားလွန်းလှသောကြောင့်ပင် ဖြစ်သည်။