အခန်း (၂၀၁-၂၀၄)
Vol. 11 Ch. 201-204
Chapter 201 : အကြွင်းမဲ့ အာဏာရှိသော
ကျင်းယွင်ကျောင်းသည် ကန်မိသားစုအိမ်ကိုသွားတိုင်း များသောအားဖြင့် လတ်ဆတ်သော အသီးအချို့ကို ယူသွားလေ့ရှိသည်။ ပုံမှန်လုပ်နေကျ လုပ်ငန်းစဥ်ထဲမှ ယနေ့ကွာခြားချက်မှာ စူးချူနှင့် ကန်ကျင်းချန်တို့အား အံ့အားသင့်သွားစေ၏။ သူမ ယူလာသည်က အရက်ဖြစ်သည်ကို မြင်သောအခါ၌ ပို၍ပင် အံ့သြသွားကြသည်။
အဖိုးအိုသည် အရက်ကို စိတ်အားထက်သန်စွာ သဘောကျသူ မဟုတ်၊ ယခင်က အခြားသူများ သူ့ထံသို့ ပို့ပေးထားသည့် ပုလင်းများပင်လျှင် နေရာအနှံ့ အပုံလိုက်ရှိနေသေး၏။ အဆုံး၌ သူတို့သည် ရွေးခြယ်စရာမရှိတော့သောကြောင့် ၎င်းပုလင်းများကို အခြားသူများအား ပေးပစ်ရသည်။ မည်သို့ပင်ဆိုစေကာမူ အဖိုးကတော့ ၎င်းတို့အား တစ်ချက်မှပင် မကြည့်ချေ။
ဒီနေ့ တုံ့ပြန်မှုက ... ... တစ်ခုခုများ မှားနေတာလား။
ကျင်းယွင်ကျောင်းကို မျက်နှာသာနည်းနည်း ပေးနေတာများလား။
ထိုမောင်နှမနှစ်ယောက်၏ အတွေးများက ယောက်ယက်ခတ်နေကြသော်လည်း သူတို့ အဖိုးက အရက်ပုလင်းအား လက်ခံလိုက်ရုံသာမက တစ်ငုံပင် သောက်လိုက်သေးသည်ကိုပါ မြင်ရသောအခါ အလွန်အံ့အားသင့်မှုတို့ကို ထိန်းမထားနိုင်ကြတော့ပေ။ ထို့နောက် သူ့ လက်အကြီးကြီးများဖြင့် လက်ခုပ်တီးလိုက်ပြီး မှတ်ချက်ပြုလိုက်သည်။
“ဝိုင်ကောင်းပဲ။ အနံ့က အညစ်အကြေးလုံးဝ မရှိဘူး။ ပြီးတော့ ငါ အရင်က သောက်ဖူးတာတွေထက် အများကြီး ပိုပြင်းတယ်။ ယွင်ကျောင်း၊ ငါ ဒါကို နောက်တစ်ခါ ထပ်မသောက်ခင် ဒီနေ့ ညစာအတွက် ဒီအဖိုးကြီးကို လာအဖော်လုပ်ပေးပါဦး”
“အို...ဟုတ်သားပဲ။ ဒါကို မင်းကိုယ်တိုင် အချဥ်ဖောက်ထားတာလို့ မင်း ပြောခဲ့တာလား”
အဖိုးအိုက သူမ,ပြောခဲ့သည်အား ရုတ်တရက် သတိရသွားသဖြင့် နောက်တစ်ကြိမ်ထပ်မံ၍ အံ့အားသင့်သွားပြန်သည်။
ဤကလေးမလေးသည် သူမ၌ အကြွင်းမဲ့ တန်ခိုးအာဏာရှိ၍ အရာအားလုံးအား လုပ်နိုင်သည့် ခံစားချက်ကို အဘယ်ကြောင့် သူ့အား အမြဲတမ်း ပေးစွမ်းနိုင်နေရသနည်း။
ဝိုင်ဖောက်ခြင်းသည် ထူးဆန်းသောအရာ မဟုတ်။ ယခင်က စူးချူသည်ပင် စပျစ်ဝိုင်လုပ်နည်းအား ဟိုဟိုဒီဒီ စမ်းကြည့်ဖူးသော်လည်း သေချာပေါက် အရသာက လိုအပ်ချက်များစွာရှိခဲ့သည်။
သို့ရာတွင် ကျင်းယွင်ကျောင်း၏ ဝိုင်သည် ရောင်စဥ်တန်း၏ မျက်နှာချင်းဆိုင်ဘက်တွင် ရှိ၏။ ပြင်းရှမှု၊ မွှေးပျံ့သော ရနံ့နှင့် ကြည်လင်သော အရောင်တို့သည် ဝိုင်အား ထူးခြားကွဲပြားနေစေသည်။ တစ်ငုံ၊ နှစ်ငုံ သောက်ရုံမျှနှင့် ရသည့် ခံစားချက်က စိတ်ဖိအားများကို ဖယ်ထုတ်ပေးပြီး ခံစားချက်များကို ရှင်းရှင်းလင်းလင်း တိုးတက်လာစေသည့်အလားပင်။
ကျင်းယွင်ကျောင်း ယူလာပေးသော သစ်သီးများလည်း ရှိနေ၏။ သူကြားသည်မှာ ၎င်းတို့ကို သူမ၏ လူထူးလူဆန်း ရှစ်ဖူးက စိုက်ပျိုးထားခြင်းဖြစ်ပြီး အရသာမှာ စျေးကွက်ထဲမှ အသီးများ လုံးဝမယှဥ်နိုင်ပေ။ ၎င်းတို့သည် ကြည့်ကောင်းရုံသာမက အရသာကလည်း ထိပ်တန်းဖြစ်သည်။ သူတို့တွင် ကျင်းယွင်ကျောင်း ယူလာပေးသော သစ်သီးများ ဘယ်တော့မှ ပြတ်သည်ဟူ၍ မရှိ၊ သို့သော် သစ်သီးများရောက်လာသည့်အခါတိုင်း ဤအိမ်၌ တုပ်ကွေး သို့မဟုတ် အခြားရောဂါအသေးအမွှားများ ဖြစ်ပွားတတ်ခြင်းမရှိတော့ပေ။
အမှန်ပင် ကျင်းယွင်ကျောင်း သူတို့အား ပေးသော လက်ဆောင်ပစ္စည်းများသည် အဆက်အစပ်မရှိသော်လည်း သူမ၏ အင်အားများနှင့် အရည်အချင်းများသည် သာမန်ထက်ကျော်လွန်နေကြောင်း ဆက်တိုက်ခံစားနေရသည်။
“အဖိုး၊ အဖိုးက ဒီအရသာကို ပထမဆုံးမြည်းဖူးတဲ့သူပဲ။ ဒါပေမယ့် ဒီဝိုင်အပြင် ကျွန်မ ဆေးဖက်ဝင်ဝိုင်နဲ့ အသီးဝိုင်လည်း ဖောက်ထားသေးတယ်။ နောက်တစ်ခါ အဖိုး မြည်းကြည့်ဖို့ ကျွန်မ ယူလာခဲ့ပေးမယ်လေ”
ကျင်းယွင်ကျောင်းက ရှင်းပြလိုက်၏။
သူမသည်လည်း သူမ ကိုယ်ပိုင်ထုတ်သည့် ဤဝိုင်အတွက် နာမည်တစ်ခု ပေးခဲ့သည်။ ပုလင်းပေါ်တွင် နာမည်ထွင်းရန်အတွက် စက်ရုံမှ အမြောက်အမြား ထုတ်လုပ်ပေးသည့် အချိန်ကို စောင့်နေ၏။
“ယွင်ကျောင်း၊ ဒီကောင်မလေး၊ မင်းရဲ့ ဒီဦးနှောက်သေးသေးလေးထဲမှာ နေ့တိုင်း ဘာတွေများ တွေးနေတာလဲ။ မင်းက ဝိုင်တောင် ဖောက်နိုင်တာကို၊ တွေးကြည့်မှ ဒါကလည်း မင်းရဲ့ရှစ်ဖူး မင်းကို သင်ပေးခဲ့တာပဲလား”
အဖိုးအိုက လေးစားမှုအပြည့်နှင့် ပင့်သက်ရှိုက်လိုက်သည်။
သူမက ခေါင်းညိတ်ပြလိုက်၏။
အဖိုးကန်သည် တစ်ခဏမျှကြာပြီးနောက် နောက်ထပ် တစ်ငုံ ထပ်သောက်လိုက်ပြန်ပြီး သူသောက်လိုက်သည့် တစ်ငုံချင်းစီအလိုက် ကြုံရသည့် ခံစားချက်များကလည်း ပြောင်းလဲနေသည်။
သူသည် တိတ်တဆိတ်ပင် ဂုဏ်ယူမိသည့် အရိပ်အငွေ့များကို ခံစားနေရ၏။ အကယ်၍ ဤဝိုင်ကိုသာ ရောင်းချပါက ၎င်းက စျေးကွက်ထဲတွင် ရပ်တည်နိုင်မည်မှာ အသေအချာပင်။ ထိုနေ့သို့ အမှန်တကယ် ရောက်ရှိလာပါက ပထမဆုံး မြည်းစမ်းဖူးသည့် သူတစ်ယောက်အနေနှင့် အခြားသူများက သူ့အား သေလောက်အောင်ပင် မနာလိုဖြစ်သွားကြလေမလား။
ကံဆိုးသည်မှာ ဤကိစ္စသည် ကျင်းယွင်ကျောင်း အရွယ်ရောက်လာပြီး နောက်နှစ်နှစ်လောက်နေမှသာ ဖြစ်ကောင်းဖြစ်လာနိုင်သည်။
သို့ရာတွင် ဤဝိုင်သည် မုန်တိုင်းတစ်ခုအတွင်း စျေးကွက်အား ဝါးမျိုးသွားတော့မည်မှာ သိပ်မကြာတော့ကြောင်းကို အဖိုးအို မတွေးမိခဲ့ (မကြာမီ စျေးကွက်အတွင်းသို့ရောက်တော့မည်ကို မတွေးမိ)။
သူ့ အကြည့်များအောက်တွင် ကျင်းယွင်ကျောင်းသည် ထိုသတင်းကို ပြောပြရန် စိတ်လောမနေခဲ့။ စင်စစ် ကိစ္စများက အဆင်သင့် မဖြစ်သေးရာ သူမသည် အဖိုးအိုအား မလိုအပ်ဘဲ စိတ်မပူစေချင်ပေ။ ဖုန်မှုန့်များ အနည်ထိုင်တည်ငြိမ်သွားသည့်အချိန် ရောက်လာမှသာ သူသည် အံသြမှုနှင့် ပျော်ရွှင်မှုများကို ခံစားရန် လိုအပ်ပေသည်။
ကျင်းယွင်ကျောင်း၏ ဝိုင်သည် ပထမဆုံးအကြိမ်အနေနှင့် အဖိုးအိုအား အရက်သမားတစ်ယောက် ဖြစ်လာစေ၏။ ဤအဖြစ်အပျက်သည် သူတို့ကြား၌ ဟာသလေးတစ်ခု ဖြစ်လာခဲ့သည်။
အဖိုးကန်၌ သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိသော်လည်း သူတို့နှစ်ယောက်လုံးသည် အမှီအခိုကင်း၍ အလုပ်လုပ်နေကြသော အရွယ်ရောက်သူများဖြစ်ကြ၏။ မကြာသေးမီက သူက အရှုပ်အထွေးကိစ္စမှာ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့၍ သူတို့သည် ထိုအကြောင်းကို မသိချင်လျှင်တောင်မှ ရှောင်လွှဲ၍ မရနိုင်ခဲ့။ သူတို့နှစ်ယောက်သည် ထိုသတင်းကို လက်ခံရရှိပြီးနောက် ချက်ချင်းပင် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့ကြသော်လည်း သူတို့ အိမ်ထဲသို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် များသောအားဖြင့် အရက်သောက်ရသည်ကို မနှစ်သက်သည့် သူတို့အဖေက သူ့ကိုယ်ပိုင် ပါတီပွဲလေး ကျင်းပနေသည်ကို မြင်လိုက်ရမည်ဟု မထင်ခဲ့မိပေ။ သမီးနှင့် သားတို့ နှစ်ယောက်သား ရရှိသွားခဲ့သည့် အံ့သြထိတ်လန့်မှုက ပေါ့သေးသေး မဟုတ်။
သူ့ ပူဆွေးသောကများကို အရက်နှင့်ပင် နှစ်မြှုပ်ပစ်နေရသည့်အခြေအနေသို့ ရောက်နေပြီဖြစ်ရာ သူ၏ စိတ်ခံစားမှုများက ကောင်းနေနိုင်သေးပါ့မလား။
ထို့ကြောင့် မောင်နှမနှစ်ယောက်သည် သူ့အား နိုင်ငံခြားသို့ ပို့၍ ခရီးထွက်ခိုင်းပြီး ပျင်းရိမှုကို ဖြေဖျောက်စေမည့် အကြံပြုချက်တစ်ခုပေးခဲ့ကြသည်။ အရက်များကိုပင် ခိုး၍ သွန်ပစ်ကြပြီး ရေနှင့် ပြောင်းလဲထားကြ၏။ အဖိုးအိုသည် ကျင်းယွင်ကျောင်းက သူ့ကို ပေးထားသည့် ရတနာအား ရှာမတွေ့သောအခါ သူသည် အလွန်သောကရောက်သွား၍ မျက်လုံးများက နီရဲကာ ဒေါသထွက်လာသည်။ သူ ဒေါသပေါက်ကွဲပြီးသောနောက်တွင်မှ သူ့သားသမီးများက ဝန်ခံလိုက်ကြ၏။
သူတို့၏ ဝန်ခံချက်များကို ကြားပြီးနောက်တွင် သူသည် သူတို့အား အလွန်ပင် ဆိုးဆိုးဝါးဝါး ဆဲရေးကျိန်ဆဲတော့လေသည်ပင်။
Chapter 202 : ငတုံး
ယခင်က သူတို့၏ ဖခင်ဖြစ်သူအား ဤကဲ့သို့ တစ်ခါမှ မမြင်ဖူးသောကြောင့် အဖိုးကန်၏ သားသမီးနှစ်ယောက်သည် ပို၍ပင် မသက်မသာဖြစ်လာကြသည်။ ဤတစ်ကြိမ်အဖြစ်အပျက်သည် သူတို့၏ ဖခင်အပေါ် ကြမ်းတမ်းလွန်းစွာ အကျိုးသက်ရောက်ခဲ့သည်ဟုပင် သူတို့သည် ပို၍ ပြင်းပြင်းထန်ထန် ခံစားလာရ၏။
“အဖေ၊ အရက်တွေအများကြီး မသောက်ပါနဲ့။ ကျွန်မတို့က အဖေ့ကို အားလပ်ရက် အပန်းဖြေခရီးမှာ အဖော်လုပ်ပေးမှာပါ။ အဲဒါက ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ပြီးတော့ အဖေ့ရဲ့စိတ်ခံစားချက်ကိုလည်း သေချာပေါက် တိုးတက်လာစေလိမ့်မယ်”
“အမှန်ပဲ အဖေ၊ အဖေ သောက်ချင်ရင် အနည်းဆုံးတော့ ဆေးဖက်ဝင်ဝိုင်သောက်ပေါ့။ ဒါ့အပြင် ခုနက ကျွန်တော်မြင်လိုက်တာ အဖေ သောက်နေတဲ့ဝိုင်က နာမည်တောင် မကြားဖူးတဲ့ ကုမ္ပဏီတစ်ခုက ထုတ်ကုန်ပဲ။ သူတို့က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စည်းမျဥ်းစည်းကမ်းတွေကိုတောင် အောင်ပါ့မလားဆိုတာ သိမှမသိနိုင်ဘဲ။ စကားမစပ်၊ အဖေ အဲဒါကို ဝယ်တာလား၊ ဒါမှမဟုတ် လက်ဆောင်ရတာလား။ ကျွန်တော် သူတို့ကို သင်ခန်းစာသွားပေးလိုက်မယ်”
အဖိုးအို၏ ဒေါသများမှာ ပို၍ပင် ပူလောင်လာပြီး သူ့ မျက်နှာက အစိမ်းရောင်ပြောင်းသွားသည့် အဆင့်ကိုပင် ရောက်ရှိလာသည်။
ကန်ကျင်းချန်ကိုပင် အရေးတကြီး လှမ်းခေါ်လိုက်ရ၏။ သူသည် သူ့ အဖေနှင့် အဒေါ်တို့၏ အဆုံးသတ်ကို မြင်သောအခါ သူတို့၏ ကံဆိုးမှုကြောင့် နှလုံးသားထဲတွင် ပီတိအဆို့အညှောင့်လေး ပေါက်လာခဲ့သည်။
“အဖေ၊ ဒေါ်လေး၊ ဒီဝိုင်က ကျွန်တော်ရဲ့အတန်းဖော်တစ်ယောက် လုပ်ထားတာပါ”
သူ ရှင်းပြ၍ မဆုံးသေးမီမှာပင် သူ့ အဖေ၏ ဒေါသတကြီး ဟိန်းဟောက်သံက ကြားဖြတ်နှောက်ယှက်လိုက်၏။
“ဘာ...မင်းအတန်းဖော်က ဘာရည်ရွယ်ချက်နဲ့ အငြိုးထားနေတာလဲ။ ကိုယ်တိုင် ဖောက်တဲ့ ဝိုင်ကို ကြုံရာကျပန်း သောက်လို့ ရလို့လား။ မင်းရောပဲ၊ အဖိုးကြီးက နဝေတိမ်တောင် ဖြစ်နေတာကို ဒီလိုမျိုး ဖြစ်အောင်လို့ မင်း သူ့နောက်လိုက်နေတာလား။ မင်းရဲ့ အတန်းဖော်က ဘယ်လိုခေါ်လဲ။ ငါ့ကို သူတို့ဆီခေါ်သွားပေး၊ ဒါမှ ငါ သူတို့ကို ရှင်းရှင်းလင်းလင်း မေးလို့ရမှာ။ သူတို့ ဘာလို့ ဒီလောက်တောင် တုံးအရသလဲဆိုတာ...”
‘ဖုံး’
‘အဖိုးကြီး’ ဟု ပြောလိုက်သောစကားမှ အသံသည် ပဲ့တင်ထပ်သွားပြီး အဖိုးကန်သည် စားပွဲပေါ်မှ ကြုံရာစာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ကာ သူ့ သားဖြစ်သူ၏ နဖူးတည့်တည့်သို့ ထုချလိုက်တော့သည်။
ကျန်ကျင်းချန်၏ နှုတ်ခမ်းများက တွန့်သွားပြီး ပြုံးလိုက်ကာ ကြိတ်၍ အူမြူးနေ၏။
ကျင်းယွင်ကျောင်းသည် သူ့ အဖိုးဖြစ်သူ၏ အဖိုးတန် မွေးစားမြေးမလေး ဖြစ်ပြီး အဖိုးအတွက် မြေးအရင်းထက်ပင် ပို၍ အရေးပါသေးသည်။ သူမအား ငတုံးဟုခေါ်လိုက်ခြင်းက သူ့မိသားစု၏ ချစ်လှစွာသော ဖေဖေသည် သူ့ဒုက္ခသူရှာလိုက်ခြင်းပင်။
“ရှက်စရာကောင်းလိုက်တာ။ မင်းက ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတယ်။ မင်းက ဘယ်သူ့ကို ငတုံးလို့ ပြောလိုက်တာလဲ။ ဒီဝိုင်က ယွင်ကျောင်း လုပ်ပေးထားတာကွ။ ဒါက အရမ်း အရသာရှိတယ်။ ဒါပေမယ့် နှစ်ပုလင်းပဲ ရှိတာ၊ နှစ်ပုလင်းတည်းကို မင်းတို့အရူးနှစ်ကောင်က တကယ်ကြီး သွန်ပစ်လိုက်တာလား”
အဖိုးကန်သည် ဒေါသထွက်လွန်း၍ သူ့ မုတ်ဆိတ်မွေးများရှိသော မျက်နှာက ကျောက်ရုပ်ကဲ့သို့ တောင့်ခဲလာသည်။ သူသည် ဤအကြောင်းကို ပြန်တွေးတိုင်း နာကျင်နေတော့မည်။
ဤဝိုင်သည် အမှန်တကယ်ပင် ပိုသောက်လေ၊ အရသာ ပိုကောင်းလေ ဖြစ်သည်။ ထို့အပြင် သောက်ပြီးသောအခါတွင်လည်း သူ့ ရင်ဘတ်ထဲ၌ ထပ်မံ၍ မသက်မသာ ခံစားရခြင်းများ မရှိတော့ဘဲ ည၌ ပို၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်၏။ ယခုအခါ ဤကဲ့သို့သော ပစ္စည်းကောင်းသည် အားလုံးပြောင်သွားပြီ ဖြစ်သည်။
သူ့ သားနှင့်သမီးသည် ဤဖွင့်ချချက်ကြောင့် ကြောင်အ,သွားကြ၏။
သေချာပေါက်ပင် သူတို့ ကျင်းယွင်ကျောင်း၏ အကြောင်းကို သိသည်။ လက်တွေ့တွင်လည်း သူတို့သည် ထိုကလေးအား အမှန်တကယ်ပင် နှစ်သက်ကြ၏။
အဖေက ငါတို့ကို တုံးလို့ ငေါက်တာ အံသြစရာမဟုတ်တော့ပါဘူး။
“ဒါဆိုရင် ဒါက ယွင်ကျောင်းဆီက လက်ဆောင်ပေါ့။ ကျွန်တော် နမ်းကြည့်တုန်းက အရမ်းမွှေးနေတာ အံသြစရာ မဟုတ်တော့ပါဘူး။ အဖေ၊ ဒါက ကျွန်တော် မသိလို့ပဲ မဟုတ်လားလို့။ ကျွန်တော် သူ့ကို ပုလင်းနည်းနည်းပို့ပေးဖို့ ပြောလိုက်ရင်ရော ဘယ်လိုလဲ”
ဦးလေးကန်က ချက်ချင်းပင် အကြံပြုလိုက်သည်။
သူသည် ဝိုင်ကို သွန်နေစဥ်က ၎င်းကို အနံ့ခံကြည့်ခဲ့၏။ သို့သော် သူ၏ အဖိုးကြီးကို ပိုစိတ်ပူနေမိသောကြောင့် မြည်းမကြည့်ခဲ့ပေ။
သူသည် အခြားလူများ ပေးသည့်ပစ္စည်းများကို စိုးရိမ်မိမည်ဖြစ်သော်လည်း ကျင်းယွင်ကျောင်းကမူ သူမ၏ အတိုင်းအတာကို သိသည်။ ထို့အပြင် သူတို့ဖခင်၏ ပြဿနာများ ပြေလည်သွားသည်မှာ အားလုံး သူမ၏ ကျေးဇူးများသာဖြစ်၏။
အဖိုးအိုက ညည်းလိုက်သည်။
“သွားကြ။ ဝိုင်ရမှ ပြန်လာခဲ့။ အဲလိုမှမဟုတ်ရင် တံခါးကိုဖြတ်ပြီး ခြေချဖို့တောင် မစဥ်းစားကြနဲ့”
စင်စစ် ကျင်းယွင်ကျောင်းသည် ကလေးတစ်ယောက်သာ ဖြစ်နေသေးရာ သူမသည် ဝိုင်ဖောက်ရာ၌ ကျွမ်းကျင်မှု သို့မဟုတ် အတွေ့အကြုံများများ ရှိနိုင်မည်မဟုတ်ပေ။ သူမ၌ ဖောက်ပြီးသား တစ်လုံးမှ မကျန်တော့သည်ပင် ဖြစ်နိုင်သည်။
ဦးလေးကန်က အလျင်အမြန်ပင် သဘောတူသော အသံတစ်ချက်ပြု၍ ကန်ကျင်းချန်အား တံခါးအပြင်ဘက်သို့ ဆွဲခေါ်လာခဲ့၏။ ထိုအခါမှသာ ကန်ကျင်းချန်ထံမှ သူတို့၏ ဖခင်ဖြစ်သူသည် အရက်သောက်ရသည်ကို မည်မျှကြိုက်ကြောင်း သိရှိသွားကြသည်။
ငိုရမလား ရယ်ရမလားတောင် မသိတော့ပါဘူး။
သူတို့က သူ့ကို အပြစ်ပြုမိသွား၍ မျက်နှာချိုသွေးရန် ကြိုးစားနေ၏။ သူတို့၏ အဖိုးကြီးကို သူတို့သည် ယခင်ကကဲ့သို့ ချော့ချင်နေဆဲပင်။
ကန်မိသားစု၏ သားအဖနှစ်ယောက်သည် ကျင်းယွင်ကျောင်း၏ အိမ်သို့ ချီတက်သွားကြသည်။ သူမက သူတို့လာရသည့် ရည်ရွယ်ချက်ကို ကြားသောအခါ မရယ်ဘဲ မနေနိုင်တော့ချေ။ ထို့နောက် သူမက သူတို့အတွက် ပုလင်းလေးတစ်လုံး ထုတ်ပေးလိုက်ပြီး ...
“ဦးလေးကန်၊ ဦးလေးလည်း ဒါကို မြည်းကြည့်ပါဦးနော်။ တကယ်လို့ အရသာက ဦးလေး ထင်ထားသလိုဆိုရင် အနာဂတ်မှာ ကျွန်မဆီကနေ ထပ်ပြီး လာယူလို့ရတယ်”
အဖေကန်ကသာ သမားတော်တစ်ယောက်ဖြစ်၍ အမေကန်သည် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူတို့သည် များသောအားဖြင့် သူတို့က ဧည့်ခံရသော ဧည့်သည်များ သို့မဟုတ် သူတို့က ပို့ရသော လက်ဆောင်ဟူ၍ ပြတ်သည် မရှိပေ။ သူမ၏ အရက်အရသာမှာ အလွန်ကောင်းမွန်၍ မည်သူကမှ ငြီးငွေ့နိုင်မည်မဟုတ်ပေ။ ယခုအချိန်၌ သူမ၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ ၎င်း၏ ဂုဏ်သတင်းသာ ဖြစ်သည်။
အမှန်တော့ ကျင်းယွင်ကျောင်းသည် အဖိုးကန်အပြင် အဖိုးရှုကိုလည်း ဝိုင်ပုလင်း အနည်းငယ်ပေးခဲ့၏။ စင်စစ် ဤတစ်ကြိမ် ပြဿနာကို သူလည်း ကူညီဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ယခုအချိန်၌ ကျင်းယွင်ကျောင်း အခက်အခဲတွေ့နေသည်မှာ သူမ ပြင်ဆင်ထားသော အရက်ကို တုလင်း မြည်းစမ်းကြည့်ရန်အတွက် ယွီထျန်းရှန်းသို့ ပို့ပေးရမည့်အပြင် လီရှောက်ယွင်ကရော ဘယ်လိုလဲ။
Chapter 203 : သတိတရားကင်းမဲ့ခြင်း
ဦးလေးကန်သည် ဝိုင်ကိုရရှိပြီးသည့်နောက်တွင် သူ့ စိတ်ထဲရှိ ဝန်ထုပ်ကြီးတစ်ခုကို ပစ်ချလိုက်ရသလို ခံစားလိုက်ရသည်။ မကြာမီမှာပင် အဖိုးကြီး၏ ဤဝိုင်အပေါ်ထားသည့် အချစ်သည် အကြောင်းမဲ့မဟုတ်ကြောင်း သူ သဘောပေါက်သွား၏။
ကျင်းယွင်ကျောင်း၏ အိမ်မှ ထွက်လာပြီးနောက် ဦးလေးကန်သည် သူ့ ကားထဲသို့ ဝင်လိုက်ပြီး ဂရုတစိုက်ဖြင့် ဝိုင်တစ်ငုံ သောက်လိုက်သည်။ တစ်ငုံတည်းဖြင့်ပင် သူ့ ကိုယ်တွင်းရှိ ဆာလောင်မှုများက မြင့်တက်လာသလိုပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အဖိုးအို၏အိမ်သို့ ပြန်ရောက်လာခဲ့သော်လည်း ဝိုင်နှစ်ပုလင်းသာ ကျန်တော့သည်။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ဝိုင်ပုလင်းနှစ်ဆယ်ကို ယွီထျန်းရှန်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားပို့ခဲ့၏။
စက်ရုံသည် ဝိုင်ပထမအသုတ်ကို ချက်လုပ်ရန် သုံးလခန့်ကြာမြင့်မည် ဖြစ်၏။ ဤမတိုင်မီတွင် ကုမ္ပဏီ၏ အရောင်းမြှင့်တင်ရေးအတွက် နမူနာများနှင့် ရောင်းချမှုများအတွက်ကိုမူ သူမ၏နေရာလွတ်နယ်မြေမှသာ အားလုံးထောက်ပံ့ပေးသွားမည် ဖြစ်သည်။ စင်စစ် နေရာလွတ်နယ်မြေထဲရှိ အချိန်သည် အစစ်အမှန်ဘဝထက် ပိုမြန်သောကြောင့် ၎င်းက အချိန်အများကြီး မကုန်ပေ။
သို့ရာတွင် နေရာလွတ်နယ်မြေကို အသုံးပြုသည့် ဆိုးကျိုးများမှာ ထုတ်လုပ်နိုင်သည့် ပမာဏက အကန့်အသတ်ရှိခြင်း ဖြစ်သည်။ ထို့ကြောင့် ဤသုံးလအတွင်းတွင် သူမနှင့် ပိုင်ယွီအန်း၏ ပန်းတိုင်သည် စျေးကွက်ထဲ၌ ကျောက်စိမ်းဝိညာဥ်ဝိုင်၏ ဂုဏ်သတင်း တိုးတက်လာစေရန်သာ ဖြစ်၏။
ယွီထျန်းရှန်း၏ အတွင်းထဲ၌ ဝင်ထွက်နေကြသော ဧည့်သည့်များမှာ တည်ငြိမ်နေသော ရေစီးလိုပင်။ စီးပွားရေးက တစ်ဟုန်ထိုး တိုးတက်လာသည်။
ကျင်းယွင်ကျောင်း နေ့စဥ် ပို့ပေးရသော ပါဝင်ပစ္စည်းအရေအတွက်သည်လည်း ယခင်ကနှင့် ယှဥ်ပါက နှစ်ဆထက်ပင် ကျော်နေသေး၏။
“သခင်လေးလီက မင်းမှာ သတိတရားမရှိဘူးလို့ ပြောတာ၊ သူပြောတာ မှန်တဲ့ပုံပဲ”
တုလင်းက ဝိုင်ကို တစ်ငုံသောက်ကြည့်လိုက်ပြီးနောက် စိတ်ဝင်စားမှုက လွှမ်းမိုးနေသော်လည်း လီရှောက်ယွင်က သူ့ကို တာဝန်ပေးထားခဲ့သည့် ကိစ္စကိုတော့ မမေ့ပေ။
“ရှင် ဘာကို ဆိုလိုတာလဲ”
ကျင်းယွင်ကျောင်းက နားမလည်ပေ။
သူမ၏ စိတ်ရှုပ်သွားသောအကြည့်ကိုမြင်တော့ တုလင်းက သူ့ နှုတ်ခမ်းကို ဖျပ်ခနဲ ဖိကိုက်လိုက်ကာ လီရှောက်အား တိတ်တဆိတ် လေးစားမိသွားသည်။
“လီရှောက်က မြို့တော်ကို ပြန်သွားပြီ။ သူ့ရဲ့ အရင်က လုပ်ရိုးလုပ်စဥ်ကို အခြေခံကြည့်မယ်ဆိုရင် သူ နောက်နှစ်ကျမှ ပြန်လာမှာကို ကိုယ် စိုးရိမ်တာ”
ကျင်းယွင်ကျောင်း၏ မျက်လုံးများ၌ အံ့သြသွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ မကြာသေးမီက သူမ လီရှောက်ယွင်ထံမှ မည်သည့်မက်ဆေ့ချ်၊ မည်သည့်ဖုန်းခေါ်ဆိုမှုမှ မရရှိသည်မှာ အံသြစရာ မဟုတ်တော့ပေ။ သူမ စာမေးပွဲမဖြေမီတွင် လီရှောက်ယွင်သည် ဆေးရုံမှ ဆင်းခဲ့ပြီးဖြစ်၏။ သို့ရာတွင် သူမ အလွန်အမင်း အလုပ်ရှုပ်နေပြီး ရွေးခြယ်စရာမရှိသောကြောင့် သူ၏ ဖိတ်ကြားမှုကို နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သည်။ မကြာသေးမီက သူမသည် သူ့အား ဖိတ်ကြားရန်အတွက် ရံဖန်ရံခါ တွေးမိသော်လည်း သူက အလုပ်များသော လူတစ်ယောက်ဟုတွေးမိပြီး မခေါ်ဖြစ်မိခဲ့ပေ။ အခြားသော အတွေးများကိုလည်း တွေးမိ၏။
“သူ ဘယ်အချိန်က ပြန်သွားတာလဲ။ ကျွန်မက သူ့ကို ဝိုင်ပုလင်းနည်းနည်း လက်ဆောင်ပေးချင်နေတာ။ ဒါပေမယ့် သူက ဒီမှာမရှိဘူးဆိုမှတော့ မေ့ပစ်လိုက်ပါတော့”
ကျင်းယွင်ကျောင်းက ထိုသို့ပြောလိုက်ပြီးနောက် အကျိုးသင့် အကြောင်းသင့် ရှင်းပြ၍မရနိုင်သော စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။
လီရှောက်ယွင်၏ ပုံစံမှာ လူများစွာက မိတ်ဆွေဖြစ်ချင်သော ပုံစံဖြစ်၏။ သူတို့နှစ်ဦးသည် အချင်းချင်း ထာဝရ စကားပြောဆိုဆက်ဆံနိုင်သည် ဆိုလျှင်တောင်မှ သူမသည် သူ့ မျက်လုံးအကြည့်များကို မကြိုက်ပေ။
သူသည် ထက်မြက်လွန်း၏။ သူ၏ အသက်အရွယ်အရ ရရှိလာသည့် အတွေ့အကြုံများကြောင့် သူသည် သူမ၏ အတွေးများကို အမြဲတမ်း ခန့်မှန်းနိုင်သည်။ ထို့ကြောင့် သူတို့သည် အချင်းချင်း အပြန်အလှန် အဆက်အသွယ်ရှိသည်အခါတိုင်း သူမသည် သူမ၏စိတ်ခံစားချက်များကို သူ့ဆီမှနေ၍ တစ်ခါမှ ဖုံးကွယ်မထားနိုင်ပေ။
သူမ၏ သဘောထားကို မြင်သောအခါ တုလင်းက မနေနိုင်တော့ဘဲ ပြုံးလိုက်သည်။
“မင်း စာမေးပွဲတွေဖြေနေတုန်းက သခင်လေးလီ ပြန်သွားတာပါ။ သူ မသွားခင်တုန်းက တကယ်လို့ ကိုယ်ကသာ သူ့အကြောင်းကို အစမဖော်ပေးရင် မင်းက သူ့အကြောင်းကို ဘယ်တော့မှ တွေးမိမှာ မဟုတ်ဘူးလို့ ပြောသွားသေးတယ်။ ကိုယ် ပထမတုန်းက သူ့ကို မယုံပေမယ့် ကြည့်ရတာတော့ သူ့ရဲ့ခန့်မှန်းချက်က မမှားဘူးနဲ့တူပါတယ်”
“ရှောင်ယွင်ကျောင်း၊ လီရှောက်ရဲ့ စိတ်ကြီးဝင်တတ်တာကိုပဲ မကြည့်ပါနဲ့။ ကိုယ် မင်းကို အာမခံနိုင်တယ်။ သူ ဒီနှစ် ဟွားနင်ခရိုင်မှာ ဒီလောက် အကြာကြီး နေသွားရတဲ့ အကြောင်းပြချက်က အားလုံး မင်းကြောင့်ပါပဲ။ ဒါကြောင့် နောက်တစ်ကြိမ် သူ ပြန်လာရင် မင်းက သူ့ကို နည်းနည်းလေး ပိုပြီးတော့ ကြင်ကြင်နာနာ ဆက်ဆံပေးဖို့ မျှော်လင့်မိတယ်။ တကယ်တော့ သူက လက်ထပ်သင့်တဲ့ အသက်အရွယ်ရောက်နေပြီ၊ တကယ်လို့ သူကသာ ကောင်းကင်အောက်က မိန်းမတွေအားလုံးက မင်းလိုပဲ အေးစက်စက်လို့ ထင်သွားရင် သူ တကယ်ကြီး တစ်သက်လုံး တစ်ကိုယ်တည်းသမားဖြစ်သွားလိမ့်မယ်”
တုလင်းက ထပ်မံ၍ ရယ်မောလိုက်သည်။
သူက ဤစကားကို လေးနက်သည့် အမူအရာတစ်ဝက်၊ နောက်ပြောင်သည့် အမူအယာတစ်ဝက်နှင့် ပြောလိုက်ခြင်းဖြစ်၏။
ထိုနည်းတူစွာပင် ကျင်းယွင်ကျောင်းသည်လည်း ၎င်းကို ဟာသတစ်ခုဟုသာ မှတ်ယူလိုက်မိသည်။ လီရှောက်ယွင်ကဲ့သို့ လွှမ်းမိုးမှုရှိ၍ ဥာဏ်ကောင်းထက်မြက်သော လူတစ်ယောက်အား ဆုံးရှုံံးရခြင်းက တကယ်နှမြောစရာပင်ဖြစ်ကြောင်း သူမ ဝန်ခံရန် မုန်းမိသည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် ကျောက်စိမ်းဝိညာဥ်ဝိုင်သည် သူတို့၏ ပထမဆုံး ထုတ်ကုန်ပစ္စည်းဖြစ်သော အစေ့အဆန်ခုနစ်မျိုးဖြင့် ချက်လုပ်ထားသည့် ကြယ်စင်ခုနစ်ဖော်ဝိုင်ကို စတင်ရောင်းချခဲ့၏။
ယွီထျန်းရှန်း၏ ဂုဏ်သတင်းမှာ ကောင်းမွန်၍ ဧည့်သည်အများစုမှာ လွှမ်မိုးမှုရှိသော ပုဂ္ဂိုလ်များဖြစ်ကြသည့် အဓိပ္ပါယ်ပင်။ ဤအချိန်အတောအတွင်းတွင် တုလင်းက စားပွဲတစ်လုံးကို ရွေးခြယ်၍ ဧည့်သည်များအား ဝိုင်ကိုမြည်းစမ်းကြည့်ခွင့်ပြုလိုက်၏။
ဝိုင်အား မြည်းကြည့်သည့်လူများက ၎င်းဝိုင် ဘယ်နေရာမှလာကြောင်း မေးမြန်းကြကုန်သည်။ ၎င်းမှာ ကုမ္ပဏီအသစ်တစ်ခု၏ ထုတ်ကုန်ဖြစ်ကြောင်းကြားသောအခါ အချို့မှာ စိတ်ပျက်သွားသော်လည်း တစ်ချိန်တည်းမှာပင် ဖြန့်ချိမည့်အချိန်ကို စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြ၏။
ထို့အပြင် ကန်ကျင်းချန်၏ အမေသည် ဝိုင်တစ်သုတ်ဝယ်ရန်အတွက် ကျင်းယွင်ကျောင်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့သည်။ ထုတ်ကုန်ပစ္စည်း၏ တုံ့ပြန်မှုမှာ အတော်လေး ကျေနပ်စရာကောင်း၏။
စီးပွားရေးအဝိုင်းအဝန်းသည် အလွန်ရှုပ်ထွေးသော်လည်း ၎င်းက အရမ်းမကြီးပေ။ ထုတ်ကုန်အသစ််တစ်ခုသည် ပေါ်ထွက်လာလာချင်းတွင် လူတိုင်း၏ အာရုံကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။ ထို့နောက် လူများက ၎င်း၏ အကြောင်းကို ပို၍ရှာဖွေရန် ကြိုးစားလာကြသည်မှာလည်း သဘာဝပင်။
Chapter 204 : အကြီးဆုံးသမီး
အမှန်ပင် ကျင်းယွင်ကျောင်း၏ ဝိုင်ချက်နည်းကို စိတ်ဝင်စားသည့် တူညီသော နယ်ပယ်ထဲမှ စီးပွားရေးလုပ်ငန်းများလည်း မရှိဘဲ မနေချေ။ ကန်ကျင်းချန်၏ အမေသည် သူမအား အတော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး အထူးသဖြင့် သူမအား သူမ၏ ရွေးခြယ်မှုကိုလည်း မေးခဲ့သည်။ သို့ရာတွင် ကျင်းယွင်ကျောင်းက ဝိုင်ထုတ်လုပ်နိုင်သည့် မူပိုင်ခွင့်ကို အခြားတစ်ယောက်အား ပေးထားပြီးဖြစ်ကြောင်း သိလိုက်ရသောအခါ သူမသည် မအံ့သြဘဲ မနေနိုင်တော့ပေ။
တရှဲရှဲမြည်အောင်ပင် ပူပြင်းလှသော အားလပ်ရက်များသည် အလွန်လျင်လျင်မြန်မြန် ကုန်ဆုံးသွား၍ သြဂုတ်လအဆုံးပိုင်းတွင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် ကြယ်စင်ခုနစ်ဖော်ဝိုင်ကို စျေးကွက်ထဲသို့ တရားဝင် စတင်ရောင်းချခဲ့သည်။ သို့ရာတွင် ၎င်းက အကန့်အသတ်ရှိသည့် ထုတ်ကုန်ဖြစ်သောကြောင့် လျှပ်တစ်ပြက်အတွင်းမှာပင် ရောင်းကုန်သွားခဲ့၏။
ပိုင်ယွီအန်းသည် ကုမ္ပဏီကို အရောင်းမြှင့်တင်ရန်အတွက် ဤအခွင့်အရေးကို အမိအရယူနိုင်ခဲ့၍ စိတ်ဝင်စားမှု အများအပြားရရှိခဲ့သောကြောင့် အောင်မြင်မှုရရှိကာ ကြိုတင်မှာယူမှုအရေအတွက် အတော်များများကိုလည်း ယုံကြည်စိတ်ချရအောင် စီမံခန့်ခွဲပေးနိုင်ခဲ့သည်။ ထိုအချိန်တွင် ရှန်းကျင်သည်လည်း ကျင်းယွင်ကျောင်း၏ ဘေး၌ လက်ထောက်တစ်ယောက် ဖြစ်လာခဲ့၏။ အချစ်ရေးတွင် ကြောက်စရာကောင်းလောက်အောင် ကံဆိုးသော်လည်း သူမ၏ ပညာရှင်ဆန်သော အရည်အချင်းများအရ သူမသည် တိကျပြတ်သား၍ အတွေးအခေါ်အသစ်များလည်း လိုသည်ထက်ပင် ပိုပေးနိုင်ခဲ့သေးသည်။
စီးပွားရေးလုပ်ငန်းကို ဦးဆောင်နေသည့် ဤနှစ်ယောက်ရှိနေရာ ကျင်းယွင်ကျောင်းအဖို့ စိုးရိမ်စရာမလိုတော့ပေ။
နောက်ထပ်သုံးရက်နေလျှင် ကျောင်းပြန်ဖွင့်တော့မည်ဖြစ်ရာ ကျင်းယွင်ကျောင်းသည် လိုအပ်သော ကျောင်းပစ္စည်းများ ဝယ်ရန်အတွက် ရှောင်ဟိုင်ချင်းနှင့်အတူ စျေးဝယ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် နှစ်ဦးသား ခဏကြာအောင် စျေးဝယ်ပြီးသည့်နောက်တွင် ကျင်းယွင်ကျောင်းသည် မျက်ခြေမပြတ် စောင့်ကြည့်ခံနေရသည့် ပြောမတတ်သော ခံစားမှုတစ်ခုကို ခံစားလိုက်ရ၏။ သေချာပေါက်ပင် သူတို့၏ နောက်သို့ လိုက်နေသူရှိသည်။
သို့ရာတွင် သူမ လှည့်ကြည့်လိုက်သောလည်း မည်သူမည်ဝါဟု မပြောတတ်။
“ဘာဖြစ်လို့လဲ”
ရှောင်ဟိုင်ချင်းက သံသယရှိစွာ မေးလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး။ ဟိုင်ချင်း၊ ငါ နည်နည်းပင်ပန်းနေလို့။ ဒီဆိုင်မှာ ခဏလောက် နားကြရင် ဘယ်လိုလဲ”
ကျင်းယွင်ကျောင်းက အနားရှိ အဆာပြေဆိုင်တစ်ဆိုင်ကို ညွှန်ပြရင်း အကြံပေးလိုက်၏။
၎င်းက ရှောင်ဟိုင်ချင်းအား ကျင်းယွင်ကျောင်း တစ်ခုခုဖြစ်နေကြောင်း ပို၍ပင် ခိုင်ခိုင်မာမာ ခံစားရစေသည်။ သူမ ကျင်းယွင်ကျောင်းကို အပြင်ဆွဲခေါ်လာသည့် အခါတိုင်း သူတို့က အထုပ်များကို သယ်၍ တစ်နေလုံး လမ်းလျှောက်ကြသော်လည်း ကျင်းယွင်ကျောင်းသည် ‘ပင်ပန်းသည်’ ဟူသော စကားလုံးကို တစ်ကြိမ်မှပင် ထုတ်မပြောဘူးပေ။ သူမ၏ ကိုယ်ပေါ်တွင်လည်း ချွေးတစ်စက်မျှပင် မထွက်။ သို့သော် ယခုအခါ သူတို့ အပြင်ထွက်လာသည်မှာ ခဏမျှပင် ရှိသေး၏။
ကံကောင်းသည်မှာ ရှောင်ဟိုင်ချင်း၏ အမြင်အာရုံသည် မဆိုးပေ။ ကျင်းယွင်ကျောင်း၏ အခြေအနေကို မြင်သောအခါ သူမသည် ကျင်းယွင်ကျောင်း၌ အကြောင်းပြချက်ရှိရမည်ဟု ပထမဆုံးတွေးလိုက်၏။ ထို့ကြောင့် သူမက အခြားစကားမဆိုဘဲ ခေါင်းညိတ်ပြလိုက်သည်။
ညစာစားချိန်မရောက်သေးသောကြောင့် အဆာပြေဆိုင်ထဲတွင် လူများများစားစား မရှိပေ။
ကျင်းယွင်ကျောင်းက ပုံမှန်အတိုင်းပင် မုန့်မှာလိုက်ပြီး အမြန်ဝင်ထိုင်လိုက်ကြ၏။ သူမ၏ အကြည့်များက ဝင်ပေါက်ဆီသို့ ဦးတည်နေပြီး ဆိုင်၏ အတွင်းအပြင်၌ လမ်းလျှောက်နေသော လူများကို စောင့်ကြည့်နေသည်။
ခဏမျှကြာအောင် စောင့်ကြည့်ပြီးနောက် နောက်ဆုံးတွင် သူမသည် သံသယဖြစ်နိုင်ချေရှိသည်အား တွေ့သွား၏။
တစ်ဖက်လူမှာ အသက်လေးဆယ်မှ ငါးဆယ်ကြား အမျိုးသမီးတစ်ယောက် ဖြစ်ပုံပေါ်သည်။ သူမ၏ အဝတ်အစားများက သာမန်သာဖြစ်ပြီး ဆံပင်များကလည််း ရှုပ်ပွနေကာ သူမ၏ အသားအရေက မဲညစ်နေ၏။ သူမသည် သူမ၏ ဘဝသက်တမ်းအများစုကို အလုပ်ကြမ်းလုပ်၍ ကုန်ဆုံးခဲ့ရပုံပေါ်ပြီး သူမ၏ အကြည့်များက ဂနာမငြိမ်ဖြစ်နေသည်။ အမျိုးသမီးသည် ကျင်းယွင်ကျောင်းအား မကြာခဏ လှမ်းကြည့်နေပြီး သူမ၏ အမူအယာက စိတ်ရှုပ်ကာ တွန့်ဆုတ်မှုများ ဖြစ်နေ၏။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် အခြားရိုင်းစိုင်းပုံရသော အမျိုးသားတစ်ဦးသည် အထဲသို့ လျှောက်ဝင်လာသည်။
တစ်ချက်ကြည့်ရုံနှင့်ပင် အမျိုးသားသည် အလုပ်ကြမ်းသမားတစ်ယောက်ဖြစ်ကြောင်း လူတိုင်းပြောနိုင်၍ သူ၏ အဝတ်အစားများကလည်း ကောင်းမွန်မှုမရှိပေ။ နှစ်ဦးသားသည် ခဏကြာအောင် အချိန်ဆွဲနေကြပြီးနောက် သူတို့သည် ကျင်းယွင်ကျောင်းဆီသို့ စတင်၍ လျှောက်လာကြ၏။
“ရှင်တို့...”
ရှောင်ဟိုင်ချင်းက လူနှစ်ယောက် သူတိို့၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ အံအားသင့်သွားသည်။
“အကြီးဆုံးလေး.....ဒါ ကျွန်မတို့ရဲ့ အကြီးဆုံးသမီးလေးပဲ။ ဖေကြီး၊ သူ့ကို ကြည့်ပါဦး။ ဒီမျက်လုံးလေးတွေက ကျွန်မ ငယ်ငယ်တုန်းက အတိုင်းပဲ”
အမျိုးသမီးက စတင်ပြောဆိုလိုက်၏။
ကျင်းယွင်ကျောင်းက မှင်သက်သွား၍ ရှောင်ဟိုင်ချင်း၏ နှုတ်ခမ်းများက မဲ့သွားသည်။
သူတို့က ဘယ်နေရာ တူလို့လဲ။ ကျင်းယွင်ကျောင်း၌ ခက်ထန်၍ သက်ဝင်နေသော ဇာမဏီမျက်ဝန်းအစုံရှိပြီး အမျိုးသမီး၏ မျက်လုံးများကမူ အဆုံးပိုင်းများတွင် အောက်သို့ ညွတ်ကျနေ၏။ ထို့အပြင် သူမတွင် လုံးဝန်းသော နှာခေါင်းရှိ၍ ကျင်းယွင်ကျောင်း၏ နှာခေါင်းနှင့် မတူသည်မှာ သိသိသာသာပင်။ ကျင်းယွင်ကျောင်း၏ နှာတံသည် ချွန်မြ၍ လှပစွာ ကော့တက်နေရာ နှစ်ယောက်သား၏ ပုံစံမှာ ဘာမှမတူပေ။
“ရှင်တို့ ကျွန်မရဲ့နောက်ကို တစ်လမ်းလုံး လိုက်လာတာပဲ။ တစ်ခုခု လိုအပ်လို့လား”
ကျင်းယွင်ကျောင်းက တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည်။ စင်စစ် သူမသည် သူတို့၏ အကြောင်းပြချက်များကို မသိသဖြင့် ဒေါသမထွက်ပေ။
အမျိုးသမီးသည် ထိုစကားကို ကြားသောအခါ မျက်ရည်များ ကျဆင်းလာ၍ ကျင်းယွင်ကျောင်း၏ လက်ကိုဆွဲရန် အကြမ်းပတမ်း ရှေ့တိုးလိုက်သည်။ နွေရာသီအားလပ်ရက် နှစ်လအတွင်းတွင် ကျင်းယွင်ကျောင်းသည် သူမ၏ နေရာလွတ်နယ်မြေထဲတွင် ကိုယ်ခံပညာလေ့ကျင့်၍ အချိန်ဖြုန်းနေခဲ့သည်။ သူမသည် သူစိမ်းများနှင့် ထိတွေ့ရခြင်းကိုလည်း ဘယ်တော့မှ မကြိုက်ခဲ့သောကြောင့် အလိုလိုပင် ရှောင်ထွက်လိုက်၏။
“အိုင်းယား။ မင်းက ငါတို့မိသားစုရဲ့အကြီးဆုံးသမီးပါကွယ်။ ငြင်းစရာမရှိပါဘူး”
အမျိုးသမီးက သူမ၏ အေးစက်စက် သဘောထားကို မြင်သောအခါ အော်ဟစ်ငိုယိုလိုက်သည်။
ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်ကာ ရှောင်ဟိုင်ချင်း၏ မျက်လုံးများမှာလည်း ဆက်တိုက် တင်းမာသွား၍ သူမ၏ ပါးစပ်ကို ခပ်ကျယ်ကျယ် ဟလိုက်၏။