အခန်း (၂၁၃-၂၁၆)
Vol. 11 Ch. 213-216
Chapter 213 : စောင့်ကြပ်ကြည့်ရှုရန်
ကျောက်စိမ်းဝိညာဥ် ဝိုင်ကုမ္ပဏီသည် ဖွံ့ဖြိုးဆဲ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး နယ်ပယ်ထဲတွင် အသာစီးအရဆုံးသော လွှမ်းမိုးချုပ်ကိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ ရှန်းကျင်နှင့် ပိုင်ယွီအန်းတို့က သူတို့သည် ကုမ္ပဏီ၏ ဂုဏ်သတင်းကို တိုးတက်အောင် လုပ်နိုင်၍ တစ်နှစ်အတွင်း နင်းမြို့တော်၏ အဖျော်ယမကာနယ်ပယ်၌ ခြေကုပ်ယူမှုတစ်ခု ရလာနိုင်လိမ့်မည်ဟု ယုံကြည်ကြ၏။ ထို့အပြင် နောက်ငါးနှစ်အတွင်း၌ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် နယ်ပယ်တစ်ခုလုံးကို ဦးဆောင်နိုင်အောင် သူတို့ လုပ်နိုင်လိမ့်မည်ဟူ၍ပင် မျှော်လင့်ထားကြသည်။
သူတို့သည် အကောင်းဆုံးဝိုင်ချက်နည်းကို ရှိထားသူများဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်ရာတွင် စိတ်ပူစရာ မရှိပေ။
ကုမ္ပဏီပိုင်ရှင်နှင့် ပြဿနာမရှိသရွေ့ အားလုံး အဆင်ပြေ ကောင်းမွန်လေသည်။
“ယွင်ကျောင်း၊ နောက်တစ်ခါကျရင် မန်နေဂျာပိုင်နဲ့ ငါ မင်းကို ဖုန်းနဲ့ပဲ ဆက်သွယ်လိုက်မယ်။ ဒီရက်တွေမှာ လုံလုံခြုံခြုံနေတာ အကောင်းဆုံးပဲ။ တကယ်လို့ သူတို့က မင်းရဲ့ မိဘအရင်းတွေ ဆိုရင်တောင်မှ သူတို့ရဲ့အကျင့်စရိုက်ကို အတည်မပြုရသေးဘဲနဲ့ မင်းရဲ့ စုဆောင်းငွေတွေအားလုံးကို သူတို့ဆီ ရူးရူးမိုက်မိုက်နဲ့ ပေးလို့ မရဘူးနော်”
ရှန်းကျင်က အကြံပေးလာ၏။
သူမ၏ ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းပြီး ကျင်းယွင်ကျောင်းက ကုမ္ပဏီအား လျှို့ဝှက်ချက်တစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထားရန်သာ မျှော်လင့်ခြင်းဖြစ်သည်။
ထိုကိစ္စသည် အနည်းငယ် ယုတ္တိမတန်သော်လည်း လူတစ်ယောက်သည် ဘယ်တော့မှ အလုံခြုံဆုံးမဖြစ်နိုင်ပေ။
တစ်ဖက်လူက ကျင်းယွင်ကျောင်းအား စိတ်ရင်းဖြင့် ဆက်ဆံပါက သူတို့သည် ကုမ္ပဏီအား အခွင့်ကောင်းယူရန် ကြိုးစားမည် မဟုတ်ပေ။ သို့သော် သူတို့၏ စိတ်က ရုတ်တရက် ပြောင်းလဲသွားလျှင်ရော။ ထိုလူများသည် သူမအား ပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများမဟုတ်သောကြောင့် သူတို့သည် ပုံမှန်မိဘများသကဲ့သို့ တူညီစွာ ဆက်ဆံပေးနိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် ဆယ်စုနှစ်တစ်ခုကျော် ကြာသွားပြီးနောက် သူတို့ ပြန်တွေ့သောအခါ တစ်ဖက်လူ၌ အခြားသားသမီးများရှိနေလိမ့်မည်ဟု သူမ ယုံကြည်သည်။ နှိုင်းယှဥ်ကြည့်ပါက ကျင်းယွင်ကျောင်းကဲ့သို့ အပြင်၌ စွန့်ပစ်ခံရသော ကလေးတစ်ယောက်သည် သူတို့ကျွေးမွေးပြုစုပျိုးထောင်ခဲ့သော ကလေးများလောက် အရေးမပါမည်မှာ အသေအချာပင်။
ရှန်းကျင် သူမအတွက် စိတ်ပူနေသည်ကို ကျင်းယွင်ကျောင်းက အဘယ် မသိဘဲ နေမည်နည်း။ ထို့ကြောင့် သူမ၏ နှလုံးသားလေးကလည်း နွေးထွေးသွား၏။
“စိတ်ချပါ။ ကျွန်မ ဘာလုပ်ရမလဲဆိုတာ သိပါတယ်”
သူမသည် တစ်ကိုယ်ကောင်းဆန်သော လူတစ်ယောက် မဟုတ်ပေ။ ကန်စုန့်ပိုင်ကဲ့သို့သော မိသားစုအပေါ်တွင် သူမသည် အကန့်မထားဘဲ ကောင်းမွန်စွာ ဆက်ဆံပေးသည်။ သို့သော် ချောင်ဝေ့မင်ကဲ့သို့သော လူစားများဆိုပါက... ...
ကျင်းယွင်ကျောင်းက ပြုံးလိုက်ပြီး သူမ၏ မျက်ဝန်းထဲ၌ အလင်းတစ်စ ဖြတ်ပြေးသွား၏။ သွေးသားတော်စပ်မှုက မည်မျှပင် အရေးကြီးသည် ဆိုကာမှု လူတစ်ယောက်၏ ခံစားချက်များ၊ စိတ်အခြေအနေများနှင့် ဘယ်တော့မှ မယှဥ်ပြိုင်နိုင်ပေ။
ကျင်းယွင်ကျောင်း သက်တောင့်သက်သာ ရှိနေသည်ကို မြင်မှ ရှန်းကျင်သည် စိတ်သက်သာရာရသွား၍ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ၏ ရှေ့ရှိ မိန်းကလေးသည် ငယ်ရွယ်သော်လည်း သေချာပေါက်ပင် ကလေးဆန်သော ဆယ်ကျော်သက်များနှင့် မတူကြောင်းကို သူမ မမေ့ချေ။ ကျင်းယွင်ကျောင်း၏ စကားလုံးများသည့် ယုံကြည်မှုအပြည့်ရှိပြီး သူမကို အမြဲတမ်း စိတ်သက်သာရာ ရစေသည်။
“အို...ဟုတ်သားပဲ၊ အန်တီရှန်း၊ ရှင့်ရဲ့အမေရော ဘယ်လိုလဲ။ ကျွန်မ မနက်ဖြန် သူ့ကို သွားတွေ့လို့ ရမလား”
ကျင်းယွင်ကျောင်းက ရုတ်တရက် ထ,မေးလိုက်သည်။
ရှန်းကျင်၏ မိခင်ဖြစ်သူသည် သူမ၏ ခင်ပွန်းအား ဆုံးရှုံးရခြင်းမှ ရရှိခဲ့သည့် အကျိုးသက်ရောက်မှုများကြောင့် စိတ်ကစဥ့်ကလျားဖြစ်နေ၏။ ယခင်ဆေးရုံ၌ သူမသည် ဆေးကုသမှုခံယူခဲ့သော်လည်း ချင်ဇစ်ရွှယ်၏ စရိုက်အရဆိုလျှင် သူမအား အဘယ့်ကြောင့် အပြည့်အဝ ကုသခွင့်ပြုလိမ့်မည်နည်း။ ထို့ကြောင့် သူမ၏ အခြေအနေသည် နှစ်ပေါင်းများစွာ ကုသခဲ့သော်လည်း တိုးတက်မှု မရှိခြင်းပင်။ လက်တွေ့၌ ပို၍ပင် ဆိုးလာသေး၏။
“မင်းက သွားချင်တယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့် သူက ငါ့ကိုတောင် မမှတ်မိတော့ဘူး။ လွန်ခဲ့တဲ့ရက်တွေတုန်းကလည်း ဦးလေးကန် သူ့ကို သွားကြည့်ပေးသေးတယ်။ ပြီးတော့ သူက စိတ်ကစဥ့်ကလျားဖြစ်နေတာမို့လို့ ရက်နည်းနည်းနဲ့ ပိုပြီး ကောင်းမလာနိုင်ဘူးလို့ ပြောတယ်။ သူ့အတွက် အကောင်းဆုံး ရွေးခြယ်မှုကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြန်သက်သာလာပြီးတဲ့နောက်မှာ သူ့ကို ဖြည်းဖြည်းချင်း လမ်းညွှန်ပေးပြီးတော့ အယုံသွင်းဖြောင်းဖျဖို့ပဲတဲ့။ သူ့ရဲ့အခန်းထဲက ပန်းတွေကလည်း စိတ်ငြိမ်အောင် ကူညီပေးနိုင်တယ်တဲ့”
ကျင်းယွင်ကျောင်း၏ ဆေးပညာအရည်အချင်းအပေါ်တွင် ရှန်းကျင်သည် အတိုင်းအတာတစ်ခုအထိ ယုံကြည်သည်။
သူမသည် ထိုကိစ္စကို သိပ်မရှင်းသော်လည်း ကျင်းယွင်ကျောင်းသည် ယခင်က သမားတော်များစွာအား အံ့သြထိတ်လန့်စေဖူးခဲ့သည်ကို သူမ,သိသည်။ ထို့အပြင် သူမသည် ဘယ်တော့မှ ချဲ့ကားမပြောတတ်ဘဲ အမြဲတမ််း သူမ ပြောလိုက်သည့်စကားအတိုင်း ဖြစ်အောင် လုပ်လေ့ရှိ၏။ သူမက တစ်ချက်သွားကြည့်ချင်သည်ဟု ပြောရာ ဤအကြည့်တစ်ချက်က ရှန်းကျင်အမေ၏ ရောဂါကို ကုသပေးနိုင်၊ မပေးနိုင်အား မည်သူသိမည်နည်း။
ထို့ကြောင့် ရှန်းကျင်က ပျော်ရွှင်စွာဖြင့် ခေါင်းညိတ် သဘောတူလိုက်သည်။
တစ်ချက်တည်းမှာပင် သူတို့သည် စားရင်းသောက်ရင်း စကားပြောနေကြ၍ လေထုက ပို၍ လိုက်လျောညီထွေဖြစ်လာ၏။
သို့ရာတွင် သူတို့နှစ်ယောက် စားသောက်ပြီးစီး၍ ပိုက်ဆံရှင်းရန် ဟန်ပြင်လိုက်သောအခါ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ရှန်းကျင်၏ အရှေ့၌ ပေါ်ထွက်လာ၍ သူမအား အံ့သြတကြီး ကြည့်နေသည်။
“ရှန်းကျင်၊ နင်က ရှန်းကျင် မဟုတ်လား”
သူမ၌ ကောက်ကွေ့သော ဆံနွယ်ရှည်များရှိ၍ ၁၀ စင်တီမီတာမြင့်သော ဒေါက်ဖိနပ်ကို စီးထား၏။ လက်ထဲတွင်လည်း တန်ဖိုးကြီးလက်ကိုင်အိတ်တစ်လုံးကို ကိုင်ထားပြီး အနီရဲရဲဂါဝန်အတိုတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူမ၏ ပုံစံမှာ သဘောကျစရာကောင်းသော်လည်း ကျင်းယွင်ကျောင်းကမူ သူမ၏ အရှေ့၌ ရမ်းခါနေသော ခပ်ကြီးကြီး ရင်နှစ်မြွှာကိုသာ မြင်နိုင်၏။ ထိုရင်သားများက ခါရမ်းလွန်းလှသဖြင့် ကျင်းယွင်ကျောင်း မူးဝေလာသည်။ ထို့အပြင် သူမ၏ ရေမွှေးနံ့ခပ်ပြင်းပြင်းကလည်း နှာခေါင်းကို ယားယံလာစေသည်။
“နင်က...”
ရှန်းကျင်က အနည်းငယ် ကြောင်အနေပြီး အမျိုးသမီး၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် လန့်ဖျပ်သွားမိခဲ့လေ၏။
Chapter 214 : လက်တိုလက်တောင်းခိုင်းသည့် မိန်းကလေး
ရှန်းကျင်သည် နင်းမြို့တော်နှင့် ဝေးကွာနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သောကြောင့် ဤနေရာ၌ မည်သည့်သူငယ်ချင်းမှလည်း မရှိတော့ပေ။ သူမ၏ သူငယ်ချင်းဟောင်း အချို့ဆိုလျှင် သူမကိုပင် မေ့နေကြပြီဖြစ်သည်။
“ဒါရိုက်တာရှန်း၊ ရှင် ဘာလို့ ဒီလောက်တောင် မေ့တတ်ရတာလဲ”
အမျိုးသမီးက နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလိုက်၏။
“ကျွန်မ အရင်နေ့တုန်းက သတင်းဆောင်းပါးတစ်ပုဒ် တွေ့လိုက်လို့၊ ဒါရိုက်တာချင် ဒေဝါလီခံလိုက်ရတယ်ဆိုတာလေ။ အစက ကျွန်မ ဒါကို မယုံပေမယ့် နောက်ကျ အွန်လိုင်းမှာ ပို့စ်တွေ တွေ့လိုက်တာ။ အဲဒီပို့စ်တွေထဲမှာ ဒါရိုက်တာချင်က တကယ့်ကို လုံးလုံးလျားလျား ပြောင်းလဲသွားတာပဲ။ ကျွန်မဖြင့် သူ့ကို မမှတ်မိလောက်အောင်ပဲ”
ထိုအမျိုးသမီးသည် စကားပြောရင်း သနားသည့် အမူအယာကို ထုတ်ပြလာပြီး ...
“ဒါရိုက်တာရှန်း၊ အရင်တုန်းက ကျွန်မတို့ ရှင့်ကို အရမ်းအားကျခဲ့ကြတာ။ ရှင့်မှာ မိသားစုပိုင် စီးပွားရေးလုပ်ငန်းကြီးအပြင် အနားမှာလည်း အမြဲတမ်း ဝတ္တရားကျေတဲ့ ခင်ပွန်းတစ်ယောက်လည်း ရှိတာကို။ နောက်ပိုင်း ရှင် အလုပ်ထွက်ပြီး အိမ်မှာနေတော့လည်း ကျွန်မတို့က ရှင်, ရှင့်ဘဝမှာ ပျော်နေတယ်လို့ပဲဘတွေးနေကြတာ။ ဒီလိုမျိုး လူ့အရေခြုံထားတဲ့ တိရိစ္ဆာန်ကောင် ဒါရိုက်တာချင်က ရှင့်ကို အနိုင်ကျင့်နှိပ်စက်နေမယ်လို့ ဘယ်သူသိမှာလဲ”
ထိုအမျိုးသမီးသည် ‘ဒါရိုက်တာရှန်း’ ဟု ဆက်တိုက်ခေါ်ဝေါ်သုံးနှုန်းနေသဖြင့် နောက်ဆုံး၌ ရှန်းကျင်သည် သူမ မည်သူမည်ဝါဖြစ်ကြောင်း သတိရသွားသည်။
“မင်းက ရှောင်လျို့လား”
ရှန်းကျင်က ခန့်မှန်းကြည့်လိုက်၏။
“ဘာ ရှောင်လျို့လဲ။ ဒါရိုက်တာရှန်း၊ ကျွန်မမှာ နာမည်ရှိတယ်။ လျို့သန်းချင်းတဲ့၊ ရှင် ကျွန်မကို မစ္စလျို့ ဒါမှမဟုတ် သန်းချင်းလို့ ခေါ်လို့ရတယ်။ ဒါပေမယ့် ရှောင်လျို့လို့တော့ ဆက်မခေါ်ပါနဲ့။ ရှင်ပြောပုံက ကျွန်မက ရှင့်ရဲ့လက်တိုလက်တောင်းခိုင်းတဲ့ မိန်းကလေးလိုပဲ”
လျို့သန်းချင်းက မျက်ဖြူလှန်လိုက်သည်။
ဤမမလေးသည် ငယ်စဥ်ကတည်းပင် အလိုလိုက်ခံရ၍ ပျက်ဆီးနေပြီး ဖခင်ဖြစ်သူ ကွယ်လွန်သွားသောအခါ ကုမ္ပဏီကို ချောချောမွေ့မွေ့ပင် အမွေဆက်ခံနိုင်ခဲ့၍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ခဲ့၏။ သူမသည် ရုပ်ရည်ချောမော၍ လုပ်ရည်ကိုင်ရည်ရှိသော ခင်ပွန်းတစ်ဦးနှင့်ပင် လက်ထပ်နိုင်ခဲ့ရာ မည်သူက အားမကျဘဲ နေမည်နည်း။
ထိုအချိန်က လျို့သန်းချင်းသည် အတွင်းရေးမှူးအသစ်စက်စက်လေး တစ်ယောက်သာဖြစ်သည်။ သူမသည် အမြဲတမ်းလိုလို အလုပ်၌ အမှားလုပ်မိလေ့ရှိသဖြင့် ရှန်းကျင်က သူမအား မကြာခဏ ဝေဖန်အပြစ်တင်ခဲ့ခြင်းကို သူမ အခဲမကြေဖြစ်ခဲ့၏။
လူသစ်တစ်ယောက်အား အစစအရာရာ ပြီးပြည့်စုံနေစေရန် မည်သူက မျှော်လင့်သနည်း။ ဤအကျင့်မကောင်းသော မမလေးသည် သူမ၏လစာကို အလကားပေးနေရသည့်အလား အမြဲတမ်း မလိုအပ်ဘဲနှင့် ရေးကြီးခွင်ကျယ်လုပ်လေ့ရှိသည်။
ရောက်လာသူ၌ ကောင်းသော ရည်ရွယ်ချက်မရှိပေ။ ရှန်းကျင်နှင့် ကျင်းယွင်ကျောင်းတို့သည် ဤအမျိုးသမီးက ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာနေသည်ဟု ခံစားလိုက်ရ၏။
ရှန်းကျင်သည်လည်း သူမ၏အကြောင်းကို ပို၍ မှတ်မိလာပြီး အတော်လေး အံ့သြထိတ်လန့်သွားသည်။ သူမ၏မှတ်ဥာဏ်ထဲရှိ လျို့သန်းချင်းသည် ဤကဲ့သို့ မပြုမူဖူးပေ။
ယခင်က လျို့သန်းချင်းသည် ငယ်ရွယ်၍ လှပသည်။ သူမသည် လျို့သန်းချင်း၌ ကောင်းမွန်သောစရိုက်လက္ခဏာရှိသည်ကို တွေ့ရသဖြင့် သူမ၏ဘေးတွင် အလုပ်လုပ်ခိုင်းရန် ရွေးခြယ်ခဲ့၏။ သို့သော် မမျှော်လင့်ဘဲ လျို့သန်းချင်းသည် အတော်လေး နမော်နမဲ့နိုင်သောကြောင့် သူမသည် လျို့သန်းချင်းအား အကြိမ်ရေအနည်းငယ်မျှ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့ရသည်။ သို့သော် ထိုအကြောင်းကို တွေးမိသောအခါ သူမ လျို့သန်းချင်းအား အနိုင်ကျင့်မိခဲ့သည့် အဖြစ်အပျက်တစ်ခုတစ်လေကိုမှ စဥ်းစား၍ မရပေ။
ထိုအချိန်က လူတစ်ယောက်က သူမကို သူမ၏ အဆင့်အတန်းနှင့် ကိုက်ညီသော အတွင်းရေးမှူးတစ်ယောက် ငှားချင်လားဟု မေးခဲ့၍ သူမသည် အတွေ့အကြုံရှိသူ တစ်ယောက်ကို ငှားခဲ့သည်။ ထို့အပြင် သူမ၏ အတွင်းရေးမှူးဖြစ်လာခြင်းက လျို့သန်းချင်းအတွက် အကောင်းဆုံးအခွင့်အရေးကို ရရှိခဲ့ခြင်းဆိုသည့် အဓိပ္ပါယ်ပင်။ လျို့သန်းချင်းသည် အတော်လေး ကံကောင်းသည်ဟုပင် ပြောနိုင်၍ သူမ၏ ရာထူးတိုးခြင်းအတွက် ရှန်းကျင်ကိုပင် ကျေးဇူးတင်သင့်သည်။
“ကျွန်မ ရှင့်ကို အပြစ်ပြုမိပါပြီ မစ္စလျို့။ ဒါပေမယ့် အခု ကျွန်မ ရှင့်ကို ဘေးဖယ်ပေးစေချင်သေးတယ်။ ကျွန်မတို့ ပြန်တော့မှာမို့လို့”
ရှန်းကျင်က ခဏမျှ တွေးနေပြီးနောက် ဤသို့သာ ပြန်ပြောလိုက်၏။
သူမသည် မည်သည့်ပြဿနာမှ ထပ်မဖြစ်ချင်ပေ။ အထူးသဖြင့် ကျင်းယွင်ကျောင်း၏ အရှေ့၌ ဖြစ်သည်။
“ရှင်က ဘာတွေ အလျင်လိုနေတာလဲ။ ဒါနဲ့ ရှင်တို့ ဒီနေ့ ဘာစားကြတာလဲ။ ပိုက်ဆံရှင်းဖို့ ကျွန်မ ရှင့်ကို ကူညီရဦးမလား”
လျို့သန်းချင်း၏ ကိုယ်ဟန်အနေအထားက တစ်မျိုးဖြစ်နေပြီး ကလူသလို မြူသလိုဖြစ်နေကာ သူမ စကားပြောသော လေသံကလည်း အီတီတီဖြစ်နေ၏။
“မလိုပါဘူး”
ရှန်းကျင်က ငြင်းပယ်လိုက်သည်။
“ဒါရိုက်တာရှန်း၊ ရှင် ယဥ်ကျေးနေစရာ မလိုပါဘူး။ ရှင် ဘာမှထပ်ပြီး ကောင်းကောင်းမလုပ်တော့ဘူးဆိုတာ ကျွန်မ သိတယ်။ ချင်ဇစ်ရွှယ်က ရှင့်ရဲ့ကုမ္ပဏီကိုရော ပိုက်ဆံတွေရော လိမ်သွားတယ်လို့ ကျွန်မက ကြားပါတယ်။ ပြီးတော့ ရှင်က အိမ်ထဲမှာပဲ နှစ်ပေါင်းများစွာနေခဲ့ပြီး အပြင်ထွက် အလုပ်မလုပ်ခဲ့တော့ သေချာပေါက် ရှင့်မှာ ဘာစုဆောင်းငွေမှလည်း ရှိမှာမဟုတ်ဘူး။ ကျွန်မတို့ အရင်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် သိခဲ့ကြတာကို ထောက်ရင် ကျွန်မ ရှင့်ကို ဒီထမင်းတစ်နပ်လောက်တော့ ဧည့်ခံနိုင်ပါသေးတယ်”
လျို့သန်းချင်းက သရော်လိုက်၏။ ထို့နောက် သူမသည် ပိုက်ဆံရှင်းပေးရန်အတွက် သူမ၏ လက်ပွေ့အိတ်ထဲ၌ ဟိုရှာဒီရှာလုပ်နေသည်။
“အိုင်းယား၊ ကျွန်မမှာ ကဒ်တွေပဲ ရှိတော့တယ်။ အစက ကျွန်မက ရှင့်ရဲ့ငွေရေးကြေးရေးပြဿနာကို ကူညီတဲ့အနေနဲ့ ယွမ်နှစ်ရာလောက် ပေးချင်နေတာ”
ရှန်းကျင်၏ အမူအယာက ချက်ချင်း ပျက်ယွင်းသွား၏။
သူမသည် ဤကဲ့သို့သော အမျိုးသမီးများကို နားမလည်တော့ချေ။ လျို့သန်းရှင်းက ယခုအခါ သူမသည် ရှန်းကျင်းထက် ရာထူးအဆင့်အတန်း ပိုမြင့်သည်ဟု ထင်နေသောကြောင့် သူမ၏ မောက်မာဝင့်ကြွားမှုများကို ကျေကျေနပ်နပ် ထုတ်ကြွားနေခြင်းဖြစ်ကြောင်း ရှန်းကျင် သိလိုက်သည်။
Chapter 215 : ဘဝင်မြင့်သည့် မိန်းကလေး
ရှန်းကျင်က လျို့သန်းချင်းအား တစ်ချက်ကြည့်၍ ခေါင်းယမ်းလိုက်ပြီးနောက် သူမ၏ ခေါက်ပိုက်ဆံအိတ်ကိုထုတ်၍ ငွေရှင်းလိုက်သည်။
“မင်းရဲ့စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် လူတွေဆီက အထောက်အပံ့ကို လက်ခံရလောက်တဲ့အထိ ငါ မဆင်းရဲသေးဘူး။ ပြီးတော့ မင်း ခုနက အရမ်းစကားများလွန်းသွားလို့နဲ့တူတယ်။ မင်းရဲ့မိတ်ကပ်တွေက အရာတွေထင်နေပြီ”
လျို့သန်းရှင်းက ကြောင်တောင်တောင်ဖြစ်သွားကာ အိတ်ဆောင်မှန်တစ်ချပ်ကို ခပ်မြန်မြန် ဆွဲထုတ်လိုက်ပြီး သူမ၏ မျက်နှာကို စစ်ကြည့်လိုက်သည်။
သူမ၏ မိတ်ကပ်မှာ ယခင်အတိုင်းသာ ရှိနေသည်ကို မြင်လိုက်ရရာ သူမသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ကျင်းယွင်ကျောင်းနှင့်ရှန်းကျင်တို့၏ လမ်းကို မသိစိတ်အလျောက် ပိတ်ရပ်လိုက်၏။
“ဟမ့်၊ ရှင်က ရှင်လုပ်နိုင်တာထက် ပိုဟန်ဆောင်နေပြီး အခြားသူတွေရဲ့အထင်ကြီးမှုကို ရှာဖွေနေတယ်။ ဒါရိုက်တာရှန်း၊ ရှင့်အသက်အရွယ်နဲ့ဆို ရှင်က အတော်လေး ဆွဲဆောင်မှုရှိနေသေးတာ။ ရှင်က ကျွန်မရဲ့အကူအညီကို မလိုချင်လည်း အဆင်ပြေပါတယ်။ ကျွန်မနဲ့ သိတဲ့ သူဌေးကြီးတွေ အများကြီးရှိတယ်၊ ကျွန်မ ရှင့်ကို သူတို့နဲ့ မိတ်ဆက်ပေးရင်ရော ဘယ််လိုလဲ။ အိုး...ရှင် ဒါရိုက်တာဝမ်ကို မှတ်မိလား။ သူက ရှင့်ကို နှစ်နဲ့ချီအောင် လိုက်ဖူးတယ်လေ။ ဒါပေမယ့် ရှင်က သူ့ကို ငြင်းလိုက်တာ။ အခု သူ ရှင့်ကို မြင်ရင် သေချာပေါက် စိတ်ဝင်စားနေဦးမယ်လို့ ကျွန်မယုံကြည်တယ်။ ရှင်လည်း အကျိုးအမြတ်ရဖို့ အခွင့်အရေးရှိနိုင်ပါတယ်”
လျို့သန်းချင်းက သူတို့အား ထပ်မံ၍ ထပ်ခါတလဲလဲ စိတ်အနှောက်အယှက် ပေးနေပြန်သည်။
ကျင်းယွင်ကျောင်းသည် ယခင်က လူများစွာနှင့် မတွေ့ဖူးသောကြောင့် ဤမိန်းမမျိုးကို မြင်သောအခါ သူမသည် ဒေါသထွက်သည်ထက် စပ်စုချင်စိတ်က ပိုများလာသည်။
ဤအမျိုးသမီး လျို့သန်းချင်း ဝတ်ဆင်ထားသမျှသည် နာမည်ကြီးတံဆိပ်များသာ ဖြစ်၏။ သို့သော် သူမ ဝတ်ထားသောအခါ ထိုတန်ဖိုးကြီးပစ္စည်းများက သူမအား ရာဇဝင်ထဲမှ အပျော်မယ်တစ်ယောက်အလား အပေါစားဆန်သွားစေသည်။
သူမသည် ဒေါက်ဖိနပ်အမြင့်ကြီးကို စီးထားသော်လည်း အမှန်တကယ် အရပ်မရှည်ဘဲ မိတ်ကပ်များက ထူလွန်းနေ၏။ သူမသည် အတော် အသက်ကြီးပြီဖြစ်ကြောင်း သိသာနေသော်လည်း ငယ်ရွယ်၍ သိမ်မွေ့သော မိန်းမပျိုလေးကဲ့သို့ ဟန်ဆောင်နေသေးသည်။ ထို့အပြင် သူမ၏အသံကို ကြားရခြင်းက လူများအား အနည်းနှင့်အများ အစားအသောက်ပျက်စေ၏။
ထိုအချိန်တွင် ရှန်းကျင်သည် စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ ကြောင်အ,နေသည်။ သူမသည် အသက်ရှင်ရန်အတွက် ယောက်ျားတစ်ယောက်၏ ပိုက်ဆံကိုသာ မှီခိုနိုင်သည့် ဒုက္ခတွင်းနစ်နေသော မိန်းမတစ်ယောက်နှင့် အမှန်တကယ်ပင် တူနေသည်လား။
လျို့သန်းချင်းသည် စကားပြောနေရင်း သူမ၏ အိတ်ထဲမှ ဒါရိုက်တာဝမ်၏ နာမည်ကဒ်ကို ထုတ်ယူပြီးဖြစ်သည်။ သူမ၏ အမူအယာက သနားကရုဏာများနှင့် ပြည့်နေပြီး ရှန်းကျင်အား ထိုကဒ်ကို ကမ်းပေးလာ၏။
ထိုအချိန်မှာပင် လျို့သန်းချင်း၏အနောက်မှ ယောက်ျားတစ်ယောက် ထွက်ပေါ်လာသည်။ သူသည် အနည်းငယ် ရီဝေဝေဖြစ်နေပုံပေါ်ကာ သူ၏ ဘီယာဗိုက်ကလည်း မြင်မကောင်းလောက်အောင်ပင် စူထွက်နေ၏။ သူသည် သူ၏ လက်မောင်းတစ်ဖက်က လျို့သန်ချင်း၏ ခါးကို ဆွဲဖက်လိုက်ပြီး ‘ရှောင်ပေါင်ပေ့’ ဟု ခေါ်လိုက်ရာ ကျင်းယွင်ကျောင်းသည် ချက်ချင်းပင် ကြက်သီးမွေးညှင်းများ ထသွားသည်။
(T/N: ရှောင်ပေါင်ပေ့ = ကလေးလေး/ ဘေဘီလေး/ အချစ်ကလေး။)
“ရှောင်ပေါင်ပေ့၊ မင်း ဘာလို့ ငါတို့ကို မိတ်မဆက်ပေးတာလဲ။ ဒီချစ်စရာအမျိုးသမီးလေးနှစ်ယောက်က ဘယ်သူလေးတွေများလဲ”
ထိုလူက အံသြနေသည့် ကျင်းယွင်ကျောင်းကို ရည်ရွယ်၍ စူးစိုက်ကြည့်နေရင်း မေးလိုက်သည်။
ဤနှစ်များအတွင်း၌ အဖြူထည် မိန်းကလေးများကို ရှာရန် ခက်လှ၏။ ယခု သူ့ အရှေ့၌ ရှိနေသော တစ်ယောက်သည် သူမ၏ ရုပ်ရည်ကို ကြည့်ရုံနှင့်ပင် အမှန်တကယ်ပင် ထိပ်တန်း အရည်အသွေးမြင့် ပစ္စည်းကောင်းတစ်ခုဟု ခေါ်နိုင်သည်။
စိတ်တူကိုယ်တူလူများသည် အတူတကွ ပေါင်းဖက်မိတတ်ကြ၏။ ထို့ကြောင့် သူသည် ကျင်းယွင်ကျောင်းနှင့် ရှန်းကျင်တို့အား လျို့သန်းချင်းနှင့်အတူ မြင်လိုက်သဖြင့် သူတို့အား အလိုအလျောက်ပင် တစ်အုပ်စုတည်းဟု မှတ်ယူလိုက်တော့သည်။
သူ၏ အကြည့်များက ညစ်ညမ်းလှပြီး လုံးဝ ထိန်းမနိုင်သိမ်းမရ ဖြစ်လာ၏။
“စိတ်တိုလိုက်တာနော်။ ရှင်က ရှင့်အချစ်တွေရဲ့ပစ်မှတ်ကို ဒီအဟောင်းကြီးဆီကနေ ပြောင်းချင်နေပြီပေါ့လေ။ ဟင့်...ခုနလေးတင်ကမှ ကျွန်မ ရှင့်ကို စပရိုက်တိုက်ချင်နေတာကို”
လျို့သန်းချင်းက ထိုယောက်ျားအပေါ်သို့ မှီနွဲ့လိုက်ပြီး ပျံတံ့တံ့နံ့တံ့တံ့အမူအယာဖြင့် ပြောလိုက်သည်။
သူမသည် သူတို့၏ ကံဆိုးမှုကြောင့် အနည်းငယ် ပျော်ရွှင်သွား၏။
ယခင်က ရှန်းကျင်အား လိုက်လံပိုးပန်းခဲ့သော ယောက်ျားများသည် အမြဲလိုလို ပိုက်ဆံရော ရုပ်ရည်ပါရှိသည့် လူချမ်းသာအသိုင်းအဝိုင်းမှ မင်းသားလေးများသာ ဖြစ်၏။ ထိုအချိန်က သူမသည် ရှန်းကျင်းအား နေ့စဥ်နေ့တိုင်း ပန်းစည်းလာပို့သည့် လူများစွာကို မြင်ဖူးခဲ့ရာ အလွန် မနာလိုဖြစ်ခဲ့ရသည်။
ထိုအစား ယခုအချိန်တွင်တော့ သူမ၏ စိတ်ခံစားချက်များက အများကြီး ပိုကောင်းလာ၏။ သူတို့သည် စမှတ်များ မတူလျှင်တောင်မှ ရှန်းကျင်သည်လည်း အဆုံးသတ်၌ သူမကဲ့သို့ပင် အဆုံးသတ်ရမည် မဟုတ်လား။ သူမသည် သူမ၏ ရုပ်ရည်ကို အသုံးချ၍ ငွေရရန်အတွက် အနစ်နာခံခဲ့၏။ သူမ၏ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုများနှင့် ထိန်းသိမ်းမှုများသည် ငွေ၏အရှေ့မှောက်တွင် ချက်ချင်း လဲကျဦးညွတ်ခဲ့သည်။
ရှန်းကျင်သည် ထိုအချက်ကို အထင်သေးရွံရှာ၏။ နှစ်ပေါင်းများစွာအတွင်း သူမသည် ဤကဲ့သို့သော ကိစ္စမျိုးများနှင့် တစ်ခါမှ မကြုံဖူးခဲ့ပေ။
သူတို့သည် ထိုလူ၏ အရေတွန့်နေသော လက်တစ်ဖက်က ကျင်းယွင်ကျောင်းအား လှမ်းဆွဲလိုက်သည်ကို မြင်လိုက်ကြ၍ သူက ပြောလိုက်သေးသည်။
“ညီမလေး၊ ငါ မင်းကို ကစားဖို့ ခေါ်သွားပေးမယ်”
ရှန်းကျင်က မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး ရုတ်တရက် လှောင််ရယ်လိုက်၍ ထိုလူအား စောင့်ကြည့်နေ၏။
တစ်ဖက်လူက ရှန်းကျင်၏ တုံ့ပြန်မှုကို အံ့သြသွားသည့် အချိန်မှာပင် လှမ်းဆွဲလိုက်သည့် လက်မှ “ဂျွတ်” ခနဲ့ အသံထွက်လာ၍ နာကျင်မှုတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ရုတ်တရက် လွှမ်းခြုံသွားသည်။ သူ့လက်ချောင်းများအားလုံးလည်း ကျိုးသွားသည့်အလားပင်။ သူ ချက်ချင်းပင် နာကျင်စွာ ညည်းညူလိုက်၏။
ရှန်းကျင်သည် အလွန်ဝမ်းမြောက်ပျော်ရွှင်နေသည်။ ဒီလူက ကျင်းယွင်ကျောင်းကို ထိရဲသေးတယ်လား။
ဤကဲ့သို့သော လူမျိုးများအပေါ်တွင် ကျင်းယွင်ကျောင်းက သေချာပေါက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်ကြောင်း သူမ သိ၏။ ထိုသတ္တိရှိမှုကို မြင်သည့်အခါတိုင်း ကျင်းယွင်ကျောင်းအပေါ် သူမ၏ လေးစားကြည်ညိုမှုကလည်း တိုးပွားလာခဲ့လေသည်။
Chpater 216 : ခြိမ်းခြောက်ငွေညစ်ဖို့ အခွင့်ကောင်းယူနေတာလား
ကျင်းယွင်ကျောင်းက သူမ၏ လက်ကောက်ဝတ်ကို ပွတ်ပစ်လိုက်ပြီးနောက် အသက်ပြင်းပြင်း ရှုထုတ်၍ ရှန်းကျင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဒါရိုက်တာရှန်း၊ ကျွန်မက အသက်မပြည့်သေးဘူး။ ဒီလိုရွံစရာကောင်းတဲ့ အငွေ့အသက်တွေရှိတဲ့ နေရာမျိုးနဲ့ ဝေးဝေးနေတာ ကျွန်မတို့အတွက် ပိုကောင်းမယ်ထင်တယ်”
လျို့သန်းချင်းက မှင်သက်သွား၏။
ဒီမိန်းကလေးက ဘာလို့ ရှန်းကျင်ကို ဒါရိုက်တာရှန်းလို့ ခေါ်လိုက်တာလဲ။
အစောပိုင်းက သူမ၏ပါးစပ်မှ ရှန်းကျင်ကို ဒါရိုက်တာရှန်းဟု ခေါ်လိုက်သည့်အခါတိုင်းသည် လေးစားသမှုဖြင့် မဟုတ်ဘဲ ရှန်းကျင်အား ရန်စ၍ လှောင်ပြောင်လိုသောကြောင့်သာ ဖြစ်သည်။ သို့သော် ဤမိန်းကလေးက ....
ထိုခဏမှာပင် ရှန်းကျင်က ခေါင်းငြိမ့်ပြလိုက်၍ ကျင်းယွင်ကျောင်းနှင့်အတူ စားသောက်ဆိုင်ထဲမှ ထွက်သွား၍ ကားတစ်စီးပေါ်သို့ အတူတက်သွားကြ၏။ ၎င်းမှာ ကုမ္ပဏီပိုင်ကားဖြစ်ပြီး အရောင်းအဝယ်စာချုပ်များကို ချုပ်ဆိုညှိနှိုင်းရာ၌ အဆင်ပြေပြေသွားလာနိုင်စေရန် ဖြစ်သည်။ ကား၏တန်ဖိုးက အလွန်စျေးမကြီးသော်လည်း အနည်းဆုံး ယွမ်သန်းနှင့်ချီ၍ တန်သေး၏။
လျို့သန်းချင်းသည် ထိုကားကို မြင်သောအခါ မှင်သက်ဆွံ့အသွားသည်။ အကြောင်းမှာ သူမ၏ ဘေးတွင်ရှိသော လူ၏ကားမှာ ယွမ်သောင်းဂဏန်းသာ တန်၍ ကုမ္ပဏီပိုင်ကားပင် ဖြစ်၏။ သူသည် သူဌေးကြီးတစ်ယောက် မဟုတ်သော်လည်း သူ၏ အခြေအနေမှာမူ သူမ,လောက် မဆိုးဟူ၍ မှတ်ယူ၍ ရသည်။
သူမသည် အသက်မငယ်တော့သောကြောင့် ငယ်ရွယ်၍ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသောသူများကို ရှာရန်မှာ သူမအတွက် မဖြစ်နိုင်ပေ။ ထိုအချက်ကိုမူ သူမကိုယ်သူမ နားလည်သဘောပေါက်သေးသည်။
သို့သော် ရှန်းကျင်က အဘယ်နည်း။
သူမရဲ့ခင်ပွန်းက သူမကို ငွေကြောင့် သစ္စာဖောက်ပြီး ကွာတောင် ကွာရှင်းခဲ့ပြီမဟုတ်လား။ သူမဆီမှာ ဘယ်လိုများ ဒီလိုကားကောင်းတစ်စီး ရှိနေရတာလဲ။
“မင်း ဘာတွေ အာရုံများနေတာလဲ။ ငါ့ကို ဆေးရုံလိုက်မပို့သေးဘူးလား”
လျို့သန်းချင်းသည် မောင်းထွက်သွားသည့် ကား၏ ပုံရိပ်ကို ငေးကြည့်နေစဥ်မှာပင် သူမ၏ဘေးရှိလူက အော်လိုက်သည်။
ထို့ကြောင့် လျို့သန်းချင်းသည် ထိုလူအား ဆေးရုံပို့ပြီးသည့်နောက်တွင် ငေးမှိုင်နေ၏။ နောက်ဆုံး၌ သူမသည် ကွန်ပျူတာကို ဖွင့်လိုက်ပြီး အလွန်အရေးကြီးသည့် အလုပ်ကိစ္စတစ်ခုအလား ရှန်းကျင်၏ နာမည်ကို အင်တာနက်ပေါ်၌ ရိုက်ရှာလိုက်သည်။ မူလက သူမသည် မည်သည့်ဆက်စပ်သတင်းကိုမှ ရှာနိုင်လိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း သတင်းဆောင်းပါးတစ်ပုဒ်က စခရင်ပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့၏။
ထိုဆောင်းပါးအား ဖတ်ပြီးနောက် သူမသည် အံ့သြခြင်းနှင့် ရှက်ရွံ့ခြင်းနှစ်မျိုးစလုံးကို ခံစားလိုက်ရသည်။
အစောပိုင်းက သူမ ဘာပြောပြော ရှန်းကျင်က သူမအား မျက်လုံးထဲ မထည့်သည်မှာ အံ့သြစရာမရှိတော့ပေ။ ရှန်းကျင်၏ ဘဝအခြေအနေပြောင်းလဲသွားခြင်းက သူမ မျှော်လင့်ထားသကဲ့သို့ မဆိုးဝါးခဲ့။ လွန်ခဲ့သော ဆယ်စုနှစ်က တောက်ပခဲ့သော ဘဝနှင့်ပင် ညီမျှနေသေးသည်။
ရှန်းကျင်သည် ယခု ဝိုင်စျေးကွက်နယ်ပယ်ထဲရှိ နောက်ဆုံး ရေပန်းအစားဆုံးဖြစ်သည့် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ဒုတိယ အထွေထွေမန်နေဂျာဖြစ်၏။
ဤသည်မှာ စကားလုံးအနည်းငယ်သာဖြစ်၍ ကျောက်စိမ်းဝိညာဥ်ကုမ္ပဏီ၏ ခမ်းနားကြီးကျယ်မှုများက ကျန်ရှိနေသေးသည်။ သို့သော် ဤစကားလုံးအနည်းငယ်ကပင် သူတို့ကြားရှိ ကွာခြားမှု မည်မျှကြီးမားကြောင်းကို သူမအား လုံးဝနားလည်သွားစေ၏။
သူမသည် ကုမ္ပဏီ၏ အခြေအနေများကို တစ်ခေါက်ပြန်၍ ဖတ်ကြည့်လိုက်ပြီးနောက် ကုမ္ပဏီတည်ထောင်ချိန်မှာ မကြာသေးသော်လည်း စျေးကွက် မျှော်မှန်းချက်မှာမူ အဆမတန်မြင့်မားကြောင်းကို တွေ့လိုက်ရသည်။ ထို့အပြင် ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များကလည်း ထူးခြားလှ၏။ သူတို့သည် ဝိုင်ကုမ္ပဏီအသစ်စက်စက်အား အနာဂတ်၌ အကြီးမားဆုံးကုမ္ပဏီဖြစ်လာမည်ဟု အတော်လေး မျှော်လင့်ထားကြသည်။
လျို့သန်းချင်းသည် ရုတ်တရက် နောင်တရမိသွား၏။ အကယ်၍ ခုနကသာ သူမသည် မောက်မောက်မာမာ မပြောခဲ့ဘဲနှင့် ရှန်းကျင်အား လေးလေးစားစား ဆက်ဆံခဲ့လျှင် လွန်ခဲ့သော ဆယ်နှစ်ကအတိုင်း ရှန်းကျင်၏ဘေးတွင် အလုပ်လုပ်ရန် ဖြစ်နိုင်ဦးမည်လား။
သူမသည် မကြာခဏ အဆူအငေါက် ခံခဲ့ရသော်လည်း အမှန်အတိုင်းပြောရလျှင် ဆက်ဆံရေးမှာ အလွန်ကောင်းနေဆဲပင်။ ထို့အပြင် သူမသည် ထိုရုံးငယ်လေးမှ ဝန်ထမ်းများထက် ရာထူးပိုမြင့်ခဲ့သည်။
လျို့သန်းချင်းသည် တစ်ညလုံးနီးပါး မနာလိုစိတ်ကြောင့် အိပ်မရဘဲ အိပ်ယာထဲ၌ လူးလိမ့်နေခဲ့၏။
သို့ရာတွင် ကျင်းယွင်ကျောင်းနှင့် ရှန်းကျင်တို့အတွက်မူ သူမသည် ချက်ချင်း မေ့မေ့ပျောက်ပျောက်သွားဖြစ်သွားသည့် အသေးအဖွဲ့ဖြစ်ရပ်လေးတစ်ခုသာ ဖြစ်သွားခဲ့သည်။
နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် နာတာရှည်ရောဂါဌာနတွင် ရှန်းကျင်၏ မိခင်ဖြစ်သူကို သွားတွေ့ခဲ့၏။ သွေးခုန်နှုန်းစမ်း၍ အခြားလိုအပ်သည်များကို ကြည့်ရှုပြီးသည့်နောက်တွင် သူမသည် ထိုအမျိုးသမီးကြီးအား အောင်အောင်မြင်မြင် ကုသနိုင်လိမ့်မည်ဟု ကိုယ့်ကိုကိုယ် ၁၂၀ ရာခိုင်နှုန်း ယုံကြည်မှုရှိသွားသည်။ သူမသည် သောက်ဆေးနှင့်တွဲ၍ အပ်စိုက်မှတ်နေရာများကို အချိန်တစ်ခုကြာအောင် နှိပ်နယ်ပေးရန်သာ လိုအပ်၏။ သို့သော် တစ်ရက်အတွင်း၌ ပိုကောင်းလာရန်တော့ မဖြစ်နိုင်သေးပေ။
ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သောက်ဆေးအတွက် ဆေးစာရေးပေးခဲ့၍ ရှန်းကျင်အား နှိပ်နည်းသင်ပေးပြီးသည့်နောက်တွင် သူမ နောက်ဆုံး၌ ဟွားနင်ခရိုင်သို့ စိတ်ချလက်ချ ပြန်နိုင်ပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
နောက်ဆုံး၌ နွေရာသီအားလပ်ရက် ကုန်ဆုံးသွားပြီဖြစ်၏။
သူတို့၏ပထမဆုံး ကျောင်းပြန်တက်သောနေ့တွင် ကျင်းယွင်ကျောင်း၊ စူးချူနှင့် ကန်ကျင်းချန်တို့သည် အတူတကွ လမ်းလျှောက်၍ ကျောင်းသို့ လာခဲ့ကြသည်။ သူတို့သည် တိုက်ခန်းအိမ်ယာမှ ထွက်လာသည့်အခိုက်မှာပင် ဆန္ဒစောစွာဖြင့် စောင့်ဆိုင်းနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ကြရ၏။
ထို့နောက် ဝမ်ရှင်းဖန်းက သူတို့ဆီသို့ စိုးရိမ်တကြီး လျှောက်လာ၍ ...
“ရှောင်ယွင်၊ မင်းရဲ့အဖေနဲ့ ငါက မင်း ကျောင်းပြန်တက်တော့မှာကို သိလို့ မင်းအတွက် အဝတ်အစားအသစ်တစ်စုံ ဝယ်လာပေးတယ်။ အစက ငါ မင်းကိုပါ အတူခေါ်သွားချင်ပေမယ့် မင်းက ဘယ်အခန်းမှာနေမှန်း မသိလို့”
သူမသည် စကားဆုံးသောအခါ ကျင်းယွင်ကျောင်း၏ လက်ထဲသို့ အိတ်တစ်အိတ် ထိုးထည့်ပေးလိုက်သည်။
စူးချူနှင့် ကန်ကျင်းချန်တို့သည် ဝမ်ရှင်းဖန်းအား အံ့သြတကြီးကြည့်နေကြ၍ ထူးဆန်းသည်ဟု တွေးနေကြ၏။
ဒါက ချောင်ဝေ့မင်ရဲ့ ဇနီးအသစ်လား။ ဒါပေမယ့် ချောင်ဝေ့မင်က ကျင်းယွင်ကျောင်းကို အဝတ်အစားအသစ်တွေ ဝယ်ပေးတဲ့အထိ ဘယ်လိုလုပ်ပြီး သဘောကောင်းမှာလဲ။ သူက ကျင်းယွင်ကျောင်းကို ထပ်ပြီးတော့များ ခြိမ်းခြောက်ငွေညစ်ဖို့ ကြိုးစားချင်နေတာလား။