← Chapters

အခန်း (၂၂၁-၂၂၄)

Vol. 12 Ch. 221-224

အခန်း (၂၂၁-၂၂၄)

Vol. 12 Ch. 221-224

Chapter 221 : ဒေါသပေါက်ကွဲခြင်း

ကျင်းယွင်ကျောင်း၏ ပိန်ပါးသွယ်လျကာ အေးစက်စက်နှင့် အထက်စီးဆန်သောပုံစံက သူမ ဦးတည်ရာနေရာသို့ လျှောက်သွားချိန်တွင် လူအများ၏ အာရုံစိုက်မှုကို အတော်လေး ဆွဲဆောင်နိုင်၏။

ပတ်ဝန်းကျင်ရှိ ကျောင်းသားများသည် သူမ၏ နှုတ်ခမ်းများ ခပ်တင်းတင်းစေ့ထားသည်ကို မြင်လိုက်ကြရသည်။ ထုံးစံအတိုင်း အေးတိအေးစက် သဘောထားအပြင် နှုတ်ခမ်းပေါ်တွင် ပြုံးယောင်သန်းနေခြင်းက လူများအား ကြောက်ရွံ့တုန်ယင်စေသည်။ သို့သော် ကျန်ရှ၏ မျက်လုံးထဲတွင်မူ ထိုအပြုံးက ပျော်ရွှင်ခြင်းကို ရည်ညွှန်း၏။

တကယ်တမ်း သူ ပထမဆုံးပို့ခဲ့သောစာသည် ကျင်းယွင်ကျောင်းအား စမ်းသပ်ရန်သာ ဖြစ်သည်။ ထိုစာတွင်ပါသော အကြောင်းအရာများသည် သူ ချောင်ဟုန်ယဲ့ကို ရည်းစားစာ ပေးချင်သည့်အချိန်တုန်းက အင်တာနက်မှ ကူးယူထားခြင်းဖြစ်၏။ ထိုသို့သော စကားလုံးများကသာ ချောင်ဟုန်ယဲ့အပေါ်ထားရှိသည့် သူ၏ ခံစားချက်များကို လုံလုံလောက်လောက် ဖော်ပြနိုင်လိမ့်မည်ဟု သူ ခံစားရသည်။ ထို့အပြင် မည်သူမှ မသိချိန်တွင် သူသည် လက်ခံသူ၏ အမည်ကို ပြောင်းလဲ၍ ထိုစာကို ကျင်းယွင်ကျောင်း၏ အံဆွဲထဲသို့ ခိုးထည့်ထားခဲ့၏။ သူသည် မျှော်လင့်ချက် များများစားစား မရှိပေ၊ သို့သော် ကျင်းယွင်ကျောင်းက ဤမျှလွယ်ကူလိမ့်မည်ဟု သူ တစ်ခါမှ မထင်ခဲ့မိ။

နောက်ပိုင်းတွင် သူသည် စာမျက်နှာအချို့ပို၍ ကူးယူရန် ကြိုးစားအားထုတ်ခဲ့ပြီး အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ထို့ကြောင့် သူ အသုံးပြုသော စကားလုံးများသည် ပို၍ပင် ရဲတင်းလာခဲ့၏။ ထို့အပြင် သူသည် ကျင်းယွင်ကျောင်း၌ ကြားဝင်ဖျန်ဖြေတတ်သူတစ်ယောက်၏ အကျင့်စရိုက်ရှိသည်ဟု ထင်သည်ဖြစ်ရာ သူက စာကို ပို၍ ရှင်းလင်းမြင်သာစွာ ရေးလျှင် သူမက ပို၍နှစ်သက်လာနိုင်မည် မဟုတ်လော။ အသေအချာပင်၊ သူမ၏ တုံ့ပြန်မှုများက သူမျှော်လင့်ထားသလိုသာ ဖြစ်လေသည်။

သို့ဖြစ်ရာ နောက်ဆုံးတွင် ယနေ့ ပေးသောစာ၌ သူ၏ အမည်ကို ထည့်ရေးလိုက်တော့၏။

“ယွင်ကျောင်း”

ကျန်ရှက စခေါ်လိုက်ပြီး သူ၏ လေသံကလည်း နွေးထွေးနေသည်။ သူသည် ကျင်းယွင်ကျောင်းက သူနှင့် နီးကပ်ချင်သောကြောင့် သူ့အား မေးခွန်းများမေးရင်း အကူအညီတောင်းချင်ယောင်ဆောင်ပြီး ဤနေရာသို့လာသည်ဟု ထင်လိုက်၏။

ချောင်ဟုန်ယဲ့က ကျောင်းထွက်သွားပြီး ဟယ့်ကျားစစ်က နင်းမြို့တော်သို့ ပြန်သွားရာ ကျန်ရှ၏ လက်ရှိ ထိုင်ခုံဖော်မှာ ထန်ကျစ်ဟွားဖြစ်သည်။

ထန်ကျစ်ဟွားသည် အပြင်ပန်း၌ နူးညံ့သိမ်မွေ့ပုံပေါ်သော်လည်း တကယ်တမ်း သူ၏ အကျင့်စရိုက်မှာ အေးစက်လှ၏။ များသောအားဖြင့် သူသည် ကျန်ရှ၏ တည်ရှိမှုကို စိတ်ထဲပင် မထည့်ပေ။ သို့ရာတွင် လက်ရှိအချိန်၌ သူသည် ကျင်းယွင်ကျောင်းက ကျန်ရှအား စိုက်ကြည့်နေသည်ကို မြင်သောအခါ ထူးဆန်းသည်ဟု မတွေးဘဲ မနေနိုင်တော့။

“ထန်ကျစ်ဟွား၊ ဘေးခဏဖယ်နေပေး”

ကျင်းယွင်ကျောင်းက စပြောလိုက်၏။

ထန်ကျစ်ဟွား၏ ခန္ဓာကိုယ်က ပြန်မကောင်းသေးပေ။ အကယ်၍ သူသာ မတော်တဆ တစ်ခုခုဖြစ်ပါက သူမသည် သူ့ကို ကုသရန်အတွက် အခြားနည်းလမ်းရှာနေရပေဦးမည်။

ထန်ကျစ်ဟွားက သူမ၏အနောက်သို့ ကျော်ကြည့်လိုက်ရာ ရှောင်ဟိုင်ချင်းက ရွှတ်နောက်နောက် အမူအယာဖြင့် သူ့အား လက်ညှိုးလေးကွေး၍ ခေါ်နေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် ထရပ်လိုက်၍ ရှောင်ဟိုင်ချင်း၏ ဘေးသို့ သွားထိုင်လိုက်သော်လည်း လုံးဝ နားမလည်နိုင်သေးပေ။

“ရှောင်ဟိုင်ချင်း၊ နင် သူ့ကို တားရမယ်။ ပြောင်ကျဲက အဲဒီရွံစရာကောင်းတဲ့ကောင်ကို အဖြေပေးစရာ အကြောင်းတော့ မရှိဘူး မဟုတ်လား”

စူးချူ၏ မျက်လုံးများက နီရဲနေပြီး သူမက စိုးရိမ်တကြီးဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။

ထန်ကျစ်ဟွားသည် သူမ၏ စကားကို ကြားသောအခါ ပို၍ပင် ထိတ်လန့်သွား၏။

“ဘာတွေဖြစ်နေတာလဲ”

ရွံစရာကောင်းတဲ့ကောင် ... သူက ကျန်ရှကို ဆိုလိုတာလား။ ဒါတော့ မဖြစ်နိုင်ဘူး။ ကျင်းယွင်ကျောင်းလိုမျိုး အကျင့်စရိုက်ရှိတဲ့သူက ဘယ်လိုလုပ်ပြီး ကျန်ရှလို အသုံးမကျပဲ အရေထူတဲ့ကောင်မျိုးကို ကြိုက်နိုင်မှာလဲ။

ထို့နောက် ထိုနှစ်ယောက်ရှိရာကို ပြန်ကြည့်လိုက်သောအခါ လူအတော်များများက သူတို့အား မျက်လုံးပြူး၍ စောင့်ကြည့်နေသည်ကို မြင်လိုက်ရသည်။

“ယွင်ကျောင်း၊ အရင်ဆုံး ထိုင်ပါဦး”

ကျန်ရှ၏ သဘောထားမှာ ဖော်ရွေလှ၏။ ကျင်းယွင်ကျောင်းသည် သူ့အား နောက်ဆုံး စကားပြောခဲ့သည့်အချိန်မှာ အတော်လေး ကြာပြီဖြစ်သည်။ သူမ၏ အတိတ်ဘဝ အတွေ့အကြုံက သူမအပေါ်တွင် ထင်မြင်ချက်တစ်ခု နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ခဲ့သောကြောင့်သာ မဟုတ်ပါက သူမသည် သူကဲ့သို့သော လူတစ်ယောက် ရှိသည်ကိုပင် မေ့နေလောက်ပြီ ဖြစ်၏။

ကျန်ရှက သူမကို ပိုးပန်းနေသည်လား။ ဟ ဟ ... ထိုကိစ္စ၏ နောက်ကွယ်တွင် ရှိသူကို သူမ အဘယ့်ကြောင့် မသိဘဲနေမည်နည်း။

သူမ၏ အတိတ်ဘဝ၌ဖြစ်စေ၊ ယခုဘဝ၌ဖြစ်စေ ကျန်ရှ၏ ချောင်ဟုန်ယဲ့အပေါ် အရူးအမူးချစ်မြတ်နိုးခြင်းက ဘယ်တော့မှ မပြောင်းလဲခဲ့ပေ။ ယခင်ကလည်း ချောင်ဟုန်ယဲ့ထံမှ စကားလေးတစ်ခွန်းကြောင့် ကျန်ရှသည် လူကောင်း ယောင်ဆောင်၍ ကျင်းယွင်ကျောင်းအား ထပ်ခါတလဲလဲ စိတ်အနှောက်အယှက် ပေးခဲ့သည်။ သူ၏ ဖောက်လွှဲဖောက်ပြန်လုပ်တတ်မှုက အဆင့်ပင်တက်လာခဲ့၏။ ယခု သူသည် ကျောင်း၌ပင် အမှန်တကယ် ထိန်းမနိုင်သိမ်းမရ ဖြစ်နေရဲလေသည်။

“မတ်တပ်ရပ်”

ကျင်းယွင်ကျောင်းက သူ၏ စကားကို နားမထောင်ဘဲ အမိန့်ပေးလိုက်၏။

ကျန်ရှက မျက်မှောင်ကြုံ၍ မကျေမနပ်ဖြစ်သွားသည်။

သို့ရာတွင် မျှော်လင့်ချက်သေးသေးလေးက သူ့ကို ကျင်းယွင်ကျောင်း၏ တောင်းဆိုမှုအား လိုက်နာရန် တိုက်တွန်းနေသည်။

ကျန်ရှ၏ နွေးထွေး၍ တောက်ပသော အပြုံးက အလွန်အမင်း နူးညံ့နေပုံရသော်လည်း သူ၏ တင်ပါး ထိုင်ခုံပေါ်မှ ကြွလိုက်သည်နှင့် ကျင်းယွင်ကျောင်းသည် သူမ၏ လက်ထဲရှိ စာအုပ်ကို မြှောက်လိုက်ကာ သူ၏ မျက်နှာအား ပိတ်ရိုက်လိုက်သည်ကို မြင်လိုက်ရ၏။

‘ဖြန်း’

ပုံနှိပ်စာအုပ်က ကျန်ရှ၏ မျက်နှာကို ရိုက်မိသွားပြီး နီရဲတောက်သွားလေသည်။

သူမ၏ လက်ကို သုံးရမည်လား။ ကျင်းယွင်ကျောင်းသည် အထက်စီးဆန်စွာ ပြုံးလိုက်၏။ သူမသည် သူမ၏ လက်များကို မညစ်ပတ်စေချင်ပေ။

ယခင်က သူမသည် ကျန်ရှအား လက်တုံ့မပြန်ခဲ့သည်မှာ အတိတ်ဘဝက သူမအပေါ် သူ၏ လုပ်ရပ်များသည် ချောင်ဟုန်ယဲ့က ကိစ္စများကို နောက်ကွယ်မှ ညွှန်ကြားခိုင်းစေသည့် ရလဒ်ဟုသာ ခံစားခဲ့ရခြင်းကြောင့် ဖြစ်သည်။ တကယ်တမ်း သူမသည် သူ့အပေါ်၌ တကယ့်ရန်ငြိုးရန်စ များများစားစား မရှိချေ။ သူမသည် သူ့အား မုန်းတီးသော်လည်း သူက ခွင့်မလွှတ်နိုင်သည့် အရာကို မလုပ်ခဲ့ဖူး ... ထို့ကြောင့် ယခုဘဝ၌ သူက သူမအား ဒုက္ခပေးနေသော်လည်း အနာဂတ်တွင် ပို၍ ဆိုးသော အမှားများ ထပ်မလုပ်ရဲရန်သာ ပညာပေးခဲ့သည်။ သူမ ချောင်ဟုန်ယဲ့အား လုပ်ခဲ့သလိုမျိုး သူ့အား ပြင်းပြင်းထန်ထန် မလုပ်ခဲ့ပေ။ သို့ရာတွင် သည်းခံခြင်းကလည်း သူ့အတိုင်းအတာနှင့်သူ ရှိလေသည် မဟုတ်ပေတကား။

Chapter 222 : ပူးပေါင်းဆောင်ရွက်ခြင်း

ကျင်းယွင်ကျောင်း၏ ရိုက်ချက်မှ ခပ်ပြင်းပြင်းမြည်သံသည် တစ်တန်းလုံးကို ပဲ့တင်ထပ်သွား၍ အတန်းထဲရှိ လူတိုင်းက အံ့သြတကြီး လှမ်းကြည့်လာကြသည်။

“ကျင်းယွင်ကျောင်း၊ နင် ရူးနေတာလား”

ကျန်ရှက အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာက စပ်ဖျဥ်းဖျဥ်း နာကျင်နေကာ နားထဲတွင်လည်း တဝီဝီမြည်သံများကိုပင် ကြားနေရ၏။

‘ဖြန်း’

ကျင်းယွင်ကျောင်းက သူမ၏ တိုက်ခိုက်မှုကို ဘက်ပြောင်းလိုက်ပြီး နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။

ထိုအခါ ကျန်ရှ၏ ပါးနှစ်ဖက်လုံးသည် ချက်ချင်းပင် ဘာဘွန်းမျောက်ဖင်ကဲ့သို့ နီရဲသွား၏။ ကျင်းယွင်ကျောင်းက အေးစက်စက် လှောင်ရယ်လိုက်ပြီး သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။

“ငါ ရူးလား၊ မရူးဘူးလားဆိုတာ နင် မကြာခင် သိမှာပေါ့”

သူမ၏ စကားဆုံးသည်နှင့် ရိုက်ချက်များက ကျန်ရှ၏ မျက်နှာဆီသို့ ဟာရီကိန်းမုန်တိုင်းအလား တရစပ်ကျရောက်လာ၏။ ကျင်းယွင်ကျောင်း အသုံးပြုသည့် စာအုပ်သည် မထူသော်လည်း ထိုရိုက်ချက်အပေါ်တွင် ထည့်ထားသော ခွန်အားကြောင့် အရိုက်ခံရသူကို များစွာ နာကျင်စေသည်။ ထိုမျှသာမက ကျန်ရှသည် ကျင်းယွင်ကျောင်းကြောင့် လွတ်လမ်းမရှိတော့ဘဲ သူ၏ ထိုင်ခုံ၌သာ ပိတ်မိနေ၏။

ခဏမျှကြာသောအခါ ကျန်ရှသည် ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ အသံကျယ်ကြီးနှင့်အတူ လဲကျသွားသည်။ သူက နာကျင်စွာ အော်ဟစ်၍ သူ၏ စာရေးခုံအောက်မှ တွားသွားရန် ဟန်ပြင်လိုက်သော်လည်း သူ ခေါင်းထွက်လာသည့်အခိုက်မှာပင် ကျင်းယွင်ကျောင်းက သူ့အား ကြွက်တစ်ကောင်ကို အမြီးမှ ဆွဲသကဲ့သို့ တရွတ်တိုက် ဆွဲသွား၏။ ချက်ချင်းပင် သူမသည် သူ့အား နံရံဘက်သို့ ကိုင်ပေါက်လိုက်ပြီး သူ၏ စာရေးခုံပေါ်မှ စာအုပ်များနှင့် စတင်ပစ်ပေါက်လေတော့သည်။

ကျင်းယွင်ကျောင်း၏ ရက်စက်ကြမ်းကြုတ်သောပုံစံက သူမ၏ အတန်းဖော်များအား ဆွံ့အ,သွားစေ၏။

စာသင်နှစ်စပင် ရှိသေးသော်လည်း ဤဖြစ်ရပ်က သူတို့အတွက် ကျင်းယွင်ကျောင်း လူတစ်ယောက်အား ရိုက်နှက်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်ပေ။

နောက်ဆုံးအကြိမ် အရိုက်ခံရသူမှာ မည်သူနည်း။ သူမ၏ မွေးစားအဖေနှင့် ချောင်ဟုန်ယဲ့ ဖြစ်သည်။ သူတို့သည် အော်ဟစ်ငိုကြွေးသည်အထိ အရိုက်ခံရသော်လည်း သူတို့ကျူးလွန်ခဲ့သော ပြစ်မှုများအားလုံးအတွက် ထိုက်တန်ပေ၏။ ကျန်ရှကရော။ သူ ဘာလုပ်ခဲ့သနည်း။ ကျင်းယွင်ကျောင်း ဒေါသထွက်နေပုံအရဆိုလျှင် သူတို့သာ သူမကို ဆက်လွှတ်ထားပါက ကျန်ရှသည် သေသည်အထိ အရိုက်ခံရမည်လား။

ထိုကြောင့် အတန်းခေါင်းဆောင် ကျီသာ့ယုံးသည် ကြားဝင်ဖျန်ဖြေပေးရန် ဟန်ပြင်လိုက်သော်လည်း သူ ဝင်ဆွဲခါနီးမှာပင် ရှောင်ဟိုင်ချင်းက သူ့ကို အနောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။

“အတန်းခေါင်းဆောင်၊ နင် အဲဒီနေရာကို သွားချင်တာ သေချာလို့လား။ ငါ အာမခံတယ်၊ အခု ငါ့ရဲ့ယွင်ကျောင်းက သွေးဆာနေတာ၊ သူ နင့်ကို သေချာပေါက် မှတ်မိမှာ မဟုတ်ဘူး။ နင်သွားရင် ငါလည်း နင့်ကိုကယ်နိုင်မှာ မဟုတ်ဘူးနော်”

ရှောင်ဟိုင်ချင်းက စေတနာနှင့် သတိပေးလိုက်သည်။

ကျီသာ့ယုံက တုန်ယင်သွားပြီးနောက် တံတွေးမြိုချလိုက်ကာ မေးလာ၏။

“ကျင်းယွင်ကျောင်းက ခေါင်းရော ကောင်းသေးလား”

ဒါက ပုံမှန်ဖြစ်နေကျကိစ္စများ ဖြစ်လာလေမှာလား။

ကြောက်စရာကောင်းလွန်းတယ်။ ကျန်ရှကို ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါးရိုက်ပစ်နေလဲဆိုတာကို ကြည့်ပါဦး။

နေပါဦး ... နေပါဦး ... နေပါဦး။ ဒါ မဟုတ်သေးဘူး။

အတန်းခေါင်းဆောင်ကျီက ခေါင်းယမ်းလိုက်၏။ ဤကဲ့သို့ မလိုအပ်သည်များကို စဥ်းစားနေရမည့် အချိန်မဟုတ်ပေ။ သူသည် သနားစရာကောင်းသော ကျန်ရှကို ကြည့်လိုက်၊ ရက်စက်ကြမ်းကြုတ်သော ကျင်းယွင်ကျောင်းကို ကြည့်လိုက်နှင့် တွေဝေနေပြီးနောက်တွင် ဆရာရုံးခန်းသို့ အလျင်အမြန် ပြေးသွားလေသည်။

လက်ရှိအချိန်တွင် ကျန်ရှသည် လူရုပ်ပင် မပေါ်တော့ချေ။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး ကျင်းယွင်ကျောင်း၏ ရိုက်ချက်များအောက်တွင် မလှုပ်ရှားနိုင်တော့။

ကျန်ရှ၏ နဂိုမူလရုပ်ရည်ကို ၇/၁၀ ဟု အဆင့်သတ်မှတ်နိုင်သော်လည်း ယခု ကျင်းယွင်ကျောင်းထံမှ အရိုက်အနှက်ခံပြီးနောက်တွင် သူ၏ ရုပ်ရည်မှာ ချက်ချင်းပင် ၃/၁၀ အဆင့်ဖြစ်သွားသည်။

သို့သော် ကျင်းယွင်ကျောင်းသည် ကျန်ရှအား အနည်းငယ်မျှပင် သနားစိတ်မဝင်သည့်အပြင် သနားငဲ့ညာမှုလည်း မရှိဘဲ သူ့အား ဆက်လက်၍ ကန်ကျောက် ထိုးကြိတ်နေသည်။

နှစ်မိနစ်ကျော်မျှကြာသောအခါ ဆရာကျီသည် ချွေးများစိုရွှဲနေသော မျက်နှာနှင့် အပြေးအလွှား ရောက်ရှိလာပြီး သူနှင့်အတူ လူတစ်စုကိုလည်း ခေါ်ဆောင်လာခဲ့၏။ စာသင်ခန်းထဲသို့ လှမ်းမြင်လိုက်ရသောအခါ သူသည် မေ့လဲလုနီးပါးပင် ဖြစ်သွားရသည်။

ဆရာတစ်ယောက်အနေဖြင့် သူသည် ကျန်ရှအား စိတ်ပူနေသည်မှာ သိသာသော်လည်း လူကြီးတစ်ယောက်၏ တစ်ကိုယ်ကောင်းဆန်သော အမြင်နှင့်မူ သူသည် ဤကိစ္စကြောင့် ကျင်းယွင်ကျောင်း တစ်ခုခုဖြစ်သွားမည်အား ပို၍ စိုးရိမ်မိ၏။

ဤကိစ္စကိုသာ အခြားလူများက ချဲ့ကား၍ အတင်းပြောကြပါက သူမသည် ပညာဆက်လက်သင်ကြားနိုင်လျှင်တောင်မှ သူမ၏ ဘဝတွင် ထာဝရ ဖျောက်ဖျက်မရသော အစွန်းအထင်းတစ်ခု ဖြစ်ကျန်ခဲ့လိမ့်မည်။

“ရပ်စမ်း။ ကျင်းယွင်ကျောင်း၊ မင်း အခုချက်ချင်း ရပ်လိုက်တာ ပိုကောင်းမယ်”

ကျင်းယွင်ကျောင်းသည် ဆရာကျီ၏ အသံကိုကြားသည်နှင့် ချက်ချင်းရပ်လိုက်သည်။ ထို့နောက် သူမသည် နောက်ပြန်ဆုတ်လိုက်ပြီး သူမ၏ အိတ်ထဲမှ တစ်ရှူးအစိုတစ်ရွက်ကို ယူကာ သူမ၏ ဖိနပ်များနှင့် လက်များကို သုတ်လိုက်၏။ သူမ၏ အပြုအမူများမှာ လူသတ်သမားက လူသတ်ပြီးနောက် သက်သေဖျောက်နေသည့် အပြုအမူနှင့်ဆင်တူနေသဖြင့် စောင့်ကြည့်နေသူများအား ကြက်သီးမွေးညှင်းထစေသည်။

ထို့နောက် ဆရာကျီက သက်ပြင်းများချနေစဥ်မှာပင် ကျင်းယွင်ကျောင်းက သူ့ဆီသို့ လျှောက်လာပြီး ပြောလိုက်၏။

“ဆရာ၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါ။ ကျွန်မ ဆရာနဲ့ ပြည့်ပြည့်ဝဝ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဆရာ လိုအပ်သလို ညွှန်ကြားတဲ့အတိုင်း လုပ်မှာပါ”

သူမသည် မတိုက်ခိုက်မီကပင် သူမကိုယ်သူမ ကာကွယ်ရမည့် နည်းလမ်းကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် သူမက လူတစ်ယောက်ကို ရိုက်တော့ရော၊ ကျန်ရှသည် ထိုလုပ်ရပ်နှင့် အပြည့်အဝ ထိုက်တန်၏။ သူသည် အသက်ရှင်နေသေး၍ လှုပ်ရှားနိုင်သေးသည်။ ထို့အပြင် သူမ သူ့ကို ရိုက်နေစဥ်က ဒဏ်ရာကြီးကြီးမားမား ရမသွားစေရန် သူမ၏ ခွန်အားကို ထိန်းချုပ်ထားခဲ့ရာ သူသည် ပြင်းပြင်းထန်ထန် နာကျင်ရုံသွားသာဖြစ်၏။ သူမသည် ကိုယ့်ဒုက္ခကိုယ်ရှာသည်အထိ မတုံးအ,သေးပေ။

Chapter 223 : တာဝန်ယူတာဝန်ခံခြင်း

ဆရာကျီ၏အမြင်တွင် ယနေ့သည် သူ ကျင်းယွင်ကျောင်းအား အမှန်တကယ် သိလိုက်ရသည့် ပထမဆုံးနေ့ဖြစ်သည်။

သူ၏ အတန်းကိုယ်စားပြုအနေနှင့် ဆရာကျီသည် ဤမိဘမဲ့ ကလေးမလေးအား မကြာခဏ အာရုံစိုက်မိသော်လည်း သူ အာရုံစိုက်မိသည့်အချိန်တိုင်း အလွန်ကျေနပ်အားရမှုကို အမြဲတမ်း ခံစားရစမြဲဖြစ်၏။ ကျင်းယွင်ကျောင်းသည် အလွန်သိတတ်ပြီး ကျောင်းတွင်လည်း အမြဲနာခံမှုရှိသည်။ သူမသည် အခြားကျောင်းသားများနှင့် ခပ်ခွာခွာနေသော်လည်း သူမတွင် ကိုယ်ပိုင်သူငယ်ချင်း အသိုက်အမြုံလေးရှိ၏။ ထို့အပြင် သူမသည် ဘယ်သောအခါမှ ပြဿနာရှာလေ့မရှိဘဲ အဆင့်များကလည်း ကောင်း၏။

သို့သော် ယနေ့ ရုတ်ရုတ်သဲသဲဖြစ်ရပ်တွင် ကျင်းယွင်ကျောင်း၏ အတွင်းစိတ် အကျင့်စရိုက်အစစ်အမှန်သည် သူမ အပြင်ပန်း၌ ပြသထားသည်နှင့် လုံးဝကွာခြားလှပေသည်။

သူမ၏ ပုံစံသည် ပိန်ပါး၍ အားနည်းပြီး လေတိုက်လျှင်တောင် ခံနိုင်မည့်ပုံမပေါ်ပေ။ အကယ်၍ သူ၏ မျက်လုံးများနှင့်သာ ထိုမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မမြင်လိုက်ရပါက ကျင်းယွင်ကျောင်းက စတင်တိုက်ခိုက်သည်ဟုဆိုလျှင် သူယုံနိုင်မည် မဟုတ်ပေ။

“ကျင်းယွင်ကျောင်း၊ မင်း ဒီနေရာမှာ ဘာတွေလုပ်နေတာလဲ”

ဆရာကျီက ဒေါသထွက်နေသည်။

ဘာကို ပူးပေါင်းမှာလဲ။ ကိစ္စတွေက ဒီအဆင့်ထိရောက်နေမှတော့ ပူးပေါင်းဆောင်ရွက်ရုံနဲ့တင် ပြဿနာကို ဖြေရှင်းနိုင်မှာလား။

ဒီကျန်ရှက ဝက်ခေါင်းလို ဖူးယောင်နေအောင် အရိုက်ခံထားရတော့ ကျန်မိသားစုက သေချာပေါက် လာရှာမှာပဲ။ အဲဒီအချိန်ကျရင် သူ့ရဲ့မိဘတွေက သူမနဲ့ ပြေပြေလည်လည် ဖြေရှင်းပြီး လက်ခံပေးဖို့ ဆန္ဒရှိပါ့မလား။

“ဆရာကျီ၊ ကျွန်မက လူတွေကို အကြောင်းရင်းမရှိဘဲ မရိုက်ပါဘူး။ အရင်က လမ်းသရဲတွေအများကြီးက ကျွန်မကို လာရှာပြီး ကောလဟာလတွေ ဖြန့်တော့လည်း ကျွန်မ ဒါကို သည်းခံနိုင်ခဲ့ပါတယ်။ အခု ကျန်ရှကို ဒီလို ကြမ်းကြမ်းတမ်းတမ်း လုပ်မိတာ သူက ကျွန်မကို စိတ်လွတ်သွားအောင် လုပ်လို့ဆိုတဲ့ သက်သေပါပဲ။ ဒါ့အပြင် သူက ဒီလိုပုံစံမျိုးဖြစ်သွားပြီဆိုတော့ သူ့မိသားစုကို ဆက်သွယ်ဖို့အတွက် ကျွန်မ ဆရာကျီကိုပဲ ဒုက္ခပေးရတော့မယ်။ ဖြစ်လာသမျှ အားလုံးကို ကျွန်မ တာဝန်ယူပါတယ်”

ကျင်းယွင်ကျောင်းက ခါးမတ်မတ်ရပ်နေပြီး သူမ၏ အသံကလည်း ကြည်လင်နေကာ စိတ်ထားကလည်း ပြတ်သားလှသည်။

ဆရာကျီက သူမ၏ စကားကို ကြားသောအခါ မုတ်ဆိတ်မွေးများပင် တလှုပ်လှုပ်ဖြစ်သွားသည်အထိ ဒေါသထွက်သွားပြီး သက်ပြင်းချလိုက်၏။

“မင်း ... ငါ့ကို ဘယ်လိုများပြောစေချင်နေတာလဲ။ ကျန်ရှကို အရင်ဆုံး ကျောင်းဆေးခန်းကို ပို့လိုက်။ ကျင်းယွင်ကျောင်း၊ မင်းက ငါနဲ့လိုက်ခဲ့”

တာဝန်ယူမယ်တဲ့လား။ ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ နစ်နာကြေးကတော့ သေချာပေါက် ပေးရမှာပဲ။ ဒါ့အပြင်လည်း ကျန်မိသားစုက ကျင်းယွင်ကျောင်းကို သေချာပေါက် ကျောင်းထုတ်စေချင်မှာ။ ဒါမှမဟုတ်ရင် သူတို့ရဲ့ ဒေါသကို ဘယ်လိုများ ချွေးသိပ်ရမလဲ။

ဆရာကျီသည် ဒေါသထွက်နေပြီး သူ၏စိတ်ထဲတွင် ကျန်မိသားစုကို မည်သို့ပြောရမည်ဆိုသည်အား သေသေချာချာ စဥ်းစားနေသည်။

အကယ်၍ ကျင်းယွင်ကျောင်းသာ ကျောင်းထုတ်ခံရပါက နှမြောစရာ ကောင်းလွန်းလှ၏။

ထို့နောက် ကျင်းယွင်ကျောင်းသည် ဆရာကျီ၏နောက်သို့ လိုက်လာခဲ့ပြီး လူရှင်းသောနေရာသို့ ရောက်သောအခါ သူက ပြောလာ၏။

“ငါ့ကို သေသေချာချာ ရှင်းပြစမ်း။ မင်းက လူတွေကို စပြီးရိုက်နှက်ရလောက်အောင်အထိ ဘာတွေများဖြစ်ခဲ့တာလဲ”

“တကယ်တော့ ကိစ္စအကြီးကြီး မဟုတ်ပါဘူး။ ကျန်ရှက ကျွန်မကို အထင်သေးပြီး စော်ကားလို့”

ကျင်းယွင်ကျောင်းက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

“အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ငါ အမှန်တရားကိုပဲ ကြားချင်တယ်။ ကျန်ရှက မင်းရဲ့ထိုင်ခုံဖော် မဟုတ်ဘူး။ ပြီးတော့ ငါ အရင်က မင်းတို့ အဆက်အဆံရှိတာကိုလည်း သိပ်မမြင်ဖူးဘူး။ သူက မင်းကို ဘယ်လို အထင်သေးစော်ကားမှာလဲ။ မင်းမှာ သက်သေရှိလို့လား”

ဆရာကျီက ခေါင်းမာမာဖြင့် မေးလိုက်သည်။

“ဆရာကျီ၊ ကျွန်မဆီမှာ ကျွန်မကိုယ်ကျွန်မ ကယ်ဖို့အတွက် သက်သေရှိပါတယ်”

ထို့နောက် ကျင်းယွင်ကျောင်းက ရည်းစားစာတစ်စောင်ကို ထုတ်ပြလိုက်၏။ ဤစာထဲ၌ ပါသော အကြောင်းအရာများမှာ အခြားစာများနှင့်ယှဥ်လျှင် ညစ်ညမ်းမှု အနည်းဆုံးဖြစ်သော်လည်း ဆရာကျီသည် ဤစာကို စဖတ်လိုက်သည့်အချိန်မှာပင် သူ၏ အသားအရေက နီမြန်းလာသည်။

ဆရာကျီသည် အတော်လေး အသက်ကြီးပြီဖြစ်၍ သူ၏ အကျင့်စရိုက်မှာ စည်းကမ်းတင်းကြပ်ပြီး အနည်းငယ် သမားရိုးကျဆန်၍ ရှေးရိုးစွဲသမားတစ်ယောက်ဟုပင် ဆိုနိုင်သည်။ များသောအားဖြင့် သူအမုန်းဆုံးကိစ္စမှာ ဆယ်ကျော်သက်များက အသက်ငယ်ငယ်နှင့် အချစ်အကြောင်း ပြောကြခြင်းကိုပင် ဖြစ်၏။ ကျောင်းပြင်ပ၌ ဆိုပါက သူ၏တုံ့ပြန်မှုမှာ မပြင်းထန်သော်လည်း ကျောင်းဝန်းအတွင်း၌မူ ဆရာကျီသည် ဤကိစ္စမျိုးကို ဘယ်တော့မှ သည်းမခံခဲ့ပေ။

ထို့ကြောင့် သူသည် ဤရည်းစားစာထဲရှိ အကြောင်းအရာများကို မြင်သောအခါ ဒေါသအိုးပေါက်ကွဲသွားပြီး အခြားသူများအား မျက်နှာမပြရဲလောက်သည်အထိပင် ရှက်ရွံ့မိသည်။

ထို့အပြင် ဤစာကို ရေးသူမှာ သူ၏ ကျောင်းသားဖြစ်သည်။ အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် သင်းသည် ဤကဲ့သို့ ပွင့်လင်းမြင်သာသော ကိစ္စများကို ရေးရဲသေးသည်။

သူ ဆရာလုပ်နေသည့် သက်တမ်းတစ်လျှောက်တွင် မရေမတွက်နိုင်အောင်များသော ရည်းစားစာများကို သိမ်းခဲ့ဖူး၏။ သို့သော် ဤကဲ့သို့ ဆိုးဝါးသည့် ကိစ္စမျိုးမှာမူ ပထမဆုံးအကြိမ်ဖြစ်သည်။

သူ့ကို ရိုက်ပစ်၊ သူက ရိုက်တာနဲ့ပဲ တန်တယ်။

စာကို ကိုင်ထားသော ဆရာကျီ၏ လက်များက ဒေါသထွက်လွန်းသဖြင့် တုန်ယင်နေ၏။

“ဒါကို သေချာသိမ်းထား။ ကျန်ရှရဲ့မိဘတွေရောက်လာရင် ဒါကို ထုတ်ပြလိုက်။ ကျန်မိသားစုက သေချာပေါက် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်မှာပဲ။ မင်းက ဒီရည်းစားစာကို ကိုင်ထားပြီး သူတို့နဲ့ ကောင်းကောင်းမွန်မွန် စကားပြောကြည့်ရမယ်”

ဆရာကျီအတွက် ထိုကိစ္စများကို ဟောင်ဖွာဟောင်ဖွာ ပြောရန်မှာ မသင့်တော်လှပေ။

အကယ်၍ ဆရာကျီသည် အစောပိုင်းက ကျန်ရှအား သနားကရုဏာသက်နေခဲ့သည်ဟု ဆိုနိုင်ပါက ယခုအချိန်တွင်မူ သူသည် ထိုအရှက်မရှိသော သတ္တဝါအား ကျောင်းမှ ထုတ်မပစ်နိုင်ခြင်းကို အားမလို အားမရနှင့် မုန်းတီးနေလေတော့ပေသတည်း။

Chapter 224 : ဘက်လိုက်သော အကူအညီ

ဆရာကျီသည် ဤခေတ်၌ လူများက ပို၍ပွင့်လင်းလာကြပြီး ယခင်ခေတ်ကကဲ့သို့ ဤကျောင်းသားများကို စည်းမျဥ်း စည်းကမ်းများနှင့် အချိန်ပြည့် ကန့်သတ်ထိန်းချုပ်မထားနိုင်ကြောင်း သိထားခဲ့သည်။ သို့သော် ကျန်ရှကမူ အမှန်တကယ် လွန်လွန်းလှ၏။

အကယ်၍ ကျန်မိသားစုကသာ ကျင်းယွင်ကျောင်းကို အခွင့်အရေးပေးရန် ငြင်းပယ်ပြီး သူမကို ဒုက္ခပေးရန် ခေါင်းမာနေပါက သူသည်လည်း ဆရာတစ်ယောက်အနေနှင့် ကျန်ရှ ကဲ့သို့သော ကျောင်းသားတစ်ယောက်ကို ဤကျောင်းမှ ထုတ်ပစ်နိုင်သည့် အခွင့်အရေးရှိသည်။

“ကျေးဇူးတင်ပါတယ်၊ ဆရာ”

ကျင်းယွင်ကျောင်းက ဆရာကျီအား စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။

သူမသည် သူမ၏ ကျောင်းဖော်များနှင့် ရေစက်မပါသော်လည်း ဆရာသမား၊ အကြီးအကဲများနှင့်မူ ရေစက်ကောင်းရှိသည်။ ထို့ကြောင့် သူမ၌ မိဘတစ်ယောက်မှ မရှိလျှင်လည်း ကိစ္စမရှိပေ။ သူမသည် လူကြီးမိဘများထံမှ ဂရုစိုက်မှုများစွာကို ရရှိထားပြီးဖြစ်၏။

ဆရာကျီက သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် ကျန်မိသားစုမှ မိဘများအား အကြောင်းကြားလိုက်၏။

ကျန်ရှအား ကျောင်းဆေးခန်းသို့ ပို့ထားချိန်တွင် ကျင်းယွင်ကျောင်းသည် အတန်းထဲသို့ ပြန်လာ၍ သင်ခန်းစာများကို ဆက်လက်သင်ယူနေသည်။

စာသင်ချိန်တစ်ချိန်ပြီးသွားပြီးနောက် သောကပွေနေသော လင်မယားစုံတွဲတစ်တွဲသည် သူတို့၏ စာသင်ခန်းတံခါးဝသို့ ရောက်လာ၏။ သူတို့ ရောက်လာသည်နှင့် ကျင်းယွင်ကျောင်းအား အပြင်ထွက်လာရန် ချက်ချင်း ခေါ်လိုက်သည်။

သို့ရာတွင် သူမ တံခါးဝကိုဖြတ်ပြီး ခြေချလိုက်သည်နှင့် တစ်ဖက်လူက လက်မြှောက်၍ သူမကို ရိုက်လိုက်သည်။ ကံကောင်း၍ ကျင်းယွင်ကျောင်းက အလျင်အမြန် တိမ်းရှောင်လိုက်နိုင်ကာ သူ၏ လက်ကောက်ဝတ်ကို ဖိချုပ်ထားလိုက်နိုင်၏။

“ကလေးတွေက လူကြီးမိဘတွေရဲ့ခြေရာအတိုင်း လိုက်နင်းကြတာပဲ။ နောက်ဆုံးတော့ ကျန်ရှ ဘာလို့ ဒီလိုလုပ်ရပ်တွေ လုပ်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားပြီ”

သူတို့သည် ကျင်းယွင်ကျောင်းက ဤကဲ့သို့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မည်ဟု မျှော်လင့်မထားသည်မှာ အသိအသာပင်။ ထို့ကြောင့် သူတို့၏ အမူအယာများက မိနစ်ပိုင်းအတွင်း ပို၍ဆိုးရွားလာသည်။

ကျန်ရှ၏ မိခင်ဖြစ်သူသည် ချောမောလှပ၍ အခြားသူများအား မောက်မာသည့် ခံစားချက်ကို ပေးစွမ်းနိုင်၏။

“ငါ့သားက မင်းအကြောင်းပြောပြတာကို ငါကြားပြီးပြီ၊ မင်းက ကျင်းယွင်ကျောင်း ဟုတ်တယ်မလား။ မင်းက အမြဲတမ်း ကိုယ့်နေရာကိုယ်မသိဘူး။ အမြဲ ပြဿနာရှာတယ်၊ လူတကာနဲ့ ပတ်အိပ်ပြီးတော့ တခြားသူတွေကို လိုက်စွပ်စွဲတတ်တယ်လို့ ငါ ကြားထားတယ်။ အစကတော့ လက်တည့်စမ်းပြီး ပျက်စီးနေတဲ့ ကလေးတစ်ယောက်လို့ တွေးပြီးတော့ ငါ စိတ်ထဲမထားခဲ့ပေမယ့် မင်းက ငါ့သားကို ဒီအခြေအနေထိ ဖြစ်အောင် ရိုက်တဲ့အထိ အဆိပ်ပြင်းမယ်လို့ မထင်ခဲ့မိဘူး”

သူမက ပြောလိုက်သည်။

လက်ရှိတွင် ကျန်ရှ၏ ဒဏ်ရာများမှာ ပတ်တီးစီးထားပြီးဖြစ်သော်လည်း လူက ထိုစုံတွဲ၏ အနောက်၌ ပုန်းနေပြီး အတော်လေး ကြောက်ရွံ့နေသည့်ပုံပင်။

“ဆရာကျီ၊ ဒီကိစ္စကို ဆရာတစ်ယောက်က မကိုင်တွယ်နိုင်ဘူးဆိုတာ ကျုပ်သိတယ်။ ဒါကြောင့် ကျုပ် ခင်ဗျားတို့ရဲ့ကျောင်းအုပ်ကို ဆက်သွယ်ပြီးသွားပြီ။ တကယ်လို့ ကျင်းယွင်ကျောင်းကို ဒီနေ့ ကျောင်းမထုတ်ရင် ကိစ္စတွေကို ပိုကြီးအောင်လုပ်လိုက်မှ ကျုပ်ကို အပြစ်မတင်နဲ့”

အဖေကျန်က ဒေါသတကြီး ပြောလိုက်၏။

ကျန်မိသားစုသည် စီးပွားရေးချောင်လည်သည့် မိသားစုဟု ယူဆနိုင်သည်။ ကျန်ရှ၏ ဖခင်သည် ခရိုင်မြို့ထဲတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖွင့်ထား၏။ ပတ်ဝန်းကျင်က ငြိမ်းချမ်းပြီး ဆိတ်ငြိမ်ရာတွင်ရှိသောကြောင့် စီးပွားရေးက အတော်လေးကောင်းသည်။ ထို့အပြင် ကျန်ရှ၏ မိခင်မှာလည်း ဟွားနင်ခရိုင်မြို့၏ စီးပွားရေးအချက်အချာအကျဆုံး လမ်းတွင် လူငယ်ကြိုက် ဖန်စီဆိုင်တစ်ဆိုင် ဖွင့်ထား၏။ ကြီးမားသည် စီးပွားရေးလုပ်ငန်းမဟုတ်သော်လည်း နှစ်စဥ် အမြတ်ငွေမှာမူ မနည်းလှပေ။

ကျန်ရှ အဖေပိုင်သော လက်ဖက်ရည်ဆိုင်အား တိတ်ဆိတ်ငြိမ်သက်သည့် နေရာကို နှစ်သက်သော ဂုဏ်သရေရှိ လူကြီးပိုင်းအချို့လာရောက်လေ့ရှိသောကြောင့် သူသည် တဖြည်းဖြည်း အာဏာစည်းစိမ်ရှိသူအချို့နှင့် ရင်းနှီးလာခဲ့၏။ ထို့ကြောင့် သူသည် စကားပြောဆိုရာ၌ အမြဲတမ်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေလေသည်။

ကျင်းယွင်ကျောင်းက သူ၏ လက်ကို လွှတ်ပေးလိုက်ပြီး အဖြစ်အပျက်တစ်ခုလုံးကို တိတ်တိတ်ဆိတ်ဆိတ် စောင့်ကြည့်ရန်သာ ရွေးခြယ်လိုက်ကာ ကျောင်းအုပ် ရောက်လာသည့်အချိန်အထိ သူမ စောင့်နေလိုက်သည်။

မကြာမီမှာပင် အေခန်း၏ တံခါးဝ၌ ထပ်မံ၍ ဆူညံဆူညံ ဖြစ်လာ၏။ စာသင်နေသည့် ကျောင်းသားများအား အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်သောကြောင့် သူတို့သည် ရုံးခန်းထဲသို့ နေရာပြောင်းလာကြသည်။

ကျင်းယွင်ကျောင်းသည် မိဘမရှိသောကြောင့် သူမ၏အနောက်တွင် ရပ်တည်ပေးမည့်သူမရှိသော်လည်း သူမသည် တစ်ကျောင်းလုံးတွင် အမှတ်အမြင့်ဆုံး ထိပ်တန်းကျောင်းသူ ဖြစ်၏။ ထို့အပြင် ယခင်က သူမသည် ကျောင်းကို ကိုယ်စားပြု၍ ဆုများယူဖူးသောကြောင့် ကျောင်း၏ မျက်နှာဖုံးဟုလည်း ဆိုနိုင်သည်။ ဤကျောင်းအုပ်ဆရာကြီးသည် မပြတ်မသား လုပ်တတ်သူတစ်ယောက် မဟုတ်သောကြောင့် အမှန်တရားကို ရှာဖွေဖော်ထုတ်ရန်ကသာ အရေးအကြီးဆုံးကိစ္စဖြစ်ကြောင်း ကြေညာလိုက်၏။

“ဆရာကြီး၊ ကျုပ်တို့က ဘာကိစ္စ ဆွေးနွေးနေရဦးမှာလဲ။ သူ့ကိုကျောင်းထုတ်ပြီးရင် ကျုပ်တို့ကို နစ်နာကြေးပေးဖို့ သူ့မိဘတွေကို ပြောလိုက်ပါ”

အဖေကျန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအခါ ဆရာကျီ၏ အမူအယာက တင်းမာသွားပြီး ပြန်တုံ့ပြန်လိုက်၏။

“ကျင်းယွင်ကျောင်းက အကြောင်းရင်းမရှိဘဲ လူတွေကို စပြီးမရိုက်ဘူး”

“ဒါဆိုရင် ရှင်ပြောချင်တာ သူရဲ့အကြမ်းဖက်မှုက ကျိုးကြောင်းဆီလျော်တယ်ပေါ့လေ။ ရှင်က ဘယ်လိုဆရာမျိုးလဲ။ ရှင်က သိသိသာသာကြီးကို ဘက်လိုက်ပြီး ကာကွယ်နေတာပဲ။ ကျင်းယွင်ကျောင်းက စာတော်တယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမယ့် ကျွန်မတို့မိသားစုက ကျန်ရှကလည်း မျှော်လင့်ချက်မရှိလောက်အောင် ဆိုးသွမ်းနေတဲ့ ကျောင်းသား မဟုတ်ပါဘူး။ ပြီးတော့ အခု ကျင်းယွင်ကျောင်းက အရင်ဆုံး အမှားလုပ်တာနော်။ ရှင့်မှာ သူ့ကို ကာကွယ်နိုင်စရာ ဘာအခွင့်အရေးများ ရှိလို့လဲ”

အမေကျန်က ထပ်အော်ပြန်သည်။

ကျန်ရှ အမေ၏ အသံမှာ စူးရှလွန်းလှ၍ ဆရာကျီသည် သူမ၏ စကားကို ကြားဖြတ်ပြောရန် အခွင့်အရေးပင် မရလိုက်ရာ သူသည် မကျေမနပ်မဖြစ်ဘဲ မနေနိုင်ခဲ့ချေ။

ထိုအခိုက်မှာပင် ကျင်းယွင်ကျောင်းက သူမ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ရည်းစားစာသုံးစောင်ကို ထုတ်ပေးလိုက်သည်။

All Chapters