← Chapters

အခန်း (၂၂၅-၂၂၈)

Vol. 12 Ch. 225-228

အခန်း (၂၂၅-၂၂၈)

Vol. 12 Ch. 225-228

Chapter 225 : ဖွင့်ချပစ်လို့ မရဘူး

ကျန်ရှသည် မိဘများသည် ခဏမျှ မှင်သက်သွား၍ နားမလည်နိုင်ဖြစ်သွားသော်လည်း သူတို့သည် စာ၏ ထိပ်တွင်ရှိသော အနီရောင်အသည်းပုံကို မြင်သောအခါ ယခင်က သူတို့သား ပြောထားသည်ကို ပြန်အမှတ်ရသွားကြပြီး ချက်ချင်းပင် နားလည်သွားကြသည်။ ဤစာများက ကျန်ရှ ကျင်းယွင်ကျောင်းအား ရေးပေးခဲ့သည့် ရည်းစားစာများပင်။

“ဒါတွေက ရည်းစားစာတွေပဲ မဟုတ်ဘူးလား။ ကျောင်းမှာ အချစ်ဦးမရှိတဲ့သူ ဘယ်သူရှိလို့လဲ။ ငါတို့အကုန်လုံးသာ မင်းလိုမျိုး ရည်းစားစာအပေးခံရတိုင်း လူကို ရိုက်မယ်ဆိုရင် တစ်ကျောင်းလုံး ပြဿနာတွေချည်း ဖြစ်ကုန်မှာ မဟုတ်လား။ ပြီးတော့လည်း ငါတို့ရဲ့ကျန်ရှက ဒီစာတွေကို မင်းဆီ အပျော်သဘောအနေနဲ့ စနောက်ပြီး ရေးခဲ့တာပဲ။ မင်းက ဘာလို့ ကိုယ့်အဆင့်အတန်းကို သေချာမသိတာလဲ။ မင်းလိုမျိုး မိဘမဲ့တစ်ယောက်ကိုများ ငါတို့ရဲ့ကျန်ရှက တကယ် ကြိုက်မယ်တဲ့လား”

အမေကျန်သည် ချက်ချင်းပင် တစ်ပါးသူ၏ အားနည်းချက်ကို ဖိနှိပ်သည့် ယုတ်ညံ့သည့် နည်းလမ်းကို ရွေးချယ်လိုက်သည်။

ကျင်းယွင်ကျောင်းက ဆန္ဒမစောပေ။ သူမသည် ထိုအမျိုးသမီးကြီး၏ စကားကို ဆုံးအောင် နားထောင်လိုက်ပြီးနောက် သူမက ခပ်အေးအေးပင် စတင်ပြောဆိုလိုက်၏။

“ကြည့်ရတာ ရှင်တို့မိသားစုတစ်ခုလုံးက ဒီကိစ္စကို လုံးဝအရေးမကြီးဘူးလို့ ထင်နေကြတဲ့ပုံပဲ။ ဒါဆိုရင်လည်း ကောင်းပြီလေ၊ ကျွန်မ နစ်နာကြေးပေးပြီး ကျောင်းပြောင်းဖို့ သဘောတူတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်မ ဒီစာသုံးစောင်ကို အင်တာနက်ပေါ်တင်ပြီး ဒီကိစ္စကို လူသိရှင်ကြားဖြစ်အောင် ဖွင့်ချလိုက်မယ်။ ရှင်တို့ ဘယ်လိုသဘောရလဲ”

ဆရာကျီသည် မူလက စာတစ်စောင်တည်းဟု ထင်သော်လည်း ယခု စာသုံးစောင်ကို မြင်လိုက်ရသောအခါ သူသည် ပို၍ပင် မကျေမချမ်းဖြစ်လာသည်။

ထိုအခါ ကျန်မိသားစုမှ လင်မယားနှစ်ယောက်က လှောင်ရယ်လိုက်၏။

“ဒါဆိုလည်း ဖွင့်ချလိုက်လေ။ အရင်က ရည်းစားစာမရေးဖူးတာ ဘယ်သူများ ရှိလို့လဲ”

ဒါက ရည်းစားစာလေးတစ်စောင်ပဲ မဟုတ်လား။ တရားဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်းတွေမို့လို့လား။ ဘာပဲဖြစ်ဖြစ် ဒီကျင်းယွင်ကျောင်းကို သေချာပေါက် ငါတို့သားနဲ့ တစ်ကျောင်းတည်း ပေးမနေနိုင််ဘူး။ သူမဘာသာ ကျောင်းပြောင်းပြောင်း၊ ကျောင်းထွက်ထွက် ဘယ်သူက ဂရုစိုက်မှာလဲ။

ဒါ့အပြင် ငါတို့က သူမ ကျောင်းပြောင်းတဲ့ ကိစ္စတွေပြီးစီးတဲ့အထိ စောင့်မယ်။ ပြီးရင် အဲဒီ သူမ ပြောင်းသွားတဲ့ ကျောင်းအသစ်က ကျောင်းအုပ်ဆရာကြီးကို ဒီကိစ္စတွေ ပြောပြလိုက်မယ်။ ဒါဆိုရင် သူမ စက္ကန့်ပိုင်းအတွင်းမှာပဲ ကျောင်းထုတ်ခံရမလားဆိုတာကို ဘယ်သူ သိမှာလဲ။

“မဖြစ်ဘူး။ နင် ဒါကို လူသိရှင်ကြား ဖွင့်ချလို့ မဖြစ်ဘူး”

ထိုစဥ် အတွေးနှင့် ကျေနပ်နေကြသည့် ကျန်မိဘနှစ်ပါး၏ အနောက်တွင် ရပ်နေသည့် ကျန်ရှက ရုတ်တရက် ထအော်လိုက်သည်။ သူ၏ ပါးစပ်ကို လှုပ်ရှားလိုက်သဖြင့် ဒဏ်ရာမှနာကျင်မှုက စိမ့်တက်သွားရာ သူသည် ချက်ချင်းပင် တကျွတ်ကျွတ် စုတ်သပ်လိုက်ရ၏။

“သား၊ မင်း အဆင်ပြေရဲ့လား”

အမေကျန်က ချက်ချင်းပင် စိုးရိမ်တကြီး မေးလိုက်သည်။

သူမ၏ သားသည် အမှန်တကယ် ကြင်နာတတ်လွန်း၏။

ကျောင်းက ဘာဖြစ်လို့ သည် ကျင်းယွင်ကျောင်းလိုမျိုး ရိုင်းစိုင်းတဲ့ မိန်းမရှုပ်လေးကို ကာကွယ်ပေးနေတာလဲဆိုတာ ငါ တကယ် နားမလည်တော့ဘူး။ သူမက လှပေမယ့် မိသားစုနောက်ခံလည်း မရှိဘူး။ ကိုယ်ကျင့်တရားလည်း မကောင်းဘူး။ အနာဂတ်မှာ သူမ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်ရင်တောင်မှ တက္ကသိုလ် တက်ဖို့ ပိုက်ဆံရှိမှာ မဟုတ်ဘူး။ တကယ်လို့ သူမ တက်နိုင်ခဲ့တယ်ဆိုရင်တောင်မှ သူမမှာ ဘာအနာဂတ်မျှော်မှန်းချက်မှ ရှိမှာ မဟုတ်ဘူး။ ဘယ်သူ သိမှာလဲ၊ သူမက လူချမ်းသာတစ်ယောက်ရဲ့ မယားငယ် ဖြစ်ရင် ဖြစ်လာနိုင်မှာပေါ့။ သူမကို မြေတောင်မြှောက်ပေးနေရတဲ့ အချက်က ဘာများလဲ။

ငါ့သားလို ဘက်စုံတော်တဲ့သူနဲ့ လုံးဝ မတူဘူး။

ကျန်ရှက လက်ခါပြလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

“အမေ...သူ့ကို ရည်းစားစာတွေကို လူသိရှင်ကြား ချပြခွင့်ပြုလို့ မရဘူး”

“သား...မင်းက ကြင်နာတတ်လွန်းတယ်။ သူက ဒါကို လူသိရှင်ကြား ချပြဖို့ ဆန္ဒရှိနေမှပြတော့ ချပြပါစေပေါ့။ ဘာပြဿနာရှိလို့လဲ။ ဒါ့အပြင် အမေတို့က သူ့ဆီကနေ နစ်နာကြေးလိုချင်တယ်။ ပြီးတော့ သူ့ကို ဒီကျောင်းမှာလည်း ဆက်နေခွင့်မပြုနိုင်ဘူး။ ကြွက်တစ်ကောင်ကြောင့် ဆန်တစ်အိုးလုံး ပျက်စီးတယ်တဲ့။ သူ့လိုမျိုး လူတစ်ယောက်နဲ့ မင်းကို တစ်ကျောင်းတည်း ထားရရင် အမေ ဘယ်လိုလုပ်ပြီး အနာဂတ်မှာ မင်းကို မစိုးရိမ်ဘဲ နေနိုင်မှာလဲ”

အမေကျန်က စိတ်ရှည်လက်ရှည် ဖျောင်းဖျလိုက်၏။

သူ့ အမေဖြစ်သူ၏ စကားများကို ကြားသောအခါ ကျန်ရှသည် မျက်နှာတစ်ခုလုံးက ပေါက်ထွက်လုမတတ် နီရဲလာပြီး သူ ဘာလုပ်သင့်မှန်း သေချာမသိတော့ပေ။

“ကျ...ကျွန်တော် ရေးထားတာတွေက အခြားသူတွေကို ပြလို့ မရဘူး”

ကျန်ရှက မရှူနိုင်မကယ်နိုင်ဖြင့် ပြောလာသည်။

အဖေကျန်က ချောင်းဟန့်လိုက်၏။

“ယောက်ျားပီသစမ်းပါ၊ မိန်းကလေးတစ်ယောက်ကို ပိုးပန်းတဲ့ ချစ်စကား ကြိုက်စကားတွေပဲ မဟုတ်လား။ စာကို ဖတ်တဲ့လူတွေကို မင်းနဲ့ပတ်သတ်ပြီး ဘာမှ ပြောမှာ မဟုတ်ဘူး”

ကျင်းယွင်ကျောင်းက ဖြစ်ပျက်နေသည်များကိုသာ စောင့်ကြည့်နေ၏။

အကယ်၍ သာမာန်ရည်းစားစာတစ်စောင်သာ ဖြစ်ပါက အခြားသူများသည် အများဆုံး အထင်ကြီးရုံ၊ သို့မဟုတ် အတင်းတုတ်ကြရုံသာဖြစ်သည်။ ထို့အပြင် ကျန်ရှက အသက်ပြည့်ပါကလည်း မည်သူကမှ ထိုကိစ္စကို စိတ်ထဲထားမည် မဟုတ်ပေ။

သို့ရာတွင် ကျန်ရှ၏ ရည်းစားစာက ကွာခြား၏။ ကလေးတစ်ယောက် မပြောနှင့်၊ အရွယ်ရောက်ပြီးသား လူကြီးများတောင်မှ ဤကိစ္စမျိုးကို လက်ခံနိုင်မည် မဟုတ်ပေ။

ပထမဆုံးစာသည် ညစ်ညမ်းမှု အနည်းဆုံးဖြစ်ပြီး ထိုစာသည် ပွင့်ပွင့်လင်းလင်း မဟုတ်ဘဲ သွယ်ဝိုက်၍ ရေးထားသည်။ သို့ရာတွင် နောက်ပိုင်းစာများ၊ အထူးသဖြင့် နောက်ဆုံးစာတစ်စောင်လုံးသည် ရိုင်းစိုင်းသော စကားလုံးများနှင့် ပြည့်နေ၏။ ထိုစာသည် ထင်မြင်ချက်များစွာနှင့် ပြည့်နေသော စာအရှည်ကြီးတစ်စောင်ဖြစ်ပြီး အွန်လိုင်းပေါ်၌ ကန့်သတ်ထားသည့် စာကြောင်းများထက်ပင် အများကြီးပို၍ ဆိုးဝါးသေးသည်။ ထိုမျှသာမက စာ၏အောက်ခြေတွင်လည်း သူ၏ နာမည်ကို တခမ်းတနား ရေးထိုးထား၏။

ကျန်ရှ၏ အသားအရေမှာ အလောင်းကောင်ကဲ့သို့ ဖြူဖျော့နေသည်။ ထို့နောက် ရုတ်တရက် သူက ဖခင်ဖြစ်သူ၏ ရှပ်အင်္ကျီကို ဆွဲလိုက်ပြီး စောဒကတက်လိုက်၏။

“အဖေ...ဒါကို သေချာပေါက် လူသိရှင်ကြားဖွင့်ချလို့ မရဘူးနော်။ အခြားသူတွေ သိသွားရင် ကျွန်တော့်ဘဝ တကယ် အဆုံးသတ်သွားလိမ့်မယ်”

Chapter 226 : သူ့အား ဤအခြေအနေသို့ရောက်အောင် ရည်ရွယ်ချက်ရှိရှိ တွန်းပို့ခြင်း

ကျန်ရှ၏ စောဒကတက်မှုကြောင့် သူ၏ မိဘနှစ်ပါးစလုံး ကြောင်အ,သွားသည်။

“သား၊ မင်း တကယ်ပဲ ကျင်းယွင်ကျောင်းကို ကြိုက်နေတာလား”

အမေကျန်က စိတ်ရှုပ်စွာဖြင့် မေးလိုက်၏။

သူမသည် သူမသား၏ ရည်းစားစာထဲ၌ တခြားသူများကို ပြ၍မရသည့် အကြောင်းအရာတစ်ခုခု ရှိမည်ဟု မတွေးမိပေ။ တကယ်တမ်း သူမ၏ စိတ်ထဲတွင် သူမ၏ သားဖြစ်သူသည် ကိုယ်ကျင့်တရားအကောင်းဆုံး၊ အယဥ်ကျေးဆုံး၊ ဗဟုသုတ အကြွယ်ဝဆုံးနှင့် အသန့်စင်ဆုံးသာ ဖြစ်ပြီး စာတော်ကာ ကောင်းမွန်သည့် စရိုက်လက္ခဏာလည်း ရှိသည်ဟုပင် မှတ်ယူထားဆဲဖြစ်သည်။ သူသည် ယခင်က အတန်းခေါင်းဆောင်ပင် ဖြစ်ခဲ့ဖူး၍ ထိုရာထူးကို ကြာကြာမရခဲ့သော်လည်း သူ၏ သူငယ်ချင်းအသိုင်းအဝိုင်းကမူ မဆိုးလှပေ။ ထိုကဲ့သို့ ထက်မြက်၍ သိတတ်သော ကလေးတစ်ယောက် ရေးသည့် ရည်းစားစာက အလိုလိုပင် အဆင့်အတန်းရှိနေလိမ့်မည်ဖြစ်၏။

ထို့ကြောင့် ကျန်မိသားစုမှ မိဘနှစ်ပါးက ရည်းစားစာများကို လူသိရှင်ကြား ချပြရန် မကန့်ကွက်ခြင်းဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ သူတို့ သားဖြစ်သူ၏ အတွေးနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ အကယ်၍ သူသည် ရှက်ရွံ့သောကြောင့်သာ မဟုတ်ပါက ကျင်းယွင်ကျောင်းအား အမှန်တကယ် ကြိုက်နေခြင်းကြောင့် ဖြစ်ရမည်။

သို့သော် ဤကိစ္စသာ အမှန်တကယ်ဆိုပါကလည်း သူတို့၏ သားသည် ကျင်းယွင်ကျောင်းအား ကျောင်းပြောင်းစေလိုသော၊ သို့မဟုတ် ကျောင်းထွက်စေလိုသောဆန္ဒ သေချာပေါက်ရှိမည် မဟုတ်ပေ။

ကျန်ရှ၏ အမူအယာက အကျည်းတန်နေသော်လည်း သူသည် နေ့တစ်ဝက်ခန့် မရှုနိုင်မကယ်နိုင် ဖြစ်နေကာ နောက်ဆုံး၌ ထုတ်ပြောလာ၏။

“ကျွန်တော် ဒီစာတွေကို သူ့အတွက် ရေးခဲ့တာမို့လို့ တခြားသူတွေကို မမြင်စေချင်လို့ပါ”

အမေကျန်က ‘ငါမျှော်လင့်ထားတဲ့အတိုင်းပဲ’ ဆိုသည့် အမူအယာမျိုး ဖြစ်သွားသည်။

“ငါ့သား၊ မင်း ဒီဆယ်ကျော်သက်အချစ်တစ်ခုအပေါ်မှာ ဖက်တွယ်နေတာကို အမေ မကန့်ကွက်ပါဘူး။ ဒါပေမယ့် မင်း မင်းရဲ့မျက်လုံးတွေကို ပိုပြီးရှင်းလင်းသွားအောင် သုတ်ပစ်သင့်တယ်။ ဒီကျင်းယွင်ကျောင်းကို ကြည့်စမ်း။ သူ့မှာ ရွေးချယ်ချင်စရာကောင်းတဲ့ ဘယ်လို အရည်အချင်းမျိုးများ ရှိနေလို့လဲ။ ဒီလိုလူမျိုးက မင်းကို အန္တရာယ်ပြုမယ့်သူပဲ”

အမေကျန်က ဝမ်းနည်းပက်လက် ဖြစ်နေ၏။

အဖေကျန်သည်လည်း ဤကိစ္စကို မကျေနပ်ပေ။ လက်တွေ့တွင်လည်း ကျင်းယွင်ကျောင်းသည် လူကြီးသူမများအပေါ်၌ အနည်းငယ်မျှပင် ရိုသေလေးစားမှုမရှိဘဲ မောက်မာ၍ ခေါင်းမာလွန်းသည်။

ထိုအချိန်၌ ဆရာကျီသည် ဒေါသထွက်လွန်းသဖြင့် ခေါင်းများပင် ကိုက်လာ၏။

“အမှန်ပဲ၊ ဆွေးနေတဲ့သစ်သားကို ခုတ်ဖြတ်ပုံသွင်းလို့ မရဘူး။ ဒီကလေးက သူကိုယ်တိုင် ဒီလိုညစ်ညမ်းတဲ့စာတွေကို ရေးခဲ့ပေမယ့် သူက ကျင်းယွင်ကျောင်းကိုပဲ အားလုံး အပြစ်ပုံချနေသေးတယ်။ ကျောင်းအုပ်ဆရာကြီး၊ ကျွန်တော် ဒီလိုမျိုး အကျင့်စရိုက်ရှိတဲ့ကလေးတစ်ယောက်ကို ဆက်ပြီးတော့ မသင်ကြားပေးနိုင်ပါဘူး”

ကလေးတစ်ယောက်၏ လက်ဦးဆရာများမှာ မိဘများဖြစ်ကြောင်း လူတိုင်းက ပြောကြသည်မှာ သေချာပေါက် မမှားပေ။

သူသည် အစောပိုင်းကတည်းက ကျန်ရှကို အမှန်တကယ် မနှစ်သက်ပေ။ အဓိကအချက်မှာ ဤကလေး၏ အကျင့်စရိုက်က မဖြောင့်မှန်သောကြောင့် ဖြစ်သည်။ သူ၏အဆင့်များက ကောင်းသော်လည်း သူသည် မောက်မာလွန်း၏။ ထို့အပြင် သူသည် စိတ်ထားကောင်းပုံပေါ်သော်လည်း လက်တွေ့၌ သူ့ကိုယ်သူ အထင်ကြီးလွန်းသည်။ ဥပမာဆိုရလျှင် အတန်းထဲ၌ သူသည် မကြာခဏ သူ့ကိုယ်သူသာ အကျိုးရှိမည့် ဆွေးနွေးမှုများကို စတင်လေ့ရှိပြီး အခြားကျောင်းသားများ၏ နောက်ကွယ်တွင် သူတို့အကြောင်းများကို ဆိုးဆိုးဝါးဝါး အတင်းအဖျင်းပြောလေ့ရှိ၏။

အထူးသဖြင့် ဆရာ၊ ဆရာမများအားလုံးက ကျန်ရှကဲ့သို့ အတို့အထောင် လုပ်တတ်သူများကို မနှစ်သက်ကြပေ။

သူ့ တူဖြစ်သူသည် သူတို့အတန်း၏ အတန်းခေါင်းဆောင်တစ်ယောက်ဖြစ်၍ အတန်းထဲ၌ ဖြစ်ပျက်သော အကြောင်းအရာများကို အခြားသူများထက် ပိုသိသည်။ ထို့ကြောင့် သူတို့ အိမ်ပြန်ရောက်သောအခါ သူက ကိစ္စအချို့ကို အနည်းနှင့်အများ ပြန်ပြောပြတတ်၏။ ဥပမာ၊ မည်သူနှင့် မည်သူက ဆက်ဆံရေးကောင်းသည်။ မည်သည့် ကျောင်းသားက မည်သည့်ပြဿနာမျိုးရှိနေပြန်သည် အစရှိသဖြင့် ဖြစ်၏။ သူသည် ကျန်ရှက လူတိုင်းနှင့် သူငယ်ချင်း ဖွဲ့သည့်အကြောင်းများကို တူဖြစ်သူထံမှ အမြဲတမ်း ကြားနေရသော်လည်း တကယ်တမ်း ကျန်ရှသည် ထိုသူငယ်ချင်းများ၏ မကောင်းကြောင်းများကို သူ့ တူဖြစ်သူ ကျီသာ့ယုံးအား ပြောပြတတ်သည်။

ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ပြောဆိုဆက်ဆံတတ်၍ အသက်ငယ်ငယ်ရွယ်ရွယ်၌ပင် နောက်ကျောက ဓါးနှင့်ထိုးတတ်နေပြီဖြစ်သော ကျောင်းသားမျိုးကို သူ မည်သို့ နှစ်သက်နိုင်မည်နည်း။

ဆရာကျီက ဒေါသတကြီး ပြောဆိုပြီးသောအခါ ကျန်မိသားစုမှ စုံတွဲသည် နားမလည်နိုင်အောင် ဖြစ်သွားကြ၏။

“ဆရာကျီ၊ ခင်ဗျား ဒါ ဘာကို ဆိုလိုတာလဲ”

အဖေကျန်က ဒေါသတကြီး မေးလိုက်သည်။

“ခင်ဗျားကိုယ်တိုင်ပဲ ကြည့်လိုက်ပါ”

ဆရာကျီက ရည်းစားစာများကို ညွှန်ပြလိုက်ပြီး ပြန်လည်ချေပလိုက်သည်။

ကျင်းယွင်ကျောင်းသည် ကျန်ရှအား ရိုက်နှက်ပြီးသွားသောအခါ ထိုမိသားစုက ဤကိစ္စအား အရှက်မဲ့စွာ ပြုမူလာမည်ကို ကာကွယ်ရန်အတွက် ရုံးခန်းသို့သွား၍ စာသုံးစောင်ကို ဓါတ်ပုံကော်ပီကူးခဲ့၏။ လက်ရှိ သူမ၏ လက်ထဲတွင်ရှိသည်မှာ မူရင်းစာများဖြစ်၍ သူမ ကမ်းပေးလိုက်သည်များက မိတ္တူများဖြစ်သည်။

ထို့နောက် ထိုရည်းစားစာ သုံးစောင်ကို ကျောင်းအုပ်ဆရာကြီးနှင့် ကျန်ရှ၏ မိဘများက လက်ဆင့်ကမ်း၍ ဖတ်ရှုလိုက်ကြ၏။

ကျောင်းအုပ်ဆရာကြီးသည် ထိုစာများကို ဖတ်နေရင်း သူ၏ မျက်နှာမှာ ချက်ချင်း ရဲတောက်လာပြီးနောက် ခဏအတွင်းမှာပင် ဖြူဖတ်ဖြူလျော် ဖြစ်သွားပြန်သည်။ သူသည် သူမည်သို့ ခံစားနေရကြောင်းကိုပင် မပြောပြတတ်တော့ချေ။

ကျန်မိသားစုမှ မိဘနှစ်ဦး၏ အမူအယာများမှာလည်း အကြီးအကျယ် ပြောင်းလဲသွား၏။ အမေကျန်က ခေါင်းယမ်းလိုက်ပြီး ကယောင်ကတမ်းပြောလာသည်။

“ဒါက သေချာပေါက် ငါ့သားရေးတာ မဟုတ်ဘူး”

သူမ၏ သားသည် အလွန်နာခံမှုရှိ၍ သိတတ်၏။ ဤကဲ့သို့ ညစ်ညမ်းစာများကို သူက မည်သို့ ရေးနိုင်မည်နည်း။

“ရေးလား၊ မရေးလားဆိုတာ ရှင့်သားကို မေးကြည့်ပြီးရင် သိမှာပေါ့”

ကျင်းယွင်ကျောင်းက အေးစက်စက် အော်ဟစ်လိုက်သည်။

ကျန်ရှ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေ၏။ သူသည် ထိုစာများကို ရေးနေစဥ်က ဤကဲ့သို့သောနေ့မျိုးရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ချေ။ အစပိုင်း၌ သူသည် သူ့နာမည်ကို မရေးရဲသော်လည်း ကျင်းယွင်ကျောင်းက ထိုစာများကို သဘောကျကြောင်း အတည်ပြုပြီးသည့်နောက်တွင် သူသည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး တက်ကြွလာသောကြောင့် နောက်ဆုံးတစ်စောင်တွင် သူ့ နာမည်ကို ရေးလိုက်မိသည်။ သို့သော် လက်ရှိအခြေအနေကို ဆင်ခြင်ကြည့်ပါက ကျင်းယွင်ကျောင်းသည် သူ့အား ဤအခြေအနေသို့ ရောက်အောင် ရည်ရွယ်ချက်ရှိရှိ တွန်းပို့နေခဲ့ခြင်းပင် ဖြစ်ချေတော့၏။

Chapter 227 : မျက်လုံးများကို အန္တရာယ်ပြုခြင်း

ကျန်မိသားစုမှ မိဘများသည် သူတို့၏ သားဖြစ်သူအား သံသယစိတ်ဖြင့် စိုက်ကြည့်လိုက်ကြသည်။ ပထမက သူတို့သည် သူ မလုပ်ခဲ့ကြောင်း ပြတ်ပြတ်သားသား ငြင်းဆန်မည်ဟု ထင်ခဲ့သော်လည်း သူ၏ မလုံမလဲဖြစ်နေသော အမူအယာနှင့် တုန်တုန်ယင်ယင် အပြုအမူအား တစ်ချက်ကြည့်ရုံနှင့်ပင် သူလုပ်ခဲ့သမျှကို သူတို့သိရှိနိုင်ရန် လုံလောက်ခဲ့ပေ၏။

ကျင်းယွင်ကျောင်းက ရည်းစားစာများကို လူသိရှင်ကြားဖွင့်ပြောမည့် ကိစ္စအား လက်မခံဘဲ တွင်တွင်ငြင်းနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

“မင်း ဘာလိုချင်တာလဲ။ ကျင်းယွင်ကျောင်း၊ ငါ့သားက မင်းဆီကို မသင့်တော်တဲ့စာတွေ ရေးပို့ခဲ့တယ်ဆိုရင်တောင်မှ မင်းက သူ့ကို ဒီအခြေအနေထိတော့ မရိုက်သင့်ဘူး”

အဖေကျန်က ဆင်ခြေပေးရန် စဥ်းစားနိုင်သေး၍ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ ကျင်းယွင်ကျောင်းက အသာစီးရနေချိန်တွင် သူက ဆက်လက်၍ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူ၍ မရကြောင်း သူသိ၏။

နှစ်ဖက်လုံးအတွက် အကောင်းဆုံးနည်းလမ်းမှာ ဤကိစ္စကို သီးသန့် ဖြေရှင်းရန်သာ ဖြစ်ပြီး အငြင်းပွားရန်များရင်း အပြင်သို့ ပေါက်ကြားသွားလျှင် မည်သူမှ အကျိုးရှိလိမ့်မည် မဟုတ်ပေ။

“မစ္စတာနဲ့ မစ္စကျန်၊ ရှင်တို့နှစ်ယောက်လုံး ခုနက ကျွန်မကို ကျွန်မကိုယ်ကျွန်မ ခုခံကာကွယ်ခွင့်လေးတောင် မပေးဘဲ အော်ဟစ်ကြိမ်းမောင်းခဲ့ကြတယ် မဟုတ်လား။ အဲဒါတွေ အားလုံးကရော ဘာဖြစ်လို့လဲ။ အခုမှ ရှင်တို့က ရုတ်တရက်ကြီး ကျွန်မကို အကြောင်းပြချက် ပေးချင်နေတာလား”

ကျင်းယွင်ကျောင်းက ခပ်ဟဟ လှောင်ရယ်လိုက်သည်။

“ခုနတုန်းက ငါတို့နှစ်ယောက်လုံး ရှောင်ရှက ဒီလောက်ကြီး အရိုက်အနှက်ခံထားရတာကို မြင်တော့ ပျာယာခတ်သွားတာ သဘာဝပဲလေ။ ကျင်းယွင်ကျောင်း၊ ဒီကိစ္စမှာ နှစ်ဘက်လုံးက အပြစ်ရှိတာပဲ”

အဖေကျန်က ခုခံပြောဆိုလိုက်၏။

“ကျန်ရှရဲ့ အဖေတစ်ယောက်အနေနဲ့.ခင်ဗျားက ကျောင်းကို ဒေါသတကြီးလာခဲ့တယ်။ ဒါပေမယ့် ခင်ဗျားက ခင်ဗျားရဲ့သားကြောင့်ဖြစ်တဲ့ ပြဿနာတွေကို မရှင်းရုံတင်မကဘူး၊ ကျင်းယွင်ကျောင်းကိုပါ ရက်ရက်စက်စက် ရိုက်ချင်နေသေးတယ်။ တကယ်လို့ သူက အဲဒီရိုက်ချက်ကို တားလိုက်နိုင်တာကြောင့်သာ မဟုတ်ရင် ခင်ဗျား သုံးလိုက်တဲ့ အားကို စဥ်းစားကြည့်ရုံနဲ့တင် အခု သူဘယ်လောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်မလဲ။ ပြီးတော့ ခင်ဗျားက ဒီကိုလာပြီး တစ်ချိန်လုံး ခွေးလိုကိုက်ပြီး စောဒကတွေတက်နေခဲ့ပေမယ့် အခုကျတော့ ခင်ဗျားက ကျုပ်တို့ကို ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးစေချင်တယ်ပေါ့။ အိပ်မက်မက်နေလိုက်”

သူတို့အား နစ်နာကြေးပေးရခြင်း သို့မဟုတ် ကျောင်းမှ အထုတ်ခံရခြင်း ပတ်သတ်၍ ကျင်းယွင်ကျောင်းက ဘယ်တော့မှ မစိုးရိမ်ခဲ့ပေ။

သူမသည် ကျန်ရှကို ရိုက်နှက်ရာ၌ သင့်လျော်သော အကြောင်းပြချက်ရှိပြီး သူမ၏ဘက်တွင် အကျင့်စာရိတ္တကောင်းမွန်သော အခြေခံရှိကာ ရည်းစာစာများသာ အပြင်သို့ပြန့်သွားပါကလည်း အပြစ်တင်ခံရမည့်သူမှာ သူမ, မဟုတ်ဘဲ ကျန်ရှသာ ဖြစ်သည်။ သူ၏ စက်ဆုပ်ဖွယ် လုပ်ရပ်အား သူမက ဤနည်းလမ်းကိုသုံး၍ ရှောင်ရှားခဲ့သည်ကိုပင် အချို့လူများက ချီးကျူးကြလိမ့်မည်။

ထို့နောက် သူမက လက်ထဲတွင် ရည်းစားများကို ကိုင်ထားပြီး သက်တောင့်သက်သာရှိသော လေသံဖြင့် ပြောလိုက်သည်။

“ကျွန်မကတော့ ကျွန်မရဲ့အပြစ်လို့ မယူဆပါဘူး။ တကယ်လို့ တစ်ခုခုသာ ထပ်ဖြစ်ခဲ့ရင်လည်း ကျွန်မ ထပ်ပြီးတော့ တိုက်ခိုက်ဦးမှာပဲ။ ပြီးတော့ အဲဒီအချိန်ကျ ပိုပြီးတော့တောင် ကြမ်းတမ်းဦးမယ်။ ကျွန်မက အသက်မပြည့်သေးတဲ့သူတစ်ယောက်ပါ။ ရှင်တို့မိသားစုရဲ့ ကျန်ရှက ကျွန်မကို ဒီလိုရည်းစားစာမျိုးပေးတာက ကျွန်မရဲ့မျက်လုံးကို အက်စစ်နဲ့ပက်လိုက်သလိုပဲ။ ကျွန်မရဲ့ ခံစားချက်တွေ၊ သက်ဝင်ယုံကြည်မှုတွေကို ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတယ်လို့ ကျွန်မ ခံစားရတယ်။ အခုချိန်ကစ ယောက်ျားတွေကို ရွံရှာသွားပြီး ကျွန်မရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး ယောက်ျားတွေနဲ့ မပတ်သတ်ချင်တော့တဲ့အထိတောင် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဒီနေ့ကိစ္စက ကျွန်မရဲ့အနာဂတ်ကို ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်မှုရှိတယ်လို့ ကျွန်မ ခံစားရတယ်။ အနာဂတ်မှာ ကျွန်မက အခြားသူတွေလိုမျိုး လက်ထပ်၊ ကလေးတွေမွေးပြီး သာမာန်ဘဝမျိုးမှာ နေနိုင်လိမ့်မယ်လို့ အာမခံတောင် မခံနိုင်တော့ဘူး”

“အိုး...ဟုတ်သားပဲ၊ သူ ကျွန်မကို ရည်းစားစာပေးတုန်းက ကျွန်မရဲ့ထိုင်ခုံဖော်နဲ့သူငယ်ချင်းတွေလည်း ဒီစာကို ကျွန်မနဲ့အတူ ဖတ်ကြတယ်။ စာထဲမှာ ညစ်ညမ်းစကားလုံးတွေနဲ့ ပြည့်နေမှန်း မသိခဲ့လို့လေ။ သူတို့ ဘယ်လောက်တောင် ထိတ်လန့်သွားမလဲဆိုတာ ကျွန်မ တွေးကြည့်လို့ရတယ်။ ဒါ့အပြင် လူအများကြီးကို ဒီရည်းစားစာတွေ ဖတ်စေတာကလည်း ညစ်ညမ်းစာပေဖြန့်တယ်လို့ ယူဆလို့ရတယ် မဟုတ်လား”

ကျင်းယွင်ကျောင်း ပြောသော စကားလုံးတိုင်း၊ စကားတိုင်းက သိမ်မွေ့ငြင်သာသော်လည်း ကျန်မိသားစုအတွက်မူ သူတို့၏ နှလုံးသားကို တူနှင့်ထုနေသည့်အလားပင်။

အဖေကျန်က ဒေါသထွက်နေသော်လည်း သူ၏ သားဖြစ်သူရေးသော စာများကိုသာ အခြားသူများ သိသွားပါက ဖြစ်လာမည့် အကျိုးဆက်များကို သူ နားလည်သည်။

ဤကိစ္စကိုသာ အပြင်လူများက စေ့စေ့စပ်စပ် စုံစမ်းလာပါက ကျောင်းကလည်း ကျန်ရှကို ထပ်၍ သည်းခံနေတော့မည် မဟုတ်ပေ။

လက်ရှိအချိန်သည် အင်တာနက်ရွှေခေတ်ဖြစ်သည်။ ဤကိစ္စကို အွန်လိုင်းပေါ်သို့ တင်လိုက်သည်နှင့် သူ့သားဖြစ်သူသည် ဖြေရှင်းမရနိုင်လောက်အောင်ပင် နာမည်ပျက်တော့မည်ဖြစ်၏။ အနာဂတ်တွင် သူသည် ဘယ်နေရာသွားသွား ဝေဖန်ကဲ့ရဲ့ခံရလိမ့်မည်ဖြစ်၍ အနာဂတ်၌ သူ၏ နာမည်ဆိုးကြောင့် ကျောင်းကောင်းတစ်ကျောင်း ရှာရန်က ပို၍ပင် ခက်ခဲသွားလိမ့်မည်။

ထို့အပြင် သူသည် ကျန်ရှ၏ ဖခင်တစ်ယောက်အနေနှင့် သားဖြစ်သူက ဤသို့ သည်းမခံနိုင်စရာ ညစ်ညမ်းစာများ ရေးခဲ့သည်ကို သိကုန်ကြသောအခါ အခြားသူများက မည်သို့ တွေးကြမည်နည်း။

အကယ်၍ လူတစ်ယောက်က ဤကဲ့သို့နည်းလမ်းဖြင့် ရည်းစားစာရေးခြင်းသည် ပုံမှန်အတွေးအခေါ်သာဖြစ်သည်ဟု ပြောလာလျှင်တောင်မှ လူအများ၏အမြင်တွင် ကျန်ရှအား စိတ်ကျန်းမာရေး မကောင်းဟုသာ မြင်ကြမည်ဖြစ်ပြီး အချို့က သူ့ကို တဏှာရူးတစ်ယောက်ဟုပင် မြင်နိုင်သည်။

ထို့ကြောင့် ဤကိစ္စ၏ အကျိုးသက်ရောက်မှုသည် မကြီးကျယ်သော်လည်း ပေါ့သေးသေးတော့ မဟုတ်ပေ။

အရာအားလုံးက ကျင်းယွင်ကျောင်း၏ သဘောထားအပေါ်တွင်သာ မူတည်နေ၏။

“ကျင်းယွင်ကျောင်း၊ မင်း ဘာကိုဆိုလိုတာလဲ။ မင်းရဲ့ရည်ရွယ်ချက်တွေအားလုံးကို တစ်ခါတည်းနဲ့ ရှင်းရှင်းလင်းလင်း ချပြလိုက်။ မင်း ငါတို့ဆီကို ဒီရည်းစားစာတွေ ပြန်အပ်ဖို့ မင်းကို ဘာပြန်လုပ်ပေးစေချင်တာလဲ”

အဖေကျန်က အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်ပြီး ဒေါသကို ထိန်းထားရင်း ကျင်းယွင်ကျောင်းအား ပြောလိုက်၏။

ဤအချိန်တွင် သူသည် အခြားရွေးခြယ်စရာမရှိဘဲ တောင်းပန်ရန်သာ ရှိသည်။

အမေကျန်သည် ကိစ္စများက သူမ ထင်ထားသည်နှင့် တလွဲဖြစ်နေသည်ကို သိလိုက်ရသောအခါ သူမ၏ မျက်လုံးများက နီရဲသွားပြီး ခန္ဓာကိုယ်ကလည်း စတင်တုန်ယင်လာ၏။ ထို့နောက် သူမက ကျင်းယွင်ကျောင်းကို ဒေါသအပြည့်နှင့် စိုက်ကြည့်လိုက်သည်။

ဒီခွေးမက ငါ့သားကို ဒီလိုစာမျိုးရေးအောင် တမင်လုပ်တယ်ဆိုတာ ရှင်းနေတာပဲ။ ဒါတင်မကဘူး၊ သူက ငါ့သားရဲ့မျက်နှာကိုပါ ဒီအခြေအနေထိရောက်အောင် ရိုက်ခဲ့သေးတယ်။ ဒါတောင် သူက ဘာလို့ ဘာအပြစ်မှ အပေးမခံရတာလဲ။ အဲဒီအစား ငါတို့ကတောင် သူ့ကို ဦးညွတ်မှု ခွင့်လွှတ်ပေးဖို့ တောင်းဆိုရဦးမှာလား။

Chapter 228 : ခြိမ်းခြောက် ငွေညစ်ခြင်း

ကျင်းယွင်ကျောင်းက ရည်းစားစာများကို သူမ၏ အိတ်ကပ်ထဲသို့ ခပ်ဖြည်းဖြည်း ခေါက်ထည့်လိုက်ပြီး ထိုမိသားစုသုံးယောက်ကို မျက်လုံးဝင့်ကြည့်လိုက်သည်။

“ရှင်တို့က ဒီရည်းစားစာတွေကို လိုချင်တာလား။ ပေးရမှာပေါ့။ ဒါပေမယ့် ကျွန်မရဲ့တောင်းဆိုချက်လေးအချို့ကိုတော့ လိုက်လျောပေးရမယ်”

ကျင်းယွင်ကျောင်းက ထိုသို့ပြောပြီးနောက် စကားခဏရပ်လိုက်၏။

“ဆက်ပြော”

အဖေကျန်က အံကြိတ်၍ ပြောလိုက်သည်။

“ကျန်ရှ၊ ငါ အမှန်တရားကို သိချင်ရုံပဲ။ နင်က ငါ့ကို မချစ်ဘဲနဲ့ ဘာလို့ ရည်းစားစာရေးပေးတာလဲ”

ကျင်းယွင်ကျောင်းက အဖြေကို သိပြီးဖြစ်သော်လည်း မေးခွန်းထုတ်လိုက်၏။

ကျန်ရှ၏ မျက်နှာက ချက်ချင်းပင် ဖျော့တော့သွားပြီး သူ၏စိတ်ထဲ၌ ချောင်ဟုန်ယဲ့၏ မျက်နှာလေးက ဖြတ်ခနဲ ပေါ်လာသည်။

အလွန်သိမ်မွေ့နူးညံ့၍ သနားစရာကောင်းလွန်းလှ၏။ သူမသည် လူများကို ဘယ်ပြန်ညာပြန် ရိုက်နှက်တတ်သည့် ကျင်းယွင်ကျောင်းကဲ့သို့ ဘယ်သောအခါမှ ရူးနှမ်း၍ ရန်မူတတ်ခြင်း မရှိပေ။

ထို့နောက် သူက တစ်ခုခုထုတ်ပြောရန် ငြင်းဆန်လိုက်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်သွားသည်။

“မြင်လား။ ရှင်တို့ရဲ့အဖိုးတန်သားလေးက ခုထိ ခေါင်းမာနေပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ကို ငြင်းဆန်နေတုန်းပဲ”

ကျင်းယွင်ကျောင်းက လှောင်ပြုံးပြုံး၍ ပြောလိုက်ရာ ဘေးတွင်ရှိသော လူများသည် ကျောရိုးထဲမှ စိမ့်တက်သွား၍ ဖော်မပြနိုင်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။

အဖေကျန်သည်လည်း အောင့်သက်သက်နှင့် ဒေါသထွက်နေသည်။ သူသည် လက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူတို့၏ အသိုင်းအဝိုင်းသည် များသောအားဖြင့် တည်ငြိမ် အေးချမ်း၏။ ထို့ကြောင့် သူသည် အမြဲတမ်း သူ့ကိုယ်သူ အခြား လောဘကြီးသော စီးပွားရေးသမားများနှင့်မတူကြောင်း ကြွားဝါလေ့ရှိသည်။ သူ့အမြင်၌ သူသည် ဖော်ရွေ၍ တာဝန်ယူ တာဝန်ခံမှုရှိသည့် စီးပွားရေးသမားတစ်ယောက်ဖြစ်သော်လည်း ယခုအခါ သားဖြစ်သူက သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ပြီဖြစ်၏။

‘ဖြန်း’

အဖေကျန်က ကျန်ရှအား ပါးတစ်ချက်ရိုက်လိုက်ပြီး ဝမ်းခေါင်းသံဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

“မင်းက ငါတို့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလားကွ။ မြန်မြန် ပြောစမ်း”

“ကျင်းယွင်ကျောင်းရဲ့ မြှုပ်ကွက်ပါတဲ့ စကားရဲ့အဓိပ္ပါယ်ကို နားထောင်ကြည့်ရသလောက် ငါ့သား ဒီလိုလုပ်တာက တခြားတစ်ယောက်က ခိုင်းလို့ဆိုတာ သိသာတယ်။ ဘယ်သူကများ ဒီလောက်တောင် ယုတ်မာရတာလဲ။ ခိုင်းတဲ့သူကို သိလို့ကတော့ ငါ သူတို့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”

ကျန်ရှသည် အရိုက်ခံရသောကြောင့် ခဏမျှ ကြောင်အနေ၏။ သူသည် ငယ်စဥ်ကတည်းက ယခုအချိန်အထိ အလိုလိုက်ခံထားရ၍ သူ၏မိဘများက ဤကဲ့သို့ တစ်ခါမှ မဆက်ဆံဖူးပေ။

တစ်ချိန်တည်းမှာပင် သူ၏ နှလုံးသားထဲ၌ အကြောက်တရားများ တဖြည်းဖြည်း ဝင်ရောက်လာ၏။ ခဏမျှ စဥ်းစားနေပြီးနောက် သူက မသဲမကွဲဖြင့် ပြောလာသည်။

“ချောင်ဟုန်ယဲ့ပါ...ငါ အမြဲတမ်း ချစ်ခဲ့တဲ့သူက ချောင်ဟုန်ယဲ့ပဲ။ ဒါပေမယ့် သူက နင့်ကြောင့် စိတ်ဓာတ်ကျနေတာမို့လို့ ငါ့ရဲ့ခံစားချက်တွေကို လက်မခံခဲ့ဘူး။ သူက ငါ့ကို နင့်ကို လိုက်ပိုးဖို့ တောင်းဆိုခဲ့တာ။ မဟုတ်ရင် သူက ငါ့ကို လျစ်လျူရှုလိမ့်မယ်”

ထိုစကားကို ကြားပြီးနောက်တွင် အဖေကျန်သည် သူ၏ အသုံးမကျသော သားဖြစ်သူအား သေအောင် ကန်မပစ်လိုက်နိုင်သဖြင့် ဒေါသထွက်နေ၏။

သူ့ကို လူတစ်ယောက်က ခိုင်းရုံနဲ့ အခြားတစ်ယောက်ကို လိုက်ပိုးတယ်ပေါ့လေ။ သူ့မှာ ကိုယ့်ကိုကိုယ် လေးစားမှု တစ်ိုးတစိလေးတောင် မရှိဘူးလား။ ဒါ့အပြင် တစ်ဖက်လူက သူ့ကို မကြိုက်ဘဲ လှည့်စားနေတယ်ဆို အသိအသာကြီးပဲ။ ကျန်ရှက ပိုပြီး တော်တယ်တတ်တယ် ဆိုရင်တောင်မှ အခြားလူတွေရဲ့ညွှန်ကြားချက်တွေကို လိုက်နာနေတယ်။

အရူး ... ငဖျင်း၊ ငအ ...

“ရှင်တို့ကြားကြလား”

ကျင်းယွင်ကျောင်းက အဖေကျန်ကို လှောင်ရယ်လိုက်ပြီး ဆက်ပြောလာသည်။

“ရှင်တို့ရဲ့သားက အခြားသူရဲ့ ညွှန်ကြားချက်အရ ကျွန်မရဲ့ခံစားချက်ကို လှည့်စားခဲ့တယ်။ ကျွန်မက ဒါကို အဓိပ္ပါယ်ကောက် မလွဲခဲ့ဘူး၊ ဟုတ်တယ်မလား”

အဖေကျန်က မျက်နှာပျက်သွားပြီး အနည်းငယ် အသက်ရှုကြပ်သွားးသလို ခံစားလိုက်ရ၏။

“ကျွန်မကို နစ်နာကြေးပေး”

ထို့နောက် ကျင်းယွင်ကျောင်းက အထက်စီးဆန်ဆန် တောင်းဆိုလိုက်သည်။

ကျင်းယွင်ကျောင်း၏ ပူပင်ကြောင့်ကြမဲ့သော သဘောထားက ဘေးမှ ကြည့်နေသူများအား အဖေကျန်နှင့် အမေကျန်တို့ ကျောင်းသို့ ပထမဆုံး ရောက်ရောက်ချင်းက မောက်မာစွာ ပြောဆိုဆက်ဆံခဲ့ကြခြင်းကို ပြန်သတိရသွားစေသည်။

သူမ လက်စားချေနေသည်မှာ အသိအသာပင်။

ဆရာကျီသည်လည်း ဘာပြောရမှန်းပင် မသိချေ။ သူမအား တတ်နိုင်သမျှ ခွင့်လွှတ်ပေးရန် ပြောသင့်သည်လား။ သူသည် အရွယ်လွန်နေပြီဖြစ်သော်လည်း မတုံးအ,သေးချေ။ ဤမိန်းကလေးက ပြဿနာများအားလုံးကို ထက်ထက်မြက်မြက် ဖြေရှင်းအနိုင်ယူနိုင်ခြင်း သို့မဟုတ် ပျိုးပင်ကောင်းလေးတစ်ပင်အား မဆုံးရှုံးခဲ့ရခြင်းကြောင့် ကျေးဇူးတင်မိသည်။

ကျန်ရှသည်လည်း ပျိုးပင်တစ်ပင်ဖြစ်သော်လည်း သူ၏အမြစ်များက ပုတ်နေပြီးသားဖြစ်၏။

“မင်းက ဘယ်လောက် လိုချင်တာလဲ”

အဖေကျန်က ဤစကားကို ခက်ခက်ခဲခဲဖြင့် အားယူ မေးလိုက်၍ အမေကျန်ကမူ ခေါင်းများ တရိပ်ရိပ်မူးနေသလို ခံစားနေရသည်။

“ကျွန်မ ဘယ်လောက်လိုချင်လဲ ဟုတ်လား။ စိတ်လျှော့ပါ၊ ကျွန်မ အများကြီး မတောင်းပါဘူး။ စိတ်ကျန်းမာရေးထိခိုက်မှုအတွက် ယွမ်ငါးသောင်း၊ ဒါ့အပြင် ကျွန်မ ရှင်တို့သားကို ရိုက်တဲ့ကိစ္စကိုလည်း လျှော်ပေးရမယ်။ ဒီရည်းစားစာတွေကိုတော့ ရှင်တို့ ဆုံးဖြတ်ပါ။ ဒါက စာအုပ်တစ်အုပ်ရေးလို့ရတဲ့ စာပေကုန်ကြမ်းတွေပဲ။ စျေးကွက်ထဲမှာဆိုရင် ဒီရည်းစားစာတွေက ဘယ်လောက်တန်မယ်လို့ ရှင်တို့ထင်လဲ။ အိုး...ဟုတ်သားပဲ၊ ကျွန်မက ရှင်တို့ကို ငွေညစ်နေတယ်လို့ မပြောနဲ့နော်။ ကျွန်မက ခံစားချက် ရုတ်တရက် အပြောင်းအလဲကို ခံနိုင်ရည်မရှိတဲ့ ရှက်တတ်တဲ့သူပါ”

ကျင်းယွင်ကျောင်းက သူမသည် ကျန်မိသားစုအား ခြိမ်းခြောက်မနေသည့်အလား အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ထိုအချိန်၌ ကျောင်းအုပ်ဆရာကြီးသည် အတန်ငယ် မှင်သက်နေ၏။ ဤကိစ္စကို တားသင့်လား၊ မတားသင့်လားပင် သေချာမသိတော့ပေ။ တကယ်တမ်း ဤအခြေအနေသည် ခြိမ်းခြောက်ငွေညစ်နေခြင်းပင် ဖြစ်သည်။

သို့သော် သူသာ ကြားဝင်နှောက်ယှက်လိုက်ပါက ကျင်းယွင်ကျောင်းက သူ့အပေါ် အငြိုးထား၊ မထား မည်သူပြောနိုင်မည်နည်း။ ကျန်မိသားစုကမူ သူ့အား အရိုးစွဲအောင် မုန်းတီးနေမည်မှာ သေချာသလောက်ပင်။ ထို့အပြင် ဤကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ပါက အကောင်းဆုံးဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ဤဖြစ်ရပ်သာ အပြင်သို့ ပေါက်ကြားသွားပါက ကျောင်း၏ ပုံရိပ်လည်း ကျဆင်းသွားပေလိမ့်မည်ဖြစ်ချေ၏။

All Chapters