← Chapters

အခန်း (၂၂၉-၂၃၂)

Vol. 12 Ch. 229-232

အခန်း (၂၂၉-၂၃၂)

Vol. 12 Ch. 229-232

Chapter 229 : အပေးအယူလုပ်ခြင်း

နစ်နာသူဖြစ်စေ၊ တရားခံဖြစ်စေ၊ ဤကိစ္စကို သီးသန့်ဖြေရှင်းမှသာ နှစ်ဖက်စလုံး အကျိုးရှိပေလိမ့်မည်။

ထိုအချိန်၌ ကျန်မိသားစုမှ မိဘများသည် မေးကြောများပင် ထောင်နေအောင် အံကြိတ်ထားကြသည်။ သူတို့သည် ကြေးအမြင့်ကြီး တောင်းသည့်အတွက် ကျင်းယွင်ကျောင်းအား ဒေါသထွက်နေကြသော်လည်း သူမ ဤသို့ မတန်တဆ တောင်းနိုင်အောင် လုပ်ခဲ့သည့် မူရင်းလက်သည်တရားခံ ကျန်ရှအား ပို၍ ဒေါသထွက်ကြ၏။

အကယ်၍ ကျန်ရှသာ ရည်းစားစာပေါ်တွင် သူ၏ နာမည်ကို မရေးခဲ့ပါက သူ ဝန်မခံသရွေ့ ဤရည်းစားစာသုံးစောင်သည် သူတို့နှင့် လာဆက်နွယ်မည် မဟုတ်ပေ။ ယခု ကိစ္စများက ဤအခြေအနေထိ ရောက်လာပြီဖြစ်ရာ အခြားသူများအား လိုက်လံပိုးပန်းခဲ့သည်ကို မေ့၍ သူကိုယ်တိုင်ပင် နစ်နာကြေးပေးရတော့မည် ဖြစ်သည်။

ကျန်မိသားစုမှ မိဘများသည် မရှုနိုင်မကယ်နိုင်ဖြစ်နေသော်လည်း တိုက်ရိုက် ပါဝင်ပတ်သတ်သူတစ်ယောက်ဖြစ်သည့် ကျန်ရှ၏ စိတ်ခံစားချက်မှာမူ ပို၍ပင် အခြေအနေဆိုးနေသေး၏။

ဤသည်က သူညံ့၍ မဟုတ်လား။ အစပိုင်းတွင် သူသည် သူ့နာမည်ကို ထည့်ရေးရန် လုံးဝစိတ်ကူးမရှိပေ။ အကယ်၍ ဤစာများကိုရပြီး ကျင်းယွင်ကျောင်း ဒေါသထွက်နေသည်ကိုသာ မြင်ပါက သူသည် ဤကဲ့သို့ မိုက်မဲသည့်ကိစ္စကို လုပ်ခဲ့လိမ့်မည်မဟုတ်။ ထို့အပြင် ကျင်းယွင်ကျောင်းက ဤမျှအတင့်ရဲလိမ့်မည်ဟု သူ မည်သို့ သိမည်နည်း။ သူမသည် အမှန်တကယ်ပင် သူ့အား အတန်းသားများအားလုံး၏ အရှေ့၌ ဖွဲအိတ်တစ်လုံးကဲ့သို့ ရိုက်နှက်ကန်ကျောက်ခဲ့သည့်အပြင် ရည်းစားစာများကို ထုတ်၍ပင် သူ့အား ခြိမ်းခြောက်လိုက်သေးသည်။

တကယ်တမ်း ထိုရည်းစားစာများသာ အပြင်သို့ ပေါက်ကြားသွားပါက သူတစ်ယောက်တည်း အဆုံးသတ်သွားမည် မဟုတ်ဘဲ သူမ၏ ဂုဏ်သတင်းကလည်း ပိုကောင်းလာနိုင်စရာ အကြောင်းမရှိပေ။

သို့သော် သူနှင့်မတူသည်မှာ ကျင်းယွင်ကျောင်းသည် အဆုံးသတ်တိုက်ပွဲအတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့သော်လည်း သူမ အတော်လေး အံ့သြသွားသည်မှာ ကျန်ရှက စာပေးသူမှာ သူဖြစ်ကြောင်း ကိုယ်တိုင်ကိုယ်ကျဝန်ခံလာရန် အမှန်တကယ် သုံးရက်သာ ကြာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကျန်ရှသည် သူ့ကိုယ်သူ အလွန်အထင်ကြီးသူဖြစ်သောကြောင့် ဤကိစ္စအား နားလည်ရန် မခက်ခဲဲပေ။ သူသည် အတ္တကြီး၍ တစ်ကိုယ်ကောင်းဆန်သူဖြစ်သည့်အပြင် အခြားသူများ၏ အတွေးများကိုလည်း သူ၏ကိုယ်ပိုင်အတွေးအမြင်များနှင့် နှိုင်းယှဥ်ပြီး လိုရာဆွဲတွေးလေ့ရှိသူလည်း ဖြစ်၏။ ထို့ကြောင့် သူသည် ကျင်းယွင်ကျောင်း၏ အပြုအမူကို မြင်သောအခါ သူ့စာပေအရေးအသား၏ နှစ်လိုဖွယ်ကောင်းမှုသည် အကျိုးသက်ရောက်မှု ပြင်းထန်၍ တုနှိုင်းမဲ့ဟုပင် ထင်မိနေခဲ့သည်။

ကျန်မိသားစုမှ မိဘနှစ်ပါးသည် အလွန်အမင်း တွန့်ဆုတ်နေသော်လည်း အချိန်အတော်ကြာပြီးနောက်တွင် သူတို့သည် ဆုံးဖြတ်ချက် ချလိုက်ကြ၏။

“ကျင်းယွင်ကျောင်း၊ လောဘသိပ်မကြီးနဲ့။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် နစ်နာကြေး ယွမ်ငါးသောင်းက များလွန်းတယ်။ ငါတို့ ဒါကို လုံးဝ သဘောတူမှာ မဟုတ်ဘူး။ ဒါပေမယ့် အပေးအယူ လုပ်မယ်။ ငါတို့က မင်းကို စုစုပေါင်း ယွမ်သုံးသောင်း ပေးမယ်။ မင်းက ငါတို့ကို ရည်းစားစာတွေ ပေးရမယ်”

အဖေကျန်က စောဒကတက်လိုက်သည်။

သူတို့ကျန်မိသားစုသည် ပိုက်ဆံ မရှိသောကြောင့် မဟုတ်သော်လည်း ဤကဲ့သို့ ငွေအမြောက်အမြား မသုံးသင့်ပေ။

ကျင်းယွင်ကျောင်းက မျက်ခုံးတစ်ဖက် ပင့်လိုက်၏။

“မဖြစ်နိုင်ဘူး”

“ဒီပမာဏကို ထပ်ပြီးတော့ စောဒက မတက်နဲ့တော့။ မဟုတ်ရင် မင်း တစ်ပြားမှ ရမှာ မဟုတ်ဘူး”

အဖေကျန်က အော်ဟစ်လိုက်သည်။

“တကယ်တော့ ဒီငွေကို ရရ၊ မရရ ကျွန်မအတွက် အရေးမပါပါဘူး။ ဒါပေမယ့် ရှင်တို့သားအတွက်ကတော့ မတူဘူးနော်။ ကျွန်မ အတန်းသွားစရာရှိသေးတယ်။ ဒါကြောင့် ရှင်တို့ ကျွန်မရဲ့ကမ်းလှမ်းချက်ကို စဥ်းစားဖို့ နောက်ထပ်အချိန် ဆယ်မိနစ်ပဲ ပေးမယ်။ တကယ်လို့မှ ရှင်တို့က ဆန္ဒမရှိသေးဘူးဆိုရင်လည်း ကျွန်မတို့ ဒါကို မေ့လိုက်ကြတာပေါ့”

ကျင်းယွင်ကျောင်းက အလျှော့မပေးဘဲ ပြောလာ၏။

အဖေကျန်၏ အမူအယာက ကျင်းယွင်ကျောင်းအား အစိမ်းလိုက် ဝါးစားပစ်ချင်နေသကဲ့သို့ ဖြစ်သွား၍ သူသည် ငွေပမာဏကို တွေးမိလိုက်တိုင်း ဒေါသထွက်ခြင်းနှင့် ရင်နာခြင်း နှစ်မျိုးစလုံးကို ခံစားလိုက်ရသည်။

သူသည် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရာ ကျင်းယွင်ကျောင်း၏ ရည်ရွယ်ချက်များကို မမြင်ဘဲ နေမည်လား။ ယွမ်ငါးသောင်းသည် သူမ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် နစ်နာကြေးသာဖြစ်၍ ရည်းစားစာများအား ပြန်လိုချင်လျှင်ရော။ သူသည် နောက်ထပ် ယွမ်တစ်သောင်း ထပ်ပေးရမည်မှာ အသေအချာပင်။

ထိုယွမ်တစ်သောင်းသည် ကျန်ရှအား နင်းမြို့တော်တွင် ကျောင်းကောင်းကောင်းတစ်ကျောင်းထားရန်အတွက် လုံလောက်သည်။

ကံဆိုးသည်မှာ သူ၏သားဖြစ်သူက ထိုစာများပေါ်တွင် နာမည်ရေးခဲ့သည့်အချက်အား ပြုပြင်၍ မရနိုင်ပေ။ နောင်နှစ်ပေါင်းများစွာ ကြာသည်အထိ ထိုရည်းစားစာများသည် ကျန်ရှအတွက် ဖျောက်ဖျက်မရသော သမိုင်းအမည်းစက်ကြီး ဖြစ်နေလိမ့်မည်။

ထို့နောက် အဖေကျန်သည် သားဖြစ်သူ၏ ကြောက်ရွံ့တုန်လှုပ်၍ တောင်းပန်တိုးလျှိုးနေသော မျက်နှာကို မြင်သောအခါ သူ မည်မျှပင် ဒေါသထွက်နေစေကာမူ ခံစားချက်များကို မြိုသိပ်၍ သူ့ကိုယ်သူ အားတင်းလိုက်သည်။

“ငါ မင်းကို နောက်ထပ်တစ်သောင်း ထပ်ပေးမယ်။ မင်း ဒါကို မကျေနပ်သေးဘူးဆိုရင် အပေးအယူမဖြစ်တော့ဘူးလို့ မှတ်လိုက်။ ပြီးတော့ ငါ့သားကို သူ့ရဲ့ဒဏ်ရာတွေကို စစ်ဆေးဖို့ ဆေးရုံပို့ရမယ်၊ အဲဒီကုန်ကျစရိတ်တွေအားလုံးကို မင်းက ပေးရမယ်”

“ဟုတ်ပြီလေ”

ကျင်းယွင်ကျောင်းက ရွှင်ရွှင်ပျပျ ပြုံးပြလိုက်သည်။

သူမသည် ဘာမှမလုပ်ရဘဲနှင့် အပိုငွေ ယွမ်တစ်သောင်းခန့်ရှာနိုင်ခဲ့ပြီး ကျန်ရှကိုလည်း ရိုက်နိုင်ခဲ့သည်ဖြစ်ရာ သူမက အမြတ်ရပြီးသားပင်။

နှစ်ဦးနှစ်ဖက် သဘောတူပြီးသည့်နောက်တွင် ကျင်းယွင်ကျောင်းသည် စာများကို သူတို့အား ချက်ချင်း မပေးခဲ့။ သူတို့ ငွေလွှဲလာသည်အထိ စောင့်ပြီးနောက်တွင် သူမသည် သူတို့အား ကျန်ရှ၏ ဒဏ်ရာများသည် သူမနှင့် မသက်ဆိုင်ပါကြောင်း ဝန်ခံကတိစာတစ်စောင် ရေးခိုင်းခဲ့ရာ သူမက ကျန်ရှ၏ ဆေးစစ်မှုအား တာဝန်ယူပြီးနောက်တွင် သူတို့က သူမအား ထပ်မံ၍ တာဝန်ယူခိုင်းခွင့် မရှိတော့ပေ။ ထို့နောက် သူမက စာများကို သူတို့အား ပေးလိုက်သည်။

ကျန်ရှ၏ မိဘများသည် စာများကို ရပြီးနောက်တွင် ချက်ချင်းပင် မီးရှိူ့ပစ်ကြ၏။ စာများအားလုံး ပြာကျသွားသည်နှင့် သူတို့သည် ကျန်ရှအား ဆေးကုရန်အတွက် အိမ်သို့ ဒေါသတကြီး ဆွဲခေါ်သွားကြသည်။

ထိုမိသားစုသုံးယောက်သည် ကျင်းယွင်ကျောင်းက သူမ၏ ကိုယ်ပိုင်အကျိုးအမြတ်အား မည်မျှအလေးထားကြောင်းကို မြင်သောအခါ သူတို့သည် အကြီးအကျယ်နောင်တရနေကြ၏။ သူတို့သည် သူတို့၏ ရင်ဘတ်ပေါ်၌ ကျောက်တုံးကြီးတစ်တုံး ဖိထားသည့်အလား မချိမဆန့် ခံစားနေရသည်။

ကျန်မိသားစုသည် ထိုဒေါသများကို သူတို့၏ သားဖြစ်သူအပေါ်တွင် မပေါက်ကွဲနိုင်သောအခါ အလိုအလျောက်ပင် ချောင်ဟုန်ယဲ့အား သွားရှာကြလေတော့၏။

Chapter 230 : ငွေအမြောက်အမြား

ချောင်မိသားစုအိမ်တွင်...

အရက်နံ့များ မွှန်ထူနေသည့် ချောင်ဝေ့မင်သည် ထမင်းစားပွဲတွင် ခွေခေါက်၍ ထိုင်နေပြီး မြေပဲများကို အခွံခွာကာ ပါးစပ်ထဲသို့ ပစ်ထည့်ရင်း စားနေသည်။

‘ဂျွတ်...ဂျွတ်...ဂျွတ်’

သူက အသံမျိုးစုံမြည်အောင် ဝါးစားနေစဥ်တွင် ချောင်ဟုန်ယဲ့သည် အဝတ်များ ထိုင်ခေါက်နေ၏။ သူမသည် မျက်မှောင်ကြုံ့၍ အလုပ်လုပ်ရသောကြောင့် ကြမ်းတမ်းစပြုလာသော သူမ၏ လက်ချောင်းများကို စိုက်ကြည့်နေ၏။ ခါးသီးသော နေ့ရက်များ အဆုံးသတ်မည့်အချိန်ကို သူမ သိချင်လှသည်။

ခရိုင်အတွင်းတွင် ကျောင်းမှ စောစောထွက်ရသော မိန်းကလေးများ မရေမတွက်နိုင်အောင် ရှိ၏။ အများစုမှာ အသက်သိပ်မကြီးကြသော်လည်း ထိုအထဲမှ အနည်းစုကသာ ပထမဆုံး လက်ထပ်လိုက်ပြီး နောက်ပိုင်း နှစ်အနည်းငယ်ကြာသောအခါ ပညာဆက်လက်သင်ယူနိုင်ကြသည်။ ယနေ့တွင် ချောင်ဝေ့မင်သည် သမီးဖြစ်သူ၏ မျက်လုံးအကြည့်က ထူးဆန်းနေသည်ကို သတိထားမိသော်လည်းသူမဘာတွေးနေမှန်း သိပ်နားမလည်ပေ။

ထိုသို့အချိန်ဖြုန်းနေစဥ်မှာပင် ချောင်ဝေ့မင် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်သည်။ ခဏကြာအောင် ဖုန်းပြောပြီးနောက်တွင် သူ၏ မျက်နှာမှာ ပြုံးဖြဲဖြဲ ဖြစ်လာ၏။ ထို့နောက် သူသည် ဖုန်းချပြီးသည်နှင့် သမီးဖြစ်သူ၏ အခန်းထဲသို့ တရကြမ်း ပြေးဝင်သွားတော့သည်။

“မြန်မြန်လုပ်စမ်း၊ နင် ဟင်းနည်းနည်းချက်လိုက်။ ပြီးရင် မြန်မြန်ဝတ်စားပြီး ပြင်ဆင်ထား။ ဧည့်သည်တွေက လာနေပြီ။ နင် ငါ့ကို အရှက်မခွဲရင် ပိုကောင်းမယ်”

ချောင်ဝေ့မင်က တစ်ဖက်လူအား ခွန်းတုံ့ပြန်စရာ အချိန်ပင် မပေးဘဲ ခပ်မြန်မြန်ပြောလိုက်၏။

ချောင်ဟုန်ယဲ့သည် ထက်မြက်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမသည် ချောင်ဝေ့မင်နှင့် အိမ်၌ နှစ်ယောက်တည်းရှိနေချိန်တွင် သူ့ကို တစ်ခါမှ မဆန့်ကျင်ခဲ့ပေ။ သူမ၏ ဖခင်ဖြစ်သူသည် မည်သည့်လူစားမျိုးမှန်း သူမ ကောင်းကောင်းသိ၏။ သူမသည် ချောင်ကျစ်ကျိုး မဟုတ်ပေ။ ယောက်ျားလေးတစ်ယောက် မဟုတ်သောကြောင့် ချောင်ဝေ့မင်ကို သူမအား သက်သက်ညှာညှာ ဆက်ဆံပေးရန် တောင်းဆိုပိုင်ခွင့်လည်း မရှိ။

ထို့ကြောင့် ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင်၏ ညွှန်ကြားချက်များကို ကျိုးနွံစွာ လိုက်နာ၍ ဟင်းပွဲအချို့ကို ပြင်ဆင်လိုက်ပြီးနောက် ယခင်က ဝတ်ဆင်ခဲ့သည့် လှပသောဝတ်စုံများကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ ခဏမျှကြာသောအခါ သူတို့၏ အိမ်တံခါးဝမှ တံခါးခေါက်သံ ထွက်ပေါ်လာ၏။

ရောက်လာသော ဧည့်သည်သည် ချောင်ဝေ့မင်နှင့် သက်တူရွယ်တူ လူကြီးတစ်ယောက် ဖြစ်သည်။ သူသည် အဝလွန်နေသောကြောင့် မျက်စိပေါက်များက မှေးကျဥ်းနေပြီး မျက်နှာတွင်လည်း ကျောက်ပေါက်မာများနှင့် ပြည့်နေကာ တဏှာရာဂများ ပြည့်လျှမ်းနေသည့် အပြုံးမျိုးဖြင့် ပြုံးပြနေ၏။

ချောင်ဟုန်ယဲ့သည် ချက်ချင်းပင် သူမ၏ ကျောရိုးထဲမှ စိမ့်တက်လာပြီး ချောင်ဝေ့မင် ဘာလုပ်ရန် ကြံစည်နေသည်အား သိသွားသည်။

ချောင်ဝေ့မင်က သူမသည် ချောင်မိသားစု၏ စီးပွားရေးကို ဖျက်ဆီးသူဟု ယုံကြည်ထားရာ သူမသည် သူ့အတွက် မျက်စိစပါးမွေး စူးစရာဖြစ်နေ၏။ ထို့အပြင် သူမသည် နာမည်ဂုဏ်သတင်းကလည်း စွန်းထင်းသွားပြီဖြစ်ရာ ချောင်ဝေ့မင်၏ မျက်လုံးထဲ၌ သူမသည် စိတ်ပျက်စရာ ပို၍ကောင်းလာသည်။ အကယ်၍ သူမသည် ချောင်ဝေ့မင်အား သတိကြီးကြီးထား၍ ဆက်ဆံနေခြင်းကြောင့်သာ မဟုတ်ပါက အကြိမ်ပေါင်းများစွာ ရက်ရက်စက်စက် အရိုက်နှက်ခံရပြီး ဖြစ်လောက်၏။

မကြာသေးမီက သူသည် သူမအား ကျောင်းဆက်မနေတော့ဘဲ စောစောစီးစီး လက်ထပ်၍ မိသားစုတစ်ခု တည်ထောင်သင့်ကြောင့် ပြောလာခဲ့သည်။ သို့ရာတွင် သူသည် ဤမြို့ထဲ၌ သူမနှင့်လိုက်ဖက်သူမရှိဟု ခံစားရသောကြောင့် လက်တွေ့အကောင်အထည် မပေါ်လာဘဲ အပြောသက်သက်သာ ဖြစ်နေခဲ့၏။

သို့သော် ယခုအခါ ဤလူကြီး ရုတ်တရက် ပေါ်လာခြင်းက ချောင်ဝေ့မင်၏ လက်ချက်ဖြစ်ကြောင်း အသိအသာပင်။ ချောင်ဟုန်ယဲ့သည် ထိုလူကြီး၏ မျက်လုံးထဲမှ ပိုင်စိုးပိုင်နင်း အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

ချောင်ဝေ့မင်သည် သူမ၏ မွေးသဖခင်ဖြစ်သည်။ သူမသည် ကျင်းယွင်ကျောင်းကဲ့သို့ ကောက်ရသည့် ကလေးတစ်ယောက်လည်း မဟုတ်။ သူသည် အဘယ်ကြောင့် သူမအား ဤသို့ ဆက်ဆံနိုင်သနည်း။

“မြန်မြန်၊ မင်းရဲ့အစ်ကိုချန့်ကို ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်လေ”

ချောင်ဝေ့မင်က လော်ဆော်လိုက်၏။

အစ်ကိုချန့်တဲ့လား။ ဒီလူကြီးကဖြင့် ငါ့အဖေလောက် ရှိတာကို။

ချောင်ဟုန်ယဲ့၏ စိတ်ထဲတွင် ရွံရှာစက်ဆုပ်မှုများက လှိုက်တက်လာသည်။

ချန့်မျိုးရိုး လူကြီးသည် ချောင်ဟုန်ယဲ့က သူ့အား ပြုစုပေးမည်ကို မျှော်လင့်နေပုံဖြင့် ထိုင်စောင့်နေ၏။ သူမသည် ထိုလူနှင့်အတူ မထိုင်ချင်သောကြောင့် ထိုနေရာသို့သွားရမည့် သူမ၏ ခြေလှမ်းများက လေးလံနေသည်။ သို့သော် ခဏမျှ အချိန်ဆွဲပြီးနောက်တွင် သူမသည် ထိုလူကြီးနှင့်အတူထိုင်ရန် သွားလိုက်ရတော့၏။ သို့သော် သူမ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် ထိုချန့်မျိုးရိုးလူကြီးသည် စိတ်မရှည်တော့ဘဲ သူမအား သူ၏ ပေါင်ပေါ်သို့ ဆွဲတင်လိုက်တော့သည်။

“ရှင် ဘာလုပ်တာလဲ”

ချောင်ဟုန်ယဲ့က အော်ဟစ်လိုက်ပြီးနောက် အမြန် ခုန်ထလိုက်၍ ဝေးဝေးတွင် သွားရပ်နေ၏။

“အစ်ကိုချောင်၊ ခင်ဗျားရဲ့သမီးက ဖြူဖြူနုနုလေးပေမယ့် ဒေါသကတော့ အတော်ကြီးတာပဲ”

ထိုလူက မှတ်ချက်ပေးလိုက်ပြီး ဆက်ပြောလိုက်သည်။

“ဒီတစ်ခေါက် သင်္ဘောကရတဲ့ အမြတ်ငွေရဲ့တစ်စိတ်တစ်ပိုင်းက ခင်ဗျားအပိုင်ပဲ။ ဒါပေမယ့် ခင်ဗျား အရင်ဆုံး ငွေနည်းနည်း ရင်းနှီးမြှုပ်နှံရမယ်။ ပြန်ရမယ့်အမြတ်က ထူးခြားစေရမယ်လို့ ခင်ဗျားကို ကျုပ် အာမခံတယ်။ နင်းရှန်ခရိုင်ရဲ့ သဘာဝရူခင်းတွေက အကောင်းဆုံးရွေးခြယ်မှုဖြစ်ပြီးတော့ ရေက ရွှေလိုအဖိုးတန်တယ်။ လက်ရှိမှာ ကျုပ်တို့သင်္ဘောက ကုန်တွေကို ဝယ်ဖို့ စောင့်နေကြတဲ့သူတွေမှ မရေမတွက်နိုင်လောက်အောင်ပဲ။ စိတ်ချလက်ချနေပါ။ ဒီအစီအစဥ်က ရှုံးမှာ မဟုတ်ဘူး”

ထိုအခါ ချောင်ဟုန်ယဲ့သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွား၏။

ချောင်ဝေ့မင်သည် ပိုက်ဆံကို အရူးအမူး လောဘကြီး၍ မကြာခဏပင် ရင်းနှီးမြှုပ်နှံရန်အတွက် စဥ်းစားနေတတ်သော်လည်း ထိုအကြံအစည်များအားလုံးက ပျက်ပျက်သွားတတ်သည်။ ယခုအခါ သူသည် သူ၏ သမီးအရင်းဖြစ်သည့် သူမကိုပင် ဤသံသယဖြစ်ဖွယ်ရာ ရင်းနှီးမြှုပ်နှံမှု အကြံပြုချက်၌ အကျိုးအမြတ်ခွဲဝေမှုတစ်ခုအဖြစ် ရောင်းစားချင်နေပြီဖြစ်၏။

သူမသည် အသက်မပြည့်သေးသူတစ်ယောက်အနေနှင့် အစိုးရထံမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ပေးမှုကို ရရှိထားသော်လည်း ဤကဲ့သို့သောမြို့ငယ်လေး၌ မည်သူက ထိုအကြောင်းကို ဂရုစိုက်မည်နည်း။ သူမ၌ အလယ်တန်းကျောင်းကတည်းက လက်ထပ်သွားကြသည့် အတန်းဖော်အချို့ပင် ရှိ၏။

ဒါပေမယ့် ငါ အခု ဘာလုပ်ရမလဲ။ ငါက ပိုက်ဆံရတဲ့သူလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလိုအဖိုးကြီးနဲ့ နေရမှာလဲ။

ချောင်ဟုန်ယဲ့သည် စိတ်ရှုပ်နေပြီး သူမ၏ နှလုံးသားထဲ၌ဆောက်တည်ရာမရ ဖြစ်နေချိန်တွင် လူကြီးနှစ်ယောက်မှာ ပျော်ပျော်ပါးပါး သောက်စားမူးယစ်နေကြသည်။ ထို့နောက် ရုတ်တရက် ချောင်ဟုန်ယဲ့သည် သူမအား ကူညီနိုင်မည့်သူတစ်ယောက်ကို စဥ်းစားမိသွား၏။

ကျန်ရှ ...

ကျန်ရှသည် သူမအား စွဲလန်းနေသည်ဖြစ်၍ ဤအကျပ်အတည်းမှ လွတ်မြောက်အောင် သေချာပေါက် ကူညီလိမ့်မည်ဖြစ်ချေသည်။

Chapter 231 : မယားငယ်တစ်ယောက် ပုန်းအောင်းရန် အိမ်အစုတ်တစ်လုံး

ချောင်ဟုန်ယဲ့သည် ထိုအကြံအစည်အား အတွေးတစ်ခုအနေနှင့်သာ ဆက်မထားခဲ့။ သူမက အံကြိတ်လိုက်ပြီး လူကြီးနှစ်ယောက်အား အဆက်မပြတ် အရက်များ ငှဲ့ပေးလိုက်ရာ မကြာမီမှာပင် ချောင်ဝေ့မင်နှင့် ချန့်မျိုးရိုးလူကြီးတို့သည် အသိစိတ်လွတ်သည်အထိ မူးသွားကြသည်။

ထိုအခါ ချက်ချင်းပင် သူမသည် ထိုလူနှစ်ယောက်၏ ခန္ဓာကိုယ်များပေါ်၌ ရှာဖွေလိုက်ရာ မမျှော်လင့်ဘဲ ယွမ်ထောင်ဂဏန်းခန့် ရှာတွေ့သွား၏။ ထို့နောက် ပိုက်ဆံများကို ယူကာ သူမသည် အိမ်မှ တွေဝေမှုမရှိဘဲ ထွက်ပြေးခဲ့၍ ခရိုင်မြို့သို့ ဦးတည်၍ သွားခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ချောင်ဟုန်ယဲ့ ထွက်သွားသည်နှင့် ကျန်ရှ၏ မိဘများသည် ချောင်ဝေ့မင်၏ အိမ်တံခါးဝ၌ ပေါ်လာကြ၏။

ချောင်ဟုန်ယဲ့ ထွက်သွားစဥ်က သူမသည် တံခါးပေါက်ကို ပြန်မပိတ်ခဲ့သောကြောင့် ထိုလင်မယားနှစ်ယောက်သည် အထဲထိ ဝင်လာကြ၏။ ထိုအခါ သူတို့တွေ့လိုက်ရသည်မှာ လူကြီးနှစ်ယောက် စားပွဲပေါ်တွင် မူး၍ အိပ်ပျော်နေကြသည့် မြင်ကွင်းဖြစ်သည်။ ထိုအခါ သူတို့ တစ်နေ့လုံး ပြင်ဆင်လာခဲ့သည့် ဆွေးနွေးရန်စကားများသည် ယခုအချိန်၌ လည်ချောင်းထဲတွင်သာ တစ်နေ၍ ဘာမှပြောမထွက်တော့ပေ။

သို့သော် ထိုကဲ့သို့သော မြင်ကွင်းမျိုးနှင့် ရင်ဆိုင်လိုက်ရသည့်အခါ သူတို့၏စိတ်ထဲတွင် ဤမိသားစုသည် ကလိမ်ကကျစ်မိသားစုဖြစ်သည်ဟူသော ထင်မြင်ချက်က စွဲမြဲသွားတော့သည်။ ထို့နောက် သူတို့သည် မလိုလားအပ်သည့် ပြဿနာများ မရှာချင်သောကြောင့် ခရိုင်မြို့သို့သာ ပြန်လာခဲ့ကြ၏။

ချောင်ဟုန်ယဲ့သည် ထုံးစံအတိုင်း ကျန်ရှ၏ လရောင်ဖြူလေးဖြစ်သည်။ သူမထံမှ အကူအညီတောင်းသည့် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ ကျန်ရှသည် နှစ်ခါပင် မစဥ်းစားဘဲ သူမအား ကူညီရန် ဆုံးဖြတ်ခဲ့၏။

(T/N : လရောင်ဖြူလေးဆိုတာ အချစ်ဦးကို ခေါ်တဲ့ တရုတ်ဗန်းစကားပါ။)

ထို့နောက် သူသည် ရုပ်ပျက်ဆင်းပျက် ဖူးယောင်နေသော မျက်နှာနှင့်ပင် ကျန်မိသားစုအိမ်၏ အနီးနားရှိ နေရာတစ်ခုကို ငှားရမ်းခဲ့သည်။ ပတ်ဝန်းကျင်အနေအထားမှာ ကောင်းမွန်ခြင်းမရှိဘဲ အတော်လေး လူပြတ်၍ ရှာတွေ့ရန် ခက်ခဲ၏။ ကောင်းသည့်အချက်မှာ ထိုနေရာသည် လုံးချင်းတိုက်ခန်းတစ်ခုဖြစ်ပြီး ကိုယ်ပိုင်အိမ်တစ်လုံးပင် ဖြစ်သောကြောင့် ငှားရမ်းရန်အတွက် မည်သည့်မှတ်ပုံတင် အထောက်ထားမှ မလိုပေ။ ထို့အပြင် စာချုပ်၌ လက်မှတ်ထိုးရန်ပင် မလိုဘဲ ငှားရမ်းခ တစ်လလျှင် ယွမ်နှစ်ရာခန့် ပေးရန်သာ လိုအပ်သည်။

ကျန်ရှသည် မူလက အိမ်သို့ အားပြန်ဖြည့်ရန် ခေါ်လာခံရသဖြင့် အနည်းငယ် ဝမ်းနည်းနေသော်လည်း ချောင်ဟုန်ယဲ့ ရောက်လာသောအခါ ချက်ချင်းပင် သူ၏ ဆောင့်ကြွားကြွား အမူအကျင့်များကို ပြန်လည်ရရှိလာ၏။

ဤအိမ်သည် အိမ်ကြီးအိမ်ကောင်းတစ်လုံး မဟုတ်သော်လည်း ခမ်းနားသည့် အိမ်ထဲ၌ မယားငယ်တစ်ယောက်အား ထိန်းသိမ်းထားသည်ဟု မယူဆနိုင်ပေ။ ထို့ကြောင့် ချောင်ဟုန်ယဲ့တစ်ယောက်တည်းကသာ သူ့ကိုပိုင်သည့် ခံစားချက်မျိုးကို ခံစားနေရသည်။ ဤခံစားချက်က သူ့အား သတ္တိသွေးများကြွနေစေ၏။

ကျန်ရှသည် ချောင်ဟုန်ယဲ့အား သူ ရည်းစားစာများကို ရေးခဲ့စဥ်က သူ၏စိတ်ထဲတွင်ရှိနေသည့် တစ်ဦးတည်းသောသူမှာ သူမသာဖြစ်သည်ဟု ပြောပြချင်ခဲ့သည်။ သို့သော် နှမြောစရာကောင်းသည်မှာ ထိုစာများသည် မီးလောင်သွားပြီဖြစ်၏။ ထိုသို့သာ မဟုတ်ပါက သူသည် သူမအား ထိုစာများကို အမှန်တကယ်ပင် ပြချင်လှသည်။

ချောင်ဟုန်ယဲ့ ထွက်သွားခြင်းက ချောင်ဝေ့မင်အတွက် တိုက်ရိုက် အခက်တွေ့စေခြင်းပင်ဖြစ်၏။

ချန့်မျိုးရိုးလူကြီးသည် သူကြိုက်နှစ်သက်သည့် မိန်းကလေးအား မရရှိသည့် ပြဿနာတစ်ခုတည်းသာဆိုပါက လျှော်ပေးလိုက်နိုင်သော်လည်း ယခုကိစ္စမှာ သူ၏ ပိုက်ဆံများအားလုံးကိုပါ ချောင်ဟုန်ယဲ့က ယူသွားခြင်းဖြစ်သောကြောင့် နောက်ဆက်တွဲ ပြဿနာများပါ လိုက်ပါလာတော့သည်။

ချောင်ဝေ့မင်သည် သူ၏ ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်ရရန်အတွက် ထိုလူအား သူ၏ ဘိုးဘေးတစ်ယောက်သဖွယ် ကပ်ဖားရပ်ဖားလုပ်ခဲ့၏။ ထို့ကြောင့် သူသည် ထိုလူ၏ ငွေများကို သူ၏ အိတ်ထဲမှ စိုက်ကာ ပြန်ပေးရုံသာမက နောက်ကျလျှင် ချောင်ဟုန်ယဲ့အား ထိုသူ့ဆီသို့ သေချာပေါက် ပို့ပေးပါမည်ဟု ကတိ အထပ်ထပ်ပေးခဲ့သည်။ ထိုအခါကျမှသာ ချန့်မျိုးရိုးက ဤကိစ္စအား စိတ်လျှော့သွားတော့၏။

သို့ရာတွင် ချောင်ဟုန်ယဲ့သည် ဘယ်တော့မှ ပြန်မလာတော့ချေ။

ထို့ကြောင့် ချောင်ဝေ့မင်သည် စိတ်အေးလက်အေးနေရန် မဖြစ်နိုင်တော့။ စဥ်းစားဆင်ခြင်ပြီးသည့်နောက်တွင် သူသည် ရဲစခန်းသို့ လူပျောက်တိုင်ရန် ဆုံးဖြတ်ခဲ့သည်။

လူတစ်ယောက်ပျောက်ဆုံးခြင်းသည် ကြီးကျယ်သော ကိစ္စတစ်ရပ် ဖြစ်၏။ ခရိုင်အတွင်းရှိ ချောင်ဟုန်ယဲ့အား သိသူအားလုံးက သက်သေအထောက်အထားများ ပို့ပေးခဲ့ကြရာ သူမသည် ခရိုင်မြို့သို့ ဦးတည်ထွက်သွားကြောင်း ရှာဖွေတွေ့ရှိသွားကြသည်။ သို့သော် သူမ၏တည်နေရာ အတိအကျကို သိရန်အတွက်မူ သူတို့သည် သူတို့ကိုယ်တိုင် သူမသွားခဲ့သည့်နေရာများကို စစ်ဆေးပြီး ခွဲခြားရန် လိုအပ်၏။

ထို့အပြင် ကျင်းယွင်ကျောင်းနှင့် ချောင်ဟုန်ယဲ့၏ ဆက်ဆံရေးသည် အတော်လေးနက်ရှိုင်းသောကြောင့် ရဲများက သူမဆီသို့လည်း လာရောက်ရှာဖွေကြသည်မှာ သဘာဝပင်။

ပြန်လည်မွေးဖွားလာပြီးကတည်းက ကျင်းယွင်ကျောင်းသည် ရဲများနှင့်သာ အကြိမ်ပေါင်းများစွာ တွေ့နေရသောကြောင့် သူမသည် မရယ်ဘဲ မနေနိုင်ခဲ့။ သို့ရာတွင် ဤရဲများ၏ မျက်နှာထားများက သူမ အကျဥ်းသူဘဝက ထောင်ဝါဒါများ၏ မျက်နှာထားများထက် ပို၍ချိုသာသည်။

“မင်း ချောင်ဟုန်ယဲ့နဲ့တွေ့တာကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ပါတယ်လို့ လူတစ်ယောက်က သတင်းပို့ထားတယ်။ ဒါပေမယ့် အဲလိုတွေ့ပြီးနောက်မှာပဲ သူပျောက်သွားတယ်။ ကျင်းယွင်ကျောင်း မင်း ငါတို့ရဲ့စုံစမ်းစစ်ဆေးရေးမှာ အတူပူပေါင်းပါဝင်ဖို့ မျှော်လင့်ပါတယ်။ မင်း အမှန်အတိုင်းဝန်ခံနေသရွေ့၊ ဘယ်ပြစ်မှုကိုမှ မကျူးလွန်သရွေ့တော့ ငါတို့ မင်းကို ခက်ခဲအောင် မလုပ်ပါဘူး”

ရဲအရာရှိက လေးလေးနက်နက် ပြောလာသည်။

ကျင်းယွင်ကျောင်းသည် မျက်ရည်မထွက်ဘဲ ငိုချင်သွား၏။ ဤကိစ္စသည် ရုတ်တရက် ဖြစ်လာသည့် မမျှော်လင့်ထားသော ဘေးဒုက္ခပင်။

သို့ရာတွင် ထိုအကြောင်းကို စဥ်းစားပြီးနောက် ကျင်းယွင်ကျောင်းက မေးလိုက်သည်။

“ဘယ်သူပြောတာလဲ။ ကျန်ရှလား ဒါမှမဟုတ် ချောင်ကျစ်ကျိုးလား”

ကျန်ရှနှင့် သူမသည် အတန်းဖော်များ မဟုတ်တော့ပေ။ သူသည် အိမ်၌ ရက်အနည်းငယ် အနားယူပြီးနောက် ကျောင်းသို့ ပြန်လာခဲ့၏။ သို့သော် သူသည် ဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသူတစ်ယောက်နှင့် မတူပေ။

ချောင်ကျစ်ကျိုးကမူ ကျင်းယွင်ကျောင်း သိပ်မမြင်ဖူးသည့် အစ်ကိုဟောင်းဖြစ်သည်။ သူသည် ချောင်ဟုန်ယဲ့နှင့်မတူဘဲ မဟာပုရိသဝါဒကို လက်ကိုင်ထားသူတစ်ယောက်ဖြစ်ပြီး သူသည် အမျိုးသမီးများ၏ အရေးကိစ္စများကို လုံးဝ စိတ်မဝင်စားပေ။

သူမနှင့် ချောင်ဟုန်ယဲ့ စကားများရန်ဖြစ်သည့်အခါတိုင်း ချောင်ကျစ်ကျိုးသည် သူမအား အထင်သေးစွာ ကြည့်လေ့ရှိသည်။ ယခင်က သူ၏အေးစက်စက် အကန်စကားများ၊ ပြင်းပြင်းထန်ထန် လှောင်ပြောင်သရော်မှုများနှင့် သူမအား အိမ်အလုပ်အချို့ကို အတင်းအကြပ် ဖိအားပေးလုပ်စေခြင်းမှအပ သူသည် အမှန်တကယ်ပင် မည်သည့်ကိစ္စတွင်မှ ဝင်မပါခဲ့ပေ။ သို့သော် ထိုသို့ ဝင်မပါခြင်းမှာ သူ မလုပ်ချင်သောကြောင့် မဟုတ်ဘဲ သူ့ကိုယ်သူ သူမနှင့် မတူမတန်ဟု သတ်မှတ်ထား၍ ဖြစ်ကြောင်း ကျင်းယွင်ကျောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်သည်။

Chapter 232 : ရလဒ်များ

ကျင်းယွင်ကျောင်းသည် ရဲသား၏ အမူအယာကို မြင်သောအခါ သူမ၏ ယူဆချက် မှန်ကန်ကြောင်း သိလိုက်ရ၏။

အမှန်ပင်၊ ထိုနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ချောင်ကျစ်ကျိုးသည် ဂုဏ်သိက္ခာကို အလေးထားသော ယောကျ်ားတစ်ယောက် ဖြစ်သောကြောင့် သူ မဖြစ်နိုင်။ ကျန်ရှသာလျှင် ဖြစ်နိုင်၏။

မကြာသေးခင်က သူ၏ အပြုအမူများကို ပြန်သတိရသောအခါ ကျင်းယွင်ကျောင်းက ခပ်ဟဟ ရယ်လိုက်သည်။

“ကျန်ရှရဲ့ထွက်ဆိုချက်က တကယ်ပဲ ယုံကြည်ရလို့လား။ အရာရှိကြီး၊ ကျန်ရှကို စောင့်ကြည့်ဖို့ ကျွန်မ ရှင့်ကို အကြံပေးလိုက်ပါ့မယ်။ သူကသာ ချောင်ဟုန်ယဲ့နဲ့ အမှန်တကယ် နက်နက်ရှိုင်းရှိုင်း ဆက်ဆံရေးရှိတဲ့သူပဲ။ တကယ်လို့ ချောင်ဟုန်ယဲ့သာ အိမ်က ထွက်ပြေးသွားရင် ခိုလှုံစရာနေရာရဖို့ရှာမယ့် တစ်ယောက်တည်းသောသူက ကျန်ရှပဲ”

“ချောင်ဟုန်ယဲ့ ဘယ်ကိုသွားတယ်ဆိုတာ မင်း တကယ် မသိတာလား”

ရဲအရာရှိက သင်္ကာမကင်းဖြစ်နေသေး၏။

“ကျွန်မ ကျိန်ပြောရဲတယ်”

ကျင်းယွင်ကျောင်းက အတည်ပြုပေးလိုက်သည်။

ကျင်းယွင်ကျောင်းက သူမ၏ ထွက်ဆိုချက်ကို ပြန်အတည်ပြုနေစဥ်မှာပင် လင်မယားစုံတွဲတစ်တွဲသည် အပေါ်ထပ်သို့ တက်လာ၏။ သူတို့သည် သူမ၏ ရှေ့၌ ရပ်နေသော ရဲကို တွေ့သောအခါ ကပျာကယာ ပြေးလာကြသည်။

“ဘာတွေဖြစ်နေတာလဲ။ ရှင်က ဘာလို့ ကျွန်မတို့ရဲ့သမီးကြီးကို လာရှာတာလဲ။ သူက ဘာမှ အမှားမလုပ်ထားပါဘူး”

ဝမ်ရှင်းဖန်းက ချက်ချင်းပင် ဝင်ပြောလိုက်၏။

ကျင်းထျယ်ကျွင်း၏ အမူအယာက လေးနက်နေပြီး သူသည် ရဲအရာရှိ၏ လက်ထဲသို့ စီးကရက်အချို့ကို ခပ်သွက်သွက် ထိုးထည့်ပေးလိုက်သည်။

“ကလေးတွေက အသိဥာဏ်နုံနဲကြပါတယ်။ ပြဿနာတစ်ခုခုရှိရင် ကျွန်တော်တို့ လူကြီးတွေကိုပဲ ဆက်သွယ်ပါ”

“မစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့ ဒီမှာ အခြေအနေကို လာစုံစမ်းတာပါ။ ကလေးက အမှားလုပ်ထားလို့ မဟုတ်ပါဘူး။ ကျောင်းသူလေး၊ ဘာပဲဖြစ်ဖြစ် မင်း သတင်းတစ်ခုခုသိရရင် ငါတို့ကို ပထမဆုံး ဆက်သွယ်ပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ အပြင်မှာ နေတာက ချောင်ဟုန်ယဲ့အတွက် မလုံခြုံဘူး။ မင်းတို့က အရင်တုန်းက ညီအစ်မတွေပဲဟာ။ မင်း တတ်နိုင်သလောက် အချင်းချင်း ကူညီတတ်တဲ့ စိတ်လေးထားရမယ်။ ဟုတ်ပြီလား”

ရဲအရာရှိက သူမအား ယဥ်ယဥ်ကျေးကျေးပင် သတိပေးစကားဆို၍ ထွက်သွား၏။

ထိုအခါ ကျင်းယွင်ကျောင်းသည် ဖိုင်တွဲတစ်တွဲကို ကိုင်ထားသော ကျင်းထျယ်ကျွင်းအား ကြည့်လိုက်ပြီး သူ၏ အမူအယာကို အကဲဖြတ်လိုက်ရာ လက်ရှိအချိန်တွင် သူမသည် ရလဒ်များကို သိရန်အတွက် ဖိုင်ကို ကြည့်စရာပင် မလိုတော့ချေ။

ထို့နောက် ထိုစုံတွဲက အပြင်ဘက်တွင် ခဏမျှ စောင့်နေကြ၏။ နေ့လည်ခင်း ကျောင်းဆင်းသောအခါ ကျင်းယွင်ကျောင်းသည် ထိုနှစ်ယောက်နှင့်အတူ အနီးနားရှိ အိမ်ဆိုင်လေးတစ်ဆိုင်သို့ လာခဲ့သည်။ ဝင်ထိုင်ပြီးနောက် သူမသည် ဖိုင်ကို ဖွင့်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင်။

မိဘအရင်းဖြစ်နိုင်ချေ : ၉၉.၉၉%

သူတို့သည် အမှန်တကယ်ပင် မိဘနှင့်သားသမီးဖြစ်သည်ဆိုသည့် အဓိပ္ပါယ်ပင်။

ယခုအချိန်၌ ကျင်းယွင်ကျောင်း၏ ခံစားချက်များမှာ ရှုပ်ထွေးနေသည်။ သူမသည် ယခင်က ဤရလဒ် ထွက်လိမ့်မည်ဟု တစ်ခါတွေးခဲ့ဖူးသော်လည်း ယခုအခါ ရလဒ်အစစ်အမှန်ကို တွေ့နေရခြင်းဖြစ်ရာ သူမ မည်သို့ တုံ့ပြန်ရမှန်း မသိပေ။ အထူးသဖြင့် အတိတ်ဘဝက သူမ ဆင်းရဲဒုက္ခကြီးစွာ နေထိုင်ဖြတ်သန်းခဲ့ရသည်များကို ပြန်စဥ်းစားမိသောအခါ သူမသည် တစ်စုံတစ်ခုအား နားလည်သဘောပေါက်သွား၍ စကားမပြောနိုင်ဘဲ ဆွံအသွားခဲ့သည်။

အစွန့်ပစ်ခံရသော ကလေးတစ်ယောက်။

ဤစကားလုံးများသည် အမှန်တကယ်ပင် စိတ်မချမ်းမြေ့ဖွယ်ကောင်းလွန်းလှ၏။

“ရှောင်ယွင်၊ အခု ကိစ္စတွေက ပြီးပြည့်စုံသွားပြီး နောက်ဆုံးတော့ ငါတို့မိသားစုလေး ပြန်ပေါင်းစည်းနိုင်ပြီ။ မင်းကတော့ မသိပေမယ့် မင်းမရှိတဲ့နှစ်တွေမှာ အမေက ငိုရလွန်းလို့ မျက်လုံးကန်းလုနီးပါး ဖြစ်သွားခဲ့တာ”

ဝမ်ရှင်းဖန်းက ကျင်းယွင်ကျောင်း၏ လက်ကို ဆွဲယူဆုပ်ကိုင်လိုက်ရင်း ပြောလာသည်။

သို့သော် သူမ၏ လက်များက ထူးထူးခြားခြား အေးစက်နေသလိုသာ ခံစားရ၏။

အကယ်၍ ဤပြန်လည်ပေါင်းစည်းမှုသည်သာ ယခင်ဘဝက ဖြစ်ပျက်ခဲ့ပါက သူမသည် သေချာပေါက်ပင် ဝမ်းသာပီတိဖြစ်၍ ပျော်လွန်းသောကြောင့် ငိုမိလိမ့်မည်ပင်။ အကြောင်းမှာ ထိုအချိန်က သူမသည် မျှော်လင့်ချက်ကင်းမဲ့နေပြီး ချောင်မိသားစု၏ သူမအပေါ် ဆက်ဆံပုံများက အမှန်တကယ်ပင် ကြောက်စရာကောင်းလွန်းသောကြောင့် ဖြစ်သည်။ သို့ရာတွင် ယခုဘဝ၌ သူမသည် နာကျင်မှုမျိုးစုံနှင့် သေခြင်းတရားကိုပင် တွေ့ကြုံခံစားခဲ့ရပြီးဖြစ်၏။ ထို့ကြောင့် ယခုအချိန်၌ သူမအတွက် မိသားစုဟူသော ခံစားချက်မှာ နောက်ကျလွန်းနေပြီဖြစ်ရာ ထိုခံစားချက်က သူမအတွက် ထူးဆန်းလွန်းနေသည်။

မည်သို့ပင်ဖြစ်စေကာမူ သွေးသားတော်စပ်မှုကို ငြင်းပယ်၍ မရနိုင်ပေ။

ကျင်းယွင်ကျောင်းက နှုတ်ခမ်းတွန့်၍ ပြုံးလိုက်သည်။ မူလက သူမသည် သူတို့အား ခေါ်ဝေါ်သည့်နာမ်စားကို ပြောင်းလဲချင်ခဲ့သော်လည်း ထိုစကားလုံးများက သူမ၏ပါးစပ်ထဲတွင် သဘာဝမကျဘဲ တစ်မျိုးဖြစ်နေ၍ လုံးဝ ပြောမထွက်ခဲ့ပေ။

နေရထိုင်ရခက်သော အခိုက်အတန့်ပင် ဖြစ်၏။

“အဆင်ပြေပါတယ်။ မင်း အခု ငါတို့ကို အဖေ၊ အမေလို့ မခေါ်နိုင်သေးရင်တောင်မှ အဆင်ပြေပါတယ်။ မစိုးရိမ်ပါနဲ့”

ဝမ်ရှင်းဖန်းက သူမအား အလျင်အမြန်ပင် နှစ်သိမ့်လိုက်သည်။

ထို့နောက် လင်မယားနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၍ ခဏမျှစကားစပြတ်သွားပြီးနောက် ကျင်းထျယ်ကျွင်းက ပြောလာ၏။

“ရှောင်ယွင်၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုပြီးကြပြီဆိုတော့ မင်းလည်း ဆွေ့ကျန်းရွာကို လိုက်လည်ဖို့ အချိန်တန်ပြီလို့ ထင်တယ်။ ငါတို့ရဲ့ဘိုးဘေးတွေကို နှုတ်ဆက်ရမယ်၊ ပြီးရင် သူတို့ရဲ့အုတ်ဂူတွေကို သန့်ရှင်းရေးလုပ်ရမယ်။ တစ်ချိန်တည်းမှာပဲ အိမ်ပြန်ပြီးတော့ မင်းရဲ့ မောင်ငယ်၊ ညီမငယ်လေးတွေကို တွေ့လို့ရတယ်။ ဒါ အချိန်ကောင်းပဲလို့ မင်း မထင်ဘူးလား”

“အဲလိုပဲ ဖြစ်သင့်ပါတယ်”

ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင် မနက်ဖြန်ကျ ကျွန်မ ဆရာ၊ ဆရာမတွေကို ခွင့်တိုင်လိုက်ပါ့မယ်”

ထိုစကားက သူမနှင့် မျက်နှာချင်းဆိုင်၌ ထိုင်နေသူနှစ်ယောက်အား အပျော်လွန်သွားစေ၏။

စကားပြောပြီးသွားသောအခါ သူတို့သည် တိတ်တိတ်ဆိတ်ဆိတ်ပင် စားသောက်လိုက်ကြသည်။ ထို့နောက် ကျင်းယွင်ကျောင်းသည် ညနေပိုင်း အတန်းတက်ရန် ရှိသေးသောကြောင့် ဤကျဥ်းထဲကြပ်ရောက်နေသည့် အခြေအနေမှ လွတ်မြောက်ရန် အခွင့်အရေးရသွား၏။ သူမသည် ဤမိဘနှစ်ပါး၏ စူးစူးစိုက်စိုက် အကြည့်ခံရခြင်းကို လုံးဝ သည်းမခံနိုင်သေးပေ။

သို့ရာတွင် သူမ ထွက်သွားသည်နှင့် ဝမ်ရှင်းဖန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဒီလောက် ဆက်ဆံရခက်ခဲတဲ့ကလေးမျိုး ကျွန်မတော့ တစ်ခါမှ မတွေ့ဖူးပါဘူး။ သူက သူ့ရဲ့မိဘအရင်းတွေကို ရှာတွေ့တာတောင်မှ ဒီလိုပုံစံမျိုးဖြစ်နေတုန်းပဲ။ ကျွန်မသာ သူ့ရဲ့ တကယ့်မိဘအစစ်သာဆိုရင် သူ့ကို သေချာပေါက် သေအောင် ရိုက်ပစ်တယ်”

All Chapters