အခန်း (၂၃၃-၂၃၆)
Vol. 12 Ch. 233-236
Chapter 233 : သွေးသားတော်စပ်မှု
ဝမ်ရှင်းဖန်းသည် သူမကိုယ်သူမ တီးတိုးပြောနေသည့်အလား ခပ်တိုးတိုး ပြောလာသည်။
ကျင်းထျယ်ကျွင်းက အနည်းငယ် မျက်မှောင်ကြုံ့ပြီး ပြောလိုက်၏။
“မရဲတင်းစမ်းနဲ့။ သူ့လို လူမျိုးတွေနဲ့ ဆက်ဆံတဲ့အခါမှာ ငါတို့က ငြင်သာတဲ့ ချဥ်းကပ်နည်းကို သုံးဖို့လိုတယ်။ ဆေးရုံသွားတဲ့နေ့တုန်းက သူ့ရဲ့ အေးစက်စက်နဲ့ သူများနဲ့မတူတဲ့ စိတ်ထားကို မင်း မမြင်လိုက်ပေမယ့် ငါ မြင်ခဲ့တယ်။ ငါတို့သာ သူ့ဘေးမှာ ဒီလိုလိုက်ကပ်နေရင် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကျရင် သူက ငါတို့ကို သူရဲ့မိဘအရင်းတွေလို စပြီးတော့ ဆက်ဆံလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့က ထိုင်ပြီးတော့ အကျိုးအမြတ်တွေကို ခံစားရုံပဲ”
“ကျွန်မ သိပါပြီ၊ သိပါပြီ”
ဝမ်ရှင်းဖန်းက ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း ပြောလိုက်၏။
“နောက်တစ်ခါ ဒီလိုစကားမျိုးတွေ ထပ်မပြောမိစေနဲ့။ သူ့ကို ငါတို့မိသားစုရဲ့ သမီးအကြီးဆုံးလိုပဲ ဆက်ဆံ”
ကျင်းထျယ်ကျွင်းက သူမကို ထပ်မံ၍ သတိပေးလိုက်သည်။
ဝမ်ရှင်းဖန်းလည်း ဆက်၍သာ ခေါင်းညိတ်ပြနေလိုက်၏။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် ကျောင်းသို့ ပြန်သွားပြီဖြစ်ရာ ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းတို့၏အကြားရှိ အပြန်အလှန် ပြောဆိုမှုများအားလုံးကို လွတ်သွားသည်။
“ဒါဆိုရင် ဘယ်လိုလဲ။ နင်တို့က တော်စပ်မှုရှိတာလား”
ကျင်းယွင်ကျောင်းသည် အတန်းထဲသို့ ပြန်ရောက်ကတည်းက ရှောင်ဟိုင်ချင်း၏ တရစပ်မေးခွန်းများနှင့် ရင်ဆိုင်နေရ၏။
ဤကိစ္စသည် ရက်ပေါင်းများစွာကြာအောင် ဤလူနည်းစုအား ဒုက္ခပေးနေခဲ့သည်။ သူတို့သည် ကျင်းယွင်ကျောင်း၏ မိဘအရင်းများကို ရှာတွေ့စေချင်သော်လည်း တစ်ချိန်တည်းမှာပင် သူတို့သည် သူမအတွက် စိုးရိမ်ကြောက်ရွံ့နေကြ၏။ ကျင်းယွင်ကျောင်းသည် ခက်ခဲကြမ်းတမ်းသော ငယ်ဘဝကို ဖြတ်သန်းခဲ့ရ၍ သူမ၏ မိဘအရင်းများကသာ မွေးစားမိဘများထက် ပိုဆိုးနေပါက မည်မျှကြောက်စရာကောင်းမည်နည်း။ သူမသည် ကျားကြောက်၍ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးသည့်အဖြစ်သို့ ရောက်သွားမည်လား။
သူတို့သည် များသောအားဖြင့် လူများကို အဆိုးမြင်လေ့မရှိသော်လည်း ကျင်းယွင်ကျောင်း၏ ကိစ္စ၌မူကား ကွာခြားသည်။ သူမသည် စွန့်ပစ်ခံခဲ့ရသော ကလေးငယ်တစ်ယောက်ဖြစ်ရာ မိမိ၏ သမီးအရင်းကိုပင် မကာကွယ်နိုင်သော မိဘများက သူမအပေါ် မည်မျှကောင်းပေးနိုင်မည်နည်း။
“ငါက သူတို့ရဲ့ သမီးအရင်းတဲ့”
ကျင်းယွင်ကျောင်းက မသဲမကွဲ လေသံလေးနှင့် ပြောလိုက်သည်။
“ဟမ်”
ရှောင်ဟိုင်ချင်းက ခဏမျှ ဆွံ့အ,သွားသည်။
“ဘယ်လိုဖြစ်ပြီး ဒီလောက်တိုက်ဆိုင်တာလဲ။ ဒါပေမယ့် ယွင်ကျောင်း၊ သူတို့က တစ်ခုခုပြောသေးလား။ သူတို့က သေချာပေါက် နင့်ရဲ့မောင်နှမသုံးယောက်ကို တွေ့ဖို့ နင့်ကို ခေါ်သွားချင်နေမှာပေါ့”
“ငါ မနက်ဖြန်မနက်အစော သူတို့ကို တွေ့ရမှာ။ ငါ ဆရာကျီ့ကိုလည်း ပြောဖို့ လိုသေးတယ်”
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်၏။
ကျင်းယွင်ကျောင်း စကားပြောသောအခါ သူမ၏ အသံမှာ ပင်ပန်းနွမ်းနယ်နေ၍ သူမသည် ဤအခြေအနေနှင့် ပတ်သတ်ပြီး စိတ်မလှုပ်ရှားကြောင်း ရှောင်ဟိုင်ချင်းနှင့် စူးချူပင် ပြောနိုင်သည်။ မိဘအရင်းများကို ရှာတွေ့သည့် ကိစ္စသည် ပျော်နေသင့်သော ကိစ္စဖြစ်သော်လည်း ကျင်းယွင်ကျောင်းသည် သူမ၏ မိဘအရင်းများနှင့် ပတ်သတ်၍ မျှော်လင့်ချက်ရှိနေသေးကြောင်း ကြိုတင်ခန့်မှန်းကြည့်၍ ရ၏။
ထို့ကြောင့် သူတို့နှစ်ဦးသည် အခြား ဘာမှထပ်မပြောရဲတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်ကြ၍ ကျင်းယွင်ကျောင်း စိတ်လျှော့နိုင်ရန် အချိန်ပေးလိုက်ကြသည်။
ထိုရလဒ်သည် ကျင်းယွင်ကျောင်းအား အချိန်အတော်ကြာအောင် စိတ်ရှုပ်စေခဲ့၏။ အကြောင်းမှာ သူစိမ်းများအတွက်မူ သူမသည် သူတို့အား တစ်ချက်မှ ဂရုမစိုက်ဘဲ သတ္တိရှိရှိ မျက်နှာချင်းဆိုင်နိုင်သည်ဟု ထင်ကြသော်လည်း သူမကိုယ်တိုင်မှာမူ သူမနှင့် သွေးသားတော်စပ်သူများအား မည်သို့ ဆက်ဆံမှန်းမသိ ဖြစ်နေခြင်းပင်။ သူမသည် သူတို့နှင့်မနီးစပ်ချင်သော်လည်း တစ်ချိန်တည်းမှာပင် သူတို့နှင့်ပိုရင်းနှီးမှုရစေမည့် ဆက်ဆံရေးကို အစပျိုးချင်နေမိပြန်၏။
ထိုခံစားချက်သည် မချင့်မရဲဖြစ်လွန်းလှသည်။
ထို့နောက် သူမသည် နေ့လည်ခင်းတစ်ခင်းလုံး သူမ၏ အတွေးများကို စုစည်းရန် ကြိုးစားရင်း အချိန်ကုန်ခဲ့ပြီး ညရောက်သောအခါ နေရာလွတ်နယ်မြေထဲသို့ ပြန်ဝင်လာခဲ့၏။ နယ်မြေထဲမှ လတ်ဆတ်သော ဆေးနံ့က သူမ၏ စိတ်ကို ကြည်လင်သွားစေသည်။
ရှောင်လန်သည် သူမ၏ မျက်စိရှေ့တွင် ချစ်စရာကောင်း၍ နာခံမှုရှိသည့်ပုံစံလေး လုပ်ပြနေပြီး သူမ စိတ်ဓါတ်ကျနေသည်အား ခံစားမိသည့်ပုံပင်။
ထိုစဥ် နေရာလွတ်နယ်မြေ၏ အပြင်ဘက်မှ သူမ၏ ဖုန်းမြည်သံက ထွက်ပေါ်လာ၏။
ကျင်းယွင်ကျောင်းသည် သက်ပြင်းတစ်ချက်ချလိုက်ရင်း နေရာလွတ်နယ်မြေထဲမှ ထွက်လာခဲ့ရာ ဖုန်းခေါ်ဆိုသူ အိုင်ဒီမှာ လီရှောက်ယွင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမသည် ခဏမျှ ကြက်သေသေသွားပြီး စဥ်းစားလိုက်၏။
ဒီလူက ပြန်သွားတာဖြင့် ကြာလှပြီ၊ နောက်ဆုံးတော့ အခုချိန်ကျမှ ငါ့ကို ဖုန်းခေါ်ဖို့ စဥ်းစားမိတယ်ပေါ့လေ။
“ဟယ်လို”
ထို့နောက် ကျင်းယွင်ကျောင်းသည် စိတ်တည်ငြိမ်အောင် ထိန်းလိုက်၍ ဖုန်းပြန်ဖြေလိုက်သည်။
ဖုန်းကိုင်လိုက်သည်နှင့် သူ၏ ဆွဲဆောင်မှုရှိသော အသံကို ကြားလိုက်ရ၏။
“ဘာဖြစ်လို့လဲ။ မင်း စိတ်ညစ်နေတာလား”
“ရှင် ဘယ်လိုလုပ်ပြီး သိတာလဲ”
သူမ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။
လီရှောက်ယွင်သည် သူမထံမှ ဟယ်လိုဟူသော စကားတစ်ခွန်းတည်းနှင့်ပင် သူမ စိတ်ညစ်နေသည်ကို ခံစားမိ၏။ သူ မည်သို့ သိသနည်း။
ထိုအခါ လီရှောက်ယွင်က ခပ်ဟဟ ရယ်မောလိုက်သည်။ ကျင်းယွင်ကျောင်းသည် သူ၏ လက်ရှိအမူအယာကို မမြင်ရသော်လည်း ဖုန်းထဲမှတဆင့် စိတ်ကြီးဝင်နေမည့် သူ့မျက်နှာအား မှန်းဆကြည့်နိုင်၏။ သူ့ရယ်မောသံကို ကြားလိုက်ရုံနှင့်ပင် အရာအားလုံးကို ထိန်းချုပ်နိုင်လိုက်သည့်အလား အနည်းငယ် စိတ်ကြီးဝင်နေကြောင်း သေချာသိနိုင်သည်။ ထို့နောက် သူက ပြန်ဖြေ၏။
“မင်း ကိုယ် ဖုန်းခေါ်တာကို ကိုင်တဲ့အချိန်တိုင်း မင်းရဲ့နှုတ်ခွန်းဆက်စကားရဲ့အရှည်က သုံးလုံးပဲရှိတာလေ”
ထိုစကားကို ကြားပြီးနောက် ကျင်းယွင်ကျောင်းသည် ပြန်စဥ်းစားကြည့်လိုက်ရာ သူပြောသည်က မှားပုံမပေါ်ပေ။
သူမသည် လီရှောက်ယွင်အား ဖုန်းပြန်ဖြေသည့်အခါတိုင်း သူမကိုယ်သူမ သတိကြီးကြီးထားနေလေ့ရှိရာ သူတို့ စကားပြောသည့်အခါတိုင်း သူမ ချက်ချင်း ပြောလေ့ရှိသည်မှာ “ဘာပြဿနာရှိလို့လဲ” ဆိုသည့်စကားပင် ဖြစ်သည်။ ဤတစ်ကြိမ်၌ သူမ၏ တုံ့ပြန်မှုမှာ တည်ငြိမ်လွန်းလှ၏။
သို့ရာတွင် ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်၏ စကားကို ကြားလိုက်ရသောအခါ မရယ်ဘဲ မနေနိုင်၍ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
“လီရှောက်က ဒီလောက် အာရုံစိုက်မယ်မှန်း ကျွန်မ မသိခဲ့ဘူး။ ကျွန်မ တကယ့်ကို အံ့သြရပါတယ်။ ဒါပေမယ့် ရှင့်ကို ကျေးဇူးလည်း တင်တယ်။ ကျွန်မ အခု နည်းနည်း ပျော်သွားပြီ။ အစောပိုင်းက ကျွန်မမှာ ပြဿနာနည်းနည်းရှိနေပေမယ့် အခုကျတော့ ဒါကို အတိုင်းအတာတစ်ခုထိရောက်အောင် ဖြေရှင်းနိုင်ခဲ့သလိုပဲ”
“ဒါက လူတစ်ယောက်ကို ကျေးဇူးတင်နေတဲ့အချိန်မှာ ရှိသင့်တဲ့စိတ်ထား မဟုတ်ဘူးလေ။ ဒါ့အပြင် မင်း ကိုယ့်ကို ကျေးဇူးတင်တယ်လို့ ပြောတာထက်စာရင် မင်းကို စိတ်ညစ်အောင် လုပ်နိုင်တဲ့ ပြဿနာတွေအကြောင်းကို ကိုယ်က ပိုကြားချင်တာ”
လီရှောက်ယွင်က ပြဿနာ၏ အရင်းအမြစ်ကို မသိရမချင်း အလျှော့ပေးမည် မဟုတ်သည့်အလား တည်ငြိမ်သောအသံဖြင့် ပြောလာခဲ့လေ၏။
Chapter 234 : မိသားစုနှင့် ပေါင်းစည်းခြင်း
လီရှောက်ယွင်က သူမ ဒုက္ခတွေ့နေသည့် ကိစ္စကို ခန့်မှန်းရန် ကြိုးစားနေသည်အား ကျင်းယွင်ကျောင်း မသိခဲ့ပေ။
ကျင်းယွင်ကျောင်းတွင် ရှိသော ပြဿနာများမှာ အမှန်တကယ်ပင် များပြားလှသည်။ အထူးသဖြင့် သူမ၏ ယုတ်မာသော မွေးစားအဖေဖြစ်၏။ သို့သော် လီရှောက်ယွင်သည် ဟွားနင်ခရိုင်တွင် ရှိနေစဥ်က ချောင်မိသားစု၏ စက်ရုံကို ဖျက်ဆီးခဲ့ခြင်းဖြင့် ထိုသူ့အား သင်ခန်းစာတစ်ခု ပေးခဲ့ပြီးသားဖြစ်သည်။ ထို့အပြင် ချောင်ဝေ့မင် ဘာလုပ်လုပ် ဘယ်တော့မှ အမြတ်အစွန်းမရအောင်လည်း သေချာစီမံထားခဲ့၏။
သို့ရာတွင် အဆုံးသတ်၌ ဤပြဿနာသည် ကျင်းယွင်ကျောင်း၏ မိသားစုပြဿနာသာ ဖြစ်သောကြောင့် သူ၏ လုပ်ရပ်များက သိသာမနေသင့်ပေ။ ထို့ကြောင့်သာ မဟုတ်ပါက သူသည် အစောကတည်းက ချောင်ဝေ့မင်အား ရှင်းပစ်လိုက်ပြီးဖြစ်သည်။
ဒီလူက တကယ် မုန်းစရာကောင်းပေမယ့် ကျင်းယွင်ကျောင်းက ရိုးရှင်းတဲ့သူမဟုတ်တော့ သူ့၏စိတ်အတက်အကျက အဲဒီလူနဲ့ မဆိုင်လောက်။ ဒါဆိုရင် သူ့ရဲ့သွေးမတော်သားမစပ်တဲ့ ညီမကြောင့်များလား။ ဒါက ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး။
ယခင်က သူသည် ထိုညီမဖြစ်သူ၏ အကြောင်းအား စုံစမ်းခဲ့ပြီးဖြစ်ပြီး တစ်ဖက်လူ၏ စိတ်ထဲ၌ အကွက်ချကြံစည်မှုများစွာရှိသော်လည်း ယခုအချိန်၌ သူမသည် အတော်လေး ကြောက်ရွံ့နေသောကြောင့် ကျင်းယွင်ကျောင်းအား ခြိမ်းခြောက်ရဲဦးမည် မဟုတ်ပေ။
လီရှောက်ယွင်၏ စကားကြောင့် ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကိုက်လိုက်၍ ပြောစရာစကားလုံးများ ယာယီပျောက်ရှသွားရ၏။
“ဒါက ကိုယ်ရေးကိုယ်တာကိစ္စပါ။ လီရှောက်၊ အခုအချိန်မှာတော့ ကျွန်မ ရှင့်ရဲ့သိချင်စိတ်ကို ကျေနပ်သွားအောင် တကယ် မလုပ်ပေးချင်သေးဘူး”
ခဏမျှ တွေးနေပြီးနောက် ကျင်းယွင်ကျောင်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
“မင်းကတော့ တကယ်ပဲကွာ”
လီရှောက်ယွင်သည် သူမ၏ သဘောထားကြောင့် စိတ်ဆိုးသွားပုံရသော်လည်း ခဏအတွင်းမှာပင် သူက ရုတ်တရက် ဟက်ဟက်ပက်ပက် ပြုံးရယ်လိုက်၏။
“ကျင်းယွင်ကျောင်း၊ မင်းက တကယ့်ကို တစ်နေ့တခြား ပိုပြီး ချစ်ဖို့ကောင်းလာတာပဲ။ ဒီသခင်လေးက မင်း ပြောမပြမှာကို သိပြီးသားဆိုပေမယ့်လည်း နောက်ကျရင် မင်း ကိုယ့်ကို ပြန်ပေးဆပ်ရမယ့်အကျိုးဆက်က ပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်”
ယခင်က လီရှောက်ယွင် ဆေးရုံတက်စဥ်ကလည်း ဤကဲ့သို့ တစ်ထပ်တည်း တူညီသည့်စကားများကို ပြောခဲ့ဖူးသည်။ ဥပမာ သူတို့ဆေးရုံတွင်ရှိစဥ်က သူသည် သူ့အား အပြစ်ပြုမိသော အကျိုးဆက်က မခန့်မှန်းနိုင်လောက်အောင် ဆိုးရွားမည်ဟု သူမကို အမြဲတမ်း ခြိမ်းခြောက်ခဲ့သော်လည်း ယခုအချိန်ထိ ဘာမှ မဖြစ်ခဲ့ပေ။
လီရှောက်ယွင်သည် မကြာခဏ စိတ်အပြောင်းအလဲမြန်သော ဒေါသကြီးသည့် သခင်လေးတစ်ယောက် ဖြစ်သည်။ သူ၏အကျင့်စရိုက်မှာ အခြေအနေအပေါ် မူတည်၍ အကောင်းအဆိုး ပြောင်းလဲနိုင်၏။ သူမအတွက်မူ သူ၏ ခြိမ်းခြောက်မှုများမှာ သူ ထင်ထားသလောက် အမှန်တကယ် ကြောက်စရာကောင်းမနေချေ။
လီရှောက်ယွင်သည်လည်း သူ၏ ခြိမ်းခြောက်မှုများကို သိပ်ဂရုမစိုက်တတ်သည့် ကျင်းယွင်ကျောင်း၏ စိတ်နေစိတ်ထားနှင့် အသားကျနေပုံပေါ်သည်။ ထို့ကြောင့် သူသည် ထုံးစံအတိုင်း သူမနှင့် ဆက်လက်၍ ရောက်တတ်ရာရာ စကားစမြည်ပြောနေ၏။
နှစ်ယောက်သားသည် အမြဲတမ်း စကားများများ ပြောလေ့မရှိသော်လည်း ထူးခြားသည်က သူတို့နှစ်ယောက် စကားပြောတိုင်း အချိန်ကုန်မြန်ခြင်းဖြစ်သည်။ ထို့အပြင် ကျင်းယွင်ကျောင်းသည်လည်း ပို၍ ဆင်ခြင်တုံတရားရှိလာ၏။
ဤလူသည် အမြဲတမ်း သူမ၏ စိတ်အခြေအနေကို ပို၍အဆင်ပြေလာအောင် လွယ်လွယ်ကူကူ လှုံ့ဆော်ပေးနိုင်သည်။
ထို့ကြောင့် သူ ဖုန်းချသွားပြီးနောက်တွင် သူမသည် အတော်လေး စိတ်ငြိမ်သွား၍ အဆုံးသတ် ကောက်ချက်တစ်ခုကိုပင် ချနိုင်သွား၏။
အတိတ်ဘဝသည် ပစ္စုပ္ပန်မဟုတ်၊ သူမ အလိုက်သင့် နေထိုင်သွားရုံသာ ဖြစ်သည်။
နောက်တစ်နေ့ မနက်တွင် ဆွေ့ချန်းရွာသို့ မသွားမီ ကျင်းယွင်ကျောင်းသည် နှုတ်ခွန်းဆက်လက်ဆောင်အချို့ သွားဝယ်ခဲ့သည့်အပြင် သူမတွင်ရှိသော သစ်သီးအချို့နှင့် ဝိုင်နှစ်ပုလင်းကိုပါ ယူလာခဲ့သည်။
(T/N: E tranက ရှေ့အပိုင်းမှာကျ ဆွေ့ကျန်းရွာလို့ ရေးထားပြီး ဒီအပိုင်းမှာတော့ ဆွေ့ချန်းရွာလို့ ရေးထားပါတယ်။)
ရွာသည် အလွန်ခေါင်၍ ဟွားနင်ခရိုင်တွင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးဟုပင် သတ်မှတ်နိုင်၏။ ထို့နောက် ကျင်းယွင်ကျောင်းသည် ဘတ်စ်ကားမှတ်တိုင်သို့ ရောက်သောအခါ ကျင်းထျယ်ကျွင်းကို ဖုန်းဆက်လိုက်တော့ မကြာမီမှာပင် သူသည် အငှားယာဥ်တစ်စီးကို မောင်း၍ ရောက်လာပြီး သူမအား ကျင်းမိသားစုအိမ်သို့ ခေါ်ဆောင်သွားလေသည်။
ခြံဝန်းအကျယ်ကြီးထဲ၌ တစ်ထပ်အိမ်ငါးလုံးရှိပြီး ခြံထဲ၌ ဆိုင်ကယ်နှစ်စင်းကဲ့သို့သော ထွေလီကာလီပစ္စည်းများစွာ ပြန့်ကျဲနေ၏။ သူမသည် တံခါးမကြီးကို ဖြတ်၍ ဝင်လိုက်သောအခါ အိမ်၏အတွင်းပိုင်းသည် အနည်းငယ် မှောင်မဲနေ၍ အလင်းရောင် မဝင်ကြောင်း တွေ့လိုက်ရသည်။ ဝမ်ရှင်းဖန်းသည် နေ့လည်စာပြင်ဆင်ရင်း အလုပ်များနေ၍ ကလေးသုံးယောက်မှာမူ ခြံဝန်းထဲတွင် ရှိနေကြ၏။ သူမ ရောက်သွားပြီး မကြာခင်မှာပင် လူများစွာသည် တံခါးပေါက်အပြင်ဘက်၌ ရပ်လိုက်ကြပြီး အထဲသို့ လှမ်းကြည့်လာကြသည်။
မူလက သူမသည် အနည်းငယ် နေမထိထိုင်မသာ ဖြစ်နေသော်လည်း မနေ့က လီရှောက်ယွင်နှင့် ဖုန်းပြောပြီးနောက်တွင် ထပ်မံ၍ စိတ်ကသိကအောက် မဖြစ်တော့ပေ။
ထို့ကြောင့် သူမသည် အထဲသို့ တိုက်ရိုက်ပင် လျှောက်ဝင်သွားလိုက်ပြီး ကလေးသုံးယောက်အား သူမ ပြင်ဆင်လာသော လက်ဆောင်ပစ္စည်းများကို ပေးလိုက်သည်။
“ဒါဆို အစ်မက အကြီးဆုံးအစ်မကြီးပေါ့”
အငယ်ဆုံး ကောင်လေးက စတင်၍ စကားပြောလာ၏။ ဆယ်နှစ်အရွယ်ကလေးတစ်ယောက်၏ အသံမှာ အနည်းငယ် နူးညံ့နေသော်လည်း သူ၏ မျက်လုံးများကမူ သူမအား စေ့စေ့စပ်စပ် လေ့လာ အကဲခတ်နေသည်။ သဘောထားက သူသည် ဤအိမ်တွင် အရေးပါအရာရောက်ဆုံးသူဖြစ်ကြောင်း ဟစ်ကြွေးနေသလိုပင်။
သို့ရာတွင် သူသည် သူ့အတွက် လက်ဆောင်ပစ္စည်းကို လက်ခံပြီးသောအခါ သူ၏ အစ်မနှစ်ယောက်ကို ကြည့်၍ ကျယ်လောင်စွာ လှောင်ပြောင်ရယ်မောလိုက်ရင်း ...
“ဒါတွေအားလုံးက ငါ့ဟာတွေပဲ၊ ဟုတ်တယ်မလား”
ကျင်းယွင်ကျောင်းက မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ သူမသည် ပြောရဆိုရခက်သော ကလေးများကို မနှစ်သက်ပေ။ အထူးသဖြင့် ရိုင်းစိုင်းပြီး ပြုပြင်ရခက်သည့် နာခံမှုမရှိသော ကလေးများ ဖြစ်သည်။
ထို့အပြင် ဆယ်နှစ်အရွယ်ကလေးတစ်ယောက်သည် ငယ်သည်ဟု မယူဆနိုင်။ မျှော်လင့်ထားသည့်အတိုင်း ယောက်ျားလေးများကို ဦးစားပေးသည့် မိသားစုက အလိုလိုက်ဖျက်ဆီးထားသော ရလဒ်ပင်ဖြစ်၏။
“မဟုတ်ဘူး”
ကျင်းယွင်ကျောင်းက ပုံမှန်လေသံဖြင့် ပြန်ဖြေလိုက်၏။
“မင်းအတွက် လက်ဆောင်က မင်းရဲ့လက်ထဲကဟာပဲ။ ကျန်တာတွေ မပါဘူး”
Chapter 235 : ဘိုးဘေးလေး
ကျင်းယွင်ကျောင်း၏ စကားဆုံးသည်နှင့် မိန်းကလေးငယ်လေးနှစ်ယောက်က ပျော်ရွှင်သွားကြသည်မှာ သိသိသာသာပင်။ သူတို့သည် သူတို့အတွက် လက်ဆောင်ပစ္စည်းလေးများကို ရင်ခွင်ထဲ၌ တင်းတင်းကြပ်ကြပ် ဖက်ထားကြပြီး မောင်ဖြစ်သူက အချိန်မရွေး ဆွဲလုသွားမည်ကို စိုးရိမ်နေကြသည်။
လက်ဆောင်များမှာ အလွန်ရိုးရှင်းပြီး အဝတ်ရုပ်နှစ်ရုပ်နှင့် ရီမုတ်ဖြင့် ထိန်းရသော အရုပ်ကားလေးတစ်စီးသာ ဖြစ်၏။ ဤမောင်ငယ်လေးသည် အရုပ်ကားတစ်စီးရပြီးလျှင်တောင်မှ အဝတ်ရုပ်များကို လိုချင်တပ်မက်နေလိမ့်ဦးမည်ဟု ကျင်းယွင်ကျောင်း တစ်ခါမှ မထင်ခဲ့ပေ။
ထိုအခါ ကောင်ငယ်လေးက ကျင်းယွင်ကျောင််းအား တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ရှင်းဖန်ဆီသို့ မပျော်မရွှင်နှင့် လျှောက်သွား၏။ ထို့နောက် သူက အပိုစကားမဆိုဘဲ ပုံမှန်အတိုင်းသာ ပြောလိုက်သည်။
“မေမေ၊ ကျွန်တော် အဝတ်ရုပ်နှစ်ရုပ်လိုချင်တယ်”
ဝမ်ရှင်းဖန်းက သူမ လုပ်လက်စအလုပ်ကို ချထားလိုက်ပြီး သူမ၏ ကလေးများအား ကြည့်လိုက်သည်။ ထို့နောက် တဖန် ကျင်းယွင်ကျောင်းအား ရှက်ရွံ့စွာဖြင့် ကြည့်လာ၏။
“အဲဒါတွေက မင်းရဲ့အစ်မကြီးက မမလတ်နဲ့မမလေးအတွက် ဝယ်လာတဲ့ အရုပ်တွေလေ။ ပြဿနာမရှာစမ်းနဲ့”
ဝမ်ရှင်းဖန်းက ချော့ပြောလိုက်သည်။
ကျင်းယွင်ကျောင်၏ မျက်စိထဲ၌ အလိုလိုက်၍ မျက်နှာသာပေးနေသော အရိပ်အယောင်များကို မြင်နိုင်၏။ ယခု ဤနေရာ၌ ကျင်းယွင်ကျောင်းသာ မရှိပါက သူမသည် သားဖြစ်သူအား အရာအားလုံးကို ပေးပစ်မည်မှာ အသေအချာပင်။
ကျင်းမိသားစုမှ ကလေးသုံးယောက်မှာ အစ်မလတ် ကျင်းရှို့၊ အစ်မငယ် ကျင်းလင်နှင့် အငယ်ဆုံးမောင် ကျင်းမင်ခိုင်တို့ ဖြစ်ကြသည်။
“မေမေ၊ အစ်မကြီးကြောင့် အမေက ကျွန်တော့်ကို မချစ်တော့ဘူးလား။ ရတယ်လေ။ အနာဂတ်မှာ အမေ အစ်မကြီးတစ်ယောက်တည်းကိုပဲ ချစ်နေလိုက်။ ကျွန်တော်က အိမ်ကနေ ထွက်ပြေးမှာ။ အပြင်မှာ သားယောက်ျားလေးမရှိတဲ့ မိသားစုတွေအများကြီးလို့ ကျွန်တော်ကြားဖူးတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ရောင်းစားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး”
ကျင်းမင်ခိုင်က အော်ဟစ်လိုက်၏။
သူ၏ စကားပြောပုံဆိုပုံမှာ သားတစ်ယောက်နှင့် မတူဘဲ လူကြီးတစ်ယောက်နှင့် ပိုတူနေသည်။
အစောပိုင်းက ဝမ်ရှင်းဖန်းသည် ကျင်းယွင်ကျောင်း၏ ဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ပေးရန် ရည်ရွယ်ချက်ရှိသော်လည်း ကျင်းမင်ခိုင် ပြောသည်ကို ကြားသောအခါ သူမ၏ အမူအယာမှာ ချက်ချင်းတောင့်တင်းသွားပြီး ကျင်းရှို့နှင့် ကျင်းလင်၏ အရုပ်များကို ဆတ်ခနဲ ဆွဲယူလိုက်ကာ ကျင်းမင်ခိုင်၏ လက်ထဲသို့ တွန့်ဆုတ်ခြင်းမရှိဘဲ ထိုးထည့်ပေးလိုက်တော့၏။
“ဟုတ်ပြီ ... ဟုတ်ပြီ ... ဟုတ်ပြီ။ ငါ မင်းကိုပဲ အားလုံးပေးမယ်၊ ဟုတ်ပြီလား။ ဘိုးဘေးလေးရယ်၊ ဒီနေ့က မင်းရဲ့အစ်မကြီး အိမ်ကို ပထမဆုံးအကြိမ် ပြန်လာတာလေ။ မင်း ခဏလောက် ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်ဘူးလား”
သူမသည် သူ့အား ပြောပြီးသည်နှင့် ကျင်းယွင်ကျောင်းဘက်ကို လှည့်လာသည်။
“ရှောင်မင်က ငယ်သေးတယ်လေ။ ကျန်တဲ့နှစ်ယောက်က အရမ်းကြီးနေပြီဆိုတော့ ဒီလိုအရုပ်တွေနဲ့ ကစားဖို့ မလိုတော့ပါဘူး”
ကျင်းယွင်ကျောင်း၏ အကြည့်များက မည်းမှောင်သွားသော်လည်း သူမသည် ဘာမှမပြောဘဲသာ နေလိုက်သည်။
အတိတ်ဘဝက ချောင်မိသားစု၏ စိတ်နေသဘောထားများနှင့် ရင်ဆိုင်ခဲ့ရသည်ဖြစ်ရာ သူမ၏ စိတ်သည် အတော်လေး အထိခိုက်မခံနိုင်ဖြစ်နေ၏။ ထို့အပြင် သူမသည် ဤကဲ့သို့သော မိသားစုများကို အမုန်းဆုံးဖြစ်သည်။ သူတို့အားလုံးသည် အသိအသာပင် ဝမ်ရှင်းဖန်း၏ သားသမီးအရင်းများဖြစ်ကြသော်လည်း ခွဲခြားဆက်ဆံခံနေရ၏။
မူလကတည်းက သူမသည် ဤမိသားစုအပေါ် သတိထားနေခြင်းဖြစ်သည်။ ယခု ဤဖြစ်ရပ်နှင့် ကြုံလိုက်ရသောအခါ သူမ၏ သတိဝိရီယထား၍ စောင့်ကြည့်နေမှုက ပို၍ပင် ဆိုးလာတော့၏။
သူတို့သည် အချင်းချင်း အသိအမှတ်ပြုပြီးခါစဖြစ်ရာ ထိုလင်မယားနှစ်ယောက်သည် သူမအား အတော်လေး ယဥ်ယဥ်ကျေးကျေး ဆက်ဆံခဲ့သည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ သူမသည် မိန်းကလေးတစ်ယောက်သာဖြစ်၏။ ထိုနှစ်ယောက်သည် တစ်ရက်၊ နှစ်ရက် ဖော်ဖော်ရွေရွေ ဆက်ဆံနိုင်သော်လည်း တစ်နှစ်၊ နှစ်နှစ် ကြာသွားခဲ့လျှင်ရော။ အနာဂတ်၌ သူမအပေါ် သူတို့၏သဘောထားသည် ယခု ဝမ်ရှင်းဖန်း ကျင်းရှို့နှင့် ကျင်းလင်အား ဆက်ဆံပုံအတိုင်း ဖြစ်လာမည်ကို သူမ ကြောက်ရွံမိ၏။
ထိုအခါ ကျင်းယွင်ကျောင်း၏ မျက်နှာပေါ်ရှ် ယဥ်ကျေးပျူငှာသော အပြုံးက အနည်းငယ် ပျက်ယွင်းသွားပြီး ခပ်ခွာခွာ ဆက်နေရန်သာ ဆုံးဖြတ်လိုက်သည်။
ဝမ်ရှင်းဖန်းသည် သူမ၏ အိမ်အလုပ်များနှင့် အလုပ်ရှုပ်နေရာ ထိုအမူအယာကို သတိမထားမိလိုက်သော်လည်း ကျင်းမင်ခိုင်ကမူ သတိထားမိ၏။ ထိုအခါ သူသည် အောင်မြင်မှုရရှိသွားသည့် သိမ်းငှက်တစ်ကောင်အလား ခေါင်းခါလိုက်၍ သူမအား လှောင်ပြောင်သရော်သည့် အကြည့်ဖြင့် ကြည့်ကာ သူ၏ ရန်စမှုများကို ထုတ်ဖော်ပြသလိုက်သည်။ ကျင်းလင်၏ နှုတ်ခမ်းများက မဲ့ကျသွားပြီး ဒေါသထွက်နေသော်လည်း ကျင်းရှို့ကမူ အသားကျနေသည့်ပုံဖြင့် အိမ်အလုပ်များကို ကူညီရန် တိတ်တိတ်ဆိတ်ဆိတ်ပင် လှည့်ထွက်သွားတော့၏။
ကျင်းမိသားစု၏ ခြံဝန်းထဲ၌ လုံးဝ တိတ်ဆိတ်သွားသည်။
မကြာမီ ကျင်းလင်သည် ကျင်းယွင်ကျောင်းရှိရာသို့ ပြေးလာ၏။ ထို့နောက် သူမသည် ကျင်းယွင်ကျောင်း၏ အဝတ်အစားများအား မျက်လုံးတောက်တောက်များနှင့် ကြည့်နေသည်။
ယနေ့ ကျင်းယွင်ကျောင်းသည် အဖြူစွတ်စွတ် အင်္ကျီတစ်ထည်နှင့် အနက်ရောင်ဘောင်းဘီတိုကို ရှူးဖိနပ်နှင့် တွဲဖက်ဝတ်ဆင်ထား၏။ ထိုသို့ ရိုးရိုးရှင်းရှင်း တွဲဖက်ဝတ်ဆင်ထားသော်လည်း သူမသည် အတော်လေး အရပ်ရှည်ပြီး အသားဖြူရာ ဤအဝတ်အစားများနှင့် သူမသည် ရှိန်စရာကောင်း၍ ရဲရင့်ထက်မြက်ပုံပေါ်ကာ လန်းဆန်းသပ်ရပ်လှသည်။
အဝတ်အစားများကလည်း ရိုးရှင်းပြီး ဒီဇိုင်းက ကလက်တက်တက် မဖြစ်ပေ။ ထို့အပြင် အရည်အသွေးကလည်း ကောင်းမွန်၍ လူသိများသော တံဆိပ်တစ်ခုဟု ယူဆနိုင်ပြီး ရှောင်ဟိုင်ချင်းက ရွေးပေးခဲ့ခြင်းဖြစ်သည်။
“အစ်မကြီး၊ အစ်မရဲ့အဝတ်အစားတွေက တကယ်လှတာပဲ။ ဒါတွေက စျေးကြီးမှာပဲနော်။ အမေက အစ်မကို တကယ်ချစ်တာပဲ။ မမလတ်နဲ့ ကျွန်မဆိုရင် တစ်နှစ်လုံး ဘာအဝတ်အစားသစ်မှ မရဘူး”
စကားပြောရင်း ကျင်းလင်က ကျင်းယွင်ကျောင်း၏ အဝတ်အစားများကို လှမ်းထိလိုက်၏။
Chapter 236 : စောင့်ကြပ်ပေးခြင်း၊ ထောက်ပံ့ခြင်း
ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် သူမ လှမ်းထိသည်ကို ရှောင်လိုက်ချင်သော်လည်း ဤမိန်းကလေးနှစ်ယောက်သည် မိဘများထံမှ မျက်နှာသာ အပေးမခံရသည့်အချက်ကို စဥ်းစားမိသောအခါ သူတို့ သူမအား ချဥ်းကပ်လာပါက မလိုလားသော အမူအယာမပြရန် ဆုံးဖြတ်လိုက်သည်။
တစ်ခုတည်းသော ပြဿနာမှာ ကျင်းလင်၏ လက်သည် ဘယ်နေရာကမှန်း မသိသော အိုးမဲများနှင့် ပေပွနေပြီး ကျင်းယွင်ကျောင်း၏ အဖြူစွတ်စွတ်အင်္ကျီအပေါ်တွင် လက်ရာတစ်ခု သိသိသာသာ စွန်းထင်းသွား၏။
ကျင်းယွင်ကျောင်း မျက်မှောင်ကြုံ့လိုက်သည်။ သူမသည် အခြားသူများအား သူမ၏ အနားသို့ ကပ်ခွင့်ပြုသော်လည်း ၎င်းက တစ်ဖက်လူသည် သူမအပေါ် အခွင့်အရေးယူပါက တိတ်တိတ်ဆိတ်ဆိတ် နေပေးမည့် အဓိပ္ပါယ် မဟုတ်ပေ။
အစောပိုင်းက ကျင်းယွင်ကျောင်း လက်ဆောင်များကို ထုတ်ပေးစဥ်က ကျင်းလင်သည် လက်ဆောင်ယူရန်အတွက် လက်ဆေးထားပြီးဖြစ်သော်လည်း ယခုအခါ သူမ၏ လက်သည် အိုးမဲများ ပေကျံနေသည်။ သူမ၏ လက်များသည် မကြာသေးမီကမှ ပေလာသည်မှာ သိသာသော်လည်း သူမသည် ကျင်းယွင်ကျောင်း၏ အဝတ်အစားများကို ထိုလက်များနှင့် ထိခဲ့၏။ ကျင်းယွင်ကျောင်းက သူမ၏ အကြံအစည်သေးသေးလေးကို မည်သို့ နားမလည်ဘဲ နေမည်နည်း။
“ကျွန်မ အမှားပါ အစ်မကြီး။ ကျွန်မ လက်တွေ ပေနေတာကို မေ့သွားတာ။ ဒါပေမယ့် အစ်မ အဝတ်အစားတွေက ပေနေရင် ကြည့်မကောင်းဘူး။ ဘယ်လိုလုပ်ကြမလဲ။ အမေ့ဆီမှာ အင်္ကျီတစ်ထည်ရှိတယ်။ အစ်မ အဲ့တာနဲ့ လဲဝတ်လိုက်ပါလား”
ကျင်းလင်က အမြန်ပင် စောဒကတက်လိုက်ရာ ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်၏။
“မလိုဘူး”
“ဘယ်လိုလုပ် အဆင်ပြေမှာလဲ”
ကျင်းလင်က ခပ်သွက်သွက် ခေါင်းယမ်းလိုက်၍ ဝမ်ရှင်းဖန်းဆီသို့ ပြေးသွားသည်။ ထို့နောက် သူမ၏ မိခင်ဖြစ်သူအား ရှင်းပြပြီးနောက်တွင် သူမက နာခံမှုရှိသော မျက်နှာထားဖြင့် ပြောလာ၏။
“အစ်မကြီး၊ အမေကလည်း သဘောတူတယ်။ ဒါ့ကြောင့် ကျွန်မနောက်လိုက်ခဲ့။ အစ်မ အဝတ်လဲဖို့ ခေါ်သွားပေးမယ်”
“သူပြောတာမှန်တယ် သမီးကြီး။ မင်း အဝတ်သွားလဲသင့်တယ်။ ခဏနေကျ စပ်စပ်စုစု အိမ်နီးချင်းတွေနဲ့ တွေ့ရင် သူတို့ မင်းရဲ့အဝတ်အစားတွေက ညစ်ပတ်နေတာကို မြင်သွားရင် ဘယ်လိုလုပ်မလဲ။ မကောင်းဘူးလေ”
ဝမ်ရှင်းဖန်းက ပြောလိုက်၏။
ထိုအခါ ကျင်းယွင်ကျောင်းက သူမ၏ အင်္ကျီကို ငုံ့ကြည့်လိုက်ရာ လက်ရာကြီး ထင်းနေသည်ကို သတိထားမိသွားသည်။
သို့သော် သူမ၏ နေရာလွတ်နယ်မြေထဲ၌ ပုံစံတူ အင်္ကျီများစွာ ရှိသဖြင့် အခြားလူများ ပေးသည့် အင်္ကျီကို ဝတ်စရာမလိုပေ။
“ကျွန်မရဲ့အိတ်ထဲမှာ အင်္ကျီအပိုတွေ ပါသေးတယ်။ အဝတ်လဲဖို့ အခန်းပဲ ခဏငှားပါ”
ကျင်းယွင်ကျောင်းက ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ကျင်းလင်၏ မျက်နှာထားက အနည်းငယ် တင်းမာသွားသည်။ သူမက နှုတ်ခမ်းဆူလိုက်သော်လည်း ကျင်းယွင်ကျောင်း၏ လှပသော အဝတ်အစားများကို မြင်သောအခါ တွန့်ဆုတ်တွန့်ဆုတ်နှင့် ခေါင်းညိတ်ပြလိုက်၏။ ဆယ့်နှစ်နှစ်အရွယ်ကလေးတစ်ယောက်သာ ဖြစ်သော်လည်း သူမသည် လူရည်လည်သူဖြစ်သည်။ ကျင်းယွင်ကျောင်းက မျက်ကန်းတစ်ယောက် မဟုတ်သောကြောင့် ကျင်းလင်၏ ရည်ရွယ်ချက်များကို ကောင်းစွာ သတိပြုမိ၏။
ချောင်ဟုန်ယဲ့သည် အသက်ငါးနှစ်၊ ခြောက်နှစ်ကတည်းက လူရည်လည်၊ လူလည်ကျနေတတ်နေပြီဖြစ်ရာ ကျင်းလင်၏ အကြံအစည်သေးသေးလေးကို အဘယ်မှာ ထည့်တွက်နေစရာ လိုမည်နည်း။
ပြန်စဥ်းစားကြည့်နေရင်း ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့၏ နိမ့်ကျသော စိတ်နေစိတ်ထားမှာ မွေးရာပါဖြစ်ကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။ သူမသည် ငယ်စဥ်ကတည်းက ဆိုးသွမ်းယုတ်မာ၍ အသက်ကြီးလာသည်နှင့်အမျှ ပိုဆိုးလာ၏။ သူမကဲ့သို့ လူမျိုးများရှိသည့် မိသားစု မရှိသလောက် ရှားပေလိမ့်မည်။
ကျင်းရှို့သည် တစ်ချိန်လုံး ဘေးမှသာ ရပ်ကြည့်နေ၍ ကျင်းယွင်ကျောင်းက အဝတ်လဲရန် အခန်းသုံးချင်သည်ဟု ပြောသည်ကို ကြားသောအခါ သူမသည် ချက်ချင်းပင် ကျင်းယွင်ကျောင်းအား အခန်းတစ်ခုထဲသို့ ဦးဆောင်ခေါ်သွား၍ တံခါးပိတ်လိုက်သည်။
“အ...အစ်မကြီး၊ အစ်မက ရှေ့နားတိုးပြီး လဲလိုက်ပါ၊ ကျွန်မ, မကြည့်ပါဘူး”
ကျင်းရှို့က အနည်းငယ် ရှက်ရွံ့နေကာ စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းအား ကျောပေးလိုက်၏။
ကျင်းယွင်ကျောင်းသည် အင်္ကျီအောက်တွင် ရင်ခံလက်ပြတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသောကြောင့် ကျင်းရှို့ မြင်မည်ကို မစိုးရိမ်ပေ။
တစ်ဖက်၌ ကျင်းရှို့၏စိတ်နေစိတ်ထားမှာ ကောင်း၊ မကောင်း မသိသေးသော်လည်း သူမ၏ ရုပ်ရည်မှာမူ အတော်လေး လှပသည်။ သူမသည် ရိုးသားဖြူစင်သော ပုံပန်းသွင်ပြင်ရှိ၍ ကျင်းလင်၊ ကျင်းမင်ခိုင်တို့နှင့် လုံးဝမတူပေ။
“မင်းက အခု အလယ်တန်းကျောင်း တတိယနှစ်လို့ ကြားတယ်၊ ဟုတ်လား”
ကျင်းယွင်ကျောင်းက အဝတ်အစားလဲနေရင်း မေးလိုက်သည်။
ကျင်းရှို့က ဝမ်းပန်းတနည်း ခေါင်းညိတ်ပြလိုက်ရင်း ပြန်ဖြေရှာ၏။
“ဒါပေမယ့် ကျွန်မ နောက်နှစ်ကျ ကျောင်းထွက်ရမှာ ကြောက်နေတာ။ မင်ခိုင်က မူလတန်းမြင့်ကျောင်းကို သွားဖို့ နှစ်နှစ်တောင် မလိုတော့တာမို့လို့ ကျွန်မတို့မှာ ပိုက်ဆံမလောက်တော့ဘူးလို့ အမေက ပြောတယ်။ အဲဒီအချိန်ကျရင် မိသားစုက သူ့ကို ထောက်ပံ့ပေးဖို့ပဲ အာရုံစိုက်ကြမှာလေ။ ဒါ့အပြင် ရှောင်လင်ကလည်း ကျွန်မထက် ပိုပြီး နှစ်သက်စရာကောင်းတော့ သူ့မှာ ပိုကောင်းတဲ့ အနာဂတ်ရည်မှန်းချက်တွေ ရှိမှာပဲ”
ပွင့်ပွင့်လင်းလင်းပြောရလျှင် မိသားစုထဲ၌ သူမသည် အသုံးမကျဆုံးဖြစ်၏။ ထို့ကြောင့် သူမသည် ကျောင်းထွက်၍ မိသားစုကို ကူညီထောက်ပံ့ပေးရန် လိုအပ်ပေသည်။
ကျင်းယွင်ကျောင်းသည် ခဏမျှ ဆွံ့အသွား၏။ ထိုအကြောင်းကို စဥ်းစားကြည့်ပါက လက်ရှိ သူမ၏ ပိုင်ဆိုင်မှုက မနည်းလှသည်ဖြစ်ရာ လူအနည်းငယ်ကို ထောက်ပံ့ပေးရာ၌ ပြဿနာမရှိပေ။ သို့သော် အကြောင်းပြချက်ကင်းမဲ့စွာဖြင့် သူမသည် ဤကိစ္စ၌ ဝင်ပြောချင်စိတ် မရှိ။ သူမသည် တစ်ကိုယ်ကောင်းဆန်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အချို့ကိစ္စများကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ရန်နှင့် ရှင်းပြထားရန် လိုအပ်ကြောင်း သူမ ခံစားရသည်။ အထူးသဖြင့် ဝမ်ရှင်းဖန်း၏ မျက်နှာသာပေးသော အမူအယာကို မြင်ပြီးနောက် ပို၍ပင် သေချာသွား၏။ အကယ်၍ သူမသာ စတင်ထောက်ပံ့ပေးလိုက်ပါက သူမ၏ အနာဂတ်သည် အတိတ်ဘဝနှင့် ကွာခြားတော့မည်မဟုတ်ဘဲ အမြဲတမ်း မိသားစုကိုသာ ဦးစားပေးနေရတော့မည်ဖြစ်သည်။
“အို...ဟုတ်သားပဲ။ အစ်မကြီး...”
ကျင်းရှို့က ရုတ်တရက် အသံနှိမ့်လိုက်ပြီး ဂရုတစိုက်ပြောလာ၏။
“အစ်မ လဲလိုက်တဲ့အဝတ်အစားတွေကို သေသေချာချာ သိမ်းထားနော်။ ပြီးတော့ အစ်မရဲ့အိတ်ကိုလည်း တစ်ချိန်လုံး သတိထားပြီး ကြည့်နေသင့်တယ်”