← Chapters

အခန်း (၂၃၇-၂၄၀)

Vol. 12 Ch. 237-240

အခန်း (၂၃၇-၂၄၀)

Vol. 12 Ch. 237-240

Chapter 237 : အသုံးအဖြုန်းကြီး၍ ရူးနှမ်းနေသူ

ကျင်းယွင်ကျောင်းက သူမအား တအံ့တသြကြည့်လိုက်ရာ ကျင်းရှို့၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ စကားလုံးများ နောက်ကွယ်ရှိ အကြောင်းပြချက်အား မည်သို့ရှင်းပြရမှန်းမသိသောကြောင့် ကျင်းရှို့သည် ကျင်းယွင်ကျောင်း၏ အကြည့်များအောက်တွင် ခေါင်းကိုသာ တွင်တွင်ငုံ့ထားလိုက်၏။

“ညီမလေးနဲ့ မောင်လေးက သူများပစ္စည်းတွေကို လိုက်ဖွရတာ ကြိုက်တယ်လေ။ ဒါ့ကြောင့် အစ်မ ဂရုစိုက်သင့်တယ်။ ပြီးတော့ အစ်မက အစ်မဘာသာ ရပ်တည်နိုင်တယ်လို့ အဖေနဲ့ အမေ ပြောနေတာကို ကျွန်မ ကြားခဲ့တယ်။ ဒါ့ကြောင့် အစ်မရဲ့ပိုက်ဆံတွေကို သေချာသိမ်းထားရမယ်နော်။ အထူးသဖြင့် ကျွန်မရဲ့အဖေနဲ့ အမေကို ပိုက်ဆံမပေးပါနဲ့”

ထိုစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းသည် မှင်သက် ဆွံ့အ,သွားသည်။

ကျင်းရှို့သည် ထိုစကားများကို ပြောနေချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး အပြစ်ရှိသလိုလည်း ခံစားနေရပုံပေါ်၏။ ထို့နောက် သူမသည် ကျင်းယွင်ကျောင်း အဝတ်အစားလဲပြီးသည်အထိ စောင့်ပေးပြီးနောက် ကျင်းယွင်ကျောင်းကို ဘာစကားမှ မပြောခဲ့မိသည့်အလား အခန်းထဲမှ အလျင်စလို ထွက်သွားတော့သည်။

ကျင်းယွင်ကျောင်းက နှုတ်ခမ်းကိုက်လိုက်ပြီး သူမ၏အိတ်ကို လွယ်ကာ ကျင်းရှို့၏အနောက်သို့လိုက်၍ အခန်းထဲမှ ထွက်လာခဲ့၏။

သို့သော် သူမ အခန်းပြင်သို့ ခြေချလိုက်သည်နှင့် ကျင်းလင်သည် အခန်းထဲသို့ ဝင်သွားပြီး ဟိုဟိုဒီဒီလျှောက်ပတ်ကြည့်လေသည်။ သူမ အလိုရှိသောပစ္စည်းကို မတွေ့သောအခါ သူမသည် ချက်ချင်းပင် ကျင်းယွင်ကျောင်းအား လှည့်ကြည့်၍ မေးလာ၏။

“အစ်မကြီး၊ အစ်မရဲ့ အဝတ်ညစ်တွေရော”

“ငါလွှင့်ပစ်လိုက်ပြီလေ၊ ဘာဖြစ်လို့လဲ”

ကျင်းယွင်ကျောင်းက အကြောင်းရင်းကို သိနေသော်လည်း ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။

“အစ်မက အဝတ်အစားသစ်တစ်စုံ လဲပြီးပြီ မဟုတ်လား။ ဒါဆို ကျွန်မကိုလည်း ကျန်တဲ့တစ်စုံ ဝတ်ခွင့်ပြုသင့်တယ်လေ”

ကျင်းလင်က အရှက်မရှိ တဲ့တိုးပင် ပြောလာရာ ကျင်းယွင်ကျောင်းက အေးစက်စက် ပြုံးပြလိုက်၏။

အကယ်၍ ကျင်းလင်သည် အစကတည်းက သူမ၌ ဝတ်စရာ အဝတ်အစားကောင်းကောင်းမရှိဟု ပြောခဲ့ပါက ကျင်းယွင်ကျောင်းသည် နောက်တစ်ခေါက်လာသောအခါ သူမအား အဝတ်အစားအချို့ကို ပေးကောင်းပေးလိမ့်မည်ဖြစ်သော်လည်း သူမသည် ပရိယာယ်လှည့်စား၍ အတင်းအကြပ် တွန်းအားပေးရန် ရွေးခြယ်ခဲ့သည်။

သူမသည် သူတို့၏ သွေးသားတော်စပ်မှုကို အသိအမှတ်ပြုရန် ဆန္ဒရှိသော်လည်း သူမအား အခွင့်ရေးယူ အမြတ်ထုတ်ရန်တော့ ခွင့်မပြုနိုင်ပေ။

“ဒါတွေက ငါ့ရဲ့အဝတ်အစားတွေလေ။ ပြီးတော့ ငါက အဲဒီအဝတ်တွေကို ထပ်မဝတ်တော့ဘူး ဆိုရင်တောင်မှ အဲဒါတွေကို ဘာလုပ်ပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ပိုင်ခွင့်က ငါ့ဆီမှာပဲ ရှိတယ်။ မင်း နားလည်လား”

ကျင်းယွင်ကျောင်းက မျက်ခုံးပင့်၍ ပြောလိုက်ပြီး ကျင်းလင်က သူမ၏ အိတ်ကို ရုတ်တရက် လှမ်းဆွဲလုလာသည်အား ရှောင်တိမ်းလိုက်သည်။

ကျင်းယွင်ကျောင်း၏ စကားကို ကြားသောအခါ ကျင်းလင်သည် ချက်ချင်းပင် မကျေမနပ်ဖြစ်သွား၏။

“အစ်မကြီး၊ နင် ဘာလို့ ဒီလောက်ကပ်တွက်နေတာလဲ။ နင့်ကိုယ်နင် ပြန်ကြည့်ဦး။ ငါနဲ့ အစ်မလတ်က အဝတ်အစားကောင်းကောင်းတစ်စုံတောင် မရှိတဲ့အချိန် နင်က ဒီလိုအဝတ်အစားလှလှလေးတွေ ဝတ်နေရတယ်။ ငါက နင့်ဆီက အဝတ်ဟောင်းတစ်ထည်ပဲ လိုချင်တာပါ။ ဘာများမှားလို့လဲ”

ထိုအခါ ကျင်းယွင်ကျောင်းသည် ဒေါသထွက်လွန်းသဖြင့် ဟားတိုက် ရယ်မိလိုက်သည်။ ဤကဲ့သို့ အတွေးအမြင်နှင့် စိတ်ထားရှိသူများကို သူမ နားမလည်နိုင်ပေ။

အခြားလူတွေက ပစ္စည်းတစ်ခုခုမရှိရင် သူမက သူမရဲ့ပစ္စည်းတွေကို သူတို့ဆီ ပေးရမယ်တဲ့လား။ ဒါက ဓါးပြဆန်တဲ့ အတွေးအခေါ်ကြီးပဲ။

“ကျင်းလင်၊ နင် ဆေးရော သောက်ပြီးပြီလား။ ဒီအင်္ကျီက ငါပိုင်တာမို့လို့ ငါ့စိတ်ကြိုက် လုပ်လို့ရတဲ့ အခွင့်အာဏာ ငါ့မှာရှိတယ်။ ပြီးတော့ အင်္ကျီရဲ့ဆိုဒ်ကိုလည်း ကြည့်လိုက်ဦး။ မင်း ဝတ်လို့ရမှာတောင် မဟုတ်ဘူး။ တကယ်လို့ မင်း ဝတ်လို့ရတယ်ဆိုဦးတော့၊ အင်္ကျီက မင်းရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်မယ်လို့များ ထင်နေတာလား”

ကျင်းယွင်ကျောင်းသည် အရပ် ၁၆၀ စင်တီမီတာကျော် ၁၇၀ စင်တီမီတာနီးပါး ရှိသူဖြစ်ပြီး သူမသည် ပိန်ပါးသော်လည်း ဖွံ့ဖြိုးသင့်သည့် နေရာများက ဖွံ့ဖြိုးနေဆဲပင်။ ရှောင်ဟိုင်ချင်း၏ ဖွံ့ဖြိုးထွားကြိုင်းမှုနှင့် မယှဥ်နိုင်သော်လည်း အချိုးအဆစ်ကျနသည်ဟု ယူဆနိုင်သည်။

ကျင်းလင်က ဆယ့်နှစ်နှစ်ပဲ ရှိသေးတော့ သူ့ရင်ဘတ်ကလည်း ပြားကပ်နေတုန်းပဲ။ သူ့အရပ်ကလည်း အနည်းဆုံး ခေါင်းတစ်လုံးလောက် နိမ့်တာတောင်မှ သူက ငါ့ရဲ့ အဝတ်အစားတွေကို ဝတ်ချင်နေသေးတယ်လား။

ကျင်းယွင်ကျောင်း၏ ဝေဖန်စကားကို ကြားသောအခါ ကျင်းလင်က ဆူပုတ်သွားပြီး မကျေမနပ်နှင့် ဒေါသထွက်စပြုလာသည်။

ဘာ အစ်မကြီးလဲ။ ငါက သူ့အဝတ်အစားတွေနဲ့ မတန်ဘူးလို့ ပြောပြီး ငါ့ကို လှောင်နေတာ။ သူ့ကိုယ်သူ အတော် အထင်ကြီးနေတယ်။ သူ့ရဲ့ရင်ဘတ်မှာ အသားပိုတွေ မရှိလို့လား။

သို့သော် ကျင်းယွင်ကျောင်း၏ အိတ်ကို မြင်သောအခါ ကျင်းလင်၏ စိတ်ထဲ၌ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားပြီးနောက် သူမသည် ပွစိပွစိရေရွတ်နေရင်း ကျင်းမင်ခိုင်အား ရှာရန် ပြေးသွားလေတော့သည်။

ဆယ့်နှစ်နာရီထိုးသောအခါ နေ့လည်စာ ပြင်ဆင်ပြီးသွားပြီ ဖြစ်၏။

ကျင်းရှို့သည် နေ့လည်စာ ဟင်းပွဲများကို ခူးခပ်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး တစ်မိသားစုလုံးက ထမင်းစားစားပွဲ၌ ထိုင်စောင့်နေကြသည်။

“မေမေ၊ အစ်မကြီးက သူ့အိတ်ထဲမှာ ရတနာများ ဖွက်ထားတာလား”

ထမင်းဝိုင်း၌ လူစုံသည့်အချိန်တွင် ကျင်းမင်ခိုင်က ရုတ်တရက် ခေါင်းမော့ကြည့်၍ မေးလာပြီး သူ၏ဘေးတွင်မူ ကျင်းလင်က ကျေနပ်နေသော မျက်နှာထားဖြင့် ထိုင်နေ၏။ သူမသည် ထိုင်ခုံပေါ်၌ နေမထိထိုင်မသာဖြင့် တွန့်လိမ်နေပြီး ဝမ်ရှင်းဖန်းဆီမှ ခွင့်ပြုချက်ရသည်နှင့် ကျင်းယွင်ကျောင်း၏ အိတ်ကို ချက်ချင်း ဆွဲလု၍ မွှေနှောက်ပစ်တော့မည့်အလားပင်။

ထိုအခါ ဝမ်ရှင်းဖန်းက မျက်မှောင်ကြုံ့လိုက်ပြီး ကျင်းယွင်ကျောင်းအား ကြည့်လိုက်သည်။

သို့သော် ကျင်းယွင်ကျောင်း၏ မျက်နှာပေါ်မှ အေးစိမ့်စိမ့်အငွေ့အသက်များက ဝမ်ရှင်းဖန်း၏ သတ္တိများအား လေလျှော့ခံလိုက်ရသော ပူဖောင်းတစ်လုံးကဲ့သို့ သုံးစားမရဖြစ်သွားစေ၏။

“ဘယ်လိုလုပ်ဖြစ်နိုင််မှာလဲ။ အထဲမှာ အဝတ်အစားတွေနဲ့ စာအုပ်တွေပဲရှိတာပေါ့။ မင်းတို့ကလေးတွေက ကိုယ်နဲ့မဆိုင်တာတွေကို ဝင်မပါသင့်ဘူး။ စားစရာရှိတာ မြန်မြန်စားကြ”

ကျင်းထျယ်ကျွင်းက အခြေအနေအား ဖာဖာထေးထေး ဝင်ပြောလိုက်သည်။

Chapter 238 : မင်းမိဘတွေရဲ့ ချို့ယွင်းချက်တွေကို လက်ခံနိုင်လား

တကယ်တမ်း ထိုအကြောင်းကို ကျင်းမင်ခိုင်နှင့်ကျင်းလင်သာ သိချင်နေခြင်း မဟုတ်ပေ။ ဝမ်ရှင်းဖန်းသည်လည်း ကျင်းယွင်ကျောင်း နေ့တိုင်း ကိုယ်နှင့်မကွာ သယ်လာတတ်သော ပစ္စည်းကို သိချင်နေသည်။

ဝမ်ရှင်းဖန်း ကျင်းယွင်ကျောင်းကို တွေ့သည့်အခါတိုင်း သူမသည် တူညီသောအိတ်တစ်လုံးတည်းကိုသာ လွယ်ထားသည်ကို အမြဲတမ်းမြင်ရလေ့ရှိ၏။ ထို့အပြင် ကျင်းယွင်ကျောင်း အိမ်ထဲသို့ ဝင်လာစဥ်က ဝမ်ရှင်းဖန်းသည် သူမ၏ အိတ်ကို သယ်ပေးချင်ခဲ့သော်လည်း ကျင်းယွင်ကျောင်းက သူမအား ပြုံး၍ ငြင်းပယ်ခဲ့ပြီး မည်သူ့ကိုမှ သူမ၏ အိတ်ကို အထိမခံပေ။

ကျင်းယွင်ကျောင်းသည် ထိုကိစ္စကို မျှော်လင့်ထားပြီးသားဖြစ်သဖြင့် မကြားချင်ယောင်ဆောင်နေလိုက်သည်။

ဤအိတ်သည် သူမ၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသည့် အယောင်ပြတစ်ခုသာဖြစ်၏။ သူမ၏နေရာလွတ်နယ်မြေထဲမှ တစ်ခုခုကို ထုတ်ယူချင်သည့်အခါတိုင်း သူမ၏ အိတ်ကို ကြားခံအယောင်ပြပစ္စည်းတစ်ခုအဖြစ် သုံးလေ့ရှိသည်။ တကယ်တမ်း အိတ်ထဲ၌ လူများကို အရူးလုပ်ရန် ပစ္စည်းအနည်းငယ်သာ ပါရှိ၏။

(T/N : လူရှေ့သူရှေ့မှာ နေရာလွတ်နယ်မြေထဲက ပစ္စည်းကို ထုတ်ချင်လာရင် အိတ်ထဲကို လက်နှိုက်သလိုလိုနဲ့ တကယ်တမ်း နယ်မြေထဲက လှမ်းနှိုက်ယူပြီး ထုတ်ပေးတာမျိုးပါ။)

‘ဒုန်း’

ကျင်းမင်ခိုင်က သူ၏ တူများကို စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။

“ကျွန်တော် မစားချင်တော့ဘူး။ အစ်မကြီးရဲ့ အိတ်ထဲမှာ ဖွက်ထားတာကိုပဲ မြင်ချင်တယ်”

“ရှောင်မင်၊ ပြဿနာရှာနေတာကို ရပ်လိုက်”

ဝမ်ရှင်းဖန်းက သူမ၏ သားဖြစ်သူအား ကူကယ်ရာမဲ့စွာဖြင့် တားလိုက်၏။

“ကျွန်တော် ပြဿနာရှာနေတာ မဟုတ်ဘူး။ အဖေတို့ အမေတို့က သူ့အတွက် ပစ္စည်းကောင်းတွေ ဝယ်ပေးပြီး ကျွန်တော်တို့ကို မသိစေချင်တာ ရှင်းနေတာပဲ။ အရင်က အဖေတို့နှစ်ယောက်လုံးက သူက အစွန့်ပစ်ခံရပြီးတော့ အရမ်းသနားစရာကောင်းတယ်လို့ ပြောခဲ့တာလေ။ ဒါပေမယ့် အခု ဘယ်မှာ သနားစရာကောင်းလို့လဲ။ ကျွန်တော်တို့ကို ကြည့်၊ ပြီးရင် သူ့ကိုလည်း ကြည့်လိုက်ဦး။ သူ ဝတ်ထားတဲ့ အဝတ်အစားတွေက ကျွန်တော်တို့ထက် ကောင်းတယ်။ ဒါ့အပြင် သူက အဖေတို့ရဲ့ပိုက်ဆံတွေကို အကြောင်းမဲ့သက်သက် ပစ္စည်းတွေဝယ်ဖို့အတွက်တောင် သုံးနိုင်သေးတယ်။ အဖေတို့က ကျွန်တော့်ကိုတောင် တစ်ခါမှ အဲဒီလောက် ရက်ရက်ရောရော မပေးဖူးဘူး။ အဖေတို့က သူ့ကို အဲဒီလောက်တောင် အရေးပေးဆက်ဆံနေချင်ကြတယ်ဆိုရင် ကျွန်တော်ကလည်း ဘာလို့ ကျောင်းဆက်သွားနေရဦးမှာလဲ။ ကျောင်းလခတွေကို သိမ်းထားပြီး အစ်မကြီးကိုသာ ပေးလိုက်ကြ”

ကျင်းမင်ခိုင်က အသံကျယ်ကျယ်ဖြင့် အဆက်မပြတ် မြည်တွန်တောက်တီးလိုက်သည်။

သူပြောသည်အား ကြားသောအခါ ဝမ်ရှင်းဖန်း၏ မျက်နှာမှာ သေမတတ် ဖြူဖျော့သွား၏။

သူမ၏ သားဖြစ်သူသည် ဘယ်တုန်းကမှ စာမသင်ချင်ခဲ့ပေ။ ငယ်စဥ်ကတည်းက သူ၏ ရလဒ်များသည် အမြဲတမ်း ဆိုးဝါးခဲ့ပြီး နေ့တိုင်း သူ့အား ကျောင်းသွားရန် နားချရခြင်းသည် လူတစ်ယောက်အား ယာဥ်အသွားအလာရှုပ်ထွေးနေသည့် လမ်းကြောထဲသို့ ပြေးဝင်ခိုင်းရသည့်အလား ခက်ခဲပင်ပန်းလှသည်။

သူက အရင်တုန်းက ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုမှ မရှိတာတောင် ကျောင်းသွားခိုင်းဖို့ ခက်ခဲနေတာကို အခုလို ဖြစ်သွားတော့ရော။ သူက ဒီကိစ္စကို ကျောင်းထွက်ဖို့ ဆင်ခြေတစ်ခုအနေနဲ့ သုံးတော့မှာလား။

သူ၏သမီးများက ကျောင်းမသွားလျှင်တောင်မှ ပြဿနာ မရှိပေ။ တကယ်တမ်း သူတို့သည် အနာဂတ်၌ ထိမ်းမြားလက်ထပ်၍ မိသားစုထဲမှ ထွက်သွားရမည်ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်၌ သူတို့အတွက် ငွေအမြောက်အမြား အကုန်အကျခံခြင်းသည် အခြားလူများအတွက် ငွေကုန်ကြေးကျခံနေသလိုသာဖြစ်သော်လည်း သားတစ်ယောက်ကမူ မတူပေ။ သူသည် မိသားစုတစ်ခုလုံး၏ တစ်ခုတည်းသော ရတနာလေးဖြစ်ရာ သူတို့သည် သူ့အား ကျောင်းသွား၍ ကုန်သွယ်ရေးပညာကို သင်ကြားခိုင်းရန် လိုအပ်သည်။ သို့မှသာ အနာဂတ်၌ သူသည် မိသားစုကို ထောက်ပံ့နိုင်မည်ဖြစ်၏။

တစ်ဖက်၌ ကျင်းထျယ်ကျွင်း၏ မျက်နှာအမူအယာသည်လည်း နောက်ဆုံး၌ ပြောင်းလဲသွား၍ ကျင်းမင်ခိုင်၏ ခြိမ်းခြောက်မှုအောက်တွင် ကျရှုံးသွားရသည်။

“ရှောင်ယွင်ရေ...မင်း မြင်တဲ့အတိုင်း မင်းရဲ့မောင်လေးက မင်းရဲ့အိတ်ကို ကြည့်ချင်နေတယ်။ မင်းအတွက်လည်း ဘာအဖိုးတန်ပစ္စည်းမှ ဆုံးရှုံးသွားတာ မဟုတ်ဘူးဆိုတော့ သူ့ကို တစ်ချက်လောက် ကြည့်ခွင့်ပေးလိုက်ပါ။ ဟုတ်ပြီလား”

နောက်ဆုံး၌ ဝမ်ရှင်းဖန်းက ကျင်းမင်ခိုင်၏ တောင်းဆိုမှုများကို လိုက်လျောပေးလိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းက ထေ့ငေါ့၍ ရယ်မောလိုက်သည်။ သူမ မျှော်လင့်ထားသည့်အတိုင်းပင်။

သေချာတာပေါ့။ ပထမဆုံးနေ့မှာတောင် သူတို့က တကယ် ဒီလိုမျိုး လုပ်နေတာ။ အနာဂတ်မှာ သူတို့ ဘယ်လိုအချိုးမျိုး ချိုးလာမယ်ဆိုတာ မတွေးဝံ့စရာပဲ။

ကျင်းမင်ခိုင်က ပါးစပ်ဟ၍ စကားပြောလိုက်ရုံသာလိုပြီး ဤမိသားစုမှ သမီးဖြစ်သူများက သူ့အား အလုပ်ရှင်တစ်ယောက်ကဲ့သို့ ဆက်ဆံကြရသည်။

“ရှင်တို့ရဲ့လုပ်ပုံကို ကြည့်လေ။ ဒီလိုဆိုရင် ယောက်ျားလေးတွေကို မိန်းကလေးတွေထက် ပိုဦးစားပေးတယ်ဆိုတဲ့ အချက်ကို ရှင်တို့အနေနဲ့ ကျင်းမိသားစုရဲ့ အဖွားဖြစ်သူအပေါ်မှာပဲ အားလုံးအပြစ်ပုံချလို့ မရဘူးလို့ ကျွန်မ ထင်တယ်နော်၊ ဟုတ်တယ်မလား။ အန်တီဝမ်၊ ဒါက ကျွန်မ ရှင့်ရဲ့အိမ်တံခါးဝကို ခြေချမိတဲ့ ပထမဆုံး အကြိမ်ပါ။ မိသားစုဝင်တစ်ယောက်ဆိုတာထက် ကျွန်မက ဧည့်သည်တစ်ယောက်အနေနဲ့ပဲ လာခဲ့တာ။ တကယ်လို့ ရှင်က ဧည့်သည်တစ်ယောက်ကိုတောင်မှ ဒီလိုဆက်ဆံတယ်ဆိုရင် အနာဂတ်မှာ ကျွန်မ ရှင့်ရဲ့မိသားစုဝင် အမှန်တကယ်ဖြစ်လာတဲ့အခါကျရင် ဘယ်လိုများ ဆက်ဆံမလဲနော်။ ရှင်က ကျွန်မကို တာဝန်ကျေတဲ့ အစ်မတစ်ယောက်ဖြစ်စေချင်ပေမယ့် တကယ်က အစ်မဆိုပြီး နာမည်ခံထားတဲ့ နှစ်ဆယ့်လေးနာရီပတ်လုံး ကျွန်ခံရတဲ့သူသာသာပဲ ဖြစ်လာမှာ မဟုတ်လား။ ဒီနေ့ ကျွန်မက ကျွန်မရဲ့အိတ်ကို ပေးလိုက်ရရင် မနက်ဖြန်ကျရင်ရော။ ရှင့်ကို ပိုက်ဆံပေးရမှာလား။ ဒါမှမဟုတ်ရင် ကျွန်မရဲ့ လက်ကျန်ဘဝတစ်ခုလုံး ပေးရမှာလား”

ကျင်းယွင်ကျောင်းက မျက်ခုံးပင့်လိုက်ပြီး သူတို့နှင့် လေးလေးနက်နက် ပတ်သတ်ရမည်အား ပျင်းရိလွန်းနေသည့်ပုံဖြင့် ပြောလိုက်၏။

စိတ်ထဲ၌ သူမသည် ဒေါသထွက်နေပြီဖြစ်သည်။ ယခင်ဘဝက သူမ အရာအားလုံးအား သည်းခံခဲ့ပြီဖြစ်ရာ ယခုအချိန်၌မူ နောက်ထပ်ဘဝသက်တမ်းတစ်ခုစာ ထပ်၍ သည်းခံပေးရန် မဖြစ်နိုင်တော့ပေ။

အကယ်၍ သူမ၏ ဆွေမျိုးသားချင်းများက ဤကဲ့သို့သောလူစားမျိုးများသာ ဖြစ်ပါက သူမသည် တစ်ကိုယ်တည်းသာ နေလိုက်မည်ဖြစ်သည်။

“နင် အမေ့ကို ဘယ်လိုပြောလိုက်တာလဲ။ ပြီးတော့ အန်တီဝမ်လို့တောင် ခေါ်လိုက်သေးတယ်။ နင်က ငါတို့ကို နင့်ရဲ့မိသားစုလို့ မသတ်မှတ်ထားဘူးဆိုတာ ရှင်းနေတာပဲ”

ကျင်းလင်က ရုတ်တရက် သူမ၏အသံကို မြှင့်၍ ကြိမ်းမောင်းလိုက်၏။

“လူတစ်ယောက်က ရုတ်တရက်ကြီး ပေါ်လာမယ်။ ပြီးရင် သူတို့က နင့်ရဲ့မိဘတွေပါလို့ ပြောမယ်။ တကယ်လို့ နင်သာ ငါ့နေရာမှာ ဆိုရင်ရော သူ့ကို ချက်ချင်း အမေလို့ ခေါ်နိုင်မှာလား။ အထူးသဖြင့် ဒီလို အမေမျိုးကိုလေ”

ကျင်းယွင်ကျောင်းက အေးစက်စက်အသံဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

လူတစ်ယောက်သည် သူတို့မိဘများ၏ ချို့ယွင်းချက်များနှင့် အမှားကို လက်ခံပေးသင့်သော်လည်း ထိုသို့လက်ခံနိုင်ရန်အတွက် အချိန်နှင့်နေရာဒေသလိုအပ်သေး၏။

ယဲ့ချင်သည် ကျင်းယွင်ကျောင်းအား ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့သော်လည်း သူမသည် ကွယ်လွန်သွားပြီဖြစ်သည်။ ယဲ့ချင်မရှိဘဲ သူမသည် ယခုအချိန်ထိ ရှင်သန်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ချောင်မိသားစုအား သူမ၏ နှလုံးသားထဲမှ မုန်းတီးစက်ဆုပ်သော်လည်း ယဲ့ချင်အပေါ်၌မူ လေးစားမှုတစ်ခု ထားရှိနေဆဲပင်။ သို့ရာတွင် ဝမ်ရှင်းဖန်းကမူ ကွာခြား၏။

သူတို့သည် သွေးသားရင်းချာများ ဖြစ်ကြသော်လည်း ဝမ်ရှင်းဖန်းက သူမအား ကျွေးမွေးစောင့်ရှောက်ပေးခဲ့သည့် အမှတ်တရတစ်ခုမှမရှိပေ။ စွန့်ပစ်ခဲ့ပြီးနောက် ခါးခါးသီးသီး ခံစားချက်များသာ ကျန်ရှိသည်။

ထို့အပြင် သူတို့သည် ယောက်ျားလေးများကို မိန်းကလေးများထက် ပို၍ဦးစားပေးကြရာ သူမသည် သူတို့အပေါ်၌ ဘယ်ပုံဘယ်နည်းဖြင့် ခပ်မြန်မြန် မိသားစုသံယောဇဥ် ဖြစ်တည်လာနိုင်မည်နည်း။

Chapter 239 : အကြီးဆုံးမို့လို့ တာဝန်ယူရမယ်တဲ့လား

ကျင်းယွင်ကျောင်း၏ စကားလုံးများသည် ဘေးပတ်ဝန်းကျင်ရှိ လူများအား ကျောချမ်းစေပြီး ကျင်းရှို့သည် စားပွဲအောက်သို့ ဝင်တော့မတတ် ခေါင်းငုံ့ထား၏။ သူမက စားပွဲ၏အစွန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး အကြောင်းရင်းအချို့ကြောင့် ကြောက်ရွံ့နေသည့်ပုံပင်။

ကျင်းလင်ကမူ ကြောင်အ,စွာဖြင့် စိုက်ကြည့်နေ၏။ တကယ်တမ်း သူမသည် အသက်ငယ်သေးသောကြောင့် ကျင်းယွင်ကျောင်း၏ ဒေါသပေါက်ကွဲမှုက သူမအား ကြောက်ရွံ့စေသည်။

ကျင်းမင်ခိုင်သည် ငယ်စဥ်ကတည်းက အမြဲတမ်း တဇွတ်ထိုး အာဏာပြတတ်သူတစ်ယောက်ဖြစ်ရာ သူသည် ကြောက်ရကောင်းမှန်း မသိပေ။ ထို့ကြောင့် သူက ခေါင်းမာမာဖြင့် ဆက်ပြောလာသည်။

“နင်က တကယ့်ကို အရှက်မရှိတာပဲ။ ငါ့မိဘတွေရဲ့ပိုက်ဆံတွေကိုလည်း အလဟဿ ဖြုန်းတီးတဲ့အပြင် ပြန်တောင် အော်ရဲသေးတယ်”

“ငါက သူတို့ပိုက်ဆံတွေကို သုံးတယ်လို့ ဘယ်သူပြောတာလဲ”

ကျင်းယွင်ကျောင်း၏ မျက်လုံးများက အနည်းငယ် အရောင်တောက်လာပြီး ဆက်ပြောလိုက်၏။

“ဦးလေးကျင်း၊ အန်တီဝမ်၊ အခုအချိန်ထိ ကျွန်မ ရှင်တို့မိသားစုဆီကတော့ တစ်ခါမှ အခွင့်အရေးမယူရသေးဘူးနော်၊ ဟုတ်ရဲ့လား”

“နင်လိမ်နေတာ။ ငါ့အမေက နင့်ကို ဝတ်စုံဝယ်ပေးဖို့အတွက် ပိုက်ဆံတွေသုံးခဲ့တယ်ဆိုတာ ငါ ကောင်းကောင်း မှတ်မိတယ်။ ပြီးတော့ အဲဒါက ယွမ်တစ်ရာ မကဘူး”

ကျင်းမင်ခိုင်က ပြန်လည်ချေပလိုက်သည်။

“မင်းက ဒါကိုပြောနေတာလား”

ကျင်းယွင်ကျောင်းက သူမ၏အိတ်ထဲမှ ဝတ်စုံတစ်စုံကို ထုတ်ယူရင်း ပြောလိုက်၏။ ထိုဝတ်စုံမှာ တံဆိပ်ပင် မဖြုတ်ရသေးရာ ယခင်က တစ်ခါမှမဝတ်ခဲ့ဖူးကြောင်း လူတိုင်း သိနိုင်သည်။

“ငါ ဒီဝတ်စုံကို ရတုန်းက ငြင်းခဲ့တယ်။ ဘာလို့လဲဆိုတော့ ပထမတစ်ချက်က ဒီပုံစံက ငါနဲ့မလိုက်လို့။ ပြီးတော့ ဒုတိယအချက်က မင်းတို့အိမ်မှာ အဆင်မပြေတော့ မလိုအပ်တဲ့ အပိုကုန်ကျစရိတ်တွေ မသုံးသင့်ဘူးဆိုတာ ငါသိလို့။ ဒါပေမယ့် အန်တီဝမ်က ငါ့ကို ဇွတ်အတင်းပေးခဲ့လို့ ငါ ရွေးခြယ်စရာမရှိဘဲ ယူထားလိုက်ရတာ။ ဒါပေမယ့် ဒီနေ့ ပြန်ပေးဖို့ ယူလာခဲ့တယ်။ ပြီးတော့ အဲဒီအဝတ်ရုပ်နှစ်ရုပ်က စျေးမကြီးပေမယ့် ငါ မင်းတို့ကို ပေးတဲ့ ပန်းသီးတွေက စျေးကွက်ထဲမှာ ဝယ်လို့မရဘူး။ ဒါကြောင့် အခြားအရာတွေနဲ့ ယှဥ်လို့မရဘူး၊ ဟုတ်ပြီလား။ ဒါမှမဟုတ် မင်းက ငါ့ကို တစ်ခုခု လုပ်ပေးစေချင်သေးတာလား”

ထိုမိသားစုဝင်ငါးဦးစလုံးသည် လက်ဆောင်ပစ္စည်းများ လက်ခံရရှိခဲ့သည်။

ကျင်းယွင်ကျောင်းသည် ကျင်းမိသားစုက ယောက်ျားလေးများကို မိန်းကလေးများထက် ပို၍ ဦးစားပေးသောကြောင့် ယောက်ျားလေးများသည် ပို၍ ဆိုးသွမ်းပြီး အခွင့်ထူးခံဖြစ်လိမ့်မည်ဟု တွေးမိခဲ့သည်။ ထို့ကြောင့် သူမသည် လက်ဆောင်ပစ္စည်းများကို ပေးသောအခါ ထိုလင်မယားအား ပျော်ရွှင်သွားစေရန် ရည်ရွယ်၍ ကျင်းခိုင်မင်အား အခြားသူများနှင့်ယှဥ်ပါက ပို၍ စျေးကြီးသော လက်ဆောင်ကို ပေးခဲ့သည်။

ဝမ်ရှင်းဖန်းသည် သူမ၏တောင်းဆိုမှုတစ်ခုကို ကျင်းယွင်ကျောင်းဘက်မှ အကျိုးအကြောင်းခိုင်ခိုင်လုံလုံနှင့် ပြန်လည်တုံ့ပြန်ပြီး သူမအား သားသမီးများရှေ့၌ အရှက်ကွဲစေလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးတဲ့ ရလဒ်တွေက ကိုက်ညီတယ်လို့ ထွက်လာပြီးသားဆိုတော့ ကျင်းယွင်ကျောင်းက ငါတို့ကို သူ့ရဲ့မိဘတွေအနေနဲ့ ရိုသေလေးစားမှုလေး နည်းနည်းပါးပါး စပြီးတော့ ပြသင့်နေပြီ မဟုတ်လား။

ဒါကို အခုအချိန်ထိ သူက ငါတို့ကို ဦးလေး၊ အန်တီလို့ ခေါ်နေသေးရုံတင်မကဘူး။ ငါတို့ကိုပါ ပြန်ပြီးတော့ ဆုံးမနေသေးတယ်။

ဒါ့အပြင် ငါ့ရဲ့သားလေး တောင်းဆိုတာကလည်း ကြီးကြီးမားမား မဟုတ်ဘူး။ သူက အိတ်ထဲမှာ ဘာရှိလဲဆိုတာ ကြည့်ချင်ရုံပဲကို။ မဟုတ်မှလွဲရော၊ ကျင်းယွင်ကျောင်းက သူ့အိတ်ထဲမှာ လူမြင်မခံနိုင်တဲ့ ပစ္စည်းတွေ ထည့်ထားလို့ များလား။

ထိုသို့တွေးမိလိုက်သည်နှင့် ဝမ်ရှင်းဖန်းသည် နှလုံးခုန်မြန်သွားပြီး ကျင်းယွင်ကျောင်း၏ အလွန်လှပသောမျက်နှာကို စိုက်ကြည့်လိုက်သည်။

ကျင်းရှို့နှင့် ကျင်းလင်တို့သည် ရွက်ကြမ်းရေကျိုထက် ပိုသာသော ရုပ်ရည်ရှိကြသော်လည်း ကျင်းရှို့၏ပုံပန်းသွင်ပြင်မှာ တောင့်တင်း၍ ကျင်းလင်၏ မျက်နှာအစိတ်အပိုင်းများကမူ ထင်းထွက်နေလွန်းရာ ပြိုင်ဘက်ကင်းသော စရိုက်သွင်ပြင်နှင့် ပြီးပြည့်စုံသည့် ကျင်းယွင်ကျောင်းနှင့် မတူပေ။

“မိန်းကလေး၊ မင်းရဲ့မောင်လေးက မင်းကို စကားနှစ်ခွန်းလောက်ပဲ ပြောတာပါ။ မင်းက ဒီလောက် ဆတ်ဆတ်ထိမခံဖြစ်နေစရာ လိုလို့လား”

ဝမ်ရှင်းဖန်းက ဆက်၍သည်းမခံနိုင်တော့ဘဲ မချိပြုံးပြုံး၍ မေးလိုက်သည်။

“ငါတို့မိသားစုမှာ ရှောင်မင်ဆိုတဲ့ သားယောက်ျားလေးတစ်ယောက်ပဲ ရှိလို့ ငါတို့က သူ့ကို နည်းနည်းပိုပြီး မျက်နှာသာပေးထားတာ သိသာတယ်ဆိုရင်တောင်မှ ရှောင်မင်က တအားသိတတ်တဲ့ ကလေးပါ။ ရှို့အာနဲ့ လင်အာကိုပဲ ကြည့်လေ၊ သူတို့က သူတို့မောင်လေးကို အလိုလို အလျှော့ပေးကြတယ်။ ဒါပေမယ့် အရင်က ရှို့အာက အကြီးဆုံးဆိုတော့ သူက အလျှော့ပေးဖို့ပဲ မျှော်လင့်ထားတာ၊ ဒါပေမယ့် အခု မင်းက ငါတို့ရဲ့မိသားစုဝင်ဖြစ်လာပြီဆိုတော့ မင််းလည်း အကြီးဆုံးတစ်ယောက်ရဲ့ တာဝန်တွေကို ယူသင့်တယ်လို့ ထင်တယ်”

ဝမ်ရှင်းဖန်းက ပြင်းပြင်းထန်ထန် ရှုတ်ချပြီးနောက်တွင် ကျင်းထျယ်ကျွင်းက သူမအား တွန့်ဆုတ်ဆုတ်ဖြင့် လက်ကုတ်လိုက်သည်။ သို့ရာတွင် သူမက သူ့အား ပြန်လည်စိုက်ကြည့်လိုက်ပြီးနောက် ဆက်ပြောလာ၏။

“ကျွန်မတို့က သူစိမ်းတစ်ယောက်နဲ့ စကားပြောနေတာမှ မဟုတ်တာ။ သူက ကျွန်မတို့ရဲ့သမီးပဲလေ။ ဘာတွေစိုးရိမ်နေတာလဲ”

ကျင်းထျယ်ကျွင်းက သူတို့သည် ကျင်းယွင်ကျောင်းအား လန့်ပြေးအောင်လုပ်မိမည်ကို စိုးရိမ်နေသော်လည်း ခဏတွေးကြည့်လိုက်ပြီးနောက်တွင် ဝမ်ရှင်းဖန်း၏စကားများက မှန်သည်ဟု ခံစားလိုက်ရ၏။ တကယ်တမ်း သူတို့၏သွေးသားတော်စပ်မှုကို သက်သေပြပြီးဖြစ်ရာ စိုးရိမ်နေစရာမလိုပေ။

ဘယ်လိုမိဘကများ သူတို့ရဲ့သားသမီးကို မဆုံးမလို့လဲ။

ကျင်းယွင်ကျောင်းက ထိုတော်စပ်မှုကို လျစ်လျူရှုထားသော်လည်း သူမသည် အရိုက်ခံသင့်လျှင် အရိုက်ခံရပြီး အငေါက်ခံသင့်လျှင် အငေါက်ခံရမည်ဖြစ်သည်။

Chapter 240 : သရုပ်မှန်

ဝမ်ရှင်းဖန်းက ဤသို့ပြောသည်ကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် သူမ၏ ရင်ထဲ၌ ပြည့်သိပ်နေမှုများ ရှင်းလင်းသွားသလို ခံစားလိုက်ရသည်။

သူမသည် ဝမ်ရှင်းဖန်းအား တွေ့သည့်အချိန်တိုင်း အနည်းငယ် နေရထိုင်ရခက်သလို ခံစားရ၏။ ‘ငါတို့ရဲ့စိတ်ကို ဘောင်ခတ်ထားတာတွေက ငါတို့ ကမ္ဘာကြီးကို မြင်တဲ့အမြင်ပဲ’၊ ဤဆိုရိုးစကား၏ သဘောတရားကဲ့သို့ပင်။ ခေါင်းအစမှ ခြေအဆုံးထိ ဝမ်ရှင်းဖန်းသည် အမြင်ကျဥ်း၍ တွက်တတ်ချက်တတ်သော အိမ်ရှင်မတစ်ဦး၏ အငွေ့အသက်များကို သိသိသာသာ ထုတ်လွှတ်နေသော်လည်း သူတို့တွေ့သည့်အချိန်တိုင်း သူမသည် အမြဲတမ်း ကြေကွဲစရာကောင်းသည့် ဒရာမာတစ်ကားကို သရုပ်ဆောင်နေချင်ရာ ကျင်းယွင်ကျောင်းသည် တစ်စုံတစ်ခု မှားနေသကဲ့သို့ အမြဲခံစားနေရ၏။

သို့သော် အမှန်အတိုင်းပြောရလျှင် အစောပိုင်း၌ ဤ ‘အမေ’ ဖြစ်သူက အမြဲတမ်း ဟန်ဆောင်နေခဲ့ခြင်းသည် သူမအား အနည်းငယ် စိတ်ကသိကအောက်ဖြစ်စေသည်။

အကယ်၍ စိတ်အားထက်သန်မှုကိုသာ လိုချင်ပါက ရှောင်ဟိုင်ချင်းသည် စိတ်အားထက်သန်၏။ အဖိုးကန်နှင့် သူ့မိသားစု၏ သူမအပေါ် ဆက်ဆံပုံသည်လည်း ထပ်တူပင် စိတ်အားထက်သန်သည်၏ သို့သော် သူတို့သည် ဝမ်ရှင်းဖန်းနှင့်မူ ကွာခြားလှ၏။ သူတို့သည် ဝမ်ရှင်းဖန်းကဲ့သို့ သူမနှင့် စကားပြောလျှင် အမြဲတမ်း စကားတစ်ခွန်းကို ကြိုတင်ပြင်ဆင်၍ ပြောတတ်ပုံမပေါ်ဘဲ သူမအရှေ့တွင်လည်း အမြဲတမ်း သနားစရာကောင်း၍ စိုးရိမ်ပူပန်နေသော အမူအယာကို မပြတတ်ပေ။ ထို့အပြင် ဝမ်ရှင်းဖန်းသည် ကျင်းယွင်ကျောင်းက သူမ၏မိသားစုကို အသိအမှတ်ပြုသည့်အနေဖြင့် အော်ဟစ်ငိုယိုကာ ထိုအသိအမှတ်ပြုလိုက်သည့်အချိန်မှစ၍ သူမ၏ အချိန်မရွေးလိုရာခေါ်ခိုင်းနိုင်သူ ဖြစ်လာလိမ့်မည်ဟုလည်း မျှော်လင့်ထားခဲ့သည်။

အပြင်ပန်းအမူအယာများနှင့် အတွင်းစိတ်ရင်းမှန်မှာ လုံးဝ ကိုက်ညီမှုမရှိပေ။

ကျင်းယွင်ကျောင်းသည် ဤလင်မယားနှစ်ယောက်နှင့် ပထမဆုံးအကြိမ် စတွေ့ကတည်းက ဤသို့ခံစားနေရခြင်းဖြစ်သော်လည်း သူမ၌ ထုတ်မပြောနိုင်သော ကိစ္စအချို့ရှိနေသေးသည်။

“ကျွန်မရဲ့မောင်လေးကို အလျှော့ပေးရမယ်တဲ့လား။ ဘာဆိုင်လို့လဲ။ သူ့ရဲ့ နေ့စဥ်ဘဝ အစားစားတာ၊ အဝတ်အစားဝတ်တာတွေကို ကြည့်ကြပ်ပေးဖို့ ကျွန်မက ကျောင်းထွက်ရမှာလား”

ကျင်းယွင်ကျောင်းသည် စားပွဲပေါ်ရှိ အငွေ့တထောင်းထောင်း ထနေသော ဟင်းပွဲများကို ကြည့်၍ ပြောလိုက်၏။ သို့သော် သူမ၏ နှလုံးသားကမူ အေးစက်နေသည်။

သူမ၏ မွေးစားမိဘများကလည်း ဤသို့ပင်ဖြစ်၍ သူမ၏ မိဘအရင်းများကလည်း ဤသို့ပင်ဖြစ်၏။ သူမသည် ဘဝပေါင်းမည်မျှကြာအောင် လူယုတ်မာတစ်ယောက်ဖြစ်ခဲ့သောကြောင့် ဤကဲ့သို့သော ဝဋ်ဒုက္ခမျိုးနှင့် ကြုံတွေ့ခံစားနေရသနည်း။

ထိုအခါ ဝမ်ရှင်းဖန်းက သက်ပြင်းချလိုက်သည်။

“သမီးလေး၊ အမေက မင်းကို မချစ်လို့ မဟုတ်ပါဘူးကွယ်။ မင်းက အိမ်မှာ နှစ်ပေါင်းများစွာ မနေခဲ့ရဘူးလို့ ပြောပေမယ့် မင်းပြန်လာတဲ့အချိန်မှာ မင်းရဲ့မောင်လေးညီမလေးတွေနဲ့ အတူမရှိရသေးဘူးလေ။ ဒီလိုသာဆက်သွားရင် ငါတို့မိသားစုက ပိုပြီးတော့ ကမောက်ကမတွေ ဖြစ်လာနိုင်မလား။ မိသားစုက သဟဇာတဖြစ်နေရင် အရေးကိစ္စတွေအားလုံး အောင်မြင်ဖြစ်ထွန်းမယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း မင်းရဲ့မောင်လေးညီမလေးတွေက အရမ်းငယ်သေးတော့ မင်းက သူတို့ကို အလျှော့ပေးပြီး သည်းခံသင့်တယ်”

“ငါတို့မိသားစုရဲ့အခြေအနေက ဒီလိုပဲ။ ငါတို့မှာ ပိုက်ဆံမရှိဘူး။ ဒါကြောင့် အိမ်အလုပ်ကို ကူညီဖို့ မင်းရဲ့ဒုတိယညီမလေးကို လာမယ့်နှစ်ကျရင် ကျောင်းထုတ်ဖို့ ငါတို့ဆုံးဖြတ်ပြီးသွားပြီ။ အခုကျ ပိုကောင်းသွားတာပေါ့။ မင်းတို့နှစ်ယောက်လုံး အတူတူကျောင်းထွက်လိုက်ပြီးရင် ငါတို့ အခြားလူတွေကို အငှားချထားတဲ့ မြေကွက်ကို ပြန်ယူပြီး လယ်လုပ်လို့ရပြီလေ။ ဒါဆိုရင် အနာဂတ်မှာ ငါတို့ရဲ့ဘဝတွေလည်း သေချာပေါက် တိုးတက်လာမှာ”

ထိုစကားကို ကြားသောအခါ ကျင်းယွင်ကျောင်း၏ မျက်နှာသည် ဆီးနှင်းခဲများအလား အေးစက်ခက်ထန်သွားသည်။

သူမက ဝမ်ရှင်းဖန်းသည် ရက်အနည်းငယ်မျှ အောင့်အီးသည်းခံ၍ ဟန်ဆောင်နိုင်လိမ့်မည်ဟု ထင်ထားခဲ့ပြီး အနည်းဆုံး သူတို့သည် သူမကိုယ်တိုင် ‘အမေ’ ဟု ပါးစပ်မှထုတ်ခေါ်လာသည့်အချိန်ထိတိုင်အောင် ချော့မော့သိမ်းသွင်းပြီးမှ သားဖြစ်သူအား တဖန်ပြန်၍ အရေးပေးအလိုလိုက်လိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော် သူမသည် တစ်ရက်မျှကြာအောင်ပင် ထိန်းထားနိုင်လိမ့်မည်မဟုတ်ဟု ကျင်းယွင်ကျောင်း တစ်ခါမှ ထင်မထားခဲ့ပေ။

“ရှင်က ကျွန်မ အိမ်မှာ နှစ်ပေါင်းများစွာ မနေခဲ့ရတာ ကျွန်မရဲ့အပြစ်လိုလို ပြောနေတယ်”

ကျင်းယွင်ကျောင်း၏ အသံက ပေါ့ပေါ့ပါးပါးပင်ဖြစ်၍ သူမက ဆက်ပြောလိုက်သည်။

“ရှင်က အရမ်းရိုးသားတာဆိုတော့ ကျွန်မသိချင်နေတဲ့ ခဏတဖြုတ်စာ မေးခွန်းလေးတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဖြေနိုင်လောက်မှာပါ။ အဲဒီနှစ်တုန်းက ကျွန်မကို စွန့်ပစ်ခဲ့တာ ရှင်လား ဒါမှမဟုတ် အဖွားလား”

“မင်းရဲ့အဖွား စွန့်ပစ်ခဲ့တာပါ”

ဝမ်ရှင်းဖန်းက ကျင်းထျယ်ကျွင်းအား တစ်ချက်လှည့်ကြည့်လိုက်ပြီး ဖြေလိုက်၏။

ထိုအခါ ဘေးတွင်ထိုင်နေသော ကျင်းရှို့၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။

“ဒါဆိုရင် ကျွန်မရဲ့လည်ပင်းက ကျောက်စိမ်းက ဘယ်ကနေရတာလဲ။ မိသားစုအမွေအနှစ်လား ဒါမှမဟုတ် အပြင်ကနေ ဝယ်လာတာလား”

ကျင်းယွင်ကျောင်းက ထပ်မေးလိုက်၏။

“အဲဒါက မင်းရဲ့အဖိုး ငါ့ကို ပေးခဲ့တဲ့ ပစ္စည်းပါ။ ငါက မင်းရဲ့လည်ပင်းမှာ ချည်ပေးထားတာ။ မင်းရဲ့အဖွားက မသိဘူး”

ကျင်းထျယ်ကျွင်းက ရှင်းပြလိုက်သည်။

“နောက်ဆုံးမေးခွန်း။ ရှင်တို့ ကျွန်မကို ဆယ်နှစ်ကျော်ကြာအောင် တစ်ခါမှ မမြင်ဖူးခဲ့ကြဘဲနဲ့ ကျွန်မကို တွေ့တော့ ရှင်တို့က ဘယ်လိုလုပ် တန်းမှတ်မိတာလဲ။ ကျွန်မရဲ့လည်ပင်းမှာဆွဲထားတဲ့ ကျောက်စိမ်းကို မြင်တာကြောင့်လို့တော့ မပြောနဲ့နော်။ ကျွန်မက အဲဒီပစ္စည်းကို အဝတ်ရဲ့အပြင်ဘက် ထုတ်ဝတ်လေ့မရှိဘူး”

ကျင်းယွင်ကျောင်း၏ အသံက ပြတ်သားနေပြီး ထိုစုံတွဲအား တရားခံသဖွယ် စစ်ဆေးနေသည့်အလားပင်။

ထို့အပြင် ထိုစုံတွဲ၏ စကားများက မရေရာမတိကျလွန်းသည်ဖြစ်ရာ သူတို့က သေချာပေါက် လိမ်နေခြင်းပင်။

မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်က မမှားရင်တော့ ဒီမိဘအရင်းဆိုတဲ့ လင်မယားနှစ်ယောက်ကိုယ်တိုင်ကပဲ ငါ့ကို စွန့်ပစ်ခဲ့တာ ဖြစ်လိမ့်မယ်။

“အကြီးဆုံးလေး၊ မင်းက ငါတို့သမီးပါ။ ဘာလို့ ငါက မင်းကို မမှတ်မိရမှာလဲ။ မင်းကို မြင်လိုက်ကတည်းက မင်းက ငါ့ရဲ့သမီးလေးပဲဆိုပြီး အမှားအယွင်းမရှိ အတည်ပြုလိုက်နိုင်တဲ့ အချက်နဲ့တင် ငါက လူမှန်ကို ရှာတွေ့ခဲ့တာပါလို့ သက်သေပြနေပြီ မဟုတ်ဘူးလား။ မင်းက ငါ့ကို ထပ်ပြီးတော့ မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးပြီး ရလဒ်တွေ ထုတ်ပြစေချင်သေးတာလား။ အဲဒီစာရွက်လေးတစ်ရွက်နဲ့တင် ငါတို့မိသားစုက ယွမ်ထောင်ဂဏန်း သုံးလိုက်ရတာ”

ဝမ်ရှင်းဖန်းက စိတ်ပျက်လက်ပျက် တုံ့ပြန်ပြောဆိုလိုက်ရာ ကျင်းယွင်ကျောင်းက မတ်တပ်ထရပ်လိုက်တော့သည်။

ဤမိဘအရင်းစုံတွဲ၏ သူမအပေါ် ထားရှိသော စိတ်ထားမှာ အတုအယောင်ဖြစ်ကြောင်း ယခင်ကတည်းက ခံစားမိခဲ့သော်လည်း သူတို့၏ သရုပ်မှန်များက လူများအား ဤမျှအေးစက်သွားစေနိုင်လိမ့်မည်ဟု သူမ တစ်ခါမျှ မထင်မိခဲ့ပေ။

All Chapters