← Chapters

အခန်း (၂၀၅-၂၀၈)

Vol. 11 Ch. 205-208

အခန်း (၂၀၅-၂၀၈)

Vol. 11 Ch. 205-208

Chapter 205 : အမှတ်မမှားနိုင်

ကံကောင်းချင်၍ ဆိုင်ထဲ၌ ဧည့်သည့်များများစားစား မရှိပေ။ ထို့ကြောင့် အမျိုးသမီး၏ လုပ်ရပ်များက လူများ၏ အာရုံကို များစွာ မဆွဲဆောင်နိုင်ခဲ့။

ကျင်းယွင်ကျောင်းသည် သူမ၏ စိတ်ထဲ၌ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ သူမသည် ထိုနှစ်ယောက်အား ဂရုတစိုက် အသေးစိတ် ကြည့်ရှုရန်အတွက် မျက်လုံးပင့်လိုက်၏။ လင်မယားနှစ်ယောက်၏ သဘောထားမှာ စိတ်အားထက်သန်လှသည်။ သူမ၏ မျက်လုံးများသည် ငိုကြွေးနေသောကြောင့် နီရဲနေပြီး အမှန်တကယ်ပင် အတော်လေး ရိုးသားပုံပေါ်နေသည်။

သူမသည် အကြီးဆုံးလေးဟု ဆက်တိုက်ခေါ်နေခဲ့ပြီး သူမ၏ အတွေးများက စည်းလွတ်ဝါးလွတ် မဖြစ်ရန်အတွက် ခက်ခဲနေသည်။

တစ်ဖက်လူသည် ခဏကြာမျှ ငိုနေခဲ့ပြီးနောက် သူတို့သည် အခြားလူများ၏ အတွေးများကို စိုးရိမ်ခြင်းမရှိဘဲ သူမတို့၏ ဘေးမှ ခုံများတွင် ဝင်ထိုင်လိုက်သည်။ သူတို့က ကျင်းယွင်ကျောင်းအား ထွက်ပြေးသွားမည် စိုးသည့်အလား စူးစူးနစ်နစ် စိုက်ကြည့်နေပြီး ဂရုတစိုက်ဖြင့် စကားပြောလာသည်။

“အကြီးဆုံးလေး၊ အဲဒီနှစ်တွေတုန်းက ငါတို့ မင်းအပေါ်မှာ မှားခဲ့ကြပါတယ်။ ငါတို့က ထင်ခဲ့တာ၊ မင်...မင်း...”

“ကလေးက အဆင်ပြေတယ်မဟုတ်လား။ ပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့”

အမျိုးသားက သူမအား ခပ်မြန်မြန်ပင် တားလိုက်၏။

“ကျေးဇူးပြုပြီးတော့ ရှင်တို့နှစ်ယောက် ဆိုလိုချင်တာကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်မလား”

ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်သည်။

သူမသည် အတိတ်ဘဝတုန်းက သူမ၏ အထောက်အထားကို ရှာတွေ့ခဲ့သောအခါ သူမ၏ မိဘအရင်းများကို ရှာရန်အတွက်လည်း တွေးခဲ့ဖူး၏။ သို့သော် ထိုအချိန်က သူမသည် ထောင်ကျပြီးဖြစ်သည်။

သို့ရာတွင် သူမသည် အမှန်တကယ်ပင် များများစားစား မမျှော်လင့်ထားပေ။ ဤဟွားနင်ခရိုင်ကဲ့သို့ သေးငယ်သော နေရာမျိုးတွင် သူမ မိဘများ၏အထောက်အထားက မြင့်မြတ်၍ ကြွယ်ဝချမ်းသာသော မိသားစုများမှ ဖြစ်ချင်ရန်မှာ မဖြစ်နိုင်သလောက် နီးပါးပင်။ ထို့အပြင် သူတို့မိသားစု၏ အခြေအနေသည် အမှန်တကယ်ပင် မဆိုးဝါးပါက သူတို့သည် သူမကို စွန့်ပစ်ခဲ့စရာ အကြောင်းမရှိပေ။

ထို့ကြောင့်ပင် ကျင်းယွင်ကျောင်းသည် သူမအရှေ့ရှိ လူနှစ်ယောက်ကို ကြည့်၍ သူတို့အား တစ်ဝက်တစ်ပျက် ယုံကြည်နေခြင်း ဖြစ်သည်။

“ကလေး၊ မင်းရဲ့ကိုယ်ပေါ်မှာ ကျောက်စိမ်းဆွဲသီးသေးသေးလေးတစ်ခု သေချာပေါက် ရှိတယ် မဟုတ်လား”

ထိုနှစ်ယောက်က အချင်းချင်းကြည့်ပြီးနောက် မေးလာ၏။

ကျင်းယွင်ကျောင်း၏ အကြည့်များက စိတ်ရှုပ်သွားသော်လည်း သူမက ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင် ငါတို့ မမှားဘူးဆိုတာ အသေအချာပဲ။ မင်းက ငါတို့ကလေးဆိုတာ သေချာတယ်။ မင်းရဲ့မျိုးရိုးနာမည်က ကျင်း၊ အဲဒါကို ကျောက်စိမ်းဆွဲသီးပေါ်မှာ ထွင်းထားတယ်။ အဲဒီအချိန်တုန်းက ငါ မင်းကို မွေးတဲ့အချိန်မှာ မင်းရဲ့အဖွားက မင်း မိန်းကလေးဆိုတာကို မြင်သွားပြီး ငါနဲ့မင်းအဖေရဲ့နောက်ကွယ်မှာ တိတ်တိတ်ကလေး စွန့်ပစ်ခဲ့တာ။ ငါ တစ်ရွာလုံး ပတ်ရှာခဲ့ပေမယ့် မင်းကို ရှာမတွေ့ခဲ့ဘူး။ ငါတို့ရဲ့ အကြီးဆုံးသမီးလေး၊ ငါ့ကို အပြစ်မတင်ပါနဲ့ကွယ်။ ဒီကုန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ငါလည်း မင်းကို သတိရနေခဲ့တာပါ”

အမျိုးသမီးက ရှိုက်ရင်း ပြောလိုက်သည်။

ကျင်းယွင်ကျောင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သူမ၏ မျက်နှာက တည်ငြိမ်နေသေး၏။

သူမ၏ ဘေးရှိ ရှောင်ဟိုင်ချင်းသည် အလွန်အံ့သြထိတ်လန့်သွားသောကြောင့် ဘာမှမပြောနိုင်ဘဲ သူမ၏ ပါးစပ်ကလည်း အကျယ်ကြီးဟနေကာ ကြက်ဥပင် ပစ်ထည့်၍ ရနိုင်သည်။ ခဏမျှကြာသောအခါ သူမသည် တိတ်ဆိတ်မှုများ ဂရုတစိုက် ဖြိုခွဲလိုက်ပြီး သူမ၏ သူငယ်ချင်းကို ခေါ်လိုက်သည်။

“ယွင်ကျောင်း”

သူတို့က ကျင်းယွင်ကျောင်းရဲ့ မိဘအရင်းတွေလား။

သို့သော် ဘာကြောင့်မှန်း မသိဘဲ သူမ ထူးဆန်းနေသလို ခံစားရ၏။ ပို၍ တိတိကျကျပြောရလျှင် သူမသည် ဤသည်ကို အနည်းငယ် လက်မခံနိုင်ဖြစ်နေသည်။

သေချာပေါက်ပင် သူမသည် သူတို့၏ ဆင်းရဲသောသွင်ပြင်နှင့် အလုပ်ကြမ်းလုပ်ရခြင်းကြောင့် အထင်သေးခြင်းမဟုတ်။ သို့သော် သူတို့သည် အမှန်တကယ်ပင် သူမ၏ သူငယ်ချင်းနှင့် မတူပေ။ သူတို့၏ မျက်လုံးများသာ မဟုတ်ဘဲ သူတို့ကောက်ကြောင်းကပင် မတူပေ။ သူတို့ကြား၌ တူညီသောအရာ မြူမှုန်တစ်မှုန်မျှပင် မရှိ။ တစ်ခုတည်းသော ယုံကြည်ရသည့်အချက်မှာ ကျောက်စိမ်းသာ ဖြစ်သည်။

“ယွင်ကျောင်း၊ နင့်ကိုယ်ပေါ်မှာ ကျောက်စိမ်းတစ်ခုရှိတာကို ချောင်မိသားစုကလည်း သိတယ်လေ”

ရှောင်ဟိုင်ချင်းက ရုတ်တရက် သတိရသွားသဖြင့် သူမကို သတိပေးလိုက်၏။

ရှောင်ဟိုင်ချင်းထံမှ စကားတစ်ခွန်းကြောင့် သူတို့၏ ဘေးရှိ အမျိုးသမီးက ချက်ချင်းပင် စကားထပြောလိုက်သည်။

“မင်းက ငါတို့ကို သူလျိုတွေလို့ သံသယဝင်နေတာလား။ ကျောင်းသူလေး၊ မင်းက ငါတို့ကို ဆိုးဆိုးဝါးဝါး တွေးလွန်းတာပဲ။ အကြီးဆုံးသမီးလေး၊ မင်း ငါတို့ကို တကယ် ယုံကြည်ပေးဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ နည်းပညာတွေ တိုးတက်နေပြီ မဟုတ်လား။ မိဘအရင်းဟုတ်မဟုတ် စစ်ဆေးကြည့်ကြစို့။ မင်းက ငါ့ရဲ့ကလေးဆိုတာ သေချာတယ်။ ဘယ်လိုလုပ် ငါ ဒီလိုမျိုး အထင်လွဲနိုင်ရတာလဲ”

စကားဝိုင်းက ဤအခြေအနေထိ ရောက်လာပြီဖြစ်ရာ ရှောင်ဟိုင်ချင်းလည်း ဘာမှ ထပ်မပြောတော့ပေ။

သို့သော် မိဘအရင်းဟုတ်မဟုတ် စစ်ဆေးချက်ကို လုပ်နိုင်ခြင်းသည်က အကောင်းဆုံးပင်။

ကျင်းယွင်ကျောင်းသည်လည်း ဤအကြံဥာဏ်ကို သဘောတူလိုက်သည်။ သူမ၏ နှလုံးသားထဲ၌ ဝိရောဓိဖြစ်နေသော အရှုပ်အထွေးထဲတွင် အချိန်အတော်ကြာ ငြိပါသွားပြန်သည်။

သူမသည် ရံဖန်ရံခါ သူမ၏ မိဘအရင်းများနှင့် ပတ်သတ်သည့် ကိစ္စများကို တွေးနေတတ်၏။ သို့သော် သူမ၌ မည်သည့်မျှော်လင့်ချက်မှ မရှိပေ။ သူမသည် သူတို့နှင့် တွေ့နိုင်လိမ့်မည်ဟုပင် မတွေးခဲ့ဖူး ...။ ယခုအချိန်၌ စိတ်အေးလက်အေး နေချင်တာလား။ မဖြစ်နိုင်ပေ။

“ကလေး၊ အမှားမရှိပါဘူး... ...”

အမျိုးသမီးက နောက်တစ်ကြိမ် ထပ်မံ၍ ပြောလိုက်သော်လည်း အမျိုးသားက စကားဖြတ်ပြောလိုက်သည်။

“ကလေးက ငါတို့နဲ့ တွေ့ရုံပဲရှိသေးတာ။ သူ မြန်မြန်ဆန်ဆန် လက်ခံနိုင်မှာ မဟုတ်ဘူးလေ။ ဒါဆို ဒီလိုလုပ်ကြစို့၊ ကလေး။ ငါ မင်းကို ဖုန်းနံပါတ်တစ်ခု ပေးခဲ့ပါ့မယ်။ မင်းက ငါ့ကို မင်းနေတဲ့နေရာနဲ့ ဘယ်လိုဆက်သွယ်ရမလဲ ပြောပြပါ။ မင်းရဲ့မွေးစားမိဘတွေကိုလည်း ငါတို့အကြောင်းကို ပြောပြလိုက်ပါဦး။ မနက်ဖြန် မိဘအရင်းဟုတ်မဟုတ် သွားပြီး စစ်ဆေးကြမယ်၊ အဆင်ပြေလား”

Chapter 206 : မိဘတွေလား

လင်မယားနှစ်ယောက်၏ စိတ်ထားမှာ ရိုးသားသည်။ သူတို့၏ ပတ်သတ်ဆက်နွယ်မှုကိုလည်း အတော်လေး အတည်ပြုထားပြီးပုံပေါ်၏။

ကျင်းယွင်ကျောင်းက သဘောတူကြောင်း ခေါင်းညိတ်ပြပြီးနောက် လင်မယားနှစ်ယောက်က သူတို့ကိုယ်သူတို့ မိတ်ဆက်ကြသည်။ အမျိုးသား၏အမည်မှာ ကျင်းထျယ်ကျွင်းဖြစ်၍ အမျိုးသမီး၏အမည်မှာ ဝမ်ရှင်းဖန်းဖြစ်၏။ အခြားအကြောင်းအရာများကိုမူ သူတို့၏ တော်စပ်မှုမှာ အတည်မပြုရသေးသဖြင့် များများစားစား မပြောခဲ့ပေ။

ထိုနှစ်ယောက်သည် ပြန်ထိုင်ကြပြီး စကားများစွာပြော၍ နာရီဝက်ခန့်ကြာမှ ပြန်သွားကြ၏။

ရှောင်ဟိုင်ချင်းက သက်ပြင်းချလိုက်သည်။ သူမအား တစ်ခုခု မှားနေသလို ခံစားချက်ကြီးက ဆက်၍ ဒုက္ခပေးနေသေး၏။

“ယွင်ကျောင်း၊ သူတို့က တကယ်ပဲ နင့်ရဲ့မိဘအရင်းတွေလို့ ထင်လား”

သူမက မေးလိုက်သည်။ သူတို့သည် အစာစားချင်စိတ် မရှိသောကြောင့် ယခုအချိန်တွင် သူတို့၏အရှေ့ရှိ အစားအသောက်များသည်လည်း အေးစက်နေပြီဖြစ်သည။ ထို့ကြောင့် သူမက တူများကို သုံး၍ ဟိုထိုးဒီဆွ လုပ်နေလိုက်၏။

“မိဘအရင်းဟုတ်မဟုတ် စစ်တဲ့ ရလဒ်ထွက်မှ ငါတို့လည်း သိမှာပဲ”

ကျင်းယွင်ကျောင်းသည်လည်း ပဟေဋိဖြစ်နေ၍ သူမ၏ အတွေးများက များပြားရှုပ်ထွေးနေသည်။ တကယ်တမ်း အရာအားလုံးသည် အလွန်လျင်လျင်မြန်မြန် ဖြစ်ပျက်သွား၏။

သူမ၏ မိဘအရင်းများက သူမ စျေးဝယ်ထွက်လာသောအချိန်၌ တစ်ချက်ကြည့်ရုံနှင့်ပင် သူမအား မှတ်မိသွားခဲ့သည်ဆိုသည်မှာ သူမအတွက် နားလည်ရန် ခက်ခဲသည်။

ထို့အပြင်လည်း သူမ စွန့်ပစ်ခံရချိန်က သူမသည် မွေးကင်းစ ကလေးငယ်လေးတစ်ယောက်သာ ဖြစ်၏။ သူမ၏မျက်လုံးများပင် မပွင့်သေးပေ။ ကလေးများ၏ ပုံစံသည် နေ့တိုင်း ကွဲပြားနေပြီး ထိုအမျိုးသမီးက သူမ၏ ရုပ်ရည်ကို မှတ်မိသည်ဆိုလျှင်တောင်မှ ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီ ဖြစ်သည်။ ထိုအချိန်က သူမနှင့် ယခု သူမ၏ ကြားရှိ ကွာခြားချက်မှာ မိုးနှင့်မြေလိုပင်။ အမျိုးသမီးကြီး၌ မျောက်မင်းစွန်းဝူခုံး၏ ထွင်းဖောက်သိမြင်နိုင်သော မျက်လုံးလည်း မရှိပါဘဲနှင့် မည်သို့ တစ်ရာ ရာခိုင်နှုန်း တိကျနိုင်မည်နည်း။

ထို့အပြင် သူမ၏ ဤကျောက်စိမ်းဆွဲသီးသည် သူမ၏ နေရာလွတ်နယ်မြေနှင့် ချိတ်ဆက်ထားသောကြောင့် သူမသည် ၎င်းကို အထူးဂရုပြုဝတ်ဆင်ရန် ခိုင်ခံ့သော ဆွဲကြိုးတစ်ကုံး ဝယ်ခဲ့သည်။ များသောအားဖြင့် သူမသည် ၎င်းကို အခြားသူများကို ပြရန် အပြင်ထုတ်လာလေ့မရှိပေ။

ယခုအချိန်သည် နွေရာသီပင်ဖြစ်သော်လည်း သူမသည် အပြာနုရောင် ကြယ်သီးပြည့်ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ကြယ်သီးများကိုလည်း ထိပ်ဆုံးထိ အပြည့်တွယ်ထားသည်။ အကယ်၍ သူမသာ လှုပ်ရှားမှု ပြင်းပြင်းထန်ထန် မလုပ်ပါက ကျောက်စိမ်းဆွဲသီးသည် သေချာပေါက် သူ့ဟာသူတော့ ထွက်လာမည် မဟုတ်ပေ။ ထို့ကြောင့် သူမ၏ ကျောက်စိမ်းဆွဲသီးကို မှီး၍ အမျိုးသမီးကြီးက သူမအား မှတ်မိသွားရန်မှာလည်း မဖြစ်နိုင်။

အကုန်ကုန်ပြောရသော် ကျောက်စိမ်းဆွဲသီး၏ မျက်နှာပြင်မှာ မှုန်မှိုင်း၍ အချို့ စျေးပေါသော အတုများနှင့် တူနေသည်။ သို့သော် ဘိုးဘေး ချန်ထားပေးခဲ့သောအရာမှာ အရည်အသွေး ညံ့ဖျင်းသော ပစ္စည်း အမှန်တကယ် ဖြစ်နိုင်ပါမည်လား။

အကယ်၍ ဤကျောက်စိမ်းသည် ကျင်းထျယ်ကျွင်း လမ်းဘေးဆိုင် သို့မဟုတ် အဟောင်းဆိုင်မှ ဝယ်လာသော ပစ္စည်းဆိုပါက ဘိုးဘေး၏ တည်ရှိမှုအား မည်သို့ ရှင်းပြရမည်နည်း။ ကျင်းထျယ်ကျွင်းက လွန်ခဲ့သော နှစ်ပေါင်းများက ကျင်းမိသားစု ပျောက်ဆုံးသွားသောအရာကို တိုက်တိုက်ဆိုင်ဆိုင် ဝယ်လာခဲ့ခြင်း မဖြစ်နိုင်ဘူးလား။

အကယ်၍ ဤကျောက်စိမ်းဆွဲသီးသာ ကျင်းထျယ်ကျွင်း ဝယ်လာသည့်အရာ မဟုတ်ဘဲ ထိုအစား ကျင်းမိသားစု၏ မိသားစုအမွေအနှစ်သာ ဖြစ်ပါကလည်း ၎င်းက ရှင်းပြရန် ပို၍ပင် ခက်ခဲသွားလိမ့်မည်။

အမျိုးသမီးက သူမကို ကျင်းမိသားစု၏ အဘွားဖြစ်သူက စွန့်ပစ်ခဲ့သည်ဟု ထပ်ခါတလဲလဲ ပြောခဲ့သည်။ အဖွားအိုများသည် ယောက်ျားလေးများကို တန်ဖိုးထား၍ မိန်းကလေးများအပေါ်၌ အလေးထား တွယ်တာမှု နည်းပါး၏။ ထို့ကြောင့် ဘိုးဘေး၏ ကြွင်းကျန်ရစ်သော အရေးကြီးသည့် အမွေအနှစ်တစ်ခုကို အသက်ရှင်နိုင်ရန် မသေချာသော သူမ၏ မြေးမ ကိုယ်ပေါ်၌ ထားခဲ့ပေးရန်မှာ သူမအတွက် သေချာပေါက် မဖြစ်နိုင်ပေ။

ကျင်းယွင်ကျောင်းသည် ဤသံသယဖြစ်စရာအချက်ကို ထုတ်မပြောခဲ့။ ကျောက်စိမ်းထဲရှိ နေရာလွတ်နယ်မြေနှင့် ဘိုးဘေးမှာ သူမ အခြားသူများအား လုံးဝ မပြောပြနိုင်သည့် လျို့ဝှက်ချက်များဖြစ်သည်။

မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးခြင်းကိုလည်း မလုပ်ရသေးပေ။ ၎င်းရလဒ်ထွက်လာ၍ သူမသာ သူတို့၏ သမီးအရင်း အမှန်တကယ် ဖြစ်ပါက သူမသည် ကိစ္စများကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို တွေးရမည်မှာ သဘာဝပင်။

ရုတ်ရုတ်သဲသဲ ဖြစ်ပျက်သွားပြီးနောက်တွင် မိန်းကလေးနှစ်ယောက်သည် ဆက်လက်၍ စျေးဝယ်ချင်စိတ် မရှိတော့။

ကျင်းယွင်ကျောင်းသည် အိမ်သို့ပြန်လာပြီးနောက် သူမအား ပြဿနာများကို စုံစမ်းပေးရန် ပိုင်ယွီအန်းအား အကူအညီတောင်းလိုက်သည်။

နောက်တစ်နေ့ မနက်တွင် သူမ အကြောင်းစုံကို လက်ခံရရှိ၏။

ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းတို့ နှစ်ဦးစလုံးသည် ဟွားနင်ခရိုင်၏ အစွန်အဖျားရှိ ရှစ်ချန်ရွာ ဟုခေါ်သော ရွာလေးတစ်ရွာမှ ဖြစ်သည်။ ဝမ်ရှင်းဖန်၏ အမေနှင့် ယောက္ခထီးတို့မှာ ကွယ်လွန်သွားကြပြီး ဖြစ်၏။ ကျင်းထျယ်ကျွင်းသည် သာမန်လုပ်သားတစ်ဦး ဖြစ်၍ စိုက်ပျိုးမွေးမြူရေးနှင့် ကလေးများကို ထိန်းကျောင်းရန်အတွက် တာဝန်ရှိသော အိမ်ရှင်မတစ်ယောက် ဖြစ်သည်။

ကျင်းထျယ်ကျွင်း၌ ကလေးလေးယောက်ရှိ၏။ ပိုင်ယွီအန်း၏ ရှင်းပြချက်အရ ဤလင်မယားနှစ်ယောက်သည် နောက်ကျမှ ကလေးရခြင်းဖြစ်သည်။ သူတို့၏ အကြီးဆုံးကလေးသည် မိန်းကလေးတစ်ယောက်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ပျောက်ဆုံးသွား၏။ အိမ်နီးချင်းတွေက ခုနှစ်ကို မမှတ်မိသော်လည်း သူမသည် ကျင်းယွင်ကျောင်းနှင့် သက်တူရွယ်တူရှိသင့်နေပြီဖြစ်ကြောင်း ပြောပြခဲ့သည်။ အကြီးဆုံးမိန်းကလေး၏ နောက်တွင် သမီးနှစ်ယောက် ထပ်ရှိပြီး နောက်ဆုံးတစ်ယောက်ကသာ သားယောက်ျားလေး ဖြစ်သည်။

လက်ရှိတွင် ကျင်းမိသားစုဝင် ငါးယောက်လုံးသည် ကျင်းထျယ်ကျွင်း၏ နည်းပါးလှသော ဝင်ငွေအပေါ်တွင်သာ အားလုံးမှီခိုနေရ၍ အသက်ရှင်ရန် ရုန်းကန်နေကြရ၏။

ကျင်းယွင်ကျောင်းသည် သူမ့ မိဘများဖြစ်သည်ဟု အခိုင်အမာ ပြောနေကြသော ဤလင်မယားနှစ်ယောက်အား

ချစ်ခင်နှစ်သက်မှုများစွာ မရှိ။ သူမ၏ သံသယများကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး အရာအားလုံးကလည်း ဖြစ်ပျက်လာသည်မှာ တိုက်ဆိုင်လွန်းသောကြောင့် သူမအဖို့ ထူးဆန်းလွန်းသော ခံစားချက်ကို ဆက်တိုက်ခံစားနေရလေသည်ဖြစ်ချေ၏။

Chapter 207 : ယောက်ျားလေးများကို မိန်းကလေးများထက် ပိုဦးစားပေးခြင်း

မည်သို့ပင် ဆိုစေကာမူ ကျင်းယွင်ကျောင်းသည် သူတို့ ဤနေရာ၌ ရှိနေပြီဆိုကတည်းက မမြင်ချင်ယောင်ဆောင်နေ၍ မရတော့ပေ။ ထို့အပြင် သူမကိုယ်တိုင်လည်း သူမ၏ ဇစ်မြစ်ကို သိချင်နေ၏။

နောက်တစ်နေ့ မနက်၌ ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းတို့သည် သူမတို့၏ တိုက်ခန်းအိမ်ရာအပြင်ဘက်မှ စောင့်နေကြသည်။ သူတို့သည် မနေ့က ဝတ်လာသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြ၍ ကျင်းယွင်ကျောင်းကမူ ခေါင်းအစခြေအဆုံး သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားပြီး သူမ၏ အဝတ်အစားများက အရည်အသွေးလည်း ကောင်းသဖြင့် သူတို့နှင့် နှိုင်းယှဥ်ကြည့်ပါက သိသိသာသာ ကွဲပြားနေပုံရ၏။

“ကလေး၊ မင်းရဲ့ မွေးစားမိဘတွေရော မလာဘူးလား”

ဝမ်ရှင်းဖန်းက မေးလိုက်၏။

ဟွားနင်ခရိုင်မြို့သည် သေးငယ်သော ခရိုင်မြို့လေးဖြစ်ပြီး မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးနိုင်သည့် ဇီဝနည်းပညာရပ်မရှိပေ။ ထို့ကြောင့် သူတို့သည် နင်းမြို့တော်သို့ သွားရောက်ရန် လိုအပ်ပေသည်။

ကျောင်းက နောက်ထပ် ရက်အနည်းငယ်ကြာမှ ပြန်ဖွင့်မည်ဖြစ်ရာ ယခုအချိန် နင်းမြို့တော်သို့သွားခြင်းက ပြဿနာမရှိပေ။ တစ်ခုတည်းသော ပြဿနာမှာ ရလဒ်များထွက်ရန်အတွက် လဝက်ခန့်ကြာမည့် ကိစ္စပင်။

“ကျွန်မက ကျွန်မရဲ့မွေးစားမိဘတွေနဲ့ အဆက်အသွယ်တွေ အားလုံး ဖြတ်ပြီးပါပြီ။ အခု အားလုံးက ကျွန်မလက်၊ ကျွန်မခြေချည်းပါပဲ”

သူမ၏ အသွင်အပြင်မှာ နူးညံ့သိမ်မွေ့၍ အရှိန်အဝါကြီးသော်လည်း သီးခြားဆန်နေသည်။ သူမ စကားပြောသောအခါတွင် သြဇာလွှမ်းမိုးမှု အရိပ်အယောင်ရှိတတ်၍ ထိုစုံတွဲအား မှင်သက်သွားစေ၏။ သို့သော် ဝမ်ရှင်းဖန်းက အလျင်အမြန်ပင် အခြေအနေအား ပြန်ထိန်းလိုက်ပြီး မေးလာသည်။

“မင်း ဒါက အ...အဆင်ပြေတာ သေချာရဲ့လား။ တကယ်တမ်းကျတော့ သူတို့က မင်းကို ဒီအချိန်ထိ ကျွေးမွေးပြုစုခဲ့တာပဲလေ။ ပြီးတော့ မင်းက မိဘအရင်းတွေကို ရှာတွေ့လို့ မွေးစားမိဘတွေနဲ့ အဆက်အသွယ် အကုန်ဖြတ်လိုက်တယ်ဆိုရင် မင်းရဲ့နောက်ကွယ်မှာ လူတွေက ဘယ်လိုတွေ ပြောကုန်ကြမလဲ”

“ကျွန်မ မွေးစားမိဘတွေနဲ့ အဆက်အသွယ် ဖြတ်တာက ရှင်တို့ကြောင့် မဟုတ်ဘူး။ ဒါ့အပြင် ကျွန်မတို့ရဲ့ သွေးသားတော်စပ်မှုကလည်း မသေချာသေးတာမို့လို့ ရှင်တို့ ဒီပြဿနာကို စိတ်ပူပေးဖို့ မလိုပါဘူး။ ကျေးဇူးတင်ပါတယ်”

ကျင်းယွင်ကျောင်း၏ အသံက သြဇာပြည့်ဝ၍ ပဲ့တင်ထပ်နေကာ ယဥ်ကျေးသော်လည်း စည်းတစ်ခုခြားထားသည်။

သူတို့သည် ၄င်းတို့၏တော်စပ်မှုအား လက်ရှိအချိန်၌ သိ၊ မသိ ကိစ္စအားမပြောနှင့်၊ အကယ်၍ တော်စပ်မှုရှိခဲ့သည်ဆိုလျှင်တောင်မှ အချိန်အနည်းငယ်မယူဘဲနှင့် ချက်ချင်းလက်ငင်း ရင်းနှီးကျွမ်းဝင်လာရန်မှာ သူတို့အတွက် မဖြစ်နိုင်ပေ။

အရေးအကြီးဆုံးမှာ ဤမနက်ခင်း၌ ပိုင်ယွီအန်း က သူမအား ပြောပြခဲ့သည်များကို တွေးမိလိုက်လျှင် သူမ သံသယမဖြစ်ဘဲ မနေနိုင်ချေ။

ဤလင်မယားစုံတွဲက ကျင်းမိသားစု၏ လူကြီးသူမများသည် ယောက်ျားလေးများကို မိန်းကလေးများထက် ပို၍ ဦးစားပေးသည်ဟု ပြောခဲ့သော်လည်း အမှန်တရားမှာ ဝမ်ရှင်းဖန်း၏ အဖွားသည် လွန်ခဲ့သော ဆယ့်ငါးနှစ်ကတည်းက ကွယ်လွန်ခဲ့ပြီးဖြစ်သည်။

ဤသည်မှာ သူမအား ထိုအဘွားဖြစ်သူက အမှန်တကယ် စွန့်ပစ်ခဲ့လျှင်တောင်မှ ထိုစုံတွဲသည် ကလေးတစ်ယောက်ပြီး တစ်ယောက် ထပ်မွေးနေသေးသည့် အဓိပ္ပါယ်ပင်။ သူတို့၌ ကလေးသုံးယောက်ရှိပြီး သမီးနှစ်ယောက်အနက် တစ်ယောက်က ဆယ့်လေးနှစ်ဖြစ်၍ အခြားတစ်ယောက်က ဆယ့်နှစ်နှစ်ဖြစ်ကာ သူတို့၏အငယ်ဆုံးကလေးမှာ ဆယ်နှစ်အရွယ် ယောက်ျားလေးတစ်ယောက် ဖြစ်၏။

သူတို့သည် နှစ်နှစ်လျှင် ကလေးတစ်ယောက်နှုန်း မွေးခဲ့ပြီး နောက်ဆုံး သားယောက်ျားလေး မွေးလာမှသာ ရပ်ခဲ့ကြသည်။ မည်သို့ပင် တွေးကြည့်ကာမူ သူတို့သည် လူကြီးမိဘများ၏ ဖိအားအောက်၌ ရှိသည်နှင့် မတူပေ။

ကျင်းယွင်ကျောင်း၏ သူတို့အပေါ် သဘောထားမှာ ထိုစုံတွဲ၏ အမူအယာအား အနည်းငယ် တောင့်တင်းသွားစေသည်။

“မေ့လိုက်တော့၊ မေ့လိုက်တော့။ ဒီကလေးက ငါတို့ဆီမှာ မကြီးပျင်းခဲ့ရတော့ ငါတို့ရဲ့တွေးခေါ်ပုံနဲ့ သူ့ရဲ့တွေးခေါ်ပုံက ကွာခြားနေမှာ အမှန်ပဲပေါ့။ ဒါက ပုံမှန်ပါပဲ။ အရင်ဆုံး မြို့တော်ကို သွားကြစို့”

ကျင်းထျယ်ကျွင်းက ခပ်ဖျော့ဖျော့ သက်ပြင်းချ၍ ပြောလိုက်သည်။

သူတို့နှစ်ဦးလုံးသည် စိတ်သောကများနေပုံရပြီး မဆုံးနိုင်သည့် အပြစ်ရှိစိတ်များကြောင့် ဒုက္ခကြီးစွာရောက်နေသည့်အလားပင်။

ထို့နောက် ကျင်းယွင်ကျောင်းလည်း အနှောက်အယှက် မပေးတော့ဘဲ ထိုစုံတွဲ၏အနောက်သို့လိုက်ခဲ့၍ နင်းမြို့တော်သို့ ဦးတည်နေသည့် ဘတ်စ်ကားတစ်စီးပေါ်သို့ တက်ခဲ့ကြသည်။

ဘတ်စ်ကားပေါ်တွင် ကျင်းယွင်ကျောင်း၏ လှပသပ်ရပ်သော ပုံစံက ပတ်ဝန်းကျင်ရှိလူများအား နှစ်ခါပြန်ကြည့်မိအောင် ဆွဲဆောင်နိုင်သည်။ သူတို့က သူမအား ငေးကြည့်နေကြသည်ကို မြင်သောအခါ ကျင်းယွင်ကျောင်း၏ ဘေး၌ ထိုင်နေသော ဝမ်ရှင်းဖန်းက ပြုံးပြ၍ ပြောလိုက်၏။

“ဒါက ကျွန်မရဲ့ အကြီးဆုံးသမီးလေ”

မူလက လူအများသည် ကျင်းယွင်ကျောင်းအား အကြိမ်ရေအနည်းငယ်မျှသာ ကြည့်မိကြသော်လည်း ဝမ်ရှင်းဖန်း၏ အပိုစကားများကို ကြားပြီးနောက် ဘတ်စ်ကားတစ်စီးလုံးသည် ဆူညံဆူညံနှင့် ဝေဖန်ဆွေးနွေးစပြုလာတော့သည်။

“အစ်မကြီး၊ ရှင်က တကယ်ပဲ သမီးတစ်ယောက်ကို ဘယ်လိုပြုစုပျိုးထောင်းရမလဲဆိုတာကို သိတာပဲ။ သူ့ပုံစံနဲ့သာဆို ဒီမိန်းကလေးက လွယ်လွယ်ကူကူနဲ့ နာမည်ကြီးတစ်ယောက် ဖြစ်လာနိုင်တယ်”

သူတို့ ဘေးတွင်ထိုင်နေသော အဒေါ်ကြီးတစ်ယောက်က မှတ်ချက်ပြုလိုက်၏။

ပြတင်းပေါက်ဘေးရှိ ခုံတွင် ထိုင်နေသော ကျင်းယွင်ကျောင်းသည် အနည်းငယ် မျက်မှောင်ကြုံ့လိုက်၍ နေရထိုင်ရ ခက်သွားသည်။

မူလကတည်းက ဘတ်စ်ကားသည် သေးငယ်၍ ကြပ်ပိတ်နေသောကြောင့် လူများအား စိတ်မသက်မသာနှင့် ပိတ်လှောင်လှောင်ဖြစ်နေစေ၏။ ထို့အပြင် သူမသည် အခြားသူများထံမှ အာရုံစိုက်ခံရခြင်းနှင့် သူမအကြောင်းပြောကြခြင်းကို ဘယ်တော့မှ မနှစ်သက်ခဲ့ပေ။ သူတို့၌ ကောင်းသော ရည်ရွယ်ချက်များ ရှိနေလျှင်တောင်မှ ၎င်းက သူမအား တိရစ္ဆာန်ရုံ ပြပွဲ၌ ပြထားသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ခံစားရစေပြီး ပို၍ပင် စိတ်အိုက်လာစေသည်။

“ဒီကလေးက ငယ်ငယ်ကတည်းက အမြဲတမ်း လှနေတာလေ။ ဒါပေမယ့် ညီမရယ်၊ ရှင်က မသိလို့၊ ကျွန်မရဲ့သမီးလေးက ဒီနှစ်တွေထဲမှာ ပျောက်နေခဲ့တာ။ ကျွန်မ သူ့ကို မနေ့ကမှ ပြန်တွေ့ခဲ့တာ။ အချိန်က အရမ်းကြာလွန်းသွားပြီး အဲဒီအချိန်တုန်းက ကျွန်မရဲ့သမီးကလည်း ငယ်သေးတာဆိုတော့ သူက ကျွန်မကို မမှတ်မိတော့ဘူးရယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးဖို့ အခု နင်းမြို့တော်ကို သွားကြမှာလေ။ နှစ်တွေက ဒီလောက်ကြာပြီဆိုတော့လည်း သူက ကျွန်မကို အသိအမှတ်မပြုနိုင်သေးဘူးပေါ့”

ဝမ်ရှင်းဖန်းက တစ်ဖက်လူက နားထောင်ချင်သည်ဖြစ်စေ၊ မထောင်ချင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ ပြောနေ၏။

Chapter 208 : သည့်ထက် ပိုကောင်းတဲ့ လုပ်စရာ ဘာမှမရှိ

လူအများစုသည် စပ်စုလိုစိတ်ရှိကြ၍ သူတို့သည် ဝမ်ရှင်းဖန်း၏ စကားလုံးများကို ကြားသောအခါ လူအနည်းငယ်က သူတို့၏ ခေါင်းများကို ကျင်းယွင်ကျောင်းဆီသို့ လှည့်လိုက်ကြပြီး သူမအား ခဏမျှကြာအောင် စိုက်ကြည့်နေကြသည်။

“ရှင် သူ့ကို ဘယ်လိုများ ပျောက်ခဲ့တာလဲ။ ရှင့်ရဲ့ကလေးကို ရှင့်ဘေးမှာထားပြီး မြေတောင် မြှောက်မပေးနိုင်တာ တကယ် ဝမ်းနည်းစရာပဲနော်။ သူက အခု အတော်တောင် အရွယ်ရောက်နေပြီ”

စကားများသော မိန်းမကြီးတစ်ယောက် ထပ်ပြောလိုက်၏။

ဘတ်စ်ကားပေါ်မှ လူအများစုက သူမအား စိတ်ထဲမှကြိတ်၍ ထောက်ခံလိုက်ကြသည်။

သို့သော် သူတို့သည် တစ်ချိန်တည်းမှာပင် ကျင်းယွင်ကျောင်း၏ သဘောထားက အေးစက်စက်ဖြစ်နေရသည့် အကြောင်းအရင်းကိုလည်း နားလည်သွားကြ၏။

သူတို့သည် သူမ၏ အဝတ်အစားများက ကွက်တိကျ သပ်ရပ်နေသည်ကို မြင်ကြရ၍ ဝတ်စုံကလည်း အရည်အသွေးကောင်းဖြစ်ကြောင်း မြင်နေရသည်။ သူမသည် မိဘအရင်းများကို မတွေ့ခင်က ချမ်းသာသော ဘဝ၌ နေထိုင်ခဲ့ရခြင်းဖြစ်နိုင်၏။ ဤကဲ့သို့ ဆံပင်များပေါ်တွင် ဖုန်များတင်နေပြီး မျက်နှာများက ညစ်ပတ်နေသော မိဘမျိုးကို မြင်ရုံနှင့် သူတို့၏ မိသားစုအခြေအနေမှာ မကောင်းမှန်း သိသာသည်။ ဤမိန်းကလေးသည် စိတ်ထဲ၌ သူတို့အား အထင်သေးနေမည်မှာ သေချာ၏။

ဝမ်ရှင်းဖန်းက သက်ပြင်းချလိုက်သည်။

“အခုလို နှစ်တွေအများကြီးကြာပြီးမှ သူ့ကို ရှာနိုင်ခဲ့တဲ့အတွက်နဲ့တင် ကျွန်မကို အပြစ်တင်လို့ ရနေပါပြီ။ သူက ကျွန်မကို အပြစ်တင််တယ်ဆိုရင်တောင်မှ ကျွန်မ ဒါကို လက်ခံပါတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ရင်းက မဆိုးဘူးလို့ ကျွန်မ ယုံကြည်တယ်။ အနာဂတ်မှာ ကိစ္စတွေက သေချာပေါက် ပိုကောင်းလာမှာပါ။ အခု ကျွန်မတို့ သူ့ကို ရှာတွေ့တာနဲ့တင်ကို ကျွန်မ ပျော်နေပါပြီ”

ဝမ်ရှင်းဖန်းက ခါးသီးသော မျက်နှာထားနှင့် ပြောလိုက်၏။

ကျင်းယွင်ကျောင်းက မျက်ခုံးတစ်ဖက်ပင့်လိုက်၍ သူမ၏ စိတ်ခံစားချက်က ပို၍ ရှုပ်ထွေးလာသည်။

သူမသည် သာမန် ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက် မဟုတ်ပေ။ ချောင်ဟုန်ယဲ့၏ အနိုင်ကျင့်၊ ညှင်းပန်းနှိပ်စက်မှုများနှင့် အသားကျနေပြီဖြစ်၏။ ထို့ကြောင့် သူမသည် လူများ၏ စကားလုံးများနှင့် သူတို့၏ လေယူလေသိမ်းများအား အလွန် အထိအခိုက်မခံနိုင်ဖြစ်တတ်သည်။ ဤစကားလုံးများ၏ အောက်ရှိ လိမ်ညာနေသော လေယူလေသိမ်းကို သူမ အဘယ်ကြောင့် မသိနိုင်ရမည်နည်း။

ထိုစကားက သူမသည် ဤ ‘မိဘရင်း’ စုံတွဲကို အပြစ်တင်နေသည်ဟု အခြားသူများအား ပြောလိုက်ခြင်းဖြစ်၍ သူမ၏ စိတ်ရင်းက မဆိုးဟု ပြောခြင်းကလည်း သူမသည် ဒေါသကြီးသည်ဟု ပြောလိုက်ခြင်း မဟုတ်လော။

ကျင်းယွင်ကျောင်းက သက်ပြင်းခပ်လေးလေး တစ်ချက် ချလိုက်သည်။ အကယ်၍ သူတို့သာ သူမ၏ မိဘအရင်းများ အမှန်တကယ်ဖြစ်ပါက သူမ၏ အနာဂတ်နေ့ရက်များက ဒုက္ခရောက်တော့မည့်ပုံပင်။

“မိန်းကလေး၊ မင်း အနာဂတ်မှာ မင်းရဲ့မိဘတွေကို သားသမီးဝတ္တရား ကောင်းကောင်းကျေဖို့ လိုတယ်။ သူတို့ အရမ်းပင်ပန်းနေတာကို ကြည့်ပါဦး။ မင်းက သူတို့ကို ထပ်ပြီး စိတ်ညစ်အောင် မလုပ်ရဘူးလေ”

သူတို့ဘတ်စ်ကားပေါ်မှ မဆင်းရသေးမီမှာပင် သူတို့၏ ဘေးရှိ အဒေါ်ကြီးက ထပ်ပြောလာပြန်သည်။

ခရီးစဥ်တစ်ခုလုံးတွင် ဝမ်ရှင်းဖန်းနှင့် ထိုအမျိုးသမီးကြီးသည် ပျော်ရွှင်စွာပင် အပြန်အလှန် စကားပြောနေကြ၏။ သူမက သူတို့အတင်းပြောနေကြသည်ကို မနှောက်ယှက်ချင်သောကြောင့် သူတို့အား လျစ်လျူရှုထားလိုက်သည်။

သို့သော် သိပ်မကြာမီမှာပင် ထိုစကားမျိုးများ ကြားနေရသည်ကို သူမ ထပ်၍ သည်းမခံနိုင်တော့ပေ။

“ဒီက အန်တီရှင့်၊ ရှင်က တကယ်ပဲ လူတွေကို သွန်သင်ဆုံးမရတာ ကြိုက်တယ်ဆိုရင် ရှင့်ရဲ့သားသမီးအရင်းတွေကိုပဲ ဆုံးမလို့ရတယ်နော်။ အခြားသူတွေရဲ့ကိစ္စကို တအားဝင်ပါနေတာက ရှင့်မှာ သည့်ထက် ပိုကောင်းတဲ့ လုပ်စရာ ဘာမှမရှိလို့လား။ သူတို့ကသာ တကယ်ပဲ ကျွန်မရဲ့မိဘအရင်းတွေဆိုရင် ကျွန်မက အလိုလို သားသမီးဝတ္တရားကျေပွန်မှာပါ။ ဒါပေမယ့် အခု ဖြစ်နေတဲ့ ပြဿနာက ဒါကို အတည်မပြုရသေးဘူးလေ။ တကယ်လို့ သူတို့က မိဘအရင်းတွေဆိုရင်တောင်မှ သူတို့ အရမ်းပင်ပန်းနေတာ ကျွန်မကြောင့် ဟုတ်ပုံမပေါ်ဘူး။ ကျေးဇူးပြုပြီး ရှင် ကျွန်မအပေါ်ကို အပြစ်တွေအားလုံး မပုံချလို့ မရဘူးလား။ ကျွန်မက ဒီလူနှစ်ယောက်ကို မနေ့ကမှ သိတာပါ။ ဒီနေ့ အတူလိုက်လာပေးတယ်။ ကျွန်မ အရမ်းပူးပေါင်းဆောင်ရွက်ပေးပြီးသွားပြီလေ။ ဒါ့အပြင် ကျွန်မက ဒီကားစီးလာတဲ့တစ်ချိန်လုံးအတွင်းမှာ စကားလေးတစ်လုံးတောင် မပြောခဲ့ဘူး။ ကျွန်မ သူတို့ကို စိတ်ညစ်အောင် လုပ်တာကို ရှင့်ရဲ့ ဘယ်မျက်လုံးက မြင်လိုက်တာလဲ”

သူမ ခပ်ကျယ်ကျယ်ပြောပြီးသွားသောအခါ ဝမ််ရှင်းဖန်းကို စိုက်ကြည့်လိုက်၏။

“အန်တီဝမ်၊ ရှင့်ရဲ့မိသားစုထဲမှာ သမီးနှစ်ယောက်နဲ့ သားတစ်ယောက် ရှိတယ် မဟုတ်လား။ ရှင် လူတွေကို စကားပြောနေတုန်းက ဒီအကြောင်းကို ဘာလို့ မပြောပြတာလဲ။ အခု သူတို့ ကျွန်မကို အထင်လွဲသွားကြတာကို ကြည့်လေ။ ကျွန်မကို စွန့်ပစ်ပြီးတဲ့နောက် ရှင်က ဒါကို ဆယ်စုနှစ်တစ်ခုကျော်လောက်ကြာအောင် နောင်တရနေပြီး နေပူမရှောင် မိုးရွာမရှောင် ကျွန်မကို လိုက်ရှာနေတယ်လို့တောင် သူတို့က ထင်နေကြတာ”

ကျင်းယွင်ကျောင်သည် ထိုစကားများ ပြောလိုက်သည့်အချိန်တွင် ပြင်းပြင်းထန်ထန်ဒေါသထွက်နေခဲ့၏။ ဘတ်စ်ကားပေါ်မှ ဆင်းသွားသည့်အချိန်၌လည်း သူမ၏ နောက်ကျောဘက် မြင်ကွင်းက အေးစက်မှုများ ထင်ဟပ်နေသည်။

သူမသည် မိဘများမရှိသော နေ့ရက်များနှင့် အချိန်ကြာမြင့်စွာ အသားကျနေပြီး ဖြစ်၏။ ယခုအချိန်၌ သူမသည် မိသားစုချစ်ခြင်းများ ကင်းမဲ့နေသလို သို့မဟုတ် ထိုချစ်ခြင်းများအား မျှော်လင့်နေမိသလို ခံစားနေရသောကြောင့် သူတို့သည် သူမ၏ မိဘအရင်းများ မဟုတ်ဟူ၍သာ မှတ်ယူလိုက်ချင်သော်လည်း သူမကိုယ်သူမ ဖြေရှင်းချက်တစ်ခု ပေးရန် လိုနေသေးသည်။

အတိတ်ဘဝက ထောင်ထဲ၌ ကုန်ဆုံးခဲ့ရသော သူမ၏ နေ့ရက်များတွင် သူမ၏ မိဘရင်းများက အဘယ်ကြောင့် သူမအား စွန့်ပစ်ချင်ခဲ့သည်ဆိုသည့် အကြောင်းကို မတွေးမိသော အချိန်တစ်ချိန်မှမရှိသလို အကယ်၍ သူမသာ သူမ၏ မိဘများနှင့် ဘယ်တော့မှ မခွဲခွာခဲ့ရပါက ကြုံတွေ့ရမည့် သူမ၏ နေ့ရက်များကို စိတ်ကူးမယဥ်မိသော အချိန်ဟူ၍လည်း မရှိခဲ့ပေ။

ထို့ကြောင့် ဤလူနှစ်ယောက်က ရုတ်တရက်ပေါ်လာပြီး သူမ၏ မိဘများဖြစ်ကြောင်း စောဒကတက်နေကြခြင်းကို သူမ ခံနိုင်ရည်မရှိခြင်းပင်။ တကယ်တမ်း သူမသည် အလွန်ပူးပေါင်းဆောင်ရွက်ပေးနေခဲ့ခြင်းဖြစ်သည်။

ထိုအမျိုးသမီးကြီးက ဝမ်ရှင်းဖန်းအား သံသယဖြင့် တစ်ချက်ကြည့်လိုက်၏။

ဒီစုံတွဲမှာ တကယ်ပဲ ကလေးသုံးယောက် ရှိနေသေးတာလား။ ဒါဆိုရင်တော့ ကိစ္စတွေက တကယ် ကွာခြားသွားပြီပဲ။ တကယ်လို့ သူသာ သူရဲ့ကလေး ပျောက်သွားပြီးတော့ ပျောက်သွားတဲ့ ကလေးကို တကယ်လွမ်းနေတယ်ဆိုရင် ဘာလို့ နောက်ထပ်ကလေးတွေ အများကြီး ထပ်မွေးဖို့ ဆန္ဒရှိနေသေးတာလဲ။ သူက ယောက်ျားလေးတွေကိုပဲ တန်ဖိုးထားပြီးတော့ မိန်းကလေးတွေကို အလေးပေးတွယ်တာမှု နည်းတာ ဖြစ်နိုင်တယ်။

All Chapters