← Chapters

အခန်း (၂၄၁-၂၄၄)

Vol. 13 Ch. 241-244

အခန်း (၂၄၁-၂၄၄)

Vol. 13 Ch. 241-244

Chapter 241 : ပါးရိုက်၍ နားကိုက်ခြင်း (၁)

သူတို့၏ စကားအသွားအလာက အဆင်မပြေတော့သည်ဖြစ်ရာ ထမင်းလည်း ဆက်စားနေစရာ မလိုတော့။ သူမသည် မိဘများမရှိဘဲ အချိန်အတော်ကြာ နေလာခဲ့သည်ဖြစ်၍ အနာဂတ်တွင်လည်း သူမတစ်ယောက်တည်း ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ပေသည်။

ထို့နောက် ကျင်းယွင်ကျောင်းက မတ်တပ်ရပ်လိုက်ပြီး ထွက်သွားရန်အတွက် တံခါးပေါက်ဆီသို့ ဦးတည်လိုက်သော်လည်း ကျင်းမင်ခိုင်က ရုတ်တရက် ထရပ်လိုက်ပြီး သူမအား တားဆီးရန် ပြေးလာ၏။

“အစ်မကြီး၊ နင့်အိတ် ငါ့ကိုပြ”

သူက လေသံမပြောင်းပေ။

“ငါက နင့်ရဲ့အစ်မကြီး မဟုတ်ဘူး။ နင့်ရဲ့အစ်မကြီးက လူပြတ်တဲ့နေရာမှာ အချိန်အကြာကြီး အစွန့်ပစ်ခံထားရတော့ ငတ်ပြီးသေသွားပြီ”

ကျင်းယွင်ကျောင်းက သရော်လိုက်ပြီး ကျင်းမင်ခိုင်အား ဘေးသို့ ချက်ချင်း တွန်းဖယ်လိုက်သည်။ သို့ရာတွင် သူမ၏ ဤလုပ်ရပ်က ဝမ်ရှင်းဖန်းနှင့် ကျင်းထျယ်ကျွင်းတို့အား ရုတ်တရက် ဒေါသထွက်သွားစေ၏။ ထိုကြောင့် ကျင်းထျယ်ကျွင်းက စားပွဲခုံကို လက်ဝါးဖြင့် ခပ်ကြမ်းကြမ်းရိုက်လိုက်ပြီး ကြိမ်းဝါးလိုက်သည်။

“အခုချက်ချင်း မင်း ရောက်တဲ့နေရာမှာ ရပ်လိုက်စမ်း”

ထိုအချိန်တွင် ဝမ်ရှင်းဖန်းသည် ကျင်းမင်ခိုင်အား ကူတွဲပေးရန် ကပျာကယာ ပြေးလာပြီး

“သားလေး၊ အဆင်ပြေရဲ့လား။ ဘယ်နား နာသွားသေးလဲ”

“အမေ၊ သူ ကျွန်တော့်ကို ရိုက်တယ်။ အစ်မကြီးက တကယ်ပဲ ကျွန်တော့်ကို ရိုက်ရဲတယ်။ သူက ဒီကိုရောက်တဲ့ ပထမဆုံးရက်မှာတောင် ဒီလိုလုပ်နေရင် အနာဂတ်ကျ ကျွန်တော် ဒီမိသားစုထဲမှာ ဘာလုပ်ပိုင်ခွင့်မှ ရှိတော့မှာ မဟုတ်ဘူး။ အမေ ကျွန်တော့်ကို ကျောင်းထွက်ခွင့်ပဲ ပေးလိုက်ပါတော့။ ကျွန်တော် ကျောင်းထွက်ပြီး အလုပ်မှာ ဝင်ကူမယ်၊ နောင်အနာဂတ် အမေတို့ အနားယူသွားတဲ့အချိန်ကျရင် အမေတို့ကို သူ ကျွေးမွေးစောင့်ရှောက်ပေးမှာတွေကို မျှော်လင့်စောင့်စားနေလို့ရတာပေါ့”

ကျင်းမင်ခိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် အရှက်မရှိ အော်ပြောလိုက်သည်။

ဆယ်နှစ်အရွယ်ကလေးတစ်ယောက်အနေနှင့် အမှားအမှန်ခွဲခြားနိုင်သင့်သော်လည်း ကျင်းမင်ခိုင်ကမူ စည်းမျဥ်းဥပဒေများ၊ လိုက်နာရမည်များကို မျက်လုံးထဲ မထည့်သည်အထိ သူ၏ မိဘများက သူ့အား အလိုလိုက်ဖျက်ဆီးထားသည်။ အကယ်၍ သူ၏လုပ်ရပ်မှာ မှားနေကြောင်း သူသိလျှင်တောင်မှ လူတိုင်းအား သူပြောသမျှလုပ်သမျှကိုသာ လိုက်နာစေချင်၏။

ထိုအခါ ကျင်းမင်ခိုင်၏ စကားလုံးများက ဝမ်ရှင်းဖန်း၏ နှလုံးသားထဲသို့ ဓါးသွားများအလား စူးနစ်ဝင်သွားရာ သူမသည် ဒေါသလည်းထွက်၊ ရင်လည်း နာသွားသည်။

သူတို့သည် ဤသမီးဖြစ်သူအား သူတို့၏ သားလေးကို အနိုင်ကျင့်ရန်အတွက် ပြန်လာစေခြင်း မဟုတ်။ ကျင်းမင်ခိုင်သည် သူတို့မိသားစု၏ ရတနာလေးဖြစ်၍ မည်သူ့ကိုမှ သူ့အား အနိုင်ကျင့်ခွင့် မပြုနိုင်ပေ။

ထိုအချိန်၌ ကျင်းထျယ်ကျင်းကလည်း ထလာပြီး အကျိုးသင့်အကြောင်းသင့် ပြောလာသည်။

“ရှောင်ယွင်၊ မင်းကို ကျောင်းထွက်ခိုင်းတာ တကယ်ပဲ မင်းအမေရဲ့အမှားပါ။ သူ ဒီစကားတွေကို ဒေါသထွက်တုန်းခဏ ပြောလိုက်တာရယ်။ ဒါပေမယ့် မင်းက မင်းရဲ့မောင်လေးကို ဒီလိုမျိုးဆက်ဆံတာကတော့ တကယ် ရက်စက်လွန်းတယ်”

“အမှန်ပဲ။ မင်းက ငါ့ဗိုက်ထဲက ထွက်လာတဲ့ ကလေးပါ။ ဘာလို့များ ငါ့ရဲ့သောကတွေကို နားလည်မပေးနိုင်ရတာလဲ”

ထို့နောက် ဝမ်ရှင်းဖန်းက စတင်၍ ငိုယိုလိုက်ပြီး သူမ၏ လက်များကို ကျင်းယွင်ကျောင်း၏အရှေ့၌ ဖြန့်ပြလာသည်။

“ငါ့ရဲ့လက်နှစ်ဖက်ကို ကြည့်ပါဦး။ ကြမ်းတမ်းပြီး ကြည့်ရဆိုးလိုက်တာ။ မင်းရဲ့အဖေနဲ့ငါက ငါတို့မိသားစုအတွက် ပိုက်ဆံရှာနိုင်အောင် အလုပ်တွေ ကြိုးစားလွန်းလို့ ဒီလက်တွေက ဒီလိုဖြစ်သွားတာလေ။ နောက်ဆုံး ငါတို့အသက်ကြီးတဲ့အခါ ငါတို့ကို ပြုစုစောင့်ရှောက်နိုင်ပြီး ငါတို့ကွယ်လွန်သွားတဲ့အခါကျရင်လည်း ငါတို့ကို ကောင်းကောင်းမွန်မွန် ပို့ဆောင်ပေးနိုင်မယ့် သားလေးတစ်ယောက်ကို ဒီအရွယ်ထိရောက်အောင် ပြုစုပျိုးထောင်လာခဲ့တယ်။ ဒါပေမယ့် မင်းကို ကြည့်ပါဦး။ မင်းက အိမ်ကိုရောက်တာနဲ့ ငါတို့ရဲ့ကလေးကို သေလောက်အောင် အနိုင်ကျင့်နေတယ်”

“ငါတို့က မင်းကို စိတ်ပျက်နေပြီလို့ မင်းကထင်နေပေမယ့် ငါတို့က မင်းကို ဘယ်လိုလုပ် စိတ်ပျက်မှာလဲ။ ငါက မင်းကို မွေးထားခဲ့တာပါ။ ပြီးတော့ မင်းက မင်းရဲ့အဘွားကြောင့် စားရမဲ့သောက်ရမဲ့နဲ့ အစွန့်ပစ်ခံခဲ့ရတယ်။ ဒါပေမယ့် မင်း အခုချိန်မှာတော့ အကောင်းဆုံး လုပ်နိုင်နေပြီ မဟုတ်လား။ မင်းက ရုပ်ချောပြီးတော့ စာလည်း တော်တယ်။ ဘာကများ မင််းနဲ့ နှိုင်းယှဥ်စရာရှိဦးမှာလဲ။ ဒါ့အပြင် ဒီနေ့ ငါ ဒီတစ်စားပွဲလုံးအပြည့် ဟင်းပွဲတွေ ပြင်ဆင်ဖို့အတွက် အများကြီး ကြိုးစားအားထုတ်ထားရတာ။ ဒါပေမယ့် ဘာဖြစ်သွားလဲ။ မင်းက နှစ်ခါပြန်တောင် မကြည့်ဘဲ ထွက်သွားချင်နေတယ်လေ။ ဒါက သမီးတစ်ယောက် လုပ်သင့်တဲ့ လုပ်ရပ်လား”

ကျင်းမိသားစုက သူတို့အကြီးဆုံးသမီးအား ရှာတွေ့လာသည့်အကြောင်းအရာသည် ရွာထဲ၌ ပြောစရာ အတင်းအဖျင်းတစ်ခုဖြစ်နေသည်။ ထို့ကြောင့် မနက်အစောကြီးကတည်းက ကျင်းမိသားစု ပြန်ရှာတွေ့လာသည့် သမီးဖြစ်သူကို မြင်ဖူးချင်သောကြောင့် ရွာသူရွာသားများသည် ခြံတံခါးဝနားတွင် ရစ်သီရစ်သီ လုပ်နေကြ၏။

ထို့အပြင် ဝမ်ရှင်းဖန်း၏အသံမှာ အတော်လေး စူးရှနေ၍ ဘေးပတ်ဝန်းကျင်မှ အိမ်နီးချင်းများက ရှင်းရှင်းလင်းလင်း ကြားနိုင်ကာ ပွဲဆူအောင် ဖန်တီးနေသည်။

ဤရွာငယ်လေး၌ ရွာသူရွာသားများကြားရှိ ဆက်ဆံရေးမှာ သင့်သင့်မြတ်မြတ်ရှိ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းက သူမ၏ မိဘအရင်းအချာများကို အထင်သေးနေသည်ဟု သူတို့ကြားသောအခါ အများစုမှာ စိတ်ဆိုးဒေါသထွက်သွားကြ၏။ ထိုကြားလိုက်သူများအားလုံးသည် ကျင်းအိမ်၏ ခြံတံခါးဝအပြင်ဘက်၍ စုရုံး၍ ရောက်ရှိလာကြသည်။

“ဒီကောင်မလေးက ဒီလောက်လှတာကို ဘာလို့ အကျင့်စရိုက်က ဆိုးဝါးနေရတာလဲ။ ရှောင်မင်ရဲ့အမေက မနက်အစောကြီးထပြီး ချက်ပြုတ်ထားရတာ။ ဒီမျက်လုံးဖြူမြေခွေးမကို ကျွေးဖို့အတွက်နဲ့လေ”

(T/N : မျက်လုံးဖြူမြေခွေးမဆိုတာ အေးတိအေးစက်နဲ့ အကြင်နာမရှိတဲ့သူ၊ ရက်စက်တဲ့သူတွေကို ခေါ်တာပါ။)

“ဒါတင် ဘယ်ကမလဲ။ ငါ သူတို့အိမ်တံခါးဝ အပြင်ဘက်မှာ ရပ်နေတုန်းက ကြားခဲ့တာ၊ ရှောင်မင်က သူ့ရဲ့အိတ်ကို ကြည့်ချင်ပေမယ့် အဲဒီအစ်မအကြီးဆုံးဆိုတဲ့ ကောင်မက မပြချင်ဘူးတဲ့။ သူက အိတ်ကို ဖွင့်ပြလိုက်ရင် သူ့ရဲ့ဘဝကြီးက အန္တရာယ်ရှိနေသလိုလိုပုံစံနဲ့ ထမင်းဝိုင်းကနေ ထပြီးတော့ပဲ ထွက်သွားချင်နေတာတဲ့”

ခြံတံခါးဝရှိ ရွာသူရွာသားများသည် ကျင်းယွင်ကျောင်းက အလွန်ကြီးမားလှသော အမှားတစ်ခုကို ကျူးလွန်ခဲ့သည့်အလား လက်ညှိုးတထိုးထိုးနှင့် ပြစ်တင်ပြောဆိုနေကြသည်။

ကျင်းယွင်ကျောင်းသည် အတိတ်ဘဝ၌ပင် ဤကဲ့သို့သောမြင်ကွင်းမျိုးနှင့် တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးချေ။

Chapter 242 : ပါးရိုက်၍ နားကိုက်ခြင်း (၂)

ချောင်မိသားစုတွင် နေထိုင်ခဲ့ရသည့် သူမ၏နေ့ရက်များက အချိန်ကုန်ရန် နှေးကွေးလွန်းလှသော်လည်း ယဲ့ချင် သက်ရှိထင်ရှားရှိစဥ်က သူမသည် ကျင်းယွင်ကျောင်း၏ မျက်နှာကို သဘောကျနှစ်သက်၍ အနည်းငယ် အယူသီးသောကြောင့် နေရထိုင်ရသည်မှာ အဆင်ပြေခဲ့သေးသည်။

ယဲ့ချင်က ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့နှင့် ချောင်ကျစ်ကျိုးအတွက် မကောင်းဆိုးဝါးများကို နှင်ပေးနိုင်သည်ဟု နက်နက်ရှိုင်းရှိုင်း ယုံကြည်သဖြင့် ကျင်းယွင်ကျောင်းအား အလွန်ပစားပေး မဆက်ဆံလျှင်တောင်မှ အပြင်လူများ၏အရှေ့၌ သူမ၏ အပြစ်များကို တစ်ခါမှ ပြစ်တင်ထောက်ပြခြင်း မပြုခဲ့ပေ။ ထိုအချိန်က ယဲ့ချင်သည် သူမအား ဤကဲ့သို့ ဆက်ဆံခဲ့သောကြောင့် ချောင်ဝေ့မင်ကလည်း ခွေးကျင့်ခွေးကြံ မကြံခဲ့။ တစ်ခုတည်းသော ပြဿနာမှာ ချောင်ဟုန်ယဲ့က ကျောင်း၌ သူမအား ပစ်မှတ်ထား၍ ဒုက္ခပေးခြင်းပင်ဖြစ်သည်။

ယဲ့ချင် ကွယ်လွန်ပြီးနောက်မှသာ အရာအားလုံးက အလွန်အမင်း ဆိုးရွားသွားခဲ့၍ သူမသည်လည်း ခရိုင်တစ်ခုလုံး၏ အပြောအဆိုခံ၊ အထိုးအနှက်ခံဖြစ်လာခဲ့၏။

သို့ရာတွင် ခရိုင်မှလူများသည် အတော်လေး အသိဉာဏ်ရှိသေးသည်။ ချောင်မိသားစုနှင့် သူတို့၏ ဆက်ဆံရေးမှာ အကောင်းကြီး မဟုတ်သောကြောင့် များသောအားဖြင့် သူတို့သည် ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်ကြ၏။ အများဆုံးအနေဖြင့် သူတို့သည် နောက်ကွယ်၌ အတင်းတုပ်ကြရုံသာဖြစ်သော်လည်း ယခုကဲ့သို့ လူပေါင်းများစွာက သူမအား ဝန်းရံထား၍ စကားလုံးမျိုးစုံ၊ လက်ဟန်ခြေဟန်မျိုးစုံဖြင့် အပြစ်တင်ပြောဆိုကြသည်အား သူမ ယခင်က တစ်ခါမှ မကြုံဖူးခဲ့ပေ။

ဤခံစားချက်သည် သားသတ်ရုံထဲသို့ ဆွဲခေါ်သွားခံရသော တိရစ္ဆာန်တစ်ကောင်နှင့်တူ၍ သူမသည် လူသားတစ်ယောက် မဟုတ်တော့သည့်အလားပင်။

ကျင်းယွင်ကျောင်း၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေပြီး ရုတ်တရက် သူမသည် အတိတ်ဘဝ၌ ဤမိဘနှစ်ပါးနှင့် မတွေ့ဆုံခဲ့ရသောကြောင့် ဝမ်းသာသွားမိသည်။

သူမ၏ အတိတ်ဘဝ၌မူ မိဘအရင်းများနှင့်ပတ်သတ်၍ မျှော်မှန်းချက် ကြီးကြီးမားမား ထားရှိခဲ့ပြီး သူမ၏ စိတ်အခြေအနေကလည်း ယခုကဲ့သို့ မသန်မာသေးပေ။ အကယ်၍ ထိုအချိန်တုန်းကသာ ဤကဲ့သို့ ပြုမူဆက်ဆံခံရပါက သူမသည် ရှက်ရွံ့ဒေါသထွက်သွားလိမ့်မည်ဖြစ်ပြီး ထိုစောင့်ကြည့်နေသော အကြည့်များအောက်၌ ရူးတောင်ရူးသွားနိုင်သည်။

ယခုအခါ သူမသည် ပို၍ပင် စိတ်ကြည်ကြည်လင်လင် ဖြစ်နေ၏။

“ရှင်တို့က တကယ်ပဲ ကျွန်မရဲ့မိဘအရင်းတွေ ဟုတ်၊ မဟုတ် ကျွန်မ ရုတ်တရက် သံသယဝင်လာပြီ။ မိဘအရင်းတွေက တကယ်ပဲ သားတွေကို သမီးတွေထက် ဒီလောက်ထိ ဦးစားပေးတယ်ဆိုရင်တောင်မှ သူတို့ရဲ့ အချိန်အကြာကြီး ပျောက်နေတဲ့ သမီးကို လူအများကြီးရှေ့မှာ လူသိရှင်ကြား ပြစ်တင်ရှုတ်ချပါ့မလား”

ကျင်းယွင်ကျောင်းက သူတို့အား အေးတိအေးစက်ဖြင့် ထေ့ငေါ့၍ လှောင်ပြောင်လိုက်သည်။

သူမသည် ဤမနက် သူတို့ဆီသို့ ရောက်လာခဲ့စဥ်က ကောင်းသော စိတ်ဆန္ဒဖြင့်သာ လာခဲ့ခြင်းဖြစ်၏။

ဤမိသားစုက သူမအား ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသရွေ့ သူမကလည်း ကြိုးစား၍ လက်ခံပေးမည်ဟု တွေးထားခဲ့သည်။ သူမ၌ ချောင်ဟုန်ယဲ့နှင့် ချောင်ကျစ်ကျိုးကဲ့သို့သော မောင်နှမများရှိခဲ့သော်လည်း သူတို့၏ ဆက်ဆံရေးမှာ မကောင်းလှပေ။ ယခုအခါ သူမ၌ မောင်နှမအရင်းအချာများ ရှိလာပြီဖြစ်သဖြင့် သူတို့နှင့် ပေါင်းသင်းရန် အခက်အခဲမရှိသင့်ပေ။

လက်တွေ့က တွေးထားတာထက်တောင် ဒရာမာ ပိုဆန်နေဦးမယ်လို့ ဘယ်သူက သိမှာလဲ။

ထိုအခါ ဝမ်ရှင်းဖန်း၏ မျက်နှာအမူအယာက ထိတ်ထိတ်ပျာပျာဖြစ်သွားသော်လည်း ချက်ချင်းပင် အခက်ကြုံနေရသော အမူအယာသို့ အလျင်အမြန် ပြောင်းလဲသွားသည်။

“မင်း အခု ဘာကို ဆိုလိုတာလဲ။ မင်းက အခုထိ ငါတို့ကို အသိအမှတ်မပြုချင်သေးဘူးလား။ အကြီးဆုံးလေး၊ ငါတို့ရဲ့ လက်ဖဝါးရော လက်ဖမိုးရောက ငါတို့ရဲ့အသားတွေပါပဲ၊ ဒါကို မင်းက ငါတို့က ကျောသားရင်သား ခွဲခြားပြီး မျက်နှာလိုက်ချင်နေတယ်လို့ ထင်နေတာလား။ ငါတို့မိသားစုက ဆင်းရဲပြီးတော့ မင်းရဲ့မောင်လေးကလည်း ငယ်သေးတယ်။ မင်းက အသက်ပိုကြီးတာကြောင့် မင်းကပဲ အလျှော့ပေးသင့်တာ မဟုတ်ဘူးလား။ ဒီအိမ်နီးချင်းတွေကိုလည်း မေးကြည့်။ ငါတို့နဲ့ မတူတဲ့ မိသားစုရှိလားဆိုတာ”

အိမ်နီးချင်းများသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ထောက်ခံကြောင်း အသံများ ထွက်ပေါ်လာသည်။

သူတို့၏ရွာထဲ၌ ကလေးတစ်ယောက်တည်းသာရှိသော မိသားစုနှင့် သမီးများသာရှိသော မိသားစုများ မရှိပေ။ အကယ်၍ သူတို့သာ သားတစ်ယောက် မမွေးနိုင်ပါက အထင်သေးခံရမည်ဖြစ်သည်။

ထို့အပြင် သားယောက်ျားလေးများသည် မြင့်မြတ်စွာ မွေးဖွားလာသူများဖြစ်၍ သူတို့အား ဦးစားပေး ဘက်လိုက်ခြင်းက အမှားမဟုတ်ပေ။

ဤကျင်းမိသားစုသည် အတော်လေး ကောင်းသည်ဟုပင် ယူဆနိုင်သည်။ သူတို့၏ ဘေးအိမ်၌ နေသော မိသားစုသည် ဆယ်နှစ်ကျော်ကြာသည်အထိ သမီးခြောက်ယောက်သာ မွေးဖွားခဲ့ပြီးနောက်တွင်မှ သားယောက်ျားလေးတစ်ယောက် မွေးဖွားလာခဲ့၏။ အဆုံး၌ သမီးခြောက်ယောက်အနက် နှစ်ယောက်သာ မိသားစုထဲတွင် ကျန်ရှိနေခဲ့ပြီး သူတို့ထဲမှ တစ်ယောက်မှာလည်း ရပ်ဝေးရှိ ဆွေမျိုးတစ်ယောက်ထံ အပို့်ခံခဲ့ရသည်။

နှိုင်းယှဥ်ကြည့်ပါက ကျင်းယွင်ကျောင်းသည် နှစ်ပေါင်းများစွာကြာအောင် အပြင်၌ နေခဲ့ရသော်လည်း သူမ၌ အတော်လေး ကောင်းမွန်သော ဘဝတစ်ခုရှိနေဆဲ မဟုတ်လား။ ထို့အပြင် သူမဝတ်စားထားသည့် အဝတ်အစားများကို ကြည့်ရသည်မှာလည်း ကျင်းမင်ခိုင်၏ အဝတ်အစားများထက်ပင် ပို၍ ကောင်းမွန်သေးရာ မကျေနပ်စရာအချက် အဘယ်မှာရှိသနည်း။

ဤကဲ့သို့ ဓါးပြဆန်သော အတွေးအခေါ်များကြောင့် ကျင်းယွင်ကျောင်းသည် သည်းမခံနိုင်လောက်အောင် မွန်းကြပ်လာ၏။

လက်ဖဝါးနှင့်လက်ဖမိုးက မိမိ၏ အသားချင်း အတူတူဖြစ်သည်ဟူသောစကားသည် မုသားတစ်ခုမဟုတ်သော်လည်း လက်ဖဝါးရှိအသားမှာ ပါး၍ လက်ဖဝါးရှိ အသားက ပိုထူသည်။

ထို့အပြင် သူမ၏ မျက်လုံးထဲ၌ ယောက်ျားနှင့် မိန်းမသည် အတူတူပင်ဖြစ်၍ သမီးများကပင် ပို၍ သိတတ်ကာ ထောက်ထားညှာတာတတ်၏။ ဤကျင်းမိသားစုကို ဥပမာအဖြစ် ကြည့်နိုင်သည်။ ကျင်းရှို့သည် သိမ်မွေ့၍ ညှာတာတတ်ကာ သူမ၏ မိဘများ၏ အလုပ်များကို တစ်နေကုန် တစ်ချက်မှ မညည်းညူဘဲ ကူညီပေး၏။ ထိုအချ်ိန်တွင် ကျင်းမင်ခိုင်သည် တစ်နေကုန် ဘာလုပ်နေသနည်း။ သူသည် တစ်နေ့လုံးနီးပါး ပြဿနာလိုက်ရှာနေသည်။ လူတစ်ယောက်၏ အကျင့်စရိုက်ကို အသက်သုံးနှစ်အရွယ်တွင် စတင်တွေ့မြင်နိုင်၏။ ကျင်းမင်ခိုင်သည် အသက်ဆယ်နှစ်ပြည့်ပြီးသားဖြစ်သည်။ နောက်ထပ် ဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်ကြာသောအခါ သူ၏ အကျင့်စရိုက်က မည်သို့ဖြစ်နေမည်ကို ပြောရန် ခက်လိမ့်မည်လား။

“ဒီသွေးသားတော်စပ်မှုကြောင့် ဒီလိုမျိုးပဲ ဆက်ဆံနေဦးမယ်ဆိုရင် ကျွန်မ ဒါကို ဘယ်တော့မှ အသိအမှတ်မပြုမှာ မဟုတ်ဘူ”

ကျင်းယွင်ကျောင်းက အေးစက်စက်အမူအယာဖြင့် ပြောလိုက်၍ သူမ၏ အကြည့်များကလည်း တည်ငြိမ်နေသည်။

‘ကိုယ်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးလိုက်ပြီး ကျန်တာတွေကိုတော့ သူ့ထိုက်နဲ့သူ့ကံပဲ ရှိပါစေ’ ၊ ထိုဆိုရိုးစကားအတိုင်းပင် သူမသည် သူမ လုပ်ရန် လိုအပ်သမျှကို လုပ်ကိုင်ပေးခဲ့ပြီး ဖြစ်သော်လည်း လမ်းချင်းမတူသောသူများသည် အတူတကွ လျှောက်လှမ်း၍ မရနိုင်ပေ။ အကယ်၍ သူတို့ကိုသာ အတူတကွ နေထိုင်ရန် ဖိအားပေးလိုက်ပါက နေ့စဥ်နေ့တိုင်း မရပ်မနား ငြင်းခုံရန်သတ်နေကြမည်ဖြစ်၍ မည်သူမှ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မည် မဟုတ် ...။

Chapter 243 : ပါးရိုက်၍ နားကိုက်ခြင်း (၃)

ထိုသို့ပြောလိုက်သည်နှင့် ကျင်းထျယ်ကျွင်းသည် အံ့သြတုန်လှုပ်သွား၍ တရားမျှတမှုရှိသော အမူအယာများနှင့် အပြင်ဘက်မှ စောင့်ကြည့်နေသော ရွာသူရွာသားများသည်လည်း ထပ်တူပင် တုန်လှုပ်အံ့သြသွားကြသည်။

ဝမ်ရှင်းဖန်းကမူ ကျင်းယွင်ကျောင်းသည် ခေါင်းမာလှသည်ဟုသာ တွေးနေ၏။ သူတို့က သူမအား ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရန် တစ်ခါမှ မကြိုးစားခဲ့သည် မဟုတ်ဘဲ သူမ၏ အကျင့်စရိုက်ကသာ အေးစက်လွန်းနေ၍ သူတို့သည် သူမဆီမှ စိတ်အားထက်သန်မှုကို မမြင်ဖူးကြပေ။ သူမက သူတို့အား နာခံမှုရှိလာပြီး ပြောစကားနားထောင်လာစေရန် မည်မျှကြာအောင် ချော့မော့သိမ်းသွင်းရမည်နည်း။ သူတို့ လင်မယားနှစ်ယောက်သည် ထိုသို့ ချော့မော့သိမ်းသွင်းချင်သော်လည်း စိတ်မရှည်ပေ။

ထို့အပြင် သူတို့သည် မကြာခဏတွေ့ဆုံလေ့မရှိသောကြောင့် သူမအား ချော့မောသိမ်းသွင်းရသည်က ပြဿနာများများစားစား မရှိခဲ့၍ စိုးရိမ်စရာမလိုခဲ့သော်လည်း ယခု သူမ၏ သားဖြစ်သူ ပါဝင်လာသောအခါ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပေ။

ယခုအချိန်၌ ကျင်းယွင်ကျောင်းသည် သူတို့၏ သမီးဖြစ်သည်။ သို့ရာတွင် သူမနှင့် သမီးအရင်းတစ်ယောက်ကြား၌မူ ကွာခြားချက် ကြီးကြီးမားမား ရှိနေသေး၏။

ကျင်းရှို့သည် သူမနှင့် မတူပေ။ ရှို့အာသည် နာခံမှုရှိ၍ သူမ၏ မောင်ငယ်ညီမငယ်များအား မည်သို့ဂရုစိုက်ရမည်ကိုလည်း သိသည်။ သူမသည် အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ်ကတည်းက အိမ်မှုကိစ္စများကိုလည်း လုပ်ကိုင်တတ်နေပြီဖြစ်၏။ သူတို့ပြောသမျှစကားသည်သာ အဆုံးအဖြတ်ဖြစ်၍ သူမသည် ဘယ်သောအခါမှ စောဒက မတက်ခဲ့ပေ။

ကျင်းယွင်ကျောင်းသည်သာ ကျင်းရှို့နှင့် စိတ်သဘောထားတူပါက ဤကဲ့သို့သော ပြဿနာများလည်း သေချာပေါက် ဖြစ်လာမည် မဟုတ်။

“မင်းက ငါတို့ကို မင်းရဲ့မိဘတွေလို ထပ်ပြီးတော့ မဆက်ဆံနိုင်တော့ဘူးလို့ ပြောချင်တာလား”

ကျင်းထျယ်ကျွင်းက သုန်မှုန်စွာဖြင့် မေးလိုက်ပြီး သူ၏ နှလုံးခုန်သံကလည်း ကသောင်းကနင်းဖြင့် အဆက်မပြတ် ခုန်လှုပ်နေသည်။

သူတို့က အခုလေးတင် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ဖြစ်သွားခဲ့သော်လည်း နောက်ထပ်တစ်ကြိမ် ဖော်ရွေကြင်နာတတ်သော မိဘများအဖြစ် ပြုမူပြီး ကျင်းယွင်ကျောင်းက သူတို့အား ချစ်မြတ်နိုးလာအောင် လုပ်ရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ကိစ္စများက ဤအခြေအနေထိ ဖြစ်သွားခဲ့ရာ သူတို့သည် ထိုအဆင့်ကို ချန်ထားခဲဲ့ရုံသာ တတ်နိုင်၏။ သို့မဟုတ်ပါက သူတို့ ကြိုးစားအားထုတ်လာခဲ့သမျှသည် အားလုံး သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။

ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းငဲ့ပြီး ကျင်းထျယ်ကျွင်းအား မျက်လုံးချင်းဆုံ၍ ကြည့်လိုက်သည်။

“ရှင်တို့ကလည်း ကျွန်မကို သမီးတစ်ယောက်လို သေချာပေါက် မဆက်ဆံနိုင်လောက်တော့ဘူးလို့ ကျွန်မ ထင်တယ်”

သမီးတစ်ယောက်ဟုဆိုရမည့်အစား သူတို့၏ သားဖြစ်သူအတွက် ခြေနင်းတုံးတစ်တုံးဟုဆိုပါက ပို၍မှန်လိမ့်မည်။ သူတို့က သူမသည် ကျင်းရှို့ကဲ့သို့ နာခံမှုရှိ၍ သမီးအမည်ခံထားသော ပြောပလောက်စရာ အနာဂတ်မရှိသည့် အိမ်အကူတစ်ယောက် ဖြစ်လာရန် မျှော်လင့်နေခြင်းဖြစ်၏။

ပြန်လည်မွေးဖွားလာသော သူမသည် ဤဘဝသက်တမ်း၌ ထိုကဲ့သို့သော လူမျိုးဖြစ်လာချင်စိတ် အဘယ်မှာ ရှိနိုင်မည်နည်း။

သို့ရာတွင် ကျင်းရှို့၏အကြောင်းကို တွေးမိသောအခါ ကျင်းယွင်ကျောင်းက သူမအား ကြည့်လိုက်သည်။

သို့သော် ထိုမိန်းကလေး၏ မျက်ဝန်းအကြည့်များက ရှုပ်ထွေးနေသည်ကိုသာ တွေ့လိုက်ရ၏။ သူမသည် ကျင်းယွင်ကျောင်း၏ သတ္တိရှိမှုကို အားကျနေပုံပေါ်ပြီး တစ်ချိန်တည်းမှာပင် သူမ၏ အခြေအနေများကိုလည်း စိုးရိမ်နေသည့်ပုံပင်။

သူမသည် အကျင့်ယုတ်သော ညီမတစ်ယောက် မဟုတ်ပေ။

“အမလေးတော်”

ဝမ်ရှင်းဖန်းက ရုတ်တရက် ကြမ်းပြင်ပေါ်တွင် ခြေဆင်းထိုင်လိုက်ပြီး စတင်အော်ငိုတော့သည်။

“ငါ ဘယ်လိုအကုသိုလ်တွေကိုများ ကျူးလွန်ထားမိပါလိမ့်။ ငါ အားအင်တွေအများကြီး စိုက်ထုတ်ပြီး လိုက်ရှာထားရတဲ့ သမီးက ဆင်းရဲတာကို အထင်သေးပြီး ချမ်းသာတာကို အထင်ကြီးတယ်၊ သူက ငါတို့နှစ်ယောက်ကို သူ့မိဘလို့ သတ်မှတ်ရမှာကို စက်ဆုပ်နေတယ်။ သူ့အတွက် စားပွဲနဲ့အပြည့် စားစရာတွေ ပြင်ဆင်ပေးဖို့ အရုဏ်မတက်ခင်ကတည်းက ထပြီး မီးခိုးကြပ်ခိုးတွေ အမွှန်ခံခဲ့တဲ့ ငါ့ကိုငါ သနားတယ်။ အဲဒီနှစ်တုန်းက သူ့ကို ဗိုက်ထဲမှာ ဆယ်လလွယ်ခဲ့တဲ့ ငါ့ကိုငါလည်း သနားတယ်”

ထိုအခါ ကျင်းယွင်ကျောင်း၏ အမူအယာက တင်းမာခက်ထန်သွား၏။

အရှက်မရှိလိုက်တာ။

အကယ်၍ သူမအား ဤကဲ့သို့ ပြုမူလာသူမှာ ချောင်ဝေ့မင်သာ ဖြစ်ပါက ကျင်းယွင်ကျောင်းသည် တွေဝေခြင်းမရှိဘဲ ထို့လူ့အား မြေကြီးပေါ်၌ တရွတ်ဆွဲ၍ မှတ်လောက်သားလောက် ရိုက်ပစ်မည်ဖြစ်သည်။ သို့သော် ကံဆိုးသည်က ယခု ဝမ်ရှင်းဖန်းသည် သူမနှင့် သွေးသားတော်စပ်သူဖြစ်၏။ သူမ၏ ရင်ထဲ၌ မည်မျှပင် ဒေါသထွက်၍ ချေပပြောဆိုနေစေကာမူ သူမသည် ရိုက်ပုတ်ရန် လက်ကလေးသော်မှ မမြှောက်နိုင်၊ မကျိန်ဆဲနိုင်ပေ။ အလွန်ခံရခက်လှသည်။

“ဒီခြံက အရမ်းသက်ဝင်လှုပ်ရှားနေပါ့လား။ ဒီသခင်လေးက နောက်မကျသေးဘူး မဟုတ်လား”

ကျင်းယွင်ကျောင်း၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး အမြန်လှည့်ကြည့်လိုက်ရာ လူအုပ်ကြီးထဲမှ ရှေ့သို့ထွက်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

သူသည် အဖြူရောင် လည်ဝိုင်းတီရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး လည်ပင်းသားများကို လှစ်ဟထားသည်။ သာမန်တီရှပ်တစ်ထည်ဖြစ်သော်လည်း သူဝတ်လိုက်သောအခါ ဆွဲဆောင်မှုရှိ၍ ထိန်းမရလောက်အောင်ပင် နှစ်လိုဖွယ်ကောင်းလှ၏။

ထိုအချိန်တွင် ကျင်းယွင်ကျောင်း၏ မျက်လုံးများ၌ အံ့သြထိတ်လန့်မှုများ ဖြတ်ပြေးသွားပြီး ...

“ရှင်က ဘာလို့ ဒီရောက်နေတာလဲ”

လီရှောက်ယွင်။

မနေ့က ညနေ သူတို့ဖုန်းပြောနေစဥ်က သူမ၏ စိတ်အခြေအနေမှာ မကောင်းသော်လည်း သူ့အား ဤအခြေအနေများကို တစ်ခါမှ မပြောပြခဲ့ပေ။

သူက ကျင်းမိသားစုအိမ်ကို ဘယ်လိုလုပ်ပြီး သူ့ဘာသာသူ ရှာတွေ့လာတာလဲ။ ဒါ့ထက် မနေ့ညကတုန်းက သူက မြို့တော်မှာပဲ ရှိနေသေးတာ မဟုတ်လား။

“တကယ်လို့ ဒီသခင်လေးသာ ရောက်မလာခဲ့ရင် နောက် ကိုယ်တို့ ညပိုင်း ဖုန်းပြောတဲ့အခါကျရင် မင်းရဲ့ တရှုံ့ရှုံ့ငိုသံကို ကိုယ် နားထောင်ရဦးမှာ မဟုတ်လား”

လီရှောက်ယွင်က အရေးမကြီးသည့်ပုံစံနှင့် ပြောလိုက်သည်။

ထိုအခါ ကျင်းယွင်းကျောင်းက သူ၏ နောက်တီးနောက်တောက်စကားကြောင့် မျက်ဖြူလန်သွား၏။ မနေ့ညက သူမ စိတ်မကြည်သည်မှာ မှန်သော်လည်း ငိုသည့်အဆင့်ထိတော့ မဟုတ်ဘူးမလား။

သူမသည် ဤမိဘများကို အသိအမှတ်မပြုနိုင်ပါက သူတို့အား စိတ်ထဲမှ ထုတ်ပစ်မည်ဖြစ်သည်။ သူမသည် အခြားသူများအတွက် သူမကိုယ်သူမ ထိခိုက်စေမည့် အလုပ်များကိုလုပ်မည် မဟုတ်ပေ။ သူမအား တစ်ကိုယ်ကောင်းဆန်သည်ဟု ပြောပြော၊ အကြင်နာတရားကင်းမဲ့သည်ဟု ပြောပြော သူမ ဂရုမစိုက်။ ခဏတာ ရှင်သန်ရသော ဘဝတွင် လူများသည် မိမိကိုယ်ကို ပို၍ ချစ်မြတ်နိုးသင့်သည်လေ။

အကယ်၍ လီရှောက်ယွင်သာ ရောက်မလာပါက ဤစုံတွဲ၏ ငိုကြွေးမှုများက ကောင်းကင်ထိတိုင်အောင် လျှံတက်နေပါစေ သူမသည် အချိန်ကျသည်နှင့် ထွက်သွားမည်သာဖြစ်၏။ အနာဂတ်တွင် သူတို့သည် လမ်း၌ တွေ့လျှင်တောင်မှ တစ်ယောက်နှင့်တစ်ယောက် သူစိမ်းများကဲ့သို့ မမြင်ချင်ယောင်ဆောင်သွားကြရုံပင်။

Chapter 244 : အသိတရားမရှိခြင်း

လီရှောက်ယွင်သည် ကြွယ်ဝချမ်းသာမှုများ လွှမ်းခြုံနေသည့် အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားရာ သူထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ လူတိုင်းနီးပါး လုံးဝတိတ်ဆိတ်သွားကြ၏။

သူသည် အနောက်၌ တုလင်းတစ်ဦးတည်းကိုသာ ခေါ်လာ၍ အခြားမည်သူမျှ မပါပေ။ တစ်ဖက်မှ တုလင်းသည်လည်း ကြမ်းပြင်ပေါ်၌ ခြေဆင်းထိုင်နေသော ဝမ်ရှင်းဖန်းကို မြင်သောအခါ ရှုံ့မဲ့သွား၍ ခန္ဓာကိုယ်ကို ဘေးသို့လှည့်လိုက်သည်။ နောက်ဆုံး၌ သူသည် လီရှောက်ယွင်က ကျင်းယွင်ကျောင်း ဒုက္ခတွေ့နေသည်ဟုပြောကာ ရရာနည်းလမ်းဖြင့် အမြန်ဆုံး ပြန်ပြေးလာသည့်အကြောင်းအရင်းကို နားလည်သွားတော့၏။

ဤကဲ့သို့ အကျင့်စရိုက် အမူအကျင့်မျိုး ရှိသော မိဘအရင်းများရှိနေခြင်းက အမှန်တကယ်ပင် စိတ်ဒုက္ခဖြစ်စရာ ကောင်းလွန်းလှသည်။

ထို့အပြင် ကျင်းယွင်ကျောင်း အသက်မပြည့်သေးသည်ကလည်း သိထားရမည့်အချက် ဖြစ်၏။ ထိုအချက်ကြောင့် သူမ၏ မိဘအရင်းများကို ရှာတွေ့သည်နှင့် သူမ၏ အုပ်ထိန်းသူအခွင့်အရေးသည် သူတို့၏ နာမည်အောက်သို့ အလိုလိုလွှဲပြောင်းရောက်ရှိသွားမည်ဖြစ်သည်။ သူတို့၏ ဆုံးဖြတ်ချက်ချပိုင်ခွင့်များက မွေးစားမိဘများထက်ပင် ပို၍ အကျိုးသက်ရောက်မှုရှိ၏။ ထို့အပြင် ကျင်းယွင်ကျောင်းက သွေးသားတော်စပ်မှုကို ခေါင်းမာမာနှင့် ဖြတ်တောက်ပစ်ချင်ပါက အနာဂတ်တွင် သူမသည် လူအများ၏ ပြစ်တင်ကဲ့ရဲ့မှုများကိုသာ ရရှိလိမ့်မည်ဖြစ်ပြီး ခေါင်းပင်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။

လူစိမ်းများ ဝင်လာသည်ကို မြင်သောအခါ ကျင်းထျယ်ကျွင်းက အံ့သြသွား၏။ သူသည် ပြင်ပလောက အတွေ့အကြုံများများစားစား မရှိသော်လည်း တစ်ချက်ကြည့်ရုံနှင့်ပင် ဤလူနှစ်ယောက်မှာ သာမန်လူများ မဟုတ်ကြောင်း ပြောနိုင်သည်။ ထို့ကြောင့် သူ၏ ရင်ထဲ၌ စိုးရိမ်ပူပန်သွားသော်လည်း သူသည် နာမည်ခံအားဖြင့် ကျင်းယွင်ကျောင်း၏ အဖေအရင်းဖြစ်နေသေးကြောင်း သတိရသွားရာ သူ၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုမှာ တဖန် မြှင့်တက်လာပြန်၏။

“မင်းတို့က ဘယ်သူတွေလဲ”

“ဒီသခင်လေး ရောက်လာတော့ အဝေးကြီးကနေ လူတစ်ယောက် ငိုနေတဲ့အသံကို ကြားလိုက်ရတယ်။ ဒါပေမယ့် နားထဲမှာ ငိုသံတွေနဲ့ ဆူဆူညံညံ ဗလုံးဗထွေးပြောသံတွေက ရောနေတာ။ ဒါကြောင့် ဒီသခင်လေး အကြောင်းစုံကို နားထောင်ကြည့်ရအောင် မင်းတို့က နောက်တစ်ခေါက်ထပ်ပြီး ပြောပြပါလား”

လီရှောက်ယွင်က သူ၏နားကို လက်ညှိုးလေးဖြင့် အသာကုတ်ခြစ်လိုက်၍ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

ဤစကားက ကျင်းထျယ်ကျွင်း၏ ဖြစ်တည်မှုကို ပြောင်ပြောင်တင်းတင်း ဥပေက္ခာပြုလိုက်ခြင်းပင်။

ကျင်းထျယ်ကျွင်းသည် စိတ်ကြမ်းကိုယ်ကြမ်း လူတစ်ယောက်သာဖြစ်ပြီး ကျင်းယွင်ကျောင်းကဲ့သို့သော မိန်းကလေးတစ်ယောက်ကို ကိုင်တွယ်ရာ၌သာ သူ၏ အဖေတစ်ယောက်ဆိုသည့် လုပ်ပိုင်ခွင့်ကို ထုတ်သုံးနိုင်သော်လည်း လီရှောင်ယွင်ကဲ့သို့သော အပြင်လူတစ်ယောက်နှင့် ရင်ဆိုင်ရာတွင်မူ ထိုလုပ်ပိုင်ခွင့်အနည်းငယ်မှာ အရေးမပါသည့် အမှုန်အမွှားသာသာပင်။

တစ်ဖက်၌ ဝမ်ရှင်းဖန်းကမူ ပို၍ ထက်ထက်မြက်မြက်ရှိ၏။ မူလကတည်းက သူမသည် သူမ၏ ဂုဏ်သိက္ခာကို များစွာဂရုမစိုက်ခဲ့ပေ။ သူမ၏ မိခင်အရင်းဟူသည့် အခွင့်အရေးကို အမိအရဖမ်းဆုပ်ထားနိုင်သရွေ့ မည်သူကမှ သူမကို ထိပါးနိုင်မည်မဟုတ်သောကြောင့် သူမသည် ထပ်မံ၍ တစ်စခန်းထလာပြန်သည်။

“ငါ အကုသိုလ်တွေ ကျူးလွန်ခဲ့လို့ပါ။ ငါတို့မိသားစုရဲ့ အကြီးဆုံးသမီးက အသက်ငယ်ငယ်လေး ရှိသေးပေမယ့် သူက ဘယ်ကလာလို့ ဘာအလုပ်လုပ်မှန်းမသိတဲ့ လူစိမ်းနှစ်ယောက်ကို တကယ် ငါတို့အိမ်ထဲထိ ခေါ်လာပြီး ပြဿနာရှာနေပြီ။ နောက်ဘဝကျရင် ငါတို့လင်မယားနှစ်ယောက် ငါတို့ရဲ့ဘိုးဘေးတွေကို ဘယ်လိုရှင်းပြရမှန်း မသိတော့ဘူး”

ထိုအခါ လီရှောက်ယွင်က မျက်ခုံးတစ်ဖက်ပင့်၍ မေးလိုက်သည်။

“ဒါပေမယ့် ခင်ဗျားတို့က မသေသေးဘူး မဟုတ်လား”

လီရှောက်ယွင်က ထိုစကားဆုံးသည်နှင့် ခြံဝန်းထဲရှိ ပစ္စည်းအပုံလိုက်ကို ညွှန်ပြရင်း စကားလမ်းကြောင်း ပြောင်းလိုက်၏။

“ဒီပစ္စည်းတွေက မင်း ယူလာတာလား”

ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင်တော့ ဒီလောက်ပါပဲ။ တုလင်း၊ ပစ္စည်းတွေကို ဆွဲခဲ့၊ ငါတို့ သွားမယ်”

ထိုအခါ လီရှောက်ယွင်က အမိန့်ပေးလိုက်ရာ တုလင်းက ပြန်ဖြေလိုက်၏။

“အေး”

ကျင်းယွင်ကျောင်း ယူလာသောသစ်သီးများသည် သူ၏ ယွီထျန်းရှန်း၌ အလွန်စျေးကြီးသည်။ အဖိုးတန်သစ်သီးများကို ဤမိသားစုအား လက်ဆောင်ပေးခြင်းက အမှန်တကယ်ပင် ဖြုန်းတီးရာကျလွန်းလှ၏။

ရိုးသားဖြောင့်မတ်သော အရာရှိတစ်ယောက်ပင် မိသားစုတွင်း အငြင်းပွားမှုပြဿနာများကို ဖြေရှင်းနိုင်ရန် ခက်ခဲသည်ဟု ဆိုရိုးစကားရှိသော်လည်း လီရှောက်ယွင်သည် ရိုးသားဖြောင့်မတ်သော အရာရှိတစ်ယောက် မဟုတ်ပေ။ သူသည် အရှက်မရှိဆုံးသောသူဖြစ်၍ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသူလည်း ဖြစ်သည်။ ထို့အပြင် သူသည် ဘူးဆို ဖရုံသီးသူလည်း မဟုတ်ပေ။ ချောင်ဝေ့မင်အား ဒေဝါလီခံသွားအောင် ဒုက္ခပေးနိုင်သကဲ့သို့ ကျင်းမိသားစု၏ အနာဂတ်နေ့ရက်များကိုလည်း ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်သွားအောင် လုပ်နိုင်သည်မှာ သဘာဝပင်။

သို့သော် သေချာပေါက် ကျင်းယွင်ကျောင်းက သဘောတူမှသာ လုပ်နိုင်မည်ဖြစ်သည်။

ဆွံ့အနေသော လူအုပ်ကြီးကြားထဲမှ တုလင်းသည် ပစ္စည်းများကို ဆွဲ၍ အချိန်မရွေး ထွက်သွားနိုင်အောင် ပြင်ဆင်ထားလိုက်၏။ ထို့နောက် လီရှောက်ယွင်က လှောင်ပြုံးပြုံးလိုက်ပြီး ...

“ကျုပ် လူဆိုးတွေအများကြီး မြင်ဖူးတယ်။ ဒါပေမယ့် သူတို့ထဲမှာတောင် ခင်ဗျားတို့နှစ်ယောက်လိုလူမျိုး မရှိသလောက်ရှားတယ်။ အရင်က ခင်ဗျားတို့ကြားမှာ ဘယ်လိုပဲ သွေးသားတော်စပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဒီနေ့ ဒီအချိန်ကစပြီးတော့ ဘာမှ မရှိတော့ဘူး။ မိဘအရင်း ဟုတ်၊ မဟုတ် ဆေးစစ်ချက် စာရွက်လေးတစ်ရွက်ပဲ မဟုတ်လား။ ဒီသခင်လေးဆီမှာ ခင်ဗျားတို့နဲ့ မတူတဲ့ ရလဒ်တွေ ထွက်လာအောင် လုပ်နိုင်တဲ့နည်းလမ်းတွေက လုံလောက်တာထက်တောင် ပိုများနေသေးတယ်”

သူ၏ စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းက အံ့သြသွား၏။

သူက ဘာကိုဆိုလိုတာလဲ။ အများကြီး ပိုပြီး လုပ်နိုင်သေးတယ်တဲ့လား။ ဒါဆိုရင် သူက စာရွက်စာတမ်းအတုလုပ်ချင်ရင် သူ့ရဲ့အဆက်အသွယ်တွေကို အသုံးချပြီးတော့ ဒီလင်မယားနှစ်ယောက်ရဲ့လက်ထဲက စာရွက်အစစ်ကို အတုဖြစ်အောင် ပြောင်းပစ်နိုင်တာလား။

သို့သော် ကျင်းယွင်ကျောင်းသည် အံ့သြထိတ်လန့်သွားရုံသာမက သူမ၏ စိတ်ထဲ၌ သဘာဝမကျသော အတွေးတစ်ခုက ရုတ်တရက် ပေါ်ထွက်လာရာ သူမသည် ဝမ်ရှင်းဖန်းအား သေသေချာချာ စူးစိုက်ကြည့်လိုက်မိသည်။

လီရှောက်ယွင်ကမူ ခြိမ်းခြောက်ပြီးသည်နှင့် ကျင်းယွင်ကျောင်းအား ဤနေရာမှ အဝေးသို့ ဆွဲခေါ်လာခဲ့၏။

သို့သော် ကျင်းထျယ်ကျွင်းသည် သူတို့ထွက်သွားသည်ကို မြင်သောအခါ ချက်ချင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။

“မြန်မြန်၊ လာကြပါဦး။ ဒီမှာ ဘယ်ကပေါ်လာမှန်းမသိတဲ့ လူယုတ်မာက ကျွန်မတို့ ကျင်းမိသားစုရဲ့ သမီးကြီးကို ပြန်ပေးဆွဲနေပါတယ်”

ရုတ်တရက် ကျယ်လောင်လှသော အော်သံတစ်ခုက နားစည်ကွဲလုမတတ် ထွက်ပေါ်လာရာ ထိုအသံအား ကြားလိုက်ရသော ကျင်းယွင်ကျောင်းသည် ကြက်သေသေသွားတော့၏။

All Chapters