အခန်း (၂၄၉-၂၅၂)
Vol. 13 Ch. 249-252
Chapter 249 : ခွေးတစ်ကောင်အား အသားပေါက်စီနှင့် ရိုက်ခြင်း
ကျင်းရှို့သည် ဤကဲ့သို့ မတရားညှင်းပန်းနှိပ်စက်ခံရမှုနှင့် အသားကျနေပြီဖြစ်၏။ သူမသည် ပြန်လည် စောဒက မတက်နိုင်ဘဲ အမြဲတမ်း အဆူအငေါက်၊ အရိုက်အနှက် ခံနေရသော်လည်း သူမ၏ နှလုံးသားထဲကမူ သူမ၏ အတုအယောင် အစ်မဖြစ်သည့် ကျင်းယွင်ကျောင်းကို နက်နက်ရှိုင်းရှိုင်း အားကျနေမိသည်။
ကျင်းယွင်ကျောင်းသည် အလွန်ထက်မြက်၍ သူမသာ ကျင်းယွင်ကျောင်းကဲ့သို့ ဖြစ်မည်ဆိုလျှင်...
သို့သော် သူမသည် ချက်ချင်းပင် ခေါင်းယမ်း၍ သက်ပြင်းချလိုက်၏။ သူမ အသက်ရှင်ချင်သေးသည်။ အကယ်၍ သူမသာ ကျင်းယွင်ကျောင်းကဲ့သို့ ပြုမူလိုက်ပါက သူမ၏ အဖေနှင့် အမေက သူမအား ရိုက်သတ်ပစ်မည်မှာ အသေအချာပင်။
ထို့နောက် ကျင်းရှို့သည် အိမ်မှုကိစ္စများကို ဆက်လုပ်နေသော်လည်း သူမ၏ ခေါင်းထဲတွင် မရေမတွက်နိုင်သော အတွေးများဖြင့် ပြည့်နေသည်။ ထိုအချိန်၌ ကျင်းယွင်ကျောင်းနှင့် လီရှောက်ယွင်တို့သည် မြို့တော်သို့ပြန်သော လမ်းပေါ်၌ ရောက်နေကြပြီဖြစ်၏။
တုလင်းက ကားမောင်းနေစဥ်တွင် လီရှောက်ယွင်သည် ခပ်ထေ့ထေ့ပြုံးရင်း ကျင်းယွင်ကျောင်း ဝယ်လာသည့် ရီမုဖြင့် ထိန်းချုပ်ရသည့် ကားလေးကို ဆော့ကစားနေသည်။
“မင်းရဲ့ကြင်နာတတ်ပုံကိုလည်း ကြည့်ပါဦး၊ မင်းက အရင် တစ်ခါမှ မတွေ့ဖူးတဲ့ကလေးတစ်ယောက်ကိုတောင် ဒီလို လက်ဆောင်ကောင်းမျိုးပေးတယ်နော်။ တကယ်လို့ ဒီသခင်လေးသာ ဒီနေ့ရောက်မလာရင် မင်းရဲ့လက်ဆောင်က ခွေးတစ်ကောင်ကို အသားပေါက်စီနဲ့ ရိုက်လိုက်တာနဲ့ တူမသွားပေဘူးလား”
အကယ်၍ ယနေ့ သူတို့သာမရှိပါက ကျင်းယွင်ကျောင်းသည် ထိုနေရာမှ ထွက်လာနိုင်ဦးမည် မဟုတ်ဘဲ သူမ ယူသွားသည့် လက်ဆောင်ပစ္စည်းများကိုလည်း ပြန်ယူလာနိုင်မည် မဟုတ်ပေ။
သူသည် အခြားလူများထံမှ အခွင့်ကောင်းယူခံရခြင်းကို မုန်းသည်။ အထူးသဖြင့် မုန်းစရာကောင်းသောလူများထံမှ အခွင့်ကောင်းယူခံရခြင်းကို ဖြစ်သည်။
ဤလက်ဆောင်များသည် ယွမ်ရာဂဏန်းမျှသာဖြစ်၍ သူ၏ မျက်လုံးထဲတွင် သိပ်အဖိုးမတန်ပေ။ သို့သော် လက်ဆောင်များ၏ တန်ဖိုးက တစ်ဒေါ်လာသာ တန်လျှင်တောင်မှ သူသည် ထိုကဲ့သို့သောလူမျိုးများကိုပေးရန် ဆန္ဒမရှိပေ။ သူတို့ကဲ့သို့သောလူမျိုးများကို ပေးကမ်းခြင်းက ပိုက်ဆံဖြုန်း၍ ကိုယ့်ဒုက္ခကိုယ်ရှာရာ ရောက်သည်။
“လီရှောက်၊ မင်းက ဒီလောက်တောင် ချမ်းသာပြီးတော့ ဟိတ်ဟန်များတာကို ဘာလို့ မင်းရဲ့မျက်လုံးထဲမှာ ဒီအရုပ်လေးတွေကို အသားပေါက်စီလို့ ယူဆနေတာတုန်း။ ငါ့ကို ခဏလောက် ပေးနားပါဦးကွာ။ ပြီးတော့လည်း ယွင်ကျောင်း၊ ဒီနေ့က မင်းရဲ့ပထမဆုံး ဆွေမျိုးသားချင်းတွေကို အသိအမှတ်ပြုတဲ့နေ့ဆိုတော့ နည်းနည်းလေးပိုပြီးတော့ ယဥ်ကျေးသိမ်မွေ့သင့်တယ်ဆိုပေမယ့် မင်းရဲ့ မိသားစုဝင်အရင်းအချာတွေကို မင်းကို အနိုင်ကျင့်လိမ့်မယ်လို့ ငါမျှော်လင့်မထားဘူး။ ဒါပေမယ့် သူတို့က သူတို့လုပ်နိုင်တာထက် ပိုလောဘကြီးပြီးတော့ သံပြားကို ခြေထောက်နဲ့ကန် အကဲအလှယ်လုပ်လိုက်သလိုပဲ”
တုလင်းက ကားမောင်းရင်း ပြောလာ၏။
တကယ်တမ်း တုလင်းသည် ဤနှစ်များအတွင်း သူ့အား လီရှောက်ယွင် သင်ပေးထားခဲ့သည့် ကိုယ်ခံပညာများက အသုံးမဝင်ဟု တွေးထားခဲ့သော်လည်း ယနေ့၌ ထိုပညာစွမ်းများက အလွန်အံ့သြစရာကောင်းသည်ကို သိမြင်လိုက်ရသောကြောင့် အလွန်ပျော်ရွှင်တက်ကြွနေသည်။
ထိုအခါ လီရှောက်ယွင်က ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်ပြီး အရုပ်ကားလေးအား ကားတံခါးပေါက်မှတဆင့် အပြင်ဘက် တောင်ပတ်လမ်းပေါ်သို့ လွှင့်ပစ်လိုက်တော့၏။
ထိုသို့လွှင့်ပစ်လိုက်သည်ကို မြင်သောအခါ တုလင်းက မျက်ခုံးတစ်ဖက်ပင့်လိုက်သော်လည်း သူသည် လီရှောက်ယွင်၏ အကျင့်စရိုက်ကို သိပြီးသားဖြစ်သောကြောင့် ဘာမှမပြောလိုက်ပေ။
ဤတစ်ကြိမ်၌ သူသည် အရုပ်ကိုသာ လွှင့်ပစ်လိုက်ခြင်းဖြစ်သော်လည်း သူ တကယ် ဒေါသထွက်လာပါက လူသတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
“စကားပြန်ဆက်ရရင် မင်းက ဘာလို့ လီရှောက် ဒါမှမဟုတ် ကိုယ့်ကို မင်းရဲ့ဆွေမျိုးတွေနဲ့ ပြန်တွေ့တဲ့အကြောင်း မပြောပြတာလဲ။ မင်း သူ့ကို မပြောရင်တောင် အနည်းဆုံးတော့ ကိုယ့်ကို ပြောပြသင့်ပါတယ်။ ဒါက ကိစ္စအကြီးကြီးလေ။ ကိုယ်ကတော့ ကိုယ်တို့က မင်းရဲ့မိတ်ဆွေတွေ၊ မင်းရဲ့အစ်ကိုတွေလို့တောင် တွေးထားတာ။ မင်းကတော့ အဲလို မတွေးဘူးပေါ့လေ”
တုလင်းက မကျေမနပ်ဖြင့် မှတ်ချက်ပေးလိုက်သည်။
သူသည် ယမန်နေ့ ညသန်းခေါင်အချိန်၌ လီရှောက်ယွင်က သူ့အား ဖုန်းဆက်နှိုးပြီး ပြောပြမှသာ ကျင်းယွင်ကျောင်းသည် သူမ၏ မိဘအရင်းများကို ရှာတွေ့ပြီဖြစ်ကြောင်း သိခဲ့ရ၏။
လီရှောက်ယွင်သည် ဟွားနင်ခရိုင်၌ အဆက်အသွယ်များ ရှိသောကြောင့် ထိုကဲ့သို့သော သတင်းမျိုးကို ရှာခိုင်းရန် မခက်ခဲပေ။ ထိုသို့သာမဟုတ်ပါက ကျင်းယွင်ကျောင်းသည် ထိုလူယုတ်မာတစ်စုကို သူမတစ်ယောက်တည်း ကိုယ့်အားကိုယ်ကိုး၍ ရင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်သည်။
အမှီအခိုကင်းခြင်းသည် ကောင်းမွန်သော ကိစ္စရပ်တစ်ခုဖြစ်သော်လည်း ကျင်းယွင်ကျောင်းသည် မိန်းကလေးတစ်ယောက်ဖြစ်ရုံသာမက စိတ်က အလွန်ရင့်ကျက်သော်လည်း အသက်မပြည့်သေးသူတစ်ယောက် ဖြစ်နေခြင်းက အပြင်လူများအား စိုးရိမ်ပူပန်စေ၏။ အထူးသဖြင့် လီရှောက်ဖြစ်သည်။
တုလင်းသည် လီရှောက်ယွင်၏ ကျင်းယွင်ကျောင်းအပေါ်ထားသည့် သဘောထားကို တိတိကျကျ မသိသော်လည်း လီရှောက်ယွင်က သူမအား တမူထူးခြားစွာ ဆက်ဆံမှန်းသိ၏။ သူသည် ဘယ်အချိန်ထိ ကျင်းယွင်ကျောင်းအား ဤသို့ဆက်ဆံမည်ဆိုသည်ကိုလည်း နားလည်ရခက်သည်။ သို့ရာတွင် လီရှောက်ယွင်က လူတစ်ယောက်အား ဤကဲ့သို့ စိုးရိမ်ပူပန်သည်ကို တုလင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။
“ကျွန်မ ဒီနေ့ သူတို့ရဲ့မျက်နှာဖုံးကွာကျသွားလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး”
ကျင်းယွင်ကျောင်းက ခပ်တိုးတိုး ပြောလိုက်သည်။
“ဒါပေမယ့် ဒါကလည်း ကောင်းတော့ကောင်းပါတယ်။ ကျွန်မ သူတို့ကို မျက်နှာသာပေးစရာ မလိုတော့ဘူး။ ထပ်ပြီးတော့ ယဥ်ကျေးပြနေစရာလည်း မလိုတော့ဘူးလေ”
အစောပိုင်းတုန်းက သူတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတော့ ငါက သူတို့ကို လက်ခံပေးဖို့ရာ စိတ်ကသိကအောက်ဖြစ်နေပေမယ့် ပြုံးနေတဲ့လူတစ်ယောက်ရဲ့ မျက်နှာကို မရိုက်ရဘူးဆိုတဲ့ စကားလိုပဲ။ ငါက သူတို့ရဲ့ကြင်နာမှုကို အပြန်အလှန်အနေနဲ့ အေးတိအေးစက် မဆက်ဆံချင်ခဲ့ဘူးလေ။ ဒါပေမယ့် အခု သူတို့က နေ့ခင်းကြောင်တောင်ကြီးမှာတောင် သူတို့ရဲ့ရည်ရွယ်ချက်တွေကို ထုတ်ပြလိုက်ပြီဆိုတော့ သူမလည်း ဆက်ပြီး အားနားပါးနာနဲ့ သရုပ်ဆောင်ပြနေစရာ မလိုတော့ဘူးပေါ့။
နောက်တစ်ကြိမ် ထပ်တွေ့ကြရင်၊ နောက်တစ်ကြိမ်ဆိုတာ ရှိလာခဲ့ရင်ပေါ့လေ၊ သူမရဲ့အဖေနဲ့အမေကလည်း ချစ်ဖို့ကောင်းတဲ့မိဘတွေဆိုတဲ့ ပုံစံမျိုး ဆက်ပြီးတော့ သရုပ်ဆောင်နေတဲ့အထိ မရူးဘူးလို့ သူမယုံကြည်တယ်။
သို့ရာတွင် ထိုအကြောင်းကို စဥ်းစားနေရင်း ကျင်းယွင်ကျောင်းသည် အစောပိုင်းက လီရှောက်ယွင်ပြောခဲ့သည့် စကားကို သတိရသွားပြီး သူမ၏ စိတ်ထဲ၌ သံသယများတိုးပွားလာကာ မေးခွန်းများစတင်ဝင်ရောက်လာခဲ့သည်။ ခဏကြာပြီးနောက် သူမက ထုတ်၍ မေးလာ၏။
“လီရှောက်၊ မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးတဲ့ရလဒ်တွေကို ရှင်က အတုလုပ်နိုင်တာလား”
Chapter 250 : ရှင်နဲ့ကျွန်မ ကျေပြီလေ
သူမသည် အရာအားလုံးက တိုက်ဆိုင်လွန်းနေသလို ခံစားလိုက်ရသော်လည်း အစစ်အမှန်ဟု သူမ ယုံကြည်ခဲ့သည့် စာရွက်စာတမ်းတစ်ခုကို အလွယ်တကူ အတုလုပ်၍ရသည်ဆိုသည်က... ...
ကျင်းယွင်ကျောင်း၏ နှလုံးသားက လေးလံသွားသည်။
ထိုအခါ လီရှောက်ယွင်က သူမအား တစ်ချက်ကြည့်လိုက်ပြီး ...
“တချို့အာဏာရှိတဲ့ဆေးရုံတွေရဲ့ ရလဒ်တွေကိုတော့ ဝင်စွတ်ဖက်လို့မရဘူး။ ပြီးတော့ အရမ်းလည်း လျှို့ဝှက်တယ်။ ဒါပေမယ့် ဆေးရုံတိုင်းကတော့ ကျင့်ဝတ်အတိုင်း စောင့်ထိန်းပါ့မယ်ဆိုပြီး တွက်ကပ်နေမှာ မဟုတ်ဘူး။ ပြီးတော့ မင်းက အဲဒီစာရွက်ကိုပါ ယူလာခဲ့ပြီးပြီဆိုတော့ ကိုယ် မင်းကို သတိပေးမနေတော့ပါဘူး။ လူတစ်ယောက်ကို အကဲဖြတ်နေတဲ့အချိန်မှာ မနုံအ,နဲ့။ ပြီးတော့ အဲဒီ ဘယ်ကနေပေါ်လာမှန်းမသိတဲ့ မိဘတွေကို အလျှော့ပေးသည်းခံနေမယ့်အစား မင်း အရင်က အပြစ်ပြုမိဖူးတဲ့လူအကြောင်းကို ဘာလို့ သေချာလေး မတွေးကြည့်တာလဲ”
ယခု လီရှောက်ယွင် ပြောသည်များကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် ပို၍ပင် သံသယဖြစ်လာသည်။
သူမသည် ဘဝသက်တမ်းနှစ်ခုလုံးပေါင်းမှ နင်းမြို့တော်သို့ တစ်ကြိမ်သာ သွားဖူးခဲ့၏။ ပြန်လည်မွေးဖွားလာသော်လည်း သူမ တွေ့နေရသည့်လူများကမူ မပြောင်းလဲဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် သူမသည် စစ်ဆေးချက်ရလဒ်များကို မြင်သောအခါ သံသယမရှိဘဲ ယုံကြည်ခဲ့ခြင်းဖြစ်၏။ ထိုသို့ အကွက်ချ ကြံစည်ထားလိမ့်မည်ဟုလည်း သူမ တစ်ခါမှ မထင်ခဲ့မိပေ။
ကံဆိုးသည်က ယခု သူမ၌ ရွေးခြယ်စရာမရှိတော့ပေ။
ထိုမိဘဆိုသူများက သူမအား ရွှေငန်းတစ်ကောင်ကဲ့သို့ ကြည့်တတ်ကြသည်။ သူတို့သည် သူမအား လမ်းပေါ်၌ တွေ့ခဲ့ခြင်းဖြစ်၍ သူမ၏ ဘဝနေထိုင်မှုကို လုံးဝအသိအမှတ်မပြုသင့်ပေ။ ထို့အပြင် သူတို့သည် ယခင်နှစ်များအတွင်းက သူမ မည်ကဲ့သို့နေထိုင်ခဲ့ရသည်ကို သိမနေသင့်သော်လည်း သူတို့သည် သူမ၏ မွေးစားမိဘများအကြောင်းကို တစ်ကြိမ်သာမေးပြီး နောက််တစ်ခေါက် ထပ်မံ၍ မေးမလာတော့ပေ။ ထို့အပြင် သူမသည် သူတို့အား ယွမ်ထောင်ဂဏန်း တန်ကြေးရှိသော လက်ဆောင်တစ်ခုကို ကမ်းပေးခဲ့သော်လည်း သူတို့သည် မည်သည့်သံသယဝင်မှုမှ မရှိခဲ့။ ထိုသို့ပေးကမ်းခြင်းက ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စတစ်ခုလိုပင်။
သို့ရာတွင် သဘောတရားဆန်ဆန်ပြောရလျှင် မွေးစားမိဘများနှင့် အဆက်အသွယ်ဖြတ်တောက်ထားသော ကလေးတစ်ယောက်သည် စမ်းသပ်စစ်ဆေးခ တစ်ဝက် သို့မဟုတ် လက်ဆောင်ပစ္စည်းများစွာကို မပေးနိုင်သင့်ပေ။ ထို့ကြောင့် ထိုကိစ္စသည် အတော်လေး မူမမှန်ဖြစ်နေ၏။
သူတို့သည် သူမ၏ ပိုက်ဆံများ မည်သည့်နေရာမှရကြောင်းကို မမေးခဲ့ဘဲ သူမ သူတို့၏ အိမ်သို့လိုက်သွားသည်နှင့် ကျောင်းထွက်ရန်သာ ပြောခဲ့သည်။ ဤကဲ့သို့သော စိတ်ထားမျိုးက သူတို့သည် သူမ၌ ကိုယ့်ကိုကိုယ် မြှင့်တင်နိုင်သော သို့မဟုတ် မိသားစုကို မြှင့်တင်ပေးနိုင်သော အရည်အချင်းရှိ၊ မရှိကို အမှန်တကယ် ဂရုမစိုက်ဘဲ သူမ ကျောင်းထွက်မထွက်ကိုသာ အာရုံစိုက်နေကြောင်း သိနိုင်၏။
ထို့ကြောင့် မိဘများဟုခေါ်ရမည့်အစား သူတို့သည် သူမ၏ ရန်သူများနှင့် ပိုတူနေသည်။
“ရှင် တစ်ခုခုများ ရှာတွေ့ထားတာလား”
ကျင်းယွင်ကျောင်းက တဲ့တိုးမေးလိုက်ရာ လီရှောက်ယွင်က မျက်ခုံးတစ်ဖက်ပင့်ပြပြီး သူမကို စနောက်လိုက်သည်။
“ဒီအတွက် မင်းက ကိုယ့်ကို တောင်းပန်မှာလား”
ကျင်းယွင်ကျောင်း ဆွံ့အ,သွား၏။ လီရှောက်ယွင်၏ ဤအမူအယာကို မြင်သည့်အခါတိုင်း ဤလူသည် လူဆိုးတစ်ယောက်ဟု သူမ ခံစားရလေ့ရှိသည်။
ဒီလို လူရှုပ်လူပွေမျက်နှာထားမျိုး လုပ်ပြဖို့ သူ့ကို ဘယ်သူကများ ပြောလို့လဲ။
သို့သော် ကောင်းသည့်အချက်မှာ သူတို့သည် အစောပိုင်းက ဆေးရုံ၌ အချိန်တစ်ခုကြာအောင် အတူရှိခဲ့သောကြောင့် သူ့အပေါ်ထားရှိသည့် သူမ၏ သဘောထားသည် သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့သည်။ အနည်းဆုံး သူမ၏ အနီးအနား ပတ်ဝန်းကျင်တွင် သူက တစ်ခုခု လုပ်လိုက်လျှင်တောင်မှ သူမ စိတ်ကသိကအောက် မဖြစ်တော့ပေ။
“ရှင် ခုနက ကျွန်မရဲ့ပစ္စည်းကို လွှင့်ပစ်တယ်လေ။ အဲဒီပစ္စည်းက စျေးမကြီးပေမယ့် ကျွန်မအတွက် သိသိသာသာ အရေးပါတယ်။ အခု ရှင် ကျွန်မကို အမှန်အတိုင်းပြောပြလိုက်ရင် ကျွန်မတို့ချင်း ကျေသွားပြီလေ”
ကျင်းယွင်ကျောင်းက ပုခုံးတွန့်ပြလိုက်၍ မျက်နှာပြောင်တိုက်ပြီး ပြန်ပြောလိုက်သည်။
“သိသိသာသာ အရေးပါတယ်တဲ့လား”
လီရှောက်ယွင်က ထိုစကားအား ထူးဆန်းသော လေသံဖြင့် ပြောလိုက်ပြီးနောက် အပြုံးမမည်သော အပြုံးတစ်ခုကို ပြုံးလိုက်ရင်း ...
“အဲဒီပစ္စည်းက တကယ်ပဲ အသေးအဖွဲ့ မဟုတ်ဘူးဆိုတော့ မင်းကို သင်ခန်းစာတစ်ခုပေးလိုက်တာကြောင့် ဒီလိုသတ်မှတ်လိုက်တာပဲ ဖြစ်ရမယ်။ ဒီတော့ မင်းက အဲဒါကို အိမ်ယူသွားပြီးတော့ နေ့တိုင်း ထုတ်ကြည့်ပြီး မင်းရဲ့အမှားကို ပြန်သုံးသပ်ဖို့ ပြင်ဆင်နေတာလားဆိုတာ ကိုယ်သိချင်မိတယ်”
“သေချာတာပေါ့”
သူမက မျက်နှာပြောင်တိုက်စွာပင် စကားထောက်ပေးလိုက်၏။
“ဒါဆိုလည်း ကားပြန်လှည့်ကြစို့။ ကိုယ် မင်းအတွက် အဲဒီအရုပ်ကို သေချာပေါက် ပြန်ကောက်ပေးမယ်၊ ဒါပေမယ့်...”
လီရှောက်ယွင်၏ အမူအယာက ဟန်ကြီးပန်ကြီးပုံစံ ဖြစ်သွား၍ စကားလမ်းကြောင်း ပြောင်းလိုက်၏။
“ဒီနေ့ မင်းကြောင့် ကိုယ် ပထမဆုံးအကြိမ်အနေနဲ့ အသိတရားမရှိတဲ့သူရဲ့ အဆဲခံခဲ့ရတယ်။ အို...ဟုတ်သားပဲ၊ အရင်တစ်ခေါက် ကားအက်စီးဒင့်ဖြစ်တုန်းက ကိုယ့်ရဲ့ဒဏ်ရာက အပြည့်အဝပြန်မကောင်းသေးဘူး။ ဒီနေ့ တိုက်ခိုက်နေကြတုန်းက အဲဒီဒဏ်ရာကို ထပ်ပြီး ဆွဲဆန့်လိုက်သလိုများ ဖြစ်သွားလားမသိဘူး”
“အား...အခု ပြောနေရင်း ဒီသခင်လေးက ခန္ဓာကိုယ်ထဲမှာ ဘာအင်အားမှမရှိတော့သလို ခံစားနေရတယ််။ ကိုယ့်ရဲ့နှလုံးခုန်သံကလည်း အားနည်းနေတယ်။ ပြီးတော့ ကိုယ့်ရဲ့မသိစိတ်ကလည်း ထိတ်လန့်တုန်လှုပ်နေတဲ့ပုံပဲ။ ကိုယ့်ကို ပြောပါဦး၊ ကိုယ် ဘာလုပ်သင့်လဲ”
လီရှောက်ယွင်က သံရှည်ဆွဲ ညည်းညူးရင်း အရှက်မရှိ ပြန်မေးလိုက်သည်။
ထိုအခါ ကျင်းယွင်ကျောင်းက ရှုံ့မဲ့သွားပြီး သူ့ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်၏။ သူမ၏ စိတ်ထဲရှိ သူ့အပေါ် အထင်ကြီးမှုများကို ‘ကလိမ်ကကျစ် လူရှုပ်လူပွေ’ ဆိုသည့် စကားလုံးက ရိိုက်ချပစ်လိုက်သည်။
“ကျွန်မက သမားတော်တစ်ယောက်ပါ။ ဒီတော့ ရှင့်ကို စစ်ဆေးပေးဖို့ ဝန်မလေးပါဘူး။ ဘယ်သူသိ မလဲနော်။ ကျွန်မက ရှင့်ရဲ့သက်တမ်းကို ဆွဲဆန့်ပေးနိုင်မလားဆိုတာ။ အနာဂတ်မှာ ရှင် အနာရောဂါဘယတွေ ကင်းဝေးတော့မှာဆိုတော့ အကျဥ်းချုံး ပြောရရင် ကျွန်မရဲ့မေးခွန်းကို ဖြေလို့ ရှင် အကျိုးမယုတ်ပါဘူး”
ကျင်းယွင်ကျောင်း၏ ဦးနှောက်က အလျင်အမြန် အလုပ်လုပ်လိုက်ရင်း လီရှောက်ယွင်၏ စကားကို ပြန်လည်ချေပလိုက်လေ၏။
Chapter 251 : စိတ်ဝင်စားစရာ ကိစ္စတစ်ခု
အရှေ့တွင် ထိုင်နေသော တုလင်းသည် သူတို့၏ အချစ်စမ်းနေကြသည့် စကားနိုင်လုပွဲအား သူ ကြားဝင်၍ မနှောက်ယှက်နိုင်ကြောင်း သိလိုက်ရသဖြင့် မကျေမနပ်ဖြစ်သွားသည်။
ယခင်က ကျင်းယွင်ကျောင်းသည် သူနှင့်စကားပြောလျှင် သူမ၏စကားများက ရွှေကဲ့သို့ အဖိုးတန်သည့်အလား နည်းနည်းသာပြောလေ့ရှိ၍ လီရှောက်ယွင်သည်လည်း ထပ်တူပင်ဖြစ်၏။ သို့ရာတွင် ယခု ကိစ္စများက အရေးကြီးလာပြီဖြစ်ရာ ထိုစကားနည်းသူ နှစ်ယောက်သည် စကားကိုအမျှင်မပြတ်ပြောတတ်သူများ ဖြစ်လာကြသည်။
ထိုအချိန်၌ လီရှောင်ယွင်သည် ခပ်တိုးတိုး ညည်းညူ၍ ထိုင်ခုံနောက်မှီအား မှီချလိုက်၏။ သို့သော် ထို ရိုးရိုးသာမန် လှုပ်ရှားမှုများကပင် ထူးထူးခြားခြား ကြည့်ကောင်းနေ၍ မလိုက်မဖက်ဖြစ်နေသည့် တစ်ခုတည်းသောအရာမှာ အစောပိုင်းက ကျင်းယွင်ကျောင်း ဝယ်လာသည့် အဝတ်ရုပ်လေးကို ယခု သူ၏ လက်မောင်းများကြား၌ ပွေ့ထားခြင်းဖြစ်သည်။
ထို့နောက် လီရှောက်ယွင်က သူမအား ဆက်မစ,တော့ဘဲ အလိုက်တသိရပ်တန့်လိုက်၏။ သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာတွင် လေးနက်မှုအချို့ရှိနေပြီး သူက ပြောလာသည်။
“သမားတော်မမလေးက ကိုယ့်ရဲ့ကျန်တဲ့ဘဝသက်တမ်းကို တာဝန်ယူပေးချင်တယ်ဆိုမှတော့ ကိုယ် စိတ်အေးသွားရပါပြီ”
“မနေ့က မင်းရဲ့စိတ်အခြေအနေမကောင်းတာကို ကိုယ်သတိထားမိတယ်။ ဒါ့ကြောင့် မင်းဖုန်းချပြီးတာနဲ့ ကိုယ် လူတစ်ယောက်ကိုလွှတ်ပြီး စုံစမ်းခိုင်းလိုက်တော့ မင်းက မိဘအရင်းဟုတ်မဟုတ် စစ်ဆေးချက်ယူဖို့အတွက် မိဘဆိုတဲ့သူတွေနဲ့အတူ နင်းမြို့တော်ကိုလာခဲ့တယ်ဆိုတာ သိလိုက်ရတယ်လေ။ နောက်ပိုင်း ကိုယ် လူလွှတ်ပြီး အဲဒီစုံတွဲရဲဲ့အကြောင်းကို ဆက်ရှာကြည့်ခိုင်းလိုက်တော့ စိတ်ဝင်စားစရာတစ်ခု တွေ့လာရတယ်။ အဲဒါက ဒီမိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်တွေက သူတို့ဆေးရုံကနေ ရလာတာမဟုတ်ဘူး။ ကော်ဖီဆိုင်တစ်ဆိုင်မှာ သူတို့နဲ့တွေ့ခဲ့တဲ့ မိန်းမတစ်ယောက်ဆီကနေ ရလာတာ။ အဲဒီမိန်းမက ဘယ်သူလည်းဆိုတော့ ... သူ့ကို မစ္စဟယ့်လို့ လူသိများပြီး သူ့မှာ သမီးတစ်ယောက်ပဲ ရှိတယ်။ ဒါပေမယ့် သူ့ရဲ့သမီးက ဟွားနင်ခရိုင်မှာ ကျောင်းစတက်ပြီး သိပ်မကြာခင်မှာပဲ ပြဿနာရှာမိတာကြောင့် နိုင်ငံခြားကို ပြောင်းသွားရတယ်တဲ့”
လီရှောက်ယွင်သည် ထိုစစ်ဆေးချက်လက်မှတ်၏ တရားဝင်၊ မဝင်ကို တစ်ခါမှ ရည်ရွယ်ချက်ရှိရှိ ရှာဖွေဖူးခြင်းမရှိဘဲ ဤမစ္စဟယ့်၏ အခြေအနေကိုသာ ပြောပြခဲ့ခြင်းဖြစ်၏။
သို့ရာတွင် နောက်ဆုံး၌ ကျင်းယွင်ကျောင်းက သဘောပေါက်သွားခဲ့သည်။
ထို့အပြင် သူမသည် ငတုံးမဟုတ်သောကြောင့် ထိုလင်မယားနှင့် သူမသည် သွေးသားတော်စပ်မှုရှိကြောင်းကို ဆက်၍ မယုံကြည်နိုင်တော့သည်မှာ အသေအချာပင်။
ယခင်က သူမသည် တစ်ခါမှ အလိမ်မခံရဖူးသောကြောင့် ဤသည်က သူမ၏ဘဝ၌ အနုံအ,ဆုံးသောအချ်ိန်ပင် ဖြစ်၏။
သို့ရာတွင် ယခုအခါ လီရှောက်ယွင်က ဤကဲ့သို့ စကားအများကြီး ပြောပြလိုက်သောအခါ ကျင်းယွင်ကျောင်းသည် သူမ၏ ရင်ထဲ၌ တောက်နေသော မီးတောက်များ ချက်ချင်းငြိမ်းသွားသလို ခံစားလိုက်ရသည်။
အကယ်၍ သူတို့သာ သူမ၏ မိဘအရင်းများဖြစ်ပါက သူမ မည်မျှပင်ခေါင်းမာနေစေကာမူ ဤတော်စပ်မှုအား ငြင်းပယ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် တစ်ဖက်လူက သူမအား သားသမီးပြုစုပျိုးထောင်သည့်အနေဖြင့် ထောက်ပံ့ကြေးတစ်ပြားတစ်ချပ်မှ မပေးလျှင်တောင်မှ မိဘဟုခေါ်သော မြင့်မြတ်သည့် သတ်မှတ်ချက်က်ု ထာဝစဥ်ရရှိသွားတော့မည်ဖြစ်သည်။ ထိုအခါ သူမသည်လည်း အမြဲတမ်း အထင်အမြင်သေးခံရ၍ လုပ်သမျှ အကောင်းမြင်မခံရသူတစ်ယောက်သာ ဖြစ်လာလိမ့်မည်ပင်။
ထို့အပြင် သူမသည် သူမ၏ မွေးစားမိဘများထံမှ လျစ်လျူရှုခံရသည့်အချက်ကို မေ့ထားခဲ့သော်လည်း သူမ၏ မိဘအရင်းများကပါ ထိုသို့ထပ်လုပ်ပါက သူမသည် အမှန်တကယ် ငိုစရာမျက်ရည်ပင် ကျန်တော့မည်မဟုတ်။
“လီရှောက်ယွင်၊ ရှင့်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ရှင် ကျွန်မကို တစ်ခုလောက်ထပ်ပြီးတော့ ကူညီနိုင်မလား”
ကျင်းယွင်ကျောင်းက ခဏစဥ်းစားနေပြီးနောက် တောင်းဆိုလိုက်သည်။
“ပြောပါ”
လီရှောက်ယွင်သည် အနည်းငယ် ဂုဏ်ယူသွားပုံပေါ်၏။
“ကျွန်မကို နောက်တစ်ကြိမ် မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးဖို့ ကူညီပေးပါ။ တောင်းဆိုချက်က ဒီတစ်ခုတည်းပါပဲ။ ရှင် မြို့တော်ကို ပြန်ရောက်ရင် လုပ်ပိုင်ခွင့်အရှိဆုံးအဖွဲ့အစည်းကို မေးပြီးတော့ ရှင်နဲ့ပိုပြီး ရင်းနှီးတဲ့နေရာမှာ စစ်ဆေးမှုလုပ်ပေးနိုင်မလား။ နမူနာတွေ ရှင့်ဆီကိုပို့ပေးဖို့ ကျွန်မ နည်းလမ်းရှာလိုက်ပါ့မယ်”
ကျင်းယွင်ကျောင်းက ရှင်းပြလိုက်သည်။
သူတို့သည် သူမ၏ မိဘအစစ်များမဟုတ်သောကြောင့် သူမအား နောက်တစ်ဖန်ပြန်၍ လာရှာနိုင်ချေမှာ အတော်လေး မြင့်မား၏။ ထိုအချိန်တွင် သူတို့ထံမှ ဆေးစစ်ရန်အတွက် ဆံပင်နမူနာအချို့ရနိုင်လိမ့်မည်ဖြစ်သည်။
“ရတာပေါ့၊ ပြဿနာမရှိဘူး”
လီရှောက်ယွင်က ချက်ချင်းပင် သဘောတူလိုက်၏။
“ကျေးဇူးအများကြီးတင်ပါတယ်”
သူမ၏ သဘောထားမှာ လှိုက်လှိုက်လှဲလှဲရှိလှသည်။
ဤတစ်ကြိမ်၌ သူ့ကြောင့်သာ မဟုတ်ပါက သူမသည် သေချာပေါက် ရက်အနည်းငယ် နေရပြီးမှသာ ပြန်လွတ်လာနိုင်မည်ဖြစ်၏။ ထို့နောက်တွင်လည်း သူမသည် မည်မျှကြာအောင် ထိုပြဿနာမီးကို ငြိမ်းသတ်နေရမည်မှန်း မသိပေ။
“မင်း တကယ် ကိုယ့်ကို ကျေးဇူးတင်ချင်တယ်ဆိုရင် နောက်နှစ်နှစ်ကြာလို့ အထက်တန်းပြီးရင် မြို့တော်ကို လာခဲ့”
လီရှောက်ယွင်က ရုတ်ထရက် ထ၍ အကြံပေးလိုက်ရာ ကျင်းယွင်ကျောင်းက အံ့သြသွားသော်လည်း ပြန်ဖြေလိုက်သည်။
“သေချာပေါက် လာခဲ့ပါ့မယ်”
သူမက အရင်ကတည်းက မြို့တော်ကိုသွားဖို့ ရည်ရွယ်ထားပြီးသားပါ၊ ဟုတ်ပြီလား။ သူမကလည်း သူမရဲ့ထူးခြားတဲ့ ပါရမီအရင်းခံတွေကို အမြဲတမ်း ဖုန်တက်နေအောင် မထားနိုင်ပါဘူး။ မြို့တော်က တရုတ်နိုင်ငံရဲ့အကြွယ်ဝဆုံးနဲ့ အစည်ကားဆုံးမြို့တော်ကြီးတစ်ခုပဲ။ တကယ်လို့ သူမသာ ကမ္ဘာကြီးနဲ့ထိတွေ့ဖို့အတွက် အဲဒီကိုမသွားရင် သူမရဲ့ဘဝသက်တမ်းတစ်ခုလုံးကို အလဟဿဖြုန်းတီးသလိုဖြစ်သွားမှာပေါ့။
သို့ရာတွင် လက်ရှိအချိန်၌ သူမသည် အနည်းငယ် အင်အားနည်းလွန်းနေကြောင်း ကျင်းယွင်ကျောင်း သတိထားမိသည်။ သူမ ရက်အတော်ကြာ ခေါင်းကိုက်နေရသော ကိစ္စတစ်ခုလုံးကို စုံစမ်းအဖြေထုတ်ရန် လီရှောက်ယွင်သည် တစ်ညသာ အချိန်ယူရ၏။ ၎င်းက သူတို့၏ အင်အားချင်း ကွာခြားချက်ပင်။
ထိုအချိန်လေးအတွင်းမှာပင် သူမ၏ ရင်ထဲ၌ အင်အားကြီးလိုစိတ်များ တဖွားဖွားပေါ်ထွက်လာ၏။
ကျင်းယွင်ကျောင်း၏ အကြည့်များက နက်ရှိုင်းလှသည်။ သို့သော် ပြတင်းပေါက်ဘက်သို့ လှည့်နေသည့် လီရှောက်ယွင်၏ ခပ်ချောချော မျက်နှာပေါ်တွင် ထိန်းချုပ်မရနိုင်စွာ ပေါ်ထွက်လာသည့် ရည်ရွယ်ချက်ရှိရှိ အပြုံးကိုမူ သူမ သတိမထားမိလိုက်ပေ။
Chapter 252 : တစ်ခါသေဖူး ပျဥ်ဖိုးနားလည်
ကျင်းယွင်ကျောင်းတို့ သုံးဦးပြန်ရောက်သောအခါ သူမသည် သူတို့အား နောက်တစ်ကြိမ်ထပ်၍ ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် လူတိုင်း ကိုယ့်လမ်းကိုယ်သွားရန် ပြင်လိုက်ကြသည်။ ထို့နောက် လီရှောက်ယွင်သည် ခရိုင်မြို့၌ ညမအိပ်တော့ဘဲ နင်းမြို့တော်သို့ တန်းပြန်သွား၏။
ထိုကဲ့သို့ သူမအတွက်နှင့် ကိုယ့်ကိုကိုယ် အပင်ပန်းခံသည့် အပြုအမူများက ကျင်းယွင်ကျောင်းအား စိတ်လှုပ်ရှားစေသည်။ ထို့ကြောင့် လီရှောက်ယွင်အပေါ်ထားရှိသော သူမ၏ သဘောထားသည် လုံးဝ ဆန့်ကျင်ဘက် ပြောင်းလဲသွားပြီး သူ့အတွက် သစ်သီးဝိုင်အချို့နှင့် ဆေးဖက်ဝင်ဝိုင်များ ထည့်ပေးလိုက်သေးသည်။
သို့ရာတွင် လီရှောက်ယွင်က မပြန်ခင်၌ သူမအား စိုးရိမ်တကြီး မေးလာ၏။
“မင်းရဲ့မိဘတွေကို ပြန်ရှာဖို့အတွက် အကူအညီလိုသေးလား”
တုလင်းကလည်း ထိုအကြောင်းနှင့်ပတ်သတ်ပြီး စိုးရိမ်နေပုံပင်။
သို့သော် မမျှော်လင့်ဘဲ ကျင်းယွင်ကျောင်း၏ ခန္ဓာကိုယ်က တောင့်တောင့်လေးဖြစ်သွား၍ ခေါင်းယမ်းပြလာ၏။
တစ်ခါသေဖူး ပျဥ်ဖိုးနားလည်သည်။ သူမ၏ မိဘများက မည်ကဲ့သို့သောလူမျိုးများဖြစ်ကြောင်း သူမ, မသိချင်တော့ပေ။ မျှော်လင့်သည်က တခြား၊ လက်တွေ့က တခြားဖြစ်နေသောအခါ စိတ်ပျက်ရသည်နှင့်သာ အသားကျနေပြီဖြစ်သည်။
ထို့အပြင် သူမသည် စွန့်ပစ်ခံခဲ့ရသော ကလေးတစ်ယောက်သာဖြစ်၍ သူမ၏ မိဘများကို ရှာတွေ့လျှင်တောင်မှ သူတို့က သူမအား မနှစ်သက်မည်ကို သူမကြောက်မိ၏။ အဘယ့်ကြောင့် ထပ်မံ၍ ကိုယ့်ဒုက္ခကိုယ်ရှာနေဦးမည်နည်း။ သူမ ရှာတွေ့မည့်မိသားစုမှာ သားယောက်ျားလေးများကို သမီးမိန်းကလေးများထက် ပို၍ဦးစားပေးသော နောက်ထပ်မိသားစုတစ်ခုသာ ဖြစ်နေနိုင်၍ သူမကဲ့သို့သော အကျင့်စရိုက်ရှိသူတစ်ဦးနှင့် မည်သို့အတူနေနိုင်မည်နည်း။
လီရှောက်ယွင်သည်လည်း သူမထံမှ ငြင်းပယ်ခံရမည်ဟုသာ မျှော်လင့်ထားပုံရ၍ သူက ထပ်မံ၍ မတိုက်တွန်းတော့ပေ။
သူတို့ပြန်သွားပြီးနောက်တွင် ကျင်းယွင်ကျောင်းသည် သူမ၏ တိုက်ခန်းအိမ်ရာသို့ ပြန်လာခဲ့သည်။
ယနေ့ ကျင်းယွင်ကျောင်း သူမ၏ မိသားစုနှင့်တွေ့ရန် အိမ်ပြန်သည့်အကြောင်းကို သူမ၏ သူငယ်ချင်းများ သိကြ၏။ ဤကိစ္စက အလွန်အရေးကြီးသည်ဟု ခံစားရသောကြောင့် ရှောင်ဟိုင်ချင်းနှင့်အဖွဲ့သည် ကျောင်းဆင်းသည်နှင့် အိမ်သို့အပြေးပြန်လာကြသည်။ သူတို့သည် ကျင်းယွင်ကျောင်းကို မြင်သောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားကြပြီး သူမဆီသို့ ပြေးလာကြ၏။
“ပြောင်ကျဲ၊ ဘယ်လိုတွေဖြစ်ခဲ့တာလဲ။ သူတို့က အစ်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လား။ သူတို့က အနိုင့်မကျင့်ကြဘူး မဟုတ်လား။ အစ်မရဲ့မောင်တွေညီမတွေကရော အစ်မနဲ့ တူရဲ့လား”
စူးချူက အမောတကော မေးလာသည်။ ကန်ကျင်းချန်သည် စိတ်ပူနေသော်လည်း သူကမူ စူးချူကဲ့သို့ တဲ့တိုးမမေးပေ။
“နင် ဘာလို့ အစောကြီး ပြန်လာတာလဲ။ သူတို့က နင့်ကို ညမအိပ်ခိုင်းဘူးလား”
ထိုအခါ ကျင်းယွင်ကျောင်းက သူတို့၏ မေးခွန်းများအား ဖြေရန် ဟန်ပြင်လိုက်စဥ်မှာပင် ရှောင်ဟိုင်ချင်းက သူတို့နှစ်ယောက်အား ဘေးသို့ တွန်းဖယ်လိုက်ပြီး သူမ၏ ဘေး၌ ဝင်ထိုင်လိုက်ကာ သူမ၏ မျက်နှာကို ဆွဲလှည့်လိုက်၍ လေးလေးနက်နက် မေးလာသည်။
“သူတို့က နင့်ကိုချစ်လား။ ဘာပဲဖြစ်ဖြစ် သူတို့က နင့်ကို မမျှမတ ဆက်ဆံရင် နင် ပြန်ပြောရမယ်နော် ဟုတ်ပြီလား။ နင် တီဗီထဲမှ မြင်ဖူးတဲ့ အိမ်ရှင်မတွေလို ဒေါသတွေကို ထိန်းချုပ်ထားပြီး မမျှမတ ဆက်ဆံခံရလို့ ကြိတ်နာကျင်နေတာမျိုး မလုပ်ရဘူးနော်”
ကျင်းမိသားစုအပေါ် သူတို့၏ အမြင်မှာ အတော်လေး စိတ်ကသိကအောက်ဖြစ်စရာကောင်းလှ၍ ထိုအမြင်အား စကားလုံးတစ်လုံးတည်းနှင့်ပင် ဖော်ပြနိုင်သည်။
ကြောင်တောင်တောင်နိုင်ခြင်း။
သူတို့သည် ကျင်းမိသားစုက ဆင်းရဲသောကြောင့် ကျင်းယွင်ကျောင်း၏ မိဘများဖြစ်ရန် မထိုက်တန်ဟု အထင်သေးခြင်း မဟုတ်ပေ။ တကယ်တမ်း မိဘမဲ့ဖြစ်နေခြင်းထက် ဆင်းရဲသား မိဘများရှိနေခြင်းက ပို၍ပင် ကောင်းသေးသည်။ သူတို့ ထိုကျင်းမိသားစုအား သဘောမကျဘဲ ဖြစ်နေရခြင်းမှာ သူတို့၏ အလိုလိုသိစိတ်သည် ကျင်းယွင်ကျောင်းအား ထိုလူများက အချိန်မရွေး ပြန်ပေးဆွဲဖမ်းချုပ်သွားနိုင်သည်ဟူသော ထူးဆန်းသည့် ခံစားချက်ကို ဆက်တိုက်ခံစားနေရသောကြောင့် ဖြစ်သည်။
ကျင်းယွင်ကျောင်းသည် ခဏမျှ ကြောင်အအဖြစ်နေ၏။ အထူးသဖြင့် ရှောင်ဟိုင်ချင်းက သူမ၏ မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ကိုင်ထားပြီး သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးက တစ်ဆယ်စင်တီမီတာမျှပင် မကွာဝေးတော့သောကြောင့် ဖြစ်သည်။
ထိုအခါ ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်း ကြောင်အ,နေသည်ကို သတိထားမိလိုက်ပြီး နောက်ဆုံးတွင် သူမက ကျင်းယွင်ကျောင်း၏ မျက်နှာကို အားရပါးရ ဖျစ်ညှစ်ဆုပ်ကိုင်ထားမိကြောင်း သတိရသွား၏။ မူလက ကျင်းယွင်ကျောင်း၏ မျက်နှာသေးသေးလေးပေါ်ရှိ ပါးစုန့်လေးများမှာ အားဖြင့် အညှစ်ခံထားရသောကြောင့် သစ်စေ့သစ်ဆန်များ ပါးစပ်အပြည့်ငုံထားသော ချစ်စရာ ရှဥ့်ပေါက်လေးတစ်ကောင်ကဲ့သို့ ဖောင်းကားနေရာ အလွန်ပင် အသည်းယားစရာ ကောင်းလှသည်။
ထို့နောက် ရှောင်ဟိုင်ချင်းက ပြုံးဖြဲဖြဲလုပ်ပြပြီး အလျင်အမြန် ပြောလိုက်၏။
“စိတ်မဆိုးနဲ့နော် ဟုတ်ပြီလား။ ငါ တမင်လုပ်တာ မဟုတ်ပါဘူး၊ နည်းနည်းစိတ်လှုပ်ရှားသွားလို့။ ဟားဟားဟား”
ကျင်းယွင်ကျောင်းက ဤကဲ့သို့ နီးနီးကပ်ကပ်ထိတွေ့မှုများကို မနှစ်သက်ကြောင်း သူမ အသိဆုံးဖြစ်သည်။
ရှောင်ဟိုင်ချင်းက သူမ၏ မျက်နှာကို လက်ဖဝါးဖြင့် အကြိမ်ရေအနည်းငယ်ခန့် တမင်တကာ ဖိပွတ်ပြီးမှ လွှတ်ပေးလိုက်၏။ သို့သော် ကျင်းယွင်ကျောင်း၏ နူးညံ့သော အသားအရေ ထိကိုင်ရသည့်ခံစားချက်ကို အကြိုက်မတွေ့ဘဲ မနေနိုင်ချေ။
ထိုအခါ ကျင်းယွင်ကျောင်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ပြီး ...
“နင်တို့တွေ ဒီနေ့ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိချင်ကြဘူးလား။ အရင်ဆုံး ထိုင်လိုက်ကြ၊ ပြီးရင် ငါရှင်းပြမယ်။ ဒါပေမယ့် ဟိုင်ချင်း၊ အရင်ဆုံး နင် ဘာပစ္စည်းကိုမှ မဖျက်ဆီးပါဘူး၊ စားပွဲကို မလှန်ပါဘူး၊ အော်ကြီးဟစ်ကျယ် မဆဲပါဘူးလို့ ငါ့ကို ကတိပေးရမယ်။ အဲလိုမှမဟုတ်ရင် အိမ်နီးချင်းတွေက ဆူလို့ဆိုပြီး လာပြောကြလိမ့်မယ်”
အဲလောက်တောင် ဆိုးတယ်လား။
ရှောင်ဟိုင်ချင်းက အပြစ်ကင်းစင်းသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခပ်မြန်မြန် သဘောတူလိုက်သည်။
“ငါ စိတ်ငြိမ်ငြိမ်ထားပါ့မယ်လို့ ကျိန်ပြောတယ်”
ကျင်းယွင်ကျောင်းသည် မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးချက်အသစ်ထွက်လာပြီးမှ သူတို့အား ဤအကြောင်းအရာများကို အမှန်တကယ် ပြောပြချင်ခဲ့သော်လည်း စိုးရိမ်ပူပန်မှုများ ဖိတ်လျှံကျနေသည့် မျက်ဝန်းသုံးစုံအား မြင်သောအခါ သူမသည် ထိုအကြောင်းအရာအား ဆက်၍ လျှို့ဝှက်ထားရမည်ကို စိတ်မကောင်းဖြစ်မိသွား၏။
ထို့နောက် နားထောင်မည့်သူသုံးယောက်သည် ကျင်းယွင်ကျောင်း၏ အနားတွင် စုထိုင်လိုက်ကြပြီး သူမကိုသာ အာရုံစိုက်နေကြကာ သူမ၏ စိတ်ကို သူမ ပြင်ဆင်နေသည်အား စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးနေကြသည်။ ဤသို့ဖြင့် ကျင်းယွင်ကျောင်းသည် ယနေ့ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များကို ထိုနားထောင်သူသုံးယောက်အား တစ်ခါတည်း တစ်လုံးမကျန် စတင်ပြောပြလေတော့သည်။