← Chapters

အခန်း (၂၅၃-၂၅၆)

Vol. 13 Ch. 253-256

အခန်း (၂၅၃-၂၅၆)

Vol. 13 Ch. 253-256

Chapter 253 : အိမ်တွင်းအာဏာရှင်

နွေးထွေး၍ သက်တောင့်သက်သာရှိသော ဧည့်ခန်းသည် ငြိမ်သက်နေ၏။ ကျင်းယွင်ကျောင်းက သူမကိုသာ အပြည့်အဝ အာရုံစူးစိုက်နေ၍ သူမပြောသမျှအား နားထောင်ပေးရန် အသင့်ဖြစ်နေသည့် သူငယ်ချင်းသုံးယောက်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“ငါ အဲဒီကိုသွားတော့ ငါ့ရဲ့အဖေနဲ့အမေက ဖော်ဖော်ရွေရွေ ဆက်ဆံနေတုန်းပဲ။ ပြီးတော့ အိမ်မှာ ကလေး သုံးယောက်ရှိတယ်။ အကြီးဆုံးကလေးက ကျင်းရှို့လို့ခေါ်ပြီးတော့ အတော်လေး လိမ္မာတယ်၊ နှိမ့်ချနာခံတတ်တဲ့ အကျင့်စရိုက်ရှိတယ်။ သူ့ရဲ့ညီမကိုကျ ကျင်းလင်လို့ခေါ်တယ်။ အဲဒီကလေးက အသက်ဆယ့်နှစ်နှစ်ပဲ ရှိသေးပေမယ့် ချောင်ဟုန်ယဲ့အငယ်စားလေးလိုပဲ။ သူ့ရဲ့အကျင့်စရိုက်က အပြောင်းအလဲမြန်ပြီး လူရည်လည်တယ်။ ကျန်တဲ့ အငယ်ဆုံးကလေးကကျတော့ ကျင်းမင်ခိုင်လို့ ခေါ်တဲ့ သူတို့မိသားစုရဲ့ အိမ်တွင်းအာဏာရှင် သားယောက်ျားလေးပေါ့”

“ဟမ်...နောက်ထပ်ရော ဘာတွေဆက်ဖြစ်လဲ”

စူးချူက မေးလာ၏။

“ကျင်းလင်က စျေးပေါတဲ့ ပစ္စည်းသေးသေးလေးတွေကိုတောင် လောဘကြီးပေမယ့် ကျင်းမင်ခိုင်က ပစ္စည်းတွေကို အပိုင်စီးတတ်တဲ့ စရိုက်ရှိလို့ သူ လောဘကြီးချင်တိုင်းကြီးလို့ မရဘူး။ ကျင်းမင်ခိုင်က ငါ့ကို သဘောမကျတော့ သူကျောင်းကထွက်မယ်လို့ ခြိမ်းခြောက်တယ်။ ပြီးတော့ ငါ့ပစ္စည်းတွေကို လုဖို့ ကြိုးစားတယ်။ အဲဒီမှာ ငါက သူ့ကိုတားလိုက်တော့ ငါ့အဖေနဲ့အမေက သူတို့ရဲ့စိတ်ရင်းအမှန်ကို ထုတ်ပြလာပြီး ငါကို စအပြစ်တင်တော့တာပဲ။ သူတို့က ငါ့ကို ကျောင်းထွက်၊ အိမ်မှာပဲနေပြီး သူတို့ရဲ့အဖိုးတန်သားလေးကို ဝတ်ကြီးဝတ်ငယ်ပြုစုစေချင်တာ”

“ကျောင်းထွက်ခိုင်းတယ် ဟုတ်လား”

ကျင်းယွင်ကျောင်း၏ စကားကို ကြားပြီးနောက် ရှောင်ဟိုင်ချင်းသည် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်၏။

“သူတို့က ရူးနေတာလား။ ဘာလို့ နင်က ကျောင်းထွက်ရမှာလဲ”

ထိုအခါ စူးချူက ရှောင်ဟိုင်ချင်း၏ အင်္ကျီစကို ဆွဲ၍ သတိပေးလိုက်သည်။

သူတို့က သူတို့၏ကိုယ်ပိုင်အယူအဆများကို ထုတ်ပြောခြင်းဖြစ်သော်လည်း တစ်ဖက်လူ၏ မိဘများကိုတော့ မလေးမစားလုပ်၍ မရပေ။ တကယ်တမ်း ထိုလူများသည် ကျင်းယွင်ကျောင်း၏ မိဘများပင် ဖြစ်နေကြသေးသည်။

ထို့ကြောင့် ရှောင်ဟိုင်ချင်းက သူမ၏ ခုံပေါ်သို့ ဒေါသတကြီး ပြန်ထိုင်လိုက်ပြီး မေးလာ၏။

“နင် ဒီကိစ္စကို ဘယ်တော့မှ သဘောမတူဘူး မဟုတ်လား။ ဒါပေမယ့် နင် သဘောမတူခဲ့ရင် သူတို့က နင့်ကို ထွက်သွားပေးမှာ မဟုတ်ဘူး”

ရှောင်ဟိုင်ချင်းသည် သားယောက်ျားလေးများကို သမီးမိန်းကလေးများထက် ပိုဦးစားပေးသောမိသားစုများကို အလွန်မုန်းတီးသည်။

သူမ၏မိခင် ကွယ်လွန်ပြီး သုံးနှစ်ကြာသောအခါ ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုခဲ့၏။ ယခင်က ဖခင်ဖြစ်သူသည် သူမအား မျှမျှတတ ဆက်ဆံ၍ သူမကိုယ်သူမ ရှောင်မိသားစု၏ ရတနာတစ်ပါးဟုပင် ယူဆထားခဲ့သော်လည်း သူမ၏ဖခင် နောက်အိမ်ထောင်ပြုပြီးသည့်နောက်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ ‘မိထွေးတစ်ယောက်ရှိခြင်းသည် ပထွေးတစ်ယောက်ရှိလာခြင်းဟူ၍လည်း အဓိပ္ပါယ်ရသည်’ ဆိုသော စကားပုံရှိ၏။ ထိုစကားပုံသည် သူမ၏ မိထွေးမှ သားယောက်ျားလေးတစ်ယောက် မွေးဖွားလာသောအခါ ပို၍ထင်သာမြင်သာ ရှိလာသည်။ ထိုအချိန်မှစ၍ သူမသည် ရှောင်မိသားစု၌ တစ္ဆေတစ်ကောင်အလား နေထိုင်ခဲ့ရ၍ သူမ၏ ဖြစ်တည်မှုက အရေးမပါတော့ပေ။

ထို့ကြောင့် ကျင်းမိသားစုက ကျင်းယွင်ကျောင်းအပေါ် ဆက်ဆံပုံများကို ကြားသောအခါ ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းအတွက် စိတ်ထိခိုက်သွားပြီး ဒေါသထွက်လာသည်။

မိန်းကလေးတစ်ယောက်ဖြစ်နေတော့ရော ဘာဖြစ်လို့လဲ။

သူမကိုယ်တိုင်က မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူမနှင့် ယောက်ျားလေးများကြား၌ ကွာခြားချက်ရှိသည်ဟု တစ်ခါမှ မခံစားရဘဲ ကျင်းယွင်ကျောင်းကိုလည်း ထို့အတူပင် ဖြစ်သည်။

ထိုအခါ ကျင်းယွင်ကျောင်းက သူမအား တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလာ၏။

“သေချာပေါက် ငါက သဘောမတူခဲ့ဘူးပေါ့။ အဲဒါနဲ့ ငါထွက်သွားဖို့ ပြင်နေတဲ့အချိန်မှာပဲ ငါ့ရဲ့အဖေနဲ့အမေက ငါ့ကို အတင်းအကြပ်တားဖို့ ကြိုးစားတယ်။ နောက်ကျတော့ လီရှောက်ယွင်နဲ့ သူ့ရဲ့မိတ်ဆွေက ငါ့ကိုအိမ်ပြန်ခေါ်သွားဖို့ ရွာကိုရောက်လာကြတယ်။ ငါတို့ထွက်သွားတော့မယ့်အချိန်မှာပဲ လက်နက်တွေကိုင်ထားတဲ့ ရွာသားတစ်စုက ငါတို့ကို ဝိုင်းလာကြတယ်။ တကယ်လို့ ငါတို့သုံးယောက်သာ ကိုယ်ခံပညာမတတ်ရင် ဒီနေ့ ပြန်လာနိုင်မှာ မဟုတ်ဘူး”

ကျင်းယွင်ကျောင်းသည် နားထောင်သူ သုံးယောက် အလွန်အမင်း စိတ်ပူနေမည်စိုးသောကြောင့် ဖြစ်ပျက်ခဲ့သမျှအား အတိုချုံး၍ ဖုံးဖုံးဖိဖိပြောရန် ကြိုးပမ်းနေသော်လည်း သူတို့သည် ထိုအချိန်က ကျင်းယွင်ကျောင်း ရင်ဆိုင်ခဲ့ရသည့် အန္တရာယ်ရှိသော အခြေအနေအား စိတ်ကူးကြည့်မိပြီးသားဖြစ်သည်။

ကျင်းယွင်ကျောင်း လွတ်မြောက်လာနိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူမက ကိုယ်ခံပညာတတ်ထားသောကြောင့်သာဖြစ်၏။ အကယ်၍ သူမသာ ကိုယ်ခံပညာမတတ်ခဲ့လျှင်ရော။ သူမနှင့် လီရှောက်ယွင်တို့ ရက်ရက်စက်စက် အရိုက်ခံခဲ့ရမည်လား။

ဒီလူတွေက ဘာလို့များ ဒီလောက်တောင် အကြင်နာတရား ကင်းမဲ့ရတာလဲ။ သူတို့က တကယ်ပဲ မိဘအရင်းတွေ မဟုတ်ဘူးလား။

ရှောင်ဟိုင်ချင်းက အံကြိတ်လိုက်ပြီး တုံ့ပြန်လိုက်သည်။

“ယွင်ကျောင်း၊ ဒါတွေအကုန်လုံးက နင့်ရဲ့မောင်လေးကြောင့် ဖြစ်တာ မဟုတ်လား။ ငါ သူတို့ကို ရိုက်ခိုင်းဖို့ လူသွားရှာလိုက်မယ်၊ ဘယ်လိုလဲ။ အနာဂတ်မှာ နင် အဲဒီ အိမ်ဆိုတဲ့နေရာကို ပြန်စရာမလိုဘူး။ ဒီလိုမိသားစုမျိုးက ဒီလိုမှ နားလည်မှာ”

တကယ်တမ်း သူမသည် ရိုက်နှက်၍ ပညာပေးသည်ထက် ထိုတစ်မိသားလုံးကို သတ်ပစ်လိုက်ချင်၏။

ကျင်းယွင်ကျောင်းသည် သူမ၏ မွေးစားမိဘများအိမ်တွင် နေစဥ်က အခက်အခဲများစွာ တွေ့ကြုံခံစားခဲ့ရပြီး မိဘအရင်းများသည် သူမအား ငယ်စဥ်က စွန့်ပစ်ခဲ့သည့်ကိစ္စကို ပြန်အလျော်မပေးနိုင်လျှင်တောင်မှ သူမကို အေးအေးချမ်းချမ်းထားပေးသရွေ့ အဆင်ပြေသော်လည်း ယခု သူတို့ကိုယ်တိုင်ကပင် သူမအား အနိုင်ကျင့်၍ ကူကယ်ရာမဲ့ဖြစ်အောင် လုပ်ခဲ့သည်။

“ကျွန်မ သဘောတူတယ်။ ပြောင်ကျဲ၊ ဒီမိသားစုက ရွံစရာကောင်းလွန်းတယ်။ အစ်မ အဲဒီအိမ်ကို ထပ်ပြီး ပြန်မသွားသင့်တော့ဘူး”

စူးချူကလည်း ချက်ချင်းပင် ဝင်ပြောလာ၏။

သူမနှင့် ပြောင်ကောသည် ငယ်စဥ်ကတည်းက အလိုလိုက်ခံခဲ့ရ၍ ဤသို့ကြောက်စရာကောင်းသော မိဘမျိုးကို တစ်ခါမှ မမြင်ဖူးပေ။

ထို့အပြင် စူးမိသားစု၌ သမီးမိန်းကလေးတစ်ယောက်တည်းသာရှိ၍ သူမ၏ မိဘများသည် ဒုတိယကလေးယူရန်အတွက် တစ်ခါမှ စိတ်မကူးမိခဲ့ကြချေ။ အကြောင်းမှာ သူတို့၏ မျက်လုံးထဲတွင် သူမနှင့် ပြောင်ကောမှာ အတူတူသာဖြစ်၍ သူတို့မိသားစု၏ တစ်စိတ်တစ်ပိုင်းဟု ယူဆသောကြောင့် ဖြစ်သည်။ အလွန်ဘက်လိုက်သည့် ကျင်းမိသားစုနှင့် လုံးဝမတူပေ။

ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် သူမ၏ သူငယ်ချင်းသုံးယောက်က ထုတ်ဖော်ပြသလာသည့် စိုးရိမ်ပူပန်မှုများကြောင့် နှလုံးသားလေး အရည်ပျော်ကျလုမတတ် ခံစားနေရသည်။

“စိတ်အေးအေးထားကြပါဦး။ ငါက အဲ့လောက်မတုံးပါဘူးဟာ။ ပြီးတော့...လီရှောက်ကလည်း ကျင်းမိသားစုက မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးမှုရလဒ်ကို အတု လုပ်၊ မလုပ် စုံစမ်းဖို့ လူလွှတ်ထားပြီးပြီ”

Chapter 254 : လူအများအား တပတ်ရိုက်ပြောဆိုခြင်း

သူမသည် အစကတည်းက သံသယရှိနေသော်လည်း တစ်စုံတစ်ယောက်က သူမအား အကွက်ဆင်ရန်အတွက် သူမ၏ မိဘအစစ်များဟူသော အချက်ကို သုံးလာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

ကျင်းယွင်ကျောင်းက ထိုမိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်က အတုဖြစ်နိုင်သည်ဟု ပြောလိုက်သောအခါ နားထောင်နေသူသုံးယောက်၏ တုံ့ပြန်မှုများက ယခင်ကထက်ပင် ပို၍ပြင်းထန်လာသည်။ ကျင်းယွင်ကျောင်း မတရားသဖြင့် အကွက်ချကြံစည်ခံရသည်ကို ရှောင်ဟိုင်ချင်းက မည်သို့ သည်းခံနိုင်မည်နည်း။

“အခုအချိန်မှာတော့ ဒီကိစ္စကို ဘယ်သူ့မှ ပြောမပြသေးနဲ့ဦးနော်”

ကျင်းယွင်ကျောင်းက သူတို့အား သတိပေးလိုက်သည်။

မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်များက မထွက်သေးရာ ထိုလူများက သူမအား အကွက်ချကြံစည်ရဦးမည်ဖြစ်၏။ ထို့နောက်တွင်တော့ သူတို့သည် သူမ၏ လက်စားချေမှုအတွက် ပြင်ဆင်ထားသင့်သည်။

ကျင်းယွင်ကျောင်း သူမ၏ မိဘအရင်းများနှင့် တွေ့ရန် ကျင်းမိသားစုသို့သွားသည့်အကြောင်းကို သူမ၏ အရင်းအနှီးဆုံး သူငယ်ချင်းသုံးယောက်သာသိ၏။ သူတို့မှလွဲလျှင် အတန်းထဲရှိ အခြားလူများအားလုံး မသိကြသည်ဖြစ်ရာ ဒုတိယမြောက်နေ့တွင် သူမသည် ကျောင်းသို့ ပုံမှန်အတိုင်းသာ လာခဲ့သည်။

ကျောင်းဝန်းသည် သန့်ရှင်းစင်ကြယ်နေပြီး ပတ်ဝန်းကျင်အနေအထားကလည်း ဘေးလူများအား သန့်စင်၍ လတ်ဆတ်သော ခံစားချက်ကို ပေးစွမ်းနေ၏။

သို့ရာတွင် ကျင်းယွင်ကျောင်း မျှော်လင့်ထားသည့်အတိုင်း ကျောင်း၏ တိတ်ဆိတ်အေးချမ်းမှုကို ကျင်းမိသားစုက ရောက်လာပြီး ဖျက်ဆီးလိုက်သည်။ အကယ်၍ ကျင်းယွင်ကျောင်းအား ကျင်းမိသားစု ရောက်လာခြင်းအပေါ် မည်သို့လုပ်ချင်ကြောင်းမေးပါက သူမသည် နေမြဲအတိုင်းသာနေ၍ သူတို့အား လျစ်လျူရှုထားမည်သာဖြစ်သော်လည်း မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးရန်အတွက် လိုအပ်သော နမူနာများအကြောင်းကို တွေးမိသွားသောအခါ နောက်ဆုံးတွင် သူမသည် စိတ်ကိုပြင်ဆင်လိုက်ပြီး ကျောင်းရုံးခန်းသို့ ဦးတည်သွားလိုက်၏။

ထိုအခါ သူမ ရောက်သွားသည်နှင့် ဝမ်ရှင်းဖန်းသည် ချက်ချင်းပင် ဘမ်းခနဲမြည်အောင် ဒူးထောက်လိုက်သည်။

မူလက ကျင်းယွင်ကျောင်းသည် မိဘအရင်း ဟုတ််၊ မဟုတ် စစ်ဆေးချက်အတွက် နမူနာများယူရန် သူတို့၏ အနားသို့ ကပ်ရမည့်နည်းလမ်းကို စဥ်းစားနေသော်လည်း ယခုအခါ ဝမ်ရှင်းဖန်းက ဒူးထောက်ချလိုက်သည်ဖြစ်ရာ ဤသည်က ဘုရားပေးသော အခွင့်အရေးတစ်ခုပင်။

ထို့နောက် ကျင်းယွင်ကျောင်းသည် ဝမ်ရှင်းဖန်းအား ကူတွဲပေးရန်အတွက် ရှေ့တိုးသွားလိုက်ပြီး တစ်ချိန်တည်းမှာပင် ဝမ်ရှင်းဖန်း၏ ဆံပင်နှစ်ချောင်းကို မသိမသာယူလိုက်သည်။

“ရှင်က ကျွန်မရဲ့ရှေ့မှာ ဒူးထောက်ပြီးတော့ ကျွန်မကို အသက်တိုအောင် လုပ်နေတာလား။ ရှင်က ကျွန်မရဲ့အမေလို့လည်း ပြောသေးတယ်၊ ဒါပေမယ့် ကျွန်မ အရင်က လူမြင်ကွင်းမှာ အမေက သမီးကို အရှက်မရှိ ဒူးထောက်တာမျိုး တစ်ခါမှမမြင်ဖူးဘူး”

ကျင်းယွင်ကျောင်းက သူမ လိုချင်သည့် နမူနာဆံပင်များကို ရပြီးနောက် အေးတိအေးစက် ပြောလိုက်၏။

ထိုကဲ့သို့ ကျင်းယွင်ကျောင်းက ရှေ့တိုးလာပြီး သူမအား တွဲထူပေးလိုက်သောအခါ ဝမ်ရှင်းဖန်းက ကျင်းယွင်ကျောင်းသည် ယခင်ကကဲ့သို့ပင် သူတို့အပေါ်၌ မပြောင်းလဲသေးဘဲ စာနာစိတ်အနည်းအကျဥ်းရှိနေဆဲဟု ထင်လိုက်မိသည်။

“မင်း ဘ ... ဘယ်လိုလုပ်ပြီး ...”

“ကျွန်မက ဘာလို့ မလုပ်နိုင်ရမှာလဲ။ မနေ့က ရွာသားတွေအများကြီးက ကျွန်မနဲ့ ကျွန်မရဲ့မိတ်ဆွေတွေကို ဝိုင်းပြီးတော့ ရန်မူတာကို ရှင်တို့တွေက ခွင့်ပြုပေးခဲ့တယ်လေ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို ရှင် နားမလည်သေးဘူးလား”

ကျင်းယွင်ကျောင်းက ဆက်ပြောလိုက်၏။

“သြော်...ဟုတ်သားပဲ၊ မနေ့က ရှင်တို့ တိုက်ခိုက်ခဲ့တဲ့လူက ကျိုတိုကလာတဲ့ ဆွေကြီးမျိုးကြီးတစ်ယောက်ပဲ။ မနေ့က ရှင်တို့ရဲ့ ရုတ်ရုတ်သဲသဲ လုပ်ရပ်ကြောင့် သူက အခုထိ ထိတ်လန့်နေတုန်း။ ဘယ်သူသိမှာလဲ၊ သူက ပြန်လာပြီး ရှင်တို့ကို တရားစွဲမလားဆိုတာ။ အဲဒီအချိန်ကျရင် ရှင်တို့အားလုံး ပြန်ပေးဆပ်ဖို့လိုတယ်နော်”

ထိုစကားကို ကြားသောအခါ ဝမ်ရှင်းဖန်း၏ နှလုံးသားက အလန့်လွန်၍ တစ်ချက်ဆောင့်ခုန်သွားသည်။ ယမန်နေ့က ကျင်းယွင်ကျောင်းအား လာကယ်ခဲ့သည့် လူရွယ်နှစ်ယောက်သည် သာမန်မဟုတ်ကြောင်း သူမ သေသေချာချာ ပြောနိုင်၏။

ထို့အပြင် သူမ၏ ဘဝ၌ ထိုမျှဟိတ်ဟန်ကြီးလွန်းသူကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။

“ဒါပေမယ့် ရှင်တို့တွေ စိတ်အေးအေးထားလို့ ရပါတယ်။ ရှင်တို့က ကျွန်မရဲ့မိဘတွေလို့ ပြောနေတာဆိုတော့ ကျွန်မလည်း သူတို့ကို အချိန်အကြာကြီး ဆက်တိုက်တောင်းပန်လိုက်တယ်။ ကံကောင်းတာက သူတို့က ပြဿနာကို ထပ်ပြီးတော့ အရစ်မရှည်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မက ရှင်တို့ကို အရမ်းစိုးရိမ်နေတာ။ ရှင်တို့တွေ ကျွန်မကို ကျေးဇူးတင်ရင်တောင်မှ ဒူးထောက်ပြီးတော့ ကျေးဇူးတင်ဖို့အတွက် ဒီနေရာထိလာဖို့ မလိုပါဘူး။ တော်ကြာ အကြောင်းစုံကိုမသိတဲ့ ဘေးလူတွေက ကျွန်မ, မကောင်းမှုကျူးလွန်ခဲ့တယ်ထင်ပြီး သိချင်နေကြလိမ့်မယ်”

ကျင်းယွင်ကျောင်းက ထိုစုံတွဲအား စောဒကတက်ခွင့်ပင် မပေးဘဲ ထိုစကားများကို ခပ်သွက်သွက်ဖြင့် ဆက်တိုက်ပြောချလိုက်သည်။

ထိုအခါ ကျင်းယွင်ကျောင်း၏ စကားများကိုကြားပြီးနောက် ထိုစုံတွဲသည် ခဏမျှ ကြောင်အ,သွား၏။

ဝမ်ရှင်းဖန်း၏ အတော်ဆုံးစွမ်းရည်မှာ သူမ၏ အမှားများကို သံရှည်ဆွဲ၍ ညည်းညူငိုယိုခြင်းဖြစ်သည်။ သို့သော် သူမ မငိုကြွေးရသေးမီမှာပင် ကျင်းယွင်ကျောင်းက အခွင့်ကောင်းယူ၍ တည်ငြိမ်သောအမူအယာဖြင့် ကိစ္စများကို အဆင်ပြေချောမွေ့အောင် လုပ်ခဲ့ပြီးပြီဖြစ်၏။

ထိုစုံတွဲသည် ကျင်းယွင်ကျောင်း၏ ကျောင်းသို့ ရောက်လာစဥ်က ဆရာ၊ ဆရာမများနှင့် စကားစမြည်ပြောရင်း အများဆုံးအချိန်ဖြုန်းနေခဲ့သော်လည်း သူတို့သည် လူတိုင်းကို သူတို့က သမီးဖြစ်သူအား မည်မျှချစ်ကြောင်းကိုသာ ထုတ်ပြောချင်နေသောကြောင့် ကျင်းယွင်ကျောင်း၏ မကောင်းကြောင်းကိုပြောရန် အခွင့်အရေးမရှိခဲ့ပေ။ သူတို့မိသားစု၏ အခြေအနေက ဆင်းရဲကြပ်တည်းသောကြောင့် ကျင်းယွင်ကျောင်းသည် သူတို့၏ သမီးတစ်ယောက်အနေနှင့် မိသားစုအား ကူညီသင့်ကြောင်းကိုသာ ထပ်ခါတလဲလဲ ပြောခဲ့ကြသည်။

ထို့ကြောင့်လည်း ဆရာ၊ ဆရာမများက ထိုစုံတွဲကို သံသယမဝင်ခဲ့ခြင်းပင်။

“ရှောင်ယွင်ရေ၊ မင်းက ငယ်ရွယ်ပြီး မရင့်ကျက်သေးတော့...”

“ကျွန်မက ငယ်သေးပေမယ့် အမြဲတမ်း ကျွန်မကိုယ်ကျွန်မ ထောက်ပံ့ခဲ့တာမို့လို့ ရှင်တို့တွေက ကျန်တဲ့မိသားစုဝင်တွေကို ပြုစုပျိုးထောင်ပေးတဲ့နေရာမှာပဲ အာရုံစိုက်ထားပြီး စိတ်ချလက်ချနေလို့ရပါတယ်။ ရှင်တို့တွေ ကျွန်မအတွက် ယွမ်တစ်ပြားတစ်ချပ်တောင် သုံးစရာမလိုပါဘူး”

ကျင်းယွင်ကျောင်းက သူမ၏ စကားကို ချက်ချင်းဖြတ်ပြောလိုက်ရာ ဝမ်ရှင်းဖန်းသည် အနည်းငယ် မျက်နှာပျက်သွား၍ သူမ၏ ရင်ထဲ၌ ချော်ရည်ပူများ လောင်ကျွမ်းနေသည့်သဖွယ် ပူလောင်သွားရတော့လေသတည်း။

Chapter 255 : အောင်မြင်မှု

ဤကျင်းယွင်ကျောင်းသည် မိုက်မဲလွန်းလှသည်။

မူလက ဝမ်ရှင်းဖန်းသည် ကျင်းယွင်ကျောင်းအား ကိုယ့်ကိုကိုယ် တန်ဖိုးထားလေးစားမှုရှိသင့်ပြီး အသက်ငယ်ငယ်ရွယ်ရွယ်တွင် ယောက်ျားလေးများနှင့် ရင်းရင်းနှီးနှီး မဆက်ဆံသင့်ကြောင်း ပြော၍ ဆုံးမလိုခဲ့သော်လည်း ကျင်းယွင်ကျောင်းက အနည်းငယ် ရင့်သီးသောလေသံဖြင့် တစ်ဖက်လူများအား ရည်ရွယ်ချက်ရှိရှိ ချီးမွှမ်းခန်းဖွင့်လိမ့်မည်ဟု မည်သူက သိမည်နည်း။

ကျင်းထျယ်ကျွင်းကလည်း ယနေ့ ကျင်းယွင်ကျောင်းသည် ယခင်ကနှင့်မတူဘဲ သူတို့အား စကားပြန်ပြောရန်ပင် အခွင့်အရေးမပေးကြောင်း သတိထားမိသည်။

“မင်းရဲ့အဖေနဲ့အမေကို စကားဆုံးအောင် ပြောခွင့်လေးပေးပါဦး”

ကျင်းထျယ်ကျွင်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းသည် ခဏမျှ အံ့သြသွားပုံဖမ်းလိုက်ပြီးနောက် ဆက်ပြောလာသည်။

“တခြားဘာပြောစရာ ရှိလို့လဲ။ ကျွန်မက အရာအားလုံးကို နားလည်ပြီးသားပါ။ ရှင်တို့တွေက ကျွန်မကို နာခံမှုရှိစေချင်ပြီး အငယ်တွေကို ဂရုစိုက်ပေးစေချင်တယ် မဟုတ်လား။ စိတ်ချလက်ချနေပါ၊ ကျွန်မရဲ့အဆင့်တွေက တစ်ကျောင်းလုံးမှာ အမြင့်ဆုံးပဲ။ အခု ရှင်တို့တွေက ကျွန်မကို ပညာဆက်သင်ခွင့်ပေးဖို့အတွက် ရှင်တို့ရဲ့ အရာအားလုံးကို ပေးဆပ်ပြီး အနစ်နာခံချင်နေတယ်ဆိုပေမယ့် ဒီလိုလုပ်ဖို့ မလိုပါဘူး၊ ကျွန်မမှာ ကိုယ်ပိုင်ငွေရှိပါတယ်”

“ဟုတ်ပြီလေ၊ ပြောစရာရှိတာက ဒါပဲဆိုရင် ရှင်တို့တွေ အိမ်ပြန်လို့ရပါပြီ။ ကျွန်မအတွက် စိတ်ပူဖို့မလိုပါဘူး၊ ကျွန်မ အတန်းပြန်တက်တော့မယ်”

စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းသည် ထိုစုံတွဲအနားသို့ သွားလိုက်၍ သူတို့အား အပြင်သို့ဆွဲထုတ်ရန် လက်မောင်းကိုဆွဲလိုက်သည်။

ကျင်းယွင်ကျောင်း၏ ပုံမှန်မဟုတ်သောခွန်အားကို ကျင်းထျယ်ကျွင်းက အဘယ်တောင့်ခံနိုင်မည်နည်း။

သူသည် ဝမ်ရှင်းဖန်းကဲ့သို့ စကားပြောကောင်းသူ မဟုတ်ဘဲ ထုံထုံအအ လူတစ်ယောက်ဖြစ်ရာ သူ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေစဥ်မှာပင် ဆွဲခေါ်သွားခံလိုက်ရသည်။ ထို့အပြင် ကျင်းယွင်ကျောင်းအား ပြန်ခံပြောရာတွင် သုံးရမည့် အကြောင်းအရာများအားလုံးကိုလည်း ကျင်းယွင်ကျောင်းက သူမကိုယ်တိုင်ပင် ထုတ်ပြောပြီးသွားပြီဖြစ်၏။ ထိုမျှသာမက ဝမ်ရှင်းဖန်းသည် ကျင်းယွင်ကျောင်းက မိဘများအပေါ်တွင် ရိုသေလေးစားမှုမရှိသူဟုပင် ဆရာ၊ ဆရာမများအား မတိုင်ကြားလိုက်နိုင်ပေ။ သူမသည် မျက်ကန်းတစ်ယောက်မဟုတ်ရာ ကျင်းယွင်ကျောင်းအပေါ် ဆရာ၊ ဆရာမများ၏ မျက်နှာသာပေးမှုကို မြင်နိုင်သည်။

မကြာမီမှာပင် ထိုစုံတွဲသည် ကျောင်းပေါက်ဝသို့ ဆွဲခေါ်သွားခံလိုက်ရပြီးနောက် ကျင်းယွင်ကျောင်းက သူတို့အား တွန်းလွှတ်လိုက်ကာ ကျောင်းဝန်းထဲမှ မောင်းထုတ်လိုက်၏။

“ရှင်တို့နှစ်ယောက်လုံး ထွက်သွားဖို့အချိန်ကျပြီ။ ကျွန်မ လိုက်မပို့တော့ဘူး”

ကျင်းယွင်ကျောင်းက ပြုံးပြလိုက်ရင်း ဆက်ပြောလာသည်။

“ရှင်တို့တွေ ဒီနေရာကို နောက်တစ်ကြိမ် ထပ်မလာတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ကျွန်မ ကျင်းမင်ခိုင်ရဲ့ကျောင်းကို အစ်မကြီးတစ်ယောက်အနေနဲ့ သွားလည်ပြီး စကားနည်းနည်းပြောရလိမ့်မယ်”

ထို့နောက် သူမသည် ထိုစုံတွဲအား တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားလေ၏။

အေးစက်စက် ပုံရိပ်က တစ်ဖြည်းဖြည်းဝေးကွာသွားသည်အား ကြည့်ရင်း ထိုစုံတွဲသည် ရင်ထဲ၌ သွေးအန်၍ သေတော့မတတ် ခံစားလိုက်ရသည်။ သူတို့သည် ယနေ့ ပြောရန်အတွက် ပြင်ဆင်ထားသည့် အကြောင်းအရာအားလုံးကို တစ်ခုမှပင် မပြောလိုက်နိုင်ဘဲ စိတ်ထဲတွင်သာထားကာ ကြိတ်မှိတ်သည်းခံလိုက်ရသဖြင့် နေမထိထိုင်မသာ ဖြစ်နေကြသည်။

“ဖွီ...အရှက်မရှိလိုက်တာ”

ဝမ်ရှင်းဖန်းက ကျင်းယွင်ကျောင်း၏ နောက်ကျောကို လက်ညှိုးထိုးရင်း တံတွေထွေးကာ ပြောလိုက်၏။

သူမသည် ထိုစကားအပြင် အခြားဘာများပြောနိုင်ဦးမည်နည်း။ အနီးနား ပတ်ဝန်းကျင်၌ သူမ၏ ငိုကြွေးရင်ဖွင့်မှုများအား နားထောင်ပြီး စောဒကတက်ပေးမည့်သူ တစ်ယောက်မှ မရှိချေ။

ထို့နောက် ထိုစုံတွဲသည် ရွေးစရာမရှိတော့သောကြောင့် ပြန်လှည့်သွားရပြီး အလွန်အမင်း စိတ်ဓါတ်ကျနေကြသည်။ ရလဒ်အနေဖြင့် သူတို့သည် အိမ်ပြန်ရောက်သောအခါ သူတို့၏ မကျေနပ်ချက်ဒေါသများကို ကျင်းရှို့အပေါ်၌ ပုံချပြီး ဆူပူရိုက်နှက်ကြ၏။ ကျင်းမိသားစုသည် ရက်အနည်းငယ်ကြာ ပြဿနာတက်နေသဖြင့် ကျင်းရှို့သည် ကျောင်းမသွားနိုင်ပေ။ သူမ၏အဆင့်များ ထိခိုက်မည်ကို စိုးရိမ်နေသော်လည်း သူမ ဘာမှမတတ်နိုင်ခဲ့။

သို့သော် ထိုစုံတွဲသည် ကျင်းယွင်ကျောင်းက သူတို့ကို ကျင်းမင်ခိုင်နှင့် ခြိမ်းခြောက်ထားသောကြောင့် ရက်အနည်းငယ်ကြာသည်အထိ မလှုပ်ရှားရဲပဲ အိမ်ထဲတွင်သာနေ၍ အစီအစဥ်ဆွဲနေကြသည်။

ထိုအချိန်၌ ကျင်းယွင်ကျောင်းသည်လည်း လီရှောက်ယွင်အား ထိုလင်မယား၏ နမူနာဆံပင်များကို ပေးလိုက်၏။

သို့ရာတွင် ထိုစုံတွဲသည် ဘာလုပ်ရမှန်းမသိတော့သောကြောင့် လွန်ခဲ့သည့်ရက်များအတွင်း၌ ဒယ်အိုးအပူပေါ်ရှိ ပုရွက်ဆိတ်များကဲ့သို့ ပျာယာခတ်၍ ဆောက်တည်ရာမရ ဖြစ်နေကြောင်းကို ကျင်းယွင်ကျောင်း မသိခဲ့ပေ။ ရက်အနည်းငယ်ကြာပြီးနောက်တွင်မူ သူတို့သည် နောက်ကွယ်မှခိုင်းစေသူထံက ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

ဖုန်းထဲမှတဆင့် ကြားရသောအသံ၏ ချမ်းသာကြွယ်ဝမှုအရှိန်အဝါများက ဖုန်းကိုပင်ဖြတ်၍ စိမ့်ထွက်နေရာ ကျင်းလင်မယားသည် အသားတုံးကိုမြင်သောခွေးများကဲ့သို့ အငမ်းမရဖြစ်နေကြ၏။

“ရှင်တို့လုပ်နေတဲ့ကိစ္စက ဘယ်လောက်ပြီးထားပြီလဲ”

အသံသည် နွမ်းလျလျဖြစ်နေသော်လည်း တရားခံစစ်နေသကဲ့သို့ စစ်ဆေးမေးမြန်းသည့် လေသံဆန်သည်။

ထိုအခါ ဝမ်ရှင်းဖန်းက ဖုန်းကိုဆွဲယူလိုက်ပြီး ဂရုတစိုက်ဖြေလိုက်၏။

“အဲဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ မစ္စဟယ့်၊ ဒီကျင်းယွင်ကျောင်းက ဖြုံစရာကောင်းလွန်းပါတယ်။ သူက ကိုယ်ခံပညာရပ်သုံးပြီး ရွာသားတွေကို မလှုပ်နိုင်အောင် ရိုက်နှက်ရုံတင်မကဘူး၊ ကျွန်မကိုလည်း ကျွန်မရဲ့သားလေးကိုအသုံးချပြီး ခြိမ်းခြောက်ပါသေးတယ်”

Chapter 256 : ခြိမ်းခြောက်မှုများ

လူတစ်ယောက်အား အသုံးချလိမ်ညာခြင်းသည် အကျင့်စာရိတ္တပျက်ပြား၍ မကောင်းမှုကျူးလွန်ခြင်းဖြစ်သော်လည်း မစ္စဟယ့် ပေးသောပိုက်ဆံများမှာ လက်မခံဘဲ မနေနိုင်လောက်အောင် များပြာလွန်းလှသည်။ ထို့အပြင် ထိုစုံတွဲသည် ငွေမက်၍ စိတ်ထားကြမ်းကြုတ်သူများဖြစ်သောကြောင့် မစ္စဟယ့်၏ ညွှန်ကြားချက်များကို လိုက်နာရန် ဆုံးဖြတ်ခဲ့၏။ သို့ရာတွင် တစ်ခုတည်းသောပြဿနာမှာ ကျင်းယွင်ကျောင်းက ကိုယ်ခံပညာတတ်မြောက်ခြင်းဖြစ်သည်။

အကယ်၍ သူတို့သာ ကျင်းယွင်ကျောင်းကို ရန်စချင်ပါက သူမက သူတို့၏အဖိုးတန်သားလေးအား သွားရှာ၍ အနိုင်ကျင့်မည့် အရေးကို မည်သို့ကာကွယ်တားဆီးရမည်နည်း။

ကျင်းလင်မယားသည် ငွေနှင့်ပတ်သတ်လာလျှင် လောဘကြီး၏။ သို့သော် သူတို့၏ သားလေးသာ တစ်ခုခုဖြစ်သွားပါက ထိုငွေများကို မည်သူက သုံးမည်နည်း။

“မစ္စဟယ့်၊ သူက ကျွန်မတို့ရဲ့သားလေးကိုသုံးပြီး ကျွန်မတို့ကို ခြိမ်းခြောက်နေပါတယ်”

ဝမ်ရှင်းဖန်းက သူမ၏ လက်ကျန်သတ္တိများကို စုစည်း၍ အားတင်းပြောလိုက်သည်။

“ရှင့်သား ဟုတ်လား”

မစ္စဟယ့်က အေးစက်စက်ရယ်လိုက်ပြီး ဆက်ပြောလာ၏။

“ရှင်တို့က ပိုက်ဆံတွေကို လက်ခံပြီးသွားတာတောင် အဆုံးထိ တာဝန်ယူဖြေရှင်းပေးချင်စိတ် မရှိဘူးလား။ သူက ရှင်တို့ရဲ့သားကို အန္တရာယ်ပေးမယ်လို့ ဘယ်လောက်ပဲပြောပြော တကယ်တမ်းကျ သူက ဘယ်လောက်များ ဒဏ်ရာရအောင် လုပ်နိုင်မှာမို့လို့လဲ။ အဆုံးသတ်မှာတော့ ကျင်းယွင်ကျောင်းက ဘာအင်အားအစစ်အမှန်မှမရှိတဲ့ ကောင်မလေးတစ်ယောက်သာသာပဲလေ။ အဲဒီအစား ကျွန်မရဲ့စိတ်ရှည်မှုကို လာမစမ်းသပ်ဖို့ ရှင်တို့ကို သတိပေးထားချင်တယ်။ မဟုတ်လို့ကတော့ ရှင်တို့ရဲ့သားကို နောက်တစ်ကြိမ်ထပ်ပြီးတော့ ဘယ်တော့မှ မမြင်ရစေရဘူးလို့ ကျွန်မ အာမခံတယ်”

ငါက ဘာဖြစ်လို့ သူစိမ်းတစ်ယောက်ရဲ့သားကို ဂရုစိုက်နေရမှာလဲ။ ငါသိသမျှက ငါ့သမီးရဲ့ဖြူစင်သန့်ရှင်းမှုက အဖျက်ဆီးခံလိုက်ရပြီးတော့ နိုင်ငံခြားကို အပို့ခံလိုက်ရတယ်။ ဒါတောင် သူက အနာဂတ်မှာ ထန်မိသားစုနဲ့ လက်ထပ်ပြီးတော့ မိသားစုထဲ မဝင်နိုင်တော့ဘူးဆိုတဲ့အချက် မပါသေးဘူး။

ငါ သမီးလေးကို မွေးခဲ့တဲ့အချိန်ကနေစပြီး ဟယ့်မိသားစုက သူ့ကို ထန်မိသားစုရဲ့ချွေးမတစ်ယောက်လိုမျိုး ဆက်ဆံခဲ့တာ။ ဒါပေမယ့် အခုတော့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီး ပြင်ဆင်ခဲ့ရတာတွေက မြောင်းထဲရောက်ကုန်ပြီ။

ကျင်းယွင်ကျောင်းတင်မကဘူး၊ ချောင်ဟုန်ယဲ့ကိုလည်း သူတို့ ငါ့သမီးကို လုပ်ခဲ့တာထက် အဆတစ်ထောင်ဆိုးတာတွေကို ပြန်ခံစားရစေမယ်။ သူတို့နှစ်ယောက် သေချင်လာတဲ့အထိကို ဆင်းရဲဒုက္ခရောက်စေရမယ်။

မစ္စဟယ့်၏ စကားများက ဝမ်ရှင်းဖန်းနှင့် ကျင်းထျယ်ကျွင်းတို့အား ဆောက်တည်ရာမရ ဖြစ်သွားစေသည်။

“ရှင်...ရှင် ဘာကိုဆိုလိုတာလဲ။ ရှင့်ကို ကျွန်မရဲ့သားလေးကို ထိခွင့်မပြုဘူးနော်။ မဟုတ်လို့ကတော့ ကျွန်မ ရှင့်ကို ဘယ်တော့မှ အေးအေးချမ်းချမ်း နေခွင့်မပေးဘူး”

ဝမ်ရှင်းဖန်းက အာခေါင်ခြစ်၍ အော်လိုက်၏။

“ဒါကတော့ ရှင်တို့တွေရဲ့လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်။ ရှင်တို့ရဲ့သားကို လုံခြုံစေချင်ရင် ရှင် ပိုပြီးတော့ နာနာခံခံရှိတာ ပိုကောင်းမယ်။ ကျင်းယွင်ကျောင်း ငြိမ်းငြိမ်းချမ်းချမ်း မနေရသရွေ့ ရှင်တို့အားလုံး သိုက်သိုက်ဝန်းဝန်း နေနိုင်မှာပဲ”

မစ္စဟယ့်က သူမ၏ စကားဆုံးသည်နှင့် ချက်ချင်းပင် ဖုန်းချသွားသည်။

ကျန်ခဲ့သော ဝမ်ရှင်းဖန်းနှင့် ကျင်းထျယ်ကျွင်းတို့သည် တစ်ယောက်နှင့်တစ်ယောက် အသိစိတ်ကင်းမဲ့စွာဖြင့် စိုက်ကြည့်နေမိကြ၏။ သူတို့နှစ်ယောက်သည် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်၍ ဆောက်တည်ရာမရဖြစ်နေကြသည်ပင်။

သူတို့စုံတွဲသည် မစ္စဟယ့်နှင့် ပထမဆုံးစတွေ့သည့်အချိန်က စိုးရိမ်ပူပန်နေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် အလွန်ပျော်ရွှင်နေခဲ့ကြသည်ကို မှတ်မိသေးသည်။ ထိုအမျိုးသမီးက သူတို့အား ရိုးရိုးရှင်းရှင်း တာဝန်အချို့လုပ်ဆောင်ပေးရန် ခေါ်ယူခဲ့၍ သူတို့သည် စရန်ငွေအဖြစ် ယွမ်သုံးသောင်း လက်ခံရရှိခဲ့ကာ တာဝန်ပြီးဆုံးပါက ယွမ်တစ်သိန်းရရှိမည်ဟု ထိုအမျိုးသမီးက ပြောခဲ့၏။ ထို့အပြင် သူတို့၏ လုပ်ဆောင်မှုကို သူမသာ အလွန်စိတ်ကျေနပ်ပါက ယွမ်ငါးသိန်း ထပ်ဆောင်းပေးမည်ဟုလည်း ဆိုသည်။ ထိုငွေပမာဏသည် သူတို့လင်မယားအတွက် ဘာမှထပ်မံ၍ စုဆောင်းနေစရာမလိုပဲ တစ်သက်လုံး ချမ်းချမ်းသာသာ ထိုင်စားနေနိုင်သည့် ပမာဏဖြစ်၏။

ယွမ်ငါးသိန်းသည် သူတို့၏ ဘဝတစ်သက်တာလုံး အလုပ်လုပ်လျှင်တောင်မှ ဘယ်တော့မှ မရှာဖွေနိုင်မည့်ပမာဏပင်။

“ကျွန်မတို့ ဘ...ဘာလုပ်ကြမလဲ။ ဘယ်လိုများ ဒီလိုရက်စက်ပြီး သိက္ခာမဲ့တဲ့လူတွေရှိနေရတာလဲ။ သူက ကျွန်မရဲ့သားလေးကို နှိပ်စက်ညှင်းပန်းချင်နေတယ်ဆိုတာကို တွေးကြည့်လိုက်ရင်လေ...ဒါပေမယ့် ဘာလို့လဲ။ ကျွန်မက သူ့ကို လူကောင်းတစ်ယောက်လို့ပဲ ထင်ထားခဲ့တာပါ”

ဝမ်ရှင်းဖန်းက ငိုရင်းပြောလာ၏။

ထိုအခါ ကျင်းထျယ်ကျွင်းက လက်သီးတင်းတင်းဆုပ်၍ ပြန်ဖြေလိုက်သည်။

“မင်းက ဘာလို့ငိုနေတာလဲ။ နောက်ကျ ရှောင်မင်က ငါတို့ပြောနေတာတွေ ကြားသွားလိမ့်မယ်”

ဝမ်ရှင်းဖန်းက ဒေါသတကြီး ခေါင်းမော့ကြည့်လာ၏။

“အရင်က လင်အာက သူ့ရဲ့အတန်းဖော်တွေနဲ့ အွန်လိုင်းမှာ မတွေ့ခဲ့ဘူးလား။ သူက ပြောတယ်လေ၊ အွန်လိုင်းမှာ ကောလဟာလတွေကို အလွယ်တကူဖြန့်လို့ရတယ်တဲ့။ ပြီးတော့ လူအများကြီးကလည်း အဲဒီကောလဟာတွေကို မြင်နိုင်တယ်တဲ့”

ကျင်းထျယ်ကျွင်းက အသံတိုးတိုးဖြင့်ပြောပြလိုက်ရာ နားထောင်နေသော ဝမ်ရှင်းဖန်းက ခေါင်းတငြိမ့်ငြိမ့်နှင့် သဘောတူလိုက်သည်။

တစ်ချိန်တည်းမှာပင် ခရိုင်မြို့တွင် ရဲများသည် နောက်ဆုံး၌ ချောင်ဟုန်ယဲ့အား ကျန်ရှ ငှားပေးထားသည့် အိမ်လေးတွင် ပုန်းအောင်းနေသည်ကို ရှာဖွေတွေ့ရှိခဲ့၏။

ထို့နောက် ချောင်ဟုန်ယဲ့အား ချောင်မိသားစုဆီသို့ ပြန်ပို့လိုက်ကြောင်းကို ကျန်ရှ သိသွားသောအခါ သူသည် သူ၏မိဘများအား ဒူးထောက်၍ သူနှင့်ချောင်ဟုန်ယဲ့အား စေ့စပ်ပေးရန် တောင်းဆိုခဲ့သည်။

မူလက ကျန်ရှသည် ချောင်ဟုန်ယဲ့အပေါ်တွင် အရူးအမူးချစ်မြတ်နိုးခြင်းတစ်ခုသာ ရှိခဲ့သော်လည်း အခန်းတစ်ခန်းထဲ၌ သူတို့နှစ်ယောက်တည်း အတူနေခဲ့သည့်အချိန်မှစ၍ ချောင်ဟုန်ယဲ့သည် ကျန်ရှက သူမအတွက် အရသာရှိသော အစားအစာများနှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော ပစ္စည်းများကို ယူလာပေးသည့်အခါတိုင်း သူမ၏ခန္ဓာကိုယ်ကို ရက်ရက်ရောရော ပေးခဲ့၏။ အစပိုင်းက ကျန်ရှသည် စိတ်ကူးယဥ်ဆန်သော ချစ်ခြင်း၌သာ မွေ့လျော်တတ်သည့် လူငယ်တစ်ယောက်ဖြစ်သော်လည်း တားမြစ်ထားသော သစ်သီးအား မြည်းစမ်းကြည့်ပြီးနောက်တွင် သူသည် ဆန္ဒရမ္မက်များ၏ သားကောင်ဖြစ်လာခဲ့၍ ချောင်ဟုန်ယဲ့ပေးသမျှ အမိန့်တိုင်းကို နာခံကာ အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်သည်ဟူသော အချက်ကိုပင် မေ့လျော့သွားခဲ့သည်။

ကျန်ရှ၏မိဘများလည်း ဆွံအသွားကြ၍ သူတို့သားဖြစ်သူက ချောင်ဟုန်ယဲ့အား ဖွက်ထားသည့်အကြောင်းကို မယုံနိုင်ဘဲ ငြင်းဆန်နေခဲ့၏။

သို့သော် အနာပေါ် ဆားသိပ်လိုက်သည့်အလား သူတို့သားဖြစ်သူက စေ့စပ်ကြောင်းလမ်းမှုပင် လုပ်ချင်သေးနေသည်။

သူက အသက်ဘယ်လောက်မို့လို့လဲ။

အကယ်၍ သူတို့နှစ်ယောက်သာ အမှန်တကယ် စေ့စပ်လိုက်ပါက သူတို့မိသားစုသည် ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများ၏ အလှောင်ခံ အဟားခံဖြစ်လာလိမ့်မည်ပင်။

ထို့ကြောင့် မိဘနှစ်ပါးသည် သားဖြစ်သူ၏တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သော်လည်း ချောင်ဝေ့မင်က ချောင်ဟုန်ယဲ့အား ခေါ်၍ သူတို့၏အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

All Chapters