အခန်း (၂၅၇-၂၆၀)
Vol. 13 Ch. 257-260
Chapter 257 : တာဝန်ယူရခြင်း
ယခုအချိန်၌ ချောင်ဝေ့မင်သည် မိသားစုပိုင် ပစ္စည်းဥစ္စာများအားလုံးနီးပါးကို သုံးဖြုန်းပစ်ခဲ့ပြီဖြစ်၍ သူ့အပေါ်တွင် အကြွေးတင်နေသည့် ကျန်မိသားစု၏ ချမ်းသာကြွယ်ဝမှုကို မြင်သောအခါ သူသည် အဘယ်ကြောင့် ထိုမိသားစုအပေါ်တွင် အမြတ်မထုတ်ချင်ဘဲ နေလိမ့်မည်နည်း။ ထို့ကြောင့် သူသည် အလိုလိုပင် သူရစရာရှိသည်များကိုယူရန်အတွက် ထိုအိမ်သို့ သွားလိမ့်မည်ဖြစ်သည်။
(T/N : အကြွေးဆိုတာ ပိုက်ဆံချေးထားတာ မဟုတ်ပါဘူးနော်။ သူ့သမီးနဲ့ ကျန်ရှက ခိုးပြီး အတူတူနေလို့ သူက သမီးရှင်အနေနဲ့ သားရှင်တွေက သူ့အပေါ် တင်နေတဲ့ အကြွေး၊ နစ်နာကြေးသဘောမျိုးပါ။)
ချောင်ဝေ့မင်သည် သမီးဖြစ်သူ ချောင်ဟုန်ယဲ့ထက် ဆယ်ဆမက ယုတ်မာ၏။ သူက ကျန်မိသားစုအိမ်ရှေ့၌ စတင်၍ အော်ကြီးဟစ်ကျယ်ဖြင့် ပြဿနာရှာခဲ့ပြီး ထွက်သွားရန် ငြင်းဆန်နေသဖြင့် အနီးနားပတ်ဝန်းကျင်၌ရှိ သူတိုင်းကပင် သူ၏အော်သံကို ကြားနိုင်ချေ၏။
သူသည် ကျန်ရှက သူ့သမီးဖြစ်သူ၏ ဖြူစင်မှုကို ဖျက်ဆီးခဲ့ပြီး သူမအား “အပျက်မ” တစ်ယောက်ဟုခေါ်၍ သိက္ခာချခဲ့ကြောင်းကို ဆက်၍ပြောဆိုနေ၏။ ချောင်ဝေ့မင်၏ ဆက်တိုက်စွပ်စွဲပြောဆိုမှုများသည် ကျန်မျိုးနွယ် လင်မယားနှစ်ယောက်အား အရှက်တကွဲ အကျိုးနည်းဖြစ်စေ၍ သူတို့သည် ချောင်ဝေ့မင်အား ပါးစပ်ပိတ်ရန် ယွမ်တစ်သိန်းခန့်ပေးလိုက်ရသည်။
သို့သော် ဤသည်က အဆုံးသတ်မဟုတ်သေးပဲ ချောင်ဝေ့မင်က သမီးဖြစ်သူကို ချက်ချင်းပင် ကျန်မိသားစုထဲသို့ တွန်းထည့်ခဲ့၍ ခပ်လွယ်လွယ်ပင် ပြောသွားခဲ့၏။
“တာဝန်ယူလိုက်”
ချောင်ဝေ့မင်သည် ငတုံးတစ်ယောက် မဟုတ်သောကြောင့် သူသည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်နှင့် အထည်ဆိုင်တစ်ဆိုင်ရှိသော ကျန်မိသားစု၏ စီးပွားရေးလုပ်ငန်းများကိုသိသည်။ ထို့ကြောင့် သူ့သမီးဖြစ်သူသာ ကျန်မိသားစုထဲတွင် ရှိနေသရွေ့ သူသည် အသက်ရှင်နေသမျှကာလပတ်လုံး အကျိုးအမြတ်များ စိတ်ကြိုက်ရရှိနေမည်မှာ အသေအချာပင်။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် အဖိုးရှု၏ အိမ်တွင် ရောက်နေ၍ ဤအဖြစ်အပျက်များအားလုံးကို ဘာတစ်ခုမှမသိလိုက်ပေ။
အဖိုးရှုသည် သူမ၏ ဝိုင်ကို အလွန်နှစ်သက်၍ ခေါင်းတငြိမ့်ငြိမ့်နှင့် ကျေနပ်နေကာ ရီဝေဝေကြည့်လာပြီး သူမအား ဆေးပင်များကို ထုပ်ပိုးရန် တိုက်ရိုက်ညွှန်ကြားလိုက်သည်။
“ဒီကောင်မလေးကတော့...မင်းက ဗဟုသုတအတော်လေး ကြွယ်ဝတာကို၊ ဒီဝိုင်က ဝိုင်ကောင်းတစ်ခုပဲ”
အဖိုးရှုက အားရပါးရပြုံး၍ ပြောလိုက်ပြီး အဖိုးဆီမှ ထိုကဲ့သို့သော အမူအယာမျိုးကို မြင်ရခြင်းက ရှားရှားပါးပါးပင်။
အဖိုးရှုသည် အလွန်ထူးဆန်းသည်ဟု ကျင်းယွင်ကျောင်း အမြဲခံစားခဲ့ရသည်။ ပုံမှန်အားဖြင့် သူသည် မရယ်မပြုံးတတ်ဘဲ လူများအား အေးတိအေးစက် ဆက်ဆံလေ့ရှိ၏။ ယခုအချိန်၌ သူသည် အဖိုးကန်ထက်ပင် ဝိုင်ကို ပို၍စွဲလန်းနေသည်။ ထို့အပြင် သူသည် ဝိုင်ကို စသောက်လိုက်သည်နှင့် မရပ်နိုင်တော့ပေ။ သို့ရာတွင် သူဝိုင်သောက်သည့်အချိန်တိုင်း ဆေးပင်များနှင့် ပြည့်နေသော အနောက်ဘက်ခြံဝန်းထဲတွင် သူတစ်ယောက်တည်း သော့ပိတ်နေလေ့ရှိပြီး သပ်သပ်ရပ်ရပ် စီထားသော ဆေးပင်များကို စတင်မွှေနှောက်ကာ သူသည် ထိုဆေးပင်များအပေါ်တွင် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေသည့်အလား ရှုပ်ပွသွားအောင် ဖွပစ်လေ့ရှိသည်။
သို့သော် သူထိုသို့ဖြစ်သည့်အချိန်တိုင်း ကျင်းယွင်ကျောင်းအား ကြည့်သည့်အကြည့်များက အနည်းငယ် ကွဲပြားနေသည်ကို မြင်ရလေ့ရှိသည်။
အထူးသဖြင့် အဖိုးရှုသည် အရက်မူးသည့်အခါတိုင်း ကျင်းယွင်ကျောင်းအား ကြင်ကြင်နာနာ ငေးကြည့်နေလေ့ရှိသည်။ တစ်ခါက သူသည် ကျင်းယွင်ကျောင်းအားကြည့်ရင်း မျက်ရည်များပင် ကျဆင်းလာရာ သူမသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ဖူး၏။
“အဖိုး၊ ဒီဝိုင်က အရသာရှိပေမယ့် အဖိုး ထိန်းပြီးတော့ သောက်သင့်တယ်။ မဟုတ်ရင် မနက်ဖြန် အဖိုးအိပ်ယာနိုးရင် ခေါင်းကိုက်နေလိမ့်မယ်”
ကျင်းယွင်ကျောင်းက လေးလေးစားစား ပြောလိုက်၍ ကျောင်းသားတစ်ယောက်က သူတို့၏ ဆရာအား ပြောနေသည့်အလားပင်။
ထိုအခါ အဖိုးအို၏ မျက်နှာတွင် မည်သည့်အမူအယာကိုမှ ထုတ်ဖော်မပြသော်လည်း သူသည် ကျင်းယွင်ကျောင်း၏ စိုးရိမ််ပေးမှုကြောင့် ကျေနပ်သွားပြီး ပြန်ဖြေလိုက်၏။
“ဒီအဖိုးကြီးက သိပြီးသား။ မင်းလို ပေတိပေစုတ်ကလေးမလေးတစ်ယောက်က ငါ့ကို သတိပေးစရာမလိုပါဘူး”
“ရှင်းယွမ်၊ သူ့ကို ဆေးစာပေးလိုက်”
အဖိုးရှုက ကျင်းယွင်ကျောင်းအား ပြန်ဖြေပြီးသည်နှင့် ထအော်လိုက်သည်။
ထိုအခါ ဦးလေးရှင်းယွမ်က အံ့အားသင့်သွားသော်လည်း သူသည် အဖိုးရှု၏ ညွှန်ကြားချက်များကို ရိုရိုသေသေ လိုက်နာပြီး စာရွက်အစိမ်းရောင်တစ်ရွက်ကို ယူဆောင်လာသည်။ ထိုစာရွက်သည် အလွန်လက်ရာမြောက်၍ မည်သည့်ရနံ့မှန်း ကွဲကွဲပြားပြား မသိနိုင်သော ရနံ့လေးတစ်ခု မွှေးပျံ့နေပြီး အတွင်းထဲ၌မူ မည်သည့်စာမှကို ရေးသားမထားဘဲ ရွှေရောင် နွယ်ချိုမြစ်တစ်ခု၏ပုံကို ရိုက်နှိပ်ထားရာ ကျင်းယွင်ကျောင်းသည် အဓိပ္ပါယ်ကို နားမလည်ပေ။
“ဒီဟာက ဆေးဝါးပြိုင်ပွဲတစ်ခုရဲ့ ဖိတ်ကြားလွှာပဲ၊ အနိုင်ရတဲ့သူက အကျိုးအမြတ်တစ်ချို့ရမယ်။ မင်းကို အဲဒီပြိုင်ပွဲကို လွှတ်မယ့် ဆရာရဲ့ဆုံးဖြတ်ချက်က မင်းရဲ့ကောင်းကျိုးအတွက်ပါပဲ။ ပြိုင်ပွဲကျင်းပမယ့် ရက်နဲ့အချိန်ကိုတော့ ပုံနှိပ်ထားတဲ့ ရွှေရောင်နွယ်ချိုမြစ်ထဲမှာ ရေးထားတယ်။ မင်း အိမ်ကိုပြန်ပြီးတော့ ကိုယ်တိုင် ရှာဖွေလေ့လာသင့်တယ်”
ဦးလေးရှင်းယွမ်က ရှင်းပြခဲ့သည်။
ကျင်းယွင်ကျောင်းသည် သေသေချာချာ နားမလည်သေးသော်လည်း လက်ရှိ အဖိုးအို၏ ရီဝေဝေအခြေအနေကြောင့် သူမသည် လေးနက်သောအမူအယာဖြင့် ခေါင်းညိတ်ပြလိုက်၏။
“အိုး...ပြီးတော့ နင်းမြို့တော်မှာ ဆရာနဲ့ ဆေးကုချင်နေတဲ့သူတွေ မရေမတွက်နိုင်အောင်ရှိတယ်။ အရင်ကတော့ သူတို့အားလုံးကို ငြင်းခဲ့ပေမယ့် အခုကစပြီး အဲဒီလူနာတွေအားလုံးကို မင်း ကုပေးရမယ်။ ဆရာက သူတို့ကို မင်းရဲ့ဖုန်းနံပါတ် ပေးပြီးသွားပြီ။ ဒါကြောင့် မနက်ဖြန်ကစပြီး မင်း အလုပ်များတော့မှာ သေချာသလောက်ပဲမို့လို့ ကိုယ့်ကိုကိုယ် သေချာပြင်ဆင်ထားပါ”
ဦးလေးရှင်းယွမ်က ထပ်ဖြည့်ပြောလိုက်၏။
ထိုအခါ ကျင်းယွင်ကျောင်းက အဖိုးရှုအား တအံ့တသြကြည့်လိုက်သည်။
အဖိုးရှုသည် ဆေးဖော်စပ်သူတစ်ယောက်ဖြစ်သော်လည်း သူ၏ ဆေးကုသမှုစွမ်းရည်ကမူ မနိမ့်ကျပေ။ ထို့ကြောင့် လူအများက သူ့ထံသို့ အကူအညီလာတောင်းကြခြင်းမှာ မထူးဆန်း။ သို့သော် ယခု သူသည် ထိုလူနာများအားလုံးကို သူမနှင့် မိတ်ဆက်ပေးနေသည်တဲ့။ ဤကြင်နာသော အပြုအမူက အဖိုးရှု၏ ကျင်းယွင်ကျောင်းအပေါ် အလွန်မျက်နှာသာပေးမှုကို ဖော်ပြလိုက်ခြင်းပင်။
သူမသည် ငယ်ရွယ်လွန်းသောကြောင့် သူမကိုယ်တိုင်က လူနာတစ်ယောက်အား ကုသပေးပါမည်ဟု တောင်းဆိုလျှင်တောင်မှ မည်သူကမှ သူမ၏ ကမ်းလှမ်းချက်ကို လက်ခံမည်မဟုတ်ပေ။ သို့သော် အဖိုးရှု၏ ကူညီပေးမှုကြောင့် လက်တွေ့တွင် သူမ၏ ဆေးပညာကျွမ်းကျင်တိုးတက်မှုနှင့် အတွေ့အကြုံများသည် အာမခံချက်ရရှိထားပြီးဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အဖိုး”
ကျင်းယွင်ကျောင်းက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်၏။
တစ်ခါတစ်ရံ သူမသည် သက်ကြီးရွယ်အိုများကို မြင်သောအခါ ဝမ်းနည်းတတ်သော်လည်း လူတစ်ယောက်သည် တစ်ဖက်လူ၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို အလွန်အကျွံ မမေးမြန်းရပေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် အနာဂတ်၌ သူတို့အား ပို၍ ရိုသေလေးစားစွာ ဆက်ဆံပေးရန်သာ ဆုံးဖြတ်လိုက်သည်။
Chapter 258 : အဆိပ်မိခြင်း
ကျင်းယွင်ကျောင်းသည် အဖိုးရှု၏အိမ်မှ ထွက်လာပြီးသည့်နောက်တွင် သူမ ရက်အနည်းငယ်ကြာအောင် စောင့်စားနေသည့် လီရှောက်ယွင်က နောက်ဆုံး၌ ဆက်သွယ်လာ၍ ရလဒ်များကို လှမ်းပြောလာသည်။
သံသယဝင်စရာမလိုအောင်ပင် သူတို့သည် သွေးသားတော်စပ်မှု မရှိပေ။
နောက်ဆုံးတွင်တော့ ယနေ့ည၌ ကျင်းယွင်ကျောင်းသည် ပြုံးနိုင်သွား၍ ဆေးဘူးကို သူမ၏နေရာလွတ်နယ်မြေထဲသို့ သိမ်းဆည်းထားလိုက်၏။ သူမသည် အတော်လေး စိတ်ပျော်နေသောကြောင့် အပြန်လမ်းတွင် အချိန်တစ်ခုကြာအောင် စျေးဝင်ဝယ်ခဲ့ပြီး ပစ္စည်းအတော်များများ ဝယ်လာခဲ့သည်။
လမ်း၌ သူမသည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားရင်း အထဲသို့ ခေါင်းငဲ့ကြည့်လိုက်ရာ လူများရုတ်ရုတ်သဲသဲ ရှုပ်ထွေးနေသည်ကို တွေ့လိုက်ရ၍ အထဲသို့ ဝင်သွားလိုက်သည်။ သူမသည် တံခါးမကြီးကိုဖြတ်၍ ခြေချလိုက်သည်နှင့် ကြမ်းပြင်ပေါ်၌ လဲကျနေသော လူသုံးယောက်ကို တွေ့လိုက်ရ၏။ သူတို့၏မျက်နှာများနှင့် နှုတ်ခမ်းများမှာ မဲနက်နေပြီး အကြောဆွဲနေကာ တချို့က အော့အန်နေကြသည်။ မြင်ကွင်းမှာ စက်ဆုပ်ဖွယ်ကောင်းလှ၍ သူတို့၏လက်ချောင်းများကလည်း ပြာနှမ်းနှမ်းဖြစ်နေ၏။
အဆိပ်မိနေသည့် မြင်ကွင်းမျိုးပင်။
ထိုအခါ ကျင်းယွင်ကျောင်းက ရှေ့သို့ ချက်ချင်းပြေးသွား၍ သူမ၏အမူအယာကလည်း ပြောင်းလဲသွားသည်။ အဘယ့်ကြောင့် ဤကဲ့သို့သာမန်လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ လူများသည် ရုတ်တရက်ပေါ်ထွက်လာသည့် ရင်ကွဲမြက်နှင့် အဆိပ်ခတ်ခံရသနည်း။
ရင်ကွဲမြက်ကို ရွှေစံပယ်ဟူ၌လည်း သိကြ၍ အနည်းငယ် ရှုရှိုက်မိရုံဖြင့် လူတစ်ယောက်အား လေငန်းဖမ်းသွားစေနိုင်သည်။ အလွန်အဆိပ်ပြင်းသော်လည်း တွေ့ရခဲသည့် အပင်အမျိုးအစားတစ်မျိုးဖြစ်၏။
ဤကဲ့သို့ ပမာဏများများနှင့် ပြင်းပြင်းထန်ထန် အဆိပ်မိပါက သေပင်သေစေနိုင်သည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် အချိန်ဆွဲမနေဘဲ သူမ၏ အိတ်မှတစ်ဆင့် နေရာလွတ်နယ်မြေထဲမှ လတ်ဆတ်သည့် ဂျပန်ခရမ်းပြာပန်း အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ဆိုင်ထဲသို့ မျက်စိကစားလိုက်၏။ ထိုအခါ သူမသည် ထိုအပွင့်များကို ထောင်းရန် လိုအပ်သည့် မီးဖိုချောင်သုံးပစ္စည်းများကိုရှာတွေ့သွားပြီး ရေအနည်းငယ်ထည့်၍ ထောင်းလိုက်ကာ ထိုထောင်းပြီးသားအရည်ကို စစ်လိုက်ပြီးနောက် အဆိပ်မိနေသူသုံးယောက်ဆီသို့ အပြေးအလွှား ယူသွားသည်။
“အားလုံး၊ လမ်းဖယ်ပေးကြပါ”
သူမသည် သန်မာသောကြောင့် လူများအား ဘေးသို့တွန်းဖယ်လိုက်နိုင်ပြီး တွေဝေခြင်းမရှိဘဲ ထိုအရည်များကို အဆိပ်မိနေသူများ၏ ပါးစပ်ထဲသို့ လောင်းချလိုက်သည်။
ထိုအဆိပ်သည် အကြီးစားအဆိပ်တစ်မျိုးဟု ဆိုနိုင်သော်လည်း အဆိပ်ဖြေဆေးကမူ အမှန်တကယ်ပင် ရိုးရှင်းလှ၏။ ဂျပန်ခရမ်းပြာပန်းများအပြင် ဘဲသွေး၊ ဘဲငန်းသွေးနှင့် ဆိတ်သွေးများကိုလည်း အဆိပ်ဖြေရန် အသုံးပြုနိုင်သည်။ သို့မဟုတ်ပါက ပဲနီလေးနှင့် ဘာစမာတီစပါးပင်အမြစ်ကို ကြိတ်ပြီး ရေနှင့်ရော၍လည်း အသုံးပြုနိုင်၏။ သို့ရာတွင် ဤအခြေအနေ၌ အခြားနည်းလမ်းများကို ရွေးခြယ်ရန်အဆင်မပြေသောကြောင့် သူမသည် နေရာလွတ်နယ်မြေထဲရှိ ဆေးပင်များကိုသာ သုံးလိုက်နိုင်သည်။
အဆိပ်မိသူသုံးယောက်အား ကုသပေးလိုက်ပြီး နောက်ဆုံး၌ ကျင်းယွင်ကျောင်းသည် စိတ်သက်သာရာရသွား၏။ သို့သော် မမျှော်လင့်ဘဲ နောက်တစ်စက္ကန့်အတွင်းမှာပင် သူမသည် လူတစ်ယောက်ထံ၌ အဖမ်းခံလိုက်ရ၍ အဝေးသို့ ဆွဲခေါ်ခံလိုက်ရသည်။
“ကျင်းယွင်ကျောင်း၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ။ မင်း သူတို့ကို ဘာတွေတိုက်လိုက်တာလဲ”
တစ်ဖက်လူက ဆက်တိုက်မေးခွန်းထုတ်လာ၏။
ထို့နောက် သူမက ခေါင်းမော့ကြည့်လိုက်ရာ သက်ပြင်းမချမိဘဲ မနေနိုင်တော့ချေ။ အမှန်တကယ်ပင် လမ်းကျဥ်းလေးထဲ၌ ရန်သူများ ဆုံဆည်းမိခြင်းဖြစ်သည်။ ဟွားနင်ခရိုင်မြို့တွင် လက်ဖက်ရည်ဆိုင်ပေါင်းများစွာရှိသော်လည်း သူမသည် ကျန်မိသားစုပိုင်ဆိုင်သည့် လက်ဖက်ရည်ဆိုင်ထဲမှ လူများကို ကယ်တင်ခဲ့ရ၏။
“ကျွန်မ ဘာလုပ်နေလဲဆိုတာ ရှင်မပြောနိုင်ဘူးလား”
ကျင်းယွင်ကျောင်း ရယ်ချင်သွားသည်။ အဆိပ်မိနေသူများ၏ အခြေအနေက ပိုကောင်းလာသည်မှာ မျက်မြင်ပင်ဖြစ်သော်လည်း ဤအဖေကျန်ကမူ သူမအား စစ်ဆေးမေးမြန်းချင်နေသေး၏။
အဖေကျန်သည် တစ်နေ့လုံး စိတ်အခြေအနေမကောင်းပေ။ နေ့ခင်းပိုင်းက သူသည် ချောင်ဝေ့မင်ဟုခေါ်သော ခွေးချီးထုပ်ဆီ၌ ယွမ်တစ်သိန်း ခြိမ်းခြောက်ငွေညစ်ခံလိုက်ရသည်။ ထို့အပြင် ထိုအရှက်သိက္ခာမရှိသည့် မိန်းကလေး ချောင်ဟုန်ယဲ့ကလည်း သူတို့၏အိမ်၌ ဆက်နေ,နေပြီး ထွက်သွားရန် ငြင်းဆန်နေ၏။ သားဖြစ်သူကလည်း ချောင်ဟုန်ယဲ့ထံမှ အကျင့်ဆိုးများကို သင်ယူတတ်မြောက်လာသည်။ ဤရက်အနည်းငယ်ကပင် သူ၏ခေါင်းကို ချာချာလည်အောင် မူးဝေစေ၍ သူ့လက်ဖက်ရည်ဆိုင်၌လည်း ဤသို့ပြဿနာဖြစ်လိမ့်မည်မှန်း သူ မည်သို့သိမည်နည်း။
ထို့အပြင် သူသည် လက်ဖက်ရည်ဆိုင်ဖွင့်လာသည်မှာ ဆယ်နှစ်ကျော်ကြာပြီဖြစ်၍ ဤကဲ့သို့ တစ်ခါမှ မဖြစ်ဖူးပေ။
ဒီမှာရှိသမျှအားလုံးက လက်ဖက်ရည်တွေပဲလေ။ ဒါက လူကို သေစေနိုင်လို့လား။
“မင်းပဲ မဟုတ်လား။ မင်းရဲ့အတွင်းစိတ်က ဘယ်လောက်အဆိပ်ပြင်းလဲဆိုတာ ငါမသိတာလည်း မဟုတ်ဘူး။ ငါ့ဆိုင်ကိုလာပြီး တစ်ညလေးအတွင်းမှာကို ပြဿနာတွေဖန်တီးသွားတာ။ မင်းက တကယ့်ကို ရက်စက်ပြီး အတင့်ရဲနေတာပဲ။ ဒီလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့တောင် မင်းရဲ့လက်ထဲမှာ အဆိပ်တွေရှိနေတာ။ တကယ်လို့ သူတို့သုံးယောက်သာ တစ်ခုခုဖြစ်သွားရင် မင်းတာဝန်ယူရမယ်”
အဖေကျန်က ဒေါသတကြီး စွပ်စွဲလိုက်၏။
ထိုအခါ ကျင်းယွင်ကျောင်းလည်း ဒေါသထွက်သွားသည်။
“ရှင်က ကျွန်မက အဆိပ်ခတ်တယ်လို့ ပြောနေတာလား။ ဒီဧည့်သည်တွေရဲ့မျက်လုံးတွေက ကန်းနေတယ်လို့ ရှင်က ထင်နေတာလား”
သူမသည် စကားဆုံးသည်နှင့် ထိုဧည့်သည်သုံးယောက် ထိုင်ခဲ့သောနေရာသို့ တန်းတန်းမတ်မတ်သွားလိုက်ပြီး လက်ဖက်ရည်အေးခွက်ကို ယူလာပြကာ သရော်လိုက်၏။
“ဦလေးကျန်၊ ရှင့်ရဲ့ ဒီလက်ဖက်ရည်အေးက ပိုးစာရွက်နဲ့ လုပ်ထားတာ၊ ဟုတ်တယ်မလား။ ဒါပေမယ့် နှမြောစရာကောင်းတာက ရှင်က ပိုးစာရွက်နဲ့ ရင်ကွဲမြက်ရဲ့ကြားက ကွာခြားချက်ကိုတောင် မပြောနိုင်ဘဲနဲ့ ရှင့်ရဲ့ဧည့်သည်တွေကို မှားယွင်းသောက်သုံးစေခဲ့တယ်။ အခု ရှင်က ကျွန်မကို အပြစ်တင်နေတယ်ပေါ့။ ရှင့်မှာ အပြစ်တင်ခွင့်ရော ရှိလို့လား”
“အဓိပ္ပါယ်မရှိတာ၊ ဘာရင်ကွဲမြက်လဲ။ ငါ တစ်ခါမှ မကြားဖူးဘူး”
အဖေကျန်သည် ထိုအရွက်ကြောင့် စိတ်မသိုးမသန့်ဖြစ်နေသော်လည်း ကျင်းယွင်ကျောင်း၏ စကားများကိုကြားသောအခါ မခံမရပ်နိုင်အောင် ဒေါသထွက်သွား၍ နောက်ထပ်စကားဆက်မပြောတော့ပဲ သူမဆီသို့ တဟုန်ထိုးပြေးသွားကာ လက်ထဲရှိ လက်ဖက်ရည်အေး လက်ကျန်ခွက်ကို ဆွဲလုလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်လိုက်ရာ လက်ဖက်ရည်များက နေရာအနှံ့ ပြန့်ကျဲဖိတ်စင်သွားတော့သည်။
Chapter 259 : အခြားသူများအပေါ် အပြစ်ပုံချခြင်း
ညအချိန်ရောက်နေပြီဖြစ်သော်လည်း လက်ဖက်ရည်ဆိုင်ထဲ၌ လူအများအပြားရှိနေသဖြင့် အဖေကျန်၏လုပ်ရပ်များက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖြစ်ရာ ပတ်ဝန်းကျင်က အလိုအလျောက်ပင် တိတ်ဆိတ်ငြိမ်သက်နေ၍ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်သည့် ကျန်ဝမ်ရှန်းသည်လည်း သူတို့၏ရှေ့တွင် အမြဲတမ်း တည်ငြိမ်အေးဆေးကာ ယဥ်ကျေးသူဖြစ်လျက် တစ်ခါမှ အသံကျယ်ကျယ်နှင့် စကားပြောဖူးခြင်းမရှိသလို ဒေါသထွက်ပြဖူးခြင်းလည်း မရှိပေ။
လူသုံးယောက် ကြမ်းပြင်ပေါ်တွင် လဲကျ၍ အကြောဆွဲနေလျှင်တောင်မှ ကျန်ဝမ်ရှန်းသည် ဆင်ခြေပေးစရာရှိနေသေး၍ လူနာတင်ကားခေါ်ရင်း အလုပ်ရှုပ်နေခဲ့သော်လည်း ယခုတွင်ရော၊ သူသည် မိန်းကလေးငယ်လေးတစ်ယောက်ကြောင့် ဒေါသထွက်၍ ပေါက်ကွဲနေသည်။
သို့ရာတွင် ထိုမိန်းကလေးအား လေ့လာကြည့်ပြီးနောက်တွင် သူတို့သည် သူမ၌ ထူးခြားချက်အချို့ရှိနေသည်ကို တွေ့လိုက်ရ၏။
သူမသည် ခပ်ရိုးရိုး အားကစားဝတ်စုံကို ဝတ်ဆင်ထား၍ အိတ်တစ်လုံးကို လွယ်ထားကာ ရုပ်ရည်မှာ အတော်လေးလှပသော်လည်း အေးစက်၍ စိမ်းကားသော စရိုက်ရှိပုံရသည်။ သူမ ပေါ်လာသောအချိန်တွင် သူမသည် အဆိပ်မိနေသူသုံးယောက်အား ထူးဆန်းသော အရည်တစ်မျိုးကို တိုက်ကျွေးခဲ့၍ အံသြစရာကောင်းသည်မှာ ထိုတွန့်လိမ်အကြောဆွဲနေသော လူသုံးယောက်၏ အခြေအနေမှာ ပိုကောင်းလာ၍ သူတို့၏ အသားအရောင်များကလည်း နဂိုအတိုင်းပြန်ဖြစ်သွားခြင်းပင်။
စိတ်ရှုပ်နေသော ဘေးလူများသည် သူမပြောသည့် ရင်ကွဲမြက်အကြောင်းကို ကြားသောအခါ ပို၍ပင်စိတ်ရှုပ်သွားကြသည်။
ကျင်းယွင်ကျောင်းက ဤကိစ္စမှာ ရင်ကွဲမြက်ကြောင့် အဆိပ်သင့်ခြင်းဟု ပြောသည်အားကြားပြီးနောက် ကျန်ဝမ်ရှန်းသည် ဆောက်တည်ရာမရဖြစ်နေ၏။ အကယ်၍ သူမပြောသည်သာ မှန်ပါက တရားခံမှာ သူဖြစ်သည်။
ပိုးစာပင်မှ ထုတ်လုပ်သည့် လက်ဖက်ရည်ကို ဟိုးအရင်ကတည်းက သူသည် တစ်ရပ်တစ်ကျေး၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်၏။ ထိုဒေသမှ ရွာသားများက သူ့အား ဤလက်ဖက်ရည်သည် အူအတွင်းမှ အပူဓါတ်ကို ငြှိမ်းသတ်ရာတွင် အသုံးပြုကြောင်း ပြောပြခဲ့၍ ထိုလက်ဖက်ရည်အား သူမြည်းစမ်းကြည့်ပြီးနောက်တွင် အရသာကောင်းသောကြောင့် ပြန်လည်ရောင်းချရန် ဆုံးဖြတ်ခဲ့သည်။
ပြန်တွေးကြည့်သောအခါ ရင်ကွဲမြက်နှင့် ပိုးစားပင်သည် ဆင်တူသောအစိတ်အပိုင်းများရှိ၏။ ထို့အပြင် ဤဆိုင်သို့လာကြသော ဧည်သည့်အများစုမှာ နာမည်ကြီးသော လက်ဖက်ရည်အမျိုးအစားများကို သောက်ကြ၍ ပိုးစာပင်မှထုတ်သော လက်ဖက်ရည်ကိုသောက်သုံးသူမှာ လူနည်းစုသာဖြစ်သည်။ ယနေ့ကဲ့သို့ မတော်တဆမှုကြီးကြီးမားမား ဖြစ်လာလိမ့်မည်ဟု မည်သူသိမည်နည်း။
သူ တစ်ရပ်တစ်ကျေးတွင်ရှိနေစဥ်က ရွာသားများအား ပိုးစားရွက်ကို လက်ဖက်ရည်ထဲသို့ ထည့်ဖျော်နည်းကိုမေးခဲ့၍ သူတို့က သူ့အား ရင်ကွဲမြက်အကြောင်းကို သတိပေးခဲ့သေးသည်။ သို့ရာတွင် ထိုအချိန်က ၎င်းအပင်နှစ်ပင်သည် မတူညီသော အပင်နှစ်ပင်ဟုသာ သူက တွေးခဲ့၍ ထိုနှစ်ပင်အား ခွဲခြားနိုင်လိမ့်မည်ဟု ထင်ခဲ့၏။
ဒီနေ့ နည်းနည်း စိတ်မငြိမ်ဖြစ်နေတော့ စိတ်ရှုပ်နေချိန်မှာ အမှားလုပ်မိတာများလား။
ကျန်ဝမ်ရှန်းသည် ထိုအကြောင်းကို တွေးလိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။
ဤကိစ္စသည် သူ့အမှားမဟုတ်ပေ၊ ကျင်းယွင်ကျောင်းကသာ တရားခံဖြစ်၏။ ဤနေ့ ဤအချိန်တွင်မှ သူမသည် အဘယ်ကြောင့် ဆိုင်ပတ်ဝန်းကျင်တွင် ခိုးကြောင်ခိုးဝှက် ရောက်နေသနည်း။
ကျန်ဝမ်ရှန်း၏ ယုတ်မာသောပုံစံကို ကြည့်ရင်း ကျင်းယွင်ကျောင်းက မညှာမတာပင် ပြောချလိုက်သည်။
“အခြားသူတွေကို အပြစ်ပုံချဖို့ ကြိုးစားနေတာလား။ ရှင့်ဆိုင်မှာ စောင့်ကြည့်ကင်မရာတွေရှိတယ် မဟုတ်လား။ ရှင်ကိုယ်တိုင် ကြည့်ကြည့်လိုက်လေ။ လွန်ခဲ့တဲ့ဆယ်မိနစ်က ကျွန်မရောက်လာတော့ သူတို့က ဒီလိုတွေဖြစ်နေပြီ၊ ကျွန်မက ဘယ်လိုလုပ် သူတို့ကို အဆိပ်ခတ်နိုင်မှာလဲ။ ပြီးတော့ ဒီဆေးဖက်ဝင်လက်ဖက်ရည်က ရှင်တို့ပြင်တာနော်။ ဒါဆိုရင် မီးဖိုထဲမှာ လက်ကျန်တွေရှိနေသင့်တယ် မဟုတ်လား။ သဘောတရားကို စဥ်းစားကြည့်လိုက်ရုံနဲ့ ဘယ်သူမှားလဲ၊ မှန်လဲဆိုတာ ခွဲခြားနိုင်တယ်။ အခု ရှင်က ကျွန်မကို အပြစ်ပုံချချင်နေတာလား။ ရှင်က နှောင့်နှေးအောင် လုပ်နေတာလား။ ရှင်က အရူးတောင် မဟုတ်တော့ဘူး။ အခုအချိန်မှာ မဲမဲမြင်ရာလိုက်ကိုက်တဲ့ ခွေးရူးတစ်ကောင်နဲ့ ပိုတူနေတယ်”
ကျင်းယွင်ကျောင်း၏ ချက်ကျလက်ကျ ပြစ်တင်စွတ်စွဲသံများကြားတွင် ကျန်ဝမ်ရှန်း၏ မျက်နှာမှာ ထိန်းမရအောင် ပျက်ယွင်းသွားသည်။ သို့သော် သူသည် ထိုသို့အပြောခံနေရချိန်တွင် မီးဖိုထဲ၌ ရင်ကွဲမြက်လက်ကျန်များ ရှိနေသေးသည်ကို သတိရသွားသောအခါ ထိတ်လန့်တုန်လှုပ်သွား၏။
ထို့ကြောင့် သူသည် မီးဖိုခန်းသို့သွားချင်သော်လည်း သူ၏ ခြေထောက်များကမူ တစ်လက်မမျှပင် မရွေ့နိုင်ချေ။
မီးဖိုခန်းထဲသို့ တစ်ချက်ကြည့်လိုက်ရုံနှင့် သက်သေများကို အလွယ်တကူပင် ရှာတွေ့နိုင်သည်။ သို့သော် စောင့်ကြည့်နေသော မျက်လုံးများစွာ၏အောက်တွင် ထိုသက်သေများကို မည်သို့ ဖျောက်ဖျက်ပစ်နိုင်မည်နည်း။
ရဲတွေလာရင် ငါ ဘာလုပ်ရမှာလဲ။ ငါ့ဆိုင်ကို ပိတ်ဖို့ ဖိအားပေးကြမှာလား။
ကျန်ဝမ်ရှန်းသည် မှင်သက်နေ၍ တစ်ချိန်တည်းမှာပင် ရင်ထဲ၌ သောကမီးတောက်လောင်နေသည်။ သို့သော် ကျင်းယွင်ကျောင်းက သူ၏ဆိုင်ထဲရှိ လူသုံးယောက်ကို ကယ်တင်ခဲ့ပြီဖြစ်ရာ သူ ထွက်မပြေးပေ။
“မိန်းကလေး၊ ဒီရင်ကွဲမြက်ဆိုတာကို...ဘာလို့ အတိအကျပြောနိုင်တာလဲ”
ဘေးမှကြည့်နေသူများသည် အဆိပ်၏ အာနိသင်ကိုမြင်သောအခါ အထိတ်တလန့်မေးလာသည်။
ကျင်းယွင်ကျောင်းက ဘာကိုမှဖုံးကွယ်မထားဘဲ ဖြေလိုက်၏။
“ရွှေစံပယ်ပင်လို့ အသိများတဲ့ ရင်ကွဲမြက်က တစ်ပင်လုံးမှာ အဆိပ်ရှိတယ်။ အဆိပ်အပြင်းဆုံးအပိုင်းတွေကတော့ အရွက်နဲ့အမြစ်ပေါ့။ အထူးသဖြင့် ထွက်ခါစ အညွှန့်တွေနဲ့အရွက်တွေမှာ ပိုအဆိပ်ပြင်းတယ်။ အရွက်လေးနည်းနည်းနဲ့တင် သေနိုင်တယ်။ ဒီအဆိပ်ကိုစားမိရင် အဆိပ်မိတဲ့သူရဲ့ခန္ဓာကိုယ်က အားပြတ်သွားပြီးတော့ ကယောင်ကတမ်းတွေပြောပြီး အော့အန်၊ ဝမ်းပျက်ဖြစ်တတ်ပါတယ်။ တစ်ချို့ဆိုရင် နှလုံးသွေးကြောတောင် ပိတ်သွားတတ်တယ်။ ဒါပေမယ့် ဒီအဆိပ်ရဲ့ကြောက်စရာအကောင်းဆုံးအချက်ကတော့ ဒီလိုတွေဖြစ်နေတဲ့အချိန်မှာ အဆိပ်မိသူက သတိရှိနေသေးတာပါပဲ”
Chapter 260 : ပကာသနမက်၍ လက်ထပ်ခြင်း
ရင်ကွဲမြက်သည် ပိုးစာပင်နှင့် အတော်လေးတူသောကြောင့် ထိုနှစ်မျိုးအား လွဲနိုင်၍ မှားယွင်းစားသုံးနိုင်ခြေအတော်လေး မြင့်မား၏။ သဘာဝတရားအရ ဤအဆိပ်ရှိသောအပင်သည် ကောင်းသောနေရာ၌လည်း အသုံးဝင်သည်။ ဆေးဖော်သည့်နေရာ၌ ထိုရင်ကွဲမြက်ကို သွေးခဲများအား ချေဖျက်ရာနှင့် နာကျင်မှုအား သက်သာစေရန် အသုံးပြုနိုင်၏။ ကပ်ပါးပိုးမွှားများကိုလည်း သတ်နိုင်၍ ယားယံမှုကို သက်သာစေသောကြောင့် အရေပြားရောဂါများကို ကုသရာတွင်လည်း သုံးနိုင်သည်။
ကျင်းယွင်ကျောင်းသည် ရင်ကွဲမြက်၏ အဆိပ်ရှိသောအကြောင်းအရာများကို ပြောရာ၌ ၎င်း၏ဆေးဖက်ဝင်ပုံများကိုလည်း ချန်လှပ်မထားခဲ့ဘဲ ၎င်း၏ အသုံးပြုပုံ၊ အသုံးပြုနည်းများကို သေသေချာချာ ရှင်းပြခဲ့သည်။
ထိုအခါ နားထောင်နေကြသူများအားလုံးသည် အံ့သြထိတ်လန့်သွားကြ၍ စိတ်နှင့်ကိုယ်နှင့် မကပ်ဘဲ ဖြစ်သွားကြ၏။
ထိုအကြောင်းအရာများကို ဆယ်ကျော်သက်အရွယ် ကလေးမလေးတစ်ယောက်က ရှင်းပြခြင်းဖြစ်သော်လည်း သူမ ရှင်းပြသည်က အမှန်ပင် အတော်လေး ယုံကြည်စရာကောင်းသည်ဟု လူတိုင်း တွေးမိကြသည်။
ပြန်စဥ်းစားကြည့်ပါက သူတို့၏ တုံ့ပြန်ချက်များမှာ အနည်းငယ် ရယ်စရာကောင်းသည်ဟု သူတို့အားလုံး တွေးမိသွား၏။ အဘယ်ကြောင့် ဤကလေး သေသေချာချာ ကိုယ်တိုင်ကိုယ်ကျ ရှင်းပြနေပုံက ဝါရင့်သမားတော်ကြီးတစ်ယောက်နှင့် တူသည်ဟု သူတို့ ထင်နေကြသနည်း။ ထိုထင်မြင်ချက်ကပင် သူတို့အား သူမအပေါ်တွင် အလိုလို ယုံကြည်စိတ်ချစေခဲ့ခြင်းဖြစ်သည်။
သို့သော် ကျင်းယွင်ကျောင်းကမူ သူမ၏ အရှိန်အဝါက ထူးခြားနေသည်ဟု မခံစားရပေ။
သူမသည် ဝိညာဥ်ကျောက်စိမ်း၏ အစိတ်အပိုင်းများစွာကို စုပ်ယူထားပြီးသားဖြစ်၍ သူမ၌ ဆေးပညာ ဗဟုသုတများစွာ ရှိလာပြီဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် အဆန်းအကြယ်ဆုံး ဖြစ်ရပ်မှာ ဘိုးဘေး၏ ဆေးပညာစည်းမျဥ်းများသည် အောချရလောက်အောင်ပင် များပြားလွန်း၍ ကျင်းယွင်ကျောင်းအပေါ်တွင်လည်း အနည်းနှင့်အများ လွှမ်းမိုးမှုရှိနေခြင်းဖြစ်၏။ သူမသည် ဆေးပညာနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ဆွေးနွေးနေရလျှင် သူမ၏ ပုံစံမှာ ထက်မြက်ပြီး တောက်ပနေ၍ အခြားသူများအား အတိုင်းအတာတစ်ခုအထိ ယုံကြည်စိတ်ချလာစေသည်။ သူမ၏ ဖြုံစရာကောင်းသော အရှိန်အဝါများက သူ့အလိုလို အစပျိုးလာခြင်းပင်။
ကျင်းယွင်ကျောင်း ရှင်းပြပြီးနောက် မကြာမီမှာပင် လူနာတင်ယာဥ်နှင့် ရဲများ ရောက်ရှိလာကြသည်။
ဤကဲ့သို့ ရုတ်ရုတ်သဲသဲကိစ္စကြီးတစ်ရပ်ဖြစ်သွားခြင်းကြောင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်အနေဖြင့် ရဲများက ခွင့်ပြုပေးချင်လျှင်တောင်မှ ပုံမှန်အတိုင်း ပြန်၍လည်ပတ်ရန် မဖြစ်နိုင်ပေ။ ကျန်ဝမ်ရှန်းအား ရဲများက ခေါ်ဆောင်သွားသည့်အချိန်မှာပင် ကျန်မိသားစုနှင့် ဆွေမျိုးသားချင်းများ အပြေးအလွှားရောက်လာ၍ ချောင်ဟုန်ယဲ့ပင် ပါလာသည်။ သူတို့အားလုံးသည် ကျင်းယွင်ကျောင်းအား မြင်သောအခါ ကမ္ဘာမကြေ ရန်သူတော်တစ်ယောက်အား တွေ့လိုက်ရသည့်အလား ဖြစ်သွားကြ၏။
ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့၏ဘေးနားရှိ အခြေအနေများကို သတိမထားမိသော်လည်း သူမ၏ သဘောထားကို မြင်သောအခါ သူမသည် ထိုမိသားစုနှင့် လုံးဝကိုက်ညီသည်ဟု အမှန်တကယ်ပင် ခံစားလိုက်ရသည်။ သူတို့အားလုံးသည် တစ်ယောက်အပေါ် တစ်ယောက် စိတ်ကောင်းစေတနာကောင်း မရှိကြချေ။
“အစ်မ၊ ငါ နင်နဲ့မတွေ့တာတောင် အတော်လေး ကြာပြီ။ နင် မိသားစုအရင်းတွေကို ရှာတွေ့ပြီးတော့ သူတို့ဆီပြန်သွားတယ်ဆို။ ဒါက တကယ့်ကို ပျော်စရာကောင်းပြီး ဂုဏ်ပြုစရာပဲ”
ချောင်ဟုန်ယဲ့က စကားစပြောလာ၍ မသိမသာရန်စလိုက်သည်။
အစောပိုင်းက လူတစ်ယောက်သည် ချောင်ဝေ့မင်အား လာရှာခဲ့၍ သူ့အား ယွမ်တစ်သောင်းပေးကာ ကျင်းယွင်ကျောင်း ငယ်စဥ်က အကြောင်းအရာများကို မေးမြန်းစုံစမ်းခဲ့၏။ ဥပမာ သူမအား လမ်းပေါ်မှ ကောက်လာစဥ်က ပါလာခဲ့သည့် ကျောက်စိမ်းဆွဲသီးကဲ့သို့သော အရာမျိုးဖြစ်၏။
ထို့အပြင် လွန်ခဲ့သောနှစ်ရက်က သူစိမ်းလင်မယားနှစ်ယောက်သည် ကျင်းယွင်ကျောင်းအား ကျောင်းအထိလာရှာကြောင်း ကျန်ရှထံမှ သူမကြားထားပြီးဖြစ်သည်။ သူတို့သည် သူမ၏ မိဘအရင်းများဟု လူတိုင်းက ပြောနေကြ၏။
ဤအကြောင်းအရာအား သူမ နားလည်ရန် မခက်ခဲပေ။ ကျင်းယွင်ကျောင်း၏ အထောက်အထားကို အတည်ပြုရန် ချောင်ဝေ့မင်အား လာရှာသောသူ၏ လက်ချက်ပင် ဖြစ်ရမည်။ အစပိုင်း၌ သူမ အနည်းငယ် ဒေါသထွက်ခဲ့၏။ အစွန့်ပစ်ခံထားရသော လူတစ်ယောက်သည် အဘယ်ကြောင့် သူမ၏မိဘများကို ရှာဖွေနိုင်သနည်း။ သို့သော် ယခုအခါတွင်တော့ သူမသည် ဤသို့ဖြစ်လာသည်က ပိုကောင်းသည်ဟု ခံစားနေရသည်။
ထိုမိဘအရင်းများ၏ မိသားစုနောက်ခံအခြေအနေမှာ ရယ်စရာကောင်း၍ သူမတို့၏ မိသားစုအခြေအနေထက်ပင် ပို၍ ရှုပ်ထွေးသေး၏။
မျှော်လင့်ထားသည့်အတိုင်း ကျင်းယွင်ကျောင်းသည် မိသားစုဆွေမျိုးများရှိရန် မထိုက်တန်ပေ။ ဒါတောင် သူမက သူတို့ချောင်မိသားစုမှ ထွက်သွားရန် စီစဥ်ခဲ့သေးသည်လား။ ကျင်းမိသားစုသို့ ပြန်ရောက်သည်နှင့် သူမ၏ ဘဝသည် ချောင်မိသားစုတွင်နေစဥ်ကကဲ့သို့ ထပ်တူထပ်မျှ ခက်ခဲကြမ်းတမ်းပေလိမ့်မည်။
လက်ရှိတွင် ချောင်ဟုန်ယဲ့က ကျင်းယွင်ကျောင်း၏ ကံဆိုးမိုးမှောင်ကျမှုကို သိနေသည့်ပုံဖြင်း ပြောင်ပြောင်တင်းတင်းပင် လှောင်ပြောင်သရော်ချင်နေပုံရ၏။ သူမသည် ကျယ်ကျယ်လောင်လောင် ဟားတိုက်ရယ်လုနီးပါးပင်။
“အို...အခု နင်က အရမ်းရင်းနှီးနေပြီပေါ့။ နင်က သူတို့မိသားစုဝင် ဖြစ်သွားပြီလား”
ကျင်းယွင်ကျောင်းက မျက်ခုံးတစ်ဖက်ပင့်၍ သူတို့၏ အရှုပ်တော်ပုံများကို မြင်ထားပြီးသည့်အလား ပြောလိုက်၏။
“ဒါနဲ့ နင် ကိုယ်ဝန်ဆောင်ပြီးတော့ သူတို့ကို ကလေးတစ်ယောက် မွေးမပေးနိုင်သေးဘူး မဟုတ်လား”
ထိုအခါ ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းထံမှ ရန်စသော အရိပ်အယောင်များကို ခံစားမိလိုက်၍ တုန်ယင်သွားသည်။
ဤကိစ္စသည် ယခုအချိန်၌ သူမကိုယ်သူမ အမုန်းတီးဆုံးကိစ္စဖြစ်၏။ သူမသည် ကျန်မိသားစုအား မှီခိုနေရ၍ ယခုအချိန်တွင် ကိုယ်ဝန်ရှိလာပြီး ကလေးတစ်ယောက် မွေးပေးရန်မှာ မဖြစ်နိုင်ပေ။ သို့ရာတွင် သူမသည် ကျန်ရှနှင့် သေချာပေါက် စေ့စပ်ကြောင်းလမ်းထားရန် လိုအပ်၍ ထို့နောက်မှသာ ကျန်မိသားစု၏ စည်းစိမ်များကို တရားနည်းလမ်းတကျ သုံးစွဲနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်မူ သူမသည် ဇနီးမယားတစ်ယောက်အဖြစ် ကျန်မိသားစုအတွင်း၌ တစ်သက်လုံး ခြေချုပ်မိနေရန် ဆန္ဒမရှိပေ။
သူမသည် အလွန်ငယ်ရွယ်သေး၏။ ယခင်က ကျောင်းရှိလူတိုင်းသည် သူမ၏အဆင့်များက နာမည်ကြီးတက္ကသိုလ်တစ်ခုသို့ ဝင်နိုင်သည်ဟု အမြဲတမ်းပြောကြသည်။ သူမသည် စိတ်ထားကောင်း၍ လှပသောကြောင့် ချမ်းသာသောမိသားစုများမှ သားဖြစ်သူများက သူမအား ချစ်ခင်စုံမက်သွားပါက သူမသည် သူတို့နှင့် လက်ထပ်၍ ချမ်းသာကြွယ်ဝသော ဆွေကြီးမျိုးကြီးအသိုင်းအဝိုင်းထဲသို့ပင် ဝင်ရောက်နိုင်သည်။
ချမ်းသာကြွယ်ဝ၍ ဆွေကြီးမျိုးကြီးမိသားစုကို အတိအကျပြောနိုင်ရန်အတွက် သူမ, မကြုံတွေ့ဖူးသေးသော်လည်း ၎င်းက ကျန်မိသားစုနှင့် မတူသည်ကတော့ အသေအချာပင်။