အခန်း (၂၆၁-၂၆၄)
Vol. 14 Ch. 261-264
Chapter 261 : အချစ်စစ်ဆိုတာ ဖိနပ်စုတ်တစ်ရံ
ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား စိုက်ကြည့်နေ၍ သူမ၏ မျက်လုံးများက မုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။ ဤမိန်းမသည် သူမ၏ အားနည်းချက်ကို အမြဲတမ်း ရှာနိုင်၍ ထိုအချက်ကပင် သူမအား ကျင်းယွင်ကျောင်းကို အလွန်မုန်းတီးစေခြင်းဖြစ်၏။
“နင်က ဘာကို ဒီလောက်ဂုဏ်ယူနေတာလဲ။ အခုဆို နင်က ငါ့ထက်တောင် ပိုကံဆိုးနေပြီလေ။ နင့်ရဲ့မိသားစုက ဆင်းရဲလွန်းလို့ နင့်ပိုက်ဆံတွေအားလုံးကို နင့်မိဘတွေကို ထုတ်ပေးလိုက်မှ သူတို့ စောစောစီးစီး အနားယူနိုင်မယ် မဟုတ်လား။ အခုမှ ငါသတိရတယ်၊ ငါရဲ့မိဘတွေက နင့်ကို ဘာအဝတ်အစားမှ ဝယ်မပေးဘူး၊ အငတ်တောင်ထားတယ်ဆိုပြီး နင် အမြဲတမ်း စောဒကတက်ခဲ့တာ မဟုတ်လား။ ဒါပေမယ့် အခု နင့်ကိုကြည့်ပါဦး၊ နင်သာ နင့်မိဘအရင်းတွေနဲ့နေရရင် ငတ်သေနေတာ ကြာလှပြီ”
ချောင်ဟုန်ယဲ့က ကျန်ရှ၏ လက်မောင်းကို မှီတွဲလိုက်ရင်း မောက်မာစွာ ပြောလာသည်။
“နင့်လက်အောက်မှာ သေတာထက်စာရင်တော့ ငတ်သေတာက ပိုကောင်းပါတယ်”
ကျင်းယွင်ကျောင်းက တန်ပြန်၍ စကားနာထိုးလိုက်သည်။
သို့ရာတွင် ချောင်ဟုန်ယဲ့၏ အထက်စီးဆန်သော မျက်နှာထားကို မြင်သောအခါ ကျင်းယွင်ကျောင်းသည် စိတ်မထိန်းနိုင်တော့ဘဲ ဆက်ပြောလိုက်၏။
“ကျန်ရှက နင့်ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား။ ငါပြောချင်တာက သူက ဘာလို့များ ပါတနာတွေအများကြီးရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ အိပ်တာတုန်းလို့လေ။ အခု နင့်မှာ ရည်းစားရှိနေပြီဆိုတာကို ကောင်းရှင်း သိ၊ မသိ ငါလည်း သိချင်မိတယ်။ တကယ်လို့ သူသာသိသွားရင် ထောင်ကလွတ်တာနဲ့ နင့်ကို လာသတ်မလားပဲ”
ကျင်းယွင်ကျောင်းသည် ကောင်းရှင်း ထောင်မှလွတ်လာစရာအကြောင်းမရှိသည်ကို သိသောကြောင့် အဓိပ္ပါယ်မရှိ လျှောက်ပြောနေခြင်းဖြစ်ပြီး ကောင်းရှင်းက ချောင်ဟုန်ယဲ့အား သတ်ရန်မှာမူ ပို၍ မဖြစ်နိုင်ချေ။
သို့ရာတွင် သူမ၏အရှေ့ရှိ အချစ်ငှက်စုံတွဲအား ပြဿနာမီးမွှေးပေးရန် အခွင့်အရေးကို သူမ အဘယ့်ကြောင့် လက်လွှတ်ခံရမည်နည်း။
ကျင်းယွင်ကျောင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်စကားများကို ကြားသောအခါ ချောင်ဟုန်ယဲ့သည် သူမအား လည်ပင်းညှစ်သတ်ချင်နေသည့်အလား မုန်းတီးစွာ ကြည့်လာသည်။
ကောင်းရှင်း...ကောင်းရှင်း၊ သူက ကောင်းရှင်းအကြောင်းကိုတောင် ထုတ်ပြောရဲသေးတယ်လား။
ထိုအချိန်က ကျင်းယွင်ကျောင်းကသာ ရဲများကို ဓါတ်ပုံများမပေးလိုက်ပါက သူမသည်လည်း ကျောင်းထွက်ရန် မလိုပေ။
သူမအပေါ်ထားရှိသည့် ကျန်ရှ၏ အချစ်သည် အပေါ်ယံ မဟုတ်လျှင်တောင်မှ တကယ်တမ်း သူသည် ယောက်ျားတစ်ယောက်သာဖြစ်သည်။ သူတို့အတူနေသည့်အချိန်တိုင်း သူသည် ကောင်းရှင်းအကြောင်းကို အမြဲတမ်း ထုတ်ပြောတတ်၍ သူမသည် ပညာကုန်ထုတ်ကာ သူ့အား ချော့မြူနှစ်သိမ့်ရလေ့ရှိပြီး သူက သူမအား စွန့်ပစ်သွားမည်ကို ကြောက်နေရ၏။
ယခုအခါ ကျင်းယွင်ကျောင်းသည် ဤကိစ္စကို တဖန်ပြန်၍ အစဖော်လိုက်ပြီး ဤတစ်ကြိမ်က ကျန်ရှ၏ မိခင်ရှေ့တွင် ဖြစ်သည်။
ချောင်ဟုန်ယဲ့က အမေကျန်အား ကြည့်လိုက်သောအခါ ထင်သည့်အတိုင်းပင် အမေကျန်သည် ဒေါသတကြီး အော်ဟစ်ပေါက်ကွဲတော့၏။
“မင်း ဘာကိုဆိုလိုတာလဲ”
ငါ့သားက သူများသုံးပြီးသား မသန့်ရှင်းတဲ့ တစ်ပတ်ရစ်ကို ရထားတာလား။
သူက အရမ်းငယ်သေးပေမယ့် ယောက်ျားတွေနဲ့ အိပ်ပြီးသားလား။
ရုတ်တရက် အမေကျန်၏ မျက်နှာသည် ဒေါသထွက်လွန်းသဖြင့် နီရဲသွားပြီး ချောင်ဟုန်ယဲ့၏ ပခုံးအား ဆွဲလှုပ်လိုက်သည်။
“ခွေးမ၊ နင်က ငါတို့ကို မထီလေးစားနဲ့ လိမ်ရဲသေးတယ်။ နင့်လိုမျိုး စီးပြီးသား ဖိနပ်တစ်ရံကများ ငါ့သားဆီကနေပြီးတော့ ရတနာတစ်ခုလိုမျိုး ဆက်ဆံခံချင်သေးတာလား”
သူမသည် ချောင်ဟုန်ယဲ့အား အစကတည်းက မုန်းတီးနေခြင်းဖြစ်၍ ယခုအခါတွင် တစ်ချိန်တည်း၌ အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားရာ သူမသည် ထပ်မံ၍ စိတ်မထိန်းနိုင်တော့ပေ။
ထိုအချိန်၌ ကျန်ရှသည်လည်း ဓါးဖြင့်အထိုးခံနေရသည့်အလား အသည်းခိုက်လုမတတ် ခေါင်းက နာကျင်ကိုက်ခဲနေ၍ ချိနဲ့စွာ ပြောလာသည်။
“အမေ၊ ပြဿနာရှာနေတာ ရပ်လိုက်ပါတော့။ ကျွန်တော် ဒါကို သိပြီးသားပါ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ။ အဲဒီအချိန်တုန်းက ကောင်းရှင်း၊ ချောင်ဟုန်ယဲ့နဲ့ ဟယ့်ကျားစစ်တို့ဖြစ်သွားတဲ့ကိစ္စကို တစ်ကျောင်းလုံးသိခဲ့ကြတာပဲ။ ဒါပေမယ့် ချောင်ဟုန်ယဲ့က နစ်နာတဲ့သူလေ၊ အဲဒီအချိန်တုန်းက ကောင်းရှင်းကိုယ်တိုင်က သူ့ကို အတင်းအဓမ္မကျင့်ခဲ့လို့သာ၊ သူ့ဆန္ဒမပါဘူး”
“ငါ နင့်လိုသားမျိုးကို ဘယ်လိုများ မွေးထားတာလဲ။ နင်က အထက်တန်းပဲရှိသေးတယ်၊ ဘာလို့ သူ့လိုမျိုး ဖိနပ်ဟောင်းတစ်ရံအတွက်နဲ့ ငါတို့ကို ဆန့်ကျင်နေရတာလဲ။ အခု ငါတို့မိသားစုက ဒုက္ခရောက်နေတာတောင် နင်က သူ့ဘက်မှာ ရှိနေတုန်းပဲ။ ငါသေမှများ နင်က ကျေနပ်မှာလား။ ငါ ဘာကိုမှ ဂရုမစိုက်တော့ဘူး။ ချောင်ဟုန်ယဲ့ကို ငါတို့အိမ်မှာ ဆက်ပြီးနေခွင့်မပြုနိုင်ဘူး၊ ဒါမှမဟုတ်ရင် ငါတို့ နင့်ကိုပါ အမွေဖြတ်စွန့်လွှတ်ပစ်မယ်”
အမေကျန်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
ထိုစကားကိုကြားသောအခါ ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ...
“အားလုံးက နင့်အပြစ်ပဲ။ ကျင်းယွင်ကျောင်း၊ ဘယ်လောက်ပဲ အပြစ်တင်နေပါစေ။ ငါက နင့်ကို အစ်မလို့ နှစ်ပေါင်းများစွာ ခေါ်ခဲ့တာပါ။ အခု ငါ့မှာ တခြားသွားစရာနေရာ မရှိတော့ဘူး။ ဒါတောင်မှ နင်က ငါ့ကို ရက်ရက်စက်စက် ဒုက္ခပေးဖို့ ကြိုးစားနေတုန်းပဲ”
ထိုအခါ ကျင်းယွင်ကျောင်းက သူမအား အလွန်အေးစက်စွာ စိုက်ကြည့်လာသည်။
ချောင်ဟုန်ယဲ့သည် အနိုင်ကျင့်ခံရချင်ယောင်ဆောင်သည်နှင့် အသားကျနေပြီဖြစ်၍ အမြဲတမ်း နစ်နာသူပုံဖမ်းလေ့ရှိ၏။ သို့သော် ယခုအချိန်၌ သူမ အိမ်၌သာ နေရသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ သူမ၏ အားနည်း၍ သနားစရာကောင်းသည့်ဟန်ပန်မှာ ပျောက်ကွယ်သွားပြီဖြစ်၏။ သို့ရာတွင် စကားလုံးအနည်းငယ်ဖြင့်ပင် သူမ၏ မြေခွေးအမြီးကို စတင်ဖော်ပြလာသည်။
(T/N : မြေခွေးအမြီးကို စပြီးတော့ ဖော်ပြတယ်ဆိုတာက သူ့ရဲ့ ယုတ်မာတဲ့စရိုက်တွေ ပြန်ပေါ်လာတယ်လို့ ပြောတာပါ။)
ပထမက ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အား သူမ၏ ရန်သူဟု မှတ်ယူထားသော်လည်း ယခုတွင်တော့ ချောင်ဟုန်ယဲ့သည် ရယ်စရာကောင်း၍ နုံချာလှသည်ဟုသာ ခံစားမိတော့၏။
ယခု သူမက အသက်ကြီးလာလေလေ ပို၍ နုံချာလာလေလေ ဖြစ်သည်ပင်။
Chapter 262 : ကိုယ့်ကိုကိုယ် ဒုက္ခပေးခြင်း
ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အား အဖတ်လုပ်ရန်ပင် ပျင်းရိနေ၏။ သို့သော် ချောင်ဟုန်ယဲ့အတွက်မူ ဤကဲ့သို့သော သဘောထားမျိုးအား မြင်ရခြင်းက ကျင်းယွင်ကျောင်းသည် မောက်မာလာသည်ဟု ခံစားရ၍ သူမ၏ ရင်ထဲတွင် အတော်လေး မသက်မသာဖြစ်နေသည်။
မကြာမီမှာပင် ဆေးရုံမှ သတင်းရောက်လာ၏။ အဆိပ်မိသူသုံးဦးလုံးသည် စိတ်ချရပြီဖြစ်၍ စိုးရိမ်ရသော အခြေအနေမဟုတ်တော့ပေ။ သူတို့သည် သူမ၏ အရေးပေါ်ကုသမှုသာ မခံယူရပါက အသက်ရှင်မည် မဟုတ်သည်မှာ အသေအချာပင်။
လက်ဖက်ရည်ဆိုင်အတွင်းတွင် အဆိပ်မိသူများ၏ မိသားစုဝင်များလည်း ရှိနေသေးသည်ဖြစ်ရာ ယခုအခါ အမေကျန်၏ ပတ်ဝန်းကျင်၌ မျက်ရည်ပင်လယ်ဝေနေ၏။
ထို့အပြင် ရဲများသည်လည်း လက်ဖက်ရည်ဆိုင်အတွင်းမှ ရင်ကွဲမြက်လက်ကျန်များကို ရှာတွေ့သွားသောကြောင့် ကျန်မိသားစုသည် ဤကိစ္စ၌ အဓိကတာဝန်ရှိသူများအဖြစ် သူတို့တာဝန်ယူရမည့်အရေးအား မငြင်းဆန်နိုင်တော့။
ယခုအခါ တစ်ချိန်က တိတ်ဆိတ်၍ ချောင်ကျခဲ့သော လက်ဖက်ရည်ဆိုင်သည် ဆပ်ကပ်ပွဲတစ်ခုအလား ဆူညံပွက်လောရိုက်နေ၏။ ဂုဏ်သိက္ခာနှင့် နာမည်ကောင်းကို အလွန်တန်ဖိုးထားသော အမေကျန်သည် ဤအခြေအနေ၌ သူမ၏ ပုံရိပ်ကို အထက်တန်းစားအမျိုးသမီးကဲ့သို့ မည်သို့ ထိန်းသိမ်းနိုင်မည်နည်း။ ထိုပုံရိပ်သည် သူမ၏ယောက်ယက်ခတ်မှုများကြားတွင် လုံးဝပြိုလဲပျက်စီးသွားသည်။
ထို့အပြင် ကျန်ရှသည် အမြဲတမ်း သူ့ကိုယ်သူ အထင်ကြီး၍ ဂုဏ်မောက်ခဲ့သူဖြစ်၏။ ထို့ကြောင့် ယခု ဤပြဿနာရှာနေသော လူအုပ်နှင့် ရင်ဆိုင်ရသောအခါ သူသည် ဒေါသထွက်လာတော့၏။
“ရှင်တို့လက်ဖက်ရည်ဆိုင်ရဲ့ လက်ဖက်ရည်က ကျွန်မ ယောက်ျားကို သေအောင် သတ်လုနီးပါးပဲ။ ကျွန်မတို့ မိသားစုငါးယောက်လုံး ကျွန်မတို့ကို ရှာကျွေးနေတဲ့ အိမ်ထောင်ဦးစီးကို ဆုံးရှုံးရတော့မလို့။ ရှင်တို့ မသမာတဲ့ စီးပွားရေးသမားတွေက အရှက်ကိုမရှိဘူး။ တကယ်လို့ ရှင်တို့သာ ကျွန်မကို ဖြေရှင်းချက်တစ်ခု မပေးနိုင်ရင် ကျွန်မလည်း ရှင်တို့ကို ဘယ်တော့မှ အေးအေးချမ်းချမ်း ပေးမနေနိုင်ဘူး”
“ခင်ဗျားတို့က ကိုယ့်ဆိုင်ကိုယ် နံပါတ်တစ် လက်ဖက်ရည်ဆိုပြီး ခေါ်နေသေးတာလား။ ခင်ဗျားတို့ရောင်းသမျှက အဆိပ်ရှိတဲ့ လက်ဖက်ရည်တွေပဲလို့ ကျုပ်ထင်တယ်။ ဒီလိုဆိုင်မျိုးကို မလာသင့်ဘူး။ အားလုံးပဲ... ဖျက်ဆီးပစ်ကြကွာ”
“ဟုတ်တယ် ...ဖျက်ဆီးပစ်ကြ”
……
လူအုပ်ကြီးသည် အော်ဟစ်ရှုတ်ချလာကြ၍ သူတို့တစ်ယောက်ချင်းသည် ချက်ချင်းပင် စားပွဲပေါ်ရှိ ရေနွေးအိုးများ၊ ရေနွေးခွက်များကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခွဲပစ်ကြရာ ဖန်ခွက်ကွဲသံများ ဆူညံနေတော့သည်။ ကျင်းယွင်ကျောင်းသည် ဘေးတွင် မတ်တပ်ရပ်နေ၍ သူတို့နှင့် အတော်လေးလှမ်း၏။ယခု ဖြစ်ပျက်နေသည့်ကိစ္စများသည် သူမနှင့် မဆိုင်သောကြောင့် ဤနေရာမှ ထွက်သွားနိုင်သော်လည်း သူမအား ကျေးဇူးတင်စကားပြောရန် ကြိုးစားနေသူအနည်းငယ်က ဘေးတွင်ရှိနေသေး၏။ ထို့အပြင် လက်ဖက်ရည်ဆိုင်ပေါက်ဝကိုလည်း အခြားလူတစ်စုက ပိတ်ဆို့ထားသည်။
“ညီမလေး၊ ဒါတွေအားလုံးက မင်းရဲ့ကျေးဇူးတွေပါပဲကွယ်။ ဆရာဝန်ကပြောတယ်၊ မင်းရဲ့အချိန်မီကုသပေးမှုကြောင့်သာ မဟုတ်ရင် သူတို့သုံးယောက်လုံး သေသွားလိမ့်မယ်တဲ့”
“ကျောင်းသူလေး၊ မင်းက ငါတို့မိသားစုရဲ့ တကယ့်ကျေးဇူးရှင်ပါပဲ”
“မင်းက ဘယ်ကျောင်းကလဲ။ ငါ နောက်ကျရင် မင်းရဲ့အိမ်နဲ့ကျောင်းကို ကိုယ်တိုင်ကိုယ်ကျ လာလည်ပြီးတော့ မင်းရဲ့ မြင့်မြတ်တဲ့လုပ်ရပ်တွေကို လူတိုင်းသိအောင် ပြောပြမယ်”
ထိုသို့ကျေးဇူးတင်စကားများကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် အေးဆေးတည်ငြိမ်၍ စိတ်လှုပ်ရှားခြင်းမရှိသော်လည်း ချောင်ဟုန်ယဲ့ကမူ မနာလိုမရှုစိမ့်ဖြစ်လာ၍ ဒေါသထွက်နေတော့၏။
ကျင်းယွင်ကျောင်းကို ဒီလောက်ထိ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေရအောင် သူက ဒီအတင်းကျေးဇူးတင်ချင်နေတဲ့သူတွေအတွက် ဘာတွေများ လုပ်ပေးခဲ့လို့လဲ။
ဒီနေရာမှာရှိတဲ့လူတွေနဲ့ ငါတို့က ညှိနှိုင်းဖို့ ကြိုးစားတုန်းမှာ ကျင်းယွင်ကျောင်းကတော့ ဒီမှာရှိတဲ့ တခြားသူတွေဆီကနေ သက်သက်သာသာနဲ့ ကျေးဇူးတင်ခံနေရတယ်။ သူက အရမ်းကြီးကျယ်မြင့်မြတ်နေရင်လည်း ဒီအချိန်မှာ ဒီလူတွေကို နောက်ဆုတ်လိုက်ကြဖို့ သူလာပြောသင့်တယ် မဟုတ်လား။
ယခုအချိန်၌ လူများသည် ချောင်ဟုန်ယဲ့ကိုပါ လက်ညှိုးထိုး၍ အော်ဟစ်ကြိမ်းမောင်းနေကြသည်ဖြစ်ရာ သူမသည် မှားယွင်းစွပ်စွဲခံနေရသလို ခံစားနေရသည်။ သူမသည် ကျန်မိသားစုဝင် မဟုတ်ပေ။
“ကျွန်တော်တို့မိသားစုကလည်း သူတို့ ဒီလိုဖြစ်တာကို အရမ်းအံ့သြနေတာပါ။ ဒါပေမယ့် ခင်ဗျားတို့အားလုံး ဒီမှာ ပြဿနာရှာခွင့် မရှိဘူး။ ဒါ့အပြင် ကျွန်တော်ရဲ့အဖေက ဒီလက်ဖက်ရည်ဆိုင်ကို စီမံခန့်ခွဲလာတာ ဆယ်နှစ်ကျော်လာပြီ၊ အရင်က ဘာပြဿနာမှ မဖြစ်ခဲ့ဖူးဘူး။ ခင်ဗျားတို့က မသိလို့၊ အဲဒီလူသုံးယောက်က အကျိုးအမြတ်လိုချင်လို့ အကွက်ချကြံစည်တာ ဖြစ်နိုင်တယ်”
ထိုလူများက သူ၏သည်းခံနိုင်စွမ်းကို ထိပါးနေကြသဖြင့် ကျန်ရှသည် အော်ပြောလိုက်တော့သည်။
ထိုစကားကို ကြားသောအခါ ချောင်ဟုန်ယဲ့သည် ဒေါသထွက်လွန်း၍ မျက်ဖြူပင်လန်သွား၏။
ဒီအသုံးမကျတဲ့ ခွေးကောင်ကတော့...
လက်ရှိအချိန်၌ ဘေးလူအနည်းငယ်ကသာ ဤဖြစ်ရပ်ကို စပ်စုရန်ကျန်နေခဲ့ကြ၍ အရေအတွက်မများပေ။ အခြားသူများမှာ အဆိပ်မိသူသုံးယောက်၏ မိသားစုဝင်များနှင့် မိတ်ဆွေများသာဖြစ်၏။ သို့သော် ကျန်ရှက ဤကိစ္စ၌ အဆိပ်မိသူများသည် ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင်လုပ်၍ သူတို့ထံမှ လိမ်ညာ၍ လျော်ကြေးရရန် ကြိုးစားနေကြသည်ဟု ပြောရဲသေးသည်။ ထိုစကားက သူတို့အား ပိုဒေါသထွက်အောင် လှုံ့ဆော်ပေးနေခြင်း မဟုတ်လား။
မျှော်လင့်ထားသည့်အတိုင်းပင် ကျန်ရှ၏ ဦးနှောက်မရှိသော စကားလုံးများသည် ကန်ရေပြင်ကို ဂယက်ဖြစ်အောင်ဖန်တီးနေသည့် ခဲလုံးများနှင့်တူသည်။ တစ်ဖက်ရှိ ယောက်ျားသားများထဲမှ တစ်ယောက်သည် ဒေါသထွက်လွန်း၍ မျက်နှာများနီရဲကာ လည်ပင်းကြောများထောင်လာပြီး ကျန်ရှအား လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ပြောလိုက်၏။
“သူပြောတာ ခင်ဗျားတို့ကြားကြလား။ ဒါက လူပြောတဲ့ စကားလား။ ငါတို့က အကွက်ချကြံစည်ထားပါတယ်လို့ မင်းက ပြောနေတာလား။ ညီလေး၊ ခုနတုန်းက သူတို့အသက် သေလုနီးပါးပဲကွ။ မင်းတို့ကို စွပ်စွဲဖို့ သူတို့အသက်ကိုတောင် သုံးရမှာလား။ မင်းတို့က အဲ့လောက်တောင် တန်ကြေးရှိတယ်လို့ တွေးနေတာလား။ ဒါ့အပြင် ခုနလေးကမှ ရဲတွေလာသွားတာလေ။ မင်းတို့ နောက်ဖေးမီးဖိုထဲကနေ သူတို့ယူသွားတာ အတုတွေလား”
ထိုအခါ ကျန်ရှသည် ဒေါသထွက်၍ မျက်နှာများ နီရဲသွားသည်။ သို့သော် သူတို့မိသားစုပိုင် လက်ဖက်ရည်ဆိုင်ထဲရှိ ပစ္စည်းများအားလုံး အဖျက်ဆီးခံထားရ၍ ပွစာကြဲနေသည်ကိုကြည့်ရင်း သူသည် ဒေါသများ တလိပ်လိပ်တက်လာပြန်၏။
“ဘာပဲဖြစ်ဖြစ်၊ ကျုပ်တို့ရဲ့လက်ဖက်ရွက်တွေက ဘယ်တော့မှ ပြဿနာမရှိခဲ့ဘူး။ ဘာကိုအခြေခံပြီးတော့ ခင်ဗျားတို့က ဒါ ကျုပ်တို့အမှားပါဆိုပြီး ထင်ရာမြင်ရာ ရမ်းသမ်းစွတ်စွဲနေတာလဲ။ ခုနကသယ်သွားတဲ့ ပစ္စည်းတွေက မစစ်ဆေးရသေးဘူး မဟုတ်လား။ တကယ်တမ်း စစ်ဆေးကြည့်လိုက်ရင် သူတို့မှာ မူမမှန်တာ ဘာမှရှိမှာ မဟုတ်ဘူး”
Chapter 263 : ခင်ဗျားတို့လုပ်ခဲ့တဲ့အမှားတွေကို ဝန်ခံ
သို့ရာတွင် ချောင်ဟုန်ယဲ့က ကျန်ရှ၏တွေးခေါ်ပုံအား သဘောမတူပေ။ သူမသည် လက်ဖက်ရည်ဆိုင်နှင့် အဆိပ်မိသူများကြားရှိ အငြင်းပွားမှုကို အပြင်သို့မပြန့်စေလိုပဲ ကျန်မိသားစုသည် တောင်းပန်၍ အပြစ်ဝန်ခံသင့်ကြောင်း သူမ နားလည်သည်။
ထို့ကြောင့် ကျန်ဝမ်ရှန်းသည် သူ၏ဇနီးနှင့်သားကိုထား၍ အဖမ်းခံလိုက်ရသည့်အချက်ကိုပါ ထည့်ပေါင်းလျှင် သူတို့မိသားစုသည် ခဏမျှငိုယို၍ ဒူးထောက်တောင်းပန်လိုက်ရုံဖြင့်ပင် သူတို့၏ လက်ဖက်ရည်ဆိုင်သည်လည်း မိတ်ဟောင်းများစွာဖြင့် အဓိကလည်ပတ်နေသောဆိုင်ဖြစ်ရာ ထိုလူများက သူတို့အား မေတ္တာရှေ့ထား၍ ခွင့်လွှတ်ပေးလိမ့်မည်ဖြစ်ပြီး ကြီးသောအမှုကို ငယ်စေ၍ ကျန်မိသားစုကပေးရမည့် နစ်နာကြေးငွေသည်လည်း အများကြီးသက်သာသွားမည်သာ။
သို့သော် ယခုအခါ အသုံးမကျသော ကျန်ရှသည် ပြဿနာကိုပိုဆိုးရွားစေမည့် စကားလုံးများကိုပြော၍ အခြေအနေကို ယခင်ကထက် ပို၍ ကမောက်ကမဖြစ်အောင် လုပ်လိုက်သည်။
“ညီလေး၊ မင်းတို့ရဲ့လက်ဖက်ရည်ဆိုင်ကြောင့် ဒီကိစ္စဖြစ်တာ မဟုတ်ဘူးလို့ မင်းပြောခဲ့တယ် မဟုတ်လား။ ဒါဆိုရင်လည်း ကောင်းပြီလေ။ ဒါပေမယ့် ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်ထွက်လာလို့ ဒီကိစ္စက မင်းတို့ရဲ့လက်ဖက်ရည်ဆိုင်ကြောင့်ပါလို့ သက်သေပြနေရင် မင်းတို့မိသားစု လမ်းပေါ်မှာ ဒူးထောက်ပြီးတော့ တောင်းပန်မလား။ မင်း ဒီလိုလုပ်နိုင်လား”
“ကျုပ်က ဘာကြောင့် တောင်းပန်ရမှာလဲ။ ဒီလူသုံးယောက်က သေမှမသေတာ”
ကျန်ရှက ဒေါသတကြီးပြန်ပြောလိုက်သည်။
ဒါက အဆိပ်မိရုံလေးပဲလေ၊ သူတို့တွေ သေသွားတာနဲ့မှ မတူတာ။ ဒါက တကယ်ပဲ ငါတို့အမှားဆိုရင်တောင် ငါတို့က ဆေးရုံစရိတ်ရှင်းပေးရုံပဲ မဟုတ်လား။ ဒီဆိုင်မှာ သူတို့စားတဲ့ ကျသင့်ငွေကိုလည်း ချေပေးပြီးပြီကို သူတို့က ဘာများထပ်လိုချင်နေတာလဲ။ အနာဂတ်မှာ သူတို့ ဒီနေရာကို ထပ်မလာအောင် ငါတို့လုပ်လို့ရတာပဲ။ ငါတို့ကို ဒူးထောက်ပြီး တောင်းပန်ခိုင်းရအောင် သူတို့မှာ ဘာအရည်အချင်းရှိလို့လဲ။
ဘေးပတ်ဝန်းကျင်ရှိလူများသည် ကျန်ရှ၏ အတွေးအစစ်အမှန်များအား မကြားနိုင်ခြင်းကိုသာ ကျေးဇူးတင်ရပေမည်။ သို့မဟုတ်ပါက သူတို့ကိုယ်သူတို့ ထိန်းနိုင်ကြတော့မည်မဟုတ်ပေ။
နောက်ဆုံးတွင် ချောင်ဟုန်ယဲ့သည် ကျန်ရှ၏ အကြင်နာတရားမရှိသည့် မှတ်ချက်အား ကြားပြီးနောက် သူ၏ တုံးအမှုအား ဆက်၍သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူမသည် နီရဲ၍ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ထိုလူများအား ကြည့်ကာ ပြောလိုက်၏။
“ဦးလေးတို့၊ အန်တီတို့၊ ဒီလိုအရေးကြီးတဲ့ကိစ္စမှာ အားလုံးက ကျွန်မတို့ရဲ့အမှားတွေပါပဲ။ ဒါကြောင့် ကျွန်မတို့ အားလုံးကို သေချာပေါက် တာဝန်ယူမှာပါ။ ကျန်ရှက သူ့ရဲ့အဖေအတွက် အစိုးရိမ်လွန်နေလို့ မဆင်မခြင်ပြုမူပြောဆိုမိသွားတာပါ။ ကျွန်မတို့နေရာကနေဝင်ကြည့်ပြီး ရှင်တို့နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ထိုစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းသည် မျက်ခုံးတစ်ဖက်ကိုပင့်လိုက်၍ ပြဿနာများ ဆက်လက်ကြီးထွားလာမည်ကို စောင့်ကြည့်နေလိုက်သည်။
ချောင်ဟုန်ယဲ့သည် ဤကဲ့သို့ အရေးကြီးသောကိစ္စအား သူမစိတ်နှင့်သူမ ဝင်ရောက်စွက်ဖက်၍ ကျန်မိသားစုအတွက် ပြောပေးရန် သူမ၌ မည်သည့်လုပ်ပိုင်ခွင့်ရှိသနည်း။ သူမ၌ မိသားစုဝင်ဖြစ်ကြောင်း သိသာသည့် အထောက်အထားမရှိပေ။ ထို့ကြောင့် နစ်နာသူများ၏ မိသားစုများသည် ရူးနေသူများမဟုတ်ရာ သူမ စကားကို နားထောင်မည်မဟုတ်ဘဲ သူမကိုလည်း မျက်နှာသာပေးမည် မဟုတ်ပေ။
ဤကိစ္စမှ ချောင်ဟုန်ယဲ့ရရှိမည့် အကျိုးအမြတ်မှာ သူမအပေါ်ထားရှိသည့် ကျန်မိသားစု၏သဘောထား ပြောင်းလဲသွားခြင်းပင် မဟုတ်လား။ ချောင်ဟုန်ယဲ့သာ သူတို့အား ယခု အကြပ်အတည်းမှ ကယ်ထုတ်နိုင်ပါက အမေကျန်သည်လည်း ကောင်းရှင်း၏ ကိစ္စနှင့်ပတ်သတ်၍ သူမအား ဆက်ကာသိက္ခာချနိုင်တော့မည် မဟုတ်ပေ။
သူမသည် ထိုကဲ့သို့အကွက်မြင်တတ်သည့် လူစားမျိုးပင်။
သို့ရာ၌ ....
ကျင်းယွင်ကျောင်း၏ မျက်လုံးထဲမှာ လှောင်ပြောင်သရော်လိုသော အရိပ်အယောင်များ ပေါ်ထွက်လာ၏။ ချောင်ဟုန်ယဲ့သည် ချောင်မိသားစုသို့ ပြန်သွားရမည်ကို ကြောက်သောကြောင့် အမေကျန်က သူမအား မျက်နှာပေးလာစေရန်ကြိုးစားနေခြင်းဖြစ်သော်လည်း သူမသည် ကျန်ရှအား မေ့သွားခဲ့သည်။
သို့မဟုတ်ပါက သူမသည် ကျန်ရှ၏သဘောထားကို မထီမဲ့မြင်ပြုပြီးလျှင်တောင်မှ ကျန်ရှက သူမအား ဆက်ချစ်နေလိမ့်မည်ဟု ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလွန်းသောကြောင့် ဖြစ်နိုင်၏။
“ကလေးမ၊ မင်းက ဘယ်သူမို့လို့ သူတို့အစား ပြောပေးနေတာလဲ။ မင်းက သူတို့ကိုယ်စား ဆုံးဖြတ်ချက်ချပေးနိုင်လို့လား။ တကယ်တမ်း၊ ကျန်မိသားစုရဲ့သခင်လေးက ဘာမှတာဝန်မယူပေးနိုင်ဘူးလို့ ငြင်းပြီးသားဆိုတော့ အခု မင်းပြောတဲ့စကားတွေက ဘာမှအရေးမပါဘူး မဟုတ်လား”
ရပ်ကြည့်နေသူများထဲမှတစ်ယောက်က အော်ပြောလိုက်ရာ ချောင်ဟုန်ယဲ့က တောင်းပန်တိုးလျှိုးစွာ ကြည့်လိုက်ရင်း
“ကျ...ကျွန်မက ကျန်ရှရဲ့ရည်းစားပါ။ ကျွန်မ သူ့စရိုက်ကို အပြည့်အဝနားလည်ပါတယ်။ ဒီစကားတွေက သူကြောက်နေတဲ့အချိန်မှာ စိုးရိမ်ပူပန်ပြီးတော့ ပြောတဲ့စကားတွေပါ။ ပြီးတော့ ရှင်တို့တွေအားလုံးကလည်း ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒါက တကယ့်ကို မတော်တဆမှုတစ်ခုပါ။ ပြီးတော့ ကိစ္စတွေပြီးစီးသွားရင်လည်း ကျွန်မတို့က ရှင်တို့မိသားစုတွေကို သေချာပေါက် နစ်နာကြေး အချိန်မီပေးမှာပါ”
ထိုအခါ ဒေါသထွက်၍ ဆွံ့အ,နေသော အမေကျန်သည်လည်း ချောင်ဟုန်ယဲ့၏ စကားကိုကြားသည်နှင့် အလောတကြီးပင် ခေါင်းညိတ်ပြလိုက်သည်။
သူမသည်လည်း သူမ၏သားဖြစ်သူက ထိုလူများအား ပြောနေသည့်စကားများကို သဘောမတူပေ။ ယခုအခါ သူမသည် ရှေ့သို့လည်း မတိုးရဲ၊ စကားတစ်ခွန်းမှလည်း မပြောရဲဘဲ လူအုပ်ကြီး၏ ဒေါသအား လှုံ့ဆော်မိမည်ကို ကြောက်ရွံနေ၏။
သို့ရာတွင် ကျန်ရှသည် ရှက်ရွံသွားပုံရ၍ အရှက်ခွဲခံလိုက်ရသလို ခံစားနေရသည်။
သူက ဤကိစ္စသည် ဤမျှလောက်လည်း အရေးမပါပဲ ချောင်ဟုန်ယဲ့က လူအုပ်ကြီးကို နှစ်သိမ့်ရန်အတွက် သူက ကြောက်ရွံ့နေသည်ဟုပြော၍ သူ့အား အရှက်ခွဲနေသည်ဟု ခံစားနေရ၏။
သူသည် ထိုလူများအား အာအင်အပြည့်နှင့် ရင်ဆိုင်တိုက်ခိုက်ပေးနေသည်။ သူမနှင့် သူ၏ မိခင်ဖြစ်သူကို ကာကွယ်ရန်အတွက် သူက အလွန်ရဲရင့်၍ သူရဲကောင်းဆန်ဆန် ပြုမူနေသော်လည်း သူမကမူ သူ့အား မထီမဲ့မြင်ပြု၍ အရှက်ခွဲရဲသည်လား။
“ကျုပ်တို့က ကလေးမလေးတစ်ယောက်ရဲ့စကားတွေကို ဘယ်လိုများ ယုံကြည်နိုင်မှာလဲ။ ဒီမိန်းမက နစ်နာသူသုံးယောက်အတွက် ယွမ်နှစ်သိန်းတန်ချက်လက်မှတ်တစ်စောင်နဲ့ သဘောတူညီချက်တစ်စောင်မရေးပေးရင် ကျုပ်တို့ ဒီကိစ္စကို ကျေအေးမပေးနိုင်ဘူး”
ထိုလူများက အမေကျန်အား လက်ညှိုးထိုး၍ တောင်းဆိုလာကြသည်။
အခြေအနေသည် သေရေးရှင်ရေးတမျှ ပြင်းထန်လာ၍ လွတ်လမ်းမရှိတော့ပေ။
ထို့နောက် ချောင်ဟုန်ယဲ့သည် ဘေးတွင်ရပ်နေသော ကျင်းယွင်ကျောင်းအား မြင်လိုက်၍ ထအော်လိုက်၏။
“ရှင်တို့တွေ ကျွန်မကို မယုံကြည်ရင်တောင်မှ သူ့ကိုတော့ ယုံတယ်မဟုတ်လား။ သူက ကျွန်မရဲ့အစ်မပဲ။ ပြီးတော့ အစောပိုင်းတုန်းက သူက အဆိပ်မိတဲ့သုံးယောက်ကို ကယ်ခဲ့တဲ့သူပါ”
Chapter 264 : ငါက နင့်ကို အနိုင်ကျင့်နေတာလေ၊ အဲ့တော့ ဘာဖြစ်လဲ
ချောင်ဟုန်ယဲ့ လက်ညှိုးထိုးရာဘက်သို့ လိုက်ကြည့်ရင်း လူအုပ်ကြီး၏ အကြည့်များသည် ကျင်းယွင်ကျောင်း၏အပေါ်သို့ စုပြုံကျရောက်လာတော့သည်။
ထိုအခါ ကျင်းယွင်ကျောင်းက လှောင်ရယ်လိုက်၏။ ချောင်ဟုန်ယဲ့က သူမအား ဤအရှုပ်အထွေးထဲသို့ ဆွဲသွင်းမည်အား မျှော်လင့်ထားပြီးသားဖြစ်၍ သူမသည် ဤကိစ္စမှ အကျိုးအမြတ်ရမည့် တစ်ဦးတည်းသောသူ မဟုတ်တော့ပေ။
ဤကဲ့သို့သော အရေးကြီးသည့်ကိစ္စသည် လူတစ်ယောက်၏ အသက်ကို ကယ်လိုက်ရုံမျှနှင့် အဆုံးသတ်သွားမည် မဟုတ်။ အကယ်၍ ထိုလူများက သူမနှင့် ကျန်မိသားစုသည် အလိုတူအလိုပါများဟု ထင်သွားကြပါက သူမ လူ့အသက်ကယ်သည့် ကိစ္စသည် အမှန်တကယ်ပင် ကျန်မိသားစု၏ ကိုယ်စားအနေနှင့်သာဖြစ်သွား၍ သူတို့၏အပြစ်လည်း ပေါ့လျှော့သွားလိမ့်မည်ဟု မျှော်လင့်နေကြသည်။
သို့သော် သူမသည် မည်သည့်အချက်ကိုအခြေခံ၍ ချောင်ဟုန်ယဲ့၏ ရပ်တည်မှုအား ထောက်ခံပေးရမည်နည်း။
“ချောင်ဟုန်ယဲ့၊ နင်က ငါ့ရဲ့ညီမလို့ပြောနေတုန်းပဲလား။ နင့်ရဲ့သွေးထဲမှာရှိတဲ့ ရွံစရာကောင်းတဲ့ မျိုးရိုးဗီဇဆဲလ်တွေက နင်မြင်သမျှလူတိုင်းကို နင့်ရဲ့ဆွေမျိုးလို့ ပြောနေတာ ခုထိ မပြောင်းလဲသေးဘူးပဲ။ အိမ်ကနေထွက်ပြေးလာပြီး ပုန်းနေဖို့အတွက် နင် ကျန်မိသားစုကို ခိုကပ်ပြီး ထွက်မသွားချင်လို့ ခေါင်းမာမာငြင်းနေရတာတောင်မှ အခု နင်က ငါ့ကိုပါ ရွှံ့ရေထဲ ဆွဲချနေသေးတာလား”
ကျင်းယွင်ကျောင်းက အေးစက်စက် လှောင်ရယ်လိုက်ပြီး ချောင်ဟုန်ယဲ့အား စိုက်ကြည့်ကာ သူမ၏ အနားသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်၏။
ကျင်းယွင်ကျောင်းအပေါ်တွင်မူ ဤနေရာ၌ရှိနေသူများက ပို၍ယဥ်ကျေးစွာ ဆက်ဆံကြ၍ သူမအား လမ်းဖယ်ပေးကြသည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့၏ ကော်လံစကို လက်တစ်ဖက်ဖြင့် ဆောင့်ဆွဲ၍ ကျန်လက်တစ်ဖက်ဖြင့် သူမ၏ မျက်နှာကို ဖျစ်ညှစ်၍ ဆက်ပြောလိုက်၏။
“ဒီမျက်နှာအစိတ်အပိုင်းတွေကို ကြည့်ပါဦး။ ဘယ်နေရာကများ ငါနဲ့တူတာလဲ။ ငါ့ကိုလိုက်နှောက်ယှက်ပြီး နောက်ဆုံးတစ်ခေါက်တုန်းက လူတစ်ယောက်ကို ငါ့အိမ်ဖောက်ဝင်ခိုင်းပြီးတာတောင် မလုံလောက်သေးလို့ နင်က ထပ်လုပ်ချင်နေတာလား။ ငါ နင့်ကို စိတ်ရှိလက်ရှိ ရိုက်နှက်ပြီးမှ နင်က ရပ်မှာလား”
ထိုသို့ပြောလိုက်သော်လည်း ကျင်းယွင်ကျောင်းသည် ဆက်မလုပ်ခဲ့ပေ။ သို့သော် သူမ ချောင်ဟုန်ယဲ့၏ မျက်နှာကိုညှစ်ရန် သုံးလိုက်သည့်အားက လျှော့မသွားခဲ့။
ထိုအခါ ချောင်ဟုန်ယဲ့၏ ဖြူဝင်းသောမျက်နှာသည် ခပ်မြန်မြန်ပင် နီရဲတက်လာ၏။ သူမထပ်မံ၍ ငိုချလုနီးပါးဖြစ်နေသည်ကို မြင်သောအခါ ကျင်းယွင်ကျောင်းက ရုတ်တရက် ရယ်မောလိုက်ပြီး သူမအား စကားဖြင့် တိုက်ခိုက်လိုက်သည်။
“မျက်ရည်တစ်စက်ထက် ပိုပြီးတော့ကျဖို့ ကြိုးစားနေတာလား။ ဒီည ငါ နင့်ကိုဝအောင်ငိုခိုင်းမယ်လို့ အာမခံတယ်။ နင် ငါ့ကို ယုံလား”
ထိုအခါ ချောင်ဟုန်ယဲ့သည် မသိစိတ်ထဲမှ စိမ့်၍ကြောက်ရွံ့သွားပြီး ကျင်းယွင်ကျောင်း၏ အပြုံးအား အဓိပ္ပါယ်ပြန်မိသွားသောအခါ သူမသည် ကြက်သီးမွေးညှင်းများပင် ထလာတော့သည်။
“နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
သူမ၏ အသံက တုန်ယင်နေ၏။
“နင့်ကို အနိုင်ကျင့်နေတာလေ”
ကျင်းယွင်ကျောင်းက အမှန်အတိုင်းပင် ဖြေလိုက်သည်။
“နင်က တအားငိုချင်နေတာလေ။ ပြီးတော့ ငါနဲ့မျက်နှာချင်းဆိုင်တုန်းက ငါက နင့်ကို အနိုင်ကျင့်ပြီးတော့ မတရားစွတ်စွဲပါတယ်လို့ တခြားလူတွေကို ပြောပြချင်နေတာမဟုတ်လား။ ဒီတော့ ငါက နင့်ကို အနိုင်မကျင့်ရင် နင့်ရဲ့ကြိုးစားအားထုတ်မှုတွေကို ဖြုန်းတီးမိသလိုဖြစ်သွားမယ် မဟုတ်လား”
ထို့သို့ပွင့်ပွင့်လင်းလင်း ပြောပြီးသည်နှင့် ကျင်းယွင်ကျောင်းသည် သူမ၏ ဆံပင်ကို ဆောင့်ဆွဲလိုက်ပြီး လူအုပ်ကြီးနှင့် ဝေးရာသို့ ဆွဲခေါ်သွား၏။ ဤလုပ်ရပ်အား သာမန်လုပ်ရပ်ကဲ့သို့ မြင်နေရခြင်းက ချောင်ဟုန်ယဲ့အား အမှန်တကယ်ပင် မသက်မသာဖြစ်စေသည်။
ကံဆိုးသည်မှာ သူမသည် ရွေးခြယ်စရာမရှိသောကြောင့် ခေါင်းငုံ့ထား၍ ဆံပင်ဆွဲခွင့်ပြုလိုက်ရပြီး ကျင်းယွင်ကျောင်းက သူမအား မည်သည့်နေရာသို့ ဆွဲခေါ်သွားနေမှန်းလည်း မသိချေ။ ထို့နောက် ကျင်းယွင်ကျောင်းသည် သူမအား ရည်ရွယ်ချက်ရှိရှိပင် နှစ်ကြိမ်ခန့် ဆောင့်တွန်းလိုက်၍ သူမ၏ ခြေထောက်များက စားပွဲတစ်လုံးနှင့်ဝင်ဆောင့်မိကာ ဒူးထောက်ရက် လဲကျသွား၏။ နောက်ဆုံး၌ ချောင်ဟုန်ယဲ့သည် ဆံပင်ဆောင့်ဆွဲခံရခြင်းမှ လွတ်မြောက်သွား၍ စိတ်သက်သာရာရသွားသော်လည်း ခဏသာဖြစ်ကာ ကျင်းယွင်ကျောင်းက လူအုပ်ကြီးထံမှ အဖျက်ဆီးမခံရသေးသည့် လက်ဖက်ရည်အေးများဖြည့်ထားသော ကရားတစ်လုံးကိုဆွဲယူကာ သူမ၏ ခေါင်းပေါ်သို့ အပင်ရေလောင်းသကဲ့သို့ လောင်းချလိုက်တော့သည်။
ထိုအခါ လက်ဖက်ရည်များက သူမ၏ ဆံပင်များတလျှောက် ချက်ချင်း စီးကျသွား၍ လက်ဖက်ခြောက်အနှစ်များက အင်္ကျီပေါ်တွင် တင်နေကာ သူမ၏ သွင်ပြင်အား ကြောက်စရာကောင်းလောက်အောင်ပင် ညှင်းသိုးသိုးဖြစ်သွားစေ၏။
“ကျင်းယွင်ကျောင်း၊ အရူးမ”
ချောင်ဟုန်ယဲ့က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
“အိုး...ဒါဆို နင် ငါ့ရဲ့မျိုးရိုးနာမည်က ကျင်းဆိုတာ သိတယ်ပေါ့။ ဒါနဲ့များ ဘာလို့ နင့်ကိုယ်နင် ငါ့ညီမလို့ ပြောနေတာလဲ”
ထို့နောက် ကျင်းယွင်ကျောင်း လှောင်ရယ်လိုက်ရင်း ...
“အားလုံး၊ မြင်ကြရဲ့လား။ ပုံကြီးချဲ့ပြောတတ်တဲ့သူတစ်ယောက်က တစ်နေ့လုံး သူ့ကိုယ်သူ ကျွန်မရဲ့ညီမလို့ တွေးနေပြီး လူတိုင်းကို လျှောက်ပတ်ပြောရဲတဲ့အပြင် ကျွန်မကိုပါ အရူးလို့ ခေါ်ရဲသေးတယ်။ ဒီကမ္ဘာကြီးကိုက ရူးသွပ်လွန်းတာ”
စကားဆုံးသည်နှင့် သူမက သူမ၏အဝတ်အစားများကို ဖုန်ခါလိုက်ပြီး လက်ဖက်ရည်ကရားကို ချောင်ဟုန်ယဲ့၏ဘက်သို့ အညှာအတာကင်းမဲ့စွာ လွှင့်ပစ်လိုက်၏။
ထိုအမူအယာက လူတိုင်းအား ကြောက်ရွံ့ထိတ်လန့်သွားစေသည်။
ချောင်ဟုန်ယဲ့သည် ခန္ဓာကိုယ်နှင့်ကွက်တိကျ၍ ဆန်းသစ်လှပသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ယခုအခါ သူမသည် တစ်ကိုယ်လုံး စိုရွှဲ၍ လက်ဖက်ရည်အဝါရောင်များ စွန်းပေနေရာ အလွန်ပင် ရုပ်ဆိုးလှ၏။ သူမ၏ ဆံပင်များကလည်း ရှုပ်ပွ၍ ဖရိုဖရဲဖြစ်နေပြီး မုန်းတီးမှုများပြည့်နှက်နေသည့် သူမအကြည့်နှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် အငြိုးကြီး၍ မကျွတ်မလွတ်ဖြစ်နေသော သရဲမတစ်ကောင်နှင့် တူနေလှပေသည်။
သူမ၏ စိတ်ညစ်ညူးဖွယ်ကောင်းသော အခြေအနေက လူတိုင်းအား တုန်လှုပ်သွားစေ၏။
ဒါက အစောပိုင်းတုန်းက အမှန်တကယ် နာခံမှုရှိတဲ့ပုံစံနဲ့ ငါတို့ရှေ့မှာရပ်ပြီးတော့ တောင်းပန်တိုးလျှိုးနေတဲ့ မိန်းကလေးလား။ မဖြစ်နိုင်လောက်ဘူး မဟုတ်လား။
သို့သော် အမှန်တရားက ကြမ်းတမ်းလှသည်။
ယခုအချိန်၌ ဤမိန်းကလေးနှစ်ယောက်အား ညီအစ်မများဖြစ်သည်ဟု မည်သူကမှ မယုံကြည်နိုင်တော့ပေ။ သူတို့က အမှန်တကယ် မြူတစ်မှုန်စာမှပင် မတူချေ။ ထို့အပြင် ညီအစ်မနှစ်ယောက်သည် ဤအခြေအနေထိရောက်အောင် တိုက်ခိုက်နိုင်ကြပါမည်လား။
သို့ရာတွင် သူတို့သည် အမှန်တကယ် ညီအစ်မများမဟုတ်လျှင်တောင်မှ အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးသည် အမှန်ပင် ရက်စက်လွန်းလှသည်။ သူမသည် ကျန်မိသားစုအတွက် ခွင့်လွှတ်မှုကို တောင်းခံရန် သူတို့ကြား၌ တော်စပ်မှုတစ်ခုကိုပင် ဖန်တီးရဲသေး၏။ ဤကဲ့သို့ ပုံကြီးချဲ့ပြောတတ်သူတစ်ယောက်၏ ကတိစကားများကို မည်သို့ ယုံကြည်နိုင်မည်နည်း။