← Chapters

အခန်း (၂၆၅-၂၆၈)

Vol. 14 Ch. 265-268

အခန်း (၂၆၅-၂၆၈)

Vol. 14 Ch. 265-268

Chapter 265 : စီးပွားရေးအခွင့်အလမ်း

ချောင်ဟုန်ယဲ့သည် စားပွဲရှေ့၌ ဒူးထောက်နေ၍ သူမ၏ မာနတရားများအားလုံးသည်လည်း မြူမှုန်အဖြစ်သို့ ကွဲကြေပျက်ဆီးသွားပြီဖြစ်သည်။ ရွံရှာစက်ဆုပ်စွာ အကြည့်ခံရခြင်းက သူမ၏နှလုံးသားအား တူဖြင့် အချက်ပေါင်းများစွာ ထုရိုက်နေသည့်အလား ခံစားရ၍ သူမ ကြောက်ရွံ့တုန်လှုပ်နေ၏။

သူမသည် ဤကဲ့သို့ အမြဲတမ်း အကြည့်ခံရမည်ကို ကြောက်ကာ အခြားသူများက သူမအား အမြဲတမ်း အထင်သေးကြမည်ကိုလည်း ကြောက်သည်။

“ကျန်မျိုးနွယ်တွေ၊ ခင်ဗျားတို့ ခံဝန်ကတိလွှာ ရေးမှာလား၊ မရေးဘူးလား”

ချောင်ဟုန်ယဲ့၏ အတွေးအမျှင်တန်းအား ကြမ်းတမ်းလှသော အသံတစ်သံက ဖျက်ဆီးလိုက်သဖြင့် သူမသည် ကျောရိုးထဲမှ စိမ့်တက်ကာ တုန်လှုပ်သွား၏။

ထို့ကြောင့် သူမသည် ခေါင်းကို အတင်းငုံ့ထားကာ အသံတစ်သံမှမထွက်အောင် ဂရုတစိုက်ဖြင့် စားပွဲကိုကိုင်ရင်း ထသွားလိုက်သည်။

ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ပြောင်းလဲသွားပြီဖြစ်၏။

သူတို့ကျောင်းတွင် ရှိစဥ်အခါက သူမသည် ကျင်းယွင်ကျောင်း၏ အကွက်ချကြံစည်မှုများအောက်တွင် ထပ်ခါထပ်ခါ ရှုံးနိမ့်ခဲ့သော်လည်း သူမသည် ကျင်းယွင်ကျောင်းအား သူတို့မိသားစု၏ ထာဝရ အခိုင်းအစေတစ်ယောက်ဟုသာ တွေးနေခဲ့သည်။ သူမ တစ်ခုခုပြောလိုက်သည်နှင့် ကျင်းယွင်ကျောင်းက ရှက်ရွံ့သွားပြီး သူမ၏ စကားအတိုင်း အတွန့်မတက်ဘဲ လိုက်နာပေးရမည်ဖြစ်၏။ သို့ရာတွင် လက်တွေ့၌ မည်သည့်အချိန်ကစခဲ့မှန်း မသိသော်လည်း သူမ၏ စကားလုံးများသည် လူများအပေါ်၌ ဩဇာလွှမ်းမိုးမှုမရှိတော့ဘဲ မည်သူကမှ သူမကို ထပ်မံ၍ မယုံကြည်တော့ပေ။ ကျင်းယွင်ကျောင်းက အမြဲတမ်း မှန်တဲ့သူလို့တောင် လူတွေက ထင်နေကြတာလား။

သို့သော် ချောင်ဟုန်ယဲ့သည် နှုတ်ခမ်းကိုက်၍ ခေါင်းကိုသာ တွင်တွင်ငုံ့ထားရင် သူမ၏ မျက်လုံးထဲ၌ သိသိသာသာပေါ်ထွက်နေသော မကျေနပ်မှုများကို ဖိနှိပ်နေသည်။

ထိုအချိန်၌ ကျန်ရှသည်လည်း အခြားတစ်ဖက်၌ လူများ၏ ပိတ်ဆို့ခြင်းကို ခံထားရ၍ သူမအား ဂရုစိုက်ချိန်မရှိပေ။ ပို၍ဆိုးသည်မှာ သူသည် လူများ၏ စိတ်ထဲ၌ ဒေါသအိုးပေါက်ကွဲနေသည်ကို မြင်လိုက်ရ၍ သူတို့၏လူရိုက်ချင်နေသော အမူအယာများကိုပါ မြင်လိုက်ရရာ ကျန်ရှက ကြောက်နေသည်အား စိတ်ထဲ၌ ကြိတ်၍ ဝန်ခံလိုက်ရသည်။

“အမေ၊ ခ...ခံဝန်ကတိလွှာ ရေးပေးလိုက်ပါတော့”

နောက်ဆုံး၌ ကျန်ရှသည် အသံမထွက်ဘဲငြိမ်နေသည့် သူ၏ မိခင်ဖြစ်သူအား မျက်နှာချင်းဆိုင်၍ ပြောလိုက်တော့၏။

ထိုအခါ အမေကျန်သည် ကြောက်ချွေးများ စိုရွှဲနေ၍ သူမ၏ ခေါင်းကို အပြင်းအထန် ယမ်းပြလိုက်သည်။ တစ်မိသားစုကို ယွမ်နှစ်သိန်းလျှော်ကြေးပေးရလျှင် စုစုပေါင်း ယွမ်ခြောက်သိန်းကုန်ကျမည်ဖြစ်၏။

ထို့အပြင် ဆိုင်ထဲရှိ ပစ္စည်းအားလုံးသည် ဖျက်ဆီးခံလိုက်ရ၍ သူတို့လက်ဖက်ရည်ဆိုင်၏ စီးပွားရေးသည်လည်း ဆုံးရှုံးမှုအများအပြားရှိသည်။ ထို့အပြင် သူမ၏ ခင်ပွန်းသည်လည်း ရဲစခန်းတွင် ရောက်နေ၍ သူ့အား အာမခံနှင့် အပြင်ခေါ်ထုတ်ရန်အတွက် ငွေတစ်ပုံတည်းပေးရမည်မှာ အသေအချာပင်။ ထို့ကြောင့် အားလုံးပေါင်း ကုန်ကျမည့်ပမာဏသည် ယွမ်ခြောက်သိန်း မက။

သူမသည် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် သူမတို့သာ ခံဝန်ကတိလွှာရေးပေးလိုက်ပါက သူတို့မိသားစုသည် ကြီးကြီးမားမား ထိခိုက်သွားမည်ဖြစ်ကြောင်း သူမ ရှင်းရှင်းလင်းလင်း သိသည်။

ထိုအဆိပ်မိသူသုံးယောက်သည် ဆေးရုံတက်နေရသော်လည်း ယခုအချိန်တွင် သက်သာနေပြီဖြစ်၏။ အကယ်၍ သူမတို့သည် သူတို့အား လျှော်ကြေးပေးရမည်ဆိုလျှင်တောင်မှ များများစားစားပေးရန်မလိုတော့ပေ။

တစ်မိသားစုကို ယွမ်နှစ်သောင်းပေးရင် မလုံလောက်ဘူးလား။

“မရဘူး၊ ငါတို့ ရေးမပေးနိုင်ဘူး”

အမေကျန်က ခေါင်းမာစွာ ငြင်းဆန်လိုက်သည်။

“မရေးဘူးလား”

ထိုအခါ တစ်ဖက်လူက လှောင်ရယ်လိုက်ပြီး ကျန်ရှကို တရွတ်တိုက်ဆွဲလာ၏။

“ကျုပ်တို့က မိန်းမတွေကို မရိုက်လို့ ခင်ဗျားကိုယ်ခင်ဗျား လုံခြုံပြီလို့ ထင်မနေနဲ့။ ဒါက ခင်ဗျားရဲ့သား မဟုတ်လား။ ကျုပ်တို့လုပ်မှ အပြစ်မတင်နဲ့နော်”

မူလက သူတို့သည် မည်သူကိုမှ အနာတရဖြစ်အောင်လုပ်ရန် ရည်ရွယ်ချက်မရှိပေ။ သူတို့သည် ကျန်မျိုးနွယ် သားအမိနှစ်ယောက်ကို ခြောက်လှန့်ရန်အတွက် ပစ္စည်းများကို ထုရိုက်ချိုးဖဲ့ရုံသာဖြစ်သည်။ သို့သော် ကျန်မိသားစု၏ သားဖြစ်သူသည် သုံးစားမရသော အမှိုက်သရိုက်ဖြစ်သည်ဟု မည်သူသိမည်နည်း။ ငယ်ရွယ်သော်လည်း မုန်းစရာကောင်းလွန်းလှသည်။ အစောပိုင်းက သူပြောခဲ့သောစကားများကြောင့် သူတို့သည် ကိစ္စများကို ထပ်မံ၍လျှော့ပေါ့ပေးပြီး ခွင့်မလွှတ်နိုင်တော့ပေ။

ထို့နောက် စကားဆုံးသည်နှင့် သူသည် ခြေထောက်မြှောက်လိုက်ပြီး ကျန်ရှ၏ ဝမ်းဗိုက်ကို ကန်လိုက်သည်။

သို့ရာတွင် ကျန်ရှသည် အမှန်တကယ်ပင် အသက်မပြည့်သေးသူဖြစ်သောကြောင့် ဤလူစုသည် ခြေလွန်လက်လွန်မဖြစ်အောင် အနည်းငယ် ထိန်းထားသော်လည်း သူတို့၏ ကန်ချက်ကြောင့် ကျန်ရှသည် ကြမ်းပြင်ပေါ်၌ လူးလိမ့်၍ နာကျင်စွာ ညည်းညူနေသည်။

အမေကျန်သည် ထိုဖြစ်ရပ်ကိုကြည့်နေ၍ သားဖြစ်သူ ဝေဒနာခံစားနေရသည်ကို မြင်သောအခါ အသည်းနာသွားသည်။

ထို့ကြောင့် ကျန်ရှကို ရိုက်ပြီးနောက် မကြာမီမှာပင် သူမသည် သားဖြစ်သူ နာကျင်နေသည်အား မမြင်ရက်တော့သောကြောင့် နောက်ဆုံး သဘောတူလိုက်တော့၏။

ခံဝန်ကတိလွှာသုံးစောင်ဖြစ်၍ တစ်စောင်မှ မလျော့ပေ။ ကျန်မိသားစု၏ သားအမိနှစ်ယောက်သည် မျက်ရည်လည်ရွှဲနှင့် ခံဝန်ကတိလွှာများကို ရေးပေးလိုက်ပြီး ထိုလူစုအား တောင်းပန်လိုက်ရာ နောက်ဆုံးတွင် ရုတ်ရုတ်သဲသဲပဋိပက္ခကြီး အဆုံးသတ်သွားတော့သည်။

ထိုအခါ လမ်းပိတ်ထားသောလူစုကလည်း လက်ဖက်ရည်ဆိုင်ဝင်ပေါက်ကို ဖွင့်ပေးလိုက်ကြသဖြင့် နောက်ဆုံး၌ ကျင်းယွင်ကျောင်းလည်း ထိုဆိုင်မှ ထွက်လာခဲ့၏။ သူမ၏ဝံ့ကြွားသော ကိုယ်ဟန်အနေအထားက ချောင်ဟုန်ယဲ့အား တဖန်ထပ်၍ မနာလိုဖြစ်စေပြန်သည်။

ကျင်းယွင်ကျောင်းသည် လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် သူမ၏ စိတ်ထဲတွင် အကြံတစ်ခုထွက်ပေါ်လာ၏။

ကျန်မျိုးရိုးများ၏ ဆိုင်မှ လက်ဖက်ရည်အရောင်သည် သူမ၏ နေရာလွတ်နယ်မြေထဲရှိ လက်ဖက်ရည်အရောင်ထက် သေချာပေါက် ပို၍ အရည်အသွေးညံ့ဖျင်းသည်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ အမြတ်အစွန်းသည် ကုမ္ပဏီတစ်ခု၏ အမြတ်အစွန်းနှင့်မယှဥ်နိုင်သော်လည်း သူ့အမြတ်အစွန်းနှင့်သူတော့ ရှိသည်ပင်။ များသောအားဖြင့် လက်ဖက်ရည်ကြိုက်နှစ်သက်သူအများစုမှာ အထက်တန်းစားများဖြစ်၍ သီးခြားဆန်ကြ၏။ သူတို့၏ စိတ်သဘောထားကို ထုတ်ဖော်ပြသရန်အတွက် စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်မှလူများသည် အတွင်းသတင်းများရရှိရာနေရာဖြစ်သည့် ဤကဲ့သို့သော လက်ဖက်ရည်ဆိုင်များသို့လာ၍ စနည်းနာကြရသည်။

အကယ်၍ လက်ဖက်ရည်ဆိုင်သည် ကြီးမား၍ အောင်မြင်သွားပါက သူမအတွက်လည်း အကျိုးအမြတ်ရှိလာမည်ပင်။

ထိုသို့တွေးမိသဖြင့် ကျင်းယွင်ကျောင်းသည် ဤအနီးအနားပတ်ဝန်းကျင်၌ ခဏတဖြုတ် လျှောက်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး အမှန်တကယ်ပင် သင့်လျော်သောနေရာတစ်ခုကို ရှာနိုင်ခဲ့သည်။

Chapter 266 : အံ့ချီးဖွယ် သမားတော်လား

ကျန်မိသားစုလက်ဖက်ရည်ဆိုင်သည် ကြွေထည်ပစ္စည်းဆိုင်များ၊ ရှေးဟောင်းပစ္စည်းဆိုင်များ ဝန်းရံထား၍ ကျင်းယွင်ကျောင်း ရှာတွေ့ခဲ့သည့် နေရာကမူ လမ်း၏အဆုံးတွင်တည်ရှိကာ ၎င်း၏အနီးနား၌ ရေကန်တစ်ကန်နှင့် ပန်းခြံရှိသည်။ ရူခင်းလှပ၍ လေကောင်းလေသန့်ရသော်လည်း ဤနေရာ၌ လူအသွားအလာများသည်ဖြစ်ရာ ကျန်မိသားစု၏ လက်ဖက်ရည်ဆိုင်နှင့် မယှဥ်နိုင်ပေ။

သို့ရာတွင် ဤအချက်သည် ကျင်းယွင်ကျောင်းအတွက် ပြဿနာမဟုတ်။ တကယ်တမ်း ဤနေရာသည် အခြားနေရာနှင့်ယှဥ်ပါက အတော်လေး ဝေးသော်လည်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆောက်ရန်အတွက်မူ ပြဿနာများများစားစား မရှိပေ။

မြစ်အနီးတွင်ရှိသော စျေးဆိုင်များသည် အခြားနေရာများနှင့်ယှဥ်ပါက ပိုအေးသောကြောင့် ဆိုင်အများစုမှာ “ရောင်းရန်/ငှားရန်” ဟူသော ဆိုင်းဘုတ်များ ချိတ်ဆွဲထားကြ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ထိုဆိုင်းဘုတ်နားသို့သွား၍ ဆိုင်းဘုတ်ပေါ်ရှိ ဆက်သွယ်ရန်အချက်အလက်များကို မှတ်သားလိုက်ပြီးနောက် ပြန်လာခဲ့သည်။

ထို့နောက် အိမ်သို့ပြန်ရောက်သည်နှင့် ကျင်းယွင်ကျောင်းသည် ကိစ္စနှစ်ခုရှိသောကြောင့် ပိုင်ယွီအန်းကို ဖုန်းခေါ်လိုက်၏။ ပထမတစ်ခုမှာ လက်ဖက်ရည်ရောင်းရာ၌ လက်တိုလက်တောင်းခိုင်းရမည့်သူအချို့ကို ငှားပေးရန်အတွက် ပိုင်ယွီအန်းအား တောင်းဆိုရန်ဖြစ်ပြီး ဒုတိယအချက်မှာ စျေးဆိုင်ပိုင်ရှင်နှင့် ဆိုင်ခန်းအရောင်းအဝယ်စျေးနှုန်းကို ပိုင်ယွီအန်းအား ညှိခိုင်းစေလို၍ ဖြစ်သည်။

အကြောင်းမှာ သူမ၏ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် ပုံမှန်အတိုင်း တိုးတက်၍ ကျယ်ပြန့်လာနေသော အမြတ်အစွန်းရှိသော်လည်း ကုမ္ပဏီ၏ ကနဦး ရင်းနှီးမြှုပ်နှံမှုများမှာ ကုန်ကျစရိတ်များစွာ ကျသင့်သောကြောင့် စျေးဆိုင်ဝယ်ရာ၌ ငွေပမာဏအများအပြားမသုံးနိုင်ခြင်းပင်။ တစ်ချိန်တည်းမှာပင် ကျင်းယွင်ကျောင်းသည် ပိုင်ရှင်တောင်းဆိုသောစျေးက အလွန်မြင့်နေပါက ယခုအချိန်၌ ဝယ်မည့်အစား ငှားရမ်းမည်ဟုသာ ဆုံးဖြတ်လိုက်၏။

နောက်တစ်နေ့မနက်တွင် ကျင်းယွင်ကျောင်းသည် ဖုန်းခေါ်ဆိုမှု ငါးကြိမ်ဆက်တိုက် လက်ခံရရှိခဲ့သည်။

ထိုအခါ သူမသည် အဖိုးရှုက သူမအား သူ၏လူနာများအားလုံးကို လွှဲအပ်လိုက်ကြောင်း သတိရသွား၍ ယခုအခါ သူတို့အားလုံးက သူမအား ဆက်သွယ်၍ အကူအညီတောင်းနေပြီဖြစ်သည်။

လူနာငါးယောက်လုံးသည် ဟွားနင်ခရိုင်မှဖြစ်ကာ ၎င်းက တိုက်ဆိုင်မှုမဟုတ်ဘဲ အဖိုးရှုက စီစဥ်ပေးထားခြင်းသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်၏။ ထို့နောက် ကျင်းယွင်ကျောင်းသည် လူနာတစ်ယောက်ချင်းဆီနှင့် ချိန်းဆိုမှုလုပ်လိုက်ပြီး သူတို့၏ လိပ်စာများကို တစ်ခုချင်း ချရေးထားလိုက်သည်။

အဖိုးရှုနှင့် ဆေးကုချင်သူများမှာ သာမန်အအေးမိဖျားနာသူများ မဟုတ်ကြောင်း အသိအသာပင်။

ထို့နောက် ကျင်းယွင်ကျောင်းသည် သန့်ရှင်းသပ်ရပ်သော အဖြူရောင်ရှပ်အင်္ကျီတစ်ထည်ကို လဲလိုက်၍ အဖိုးကန်က သူမအား ပေးထားသည့်အိတ်ကိုယူကာ အိမ်မှထွက်လာခဲ့သည်။

ဤပတ်ဝန်းကျင်တွင် ကျင်းယွင်ကျောင်းကို သိသူပေါများလှရာ မနက်ခင်းအစော၌ ဆေးအိတ်တစ်လုံးကိုသယ်လာသည့် သူမအား မြင်ရခြင်းကြောင့် လူအများသည် စိတ်ဝင်တစားဖြစ်ကာ သိချင်သွားကြ၏။ သို့ရာတွင် ကျင်းယွင်ကျောင်း၏ ခပ်စိမ်းစိမ်းနေတတ်သော သဘောထားကြောင့် သူမ တက္ကစီးတစ်စီးငှား၍ ထွက်လာသည့်တိုင်အောင် မည်သူကမှ သူမကို လာမမေးရဲကြပေ။

ပထမဆုံးလူနာသည် ဝေးလံ၍ ရှုခင်းလှပသော ကိုယ်ပိုင်ခြံဝန်းတစ်ခု၌ နေထိုင်သည်။ ကျင်းယွင်ကျောင်း တံခါးခေါက်လိုက်သည်နှင့် တံခါးဆီသို့ အပြေးလာသော ခြေသံများကို ကြားလိုက်ရ၏။

“သမားတော်ကျင်းလား”

တံခါးအနောက်ရှိလူသည် စိတ်လှုပ်ရှားနေသောလေသံဖြင့် မေးလာ၍ တံခါးကို ခပ်ဟဟဖွင့်ပေးလာသည်။

သို့သော် သူမသည် ကျင်းယွင်ကျောင်းကို မြင်သောအခါ ချက်ချင်းပင် မျက်မှောင်ကြုံ့သွား၍ နောက်ထပ်တစ်ယောက်အား တွေ့လို့တွေ့ငြား ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီလျှောက်ကြည့်နေ၏။

“ရှင် သမားတော်ကျင်းကို ရှာဖို့မလိုပါဘူး။ ကျွန်မက သမားတော်ကျင်းပါပဲ”

ကျင်းယွင်ကျောင်းက ယဥ်ကျေးစွာ ပြောလိုက်သည်။

ဒီနေ့မနက်တုန်းက ငါ သူနဲ့ဖုန်းပြောတော့ သူက အရမ်းစိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေတာ၊ ဒါပေမယ့် အခုကျ သူစိတ်ရှုပ်သွားတဲ့ပုံကိုကြည့်ရတာ သူက ငါ့အစား အသက်ကြီးကြီး သမားတော်တစ်ယောက်လာမယ်လို့များ ထင်ထားလို့လား။

“မင်းက အကြီးအကဲရှုမိတ်ဆက်ပေးတဲ့ အံ့ချီးဖွယ်သမားတော်လား”

အမျိုးသမီးကြီးက သံသယရှိနေပုံဖြင့် တအံ့တသြမေးလာ၏။

ထိုစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းသည်လည်း အံ့သြသွားသည်။ အံ့ချီးဖွယ်သမားတော်လို့ ခေါ်လိုက်တာလား။ အဖိုးရှုသည် ဤသို့ပြောမည့်ပုံမပေါ်ပေ။ သူသည် သူမ ဆေးပင်များကို စီမံနေသည့်အခါတိုင်း ငတုံးဟုခေါ်လေ့ရှိ၍ သူမ၏ လက်တန်းလုပ်ကိုင်သည့်အတွေ့အကြုံမှာ အလွန်ညံ့ဖျင်းသည်ဟု ပြောလေ့ရှိသည်။ သူသည် သူမအား ချီးမွှမ်းခဲလှ၏။

“ကျွန်မ အထဲဝင်လို့ရမလား”

အမျိုးသမီးကြီး၏ အမေးစကားကို မငြင်းဘဲ သူမက ပြန်မေးလိုက်သည်။

ဤကဲ့သို့သောလူမျိုးများသည် သူမ၏ အသက်အရွယ်ကြောင့် သူမ၏ ဆေးပညာစွမ်းရည်ကို မေးခွန်းထုတ်ကြခြင်းဖြစ်၏။ အကယ်၍ သူမသာ ထိုအမျိုးသမီးကြီး၏ မေးခွန်းအား မိမိကိုယ်ကို နှိမ့်ချ၍ ငြင်းပယ်လိုက်ပါက တစ်ဖက်လူက ယုံကြည်စိတ်ချသွားမည့်အစား သံသယများသာတိုးပွားလာမည်ဖြစ်သည်။

လက်တွေ့၌ စိတ်ကြီးဝင်ပြလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်၏။

နောက်ဆုံးတွင် ခဏမျှစဥ်းစားဆင်ခြင်နေပြီးနောက် အမျိုးသမီးကြီးက ပြောလာ၏။

“ကျေ...ကျေးဇူးပြုပြီး အထဲကိုကြွပါ”

ထို့နောက် ကျင်းယွင်ကျောင်းသည် အိမ်ထဲသို့ ဝင်သွားလိုက်သည်။ တစ်ချက်ကြည့်လိုက်ရာ အိမ်ဝန်းထဲ၌ ပန်းပင်အချို့စိုက်ပျိုးထားသည်ကို မြင်ရသော်လည်း အိမ်ကိုမူ နေ့တိုင်း သန့်ရှင်းရေးမလုပ်သောကြောင့် အချိန်အတော်ကြာ လူနေထိုင်ခြင်းမရှိသည့် အိမ်တစ်လုံးနှင့်တူနေသည်။ ထို့နောက် သူမသည် အခန်းထဲသို့ဝင်လိုက်ရာ အိပ်ယာပေါ်၌ လဲလျောင်းနေသည့် အသက် တစ်ဆယ့်သုံး၊ တစ်ဆယ်လေးနှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် ၄င်း၏ဘေးတွင် ထိုင်နေသည့် အဘွားအိုတစ်ဦးရှိနေ၏။

အဘွားအိုအား မြင်လိုက်သောအခါ ကျင်းယွင်ကျောင်းသည် ကိုယ့်ကိုကိုယ်ပင် သတိမထားမိလိုက်ဘဲ ရှန်းကျင်၏ ယောက္ခမအကြောင်းကို စဥ်းစားမိသွား၍ ရင်တစ်ချက်ခုန်မိသွားလေတော့သည်။

Chapter 267 : အသက်ကယ်ခြင်း

“အမေ၊ ဒါ အကြီးအကဲရှု မိတ်ဆက်ပေးတဲ့ အံ့ချီးဖွယ်သမားတော်ပါ။”

အမျိုးသမီးကြီးက အနည်းငယ်အခက် တွေ့နေပုံဖြင့် ပြောလိုက်၏။

အဘွားအိုသည် အသက်ခုနစ်ဆယ်၊ ရှစ်ဆယ်ဝန်းကျင်ခန့်ရှိ၍ အလွန်ပိန်လှီသော ခန္ဓာကိုယ်ရှိကာ တစ်ကိုယ်လုံး၌ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာသော အစက်အပြောက်များ ဖုံးလွှမ်းနေသည်။ သူမသည် ပိန်လွန်းသဖြင့် သူမ၏ အရိုးတည်ဆောက်ပုံကိုပင် သာမန်မျက်စိဖြင့် မြင်နိုင်၏။

(T/N : အရိုးပေါ်အရေတင်ဖြစ်နေတော့ အရိုးပြိုင်းပြိုင်းကျနေပြီး ဘယ်နေရာမှာ ဘာအရိုးရှိတာကိုပါ မြင်နေရတာပါ။)

အမျိုးသမီကြီး၏ စကားကိုကြားသောအခါ အဘွားအိုသည် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး အော်ပြောလာသည်။

“အံ့ချီးဖွယ်သမားတော်လား။ မင်းက အံ့ချီးဖွယ်သမားတော်လား။ မင်း ငါ့ရဲ့မြေးကို ကယ်ကိုကယ်ပေးရမယ်”

အဘွားအို၏ စကားကိုကြားသောအခါ ကျင်းယွင်ကျောင်းက ပြုံးလိုက်သည်။ တကယ်တမ်း သူမသည် အခြားသူများထံမှ အမြဲသံသယဝင်ခံခဲ့ရ၏။ သို့သော် ယခုအခါ လူတစ်ယောက်က သူမအား အံ့ချီးဖွယ်သမားတော် အလွယ်တကူခေါ်လိုက်သောအခါ အနည်းငယ် နေရထိုင်ရခက်နေ၏။

ထိုအခါ အမျိုးသမီးကြီးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။

“အမေ၊ လီအာရဲ့အခြေအနေက... ...ပြီးတော့ အံ့ချီးဖွယ်သမားတော်က အသက်ငယ်လွန်းပြီး အကြီးအကဲရှုကလည်း လာဖို့ငြင်းလိုက်တဲ့အချက်ကိုပါ ထည့်တွက်လိုက်ရင်...”

“ပါးစပ်ပိတ်ထားစမ်း”

အမျိုးသမီးကြီး၏ စကားကိုကြားသောအခါ အစောပိုင်းက အဘွားအို၏ အသနားခံနေသော မျက်နှာထားသည် ချက်ချင်းအေးစက်သွားပြီး အော်ငေါက်လိုက်သည်။

“အကြီးအကဲရှုက လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်၊ ပြီးတော့ သူက ဘယ်တော့မှ မလိမ်ဘူး။ ဒီသမားတော်လေးကို အကြီးအကဲရှုက မိတ်ဆက်ပေးတာဆိုတော့ သူက တကယ်အရည်အချင်းရှိလို့ပဲ။ ထူးချွန်ထက်မြက်ပြီးတော့ ဥာဏ်ပညာကြီးလှပါပြီဆိုတဲ့ သမားတော်တွေဆီကို လီအာ့ကို ခေါ်သွားပေမယ့် အဆုံးသတ်မှာတော့ ရလဒ်တွေက အတူတူပဲမဟုတ်လား”

ထိုအခါ အမျိုးသမီးကြီးက သူမပြောမည့် စကားများကို မျိုသိပ်လိုက်ပြီး ရိုးရိုးသားသားပင် ဝန်ခံလိုက်ရ၏။

“အမှန်ပါပဲ”

ထို့နောက် အမျိုးသမီးကြီးက ကျင်းယွင်ကျောင်းအား လှည့်ကြည့်ပြီး အနည်းငယ်ချောင်းဟန့်ကာ ဆက်ပြောလိုက်သည်။

“အံ့ချီးဖွယ်သမားတော်လေး၊ ငါပြောတာက မင်းရဲ့အရည်အချင်းကို သံသယဝင််တဲ့သဘောမျိုး မဟုတ်ပါဘူး။ မင်း စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်၊ ငါ့သားရဲ့အခြေအနေကို စစ်ဆေးပေးပါဦး”

လူနာမိသားစု၏ ကြင်နာ နားလည်ပေးတတ်မှုမှာ ကျင်းယွင်ကျောင်း မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေ၏။ သို့သော် သူမ ထိုအကြောင်းကို ပိုစဥ်းစားမိသောအခါ ဤကမ္ဘာကြီးသည် ပုံမှန်အသိဥာဏ်ရှိသော သာမန်လူများနှင့် ပြည့်နေ၍ ချင်ကျစ်ရွှယ်ကဲ့သို့သော လူမျိုးများမှာ အနည်းစုသာဖြစ်သည်။

ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်၍ အိပ်ယာဆီသို့သွားကာ ကောင်လေး၏ အခြေအနေကို စစ်ဆေးကြည့်လိုက်၏။ တစ်ချက်စစ်ကြည့်ပြီးနောက် သူမ ထိတ်လန့်သွားသည်။

အသက်မျှင်းမျှင်းရှုနေ၍ ခန္ဓာကိုယ်က ရေခဲတမျှအေးစက်နေသော သတိလစ်နေသည့် ကောင်လေးအား မြင်ရသည်မှာ သေလူတစ်ယောက်နှင့် မခြားပေ။ သို့ရာတွင် အဖိုးရှုက ဤသို့ရောဂါလက္ခဏာပြင်းထန်လှသော လူနာအား သူမထံသို့ လွှဲပြောင်းပေးလိုက်ခြင်းမှာ ထိုလူနာကို ကယ်တင်နိုင်သေးသောကြောင့်ဖြစ်သည်။

ထို့နောက် ကျင်းယွင်ကျောင်းက သူ၏ သွေးခုန်နှုန်းကိုစမ်းလိုက်ရာ သွေးခုန်နှုန်းမှာ မတည်မငြိမ်ဘဲ နှေးလွန်း၍ ပျောက်လုနီးပါးဖြစ်နေ၏။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ ချီစွမ်းအင်၊ သွေး၊ ယင်းယန်ဓါတ် ချို့တဲ့မှု၊ အတွင်းကလီစာများ အလုပ်မလုပ်ခြင်း၊ နှလုံးအာဟာရဓါတ်ချို့တဲ့ခြင်း၊ နှလုံးအတွင်းသို့ သွေးမလျှောက်ခြင်း၊ ချီစွမ်းအင်စီးဆင်းမှုရပ်တန့်ခြင်း၊ ချွဲပိတ်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်းနှင့် နှလုံးရှိ ယန်ဓါတ်ခမ်းခြောက်ခြင်းတို့ကြောင့် ဖြစ်သည်။

“သူက ဝက်ရူးပြန်ရောဂါ ခံစားနေရတာလား”

ကျင်းယွင်ကျောင်းသည် အခြားအရာများထက် လူနာ၏ နှလုံးက အားနည်းနေသည်ကို သတိထားမိသွားပြီး မေးလိုက်၏။

ကျင်းယွင်ကျောင်း၏ မှတ်ချက်ကို ကြားသောအခါ အဘွားအို၏ မျက်လုံးများက တောက်ပသွားပြီး အလောတကြီး ပြန်ဖြေလိုက်သည်။

“မှန်တယ်၊ ငါ့မြေးက မွေးကတည်းက ဦးနှောက်ဒဏ်ရာကို ခံစားနေရတာ။ ရလဒ်အနေနဲ့ သူ တစ်နှစ်သားကစပြီး နှစ်တိုင်း အပြင်းဖျားတယ်၊ တစ်နေ့မှာ အကြိမ်ပေါင်းများစွာ ဝေဒနာခံစားရတယ်။ နင်းမြို့တော်မှာရှိတဲ့ ဆေးရုံတွေ အားလုံးနီးပါးကိုလည်း စုံနေပါပြီ။ အကြီးစားကုသမှုရော၊ အသေးစားကုသမှုရော မရဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ့မြေးကို ပြန်ကောင်းလာအောင် ကုနိုင်မယ့် ဆေးအသစ်တစ်မျိုးအကြောင်းကို ငါတို့ သတင်းရခဲ့တယ်၊ အဲဒါကြောင့် ငါ့သားက ငါ့မြေးအတွက် ဝယ်လာခဲ့တာ။ ဒါပေမယ့် ဆေးထိုးပြီးတာနဲ့ ကလေးက ရောဂါဖောက်လာပြီးတော့ ဆေးရုံတောင် တင်လိုက်ရမယ်လို့ မထင်ခဲ့မိဘူး၊ ဒါပေမယ့် အဲဒါလည်း အသုံးမဝင်တာပါ။ ငါတို့ အမှန်တရားကို လက်ခံလိုက်ရတဲ့အချိန်မှာပဲ ဟွားနင်ခရိုင်မှာနေတဲ့ ဆေးပညာထိပ်တန်း သမားတော်ကြီးတစ်ယောက်ရဲ့အကြောင်းကို ကြားလိုက်ရတာပဲ။ အဲဒီလိုနဲ့ ငါတို့ မင်းကို ဆက်သွယ်ဖို့အချက်အလက်တွေရလာတာ”

အဘွားအိုသည် တစ်လုံးမကျန် သေချာရှင်းပြနေ၏၊ အသေးစိတ် အချက်အလက်လေး တစ်ခုတစ်လေ ကျန်ခဲ့ပါက သူမ မြေးဖြစ်သူ၏ အခြေအနေအပေါ် သက်ရောက်မှုရှိမည်ကို စိုးရိမ်နေသည့်ပုံပင်။

ထို့နောက် အဘွားအိုသည် စကားဆုံးသောအခါ ကျင်းယွင်ကျောင်းအား သူမ၏သားဖြစ်သူဝယ်လာသော ဆေးဘူးကို ကမ်းပေးလိုက်၏။ သို့သော် ဆေးဘူးပေါ်တွင် အနောက်တိုင်းမှ ဆေးပညာအသုံးအနှုန်းများကို ရေးထားသောကြောင့် ကျင်းယွင်ကျောင်း နားမလည်ပေ။

“ဒီဆေးမှာ အဆိပ်အတောက် ပါဝင်မှုနှုန်းမြင့်တယ်လို့ ဆေးရုံကတော့ ပြောပေမယ့် ငါတို့က အရင်တုန်းကလည်း ဆေးပေါင်းစုံ ဝယ်ခဲ့ဖူးတာဆိုတော့ သူတို့ပြောတာကို အလေးမထားလိုက်မိဘူး”

ဘေးတွင်ရပ်နေသော အမျိုးသမီးကြီးက ထပ်ဖြည့်ပြောလာသည်။

ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်၏။ ထိုဆေးသည် ဝက်ရူးပြန်ရောဂါကို သေချာပေါက် ကုသနိုင်သော်လည်း လူနာ၏ ခန္ဓာကိုယ်က ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ခံနိုင်ရည်မရှိသောကြောင့် သူ၏ နှလုံးက အားနည်းသွားပြီး အသက် ယဲ့ယဲ့ကျန်သည့် အနေအထားဖြစ်သွားခြင်းပင်။

ခဏမျှ စဥ်းစားပြီးနောက် သူမသည် ထိုကောင်လေးအား ကုသနိုင်မည့်နည်းလမ်းကို တွေးမိသွားသည်။ သို့ရာတွင် ပြဿနာရှိသည်မှာ ထိုနည်းလမ်းသည်လည်း အတိုင်းအတာတစ်ခုအထိ အဆိပ်အတောက်ပါဝင်၏။

သူမ အသုံးပြုမည့်နည်းလမ်းသည် ဖုကျစ်ကိုအသုံးပြု၍ လူနာကို အသက်ကယ်မည့် နည်းလမ်းဖြစ်သည်။ သို့ရာတွင် ဖုကျစ်ကို ညွှန်းထားသည့်ပမာဏအတွင်း အသုံးပြုပါက ဘေးထွက်ဆိုးကျိုးမရှိဘဲ အလွန်အကျွံအသုံးပြုလျှင်မူ လူနာအား အလွယ်တကူ အဆိပ်သင့်စေနိုင်သောကြောင့် ထိုနည်းလမ်းကို အသုံးပြုပါက အလွန်သတိထားရလေ၏။

Chapter 268 : ခြေကြွခ

အကယ်၍ ဤဆေးညွှန်းအတိုင်းသာ မဟုတ်ပါက ကောင်လေးအား နတ်ဘုရားပင် ကယ်နိုင်လိမ့်မည်မဟုတ်ကြောင်း ကျင်းယွင်ကျောင်း သေချာပေါက်သိ၏။ ထို့ကြောင့် သူမသည် အချိန်မဖြုန်းတော့ဘဲ ပြောလိုက်သည်။

“ဆေးကျိုဖို့အတွက် ကျွန်မကို မီးဖိုခန်းသုံးခွင့်ပေးပါ။ ပြီးတော့ ကျွန်မ ဆေးကျိုနေတဲ့အချိန်မှာ မနှောက်ယှက်ဖို့လည်း မျှော်လင့်ပါတယ်”

ကျင်းယွင်ကျောင်း ယူဆောင်လာသော ဆေးအိတ်သည် အသုံးများသော ဆေးပင်အချို့ပါသော်လည်း အများကြီးမဟုတ်ရာ အချို့အား သူမ၏ နေရာလွတ်နယ်မြေထဲမှ ထုတ်ယူရန် လိုအပ်၏။

ထိုအခါ အဘွားအိုနှင့် အမျိုးသမီးကြီးနှစ်ယောက်လုံးက နားလည်မှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သူတို့၏ နားလည်မှုရှိစွာ ပူးပေါင်းပေးခြင်းကို မြင်သောအခါ ကျင်းယွင်ကျောင်းသည် စိတ်သက်သာရာရသွား၍ ဆေးကျိုရန် စတင်ပြင်ဆင်တော့၏။ သူမသည် ဖုကျစ်၊ ဂျင်းခြောက်၊ နွယ်ချိုမီးကင်၊ ကိုရီးယားဂျင်ဆင်း၊ သမင်ချို ၊ လုံမူအကြမ်းမှုန့်၊ ကြေးနီမှုန့်နှင့် ကတိုးမှုန့် ပမာဏအချို့ကို ပြင်ဆင်လိုက်ပြီး ၎င်းပါဝင်ပစ္စည်းအားလုံးကို အိုးတစ်လုံးထဲထည့်၍ မီးအေးအေးဖြင့် ကျိုချက်လိုက်၏။

သာမန် တစ်ခါသောက်ဆေးညွှန်းတွင် ဖုကျစ် တစ်ဆယ်ဂရမ်ခန့်သာ ပါဝင်သော်လည်း ယခု ကျင်းယွင်ကျောင်းသည် ဂရမ်တစ်ရာကျော်နီးပါး အသုံးပြုထားသည်။ သို့ရာတွင် ကျင်းယွင်ကျောင်း ပြင်ဆင်ထားသည့် နွယ်ချိုမီးကင်သည် ဖုကျစ်၏ အဆိပ်ကို ဓါတ်ပြယ်စေပြီး ဖုကျစ်၏ အဆိပ်ရှိသည့်သဘော သဘာဝကို တန်ပြန်ရာတွင် သုံး၏။

ထိုအချိန်၌ မီးဖိုခန်းအပြင်ဘက်တွင် အမျိုးသမီးကြီးနှင့် အဘွားအိုသည် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။

ဆေးရည် ဆူပွက်လာသောအခါ ကျင်းယွင်ကျောင်းက လူနာအား တိုက်လိုက်၏။

နာရီအနည်းငယ်ကြာပြီးနောက်တွင် ကောင်လေးသည် သတိရလာ၍ နောက်ဆုံး၌ ကျင်းယွင်ကျောင်းလည်း သက်ပြင်းချနိုင်သွားသည်။

“အံ့ချီးဖွယ်သမားတော်ပဲ။ ကျေးဇူးအများကြီးတင်ပါတယ်၊ သမားတော်ကျင်း။ အကြီးအကဲရှုရဲ့စကားတွေက မုသားမဟုတ်ဘူးဆိုတာ ရှင်းသွားပါပြီ”

အမျိုးသမီးကြီးသည် ဒူးထောက်၍ ကျေးဇူးတင်ချင်ခဲ့သော်လည်း ကျင်းယွင်ကျောင်းက သူမကို တားလိုက်၏။

ကျင်းယွင်ကျောင်းသည် ယနေ့ လူနာလေးယောက်ကြည့်ရန် ကျန်သေး၍ ယခု လူနာများထဲမှ တစ်ယောက်က သတိရလာပြီဖြစ်ရာ သူမ၏ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်သည် လာခြင်းကောင်းသည်ဟု ယူဆ၍ရသည်။ အထူးသဖြင့် ကောင်လေး ခံစားနေရသောရောဂါသည် သေစေနိုင်သောရောဂါဖြစ်သော်လည်း ယခု သူသည် စပ်ဆေးတစ်ခွက်သောက်ထားပြီးဖြစ်ရာ အနာဂတ်၌ မည်သည့်ပြဿနာမှ မရှိသင့်တော့ပေ။

“ဒါဆိုရင် ကျွန်မ တခြားကြည့်စရာ လူနာတွေရှိသေးလို့ သွားလိုက်ပါဦးမယ်။ တစ်ခါသောက်ပမာဏ ဆေးတွေကိုလည်း ကျိုခဲ့ပြီးသားမို့လို့ ရှင်တို့က ကလေးကို အချိန်မှန်တိုက်ပေးရုံပါပဲ”

ကျင်းယွင်ကျောင်းက ပြောပြီးသည်နှင့် ထွက်သွားဟန်ပြင်လိုက်၏။

“နေပါဦး”

အမျိုးသမီးကြီးက အော်ပြီးတားလိုက်သဖြင့် ကျင်းယွင်ကျောင်းသည် တစ်ခုခုများ မှားသွားသလားဟု တွေးလိုက်မိသည်။ သို့သော် သူမ လှည့်ကြည့်လိုက်သောအခါ စာအိတ်တစ်လုံးက သူမ၏ မျက်စိရှေ့သို့ ရောက်လာ၏။

“သမားတော်ကျင်း၊ မင်း ခြေကြွခ မေ့နေတယ်”

ခြေကြွခလား။

ယခင်က သူမသည် အဖိုးကန်နှင့် လူနာကြည့်လိုက်လေ့ရှိ၍ ထိုသို့ကြည့်ရာ၌ ခြေကြွခကို ဆေးမကုမီ ကြိုတင်၍ လက်ခံခဲ့ရသည်သာ များသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ခြေကြွခအကြောင်းတွေးမိသောအခါ အနည်းငယ် ရှက်ရွံ့သွား၏။

သို့ရာတွင် ငွေသားများ ပြည့်ဖောင်းနေသည့်စာအိတ်ကို မြင်သောအခါ ခြေကြွခသည် များလွန်းနေသည်ဟု ကျင်းယွင်ကျောင်း တွေးလိုက်မိသည်။

သူမ နားလည်သလောက် အဖိုးကန်သည် နာမည်ကြီးသမားတော်တစ်ယောက် ဖြစ်သောကြောင့် ခြေကြွခမှာ ယွမ်တစ်ရာခန့်ဖြစ်၏။ ထို့အပြင် သောက်ဆေး၊ လိမ်းဆေးညွှန်းရပါက အဖိုးအခမှာ တစ်မျိုးဖြစ်ပြီး ဆေးဖိုးအတွက်လည်း သီးခြားပေးချေရသည်။ ထို့ကြောင့် ရောဂါ ကုရသည်ဖြစ်စေ၊ မကုရသည်ဖြစ်စေ ခြေကြွခ လျော့မသွားပေ။

သို့သော် ဤစာအိတ်ကိုကြည့်သောအခါ ယွမ်နှစ်သိန်းခန့်ရှိ၏။

“မနေ့ညက အကြီးအကဲရှုကို ခြေကြွအကြောင်း မေးကြည့်တော့ မင်းက သူ့ရဲ့တပည့်တစ်ဝက်ဖြစ်တာကြောင့် မင်းရတဲ့ခြေကြွခက သူနဲ့တော့မတူဘူးလို့ ပြောတာကြောင့် မင်းကို ဒီလောက်ပဲ ပေးလိုက်တာပါ”

အမျိုးသမီးကြီးက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရှင်းပြလာ၍ သူမသည် ကျင်းယွင်ကျောင်းက နည်းလွန်းသည်ဟု ထင်သွားမည်ကို စိုးရိမ်နေရှာသည်။

ထိုစကားကိုကြားသောအခါ ကျင်းယွင်ကျောင်း၏ သံသယများလည်း ရှင်းသွား၍ ငွေကိုလက်ခံလိုက်၏။

ထို့နောက် သူမက အဖိုးရှုသည် ရှုပ်ထွေးဆန်းပြားသော ကိုယ်ပိုင်အကျင့်စရိုက်ရှိ၍ သူနှင့် ဆေးကုသရန်အတွက် လာရှာသောသူများသည်လည်း ပုံမှန်မဟုတ်သော ရောဂါများနှင့် ရှုပ်ထွေးဆန်းကြယ်သော အကျင့်စရိုက်များ ရှိကြသည်ဟု တွေးမိလိုက်သည်။ ထို့အပြင် ဤယွမ်နှစ်သိန်းသည် လူလတ်တန်းစားများ နှစ်အနည်းငယ်ဖြင့် ရှာဖွေစုဆောင်းနိုင်သည့်ပမာဏ မဟုတ်ပေ။ ထို့အပြင် ဤအိမ်သည် လုံးချင်းအိမ်ဖြစ်သည့်အပြင် သူမ ဤနေရာသို့ရောက်နေသည်မှာ နာရီအနည်းငယ်ကြာပြီဖြစ်ရာ အိမ်ကို ပြုပြင်ထိန်းသိမ်းရသည့်ကုန်ကျစရိတ်မှာ နည်းမည် မဟုတ်ကြောင်း သတိထားမိလိုက်၏။ ဤမိသားစုသည် သူတို့၏ ကလေးအား ဆေးကုသရန်အတွက်သာ အိမ်ငှားထားခြင်းဖြစ်သည်။

သူတို့၏ ချမ်းသာကြွယ်ဝမှုက သမားတော်တစ်ယောက်အား ခြေကြွခပေးသည့်နေရာ၌ သိသာ၏။

ထို့ကြောင့် ကျင်းယွင်ကျောင်းက ခြေကြွခကိုလက်ခံလိုက်ရာ လူနာမိသားစု၏ စိုးရိမ်မှုများ လျော့ကျသွားလေသည်။

ထို့နောက် ကျင်းယွင်ကျောင်းလည်း ကျန်သောလူနာများကိုဆက်၍ ကုသပေးရန် ထွက်ခွာသွား၏။

ကျန်လူနာလေးယောက်၏ အခြေအနေမှာ ပထမလူနာကဲ့သို့ မပြင်းထန်ပေ။ ကျင်းယွင်ကျောင်းက သူတို့အား ဆေးညွှန်းတစ်ခုပေးလိုက်ပြီး ထိုဆေးညွှန်းအတိုင်း နေ့စဥ်လိုက်နာရန် မှာကြား၍ နောက်တစ်ပတ်၌ ထပ်လာကြည့်ရန် ချိန်းဆိုခဲ့သည်။

သို့ရာတွင် မိသားစုလေးစုလုံး၏ တူညီသောအချက်မှာ သူတို့ပေးသည့် ခြေကြွခ ပမာဏက မနည်းခြင်းပင်။ ခြေကြွခချည်း သက်သက်ကိုပင် တစ်မိသားစုချင်းက ယွမ်တစ်သောင်းဆီပေးကြ၏။ ထိုအထဲမှ မိသားစုနှစ်ခုက သူမ၏ အရည်အချင်းကို သံသယဝင်ခဲ့သေးသော်လည်း သူတို့သည် အဖိုးရှု၏ ဂုဏ်သတင်းကို အလေးထားသောအားဖြင့် သူမအား လေးလေးစားစား ဆက်ဆံပေးကြသည်။

All Chapters