အခန်း (၂၆၉-၂၇၂)
Vol. 14 Ch. 269-272
Chapter 269 : ဆင်းရဲခြင်းကို မနှစ်မြို့ဘဲ ချမ်းသာခြင်းကိုသာ သဘောကျသည်
အဖိုးရှုသည် အခြားဘာအကူအညီမှမပါဘဲ သူ၏ ဂုဏ်သတင်းဖြင့်ပင် သူမ၏ခြေကြွခအား သာမန်သမားတော်တစ်ယောက် ဘယ်တော့မှ မရောက်နိုင်သည့် အဆင့်တစ်ခုအထိ မြှင့်တင်ပေးခဲ့သည်။ ထိုည၌ သူသည် ရည်ရွယ်ချက်ရှိရှိဖြင့်ပင် ဦးလေးရှင်းယွမ်အား သူမကို ဖုန်းမှတဆင့် အကြောင်းကိစ္စများကို ရှင်းပြစေခဲ့၏။
လူအများစုသည် စျေးချိုသောပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို စိတ်မချရဘဲ ဆိုးရွားသည်ဟု သတ်မှတ်ထားကြပြီး အထူးသဖြင့် ကျင်းယွင်ကျောင်းကဲ့သို့ ငယ်ရွယ်သူများက သူတို့အား ဝန်ဆောင်မှုပေး (ဆေးကုသပေး) သောအခါ၌ ဖြစ်သည်။ အကယ်၍ သူမသာ ခြေကြွခကို ယွမ်ရာဂဏန်းသာ တောင်းမည်ဆိုပါက သူမက လူနာအား ပျောက်ကင်းအောင် ကုသနိုင်လျှင်တောင်မှ လူနာများကိုယ်တိုင်က သူမ၏ ကုသရေးထူးချွန်မှုကို အခြားသူများအား ညွှန်းပေးလိမ့်မည် မဟုတ်ပေ။
တစ်ဖက်၌ သူမသည် ခြေကြွခ အမြောက်အမြားကို လက်ခံလိုက်ပါက တစ်ဖက်လူက သူမအား လေးစားသွားမည်ဖြစ်ပြီး သူမသည် အမှန်တကယ် ပျောက်ကင်းအောင် ကုသနိုင်သည်ဟု ခံစားသွားရလိမ့်မည်။ ထို့အပြင် ငွေကုန်ကြေးကျများခြင်းက အချို့လူများအတွက် အာမခံချက်တစ်မျိုးဖြစ်၍ သူတို့သည် သူမအား သူတို့ ချစ်သူ၊ ခင်သူများ၏ အသက်ကို သွန်လိုသွန် မှောက်လိုမှောက်နိုင်သည့် ကလေးတစ်ယောက်သဖွယ် ဆက်ဆံကြလိမ့်မည်။
ဦးလေးရှင်းယွမ်၏ ရှင်းပြချက်ကိုကြားသောအခါ ကျင်းယွင်ကျောင်းသည် ငိုရမလို၊ ရယ်ရမလိုဖြစ်သွားသော်လည်း အဖိုးရှု၏ တွေးခေါ်ပုံက အလွန်းအသေးစိတ်ကျသည်ကိုတော့ ဝန်ခံရပေမည်။
သူမအား ငွေကိုသာ ဂရုစိုက်သော သမားတော်တစ်ယောက် ဖြစ်မလာရေးသည် အဖိုးရှု၏ ရည်ရွယ်ချက်ဖြစ်ကြောင်း အသိအသာပင်။ သူ၏ အလိုအရ လူနာ အခြေအနေအပေါ်မူတည်၍ သူမသည် ခြေကြွခတောင်းခံနိုင်၏။ တကယ်တမ်း သူမသည် ဆေးပညာကျွမ်းကျင်သည်ဖြစ်ရာ လူနာများပေးနိုင်သည့် ပမာဏအပေါ်မူတည်၍ ခြေကြွခကို သူမဘက်မှ စ၍ ဆုံးဖြတ်ပေးနိုင်သည်။
အဖိုးရှု၏ ဤကဲ့သို့သင်ကြားမှုများသည် ကျင်းယွင်ကျောင်းအား ပို၍ အမြင်ပွင့်လာစေ၏။ သို့ရာတွင် အဖိုးရှု မခန့်မှန်းနိုင်ခဲ့သည့်တစ်ခုတည်းသောအချက်မှာ ကျင်းယွင်ကျောင်းသည် အနာဂတ်၌ သူ၏သင်ကြားမှုများကို မည်မျှ စေ့စေ့စပ်စပ် အသုံးချမည်ဆိုသည်ကိုပင်။
ဤတနင်္ဂနွေတွင် ကျင်းယွင်ကျောင်းသည် မိုးလင်းမှ မိုးချုပ်အထိ အလုပ်ရှုပ်နေသည်။
ထို့ကြောင့် ယခုအချိန်၌ ကျောင်းသွားခြင်းကသာ သူမအတွက် အနားယူခြင်းတစ်မျိုး ဖြစ်နေလေ၏။
သို့ရာတွင် နောက်တစ်နေ့ မနက်စောစောတွင် အယောက်တစ်ရာမကသော လူအုပ်ကြီးသည် ကျောင်းရှေ့၌ စုဝေးနေကြသည်။
မနက်ခင်းအစောကြီး၌ တရားမျှတမှုကို လိုချင်သောမျက်နှာများဖြင့် ဆိုင်းဘုတ်များကိုင်ဆောင်ထားသည့် လူအုပ်ကြီးအား ဖြတ်သွားသမျှ ကျောင်းသားများက နားမလည်နိုင်ဘဲ သိချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်သွားကြသည်။
ထိုအချိန်တွင် ကျောင်းပေါက်ဝသို့ရောက်လာကြသော ကျင်းယွင်ကျောင်းနှင့် စူးချူတို့သည်လည်း ဆိုင်းဘုတ်များပေါ်တွင် စာလုံးကြီးကြီးနှင့် ရေးထားသောစာများကို မြင်သောအခါ ရပ်ကြည့်လိုက်ကြ၏။
“မိန်းမတွေက သူတို့ရဲ့မိဘအရင်းတွေကိုတောင် စွန့်ပစ်တဲ့အထိ ဆင်းရဲတာကို မနှစ်မြို့ဘဲ ချမ်းသာတာကိုပဲ သဘောကျကြတယ်။ ပညာတတ်ပေမယ့် အကျင့်မကောင်းဘူး”
စူးချူသည် ဆိုင်းဘုတ်ပေါ်ရှိစကားလုံးများကို သေချာအာရုံမစိုက်မိသော်လည်း ကျင်းယွင်ကျောင်းက လမ်းလျှောက်နေရာမှ ရုတ်တရက်ရပ်သွားသောကြောင့် သူမက သိချင်စိတ်ဖြင့် မေးလိုက်၏။
“ပြောင်ကျဲ၊ ဘာဖြစ်လို့လဲ”
“ချူချူ၊ နင် ငါနဲ့ ခဏလောက် ဝေးဝေးမှာသွားနေသင့်တယ်။ မဟုတ်ရင် ခဏနေကျ နင့်ကိုပါ လာရှုပ်ကြလိမ့်မယ်”
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။
အကြမ်းဖြင်းအားဖြင့် ဆန္ဒပြနေသူများထဲမှ လူနှစ်ဆယ်သုံးဆယ်ခန့်သည် ရွှေချန်းရွာမှ လာကြသည်ဖြစ်ရာ ဤကိစ္စသည် သူမက သူတို့အား အပြင်းအထန်ရိုက်နှက်ခဲ့ခြင်းကြောင့်ဟု သူမ သိ၏။ ထို့အပြင် လူဒါဇင်ပေါင်းများစွာသည် မိုက်ခရိုဖုန်းများ၊ လက်မှတ်ထိုးထားသောစာရွက်များနှင့် ကင်မရာများကို ကိုင်ထားကြသည်။ သို့ရာတွင် ကျန်လူများမှာ ရွှေချန်းရွာနှင့် မသက်ဆိုင်သည့် ဆန္ဒပြသူများဖြစ်ကြကာ ထိုလူများက အားမာန်အပြည့်နှင့် “ပညာသင်ကြားခြင်း၏ အဓိပ္ပါယ်” ဟု အော်ဟစ်နေကြ၏။
ထိုမျှသာမက ကလေးများကို ကျောင်းလာပို့သောမိဘများသည်လည်း ထိုမြင်ကွင်းကိုကြည့်၍ စိုးရိမ်နေပုံရကာ ကျောင်းမှ တာဝန်ရှိအကြီးအကဲများကလည်း ပြဿနာကို ဖြေရှင်းရန် ကြိုးစားနေကြ၍ ယနေ့ တနင်္လာနေ့မနက်ခင်းသည် အလွန်သက်ဝင်လှုပ်ရှားနေသည်။
“ဘာဖြစ်လို့လဲ”
စူးချူသည် မူလက နားမလည်သော်လည်း လူအုပ်ကြီးအား စိုက်ကြည့်နေသည့် ကျင်းယွင်ကျောင်း၏ အကြည့်များကို အဓိပ္ပါယ်ကောက်မိသွားသည်နှင့် သူမ၏ အမူအယာက ချက်ချင်းပင် ပျက်ယွင်းသွား၏။
“မဖြစ်နိုင်ဘူး မဟုတ်လား။ ဒါဆို သူတို့ပြော...ပြောနေတဲ့လူက...”
ပြောင်ကျဲလား။
ထို့နောက် သူမသည် ဆိုင်းဘုတ်ပေါ်မှစာများကို ဖတ်ကြည့်လိုက်သည်။
ချမ်းသာတာကို သဘောကျပြီး ဆင်းရဲတာကို မနှစ်မြို့ဘူး၊ ဟုတ်လား။ အဓိပ္ပါယ်မရှိလိုက်တာ။
စူးချူသည် ချက်ချင်းပင် ဒေါသထွက်သွား၍ လက်သီးတင်းတင်းဆုပ်လိုက်ကာ ...
“ကျွန်မ အစ်မကို ကူပြီးတော့ သူတို့နဲ့ရင်ဆိုင်မယ်။ သူတို့က ဘာအဆင့်ရှိလို့ အစ်မကို ဒီလိုခေါ်ရတာလဲ။ သူတို့က အစ်မရဲ့မိသားစုဝင်အရင်းအချာတွေနဲ့ လုံးဝမတူဘူး”
သူမတို့အားလုံးသည် ထိုနေ့ညက ကျင်းယွင်ကျောင်းထံမှ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်များကို သိထားပြီးဖြစ်၏။ ထို့ကြောင့် သူမတို့သည် သူတို့ကိုယ်သူတို့ သူမ၏ မိသားစုဝင်များဖြစ်သည်ဟုဆိုကာ မဏ္ဍပ်တိုင်တက်ရန် ကြိုးစားနေကြသည့်အုပ်စုကို တစ်စက်မှအကောင်းမမြင်ပေ။
“နင်တို့က သိပေမယ့် တခြားသူတွေက မသိသေးဘူးလေ”
ကျင်းယွင်ကျောင်းက သူမ၏ အေးစက်သော အရှိန်အဝါများကို ထုတ်ပြလိုက်ရင်း မမျှော်လင့်ဘဲ ပြုံးလိုက်သည်။
“တကယ်တော့ ဒါက သူတို့ဖန်တီးထားတဲ့ ဒီလိုပဋိပက္ခကြီးနဲ့ ဆက်နွယ်နေတဲ့ လက်နက်ကောင်းတစ်ခုပဲ”
အမြင့်သို့တက်လေ၊ အကျနာလေ ဖြစ်သည်။
ကျင်းမိသားစုသည် အမှန်တကယ်ပင် ဆင်းရဲချို့တဲ့သောမိသားစုဖြစ်သော်လည်း ဆင်းရဲချို့တဲ့ခြင်းက လူတစ်ယောက်အား လူယုတ်မာအဖြစ်သို့ပြောင်းသွားစေရန်အတွက် အကြောင်းပြချက်ကောင်း မဟုတ်ပေ။ ကမ္ဘာပေါ်၌ မပြည့်စုံသောသူများစွာရှိ၍ သူမသည်လည်း သူတို့ထဲမှ တစ်ယောက်အဖြစ် အသားကျနေပြီဖြစ်သည်။
“ပြောင်ကျဲ၊ ဘာဆက်လုပ်မှာလဲ။ မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်တွေကို ထုတ်ပြပြီး သူတို့မျက်နှာတွေကို ပစ်ပေါက်ပစ်မှာလား”
စူးချူက ထိုသို့မေးလိုက်ပြီးနောက် သူမ၏ စိတ်ထဲတွင် သေချာသွားပုံရ၍ မျက်လုံးများက တောက်ပလာသည်။
“အလောတကြီးလုပ်ဖို့ မလိုသေးဘူး။ တကယ်လို့ နင် လူတစ်ယောက်ကိုဖျက်ဆီးချင်တယ်ဆိုရင် အရင်ဆုံး သူတို့ကို အရူးထခွင့်ပေးရတယ်၊ ဒါက အချို့လူတွေအတွက် စောလွန်းနေသေးတယ်လေ”
ထို့နောက် ကျင်းယွင်ကျောင်းသည် သူမ၏ကျောပိုးအိတ်ကိုချွတ်လိုက်၍ စူးချူအား ပေးလိုက်ပြီးနောက် ခပ်ပြုံးပြုံးပင် ထိုလူများဆီသို့ လျှောက်သွားလိုက်လေ၏။
Chapter 270 : ပြဿနာအကြီးအကျယ်တက်
ခြင်း
စူးချူက ကျင်းယွင်ကျောင်းပြောသွားသည့် စကားလုံးများ၏ အဓိပ္ပါယ်အား စဥ်းစားနေစဥ်မှာပင် ဘေးပတ်ဝန်းကျင်မှလူများက ကျင်းယွင်ကျောင်းအား စတင်၍ ဝန်းရံလိုက်ကြသည်။ လူအုပ်ကြီး၏ လှုပ်ရှားမှုများကြောင့် စူးချူ၏ စိတ်ထဲတွင် ကျင်းယွင်ကျောင်းသည် သိုးငယ်လေးတစ်ကောင်ဖြစ်သွားသကဲ့သို့ ခံစားရ၍ သူမအား အနိုင်ကျင့်နေသောလူအုပ်ကြီးသည် သိုးငယ်လေးထောင်ချောက်ထဲ ဝင်လာမည်ကို စောင့်နေသည့် သွေးဆာနေသော ဝံပုလွေများနှင့်တူ၏။
ထို့ကြောင့် စူးချူသည် ပို၍ ဒေါသထွက်သွားကာ သူမ၏ ပြောင်ကျဲအား ဤသားရဲတွင်းထဲသို့ တစ်ယောက်တည်း မလွှတ်ချင်တော့ပေ။
ထို့နောက် စူးချူက ကျင်းယွင်ကျောင်း၏ နောက်သို့ လိုက်သွားလိုက်တော့သည်။
“အဲဒါ သူပဲ၊ ကျင်းယွင်ကျောင်း အခု ဒီမှာရှိနေတယ်”
ရွာသားများထဲမှ တစ်ယောက်က ကျင်းယွင်ကျောင်းအား လက်ညှိုးထိုးပြရင်း အော်လိုက်၏။
ချက်ချင်းပင် လူအုပ်ကြီးက ကျင်းယွင်ကျောင်းရှိရာသို့ တစ်ပြိုင်နက်တည်း ခေါင်းလှည့်လာကြပြီး ကင်မရာကိုင်ထားသူများက သူမအား အဆက်မပြတ် ဓါတ်ပုံရိုက်နေကြရာ ကင်မရာဖလက်ရှ်မီးများကြောင့် လူတိုင်းနီးပါး မျက်စိကျိန်းကုန်ကြသည်။
“မင်းက ကျင်းယွင်ကျောင်းလား။ ကျေးဇူးပြုပြီး ကျင်းထျယ်ကျွင်းနဲ့ ဝမ်ရှင်းဖန်းက မင်းရဲ့မိဘတွေလားဆိုတာ ငါတို့ကို ပြောပြနိုင်မလား”
“ကျောင်းသူ ကျင်းယွင်ကျောင်း၊ မင်းရဲ့မိဘအရင်းတွေကို ဘယ်လိုသဘောမျိုးနဲ့ စွန့်ပစ်ခဲ့တာလဲ။ ဘယ်လိုသဘောမျိုးနဲ့များ သူတို့နဲ့တော်စပ်မှုအားလုံး ဖြတ်ချပစ်နိုင်ရတာလဲ။ ငါကြားတာကတော့ မင်းက မင်းရဲ့မောင်အရင်းကိုတောင် အသုံးချပြီး မိဘတွေကို ခြိမ်းခြောက်ခဲ့တယ်ဆိုတာ ဟုတ်လား”
“ကျောင်းသူလေး၊ မင်းရဲ့ရည်းစားက ချမ်းသာတဲ့သခင်လေးတစ်ယောက်ဆို။ သူက မင်းကို ဒီနေ့ ကိုယ်တိုင် ကျောင်းလိုက်မပို့ဘူးလား။ မင်းက ဘာဖြစ်လို့ မင်းရဲ့ဒေါသတွေကို ရွှေချန်းရွာသားတွေအပေါ်ပုံချပြီး ရိုက်နှက်ခဲ့တာလဲ”
…
သူတို့၏ စည်းမရှိဘဲ ရိုင်းစိုင်းကြမ်းတမ်းသည့် မှတ်ချက်များကိုကြားသောအခါ စူးချူသည် သူမအား တိုက်ရိုက်အပြောခံနေရခြင်း မဟုတ်သော်လည်း သူမ၏ နှလုံးသားအား ဓါးထက်ထက်ဖြင့် လှီးနေသကဲ့သို့ ခံစားရသည်။
စူးချူအတွက်မူ ဤကဲ့သို့ကြောက်စရာကောင်းသော မြင်ကွင်းကို ပထမဆုံး မျက်မြင်ကိုယ်တွေ့ ကြုံဖူးခြင်းဖြစ်၏။ ထိုလူများအားလုံးသည် ကြင်နာ၍ဖော်ရွေတတ်ပုံပေါ်သော်လည်း သူတို့၏ စကားပြောပုံဆိုပုံ၊ မေးခွန်းမေးပုံနှင့် မှတ်ချက်ပေးပုံများသည် ပြင်းထန်၍ အေးစက်လွန်းပြီး လူတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ပိုင်စိိုးပိုင်နင်း မေးမြန်းနေကြသည်။
“ချီးပဲ...ဒီပညာမတတ်တဲ့ တိရစ္ဆာန်တွေကတော့”
စူးချူသည် ကျင်းယွင်ကျောင်းအား မည်သို့ကူညီရမှန်းမသိသောကြောင့် စိတ်ထဲ၌ ဆောက်တည်ရာမရဖြစ်နေချိန်တွင် ရုတ်တရက် ရှောင်ဟိုင်ချင်းက သူမ၏ ဘေးသို့ရောက်လာ၍ ထိုလူအုပ်ကြီးအား ဆဲရေးကြိမ်းမောင်းလိုက်၏။
ထို့နောက် ရှောင်ဟိုင်ချင်းသည် လမ်းပိတ်နေသော လူအုပ်ကြီးအား တွန်းဖယ်လိုက်ပြီး ကျင်းယွင်ကျောင်း၏ ဘေးသို့ သွားရပ်လိုက်သည်။
စူးချူက သူမသည် ကျင်းယွင်ကျောင်းအား များများစားစား အကူအညီမပေးနိုင်ဟု ခံစားနေရသော်လည်း သူမကသာ ပို၍ အားပေးထောက်ခံပါက ကျင်းယွင်ကျောင်းသည် ပို၍တည်ငြိမ်လာလိမ့်မည်ဟု တွေးလိုက်မိ၏။
စိတ်ထဲ၌ ထိုသို့တွေးလိုက်မိသည်နှင့် စူးချူသည်လည်း ရှောင်ဟိုင်ချင်း၏ လုပ်ပုံကိုင်ပုံများကိုအတူယူ၍ လူအုပ်ကြီးအား တွန်းဖယ်ကာ ကျင်းယွင်ကျောင်း၏ ဘေး၌သွားရပ်နေလိုက်ပြီး ထိုလူများအား မုန်းတီးစက်ဆုပ်မှုများပြည့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလိုက်သည်။
ဆူညံနေသော လူအုပ်ကြီးနှင့် မျက်နှာချင်းဆိုင်ရင်း ကျောင်းမှ အုပ်ချုပ်သူ အကြီးအကဲများသည်လည်း ဘာမှမလုပ်တတ်တော့ချေ။ ဆရာကျီက ဘေး၌ အနည်းငယ် ခါးကုန်း၍ရပ်နေပြီး သူ၏ ဘေးတွင်ရပ်နေသော ကျီသာ့ယုံးကလည်း သက်ပြင်းချနေ၏။ ထိုအခိုက်မှာပင် သတင်းထောက်အချို့က ဆရာကျီအား မလိုအပ်ဘဲ မေးခွန်းများ မေးလာသည်။
“ခင်ဗျားက ကျင်းယွင်ကျောင်းရဲ့အတန်းပိုင်းဆရာ မဟုတ်လား။ သူက အတန်းထဲမှာရော ဘယ်လိုစိတ်ထားမျိုးရှိလဲ။ သူက ရည်မှန်းချက်ကြီးလား”
“ခင်ဗျားတို့တွေ မေးလို့ပြီးပြီလား။ ကျင်းယွင်ကျောင်းက လူကောင်းတစ်ယောက်ပဲ။ သူက ခင်ဗျားတို့မကျေနပ်အောင် ဘယ်လိုများ လုပ်မိထားလို့တုန်း”
ကျီသာ့ယုံးက သူ့ ဦးလေးဖြစ်သူသည် လူအုပ်ကြီး၏ ဖိအားပေးမှုများကြောင့် တုန်ယင်နေသည်ကိုမြင်သောအခါ ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
သူက ကျင်းယွင်ကျောင်းရဲ့အတန်းဖော်ဖြစ်နေတာ အချိန်အတော်ကြာပြီ။ သူက အတန်းခေါင်းဆောင်နဲ့ အတန်းကိုယ်စားပြုမို့လို့ သူ့မှာ သူနဲ့စကားပြောဖို့ အခွင့်အလမ်းအများကြီးရှိတယ်၊ ဒါကြောင့် ကျင်းယွင်ကျောင်းက အမြဲတမ်း အခြားသူတွေအပေါ်မှာ အေးစက်ပြီး ကြမ်းတမ်းပေမယ့် သူက ခင်မင်မှုကို တန်ဖိုးထားတဲ့သူတစ်ယောက်ဆိုတာ သူသိလာတယ်၊ သူက သူတို့ပြောသလို မကောင်းတဲ့သူတစ်ယောက် မဟုတ်ဘူး။
ကျီသာ့ယုံ၏ ကြိမ်းမောင်းသံကို ကြားသောအခါ သတင်းထောက်များသည် နောက်ဆုတ်သွားရမည့်အစား ပို၍ပင် စိတ်အားထက်သန်စွာဖြင့် ဆရာကျီအား မေးခွန်းများ ဆက်မေးတော့သည်။
“ဒီကောင်လေးကလည်း ခင်ဗျားရဲ့ကျောင်းသားတွေက တစ်ယောက် မဟုတ်လား။ ဆရာကျီ ဆရာတစ်ယောက်အနေနဲ့ ခင်ဗျား အရှုံးသမားတစ်ယောက်လို ခံစားရလား”
ထိုမေးခွန်းများအားကြားပြီးနောက်တွင် ဆရာကျီ၏ ခန္ဓာကိုယ်က ပို၍ပင် တုန်ယင်လာ၏။
ထိုအခါ ကျီသာ့ယုံးသည် မျက်လုံးများနီရဲလာသည်အထိ ဒေါသထွက်လာသော်လည်း ဤတစ်ကြိမ်၌ ပါးစပ်ပိတ်၍သာ နေလိုက်သည်။ သတင်းထောက်များသည် နားလည်မှုလွဲတတ်လွန်းလှ၍ သူပြောလိုက်သည့်စကား၏ အဓိပ္ပါယ်ကို ရာဇဝတ်မှုမြောက်သည့်စကားအဖြစ် ပြောင်းလဲပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် လူအုပ်ကြီး၏ ဝန်းရံခြင်းကို ခံထားရသည့် ကျင်းယွင်ကျောင်းသည်လည်း အတော်လေးတိတ်ဆိတ်နေ၍ လူအုပ်ကြီးထဲမှ တစ်ယောက်ချင်းစီအား စိမ်ပြေနပြေ စိုက်ကြည့်၍ မှတ်သားနေသည်။
တကယ်တမ်း သူမသည် အလွန်အငြိုးကြီးသူတစ်ယောက်ဖြစ်နေလေ၏။
Chapter 271 : အကျင့်စာရိတ္တပျက်ပြားခြင်း
ကျင်းယွင်ကျောင်း၏ အကြည့်များက အေးစက်လွန်းနေရာ လေထုက အေးခဲသွားပြီး အသက်ရှုရန်ပင် ခက်ခဲလာသည်။ သူမ၏ ငယ်ရွယ်နုနယ်သော မျက်နှာလေးကို ကြည့်ရင်း သတင်းထောက်များသည် ရုတ်တရက် စိတ်ထဲ၌ မလုံမလဲဖြင့် ဝန်လေးလာသကဲ့သို့ ခံစားလိုက်ရပြီး လူတိုင်း အနည်းငယ် ရှို့းတိုးရှန့်တန့် ဖြစ်လာကြ၏။
“ရှင်တို့အားလုံး တစ်ယောက်ချင်းစီမေးလို့ရတယ်၊ ကျွန်မ သိသမျှ ဘာကိုမှကွယ်ဝှက်မထားဘူးလို့ ကတိပေးတယ်။ ကျွန်မသိသမျှ အကြောင်းအရာအားလုံးကို မပြောရသေးဘဲ ကျွန်မရပ်မှာ မဟုတ်ပါဘူး”
လူအုပ်ကြီး၏ အကြည့်များအောက်တွင် ကျင်းယွင်ကျောင်းက စိတ်မပါ၊ လက်မပါဖြင့် ပြန်ဖြေလိုက်သည်။
သူမက သူမ၏ သဘောထားကို ကြေညာလိုက်သောအခါ သတင်းထောက်များအားလုံးက သြဘာပေးလိုက်၍ အချို့က တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြကာ မေးခွန်းမေးရန်အတွက် အပြိုင်အဆိုင် လက်ထောင်ပြလိုက်ကြ၏။
လက်ထောင်ပြမိတယ်တဲ့လား။ သတင်းထောက်များသည် သူတို့ အဘယ့်ကြောင့် ထိုလုပ်ရပ်အား မရည်ရွယ်ပါပဲ မသိစိတ်အလျောက် အလိုလိုလုပ်မိသွားသည်ကို နားမလည်နိုင်တော့သဖြင့် အံ့အားသင့်သွားကြသည်။
သဘောတရားအရပြောရရင် ဒီလိုလူမျိုးတွေနဲ့ ရင်ဆိုင််တဲ့နေရာမှာ ပြတ်သားတဲ့ မေးခွန်းနည်းနည်းမေးလိုက်ရုံနဲ့ လုံလောက်တယ်လေ။ ဘာလို့ ငါတို့က သူ့ဆီကနေ အရွေးခံရဖို့ လက်ထောင်ပြစရာ လိုမှာလဲ။ သူက ဂုဏ်သတင်းကြီး၊ အင်အားကြီးတဲ့ နာမည်ကျော်တစ်ယောက်မှ မဟုတ်တာ။
ဤကိစ္စသည် ကြောင်တောင်တောင် နိုင်လှ၏။
“ရှင် မေးပါ”
ကျင်းယွင်ကျောင်းက လူတစ်ယောက်အား လက်ညှိုးထိုးပြ၍ မေးခွင့်ပြုလိုက်၏။
ထိုအခါ ထိုသတင်းထောက်သည် နှလုံးခုန်မြန်သွားပြီး မေးလာသည်။
“ကျင်းယွင်ကျောင်း၊ ပြောကြတာကတော့ မင်းက မိဘမဲ့တစ်ယောက်ဆို။ မင်းက အရွယ်ရောက်လာပြီးတဲ့နောက်မှာမှ မင်းရဲ့မွေးစားမိဘတွေနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့တာလား”
“အမှန်ပါပဲ”
ကျင်းယွင်ကျောင်းက တဲ့တိုးပင် ဖြေလိုက်၏။
သူမ၏ စကားလုံးများက ရိုးရှင်းသော်လည်း ထိုလူစုအား ပို၍စိတ်အားထက်သန်လာစေပြီး သူတို့သည် ကျင်းယွင်ကျောင်း၏ ပူးပေါင်းဆောင်ရွက်မှုအား အလွန်ကျေနပ်နေကြသည်မှာ အသိအသာပင်။ သို့ရာတွင် သူတို့က ဤကိစ္စသည် အနည်းငယ် နှမြောစရာကောင်းသည်ဟုလည်း တွေးနေကြသေးသည်။
တကယ်ပဲ ဒီလိုမျိုး ထက်ထက်မြက်မြက်မိန်းကလေးတစ်ယောက်က အကျင့်စာရိတ္တပျက်ပြားတဲ့ကိစ္စတစ်ခုကို လုပ်ခဲ့တယ်တဲ့လား။
“ပြီးတော့ ကျုပ် ထပ်မေးချင်သေးတယ်၊ မင်း သူတို့နဲ့ အဆက်အသွယ်ဖြတ်တဲ့အချိန်တုန်းက ဘာတွေများတွေးနေခဲ့တာလဲ။ သူတို့က မင်းကို ဆယ်နှစ်ကျော်ကြာအောင် ကျွေးမွေးစောင့်ရှောက်ပေးခဲ့တာ၊ မင်း သူတို့ကို ကျေးဇူးတင်တယ်လို့ လုံးဝမခံစားရဘူးလား”
သတင်းထောက်က ဆက်လက်၍ စကားဖြင့် တိုက်ခိုက်လာ၏။
ထိုမေးခွန်းကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် ဝါးလုံးကွဲရယ်မောလိုက်သော်လည်း သူမ၏ အပြုံးက ကံကြမ္မာအပြောင်းအလဲများနှင့် တစ်ကိုယ်တည်း အထီးကျန်ခြင်းကို ဖော်ပြနေသလို တစ်ချိန်တည်းမှာပင် မထီမဲ့မြင် လှောင်ပြောင်ခြင်းများကိုလည်း ထုတ်ဖော်ပြသနေသည်။ ထို့နောက် သူမက သတင်းထောက်၏ မျက်နှာအား အကဲခတ်သလိုကြည့်လိုက်ရာ ထိုသတင်းထောက်၏ ရင်ထဲ၌ တုန်လှုပ်၍ ယောက်ယက်ခတ်သွား၏။
ငါမေးတာ မှားလို့လား။
“ပုံမှန်ဆိုရင်တော့ ကျွန်မက ကျေးဇူးတင်တတ်ပါတယ်။ ယဲ့ချင်က ကျွန်မကို ကောက်ယူလာခဲ့ပြီးတော့ နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ ဒီကျေးဇူးတရားတွေကို မျက်ကွယ်ပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ယဲ့ချင်က ယဲ့ချင်ပါပဲ၊ သူက ချောင်မိသားစု မဟုတ်ပါဘူး။ ချောင်ဝေ့မင်က ကျွန်မရဲ့မွေးစားအဖေဆိုတဲ့ သူရဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကျွန်မကို ရိုက်နှက်ဆဲဆိုခဲ့တယ်။ အဲဒီအချိန်တုန်းက သူက ကျွန်မတို့ကျောင်းပေါက်ဝမှာ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ခဲ့တာက လိမ်မရတဲ့အချက်ပါပဲ။ ကျွန်မတို့ရဲ့တော်စပ်မှုကို မြို့နယ်တာဝန်ရှိသူတွေက ဖြတ်တောက်ဖို့ ဆုံးဖြတ်ပေးခဲ့တာပါ။ ရှင်တို့ ကျွန်မကို သံသယရှိရင် မြို့ကလူတွေကို သွားမေးလို့ရပါတယ်၊ သူတို့ဝန်ခံတာကို ရှင်တို့မြင်ရပါလိမ့်မယ်”
ကျင်းယွင်ကျောင်းသည် ချောင်မိသားစု၏ ယုတ်မာမှုကို ချက်ချင်း ထုတ်ပြောရန် နှောင့်နှေးနေခြင်း မဟုတ်။ တကယ်တမ်း လူအချို့သည် ကိုယ့်ကိုထိမှသာ နာတတ်ကြ၏။ ဆယ်စုနှစ်တစ်ခုကျော်ကြာ ညှင်းပန်းနှိပ်စက်ခံရသော အတွေ့အကြုံမရှိဘဲနှင့် အချစ်မခံရသော မွေးစားသမီးတစ်ယောက် ယခုအချိန်ထိ ရှင်သန်နိုင်ရန် မည်မျှမှားယွင်းအစွပ်စွဲခံ၍ နေထိုင်ခဲ့ရကြောင်းကို သူတို့မသိနိုင်ပေ။ ယခု ထိုသူများအားလုံးကပင် သူမသည် မွေးစားခံခဲ့ရသောကြောင့် နာခံမှုမရှိခြင်းက မှားသည်ဟူ၍တွေးနေကြပြီး သူတို့က ပို၍ ကိုယ်ကျင့်တရားကောင်းမွန်မြင့်မြတ်သူများသဖွယ် ပြုမူနေကြသည်။
“ဒါဆိုရင် မင်းတို့ရဲ့တော်စပ်မှုတွေကို ဖြတ်တောက်တာက တခြားသူတွေက ဆုံးဖြတ်ပေးတာမို့လို့ မင်းနဲ့မဆိုင်ဘူးလို့ ဆိုလိုချင်တာလား။ ဒါပေမယ့် မင်းရဲ့ပထွေးလို့သိကြတဲ့ ချောင်ဝေ့မင်ကတော့ မင်းက သားသမီးဝတ္တရားမကျေဘူးလို့ စွပ်စွဲထားတယ်။ ပြီးတော့ မင်းရဲ့ညီမလေးကလည်း သူတို့တစ်မိသားစုလုံးက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လို့ ထုတ်ပြောလာတယ်၊ မင်းရဲ့မောင်ကလည်း မင်းက ခေါင်းမာပြီး တဇွတ်ထိုးလုပ်တတ်တယ်လို့ပြောတယ်။ အဲဒါနဲ့ပတ်သတ်ပြီး မင်း ဘာပြောချင်လဲ”
သတင်းထောက်များ၏ ပါးစပ်များသည် ကျည်ဆန်များ တရစပ်ထွက်နေသော စက်သေနတ်နှင့်တူ၍ အဆက်မပြတ် ပြောဆိုထိုးစစ်ဆင်လာသည်။
“ဒါဆို သူတို့ပြောတာတွေက အမှန်ပေါ့၊ ကျွန်မက မိဘမဲ့တစ်ယောက်မို့လို့ ကျွန်မရဲ့စကားတွေကတော့ အလိမ်အညာတွေပေါ့၊ အဲလိုလား”
ကျင်းယွင်ကျောင်းက ပြုံးရင်း သူတို့အား ပြန်၍ မေးခွန်းထုတ်လိုက်၏။
ထိုစကားသည် ငှက်ကလေးများ၏ တွတ်တီးတွတ်တာအသံကဲ့သို့ ချိုသာ၍တုန်ယင်နေသော်လည်း ထိုစကားကိုကြားလိုက်ရသောအခါ သူတို့၏ ရင်ထဲ၌ တုန်လှုပ်သွား၏။
“ကျင်းယွင်ကျောင်း၊ မင်းက ငါ့စကားတွေကို ကတ်တီးကတ်ဖဲ့ပြောဖို့ ကြိုးစားနေတာလား”
သတင်းထောက်က အလျှော့မပေးသကဲ့သို့ ကျင်းယွင်ကျောင်းသည်လည်း ပျော့ညံ့မနေပေ။
“ဟုတ်ပါပြီ၊ ကျွန်မက ကတ်တီးကတ်ဖဲ့ပြောနေတာပါ။ ဒါဆိုရင် ကျွန်မရဲ့ပထွေးနဲ့ ညီမကို ထွက်လာခိုင်းလိုက်လေ။ ကျွန်မ သူတို့နဲ့ ထိပ်တိုက်ရှင်းမယ်”
သူမသည် ထိုအကြောင်းကို ရိပ်မိနေသည်မှာ ကြာပြီဖြစ်၏။ ချောင်မိသားစုနှင့် ကျင်းမိသားစုမှလူများသည် စင်ပေါ်တက်၍ ရှေ့ထွက်ရမည့်အလှည့်ကိုစောင့်နေသော မင်းသားများနှင့်တူသည်၊ သူတို့အားလုံးသည် စင်ဘေး၌လည်းကောင်း စင်ထောင့်၌လည်းကောင်း မတ်တပ်ရပ်၍အဆင့်သင့်စောင့်ဆိုင်းနေတတ်ကြ၏။ အချိန်ကျလာသည်နှင့် သူတို့သည် ချက်ချင်းပင် လူတကာ၏ ရှေ့မှောက်သို့ထွက်လာပြီး လဲကျနေပြီးသားသူတစ်ယောက်ကို ရိုက်နှက်ကာ သူမအား ဝရမ်းပြေးတစ်ယောက်သဖွယ် မျှော်လင့်ချက်မရှိအောင်လုပ်မည်ဖြစ်သည်။
ကံဆိုးတာက ကျင်းယွင်ကျောင်းဆိုတဲ့သူက ဒီနေရာမှာ အကြွေးတွေအားလုံးကို ပြန်တောင်းဖို့ရှိနေတာပဲ။ နောက်ဆုံးမှာတော့ ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ အချို့လူတွေက ဘယ်လောက်ပဲ ဆင်းရဲဒုက္ခရောက်နေပါစေ၊ လိုအပ်လာတဲ့အချိန်မှာတော့ သူတို့က လူယုတ်မာတွေဖြစ်နေတုန်းပဲဆိုတာကို ဒီနာလန်မထူနိုင်စရာရှုံးနိမ့်မှုကြီးက သူ့ကိုနားလည်သွားစေခဲ့တယ်။ သူတို့ရဲ့အငုံ့စိတ်တွေက ပိုပြီးတော့တောင် ဆိုးလာတယ်။ ဒီလိုဖြစ်နေမှတော့ သူတို့ကို ဘာကြောင့် ဆက်ပြီးခွင့်လွှတ်ပေးထားရမှာလဲ။
Chapter 272 : မေတ္တာတရားနှင့်သက်ညှာမှု
ဤသတင်းထောက်များသည် ကျင်းယွင်ကျောင်းက ထိပ်တိုက်ဖြေရှင်းရန်အတွက် စိတ်လိုလက်ရ တောင်းဆိုလာလိမ့်မည်ဟု တစ်ခါမှ ထင်မထားခဲ့ပေ။
သူတို့၏ မူလအစီအစဥ်က ဤကဲ့သို့မဟုတ်ဘဲ ကျင်းယွင်ကျောင်းက သူမ၏ အမှားများကို ဝန်ခံ၍ တောင်းပန်နေသော အချိန်မှသာ သူမ၏ မွေးစားအဖေအား ထွက်လာခိုင်းမည်ဖြစ်သည်။ ထိုအချိန်၌ ထိုမိသားစုဝင်များအားလုံးသည် သူမအား သေချာပေါက် ခွင့်လွှတ်ပေးကြမည်ဖြစ်ပြီး မိသားစုတစ်စု၌ရှိသင့်သော မေတ္တာတရားနှင့်သက်ညှာမှုများကို ထုတ်ဖော်ပြသကာ သူတော်ကောင်းတရာများကို ဖြန့်ဖြူးပေးမည်ဖြစ်သည်။
သို့သော် ယခုအခါ ကျင်းယွင်ကျောင်းက ဤသို့တောင်းဆိုလာသည်ဖြစ်၍ သူတို့သည် လျစ်လျူထား၍ မရတော့ပေ။ ထိုသို့မဟုတ်ပါက ဤသတင်းသာ ထွက်လာလျှင် အချို့လူများက သတင်းကိုဖတ်ကြည့်ပြီး သူတို့က ကြိုတင်ကြံစည်ထားသည်ဟု ထင်သွားနိုင်သည်။
ထိုခဏ၌ ချောင်ဝေ့မင်နှင့် ချောင်ဟုန်ယဲ့သည် လူအုပ်ကြီးထဲမှ ရှေ့သို့တွန်းပို့ခံလိုက်ရသည်။
ချောင်ဝေ့မင်သည် သန့်ရှင်းသပ်ရပ်သော အနောက်တိုင်းဝတ်စုံတစ်စုံကို ဝတ်ဆင်ထားကာ သူ၏ ပုံပန်းသွင်ပြင်အား အထူးတလည်ဂရုစိုက်၍ ပြင်ဆင်လာပြီး ဆံပင်ပုံစံလည်း ပြောင်းလာ၏။ ထို့ကြောင့် သူသည် အသက်လေးဆယ်ခန့်ရှိသော်လည်း ဖျတ်လတ်တက်ကြွ၍ ငယ်ရွယ်ပုံပေါက်နေသည်။ သေသပ်ကျနစွာ ဝတ်စားဆင်ယင်ထားပုံနှင့် သန့်ရှင်း၍ပြောင်လက်နေသော သားရေရှုးဖိနပ်များအား ကြည့်ရုံဖြင့်ပင် သူသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်တစ်ယောက်နှင့် တူနေ၏။ သူသည် ကျင်းယွင်ကျောင်းကို ကြည့်လိုက်သောအချိန်၌ သူ၏ မျက်လုံးထဲတွင် ရွံရှာစက်ဆုပ်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် သူ့ကိုယ်သူထိန်းလိုက်ပြီး အလွန်ကျိုးကြောင်းဆီလျော်မှုရှိ၍ ဖော်ရွေသော ဖခင်တစ်ဦးကဲ့သို့ ဆက်၍ သရုပ်ဆောင်နေသည်။
ချောင်ဟုန်ယဲ့က သူ၏ဘေးတွင် ရပ်နေ၍ ပန်းရောင်ဂါဝန်တစ်ထည်နှင့် လှပခံ့ညားပြီး လက်ရာမြောက်သော ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထား၏။ သူမ၏ ဖြူဝင်းသော ခြေတံများကို ထုတ်ဖော်ပြသထား၍ ဒေါက်နိမ့်နိမ့်နှင့် ကြိုးသိုင်းဖိနပ်တစ်ရံကို စီးထားသည်။ တစ်ကိုယ်လုံးအား လှပသပ်ရပ်စွာ ဝတ်စားဆင်ယင်ထားသဖြင့် သူမသည် သွယ်လျလှပနေကာ သဘာဝဆန်ဆန် သိမ်မွေ့နူးညံ့၍ ချစ်စရာကောင်းနေ၏။ သီးသန့်ဆန်၍ ဟိတ်ဟန်ကြီးသော ကျင်းယွင်ကျောင်းနှင့် ယှဥ်ပါက သူမက ကွဲပြားနေပြီး ဘေးအိမ်မှ ချစ်စရာကောင်းသော ညီမငယ်လေးနှင့် တူသည်။ ထိုအချက်က လူတိုင်းအား သူမသည် ပေါင်းရသင်းရလွယ်ကူ၍ စိတ်သဘောထား ဖြူစင်သော မိန်းကလေးဟု ထင်သွားစေ၏။
အဖေနှင့် သမီးဖြစ်သူသည် တစ်ပုံစံတည်းဖြစ်၍ တူညီသော ကြာပန်းဖြူ အရှိန်အဝါများက သူတို့၏ အရိုးများထဲမှပင် စိမ့်ထွက်နေသည်။
ချောင်ကျစ်ကျိူးကမူ ရောက်မလာပေ။
ကျင်းယွင်ကျောင်း မည်မျှပင် တုံးအနေပါစေ၊ ချောင်ကျစ်ကျိုးသည် ဤနေရာသို့ မလာချင်၍ မဟုတ်ဘဲ ကင်မရာများစွာ၏ ရှေ့၌ ကြည့်ရှုသူပေါင်းများစွာ၏ အကြည့်ကို မခံချင်၍ ဖြစ်ကြောင်း သူမသိ၏။ အကယ်၍ သူ၏ နာမည်သာ ဤကဲ့သို့သောကိစ္စမျိုးတွင် ရောပါသွားပါက သူ၏ ဂုဏ်သိက္ခာကို သေချာပေါက် ထိခိုက်လိမ့်မည်ဟု သူခံစားနေရခြင်းဖြစ်သည်။ ထို့အပြင် သူသည် ကျင်းယွင်ကျောင်း၏ အကြောင်းကို များများစားစား နားမလည်သောကြောင့် အမှားတစ်ခုခုလုပ်မိမည့်ဘေးအန္တရာယ်မှလည်း ကြိုတင်ကာကွယ်ခြင်းဖြစ်၏။
သို့ရာတွင် ကျင်းယွင်ကျောင်းသာ လူတကာ၏ ရှေ့မှောက်၌ သူမ၏ အမှားကို ဝန်ခံလိုက်ပါက ဤမောင်ငယ်လေးသည် ခဏတဖြုတ် မျက်နှာလာပြကောင်း ပြလိမ့်မည်ဖြစ်၍ မိန်းမသားများနှင့် ရန်မဖြစ်ချင်သော သူ၏ သဘောထားကြီးမြတ်မှုကို ထုတ်ဖော်ပြသပေလိမ့်မည်။
ထို့ကြောင့် တစ်ခါတစ်ရံ၌ မျိုးရိုးဗီဇသည် အမှန်တကယ်ပင် စွမ်းအားကြီးလှသည်။
လက်ရှိအချိန်၌ ချောင်ဝေ့မင်နှင့် ချောင်ဟုန်ယဲ့တို့၏ ပုံပန်းသွင်ပြင်များသည် လူများစွာ၏ အာရုံကို ဆွဲဆောင်နေ၏။ သတင်းထောက်များ၊ ရွာသူရွာသားများနှင့် ဘယ်ကရောက်လာမသိသည့် ဆွေမျိုးသားချင်းဆိုသူများသည် ကျင်းယွင်ကျောင်းအား အထင်သေးစွာဖြင့် ကြည့်နေ၍ သူတို့၏ အမူအယာများက ‘နင် ဘာပြောမလဲ ကြည့်ကြသေးပေါ့’ ဟူ၍ ပြောနေသည့်အလားပင်။
ချောင်ဟုန်ယဲ့သည် အူလှိုက်သည်းလှိုက်ရယ်ချင်နေ၍ ကျင်းယွင်ကျောင်း၏ နောက်ကျောအား လက်ညှို့ငေါက်ငေါက်ထိုးကာ အပျက်မဟု ခေါ်ချင်နေသည်။
လွန်ခဲ့သောနှစ်ရက်ခန့်က ကျင်းယွင်ကျောင်းသည် သူမအား လက်ဖက်ရည်တစ်အိုးနှင့် လောင်းချခဲ့၏။ သို့သော် မနေ့က သူမတို့၏ အိမ်သို့ လူတစ်ယောက်ရောက်လာခဲ့သည်။ ထို့နောက် ကျင်းယွင်ကျောင်းသည် အလွန်ကြီးသော အရှုပ်အထွေးကြီးတစ်ခုထဲသို့ ဝင်ရောက်ပတ်သတ်ခဲ့ကြောင်း သူမ သိသွားသည်။
လူတစ်ယောက်က ကျင်းယွင်ကျောင်း၏ အကြောင်းများကို အွန်လိုင်းပေါ်၌ ပို့စ်တစ်ခုတင်ခဲ့၏။
ထိုပို့စ်၌ရေးထားသည်မှာ သူမသည် မိဘအရင်းများနှင့် တွေ့ဆုံရသောအခါ ချမ်းသာသောသူများကို မျက်နှာသာပေး၍ ဆင်းရဲသူများကို အထင်သေးကာ သူမ၏ ဆွေမျိုးများအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည်ဟူ၍ ဖြစ်သည်။ ထိုပို့စ်၌ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်ကိုလည်း တွဲတင်ထားပြီး သက်သေအဖြစ် ထိုစာရွက်တွင် နင်းမြို့တော်ရှိ ဆေးရုံကြီးများထဲမှတစ်ခု၏ တံဆိပ်ခေါင်းပါရှိ၏။ ထို့အတူ ထိုမိဘအရင်းများ၏ လူနေမှုအဆင့်အတန်းများကို ဖော်ပြထားသည့် ဓါတ်ပုံများလည်းပါရှိပြီး ထိုလင်မယားစုံတွဲက သူတို့၏ မိသားစုအား အလုပ်ကြိုးစား၍ ထောက်ပံ့ပေးနေသည့် သက်သေများဖြစ်သည်။
ထိုပို့စ်ကို တင်လိုက်သည့်အချိန်တွင် ရှင်းမပြနိုင်သည့် အကြောင်းအရင်းအချို့ကြောင့် လူပြောများသွားပြီး ထို့နောက်တွင် သတင်းထောက်များအားလုံးသည် စုံစမ်းမှုများလုပ်ရန်အတွက် ချောင်မိသားစုဆီသို့ ဦးတည်၍ သွားကြတော့သည်။
ကျင်းယွင်ကျောင်း နာမည်ဆိုးဖြင့် ကျော်ကြားလာသည်ကို ကြည့်၍ ချောင်ဟုန်ယဲ့သည် အတော်လေး ကျေနပ်ပီတိဖြာနေ၏။
ထို့ကြောင့် သူမက ကိုင်တွယ်ရခက်၍ အထက်စီးဆန်နေလျှင်လည်း ဘာအရေးနည်း။ ယနေ့မှစ၍ သူမသည် လူတိုင်း၏ အလှောင်ပြောင်ခံဖြစ်လာတော့မည်။ ကျောင်းကလည်း သူမအား သည်းခံနိုင်တော့မည်မဟုတ်သလို လူထုကလည်း သူမအား သည်းခံပေးမည် မဟုတ်ပေ၊ သူမသည် လူတိုင်း၏ အဖတ်မတန်သလို ဆက်ဆံခြင်းကို ခံရလိမ့်မည်ဖြစ်ကာ ချောင်ဟုန်ယဲ့ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသည်ထက် ပို၍ ဆိုးဝါးပြင်းထန်လိမ့်မည်။
ချောင်ဟုန်ယဲ့၏ မျက်လုံးများက တောက်ပနေပြီး သူမ၏ မျက်နှာသေးသေးလေးက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေကာ အလွန်ချစ်စရာကောင်းပုံပေါ်နေသည်။
“မမ...ဝန်ခံလိုက်ပါ။ နင် နင့်ရဲ့အမှားတွေကိုဝန်ခံသရွေ့ လူတိုင်းက နင့်ကို ခွင့်လွှတ်ကြမှာပါ”
လူအုပ်ကြီး မျှော်လင့်ထားသည့်အတိုင်းပင် ချောင်ဟုန်ယဲ့က ထုတ်ပြောလာ၏။