အခန်း (၂၇၃-၂၇၆)
Vol. 14 Ch. 273-276
Chapter 273 : ကမ္ဘာကြီးအပေါ် ထင်ယောင်ထင်မှားအမြင်
ကြင်နာတတ်ပြီး နားလည်မှုရှိလိုက်တာ။
ထိုအခိုက်အတန့်၌ လူတိုင်းသည် ချောင်ဟုန်ယဲ့အား ဤကဲ့သို့ တညီတညွတ်တည်း သတ်မှတ်လိုက်ကြ၏။
ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းငုံ့ပြီး သူမအား ကြည့်လာသည်။
“ရှင်တို့တွေက ကျွန်မကို မဟုတ်မမှန်စွပ်စွဲဖို့ ဒီလိုကိစ္စမျိုးကို ရှာတွေ့လာကြတာလား။ သူ့လို လူတစ်ယောက်ရဲ့စကားတွေကိုတောင် ရှင်တို့က ယုံတယ်ပေါ့လေ”
ကျင်းယွင်ကျောင်း၏ အသံ၌ အေးစက်စက်အငွေ့အသက်များ ခပ်ပါးပါးစွက်နေ၏။ ထိုစကားကိုကြားသောအခါ ချောင်ဟုန်ယဲ့၏ မျက်နှာက ဖြူဖျော့သွားပြီး လူတိုင်း ထိတ်လန့်တုန်လှုပ်သွား၏။
ထိုအခါ သတင်းထောက်များသည် ပို၍စိတ်လှုပ်ရှားလာကြသည်။ ယခု သူတို့သည် ကျင်းယွင်ကျောင်း၏ မောက်မာမှုကို သက်သေအဖြစ် မှတ်တမ်းတင်လိုက်နိုင်ပြီဖြစ်၏။
သူမသည် ဆယ်နှစ်ကျော်ကြာအောင် အတူနေခဲ့သည့် ညီမဖြစ်သူကိုပင် ဤကဲ့သို့သောစကားမျိုး ပြောနိုင်လျှင် သူမ၏ မိဘအရင်းဖြစ်သူများကို အနိုင်ကျင့်သိက္ခာချပြီး ရွာသားများကို ရိုက်နှက်သည်ဆိုသည့်အချက်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။
ကင်မရာ ခလုတ်နှိပ်သံ တချပ်ချပ်က အဆက်မပြတ် ထွက်ပေါ်လာသည်။
“ကျင်းယွင်ကျောင်း၊ မင်းရဲ့ညီမလေးအပေါ် ဆက်ဆံတဲ့ပုံစံက လွန်လွန်းတယ်။ မင်းက တကယ်ပဲ အဆင့်တွေက အရာအားလုံးလို့ ထင်နေတာလား”
သတင်းထောက်တစ်ဦးက ဆွပေးလာပြန်၏။
“အဆင့်တွေက အရာအာလုံးမဟုတ်ပေမယ့် ကျွန်မရဲ့အကျင့်စရိုက်က ပြဿနာရှိနေတယ်လို့ ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးဘူး”
ကျင်းယွင်ကျောင်းက ချက်ကျလက်ကျ ပြန်ပြောလိုက်သည်။
“တစ်နည်းပြောရရင် ရှင်တို့ရဲ့မျက်လုံးတွေကပဲ ပြဿနာရှိနေတာထင်တယ်၊ ကမ္ဘာကြီးအပေါ် ရှင်တ်ို့ရဲ့အမြင်တွေကမှ ထင်ယောင်ထင်မှားဖြစ်နေတာလေ။ ရှင်တို့က ချောင်မိသားစုဆီကို စုံစမ်းဖို့သွားခဲ့ပြီးတော့ သူတို့ဆီကနေ ကျွန်မ ဘယ်လောက်တောင် မုန်းစရာကောင်းတယ်ဆိုတဲ့ သက်သေတွေရလာတယ်။ ရယ်စရာကောင်းလိုက်တာ။ ရှင်တို့ စုံစမ်းမှုတွေမစခင်မှာ ပထမဦးဆုံး ရှင်တို့ရထားတဲ့သတင်းတွေကို နှစ်ခါပြန် မစစ်ဆေးခဲ့ဘူးလား။ ခရိုင်မြို့ထဲမှာ ချောင်ဝေ့မင်ရဲ့နာမည်ဂုဏ်သတင်းက ဘယ်လိုလဲဆိုတာကိုလေ။ အထူးသဖြင့် ချောင်ဟုန်ယဲ့ပေါ့၊ သူက ဘယ်လိုလူမျိုးလဲဆိုတာက ရှင်တို့အတွက် ဘာမှ ပြဿနာမရှိဘူးလား”
“ရှင်တို့အားလုံးက လူအရေအတွက်အရကို လုံခြုံမှုရှိနေတဲ့အချိန်မှာ ကျွန်မက ကျွန်မရဲ့အင်အားလေးနဲ့ တစ်ယောက်တည်းရပ်တည်နေတာပါ၊ ဒါကြောင့် ကျွန်မပြောသမျှက အလိမ်အညာတွေလား။ တကယ်တော့ ကျွန်မ မေးချင်နေတာ၊ ကျွန်မကို မေးခွန်းထုတ်နိုင်ရလောက်အောင် ချောင်ဟုန်ယဲ့မှာ ဘာအရည်အချင်းများ ရှိလို့လဲ”
ထို့နောက် ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့ဆီသို့ ချဥ်းကပ်သွားပြီး သူမ၏ အသံကလည်း တင်းမာနေသည်။
“နင် ကျောင်းကနေ ထွက်လိုက်ရတယ် မဟုတ်လား။ နင် ဘာလို့ ပထမနေရာကို မရတာလဲဆိုတာ နင်မေ့သွားပြီလား။ ဒါမှမဟုတ် နင် တစ်ခုချင်း အသေးစိတ်မှတ်မိလာအောင် ငါ့ကို ကူညီပေးစေချင်နေတာလား။ ဟုတ်ပြီလေ၊ နင် မပြောဘူးလား။ နင်က ဖုံးကွယ်ထားချင်တာလား။ ဒါဆို ဆက်ပြီးဟန်ဆောင်နေလိုက်၊ ငါပဲ ပြောပြမယ်”
“အလယ်တန်းကျောင်းကတည်းက နင်က ကောင်းရှင်းလို့ခေါ်တဲ့ လမ်းသရဲတစ်ကောင်နဲ့ပေါင်းပြီးတော့ ကျောင်းအပြင်မှာ ငါ့ကို လိုက်နှောက်ယှက်ခိုင်းတယ်။ တစ်ခါတစ်လေ ငါ အရိုက်ခံရတယ်၊ တစ်ခါတစ်လေကျ ပိုက်ဆံအလုခံရတယ်။ အဲဒီအချိန်တုန်းက ငါ သတ္တိမရှိလို့ ထုတ်မပြောရဲတဲ့အပြင် အိမ်မှာလည်း ငါ့ဘက်က ရပ်တည်ပေးမယ့်သူတစ်ယောက်မှ မရှိလို့ ငါ အံကြိတ်ပြီး သည်းခံနေရုံပဲ လုပ်နိုင်ခဲ့တယ်။ ငါ အထက်တန်းကျောင်းတက်ပြီးတဲ့နောက်မှာ နင်က ပိုဆိုးလာတယ်၊ ရိကျုံးကျောင်းမှာ ငါ့ရဲ့ဂုဏ်သတင်းကို အဖတ်ဆယ်မရအောင် ဖျက်ဆီးခဲ့တယ်။ ကောလဟာလတွေပျောက်သွားအောင် ငါ ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ အဲဒီ အခြေအမြစ်မရှိတဲ့ သတင်းတွေကို ခေါင်းမာမာနဲ့ ယုံကြည်နေတဲ့သူတွေ ရှိနေသေးတယ်”
“ချောင်ဟုန်ယဲ့၊ နင့်ကိုယ်နင် ဝတ်ကောင်းစားလှတွေဝတ်ပြီး လှလှပပပြင်ဆင်ထားရုံနဲ့ နင့်ရဲ့အကျင့်စရိုက်အစစ်အမှန်နဲ့ လုပ်ရပ်တွေကို ဖုံးထားနိုင်မယ်လို့ နင်ထင်နေတာလား။ ငါ့ဆီမှာ အမှတ်တရအနေနဲ့ သိမ်းထားတဲ့ နင်နဲ့ ကောင်းရှင်းရဲ့ ဓါတ်ပုံတွေ ရှိသေးတယ်။ နင်က ခိုးပြီးတော့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့ရင်တောင်မှ ငြင်းမရတဲ့သက်သေတွေ ရှိနေသေးတယ်။ အို...ငါမေ့တော့မလို့၊ နင်နဲ့ ကောင်းရှင်းနဲ့ ပူးပေါင်းပြီး မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲခဲ့သေးတယ်နော်။ နင်က နင့်ရဲ့ဖြူစင်မှုကို နင်ကိုယ်တိုင်ဖျက်ဆီးတဲ့အပြင်ကို အခြားလူရဲ့ဖြူစင်မှုကိုပါ ဖျက်ဆီးခဲ့သေးတယ်။ အခု ငါပြောခဲ့သမျှ အကြောင်းအရာအားလုံးကို နင်နဲ့အတူ ထပ်ပြီးအတည်ပြုဖို့ ငါသက်သေတွေထုတ်ပြရဦးမလား”
ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့၏ ယုတ်မာညစ်ညမ်းသော လုပ်ရပ်များအားလုံးကို တစ်ခုမကျန် တစ်ဆက်တည်း ထုတ်ဖော်ပြောကြားလိုက်၏။ သူမသည် စကားဆုံးသည်နှင့် အေးစက်စက်ပြုံးလိုက်ပြီး စူးချူထံမှ သူမ၏ကျောပိုးအိတ်ကို ပြန်ယူလိုက်ကာ အထဲမှ တစ်ခုချင်းဆီထုတ်ယူလိုက်သည်။ ထို့နောက် ဓါတ်ပုံတစ်ပုံချင်းစီကို ကင်မရာများ၏ ရှေ့၌ ထောင်ပြလိုက်သည်။
ထိုအခါ ချောင်ဟုန်ယဲ့သည် မှင်သက်သွားပြီး ကြောင်ကြည့်နေ၏။ ထို့နောက် သူမသည် ဓါတ်ပုံများကိုဆွဲလုရန် ကြိုးစားလိုက်သော်လည်း ရှောင်ဟိုင်ချင်းက သူမအား ဘေးသို့ တွန်းထုတ်လိုက်ရာ သူမ လုံးဝ မတားနိုင်တော့ပေ။
လူအုပ်ကြီးသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် စောင့်ဆိုင်းနေကြပြီး ကင်မရာများကလည်း အားလုံးကို သေသေချာချာ မှတ်တမ်းတင်နေကြသောကြောင့် ကျင်းယွင်ကျောင်းသည် ထိုဓါတ်ပုံများအား သူတို့ဆီသို့ တိုက်ရိုက်ပစ်ပေးလိုက်တော့သည်။
ဓါတ်ပုံတစ်ပုံချင်းစီသည် ကောင်းကင်မှ ကျဆင်းလာသော နှင်းပွင့်များသဖွယ် ချောင်ဟုန်ယဲ့၏ ဦးခေါင်းအထက်မှ ကျဆင်းလာ၏။ သို့သော် ဓါတ်ပုံများ၏ ထောင့်စွန်းတိုင်းက ဓါးသွားသဖွယ် ထက်ရှလှသည်။ ထိုသို့ ကျင်းယွင်ကျောင်း၏ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုအောက်တွင် ချောင်ဟုန်ယဲ့သည် ဓါတ်ပုံများနှင့် ခြစ်မိပြီး သွေးစို့စို့ ခြစ်ရာအနည်းငယ်ပင် ရရှိသွားခဲ့၏။
ထိုမြင်ကွင်းက သူတို့အား ထိတ်လန့်သွားစေပြီး သူတို့၏ ရင်ထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ကြီးစိုးသွားကြသည်။
သို့ရာတွင် ချောင်ဟုန်ယဲ့ကမူ ထိုနေရာတွင်သာ တုန်တုန်ယင်ယင်ဖြင့် ရပ်နေ၍ သူမ၏ စိတ်သည် လုံးဝ ဗလာကျင်းသွား၏။
ကျင်းယွင်ကျောင်း တကယ်ပဲ မိတ္တူကူးထားတာလား။ အဲဒီအချိန်တုန်းက ဗီဒီယိုတွေ၊ ဓါတ်ပုံတွေအားလုံးကို ရဲတွေလက်ထဲ မအပ်ခဲ့တာလား။
အဲဒီလိုပဲ ဖြစ်ရမယ်၊ သူ့လိုမျိုး သစ္စာဖောက်တစ်ယောက်က ငါ့ကို ဘာကြောင့် အလွတ်ပေးမှာလဲ။ ဒါပေမယ့်...ဒါက မများလွန်းဘူးလား။ ငါ့ရဲ့ညစ်ညမ်းပုံတွေကို တကယ်ပဲ မီဒီယာတွေက ထုတ်လွှင့်ပစ်လိုက်ရင် ငါ့ရဲ့အနာဂတ်က ဘာဖြစ်သွားမလဲ။ ကိစ္စတွေက ပိုကြီးလာပြီ၊ ဒီနေရာမှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့သူတချို့တောင် ရှိနေသေးတယ်။ အနာဂတ်မှာ ငါ ဘယ်လိုဆက်ပြီး ရှင်သန်ရမှာလဲ။
Chapter 274 : ယုံကြည်စိတ်ချစရာကောင်းရဲ့လား
ချောင်ဟုန်ယဲ့၏ မျက်ဝန်းထဲ၌ မျက်ရည်များဝဲတက်လာပြီး သူမသည် နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားရာ ကမ္ဘာကြီး၏ စွန့်ပစ်ခြင်းကိုခံလိုက်ရသည့် အရုပ်တစ်ရုပ်နှင့်တူနေသည်။ သူမသည် စက္ကန့်ပိုင်းအတွင်းမှာပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားတော့မည့်အလား အလွန်သနားစရာကောင်းသည့်ပုံပေါ်နေ၏။
ထို့နောက် ကျင်းယွင်ကျောင်းက အေးစက်စက်ပြုံးပြလိုက်ပြီး
“ရှင်တို့ ကျွန်မကို ပြောကြပါဦး၊ သူ့ရဲ့စကားတွေက တကယ်ပဲ ယုံကြည်စိတ်ချရရဲ့လား”
“ငယ်ငယ်ကတည်းက အစ်မဖြစ်တဲ့သူကို ဘယ်လိုအကွက်ချကြံစည်ရမလဲဆိုတာကို သိတဲ့သူတစ်ယောက်အနေနဲ့၊ မသင့်တော်တဲ့လုပ်ရပ်တွေကိုလုပ်ပြီး အစ်မဖြစ်တဲ့သူကို ဘယ်လိုချောင်ပိတ်ဒုက္ခပေးရမလဲဆိုတာ သိတဲ့သူတစ်ယောက်အနေနဲ့ သူ့ရဲ့စကားတွေက တကယ်ပဲ ယုံကြည်စိတ်ချစရာကောင်းရဲ့လား”
“ကိစ္စတွေကို သေချာမစုံစမ်းဘဲနဲ့ ရှင်တို့က ကျွန်မကို စစ်မေးနေရအောင် ရှင်တို့မှာ ဘာလုပ်ပိုင်ခွင့်များရှိလို့လဲ။ ရှင်တို့အားလုံး တခြားအိမ်နီးချင်း လေး၊ ငါးယောက်လောက်ကိုပဲ မေးကြည့်ရင်တောင်မှ ချောင်ဟုန်ယဲ့က ဘယ်လိုလူစားမျိုးလဲဆိုတာကို သိလာမှာ၊ ဒါပေမယ့် ရှင်တို့က ဘာလုပ်ဖို့ဆုံးဖြတ်ခဲ့သလဲ။ သူက ကျွန်မကို တိုက်ရိုက်မေးခွန်းထုတ်နေတာကို ကြားလိုက်တာနဲ့ ရှင်တို့က မာသာထရီဆာရဲ့ ဆုတောင်းစကားတွေကို ကြားလိုက်ရသလိုပဲ၊ ချက်ချင်း သေလုမတတ် လူတိုင်းကို အလောတကြီး ချပြလိုက်တော့တာပဲ။ ရှင်တို့က သတင်းထောက်တွေရော တကယ်ဟုတ်ရဲ့လား။ ကျွန်မထင်တာကတော့ ရှင်တို့က ကျွန်မကို ရည်ရွယ်ချက်ရှိရှိ အမှားရှာဖို့အတွက် တခြားသူတွေက ပိုက်ဆံပေးပြီးလွှတ်လိုက်တဲ့ လူယုတ်မာတွေနဲ့ ပိုတူနေတယ်”
ကျင်းယွင်ကျောင်းက ထိုစကားများကို တစ်ချက်မှမနားဘဲ ဆက်တိုက်ပြောသွားသဖြင့် သတင်းထောက်များ ဒေါသထွက်သွားကြသည်။
ဒီချောင်ဟုန်ယဲ့က တကယ်ပဲ သိက္ခာမရှိတဲ့ မိန်းမပျက်လား။ မဖြစ်နိုင်လိုက်တာ။
ဒါပေမယ့် ဒီဓါတ်ပုံတွေက အရာအားလုံးက အမှန်တရားဆိုတာ ပြနေတာပဲ။
သူတို့ ချောင်မိသားစုအိမ်သို့ သွားခဲ့စဥ်က ထိုမိန်းကလေး ချောင်ဟုန်ယဲ့သည် မျက်တွင်းများကျကာ ငိုကြွေးနေခဲ့သည်။ ထိုအချိန်က သူတို့သည် အကြောင်းအရင်းကို များများစားစား မတွေးခဲ့မိဘဲ သူတို့လာရသည့် ရည်ရွယ်ချက်ကိုသာ ရှင်းပြခဲ့၏။ အဆုံး၌ ကျင်းယွင်ကျောင်း၏ အမည်ကို ကြားသောအခါ ချောင်ဟုန်ယဲ့သည် ထပ်မံ၍ ငိုကြွေးပြန်သည်။ ထို့နောက် သူတို့သည် ကျင်းယွင်ကျောင်းက သူမအား အမှန်တကယ် အနိုင်ကျင့်ခဲ့ကြောင်း သိခဲ့ရ၏။
ထိုမိန်းကလေးသည် အတော်လေး နူးညံ့သိမ်မွေ့ပုံရ၍ သူတို့ ဘယ်လိုကြည့်ကြည့် သူမသည် လူယုတ်မာတစ်ယောက်နှင့် မတူပေ။
ထို့အပြင် ကိစ္စသည်လည်း ပို၍ ကျယ်ပြန့်လာသည်ဖြစ်ရာ လူတိုင်းနီးပါး ထိုကိစ္စကို သိနေကြပြီဖြစ်၏။ သတင်းစာများစွာနှင့် အွန်လိုင်းသတင်းထောက်များစွာတို့သည် သတင်းဦးသတင်းထူးရရှိရန် စိတ်အားထက်သန်နေကြသည်။ ထို့ကြောင့် သူတို့သည် ချောင်ဟုန်ယဲ့အား အင်တာဗျူးပြီးနောက်တွင် အခြားသူများကို ဆက်မမေးတော့ခြင်း ဖြစ်၏။
ဤခေတ်၌ အခြားလူတစ်ယောက်အကြောင်း ချီးမွှမ်းစကားများကြားရခြင်းကို မည်သူက နှစ်သက်မည်နည်း။ ထို့အပြင် မည်သူကမှလည်း ထိုအိမ်နီးချင်းများကို သွားမရှာချင်ကြပေ၊ သို့သော် ထိုထောက်ခံပြောဆိုပေးမည့်သူများကို အင်တာနက်ပေါ်မှ ဆဲဆိုဝေဖန်နေသူများနှင့် မနှိုင်းယှဥ်အပ်။
အကယ်၍ သတင်းထောက်သည် ကောလဟာများ ပြောကြသကဲ့သို့ ကျင်းယွင်ကျောင်းက လူယုတ်မာတစ်ယောက်မဟုတ်ကြောင်း သက်သေခံပေးနိုင်မည့် လူတစ်ယောက်ကိုတွေ့လျှင်တောင်မှ အပြင်လူများက ထိုကိစ္စကိုသေချာပေါက် ယုံကြည်လိမ့်မည် မဟုတ်။
တစ်ဖက်၌ သူမသည် လူ့အမှိုက်တစ်ယောက်သာဖြစ်နေပါက လူအများ၏ အာရုံကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ယခု သူတို့၏ ဘေးပတ်ဝန်းကျင်မှ ရန်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေသူများထဲမှ တစ်ချို့တစ်ဝက်မှာ အင်တာနက်ပေါ်မှ သူတစ်ပါးအရေးကိစ္စကို စပ်စုတတ်သူများသာဖြစ်၏။ ထိုသူများသည် ကျင်းလင်မယားအား ကိုယ်တိုင်ကိုယ်ကျ လာရောက် အားပေးထောက်ခံကြခြင်းဖြစ်သည်။
ကျင်းယွင်ကျောင်း၏ ခုခံပြောဆိုမှုတွင် ထိုသတင်းထောက်သည် ချောင်ပိတ်မိသွားကာ မူလက သူပြောချင်နေသောစကားများသည်လည်း ခေါင်းထဲ၌ အစရှာ၍ မရအောင် ရှုပ်ထွေးသွားသည်။
“ကျင်းယွင်ကျောင်း၊ ဒါဆိုရင် ချောင်မိသားစုနဲ့ ပတ်သတ်ဆက်နွယ်မှုအပေါ် မင်းရဲ့လုပ်ဆောင်ချက်တွေက ဖြစ်သင့်ဖြစ်ထိုက်တာတွေပဲလို့ ပြောလိုက်တာလား”
“အမှန်ပဲ”
ကျင်းယွင်ကျောင်းက ခေါင်းမော့ရင်ကော့၍ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစွာ ပြန်ဖြေလိုက်သည်၊ သူမ၏ အသံက ကြည်လင်ပြတ်သားနေပြီး ရပ်တည်ချက်ခိုင်မာလှ၏။
“ဒါပေမယ့် မင်းကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးတရားက ကောင်းကင်ကြီးထက်ကို ပိုကြီးသေးတယ်လေ”
ထိုသတင်းထောက်သည် သူ၏ စိတ်ထဲတွင် ထိုကျေးဇူးတရားအကြောင်းကို ထပ်မံ၍ တွေးမိလိုက်ပြီး နောက်တစ်ခေါက် ထုတ်မပြောဘဲ မနေနိုင်တော့ချေ။
ထိုအခါ ကျင်းယွင်ကျောင်းက လှောင်ရယ်လိုက်ပြီး ခါးကုန်းကာ ဘောင်းဘီစကို လိပ်တင်လိုက်၍ သူမ၏ ဒူးခေါင်းများကို ပြလိုက်သည်။
“ကျွန်မ ဒီအမာရွတ်တွေကို ဘယ်လိုရခဲ့တာလဲ ရှင်သိလား။ ချောင်ဝေ့မင်က ကျွန်မကို ဆောင့်ကန်ပြီး ဖန်ကွဲစတွေအပေါ် ဒူးထောက်ခိုင်းခဲ့တာလေ။ အဲဒီတုန်းက ကျွန်မ အသက်ဆယ်နှစ်တောင် မပြည့်သေးဘူး”
“အဲဒီအချိန်တုန်းက ကြမ်းပြင်တစ်ခုလုံး ကျွန်မရဲ့သွေးတွေချည်းပဲ။ နည်းနည်းလေးလှုပ်လိုက်တာနဲ့ ဖန်ကွဲစတွေက ကျွန်မရဲ့အသားထဲကို ပိုပြီး အစုလိုက်၊ အပြုံလိုက်စိုက်ဝင်လာတာကို ခံစားမိလို့ ကျွန်မ လုံးဝမလှုပ်ရဲခဲ့ဘူး။ ရှင်တို့အားလုံး တစ်ခါမှ ဒီလိုမကြုံတွေ့ခဲ့ရဖူးဘူးလေ”
“ရှင်တို့ ကျွန်မကို မယုံဘူးဆိုရင် ကျွန်မရဲ့အိမ်နီးချင်းကို မေးကြည့်လို့ရတယ်။ ကျွန်မကိုယ်တိုင် အဲဒီဖန်ကွဲစတွေကို တစ်ခုချင်း ဆွဲနှုတ်ခဲ့ရတာ။ နောက်ပိုင်း ကျွန်မ ပိုးဝင်ပြီး မသန်မစွမ်းဖြစ်သွားမှာကြောက်လို့ အိမ်နီးချင်း အန်တီကြီးဆီကို တိတ်တိတ်လေးခိုးသွားခဲ့တယ်၊ သူက ကျွန်မကို ဆေးလိမ်းပေးတဲ့အပြင် ဆေးထိုးဖို့ပါ ခေါ်သွားပေးခဲ့တယ်”
စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းက သူမ၏ အင်္ကျီလက်မောင်းစကို ပင့်တင်လိုက်သည်။
“ခုနက အမာရွတ်တွေက ကျွန်မက ကိုယ့်ဘာသာ ဆော့ကစားပြီး ဒဏ်ရာရလာတာလို့ ရှင်တို့က ပြောချင်ပြောကြလိမ့်မယ်။ ကျွန်မက တခြား ဘာသက်သေမှ မရှိပဲကိုး၊ ဒါကြောင့် ကျွန်မ ပြန်ပြီး မချေပဘူး၊ ဒါပေမယ့် ဒါတွေဆိုရင်ရော”
“တစ်၊ နှစ်၊ သုံး...ခုနစ်၊ ရှစ်..ကျွန်မရဲ့အသက်အရွယ်အလိုက် ဒီဆေးလိပ်မီးတို့ရာ အမာရွတ်ရှစ်ခုကို ရခဲ့တဲ့အချိန်က ကွာခြားမှုရှိတယ်။ ဒီဟာတွေကတော့ သေချာပေါက် ကိုယ့်ကိုကိုယ် ပြန်လုပ်တာ မဖြစ်နိုင်ဘူး မဟုတ်လား”
Chapter 275 : အသေးငယ်ဆုံးသော အာဃာသအတွက် လက်စားချေခြင်း
ကျင်းယွင်ကျောင်း၏ လက်မောင်းများသည် ဖြူဖွေး၍ သွယ်လျနေပြီး အနည်းငယ်ဖိလိုက်ရုံနှင့်ပင် ကျိုးကြေသွားတော့မည့်အလား ထင်မှတ်ရသည်၊ သူမ၏ ထိလွယ်ရှလွယ်သောပုံစံက လူအများ၏ နှလုံးသားအား စိုးရိမ်ပူပန်မှုများဖြင့် တုန်ယင်သွားစေ၏။
သူမသည် အသားဖြူသောကြောင့် ဆေးလိပ်မီးတို့ရာ အမာရွတ်များက ပို၍ထင်းနေပြီး တစ်ချက်ကြည့်ရုံနှင့်ပင် သူမ၏လက်မောင်းပေါ်ရှိ ဆေးလိပ်မီးတို့ရာအမာရွတ် ခုနစ်ခု၊ ရှစ်ခုခန့်သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက ရရှိခဲ့ခြင်းဖြစ်ကြောင်း သိနိုင်၏။ ဆေးလိပ်မီးအပူဖြင့် အထိုးခံရသောအခါ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိ၍ အမာရွတ်ကျန်ခဲ့ခြင်းဖြစ်သည်။
ထိုဆေးလိပ်မီးတို့ရာ အမာရွတ်များကို မြင်သောအခါ မေးခွန်းမေးနေသော သတင်းထောက် ဆွံအ,သွား၏။
ပျိုဖော်ဝင်စ ဆယ့်ခြောက််နှစ်အရွယ် မိန်းကလေးတစ်ယောက်၌ ဤကဲ့သို့ ထင်းနေသောဒဏ်ရာအမာရွတ်များရှိနေသည်တဲ့လား။ သူမသည် လုံလုံခြုံခြုံ ခပ်ရိုးရိုးအဝတ်အစားများကိုသာ ဝတ်ဆင်ထားသည်မှာ အံသြစရာ မဟုတ်တော့ပေ။
ထို့ကြောင့် သတင်းထောက်သည် ပြောမည့်စကားများကို ခပ်မြန်မြန် မျိုသိပ်လိုက်ပြီး မိုက်ခရိုဖုန်းကို ပြန်သိမ်းလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွား၏။
လူအုပ်ကြီးသည် ဤကဲ့သို့ ကြောင်တောင်တောင်အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးပေ၊ သူတို့သည် အုပ်စုဖွဲ့၍ မိန်းကလေးငယ်လေးတစ်ယောက်ကို ပြဿနာရှာရန် လာခဲ့ကြသည်၊ သို့သော် ဤနေရာသို့ရောက်သောအခါ သူတို့၏ ဝေဖန်မှုများအတွက် ပြန်လည်ရရှိလိုက်သော ချေပချက်များက သူတို့ကိုပင် ဆွံအ,သွားစေသည်။ ထိုမိန်းကလေးငယ်လေး စကားပြောသောအခါ သူမ၏ စကားလုံးများသည် အင်အားတစ်မျိုးရှိ၍ နားထောင်နေသူများ၏ စိတ်ကို မလုံမလဲဖြစ်စေသည်။ သူမသည် စကားပြောရာတွင်လည်း အော်ဟစ်ခြင်း၊ ငိုကြွေးခြင်းမရှိဘဲ ခပ်ပြုံးပြုံးသာ ပြောနေခြင်းဖြစ်ရာ ထိုလူအုပ်ကြီးအား ပြောစရာစကားလုံးများ ပျောက်ရှသွားစေ၏။
ပုံမှန်အားဖြင့် သတင်းသမားအုပ်စုသည် လူတစ်ယောက်အား စွပ်စွဲပြောဆို၍ အင်တာဗျူးသောအခါတွင် ထိုအစွပ်စွဲခံရသူသည် ကင်မရာကိုမြင်သည်နှင့် သူတို့ မှားသည််ဖြစ်စေ၊ မှန်သည်ဖြစ်စေ စတင်ငိုယို၍ သူတို့သည် မည်မျှသနားစရာကောင်းကြောင်း၊ မှားယွင်းစွပ်စွဲခံရကြောင်း ထုတ်ဖော်ပြသလေ့ရှိသည်။
သို့ရာတွင် ကျင်းယွင်ကျောင်း၏ အပြုအမူများကမူ အလွန်သာမန်ဆန်လွန်းနေ၏။
“ကျင်းယွင်ကျောင်း၊ သောက်ချီးစကားတွေ ပြောနေတာကို ရပ်လိုက်စမ်း၊ နင်က ဘာလို့များ ဒီလောက်တောင် မုန်းစရာကောင်းနေရတာလဲ။ နင် တကယ် မှားပြီးအစွပ်စွဲခံရတယ်ဆိုရင် ဘာလို့ ဘယ်သူ့မှကို မပြောခဲ့တာလဲ။ အခု လူတွေအများကြီး ရှေ့ကျမှ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတယ်၊ နင်က တကယ်ကို ကျေးဇူးကန်းတာပဲ”
ချောင်ဝေ့မင်က ကျင်းယွင်ကျောင်းအား လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
“ကျွန်မကို ကူညီဖို့အရေး ဘယ်သူကမှ အဖတ်မလုပ်နိုင်တာကိုသိလို့ ကျွန်မ ဘယ်သူ့ကိုမှ အကူအညီမတောင်းခဲ့တာလေ။ ပြီးတော့ လူတိုင်းရဲ့စိတ်ထဲမှာ ရှင်က လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကျွန်မကို မွေးစားခဲ့တယ်ဆိုတဲ့အချက်နဲ့တင် ရှင်က အမှားမရှိဘဲ အမြဲမှန်နေခဲ့တာ။ တကယ်လို့ ရှင်က ညှင်းပန်းနှိပ်စက်မှုတွေ အများကြီးလုပ်ခဲ့တယ်ဆိုရင်တောင်မှ သူတို့က ရှင့်ကို အပြစ်တင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မ အသံတိတ်ပြီး နေခဲ့ရတာပဲ”
ကျင်းယွင်ကျောင်းက တစ်ခွန်းမခံ ပြန်လည်ချေပလိုက်၏။
သို့ရာတွင် ယခုအချိန်၌ ကွာခြားသည်မှာ သတင်းထောက်များသည် အသွားနှစ်ဖက်ပါသည့် ဓါးတစ်ချောင်းနှင့်တူသည်၊ သူတို့သည် သူမကိုလည်း ဖျက်ဆီးပစ်နိုင်သလို ချောင်မိသားစုကိုလည်း ဖျက်ဆီးပစ်နိုင်၏။
ကျင်းယွင်ကျောင်းက ထိုရင်နင့်ဖွယ်ကိစ္စများကို အပြုံးမပျက်ပြောနေခြင်းအား မြင်ရသည်မှာ ဘေးမှ ရပ်ကြည့်နေသူများအား ရင်နာစေသည်။
ထိုအချိန်၌ စူးချူသည် ကျင်းယွင်ကျောင်းအတွက် ရင်နာလွန်းသဖြင့် မျက်ရည်များစီးကျလာသလို ရှောင်ဟိုင်ချင်း၏ မျက်ဝန်းများကလည်း နီရဲနေ၍ ချောင်ဝေ့မင်အားကြည့်ရင်း ဤနေရာ၌ မရှိသော သူမ၏အဖေနှင့် ထိုလူ၌ တူညီသောအချက်များရှိသည်ကို တွေ့လိုက်ရ၏။
“ဒါ...ဒါတွေက အမှန်မဟုတ်ဘူး၊ နင် ငါ့လိုညီမတစ်ယောက်ကို ဘာကြောင့် ဒီလိုမျိုး လုပ်ရတာလဲ။ ဒီဓါတ်ပုံတွေအားလုံးက နင်လုပ်ကြံဖန်တီးထားတယ်ဆိုတာ ရှင်းနေတာပဲ”
ချောင်ဟုန်ယဲ့က သနားစရာကောင်းစွာဖြင့် အဆက်မပြတ် ခေါင်းယမ်းကာ ငိုကြွေးရင်း ပြောလာသည်။
ကျင်းယွင်ကျောင်း၏ စကားများကို ကြားလိုက်ရစဥ်ကတည်းက ချောင်ဟုန်ယဲ့သည် သူမ၏ ခြေထောက်များ ဂျယ်လီအလား ပျော့ခွေသွားသည်ကို ခံစားလိုက်ရ၏။
အခြေအနေက ဘာလို့ ပြောင်းပြန်ဖြစ်ကုန်တာလဲ။ ဘယ်အချိန်ကတည်းက ကျင်းယွင်ကျောင်းက ဒီလောက် စကားပြောကောင်းသွားတာလဲ။ လူအများကြီးနဲ့ ရင်ဆိုင်နေရတာတောင် သူက ဘာကြောင့် တည်ငြိမ်နေသေးတာလဲ။
ပြီးတော့ ဒီဓါတ်ပုံတွေအားလုံးကို သူက ဘာလို့ သူ့အိတ်ထဲမှာ သယ်လာတာလဲ။
စီစဥ်ထားတာက ကျင်းယွင်ကျောင်းကို တစ်ခုခုစွပ်စွဲပြောဆိုလိုက်ရင် သူမက မျက်နှာရလာမယ်။ အဲဒီမှာ သူက သတင်းထောက်တွေကို အော်ဟစ်ကြိမ်းမောင်းမယ်၊ ပြီးရင် နည်းနည်းငိုပြမယ်၊ ပြီးရင် သူက တုန်လှုပ်နေပြီး မေးခွန်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်မဖြေနိုင်တော့ဘူး။ အဲဒီအချိန်မှာ သူက သားသမီးဝတ္တရားမကျေတဲ့သူဆိုတဲ့ ကောလဟာလတွေက ပြန့်သွားပြီး သူ့မှာ ပါးစပ်ငါးပေါက်ရှိရင်တောင် သူ့နာမည်ကို ပြန်အဖတ်ဆယ်နိုင်မှာ မဟုတ်တော့ဘူး။ ဒီလိုဆိုရင် သူမက သူမဂုဏ်သတင်းကို ပြန်ကောင်းအောင်လုပ်ဖို့ အခွင့်အရေးရလာပြီး သူ့ရဲ့ဂုဏ်သတင်းကကျတော့ ပိုပြီးတော့ ပျက်စီးသွားမယ်။
ဒါပေမယ့် အဆုံးသတ်ရလဒ်က ဘာလို့ ဒီလိုဖြစ်သွားတာလဲ။
ချောင်ဟုန်ယဲ့သည် ကြောင်အ,နေပြီး ချောင်ဝေ့မင်သည်လည်း အခြေအနေကို အပြည့်အဝထိန်းသိမ်းနိုင်စွမ်း မရှိတော့ချေ။ သူသည် စိတ်ရှုပ်နေသော်လည်း ကျင်းယွင်ကျောင်းအား ဥာဏ်ချင်းယှဥ်ရာတွင် မနိုင်မှန်းသိသဖြင့် အနီးဆုံး၌ရှိသော သတင်းထောက်တစ်ယောက်ကို ဆောင့်ဆွဲလိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းက ဘာလို့ သူ့ကို အဓိပ္ပါယ်မရှိတာတွေ ဆက်ပြောခွင့်ပြုထားတာလဲ။ အပြစ်ကို ပြန်သုံးသပ်ပြီး တောင်းပန်ဖို့ သူ့ကို ပြောလိုက်လေ”
သူ့မှာ ထပ်ပြီးတော့ မေးခွန်းမေးနိုင်မယ့် အခွင့်အရေးမရှိတော့ဘူး။ သူ့ကို အရင်ဆုံး ကျင်းယွင်ကျောင်းဆီက ကြားခဲ့ရတဲ့ အကြောင်းအရာတွေကို ပြန်သုံးသပ်ခွင့်ပေးပါဦး၊ ပြီးမှ သူတို့ ဆက်ပြောကြတာပေါ့။
ထို့အပြင် သတင်းထောက်သည် ကျင်းယွင်ကျောင်း၏ လက်နှင့်ခြေထောက်မှ အမာရွတ်များကို မြင်သောအခါ အမှန်တကယ် ထိတ်လန့်တုန်လှုပ်သွားခြင်းဖြစ်၏။ တကယ်တမ်း၊ သူမသည် ဆယ့်ခြောက်နှစ်အရွယ်သာ ရှိသေးသည်။ သတင်းထောက်သည် ကလေးတစ်ယောက်က ထိုကဲ့သို့သောညှင်းပန်းနှိပ်စက်မှုမျိုးအား မည်သို့ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သည်ကို နားမလည်နိုင်တော့ပေ။
Chapter 276 : အစွန်းရောက်ခြင်း
ထိုသတင်းထောက်သည် လူအုပ်ကြီး၏ အနောက်သို့ ပြန်လည်ဆုတ်ခွာသွားပြီး အခြားသတင်းထောက်တစ်ယောက်သည်လည်း ဘေးနားရှိ ချောင်ဝေ့မင် မှင်သက်တွေဝေနေသည်ကို မြင်သောအခါ အခွင့်အရေးကို ချက်ချင်းပင် အမိအရဖမ်းဆုပ်လိုက်ပြီး မေးလိုက်သည်။
“ကျင်းယွင်ကျောင်း၊ ခုနတုန်းက မင်းပြောခဲ့သမျှက အမှန်တွေဆိုရင်တောင်မှ မင်းက ချမ်းသာတဲ့သူကို မျက်နှာပေးပြီး ဆင်းရဲတဲ့သူကိုတော့ နှိမ့်ချတယ်ဆိုတဲ့အချက်ကို အကြောင်းပြချက်ပေးဖို့ မလုံလောက်သေးဘူးလေ။ တကယ်လို့ မင်းရဲ့မွေးစားမိဘတွေက မင်းကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တယ်ဆိုရင် မင်းရဲ့မိဘအရင်းတွေက မင်းကို အိမ်တံခါးဝအထိ လာရှာတဲ့အချိန်မှာ မင်းက သူတို့ကို ပိုပြီးတော့တောင် တန်ဖိုးထားသင့်တာလေ။ ဒါပေမယ့် မင်းက ဘာကြောင့် သူတို့ကို အသိအမှတ်မပြုခဲ့တာလဲ”
ထိုအခါ ကျင်းယွင်ကျောင်းက သူမ၏ ဝှက်ဖဲဖြစ်သည့် မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်စာရွက် သူမ၏အိတ်ထဲ၌ ရှိသည်ကို သတိရသွားပြီး စိတ်အေးသွားသည်။
ထို့ကြောင့် မေးခွန်းအားကြားသောအခါ သူမသည် ရယ်စရာကောင်းသည်ဟုသာ သတ်မှတ်လိုက်၏။
“ဒါဆိုရင် ပြောပါဦး။ ကျွန်မက ဘာကြောင့် သူတို့ကို အသိအမှတ်ပြုသင့်တာလဲ”
“သူတို့က မင်းရဲ့မိဘအရင်းတွေလေ”
တစ်ဖက်လူက ချက်ကျလက်ကျ တုံ့ပြန်လိုက်သည်။
“ကျင်းမိသားစုမှာ ကလေးဘယ်နှစ်ယောက်ရှိလဲ”
ကျင်းယွင်ကျောင်းက ပြုံး၍ မဆိုင်သောမေးခွန်းတစ်ခုကို ရုတ်တရက် ထမေးလိုက်၏။
“သုံးယောက်လား”
ထိုသူများက မရေမရာပြန်ဖြေလာသည်။
သုံးယောက်ပဲရှိသင့်တာ မဟုတ်လား။ ငါသွားတုန်းက မိန်းကလေးတစ်ယောက်ပဲ မြင်ခဲ့ပေမဲ့ နောက်ထပ် သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိသေးတယ်လို့ ကြားတယ်။ သုံးယောက်လုံးကို ကျောင်းထားရမှတော့ သူတို့ဘဝက ခက်ခဲပြီပေါ့။
“အိုး...ဒါဆိုရင် သူတို့မှာ သားသမီးသုံးယောက်ရှိတာ ရှင်တို့လည်း သိပြီးသားပဲ။ သူတို့က သားယောက်ျားလေးကို သမီးမိန်းကလေးထက် ပိုပြီးဦးစားပေးတာကြောင့် မဖြစ်မနေ စွန့်ပစ်ခဲ့ရတဲ့ သူတို့ရဲ့အကြီးဆုံးသမီးက ကျွန်မပါလို့ သူတို့အားလုံးက ပြောကြတယ်။ အရင်က ကျွန်မဘဝထဲမှာ သူတို့ကို လက်သင့်ခံဖို့ ကြိုးစားခဲ့ပေမယ့် အန်တီဝမ်က ကျွန်မကို ပြောလာတယ်။ အကြီးဆုံးသမီးတစ်ယောက်အနေနဲ့ ကျွန်မရဲ့မောင်ကို ပြုစုစောင့်ရှောက်ဖို့ ကျောင်းထွက်ပြီး အိမ်မှာပဲ နေရမယ်တဲ့။ အချိန်အကြာကြီးပျောက်နေတဲ့ သမီးကို ရှာတွေ့တဲ့အချိန်မှာ သူတို့ပထမဆုံး လုပ်တဲ့အရာက အဲဒီသမီးမှာ မရှိတဲ့အရာကို ဖြည့်ဆည်းပေးဖို့ ကြိုးစားတာမဟုတ်ဘူး။ အဲဒီအစား သမီးဖြစ်တဲ့သူက လက်ရှိအချိန်မှာ ကိုယ်ပိုင်အစွမ်းအစနဲ့ကြိုးစားအားထုတ်ပြီး ရလာတဲ့အရာအားလုံးကို အတင်းအကြပ်ဖိအားပေးပြီးယူဖို့ ကြိုးစားတာပဲ”
သို့ရာတွင် သတင်းထောက်က ခေါင်းယမ်းလိုက်ပြီး ...
“ကျင်းယွင်ကျောင်း၊ အခု မင်းရဲ့အတွေးတွေက အစွန်းရောက်လွန်းနေတယ်ဆိုတာ မင်းကိုယ်တိုင် ဝန်ခံနေတာလား။ မင်းက ကျင်းမိသားစုရဲ့သမီးပဲ။ မင်းရဲ့မိဘတွေက သားသမီးလေးယောက်လုံးကို မြေတောင်မြှောက်ပေးနိုင်တဲ့ အစွမ်းအစမရှိလို့ ဒီလိုမျိုး ဆုံးဖြတ်ချက်ချလိုက်ရတာက ပုံမှန်ပဲလေ။ မင်းက ဒီလိုမျိုး အစွန်းရောက်တဲ့အကြောင်းရင်းတွေကို စွပ်စွဲချက်တစ်ခုအနေနဲ့သုံးပြီးတော့ မင်းရဲ့မိဘအရင်းတွေကို ဆက်ပြီးငြင်းပယ်နေလို့မရဘူး မဟုတ်လား”
“ဒါ့အပြင် မင်းရဲ့မိဘတွေက မင်းနဲ့သူတို့ကြားက ဆက်ဆံရေးကို ပြန်ပြီးထိန်းသိမ်းဖို့ ကြိုးစားခဲ့တာတောင်မှ မင်းက မောင်ဖြစ်တဲ့သူရဲ့အသက်နဲ့ သူတို့ကို ခြိမ်းခြောက်ခဲ့သေးတယ်ဆိုတာကတော့ အမှန်တရားပဲလေ၊ ငါပြောတာ မှန်တယ်မဟုတ်လား”
သတင်းထောက်က ဆက်၍ ပြဿနာရှာနေသည်။ သူပြောနေစဥ်မှာပင် နောက်ထပ်သတင်းထောက်က ကြားဖြတ်ဝင်ပြောပြန်၏။
“သူတို့ကို ခြိမ်းခြောက်ရုံတင် မဟုတ်ဘူး။ ကျင်းယွင်ကျောင်း၊ မင်းနဲ့ မင်းရဲ့ချမ်းသာတဲ့ရည်းစားက ဒီနေရာမှာရှိနေတဲ့ ရွာသားတိုင်းကို တစ်ကိုယ်လုံးဒဏ်ရာရတဲ့အထိ ရိုက်ခဲ့သေးတယ်ဆို။ မင်း သူတို့ကို တောင်းပန်သင့်တယ်လို့ မထင်ဘူးလား”
အမှန်တကယ်ပင် ဤရွာသားများသည် သူမထက် သက်ကြီးဝါကြီးများ ဖြစ်ကြသည်။ လက်တွေ့၌ အငယ်တစ်ယောက်အနေနှင့် သူမသည် ထိုကဲ့သို့သောကိစ္စမျိုးကို လုပ်ခဲ့သည်ဆိုသည်အား မယုံနိုင်ပေ။
ထိုအခါ ကျင်းယွင်ကျောင်းက ထိုသတင်းထောက်အမျိုးသားနှစ်ယောက်အား တစ်ချက်ကြည့်၍ ပြောလိုက်သည်။
“ရှင်က ကျွန်မကို မေးခွန်းတစ်ခုမေးရုံပဲ၊ ဒါပေမယ့် ရှင်က ရှင့်ရဲ့မေးခွန်းက မလေးနက်ဘူးလို့ထင်တဲ့အတွက်ကြောင့် တခြား မဆိုင်တဲ့ ရှင့်ရဲ့ထင်မြင်ချက်တွေကိုပါ ထည့်မေးခဲ့တယ်။ ဒါဆိုရင် ရှင်တို့နှစ်ယောက်က တစ်ဖက်တည်းမှာရပ်နေကြတော့ ရှင်တို့က ချိန်းတွေ့နေကြတယ်လို့ရော ကျွန်မ ပြောလို့ရလား။ ရှင်တို့ရဲ့အတွေးအခေါ်ကြီးက ထူးဆန်းမနေဘူးလား”
“မတူဘူးလေ၊ ငါတို့က ယောက်ျားလေးနှစ်ယောက်...”
“ဘာကွာလို့လဲ။ လိင်တူစုံတွဲကြားက အချစ်တောင် ရှိသေးတာပဲ”
ကျင်းယွင်ကျောင်း အလွယ်တကူပင် ပြန်လည်ချေပလိုက်၏။
သူမစကားဆုံးသည်နှင့် လူများစွာ၏ မျက်နှာများက နီရဲသွားကြသည်။
“မင်းတို့နှစ်ယောက်ကြားမှာ ဘာမှမရှိရင်တောင်မှ မင်းက မင်းရဲ့မိဘတွေနဲ့သူတို့ရဲ့မိတ်ဆွေတွေကို ရိုက်နှက်ခဲ့တယ်ဆိုတာတော့ အမှန်ပဲလေ။ ကျင်းယွင်ကျောင်း၊ မင်းရဲ့မိဘတွေကိုလည်း ကြည့်ဦး၊ သူတို့က ဒီအသက်အရွယ်တောင် ရောက်နေပြီ၊ သားသမီး သုံးလေးယောက်ကို ပြုစုပျိုးထောင်ပေးရဦးမယ်၊ ပြီးတော့ မင်းရဲ့မောင်တွေညီမတွေကလည်း မူလတန်းနဲ့အလယ်တန်းပဲ ရှိသေးတာ။ သူတို့က မင်းကိုအချိန်အကြာကြီး လိုက်ရှာခဲ့ရတာတောင်မှ မင်းက သူတို့ကို ဒီလိုဆက်ဆံတယ်။ မင်းမှာ အသိတရားရော ရှိသေးရဲ့လား။ သူတို့က မင်းကိုမွေးပေးခဲ့တာတောင်မှ မင်းကတော့ သူတို့ကို ဆင်းရဲလို့ဆိုပြီး အထင်သေးတယ်”
ထိုသတင်းထောက်က တရားစောင့်နတ်သမီးအလား ဟောပြောဆုံးမလာ၏။ ထိုသို့ သတင်းထောက်က ဆက်လက်၍ ဟောပြောပို့ချနေစဥ်မှာပင် ကျင်းထျယ်ကျွင်းသည် သူ၏ မိသားစုဝင်များနှင့်အတူ ငါးဦးစလုံး လူလုံးထွက်ပြလာသည်။ ထို့နောက် သူသည် ကျင်းယွင်ကျောင်းအား မျက်နှာမူ၍ ရုတ်တရက် မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်တော့၏။
“ရှောင်ယွင်၊ အမေ အမှားလုပ်ခဲ့မိပါတယ်။ မင်း ဘာလို့ အမေနဲ့အတူ အိမ်ပြန်လိုက်မလာတာလဲ”
ဝမ်ရှင်းဖန်းက အသံကို အမြင့်ဆုံးတင်ပြီး စတင်၍ အော်ဟစ်ငိုယိုပြလာသည်။