အခန်း (၂၇၇-၂၈၀)
Vol. 14 Ch. 277-278
Chapter 277 : ဖိအားပေးခြင်း
မိသားစုငါးယောက်အနက် ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းတို့သည် ရှေ့ဆုံးမှ ဒူးထောက်လိုက်ကြပြီး ကလေးသုံးယောက်ကမူ အနောက်၌ ဒူးထောက်လိုက်သည်။
ကျင်းရှို့သည် မျက်ရည်များဝဲကာ တုန်ယင်နေပြီး လူများစွာ၏ အကြည့်များကို ကြောက်ရွံ့နေပုံရကာ ကျင်းလင်ကမူ ကျင်းရှို့၏ လက်မောင်းတစ်ဖက်ကို တင်းကြပ်နေအောင် ဆွဲထားပြီး သူမလည်း ကြောက်နေပုံပင်။ တစ်ဖက်၌ ကျင်းမင်သည် ဒေါသထွက်နေ၏။ သူ၏ တစ်ဘဝလုံးတွင် တစ်ခါမှ အခြားသူအား ဒူးမထောက်ဖူးသော်လည်း ယခုအခါ သူအလွန်မုန်းတီးသော ‘အစ်မကြီး’ ဆိုသူအား ဒူးထောက်နေရသည်။
လက်ရှိအချိန်၌ ဝမ်ရှင်းဖန်းသည် ဝမ်းနည်းကြေကွဲနေသော မျက်နှာအမူအယာရှိနေပြီး သူမ၏ ဘေး၌ ဒူးထောက်နေသော ကျင်ထျယ်ကျွင်းကမူ ပို၍ပင် သနားစရာကောင်းလှ၏။
မာနကြီးသော ယောက်ျားသားတစ်ယောက်အနေဖြင့် အခြားလူများ၏ အရှေ့တွင် သိမ်ငယ်မှုများပြည့်နှက်နေသော မျက်နှာဖြင့် ဒူးထောက်နေပြီး ကူကယ်ရာမဲ့ဖြစ်နေပုံသည် ဘေးမှရပ်ကြည့်နေသူများအား မျက်ရည်များပင် လည်လာစေသည်။
ကျင်းမိသားစု၏ ရုတ်တရက်ဆန်သော လုပ်ရပ်များသည် ရှောင်ဟိုင်ချင်းနှင့် စူးချူအား ထိတ်လန့်သွားစေ၍ မိန်းကလေးနှစ်ယောက်သည် ကျင်းမိသားစုအား ကြောင်ငေးနေကြ၏။ ရှောင်ဟိုင်ချင်းသည် မသိစိတ်အလျောက် ပိုးဆိုးပက်စက်ပြောလိုက်ချင်သော်လည်း ထိုအကြောင်းကို သေချာတွေးကြည့်လိုက်ပြီးနောက် သူမကိုယ်သူမ ပြန်ထိန်းလိုက်သည်။
သူတို့ကို ဆက်ပြီးတော့သာ ဒူးထောက်ခိုင်းထားလိုက်၊ သူတို့က ဒါနဲ့ပဲ တန်တယ်။
နင်တို့ လေကြောရှည်နေလေလေ၊ ငါက နင်တို့ဖင်ကို ဆောင့်ကန်ဖို့ ပိုနီးလာလေလေပဲ။
“ရှောင်ယွင်က မင်းက စာသင်ရတာကို တကယ်ကြိုက်တယ်ဆိုရင်လည်း ငါတို့က မင်းအတွက် အရာအားလုံးကို အနစ်နာခံပေးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ အရင်က ငါ အဲဒီစကားတွေကို သွေးပူတုန်းပြောခဲ့တာပါ၊ ဒါပေမယ့် မင်းက ဘာလို့ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ဒီလောက်တောင် သဘောထား ကျဥ်းမြောင်းနေရတာလဲ”
ဝမ်ရှင်းဖန်းက မျက်ရည်များသုတ်ရင်း စကားဆက်သည်။
“ကလေး၊ မင် ဘယ်လိုအမှားတွေပဲ ကျူးလွန်နေပါစေ၊ မင်းက ငါတို့မိသားစုဝင်ပဲလေ။ ငါတို့ရဲ့အမှားကြောင့် မင်း ဒုက္ခတွေအများကြီး ခံစားခဲ့ရတာပါ။ တကယ်လို့ ငါတို့သာ မင်းကို စောစောရှာတွေ့ခဲ့ရင်... ...”
သူတို့၏ရှေ့တွင်ရပ်နေသော ကျင်းယွင်ကျောင်းက ထိုကြေကွဲဆို့နင့်ဖွယ်ကောင်းသော ဇာတ်လမ်းကို နားဆင်ပြီးနောက် ခပ်တိုးတိုး လှောင်ရယ်လိုက်၏။
“ကျင်းယွင်ကျောင်း၊ မင်းက လူရော ဟုတ်သေးရဲ့လား။ ဒီလိုအခြေအနေမျိုးမှာတောင် မင်းက ရယ်နေနိုင်သေးတယ်လား။ သူတို့က မင်းရဲ့မိဘတွေဖြစ်နေတုန်းပဲကွ”
ဘေးမှ ရပ်ကြည့်နေသူများထဲမှ တစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး အခြားရပ်ကြည့်နေသူများသည်လည်း စတင်ဒေါသထွက်လာကြကာ မူလက ကျင်းယွင်ကျောင်းအပေါ်၌ ကရုဏာသက်နေသောစိတ်များ ပျောက်ကွယ်သွားကြတော့သည်။
ကျင်းယွင်ကျောင်းသည် ကလေးဘဝကတည်းက အခက်အခဲများစွာကို တွေ့ကြုံခံစားခဲ့ရသည်ဆိုလျှင်တောင်မှ သူမ၏ မိဘများကို အသိအမှတ်မပြုရန်အတွက် အဘယ်သဘောနှင့်များ ဤအကြောင်းပြချက်မျိုးကို သုံးနိုင်သနည်း။ ထို့အပြင် သူမ၏ အဖေနှင့်အမေသည် အလွန်ကြင်နာတတ်သူများဖြစ်ကြောင်း လူတိုင်းတွေ့မြင်နိုင်သည်။ သူတို့က ရင့်ကျက်မှုအပြည့်နှင့် နားလည်ပေးနေချိန်၌ သူမက အဘယ့်ကြောင့် သူတို့အား အပြစ်တင်နေနိုင်သေးသနည်း။
သို့ရာတွင် ကျင်းယွင်ကျောင်းသည် သူမအား အော်ဟစ်ကြိမ်းမောင်းနေသည်ကို ဂရုမစိုက်ဘဲ ခေါင်းငုံ့ကြည့်၍ မေးလိုက်သည်။
“ဒီနေ့ ဒီနေရာမှာရှိတဲ့လူတွေအားလုံးကို ရှင်တို့ စုခေါ်လာတာလား”
“အဖေနဲ့ အမေကို အပြစ်မတင်ပါနဲ့။ ကျွန်မပါ။ ကျွန်မ ဒီအကြောင်းကို အင်တာနက်ပေါ်မှာ ပို့စ်တွေအများကြီး တင်လိုက်တာ”
ကျင်းလင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
ထိုစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်လိုက်သည်။ သူမ၏ စိတ်ထဲ၌ ရှုပ်ထွေးနေသော မေးခွန်းအချို့အတွက် အဖြေရသွားပြီဖြစ်၏။
ယနေ့ ထောက်ခံသူအများအပြားရှိနေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ၊ ကျင်းလင်သည် ဆယ့်နှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်သာဖြစ်၍ သူမက အင်တာနက်ပေါ်တွင် ထိုအကြောင်းနှင့်ပတ်သတ်၍ ပို့စ်အချို့တင်လျှင်တောင်မှ ယနေ့ ဤနေရာသို့ လူများစွာ စုရုံးရောက်ရှိလာရန် မဖြစ်နိုင်ပေ။
ဤသည်မှာ ဟယ့်မိသားစုက ကျင်းလင်၏ လူသိနည်းသောပို့စ်များကို ဝါးတားအာမီများသုံး၍ ရှာဖွေပြီး ပြဿနာကိုကြီးကျယ်လာအောင် နောက်ကွယ်မှ ကြိုးကိုင်၍ ယနေ့ သတင်းထောက်များစွာ စုရုံးရောက်ရှိလာသည့်အခြေအနေအထိရောက်အောင် ဖန်တီးခဲ့ခြင်းဖြစ်သည်။
(T/N : ဝါးတားအာမီဆိုတာ တရုတ်အင်တာနက်သုံး ဗန်းစကားပါ။ အကောင့်တုတွေကို ပိုက်ဆံပေးငှားပြီး ပို့စ်တွေအောက်မှာ သွားဆဲခိုင်းတာ၊ ချီးမွှမ်းခိုင်းတာ၊ ဝေဖန်ခိုင်းတာတွေလုပ်ပြီး အပြင်လူတွေပါ အဲဒီပို့စ်တွေကို စိတ်ဝင်စားလာအောင် လုပ်တာပါ။ လူစိတ်ဝင်စားအောင် ပွဲရှာတဲ့သဘောပါပဲ။ ပိုက်ဆံသုံးနိုင်တဲ့အလျောက် ဝါးတားအာမီအကောင့်တွေသိန်းချီပြီး ငှားလို့ရပါတယ်။)
“ဒါဆိုရင် ရှင်တို့ကလည်း သဘောတူပြီး ကျင်းလင်ကို အဲဒီပို့စ်တွေတင်နေတာကို ခွင့်ပြုပေးတယ်ပေါ့”
ကျင်းယွင်ကျောင်းက ထိုလင်မယားအား ထပ်မေးလိုက်သည်။
ထိုအခါ ဝမ်ရှင်းဖန်းက ကျင်းယွင်ကျောင်း၏မေးခွန်းကို သနားစဖွယ်အမူအယာဖြင့် ပြန်ဖြေလာ၏။
“ကလေး၊ ငါတို့မှာလည်း ရွေးစရာမရှိလို့ပါ။ အဲဒီတုန်းက ငါတို့ ဘာလုပ်ရမှန်းလည်း မသိဘူး။ ဒါကြောင့် ငါတို့ ကျင်းလင်ရဲ့ပို့စ်တွေအကြောင်းကို ကြားတော့ ဒါက ငါတို့ မင်းကို နားချဖို့အတွက် အထောက်အကူဖြစ်မယ်လို့ တွေးခဲ့မိတယ်။ ဒါပေမယ့် ဒီကိစ္စက ဒီလောက်ကြီးသွားလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး”
“အားလုံးပဲ... ရှင်တို့အားလုံး အခု ပြန်သင့်ပါပြီ၊ ကျွန်မရဲ့ရှောင်ယွင်ကို နှောက်ယှက်နေတာတွေ ရပ်လိုက်ပါတော့။ သူ ဒီလိုတွေလုပ်နေတာက ကျွန်မတို့နဲ့ အကြာကြီး ဝေးကွာနေခဲ့လို့ပါ။ ဒါပေမယ့် သူက လိမ္မာတဲ့ကလေးတစ်ယောက်ပါ”
ဝမ်ရှင်းဖန်းက စကားဆက်ပြောနေရင်းမှ လူအုပ်ကြီးဘက်သို့လှည့်လိုက်ပြီး ငိုကာ အော်ပြောလိုက်သည်။
“ကျင်းယွင်ကျောင်း၊ မင်း နည်းနည်းလေးတောင် မရှက်မိဘူးလား။ အခု မင်းရဲ့အမေက မြေကြီးပေါ်မှာ ဒူးထောက်နေတာတောင်မှ သူက မင်းအတွက် စဥ်းစားပေးပြီး ကာကွယ်ပေးနေသေးတယ်။ ဒါပေမယ့် မင်းက ခုထိ မင်းအတွက် ကောင်းကျိုးရှိမယ့်အရာတွေကို မသိသေးဘူး၊ မင်းက သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးကို မြောင်းထဲရောက်အောင် လုပ်နေတာပဲ”
“သူပြောတာ အမှန်ပဲ၊ ကျင်းယွင်ကျောင်း၊ မင်း ဒူးထောက်ပြီးတော့ မင်းရဲ့မိဘတွေကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုသင့်တယ်”
“ဒူးထောက်၊ ဒူးထောက်...”
ရုတ်တရက် လူအုပ်ကြီး ကျယ်လောင်စွာ သံပြိုင်ကြွေးကြော်လာကြပြီး လူအုပ်ထဲမှတစ်ယောက်က ကျင်းယွင်ကျောင်းအား ကျောက်ခဲဖြင့် လှမ်းထုလိုက်ရာ နဖူးကို မှန်သွားလေသည်။
Chapter 278 : မသက်ဆိုင်သောလူများ
ကျင်းယွင်ကျောင်းက သူမဆီသို့ ပျံဝဲလာသည့်ကျောက်ခဲကို မြင်သော်လည်း မရှောင်တိမ်းခဲ့ရာ ထိုကျောက်ခဲက သူမ၏ နဖူးအလယ်တည့်တည့်ကို တိုက်ရိုက်ထိမှန်သွားလေသည်။ ချက်ချင်းပင် သူမ၏ မျက်နှာပေါ်သို့ သွေးများစီးကျလာ၏။
ထိုသွေးသံရဲရဲမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်၊ အထူးသဖြင့် ကျောက်ခဲနှင့်ပေါက်သော တရားခံသည် ထိတ်ထိတ်ပျာပျာဖြစ်သွားကာ ချက်ချင်းပင် လူအုပ်ကြီးကြားထဲသို့ ရောနှောပျောက်ကွယ်သွားရန် ကြိုးစားတော့၏။
“ယွင်ကျောင်း၊ နင် ဘာလို့...”
မရှောင်လိုက်တာလဲ။
ရှောင်ဟိုင်ချင်းက သူမ၏ အချစ်ဆုံးသူငယ်ချင်းအား ထိတ်လန့်စွာ စိုက်ကြည့်နေသည်။
သို့ရာတွင် ဟိုင်ချင်းသည် ထိုအကြောင်းကို တွေးကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သွား၏။ ဒဏ်ရာက မပြင်းထန်သော်လည်း ဤနေရာသည် လူမြင်ကွင်းဖြစ်ရာ သူမ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်သွားသည်ကို လူတိုင်းမြင်နိုင်သည်။ ကျင်းမိသားစုသည် သူတို့ကိုယ်သူတို့ ထိခိုက်နစ်နာအောင်လုပ်၍ လူထုဆီမှ ကရုဏာကိုရယူနိုင်မည့် နည်းဗျူဟာကို သိသလို ကျင်းယွင်ကျောင်းကလည်း သိ၏။ ယခုအချိန်၌ သူမကိုယ်သူမ အထိခိုက်ခံလိုက်ခြင်းက ဤလူများ နောက်ပိုင်း၌ အဖြစ်မှန်ကိုသိသွားသောအခါ အစောပိုင်းက သူတို့ မည်မျှ မိုက်မိုက်မဲမဲပြုမူခဲ့ကြောင်းကို သဘောပေါက်သွားစေရန်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် လူအုပ်ကြီးသည် သူမအား ထောက်ခံလာကြမည်ဖြစ်ပြီး အယောင်ဆောင် ကျင်းမိသားစုကမူ ပို၍ နာမည်ပျက်သွားမည်ဖြစ်၏။
ဘာပဲပြောပြော၊ ငါတို့မိသားစုရဲ့ ကျင်းယွင်ကျောင်းက အရမ်းသနားစရာကောင်းတာပဲ။ သူက ဘာအမှားမှ မလုပ်ခဲ့ဘူးဆိုတာ အသိအသာကြီးပေမယ့် ဒီလိုမျိုး ဝိုင်းအုံပြီးတော့ အနင်းခြေခံနေရတယ်။
ထိုအခါ ကျင်းယွင်ကျောင်းက သူမ၏ နဖူးပေါ်ရှိ ဒဏ်ရာကိုစမ်းကြည့်လိုက်ပြီးနောက် တစ်ရှူးအစိုတစ်ရွက်ကိုထုတ်ယူကာ ဒဏ်ရာပေါ်မှ သွေးစများကို သုတ်လိုက်သည်။
“ကောင်းကင်ဘုံကို ဒူးထောက်၊ မြေကြီးကို ဒူးထောက်၊ မိဘတွေကို ဒူးထောက်၊ ကျွန်မက ဘာအမှားမှမလုပ်ခဲ့ပဲ၊ ဘာလို့ ဒီမဆိုင်တဲ့လူတွေကို ဒူးထောက်ရမှာလဲ”
ကျင်းယွင်ကျောင်း၏ အသံက ပုံမှန်အတိုင်းပင် အေးစက်တည်ငြိမ်နေကာ အင်အားကြီးမား၍ ပဲ့တင်ထပ်နေ၏။
“ကျင်းယွင်ကျောင်း၊ သူတို့က မင်းရဲ့မိဘတွေ မဟုတ်လို့လား”
သတင်းထောက်က ခေါင်းယမ်းလိုက်ပြီး စိတ်ထဲ၌ကြိတ်၍ တွေးနေမိသည်။
ဒီကျင်းယွင်ကျောင်း၊ သူ ရူးသွားတာတော့ မဖြစ်နိုင်ဘူးမဟုတ်လား။
ထို့နောက် ကျင်းယွင်ကျောင်းသည် ရုတ်တရက် ရယ်မောလိုက်ရာ သူမ၏ သွေးစွန်းနေသော မျက်နှာသည် မည်သည့်အရာနှင့်မှ နှိုင်းယှဥ်၍ မရအောင် ဝမ်းနည်းဆွေးမြေ့ဖွယ်ကောင်းလှ၏။ လူအုပ်ကြီးသည် သူမ၏ အကြည့်များက သူတို့၏ တစ်ကိုယ်လုံးအား ထိုးဖောက်သွားသလို ခံစားလိုက်ရသည်။ ထိုအကြည့်က သူတို့၏ နှလုံးသည်းညှာအား လေတစ်ချက်ပင် အတိုးမခံနိုင်လောက်အောင် ဆွဲညှစ်နေသကဲ့သို့ပင်။
“သူတို့က ဘယ်လိုများ ရုတ်တရက်ကြီး ကျွန်မရဲ့မိဘတွေဖြစ်လာတာလဲ။ သူတို့ကိုကြည့်ပါဦး၊ ကျွန်မတို့က ဘယ်နေရာတွေများ တူနေလို့လဲ”
သူမက မေးခွန်းထုတ်လိုက်သည်။
“တစ်ယောက်နဲ့တစ်ယောက် ဆယ်နှစ်ကျော်လောက် မမြင်ဖူးခဲ့ဘဲနဲ့ ဘယ်ကမှန်းမသိတဲ့ လူတွေက လမ်းလယ်ကောင်မှာ ရုတ်တရက်ပေါ်လာတယ်။ သူတို့က ကျွန်မရဲ့မိဘတွေပါလို့ တကယ်ပဲ ပြောနိုင်လို့လား”
“သူတို့က ကျွန်မကို လူပေါင်းများစွာရဲ့ရှေ့မှာ ဒူးထောက်တောင်းပန်ရမယ့် အခြေအနေထိရောက်အောင် ဖိအားပေးခဲ့ပြီးပြီ။ ဘယ်မိဘကများ ဒီလိုမျိုးလုပ်လို့လဲ။ ဟုတ်တယ်၊ ကျွန်မက မိဘမဲ့ကလေးတစ်ယောက်၊ ဒါပေမယ့် ကျွန်မ အချစ်မငတ်ဘူး။ တကယ်လို့ ဘယ်သူမဆို သူတို့ကိုယ်သူတို့ ကျွန်မရဲ့မိဘတွေပါလို့ ပြောနိုင်တယ်ဆိုရင် အနာဂတ်မှာ ကျွန်မက လမ်းပေါ်မှတွေ့သမျှ လူကြီးသူမအားလုံးကို မေမေ၊ ဖေဖေလို့ ခေါ်ရမှာလား။ ဒါဆိုရင် ကျွန်မတော့ အတော်လေး အလုပ်ရှုပ်တော့မှာပဲ”
ကျင်းယွင်ကျောင်းက ခပ်တိုးတိုး ရယ်သွမ်းသွေးလိုက်သည်။
“ရှောင်ယွင်၊ ငါတို့က တကယ့်မိဘအရင်းတွေပါ။ မင်းမေ့သွားပြီလား။ ငါတို့ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးဖို့သွားခဲ့တယ်လေ။ ရလဒ်တွေကို မင်း အရင်က မြင်ပြီးပြီပဲ။ ရလဒ်က...”
ဝမ်ရှင်းဖန်က သူမ၏ အင်္ကျီရင်ဘတ်ထဲမှ မိဘအရင်းဟုတ်မဟုတ် စစ်ဆေးချက်စာရွက်ကို ကပျာကယာ ထုတ်ယူလိုက်၏။ ကြိုတင်ပြင်ဆင်ထားသည်မှာ အသိအသာပင်။
ထို့နောက် ချက်ချင်းပင် ရလဒ်များကို ကင်မရာရှေ့တွင် ထောင်ပြလိုက်သည်။ ထိုစာရွက်ပေါ်၌ ဆေးရုံ၏ တံဆိပ်တုံးကိုလည်း ဖော်ပြထား၏။
ထိုအပေါ်၌ ကျင်းယွင်ကျောင်း၏ အမည်ကိုလည်း ရေးသားထားကာ ရလဒ်များမှာ ရှင်းလင်းလှသည်။
ထိုအခါ သတင်းထောက်၏ စိတ်ထဲ၌ ကျင်းယွင်ကျောင်းအား ပို၍ပင် ရွံရာစက်ဆုပ်သွား၏။
ကိစ္စတွေက ဒီအခြေအနေထိရောက်ပြီးနေတာတောင်မှ ကျင်းယွင်ကျောင်းက ဝန်မခံဘဲ ငြင်းနေသေးတယ်။ ငါ ဒီလိုအရှက်မရှိတဲ့ မိန်းကလေးမျိုးကို တစ်ခုမှမမြင်ဖူးဘူး။
သို့သော် သူ့ဘေး၌ ဒူးထောက်နေသော လင်မယားနှစ်ယောက်၏ အကြောင်းကို စဥ်းစားမိသောအခါ သတင်းထောက်၏ အမူအယာမှာ ချက်ချင်းပင် စေတနာတရားများ ပြည့်လျှံသွားပြီး သူတို့အား ကူညီ၍ ထူမပေးလိုက်သည်။
“အန်တီဝမ်၊ ဦးလေးကျင်း၊ ခင်ဗျားတို့က နစ်နာသူတွေဆိုတာ ဒီမှာရှိတဲ့လူတိုင်း သိပါတယ်။ ခင်ဗျားတို့ရဲ့သမီးက ဒီလိုမျိုးပြောင်းလဲသွားမှတော့ ခင်ဗျားတို့ အရမ်းကြေကွဲနေမှာပဲ၊ ဟုတ်ရဲ့လား”
သတင်းထောက်က မိုက်ကိုကိုင်ထားရင်း မေးလိုက်သည်။
ဝမ်ရှင်းဖန်းက အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း မကြာမီ သူမရရှိလာမည့် ငွေပမာဏအများကြီးအား တွေးမိသောအခါ တဖန်ပြန်လည်၍ စိတ်အားတက်သွား၏။ ထို့ကြောင့် သူမသည် ဝမ်းနည်းပူဆွေးနေသော အမူအယာဖြင့် ဖြေလိုက်သည်။
“အမှန်ပါပဲ။ ဒီရက်ပိုင်း ကျွန်မရော ကျွန်မရဲ့ခင်ပွန်းရော မအိပ်နိုင်၊ မစားနိုင်ဖြစ်နေတာပါ။ တစ်ခါတစ်လေ ကျွန်မတို့ တွေးမိတယ်၊ အဲဒီအချိန်တုန်းကသာ လမ်းပေါ်မှာ ကျွန်မတို့ သူ့ကို မမှတ်မိခဲ့ရင်...”
“ခင်ဗျားတို့က သမီးဖြစ်သူကို အရမ်းချစ်တယ်ဆိုတာ ကျွန်တော် ယုံပါတယ်။ ဒါကြောင့်လည်း တစ်ချက်ကြည့်ရုံနဲ့တင် သူ့ကို မှတ်မိတာပေါ့”
သတင်းထောက်က စကားထောက်ပေးလိုက်သည်။
“ဟုတ်ပါတယ်၊ ဟုတ်တာပေါ့၊ ဆယ်နှစ်ကျော်ကြာပြီဆိုပေမယ့် သူက ငယ်ငယ်တုန်းကအတိုင်းပဲလေ။ ကျွန်မ သူ့ကိုမြင်တော့ မျက်ရည်မထိန်းနိုင်ဘူး၊ ဒါ့ကြောင့် ကျွန်မ သတ္တိမွေးပြီး သူ့ဆီသွားခဲ့တာပါ။ ဒါပေမယ့် ဒီလိုဖြစ်လာမယ်ဆိုတာ အစောကြီးကတည်းက ကြိုသိခဲ့ရင် ကျွန်မ, မသွားခဲ့သင့်ဘူး...”
ဝမ်ရှင်းဖန်းက သက်ပြင်းချ၍ ပြောလာ၏။
“အန်တီဝမ်၊ ခင်ဗျား ဒီလိုမပြောပါနဲ့။ မိဘတွေက သူတို့ရဲ့သားသမီးတွေကို ရှာတယ်ဆိုတာ သဘာဝပါပဲ။ ဒါ့အပြင် ခင်ဗျားရဲ့သမီးကို ယောက္ခမဖြစ်သူက စွန့်ပစ်ခဲ့တာလို့ ပို့စ်ထဲမှာပြောထားတာကို ကျွန်တော် မှတ်မိတယ်။ ပြီးတော့ သူက သမီးဦးဆိုတော့ ခင်ဗျား အရမ်းကို ပူဆွေးသောကရောက်ခဲ့မှာပေါ့နော်။ ဒီနှစ်တွေအတောအတွင်း ခင်ဗျား တကယ်ကို ခက်ခဲခဲ့တာပဲ”
သတင်းထောက်သည် ထိုလင်မယားအတွက် တရားမျှတမှုကိုလိုချင်သောရည်ရွယ်ချက်ဖြင့် စိတ်အားထက်သန်စွာ ပြောလာ၏။
Chapter 279 : ကြင်နာတတ်ခြင်း
ကျင်းယွင်ကျောင်း ဘာပဲလုပ်လုပ် ဝမ်ရှင်းဖန်းက သူမအား ချစ်ခင်မြတ်နိုးနေသေးသည်ဖြစ်ရာ ထိုအဖြစ်အပျက်များအားလုံးကို မြင်လိုက်ကြားလိုက်ရသော ဘေးလူများသည် မိခင်မေတ္တာ၏ ကိုယ်ကျိုးမငဲ့မှုများကို ကရုဏာသက်မိသောကြောင့် သက်ပြင်းချလိုက်ကြသည်။ သို့ရာတွင် ဝမ်ရှင်းဖန်းအား သူမ၏ ကလေးများအပေါ် မိခင်မေတ္တာပြည့်ဝသူဟု ခေါ်ပါက ထိုသို့ခေါ်ခြင်းသည် မိခင်မေတ္တာဆိုသည့်အသုံးအနှုန်းအား စော်ကားရာရောက်၍ တကယ်တမ်း သူမ၏ အချစ်များအားလုံးသည် ကျင်းမင်ခိုင်အတွက်သာ ဖြစ်၏။
သတင်းထောက်သည် ကျင်းမိသားစု၏ ရိုးသားမှုအား အထင်ကြီးလေးစားစွာဖြင့် ကြည့်လိုက်ပြီး ဝမ်ရှင်းဖန်းအား မေးခွန်းအနည်းငယ် ဆက်မေးနေရာ သူမကလည်း ငိုရင်း ဆက်ဖြေသည်။ ထို့နောက် သတင်းထောက်သည် ကလေးသုံးယောက်ဘက်သို့ လှည့်သွားပြန်၏။
“ကောင်လေး၊ မင်းရဲ့အစ်မကြီးကို သဘောကျရဲ့လား”
သတင်းထောက်က ကြင်နာသောမျက်နှာထားဖြင့် မေးလိုက်သည်။
ကျင်းမင်းခိုင်သည် ကြီးစိုးခြယ်လှယ်တတ်သည့်စရိုက်ရှိသော်လည်း ထိုအမူအကျင့်သည် ရွှေချန်းရွာတွင်သာဖြစ်၍ ယခုအချိန်၌ သူသည် မရင်းနှီးသည့်ပတ်ဝန်းကျင်၌ လူပေါင်းများစွာနှင့် ရင်ဆိုင်နေရသဖြင့် ကယောင်ခြောက်ခြားဖြစ်နေကာ သတင်းထောက်၏ မေးခွန်းအား လွှတ်ခနဲ ပြန်ဖြေလိုက်မိ၏။
“ကျွန်တော် သူ့ကို မကြိုက်ဘူး”
သတင်းထောက်က သူ၏အဖြေကို ကြားသောအခါ မျက်မှောင်ကြုံ့သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“မင်းရဲ့အစ်မကြီးက မင်းကို နာကျင်အောင် လုပ်လို့လား။ ကလေးတစ်ယောက်က ဘယ်လိုကြောင့်များ လိမ်ပြောနိုင်မှာလဲ။ ကြည့်ရတာတော့ ကျင်းယွင်ကျောင်းက တကယ်ပဲ ကျင်းမိသားစုနဲ့ ပတ်သတ်သမျှကို ဆန့်ကျင်နေတယ်ဆိုတာ သိသာနေပြီ”
“ဒီက မိန်းကလေးနှစ်ယောက်ကရော ဘယ်လိုလဲ။ ကျင်းယွင်ကျောင်းရဲ့လုပ်ရပ်တွေက မှန်တယ်လို့ မင်းတို့ရော ထင်ကြလား။ မင်းတို့ရဲ့အစ်မကြီးကို ဘာပြောချင်တာများ ရှိကြလဲ”
သတင်းထောက်က ဆက်မေးလိုက်၏။
“ကျွန်မကတော့ သူ အိမ်ကိုပြန်လာပြီး အဖေနဲ့အမေကို ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်။ ခေါင်းမာနေတာကို ရပ်ပြီး ကျွန်မတို့နဲ့ အတူတူနေရမယ့် အချိန်ပါ။ ကျွန်မရဲ့ပစ္စည်းတွေကို အစ်မနဲ့အတူ မျှဝေသုံးဖို့ ဝန်မလေးပါဘူး”
ကျင်းလင်က အရောင်တောက်နေသောမျက်ဝန်းများဖြင့် ပြန်ဖြေလာသည်။
ကျင်းယွင်ကျောင်းလည်း သေချာပေါက် သူ့ပစ္စည်းတွေကို ငါနဲ့မျှသုံးရမှာပေါ့။
သတင်းထောက်က ကျင်းလင်၏ အဖြေကို ကျေနပ်သွား၍ ကျင်းရှို့ဘက်သို့ လှည့်မေးလိုက်၏။
ထိုအခိုက်၌ ကျင်းရှို့၏ ခန္ဓာကိုယ်သည် တောင့်တင်းနေပြီး သူမ၏ အကြည့်များကလည်း မတည်မငြိမ်ဖြစ်နေကာ စိတ်ရှုပ်နေသည်။
“သူက...မဟုတ်ဘူး”
ကျင်းရှို့က အသံတုန်တုန်ဖြင့် ကြောက်ရွံ့စွာဖြေလိုက်၏။ သူမသည် ကျင်းယွင်ကျောင်း၏ နဖူးပေါ်မှ သွေးများကို မြင်သောအခါ သူမသာ ကျင်းယွင်ကျောင်းကို စောစောစီးစီး သတိပေးလိုက်ပါက သူမ၏ အဖေနှင့်အမေကို တားမြစ်နိုင်ပြီး ယခုဖြစ်နေသည့် အရာအားလုံးကိုလည်း ကာကွယ်တားဆီးနိုင်လိမ့်မည်ဟု တွေးနေမိသဖြင့် ပို၍ အပြစ်ရှိသလိုခံစားလာရသည်။
“သူက မဟုတ်ဘူး...သူက ကျွန်မရဲ့အစ်မကြီး မဟုတ်ပါဘူး။ ကျွန်မရဲ့အစ်မကြီးက သေသွားပါပြီ”
ကျင်းရှို့က ငိုရင်း အမှန်တရားကို ထုတ်ဖော်ပြောကြားလိုက်၏။
ကျင်းရှို့၏ အဖြေကိုကြားသောအခါ ဝမ်ရှင်းဖန်နှင့် ကျင်းထျယ်ကျွင်းတို့သည် မျက်နှာပျက်သွား၍ သူမအား အော်ဟစ်ကြိမ်းမောင်းတော့သည်။
“နင် ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ”
ကျင်းရှို့က သူမမိဘနှစ်ပါး၏ ဒေါသပေါက်ကွဲမှုကို ကြောက်ရွံ့သဖြင့် ခေါင်းငုံ့ထား၏။
ထိုအခါ သတင်းထောက်က သက်ပြင်းချ၍ ပြောလာသည်။
“ကြည့်ရတာ ကျင်းရှို့က ကျင်းယွင်ကျောင်း သူတို့ရဲ့မိသားစုဝင်ဖြစ်လာမှာကို ပိုပြီးတော့ အတိုက်အခံလုပ်နေတယ်နဲ့တူတယ်။ သူ့စိတ်ထဲမှာ ကျင်းယွင်ကျောင်းရဲ့အပြုအမူတွေကို ကြောက်နေလို့ ကျင်းယွင်ကျောင်းကို မိသားစုဝင်အဖြစ် လက်မခံနိုင်တာဖြစ်မယ်”
သတင်းထောက်က ကျင်းရှို့၏ အဖြေအား သူလိုရာဆွဲ၍ လွန်လွန်ကြူးကြူး တွေးပစ်လိုက်၏။
“ကျင်းယွင်ကျောင်း၊ မင်းကိုယ်မင်းရော ဘာပြောဦးမလဲ။ မင်းရဲ့သောင်းကျန်းရိုင်းပြမှုတွေကြောင့် မင်းရဲ့မိဘတွေက နေ့တိုင်း ပူဆွေးပြီးတော့ ရင်နာနေရတယ်၊ မင်းရဲ့မောင်တွေ၊ ညီမတွေကလည်း အသက်ငယ်ငယ်လေးတွေပဲ ရှိသေးတာတောင် မင်းကို သူတို့ရဲ့အစ်မကြီးအဖြစ် အသိအမှတ်မပြုသလို အသိအမှတ်ပြုချင်စိတ်လည်း မရှိကြတော့ဘူး”
“သတင်းထောက်ကြီး၊ ရှင်က အတော်လေး ကြင်နာတတ်တဲ့သူပဲနော်”
ကျင်းယွင်ကျောင်းက ခပ်လှောင်လှောင် ပြောလိုက်သည်။
ထိုအခါ သတင်းထောက်သည် ကျင်းယွင်ကျောင်း၏ အဖြေက တစ်ခုခုမှားနေသကဲ့သို့ ခံစားလိုက်ရသော်လည်း လေးလေးနက်နက် ပြန်၍ တုံ့ပြန်လိုက်၏။
“ကျင်းယွင်ကျောင်း၊ မင်းမှာ အသိတရားနည်းနည်းရှိသေးတယ်ဆိုရင် အခုပဲ မင်းရဲ့မိဘတွေကို ဒူးထောက်တောင်းပန်ပြီး အားလုံးရဲ့ရှေ့မှာ မင်းရဲ့အပြစ်တွေကို ဝန်ခံလို့ရတယ်။ ပြီးတော့ အနာဂတ်မှာ မိဘတွေရဲ့စကားကို နားထောင်ပြီး မောင်ငယ်၊ညီမငယ်တွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်လို့ ကျိန်ဆိုလိုက်ပါ”
ထိုအချိန်၌ ဘေးမှရပ်ကြည့်နေသူများသည် ဒေါသထွက်နေသေးသော်လည်း သူတို့၌ ကျင်းယွင်ကျောင်းက တောင်းပန်မည်ဟုသည့် မျှော်လင့်ချက်လေးလည်း ရှိနေကြသေးသည်။
ကျင်းယွင်ကျောင်းသည် အသက်ငယ်သေး၍ ကလေးတစ်ယောက်ဟုပင် သတ်မှတ်နိုင်၏။ အကယ်၍ သူမသာ သူမ၏ အမှားများကို ဝန်ခံလိုက်ပါက ပြန်ရသည့်ရလဒ်ကလည်း အလိုလိုပင် အကောင်းဆုံးဖြစ်သွားလိမ့်မည်။ သို့ရာတွင် ဤဖြစ်ရပ်သည် ထိုပွဲကြည့်ပရိတ်သတ်များစွာအား ပညာရေးစနစ်သည် ဆုတံဆိပ်များကိုသာ အာရုံစိုက်သင့်၊ မစိုက်သင့်နှင့် ပတ်သတ်၍လည်း အတွေးများစေသည်။ အကယ်၍ လူငယ်အများစုကသာ ကျင်းယွင်ကျောင်းကဲ့သို့ဖြစ်နေပါက အနာဂတ်၌ လူကြီးမိဘများအား မည်သူက ကျွေးမွေးစောင့်ရှောက်မည်နည်း။ ကလေးသူငယ်များအား မည်သူက ဂရုစိုက်ပေးမည်နည်း။
“ရှင့်ရဲ့စိတ်ထားက ဖြောင့်မတ်လိုက်တာ၊ ဒါပေမယ့် နှမြောစရာကောင်းတာက ရှင်က ငတုံးဖြစ်နေတာပဲ”
ကျင်းယွင်ကျောင်းက ချေပလိုက်သည်။
စကားဆုံးသည်နှင့် သူမသည် သတင်းထောက်အား ပြန်လည်ချေပခွင့်မပေးတော့ဘဲ သူမ၏ မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်ရလဒ်မိတ္တူများအား ထုတ်ယူလိုက်၏။
“သူတို့က မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်ရလဒ်တွေကိုပြလို့ ရှင်တို့အားလုံးက သူတို့ကို ကျွန်မရဲ့မိဘတွေလို့ ယူဆပြီး ယုံကြည်နေကြတယ်ပေါ့။ ဒါဆို ကျွန်မလည်း ကျွန်မရဲ့စစ်ဆေးချက်ရလဒ်တွေကို ပြမယ်ဆိုရင်ရော”
ကျင်းယွင်ကျောင်းသည် သူမ၏ မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်ရလဒ်များကို ပြလိုက်ပြီးနောက် ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းအား အေးစက်စက် စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။
“မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်ရလဒ်မှာ ကျွန်မတို့ကို သွေးသားတော်စပ်မှု မရှိဘူးလို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါဆိုရင် ‘အဖေ’ ဆိုတဲ့ရှင်က ကျွန်မကို ဒီရလဒ်တွေနဲ့ပတ်သတ်ပြီး ရှင်းပြပေးနိုင်မလား”
ဝမ်ရှင်းဖန်းနှင့် ကျင်းထျယ်ကျွင်းတို့၌ရှိသော မိဘအရင်းဟုတ််၊ ဟုတ် စစ်ဆေးချက်သည် ကိုက်ညီသည့်အဖြေကိုပြနေ၍ ကျင်းယွင်ကျောင်း၏ မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်ကမူ မကိုက်ညီသည့်အဖြေကိုပြနေရာ တစ်ချက်ကြည့်ရုံနှင့်ပင် ထိုစာရွက်နှစ်ရွက်သည် လုံးဝမတူညီသောလူနှစ်ယောက်၏ စစ်ဆေးချက်ရလဒ်များဖြစ်ကြောင်း ပြောနိုင်သည်။
“မင်း...မင်း နောက်ထပ် မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်တစ်ခု သွားလုပ်ခဲ့သေးတာလား”
ကျင်းထျယ်ကျွင်းက ထိတ်လန့်စွာဖြင့် မေးလိုက်ရာ ဝမ်ရှင်းဖန်းသည် ချက်ချင်း သတိဝင်လာ၍ အော်ဟစ်လိုက်၏။
“မင်း လိမ်နေတာ၊ မင်းရဲ့ မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်က အတုကြီးဆိုတာ ရှင်းနေတာပဲ”
Chapter 280 : ကျွန်မရဲ့အမှားမဟုတ်ဘူး
ဝမ်ရှင်းဖန်းသည်လည်း စိတ်လွတ်သွားသည်။ ကျင်းယွင်ကျောင်းက သူတို့၏ မျိုးရိုးဗီဇများကို ထပ်မံ၍စစ်ဆေးရန် မည်သည့်အချိန်က မည်သို့အခွင့်အရေးရသွားခဲ့မှန်း သူမ မသိလိုက်ချေ။ သို့သော် မည်သို့ပင်ဆိုစေကာမူ ကျင်းယွင်ကျောင်း၌ရှိသည့် စစ်ဆေးချက်များက အစစ်အမှန်ဟု သူမ ဝန်မခံနိုင်သည်မှာ အသေအချာပင်။
“ရှင်က ဒါကို အတုလို့ပြောလိုက်တာလား။ ဒီမှာ ကျွန်မဆီမှာ နောက်ထပ်နှစ်ခုရှိသေးတယ်”
“ဒီ မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်လက်မှတ်သုံးစောင်ကို မြို့တော်မှာ အင်အားအကြီးဆုံးနဲ့ လုပ်ပိုင်ခွင့်အရှိဆုံး အဖွဲ့အစည်းသုံးခုက တရားဝင်တံဆိပ်နှိပ်ပြီး အသိအမှတ်ပြုပေးထားတာ။ ဒါကြောင့် အရမ်းယုံကြည်စိတ်ချရတယ်။ ဒါ့အပြင် အဲဒီအကြောင်းနဲ့ပတ်သတ်ရင် ရှင်တို့က ကျွန်မထက် ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိမှာပါ။ ရှင်တို့ကတော့ ရှင်တို့ကိုယ်ရှင်တို့ ကျွန်မရဲ့မိဘတွေပါလို့ ထပ်ခါထပ်ခါပြောနေပေမယ့် ရှင်တို့ ကျွန်မနဲ့စတွေ့ကတည်းက မိဘတွေလုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို တစ်ခုမှ မလုပ်ခဲ့ဘူး”
“ကျွန်မ ရှင်တို့အိမ်ကို ပထမဆုံးလာတဲ့နေ့မှာပဲ ရှင်တို့က ကျွန်မကို ကျောင်းထွက်ဖို့ အတင်းအကြပ်ဖိအားပေးခဲ့တယ်။ ကျွန်မငြင်းတော့ ရှင်တို့နှစ်ယောက်က ကျွန်မသွားမယ့်လမ်းကိုပိတ်ပြီး ကျွန်မထွက်သွားလို့မရအောင် တားတယ်။ ဝမ်ရှင်းဖန်း၊ ရှင်တို့စုံတွဲလောက် ယုတ္တိမတန်တဲ့မိဘရှိမှာ မဟုတ်ဘူး။ ရှင်တို့လို လူလိမ်တွေကများ ကျွန်မ ရှေ့မှာ ဒူးထောက်တောင်းပန်ပြပြီး ရှင်တို့နဲ့အတူ အိမ်ပြန်လိုက်လာမှာကို မျှော်လင့်ရဲသေးတယ်လား။ ကျွန်မက ငတုံး မဟုတ်ဘူး”
သူတို့က သတင်းထူးကြားချင်နေတာ မဟုတ်လား။ ဒါဆိုရင် သူမက အကြီးကျယ်ဆုံးသတင်းကို ထုတ်ပြပေးရသေးတာပေါ့။
“ကျွန်မက ရွာသားတွေကိုရိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က လက်နက်တွေကိုင်ပြီး ကျွန်မကို ဝိုင်းထားလို့လေ။ ကျွန််မနဲ့ ကျွန်မရဲ့မိတ်ဆွေသာ မခုခံနိုင်ခဲ့ရင် အဲဒီနေရာမှာတင် ကျွန်မတို့ အသားတစ်စတောင် ကျန်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်မ အမှားမလုပ်ခဲ့ဘူး”
“ကျွန်မက ဝမ်ရှင်းဖန်းကို ကျင်းမင်ခိုင်နဲ့ ခြိမ်းခြောက်ခဲ့တာကလည်း သူတို့က ကျွန်မကို ကျောင်းထုတ်ဖို့အတွက် ကျောင်းကိူ အကြံအစည်မျိုးစုံနဲ့ လာနေလို့၊ ဒါကြောင့် ဒီကိစ္စမှာလည်း ကျွန်မ, မမှားသေးဘူး”
“သူတို့က သူတို့ကိုယ်သူတို့ ကျွန်မရဲ့မိဘတွေလို့ လိမ်ညာခဲ့ပြီး လက်မှတ်အတုတစ်စောင်နဲ့ ကျွန်မကို ခြိမ်းခြောက်ဖိအားပေးခဲ့တယ်။ ဒါကြောင့် ကျွန်မက သူ့ကို တစ်နေ့လုံး ဒါမှမဟုတ် တစ်လလုံး ဒူးထောက်ခိုင်းရင်တောင် ကျွန်မ, မမှားသေးဘူး”
ကျင်းယွင်ကျောင်းက ထိုကဲ့သို့ အံ့သြထိတ်လန့်ဖွယ်ကောင်းသည့်စကားများကို အဆက်မပြတ် ထပ်ခါထပ်ခါပြောဆိုရင်း ရှေ့သို့တိုးသွားကာ သူမ၏ လက်ကိုအောက်သို့ချထား၍ ခြေထောက်ဖြင့် ရှေ့သို့ အသာလှမ်းချိတ်လိုက်သည်။ ချက်ချင်းပင် ဒုန်းခနဲ အသံကြီးမြည်သွား၍ ထိုလင်မယားနှစ်ယောက်သည် မြေကြီးပေါ်သို့ ဒူးထောက်ရက်ကျသွား၏။
ကျောင်းပေါက်ဝရှိ တလင်းပြင်သည် ပြန့်ပြူး၍ ရှင်းလင်းနေပြီး လှုပ်လှုပ်ရှားရှားလုပ်လျှင်တောင်မှ ဖုန်တစ်ချက်မထပေ။
အစောပိုင်းက ဝမ်ရှင်းဖန်းသည် သူမ၏ ဆန္ဒအလျောက် ဒူးထောက်ခဲ့ခြင်းဖြစ်၍ သူမ၏ အားကို ထိန်းချုပ်ထားနိုင်ရာ ဒူးနာခြင်းမရှိပေ။ သို့သော် ယခုအခါ ကျင်းယွင်ကျောင်း၏ ခွန်အားက မသေးလှသဖြင့် မာကျောသော တလင်းပြင်နှင့် ဒူးခေါင်းအရိုးတို့ ရိုက်မိသွားချိန်၌ ဝမ်ရှင်းဖန်း၏ ဒူးခေါင်းရိုးသည် နှစ်ခြမ်းကွဲသွားသည့်အလား နာကျင်သွားသည်။
ရုတ်တရက် ပြောင်းလဲမှုတစ်ခုဖြစ်သွားရာ လူတိုင်း ပြင်ဆင်ချိန်ပင် မရှိလိုက်ချေ။
သို့သော် ရှောင်ဟိုင်ချင်းကမူ လက်ခုပ်လက်ဝါးတီး၍ သြဘာပေးချင်နေ၏။
အစောပိုင်းက စကားပြောနေသည့် ပထမဆုံးအမျိုးသမီးသတင်းထောက်သည် ချောင်မိသားစု၏ ကိစ္စကြောင့် အရှက်ရသွား၍ ယခုအခါ မိဘအရင်းဆိုသူများသည်ပင် အတုဖြစ်နေကြောင်း မြင်လိုက်ရရာ သူမသည် ရှက်လွန်း၍ ကျင်းတစ်ကျင်းတူး၍သာ ပုန်းနေလိုက်ချင်တော့သည်။
ထိုအချိန်၌ ဒုတိယသတင်းထောက်သည်လည်း ကိစ္စများ တစ်ပတ်ပြန်လည်လာပြီးသည့်နောက် ငတုံးတစ်ယောက်နှင့်ပင် တူနေ၏။
အစောပိုင်းက မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်က အတုလား။ ဒါ မဖြစ်နိုင်ဘူး မဟုတ်လား။
သို့သော် ကံဆိုးသည်မှာ သူသည် ကျင်းယွင်ကျောင်း၏ လက်ထဲတွင်ရှိသော စစ်ဆေးချက် လက်မှတ်သုံးစောင်လုံးကိုလည်း မြင်လိုက်ရ၍ ထိုစာရွက်များ၏ထိပ်၌ မြို့တော်ရှိ သြဇာအကြီးဆုံး ဆေးရုံကြီးသုံးရုံ၏ အမှတ်တံဆိပ်များနှင့် တံဆိပ်တုံးများကို အမှန်တကယ်ပင် ရိုက်နှိပ်ထားသည်။ ၎င်းဆေးရုံကြီးများသည် လာဘ်ထိုး၍ မရသော အဖွဲ့အစည်းများဖြစ်ကြသောကြောင့် တစ်ရာ,ရာခိုင်နှုန်း ယုံကြည်စိတ်ချရ၏။
ဝမ်ရှင်းဖန်းတို့ စစ်ဆေးချက်လုပ်ခဲ့သည့် နင်းမြို့တော်ရှိ ဆေးရုံသည်လည်း ဆေးရုံကြီးတစ်ရုံဖြစ်သည်။ သို့သော် မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးခြင်းကဲ့သို့သောကိစ္စများ၌ အထက်ပါအဖွဲ့အစည်းသုံးခုကဲ့သို့ ယုံကြည်စိတ်ချရလောက်သည့်အထိ ကျွမ်းကျင်မှုမရှိပေ။
ထို့ကြောင့် ဒုတိယအမျိုးသား သတင်းထောက်သည်လည်း ဘာပြောရမှန်း မသိတော့။
အစောပိုင်းက အမျိုးသမီးသတင်းထောက်သည် ပထမဆုံး မေးခွန်းမေးခွင့်ရသည်မှာ ကံကောင်းသည်ဟု ခံစားနေရသည်။ ချောင်မိသားစု၏ လုပ်ရပ်များကြောင့် မေးခွန်းမေးသည့် သူမပါ သိက္ခာကျခဲ့ရသော်လည်း ထိုကိစ္စသည် ဤမိဘအတုများထက် အများကြီး ပို၍ အခြေအမြစ်ရှိသေး၏။
အရေးအကြီးဆုံးမှာ အမျိုးသားသတင်းထောက်သည် ကျင်းယွင်ကျောင်းအား မေးခွန်းများ မေးခဲ့ရုံသာမကဘဲ ထိုမိသားစုဝင်တစ်ယောက်ချင်းစီအား အမွှမ်းတင်ခဲ့၍ လူသားဆန်မှုကို ချီးကျူးကာ သူတို့၏ မတရားခံရမှုကို ဝမ်းနည်းကြောင်းပြော၍ သူ့ရပ်တည်ချက်ကို ထုတ်ဖော်ပြသခဲ့သည်။ ယခုအချိန်၌ သူ ခံစားနေရသည်မှာ... ...
သူ မည်သို့ခံစားနေရကြောင်းကို သိရန်မှာ ထိုသို့ကြုံဖူးစရာပင် မလိုချေ။
အခြားသူများသည်လည်း အံသြထိတ်လန့်နေကြ၍ လူအုပ်ကြီးသည် ရုတ်တရက် ငြိမ်ကျသွား၏။
သူတို့သည် သတင်းထောက်များဟုသာ သူတို့ကိုယ်သူတို့ ခေါ်နေကြသော်လည်း တကယ်တမ်း သူတို့သည် ကျင်းယွင်ကျောင်းကို လူသိရှင်ကြား ရှုတ်ချရန်ရည်ရွယ်၍ ဤနေရာသို့ လာခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော အခြေအနေနှင့် ရင်ဆိုင်လိုက်ရပြီးနောက် အစောပိုင်းကတည်းက မေးခွန်းများမေးရန် ကြိုတင်ပြင်ဆင်ထားကြသူများသည် သူတို့ ခဏတဖြုတ် ငြိမ်နေရန်လိုအပ်ကြောင်း ရုတ်တရက် သဘောပေါက်သွားကြလေတော့၏။