အခန်း (၂၈၁-၂၈၄)
Vol. 15 Ch. 281-284
Chapter 281 : အလှည့်အပြောင်း
ယနေ့ ဤနေရာသို့ ရောက်ရှိနေကြသော သတင်းထောက်အများစုသည် နင်းမြို့တော်မှ ရောက်ရှိလာကြခြင်း ဖြစ်၏။ ဤနေရာသို့ မလာမီတွင်လည်း အထက်လူကြီးများက သူတို့အား ကျင်းယွင်ကျောင်း၏ မကောင်းသောလုပ်ရပ် အပုပ်အပွသတင်းမှန်သမျှကို ဖော်ရန် အကြိမ်ပေါင်းများစွာ သတိပေးခဲ့ကြသည်ဖြစ်ရာ သူမသည် သြဇာအာဏာရှိသော တစ်စုံတစ်ယောက်အား အပြစ်ပြုမိခဲ့ပုံပေါ်သည်။
လက်တွေ့၌ သတင်းထောက်များသည်လည်း သိချင်နေကြ၏။ ကျင်းယွင်ကျောင်းကဲ့သို့ နယ်မြို့လေးတစ်မြို့မှ တောသူမလေးတစ်ယောက်က ဤမျှ ကြီးမားသော ပြဿနာကြီးကို မည်ကဲ့သို့ဖြစ်ခဲ့သနည်း။
ပထမ၌ သတင်းထောက်အုပ်စုသည် မိန်းကလေးငယ်လေးတစ်ယောက်အား အုပ်စုဖွဲ့၍ အနိုင်ကျင့်ခြိမ်းခြောက်ရခြင်းက ကြောင်တောင်တောင်နိုင်သည်ဟု ခံစားခဲ့ရသော်လည်း ကျင်းယွင်ကျောင်း၏ ရက်စက်သောလုပ်ရပ်များနှင့် နှိမ်ချတောင်းပန်လိုစိတ်မရှိသော စိတ်နေသဘောထားကို တွေ့မြင်ရသောအခါ သူမသည် ဤအနိုင်ကျင့်ခြိမ်းခြောက်မှုနှင့်သာ ထိုက်တန်သည်ဟု ခံစားလိုက်ရပြန်သည်။ သို့ရာတွင် ကျင်းယွင်ကျောင်းက သက်သေများကို ထုတ်ပြလိုက်ပြီး အခြေအနေတစ်ခုလုံးက ပြောင်းလဲသွား၏။ တစ်ချိန်လုံး လိမ်ညာနေသူများမှာ ကျင်းလင်မယားသာ ဖြစ်သည်။
စာရွက်ပေါ်၌ ယုံကြည်စိတ်ချရသော ဆရာဝန်၏ လက်မှတ်နှင့် ဆေးရုံတံဆိပ်တုံးပါရှိသည့် ကျင်းယွင်ကျောင်း၏ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်လက်မှတ်အား ထိုလင်မယားက အဘယ်ကြောင့် အတုဟု စွပ်စွဲနေသနည်း။
သတင်းထောက်များသည် ငတုံးများ မဟုတ်ကြပေ၊ သူတို့သည် စိတ်လှုပ်ရှားစရာကောင်းသော သတင်းများကို လိုချင်ကြသည်ဖြစ်၍ ဤကျဥ်းထဲကြပ်ထဲကျရောက်နေသော အခြေအနေမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာလည်း လက်ရှိ အချိန်နှင့် တပြေးညီထုတ်လွှင့်နေမှုကို ကြည့်ရှုနေသူများ စိတ်ကျေနပ်စေရန် ချွေးသိပ်ပေးရန်သာဖြစ်သည်။ အကယ်၍ သူတို့သည် ကျင်းယွင်ကျောင်းအား ဆက်လက်၍ ပြင်းပြင်းထန်ထန်ဝေဖန်နေလျှင်၊ သို့မဟုတ် ဆက်လက်၍ မေးမြန်းရမည်ကို ရှက်သောကြောင့် မမေးဘဲ ရပ်ပစ်လျှင် အင်တာနက်သုံးစွဲသူများက သူတို့အား သေလောက်အောင် ဆဲဆိုကြိမ်းမောင်းကြလိမ့်မည်။
ထို့ကြောင့် သတင်းထောင်တစ်ယောက်က မေးလိုက်သည်။
“အန်တီဝမ်၊ ခင်ဗျားက တကယ်ပဲ ကျင်းယွင်ကျောင်းရဲ့အမေအရင်းလား၊ ဒါမှမဟုတ် ခင်ဗျားပြောခဲ့သမျှက အလိမ်အညာတွေလား”
အခြေအနေသည် ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွား၏။
အစောပိုင်းက ကျင်းမိသားစုအား ချီးမွှမ်းနေကြသည့် ကြည့်ရှုသူများသည် ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် အခြေအနေကို နားမလည်နိုင်ဖြစ်သွားကြသည်။
ဘာဖြစ်သွားတာလဲ။ ကျင်းယွင်ကျောင်းက အမှားလုပ်တဲ့သူ မဟုတ်ဘူးလား။
“မ...မဟုတ်ပါဘူး....ကျွန်မက သူ့ရဲ့အမေအရင်းပါ”
ဝမ်ရှင်းဖန်းက အလောတကြီး ပြန်ဖြေလိုက်၏။
ထိုအခိုက်၌ သတင်းထောက်များသည် ကျင်းမိသားစုအား မေးခွန်းများမေးခဲ့စဥ်က ကျင်းမိသားစု၏ သမီးအကြီးဆုံး ပြန်ဖြေသည့် ထူးဆန်းသောအဖြေအား ရုတ်တရက် သတိရသွားကြသည်။ သူမက အမှန်တရားကို သိနေသည်လား။ ရုတ်တရက် ပရိတ်သတ်၏ အာရုံသည် ကျင်းရှို့အပေါ်သို့ ကျရောက်သွား၏။
“မိန်းကလေး၊ ကျင်းယွင်ကျောင်းက မင်းရဲ့အစ်မအရင်း ဟုတ်၊ မဟုတ် ငါ့ကို ပြောပြနိုင်မလား”
ထိုအခါ ကျင်းရှို့သည် ထိတ်လန့်သွား၍ ကပျာကယာ ခေါင်းယမ်းပြလိုက်သည်။ ထိုမြင်ကွင်းကို ဝမ်ရှင်းဖန်းက မြင်သောအခါ ကျင်းရှို့၏ ပခုံးအား ဆောင့်ဆွဲကာ စားမတတ်ဝါးမတတ်ကြည့်၍ အော်လိုက်၏။
“ကျင်းရှို့၊ ကျင်းယွင်ကျောင်းက နင့်ရဲ့အစ်မကြီးပဲ။ သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပျောက်သွားတဲ့ ငါတို့မိသားစုရဲ့ အကြီးဆုံးသမီးပဲ။ နင် ဘာမှမသိဘဲနဲ့ လိမ်မပြောသင့်ဘူး၊ ဟုတ်ပြီလား”
ဝမ်ရှင်းဖန်းက သမီးဖြစ်သူအား ခြိမ်းခြောက်နေသည်ကိုမြင်သောအခါ ဘေးမှရပ်ကြည့်နေသူများသည် ဒေါသထွက်လွန်းသဖြင့် အံကြိတ်မိသွားကြ၏။
အကယ်၍ ကျင်းရှို့ကသာ ဝမ်ရှင်းဖန်း လိမ်ပြောနေသည်ဟု ဝန်ခံလိုက်ပါက ထိုလင်မယားသည် ပြန်လည်ချေပပြောဆိုစရာ ကျန်တော့မည် မဟုတ်ပေ။
ချက်ချင်းပင် ကင်မရာများအားလုံးသည် ကျင်းရှို့၏ဘက်သို့ လှည့်လိုက်ကြ၍ သူမ၏ ဆယ့်လေးနှစ်အရွယ် မျက်နှာလေးအား တိုက်ရိုက်ထုတ်လွှင့်နေကာ သူမ ပြန်ဖြေမည်ကို စောင့်နေကြသည်။
“ရှင်တို့ သတင်းထောက်တွေအားလုံးက လူတွေကို ခြိမ်းခြောက်တာပဲ လုပ်တတ်တာလား။ အစတုန်းကတော့ ရှင်တို့အားလုံးက ကျွန်မကို ခြိမ်းခြောက်ဖို့ကြိုးစားတယ်။ အခု ရှင်တို့က ကျင်းရှို့က ခြိမ်းခြောက်ဖို့ ကြိုးစားနေကြပြန်ပြီ။ စကားနဲ့ခြိမ်းခြောက်လို့မှ မလုံလောက်ရင် ခဲတွေနဲ့ ပေါက်ဦးမှာလား”
ကျင်းယွင်ကျောင်း၏ အသံက အေးစက်စက် ထွက်ပေါ်လာသည်။
သူမသည် ကျင်းမိသားစုတစ်စုလုံးအား ခွင့်လွှတ်ပေးမည် မဟုတ်သော်လည်း ကျင်းရှို့ကမူ ခြွင်းချက်ဖြစ်၏။
အကြောင်းမှာ ကျင်းရှို့သည် ကျင်းယွင်ကျောင်းအား သူမ၏ အတိတ်ဘဝကို သတိရစေသည်။ သူမသည် စိတ်ရှုပ်၍ ကြောက်ရွံ့နေသောအခါတွင် အပြင်ပန်း၌ သတ္တိနည်းပုံပေါ်သော်လည်း အတွင်းစိတ်ကမူ ခေါင်းမာနေသေး၏။
ထိုအချိန်၌ ကျင်းရှို့သည် ခေါင်းမော့၍ နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ထားလိုက်သည်။
သူမသည်လည်း အမှန်တရားကို ထုတ်ပြောချင်၏။ သို့သော် သူမ၏ မိဘနှစ်ပါး၌ အပြစ်အနာအဆာများစွာရှိလျှင်တောင်မှ သူတို့သည် သူမ၏ မိဘများ ဖြစ်နေသေးသည်။ သို့သော် ကျင်းယွင်ကျောင်းသည် သူမ၏ မိသားစုနှင့် သွေးသားမတော်စပ်သောကြောင့် အနာဂတ်၌ ကျင်းယွင်ကျောင်း ဘာပဲလုပ်လုပ် သူမ၏ မိသားစုက ဘာမှပြန်မလုပ်နိုင်သော်လည်း သူမကမူ မတူပေ။ ကျင်းမိသားစုနှင့် သူမ၏ သွေးသားတော်စပ်မှုအား မပြောင်းလဲပစ်နိုင်သေး။
ကျင်းယွင်ကျောင်း၏ မထီမဲ့မြင်ပြောဆိုမှုကို ကြားပြီးနောက် သတင်းထောက်များသည် အတော်လေး ရှက်ရွံ့သွားကြသော်လည်း စောင့်ကြည့်နေကြသော အင်တာနက်အသုံးပြုသူများအား ဤအခြေအနေကို ပြန်လည်၍ ရှင်းပြရဦးမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျင်းမိသားစုအား ချီးမွှမ်းနေကြသော အင်တာနက် အသုံးပြုသူများသည်လည်း ယခုအခါ ဝရုန်းသုန်းကားဖြစ်နေကြ၏။
“ဘာတွေဖြစ်နေတာလဲဟ။ ကျင်းယွင်ကျောင်းက သူတို့သမီးအရင်း မဟုတ်ဘူးလား။ ဒါ...ဒါဆို ကျင်းမိသားစုက လူလိမ်တွေလား။ ငါ သူတို့ကို ကူညီတဲ့အနေနဲ့ ယွမ်တစ်ထောင်တောင် လှူထားတာလေ”
…
“အခုအချိန်က ပိုက်ဆံက အရေးမကြီးဘူးဟဲ့၊ ဘယ်သူပြောတာ အမှန်၊ ဘယ်သူပြောတာ အမှားဆိုတာ ဆုံးဖြတ်ဖို့က ပိုအရေးကြီးတယ်”
လူအုပ်ကြီးသည် တစ်ယောက်တစ်ပေါက် တီးတိုးပြောနေကြ၍ ဘေးမှရပ်ကြည့်နေသူအချို့သည် ဝမ်ရှင်းဖန်းအား ဤအခြေအနေကို ဖြေရှင်းပေးရန်အတွက် တောင်းဆိုနေကြသည်။ တစ်ဖက်တွင်လည်း သတင်းထောက်များအား လူအုပ်ကြီးက ဘေးသို့တွန်းထုတ်လိုက်ကြသဖြင့် သူတို့သည် ထပ်မံ၍ သတင်းရလို့ရငြား အရဲစွန့်၍ ရွာသားများကို မေးခွန်းများ မေးနေကြ၏။
ကျင်းယွင်ကျောင်းကမူ ဝရမ်းသုန်းကားဖြစ်နေသော အခြေအနေအား အကဲခတ်နေပြီး သူမ၏ အရှိန်အဝါကြီးသော ဟန်အမူအယာကြောင့် မည်သူကမှ အနားမကပ်ရဲပေ။ တောက်ပနေသော မနက်ခင်းနေရောင်အောက်တွင် သူမ၏နဖူးပေါ်မှ သွေးစများက ပို၍ထင်းနေပြီး ဘေးမှရပ်ကြည့်သူများ၏ ရင်ကို တုန်လှုပ်သွားစေလေသတည်း။
Chapter 282 : လျို့ဝှက်ပူးပေါင်းကြံစည်မှု၏ အရိပ်အယောင်များ
ရွာသားများအားလုံးသည် ကျင်းယွင်ကျောင်း၏ နာခံမှု မရှိ၍ သားသမီးဝတ္တရား မကျေမှုများကြောင့် သူတို့ရခဲ့သည့် ဒဏ်ရာများကို ပြသရန် လူရှေ့ထွက်လာကြခြင်းဖြစ်သည်။
သို့ရာတွင် အခြေအနေက အထိန်းအကွပ်မဲ့သွားလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးမိခဲ့ကြပေ။ အခုအခါ သတင်းထောက်များသည် သူတို့ဘက်သို့လှည့်၍ တိုက်ခိုက်လာကြပြီဖြစ်ရာ အခြေအနေသည် ဖရိုဖရဲဖြစ်နေ၏။
“ခင်ဗျားနဲ့ ကျင်းထျယ်ကျွင်းနဲ့က အရမ်းရင်းနှီးတဲ့ အိမ်နီးချင်းတွေလား။ ဒါဆိုရင် သူတို့က သမီးတစ်ယောက်ကို စွန့်ပစ်ဖူးတယ်ဆိုတာ အမှန်ပဲလား”
သတင်းထောက်များထဲမှ တစ်ယောက်က မေးလိုက်သည်။
“ပြီးတော့ နောက်ပိုင်းမှာ ဝမ်ရှင်းဖန်းက သူ့ကို အပြင်ထွက်ရှာခဲ့လား။ ယောက္ခမကျင်းကရော ကလေးကို ဘယ်နေရာမှာ စွန့်ပစ်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့လား”
သတင်းထောက်က ဆက်၍ မေးခွန်းထုတ်နေ၏။
ထိုကဲ့သို့အမေးခံရခြင်းကြောင့် ရွာသားကြီးသည် တောင့်တင်းသွား၍ ထူးဆန်းသောကိစ္စရပ်အချို့ကို သတိရသွားသည်။ ရွာထဲရှိ အိမ်ထောင်စုတိုင်းသည် သူတို့ အသက်ကြီးသောအခါ ပြုစုစောင့်ရှောက်နိုင်၍ သေသောအခါ၌လည်း ကောင်းကောင်းမွန်မွန် သဂြိုလ်ပေးနိုင်မည့် သားယောက်ျားလေးများကိုသာ လိုချင်ကြပြီး သမီးမိန်းကလေးများကိုမူ သားများကဲ့သို့ တန်ဖိုးမထားပေ။ ကလေးအများကြီးမွေးထားသော အိမ်ထောင်စုများသည် သမီးမိန်းကလေးအချို့ကို တစ်ပါးသူအား ပေးပစ်တတ်ကြ၍ အချိူ့ကိုမူ တိတ်တဆိတ် စွန့်ပစ်လိုက်ကြလေ့ရှိသည်။
သို့ရာတွင် များသောအားဖြင့် ထိုကလေးများအား ရက်ရက်စက်စက် စွန့်ပစ်လေ့ရှိကြသူများမှာ အဖိုးအဖွားများသာ ဖြစ်၏။ လက်တွေ့၌ ကလေး၏ မိခင်ဖြစ်သူသည် ထိုကလေးအား ကိုးလလွယ် ဆယ်လဖွားရသူဖြစ်သဖြင့် အစောပိုင်း၌ ထိုသို့စွန့်ပစ်သည်အား သေချာပေါက် လက်ခံလိမ့်မည် မဟုတ်။
ဒါပေမယ့် ငါတို့မြင်ခဲ့ရသလောက်ကတော့ ဝမ်ရှင်းဖန်းက တအားကြီး ဝမ်းနည်းကြေကွဲနေတာမျိုး မရှိခဲ့ဘူးလားလို့။
“သူ တစ်ရက်လောက်တော့ လိုက်ရှာသေးတယ် ထင်တာပဲ”
ထိုရွာသားကြီးသည် ပြန်တွေးကြည့်လိုက်၏။
ထိုမေးခွန်းအား ပြန်ဖြေနေရင်း သူတို့ကိုယ်တိုင်ပင် ကြောင်တောင်တောင် ဖြစ်နေသည်။ ကျင်းမိသားစုသည် အမှန်တကယ်ပင် တစ်ရက်သာ လိုက်ရှာခဲ့၍ ဒုတိယရက်၌ ကလေး မရှိတော့သည့်အလား မည်သည့်သတင်းမှ ထပ်မံ၍ မကြားရတော့ပေ။
“တစ်ရက်လား”
သတင်းထောက်သည်လည်း ကြောင်၍ ကြည့်နေ၏။
ထိုအခိုက်၌ သူတို့၏ အနားတွင်ရှိသော သတင်းထောက်များသည် လျို့ဝှက်ပူးပေါင်းကြံစည်မှု၏ အငွေ့အသက်များကို ရလိုက်ကြပြီး ရွာသားကြီးက သဲလွန်စတစ်ခုပေးခဲ့ခြင်း ဖြစ်သည်။ ယောက္ခမကြီးကျင်းနှင့် ရင်းနှီးသော သက်ကြီးပိုင်းတစ်ယောက်က ကလေးသည် တောင်ပေါ်၌ စွန့်ပစ်ခံခဲ့ရ၍ သေချာပေါက် သေသွားလောက်ပြီ ဖြစ်ကြောင်း ယခင်က ပြောပြခဲ့သည်ကို သူတို့ကြားဖူးခဲ့သည်ဟု ဆို၏။
ထိုအကြောင်းကို ကြားသောအခါ လူအများစုသည် အံ့သြထိိတ်လန့်၍ တွေဝေသွားကြသည်။
တကယ်လို့ ကျင်းမိသားစုရဲ့ကလေးက သေသွားပြီးသားဆိုရင် ဘာလို့ သူတို့က ကျင်းယွင်ကျောင်းကို သူတို့ရဲ့ကလေးပါဆိုပြီး အတင်း အသိအမှတ်ပြုချင်နေသေးတာလဲ။ ဒါက ရိုးရိုးသားသား လူမှားတဲ့ကိစ္စတော့ မဖြစ်နိုင်တော့ဘူး မဟုတ်လား။
ကံဆိုးသည်မှာ ရွာသားကြီးသည် ထိုအကြောင်းကို မတော်တဆပြောခဲ့ခြင်းသာဖြစ်၍ သက်သေခိုင်ခိုင်မာမာ မရှိပေ။ ထို့ကြောင့် လူတိုင်းသည် ထိုကိစ္စများဖြစ်ပျက်ခဲ့ပုံ အတိအကျအား စိတ်မှန်းနှင့်သာ ဖြည့်တွေးကြည့်နိုင်သည်။
လက်တွေ့၌ ရွာသားတစ်ဝက်ကျော်ခန့်သည် အတော်လေး ရိုးသားဖြောင့်မှန်၍ ပရိယာယ်ကင်းသူများဖြစ်ကြ၏။ သူတို့သည် ကျင်းယွင်ကျောင်းက ကျင်းထျယ်ကျွင်း၏ သမီးဟုသာ ရိုးသားစွာ ထင်မှတ်ခဲ့ကြသည်။ ထို့ကြောင့် သူမသည် မိဘများ၏ စကားကို လိုက်နာရမည်မှာ ထုံးစံပင်ဖြစ်သည်ဟု သူတို့က တွေးခဲ့၍ ကျင်းမိသားစု အခက်အခဲတွေ့နေသည်အား ကူညီချင်ခဲ့ကြခြင်းဖြစ်၏။ သို့ရာတွင် ယခုအခါ၌ လူတိုင်းက ဤကိစ္စသည် အလိမ်အညာသာဖြစ်ကြောင်း ပြောနေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည်လည်း ကျင်းမိသားစုနှင့် ခင်မင်ရင်းနှီးမှုကို လျစ်လျူရှုလိုက်ကြပြီးနောက် ဤကိစ္စကို စတင်၍ သံသယဝင်လာခဲ့ပြီး ယုတ္တိမရှိဟု တွေးလာကြ၏။
ရွာသားအများစု ထိုသို့ပြောင်းလဲသွားကြသည်မှာ ပုံမှန်သာဖြစ်၍ အလိမ်ခံနေရကြောင်းသိသွားချိန်၌ ဒေါသမထွက်မှသာ ထူးဆန်းနေမည်ဖြစ်သည်။
“ဝမ်ရှင်းဖန်း၊ နင် ဘယ်လိုရည်ရွယ်ချက်မျိုးတွေနဲ့ ကြံစည်နေတာလဲ။ ဒီမိန်းကလေးက တကယ်ပဲ နင်တို့မိသားစုက သမီးလား။ ငါတို့ နောက်တစ်ယောက်ကို ထပ်ပြီးတော့ အန္တရာယ်မပေးမိအောင် နင် ငါတို့ကို လိမ်မပြောတာ ပိုကောင်းလိမ့်မယ်”
“အမှန်ပဲ။ နင်က မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက် လုပ်ပြီးပြီလို့ ပြောလို့ ငါတို့က နင့်ကိုယုံခဲ့တာ။ ပြီးတော့ ငါတို့က နှစ်ပေါင်းများစွာ အိမ်နီးချင်းတွေဖြစ်ခဲ့ကြလို့ နင့်ကို ငွေရေးကြေးရေးအရ ထောက်ပံ့ပေးခဲ့တာ”
“ငါတို့လိုက်လာရင် အားလုံးကို တစ်ယောက် ယွမ်တစ်ရာစီပေးမယ်လို့ နင် ကျ်ိန်ပြောခဲ့တယ် မဟုတ်လား။ အခု ကိစ္စတွေက ဒီလိုဖြစ်သွားပြီဆိုတော့ နင် ငါတို့ကို ပေးဦးမှာလား”
အဆက်မပြတ် ဆဲဆိုဝေဖန်သံများကြောင့် ဝမ်ရှင်းဖန်းသည် သွေးအန်ချင်စိတ်ပင် ပေါက်လာ၏။
အစောပိုင်းကမှ ထိုလူများအားလုံးသည် သူမအား ကူညီပေးနေကြသည် မဟုတ်လား။ ယခုအခါ၌ သူတို့သည် တစ်ကိုယ်ကောင်းဆန်သွားကြပြီဖြစ်၍ နှစ်ပေါင်းများစွာ တစ်ရွာတည်းသားများဖြစ်ခဲ့သည့် ဆက်ဆံရေးသည်လည်း အသုံးမဝင်တော့ပေ။
“ဝမ်ရှင်းဖန်း၊ ဒါပြီးရင် ကျွန်မ ရှေ့နေ့တစ်ယောက်ငှားပြီး ရှင့်လက်ထဲမှာရှိတဲ့ လက်မှတ်ကိုသုံးပြီး ဆေးရုံကိုလည်း ကျွန်မကို တောင်းပန်ခိုင်းမယ်။ အတုလုပ်ပေးတဲ့ဆရာဝန်လည်း လွတ်မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျ သူက ဘယ်လိုဖြေရှင်းမလဲဆိုတာ ရှင် စဥ်းစားကြည့်လိုက်။ သွားရှုပ်လို့မရတဲ့ လူတချို့ရှိပေမယ့် ရှင့်ကိုတော့ သေချာပေါက် ထိုးကျွေးမှာပဲ။ အဲဒီအချက်နဲ့တင် ရှင်ပြောသမျှက အလိမ်အညာတွေအဖြစ် ပြောင်းသွားမယ်။ အဒီမခါကျရင် ရှင့်ရဲ့ခင်ပွန်းလည်း ပြေးလွတ်မှာ မဟုတ်ဘူး၊ ပြီးတော့ ရှင့်သားလည်း....”
“နင်တို့ ငါ့သားကို မထိရဘူး”
ကျင်းယွင်ကျောင်း စကားမဆုံးမီမှာပင် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် သူမ၏သားဖြစ်သူအား တင်းတင်းကြပ်ကြပ်ဖက်ကာ ကြားဖြတ်အော်ဟစ်လိုက်သည်။
“ငါပြောပြပါ့မယ်”
ထို့နောက် ဝမ်ရှင်းဖန်းသည် ကျင်းယွင်ကျောင်းအား အရိုးစွဲသည်အထိ မုန်းတီးလှစွာဖြင့် စိုက်ကြည့်လာခဲ့လေ၏။
Chapter 283 : အဲဒါက အတုပဲ
ကျင်းယွင်ကျောင်းက ဝမ်ရှင်းဖန်းအား အမှန်အတိုင်း ဝန်ခံလာစေရန် ခြိမ်းခြောက်လိုက်ခြင်းသာဖြစ်၍ ဝမ်ရှင်းဖန်းက အမှန်တကယ် ဝန်ခံမည်ဟုပြောလာသောအခါ သူမသည် စိတ်သက်သာရာ ရသွား၏။
အကယ်၍ ဝမ်ရှင်းဖန်းသည် ယနေ့ အမှန်အတိုင်း ဝန်မခံခဲ့လျှင်တောင်မှ သူမအပေါ်စွပ်စွဲချက်များက လျှော့သွားလိမ့်မည် မဟုတ်ပေ။ သို့သော် သူမကသာ ကျူးလွန်ခဲ့သော အမှားများကို ဝန်ခံလိုက်လျှင် ထိုအချက်များသည် ပြန်ပြင်၍မရသော အမှန်တရားများဖြစ်လာပြီး သူမ၏ အနာဂတ်အား ပြောင်းလဲရန် နည်းလမ်းမရှိတော့။
ဤဖြစ်ရပ်သည် အကြီးအကျယ်ဖြစ်သွားသောကြောင့် ကမ္ဘာအရပ်ရပ်ရှိ မျက်လုံးပေါင်းများစွာက နောက်ဆက်တွဲဖြစ်ရပ်များကို စောင့်ကြည့်နေကြမည်ဖြစ်၍ သူမကိုယ်တိုင်က ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းတို့အား ရဲမတိုင်ချင်လျှင်တောင် အင်တာနက်သုံးစွဲသူများသည် ဤကိစ္စကို ကိုယ်တိုင်ဝင်ပါ၍ ထိုစုံတွဲအား တရားစွဲကြလိမ့်မည် ဖြစ်သည်။ နစ်နာသူဖြစ်သည့် သူမကိုယ်တိုင်ပင် စွပ်စွဲချက်ထုတ်နေစရာမလိုဘဲ ထိုစုံတွဲသည် သေချာပေါက် ပြေးစရာမြေမရှိ၊ ပုန်းစရာနေရာမရှိ ဖြစ်လာကြလိမ့်မည် ဖြစ်၏။
အချို့က ဤမိသားစုသည် ဆင်းဆင်းရဲရဲ ဖြတ်သန်းခဲ့ရသောကြောင့် သနားစရာကောင်းသည်ဟု ပြောကြလိမ့်မည်ဖြစ်သည်။ သို့သော် သူတို့လောက် မဆင်းရဲဘဲ သူတို့ထက် ပို၍ ဒုက္ခကြုံခဲ့ရသူများစွာရှိ၏။ အကယ်၍ လူတစ်ယောက်သည် ဆင်းရဲသောကြောင့် အခြားသူများအား ကျဥ်းထဲကြပ်ထဲကျအောင် လုပ်၍ ဒုက္ခပေးနိုင်သည်ဆိုပါက ဤကမ္ဘာကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ကသောင်းကနင်းဖြစ်၍ ပျက်စီးသွားပြီးသား ဖြစ်လိမ့်မည်။
ထို့နောက် ဝမ်ရှင်းဖန်းက ကျင်းမင်ခိုင်အား တင်းတင်းကြပ်ကြပ်ဖက်၍ အံကြိတ်ကာ ပြောလာ၏။
“အဲဒါက အတုပဲ။ ငါ့မှာရှိတဲ့ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်က အတုကြီး”
“ငါနဲ့ လုံးဝမသိတဲ့ သူဌေးမတစ်ယောက်က ငါတို့ကို ဆက်သွယ်လာပြီးတော့ မင်းရဲ့မိဘတွေအဖြစ် ယောင်ဆောင်ပေးဖို့ ပြောတယ်။ ဒီ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်က ရှို့အာရဲ့ သွေးနဲ့ လုပ်ထားတာ။ အဲဒီအပြင် သူက ငါ့ကို မင်းရဲ့ဓါတ်ပုံတစ်ပုံပေးတယ်။ ပြီးတော့ သူက မင်းရဲ့အနောက်ကိုလိုက်ဖို့လည်း လူတွေလွှတ်ထားသေးတယ်။ အဲဒီလူတွေက မင်းကိုရှာတွေ့တော့ သူက ငါတို့ကို ဆက်သွယ်ပြီး မင်းရဲ့ရှေ့မှာ မင်းရဲ့မိဘတွေအဖြစ် သွားတွေ့ဖို့ပြောခဲ့တယ်။ ပြီးတော့ သူက ငါတို့ကို ယွမ်သုံးသောင်းပေးပြီး အနာဂတ်မှာ သူခိုင်းသမျှကိစ္စတွေကို ငါတို့က ပြီးအောင် လုပ်ပေးနိုင်ရင် ပိုပေးမယ်လို့လည်း ပြောခဲ့သေးတယ်”
“ကျင်းယွင်ကျောင်း၊ ဒီလောက်ဆို လုံလောက်ပြီ မဟုတ်လား။ ငါက ဒီကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်တဲ့သူ မဟုတ်ဘူး။ အဲဒီလူက နင် အပြစ်ပြုမိခဲ့တဲ့သူတစ်ယောက်ပဲ”
ဝမ်ရှင်းဖန်းက မုန်းတီးမှုအပြည့်ဖြင့် အော်ဟစ်လိုက်၏။
ထိုအခါ ကျင်းယွင်ကျောင်းက ဘေး၌ ရပ်နေသည့် ကြောက်လွန်းသဖြင့် တုန်ယင်နေရှာသော ကျင်းရှို့အား ကြည့်လိုက်ပြီး ဝမ်ရှင်းဖန်းအား မေးလိုက်သည်။
“ရှင်က ကျင်းရှို့ရဲ့သွေးကို သုံးခဲ့တာလား။ သူကရော ဒီအကြောင်းကို သိလား”
ဝမ်ရှင်းဖန်းသည် အမှန်တကယ်ပင် ဝက်တစ်ကောင်ကဲ့သို့ တုံးအ,လှ၍ သူမတို့ ကျူးလွန်ခဲ့သည့်အမှားများကို ဝန်ခံနေချိန်၌ ကျင်းရှို့၏ အမည်ကိုပါ ဆွဲထည့်ခဲ့ရာ အနာဂတ်တွင် အပြင်လူများက ကျင်းရှို့အား မည်သို့ မြင်ကြလိမ့်မည်နည်း။ သူတို့သည် သူမအား အမေတူသမီးဟူ၍သာ ယူဆကြလိမ့်မည်ဖြစ်၍ ထိုစုံတွဲကျူးလွန်သောပြစ်မှု၌ သူမသည် ကြံရာပါတစ်ယောက်ဟုသာ အမြဲတမ်းအမြင်ခံရလိမ့်မည်ဖြစ်၍ အနာဂတ်၌ သူမ၏နာမည်ဂုဏ်သတင်းကို ရှင်းလင်းနိုင်လိမ့်မည် မဟုတ်ပေ။
အကယ်၌ ဝမ်ရှင်းဖန်းသာ မလိုအပ်သောစကားများကို မပြောခဲ့လျှင် ကျင်းရှို့သည် သူမ၏ မိဘများ လုပ်ချင်ရာလုပ်နေကြသည်ကို နားမလည်သော ကလေးတစ်ယောက်ဟူ၍သာ အပြင်လူများက ယူဆကြလိမ့်ဖြစ်သည်။ သို့ရာတွင် သူမကသာ ဤလုပ်ကြံဖန်တီးထားသည့် မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်ထဲတွင် ပါဝင်ပတ်သတ်နေသည်ဆိုပါက ဇာတ်လမ်းသည် တစ်မျိုးတစ်ဖုံဖြစ်သွားလိမ့်မည်။
အကယ်၍ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်အား ကျင်းမင်ခိုင်၏သွေးကို သုံး၍ လုပ်ထားပါက ဝမ်ရှင်းဖန်းသည် သားဖြစ်သူ ဒုက္ခမရောက်စေရေးအတွက် သေချာပေါက် ထိုအကြောင်းကို များများစားစား စဥ်းစားတွေးခေါ်ပြီးမှသာ ဖြေမည်ဖြစ်သည်။ သို့သော် ယခုအခါ ထိုသွေးပိုင်ရှင်မှာ ကျင်းရှို့ဖြစ်နေသဖြင့် သူမသည် ထိုကိစ္စအား လုံးဝဂရုမစိုက်သည်မှာ အသိအသာပင်။
“သူ မသိဘူး။ ငါ့ကို အဲဒီမိန်းမက သွေးနမူနာလိုတယ်လို့ပဲ ပြောခဲ့တာဆိုတော့ ငါ ဆေးခန်းကိုသွားပြီး ဆေးထိုးအပ်တစ်ချောင်း ငှားရင်းနဲ့ သွေးဘယ်လိုထုတ်ရမလဲဆိုတာ သင်လာလိုက်တာ”
ဝမ်ရှင်းဖန်း၏ စကားဆုံးသောအခါ ဘေးမှရပ်ကြည့်နေသူများသည် ကျင်းရှို့အား ကရုဏာသက်စွာဖြင့် ကြည့်လိုက်ကြသည်။
အမေတစ်ယောက်သည် သူတို့၏ သမီးအရင်းအား အဘယ်ကြောင့်များ ဤကဲ့သို့ဆက်ဆံနိုင်သနည်း။
ထိုအခိုက်၌ ကျင်းရှို့၏ မျက်နှာသည် ချက်ချင်းဖြူဖတ်ဖြူလျော်ဖြစ်သွား၍ သူမ၏သွေးကို လိုချင်နေသောအချိန်က မိဘများပြောခဲ့သည့်စကားများကို သတိရသွား၏။ သူမသည် ငယ်စဥ်ကတည်းက အလုပ်ကြိုးစားခဲ့၍ မကြာမီ၌ အထက်တန်းကျောင်းစာမေးပွဲလည်း နီးလာပြီဖြစ်ရာ ကျန်းမာရေးနှင့်ပတ်သတ်ပြီး စိတ်ချရစေရန် ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်းသဖြင့် ကျန်းမာရေးစစ်ဆေးမှုလုပ်ရန် သွေးနမူနာလိုချင်သည်ဟု သူတို့က ပြောခဲ့သည်။
သူတို့သည် သူမအတွက် တစ်ခါမှ စိတ်မပူပေးဖူးသောကြောင့် ပထမ၌ ထူးဆန်သည်ဟု ခံစားလိုက်ရသော်လည်း သူတို့က သူမ၏ ကျန်းမာရေးအား စိုးရိမ်ပေးနေသဖြင့် သူမလည်း ပျော်ရွှင်ကျေနပ်သွားကာ မေးခွန်းများ ထပ်မမေးတော့ပေ။
သို့သော် ယခု ပြန်စဥ်းစားကြည့်သောအခါ ထိုကိစ္စမှာ သိသာလွန်းလှ၏။ သူမသည် ထိုအချိန်က မိဘများအား သူမ၏ မောင်ဖြစ်သူကိုလည်း ကျန်းမာရေးစစ်ဆေးပေးရန် ပြောသောအခါ သူတို့သည် ချက်ချင်း မျက်နှာပျက်သွားခဲ့သည်။
သူတို့သည် သားဖြစ်သူကိုမူ ထိုကဲ့သို့ အသုံးချရန် ဆန္ဒမရှိကြောင်း အသိအသာပင်။
သူမသည် ငယ်စဥ်ကတည်းက အမြဲတမ်း အမှားများသာ လုပ်တတ်၍ တုံးအ,သူဖြစ်ရာ မိဘများအား မြှောက်ပင့်၍ ပေါင်းတတ်သော ကျင်းလင်နှင့်မတူသလို သူမ၏ လိင်ကို မပြောင်းလဲနိုင်ဘဲ သားယောကျ်ားလေးတစ်ယောက်လည်း ဖြစ်မလာနိုင်ရာ သူမ၏ ကံတရားကိုသာ လက်ခံ၍ သမီးလိမ္မာတစ်ယောက် ဖြစ်လာခဲ့သည်။ ကျောင်းသားများစွာက သူမအား အထင်သေးကြလျှင်တောင်မှ သူမသည် အတန်းဖော်များနှင့် တတ်နိုင်သမျှ ပြေလည်အောင် ချော့မော့ပေါင်းသင်း၍ မိဘများထံမှ သဘောကျနှစ်ခြိုက်မှုကို ရရှိရန် ကြိုးစားခဲ့၏။
သို့သော် ယခု ထိုအရာအားလုံးက အရေးမပါသည့် ကိစ္စများသာဖြစ်၍ အလိမ်အညာများသာ ဖြစ်သည်။
ကျင်းရှိူ့၏ မိဘများသည် သူမအား တစ်ပါးသူများကို လိမ်ညာလှည့်ဖြားရာ၌ အသုံးချခဲ့၏။ သူမသည် ထိုအကြောင်းကို တိတ်တဆိတ် သိနေခဲ့သော်လည်း ထုတ်မပြောခဲ့သည်ဖြစ်ရာ သူမ၏ ရေငုံနှုတ်ပိတ်နေမှုအား လိမ်ညာမှုတစ်ခုအဖြစ် ယူဆနိုင်၍ သူမနှင့် ကြံရာပါတစ်ယောက်၏ ကြား၌ မည်သည့်ကွာခြားချက် ရှိမည်နည်း။ ကျင်းရှို့သည် ရုတ်တရက် သူမကိုယ်သူမ အော်ဂလီဆန်လာသလို ခံစားလိုက်ရ၏။
ဝမ်ရှင်းဖန်း၏ စိတ်နေသဘောထားနှင့် သူမ၏ ပါးစပ်မှ ထွက်သောစကားလုံးများသည် တူတစ်ချောင်းအလား လူတိုင်းကို ရင်ကို ရိုက်ခတ်သွား၍ အသက်မရှုနိုင်အောင်ပင် ဖြစ်သွားစေသည်။
ရွာသားများသည် ကျင်းမိသားစု၏ သမီးမိန်းကလေးများအပေါ်၌ထားရှိသည့် သဘောထားကို သိထားပြီးဖြစ်၍ ထိုစကားများက သူတို့အပေါ်ရိုက်ခတ်မှုမရှိသော်လည်း သတင်းထောက်များနှင့် အင်တာနက်အသုံးပြုသူများကမူ ဆေးခါးကြီးတစ်တောင့်ကို မြိုချလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
သူတို့အားလုံးသည် သူတို့ကိုယ်သူတို့ မှန်သည့်ဘက်၌ ရပ်တည်သူများဟုသာ ထင်ခဲ့ကြသော်လည်း လက်တွေ့၌ သူတို့သည် လူမိုက်အားပေးများ ဖြစ်နေခဲ့ကြသည်သာ။
Chapter 284 : လူအုပ်ကြီး၏ဒေါသ
ယနေ့ ဤနေရာ၌ စုရုံးရောက်ရှိကြသော သတင်းထောက်အများစုသည် ကျင်းယွင်ကျောင်း၏ အကျိုးစီးပွားအား ဖျက်ဆီးလိုသော ရည်ရွယ်ချက်ရှိခဲ့ကြသည်။ သူတို့သည် အထက်က ပေးအပ်သော တာဝန်များကို ကျေပွန်မှသာ ရာထူးတက်မည့်သူများဖြစ်၍ ယခုတစ်ခေါက်၌ အထက်လူကြီးများက သူတို့ကို ကျင်းယွင်ကျောင်းအား သင်ခန်းစာတစ်ခုပေးရန် ညွှန်ကြားလိုက်ကြရာ သူတို့ကလည်း လိုလိုလားလားပင် လိုက်နာခဲ့ကြ၏။ တစ်ခုတည်းသော ပြဿနာမှာ သူတို့၏ တိုက်ခိုက်မှုများက ကျင်းယွင်ကျောင်းအား မတုန်လှုပ်စေသည့်အပြင် ထိုအစား သူတို့ကသာ အမြဲတမ်း မှားယွင်းစွပ်စွဲသူများ ဖြစ်နေခဲ့ကြသည်။
ဘေးလူများသည် ကျင်းယွင်ကျောင်း၏ နဖူးပေါ်ရှိ ဒဏ်ရာအား မြင်လေလေ သူတို့လည်း ခေါင်းကိုက်လာလေလေပင်။ အစောပိုင်းက ကျင်းမိသားစုအား ထောက်ခံခဲ့ကြသော အင်တာနက်သုံးစွဲသူများသည် ယခုအခါ အရိုးထဲထိအောင်ပင် အပြစ်ရှိ စိတ်ကို ခံစားနေကြရသည်။
သူတို့ သတင်းထောက်အဖွဲ့သည် ငယ်ရွယ်စဥ်ကပင် ဆင်းရဲဒုက္ခများစွာ တွေ့ကြုံခံစားခဲ့ရသည့် မိန်းကလေးငယ်လေးတစ်ယောက်အား ရက်ရက်စက်စက် ပြောဆိုဆက်ဆံခဲ့ကြ၍ လူပေါင်းများစွာကလည်း ဤဖြစ်ရပ်အား စောင့်ကြည့်နေကြ၏။ ထိုလူများက သူတို့အား သေလောက်အောင် ဆဲဆိုကြိမ်းမောင်းကြတော့မည်လား။ အင်တာနက်သုံးစွဲသူပေါင်းများစွာက ဤစက်ဆုပ်ရွံရှာဖွယ်ကိစ္စ၌ ပါဝင်ခဲ့ကြသူများဖြစ်သည့် သူတို့၏ နေရာလိပ်စာ၊ ကိုယ်ရေးရာဇဝင်များကိုပါ စုံစမ်း၍ တိုက်ခိုက်ကြတော့မည်လား။
ထိုမုန်းတီးစက်ဆုပ်ဖွယ်ကောင်းသော သတင်းထောက်အုပ်စုသည် သူတို့၏ ရှေ့ဆက်ရမည့် အနာဂတ်က ထပ်မံ၍ အေးချမ်းမှုရှိတော့မည် မဟုတ်ကြောင်းကို စဥ်းစားမိသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားကြသည်။
ထို့နောက် ဉာဏ်ပြေးသော အခြားသတင်းထောက်များက ဝမ်ရှင်းဖန်းအား သူမတို့ကို ပိုက်ဆံပေး၍ ခိုင်းသည့် သူဌေးမနှင့်ပတ်သတ်၍ မေးခွန်းများ စတင်မေးမြန်းကြတော့၏။
သို့သော် ဝမ်ရှင်းဖန်းသည် သတင်းထောက်များ၏ မေးခွန်းအများစုကို မဖြေနိုင်ဘဲ သူမ သိသမျှမှာ ထိုသူဌေးမက သူ့ကိုယ်သူ “မစ္စဟယ့်” ဟုခေါ်သည့် အကြောင်းသာ ဖြစ်သည်။
ထိုစကားကိုကြားသောအခါ သတင်းထောက်များသည် ချက်ချင်းပင် မေးခွန်းများမေးခြင်းကို ရပ်ပစ်လိုက်ကြ၏။ ဤနေရာ၌ ကုမ္ပဏီကြီးမှလာသည့် သတင်းထောက်များဖြစ်စေ၊ ကုမ္ပဏီငယ်များမှလာသည့် သတင်းထောက်များဖြစ်စေ ထိုကဲ့သို့ အပြစ်ပြုမိ၍မရသော သြဇာရှိမိသားစုများနှင့် ပတ်သတ်သည့်ကိစ္စများကို အလွန်အကျွံ မစုံစမ်းသင့်ကြောင့် သိကြသည်။ ထိုသို့မဟုတ်ပါက သူတို့၏ ကုမ္ပဏီပါ အဖျက်ဆီးခံရနိုင်၏။
ထိုအခါ သတင်းထောက်အချို့သည် အမှန်တရားကို သိသွားကြသော်လည်း ထုတ်မပြောဘဲ ပါးစပ်ပိတ်၍သာ နေကြသည်။
ထို့နောက် ဤနေရာ၌ရှိနေသော သတင်းထောက်များအားလုံးသည် ရှက်ရွံ့နေကြ၍ မလုံမလဲခံစားနေရသောကြောင့် ကျင်းယွင်ကျောင်းအား မေးခွန်းများ ဆက်မမေးကြတော့ရန် အချင်းချင်း အသံတိတ်သဘောတူညီမှု ယူလိုက်ကြ၏။
လက်ရှိအချိန်၌ ကျင်းယွင်ကျောင်းသည် အရှိန်အဝါကြီးမားစွာဖြင့် မတ်တပ်ရပ်နေ၍ လူအုပ်ကြီးအား မထီမဲ့မြင်မျက်နှာပေးဖြင့် စိုက်ကြည့်နေရာ ဘေးမှ ရပ်ကြည့်နေသူများသည် ရှက်ရွံစွာ ခေါင်းငုံ့ထားကြသည်။
ကျင်းယွင်ကျောင်း၏ စိတ်နေစိတ်ထားနှင့် ပုံပန်းသွင်ပြင်သည် ထိုလူများအား ထုတ်မပြောပြနိုင်အောင်ပင် စိတ်သောကရောက်စေ၍ တစ်ချိန်တည်းမှာပင် သူမအပေါ် ရိုသေလေးစားမှုများကိုလည်း တိုးပွားလာစေ၏။ သူမသည် သန့်ရှင်းသပ်ရပ်သော ပုံပန်းသွင်ပြင်ရှိ၍ နေရောင်အောက်၌ သူမ၏ မျက်ဝန်းများသည် အလျှံညီညီး တောက်ပနေရာ အလွန်စွဲမက်ဖွယ်ကောင်းပြီး တစ်ချိန်တည်းမှာပင် ထိုမျက်ဝန်းများ၏ အဓိပ္ပါယ်က ဥာဏ်မမီလောက်အောင် နက်နဲနေသည်။
လူအုပ်ကြီးသည် အေးစက်၍ သီးသန့်ဆန်ဆန်နေတတ်သည့် မိန်းကလေးတစ်ယောက်အား အသိဉာဏ်နှင့် ကိုယ်ကျင့်တရားမရှိသည့် သားရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဆက်ဆံမိခဲ့ကြသည့် သူတို့ကိုယ်သူတို့ မယုံနိုင်လောက်အောင် ဖြစ်နေကြ၏။
ထိုအချိန်၌ ဘေးတွင်ရှိနေကြသည့် ဆရာ၊ ဆရာမအားလုံးသည် စိတ်သက်သာရာရသွား၍ သက်ပြင်းချလိုက်ကြသည်။
သတင်းထောက်များသည် ကျင်းယွင်ကျောင်းအား မချဥ်းကပ်ရဲတော့သဖြင့် ထိုအစား ဆရာ၊ ဆရာမအုပ်စုကို ချဥ်းကပ်၍ စကားစမြည်ပြောရန် ကြိုးစားလာကြ၏။ သို့သော် သူတို့သည် အစောပိုင်းကကဲ့သို့ မဲမဲမြင်ရာကိုက်ချင်နေသည့် ခွေးရူးတစ်ကောင်၏ ရန်လိုသော အမူအယာမျိုးနှင့် လုံးဝမတူတော့ဘဲ ယဥ်ကျေးသိမ်မွေ့လှသည်။
သို့ရာတွင် မေးခွန်းများမှာ အဓိကအားဖြင့် ကျောင်း၌ ကျင်းယွင်ကျောင်း၏ အခြေအနေနှင့် ပတ်သတ်သည်များသာဖြစ်၍ ဆရာ၊ ဆရာမများကလည်း သူတို့၏ မေးခွန်းများကို အမှန်အတိုင်းဖြေပေးကြရာ သတင်းထောက်များသည် ဒုတိယအကြိမ်မြောက် ကျင်းတစ်ကျင်းစီတူး၍ ဝင်ပုန်းချင်သကဲ့သို့ ခံစားကြရပြန်၏။
ကျင်းယွင်ကျောင်းသည် ဘာသာရပ်တိုင်း၌ ထူးချွန်သူဖြစ်၍ ယခင်စာသင်နှစ် တစ်နှစ်လုံးတွင်လည်း တစ်ကျောင်းလုံး၌ ကျင်းယွင်ကျောင်း၏အဆင့်သည် တစ်ခါမှ ပြောင်းလဲခြင်းမရှိဘဲ အမြဲတမ်း ပထမသာဖြစ်ခဲ့သည်။ ထို့အပြင် သူမသည် ပြိုင်ပွဲပေါင်းစုံ၌ ပါဝင်ယှဥ်ပြိုင်ခဲ့၍ ကျောင်း၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သူလည်း ဖြစ်၏။
ယခုအခါ ဤဖြစ်ရပ်ကြောင့် ကျင်းယွင်ကျောင်း၏ ဂုဏ်သတင်းသည် ယခင်ကနှင့် ယှဥ်ပါက ပို၍ကောင်းမွန်လာသည်။ ချောင်ဟုန်ယဲ့၏ လွှမ်းမိုးမှုကြောင့် သူမအား သဘောမကျသည့် အုပ်စုတစ်စုရှိနေသေးသော်လည်း သူတို့သည် သူမအား ထိခိုက်စေလောက်သည်အထိတော့ မမုန်းတီးကြပေ။ ထို့အပြင် ကျောင်းသားများသည် လူပေါင်းများစွာက ကျင်းယွင်ကျောင်းအား အုပ်စုဖွဲ့၍ အနိုင်ကျင့်နေသည်ကိုမြင်သောအခါ ကရုဏာသက်သွားကြ၍ သူမအတွက် မခံမရပ်နိုင်လည်း ဖြစ်နေကြသည်။
ထို့ကြောင့် ရလဒ်အနေဖြင့် သတင်းထောက်များက ကျောင်းသားများအား မေးခွန်းများ မေးသောအခါ အချို့က ကျင်းယွင်ကျောင်းအား ကိုးကွယ်ချင်သည်ဟု ဖြေကြ၍ အချို့က ကျင်းယွင်ကျောင်းသည် သူမ၏ အတန်းဖော်များအား ဘယ်တော့မှ အနိုင်မကျင့်ခဲ့ကြောင်း သက်သေပြရန်အတွက် မတူညီသည့်ဖြစ်ရပ်များကို ပြန်ပြောပြကြ၏။ ကျင်းယွင်ကျောင်းအား မြှောက်ပင့်ပြောဆိုရခြင်းကို မနှစ်သက်သည့် ကျန်သော ကျောင်းသားများကပင် မေးခွန်းများကို အမှန်အတိုင်း ဖြေပေးကြသည်။
ထိုအစား ချောင်မိသားစုနှင့် ကျင်းမိသားစုအား ကျင်းယွင်ကျောင်းနှင့် နှိုင်းယှဥ်ကြည့်ပါကလည်း အမှန်တရားကို အလွယ်တကူ မြင်နိုင်သည်။ ချောင်မိသားစုနှင့် ကျင်းမိသားစုသည် စကားပင် မပြောနိုင်ဘဲ စိတ်ဓါတ်ကျ၍ အားပြတ်နေကြ၏။ ဤကိစ္စပြီးသောအခါ ချောင်နှင့် ကျင်းမိသားစုနှစ်စုသည် အဖတ်ဆယ်မရအောင် နာမည်ပျက်တော့မည်မှာ အသေအချာပင်။
ကျင်းယွင်ကျောင်း၏ နဖူးမှ ဒဏ်ရာသည် သူတို့လုပ်ရပ်များ၏ အကျိုးဆက်ကို မီးမောင်းထိုးပြသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့် ဒေါသများ ပေါက်ကွဲနေသည့် လူအုပ်ကြီးနှင့် လက်တွေ့ရင်ဆိုင်နေရသော ကျင်းယွင်ကျောင်းသည် ထိုမိသားစုနှစ်စုအား စောင့်ကြိုနေသည့် အနာဂတ်အား စိတ်ကူးကြည့်နိုင်နေပြီဖြစ်ချေ၏။