အခန်း (၂၈၅-၂၈၈)
Vol. 15 Ch. 285-288
Chapter 285 : အကူအညီကြီးကြီးမားမား
မိန်းကလေးငယ်လေးတစ်ယောက်အား ပြစ်တင်ရှုတ်ချရန် စီစဥ်ထားသည့်ပွဲသည် ယခုအခါ ရယ်စရာပြက်လုံးတစ်ခု ဖြစ်လာသည်။ ကျင်းယွင်ကျောင်းသည် ကျောင်းဘက်သို့ ခြေလှမ်းကျဲကျဲနှင့် ထွက်သွားသောအခါမှ လူတိုင်းသည် သက်ပြင်းချနိုင်၍ စိတ်သက််သာရာရသွားကာ အားတုံ့အားနာဖြစ်နေသော မျက်နှာထားများနှင့် ကိုယ့်လမ်းကိုယ် ဆက်သွားကြတော့သည်။
“နောက်ဆုံးတော့ ပြီးသွားပြီ။ ယွင်ကျောင်း၊ ဒီတစ်ခေါက်က အတော်လေး စိုးရိမ်စရာကောင်းတာပဲ။ လီရှောက်ယွင်ကို ကျေးဇူးတင်ရမယ်။ သူ နင့်ကို စာရွက်စာတမ်းတွေ အစောကြီးပို့ထားလို့ပေါ့၊ မဟုတ်ရင် ငါတို့မှာ ပါးစပ်ဆယ်ပေါက်ရှိရင်တောင် ဒီအခြေအနေကနေ လွတ်နိုင်မှာ မဟုတ်ဘူး”
ရှောင်ဟိုင်ချင်းက သက်ပြင်းချ၍ ပြောလိုက်၏။ သူမနှင့် စူးချူသည် ကျင်းယွင်ကျောင်းအား နဖူးမှဒဏ်ရာကို ဆေးထည့်ရန်အတွက် ကျောင်းဆေးခန်းသို့ လိုက်ပို့နေကြခြင်းဖြစ်သည်။
စူးချူကလည်း ရှောင်ဟိုင်ချင်း၏ စကားကို သဘောတူသည့်အနေနှင့် ခေါင်းညိတ်ပြလာ၏။
ထိုလူများသည် ကြောက်စရာကောင်းလွန်းလှသည်။ အထူးသဖြင့် သူတို့သည် တရားမျှတမှုကိုထိန်းသိမ်းရန်အတွက် ဤနေရာသို့ ရောက်ရှိနေကြခြင်းဖြစ်ကြောင်းကို တစ်လောကလုံး သိစေရန် ဟစ်ကြွေးလိုသော သဘောထားဖြင့် လာရောက်ကြခြင်းဖြစ်၏။ သူတို့သည် ယုတ်မာမှုနှင့် ကိုယ်ကျင့်တရားပျက်ပြားမှုကို လူတိုင်းက ဆန့်ကျင်နေသည့်အလား လွန်လွန်ကျူးကျူး ပြုမူနေကြသောကြောင့် သူတို့ကိုယ်တိုင်သည်လည်း စည်းကျော်နေသည့် လူယုတ်မာများဖြစ်လာကြသည်။ အကယ်၍ သူမ၏လက်ထဲ၌သာ အတိကျဆုံး သက်သေမရှိပါက သူတို့သည် သူမအား အရှင်လတ်လတ် ဝါးမြိုပစ်ကြတော့မည်မှာ လက်တွေ့ပင် မဟုတ်လား။
ထို့ကြောင့် သူမ၌ စစ်ဆေးချက်ရလဒ်သာ မရှိခဲ့လျှင် ... ... ...
ထိုလူများသည် သူမတို့၏ သွေးသားတော်စပ်မှုကို အမှန်တရားတစ်ခု ဖြစ်သွားစေရန် အတင်းအကြပ်ဖိအားပေး၍ အတည်ပြုနိုင်သွားမည် ဖြစ်၏။
အကယ်၍ ကျင်းယွင်ကျောင်းသည် သူမ၏ အမှားများကို ဝန်ခံရန် အတင်းအကြပ်ဖိအားပေးခံရ၍ သူတို့အလိုကျ ပူးပေါင်းပြီး ဝန်ခံလိုက်ပါက လူတိုင်းက သူမအား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ကြလိမ့်မည်ဖြစ်ပြီး သူတို့သည် နောက်ပိုင်း၌ သူမလုပ်သမျှကိုပင် လိုက်၍ စောင့်ကြည့်လာနိုင်သည်။ အကယ်၍ သူမက မပူးပေါင်းလျှင်လည်း သူတို့က သူမအား အလွတ်ပေးမည် မဟုတ်ပေ။ ထိုအခါ သူမသည် လူတိုင်း၏ အမုန်းခံပစ်မှတ်ဖြစ်လာပြီး နောက်ထပ် အရှုပ်အထွေးတစ်ခုအဖြစ် အလျင်အမြန် အဆုံးသတ်သွားမည်မှာ မလွဲဧကန်ပင်။
ထို့အပြင် သူမ ဘာပဲလုပ်လုပ် ထိုတရားမျှတမှုထိန်းသိမ်းစောင့်ရှောက်သူများ၏ အကြည့်များအောက်တွင် သူမသည် အမြဲတမ်း မှားယွင်းသူသာ ဖြစ်လိမ့်မည်။
နောက်ပိုင်း၌ သူမတို့က မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်အစစ်အမှန်အား ထုတ်ဖော်ပြောလျှင်တောင်မှ ထိုစာရွက်သည် အစစ်ဟု မည်သူကမှ ယုံကြည်တော့မည် မဟုတ်။ ထို့အပြင် ဤဖြစ်ရပ်နှင့်ပတ်သတ်၍ သွေးပူနေသော အချိန်ကာလကို ကျော်လွန်သွားပြီဖြစ်သဖြင့် နောက်ပိုင်းဖြစ်ရပ်များကို မည်သူကမှ အရေးပေးစိတ်ဝင်စားကြတော့မည် မဟုတ်ပဲ တရားမျှတမှုကို လိုလားနေသူများသည်လည်း အစောပိုင်း အတင်းအဖျင်းများနှင့်ပင် ကျေနပ်သွားကြလိမ့်မည်။
ထိုအခါ ကျင်းယွင်ကျောင်းသည်လည်း သူမ၏ လက်ကျန်ဘဝတလျှောက်လုံးကို တစ်ကမ္ဘာလုံး၏ အထင်လွဲခံ၍ နေထိုင်သွားရမည်ဖြစ်သည်။
“ပြောင်ကျဲ၊ အဲဒီရှောက်ယွင်ဆိုတဲ့လူကို သေချာကျေးဇူးတင်စကားပြောရမယ်နော်။ သူက အစ်မကို အကူအညီ အကြီးကြီး ပေးထားတာပဲ”
စူးချူ၏ မျက်နှာလေးပေါ်တွင် ကျေးဇူးတင်နေသော အမူအယာများ ထင်ထင်ရှားရှား ပေါ်လွင်နေ၏။
ထို့နောက် သူမသည် ကျင်းယွင်ကျောင်း၏ ဒဏ်ရာကို ကြည့်လိုက်ပြီး နှုတ်ခမ်းစူသွားပြန်သည်။
“ပြောင်ကျဲ၊ အစ်မ ဘာလို့ မရှောင်လိုက်တာလဲ။ ဒီဒဏ်ရာက အစ်မမျက်နှာပေါ်မှာ အကြာကြီး အမာရွတ်စွဲနေတော့မှာ”
ပြောင်ကျဲရဲ့မျက်နှာပေါ်မှာ ဒီဒဏ်ရာကလွဲရင် ကျန်တဲ့အပြစ်အနာအဆာ ဘာမှမရှိတဲ့အပြင်ကို သူ့ရဲ့အသားအရေကလည်း ပိုပြီး ကောင်းသထက် ကောင်းလာသေးတယ်။ ဒီကိစ္စရဲ့နောက်ကွယ်မှာရှိတဲ့သူက တကယ် ကောက်ကျစ်တာပဲ။
ထိုအခါ ကျင်းယွင်ကျောင်းက မော့ကြည့်လိုက်ပြီး ရှောင်ဟိုင်ချင်းနှင့် အပြုံးချင်းဖလှယ်လိုက်သည်။
“ချူချူ၊ ယွင်ကျောင်းက ဒီဒဏ်ရာလောက်နဲ့ ဘာမှမဖြစ်ပါဘူး”
ရှောင်ဟိုင်ချင်းက နှစ်သိမ့်လိုက်ပြီး သူမ၏ အပြုအမူများကလည်း ငြင်သာနေ၏။
ထို့နောက် စူးချူနှင့် ရှောင်ဟိုင်ချင်းတို့သည် ထိုအချိန်က ကျင်းယွင်ကျောင်း ခံစားခံရသည့် နာကျင်မှုနှင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရခြင်းများကို ပြန်သတိရသွားကြသည်။ သူမ၏ နီရဲနေသောသွေးများသည် သူတို့၏ မှတ်ဥာဏ်ထဲ၌ ထာဝရစွဲထင်နေတော့မည် ဖြစ်သည်။
ထို့အပြင် ကင်မရာများစွာနှင့် သတင်းထောက်များသာမက လူအုပ်၏ အပြင်ဘက်တွင် ရပ်နေသော မဆိုင်သည့် ကျောင်းသားမိဘများကလည်း သူတို့၏ လက်ကိုင်ဖုန်းများကိုသုံး၍ ဖြစ်ရပ်တစ်ခုလုံးကို မှတ်တမ်းတင်ထားကြရာ သူမတို့သည် နောက်ကွယ်မှကြိုးကိုင်သူအား ကိုယ်တိုင်ကိုယ်ကျ ရှာဖွေရန်မလိုပေ။ သူမတို့အတွက် ထိုကိစ္စကို လုပ်ပေးမည့် တစ်စုံတစ်ယောက် အလိုလိုပေါ်ထွက်လာလိမ့်မည်ဖြစ်၏။
“နင်က ဒီကိစ္စကို အဆုံးသတ်သွားပြီလို့ ထင်နေတာ မဟုတ်လား”
ရှောင်ဟိုင်ချင်းက စူးချူကို ပြုံး၍ မေးလိုက်ရာ စူးချူက စိတ်ရှုပ်သွား၏။
“အင်းလေ၊ အဲလိုပဲ မဟုတ်ဖူးလား”
သတင်းထောက်များ အားလုံးသည် ယခုအခါ အမြီးကုပ်၍ ထွက်ပြေးသွားကြပြီဖြစ်၍ ကြင်နာတတ်သည့် အင်တာနက်သုံးစွဲသူများဟု ခေါ်သည့် မေတ္တာရှင်ကြီးများသည်လည်း ဤကိစ္စသည် သူတို့နှင့်မဆိုင်သည့်အလား ထွက်သွားကြပြီ ဖြစ်သည်။ ကျန်ရစ်ခဲ့သူများမှာ ကျင်းမိသားစုအား သူတို့လှူထားသည့် ပိုက်ဆံများကို ပြန်တောင်းနေကြသူများဖြစ်၍ သူမတို့နှင့် လုံးဝမဆိုင်ပေ။
စူးချူသည် ကိစ္စများကို အပေါ်ယံသာ တွေးတတ်သူဖြစ်သော်လည်း သူမသည် ငတုံးတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ရှောင်ဟိုင်ချင်း၏ သတိပေးစကားကိုကြားသောအခါ သူမ၏ မျက်လုံးလေးများက ချက်ချင်း တောက်ပလာသည်။
“ဒါဆိုရင် ကိစ္စတွေက အဆုံးမသတ်သေးတာ မဟုတ်ဘူး၊ အစပဲ ရှိသေးတာပေါ့”
စူးချူက အံ့သြတကြီးဖြင့် ချစ်စရာကောင်းစွာ ပြုံးလိုက်ပြီးနောက် တဟိဟိနှင့် ခပ်တိုးတိုးရယ်နေသည်။
“မှန်တာပေါ့၊ ဒါက အစပဲရှိသေးတယ်”
ကျင်းယွင်ကျောင်းက မဲ့ပြုံးပြုံး၍ ပြောလိုက်ပြီး သူမ၏ မျက်ဝန်းများက အေးစက်တည်ငြိမ်နေ၏။
ထို့နောက် မိန်းကလေးသုံးယောက်သည် တစ်ယောက်၏ ရည်ရွယ်ချက်ကို နောက်တစ်ယောက်က ခံစားနားလည်သွားကြ၍ စကားထပ်မပြောမိကြတော့ပေ။ ထိုအချိန်၌ ကန်ကျင်းချန်၊ ထန်ကျစ်ဟွားနှင့် ကျီသာ့ယုံးတို့သည် ကျင်းယွင်ကျောင်း၏ အခြေအနေကို စစ်ဆေးရန်အတွက် ရောက်ရှိလာကြ၍ သူမ၏ နဖူးပေါ်မှ ဒဏ်ရာသည် အစောပိုင်းက အတော်လေး သွေးထွက်ခဲ့သော်လည်း သိပ်ပြင်းထန်ပုံမရကြောင်း တွေ့လိုက်ရ၏။ အချိန်ခဏနှင့် အနာကျက်သွားလိမ့်မည် ဖြစ်သည်။
သတင်းထောက်များက အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်နေကြစဥ်က ကျင်းယွင်ကျောင်းနှင့် ခင်မင်ရင်းနှီးသော ယောက်ျားလေးသုံးယောက်သည် သူမအား ရှေ့ထွက်၍ ကာကွယ်ပေးချင်ခဲ့ကြ၏။ သို့သော် မည်သူက လုပ်ရဲမည်နည်း။
ယောက်ျားလေးတစ်ယောက်က သူမအား ရှေ့ထွက်၍ ကာကွယ်ပေးခြင်းသည် မည်သည့်အကူအညီကိုမှ မဖြစ်စေရုံသာမက သူမ၏ နာမည်ဂုဏ်သတင်းကိုပင် စွန်းထင်းသွားစေလိမ့်မည်ဖြစ်ကြောင်း လူတိုင်းသိ၏။ ထို့ကြောင့် သူတို့အားလုံးသည် အဝေးမှသာ စောင့်ကြည့်နေရသည်။
Chapter 286 : သူမ၏ မနှစ်မြို့မှု
ယောက်ျားလေးသုံးယောက်သည် ယနေ့ အချိန်ကုန်သည်က နှေးလွန်းလှသည်ဟု မခံစားရဘဲ မနေနိုင်ချေ။ သူတို့သည် ကျင်းယွင်ကျောင်းအား သတင်းထောက်များက ဝိုင်းထား၍ စွပ်စွဲပြစ်တင်နေကြသည်ကိုမြင်သောအခါ ထိုနေရာသို့ တွန်းတွန်းတိုက်တိုက်ပြေးဝင်သွားချင်၍ သတင်းထောက်များအား သူမနှင့် ဝေးရာသို့ ဆွဲခေါ်သွားချင်ကြသည်။
သို့သော် လက်တွေ့၌ အန္တရာယ်ကြားမှ မင်းသမီးလေးအား သူရဲကောင်းက လာကယ်သည့်မြင်ကွင်းများမှာ ဖြစ်ခဲလွန်းလှ၏။
ထန်ကျစ်ဟွားသည် အစောပိုင်းကတည်းက ‘မစ္စဟယ့်’ သည် ဟယ့်ကျားစစ်၏ မိခင်ဟု အနည်းငယ် သံသယဝင်နေခဲ့ပြီး ဝမ်ရှင်းဖန်းက တရားခံအစစ်အမှန်မှာ မစ္စဟယ့်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သောအခါ သူ၏ သံသယများက ပို၍ ခိုင်မာသွားတော့သည်။
အကြောင်းမှာ သူသည် ဟယ့်မိသားစု၏အကြောင်းကို ခရေစေ့တွင်းကျ သိသောကြောင့် ဖြစ်၏။
ဟယ့်မိသားစုသည် နယ်ပယ်ပေါင်းစုံ၌ ပါဝင်၍ နေရာများစွာကို လွှမ်းမိုးထားသည်။ သို့ရာတွင် ထိုနယ်ပယ်များ၌ သူတို့၏ အရည်အချင်းမှာ သာမန်သာဖြစ်၏။ ထို့ကြောင့် ရလဒ်အနေနှင့် ဟယ့်မိသားစုသည် ချမ်းသာ၍ အင်အားကြီးသော်လည်း ထိပ်တန်းအဆင့်ဟု မယူဆနိုင်ဘဲ ထိုနယ်ပယ်မျိုးစုံမှ လူများက သူတို့အား မျက်နှာသာပေးနေသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူတို့နှင့် ထန်မိသားစု၏ ဆက်ဆံရေးကြောင့် ဖြစ်သည်။
ဟယ့်မိသားစု၏ လက်ရှိဦးဆောင်သူအား ဟယ့်ကျားလီဟု လူသိများ၍ ဟန်လင်းဟုခေါ်သော ဇနီးတစ်ယောက်ရှိကာ သူတို့၏တစ်ဦးတည်းသောသမီးမှာ ဟယ့်ကျားစစ်ဖြစ်၏။ လက်ရှိ၌ ဟယ့်ကျားစစ်အား နိုင်ငံရပ်ခြားသို့ပို့လိုက်ရခြင်းမှာ ပြဿနာကြီးတစ်ခု မဟုတ်ဘဲ တကယ့်ပြဿနာအစစ်မှာ သူမ၏ ပျက်စီးသွားသော ဂုဏ်သတင်းကြောင့် လက်ထပ်ထိမ်းမြားရန်အတွက် သူမနှင့် အဆင့်အတန်းချင်းတူသောသူကို ရှာရန် ခက်ခဲသွားခြင်းဖြစ်သည်။ ဟယ့်ကျားစစ်နှင့် အဆင့်အတန်းတူတစ်ယောက်ကို ဆွဲဆောင်လက်ထပ်နိုင်ရန်အတွက် ဟယ့်မိသားစုသည် အကျိုးအမြတ်များစွာပေး၍ ကမ်းလှမ်းရန် လိုအပ်၏။
ယခု ဟယ့်ကျားလီတွင်ရှိသော စီးပွားရေးလုပ်ငန်းများအားလုံးသည် သူ၏ ဖခင်ဖြစ်သူထံမှ အမွေဆက်ခံထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အကျိုးဆက်အနေဖြင့် သူသည် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်သော်လည်း မရင့်ကျက်သေးသည့် ဆယ်ကျော်သက်တစ်ယောက်ကဲ့သို့ ပြုမူတတ်၍ ပွဲတက်မယားတစ်ယောက်အပြင် မိန်းမပေါင်းများစွာနှင့် ခြေရှုပ်ကာ တရားမဝင်သားသမီးများစွာလည်း ရှိသေးသည်။ ထိုအချက်များအားလုံးကြောင့် ဟယ့်မိသားစု ရွှေထီးဆောင်းခဲ့သည့် နေ့ရက်များသည် မမျှော်လင့်ဘဲ ဆုံးခန်းတိုင်ခဲ့ရ၏။
ဟွားနင်ခရိုင်မှ ကိစ္စများဖြစ်ပြီးနောက်တွင် တရားမဝင်သားသမီးများစွာက ဟယ့်ကျားစစ်၏ ကံဆိုးမှုအား နှိမ်ချပြောဆိုလာကြသည့်အပြင် ဟန်လင်းအပေါ် ဟယ့်ကျားလီ၏ သဘောထားမှာလည်း ကြောက်စရာကောင်းလောက်အောင် ဆိုးရွားလာသဖြင့် ဟန်လင်းသည် အနာပေါ်ဆားပက်ခံရသကဲ့သို့ဖြစ်သွားကာ သူမ၏ စိတ်ဖိစီးမှုများနှင့် ဒေါသများကို ကျင်းယွင်ကျောင်းအပေါ်၌ စုပုံ၍ ပုံချခဲ့သည်။
ယခုကိစ္စ၌ ဟယ့်ကျားစစ် ပါဝင်ပတ်သတ်နေခြင်းရှိမရှိကိုလည်း ထန်ကျစ်ဟွား ကိုယ်တိုင်သာ အသိဆုံးပင်။
ထို့အပြင် ယခုကိစ္စသည် အကြီးအကျယ်ဖြစ်သွားသောကြောင့် သူသည် အဖိုးဖြစ်သူအား လှမ်းအကြောင်းကြားရန် လိုအပ်သည်။
အမှန်အတိုင်းပြောရပါက သူ၏ ရောဂါမှာ သက်သာပျောက်ကင်းလုနီးပါးရှိနေပြီဖြစ်၍ သူသည် ဟွားနင်ခရိုင်၌ ထပ်နေစရာမလိုတော့ပေ။ သို့သော် ဤပတ်ဝန်းကျင်သည် သူ့အား သက်တောင့်သက်သာဖြစ်စေ၍ ကျင်းယွင်ကျောင်းကလည်း သူ၏ အသက်သခင်ကျေးဇူးရှင်ဖြစ်သောကြောင့် သူသည် ထွက်သွားရမည့်အရေးကို ချီတုံချတုံဖြစ်နေခြင်းပင်။ ထို့အပြင် သူ၏ အဖိုးဖြစ်သူသည် ကျင်းယွင်ကျောင်းအပေါ်၌ ဂရုတစိုက်ရှိ၍ စိတ်ပူပေးတတ်သည်။ ထိုအချက်ကြောင့် အဖိုးသည် ဟယ့်မိသားစုနှင့် ထန်မိသားစု နှစ်ပေါင်းများစွာ ခင်မင်ရင်နှီးခဲ့သောဆက်ဆံရေးကို ဖြတ်တောက်၍ ကျင်းယွင်ကျောင်းဘက်မှ ရပ်တည်ပေးမည်လားဟု သူ၏ စိတ်ထဲ၌ မေးခွန်းထုတ်မိပြန်၏။
“ယွင်ကျောင်း၊ ငါတောင်းပန်ပါတယ်။ ဒီကိစ္စက ငါ့ကြောင့်ဖြစ်လာရတာပါ”
ထန်ကျစ်ဟွားက တောင်းပန်လိုက်သည်။ ထိုအခါ ကျင်းယွင်ကျောင်းက သူ့အား မျက်လုံးဝေ့ကြည့်၍ မေးလာ၏။
“နင်ရော ဒီကိစ္စက ဟယ့်မိသားစုလုပ်တာလို့ ထင်လား”
“နင်နဲ့ ပြဿနာဖြစ်ခဲ့တဲ့ လူတွေအားလုံးထဲမှာ သတင်းထောက်တွေကို ဖိအားပေးပြီး ချုပ်ကိုင်နိုင်တာဆိုလို့ ဟယ့်မိသားစုကလွဲရင် ကျန်တဲ့သူကို ငါမစဥ်းစားမိဘူး။ ပြီးတော့လည်း ငါ အွန်လိုင်းပေါ်မှာ ဒီပို့စ်ကိုဖြန့်တဲ့သူတွေအကြောင်း စုံစမ်းကြည့်လိုက်တော့ ဒီကိစ္စက ဝါးတားအာမီတွေကြောင့် နာမည်ကြီးသွားတာလို့ သိလိုက်ရတယ်။ ဒီလို ဝါးတားအာမီ အင်အားအများကြီးကိုငှားဖို့က အဆက်အသွယ်မရှိဘဲ၊ ဒါမှမဟုတ် ပိုက်ဆံမရှိဘဲ မဖြစ်နိုင်ဘူးလို့ ငါထင်တယ်”
ထန်ကျစ်ဟွားက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
ထိုအခါ ကျင်းယွင်ကျောင်းက ရယ်လိုက်ပြီး မျက်ခုံးပင့်၍ ဆက်မေးလိုက်၏။
“ဒါဆို တကယ်ပဲ ဟယ့်မိသားစုက လုပ်တာဆိုရင်ရော”
“ငါ ဒီကိစ္စကို အဖိုးကိုပြန်ပြောပြလိုက်မယ်။ ဒါပေမယ့် သူက ဘယ်လိုကိုင်တွယ်မယ်ဆိုတာတော့ ငါလည်း မသိဘူး။ ထန်မိသားစုနှင့် ဟယ့်မိသားစုက ရင်းနှီးတယ်ဆိုတာ နင်လည်း သိပါတယ်”
ထန်ကျစ်ဟွားက ခက်ခက်ခဲခဲ ပြောလိုက်သည်။
သို့သော် သူသည် ဘာကိုမှဖုံးကွယ်မထားဘဲ အမှန်အတိုင်း ဝန်ခံနေဆဲပင်။
မိသားစုနှစ်စုသည် ခင်မင်ရင်းနှီးသည်ဟုပြောခြင်းက သူတို့၏ ဆက်ဆံရေးအား အလွယ်ကူဆုံးဖော်ညွှန်းလိုက်ခြင်းသာ ဖြစ်၏။ ပို၍အသေးစိတ်ပြောရပါက မိသားစုနှစ်ခုသည် တူညီသော စံနှုန်းများနှင့် စည်းမျဥ်းစည်းကမ်းများရှိကြ၍ ဟယ့်မိသားစု၏ စီးပွားရေးလုပ်ငန်းအများစုကို ထန်မိသားစုက ငွေကြေးထောက်ပံ့ပေးထားခြင်းသာဖြစ်သည်။ ထို့ကြောင့် အကျိုးဆက်အနေဖြင့် ထန်မိသားစုက မိတ်ဆွေဆက်ဆံရေးကိုဖြတ်တောက်လိုက်၍ ဟယ့်မိသားစုသည် အချိန်တိုအတွင်း ပြိုလဲသွားပါက သူတို့၏ စီးပွားပျက်မှုကြောင့် ထန်မိသားစုသည်လည်း ထိခိုက်မည်ဖြစ်၍ နှစ်ဦးနှစ်ဖက် ပျက်စီးဆုံးရှုံးရမည်ဖြစ်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ထန်မိသားစုသည် အခြေခံအုတ်မြစ်တောင့်သောကြောင့် အများဆုံးအနေဖြင့် သူတို့သည် ငွေပမာဏများစွာ ဆုံးရှုံးရုံသာဖြစ်၍ ထိုဆုံးရှုံးမှုက ထန်မိသားစု၏ အခြေခံအုတ်မြစ်အား မလှုပ်ခတ်သွားစေနိုင်ပေ။
ထို့ကြောင့် ထန်ကျစ်ဟွားသည်လည်း သူ၏ အဖိုးဖြစ်သူ ဘာလုပ်မည်မှန်း စဥ်းစား၍မရခဲ့။
ကျင်းယွင်ကျောင်းက တမူထူးခြား၍ ပြိုင်ဘက်ကင်းသူဖြစ်သော်လည်း စီးပွားရေးသမားတစ်ယောက်သည် အကျိုးအမြတ်ကိုသာ အာရုံစိုက်တတ်သဖြင့် အဖိုးဖြစ်သူသည် အကျိုးအမြတ်များကို အဆုံးရှုံးခံပြီး ကျင်းယွင်ကျောင်းဘက််မှ ရပ်တည်ပေး၊ မပေးကို ထန်ကျစ်ဟွားလည်း သေချာမသိ။
ဤအတွေးမျိုးသည် လူများစွာကို ထိခိုက်စေကြောင်း သူကိုယ်တိုင် သိ၍ ယခုကိစ္စသည် သူ့ကြောင့်ဖြစ်ခဲ့ရသည်ဟူသော အချက်ကိုထည့်ပေါင်းလိုက်ပါက ထန်မိသားစုသည် ကျင်းယွင်ကျောင်းအတွက် တရားမျှတမှုကို ရှာဖွေပေးသင့်သည် မဟုတ်လား။ သို့သော် သူမျှော်လင့်ထားသကဲ့သို့ဖြစ်ရန် အလားအလာမရှိကြောင်း ထန်ကျစ်ဟွားသိ၏။
ထန်ကျစ်ဟွား ကြောင်းကျိူးဆင်ခြင်၍ ကောက်ချက်ချနိုင်သောကိစ္စများကို ကျင်းယွင်ကျောင်းကိုယ်တိုင်လည်း သိရှိနားလည်၍ သူမသည် ထန်မိသားစုထံမှ အကူအညီရရန် လုံးဝမျှော်လင့်မထားပေ။
ယခုအချိန်၌ ဟယ့်မိသားစုအား သူမ၏ ကိုယ်ပိုင်အင်အားဖြင့် မနင်းခြေနိုင်သေးသော်လည်း နောက်ပိုင်း၌ သူမ လုပ်နိုင်လာမည်ဖြစ်ရာ ထန်မိသားစုကို အားကိုးနေစရာ မလိုတော့။
အကယ်၍ ထန်မိသားစုက သူမအစား အရေးယူပေးလျှင်တောင်မှ သူတို့သည် ဟယ့်မိသားစုအား စိစိညက်ညက်ကြေအောင် ဖျက်ဆီးပစ်လိမ့်မည်မဟုတ်ဘဲ အသက်ရှုပေါက်အချို့ ချန်ထားပေးလိမ့်မည်။ သို့ရာတွင် ဟယ့်မိသားစုက သူမကို တိုက်ခိုက်ရန်အတွက် သူမ၏ မိဘအရင်းများကို အသုံးချခဲ့၏။ သူမ, မည်မျှပင် သည်းခံစေကာမူ ဟယ့်မိသားစုက စည်းကျော်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဟယ့်မိသားစုအား မဖျက်ဆီးနိုင်ပါက သူမကိုယ်သူမပင် ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
Chapter 287 : ပြီးပြည့်စုံသော မြေးချွေးမလေး
အချိန်တစ်ခုသာ လိုအပ်သည်။ သုံးနှစ်အတွင်း၊ အများဆုံး သုံးနှစ်ကြာပြီးနောက် ဟယ့်မိသားစုအား သူမ၏ ခြေထောက်အောက်၌ နင်းခြေပစ်မည်။
ကျင်းယွင်ကျောင်းက စကားနည်းနေသည်ကိုမြင်သောအခါ ထန်ကျစ်ဟွားသည် ပို၍ပင် ရှက်ရွံ့လာ၏။ ခဏကြာပြီးနောက်တွင် သူသည် ကျင်းယွင်ကျောင်း စကားပြန်ပြောလာသည်ကို ကြားလိုက်သည်။
“ငါက နင့်ရဲ့ဆေးကုသစရိတ်ကို ယူထားပြီး နင့်ကို ဆေးကုပေးဖို့ကြိုးစားနေတာဆိုတော့ ငါ့အတွက် စွန့်စားမှုတချို့နဲ့ ကြုံတွေ့ရတော့မယ်ဆိုတာကို ငါလက်ခံထားပြီးသားပါ။ အရာအားလုံးက နင့်ကြောင့်ဖြစ််တာဆိုပြီး နင့်ကိုယ်နင် အပြစ်တင်မနေပါနဲ့။ ဒီကိစ္စကို အဖိုးထန် ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ငါဂရုမစိုက်ဘူး။ ဒါပေမယ့် အဖိုးကို ဒီစကားလေးတော့ ပါးပေးဦး။ အခု ငါ သူ့ကို အခက်တွေ့အောင် မလုပ်ဘူး။ ဒါပေမယ့် အနာဂတ်မှာ ဟယ့်မိသားစု ငါ့လက်ထဲရောက်လာတဲ့အချိန်ကျရင် သူကလည်း ငါ့ကို အခက်တွေ့အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်”
ထန်ကျစ်ဟွားသည် သိသိသာသာပင် အံအားသင့်သွား၏။
ကျင်းယွင်ကျောင်း၏ လေသံက အနည်းငယ် စိတ်ကြီးဝင်နေပုံပေါက်သော်လည်း ထိုစကားအား သူ ယုံကြည်သည်။
“ဟုတ်ပြီ။ အဲဒီအချိန်ကျရင် ထန်မိသားစုက ဝင်မနှောက်ယှက်ပါဘူးလို့ ငါ ကတိပေးတယ်”
ထန်ကျစ်ဟွားက ချက်ချင်း ပြန်ဖြေလိုက်၏။
ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး ထန်ကျစ်ဟွား သူ့ကိုယ့်သူ အပြစ်မတင်တော့ဘဲ စိတ်သက်သာရာရစေရန် ပုံမှန်အတိုင်းပင် ဆက်ဆံလိုက်သည်။
သို့ရာတွင် ဟယ့်မိသားစုက ထိုကဲ့သို့ ကျူးလွန်ပြီးနောက် သူသည် အနည်းငယ် ကိုယ့်ကိုကိုယ် ယုံကြည်မှုပျောက်ဆုံးနေ၏။ ကန်ကျင်းချန်နှင့် ကျင်းယွင်ကျောင်းသည် ဆေးပညာနယ်ပယ်၌ စိတ်ဝင်စားကြသည့် ဝါသနာတူများဖြစ်၍ ကျီသာ့ယုံးသည်လည်း အတန်းခေါင်းဆောင်းဖြစ်သောကြောင့် သူမနှင့် အတန်း၏ အရေးကိစ္စများကို ဆွေးနွေးတိုင်ပင်နိုင်သည်။ သို့သော်် သူကရော၊ သူသည် သူမအား တစ်လျှောက်လုံး ဒုက္ခများသာ ပေးခဲ့၏။
ဤခံစားချက်မျိုးသည် ရှက်ဖွယ်ကောင်းလွန်းလှသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ထန်မိသားစု၏မြေးတစ်ယောက် ဖြစ်နေသေး၏။ နင်းမြို့တော်၌ သူနှင့်ပေါင်းသင်းသော မိတ်ဆွေသူငယ်ချင်းများသည် သူ့ကြောင့် ဒုက္ခမဖြစ်ရုံသာမက သူ၏ သူငယ်ချင်းဖြစ်နေသရွေ့ သူတို့သည် အကျိုးအမြတ်များစွာပင် ရရှိကြသေးသည်။ သို့သော် ဟွားနင်ခရိုင်၌မူ သူ၏ အိမ်ရှေ့စံမင်းသားလေး အရှိန်အဝါက ပျောက်ကွယ်သွားသည်ဖြစ်ရာ ဤစိတ်ပိုင်းဆိုင်ရာ ကွာဟချက်သည် ကြီးမားလွန််းလှသည်။
တစ်ဖက်၌ ထန်ကျစ်ဟွားသည် ကျင်းယွင်ကျောင်းအား သူကိုယ်တိုင် ကတိပေးခဲ့၏။ ထို့ကြောင့် သူသည် ကျောင်းမှအပြန်လမ်းတွင် သူ၏ ချစ်လှစွာသော အဖိုးထန်လင်းအား ဖုန်းခေါ်လိုက်သည်။
အကြီးအကဲထန်သည် အချိန်အများစု၌ ဘဏ္ဍာရေး သို့မဟုတ် စီးပွားရေးသတင်းများကို အာရုံစိုက်နေရသောကြောင့် လူမူရေးသတင်းများနှင့်ပတ်သတ်၍ အာရုံမစိုက်နိုင်ပေ။ ထန်ကျစ်ဟွားက သူ့အား ဖုန်းဆက်အကြောင်းကြားပြီးမှသာ သူသည် ယနေ့ မနက်ခင်း၌ ကျင်းယွင်ကျောင်း ဒုက္ခအကြီးအကျယ် ရောက်ခဲ့သည့် သတင်းကိုသိလိုက်ရသည်။ ထို့နောက် သူသည် အွန်လိုင်းပေါ်၌ အထက်ပါ ဝရုန်းသုန်းကားဖြစ်ရပ်နှင့် ပတ်သတ်သည့် သတင်းများကို လိုက်ရှာကြည့်လိုက်၏။ ယခုအချိန်၌ အင်တာနက်သုံးစွဲသူများသည် မနက်ခင်းက ဖြစ်ခဲ့သည့်ကိစ္စ၏ ဗီဒီယိုဖိုင်အစအဆုံးကိုပင် တင်ထားကြပြီးဖြစ်သည်။
အဖိုးအိုသည် အဖြစ်အပျက်အစအဆုံးကို အာရုံစိုက်၍ ကြည့်ရှုခဲ့ပြီး ဗီဒီယိုဖိုင်ဆုံးသောအခါ သူသည် အနည်းငယ် စိုးရိမ်သွား၏။
အထူးသဖြင့် ကျင်းယွင်ကျောင်း၏ နဖူး၌ ဒဏ်ရာရသွားသည်ကို မြင်သောအခါ သူသည်လည်း စိတ်သောက မရောက်ဘဲ မနေနိုင်ချေ။
သူသည် ပို့စ်အောက်ရှိ လူတိုင်း၏ မှတ်ချက်များကိုပင် လိုက်လံဖတ်ရှုခဲ့ပြီး ထိုစကားများအားလုံးသည် အဆိပ်ပြင်းလှ၍ တစ်ယောက်ချင်းစီက ကျင်းယွင်ကျောင်းအား ကြမ်းကြမ်းတမ်းတမ်း စော်ကားပြောဆို၍ ရိုင်းစိုင်းစွာ ဆဲဆိုထားကြသည်များသာ ဖြစ်သည်ကိုလည်း တွေ့လိုက်ရ၏။ ထိုမှတ်ချက်များကိုကြည့်ရုံနှင့်ပင် အခြေအနေသည် မည်မျှပြင်းထန်းခဲ့ကြောင်းကို သူ ကောင်းစွာခန့်မှန်းကြည့်နိုင်သည်။
“ဒီကလေးကတော့၊ သူက တကယ်ပဲ အဲဒီလိုပြောတာလား”
အဖိုးထန်က ဖုန်းထဲမှ ဒေါသတကြီး မေးလိုက်သည်။
“အမှန်ပါပဲ။ အဖိုး ဆက်ပြီးတော့ ဟန်ဆောင်မနေပါတော့နဲ့။ အခု ကျွန်တော်တို့မိသားစုက ဟယ့်မိသားစုအပေါ် တစ်ခုလောက် ဒုက္ခပေးလိုက်ရင်တောင် အပြင်လူတွေက အဖိုးရဲ့ရည်ရွယ်ချက်တွေကို အတိအကျ ခန့်မှန်းနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ဒုက္ခပေးတယ်ဆိုတာကိုတောင် သိမှာမဟုတ်ဘူး”
ထန်ကျစ်ဟွားက ချက်ကောင်းကို နင်း၍ ပြောလိုက်၏။
ဤကိစ္စသည် တစ်ဖက်၌ အကျိုးအမြတ်ရှိသလို နောက်တစ်ဖက်၌လည်း ဒုက္ခများတွဲ၍ ပါလာသည်။
ထို့ကြောင့် မိသားစုနှစ်စုကြားတွင် သူတို့က တစ်ဖက်မိသားစုအား နင်းခြေချင်နေသည်ဟု မည်သို့ပြောနိုင်မည်နည်း။
အကယ်၍ ဤကိစ္စသာ ပြဿနာဖြစ်သွားပါက ထန်မိသားစုနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် အခြား ဖွံဖြိုးဆဲကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများသည်လည်း သူတို့အား သတိနှင့် ဆက်ဆံကြတော့မည်မဟုတ်လား။
“မင်း...”
အကြီးအကဲထန်သည် ပါးစပ်ဟလိုက်သော်လည်း ခဏမျှ ပြောစရာစကားလုံး ပျောက်ရှနေ၏။
“အဲဒီလိုဆိုရင်တောင်မှ မင်း ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ဖို့ မလိုဘူး မဟုတ်လား။ တကယ်လို့ မင်းက ဒီလိုမျိုးဖြစ်နေရင် အဲဒီကောင်မလေးက ငါတို့မိသားစုကိုပါ သတိကြီးကြီးထားပြီး ဆက်ဆံနေတော့မှာပဲ”
သူ၏ မြေးဖြစ်သူသည် ငတုံးတစ်ယောက်တော့ မဖြစ်နိုင်ဘူး မဟုတ်လား။
သူသည် ထန်မိသားစု၏ မြေးအကြီးဆုံးဖြစ်သူအား ရောဂါအတော်လေး သက်သာပျောက်ကင်းနေပြီဖြစ်သော်လည်း နင်းမြို့တော်သို့ ပြန်မခေါ်ဘဲ ဟွားနင်ခရိုင်၌ ဆက်လက်၍ ပညာသင်ကြားခွင့်ပြုရန်ပင် သဘောတူခဲ့သည်။ ထိုသို့ခွင့်ပြုပေးခြင်း၏နောက်ကွယ်မှ သူ၏ ရည်ရွယ်ချက်သည် သိသာနေပြီ မဟုတ်လား။
ဟယ့်မိသားစုမှ မိန်းကလေးနှင့် နှိုင်းယှဥ်ပါက သူသည် ကျင်းယွင်ကျောင်းကို အများကြီးပို၍ သဘောကျသည်။
အမှီအခိုကင်းစွာနေထိုင်ပြီး ကိုယ့်ကိုကိုယ် တိုးတက်အောင် အမြဲကြိုးစားနေသည့် သူမသည် ဖော်လံဖားတတ်ခြင်းလည်း မရှိသလို ကိုယ်ရည်သွေးလွန်းခြင်းလည်း မရှိပေ။
သူတို့၏ ထန်မိသားစုသည် စီးပွားရေးဆန်ဆန် မိဘချင်းသဘောတူ၍ လက်ထပ်ထိမ်းမြားခြင်းကို မလိုအပ်ပေ။ ထိုကဲ့သို့ ဂုဏ်ရည်အဆင့်အတန်းတူသူချင်း ပေါင်းဖက်ခြင်းက ကောင်းမွန်သော်လည်း သူတို့၌ အခြားရွေးခြယ်စရာများလည်း ရှိနေသည်ဆိုပါက ထိုအရာများကို ထည့်မစဥ်းစားပေးရန် မဖြစ်နိုင်ပေ။
ကျင်းယွင်ကျောင်း၏ ရုပ်ဆင်းသွင်ပြင်၊ စိတ်နေစိတ်ထားများသည် သူ၏ရင်ထဲရှိ ပြီးပြည့်စုံသော မြေးချွေးမလေး၏ စံချိန်စံညွှန်းများအားလုံးနှင့် ကိုက်ညီမှုရှိသည်။
ကျစ်ဟွားနဲ့ ကျင်းယွင်ကျောင်းက အသက်အရမ်းငယ်နေသေးလို့ပေါ့။ မဟုတ်ရင် ငါ သူတို့ကို ဒီအကြောင်းနဲ့ပတ်သတ်ပြီး တကယ်ပဲ ရှင်းရှင်းလင်းလင်း ပြောပြထားချင်လိုက်တာ။