အခန်း (၂၈၉-၂၉၂)
Vol. 15 Ch. 289-292
Chapter 289 : ကြောင်သူတော်များ
အစောပိုင်းက လူတိုင်းသည် ကျင်းယွင်ကျောင်းအား စော်ကားပြောဆိုနေကြသော်လည်း ယခုအခါ အင်တာနက်သုံးစွဲသူများ၏ ဆဲရေးကျိန်ဆဲမှုများမှာ ကျင်းမိသားစုနှင့် ချောင်မိသားစုဆီသို့ ဦးတည်ချက်ပြောင်းသွားသည်။
ချောင်မိသားစုနှင့် ကျင်းမိသားစု၏ သရုပ်မှန်ကိုမြင်လိုက်ကြရသော အင်တာနက်သုံးစွဲသူများသည် ဒေါသထွက်နေကြပြီး အချို့က ထိုမိသားစုနှစ်စု၏ လိပ်စာကို အွန်လိုင်းပေါ်၌ လိုက်ဖြန့်နေကြကာ အချို့က သူတို့အား အဆက်မပြတ် ဖုန်းခေါ်၍ စိတ်အနှောက်အယှက်ပေးနေကြ၏။
ညပိုင်းတွင်လည်း ပိုင်ယွီအန်း၊ ရှန်းကျင်၊ တုလင်းနှင့် အခြားမိတ်ဆွေအနည်းငယ်က ကျင်းယွင်ကျောင်းအား စိတ်ပူစွာဖြင့် ဖုန်းဆက်သတင်းမေးလာကြသည်။ ထို့နောက် သူမသည် အင်တာနက်သုံးစွဲသူများက ချောင်မိသားစုနှင့် ကျင်းမိသားစုအား ဆက်လက်၍ ကျိန်ဆဲနေကြသည်ကို စောင့်ကြည့်ရန်အတွက် အွန်လိုင်းဖိုရမ်အချို့ကို စစ်ဆေးကြည့်လိုက်၏။
“ငါ အရင်က ဒီလိုမျိုးအရှက်မရှိတဲ့လူတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ သူတို့က စိတ်ဓါတ်အောက်တန်းကျပြီးတော့ လူတစ်ယောက်ရဲ့မိဘတွေအဖြစ်ပါ ဟန်ဆောင်လိုက်သေးတယ်၊ အရှက်ကို မရှိဘူး။ ဆန်ကုန်မြေလေးတွေ”
“အတူတူပဲ၊ နင်တို့ ဟိုဆိုင်းဘုတ်တွေကိုရော မြင်ကြလား။ ကျင်းယွင်ကျောင်းက ကိုယ်ကျင့်တရားပျက်ပြားပြီး ဆင်းရဲတဲ့သူတွေကို အထင်သေးတယ်လို့ သူတို့ကတောင် အတင့်ရဲပြီး စွပ်စွဲထားသေးတယ်။ ငါ တကယ် အုတ်ဂူထဲက ထွက်လာတဲ့ သူတို့ရဲ့ဘိုးဘေးယောင်ဆောင်ပြီးတော့ သူတို့ကို ရိုက်ပစ်ချင်တယ်”
“အဲဒီ ကျင်းမိသားစုက ငကြောင်စုံတွဲရဲ့ကလေးတွေကလည်း ဒီပုတ်ထဲက ဒီပဲတွေပဲနော်။ တစ်ချက်ကြည့်ရုံနဲ့တင် ကောင်လေးက တအားအလိုလိုက်ခံထားရမှန်း သိသာတယ်။ ငါ အဲဒီလို ယောက်ျားလေးတွေကို မိန်းကလေးတွေထက် ပိုဦးစားပေးတဲ့လူမျိုးတွေကို အရမ်းမုန်းတာပဲ။ ချောင်မိသားစုက ပိုပြီးတော့တောင် ထူးဆန်းသေးတယ်၊ ကလေးတွေကို ကောင်းကောင်း မစောင့်ရှောက်နိုင်ရင် မမွေးစားနဲ့လေ၊ ကြောင်သူတော်ကြီး”
…
“နင်တို့အားလုံးက အဲဒီမိသားစုနှစ်စုကို ရှုတ်ချနေကြပေမယ့် ငါကတော့ ကျင်းယွင်ကျောင်းကို ချစ်မိသွားတဲ့ တစ်ဦးတည်းသောသူပဲ”
“အပေါ်က ကောမန့်လိုပဲဟေး။ ငါ့ရဲ့ဖူးစာဖက်ကို ရှာတွေ့ပြီ။ ကျင်းယွင်ကျောင်းက အလှလေးတစ်ယောက်ပဲ။ သူ့ရဲ့အသားအရည်ရော ခန္ဓာကိုယ်ရောက လှတယ်။ ပြီးတော့ သူက စာလည်းတော်သေးတယ်။ သူက ကျောင်းမှာကတည်းက နတ်ဘုရားမတစ်ပါးဖြစ်နေပြီ။ ပြီးတော့ သူ့ရဲ့နေပုံထိုင်ပုံကလည်း ဘုရင်မတစ်ပါးလိုပဲ၊ သူ စကားပြောလိုက်ရင် လူတိုင်းက ရှိန်သွားရော။ သနားစရာကောင်းတာက သူ့ကို လူတစ်ယောက်က တိုက်ခိုက်ခဲ့သေးတာပဲ။ ငါသာ အဲဒီကျောက်ခဲနဲ့ထုတဲ့ သူတောင်းစားကို ဖမ်းမိရင် မူးမေ့သွားတဲ့အထိ ရိုက်ပစ်မှာ”
“ကျောက်ခဲနဲ့ထုတဲ့ သူတောင်းစားကို ကျောက်ခဲနဲ့ပဲ ပြန်ထုသင့်တယ်။ သူဖော်တဲ့ဆေး သူ့ပြန်စားခိုင်းလိုက်ပေါ့”
…
လူအများက မိသားစုနှစ်စုအား ရှုတ်ချရန်အတွက် ပို့စ်အသစ်များတင်နေကြချိန်တွင် အချို့ပို့စ်များသည် မူလရည်ရွယ်ချက်မှ သွေဖီကာ သူမ၏အလှအား ချီးမွှမ်းနေကြသဖြင့် ကျင်းယွင်ကျောင်းသည် ကောမန့်များကိုလိုက်ဖတ်ရင်း ဆွံ့အနေခဲ့၏။
အင်တာနက်သုံးစွဲသူများသည် သူမအား ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးကြသည်မှာ သေချာသော်လည်း သူတို့သည် သူမအား အသုံးမကျသည့်အမှုန်အမွှားတစ်ခုကဲ့သို့လည်း နှိမ်ချ၍ ပြောဆိုထားပြီးနောက် တစ်ချိန်တည်းမှာပင် သူတို့သည် သူမအား ဘုရင်မတစ်ပါး၊ နတ်ဘုရားမတစ်ပါးဟု ခေါ်နေကြပြန်သည်။
အွန်လိုင်းဖိုရမ်များထဲသို့ နာရီအနည်းငယ်ကြာအောင် ဝင်ကြည့်ပြီးသည့်နောက်တွင် ကျင်းယွင်ကျောင်းသည် ထိုအင်တာနက်စာမျက်နှာများကို ပိတ်လိုက်၏။ ထို့နောက် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၍ သူမ၏ စိတ်နှင့် ခန္ဓာကို အားဖြစ်စေမည့် ကိုယ်ခံပညာရပ်များကို လေ့ကျင့်ရန်အတွက် နေရာလွတ်နယ်မြေထဲသို့ ဝင်လာခဲ့သည်။
သို့ရာတွင် သူမ အွန်လိုင်းဖိုရမ်များထဲတွင် မြင်ခဲ့ရသည်များထက် ပို၍ ဆိုးရွားသော ကိစ္စတစ်ခု အပြင်လောက၌ ဖြစ်ပျက်သွားခဲ့သည်အား ကျင်းယွင်ကျောင်း မသိလိုက်ပေ။
အစောပိုင်းက လူအများအပြားသည် ကျင်းယွင်ကျောင်းအား ရက်စက်လွန်းသူဟု ယူဆ၍ အုပ်စုဖွဲ့ကာ ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ သို့ရာတွင် ယခုအခါ၌ ကျင်းယွင်ကျောင်းသည် မှားယွင်းအစွပ်စွဲခံရကြောင်းကို သက်သေပြပြီးဖြစ်သဖြင့် အင်တာနက်သုံးစွဲသူများသည် အလိမ်ခံလိုက်ရသကဲ့သို့ ခံစားနေရ၏။ ထိုအခါ အလိမ်ခံလိုက်ရသော အင်တာနက်အသုံးပြုသူများထဲမှ အချို့သည် ကျင်းယွင်ကျောင်းအား အွန်လိုင်းပေါ်မှ တောင်းပန်နေကြပြီး အချို့က မိသားစုနှစ်စုအား ဆဲဆိုကြိမ်းမောင်းနေကြသည်။ တစ်ဖက်၌လည်း ကျင်းမိသားစုနှင့်ချောင်မိသားစုကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်သွားသူများမှာ အခင်းဖြစ်ပွားချိန်၌ ထိုနေရာတွင်ရှိနေကြသူများပင်။
ချောင်ဝေ့မင်နှင့် ချောင်ဟုန်ယဲ့၏ ပုံရိပ်သည် ဤဖြစ်ရပ်မတိုင်မီကတည်းက ပျက်ဆီးပြီးသားဖြစ်သော်လည်း ယခုတစ်ခေါက် ဖြစ်ရပ်သည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားသည်ဖြစ်ရာ သတင်းများသည် သူတို့၏ မြို့လေးအထိ ရောက်ရှိသွား၍ သားအဖနှစ်ယောက်သည် အိမ်ပြင်ဘက်သို့ ခြေတစ်လှမ်းပင် မထွက်ရဲတော့ပေ။
မူလက ချောင်ဟုန်ယဲ့သည် ဤပြဿနာငြိမ်သွားသည်အထိ ကျန်မိသားစု၏ အိမ်၌ သွားပုန်းနေချင်သော်လည်း ကျန်မိသားစုသည် ရင်ကွဲမြက်အဆိပ်သင့်သည့်ကိစ္စကို ဖြေရှင်းနေရဆဲဖြစ်သဖြင့် မိသားစုဝင်များသည် စိတ်ဆင်းရဲနေကြပြီး ကျန်ရှအား ချောင်ဟုန်ယဲ့ကို သူတို့အိမ်သို့ ခေါ်မလာရန် တားမြစ်ခဲ့ကြသည်။
ထိုအချိန်က ကျန်ရှသည် ချောင်ဟုန်ယဲ့အား အမှန်တကယ်ပင် ချစ်မြတ်နိုးခဲ့၏။ သို့သော် အတူနေပြီးနောက် ချောင်ဟုန်ယဲ့သည် တဖြေးဖြေး စိတ်ရှုပ်စရာကောင်းလာခဲ့သည်။ ထို့အပြင် သူမက သူ့အား အခြားသူများ၏ အရှေ့၌ အရှက်ရစေခဲ့သည့် အချက်ကိုပါ ထည့်တွေးပြီးနောက်တွင် ကျန်ရှသည် သူတို့၏ ဆုံးဖြတ်ချက်ကို မငြင်းနိုင်တော့ဘဲ သဘောတူလိုက်ရ၏။
အိမ်သို့ပြန်လာရသော ချောင်ဟုန်ယဲ့သည် အလွန်နေရထိုင်ရ ကျဥ်းကြပ်သလို ခံစားနေရသည်။
သူမ ဟင်းချက်စရာပစ္စည်းများဝယ်ရန် အပြင်ထွက်သောအခါ ပျံကျစျေးသည်များက မမြင်ချင်ယောင်ဆောင်၍ လျစ်လျူရှုထားကြပြီး လျစ်လျူမရှုသောသူများကလည်း သူမအား စျေးမရောင်းနိုင်ဟု ပွင့်ပွင့်လင်းလင်း ငြင်းလွှတ်ကြ၏။
ဤကိစ္စဖြစ်ပြီးနောက် အရက်ကြိုက်သည့် ချောင်ဝေ့မင်သည်လည်း သူ၏ မိတ်ဆွေအပေါင်းအသင်းများထံမှ ဖယ်ကြဥ်ခံလိုက်ရသည်။
အိမ်နီးချင်းများကလည်း သူတို့နှင့် အဆက်အဆံ မလုပ်တော့ပေ။
ထိုကဲ့သို့ ဆက်ဆံခံရသည်မှာ တစ်လကျော်ခန့်ကြာလာပြီးနောက် ချောင်ဟုန်ယဲ့သည် ထပ်မံ၍ တောင့်မခံနိုင်တော့။ ထို့ကြောင့် သူမသည် ချောင်ဝေ့မင် အရက်အမူးလွန်မည့် အချိန်ထိတိုင်အောင် စောင့်နေပြီး ကျန်မိသားစုထံမှရလာသည့် ငွေများကို ဖွက်ထားသောနေရာမှ ထုတ်ယူလိုက်၏။
ယွမ်ထောင်ဂဏန်းခန့်သာ ယူရသေးချိန်တွင် ချောင်ဝေ့မင်သည် အရက်အမူးလွန်၍ အိပ်ပျော်နေရာမှ နိုးလာသဖြင့် ငွေများယူနေသည်ကို မြင်သွားပြီးနောက် သူမ အနောက်သို့ ပြေးလိုက်တော့သည်။
သို့ရာတွင် သူသည် အမူးလွန်နေသောကြောင့် ချောင်ဟုန်ယဲ့အား မိအောင် မဖမ်းနိုင်ရုံသာမက လမ်းဘေးရှိမြောင်းထဲသို့ပါ ခြေချော်၍ ပြုတ်ကျသွား၏။ သူသည် နာရီအနည်းငယ်ခန့်ကြာသည်အထိ ငယ်သံပါအောင် အော်ဟစ်နေသော်လည်း မည်သူကမှ ဂရုမစိုက်ပေ။ နောက်ဆုံး မေ့မျော့သွား၍ အသံမထွက်တော့သည့်အချိန်ကျမှ လမ်းသွားလမ်းလာများသည် သူတို့ အမှုပတ်မည်ကို စိုးရိမ်သောကြောင့် သူ့အား ဆေးရုံသို့ ပို့လိုက်ကြလေတော့သတည်း။
Chapter 290 : ဒုက္ခိတ
ချောင်ဝေ့မင်သည် သေကံမရောက် အသက်မပျောက်သော်လည်း ဒုက္ခိတဖြစ်လာ၏။
ဆေးရုံ၌ သတိရလာသောအခါ သူ၏ ခြေထောက်တစ်ချောင်းမှာ ဖြတ်တောက်ထားပြီးသားဖြစ်နေသည်။ ဆေးရုံစရိတ်များအား သူ၏ စိတ်ရင်းကောင်းသော အိမ်နီးချင်းများက အတူစုပေါင်း၍ ပေးချေလိုက်ကြ၏။ သို့သော် သူတို့သည် ပိုက်ဆံသာထုတ်ပေး၍ မည်သူကမှ ဆေးရုံတွင်နေ၍ သူ့အား မပြုစုပေးကြပေ။
ထိုအခါ ချောင်ဝေ့မင်သည် လုံးဝ စိတ်လွတ်သွား၍ ဆေးရုံ၌ တစ္ဆေတစ်ကောင်ကဲ့သို့ သံရှည်စွဲပြီး အော်ဟစ်ငိုယိုကာ သောင်းကျန်းတော့သည်။ ကံဆိုးသည်မှာ သမားတော်များသည် သူ့အကြောင်းကို သိထားပြီးဖြစ်၍ အစောပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားကြ၏။ သူတို့သည် ဆေးရုံထဲသို့ဝင်၍ ချောင်ဝေ့မင်၏ အခြေအနေများကိုပင် မှတ်တမ်းတင်သွားသေးသည်။ သူ မည်မျှပင် ပြဿနာရှာနေစေကာမူ မည်သူ့အပေါ်မှ အကျိုးသက်ရောက်မှု မရှိပေ။
ထိုအချိန်၌ ချောင်မိသားစု၏ ဂုဏ်သတင်းသည် လုံးဝကျဆင်းသွား၍ ချောင်ကျစ်ကျိုးသည်လည်း ထိုကိစ္စကြောင့် အရှက်ရသလို ခံစားလာရသည်။ ထို့ကြောင့် သူသည် လဝက်ခန့် အိမ်တွင်းသာ အောင်းနေ၏။
ချောင်ဝေ့မင်သည် သမီးဖြစ်သူအပေါ်၌ အလွန်နှမြောတွန့်တိုတတ်သော်လည်း သားဖြစ်သူကိုမူ အလွန်ရက်ရောသည်ဖြစ်ရာ ချောင်ကျစ်ကျိုး၌ ပိုက်ဆံမပြတ်ပေ။ ထို့ကြောင့် သူသည် ကျောင်းအနီးရှိ တိုက်ခန်းတစ်ခုက်ို အလျင်အမြန် ငှားရမ်း၍ တစ်ကိုယ်တည်း နေထိုင်ခဲ့၏။ သို့သော် ကျောင်း၌မူ သူသည် အလိုလို သိက္ခာကျနေပြီးသားဖြစ်နေလေသည်။ ထို့ကြောင့် သူသည် နောက်ထပ် အထက်တန်းနှစ်နှစ် အမြန်ပြီးဆုံးပြီး ဤကျိန်စာသင့်နေသော ဟွားနင်ခရိုင်မှ ထွက်သွားရန်ကိုသာ မျှော်လင့်နေမိတော့၏။
ယခုအချိန်၌ ချောင်ဝေ့မင်သည် သူ၏ဘေးတွင် ပြုစုပေးမည့် သားသမီးတစ်ယောက်မှ မရှိသောကြောင့် အလွန်သနားစရာကောင်းနေခဲ့သည်။ သူသည် ထမင်း၊ ဟင်း မချက်တတ်သော ယောက်ျားတစ်ယောက်ဖြစ်၍ ရံဖန်ရံခါ ငတ်ပြတ်နေတတ်၏။
ထို့ကြောင့် သူက ကျင်းယွင်ကျောင်းအား ပါးစပ်ကသာ ဆဲဆိုကြိမ်းမောင်းနေခဲ့သော်လည်း သူမအား ကိုယ်တိုင်ကိုယ်ကျသွားရှာ၍ ဒုက္ခပေးနိုင်စွမ်းမရှိတော့ပေ။ သူသည် နေ့စဥ်နေ့တိုင်း ဝမ်းနည်းကြေကွဲ၍ စိတ်ဓါတ်ကျနေပြီး မကြာမီမှာပင် သူသည် အရက်သမားလုံးလုံး ဖြစ်သွားတော့၏။ နောက်ပိုင်း၌ သူသည် အရက်အသောက်လွန်၍ ဆေးရုံသို့ မကြာခဏရောက်လေ့ရှိသည်။
ချောင်ဝေ့မင်၏ ဘဝ မည်မျှပင် ဆိုးရွှားနေစေကာမူ ဘေးလူများသည် သူ့အား လုံးဝ စာနာသနားစိတ်မဝင်မိကြ။
ထိုကဲ့သို့ ချောင်ဝေ့မင်၏ ဘဝ ခက်ခဲနေချိန်၌ ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းတို့၏ ဘဝသည် ပို၍ပင် ဆိုးနေသေးသည်။
ရွာကျဥ်းကျဥ်းလေး၌ နေထိုင်ရသောကြောင့် ရွာသားများသည် တစ်ယောက်နှင့် တစ်ယောက် နေ့စဥ်မြင်တွေ့နေကြရ၏။ များသောအားဖြင့် သူတို့သည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ၍ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ရှေ့ဆက်လုပ်ကိုင်နေရခြင်းဖြစ်သည်။ သို့သော် ကျင်းမိသားစုသည် ဖုံးကွယ်လိမ်ညာပြီး ရွာထဲရှိ လူတိုင်းအပေါ်၌ အပြစ်ပြုခဲ့၏။
ထို့ကြောင့် ထိုလင်မယားပြန်ရောက်လာပြီး မကြာမီမှာပင် လိမ်လည်မှုအတွက် တရားရုံးမှ ဆင့်ခေါ်စာတစ်စောင်ရောက်လာခဲ့သည်။
ဤကိစ္စသည် ကျယ်ပြန့်လွန်းပြီး ကောင်းမွန်သော ကိစ္စတစ်ခုလည်း မဟုတ်ရာ လူများက သူတို့အား ရှေ့ထွက်၍ ဖြေရှင်းရန်အတွက် သေချာပေါက် ဖိအားပေးကြလာ၏။ သို့မှသာ ရွာသားများသည် သူတို့ပါရော၍ နာမည်ပျက်သည်ကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
ထိုအခါ ဤအမှု၌ပါဝင်သော ဆရာဝန်သည်လည်း တရားရုံးသို့ ဆွဲခေါ်ခံရပြီး သူ့အား သက်သေအဖြစ်တင်သွင်းကြ၏။ ကျင်းစုံတွဲ ကျူးလွန်းသော ရာဇဝတ်မှူအတွက် မေးခွန်းများမှာ ပို၍ပင် ခက်ခဲလှသည်။ သူတို့သည် ကျင်းယွင်ကျောင်းတစ်ယောက်တည်းကိုသာ အယုံသွင်းလိမ်ညာခဲ့ခြင်းဖြစ်သော်လည်း ထိုလုပ်ရပ်က လူထုတစ်ရပ်လုံးအား ထိခိုက်စေခဲ့၏။
သူတို့သည် ကျင်းယွင်ကျောင်းနှင့် သူတို့၏ သွေးသားတော်စပ်မှုကို အသုံးချပြီး လူထု၏ စာနာသနားမှုကို လှည့်ဖြားရယူကာ ယွမ်တစ်သိန်းကျော် လိမ်လည်အလှူခံခဲ့သည်။
မစ္စ ဟယ့် ကမူ သူမ၏ သြဇာအာဏာကြီးသော အဆင့်အတန်းကြောင့် မရှင်းမလင်းသာ ပြီးဆုံးသွားခဲ့၏။
လင်မယားနှစ်ယောက်လုံး ထောင်ဒဏ် ငါးနှစ်ခွဲစီ အပြစ်ပေးခံရသဖြင့် သူတို့၏ သားသမီးများမှာ တစ်ကောင်ကြွက်အစစ်အမှန် မဟုတ်သောကြောင့် ဆွေမျိုးသားချင်းများက စောင့်ရှောက်ပေးထားရမည်ဖြစ်သည်။
ကံဆိုးသည်မှာ ကျင်းမိသားစုသည် နာမည်ပျက်ထားသောကြောင့် ဆွေမျိုးများသည်လည်း စိတ်မသက်မသာ ခံစားနေကြရပြီး နှစ်ပေါင်းများစွာ ထားရှိခဲ့ကြသည့် သံယောဇဥ်ကြောင့်သာ သူတို့သည် အငယ်နှစ်ယောက်ဖြစ်သည့် ကျင်းမင်ခိုင်နှင့် ကျင်းလင်ကို စောင့်ရှောက်ပေးရန် ခေါ်သွားကြ၏။
ကျင်းမင်ခိုင်သည် ယခင်က မိသားစု၏ ဘုရင်တစ်ပါးဖြစ်ခဲ့သောကြောင့် ယခုအချိန်တွင်လည်း သူသည် မောက်မာနေဆဲဖြစ်ရာ အခက်အခဲများစွာ တွေ့ကြုံရသည်။ ကျင်းလင်ကမူ အနည်းငယ် ပို၍ ထက်မြက်ပြီး စကားအပြောအဆို ချိုသာသော်လည်း သူမ၏ ထက်မြက်မှုက အခြားသူများ၏ မျက်လုံးထဲ၌ ဘောင်မဝင်ပေ။ သူမသည် အလယ်တန်းသာရှိသေး၍ သူမ၏ ကုန်ကျစရိတ်များကို တတ်နိုင်သေးသော်လည်း အထက်တန်းကျောင်း ဆက်တက်ရန်မှာမူ လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် သူမသည် ဆွေမျိုးသားချင်းများ၏ ငြူစူမှုများကို ပြင်းပြင်းထန်ထန် ခံစားနေရလေသည်။
ထောင်ထဲ၌ ဝမ်ရှင်းဖန်းသည် သူမ တန်ဖိုးအထားဆုံးဖြစ်သည့် သားဖြစ်သူအား အခြားသူများက ကျွေးမွေးစောင့်ရှောက်နေသဖြင့် သေလောက်အောင်ပင် မကျေမနပ် ဖြစ်နေ၏။
သို့ရာတွင် ထိုအချိန်၌ ကျင်းမင်ခိုင်သည် အခြားမိသားစု၌ အနည်းငယ် အဆင်မပြေဖြစ်နေသော်လည်း ကျင်းမိသားစုအိမ်ကိုမူ မပြန်ချင်ကြောင်း အသည်းအသန် ငြင်းဆန်တတ်သည်။
အကြောင်းမှာ ထိုအိမ်၌ ကျင်းရှို့မှ လွဲ၍ ဘာမှမရှိတော့သောကြောင့်ပင်။
ကျင်းမိသားစု၌ ဆွေမျိုးသားချင်းများစွာ မရှိသလို ထိုဆွေမျိုးများကလည်း သူတို့မောင်နှမများကို ကျွေးမွေးစောင့်ရှောက်လိုစိတ် များများစားစား မရှိကြပေ။ ထို့အပြင် ကျင်းရှို့သည် အခြားသူများ၏ အထောက်အပံ့ဖြင့် အသက်ရှင်ရခြင်းထက် သူမ၏ အိမ်ဟောင်းလေး၌သာ နေထိုင်လိုသည်။ အနည်းဆုံးတော့ သူမသည် အခြားသူများ၏ မကြည်ဖြူသောအကြည့်များကို ရင်ဆိုင်ပြီး သတိထား၍ နေထိုင်ရန် မလိုအပ်ပေ။
အိမ်မှုကိစ္စများသည် သူမ နှစ်ပေါင်းများစွာ ကိုယ်တိုင်လုပ်ကိုင်လာခဲ့သောအရာများ ဖြစ်သဖြင့် စီမံခန့်ခွဲနိုင်သည်။
ကျင်းယွင်ကျောင်းသည် ကျင်းမိသားစုအား အလွန်မုန်းတီးသော်လည်း ကျင်းရှို့ကိုမူ အနည်းငယ် ဂရုစိုက်နေသေးရာ သူမ၏ အခြေအနေကို စုံစမ်းရန်အတွက် လူတစ်ယောက် လွှတ်ထား၏။
Chapter 291 : ခြေကုပ်ယူခြင်း
ကျင်းရှိုနှင့် ကျင်းမင်ခိုင်တို့သည် တစ်အိမ်တည်းနေခဲဲ့ကြသော်လည်း သူတို့ကြီးပြင်းလာရသည့် ပတ်ဝန်းကျင်က မတူပေ။ ကျင်းမင်ခိုင်နှင့် နှိုင်းယှဥ်ပါက ကျင်းရှို့သည် ငယ်စဥ်ကတည်းက ဒုက္ခများစွာ တွေ့ကြုံခံစားခဲ့ရသည်။
ကျင်းမင်ခိုင်သည် အမှားအမှန် မခွဲခြားနိုင်သည့် ကလေးတစ်ယောက်ဖြစ်သော်လည်း သူ၏ နေ့စဥ်ဘဝသည် ယခင်ကကဲ့သို့ပင် ကြမ်းတမ်းနေ၍ အချို့မိဘများက သူတို့၏ သားသမီးများကို သူနှင့်မပေါင်းသင်းရန် မှာထားကြ၏။ ထို့ကြောင့် သူသည် ခွဲခြားဆက်ဆံခံရသည်ဟု ခံစားရပြီး ဆွေမျိုးများ၏ အိမ်၌ နေ့တိုင်း ပြဿနာရှာရာ သူတို့သည် သူ့အား အလွန်အမင်း စိတ်ပျက်လာကြ၍ ရိုက်နှက်ဆုံးမသည့်အဆင့်ထိပင် ဖြစ်လာခဲ့သည်။
တစ်ဖက်၌ ကျင်းရှို့၏ အတန်းဖော်များသည် အမှားအမှန်ခွဲခြားတတ်သည့် အရွယ်ဖြစ်၍ အခြားသူများနှင့်ယှဥ်ပါကလည်း ပို၍ မထီမဲ့မြင်ပြုတတ်ကြသော အရွယ်လေးများဖြစ်ကြရာ သူတို့သည် ကျောင်း၌ ကျင်းရှို့အား ဖယ်ကြဥ်ထားကြ၏။
ကျင်းရှို့သည် လိမ္မာယဥ်ကျေး၍ သူမ၏ မိဘများ ထောင်ကျနေခြင်းက သူမ၏ အပြစ်မဟုတ်သော်လည်း လူတိုင်းက သူမအား မုန်းစရာကောင်းသော လူတစ်ယောက်အဖြစ် ဆက်ဆံကြသည်။
သူမ ကျောင်းသွားသောအခါ ကျောင်းသားများသည် သူမ၏ လွယ်အိတ်ထဲတွင် ပိုးကောင်မွှားကောင်များ ထည့်ထားကြပြီး သူမ ထိုင်ခုံမှ ထသွားပါက သူမ၏ စာအုပ်များကို ဆွဲလွှင့်ပစ်တတ်ကြသဖြင့် ကျင်းရှို့၏ နေ့စဥ်ဘဝသည် အရှင်လတ်လတ် ငရဲကျသကဲ့သို့ ခံစားနေရ၏။
ကျင်းယွင်ကျောင်းသည် ဤကိစ္စကိုကြားသောအခါ တုလင်းအားလွှတ်၍ ကျင်းရှို့အား ရွှေချန်းရွာမှ ခေါ်ထုတ်လာစေခဲ့သည်။
ကျင်းယွင်ကျောင်းသည် ကိုယ်တိုင်သွားချင်သော်လည်း ယခုအချိန်၌ ဟွားနင်ခရိုင်ရှိ လူများက သူမကို စောင့်ကြည့်နေကြသဖြင့် သူမသာသွားလျှင် ထိုလူများသည် ရွှေချန်းရွာအား အသေးစိတ်စုံစမ်းမှုများ ပြုလုပ်ကြလိမ့်မည်။
ထို့အပြင် ကျင်းရှို့အား ကျင်းယွင်ကျောင်း၏ အိမ်သို့ ခေါ်သွားရန် အဆင်မပြေသောကြောင့် တုမိသားစုအိမ်၌ ခဏနေရန်ခေါ်ထားပြီး ညအချိန်ရောက်မှ ကျင်းယွင်ကျောင်းသည် ထိုအိမ်သို့ စောနိုင်သမျှစောအောင် အပြေးအလွှားသွားခဲ့သည်။
ကျင်းရှို့သည် ကျောင်းဝတ်စုံဝတ်ထားသော်လည်း ဝတ်စုံ၏ အနောက်ကျောတွင် အတန်းဖော်များက မင်အမည်းများဖြင့် လျှောက်ခြစ်ထား၏။ သူမ၏ ဆံပင်များကလည်း ရှုပ်ပွနေပြီး ကျင်းယွင်ကျောင်းကို မြင်သောအခါ သူမသည် ကြောက်လွန်းသဖြင့် တုန်ယင်သွားပြီး ခန္ဓာကိုယ်ကလည်း ကျုံ့ဝင်သွားသည်။
“ကိုယ်သာ မင်းဆိုရင်လေ...”
တုလင်းက ခေါင်းယမ်းလိုက်၏။ သူသာ ကျင်းယွင်ကျောင်းဆိုပါက ကျင်းရှို့နှင့် ပတ်သတ်ပြီး စိတ်ပူနေလိမ့်မည်မဟုတ်ဟု တွေးနေမိသည်။
သူသည် ရက်စက်ကြမ်းကြုတ်သူတစ်ယောက် မဟုတ်သော်လည်း ဤကိစ္စကို ယုတ္တိရှိရှိ တွေးခေါ်ခြင်းသာ ဖြစ်၏။
ကျင်းမိသားစုက ကျင်းယွင်ကျောင်းအပေါ် ၌ ဆိုးဆိုးဝါးဝါး ပြုမူခဲ့သော်လည်း ယခု သူမက ကျင်းမိသားစု၏ သမီးဖြစ်သူအား ကြည့်ရှုစောင့်ရှောက်ပေးချင်နေသည်လား။ သူမသည် ကြင်နာတတ်လွန်း၍ နုံအသွားသည်များလား။
“ရှင်က ကျွန်မနဲ့မှ မတူတာ၊ ကျင်းရှို့ကို ကြည့်လိုက်တိုင်း ကျွန်မ ဘာကိုမြင်တယ်ဆိုတာ ရှင် ဘယ်လိုလုပ်သိမှာလဲ”
သူ့ဆီမှာ အရင်တုန်းက ကျွန်မကိုယ်ကျွန်မ ပြန်မြင်ရတယ်လေ။
ကျင်းရှိူ့၏ ဘဝအခြေအနေသည် ကျင်းယွင်ကျောင်း၏ အတိတ်ဘဝနှင့် အတူတူပင်ဖြစ်သည်။
ထိုအချိန်က ကျင်းယွင်ကျောင်းသည် တစ်စုံတစ်ယောက်က သူမအား ခဏတဖြုတ်ဖြစ်ဖြစ် အကူအညီလေးပေးလာရန် ကြိမ်ဖန်များစွာ မျှော်လင့်ခဲ့၏။ အကယ်၍ သူမကို ကူညီ၍ လမ်းမှန်ညွှန်ကြားပေးမည့် လူတစ်ယောက်သာရှိပါက သူမသည် ချောင်မိသားစု၏ နှစ်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်မှုများကို ခံစားရသော်လည်း ကြောက်ရွံ့တုန်လှုပ်နေတော့မည် မဟုတ်ပေ။
ကျင်းမိသားစုသည် ကျင်းမိသားစုဖြစ်၍ ကျင်းရှို့က ကျင်းရှို့သာဖြစ်ကြောင်း ကျင်းယွင်ကျောင်းသည် ကွဲကွဲပြားပြား ခွဲခြားနားလည်သည်။
ကျင်းမင်ခိုင်နှင့် ကျင်းလင်တို့သည် သည်းခံစိတ် မရှိဘဲ စိတ်လိုက်မာန်ပါလုပ်တတ်သည့် အကျင့်စရိုက်ရှိ၍ သူတို့သည် ထိုအကျင့်စရိုက်များကြောင့် အနာဂတ်တွင် ဆွေမျိုးများနှင့်အတူနေသောအခါ သေချာပေါက် ဒုက္ခရောက်လိမ့်မည်။ သို့ရာတွင် ထိုမောင်နှမ၏ အနာဂတ်ပျက်စီး၍ မျှော်လင့်ချက်ကင်းမဲ့သွားလျှင်တောင်မှ သူမသည် မျက်တောင်တစ်ချက်ပင် ခတ်မိလိိမ့်မည် မဟုတ်။
ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းအတွက် ဆိုပါက သူတို့သည် အဘယ်သူများဖြစ်သနည်း။
ထောင်ကျနေစဥ်၌ သူတို့၏ ဘဝသည် မလွယ်ကူသော်လည်း ငါးနှစ်ကြာပြီးနောက်တွင်မူ ယခုထက်ပင် ပိုဆိုးသွားလိမ့်မည်။ ငါးနှစ်အတွင်း၌ သူတို့သည် ကျန်းမာရေးမကောင်းသလို ကြံ့ခိုင်မှုလည်း ရှိတော့မည်မဟုတ်၊ ဆွေမျိုးများကလည်း ထပ်မံ၍ အကူအညီပေးတော့မည် မဟုတ်ဘဲ အိမ်နီးချင်းများကလည်း သူတို့အား လျစ်လျူရှုထားကြလိမ့်မည်ဖြစ်ရာ အနာဂတ်၌ သူတို့ကြုံတွေ့ရမည့် ဒုက္ခများကို ခန့်မှန်းကြည့်နိုင်သည်။
ကျင်းယွင်ကျောင်း၏ စကားကို နားထောင်ပြီးနောက် တုလင်း ဆွံ့အ,သွား၏။ သို့သော် သူ၏ စိတ်ထဲ၌ သူမဆိုလိုသည့်သဘောကို နားလည်သောကြောင့် ကျင်းယွင်ကျောင်းနှင့် ကျင်းရှို့အား နှစ်ယောက်တည်း စကားပြောခွင့်ပေးလိုက်သည်။
“ကျင်းရှို့”
ကျင်းယွင်ကျောင်းက ခေါ်လိုက်၏။
“အစ်မကြီး ယွင်ကျောင်း”
“ငါက နင်နဲ့ စကားပြောချင်ရုံပါပဲ။ နင့်ကို မေးခွန်းနည်းနည်းလောက် မေးဦးမယ်”
ကျင်းယွင်ကျောင်းက ရိုးရိုးရှင်းရှင်း ပြောလိုက်သော်လည်း ကျင်းရှို့က အလန့်တကြား ခေါင်းခါပြလိုက်သည်။
ထိုအခါ ကျင်းယွင်ကျောင်းသည် သူမ၏ တုံ့ပြန်ချက်ကြောင့် အံ့သြမသွားဘဲ ရယ်၍ ပြန်မေးလိုက်၏။
“နင့်ရဲ့အနာဂတ်ကို ငါ ကူညီမယ်လို့ နင် တွေးကြည့်ဖူးရဲ့လား”
“လက်ရှိအချိန်မှာ လူတိုင်းက နင်ကို ဆန့်ကျင်နေကြတယ်။ ကျောင်းမှာလည်း နင့်ကို ဘယ်သူကမှ လက်မခံဘူး။ နင်က စာတော်ပေမယ့် အခုနောက်ပိုင်းမှာ စိတ်ရှုပ်ပြီး ဆရာတွေ စာမေးတာတောင် မဖြေနိုင်တော့ဘူးလေ။ ဒီလိုမျိုးသာ ဆက်ဖြစ်နေမယ်ဆိုရင် တောင်ပေါ်ကနေ နှင်းလုံးတစ်လုံးကို ပစ်ချလိုက်သလိုမျိုး နင် အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲကျမှာပဲ။ ပြီးတော့ နင်က အထက်တန်းကျောင်းမှာ ဘဝသစ်ပြန်စမယ်လို့ တွေးနေရင်တောင်မှ အဲဒီအထက်တန်းကျောင်းက ဟွားနင်ခရိုင်နဲ့ နီးနီးလေးဆိုရင် လူတိုင်းက နင့်ကို မှတ်မိနေဦးမှာဆိုတာကို နင်သိထားရမယ်။ အဲဒီအချိန်ကျရင် နင်က လက်ရှိအခြေအနေလိုမျိုးပဲ ဖြစ်နေဦးမှာလေ။ သူငယ်ချင်းမရှိ ... မိသားစုမရှိ ...”
Chapter 292 : အိပ်မက်ဆိုး
“စကားပြောစရာ လူမရှိ၊ ပေါင်းစရာ လူမရှိတာကလွဲရင် နင့်ရဲ့ကျောင်းစရိတ်နဲ့ နေထိုင်မှုစရိတ်တွေကိုတော့ ကိုယ်တိုင် ရှာနေရဦးမှာပဲ။ ဒါပေမယ့် နင် အလုပ်စလုပ်ပြီး နင်သုံးဖို့အတွက်နဲ့ ကျောင်းစရိတ်အတွက် ငွေရှိလာရင် နင့်ရဲ့မောင်လေး၊ ညီမလေးတွေက နင့်ကို လာရှာပြီးတော့ ‘ဟို...ကျွန်တော်တို့ ဆွေမျိုးတွေဆီမှာ နေရတာ အဆင်မပြေဘူး၊ အစ်မရဲ့ငွေကြေးအထောက်အပံ့လိုတယ်’ လို့ ပြောလာလိမ့်မယ်”
“ဒါဆိုရင် နင် ဘာလုပ်မလဲ။ နင်က နင့်ရဲ့မောင်လေးညီမလေးတွေက အရမ်းသနားစရာကောင်းတယ်လို့ တွေးမယ်၊ ပြီးတော့ နင်က အစ်မအကြီးဆုံးဖြစ်လို့ မိဘတွေ အနားမှာမရှိတဲ့အချိန်မှာ အရာအားလုံးကို တာဝန်ယူသင့်တယ်လို့ နင်က တွေးမယ်။ ပြီးရင် နင် ကျောင်းကထွက်လိုက်မယ်၊ ဒါပေမယ့် နင်က အသက်မပြည့်သေးတော့ နင်ရှာနိုင်မယ့်ငွေပမာဏကလည်း အတော်လေး နည်းလိမ့်မယ်။ ဒါတောင်မှ နင်က ငွေတွေအကုန်လုံးကို တခြားသူတွေဆီ ပေးချင်နေတုန်းလား။ ဒါပေမယ့် လက်တွေ့မှာတော့ နင်က မိန်းကလေးလည်းဖြစ်၊ အစ်မကြီးလည်းဖြစ်တဲ့အတွက် ဒါက ဖြစ်သင့်ဖြစ်ထိုက်တာပဲဆိုပြီး သူတို့က နင့်ကို ကျေးဇူးတင်မှာမဟုတ်ဘူး”
“နင့်ရဲ့မိဘတွေကလည်း ထောင်ကနေ စောစောလွတ်လာနိုင်တယ်၊ ဒါပေမယ့် ကိစ္စတွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ နင့်ရဲ့မောင်လေးက သူ ဒီနှစ်တွေအတွင်းမှာ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ပါတယ်ဆိုပြီး နင့်မိဘတွေကိုပြောပြလိမ့်မယ်။ ပြီးရင် အငယ်တွေကို ကောင်းကောင်းမစောင့်ရှောက်လို့ဆိုပြီး သူတို့က နင့်ကိုအပြစ်တင်မယ်။ အဲဒီနှစ်တွေအတွင်းမှာ နင်ရှာပေးခဲ့တဲ့ငွေတွေကိုတော့ လုံးဝထည့်မတွက်ဘဲနဲ့လေ”
“အဲဒီအချိန်မှာ နေထိုင်မှုစရိတ်စကတွေက ပိုပြီးလိုအပ်လာပေမယ့် နင့်ရဲ့မိဘတွေက မိသားစုအတွက် ငွေရှာနိုင်စွမ်းရှိတော့မှာ မဟုတ်ဘူး။ နင်ကပဲ ဆက်ပြီးတော့ မိသားစုကို လုပ်ကိုင်ရှာကျွေးရတဲ့သူဖြစ်နေမယ်။ နင့်ရဲ့မောင်လေး ကိုယ်ပိုင်အလုပ်အကိုင်နဲ့ ကိုယ်ပိုင်မိသားစုနဲ့ အခြေမကျသွားခင်အထိ နင်က နောက်ထပ် ဆယ်နှစ်ကျော်လောက် သူ့အတွက် အလုပ်ကြိုးစားဖို့ လိုသေးတယ်။ ဒါပေမယ့် အဲဒီအချိန်ကျ နင်ကတော့ အသက်ကြီးလွန်းနေပြီ။ နင့်ရဲ့မိဘတွေက အရင်က ထောင်ကျထားတော့ အိမ်နီးချင်းတွေအားလုံးကလည်း နင်တို့မိသားစုကို သဘောကျမှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့က အတွေးတွေလွန်ပြီး နင်နဲ့လက်ထပ်ဖို့အတွက် အဖိုးကြီးတစ်ယောက်ကိုပဲ သေချာပေါက် ရှာပေးလိမ့်မယ်”
“နင်က နောက်ဆုံးတော့ သက်သက်သာသာလေး နေနိုင်တော့မယ်။ အိမ်ရှင်မကောင်းတစ်ယောက်ပဲ လုပ်တော့မယ်လို့ တွေးနေပေမယ့် နင့်ရဲ့မိဘတွေကတော့ နင့်ကို သူတို့ဆီ ငွေပို့စေချင်နေဦးမှာပဲ”
ကျင်းယွင်ကျောင်းက ကျင်းရှို့အား တစ်ချက်ခိုးကြည့်လိုက်၏။ သူမသည် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ဇာတ်ကြောင်းပြန်နေသည့်အလား ပြောပြခဲ့ခြင်းပင်။
လူတစ်ယောက်က အားနည်းသွားတာနဲ့ ဒါက အနိုင်ကျင့်လို့ရပြီဆိုတဲ့ အဓိပ္ပါယ်ပဲ မဟုတ်လား။
ထိုစကားများကို နားထောင်ပြီးသည့်နောက် ကျင်းရှို့၏ ခန္ဓာကိုယ်က သိသိသာသာပင် တုန်ယင်လာပြီး ခပ်မြန်မြန် ခေါင်းယမ်းပြလိုက်ကာ လုံးဝမယုံကြည်နိုင်ဖြစ်နေသည်။
သို့ရာတွင် လုံးဝ ဝန်မခံချင်သော်လည်း သူမ ရင်ဆိုင်ရမည့်အနာဂတ်ကို ကျင်းရှိူ့ နားလည်ထားပြီးသားဖြစ်၏။ ထိုအနာဂတ်သည် ကျင်းယွင်ကျောင်းပြောသည့်စကားများနှင့် လုံးဝကွာခြားမှုရှိမည် မဟုတ်ဘဲ ကျင်းယွင်ကျောင်းကတောင် လျှော့လျှော့ပေါ့ပေါ့ ပြောနေခြင်း ဖြစ်နိုင်ပေသည်။
ရိုးရိုးသားသား ဝန်ခံရလျှင် သူမသည် မကြာခဏ အိပ်မက်ဆိုးများ မက်တတ်၏။ သူမသည် နောက်မှအလိုက်ခံရပြီး မြေပေါ်သို့ ပုံလျက်သား လဲကျသည်အထိ အရိုက်ခံရသည်ဟု အိပ်မက်မက်တတ်သည်။ သူမ၏ မိဘများက အလုပ်များ အဆက်မပြတ်ခိုင်းနေသည်ဟုလည်း မက်တတ်ပြီး ထိုအိမ်မက်သည် ဘယ်သောအခါမှ အဆုံးမရှိပေ။
ထိုအခါ ကျင်းယွင်ကျောင်းက သူမအား ဖျတ်ခနဲကြည့်လိုက်ပြီး မသိမသာ ပြုံးလိုက်သည်။
လူသားများသည် ကိစ္စတစ်ခုခုကို ပြင်းပြင်းထန်ထန် တွေ့ကြုံခံစားရပြီးနောက်တွင် ပြောင်းလဲသွားတတ်ကြ၏။
သူမသည်လည်း သေဆုံးခြင်းကို တွေ့ကြုံခံစားရပြီးသည့်နောက် ပြန်လည်မွေးဖွားလာခဲ့သည်။
“ကျွန်မ...ကျွန်မ ဘာလုပ်သင့်လဲ။ ကျွန်မ, မလုပ်ရဲဘူး”
ကျင်းရှိူသည် ရုတ်တရက် ထငိုတော့၏။ သူမက ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ရင်း ခေါင်းငုံ့ထားကာ ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေးနေသည်။
သူမ ဘာကို မလုပ်ရဲသနည်း။ သူမ ဘာကို ခံနိုင်ရည် မရှိသနည်း။ လူတိုင်းက မိန်းကလေးများသည် စည်းမျဥ်းများအတိုင်းနေရမည်ဟု ပြောကြသည်။ မိဘကို ကူညီ၍ မောင်ငယ်ညီမငယ်များအတွက် အရာအားလုံးကို ပေးဆပ်ရန် အသင့်ဖြစ်နေရမည်။ သူမသည် ငယ်စဥ်ကတည်းက အိမ်နီးချင်းများထံမှ အမြဲချီးမွမ်းခံခဲ့ရ၏။ သို့သော် သူတို့ထံမှ “နာခံမှုရှိသည်”၊ “သားသမီးဝတ္တရားကျေပွန်သည်” ဟူသော စကားများအား ကြားရခြင်းကို သူမ ဘယ်တော့မှ မနှစ်သက်ခဲ့ပေ။
အကြောင်းမှာ သူမ၏ သိတတ်လိမ္မာမှုနှင့် သားသမီးဝတ္တရား ကျေပွန်မှုများသည် မြင်သမျှ၊ ကြားသမျှကို နာခံနေရရုံသာဖြစ်ကြောင်း သူမ သေသေချာချာ သိရှိနားလည်သောကြောင့်ပင်။ လုပ်စရာအလုပ်ရှိလျှင် လုပ်ရပြီး လုပ်စရာအလုပ် မရှိပါက လုပ်စရာကို ရှာဖွေ၍ လုပ်ရသည်။ သူမက အိမ်တွင် အလကားမနေရပေ။ သူမ အရွယ်ရောက်သောအခါ အလုပ်လုပ်၍ ပိုက်ဆံရှာပြီး မိဘများနှင့် မောင်ဖြစ်သူအား ကျွေးမွေးပြုစုပါမည်ဟု မိဘများအား ပြောရသည်။ သူမသည် မိဘများက ကျောင်းထားပါက ကျောင်းသွားရမည်ဖြစ်၍ သူတို့က သူမအား ကျောင်းမသွားစေချင်၍ ခွင့်တိုင်ခိုင်းပါက တွေဝေနေ၍ မရပေ။ သူတို့က သူမအား ကျောင်းထွက်ခိုင်းလျှင်တောင်မှ အံကြိတ်၍ ထိုဆုံးဖြတ်ချက်ကို လိုက်နာရမည်ပင်။
ရိုးသားစွာ ဝန်ခံရလျှင် သူမသည် ထိုသို့ဆက်ဆံခံရခြင်းအား နည်းနည်းလေးမှ မနှစ်သက်ခဲ့။
“မလုပ်ရဲစရာ ဘာရှိလို့လဲ။ နင် ရှေ့ကို တစ်လှမ်းလေးတိုးလိုက်ရုံနဲ့ အဲဒီလူတွေက နင့်ကို မထိနိုင်တော့ဘူး။ ဒါပေမယ့် နင် လက်ရှိနေရာမှာပဲ ရပ်နေမယ်ဆိုရင်တော့ နင့်ပတ်ဝန်းကျင်ကို အဲသည့်သူတွေ ထပ်ရောက်လာအောင် စောင့်နေရုံပဲပေါ့။ ဒါတွေအားလုံးက နင့်ရဲ့ရွေးခြယ်မှုအပေါ်မှာပဲ မူတည်တယ်”
ကျင်းယွင်ကျောင်းက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။
ဘယ်လိုရွေးရမှာလဲ။ ကျွန်မက ရွေးရမှာလား။
ကျင်းရှို့က စိတ်ရှုပ်နေသောအမူအယာဖြစ်သွား၏။
“တကယ်လို့ နင်သဘောတူရင် ငါ နင့်ကို ကျောင်းပြောင်းဖို့ ကူညီပေးမယ်။ နာမည်ပြောင်းဖို့ လူတစ်ယောက်လည်း ရှာပေးမယ်။ အရင် ဗီဒီယိုထဲမှာက နင့်ရဲ့မျက်နှာကို ထင်ထင်ရှားရှား ရိုက်မယူထားဘူး။ အခု နင် ဆံပင်ညှပ်လို့ရတယ်။ နင့်ရဲ့ဆံပင်ပုံစံကို ပြောင်းလိုက်တာနဲ့ ရွှေချန်းရွာက ကျင်းရှို့နဲ့ နင်က တစ်ယောက်တည်းဆိုတာ ဘယ်သူမှ ဆက်စပ်မိမှာ မဟုတ်တော့ဘူး။ ငါ နင့်ကိုမတားပါဘူး၊ ဒါပေမယ့် နင် ကျင်းရှို့အဖြစ်ကိုပြန်သွားချင်ရင် နင် ငါ့ဆီကနေ ချေးထားတဲ့အရာအားလုံးကို ပြန်ပေးရမယ်”